CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၁
ဂျပန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့်ပွဲစဉ်မှာ ဘာရိန်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒီပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
ဂျပန်အသင်းဟာ တတိယအဆင့် ခြေစစ်ပွဲစဉ် ၃ ပွဲကစားဖို့ ကျန်ရှိနေသေးပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရမယ့် ထိပ်ဆုံး ၂ နေရာထဲရပ်တည်ဖို့ သေချာသွားခဲ့တာပါ။
အဲဒါကြောင့် ဂျပန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပြီး ဒါဟာ ဂျပန်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၈ ကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါအသင်းတို့ဟာ တိုက်ရိုက် ဝင်ခွင့်ရရှိထားတာကြောင့် ဂျပန်အသင်းဟာ စတုတ္ထမြောက်ဝင်ခွင့်ရရှိတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
အာရှဇုန်တတိယအဆင့် ခြေစစ်ပွဲရဲ့ အုပ်စု ၃ ခုက ထိပ်ဆုံး ၂ သင်းစီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး တတိယနဲ့ စတုတ္ထရတဲ့ အသင်းတွေဟာ စတုတ္ထအဆင့်ကို ထပ်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဂျပန်အသင်းကို တွေ့ရစဉ်
ဘာရိန်းအသင်းနဲ့ပွဲစဉ်မှာ ဂျပန်အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့တဲ့ ကူဘိုက “ကျနော်တို့ရဲ့ ပရိသတ်တွေရှေ့မှာ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် မဟုတ်ပါဘူး။ ကျနော်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားကောင်းတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ချင်တယ်”လို့ ပြောခဲ့ပါတယ်။
အီရန်၊ ဥဇဘတ်ကစ္စတန်နဲ့ တောင်ကိုရီးယားအသင်းတို့ဟာ လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ရင် ဂျပန်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။
အာဆီယံကလပ်အသင်းဖြစ်တဲ့ အင်ဒိုနီးရှားအသင်းကတော့ သြစတြေးလျအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် အုပ်စုတွင်း စတုတ္ထနေရာမှာ ရပ်တည်နေပြီး စတုတ္ထအဆင့် ယှဉ်ပြိုင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့လိုအပ်နေတာ ဖြစ်ပါတယ်။
Source: ESPN