CNI International News

ဘရပ်ဆဲလ်၊ ဧပြီ ၂၉

ရုရှားနှင့်စစ်ဖြစ်နေသည့် ယူကရိန်းကို မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)က နှစ်ပေါင်းများစွာတိုင် ဆက်လက် ထောက်ခံသွားရန် အသင့်ရှိကြောင်း နေတိုး(NATO)အထွေထွေအတွင်းရေးမှူးချုပ် ဂျန့်စ်စတိုလန်ဘတ်ချ်က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။

ထို့နောက် ဆိုဗီယက်ခေတ် လက်နက်များမှ ခေတ်မီ အနောက်တိုင်း စစ်လက်နက် စနစ်များသို့ ပြောင်းလဲသုံးစွဲနိုင်ရန်လည်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဂျန့်စ်စတိုလန်ဘတ်ချ်က ဆက်လက် ပြောကြားခဲ့သည်။

လက်နက်ကြီးများ အပါအဝင် အနောက်အုပ်စု၏ ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုများသည် ဥရောပတိုက် လုံခြုံရေးကို ခြိမ်းခြောက်နေပြီး မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ရာရောက်ကြောင်း ကရင်မလင်က သတိပေးပြီးနောက် စတိုလန်ဘတ်ချ် က အထက်ပါအတိုင်း ထုတ်ဖော် ပြောကြားခဲ့သည်။

“ရေရှည်အတွက် ကျနော်တို့ ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် လူငယ် ထိပ်သီး အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လုပ်သွားရန်၊ မော်စကို၏ အထူးစစ်ဆင်ရေးဟု အမည်ပေး ထားသော ယူကရိန်းကျူးကျော်မှုအတွက် စီးပွားရေးနှင့်စစ်ရေး အကူအညီပေး၍ စစ်ပွဲအဆုံးသတ်အောင် အနောက်နိုင်ငံများ က ဆက်လက် ဖိအားပေးသွားရန် တို့ကိုလည်း နေတိုးအတွင်းရေးမှူးချုပ်က ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှား ကျူးကျော်မှု ယူကရိန်းနိုင်ငံအတွင်းက မြင်ကွင်း(GETTY IMAGES)

“နေတိုးမဟာမိတ်တွေဟာ ယူကရိန်းကို ရေရှည်ကူညီနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဆိုဗီယက်ခေတ်က စစ်လက်နက် ကိရိယာ အဟောင်းတွေကနေ လေ့ကျင့်ဖို့ ပိုပြီးလိုအပ်မယ့် ခေတ်မီ နေတိုး လက်နက်တွေနဲ့ စနစ်တွေဆီ ပြောင်းလဲတိုးတက်သွားဖို့ ကူညီသွားမှာပါ”ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ယခုအချိန်အထိ ယူကရိန်းနိုင်ငံထဲသို့ နေတိုးအုပ်စုဝင် နိုင်ငံတချို့ ပေးအပ်ခဲ့သော လက်နက်ကြီး အများစုသည် အရှေ့ဥရောပ နိုင်ငံများ သိမ်းဆည်းထားသည့် ဆိုဗီယက်ခေတ်ဟောင်းမှ လက်နက်များ ဖြစ်ကြသည်။ သို့သော် အမေရိကန်နှင့် အခြား နေတိုး မဟာမိတ်နိုင်ငံများက အနောက်တိုင်းလုပ် ဟောင်ဝစ်ဇာများကို ကိယက်ဗ်အစိုးရထံ လတ်တလော စတင် ပို့ပေးနေပြီ ဖြစ်သည်။

ဂျာမနီသည် ယူကရိန်းသို့ လေယာဉ်ပစ် လက်နက်များ တပ်ဆင်ထားသည့် ဂျီပက် (Gepard) တင့်ကားများ တင်ပို့ပေးရန် ဧပြီ ၂၆ ရက်တွင် ကြေညာခဲ့သည်။ ထိုသို့ ကြေညာခြင်းသည် ဘာလင်အနေဖြင့် ကိယက်ဗ် အစိုးရအတွက် လက်နက်ကြီးများ တင်ပို့ပေးမည့်ကိစ္စ ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

မော်စကိုသည် အစောပိုင်းက တိုက်ပွဲများ အနှံ့အပြား ဖြစ်ပွားခဲ့သည့် မြို့တော်ကိယက်ဗ် အနီးတဝိုက် မြောက်ဘက် စစ်မျက်နှာမှ နောက်ပိုင်းတွင် ပိုမိုကျယ်ဝန်းသော အရှေ့ဘက်ရှိ ဒွန်ဘတ်စ်ဒေသသို့ ရွှေ့ပြောင်း ထိုးစစ်ဆင်လာပြီးနောက် နိုင်ငံတကာသို့ ယူကရိန်း၏မေတ္တာရပ်ခံ ပန်ကြားချက်မှာ တိုးမြှင့်လာခဲ့သည်။

Source: Reuters