- By CNI
- Category: စီးပွားရေး
- Hits: 4227
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉
ရန်ကုန်မြို့တွင် စက်သုံးဆီ မှောင်ခိုစျေးကွက် များပြားလာပြီး ၁ လီတာလျှင် ကျပ် ၉၀၀၀ အထိ ဖြစ်ပေါ်နေ ကြောင်း ရန်ကုန်မြို့မှာ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ဘေးတွဲဆိုင်ကယ် မောင်းနှင်သူများသည် စားဝတ်နေရေးကြောင့် အခြားသူများကဲ့သို့ စက်သုံးဆီ ရရှိရေးအတွက် အချိန်တစ်ခုပေးပြီး တန်းမစီနိုင်ကြသဖြင့် မှောင်ခိုစျေးကွက်မှ စက်သုံးဆီကိုသာ အားထားနေရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဆီပြတ်လပ်၍ အလုပ်ရပ်နားရမှုများထိ ရှိကြောင်းလည်း သိရသည်။
မှောင်ခိုစျေးကွက်တွင် ပုဂ္ဂလိကဆိုင်များမှ ရောင်းချသည့် စက်သုံးဆီ စျေးနှုန်းထက် သုံးဆနီးပါး မြင့်တက်နေသော ကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း ဘေးတွဲဆိုင်ကယ် အငှားယာဥ်မောင်းနှင်သူ တစ်ဦးက ပြောသည်။
၎င်းက "အရင်က ဆီဆိုင်တွေမှာ သွားဖြည့်လို့ရတော့ လွယ်တယ်လေ၊ အချိန်ကုန်လည်း သက်သာတယ်၊ ပြီးတော့ ခရီးသည်လည်းရတော့ နေ့တွက်ကိုက်တယ်။ အခုကကျ ဆီကလွယ်ဖို့နေနေသာသာ အတန်းလိုက်ကြီး တန်းစီ နေရတော့ အချိန်ကုန် လူပင်ပန်းတာပေါ့။ အဲဒါကြောင့် နှစ်ဆင့် ပြန်လည်ရောင်းချတာတွေ ဥပမာ (မှောင်ခို) လို မျိုး ရောင်းချတာတွေစီကပဲ ဝယ်ကြရတာပေါ့။ အဲလို ဝယ်ရတဲ့အခါ စျေးက သူတို့ပြောသလောက် ပေးရတာပေါ့။ ဒီမနက်ပဲ ကျနော်ဝယ်လာတာ တစ်လီတာ ၉၀၀၀ နဲ့ နှစ်ဗူးဝယ်လာတာ မှောင်ခိုမှာက အခု ၈၀၀၀၊ ၉၀၀၀ ထက် မလျော့တော့ဘူးလေ" ဟု CNI သတင်းဌာနသို့ ပြောသည်။
စက်သုံးဆီရရှိရေး မော်တော်ယာဉ်များ တန်းစီနေကြစဉ်
စက်သုံးဆီ မှောင်ခိုရောင်းချသူများသည် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရှိ မန်နေဂျာများဖြင့် ညှိနှိုင်းကာ အရောင်း/ အဝယ် ပြုလုပ်ကြပြီး ပြင်ပ၌ တဆင့် ပြန်လည်ရောင်းချကြခြင်းများရှိကြောင်း သိရသည်။
ထို့အတူ စက်သုံးဆီ တန်းစီသော ယာဥ်တန်းများထဲတွင်လည်း မှောင်ခိုအဖြစ် ပြန်လည်ရောင်းချရန် တန်းစီနေ သည့် ယာဉ်များလည်းရှိကြောင်း သိရသည်။
လက်ရှိ စက်သုံးဆီ တန်းစီကြရာတွင် မိမိကိုယ်ပိုင် လိုအပ်ချက်ကြောင့် တန်းစီသူများရှိသကဲ့သို့ နေ့စဥ် လုပ်ကိုင် နေသည့် အလုပ်အားမလုပ်ဘဲ စီးပွားဖြစ်အနေဖြင့် တန်းစီနေကြသူများရှိကြောင်း ရန်ကုန်မြို့နေသူတစ်ဦးက ပြောသည်။
၎င်းက "တချို့ဆိုရင် စီးပွားဖြစ်အနေနဲ့ ဒီဆီတန်းစီတာကိုလုပ်ပြီး ပြန်ရောင်းကျတာပေါ့၊ ကျန်တဲ့အလုပ်တောင် မလုပ်ဘဲ ဆီတိုးတဲ့ အလုပ်ပဲလုပ်ကိုင်တယ်။ မတိုးနိုင်တဲ့ သူတွေကိုကြတော့ သူတို့က ဆိုင်ကပေါက်စျေးထက် နှစ် ဆ၊ သုံးဆလောက်နဲ့ ပြန်ရောင်းတာပေါ့။ ဆီဆိုင် မန်နေဂျာတွေကလည်း မှောင်ခိုသမားတွေနဲ့ ညှိနှိုင်းလုပ်တာတွေ လည်းရှိတယ်၊ ဝန်ထမ်းတွေ အနေနဲ့လည်း ပူးပေါင်းပြီး လုပ်တာတွေလည်းရှိတယ်" ဟု CNI သတင်းဌာနသို့ ပြော သည်။
စက်သုံးဆီရရှိရေး မော်တော်ယာဉ်များ တန်းစီနေကြစဉ်
စက်သုံးဆီ ပြတ်လပ်နေမှုကြောင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များသည် ဆီကို လိုသလောက် ရောင်းချပေးခြင်း မရှိဘဲ အနည်းဆုံး ၃၀၀၀၀ ကျပ်မှ အများဆုံး ၅၀၀၀၀ ကျပ်အထိသာ ရောင်းချပေးလျက်ရှိသည်။
