CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁

နယ်သာလန်ဝန်ကြီးချုပ်ဟောင်း မာ့ခ် ဟူတေး (Mark Rutte) သည် အောက်တိုဘာ ၁ ရက်မှစပြီး ကမ္ဘာ့အင်အား အကြီးဆုံး စစ်ရေးမဟာမိတ်အုပ်စုဖြစ်သည့် နေတိုးအဖွဲ့၏ အကြီးအကဲနေရာကို ရယူမည်ဖြစ်သော်လည်း သူသည် မူဝါဒပြောင်းလဲမှုများကို လုပ်ဆောင်ဖွယ်မရှိကြောင်း Economic Times မှ ဖော်ပြခဲ့သည်။

မာ့ခ်ဟူတေးသည် ယခင်နေတိုးအကြီးအကဲ ဂျန်းစ် စတိုတန်ဘာ့ချ် (Jens Stoltenberg) လက်ထက်က မူဝါဒများ ကို ပြုပြင်ပြောင်းလဲလိုသည့် ဆန္ဒရှိသော်လည်း ပြုပြင်ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

နေတိုးအကြီးအကဲ၏ တာဝန်အရ ဟူတေးသည် အန္တရာယ်နှင့် ထိပ်တိုက်မတိုးသည့် အရပ်ဖက် ဗျူရိုကရေစီစနစ် ကို ကျင့်သုံးလိမ့်မည်ဖြစ်ပြီး အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ဝင် နိုင်ငံများနှင့်အတူ ပါဝါအမာကို ကိုင်စွဲရ မည်ဖြစ်သည်။

နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံသည် ဥရောပမြောက်ပိုင်းမှ သဘောထား သင်တင့်မျှတပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားဝန်ကြီးချုပ်ဟောင်းများကိုသာ နေတိုးအဖွဲ့၏ အကြီးအကဲအဖြစ် ရွေးချယ်လေ့ရှိသည်။

"အခုလို ခက်ခဲတဲ့ ပထဝီနိုင်ငံရေး အခြေအနေမျိုးမှာ တူညီတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးမူဝါဒကို ဆက်လက် ကျင့်သုံးဖို့က အရမ်းအရေးကြီးပါတယ်" ဟု အမည်မဖော်လိုသည့် နေတိုးထိပ်သီး သံတမန်တစ်ဦးက ပြောကြား ခဲ့သည်။

ယခင်နေတိုးအကြီးအကဲ ဂျန်းစ် စတိုတန်ဘာ့ချ်ကို တွေ့ရစဉ်

စတိုတန်ဘာ့ချ်သည် နေတိုး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်သည့် ၁၀ နှစ်ကျော် ကာလအတွင်း တည်ငြိမ် သော နေထိုင်ပြောဆိုပုံများကြောင့် အများစု၏ ထောက်ခံမှုကို ရရှိခဲ့သည်။

နော်ဝေနိုင်ငံသားဖြစ်သည့် စတိုတန်ဘာ့ချ်သည် ယူကရိန်းအရေးတွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ၏ ထောက်ခံမှုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နေတိုးအဖွဲ့ကိုလည်း ရုရှားနှင့် တိုက်ရိုက် စစ်ပွဲ မဖြစ်ပွားစေရန် ရှောင်ရှားနိုင်ခဲ့သည်။

"မဟာမိတ်တွေကတော့ စတိုတန်ဘာ့ချ်ကို တူညီတဲ့ အရည်အချင်းရှိတဲ့ လူမျိုးကိုပဲ လိုချင်နေကြပါတယ်။ သူ့ရဲ့ လမ်းစဉ်အတိုင်း ဆက်သွားပါလိမ့်မယ်။ နေတိုးအကြီးအကဲဟာ အဆက်အသွယ်ကောင်းရမယ်။ အတွေ့အကြုံ ရှိရမယ်။ ကောင်းမွန်တဲ့နိုင်ငံမှာ နေထိုင်ရသူ ဖြစ်ရမယ်။ ပြီးနောက် ထရမ့်ကို စည်းရုံးနိုင်ရပါမယ်"ဟု နေတိုး ထိပ်သီး အရာရှိဟောင်းတစ်ဦးဖြစ်သည့် ဂျေမီရှီးယား (Jamie Shea) က ပြောကြားခဲ့သည်။

အသစ်တက်လာမည့် နေတိုးအကြီးအကဲ ဟူတေးသည်လည်း အထက်ဖော်ပြပါ အချက်အားလုံးနဲ့ ကိုက်ညီနေပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့လို ထိပ်သီးနိုင်ငံများ၏ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။

Source: Economic Times