
- By CNI
- Category: စီးပွားရေး
- Hits: 2176
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉
တရုတ်ဘက်မှ နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် လက်ရှိ မူဆယ်မြို့အတွက် စက်သုံးဆီဝယ်ယူရ အခက်အခဲဖြစ်နေ ပြီး လိုသလောက် မရရှိသည့်အပြင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်း များမှ တာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။
မူဆယ်မြို့တွင် စက်သုံးဆီ နှုန်းထားများမှာလည်း ယခင်ကထက် တိုးမြင့်သွားသကဲ့သို့ တစ်စီးလျှင် ၅ သောင်းနှုန်း ခန့်ဖြင့် တန်းစီစနစ်နှင့် ရောင်းချပေးနေကြောင်း၊ အခြားကုန်စည်များမှာလည်း ဈေးနှုန်းကြီးမြင့်နေပြီး လူသုံးကုန် ပစ္စည်းများမှာ ရှားပါးနေကြောင်းလည်း ၎င်းတို့က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ပေါ်မှာ သွားလာနေကြတဲ့ မော်တော်ယာဉ်တချို့ (AFP)
ကမ်းလက်ကူညီပရဟိတအသင်းမှ “ဝယ်မရတာ မဟုတ်ဘူး။ သူကထိန်းပြီး ရောင်းခိုင်းတာပေါ့နော်။ အစိုးရ ထိန်း ချုပ်ထားတဲ့ မြို့ဖြစ်တဲ့အတွက် ဟိုဘက်ကို ဖြတ်လေးဖြတ် လုပ်တဲ့ပုံစံမျိုးပေါ့။ အဲဒါကြောင့် ဒီဟာတွေကို ပေး မဖြတ်တာပေါ့။ ဆီကရှိတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ ရောင်းခိုင်းတာပေါ့။ လူတွေက ကြောက်လန့်ပြီး တော့ အတင်းဝယ်နေကြတာ။ လူ အဝင်/အထွက် ကတော့ရှိတယ်။ ဒါပေမယ့် ပစ္စည်းတွေကို သယ်လာလို့မရတော့ ပစ္စည်းသယ်တဲ့အဖွဲ့တွေက မသွားတော့ဘူး။ မသွားကြတော့ လူအဝင်/အထွက်က ကြဲတာပေါ့။ အလုပ်သွားလုပ် မယ့်သူကလည်း ဟိုဘက်က တရုတ်ကနေ စက်ရုံကနေ ခေါ်စာ ရဲစခန်းကို တင်ရတယ်။ တရုတ်ရဲစခန်းက ချပေး မှာ သွားလို့ရတာ။ ဥပမာ ဘယ်သူတွေသွားမယ်ဆိုတဲ့ စာရင်းကို စက်ရုံက တရုတ်ရဲစခန်းကို တင်ရတယ်။ တရုတ် ရဲစခန်းကနေ ဒီစက်ရုံမှာ ဒီလူတွေလာမယ်ဆိုတာသေချာမှ သူတို့ အရင်တုန်းက ပြစ်မှုရှိ၊ မရှိတွေဘာတွေ ပြန် လိုက်တယ်။ စစ်ပြီးတော့ ဟိုဟာဖြစ်တယ်ဆိုမှ ခွင့်ပြုတာ။ နောက်ဆုံးခွင့်ပြုမှ ဒီဘက်က ဝင်လို့ရတာ” ဟု ပြော သည်။
တိုက်ပွဲများကြောင့် နယ်စပ်ဂိတ် အားလုံးနီးပါး ပိတ်ထားရသည့်အထဲ လက်ကျန်ဂိတ်ဖြစ်သည့် မိုင်းလားဂိတ်အား တရုတ်ပစ္စည်းများ တင်သွင်းခြင်းကို တရုတ်ဘက်မှ ပိတ်လိုက်သဖြင့် မြန်မာ-တရုတ် နယ်စပ်ဂိတ် အားလုံး ပိတ်သွားသည့် အခြေအနေဖြစ်သည်။
လက်ရှိတွင် မူဆယ်မြို့၌ တရုတ်ယွမ်ငွေ ၁၀၀ အား မြန်မာငွေ ခြောက်သောင်းကျော် ပေါက်ဈေးဖြစ်နေပြီး လူသုံးကုန်ပစ္စည်းများအား တရုတ်ယွမ်ငွေဖြင့်သာ သတ်မှတ်ကြကြောင်းလည်း သိရသည်။
မူဆယ်အဝင်ကို တွေ့ရစဉ်
ထို့အပြင် တရုတ်ဘက်မှ နယ်စပ်ဂိတ်များ ရုတ်တရက် ပိတ်လိုက်သဖြင့် မြန်မာဘက်သို့ဝင်မည့် ကုန်ကားများမှာ လည်း တရုတ်နိုင်ငံထဲတွင် ပိတ်မိနေသဖြင့် မူဆယ်မြို့၌ ကုန်ဈေးနှုန်းများလည်း ဈေးကြီးနေခြင်းဖြစ်ကြောင်း နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ပြည်နဲ့ မြန်မာပြည်နဲ့ အဝင်/အထွက်ကုန်တွေ သယ်တဲ့ကားတွေကတော့ တရုတ်ပြည်ထဲမှာ ပိတ်မိ နေတာပေါ့။ ပစ္စည်းတွေက သွင်းလို့မရဘူး။ ဒီမှာက အခုလက်ရှိ ပစ္စည်း အဝင်/အထွက်မရှိ၊ ရပ်တန့်တဲ့ပုံစံမျိုးဖြစ် တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပစ္စည်းတွေပြတ်ပြီးတော့ အလုပ်သမားတွေ တချို့ နားလိုက်ရတယ် နားနေကြတာ အဲဒီလိုမျိုးတွေလည်းရှိတယ်။ အခြေခံလူတန်းစားတွေ ဒုက္ခရောက်တယ်။ အထိနာတာပေါ့။ ငွေဈေးတွေကတက်၊ ပစ္စည်းတွေကပြတ် ဝယ်လို့မရ။ မုန့်ပဲသရေစာကအစ ဈေးတွေ အကုန်တက်တာပေါ့။ ဈေးကြီးတာပေါ့” ဟု ပြောသည်။
သို့သော် လူ အဝင်/အထွက်များအား ပုံမှန်အတိုင်း ခွင့်ပြုပေးလျက်ရှိပြီး တရုတ်နိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်ကြရန် ရောက်ရှိနေသူ များပြားကြောင်း သိရသည်။
ယခုကဲ့သို့ ကုန်ပစ္စည်းများ တင်သွင်းခြင်းပြုနေသည့် နယ်စပ်ဂိတ်များ တရုတ်ဘက်မှ ရေရှည် ပိတ်ထားမည် ဆိုပါက ဒေသခံပြည်သူလူထုများ ပို၍ အထိနာမည်ဖြစ်ကြောင်းလည်း မူဆယ်မြို့ရှိ ပရဟိတအသင်းများက ထောက်ပြကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1582
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈
နိုင်ငံခြားငွေ အပါအဝင် ရွှေဈေးနှုန်းများ ကျဆင်းစေရန် ဗဟိုဘဏ်၌ အရန်သိမ်းထားသည်များကို ထုတ် ရောင်းပေးခြင်းက လိုအပ်သည်ထက် ပိုမထုတ်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။
ထိုသို့ ထုတ်ရောင်းပေး၍ ကာလတို ဖြေရှင်းနည်းအစား အဓိကပြဿနာ အရင်းအမြစ်အား ရှာဖွေဖြေရှင်းရမည် ဖြစ်ကြောင်း၊ ထိုသို့ မဖြေရှင်းနိုင်သရွေ့ တစ်ခုမဟုတ်တစ်ခု ပြဿနာပေါ်နေမည်ဖြစ်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူဘယ်အချိန်ထိ ရောင်းနိုင်မှာလဲလို့ Question ရှိတယ်လို့ ပြောခဲ့ဖူးတယ်။ အားလုံးကတော့ demand နဲ့ supply မှာ သွားပြီးနိဂုံးချုပ်တာပဲ။ foreign currency demand and supply ပေါ့။ အဓိကက supply က ချို့နဲ့နေ တယ်။ main problem ဒါကို မရှင်းနိုင်ဘဲနဲ့တော့ ကျန်တာက consequence problem ပေါ့ အကျိုးဆက်တွေ ကတော့ ဆက်ရှိနေဦးမှာပဲ။ rule course ကို ရှင်းနိုင်ဖို့ဆိုတာက ကျနော်တို့ရဲ့ political structure ၊ economic structure အပေါ် အများကြီး မူတည်တာပေါ့။ ဒီ structure ကြီး တစ်ခုလုံးကို စဉ်းစားပုံ စဉ်းစားနည်းက ပြောင်းလဲစဉ်းစားမှ ရတော့မှာလို့ ကျနော်ပြောဖူးပါတယ်။ အဓိကကတော့ rule course မမိဘဲနဲ့ ကျန်တဲ့ consequence problem တွေကတော့ ရှိနေမှာပဲ။ ဒီဟာလုပ်လိုက် ဟိုဘက်ကပြဿနာပေါ်လိုက်။ ပဲ့နင်းတော့ ဦးထောင် ဦးနင်းတော့ပဲ့ထောင် အဲဒီလိုပဲ ဖြစ်နေမှာပဲ” ဟု ပြောသည်။
နိုဝင်ဘာလတွင် နစက ဥက္ကဋ္ဌ တရုတ်သို့ သွားရောက်မည့်ခရီးစဉ်သငွေကြေးကိစ္စများပါဝင်နိုင်ပြီး တရုတ် ကြောင့် တိုးတက်သွားသည့်နိုင်ငံ သေချာမတွေ့ဖူးသေးကြောင်း၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှာ နမူနာ ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထိုခရီးစဉ်သည် မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း ၎င်းနိုင်ငံများကဲ့သို့ မဖြစ်စေရန် သေချာဦးဆောင်၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းတို့က သုံးသပ်သည်။