လက်ရှိ စက်သုံးဆီ ပြတ်လပ်မှုသည် ရန်ကုန်မြို့ တစ်ခုတည်းတွင် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင်ပါ တွေ့ကြုံနေရခြင်းဖြစ်ပြီး ယခင်ကထက် ပို၍ဆိုးရွားကြောင်းလည်း သုံးသပ်မှုများရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ထိုအခြေအနေများနှင့်ပတ်သက်၍ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စိစစ်ဆောင်ရွက်ရန်၊ စက်သုံးဆီ ဝယ်ယူခွင့်ပြုထားသည့် Importer ကုမ္ပဏီများအနေဖြင့် Terminal များတွင် Demand တင်ပြီး စက်သုံးဆီ အရောင်းဆိုင်များသို့ အမြန်ဆုံးပို့ဆောင်ရေး စီမံဆောင်ရွက်ပေးသွားရန် နစကမှ ထုတ်ပြန်ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2145
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၆
သမ္မတဦးသိန်းစိန်(ငြိမ်း)သည် လာမည့်နှစ် ကြားဖြတ်အစိုးရအဖွဲ့တွင် ပါဝင်လာနိုင်သည်ဟု မှန်းဆချက်များ ထွက်ပေါ်လာနေခြင်းကြောင့် စီးပွားရေး ကျဆင်းမှုကနေ ကြီးပွားချမ်းသာနေသော စီးပွားရေးသမားများသည် ကြောက်ရွံ့မှုများရှိနေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) လက်ထက်မှ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သို့ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးခဲ့ရာတွင် စီးပွားရေးနှင့်ပတ်သက်ပြီး အကုန်ဖွင့်ပေးခဲ့သည့် အတွက်ကြောင့် စီးပွားရေးတိုးတက်ခဲ့ သည်။
ထို့ကြောင့် လက်ရှိနိုင်ငံရေးတွင် သမ္မတဦးသိန်းစိန်(ငြိမ်း) ပါဝင်လာမည်ကို စီးပွားရေး ကျဆင်းမှုကနေ အခွင့်အရေးရှာပြီး ကြီးပွားချမ်းသာနေသော စီးပွားရေးသမားများက ကြောက်ရွံ့နေကြသည်။
စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက “ဦးသိန်းစိန် လက်ထက်က သိသလောက်တော့ ပေါ်လစီပိုင်းဆိုင်ရာ ချုပ်ကိုင်ထားတာမရှိဘူး။ ဒါပေမယ့် အားလုံးကို ဖွင့်ပေးလိုက်တာမျိုးတော့ ရှိတယ်။ အဲဒီလို အားလုံးကို ဖွင့်ပေး လိုက်တဲ့အတွက် ခရိုနီပဲပြောမလား။ နဂိုတုန်းက ဖွင့်မပေးတုန်းက အဲဒီဖွင့်မပေးတဲ့အပေါ်မှာ အကျိုးအမြတ် ရနေတဲ့ သူတွေကတော့ အဲဒီဖွင့်ပေးတာကို ကြောက်မှာပေါ့လေ။ အဲဒါကြောင့်လို့ပဲ ထင်တယ်။ တခြားကြောက် စရာအချက်တော့ မတွေ့မိသလိုပဲ။ ဦးသိန်းစိန် တက်တုန်းက စစ်အစိုးရအုပ်ချုပ်ရေးကနေ ဒီမိုကရေစီဘက်ကို ပြောင်းတဲ့အခါကြတော့ နိုင်ငံတကာကလည်း လက်ခံတယ်၊ ကြိုဆိုတယ်။ ပြည်တွင်းကလည်း နဂိုတုန်းက တင်းတင်းကြပ်ကြပ် နေခဲ့တာကနေ Relax ဖြစ်သွားတဲ့ဟာဆိုတော့ ပြည်တွင်းရော ပြည်ပရော အဲဒီတုန်းက ထောက်ခံတယ် ပြောရမှာပေါ့။ သူလုပ်ခဲ့တဲ့ ဟာတွေကလည်း လုပ်နည်းကိုင်နည်းတွေ မှန်တယ်။ မှန်တယ်ဆိုတာ က အရင်တုန်းက ပိတ်ထားတာတွေကို ဖွင့်ပေးရုံပါပဲ။ သိပ်အများကြီး ပညာသားပါးပါးတော့ မဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်(ငြိမ်း) တရုတ်ကို သွားစဉ်
သမ္မတဦးသိန်းစိန်(ငြိမ်း)သည် နအဖ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကနေ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည့်အတွက် ပြည်တွင်း/ပြည်ပမှ ထောက်ခံမှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ လွတ်လပ်သည့် အခြေအနေမှ ချုပ်ကိုင်ထားသော အနေအထားသို့ ပြန်လည်ရောက်ရှိသွားသဖြင့် မတူညီကြောင်း ထောက်ပြသူများလည်း ရှိကြသည်။
ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) လက်ထက်မှ ဦးသိန်းစိန်သို့ လွှဲပြောင်းပေးခဲ့ရာတွင် နိုင်ငံရေးမှာ တည်ငြိမ် နေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသကဲ့သို့ နိုင်ငံခြားငွေဈေးနှုန်းများ၊ ကုန်ဈေးနှုန်းများ၊ ကား ဈေးနှုန်းများ၊ ဖုန်းဆင်းကဒ် ဈေးနှုန်းများမှာလည်း လျော့ကျသွားခဲ့သည်။
အလားတူ ပြည်ပမှ လူသုံးကုန်နှင့် စားသုံးကုန်များလည်း အလွယ်တကူ တင်သွင်းဖြန့်ဖြူးနိုင်အောင် ဖန်တီးပေးခဲ့ ခြင်းကြောင့် ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူလူထုက သုံးစွဲနိုင်ခဲ့ကြသလို အိမ်ခြံမြေ ဈေးကွက်မှာလည်း တည် ငြိမ်ပြီး ဈေးသက်သာခဲ့သည်။
လက်ရှိ အခြေအနေသည် နိုင်ငံရေး မတည်ငြိမ်သည့်အတွက် သမ္မတဦးသိန်းစိန်(ငြိမ်း) အနေဖြင့် အစိုးရပိုင်းတွင် တာဝန်ယူမည်၊ မယူမည်ကို မပြောနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
သမ္မတဦးသိန်းစိန်(ငြိမ်း) အုပ်ချုပ်ခဲ့စဉ်က ပြည်တွင်း၌ ဈေးနှုန်းများ အစစအရာရာ ကျဆင်းသွားခဲ့သော်လည်း ထိုအချိန်က ကမ္ဘာ့ဈေးကွက် အနေအထားအရကြည့်လျှင် ဈေးနှုန်းကျဆင်းသွားသည့်အဆင့် မဟုတ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်(ငြိမ်း) တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံစဉ်
၎င်းက “ဈေးဆိုတာက ဈေးနှုန်းမှန်ရတယ်။ ဈေးနှုန်းမမှန်ပဲနဲ့ ဈေးကွက်စီးပွားရေးက ဖြစ်လို့မရဘူး။ ဈေးတွေကျ တယ် ဥပမာ ကားဈေးပေါ့။ ကျနော်တို့ဆီမှာ harrier လိုကား အဲဒီအချိန်တုန်းက ၂၄၀ လောက်ရှိတယ်။ ထိုင်းရောက်သွားတော့ ထိုင်းမှာ ၁၅၀ လောက်ပဲရှိတယ်။ ကျတယ်ဆိုတာ ဒါကမ္ဘာ့ဈေးကွက် Right Price ကို ချဥ်းနင်းဝင်ရောက်တဲ့ အဆင့်ပဲရှိသေးတယ်။ တကယ်ကျတဲ့အဆင့် မဟုတ်သေးဘူး။ အဲဒီလိုဖြစ်မှ စျေးကွက်က စွမ်းဆောင်ရည်ရှိမှာပေါ့။ ဒါမျိုးကို မလိုလားဘူး ဆိုရင် ကျနော့်အမြင်အရတော့ ကလေးဆန်တာပေါ့။ ကိုယ့်ရဲ့အတ္တအကျိုးစီးပွား တစ်ခုတည်းကို ကြည့်တာပေါ့” ဟု ပြောသည်။
သမ္မတဦးသိန်းစိန်(ငြိမ်း)သည် တရုတ် အပါအဝင် နိုင်ငံတကာနှင့် အပေါင်းလက္ခဏာဆောင်သည့် အနေအထားမှာ ရှိပြီး မကြာသေးခင်ကလည်း တရုတ်နိုင်ငံ၏ ဖိတ်ကြားမှုကြောင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီဝင်၊ တရုတ်ဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့်လည်း တွေ့ဆုံခဲ့သည်။
အလားတူ ထိုတရုတ်ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း အခမ်းအနားတစ်ခုမှာ လက်ဆွဲ နှုတ်ဆက်ကာ တွေ့ဆုံခဲ့သေးသည်။
ထို့နောက် တရုတ်အစိုးရသည် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် သမ္မတဦးသိန်းစိန် (ငြိမ်း)ကို ကြားဖြတ်အစိုးရ သို့မဟုတ် အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်ဖွဲ့စည်း၍ ရွေးကောက်ပွဲ ကျင်းပ ပေးကာ အပြောင်းအလဲ လုပ်သွားစေလိုသော သဘောထားရှိနေသည်ဟု ပြည်တွင်းနိုင်ငံရေးအကဲခတ်များက ထောက်ပြလျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2777
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် စက်သုံးဆီဝယ်ယူရ ခက်ခဲလာခြင်းကြောင့် လူမှုကူညီရေးအသင်းများ သည် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရာ၌ အခက်အခဲများရှိလာ၍ ပရဟိတလုပ်ငန်းများ ရပ်နားရမည့် အခြေအနေ ဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
