CNI International News

ပဲရစ်၊ ဧပြီ ၄

နိုင်ငံ၏ ရဲတပ်ဖွဲ့ဝင်များသည် ပြင်သစ်မှ ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်စေရေးအတွက် ထိန်းသိမ်းပေး သူများအဖြစ် အာဏာပိုင်များဘက်က ရှုမြင်ထားသော်လည်း ရဲတပ်ဖွဲ့သည် လိုအပ်သည်ထက် ပို၍ ကြမ်းတမ်းစွာ ကိုင်တွယ် ဖြေရှင်းနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် ဆန္ဒပြသူများဘက်က ရှုမြင်နေကြောင်း အေပီ သတင်း တွင် ဖော်ပြသည်။

ရဲများ၏ ရိုက်နှက်မှုကြောင့် ပဲရစ်မြို့မှ အမျိုးသားတစ်ဦး ဝှေးစေ့တစ်လုံး ဆုံးရှုံးခဲ့ရကာ အမျိုးသမီးတစ်ဦးသည် လည်း ရဲတပ်ဖွဲ့မှပစ်သော ဗုံးကြောင့် လက်တစ်ချောင်း ပြတ်ခဲ့ရသည်။

ဗုံးအစ ထိမှန်ခဲ့သည့် ရထားလမ်း လုပ်သားတစ်ဦးသည်လည်း မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့သည်။

အိမ်ခြေယာမဲ့ တစ်ဦးဟု ယူဆရသည့် အမျိုးသားတစ်ဦးကို ရိုက်နှက်ကန်ကြောက်၊ ရုတ်ရင်းကြမ်းတမ်းစွာ ဆက်ဆံ ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များထံ လူသားချင်းစာနာမှုဆိုတာ ဘယ်မှာလဲဟု အမျိုးသမီးတစ်ဦးက အော်ဟစ် မေးခွန်း ထုတ်ခဲ့သည်။

ထိုသို့သော အကြမ်းဖက်မှုများက လမ်းပေါ်ထွက် ဆန္ဒပြသူများကို ပို၍ ဒေါသဖြစ်စေခဲ့ပြီး အစိုးရနှင့် အလုပ်သမား သမဂ္ဂများအကြား ဆွေးနွေးမှုများ ဖော်ဆောင်ရန် လုပ်ဆောင်မှုများကို ပိုမိုရှုပ်ထွေးစေခဲ့သည်။

သမဂ္ဂများသည် လာမည့် ကြာသာပတေးနေ့တွင် ၁၁ ကြိမ်မြောက် တစ်နိုင်ငံလုံး သပိတ်မှောက်မှုကို လုပ်ဆောင် ရန် စီစဉ်နေသည်။

ဆန္ဒပြသူများကို ပြင်သစ်ရဲတပ်ဖွဲ့က ရိုက်နှက်နေစဉ်

ဇန်နဝါရီလမှ စတင်ခဲ့သည့် ဆန္ဒပြပွဲများသည် သမ္မတ မက်ခရွန် (Macron) က ပင်စင်ယူရမည့် အသက်အရွယ်ကို တိုးမြှင့်သည့် ဥပဒေမှုကြမ်းအား မဲခွဲဆုံးဖြတ်မှု မရှိဘဲ အောက်လွှတ်တော်တွင် အတည်ပြုရန် ကြိုးစားခဲ့သော ပြီးခဲ့သည့်လတွင် ပို၍ အားကောင်းလာသည်။

လုံခြုံရေးတပ်ဖွဲ့များကို ပြင်သစ်တွင် အမိန့်ထိန်းသိမ်းမှု အင်အားစုဟု သတ်မှတ်ထားသော်လည်း လက်ရှိတွင်မူ ယင်းနှင့် သွေဖယ်လျက်ရှိသည်။

ထို့ကြောင့် ရဲများသည် ၎င်းတို့၏ တာဝန်မှ လစ်ဟင်းနေပြီလားဟု မေးစရာရှိလာသည်။

လူထူ၏ အမြင်မကြည်မှုများကြောင့် အာဏာပိုင်များသည် လုံခြုံရေးတပ်ဖွဲ့များအပေါ် ချီးကျူးမှု ပြုလုပ်ခြင်းဖြင့် ဂုဏ်သတင်း ပျက်စီးမှုမှ ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။

ရဲတပ်ဖွဲ့မှ အကြမ်းဖက်မှု မရှိကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရဲလ် ဒါမာနင် (Gerald Darmanin) က ဗုဒ္ဓဟူးနေ့တွင် ရေဒီယိုအစီအစဉ် တစ်ခုကို ပြောခဲ့သည်။

မလျော်ကန်စွာ အင်အား အသုံးပြုခဲ့မှုသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ လုပ်ရပ်ကိုလည်း ၎င်းက ဝေဖန်သည်။

ဆန္ဒပြသူတစ်ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ကြမ်းတမ်းစွာ ဖမ်းဆီးနေစဉ်

ဆန္ဒပြမှုများ ပေါ်ပေါက်လာပြီး နောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၃၈ ဦးကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ပြောသည်။

မည်သို့ပင်ဆိုစေကာ ပြင်သစ်ရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံနှင့် ပတ်သက်သည့် စိုးရိမ်မှုများမှာ ပြင်သစ်နိုင်ငံပြင်ပသို့ပါ ရောက်ရှိလာသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာမှုအဖွဲ့ (Amnesty International) အပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းများ ကလည်း ပြင်သစ်ရဲများ၏ ကိုင်တွယ်ပုံမှာ လိုအပ်သည်ထက် ပို၍ ကြမ်းတမ်းနေသည်ဟု ထောက်ပြထားသည်။

ပြင်သစ်ရဲတပ်ဖွဲ့သည် ဥရောပနိုင်ငံအများစု၌ ပိတ်ပင်ထားသော အသံဗုံးများ၊ ရာဘာ ကျည်ဆန်များဖြင့် ဆန္ဒပြသူ များကို ကိုင်တွယ်နေကြောင်း လုံခြုံရေးတပ်ဖွဲ့ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

များသောအားဖြင့် ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့သော ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့အနေဖြင့် ထိုသို့သော လက်နက်များ အသုံးပြုခြင်းက အခြေအနေကို ပို၍ ဆိုးရွားသည်ဟုလည်း ၎င်းက သုံးသပ်သည်။

Source: AP