CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅

နစကအပေါ် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိသည့်တိုင် နစကသည် ဖိအားနှင့် ပိတ်ဆို့မှုကို ဂရုစိုက်သူ မဟုတ်ဘူးဟု တော်လှန်ရေး အတွေ့အကြုံရင့်ကျက်သူ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာ နသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က ဥရောပသမဂ္ဂ (EU) မှ နစက၏ ဝန်ကြီး ၃ ဦး အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနှင့် အမှတ် ၂ သတ္ထုတွင်း လုပ်ငန်းဌာနတို့ကို ဒဏ်ခတ်အရေးယူကြောင်း ထုတ်ပြန်ခဲ့သည်။

နစကအနေဖြင့် ၎င်းတို့အပေါ် ပိတ်ဆို့အရေးယူမှုများကို ဂရုစိုက်နေမှာ မဟုတ်ကြောင်း၊ ၎င်းတို့ သွားမည့် လမ်း ကြောင်းအတိုင်း သွားနေမှာဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနကို ပြောသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လက မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံစဉ်

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဘာဖိအားမှ မဟုတ်ပါဘူး။ သူ့ရဲ့ ပြည်တွင်း ညီညွတ်ရေးကို တစ်စုံတစ်ရာ ရလာလို့ရှိရင် အဲဒီအပေါ်မှာ ငြိမ်းချမ်းရေးညီလာခံတို့လို၊ ရွေးကောက်ပွဲကိစ္စတို့လို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်နဲ့ တူပါတယ်။ ဖိအားတော့ ဘယ်သူ့မှ ဂရုမစိုက်ပါဘူး။ ဒီအစိုးရက ဖိအားဂရုစိုက်တဲ့သူ မဟုတ်ဘူး၊ Sanctions လည်း ဂရုမစိုက်ဘူး။ ဖိအားလည်း ဂရုမစိုက်ဘူး။ ဘာမှ ဂရုမစိုက်ဘူး။ သို့သော်လည်းပဲ သွားရမယ့်လမ်းကြောင်း ပိုပြီးတော့ ဖြောင်းဖြူးအောင် ပြစ်ဒဏ်ပေးထားတဲ့ ခေါင်း‌ဆောင်တွေနဲ့ ပြန်ညှိနှိုင်းတဲ့ သဘောလို့ ယူပါတယ်ဗျ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့တပ်မတော်မှ အာဏာရယူပြီး‌နောက်ပိုင်း နစကအဖွဲ့ဝင်များနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ကို အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ရှိခဲ့သည်။

ထို့အတူ ယခုလ ဩဂုတ် ၃ ရက်နေ့ကလည်း အမှတ် (၂) သတ္ထုတွင်းလုပ်ငန်းနှင့် လူပုဂ္ဂိုလ် (၆) ဦးကို ဆွစ်ဇာလန် နိုင်ငံမှ ဒဏ်ခတ် အရေးယူခဲ့သည်။

မြန်မာ့တပ်မတော်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပြည်သူလူထုအပေါ် ဖိနှိပ်မှုများတွင် ပါဝင် ပတ်သက် နေသည်ဟု ဆွစ်ဇာလန်အစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နစက၏ ဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တွေ့ရစဉ်

နစကအပေါ် အနောက်နိုင်ငံများမှ ဒဏ်ခတ်အရေးယူမှုမှာ သက်‌ရောက်မှု အနည်းငယ်ရှိကြောင်း၊ သို့သော်လည်း တရုတ်၊ ရုရှား အပါအဝင် အာဆီယံနိုင်ငံအချို့နှင့် ဆက်ဆံမှု ရှိနေသည့်အတွက် နစကတွင် ထွက်ပေါက်ရှိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “Sanctions တော့ အနောက်နိုင်ငံတွေကတော့ သူတို့ကတော့ ဒါသူတို့ရဲ့ နိုင်ငံရေးပေါ့၊ သူတို့ရဲ့ နိုင်ငံရေး အောင်မြင်ဖို့ အတွက်ကတော့ သူတို့ လုပ်နိုင်တဲ့ဖက် Sanctions တွေကတော့ သူတို့ ဥရောပတို့၊ အမေရိကတို့ ဒါတော့လုပ်မှာပဲလေ ကျနော်တို့ဖက် သက်ရောက်မှုတော့ အနည်းအကျဉ်းတော့ ရှိမှာပဲ။ ဒါပေမဲ့ အဓိကတော့ ကျနော်တို့ဖက်မှာက ဒီဖက်က တရုတ်၊ ရုရှားတို့ အာဆီယံတို့ဖက်ကတော့ ဒီလောက်အထိ ကျနော်တို့ အပေါ် ဖိဖိစီးစီး မလုပ်ဘူးဆိုတော့လည်း ကျနော်တို့က ထွက်ပေါက်ရှိတယ်လေ၊ အစစအရာရာက အနောက်နိုင်ငံကို မှီခိုတာထက် အာရှကို မှီခိုတာက ပိုများတာကိုး အဲဒီတော့ ထိရောက်မှု အနည်းအကျဉ်းတော့ ရှိမယ်၊ ဒါပေမဲ့ ဆိုးဆိုးရွားရွားကြီးတော့ မရှိလောက်ဘူးလို့ ကျနော်ကတော့ အဲဒီလို သုံးသပ်တယ်” ဟု ပြောသည်။

နစကမှ အာဏာရယူပြီး‌‌နောက်ပိုင်း နစက၏ ဝန်ကြီးများ၊ နစကနှင့် ဆက်စပ်သော လုပ်ငန်းများ၊ လုပ်ငန်းရှင်များ အပေါ် အမေရိကန်နိုင်ငံ အပါအဝင် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ UK နှင့် ဂျပန်နိုင်ငံတို့မှ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

နစက၏ ဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုကို ဂရုစိုက်မည်မဟုတ်ဘဲ မိမိတို့ထံတွင် တခြားသော မိတ်ဆွေများရှိကြောင်း ပြောကြားထားသည်။