တောင်ငူမြို့ပေါ်မှ ဆီဆိုင်ကြီးများနှင့် လမ်းဘေး ဆီဆိုင်ငယ်များတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ဝယ်ယူ နေရကြောင်း၊ လုံလုံလောက်လောက် စက်သုံးဆီ ဝယ်ယူ၍ မရရှိခြင်းနှင့် စျေးနှုန်းကြီးမြင့်မှုများကြောင့် လူနာ ပို့ဆောင်ရန် အခက်အခဲများ ဖြစ်လာသည်ဟု တောင်ငူမြို့အခြေစိုက် ပစ်တိုင်းထောင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ ကြိုတင်ထည့်ထားတဲ့ ဆီတော့ ရှိတယ်လေ၊ ကားထဲမှာပေါ့၊ ယာဥ်နဲ့ ပတ်သတ်ပြီးတော့ပေါ့။ တခြား လုပ်ဆောင်ချက်တွေကတော့ လုပ်သွားမှာပဲလေ။ ကျနော်တို့ ရပ်ကွက်နဲ့ ပတ်သက်လာရင် သာရေးနာရေး တော့ လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် ယာဥ်နဲ့ပတ်သက်တာကတော့ လောလောဆယ် ကားထဲကဆီ ရှိနေသ၍ ထိတော့ ကျနော်တို့က လုပ်ပေးရမှာပဲ။ လုံးဝမရတော့ဘူး ဆိုရင်တော့ ကျနော်တို့ အသင်းအားလုံး အစည်းအဝေး သဘောလေးထိုင်ပြီးတော့ ဘာလုပ်သင့်လဲဆိုတာ ဆုံးဖြတ်ရမှာပေါ့လေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
စက်သုံးဆီ ပြတ်လပ်နေခြင်းကြောင့် လူမှုကူညီရေးအသင်းများသည် အချင်းချင်း ချိတ်ဆတ်၍ လုပ်ဆောင်နေရ ကြောင်း တောင်ငူမြို့အခြေစိုက် ပစ်တိုင်းထောင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ ကျနော်တို့ အသင်းတွေကတော့ တစ်သင်းနဲ့တစ်သင်း အချိတ်အဆက်တွေ ရှိကြတယ်လေ၊ အဲတော့ ကျနော်တို့ အခက်အခဲဖြစ်သွားလို့ ကျနော်တို့လက်ရှိ ထည့်ထားတဲ့ဆီ ကုန်သွားပြီ၊ နောက်ထပ်လည်း ထပ်ထည့်လို့ အဆင်မပြေတော့ရင် ခုနလိုပေါ့ ရှိတဲ့အသင်းကို ကျနော်တို့က အကူအညီ လှမ်းတောင်းရမှာပဲလေ၊ အဲလိုသွားရမှာ ပဲ။ ကျနော်တို့မှာ ဆီကျန်သေးတယ် တခြားအသင်းက ဆီမရှိတော့ဘူး၊ လူနာကလည်း ပို့မှဖြစ်မယ်ဆိုရင် အဲဖက် က ကျနော်တို့ကို လှမ်းချိတ်ဆက်တယ်ဆိုရင်တော့ ဒါကျနော်တို့ကတော့ လက်တွဲပြီးသွားရမှာပဲ” ဟု ပြောသည်။
တောင်ငူမြို့တွင် စက်သုံးဆီစျေးနှုန်း အမြင့်ဆုံး အခြေအနေထိ ရောက်ရှိနေကြောင်း ပရဟိတအသင်းအဖွဲ့များက ပြောသည်။
လူမှုကူညီရေးအသင်း အများစုသည် အရေးပေါ်လူနာများကို အခမဲ့ ပို့ဆောင်ပေးနေရခြင်းကြောင့် လူနာရှင်က စက်သုံးဆီဖိုး ပြန်လည် လှူဒါန်းခြင်း သို့မဟုတ် အလှူရှင်များက လှူဒါန်းမှုများရှိမှသာလျှင် ဆက်လက်ရပ်တည် နိုင်မည်ဟု တောင်ငူမြို့မှ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
၎င်းက “ကျနော်တို့ကတော့ တကယ်မရှိတဲ့သူ၊ တကယ်ကို အခက်အခဲ ဖြစ်နေတဲ့သူဆိုရင် ဝိုင်းဝန်းပြီးတော့ ကျနော်တို့ အသင်းမှာရှိတဲ့ လူတွေစုပြီးတော့ လိုက်ပို့ရတာပေါ့၊ ဒါပေမယ့် တချို့ပြေလည်တဲ့သူ၊ အဆင်ပြေတဲ့ သူဆိုရင်တော့ ကုန်ကျတဲ့ ဆီစရိတ်ကို သူတို့တတ်နိုင်ရင် သူတို့ထည့်ပေးတယ်ဆိုရင်တော့ ကျနော်တို့ဘက်က သက်သာတာပေါ့။ တကယ်အဆင်မပြေတဲ့ သူဆိုရင်တော့ ကျနော်တို့ ဝိုင်းဝန်းပြီး လုပ်ဆောင်ကြရတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
ထို့အတူ တောင်ငူမြို့နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှုကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများလည်း အခက်တွေ့ နေကြရပြီး ဒေသခံများသည်လည်း အဆင်မပြေဖြစ်နေကြောင်း တောင်ငူမြို့မှ ဘတ်ထရီရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့က ဘတ်ထရီ လုပ်ငန်းဆိုတော့ မီးကိုအဓိက အားပြုပြီး လုပ်ကိုင်ရတာပေါ့၊ မီးလာမှ အိုးတွေ အားသွင်းမှ ငှားနိုင်မှာပေါ့လေ၊ မီးပျက်ရင်လည်း မီးစက်နှိုးဖို့ဆီက မရှိဘူးလေ၊ အဲတော့ လုပ်ငန်းက ကြန့်ကြာတာ ပေါ့၊ အိမ်မှာဆိုရင်လည်း ညညကျရင် ရေချိုးဖို့ ဟင်းချတ်ဖို့ကိုတောင် အဆင်မပြေဘူးလေ၊ ဆီဝယ်မရတော့ မီး လာတာကိုပဲ စောင့်ရတာပေါ့၊ မီးစက်လည်း ဖွင့်မရနဲ့ဆိုရင် အဆင်မပြေဘူးပေါ့လေ” ဟု ပြောသည်။