မြန်မာကျပ်ငွေ၊ နိုင်ငံခြားဒေါ်လာငွေနှင့် အကယ်ဒမီအခေါက်ရွှေ
အရန်သိမ်းထားသည်များကို အထိန်းအကွပ်မရှိ ထုတ်ရောင်းမည်ဆိုပါက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး တက်လာမည့် အစိုးရအသစ်အပေါ် အခက်အခဲဖြစ်စေနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ထောက်ပြပြောဆိုသည်။
“ဗဟိုဘဏ်က ထုတ်ရောင်းတာတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။ အရင်ကတစ်ခါမှ မရောင်းဖူးဘူး။ နိုင်ငံခြားငွေ ထုတ်ရောင်းတဲ့ဟာကတော့ သိသာတယ်။ ရွှေရော ဒီဗဟိုဘဏ်မှာက နိုင်ငံတော်မှာက အရန်ရွှေလည်း ရှိတယ်။ အဲဒီရွှေတွေပါ ထုတ်ရောင်းနေတယ်။ ဒါလည်း နည်းနည်းတော့ ထည့်စဉ်းစားရမယ်။ ဘာလို့ဆို ပွင့်ပွင့်လင်းလင်း ပြောရရင် ရှေ့နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့ အစိုးရဖြစ်ချင်တာဖြစ် နိုင်ငံတော်မှာရှိတဲ့ အရန်ငွေရော အရန်ရွှေရောကို သုံးသွားမယ်ဆိုတဲ့ သဘောလားတော့ မသိဘူး။ အဲဒီလိုလည်း စဉ်းစားရတာပေါ့လေ။ ဒါက အခုရွှေနဲ့ငွေ ဈေးကျပြီးတော့ ငြိမ်နေတဲ့ အခြေအနေကို သုံးသပ်ရတာပေါ့” ဟု ၎င်းက ပြောသည်။
နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် နိုဝင်ဘာလ၌ တရုတ်သို့ သွားရောက်မည့် ခရီးစဉ်သည် ဘက်ပေါင်းစုံ၌ တရုတ်ဘက်မှ ကူညီထောက်ပံ့မှုများရရှိရန်အတွက် သွားရောက်တွေ့ဆုံခြင်းဖြစ်ပြီး ချေးငွေများ လည်း ရရှိလာနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ယူဆကြသည်။
ထိုသို့ ကူညီထောက်ပံ့မှုများရရှိရေး ညှိနှိုင်းဆွေးနွေးကြရာတွင် တရုတ်ကလည်း သူ၏ အကျိုးစီးပွားအတွက် ပြန်လည်တောင်းဆိုမှုများ ပြုလုပ်လာနိုင်ကြောင်း တရုတ်မှ ရပ်ဝန်းတစ်ခု ၊ လမ်းကြောင်းတစ်ခု One Belt One Road (OBOR) ကို အဓိက လိုချင်နေသဖြင့် ထိုစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး တောင်းဆိုလာနိုင်ဖွယ် ရှိကြောင်းလည်း သုံးသပ်ကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2942
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈
ရွှေရောင်းဝယ်ခြင်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ် ကြေညာလိုက်ပြီး ရည်ညွှန်းဈေး သတ်မှတ်ရန် လုပ်ဆောင်နေခြင်းသည် တရားမဝင် အရောင်းအဝယ်ဈေးကွက်ကို ပို၍ ဖြစ်လာနိုင်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ရွှေရောင်းဝယ်ခြင်းကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ပြီး အရောင်းအဝယ်ဈေးကွက်နှင့် ဈေးနှုန်းကို ကန့်သတ်ခြင်း၊ တားမြစ်ခြင်း၊ ကြီးကြပ်ခြင်း စသည်များကို ဆောင်ရွက်လာနိုင်ပြီး ရွှေကုန်သည်များ၊ လုပ်ငန်း ရှင်များကို ဖမ်းဆီး အရေးယူမှုများလည်း လုပ်ဆောင်လာနိုင်ကြောင်း၊ သို့သော်လည်း ၎င်းမှာ သက်ရောက်မှု မရှိကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီတစ်ခေါက် သတ်မှတ်တာက အရင်ဟာတွေထက် အရင်ကလည်း သတ်မှတ်တာပဲ။ ဒါပေမယ့် ဒီတစ်ခေါက်ကကျတော့ ကော်မတီတစ်ခု တိုးလာတာပေါ့။ ရွှေဈေး သတ်မှတ်ရေး ကော်မတီပေါ့။ YGEA တစ်ခု တည်း မဟုတ်ဘဲနဲ့ တခြားအဖွဲ့တစ်ခု ပေါ်လာတယ်ပေါ့။ အဲဒီမှာ နည်းနည်းတော့ ပိုကြပ်သွားဖို့ များတယ်။ နောက် တစ်ခုက ကျနော်တို့ အရင်ကဆိုရင် ဒီလို ရွှေဈေးသတ်မှတ်တာတို့၊ သူတို့ ရွှေကို အရေးကြီးကုန်စည်အဖြစ် သတ် မှတ်ပြီဆိုရင် ရွှေလုပ်ငန်းရှင်တွေကို နည်းနည်း ဖမ်းဆီး၊ စစ်ဆေး ဘာညာလေးရှိတာပေါ့။ အခုလည်း အဲဒီလိုတော့ ဆက်လုပ်မယ့်ပုံစံတော့ ရှိတယ်။ အခုလောလောဆယ်တော့ ကုန်သည်တွေရော၊ ဆိုင်သမားတွေရော အကုန် ငြိမ်နေကြပါတယ်။ ၂ ပတ်လောက်တော့ ငြိမ်နေအုံးမယ် ဒီအတိုင်းပဲ။ ဒါပေမယ့် အဲဒီလို လုပ်တာလည်း ခဏခဏ ရှိနေပြီ။ အဲဒီလောက်ကြီး သက်ရောက်မှု မရှိဘူး။ မှောင်ခိုဈေးကွက် ပိုကြီးသွားနိုင်တာပေါ့နော်” ဟု ပြောသည်။
အကယ်ဒမီ ရွှေတုံးကိုတွေ့ရစဉ်
ရွှေရည်ညွှန်းဈေး သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက နေ့စဉ် အွန်လိုင်းအစည်းအဝေး ပြုလုပ်ပြီး အတည်ပြုသတ်မှတ် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်း ကျဆင်းစေရန် ရွှေနှင့်ဒေါ်လာ ဈေးနှုန်းကိုသာ ထိန်းချုပ် ကန့်သတ်မှုများ လုပ်ဆောင်နေသော်လည်း ကုန်ဈေးနှုန်း ကျဆင်းလာမှု မရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုအတွက်သာ ရေတိုအနေဖြင့်သာ သက်ရောက်မှုရှိနေသည်ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေဆိုင်ကို တွေ့ရစဉ်
၎င်းက “အဓိကက ရွှေကို ထိန်းချုပ်ရမှာ မဟုတ်ဘူး။ အဓိကက ကုန်စည်။ အစိုးရ လိုက်ထိန်းတယ်ဆိုတာ ငွေကြေးနဲ့ ရွှေကိုပဲ လိုက်ထိန်းတာပဲရှိတာ။ ကုန်စည်ဈေးနှုန်းအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိဘူးလေ။ ရွှေထိန်း လို့ ထားပါတော့ ရွှေနဲ့ ဒေါ်လာကို ထိန်းလိုက်လို့ တခြားကုန်စည်အပေါ် သက်ရောက်တယ်ဆိုရင်တော့ ဒါက မဆိုး ဘူးပြောရမယ်။ ဒါပေမယ့် ရွှေနဲ့ ဒေါ်လာကိုပဲ ထိန်းသိမ်းပြီးတော့ တခြားကုန်စည်အပေါ်မှာ သက်ရောက်မှု မရှိ တော့ ဒါကြီးက အလကားကြီးပဲ။ အဓိက အခြေခံစားသောက်ကုန်အပေါ်မှာ သက်ရောက်မှုရှိမှ ဖြစ်မှာလေ။ အခြေခံ စားသောက်ကုန်အပေါ်မှာ သက်ရောက်မှု မရှိရင် အလကားပဲ။ အဲဒီတော့ ဒီရွှေဈေး၊ ဒေါ်လာဈေးတက်ရင် ပစ္စည်းဈေးတွေ လိုက်တက်ပြီး၊ ရွှေဈေး၊ ဒေါ်လာဈေးတွေ ကျသွားတာတောင်မှ ပစ္စည်းက ပြန်ကျတာမှ မဟုတ် တော့တာ။ ငွေကြေးဖောင်းပွမှု ခဏတာလေးပဲ ကောင်းကျိုးရှိကောင်းရှိနိုင်တာ၊ ရေရှည်အတွက်ကျ အဆင်မပြေ ဘူး” ဟု ပြောသည်။
ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် နိုင်ငံရေး အခင်းအကျင်းများကြောင့် ရွှေနှင့်ဒေါ်လာ ဈေးကွက်ကို ထိန်းနိုင်သည့် အခြေအနေ မရှိကြောင်း၊ ဈေးကွက်ကို ထိန်းညှိရင်း ပြည်တွင်းတွင် ကုန်စည် ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။
ထို့အပြင် ရွှေဈေးနှုန်းသည်လည်း လက်ရှိဖြစ်ပေါ်နေသည့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၆၅ သိန်း ဝန်းကျင်တွင် ရှိနေပြီး ငွေကျပ် သိန်း ၆၀ အောက်သို့ ကျရောက်နိုင်ခြေ အလွန်နည်းပါးကြောင်း ဈေးကွက်လေ့လာ သူများက ထောက်ပြကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1815
