CNI International News

ဝါရှင်တန်၊ ဧပြီ ၅

အမေရိကန် အစိုးရသည် ယူကရိန်းကို ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံတန်ကြေးရှိ စစ်ရေး အကူအညီများ ပေးအပ် သွားမည်ဟု အေပီက ဖော်ပြခဲ့သည်။

လက်နက် ခဲယမ်းနှင့် ပစ္စည်းကိရိယာများအတွက် ဒေါ်လာ သန်း ၅၀၀ အသုံးပြုကာ ဒရုန်းများကို တန်ပြန်ရေး စစ်လက်နက်များ၊ ရေဒါများနှင့် လက်နက်သစ်များအတွက် ဒေါ်လာ ၂ ဘီလီယံကျော် သုံးစွဲသွားမည်ဟု ပင်တဂွန် က အင်္ဂါနေ့တွင် ပြောသည်။

အကူအညီများတွင် အမေရိကန်မှ ထောက်ပံ့ထားသည့် HIMARS များအတွက် ခဲယမ်းများ၊ လေကြောင်း ကာကွယ် ရေး ကြားဖြတ် လက်နက်များနှင့် အမြောက်ဆံများ ပါဝင်ကြောင်း၊ ထိုပစ္စည်းများကို အမေရိကန် လက်နက်တိုက် များမှ ထုတ်ယူပေးပို့ သွားမည်ဖြစ်သောကြောင့် စစ်မြေပြင်သို့ အလျင်အမြန် ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) က ကြေညာချက် တစ်စောင်တွင် ပြောထားသည်။

အကူအညီများတွင် အီရန်ထုတ် ဒရုန်းများကို တန်ပြန်ရန် ရည်ရွယ်သည့် လက်နက်စနစ်သစ် အနည်းဆုံး နှစ်ခု လည်း ပါဝင်သည်။

အမေရိကန် လက်နက်ခဲယမ်းများကိုတွေ့ရစဉ်

အမေရိကန်အစိုးရသည် ပထမဆုံးအကြိမ်အဖြစ် ၃၀ မမ လက်နက်များနှင့် ယင်းအတွက် ကျည်ဆန်များအပြင် ရွေ့လျားနိုင်သည့် လေဆာသုံး ဒုံးကျည်စနစ် ၁၀ ခု ကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ပင်တဂွန် လက်နက်တိုက်များမှ ပေးပို့မည့် လက်နက်များတွင် ဟောင်ဝပ်ဇာများအတွက် ၁၅၅ မမ ကျည်များပါ ပါဝင်သည်။ သို့သော်လည်း လက်နက်များအတွက် ကျည်ဆန် အရေအတွက်ကိုတော့ ထုတ်ပြန်ခြင်း မရှိပေ။

ရုရှား၏ ထိုးစစ်ဆင်မှုများမှ ကာကွယ်ရေးအတွက် ယူကရိန်းစစ်တပ်အား ထောက်ပံ့ပေးမည့် လက်နက်များတွင် သံချပ်ကာဖျက်စနစ်များ၊ လက်နက်ငယ်များနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်ကြီးများအပြင် လောင်စာတင်ကားနှင့် ပြုပြင်ထိန်းသိမ်းရေး အထောက်အပံ့များလည်း ပါဝင်သည်ဟု ပင်တဂွန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်မြေပြင်တွင် အခြေအနေ ပြောင်းလဲနိုင်ရေး ယူကရိန်းစစ်တပ်အား ကူညီရန်အတွက် ယခုကဲ့သို့ ထောက်ပံ့ရခြင်း ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

ဘလင်ကင်ကိုတွေ့ရစဉ်

လက်ရှိ စစ်မြေပြင်တွင် မည်သည့်ဘက်ကမှ သိသိသာသာ အသာစီး မရရှိသေးဟုလည်း အမေရိကန်ဘက်က ပြောသည်။

အမေရိကန်၏ ထောက်ပံ့ပေးမှု အားလုံးအတွက် ဝမ်းသာမိကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ တန်ကြေးရှိ ကာလရှည် အကူအညီများသည် NASAMS မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် များ၊ ရေဒါများအပြင် လောင်စာဆီ ကားများ၊ သံချပ်ကာဖျက် ဒုံးကျည်များ ဝယ်ယူရန်အပြင် ယူကရိန်းတပ်ဖွဲ့များ အား လေ့ကျင့်ပေးရန်လည်း အသုံးပြုသွားမည်ဖြစ်သည်။

Source: AP