CNI International News

အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ ၂၄

လေးရက်ကြာပိတ်ထားခဲ့သည့် ပါကစ္စတန်နှင့် အရေးပါသောနယ်စပ်ဖြတ်ကျော်ရေးလမ်းကြောင်းကို အာဖဂန်ရှိ တာလီဘန်အစိုးရက ပြန်ဖွင့်ပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

လေးရက်ကြာ ပိတ်ထားမှုကြောင့် အစားအစာနှင့် တခြားသောအရာများကို သယ်ဆောင်လာသည့် ထရပ်ကား ထောင်ပေါင်းများစွာမှာ နယ်စပ်တွင် ပိတ်မိခဲ့ရသည်။

ပါကစ္စတန်ဘက်ကလည်း စီမံခန့်ခွဲရေးဆိုင်ရာ လိုအပ်ချက်များကို ပြည့်မှီအောင် ဆောင်ရွက်ပြီးချိန်တွင် တော့ခ်ဟမ်း (Torkham) နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးမည်ဟု ကြာသပတေးနေ့တွင် ပြောသည်။ လိုအပ်သော စာရွက်စာတမ်းများနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများပြီးလျှင် ဂိတ်ကိုပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း၊ ယင်းသည်နာရီ ပိုင်းသာ ကြာမြင့်နိုင်ကြောင်း ပါကစ္စတန်လုံခြုံရေးအရာရှိတစ်ဦးက ပြောသည်။

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ် (Khawaja Asif) ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တစ်ခုက ကဘူးလ်သို့သွားကာ လုံခြုံရေးနှင့်တခြားသောအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော်ရေးဂိတ်ကို ပြန်ဖွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့တွင် ထောက်လှမ်းရေးအေဂျင်စီအကြီးအကဲ ပါဝင်ခဲ့ပြီး ၎င်းတို့သည် အာဖဂန်၏ စီးပွားရေးဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီးချုပ် မူလာအဗ္ဗဒူ ဂါနီ ဘာရာဒါ (Mullah Abdul Ghani Baradar) အပြင် တခြားသော တာလီဘန်အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုအပြီး နာရီပိုင်းအကြာတွင် အစ္စလာမ္မာဘတ်ရှိ အာဖဂန်သံရုံးမှ ပါကစ္စတန်တို့၏ ကတိဖျက်မှုတစ်ချို့ကြောင့် တနင်္ဂနွေနေ့မှ စတင်ပိတ်ထား ခဲ့ရသည့် တော့ခ်ဟမ်း ကုန်သွယ်ရေးလမ်းကြောင်းကို ကြာသပတေးနေ့တွင် ပြန်ဖွင့်ပေးမည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။

အာဖဂန်နှင့် ပါကစ္စတန်ကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုတွင် ကုန်ကားများ တန်းစီစောင့်ဆိုင်းနေစဉ်(ဓါတ်ပုံ- Dawn)

ဂိတ်ပိတ်ထားမှုကြောင့် တနင်္ဂနွေနေ့ညမှ စတင်ကာ ထရပ်ကားထောင်ပေါင်းများစွာ ပါကစ္စတန်ဘက်အခြမ်းတွင် ပိတ်မိခဲ့သည်ဟု ပါကစ္စတန် အကောက်အခွန်ကိုယ်စားလှယ်များအဖွဲ့ခေါင်းဆောင် ကာရီနာဇင်ဂဲလ် (Qari Nazim Gul) က ပြောသည်။

ကားတန်းသည် ၃၀ ကီလိုမီတာခန့်ရှည်ကြောင်း၊ အာဖဂန်ဘက်က ဂိတ်ကို မနက်ပိုင်းတွင်ပြန်ဖွင့်ပေးခဲ့သော်လည်း ပါကစ္စတန်ဘက်က ဂိတ်ပြန်အဖွင့်ကိုစောင့်နေကြောင်း ၎င်းက ပြောသည်။ နယ်စပ်ဂိတ်ကို ပိတ်ထားသည့်အတွက် ဖြစ်ပေါ်လာသည့် ကားများသောင်တင်နေခြင်းကြောင့် နှစ်ဖက်စလုံးတွင် ရူပီး ဘီလီယံနှင့်ချီ ဆုံးရှုံးရနိုင်သည်ဟု ပါကစ္စတန်၊ အာဖဂန်ပူးတွဲကုန်သည်ကြီးများအသင်းနှင့် စက်မှုလုပ်ငန်း ဒါရိုက်တာက ခန့်မှန်းပြောဆိုသည်။

ပါကစ္စတန်နှင့်အာဖဂန်တို့သည် နယ်စပ်ဧရိယာပေါင်း ၂၆၀၀ ကီလီုမီတာ ထိစပ်လျက်ရှိပြီး ပါကစ္စတန် အစိုးရဘက် မှ အာဖဂန်ရွှေ့ပြောင်းနေထိုင်သူများကို ဆေးကုသရေးနယ်စပ်ဖြတ်ကျော်ခွင့်ပေးရန် ငြင်းဆန်မှုကြောင့် တော့ခ်ဟမ်းဂိတ်ကို ပိတ်ခဲ့ရခြင်းဖြစ်သည်ဟု တာလီဘန်များက ပြောသည်။

Source:Aljazeera