လက်ရှိ တောင်ငူမြို့တွင် 92 တစ်လီတာ ကျပ် ၄၀၀၀ ဝန်းကျင်နှင့် 95 တစ်လီတာ ၄၅၀၀ ကျပ် စျေးပေါက်နေသည်။
သြဂုတ် ၁၅ ရက် နံနက်ပိုင်းထိ တောင်ငူမြို့ပေါ်မှ စက်သုံးဆီ ဆိုင်များတွင် စက်သုံးဆီ ပြတ်လပ်နေသောကြောင့် ဆီဆိုင်အများစု ပိတ်ထားရပြီး လမ်းဘေးဆိုင်များမှာပင် အလွယ်တကူ ဝယ်မရကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1466
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄
ရန်ကုန်မှ လုပ်သားအများအပြားသည် တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံများသို့ သွားရောက်လုပ်ကိုင်ကြရန် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်သို့ ရောက်ရှိနေကြသည်မှာ ယခင်ကထက် ပိုမိုများပြားလာနေကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းများက CNI သတင်းဌာနသို့ ပြောသည်။
ကျောက်မဲ-သီပေါလမ်းကြောင်း ပိတ်သွားသည့်အတွက် တရုတ်ပြည်သို့ သွားရောက်ရန် မူဆယ်ဘက်ကို တက်လာကြသူ နည်းပါးသွားခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း၌ လူအများအပြား ပြန်ဖြစ်လာကြောင်း မူဆယ်မြို့ရှိ နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အောက်ဗမာပြည်ကနေ အထူးသဖြင့် ရန်ကုန်ကနေပြီးတော့ တရုတ်ပြည်သွားမယ့် မိန်းကလေး၊ ယောကျာ်းလေး အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်ပြီးသွားမယ့် အလုပ်သမားတွေပေါ့ အဲဒါတွေကတော့ အရမ်းကို များနေတယ်။ ကားဝင်းထဲမှာပဲ။ ရန်ကုန်ဘက်ကတော့ များတယ်။ တရုတ်ဘက်က အလုပ်အကိုင်က တရုတ်က တော့ ဈေးနှိမ်ပါတယ်။ အခုအာမခံချက်ရှိတာ ကြားရတာဆိုလို့ ဒီဘက်ကနေ အလုပ်သမားပို့ပေးတဲ့ လူတွေက လည်း တကယ်တာဝန်ယူတယ်၊ တကယ်လည်း တာဝန်ခံကြပါတယ်။ ဟိုဘက်ကလည်း အထည်ချုပ်နဲ့ ပတ်သက် ပြီး တရုတ်စက်ရုံဆိုရင်လည်း အလုပ်သမားတွေကို အာမခံချက် ပေးထားပါတယ်။ သူတို့ရဲ့ သတ်မှတ်ထားတဲ့ နယ်နိမိတ်ကျော်ရင်တော့ တမျိုးပေါ့။ သူတို့စက်ရုံထဲမှာ နေတယ်ဆိုရင် တရုတ်ရဲလာဖမ်းလည်း အာမခံချက် ရှိတယ် အဖမ်းအဆီး မခံရအောင် ပြန်လုပ်ပေးတယ်။ အဲဒီလိုမျိုးတွေရှိတယ်” ဟု ပြောသည်။
MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်
လက်ရှိ မူဆယ်မြို့တွင် တရုတ်ငွေဈေး အဆမတန် မြင့်တက်မှုများ၊ တိုက်ပွဲ အခြေအနေများကြောင့် ကုန်ဈေးနှုန်း များလည်း ယခင်ကထက် အဆမတန် မြင့်တက်နေပြီး အချို့ဆိုင်များတွင် ကျပ်ငွေ လက်မခံဘဲ တရုတ်ယွမ်ငွေ ဖြင့်သာ ဝယ်ယူ၍ရကြောင်း သိရသည်။
ထိုအခြေအနေများကြောင့် သာမန် လက်လုပ်လက်စားသမားများ အနေဖြင့်လည်း အခက်အခဲ တွေ့နေကြရ ကြောင်းလည်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲကာလများတွင် ပရဟိတအသင်းအဖွဲ့များမှ ဒေသခံလူထုအတွက် နှုန်းထားလျှော့ချ၍ ရောင်းချပေးခြင်း၊ အခမဲ့လှူဒါန်းပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
