CNI International News

ပေကျင်း၊ မတ်လ ၆

တရုတ်သည် ထိုင်ဝမ်အပေါ်ထားရှိသည့် ၎င်း၏ သဘောထားကို ပိုမိုတင်းမာနေချိန်တွင် ယခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်မည်ဖြစ်သဖြင့် ထိုပမာဏသည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ၁၁ နှစ်ကြာ သက်တမ်းကာလအတွင်း စစ်အသုံးစရိတ်ကို နှစ်ဆကျော် တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ယခုနှစ်အတွက် တရုတ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် အစိုးရ၏ ခန့်မှန်းချက်ထက် သာလွန် ကောင်းမွန် မှုရှိနေသည်ဟု ယူဆရချိန်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ယခင်နှစ်ကထက် ပိုမိုတိုးမြှင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

တရုတ်သည် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုနှင့်ပတ်သက်ပြီး ကြေညာခဲ့ချိန်တွင် ထိုင်ဝမ်နှင့်ပတ်သက်ပြီး ‘ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး’ ဆိုသည့် ရည်ညွှန်းဖော်ပြချက်ကို ထည့်သွင်းခဲ့ခြင်း မရှိပေ။

ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်မှုကို တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) က မတ်လ ၅ ရက်တွင် တရုတ်၏ အမျိုးသားပြည်သူ့လွှတ်တော် (NPC) ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

မကြာသေးမီ နှစ်များအတွင်း တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီး အရှေ့အာရှဒေသ တစ်ဝန်း တွင် ဒေသတွင်း စစ်ဘက်ဆိုင်ရာ ဖြန့်ကြက်ချထားမှုများ မြင့်တက်ခဲ့သည်။

တရုတ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်ပြီး ရုန်းကန်နေရသည့်တိုင် ထိုင်ဝမ်သည် တရုတ်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု စင်္ကာပူနိုင်ငံရှိ ရာဂျာရတ်နမ် နိုင်ငံတကာ လေ့လာရေးကျောင်း (RSIS) မှ ကာကွယ်ရေး သုတေသီတစ်ဦးဖြစ်သူ လီ မင်ကျန်း (Li Mingjiang) က ပြောကြားခဲ့သည်။

“တိုက်ခိုက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့တဲ့အချိန်မှာ စစ်ပွဲကို အနိုင်ရအောင် ပြင်ဆင်နေတဲ့ အခြေအနေအတွက် လာမယ့် ဆယ်စုနှစ်အတွင်း တရုတ်ဟာ သူ့ရဲ့ စစ်အင်အားကို မြှင့်တင်ချင်တဲ့ ဆန္ဒရှိနေတယ် ဆိုတာကို ပြသနေပါတယ်” ဟု လီက ပြောကြားခဲ့သည်။

ရှီသည် တရုတ်သမ္မတ ရာထူးနှင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၁၀ နှစ်ကျော် အချိန်ကာလ ကတည်းက ယခုနှစ်အတွက် စစ်အသုံးစရိတ်ကို ယွမ် ၁ ဒသမ ၆၇ ထရီလျံ တိုးမြှင့်ခဲ့သည်။

ထိုပမာဏသည် ၂၀၁၃ ခုနှစ်က စစ်အသုံးစရိတ် ယွမ်သန်း ၇၂၀ နှင့် နှိုင်းယှဉ်ပါက ၂ ဆကျော် တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ စစ်အင်အားတိုးချဲ့မှုနှင့် မဟာဗျူဟာမြောက် ရည်မှန်းချက်များကို စိုးရိမ်နေသည့် အမေရိကန်ကမူ ယခုနှစ်အတွက် တရုတ်၏ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။

Source: ရိုက်တာ