CNI International News

နယူးယောက်၊ အောက်တိုဘာ ၁

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက အပါအဝင် နိုင်ငံအချို့ပါဝင်သည့် BRICS အဖွဲ့၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) အဖွဲ့များအတွင်းသို့ ဝင်ရောက်လိုသည့် ထိုင်း၏ အားထုတ်ကြိုးပမ်းမှုသည် အရေးကြီးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ (Maris Sangiampongsa) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

စက်တင်ဘာ ၂၄ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ပြုလုပ်ခဲ့သည့် (၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ အထွေထွေဆွေးနွေးပွဲတစ်ခုတွင် မစ္စတာမာရစ်က ပြည်သူကိုဗဟိုပြုသော မူဝါဒများနှင့် ရေရှည်ခံသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်လုပ်ဆောင်မည့် ထိုင်းအစိုးရအဖွဲ့၏ ကတိကဝတ်များအား အလေးထား ပြောဆိုခဲ့သည်။

ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ၊ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကို ဖြေရှင်းရန် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ရေးရာ၌ ကုလသမဂ္ဂတွင် ပြုပြင်ပြောင်းလဲမှုများ၏ အရေးကြီးပုံကိုလည်း မာရစ်က ပြောကြားခဲ့သည်။

ထိုင်း၀န်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

ထိုင်း၏ အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်ပြီး မာရစ်က ရည်ညွှန်းပြောဆိုရာတွင် မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမည်ဖြစ်ပြီး ငြိမ်းချမ်းစွာ အဖြေရှားရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

OECD နှင့် BRICS အဖွဲ့များကို ဝင်ရောက်မှုမှတစ်ဆင့် ကမ္ဘာ့မြောက်ခြမ်းနှင့် ကမ္ဘာတောင်ခြမ်းအကြား ပူးပေါင်း ဆောင်ရွက်မှုအား မြှင့်တင်ရာတွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များရရှိရန် အရေးကြီးကြောင်းလည်း မာရစ်က ပြောသည်။

ထိုပူးပေါင်းဆောင်ရွက်မှုသည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်း ရာတွင် အရေးကြီးသည်ဟု ၎င်းက ဆိုသည်။

ထိုင်းအလံကိုတွေ့ရစဉ်

လူ့အခွင့်အရေးနှင့် လူသားများ၏ လုံခြုံရေးအပေါ် သက်ရောက်နေသည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို လျှော့ချရန် နိုင်ငံတိုင်းတွင် တာဝန်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ၂၀၂၅-၂၀၂၇ ခုနှစ်သက်တမ်းအတွက် ထိုင်းနိုင်ငံ ပါဝင်ခွင့်ရရန် အဆိုပြု ထားမှုနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်သွားမည်ဆိုသည့် ထိုင်းနိုင်ငံ၏ ကတိကဝတ်အား မာရစ်က အလေးထားပြောဆိုခဲ့သည်။

မာရစ်သည် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်သည့် ခရီးစဉ်အတွင်း နယူးယောက် (New York) မြို့တွင် နေထိုင်သော ထိုင်းလူမျိုးများ၊ စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

Source: ဘန်ကောက်ပို့စ်