CNI International News

နယူးဒေလီ၊ ဧပြီ ၅

နေရာ ၁၁ ခုကို နာမည်ပြောင်းရန် တရုတ်၏ ကြိုးပမ်းမှုများကို အိန္ဒိယဘက်က ပယ်ချခဲ့သည်ဟု Aljazeera သတင်းမှ ဖော်ပြခဲ့သည်။

ထိုနေရာများကို တရုတ်ဘက်က ၎င်းတို့ပိုင်ဟု ကြေညာထားပြီး အိန္ဒိယ ဘက်ကလည်း ထိုဒေသများသည် အရှေ့ဘက် အာရူနာချယ်ပရာဒတ်ချ် (Arunachal Pradesh) ပြည်နယ်အတွင်း ရှိသည်ဟု သတ်မှတ်ကာ အငြင်းပွားလျက်ရှိသည်။

နျူကလီးယားပိုင်ရှင် အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ဆိုးရွားလျက်ရှိပြီး ယခုတစ်ခေါက် ဖြစ်စဉ်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က တရုတ်ပြည်ထဲရေးဌာနမှ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ချိန်တွင် ပေါ်ပေါက် လာခဲ့သည်။

ထိုကြေညာချက်တွင် တရုတ်အစိုးရသည် တောင်ပိုင်း တိဗက်ဒေသဟု တရုတ်ဘက်မှ သတ်မှတ်ထားသော တောင်ငါးလုံး အပါအဝင် နေရာ ၁၁ ခု၏ အမည်ကို ပြောင်းလဲခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ နေရာ ၁၁ ခုကို Zangnan ဒေသ သို့မဟုတ် တရုတ်၏တောင်ပိုင်း တိဗက်ဒေသထဲ ပါဝင်သည်ဟု သတ်မှတ်၍ အမည်ပြောင်းလဲထားသော မြေပုံတစ်ခုလည်း ပါဝင်သည်။

အိန္ဒိယနိုင်ငံခြားရေးဌာနက ပြောခွင့်ရ ပုဂ္ဂိုလ် အာရင်ဒန် ဘတ်ချီကိုတွေ့ရစဉ်

ထိုပြောင်းလဲမှုတွင် အရူနာချယ်ပရာဒတ်ရှ်ပြည်နယ်အား တိဗက်တောင်ပိုင်းသို့ ထည့်သွင်း သတ်မှတ်ထားကာ အိန္ဒိယနှင့် နယ်စပ်ကိုလည်း ဘရာမာပူထရာ(Brahmaputura) မြစ်မြောက်ဘက်ပိုင်းမှ စတင်သတ်မှတ်ထား သည်။

ထိုသတ်မှတ်ချက်ကို အိန္ဒိယနိုင်ငံခြားရေးဌာနက ပယ်ချသည်။

တရုတ်သည် ယခင်ကလည်း ထိုသို့သော နယ်မြေသတ်မှတ်မှုမျိုး လုပ်ဆောင်ခဲ့ဖူးကြောင်း၊ အရူနာချယ်ပရာဒတ်ချ် သည် အိန္ဒိယ၏ အစိတ်အပိုင်း တစ်ခုအဖြစ် အမြဲမပြောင်းမလဲ ရှိနေမည်ဟု အိန္ဒိယနိုင်ငံခြားရေးဌာနက ပြောခွင့်ရ ပုဂ္ဂိုလ် အာရင်ဒန် ဘတ်ချီ (Arindam Bagchi) ကပြောသည်။

ယခု နာမည်ပြောင်းလဲမှုများသည် တရုတ်ပိုင် နယ်မြေများကိုသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း တရုတ် နိုင်ငံခြားရေးဌာနက ပြန်လည် ချေပသည်။

တရုတ်နဲ့  အိန္ဒိယ နယ်စပ်မှတ်တိုင်ကိုတွေ့ရစဉ်

၂၀၂၀ ခုနှစ်တွင် နယ်စပ်ရှိ လာဒတ်ခ် (Ladakh) ဒေသတွင် နှစ်ဖက်စစ်သားများ ပဋိပက္ခဖြစ်ခဲ့ပြီး အိန္ဒိယ လူမျိုး ၂၀ ဦး အပါအဝင် အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့သည်။

ထိုအချိန်မှ စတင်၍ အိန္ဒိယသည် တရုတ်မှ ဖန်တီးထားသော မိုဘိုင်းဖုန်း အပလီကေးရှင်း ရာချီကို နိုင်ငံတွင်း အသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။

ထိုမျှမက Xiaomi နှင့် Huawei ကဲ့သို့ အန္ဒိယတွင် လုပ်ငန်း လုပ်ဆောင်နေေသာ တရုတ်ကုမ္ပဏီများလည်း အခွန် အရာရှိများ၏ စီးနင်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် နှစ်နိုင်ငံကြား ကုန်သွယ်မှု အခြေအနေမှာ နှစ်စဉ် ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါးရှိသည့် အခြေအနေတွင် ဆက်ရှိနေဆဲပင် ဖြစ်သည်။

Source: Aljazeera