CNI International News

ကဘူးလ်၊ ဧပြီ ၅

အာဖဂန်နိုင်ငံမြောက်ပိုင်း ဘတ်ခ် (Balkh) ပြည်နယ်မှ စီးနင်းတိုက်ခိုက်မှုတစ်ခုတွင် တာလီဘန်တပ်ဖွဲ့များသည် ISIL အဖွဲ့ဝင်ခြောက်ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အင်္ဂါနေ့တွင်ပြော ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

ယခုစီးနင်းမှုသည် တာလီဘန်အာဏာပိုင်များက ISIL အဖွဲ့၏ ဒေသတွင်းအဖွဲ့ခွဲ ISKP အားဖြိုခွဲမှုများ လုပ်ဆောင် နေချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ISKP သည် ပြီးခဲ့သည့်လများအတွင်း ဆိုးရွားသော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကာ ဘတ်ခ်အုပ်ချုပ်ရေးမှူးအပါအဝင် လူပေါင်းများစွာကို သေဆုံးစေခဲ့သည်။

တနင်္လာနေ့ည စီးနင်းမှုသည် နာရီ ရှာဟီ (Nahri Shahi) ခရိုင်မှ ISIL အဖွဲ့၏ ခိုအောင်းရာနေရာတစ်ခုကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဘတ်ခ် ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက် အာဆစ် ဝါဇီရီ (Mohammad Asif Waziri) က ပြောသည်။

တာလီဘန်များ အာဏာရလာပြီးနောက် တနှစ်အကြာ ကဘူးလ်မြို့ရှိ တာလီဘန် လုံခြုံရေးအစောင့်များကို လမ်းမများပေါ်တွင်တွေ့ရစဉ်(ဓါတ်ပုံ-EPA)

ယင်းမှ အဖွဲ့ဝင်ခြောက်ဦး သေဆုံးခဲ့ကြောင်းလည်း ၎င်းကပြောသည်။ သေဆုံးခဲ့သော ဘတ်ခ်အုပ်ချုပ်ရေးမှူး မူဇမ်မီ(Muzammil)သည် ISIL အဖွဲ့အား တော်လှန်မှုကြောင့် ထင်ရှားသူဖြစ်သည်။ ISIL အဖွဲ့သည် တာလီဘန် များအတွက် အကြီးမားဆုံးသော လုံခြုံရေးခြိမ်းခြောက်မှုကိုလည်း ဖြစ်စေလျက်ရှိသည်။ တာလီဘန်များသည် နိုင်ငံတွင်းမှ အမေရိကန်ဦးဆောင်သည့် နိုင်ငံခြားတပ်များထွက်ခွာချိန် ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်ကာ အာဖဂန်တွင် အာဏာလွှဲပြောင်း ရယူခဲ့သည်။

နိုင်ငံခြားရေးဌာနအား ပစ်မှတ်ထားသည့် ဇန်ဝါရီလ ဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံးလူငါးဦး သေဆုံးခဲ့သည်။ ISIL အဖွဲ့သည် ကာဘူးလ် (Kabul) တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကိုလည်း ၎င်းတို့ လက်ချက်ဖြစ်သည်ဟု ကြေညာထားသည်။ ယင်းတို့တွင် စစ်တပ်လေဆိပ်ရှိ စစ်ရေးဂိတ်အနီးတွင် ဗုံးခွဲမှုနှင့် ကဘူးလ်မြို့မှဟိုတယ်တစ်ခုအား တိုက်ခိုက်မှုတို့ ပါဝင်သည်။

ISIL အဖွဲ့သည် အာဖဂန်ရှိ ရှီးအိုက်လူမျိုးများ၊ နိုင်ငံခြားသားများနှင့် နိုင်ငံခြားပိုင်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။

Source:Aljazeera