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံး ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေ မည်ဟု မျှော်လင့်ယုံကြည်မိကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့က အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ နှစ် (၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်း ကုန်သွယ်မှု ပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၅၀ ဒသမ ၁၈၁ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ရင်းနှီးမြှုပ်နှံမှု စာရင်းအရ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အဆင့် ၁၁ တွင် ရှိနေ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံး ကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေမည်ဟု မျှော်လင့်ယုံကြည်မိကြောင်း၊ ယခု အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှု၊ ချစ်ကြည်မှု၊ အပြန်အလှန် လေးစားမှုနှင့် ကဏ္ဍာများစွာတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာစေရေးတို့အတွက် မြဲမြံသည့်အုတ်မြစ်သဖွယ် လမ်းစဖော် မြှင့်တင်ပေးခဲ့သည်ဟု လည်း ဆိုနိုင်ကြောင်း” ပြောသည်။
လက်ရှိတွင် အိန္ဒိယနှင့်မြန်မာ နယ်စပ်ကုန်သွယ်ရေးများသည် နယ်မြေမတည်ငြိမ်မှုများကြောင့် ရပ်တန့်နေသလို အိန္ဒိယ၏ ကုလားတန်မြစ်စီမံကိန်းမှာလည်း ဆက်လက် အကောင်အထည် မဖော်နိုင်ဘဲ ရပ်တန့်နေသည်။
သို့သော် အိန္ဒိယနှင့်မြန်မာနိုင်ငံသည် ဆေးနှင့် ဆေးပစ္စည်းများ၊ ပဲနှင့် တခြားသော လူသုံးကုန်များကို ပင်လယ်ရေ ကြောင်းကနေတဆင့် ကုန်သွယ်လျက်ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2532
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
ပြည်ပသို့ တင်ပို့ရန်အတွက် ဖရဲသခွားစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအနေဖြင့် နယ်စပ်ဂိတ်ပေါက် အခြေအနေနှင့် လမ်းကြောင်း အခြေအနေများကို ပွဲရုံများနှင့်ပွဲစားများကို သေချာစွာ မေးမြန်းပြီးမှသာ စိုက်ပျိုးစေလိုကြောင်း ဖရဲစိုက်ပျိုးထုတ်လုပ်သူများနှင့် ကုန်သည်များက ပြောသည်။
လက်ရှိတွင် တရုတ်သို့ တင်ပို့နေကျဖြစ်သည့် တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက် အားလုံးနီးပါး ပိတ်ထား ရပြီး ယခင်နှစ်က တင်ပို့ခဲ့သော မိုင်းလား - တာလော့ နယ်စပ်ဂိတ်ပေါက်သည်လည်း လက်ရှိမှာ အဖွင့်အပိတ် မသေချာသည့် အခြေအနေ ဖြစ်နေခြင်းကြောင့် တောင်သူများအနေဖြင့် ချင့်ချိန်စိုက်ပျိုးကြရန် လိုအပ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူ ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
ဖရဲစိုက်တောင်သူကိုတွေ့ရစဉ်
၎င်းက “လတ်တလောက အခုက မိုင်းလား - တာလော့ဂိတ်က လောလောဆယ်က တရုတ်ပြည်ဘက်ခြမ်းပေါ့ မြန်မာဘက်ခြမ်း မဟုတ်ဘူး၊ လောလောဆယ် ပိတ်ထားတယ်။ အစ်ကိုတို့ အဲဒီတစ်ပေါက်ပဲ ရှိတာကိုး သွားဖို့ရာ လေ။ အဲဒီတစ်ပေါက်ပဲ ရှိတဲ့အခါကျတော့ အဲဒီအပေါက်က ပိတ်ထားတယ်ဆိုလို့ရှိရင် တရုတ်ဈေးကွက်မှာ လက်ရှိ သွင်းအားစုနဲ့က ကုန်ကျစရိတ်နဲ့က ဈေးကွက်က လုံးဝ မကိုက်ဘူး။ သွားနိုင်ဖို့ အလားအလာ မမြင်သေးဘူး။ အလားအလာ မမြင်သေးဘူးဆိုတာက လမ်းပန်းဆက်သွယ်ရေးရော၊ government body ကြောင့်ရော မလွယ်ဘူး၊ တော်တော်ကို ခဲယဉ်းတယ်” ဟု ပြောသည်။
ယခုနှစ်တွင် ဖရဲစိုက်တောင်သူများသည် ယခင်က တရုတ်နိုင်ငံမှ တင်သွင်းသည့် ဖရဲမျိုးများကို စိုက်ပျိုးသဖြင့် စိုက်ပျိုးစရိတ် ကြီးမြင့်မှု၊ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းမှုများကြောင့် အရှုံးနှင့် ကြုံခဲ့ကြရသည်။
ထို့ကြောင့် ယခုနှစ်တွင် ကိုရီးယားနိုင်ငံမှ တင်သွင်းသည့် ဖရဲမျိုးများကို ပြောင်းလဲစိုက်ပျိုးလာရာ စိုက်ပျိုးစရိတ် လျော့ကျသွားသည့်အပြင် အရည်အသွေးနှင့် အထွက်နှုန်းလည်း မြင့်မားကြောင်း ဖရဲစိုက်တောင်သူ ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
ဖရဲသီးများကို တွေ့ရစဉ်
၎င်းက “ဒီမျိုးစေ့သည် မှန်ကန်တဲ့မျိုးစေ့ ဖြစ်နေတဲ့အတွက် သူ့ကို ကုရမယ့်စရိတ် ဥပမာ သူများက ဆေး ၅ ကြိမ် ဖြန်းရမယ်ဆိုရင် သူက ၂ ကြိမ်နဲ့ ပြီးတယ်။ သူများတွေ မြေဆီ ၅ အိတ်လောက် သွင်းတဲ့နေရာမှာ သူက ၃ အိတ် လောက်နဲ့ ပြီးသွားတယ်။ အထွက်နှုန်းမှာကျတော့ အပင် ၁၀ ပင်ကို ကြည့်လိုက်တယ်၊ ပုတဲ့ကောင်က ပု၊ ရှည်တဲ့ ကောင်ကရှည်၊ ချွန်တဲ့ကောင်က ချွန်ဆိုတာကြောင့် ပယ်သီးဆိုတာ ထွက်လာမယ်။ အခု ဒီကောင်ကျတော့ အဲဒီလို မဟုတ်ဘူး။ ၁၀ ပင်ကြည့်လိုက်ရင် ၉ ပင်က ဖြောင့်ရမယ်၊ ရှည်ရမယ်၊ လုံးပတ်လှရမယ်။ အဲဒီအတွက်ကြောင့် ၁ လုံးကို သူက သတ်မှတ်ပေးထားတယ်၊ ဥပမာတစ်ခု ၃ ဒသမ ၅ ကီလို၊ ၄ ကီလို ထားပါတော့၊ အပင် ၁၀၀၀ သည် ကီလို ၄၀၀၀ ဖြစ်နေရမယ်။ အပင် ၃၀၀၀ သည် ကီလို ၁၂,၀၀၀၊ ၁ ဧကရဲ့ အထွက်နှုန်းသည် ၁၂ တန် ထွက်တယ် လို့ သတ်မှတ်တယ်။ အခြားသောမျိုးကို စိုက်လိုက်လို့ရှိရင် ၈ တန် ထွက်ရတာနဲ့၊ ၇ တန် ထွက်ရတာနဲ့ အဲဒီမှာ ကွာသွားပြီ” ဟု ပြောသည်။
ဖရဲစိုက်ပျိုးရာတွင် မျိုးစေ့များကို ပြည်ပမှ တင်သွင်းလျက်ရှိကြောင်း၊ သို့သော် တင်သွင်းခွင့် ပါမစ်များ ကန့်သတ် ထားခြင်းကြောင့် စိုက်ပျိုးချိန်အမှီ မစိုက်ပျိုးနိုင်သည့် အခြေအနေများလည်း ဖြစ်ပေါ်နေကြောင်း၊ မျိုးစေ့များကို တရားမဝင် တင်သွင်းနေရခြင်းကြောင့် ကုန်ကျစရိတ်များလည်း မြင့်မားလျက် ရှိနေကြောင်း တောင်သူများက ပြောသည်။
ထို့နောက် ဓာတ်မြေဩဇာ ဝယ်ယူရာတွင်လည်း အစိုးရမှ သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် မရရှိဘဲ ဈေးနှုန်း ကြီးမြင့်စွာ ဝယ်ယူနေကြရသည်ဟု သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2153
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
နိုင်ငံခြားငွေဈေးနှုန်းများ တည်ငြိမ်နေသည်မှာ ကာလတစ်ခုအထိ ရှိနေပြီဖြစ်သောကြောင့် ပြည်ပမှ တင်သွင်း သည့် ကုန်ပစ္စည်းနှုန်းများမှာ ကျသင့်နေပြီဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် လုပ်ငန်းရှင်များက ထောက်ပြကြသည်။
အစိုးရမှ အရေးကြီးကုန်စည်အဖြစ် တင်သွင်းခွင့်ပြုထားသည့် ကုန်စည်များအတွက် ဒေါ်လာများ ရောင်းချပေးနေ သဖြင့် စက်သုံးဆီ အပါအဝင် အခြားကုန်စည်နှုန်းထားများမှာ ကျသင့်နေပြီဖြစ်ကြောင်း၊ ဈေးနှုန်းမကျသည့် အပေါ်တွင် မေးခွန်းထုတ်စရာဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ပြည်ပကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း ကျရတော့မယ့်အနေအထားပေါ့။ ဒေါ်လာ ဈေးနဲ့ တွက်ပြီးသွင်းလာတဲ့ ကုန်တွေဆိုရင် ဆေးဝါးပဲဖြစ်ဖြစ် မဖြစ်မနေ ပြည်ပကနေ အရေးကြီးကုန်စည်ဆိုပြီး တင်သွင်းရမယ့် ကုန်စည်တွေကိုလည်း အစိုးရက ဒေါ်လာတွေ ချပေးနေတာတွေရှိတယ်။ ဆိုတော့ ဒီလိုအပိုင်း တွေမှာ စက်သုံးဆီလည်း ပါလာမယ်။ ဆေးဝါးတွေလည်း ပါလာမယ်ဆိုရင် ဈေးနှုန်းတွေကတော့ အတန်အသင့် တော့ အရင် ဒေါ်လာ ၄၀၀၀ ပတ်ချာလည်မှာ ဖြစ်နေတဲ့ စက်သုံးဆီဈေးနှုန်းနဲ့ ၆၀၀၀ ဝန်းကျင်လောက် ပေါက်ဈေး ဖြစ်သွားတဲ့ စက်သုံးဆီဈေးနှုန်းနဲ့က သိပ်မထူးခြားဘူး မကျဘူးဆိုရင် ဒါက မေးခွန်းထုတ်စရာ ဖြစ်လာပြီပေါ့။ ဘာကြောင့် မကျတာလဲ။ တစ်ဖက်မှာရော လောင်စာဆီဈေးနှုန်းက အဲဒီလောက်အထိ တက်နေလို့ ကျနော်တို့ဆီ က မကျတာလား။ သို့မဟုတ်ရင် ဘယ်သူတွေကြောင့် မကျတာလဲ မေးခွန်းထုတ်ရတော့မယ်။ အစိုးရအနေနဲ့လည်း ဒါကို ကိုင်တွယ်ဖို့လိုလာပြီ။ အဓိကက အစိုးရအနေနဲ့ ဒေတာတွေကို စနစ်တကျကိုင်တွယ်ပြီးတော့ လုပ်ငန်းရှင် တွေအပေါ်မှာလည်း ဖိအားပေးဖို့လိုအပ်လာပြီလို့ ထင်ပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ်ဈေးအတွင်း တစ်နေရာကို တွေ့ရစဉ်
အခြေခံစားသောက်ကုန် အပါအဝင် အခြားကုန်ပစ္စည်း နှုန်းထားများ မကျခြင်းက ရောင်းလိုအားလျော့ကာ ဝယ်လို အား ပိုမိုတက်လာခြင်းကြောင့်ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ပြည်တွင်းကုန်ထုတ်လုပ်မှု အပါအဝင် ပြည်ပမှ တင်သွင်းမှုများ အပေါ်လည်း တင်းကြပ်မှုများ ပြုလုပ်သဖြင့် ရောင်းလိုအား ကျဆင်းနေခြင်းဖြစ်ကြောင်း၊ ရောင်းလိုအားကျပြီး ဝယ်လိုအား တက်နေသရွေ့ ကုန်ဈေးနှုန်းများမှာ ဆက်လက် တက်နေဦးမည်ဖြစ်ကြေင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါလည်း Supply Demand ပဲ။ ရာသီဥတု ဖောက်ပြန်တယ်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထုတ်လုပ်မှု တွေ လျော့ကျလာတယ်။ ဆိုတော့ supply က ကျလာတာပဲ။ demand က လူတွေရဲ့ ဝယ်လိုအားတင်မဟုတ်ဘူး ဈေးကွက်ထဲမှာ လှည့်လည်နေတဲ့ ငွေကြေးလည်းပါတယ်။ အဲဒီလှည့်လည်နေတဲ့ ငွေကြေးကလည်း တဖြေးဖြေး များလာတဲ့ သဘောရှိတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတော်က ဘတ်ဂျက်က လိုငွေပြမယ်။ နောက်ဆုံး လက်နက် က ငွေစက္ကူတွေ ရိုက်ထုတ်တာပေါ့။ အဲဒီလို ရိုက်ထုတ်လိုက်တဲ့အတွက် ဈေးကွက်ထဲမှာ များလာတယ်။ Supply ကျနေတယ် Demand က တက်လာတယ် ဆိုရင် ကုန်စည်ဈေးနှုန်းကတက်မှာပဲ။ ဒါ Local Production ပေါ့။ ပြည်ပ သွင်းကုန်လည်း အတူတူပဲ။ ဒီ export ဝင်ငွေကျလာတဲ့အတွက် နောက် FDI လည်း မရှိတဲ့အတွက် ဈေးကွက်ထဲမှာ နိုင်ငံခြားငွေက နည်းနေမှာပဲ။ နည်းနေတဲ့အတွက် import မလုပ်နိုင်ဘူး။ အဲဒီကြားထဲမှာမှ အစိုးရ ကနေ import လိုင်စင်တွေကို အကုန်လုံး ဖျက်ချတယ်။ import အတွက် ဘာမှ support လုပ်မပေးဘူးဆိုတဲ့ အခြေအနေဆိုတော့ ဈေးကွက်ထဲမှာ ပြည်တွင်း ထုတ်ကုန်ရော၊ ပြည်ပထုတ်ကုန်ရောရဲ့ supply က ကျနေတဲ့ သဘောရှိတယ်။ အဲဒီအချိန်မှာပဲ Demand က တိုးလာတယ်။ ဘယ်လိုပဲပြောပြော demand side က တက်လာ တယ် supply ကြတော့ လျော့ကျသွားတယ် ဆိုတော့ ကုန်ဈေးနှုန်းက တက်မှာပဲ” ဟု ပြောသည်။
ကုန်စိမ်သည်တစ်ဦးကို တွေ့ရစဉ်
တရားဝင်ကုန်များ လျော့ကျသော်လည်း တရားမဝင်ကုန်များမှာ အများအပြား ဝင်ရောက်လျက်ရှိနေသည်။
သို့သော် တရားမဝင် ကုန်သွယ်မှုဖြစ်သည့်အတွက် လမ်းကြောင်းခ အပါအဝင် အခြားသော ကုန်ကျစရိတ်မှာ လည်း တရားဝင်ကုန်သွယ်မှုထက် ပိုမိုကုန်ကျသောကြောင့် ထိုကုန်ပစ္စည်းများအပေါ်တွင် ဈေးနှုန်းများ တိုးမြှင့် ကာ သတ်မှတ်လိုက်ကြခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံခြားငွေဈေးကျသော်လည်း ကုန်ပစ္စည်းနှုန်းထားများမှာ မကျဆင်းနိုင်သေးခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 4314
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားနယ်စပ်ကုန်သွယ်ရေး တာလော့ဂိတ်မှတဆင့် စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန် အပါအဝင် မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ကုန်စည်အားလုံးကို တရုတ်နိုင်ငံ က ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်၍ ပို့ကုန် တင်ပို့ခြင်းနှင့် သွင်းကုန် တင်သွင်းခြင်းကို ပိတ်လိုက်ခြင်း ဖြစ်ကြောင်း၊ သို့သော် အောက်တိုဘာ ၂၄ ရက်နေ့တွင် ပို့ကုန်တင်ပို့ခြင်းအား ပြန်လည်ခွင့်ပြုပေးခဲ့ပြီး သွင်းကုန် တင်သွင်းခြင်းကိုတော့ ဆက်လက် ပိတ်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ ရောက်ရှိနေသည့် မြန်မာကုန်ကားများ အနေဖြင့်လည်း ကုန်စည်မပါဘဲ ခါလီအနေဖြင့်သာ မြန်မာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုထားကြောင်း မိုင်းလားမှ ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုအောင်ဇင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
တာလော့နယ်စပ်ကုန်သွယ်ရေးကို တွေ့ရစဉ်
၎င်းက “တရုတ်ပြည်ထဲက အထွက်ကားတွေ ၂၁ ရက်နေ့က အထွက်ရော၊ အဝင်ရော အကုန်ပိတ်ထားပြီးတော့ ၂၃ ရက်နေ့ကျတော့ တရုတ်ပြည်ထဲကို အဝင်ကားတော့ လက်ခံတယ်။ အဝင်ကားဆိုတာက တရုတ်ပြည်ထဲကို မြန်မာ ပြည်ကနေ ဝါဂွမ်းတို့၊ ဆန်တို့၊ ကြက်သွန်တို့ အဲဒီက ကားတွေတော့ ဝင်လို့ရတယ်။ အခုချိန်ထိတော့ တရုတ်ပြည် က အထွက်ကားတွေတော့ မရှိသေးဘူး။ ခါလီကတော့ ရတယ်ဗျ ကုန်မပါဘဲနဲ့မှ ထွက်လို့ရတယ်လို့ ကြားတယ်။ ကုန်စီးဆင်းမှု အကုန်လုံး ရပ်တန့်သွားတယ်။ ခါလီတွေ အကုန်သွားလို့ရတယ်။ တရုတ်ပြည်ကနေ မြန်မာပြည်ထဲ ကို ဆင်းလာတဲ့ ကားတွေ ရှိတယ်။ အဲဒီကားတွေလည်း ခါလီ ပြန်ဝင်လို့ရတယ်။ မြန်မာပြည်က ဟိုဘက်ခြမ်းမှာ ပိတ်မိနေတဲ့ကားတွေလည်း ခါလီပြန်ထုတ်လို့ ရတယ်လို့ကြားတယ် ကုန်မပါဘဲနဲ့ပေါ့။ ဒီဘက် ကျတော့ မနေ့က စပြီးတော့ ပြန်ဝင်တယ်ဗျ မနေ့ကစပြီးတော့။ ဝါဂွမ်းတို့ ဘာတို့ ပြန်ပြီးတော့ အဝင်လက်ခံတယ်။ သူ့ဘက်က ပစ္စည်းတော့ အခုထိ မထုတ်သေးဘူး” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မန့်ဝန်းဂိတ်၊ ချင်းရွှေဟော်ဂိတ် စသည့် နယ်စပ် ကုန်သွယ်မှုများ ရပ်တန့်နေခြင်းကြောင့် မိုင်းလားနယ်စပ်ကုန်သွယ်ရေးသည် တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်နေ ရသည့် နယ်စပ်ဂိတ်တစ်ခု ဖြစ်နေသည်။
သို့သော် လက်ရှိတွင် ပို့ကုန်များကိုသာ လက်ခံပြီး သွင်းကုန်များကို ကန့်သတ်မှု လုပ်ဆောင်လာခြင်းသည် နိုင်ငံရေးနှင့်ဆက်စပ်နေနိုင်ကြောင်း၊ ထို့နောက် နယ်စပ်ဒေသများတွင် ရှိနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ၏ ဝင်ငွေရလမ်းကြောင်းများလည်း ပိတ်သွားနိုင်သော သက်ရောက်မှုများ ရှိသွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသူ များက ထောက်ပြကြသည်။
မိုင်းလားကို ထိန်းချုပ်ထားသည့် NDAA တပ်ဖွဲ့ အလံလွှင့်တင်နေစဉ်
လက်နက်ကိုင်အဖွဲ့အစည်းများက နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းသည့် ကုန်စည်များကို အဓိက အားထားနေရ ခြင်းကြောင့် ယခုကဲ့သို့ တရုတ်နိုင်ငံက သွင်းကုန် ကန့်သတ်လိုက်ခြင်းသည် လက်နက်ကိုင်ပဋိပက္ခ ရပ်တန့်သွား စေရန်အတွက် တန်ပြန်လုပ်ဆောင်သည့် သဘောလည်း ဖြစ်နိုင်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ အထူးသဖြင့် ကျနော်တို့က နယ်စပ်ဒေသ ကုန်သွယ်ရေးကို ကြည့်လို့ရှိရင် သူနဲ့ပတ်သက် တဲ့ဒေသတွေက အရင်ဆုံး ဒီဟာနဲ့ အသက်ဆက်ကြတာ များတယ်။ ဒါကတော့ နိုင်ငံတိုင်း နိုင်ငံတိုင်း နယ်စပ် ကုန်သွယ်ရေး ကြည့်မယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးကနေ ယူရတဲ့ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း ဒါတွေက အဓိက နယ်စပ်ဒေသကို အရင်ဆုံး ရောက်တာကိုး။ ရောက်ပြီးမှ ကျနော်တို့ဘက်ကို ရောက်ကြတာ။ အခု ဒီမှာကလည်း သိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ အနေအထားမှာလည်း ဒီဘက်မှာ မြန်မာလက်နက်ကိုင်အဖွဲ့ အများကြီး ပဋိပက္ခတွေ ဖြစ်နေတာဆိုတော့ ဒီလိုမျိုး ပိတ်လိုက်ခြင်းအားဖြင့်တော့ နယ်စပ်ကို အမှီပြုပြီး လှုပ်ရှား နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လမ်းကြောင်းကို ဆိုလိုတာကတော့ လက်နက်ကိုင်ပဋိပက္ခ ရပ်တန့်သွားအောင် ပြန်လည်လုပ်တဲ့ အနေအထားလို့ပဲ သုံးသပ်လို့ ရပါတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလား - တာလော့ နယ်စပ်ကုန်သွယ်ရေးသည် တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်းနှင့် စားသောက်ကုန်များကို အဓိကတင်သွင်းလျက်ရှိနေပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်းများကို အဓိကတင်ပို့မှု လုပ်ဆောင်နေသည့် ကုန်သွယ်ရေးဂိတ်ပေါက်ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 2108
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းကပင် ကုန်လမ်းနှင့်ရေလမ်းများကို ပိတ်ထားခြင်း ကြောင့် လက်ရှိတွင် ရခိုင်စပါးများ ဈေးကွက်မရှိ ဖြစ်နေသည်ဟု တောင်သူများနှင့်ကုန်သည်များက CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးထားသည့် မိုးစပါးများ ကျန်ရှိနေသည့်အပြင် ယခု မိုးစပါးများလည်း ရိတ်သိမ်း တော့မည် ဖြစ်သည့်အတွက် စပါးအမြောက်အများ ကျန်ရှိနေသည်။
ယခင်က ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် စပါးများကို ရခိုင်ပြည်နယ်အတွင်း စားသုံးမှုအပြင် ရန်ကုန်နှင့် တခြား သော တိုင်းဒေသကြီးများသို့ တင်ပို့ ရောင်းချလေ့ရှိသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းဖြင့် ဈေးကွက်များ ရှိကြောင်း၊ လက်ရှိတွင် ဈေးကွက်မရှိ ဖြစ်နေသည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီတောင်သူလယ်သမားအသင်း ချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
တောင်သူများ စပါးစိုက်နေကြစဉ်
၎င်းက “အရင် ကျနော်တို့သွားနေတဲ့ ပြည်မဘက်က လမ်းကြောင်းက ပိတ်ထားတာ ကြာပါပြီ။ အဲတော့ ကုန်စည် စီးဆင်းမှုမရှိတော့ ဒီကကုန်က ဘယ်ကိုမှ သွားလို့မရ ဖြစ်နေတယ်။ သွားလို့မရတော့တဲ့အခါမှာ ကျနော်တို့ ရခိုင် က စပါးထွက်တဲ့နေရာက စပါးတွေက ခါတိုင်းနှစ်ဆို အဲဒီဘက်ကို သွားရောင်းချကြတဲ့အခါ အဲဒီဘက်မှာရှိတဲ့ ဈေးကိုလည်း ရတယ်။ နောက်တချက်က စစ်တွေ၊ ကျောက်ဖြူတို့ကျပြန်တော့လည်း သီးခြားနယ်တစ်ခုလို ဖြစ်နေတဲ့အတွက် အသွားအလာ သွားလာလို့ မရတဲ့အခါမှာ အဲဒီလူတွေအတွက် စားဖို့သောက်ဖို့က ကိုယ့်ရခိုင်က ထွက်တဲ့ဟာကို မလိုအပ်တဲ့သဘောပါ။ ပုသိမ်က စက်လှေနဲ့ လာတဲ့ဆန်ကို စားနေကြတာပါ။ အဲဒီလိုဆိုတော့ ကျန်တဲ့နေရာတွေ၊ မြောက်ဦး၊ ကျောက်တော်တို့ကျတော့ ဒီဘက်နယ်တွေမှာ စိုက်ပျိုးထားတဲ့ စပါးတွေက အများ ကြီးရှိတယ်။ ရှိတဲ့အတွက် အဲဒီစပါးတွေကို ပြည်တွင်းစားသုံးဖို့အတွက် ပိုလျှံနေတယ်။ နောက် အခုစိုက်ထားတဲ့ စပါးကလည်း ပေါ်တော့မယ်။ စပါးကလည်း ရောင်းမထွက်ဖူး အခြေအနေ ဖြစ်နေတယ်” ဟု ပြောသည်။
စပါးများ ရောင်းမထွက်သည့်အတွက် လယ်သမားများတွင် အကြပ်အတည်း ဖြစ်ပေါ်ခဲ့ရပြီး လက်ရှိ မိုးစပါးလည်း ရောင်းမထွက်ပါက လယ်ယာများ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲမည်ဖြစ်သလို စပါးလည်း စိုက်ပျိုးမှု မရှိသလောက် ဖြစ်သွားနိုင်သည်။
ရခိုင်ပြည်နယ်တွင် နှစ်စဉ် စပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ လျှင် ၁၆ သိန်းမှ သိန်း ၃၀ အထိ ဈေးရရှိခဲ့သော်လည်း လက်ရှိတွင် စပါးတင်း ၁၀၀ လျှင် ၁၀ သိန်းကျော်သာ ရှိတော့ကြောင်း၊ သို့သော် အဆိုပါဈေးနှုန်းကိုပင် ဝယ်ယူသူမရှိသည့် အနေအထား ဖြစ်နေသည်ဟု ဦးမောင်သိန်းလှက ဆက်ပြောသည်။
တောင်သူတစ်ဦး စက်ဖြင့်လယ်ထွန်နေစဉ်(ဓာတ်ပုံ- ရှိုင်းဘုသျှေ)
၎င်းက “ကျောက်တော်မှာ ရှိတဲ့စပါးက ကျောက်တော်မြို့နယ် စားလို့မကုန်ဘူး။ မြောက်ဦးမှာရှိတဲ့ စပါးကလည်း မြောက်ဦးနယ်က စားလို့မကုန်ဘူး။ အဲဒီလိုဖြစ်တဲ့အခါ ခါတိုင်းနှစ်ဆို ဒီအချိန် စပါးရှားသွားပြီ။ ပြည်မဘက်ကို ဆန်အိတ်တွေ တင်ပို့လို့ရတဲ့အခါမှာ ဈေးကောင်းလည်း ရပြီလေ။ အခုက ဝယ်မယ့်သူလည်း မရှိဘူး။ ဖြစ်သလိုပဲ ထိုးပြီး နေနေရတဲ့သဘောပါ။ ဈေးလည်း မရှိပါဘူး။ ဈေးက ဧည့်မထ တင်း ၁၀၀ ကို ဆိုလို့ရှိရင် ၁၀ သိန်းလောက် ပဲ ရှိပါတယ်။ ပေါ်ဆန်း တင်း ၁၀၀ ကိုဆိုလို့ရှိရင် ၁၃ သိန်းလောက်ပဲ ရှိတဲ့အနေအထားပါ”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် မိုးစပါးကို ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး ပြီးခဲ့သည့်နှစ်က စိုက်ဧကအနေဖြင့် ၁၀ သိန်းကျော်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ဧက ၆ သိန်းကျော်ရှိပြီး စိုက်ပျိုးထားသည့် စပါးများ အားလုံး ရောင်းချရန် ခက်ခဲနေခြင်း ဖြစ်သည်။
ထို့ကြောင့် ရခိုင်တောင်သူ အများစုသည် မကြာမီ ပေါ်တော့မည့် မိုးစပါးများ ပြည်မနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရန်အတွက် မျှော်လင့်လျက် ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1898
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့ စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ကြောင်း နစကဥက္ကဋ္ဌမှ အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြေပြင်တွင် နိုင်ငံ့စီးပွားရေးမှာ အနုတ်လက္ခဏာသာရှိနေပြီး စိုက်ပျိုးရေးမှာလည်း ရာသီဥတု ဖောက်ပြန်ခြင်း၊ နိုင်ငံရေး မငြိမ်သက်မှုကြောင့် အချို့ဒေသများ၌ စိုက်ပျိုးမထုတ်လုပ်နိုင်ခြင်းတို့ကြောင့် မည်သည့်ထုတ်ကုန်မျှ တိုးမြင့်ထုတ်လုပ်နိုင်ခြင်း မတွေ့ရကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထို့ကြောင့် ယခုကဲ့သို့ ပြောဆိုခြင်းသည် မည်သည့်အချက်ကို အခြေခံ၍ ပြောဆိုသည်ကို မသိရှိသော်လည်း ၎င်းရရှိသည့် အချက်အလက်များမှာ မှန်ကန်မှုမရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာန သို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “သူကိုယ်တိုင်က တိုးတက်တဲ့ဟာ Growth ရတဲ့ဟာပဲ လိုချင်တဲ့ပုံစံမျိုး ပြောထားလားမသိဘူး။ အရင့် အရင် ဆရာကြီးတွေတုန်းကလည်း အဲဒီလိုပဲလေ။ မကောင်းတဲ့ဟာဆို လာမတင်နဲ့ ပြောကိုပြောထားတာကို။ ဆိုတော့ သူကိုယ်တိုင်ကကို သတင်းအမှန် မလိုချင်တာလား။ အောက်ကလည်း မျက်နှာရချင်တော့ အဲဒီလို သတင်းမျိုးပဲ တင်မှာပေါ့။ အမှန်ကသူ့ဆီမှာ သိတဲ့တတ်တဲ့လူတွေရှိပါတယ်။ ဒါပေမယ့် အမှန်တိုင်း မတင်ရဲကြဘူး နဲ့တူတယ်။ သူမိန့်ခွန်း ပြောတဲ့ဟာမှာတင်ကို အမှားတွေအများကြီး။ နိုင်ငံရဲ့ GDP Grow Rate တွေဆိုလည်း သူပြောတာ အမှားကြီး။ နောက် ဒီဟာတွေက သူကျွမ်းကျင်တဲ့အရာလည်း မဟုတ်ဘူးလေ။ တချို့အရာတွေက မပြောသင့်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ သေချာတင်ပို့သည့် စိုက်ပျိုးထုတ်ကုန်များမှာ ဆန်တစ်မျိုးသာ အဓိကထား တင်ပို့နေကြပြီး နယ်စပ်ဒေသများတွင်လည်း မတည်ငြိမ်မှုများကြောင့် ကုန်သွယ်ရေးဂိတ် အများအပြားမှာ တရားဝင်ကုန်သွယ်မှု ရပ်နားထားရသည်။
ထို့ကြောင့် စီးပွားရေး ပြန်လည် ဦးမော့လာသည်ဆိုသည့် အချက်မှာမဖြစ်နိုင်ကြောင်း ထောက်ပြကြခြင်းဖြစ်သည်။
ထိုပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ နစကဥက္ကဋ္ဌမှ စိုက်ပျိုးရေးနှင့် မွေးမြူးရေးကို အောင်မြင်စွာ ဆောင်ရွက်နေသည့် ပြည်ပနိုင်ငံများ၏ နည်းစနစ်များအား လေ့လာအတုယူဆောင်ရွက်ရန် လိုကြောင်းလည်း ပြောကြားခဲ့သေးသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထုတ်ကုန်များကို လေ့လာနေစဉ်
အစိုးရ၏ ထောက်ပံ့ကူညီမှုများ မပါဝင်ဘဲ တောင်သူများမှ ထိုသို့ လေ့လာရန်မှာ မဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လွန်ခဲ့တဲ့ ၂၀၂၁ ပေါ့ ဒီ conflict တွေမဖြစ်ခင်ပေါ့ နိုင်ငံတကာနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက် မှုတွေ အများကြီးရှိခဲ့တယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေ နိုင်ငံတကာကို စေလွှတ်နေတာတွေရှိတယ်။ အနီးစပ်ဆုံးဆို မဲခေါင်မြစ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံ ၅ နိုင်ငံပေါ့။ အဲဒီမှာဆိုလည်း ပုံမှန်ရာသီဥတုနဲ့ လိုက်လျောညီ ထွေဖြစ်အောင် ဘယ်လိုစိုက်ပျိုး ထုတ်လုပ်မလဲဆိုတဲ့ဟာတွေရှိတယ်။ အဲဒီထက် ပိုပြီး အဆင့်မြင့်တဲ့ ဆေးဖြန်းရင် တောင် ဒရုန်းတွေနဲ့ ဆေးဖြန်းတာမျိုး လုပ်နေခဲ့တာတွေက ကိုဗစ် မဖြစ်ခင်အထိ ကောင်းကောင်းသွားနေကြပြီ။ ဒီ conflict တွေ စဖြစ်လာတဲ့အချိန်မှာ နိုင်ငံတကာက သင်တန်းသားခေါ်ယူမှုမှာ မြန်မာကို ချန်ခဲ့ပြီပေါ့ အခုနာက်ပိုင်း မှာ။ ဒါတွေ ပြန်လည်ပတ်ဖို့ဆိုရင် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှ ပြန်ဖြစ်မယ့် သဘောမျိုးတော့ရှိတာပေါ့။ ကိုယ်ကချည်းပဲ သွားဆိုပြီး ပို့လို့မရဘူး။ ဟိုကလက်ခံတဲ့ နိုင်ငံက ပညာပေးမယ့်နိုင်ငံက ဒါကို လက်ခံဦးမှဖြစ် မှာလေ” ဟု ပြောသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းအား ၂၀၂၅ ခုနှစ်၊ မတ်လအထိ ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု အစီရင်ခံစာ ထုတ်ပြန်ထားသည်။
သို့သော် နစကဥက္ကဋ္ဌမှ ၂၀၂၄ -၂၀၂၅ ခုနှစ်အတွင် GDP အား ၃ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်နေကြောင်း ဇူလိုင်လတုန်းက ပြောကြားထားခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 2116
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂
သွင်းကုန်လိုင်စင်မရှိဘဲ တင်သွင်းသည့် တရုတ်နှင့်ထိုင်း ကုန်ပစ္စည်းများအား ဈေးကွက်ထဲသို့ ရောက်ပြီးမှ ရောင်းချခြင်းမပြုရန် တားဆီးခြင်းသည် မြေပြင်တွင် ထိရောက်မှု မရှိနိုင်သည့်အပြင် မလွယ်ကူကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လိုင်စင်မရှိဘဲ တင်သွင်းခြင်းသည် တရားမဝင်ဖြစ်ပြီး အစိုးရအနေဖြင့် တင်သွင်းလာသည့် လမ်းကြောင်း တစ်လျှောက်ကို ထိန်းချုပ်၍ ဖမ်းဆီးစစ်ဆေးအရေးယူမှုများ လုပ်ဆောင်မှသာ ပို၍ ထိရောက်သင့်တော်မည် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဈေးကွက်ထဲကို ရောက်ပြီးမှ ရောင်းလို့မရဘူးဆိုတော့ ဒီပစ္စည်းသည် သွင်းကုန်လိုင်စင်နဲ့ သွင်းလာလား၊ မသွင်းလာလား လက်လီရောင်းတဲ့ ဆိုင်တွေ၊ ဈေးကွက်ထဲမှာ ပြန်ဖြန့်တဲ့ ဆိုင်တွေကလည်း မသိနိုင်ပါဘူး။ ပြန်ဝယ်တဲ့သူတွေကလည်း မသိနိုင်ပါဘူး။ အဲဒီတော့ ကုန်သည်ဆီကို ရောက်ပြီးသွားတော့မှ ရောင်းချတဲ့ သူတွေ ဆီ ရောက်ပြီးမှ ဒီပစ္စည်းက သွင်းကုန်လိုင်စင်မရှိဘူး ရောင်းလို့မရဘူးဆိုတဲ့ဟာမျိုး အစိုးရက ကြပ်မတ်မယ်ဆိုတဲ့ ဟာမျိုးကတော့ သိပ်သဘာဝမကျဘူး။ သွင်းကုန်လိုင်စင်မရှိဘဲ တရားမဝင် တင်သွင်းတာကို စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့်နဲ့ ကြပ်မတ်ပြီးတော့ ဖမ်းဆီးပြီးတော့ အရေးယူတာတွေ အဲဒီလိုမျိုးပဲ လုပ်သင့်တာပါ။ ဈေးကွက်ထဲကို ရောက်ပြီးသွားတော့မှ လိုင်စင်မရှိဘဲ ရောင်းလို့မရဘူးဆိုတာကတော့ တကယ်တော့ သိပ်ထိရောက်မယ့်ကိစ္စ မဟုတ်ဘူးလို့ သုံးသပ်လို့ရပါတယ်” ဟု ပြောသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်
နယ်စပ်လမ်းကြောင်းများမှ နယ်မြေမတည်ငြိမ်မှုကြောင့် အဆင်မပြေပါက မြို့ထဲသို့ ဝင်သည့်လမ်းတွင် စစ်ဆေး ရေးဂိတ်များရှိသဖြင့် ထိုနေရာများ၌ သေချာစွာစစ်ဆေး၍ လုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ် သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံသည် ထိုင်းနှင့်တရုတ်မှ ပစ္စည်းများကိုသာ အဓိကအသုံးပြုနေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်မည် ဆိုပါက သွင်းကုန်လိုင်စင်များ လွယ်ကူလျင်မြန်စွာ ချပေးနိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းတို့က အကြံပြုကြ သည်။
တရားမဝင် ကုန်သွယ်မှုများသည် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သဖြင့် မျှတစေရန် လုပ်ဆောင်သင့်သည့် နည်းလမ်းကို ဦးစွာစဉ်းစားပြီးမှသာ တရားမဝင် ကုန်သွယ်မှုများကို ကိုင်တွယ် သင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
၎င်းက “demand supply မမျှလို့ မှောင်ခိုသွင်းတဲ့ သဘောတရားကို မှန်တယ်လို့ ကျနော်ပြောတာ မဟုတ်ဘူး နော်။ မှောင်ခိုဘာကြောင့် သွင်းကြလဲ၊ ရောင်းစရာ ဝယ်စရာ ရှိလို့ ဝယ်တာပေါ့။ သို့သော် ဘယ်သူက အလုပ်ရှုပ်ခံ မလဲ။ ရောင်းစရာ ဝယ်စရာဘာလို့ရှိလဲ ဈေးကွက်မှာ ရောင်းလိုအား ဝယ်လိုအား မမျှတလို့ဖြစ်နေတာ။ ဒီအပေါ်မှာ သူတို့က အကျိုးအမြတ်ယူပြီးတော့ အခွင့်အလမ်းယူပြီးတော့ အသုံးချကြတာ။ အဲဒီအခွင့်အလမ်း ဘာကြောင့် ဖြစ်လဲ ရောင်းလိုအား ဝယ်လိုအားမမျှလို့။ ဆေးဝယ်မယ် အရင်တုန်းက တစ်လကို ငါးသောင်းလောက် ကုန်တယ်။ အခုဆို တစ်သိန်း နှစ်သောင်းလောက်ကုန်တယ်။ လိုချင်တဲ့ဆေးကို ဈေးကွက်ထဲ ဝယ်လို့မရဘူး။ ဒါသည် ဈေးကွက်က ထိခိုက်နေပြီလေ။ ကုန်သည်တွေက ရောင်းနေကြ ဝယ်နေကြလူတွေကတော့ သိတာပေါ့။ အဲဒီမှာ မှောင်ခိုဈေးကွက်ဆိုတာဖြစ်လာတာ။ မှောင်ခိုဈေးကွက်ကို attention ထားပြီး သွားကိုင်လို့မရဘူး။ ရောင်းလိုအား ဝယ်လိုအားမမျှတဲ့ အခြေအနေကို မျှအောင်ဘယ်လိုလုပ်မလဲ” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် လက်နက်ကိုင် အဖွဲအစည်းများကို သက်ဆိုးရှည်စေသည့် တရားမဝင်ကုန်သွယ်မှု ကြီးထွားလာခြင်းကို တိုက်ဖျက် တားဆီးရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် လမ်းကြောင်းများတွင် စောင့်ကြည့် ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များ၊ သိုလှောင်ရုံများအား လိုက်လံ စစ်ဆေး ဖမ်းဆီးခြင်းနှင့် ဈေးကွက်များအထိပါ ကွင်းဆင်းဖမ်းဆီးစစ်ဆေး အရေးယူခြင်းများကို ပြုလုပ်ရမှာ ဖြစ်ကြောင်းလည်း ပြောထားသည်။
ထိုသို့ ပြောဆိုပြီးနောက် သွင်းကုန်လိုင်စင်မရှိဘဲ တင်သွင်းသည့် တရုတ်နှင့်ထိုင်း ကုန်ပစ္စည်းများအား ဈေးကွက် ထဲသို့ ရောက်ပြီးမှ ရောင်းချခြင်းမပြုရန် တင်းကြပ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 2573
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁
အရှေ့အလယ်ပိုင်းတွင် စစ်ရေးတင်းမာမှုများကြောင့် မြန်မာနိုင်ငံအပေါ် မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပြီး ထိခိုက်နိုင်သလဲဆိုသည့်အပေါ် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများက သုံးသပ် ဆွေးနွေးလျက်ရှိနေသည်။
အရှေ့အလယ်ပိုင်းဒေသများသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ မဟုတ်သဖြင့် တိုက်ရိုက် စီးပွားရေး မထိခိုက်သော်လည်း ရေနံနှင့် အခြားကိစ္စများတွင် သွယ်ဝိုက်ကာ ထိခိုက်မှုများရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့က ရေနံထွက်တဲ့ နိုင်ငံတွေဖြစ်နေတယ်။ ကမ္ဘာပေါ်မှာလည်း လောင်စာဆီ သုံးစွဲမှုပမာဏက မြင့်တက်နေတဲ့ ဟာမျိုးမှာ အဓိကပံ့ပိုးပေးနေတဲ့ နိုင်ငံနဲ့လမ်းကြောင်း ဖြစ်နေတဲ့အခါကြတော့ ကျနော်တို့က တိုက်ရိုက်အားဖြင့် သူတို့ဆီကဝယ်တာမျိုး မဟုတ်ဘဲနဲ့ စင်္ကာပူကုမ္ပဏီတွေကနေ ဝယ်တာမျိုးရှိတယ်၊ တခြား ကြားခံ Third party တွေကနေ ဝယ်တာမျိုးရှိတယ်။ နိုင်ငံမတည်ငြိမ်ဘဲ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုရင် ကုန်ထုတ်လုပ်မှုစွမ်းအားကတော့ အတန်အသင့် လျော့မှာပေါ့နော်။ နောက် စစ်လက်နက်ပစ္စည်းပေါ့။ စစ်လက်နက် ပစ္စည်းအပိုင်းတွေမှာ ဆိုရင်လည်း ဒါကတော့ အစိုးရဆိုရင် ပိုပြီးသိမယ်ထင်ပါတယ်။ စစ်လက်နက် ပစ္စည်းဝယ်ယူတဲ့အပိုင်းတွေ ရှိတယ်။ စာချုပ်တွေရှိမယ် ဒီလိုအပိုင်းတွေမှာ ကျနော်တို့က ဘယ်လိုကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေလဲဆိုတဲ့ အပိုင်းတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်၊ နစ်နာမှုတွေ ရှိလာနိုင်တယ်။ စီးပွားရေး အရ ကြည့်မယ်ဆိုရင်တော့ အဓိက ကုန်သွယ်ဖက် နိုင်ငံထဲမှာ မပါတဲ့နိုင်ငံတွေ ဖြစ်နေတဲ့အခါကြတော့ စီးပွားရေး အားဖြင့် ထိခိုက်မှုကတော့ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ဖြစ်တာမျိုး မဟုတ်ဘူးဆိုရင် ထိခိုက်မှုမရှိဘူးလို့ပဲ သုံးသပ် လို့ ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ဂါဇာစစ်ပွဲ အခြေပြထားစဉ်
ထို့အပြင် အရှေ့အလယ်ပိုင်း စစ်ပွဲများသို့ အခြားနိုင်ငံများမှ နိုင်ငံအလိုက် ပူးပေါင်းပါဝင်လာမှုအပေါ် မူတည်ကာ သက်ရောက်မှုများကို ထည့်သွင်း စဉ်းစားထားရန် လိုအပ်ကြောင်း၊ ထိုသို့ ဖြစ်လာမည်ဆိုပါက မြန်မာနိုင်ငံအနေ ဖြင့် စက်သုံးဆီပြဿနာ အကြီးအကျယ် ဖြစ်သွားစေနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
