CNI International News

နယူးယောက်၊ အောက်တိုဘာ ၂

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရပ်တန့်နိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာစေရေး အခြေအနေကို မြှင့်တင်ပေးရမည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဆွတ် ချန်ဒါ ဆိုဖီယာ (Sok Chenda Sophea) က ပြောသည်။

ချန်ဒါဆိုဖီယာသည် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာ ၂၈ ရက်နေ့က ပြောကြားခဲ့ကြောင်း ANN မှ ဖော်ပြခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အကျပ်အတည်းအပေါ် ကမ္ဘောဒီးယားနိုင်ငံက စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ မြန်မာ့အရေး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ရာတွင် အထောက်အကူပေးနေကြောင်း ချန်ဒါဆိုဖီယာက ပြောကြားခဲ့သည်။

၎င်းက "အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေ ပေါ်ပေါက်စေမယ့် အခြေအနေကို မြှင့်တင်ဖို့ အရေးကြီးတယ်ဆိုတာကို ကျနော် အဓိကပြောချင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး အောင်မြင်စေဖို့အတွက် ရည်ရွယ်ထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်တဲ့အကြောင်းကိုလည်း ကျနော်တို့ အလေးထားပြောဆိုပါတယ်" ဟု ပြောသည်။

လာအို၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွက် ကမ္ဘောဒီးယားက ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံကို ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေရန် ကူညီသည့် အားထုတ်ကြိုးပမ်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ချန်ဒါဆိုဖီယာက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆွတ် ချန်ဒါ ဆိုဖီယာကို တွေ့ရစဉ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဂျူလီဘစ်ရှော့ (Julie Bishop) ကို ခန့်အပ်မှုကိုလည်း ကမ္ဘောဒီးယားက ကြိုဆိုကြောင်း ၎င်းက ပြောသည်။

ကမ္ဘောဒီးယားသည် မြန်မာ့အကျပ်အတည်းကို အဖြေရှာရန် ကြီးမားသည့် အားထုတ်ကြိုးပမ်းမှုကို လုပ်ဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီ၏ အတွင်းရေးမှူးချုပ် ယန်းပူ (Yang Peou) က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်က အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ယန်းပူက "ဟွန်ဆန်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်က အာဆီယံခေါင်းဆောင်အချို့နဲ့ စူပါပါဝါနိုင်ငံတွေက သူ့ကို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ဝေဖန်သူတွေထဲက ဘယ်သူကမှ  မြန်မာ့အရေးကို ကမ္ဘောဒီးယားထက်ပိုပြီး အားထုတ်ကြိုးပမ်းပြီး ကောင်းမွန်တဲ့ နည်းလမ်းကို ရှာဖွေဖို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။သူတို့ဟာ မြန်မာနိုင်ငံကို ပြည်တွင်းစစ်ထဲကို တွန်းပို့နေတယ်လို့ ယူဆရပါတယ်။ အဲဒီလုပ်ဆောင်မှုတွေဟာ လိုတစ်မျိုး ၊ မလိုတစ်မျိုး မူဝါဒကို ဖော်ပြရာရောက်နေပါတယ်။ စူပါပါဝါနိုင်ငံတွေဟာ နိုင်ငံငယ်တွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အလေးထားပုံ မပေါ်ပါဘူး" ဟု ပြောကြားခဲ့သည်။

ထိုတွေ့ဆုံမှုအတွင်း ဟွန်ဆန်က မြန်မာ့အရေးတွင် နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိစေမည့် မူဝါဒများကို မျှဝေခဲ့ကြောင်း၊ ထိုမဟာဗျူဟာသည် ကမ္ဘောဒီးယားတွင် ခမာနီခေတ်အပြီး ပြည်တွင်းရေးပဋိပက္ခကို အဆုံးသတ်ရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ယန်းပူက ဆိုသည်။

Source: ANN