CNI International News

အဒစ် အဘာဘာ၊ သြဂုတ် ၅

အီသီယိုပီယားနိုင်ငံ၏ အမ်ဟာရာ (Amhara) ဒေသတွင် စစ်တပ်နှင့် ဒေသခံ လက်နက်ကိုင်များအကြား တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီးနောက် အီသီယိုပီးယား ဗဟိုအစိုးရသည် သြဂုတ် ၄ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

"ထိန်းမနိုင်သိမ်းမရတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ ခက်ခဲလာတာကြောင့် တရားရေးစနစ်အပေါ် အခြေခံပြီး အရေးပေါ်အခြေအနေကို ကြေညာခဲ့တာ ဖြစ်ပါတယ်"ဟု အီသီယိုပီးယား ဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed) ၏ ရုံးက ထုတ်ပြန်ခဲ့သည်။

ထိုအရေးပေါ် အခြေအနေသည် အမ်ဟာရာ ဒေသတွင်သာ ကြေညာခြင်း သို့မဟုတ် တစ်နိုင်ငံလုံးတွင် ကြေညာ ခြင်း ဆိုသည်ကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

အီသီယိုပီးယားနိုင်ငံအတွင်းက လက်နက်ကိုင် တပ်ဖွဲ့ကိုတွေ့ရစဉ်

အီသီယိုပီးယား၏ ဒုတိယ လူဦးရေအများဆုံး ဒေသဖြစ်သည့် အမ်ဟာရာတွင် ယခုသီတင်းပတ် အစောပိုင်းက Fano ပြည်သူ့စစ်နှင့် အီသီယိုပီးယား အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ENDF) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လုံခြုံရေး အကျပ်အတည်း ပေါ်ပေါက်ခဲ့သည်။

အမ်ဟာရာ၏ အိမ်နီးချင်း တီဂရေး (Tigray) ဒေသတွင် အစိုးရတပ်များနှင့် တီဂရေးလက်နက်ကိုင်များအကြား နှစ်နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ချိန်က Fano ပြည်သူ့စစ်သည် အစိုးရတပ်များကို ကူညီတိုက်ခိုက်ပေးခဲ့သည်။ 

တီဂရေးစစ်ပွဲသည် ပြီးခဲ့သည့် နိုဝင်ဘာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဖြင့် အဆုံးသတ်ခဲ့သည်။

သို့သော် အစိုးရတပ်များသည် အမ်ဟာရာဒေသ၏ လုံခြုံရေးကို လျစ်လျူရှုခဲ့ပြီးနောက် Fano ပြည်သူ့စစ်နှင့် အစိုးရတပ်များအကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့၀င် တစ်ဦးကိုတွေ့ရစဉ် 

သြဂုတ် ၁ ရက်နှင့် ၂ ရက် တွင် Fano ပြည်သူ့စစ်နှင့် ENDF တပ်ဖွဲ့များသည် ဒီဘရီ တာဘော် (Debre Tabor) မြို့အနီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးနှင့် ရဲအရာရှိတစ်ဦးတို့က ပြောကြားခဲ့သည်။

သြဂုတ် ၃ ရက်တွင်မူ အမ်ဟာရာဒေသ အစိုးရက အရေးပေါ်အခြေအနေကို ကြေညာရန် ဗဟိုအစိုးရကို တောင်းဆိုခဲ့သည်။ 

အမ်ဟာရာ အာဏာပိုင်များသည် ဒေသအတွင်း စီးပွားရေး၊ လူမှုရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတို့ကို ဆိုးရွားခြင်းမရှိစေရန် သင့်လျော်သည့် စီမံချက်များ ချမှတ်လုပ်ဆောင်ရန် အီသီယိုပီးယား ဝန်ကြီးချုပ်ထံ စာတစ်စောင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား