CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ 

ပေါ်တူဂီအသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒိန်းမတ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပြီးနောက် 'Siu' အောင်ပွဲခံမှု ပြုလုပ်ခဲ့တာဟာ သူ့ရဲ့ Idol ရော်နယ်ဒိုကို လှောင်ပြောင်ဖို့ ကြိုးစားတာ မဟုတ်ဘူးလို့ ဟော့ဂျ်လန်းက ပြောခဲ့ပါတယ်။

ဟော့ဂျ်လန်းက “ရော်နယ်ဒိုက ကျနော့်ရဲ့ Idol ပါ။ ဒါက သူ့ကို လှောင်ပြောင်ခဲ့တာ မဟုတ်ပါဘူး။ သူဟာ ကျနော် နဲ့ ကျနော့်ရဲ့ ကစားသမားဘဝအတွက် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ ပေါ်တူဂီကို ဂိုးသွင်း နိုင်ခဲ့တာက ကြီးမားပါတယ်။ ၂၀၁၁ က ဖရီးကစ်ကနေ သူဂိုးသွင်းယူခဲ့တာကို ကျနော်မှတ်မိပြီး အဲဒီအချိန် ကတည်းကနေ ကျနော်ဟာ ရော်နယ်ဒိုရဲ့ ကြီးမားတဲ့ ပရိသတ်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ကတော့ ကျနော့်အတွက် အလွန်ကောင်းမွန်တဲ့နေ့ ဖြစ်ခဲ့ပါတယ်”လို့ ဒိန်းမတ်ရုပ်သံ TV2 ကို ပြောခဲ့တာပါ။

ဒိန်းမတ်အသင်းက ပေါ်တူဂီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ဟော့ဂျ်လန်းဟာ ဒုတိယပိုင်း ပွဲချိန် ၆၉ မိနစ်မှာ လူစားလဲ ဝင်ရောက်လာခဲ့ပြီး ၇၈ မိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဟော့ဂျ်လန်းဟာ ဂိုးသွင်းယူပြီးနောက်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့ နာမည်ကြီး အောင်ပွဲခံ ဟန်ဖြစ်တဲ့ 'Siu' အောင်ပွဲခံမှုကို ပြုလုပ်သွားခဲ့တာပါ။ 

ဒိန်းမတ်အသင်းသားတွေကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ ဟော့ဂျ်လန်းရဲ့ အောင်ပွဲခံမှုကို ကြည့်ခဲ့ရပေမယ့် ယူနိုက်တက်အသင်း တိုက်စစ်မှူးကတော့ ဒီအောင်ပွဲခံမှုဟာ ရော်နယ်ဒိုကို လှောင်ပြောင်ခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒီပွဲမှာ ဒိန်းမတ်အသင်းဟာ ပထမပိုင်းပွဲချိန်အတွင်း ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး အဲရစ်ဆန်ရဲ့ ကန်သွင်းမှုကို ပေါ်တူဂီ အသင်းဂိုးသမား ကော်စတာ ကာကွယ်နိုင်ခဲ့တာပါ။ 

ပေါ်တူဂီအသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ ကစားဖို့ ကျန်ရှိနေသေးတဲ့အတွက် နောက်တဆင့် တက်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ရော်နယ်ဒိုက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

ပေါ်တူဂီနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၂၄ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: ESPN