CNI International News

အင်ဖာ၊ မတ်လ ၇

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်ရှိ မဏိပူရပြည်နယ် ဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF)ကို စတင် ဖြန့်ကြက်ချထားကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်း (N Biren Singh) က ပြည်နယ် လွှတ်တော်ကို မတ်လ ၅ ရက်က ပြောကြားခဲ့ကြောင်း North East Now မှ ဖော်ပြခဲ့သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များဖြင့်  BSF သည် နယ်စပ်ဒေသများ တစ်လျှောက် ကင်းလှည့် မှုများကို ပြုလုပ်သွားမည်ဟု ဆင်းက ပြောသည်။

အိန္ဒိယနှင့် မြန်မာသည် နယ်စပ်ချင်း ၁၆၄၃ ကီလိုမီတာ ထိစပ်နေပြီး မဏိပူရနှင့်မြန်မာ ထိစပ်နေသည့် နယ်စပ်အရှည်မှာ ၃၉၈ ကီလိုမီတာရှိသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) အပြင် BSF အမှုထမ်းများသည် မဏိပူရ-မြန်မာ နယ်စပ်၏ သတ်မှတ်ထား သည့် ဒေသများတွင် လုံခြုံရေး တာဝန်ထမ်းဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့သည် ယခင်ကတည်းက မဏိပူရပြည်နယ်ရှိ မြန်မာနှင့်ထိစပ်နေသည့် နယ်စပ်ဒေသ တစ်လျှောက်တွင် ကင်းစခန်းများ ဖွင့်လှစ်ပြီး တပ်စွဲထားသည်။

မဏိပူရနဲ့မြန်မာနယ်စပ်ကိုတွေ့ရစဉ်

မည်သို့ပင်ဆိုစေ မဏိပူရ၊ နာဂလန်းနှင့် တောင်ပိုင်း အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်ဆိုင်ရာလုံခြုံရေး ပါမောက္ခတစ်ဦးဖြစ်သည့် အမစ် ရှူကလာ (Amit Shukla) ကမူ မဏိပူရပြည်နယ်ရှိ မြန်မာနှင့် ထိစပ်နေသည့် နယ်စပ်ဒေသတစ်လျှောက်တွင် BSF  တပ်ဖွဲ့များ ဖြန့်ကြက်ချထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

“၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်အထိ အိန္ဒိယ-မြန်မာနယ်စပ်မှာ BSF တပ်ဖွဲ့တွေ ထပ်မံဖြန့်ကြက် ချထားတာမျိုး မရှိပါဘူး။ အဲဒီလို ဖြန့်ကြက်ချထားမှုကို BSF ရဲ့ တာဝန်ရှိသူတွေက အတည်ပြု ထောက်ခံရပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

မဏိပူရပြည်နယ် တစ်ဝန်းတွင် ဗဟိုရဲတပ်ဖွဲ့၏ တပ်ခွဲ ၁၉၈ ခု၊ စစ်တပ်၏ တပ်ခွဲ ၁၄၇ ခု၊ အာသံရိုင်ဖယ်တပ်ခွဲ ၁၄၁ ခုနှင့် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့်သည် လုံခြုံရေးတာဝန်များကို တက်ကြွစွာ ပါဝင်ထမ်းဆောင် နေကြောင်း ဆင်းက ဖေဖော်ဝါရီ ၂၉ ရက်တွင် ပြည်နယ်လွှတ်တော်၌ ပြောကြားခဲ့သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးကမူ မဏိပူရပြည်နယ်အစိုးရသည် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူ့လူမှုရေး အဖွဲ့အစည်းများ၏ တောင်းဆိုချက်များဖြင့် မဏိပူရ-မြန်မာ နယ်စပ်တွင် နယ်စပ်အစောင့်တပ်ဖွဲ့များ ဖြန့်ကြက်ချထားခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Source: North East Now