CNI International News

စတန်ဘာ့ခ်၊ မတ်လ ၇

ဥရောပ၏ ယူကရိန်းအတွက် လက်နက်နှင့်ခဲယမ်းများ ထောက်ပံ့ရေးအစီအစဉ်တွင် ချက်နိုင်ငံသည် အဓိကကျ နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအစီအစဉ်သည် အမေရိကန်၏ စစ်ရေးအကူအညီများ နှောင့်နှေးကြန့်ကြာ နေချိန်တွင် ရုရှားတပ်ဖွဲ့များအား တွန်းလှန် တိုက်ခိုက်နေသည့် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ပေးမည့် ဥရောပ၏ အားထုတ်ကြိုးပမ်းမှု များထဲမှ တစ်ခုဖြစ်သည်။

ချက်ပုဂ္ဂလိက လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီ Excalibur Army က ပိုင်ဆိုင်သည့် Sternberk စက်ရုံကို သွားရောက် လေ့လာကြည့်ရှုခဲ့သော နယ်သာလန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အွန်နို အိုင်ချယ်လ်ရှိမ်အမ် (Onno Eichelsheim)က ယူကရိန်းသည် အရှေ့ပိုင်းနှင့် တောင်ပိုင်းစစ်မြေပြင်တွင် ထိခိုက်ဆုံးရှုံးမှုများ များပြား နေချိန် လက်နက်ထောက်ပံ့ရေး အစီအစဉ်သည် အရေးပေါ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

"ကျနော်တို့ မြန်မြန်လုပ်ရပါလိမ့်မယ်။ ယူကရိန်းအတွက် အထောက်အပံ့တွေကို များများစားစားနဲ့ မြန်မြန်ဆန် ဆန် ပို့ဆောင်ပေးဖို့ လိုပါတယ်" ဟု ၎င်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားတွေ လက်နက်ကြီးပစ်နေစဉ်

ရုရှား၏ စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်ပွဲ ၂ နှစ်ကျော် ဖြစ်ပွားလာခဲ့သည့် အချိန်တွင် နှစ်ဖက်စလုံးသည် လက်နက်ကြီးများကိုသာ အားပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေချိန်၌ ယူကရိန်းသည် လက်နက်ကြီးကျည်များ လျော့နည်းလာခဲ့သည်။

ရုရှားတပ်ဖွဲ့များ၏ ချီတက်ဝင်ရောက်မှုများကို ဟန့်တားရန်နှင့် တွန်းလှန်တိုက်ခိုက်မှုများ ပြုလုပ်ရန် ဆန္ဒရှိနေ သည့် ဥရောပသမဂ္ဂနှင့် အခြား အနောက်မဟာမိတ် နိုင်ငံများကမူ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ယူကရိန်းအား ၁၂ လ အတွင်း လက်နက်ကြီးကျည် ၁ သန်း ထောက်ပံ့ပေးမည့် အစီအစဉ်ကို စတင်ခဲ့သည်။
သို့သော် ထိုအစီအစဉ် စတင်ခဲ့ပြီး တစ်နှစ်ကြာသည်အထိ သတ်မှတ်ထားသည့် လက်နက်ကြီးကျည် စုစုပေါင်း ၁ သန်းအနက် ၅ သိန်းကျော်ကိုသာ ထောက်ပံ့ပေးနိုင်ခဲ့သည်။ 

အဘယ်ကြောင့်ဆိုသော် ထုတ်လုပ်ရေးကဏ္ဍတွင် မလုံလောက်မှုများနှင့် ရေရှည်အော်ဒါများ ကင်းမဲ့မှုတို့ကြောင့် ဖြစ်သည်။

ထို့ကြောင့် ချက်အစိုးရသည် ဥရောပသမဂ္ဂ၏ ယူကရိန်းအား စစ်ရေးထောက်ပံ့သည့် အစီအစဉ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာခဲ့ပြီး ချက်ကာကွယ်ရေး စက်မှုလုပ်ငန်းများနှင့် သဘောတူညီချက်များ ပြုလုပ်ကာ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ရန်ပုံငွေ မြှင့်တင်လျက်ရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