CNI International News

ပို့အူပရင့်စ်၊ မတ်လ ၇

ဟေတီနိုင်ငံတွင် ဝန်ကြီးချုပ် အေရီယယ် ဟင်နရီ (Ariel Henry) အနေဖြင့် ရာထူးမှ နုတ်မထွက်ပါက ပြည်တွင်း စစ်နှင့် လူမျိုးသုဉ်း သတ်ဖြတ်မှု ဖြစ်လာလိမ့်မည်ဟု ဟေတီလူဆိုးဂိုဏ်း ခေါင်းဆောင် ဂျင်မီ ချီရီဇီယာ (Jimmy Cherizier) က သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဟေတီ၏ နယ်မြေဒေသ အများအပြားကို ထိန်းချုပ်ထားသည့် လက်နက်ကိုင် လူဆိုးဂိုဏ်းများသည် ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ်ဟင်နရီ နိုင်ငံအတွင်းမှ ထွက်ခွာသွားချိန်တွင် ၎င်းအားရာထူးမှ ဖြုတ်ချရန် တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီလတွင် ရာထူးမှ နုတ်ထွက်ရန် စီစဉ်ခဲ့သည့် ဟင်နရီသည် အမေရိကန်၏ နယ်နိမိတ်ဖြစ်သည့် ပွာတိုရီကို(Puerto Rico)ကျွန်းကို ရောက်ရှိခဲ့သည်ဟု တင်းများ ထွက်ပေါ်နေသည်။

ဟေတီနိုင်ငံ ဝန်ကြီးချုပ် အေရီယယ်ဟင်နရီကို တွေ့ရစဉ်

ဟင်နရီသည် အိမ်နီးချင်း ဒိုမီနီကန်သမ္မတနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ဒိုမီနီကန်က ၎င်း၏ လေယာဉ်ကို ဝင်ခွင့်ငြင်းဆိုခဲ့သဖြင့် မတ်လ ၅ ရက်တွင် ပွာတိုရီကိုသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“တကယ်လို့ ဟင်နရီ နုတ်မထွက်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သူ့ကို ဆက်လက်ထောက်ခံ ပေးနေဦးမယ်ဆိုရင်တော့ ကျနော်တို့ဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိလာနိုင်တဲ့ ပြည်တွင်းစစ် ကို ဆင်နွှဲသွားမှာပါ”ဟု လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရ သည့် ဟေတီရဲအရာရှိဟောင်း ချီရီဇီယာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟေတီသည် သုခဘုံ သို့မဟုတ် ငရဲဘုံ ဖြစ်လာနိုင်ခြေ ရှိ/မရှိကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း၊ ထိုမေးခွန်း သည် အလုပ်သမား လူတန်းစား၏ ကံကြမ္မာများကို ဆုံးဖြတ်နေသည့် ချမ်းသာသည့် လူအုပ်စု အနည်းငယ် အတွက် မေးခွန်းတစ်ခု မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဟေတီမှာ ဆန့်ကျင်ကန့်ကွက်နေကြစဉ်

မတ်လ ၄ ရက်က ပို့အူပရင့်စ် (Port-au-Prince) မြို့တော်ရှိ Toussaint Louverture နိုင်ငံတကာလေဆိပ်တွင် သေနတ်သမားများက ရဲတပ်ဖွဲ့ကို ပစ်ခတ်ခဲ့သဖြင့် ထိုလေဆိပ်နှင့်အတူ စာသင်ကျောင်းများနှင့် ဘဏ်များ ပိတ်ထားခဲ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းကလည်း လူဆိုးဂိုဏ်းများသည် ဟေတီ၏ အကြီးဆုံး အကျဉ်းထောင် ၂ ခုကို ဝင်ရောက် စီးနင်းခဲ့သဖြင့် ထောင်နှင့်ချီသည့် အကျဉ်းသားများ လွတ်မြောက်သွားခဲ့သည်။

“အခုဆိုရင် ဟေတီနိုင်ငံဟာ လူဆိုးဂိုဏ်းတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ပါပြီ။ အစိုးရလည်း မရှိတော့ပါဘူး”ဟု အသက် ၄၀ အရွယ် ဟေတီဒေသခံ တစ်ဦးဖြစ်သည့် မိုက်ကယ် စိန့် လူးဝစ် (Michel St-Louis) က မီးရှို့ ဖျက်ဆီးခံထားရသည့် ရဲစခန်းတစ်ခုရှေ့တွင် အယ်လ်ဂျာဇီးယားကို ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား