CNI International News
မော်စကို၊ သြဂုတ် ၅
ရုရှား၏ ပင်လယ်နက် ရေတပ်စခန်းဖြစ်သည့် နိုဗိုရော့စစ် (Novorossiysk) ဆိပ်ကမ်းကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရုရှားစစ်သင်္ဘောတစ်စင်း ဆိုးရွားစွာ ထိခိုက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ယူကရိန်း၏ ညအချိန် ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သည်ဟု ရုရှားက ပြောကြားခဲ့ပြီးနောက် သတင်း ရင်းမြစ်နှစ်ခုက အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂ ရာခိုင်နှုန်းနှင့် ဂျုံတင်ပို့မှုများ ပြုလုပ်နေသည့် အဆိုပါ အရပ်ဘက်သုံး ဆိပ်ကမ်းတွင် ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် သင်္ဘောများ၏ လှုပ်ရှားမှုများ ယာယီရပ်တန့်သွားခဲ့သော်လည်း မကြာမီ အချိန်အတွင်း ပုံမှန်လုပ်ငန်းစဉ်များ ပြန်လည်လည်ပတ်ခဲ့သည်ဟု Caspian Pipeline Consortium ကုမ္ပဏီက ပြောကြားခဲ့သည်။
ရုရှားစစ်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုကို ပြသနေစဉ်
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်မူ ရေတပ်စခန်း၏ အပြင်ဘက် ရေပြင်များ တွင် ယူကရိန်း၏ ပင်လယ်ပြင် တိုက်ခိုက်ရေး ဒရုန်း (sea drone) နှစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ထို့ပြင် ရုရှားဘက်မှ ထိခိုက်မှုများနှင့် ပတ်သက်ပြီး ဖော်ပြခဲ့ခြင်းမရှိပေ။
ယူကရိန်း ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုကမူ ယူကရိန်းရေတပ်နှင့် SBU ထောက်လှမ်းရေးအဖွဲ့တို့၏ ပူးပေါင်းစစ်ဆင်ရေးအတွင်း ရုရှားရေတပ်၏ ကမ်းတက်သင်္ဘော Olenegorsky Gorntak သည် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့ပြီး စစ်ဆင်ရေးများ ပြုလုပ်နိုင်ခြင်း မရှိတော့ကြောင်း ဖော်ပြခဲ့သည်။
TNT ယမ်း ၄၅၀ ကီလိုဂရမ် တင်ဆောင်သွားသည့် sea drone ဖြင့် တိုက်ခိုက်ခံခဲ့ရချိန်တွင် ထိုသင်္ဘောပေါ်၌ ရုရှားစစ်မှုထမ်း ၁၀၀ ခန့်ရှိနေသည်။ သို့သော် ထိခိုက်၊ သေဆုံးမှုသတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။
ရုရှားစစ်သင်္ဘောတစ်စင်းကို တွေ့ရစဉ်
တိုက်ခိုက်ခံရမှုကြောင့် အဆိုပါစစ်သင်္ဘောသည် အင်ဂျင်သေသွားခဲ့ခြင်းကြောင့် အခြားသင်္ဘောတစ်စင်းဖြင့် ကမ်းခြေသို့ ဆွဲခေါ်သွားခဲ့ရသည်ဟုလည်း သီးခြား သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
အဆိုပါ သတင်းရင်းမြစ်များ၏ ဖော်ပြချက်နှင့်ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက် မပေးခဲ့ ပေ။
လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့သည့် အတည်မပြုနိုင်သော ဗွီဒီယိုမှတ်တမ်းတစ်ခုတွင် ရုရှားစစ်သင်္ဘော ထိခိုက်ပျက်စီး ခဲ့ပုံကို ဖော်ပြခဲ့သည်။
ရုရှားလူမှုမီဒီယာ အသုံးပြုသူများကလည်း သြဂုတ် ၄ ရက်တွင် နိုဗိုရော့စစ် ဆိပ်ကမ်းအနီး ကျယ်လောင်သည့် ပေါက်ကွဲသံများနှင့် သေနတ်သံများကို ကြားခဲ့ရသည်ဟု အွန်လိုင်းတွင် ရေးသားခဲ့ကြသည်။
Source: ရိုက်တာ