CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် စီးပွားရေးကို ကွဲပြားစွာမြင်သင့်ကြောင်း၊ အုပ်ချုပ်ရေးအမြင်သည် စီးပွားရေးအမြင်ကို ထိခိုက်၍မရကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဟွာဝေးကုမ္ပဏီ၏ စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သည့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့် အရာရှိများ အစည်းအဝေး၌ ဘဏ်လုပ်ငန်းကဏ္ဍတွင် AIနည်းပညာအသုံးပြုနိုင်ရန် လိုအပ်သည့် အခြေအနေ များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
AIနှင့် ပက်သက်သည့် ဗဟုသုတများ၊ လုပ်ဆောင်ပုံများကို အများပြည်သူယဥ်ပါးအောင် လုပ်ပေးရမည်ဖြစ်ကာ စီးပွားရေးကဏ္ဍ၌ အုပ်ချုပ်ရေးနှင့် ရောယှက်ကာ မရှုမြင်သင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေး အောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
“အဓိကဘာလည်းဆိုတော့ IT Awareness ပေါ့။ Awareness ဆိုတာက IT နဲ့ ယဥ်ပါးတဲ့ အမြင်ရှိမှရမှာလေ။ လုပ်ပုံလုပ်နည်း၊ လုပ်ထုံးလုပ်နည်းကို နားလည်တဲ့လူတို့၊ အသုံးပြုမယ့် User တွေကအစ နားလည်မှရမှာလေ။ IT နဲ့ ပတ်သက်လို့၊ AI နဲ့ ပက်သက်လို့ နည်းပညာဗဟုသုတ ဒီဥစ္စာကို ဦးဆောင်တဲ့လူတွေရော ဘဏ်လုပ်ငန်းကို သုံးမယ့်လူတွေရော လိုတယ်။ အကုန်လုံးက ဒီဂျစ်တယ်နဲ့သွားနေတာကို ဒီဂျစ်တယ်နိုင်ငံလုံး ခြုံတဲ့ စီးပွားရေးစနစ်၊ ဒေသလုံး ခြုံတဲ့ စီးပွားရေးစနစ် ဒါတွေနဲ့ သူကသွားကိုသွားရမှာပေါ့။ IT နဲ့ပက်သက်တဲ့၊ AIနဲ့ပက်သက်တဲ့ ပညာဗဟုသုတ၊ လုပ်ပုံလုပ်နည်း၊ လုပ်ထုံးလုပ်နည်း ဟိုအားလုံးယဥ်ပါးအောင်လုပ်ပေးရမယ်။ အများပြည်သူက ယဥ်ပါးအောင်လုပ်ပေးရမယ်။ အဓိက,ကဘာလည်းဆိုတော့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးကို ကွဲကွဲပြားပြား နားလည်ဖို့လိုတာပေါ့။ ကျနော်ပြောချင်တဲ့ သဘောတရားကဘာလည်းဆိုတော့ အုပ်ချုပ်ရေးအမြင်သည် ဒီစီးပွားရေးအမြင်ကိုသွားပြီးတော့မထိခိုက်ရဘူး” ဟု ၎င်းက ပြောသည်။
ဘဏ်လုပ်ငန်း လုပ်ကိုင်နေသူများ
ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း၌ AI နည်းပညာအသုံးပြုနိုင်ရန် လိုအပ်သည့်အခြေအနေများ၊ ဘဏ်လုပ်ငန်းတွင် အသုံးချခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်လျော့နည်းစေရေး ဆောင် ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အစည်းအဝေးတွင် AI နည်းပညာသည် အစိုးရကဏ္ဍ၊ ငွေရေးကြေး ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင် ရေးကဏ္ဍ၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ၊ ကျန်းမာရေးနှင့်ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့်ကဏ္ဍများတွင် AI အသုံးပြုမှုအခြေအနေများ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
မည်သည့် အုပ်ချုပ်သူဖြစ်ပါစေ လွတ်လပ်သည့် စီးပွါးရေးကဏ္ဍတစ်ခုကို ဖန်တီးပေးရန်လိုအပ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ လွတ်လပ်စွာ လှုပ်ရှား လုပ်ကိုင်နိုင်ပါက တိုင်းပြည်အတွက်ကောင်းမွန်သည့် အခြေအနေမျိုး ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
“ဒီအုပ်ချုပ်ရေးနဲ့စီးပွါးရေးဆိုတာကတော့ အမြဲတမ်း နိုင်ငံတစ်ခုအတွက်အရေးကြီးတဲ့ ကဏ္ဍနှစ်ခုစလုံးဖြစ်ပါ တယ်။ ဒါပေမယ့် ဒီကဏ္ဍတစ်ခုနဲ့ တစ်ခုနဲ့က တစ်ခုပေါ်မှာတစ်ခုက အမြဲတမ်း အမှီသဟဲပြုနေတာလည်း ဖြစ်ပါတယ်။ စီးပွါးရေး ပြိုလဲသွားတဲ့ နိုင်ငံမျိုးပေါ့နော် စီးပွါးရေးမကောင်းတော့တဲ့ နိုင်ငံမျိုးမှာ အုပ်ချုပ်ရေး ကဏ္ဍမှာသွားပြီးတော့ ထိခိုက်မှုတွေရှိနိုင်သလို အုပ်ချုပ်ရေးကဏ္ဍကနေပြီးတော့ စီးပွါးရေးကဏ္ဍကို အတင်းအကျပ်ဖိအားပေးတာမျိုးတွေ လွှမ်းမိုးတာမျိုးတွေလုပ်လာခဲ့မယ်၊ လုပ်ခဲ့မယ်ဆိုလို့ရင်လည်း စီးပွါးရေး လုပ်ငန်းရှင်တွေအပါအဝင် စီပွါးရေးကဏ္ဍမှာ ကျနော်တို့ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး၊ တိုးတက်သင့်သလောက် မတိုးတက်တဲ့ အခြေအနေမျိုးလည်း ကျနော်တို့ကကြုံတွေရနိုင်ပါတယ်။ ဒီလွတ်လပ်တဲ့စီးပွါးရေးကဏ္ဍတစ်ခုကို ဘယ်အုပ်ချုပ်သူပဲဖြစ်ဖြစ်ဖန် တီးပေးဖို့လိုတယ်ပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ စီးပွါးရေးဆိုတာမျိုးက ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်နေရတာဖြစ်ပါတယ်။ ဒီစီးပွါးရေးလုပ်ငန်းတွေအားလုံးက အကောင်းဆုံး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရင် တိုင်းပြည်အတွက် ပိုပြီးတော့ကောင်းမွန်တဲ့အခြေအနေမျိုးကို ဖန်တီး ပေးနိုင်လိမ့်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံများဖြင့် လက်တွဲရန် ကြိုးပမ်းနေသလို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်လည်း ဖိတ်ခေါ်လျက်ရှိသည်။