သို့သော် လက်ရှိ အနေအထားအရ အလှူရှင်များ၏ လှူဒါန်းမှုမှာလည်း လျော့နည်းသွားကြောင်း ပရဟိတအသင်း အဖွဲ့တစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။
မူဆယ်မြို့က ဈေးဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်
၎င်းက “အခုဆို ဆီဈေးက ၁ လီတာကို ၄၇၀၀၊ ၄၆၀၀ ဖြစ်သွားတာလေ။ အရင်တုန်းက မန္တလေးသွားမယ်ဆိုရင် ၁ သိန်းခွဲ၊ ၂ သိန်းလောက်ဆို လောက်ပြီ။ အခုက ဘယ် ကြောက်စရာကြီး ဆီဈေးတွေက။ အသင်းက ကုန်ကျ စရိတ်ပိုများတာပေါ့။ တချို့လမ်းကြောင်းတွေဆို အလှူငွေမရတာတွေ တစ်လတစ်လ ခြုံကြည့်လိုက်ရင် အများ ကြီးပဲ။ စဉ်းစားချင့်ချိန်ရတာပေါ့ အရင်တုန်းက ၁ သိန်းလှူမယ်ဆိုရင် အခု ၅ သောင်းလှူမယ်၊ ၃ သောင်းလှူမယ် အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ လှူချင်တဲ့ အတိုင်းအတာတွေ လျော့သွားတယ်။ လုပ်ငန်းတွေက အကုန်လုံး ကြပ်ကုန်တာလေ။ တချို့ဆိုင်တွေဆိုရင် မြန်မာကျပ်ငွေနဲ့တောင် မပြောတော့ဘဲနဲ့ တရုတ်ငွေနဲ့ပဲ ပြောပြော နေကြတာ အဲဒီလိုမျိုးတွေလည်း ရှိတယ်။ အခုစလာပြီ မူဆယ်မှာလည်း” ဟု ပြောသည်။
လက်ရှိတွင် မြန်မာကျပ်ငွေဖြင့် နှိုင်းယှဉ်ရာ၌ နိုင်ငံခြားငွေ ဈေးနှုန်းမှာ အဆမတန် မြင့်တက်လာနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ရွှေဈေး၊ စက်သုံးဆီနှင့် အခြေခံကုန်ဈေးနှုန်းများ ကြီးမြင့်မှုဒဏ်ကို တွေ့ကြုံခံစားနေကြသည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မူဆယ်မြို့တွင် ၁၀၂၇ စစ်ဆင်ရေးကာလ၌ ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ရှိခဲ့သော်လည်း ယခုလက်ရှိတွင် တရုတ်ငွေတန်ဖိုး အင်မတန် မြင့်တက်သွားသည့်အတွက် ကုန်ဈေးနှုန်းများ ပိုမိုကြီးမြင့်သွားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1492
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၃
ယွမ်စျေးထိုးတက်နေမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်တွင် အခြေခံ စားသောက်ကုန် စျေးနှုန်းများ မြင့်တက်လျက်ရှိပြီး အွန်လိုင်းရှိ တရုတ်ထုတ်ကုန် ရောင်းဝယ်ရေး လုပ်ငန်းများ အခက်တွေ့နေ ကြောင်း သိရသည်။
တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သည့် မူဆယ်၊ နမ့်ခမ်းမြို့များ၌ သြဂုတ် ၈ ရက်နေ့တွင် တရုတ်ယွမ်ငွေ ၁ ရာလျှင် မြန်မာငွေကျပ် ၇၈၀၀၀ ရှိခဲ့ရာမှ ယခု သြဂုတ် ၁၃ ရက်နေ့တွင် ၈၅၀၀၀ ထိ ဖြစ်လာခဲ့သောကြောင့် အဆိုပါမြို့ များတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့သည်။
လက်ရှိ နမ့်ခမ်းမြို့တွင် ဆန်အမျိုးအစားပေါ်မူတည်၍ အနည်းဆုံး ကျပ် ၁၃၀၀၀၀ မှ ၁၇၀၀၀၀ အထိရှိနေပြီး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၁ သောင်းခွဲအထိ ပေါက်စျေးရှိနေသည်ဟု သိရသည်။
ဒေသခံတစ်ဦးက “ဒီမှာက တရုတ်ယွမ်ကိုဘဲ အခြေခံနေရတော့ တရုတ်ငွေစျေးတက်ရင် ကုန်စျေးနှုန်းတွေက သူ့အလိုလို တက်ကုန်ကြတာ။ နဂိုကမှ ကုန်စျေးနှုန်းက တက်ပါတယ်ဆို အခုလို ယွမ်စျေးတွေ ထိုးတက်တော့ ပိုဆိုးကုန်တာပေါ့။ ရှမ်းဆန်တစ်ပြည်ကိုမှ အရင်လက ၆၀၀၀ ပေးဝယ်ရပေမယ့် ဒီလမှာ တစ်ပြည်ကို ၉၀၀၀ လောက်ဖြစ်နေပြီ ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် တရုတ်-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်သည့် မူဆယ်မြို့ရှိ ကုန်စုံဆိုင် အချို့နှင့် စားသောက်ဆိုင်အချို့တွင် ကျပ်ငွေဖြင့် ဝယ်ယူ၍မရတော့ဘဲ ယွမ်ငွေဖြင့်သာ ဝယ်ယူနေရကြောင်း ဒေသခံများက ဆိုသည်။
