CNI International News

နယူးဒေလီ၊ မတ်လ ၁၁

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) သည် ဂျပန်သို့ သွားရောက်သည့် ၃ ရက်ကြာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ဂျပန်၏ ထိပ်သီးခေါင်းဆောင်များနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ သည်ဟု  Devdiscourse မှ ဖော်ပြခဲ့သည်။

ထိုအစည်းအဝေးများအတွင်း အထူး မဟာဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုပုံစံကို အရည်အသွေးရှိရှိ ပြောင်းလဲနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဂျိုင်ရှန်ကာက ဝန်ကြီးချုပ် မိုဒီ ( Modi) ၏ နုတ်ခွန်းဆက် အမှာစကားကို ဂျပန်ဝန်ကြီးချုပ်  ဖူမီယို ကီရှီဒါ (Fumio Kishida) ထံ ဆောင်ကြဉ်းပေးခဲ့ပြီး အိန္ဒိယ-ဂျပန် အထူးမဟာဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် ဆက်ဆံရေးတွင် မကြာသေးမီက တိုးတက်မှုများနှင့်ပတ်သက်ပြီး တင်ပြခဲ့သည်။

ဂျိုင်ရှန်ကာသည် မတ်လ ၇ ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါ (Yoko Kamikawa) နှင့် ၁၆ ကြိမ်မြောက် အိန္ဒိယ-ဂျပန် မဟာဗျူဟာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံ အဆောက်အအုံ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများ အပါအဝင် အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနဲ့ ဂျပန်ဝန်ကြီးချုပ်  ဖူမီယို ကီရှီဒါကို တွေ့ရစဉ်

ထို့ပြင် နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် နားလည်မှုများ ပိုမိုကောင်းမွန်စေရန်နှင့် မျက်မှောက်ခေတ် အခြေအနေများနှင့် လိုက်လျောညီထွေရှိအောင် လုပ်ဆောင်ရန် ဂျိုင်ရှန်ကာနှင့် ကာမီကာဝါ တို့က သဘောတူခဲ့ ကြသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများတွင် အိန္ဒိယနှင့် ဂျပန်၏ အပြန်အလှန် အကျိုးစီးပွားများအပေါ် သက်ရောက်သည့် ဒေသတွင်း အရေးကိစ္စအားလုံးကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဂျိုင်ရှန်ကာသည် ၎င်း၏ ဂျပန်ခရီးစဉ်အတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး (Shinzo Abe) ၏အမျိုးသမီး အကီ အာဘေး (Akie Abe) နှင့်လည်း တွေ့ဆုံခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးအပ်ခဲ့သည်။

ဂျိုင်ရှန်ကာ၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြား အထူးမဟာဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို အကျိုးရှိရှိ ကူးပြောင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အခွင့်အလမ်းကောင်းတစ်ခု အချိန်ကိုက် ပေါ်ပေါက်စေရန် အထောက်အကူ ဖြစ်စေခဲ့သည်ဟုလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: Devdiscourse