CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံတွင် လက်ရှိ ခရီးသွားရာသီ၌ တစ်နိုင်ငံလုံးအတိုင်းအတာရှိ ဟိုတယ်များတွင် ကြိုတင်ဘိုကင် ယူထားမှုများ မပြည့်သေးကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကို က CNI သတင်းဌာနသို့ ပြောသည်။

“ဒီလာမယ့်ပွင့်လင်းရာသီရောက်ရင် ဟိုတယ်နေရာတော်တော်များများက ဟိုတယ်တွေ booking ပြည့်နေတယ်။ အဲဒီတော့ ဘယ်နေရာတွေမှာ သွားလာနေကြလည်းဆိုတော့ ကျနော်တို့သွားလာလို့ရတဲ့ ခရီးစဉ်နယ်မြေ ဒေသတွေကတော့ ပုံမှန်ဆိုရင်ကျနော်တို့ ဘားအံသွားကြမယ်၊ ကျိုက်ထီးရိုးရှိမယ်ဆိုတော့ လာတဲ့ဧည့်သည်တွေ အတွက်ကို အခန်းမလုံလောက်တာတော့ မရှိနိုင်သေးဘူးပေါ့နော်။ ခုနကပြောသလို booking ပြည့်တယ် ဆိုတာကတော့ နေရာတချို့လောက်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နေရာတိုင်းတော့ booking ပြည့်နေတာတော့ မရှိသေးပါဘူး။ လက်တစ်လောမှာတော့ ဒါပေမယ့် အခုကျနော်တို့ ၂၀၂၄မှာလည်းပဲ ကျနော်တို့ပြည်တွင်းခရီးစဥ် ဒေသတွေတော်တော်များများမှာလည်းပဲ ပြည်တွင်းခရီးသွားတွေက အရင်နှစ်ကထက်တော့ အခုနှစ်က ပိုပြီးတော့မှ ခရီးသွားဧည့်သည်တွေပိုများလာတယ်။ ကျနော်တို့ကိန်းဂဏန်းအရ မဟုတ်ပေမယ့်လည်း လက်ရှိဟိုတယ်တွေဖွင့်လှစ်ရောင်းချနေတဲ့ အနေအထားပေါ်မှာ ကြည့်ခြင်းအားဖြင့် လက်ရှိမှာ ဒီပြည်တွင်း ခရီးသွားတွေက တောက်လျှောက်ကျနော်တို့တိုးတက်လာတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်တို့၌ ဟိုတယ်အားလုံးနီးပါးဖွင့်လှစ်ထားပြီး ကြိုတင်ဘိုကင် ယူထားသူ များပြားနေကြောင်း သိရသည်။

ပုဂံဒေသ၌ ခရီးသွားများကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သွားရောက်လည်ပတ်ခဲ့သော ပြည်တွင်းခရီးသွား များမှာ ၁၀ သန်းကျော် ရှိခဲ့ပြီး ယခုနှစ်တွင် ထိုပမာဏအထိ ပြည်တွင်းခရီးသွားနှုန်း မရှိနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်တွင်းခရီးသွားများသည် ကမ်းခြေဒေသများတွင် အများဆုံးလာရောက်ကြသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကြည့်ပါက ခရီးသွားလာမှုမှာ ကျဆင်းနေကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ခရီးသွားတဲ့သူတွေကတော့ ပွင့်လင်းရာသီဆိုရင်တော့ ပိုလာမှာပေါ့နော်။ အခုပြည်တွင်းခရီးသွား ဆိုလို့ ရှိရင်တော့ စက်တင်ဘာလ ထဲကစပြီးတော့ ဖြေးဖြေးချင်းပြန်ပြီးတော့ ဒါပြန်များလာတယ်လို့ ပြောလို့ ရတယ်ပေါ့နော်။ ဒီပြည်တွင်း ခရီးသွားက ဒီကမ်းခြေဒေသထဲကိုပြန်ပြီးများလာတယ်။ အခုကမ်းခြေ ဟိုတယ်တွေလည်း အခု၉လပိုင်းပေါ့နော် ဒီစက်တင်ဘာလထဲကစပြီးတော့ ဧည့်သည်တွေ ဒါတော်တော်များများရရှိကြတယ်ဆိုတာ သိထားရတယ် ပေါ့လေ။ ပုံမှန်ကြည့်ရတာတော့ တစ်နိုင်ငံလုံးအတိုင်းအတာကတော့ မနှစ်ကလောက်ဘဲ အများဆုံးရရှိလိမ့်မယ် လို့ ကျနော်မျှော်မှန်းတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကမ်းခြေဒေသတွေမှာတက်နေပေမဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခရီးသွားလာမှုအပိုင်းမှာကြတော့ နည်းနည်းကျဆင်းနေသေးတာ၊ မလည်ပတ် သေးတာ ကျနော်တို့တွေ့ရတယ်ပေါ့နော်။ ကျနော်တို့ပြည်တွင်းခရီးသွားက ခန့်မှန်းရခက်တယ် ဖြစ်နေတယ်။ အကုန်လုံးကလေ ကိုဗစ်မတိုင်ခင်ကတော့ ခရီးသွားခဲ့တာ ကျနော်တို့ ၁၀သန်းလောက်ရှိတယ်လို့ စစ်တမ်းတွေ အရသိရှိရတယ်ပေါ့နော်။ ဒါပေမယ့် ပြည်တွင်းခရီးသွား ၅သန်းလောက်ထိတော့ သွားလာနေကြတယ်လို့ ဒါကျနော်တို့ဘက်ကအကြမ်းဖျင်း ခန့်မှန်းလို့တော့ရပါတယ်ဗျ ပြည်တွင်းခရီးသွားကိုလေ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က နိုင်ငံတဝန်း ပြည်တွင်းခရီးသွား ၅ ဒသမ ၈ သန်းသာ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းခရီးသွား ၁၀ ဒဿမ ၅၁၇ သန်းရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

ပြည်တွင်းခရီးသွား အများဆုံးသွားလာကြသည့် ခရီးစဉ်ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ၊ ပုသိမ်၊ ကလော၊ မော်လမြိုင်၊ ချောင်းသာ၊ ငွေဆောင်၊ ပြင်ဦးလွင်၊ ညောင်ရွှေ၊ ကော့သောင်း၊ တာချီလိတ် စသည့်ဒေသများကို အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။