CNI International News

အစ္စလာမ္မာဘတ် စက်တင်ဘာ ၂၉

တာလီဘန်များကို အထီးကျန်အောင်လုပ်ထားခြင်း ဆက်ထားလျှင် အန္တရာယ်များကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်ဘူတိုဇာဒါရီက ပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

တာလီဘန်များနှင့် ကမ္ဘာကို ထိတွေ့ဆက်ဆံစေလိုကြောင်း၊ အာဖဂန်နစ္စတန်အုပ်ချုပ်နေသည့် ၎င်းတို့ကို ထပ်မံ၍ အထီးကျန်စွာ ထားရှိပါက အန္တရာယ်များသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန် ကြီးက သတိပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဆက်လက် ရေးသားထားသည်။

စက်တင်ဘာ ၂၇ ရက်တွင် ဝါရှင်တန်သို့ အလည်အပတ် ရောက်ရှိလာစဉ် AFP သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်း ခန်း၌ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်ဘူတိုဇာဒါရီက “တာလီဘန်များအပေါ် အယုံအကြည်မရှိသော အမေရိကန်သည် အာဖဂန်နစ္စတန်၏ နိုင်ငံတော်ပိုင်ဆိုင်မှုများကို လက်ဝယ်ထားရှိ၍ သိမ်းဆည်းထားပြီး ဆွစ်ဇာလန်တွင် ထည့်သွင်းထားခြင်းဖြင့် အပြိုင်အုပ်ချုပ်မှု ဖန်တီးခြင်း” မပြုရန် သတိပေးခဲ့သည်။

“လက်ဆေးပြီးတော့ နောက်ကျော ပြန်လှည့်ကြည့်တဲ့အခါ တွေ့ရတာမျိုး ကျနော်တို့ သင်ခန်းစာ ယူရမယ်။ မလို လားအပ်တဲ့ အကျိုးဆက်တွေ ဖန်တီးတာဟာ ကိုယ့်အတွက် နောက်ထပ် ပြဿနာတွေ အဆုံးမသတ်နိုင် ဖြစ်တတ် ပါတယ်” ဟု ဘူတိုဇာဒါရီက ပြောကြားခဲ့သည်။

တာလီဘန်များကိုတွေ့ရစဉ် (GETTY IMAGES)

“ကျနော်တို့ စီးပွားရေးပြိုလဲမှု၊ ဒုက္ခသည် အစုလိုက် အပြုံလိုက် ထွက်ခွာမှု၊ (လက်နက်ကိုင်) အဖွဲ့အစည်းတွေ အတွက် လူသစ်စုဆောင်းမယ့် ခြိမ်းခြောက်မှုတွေကြောင့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး တော့ ဒီထက်ပိုပြီး စိုးရိမ်စရာတွေ ရှိတယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အာဖဂန်နစ္စနိုင်ငံကို ယခုအခါ လက်တွေ့ အုပ်ချုပ်နေသော တာလီဘန်တို့အပေါ် အနောက်အုပ်စုက ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားသည့်အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ခေတ္တရပ်ဆိုင်းခြင်း၊ အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁၀ ဘီလီယံနီးပါးကို သိမ်းဆည်းထားခြင်းတို့ကြောင့် အာဖဂန် လူဦးရေ ၏ ထက်ဝက်ကျော်မှာ ဆိုးရွားသည့် အကျပ်အတည်း ကျရောက်နေသည်။

တာလီဘန်ခေါင်းဆောင်တစ်ဦးနဲ့ အမေရိကန် ကိုယ်စားလှယ်တစ်ဦး(GETTY IMAGES)

မိန်းကလေးများ၏ ပညာရေး ကန့်သတ်ချက်များအပြင် အခြေခံ လွတ်လပ်ခွင့်များ တားမြစ်ထားသော တာလီဘန် တို့အပေါ် ပိတ်ဆို့ အရေးယူမှုများသည် အာဖဂန်စီးပွားရေး အကျပ်အတည်း ပိုဆိုးလာစေပြီး လုံခြုံမှုကင်းမဲ့ခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် အထီးကျန်ဆန်မှု ဖြစ်ပေါ်စေမည်ကို စိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂ (UN) က ပြော ကြားထားပြီး ဖြစ်သည်။

တာလီဘန်များ ဘက်ကလည်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရပိုင်ခွင့်များကဲ့သို့ နိုင်ငံတကာ စိုးရိမ်မှုများ ကို သိသာစွာ လျှော့ချပေးရန် လိုအပ်ကြောင်း ဘူတိုဇာဒါရီက ဆက်လက် ပြောကြားခဲ့သည်။

“သမိုင်းတလျှောက်မှာ သီအိုကရက်တစ်၊ သက်ဦးဆံပိုင်အုပ်ချုပ်တဲ့ အစိုးရတွေဟာ စီးပွားရေး မပြေလည်တဲ့အခါ အခွင့်အရေးတွေကို ဘယ်လိုချဲ့ထွင်ယူရမယ်ဆိုတာ အတိအကျ မထိန်းညှိတတ်ကြဘူး။ တကယ်တော့ သူတို့ဟာ သူတို့ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ ယဉ်ကျေးမှုဓလေ့ထုံးစံ ပြဿနာတွေနဲ့ တခြားပြဿနာတွေကို ကိုင်စွဲထားလေ့ရှိကြတယ်ဗျ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို လွှတ်တော်အတွင်း အယုံအကြည် မရှိကြောင်း မဲခွဲဆုံးဖြတ်၍ ဖြုတ်ချပြီးနောက် ပြီးခဲ့သည့် ၅ လအတွင်း အစိုးရသစ် တက်လာခဲ့ရာ ဘူတိုဇာဒါရီသည် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။

Source: Aljazeera