CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးဒေသ(၆)၊ ရန်ကင်းစစ်ဒေသတွင် PNO/PNA ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှာ ကျင်းပခဲ့ပြီး စစ်အင်အား ၂ သောင်းကို ထုတ်ပြသွားခဲ့သည်။

ထိုသို့ ချပြခြင်းသည် ဒေသလုံခြုံရေးအတွက်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA/PNO)မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့က လက်ရှိအဲဒီ အင်အားပြတယ်ဆိုတာက ကျနော်တို့က ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကို ပြန်ပြီးတော့မှ ကာကွယ်တဲ့အနေနဲ့ဗျ"ဟု ပြောသည်။

PNO/PNA အနေဖြင့် စစ်အင်အားထပ်မံ ထိုးချဲ့ရန်ရှိပြီး ပအိုဝ်းဒေသ တစ်ခုလုံးကို လုံခြုံရေးချရန် ရည်ရွယ်ထားကြောင်း၊ အခြားနယ်မြေဒေသများကိုတော့ သွားရောက်ရန်မရှိကြောင်း သိရသည်။

PNO/PNA ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားမှတပ်သားများကို တွေ့ရစဉ်

စစ်အင်အားတိုးချဲ့ရာတွင် အုပ်စု၊ မြို့နယ်၊ တိုင်း ခွဲခြားထားကြောင်း၊ လက်ရှိတွင် မြင့်မိုရ်တိုင်းနှင့် တပ်သားတိုင်းဆိုကာ စစ်တိုင်း ၂ တိုင်း ထွက်လာပြီးဖြစ်ကြောင်း PNO/PNA ဘက်က ပြောသည်။

မိမိတို့အနေဖြင့် လက်ရှိတွင် လက်နက်ခဲယမ်းများ အလုံအလောက် မရှိသေးသော်လည်း ဖြည့်တင်းနေကြောင်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA/PNO)မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိ ကျနော်တို့ လက်နက်ခဲယမ်းတော့ အလုံအလောက်တော့ မရှိသေးဘူးဗျ။ လက်နက်ခဲယမ်း ပိုင်းကတော့ အသေးစိတ်တော့ ကျနော်တို့ ပြောပြလို့တော့ မရဘူးပေါ့နော်။ ကျနော်တို့ လက်နက်ခဲယမ်းက ‌လောလောဆယ် ကျနော်တို့ အဖွဲ့အစည်းမှာတော့ လိုအပ်တဲ့ ပမာဏ အလုံအလောက်တော့ မရှိသေးဘူးပေါ့နော်။ လက်ရှိ ကျနော်တို့ရဲ့ ဘယ်လိုစီမံ ဆောင်ရွက်ထားရလဲဆိုတာကိုတော့ အသေးစိတ်ကိုတော့ ပြောပြလို့ မရသေးဘူးဗျ"ဟု ပြောသည်။

PNO/PNA ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားမှတပ်သားများကို တွေ့ရစဉ်

PNO/PNA သည် ပြီးခဲ့သော သြဂုတ်လကလည်း နောင်တရားဒေသကို ကာကွယ်ရေးအတွက် ပအိုဝ်းစစ်အင်အား ၁ သောင်း စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့သေးသည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အထူးဒေသ(၆)အဖြစ် သတ်မှတ် နေထိုင်ခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း ပြောင်းကာ ပအိုဝ်းဒေသအတွင်းနှင့်အနီး နယ်နိမိတ်များတွင် PDF များက လက်နက်ကိုင်တိုက်ပွဲ များ ဖော်ဆောင်လာသဖြင့် ဒေသတွင်း လုံခြုံရေးအတွက် PNO/PNA က စစ်အင်အားများ တည်ဆောက်လျက်ရှိနေသည်။