CNI International News

အစ္စလာမ်မာဘက်၊ မတ်လ ၁၁

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးများ တင်းမာလာခဲ့သည်ဟု Al Arabiya သတင်းဌာနမှ ဖော်ပြခဲ့သည်။

မတ်လ ၇ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် သံအမတ် မြူနီယာ အက်ခ်ရမ် (Munir Akram)က အာဖဂန်ရှိ တာလီဘန်အစိုးရကို တာရစ်ခ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့နှင့် ဆက်ဆံရေးများ ဖြတ်တောက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းပေးရန် တောင်းဆိုခဲ့သည်။

အာဖဂန်၏ တာလီဘန်အစိုးရအဖွဲ့က TTP အဖွဲ့နှင့် အခြား အကြမ်းဖက်အဖွဲ့များကို ထိန်းချုပ်ရန် ပျက်ကွက်မှု သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းနေသည့် တာလီဘန်အစိုးရ၏ ကြိုးပမ်းအားထုတ် မှုများကို ထိခိုက်စေကြောင်း မြူနီယာက ပြောသည်။

ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆေးယက် အက်ဆက် မြူနီယာ (Sayed Asim Munir) က ပါကစ္စတန်၏ လူ့အသက်တစ်ချောင်းသည် အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးထက် ပိုမိုအရေးကြီးပြီး အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးသည် ဆင်းရဲဒုက္ခခံစားရနိုင်ကြောင်း ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည်။

 အာဖဂန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘက်စ် စတန်နစ်ဇိုင်းကို တွေ့ရစဉ်

ထိုပြောကြားချက်များအရ ပါကစ္စတန်သည် အာဖဂန်နစ္စတန်အပေါ် ထားရှိသည့် ၎င်း၏ နားလည်ရခက်ခဲ့သော မူဝါဒကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း ပါကစ္စတန်အစိုးရသည် တာလီဘန်အစိုးရကို ဖိအားပေးရန်အတွက် ပါကစ္စတန်နိုင်ငံ အတွင်းရှိ သန်းနှင့်ချီသည့် အာဖဂန်ဒုက္ခသည်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သဖြင့် ထိုလုပ်ဆောင်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချခဲ့သည်။

ထို့ပြင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား Durand Line ဟုခေါ်ဆိုသည့် တရားမဝင် နယ်စပ်စည်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများရှိခဲ့သည်။ 

အာဖဂန် နိုင်ငံခြားရေးဝန်ကြီး အမ်မီယာခမ်း မွတ်တာကီကို တွေ့ရစဉ်

တာလီဘန် ခေါင်းဆောင်များကမူ Durand Line ကို နှစ်နိုင်ငံအကြား တရားဝင် နယ်စပ်စည်းအဖြစ် သတ်မှတ်မှု ကို ငြင်းဆိုထားသည်။

အာဖဂန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘက်စ် စတန်နစ်ဇိုင်း (Abbas Stanikzai) ကမူ Durand Line ကို ရေးဆွဲခဲ့ချိန်က ပါကစ္စတန်နိုင်ငံပင် မပေါ်ပေါက်သေးကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း အာဖဂန် နိုင်ငံခြားရေးဝန်ကြီး အမ်မီရာခမ်း မွတ်တာကီ (Amir Khan Muttaqi) က Durand Line တည်ရှိမှုကို နှစ်နိုင်ငံပြည်သူများကသာ ဆုံးဖြတ်နိုင်သည်ဟု ပြောကြားခဲ့သော်လည်း ပါကစ္စတန် ကမူ ထိုအငြင်းပွားမှုအတွက် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးစေလိုကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Al Arabiya