သို့သော် နိုင်ငံတကာတွင်လည်း ပြဿနာကိုယ်စီ ရှိနေကြသဖြင့် အရှေ့အလယ်ပိုင်းစစ်ပွဲများသို့ ပူးပေါင်းကာ တိုက်ခိုက်ကြမှု ဖြစ်လာရန်မှာ ရာခိုင်နှုန်းအားဖြင့် နည်းလွန်းကြောင်းလည်း ၎င်းတို့က ထောက်ပြသည်။
တင်းမာမှုများ ပိုမိုမြင့်တက်လာပါက မြန်မာနိုင်ငံသည် ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ တိုင်းပြည် မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေကြေး ပြဿနာများကြောင့် အခြားနိုင်ငံများထက် ပို၍ ထိခိုက်မှုကို ခံရမည်ဖြစ်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
စက်သုံးဆီသယ် ဆီဘောက်စာကားကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့မှာက အားလုံးကို ဘာပဲဖြစ်ဖြစ် စီးပွားရေး ပြဿနာပဲဖြစ်ဖြစ် နိုင်ငံရေး ပြဿနာပဲဖြစ်ဖြစ် ဖြေရှင်းမယ်ဆိုတဲ့အခါ လက်ထဲမှာ ငွေလိုတာပေါ့။ မိသားစုတစ်စုလည်း ဒီအတိုင်းပဲလေ။ ကျနော်တို့မှာ အဲဒါ မရှိဘူးလေ။ မရှိတဲ့အခါကြတော့ ကျနော်တို့က မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရမှာပေါ့။ ဖြစ်လာရင် ကျနော်တို့က ပြဿနာ သူများတိုင်းပြည်က ၁၀ ရာခိုင်နှုန်းလောက်ထိရင် ကျနော်တို့က ၂၀၊ ၄၀ ရာခိုင်နှုန်းလောက် ထိမှာပေါ့။ တိုင်းသူပြည်သား အားလုံးက Export သမားပဲဖြစ်ဖြစ် import သမားပဲဖြစ်ဖြစ်၊ သာမန်ကျောင်းထားတဲ့ ကျောင်းသားမိဘပဲဖြစ်ဖြစ် အကုန်လုံးက တော်တော်မလွယ်ကူတဲ့ အခြေအနေကို ဖြတ်သန်းနေရတာကိုး။ ရှင်းတယ်ဆိုတာက ကိုယ့်မှာ အင်အားရှိဖို့လိုတာပေါ့။ ကျနော်တို့မှာ အင်အားမရှိဘူးလေ” ဟု ပြောသည်။
အရှေ့အလယ်ပိုင်း ပါလက်စတိုင်းတွင် အစ္စရေးနှင့်ဟားမာ့စ်ကြားလည်းကောင်း၊ လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး နှင့် ဟစ်ဇ်ဘိုလာကြားလည်းကောင်း၊ အီရန်နှင့် အစ္စရေးကြားလည်းကောင်း စစ်ပွဲများအပြင်းအထန်ဖြစ်ပွားနေ သည်။
ထို့နောက် အစ္စရေးတပ်ဖွဲ့က လက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့အား ထွက်ခွာသွား ရန် တောင်းဆိုထားသည်။
အစ္စရေးကို ဖိအားပေးနိုင်ရေးအတွက် ယီမင်နိုင်ငံရှိ ဟူရ်သီသူပုန်များကလည်း ပင်လယ်နီအတွင်း ဖြတ်သန်းသွား လာနေသည့် ကုန်သေင်္ဘာများနဲ့ ရေနံသေင်္ဘာများကို တိုက်ခိုက်လျက်ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1755
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁
အခြေခံရည်ညွှန်းစပါးဈေးကို စိုက်ပျိုးစရိတ်ထက် အမြတ်အစွန်းရှိသည့် ဈေးနှုန်းသတ်မှတ်ပေးရန်လိုအပ်ကြောင်း တောင်သူများက ပြောသည်။
မိုးစပါးနှင့် နွေစပါးအတွက် အခြေခံ ရည်ညွှန်းစပါးဈေးကို တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က စပါးတင်း ၁၀၀ လျှင် ၉၅၀,၀၀၀ ကျပ် သတ်မှတ်လိုက်သည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် ထွန်ယက်ခ၊ အလုပ်သမား ငှားရမ်းခ၊ မျိုးစပါး၊ ရိတ်သိမ်းခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် ကုန်ကျစရိတ်သည် တစ်ဧကလျှင် ငွေကျပ် ၇ သိန်းမှ ၁၀ သိန်းအထိ ရှိနေပြီး လက်ရှိ ရည်ညွှန်းဈေးသည် တောင်သူများအတွက် အကျိုးမရှိကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ(ဟောင်း) ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
စပါးခြွေနေစဉ်
၎င်းက “အခြေခံရည်ညွှန်းဈေးဆိုသည်မှာ guarantee foundation market ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ၃၀ ရာခိုင်နှုန်း အမြတ်အစွန်းရှိတဲ့ဈေးကို guarantee foundation market လို့ ခေါ်တယ်။ ဥပမာ မိုးစပါးမှာ စပါး ၇၀ ထွက်မယ်၊ ၈၀ ထွက်မယ်၊ ၇၀ ထွက်မယ်၊ ၆၀ ထွက်တဲ့သူရှိတယ်။ အခု ပိုးတွေလည်း ကျ တော့။ ပျမ်းမျှ ဒီနှစ်ရဲ့ စပါးအထွက်က ၇၀ လို့ပဲ မှန်းလို့ရတယ်။ အခု သူတို့သတ်မှတ်တဲ့ ၉ သိန်းခွဲ ဈေးနဲ့ဆိုရင် ၁ ဧကမှာ သူရလာမယ့်ငွေက ၇ သိန်းဝန်းကျင်ပဲ ရှိမှာ။ ၁ ဧကမှာ ကုန်ကျစရိတ်က ၇ သိန်းကနေ ၁၀ သိန်းအထိ ကုန်တယ်။ ၇ သိန်းလို့ ကုန်တဲ့လယ်က အနည်းဆုံး ကုန်ကျငွေပဲ။ အနည်းဆုံး ကုန်ကျငွေကို ၃၀ ရာခိုင်နှုန်း အမြတ် နဲ့ တွက်ရင်တောင် ဒီစပါးဈေးက ၁၃ သိန်းလောက် သတ်မှတ်ရမှာ” ဟု ပြောသည်။
လက်ရှိတွင် ပြင်ပဈေးကွက်၌ စပါးတင်း ၁၀၀ လျှင် ၁၇ သိန်းမှ ၁၉ သိန်းကျပ်အထိ ဖြစ်ပေါ်နေပြီး ယခု သတ်မှတ် ထားသည့် စပါးရည်ညွှန်းဈေးသည် ပြင်ပဈေးကွက်နှင့် နှိုင်းယှဉ်ပါက ငွေကျပ် ၇ သိန်းခွဲခန့် ကွာဟလျက် ရှိနေ သည်။
ပြီးခဲ့သည့် နှစ်များတွင် စပါးလှိုင်လှိုင်ပေါ်ချိန်၌ ရည်ညွှန်းဈေးအပေါ် တွက်ချက်၍ စပါးဝယ်ယူမှုများ ရှိခဲ့ပြီး တောင်သူများ နစ်နာဆုံးရှုံးမှုများလည်း ရှိခဲ့သည်။
စပါးရိတ်နေစဉ်
ထို့ကြောင့် စိုက်ပျိုးကုန်ကျစရိတ် မြင့်တက်နေချိန်တွင် ယခုကဲ့သို့ စပါးရည်ညွှန်းဈေး သတ်မှတ်ရာ၌ ပြင်ပ ဈေးကွက်ထက် ထက်ဝက်ခန့် နိမ့်ကျသည့် ဈေးနှုန်း မဖြစ်သင့်ကြောင်း၊ သဘာဝကျကျ လုပ်ဆောင်ရန် လိုအပ် သည်ဟု တောင်သူ ဦးကြည်လွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက ဈေးနှိမ်ဝယ်လို့လည်း မရဘူး။ မရဘူးဆိုတာက စပါးကလည်း နှစ်တိုင်းလို မပေါသီဘူးလေ။ အခု မိုးစပါးက အခုပေါ်တဲ့ ရာသီစပါးက နှစ်တိုင်းစပါးရဲ့ တစ်ဝက်လောက်သာ ရှိတော့တာ။ သူတို့ နှိမ်လို့လည်း မရဘူး။ ဟိုနှစ်တွေမှာ စပါးတွေထွက်တော့ ဥပမာ ရည်ညွှန်းဈေးက ၆ သိန်းဈေး သတ်မှတ်တယ်။ စပါးဈေးက ဝယ်တဲ့သူ နည်းလို့ ကျနေတဲ့အချိန်ပဲ။ တကယ့်တကယ် ဈေးကျတော့ အဲဒီ ၆ သိန်းဈေးတောင် ဘယ်သူမှ မဝယ်ဘူး။ ဝယ်မယ့်သူ မရှိဘူး။ အဲဒီလိုမျိုးတွေလည်း ရှိတာပဲ။ အဲဒီတော့ တစ်ခါတရံမှာ သူ့ဟာသူ ဝယ်ချင်ဝယ် မဝယ်ချင် နေပါ။ ဝယ်တဲ့သူရှိမှလည်း ရောင်းလို့ရမှာ။ သို့သော်လည်းပဲ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိတဲ့ ဦးဆောင်အဖွဲ့ ခေါ်တာပေါ့။ ဥပဒေအရဆိုရင် ဦးဆောင်အဖွဲ့လို့ ခေါ်တယ်။ ဦးဆောင်အဖွဲ့အနေနဲ့ အမိန့်ကြော်ငြာစာ ထုတ်တဲ့ နေရာမှာ ရိုးရှင်းဖို့ လိုအပ်တယ်၊ သဘာဝကျဖို့ လိုအပ်တယ်” ဟု ပြောသည်။
ယခု သတ်မှတ်ထားသည့် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၄ ခုနှစ် မိုးစပါးနှင့် ၂၀၂၅ ခုနှစ် နွေစပါးအတွက် ဖြစ်ကြောင်း၊ လက်ရှိတွင် မိုးစပါးများ စတင်ရိတ်သိမ်းနေပြီး စပါးတင်း ၁၀၀ လျှင် ၁၇ သိန်းမှ ၁၉ သိန်းအထိ ဝယ်ယူလျက် ရှိနေသည်။