မူဆယ်ဒေသခံတစ်ဦးက “တချို့ဆိုင်တွေဆိုရင် ယွမ်ငွေနဲ့ပဲ အစားအသောက်ဝယ်ကြတယ်။ မြန်မာကျပ်ငွေနဲ့ ဝယ်မယ်ဆိုရင် အများကြီးပေးဝယ်နေရတယ်လို့ ခံစားရတာပေါ့။ ဆိုင်တွေကလည်း မြန်မာကျပ်ငွေနဲ့ မတွက် ပေးဘူး ယွမ်ငွေနဲ့ပဲတွက်ပေးတာ” ဟု CNI သို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ယွမ်ငွေ ၁၀၀ လျှင် ကျပ်ငွေ ၅၀၀၀၀ မှ ၇၀၀၀၀ ကြားရှိခဲ့သော်လည်း ယခု သြဂုတ်လတွင် ယွမ်ငွေ ၁၀၀ လျှင် ကျပ် ၉၀၀၀၀ အထိ ပေါက်စျေးရှိလာပြီဖြစ်သည်။
ငွေလဲလှယ်မှု ပေါက်စျေးများကို တွေ့ရစဥ်
ထို့အတူ ယွမ်ငွေထိုးတက်နေမှုကြောင့် အွန်လိုင်းမှနေ၍ တရုတ်ထုတ်ကုန် ရောင်းဝယ်ရေး လုပ်ငန်းများလည်း အခက်တွေ့နေကြောင်း China preorder လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက CNI သတင်းဌာန သို့ပြောသည်။
၎င်းက “ယွမ်စျေးက အဲ့လောက်တက်နေတော့ လက်ရှိပစ္စည်းဒိုင်တွေကလည်း update မလုပ်ကြတော့ဘူးလေ၊ update မဖြစ်တော့ အကုန်ထွက်ကုန်ကြတာပေါ့။ တချို့ဆိုင်တွေလည်း ပိတ်ထားကြပြီ။ ဒီယွမ်စျေးနဲ့ ဒီquality နဲ့ကျ စျေးပေးပြီးဝယ်ဖို့က မတန်တော့ဘူးပေါ့၊ အရင်က China’s product က ပေါပေါပဲပဲ ဝယ်လို့ရတယ်လေ။ အခုကျ စျေးကြီးပေးဝယ်ရမှာဆိုတော့ ဘာလုပ်မှာလဲ မလိုတာတွေဆိုတာမျိုး ဖြစ်လာတာပေါ့။ ခုလောလောဆယ် တော့ China online order တချို့လည်းရပ်ဆိုင်းထားရတယ်။ လုပ်ငန်းကြီးတွေလောက်သာ လည်ပတ်နေ တော့တာ” ဟု CNI သတင်းဌာန သို့ပြောသည်။
ယွမ်စျေးမြင့်တက်မှုကြောင့် Online Shopping လုပ်ငန်းများလည်း အဆင်မပြေဖြစ်နေကြရပြီး ပစ္စည်းစျေးများ သည်လည်း မကြာခဏ တက်နေသည်။
Online Shopping လုပ်ကိုင်သူတစ်ဦးက “တတ်နိုင်သမျှ စျေးမတက်ဘူးဆိုပြီး အားတင်းထားပေမယ့် ကျမ တို့လည်း ယွမ်စျေး ၉၀၀ နီးပါးကိုတော့ တောင့်မခံနိုင်တော့ဘူး။ အရင်တုန်းကဆို ယွမ်ပဲစျေးတက်တက် ဘတ်ပဲစျေးတက်တက် ၁ ရက် ၂ ရက်ပဲလေ၊ အခုကကျ ၁ ပတ် ၁၀ ရက်လောက်ရှိနေပြီကို။ ဒီရက်ထဲမှာ စျေးတွေက ခဏခဏ တက်နေရတာ ဝယ်သူတွေကိုလည်း အားနာတာပေါ့၊ ဒါပေမယ့် မတက်ဘဲ ရောင်းရရင် လည်း ဆိုင်ပိတ်ဖို့ပဲ ကျန်တော့တယ်” ဟု ပြောသည်။
ယွမ်စျေးသည် ယခုထက် ပိုမိုတက်လာမည်ကို ပြည်သူများက စိုးရိမ်နေကြပြီး ၂၀၂၀ ခုနှစ်အတွင်း ယွမ်ငွေ ၁၀၀ လျှင် အနည်းဆုံး ကျပ်ငွေ ၁၅၀၀၀ မှ ၃၀၀၀၀ ထိသာ ရှိခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 2636
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၃
ထိုင်းနိုင်ငံတွင် လုပ်သားလိုအပ်ချက်များ ရှိနေသော်လည်း အထောက်အထား မရှိသူများအနေဖြင့် အလုပ်အကိုင် ရရှိရန် ခက်ခဲနေကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် ခရီးသွားကာလ ဖြစ်သည့်အပြင် အခြားသော လုပ်ငန်းများတွင်လည်း လုပ်သားလိုအပ်ချက် များရှိနေသဖြင့် အထောက်အထား ရှိသူများအတွက် အလုပ်အကိုင် ပေါများကြောင်း၊ အထောက်အထားမရှိ သူများအတွက် အခက်အခဲဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အထောက်အထားရှိတဲ့ လူအတွက်ကတော့ အလုပ်အကိုင်က ပေါတယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် ဒီရာသီ ဒီလိုအချိန်မှာ နိုင်ငံခြားသားခရီးသွားတွေ စတင်တဲ့ကာလဖြစ်တယ်။ ဥပမာ ရေလုပ်ငန်းမှာဆိုလည်း အလုပ်သမားက လိုနေတာပဲလေ။ ဒီလိုကာလ အလုပ်အကိုင်ကတော့ ပိုပြီးတော့ ပေါတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီဟာလုပ်ဖို့အတွက် အထောက်အထား မရှိတဲ့လူတွေ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာပြီး အထောက်အထားမရှိတဲ့ သူတွေအတွက်ကြတော့ အခက်အခဲ ဖြစ်တာပေါ့။ အလုပ်ရှိပေမယ့် လုပ်လို့မရဘူး။ အလုပ်လုပ်တော့လည်း တရားမဝင်တဲ့ အတွက်ကြောင့်မို့လို့ အချိန်မရွေး အဖမ်းခံရမှာကို ကြောက် ရတာပေါ့။ လုပ်ငန်းခွင်မှာကတော့ အထောက်အထားမရှိရင် အများစုကတော့ လက်မခံဘူး”ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
ထို့အပြင် အထောက်အထား ရှိသူများအနေဖြင့်လည်း သတ်မှတ်ထားသည့် အလုပ်ရှင်နှင့် အလုပ်အမျိုးအစား တူညီရမည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများလုပ်ကိုင်ရန် သတ်မှတ်ထားသော အလုပ်ဖြစ်ရမည်ဆိုသည့် အချက်များကြောင့် အလုပ်တစ်ခုနှင့်တစ်ခု ပြောင်းလဲလုပ်ဆောင်ရန်မှာ အခက်အခဲဖြစ်ကြကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များမှ လူသစ်ဘတ်ရိုက်ပေးမည်ဟု ပြောဆိုထားသော်လည်း ယနေ့အထိ တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန်လာခြင်း မရှိသေးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ တရားဝင် အထောက်အထားရရှိရေး စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိအနေအထားအရ ထိုင်းနိုင်ငံအစိုးရရဲ့ မူဝါဒတွေ ဆိုတာကတော့ သူကတော့ သူ့နိုင်ငံရဲ့ လုံခြုံရေး အရ ကြေညာထားတာတွေလည်းရှိပါတယ်။ ရက်ပေါင်း ၁၂၀ စီမံကိန်းဆိုပြီးမှ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် နေထိုင် လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် အဲဒီလုပ်သားတွေ အားလုံးကို စနစ်တကျ ပိုက်စိပ်တိုက် ရှာဖွေပြီးမှ ဖမ်းဆီးအရေးယူနေတာတွေလည်း တွေ့ပါတယ်။ ပြီးတော့ နောက်တစ်ပိုင်းက ဇူလိုင်လ ၆ ရက်နေ့မှာပဲ ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေပြီးမှ ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းကြောင်းကြောင့် ရောက်ရှိနေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အလုပ်သမားတွေကို တရားဝင် နေထိုင် အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးမယ်ဆိုတာတွေလည်း ထုတ်ပြန်ထားတာ တွေ့တယ်။ သို့သော် အခုအချိန်ထိတော့ အချိန်တွေကြာလာ ခဲ့ပေမယ့်လို့ နောက်ဆက်တွဲ အမိန့်ကြေညာစာတွေ လုံးဝမထွက်သေးဘူး။ ဒါနဲ့ပတ်သက်လို့ တရားဝင်နေထိုင်ခွင့် လက်မှတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ မိမိတို့ရဲ့ နေထိုင်ရာအိမ်တွေ၊ အခန်း တွေမှာပဲ လုံခြုံစွာ စနစ်တကျ စောင့်ဆိုင်းနေတဲ့ အနေအထားမျိုးတွေ ရှိနေတာကို တွေ့ရပါတယ်” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ထိုင်းနိုင်ငံထဲသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသား အများအပြား ရှိသကဲ့သို့ ယခုနောက်ပိုင်းတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ရောက်လာကြသူ အများအပြားရှိကြောင်းလည်း သိရသည်။
ထို့အပြင် ထိုင်းအာဏာပိုင်များမှ တရားမဝင် အထောက်အထားမဲ့များအား စီမံချက်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေ ပြီး ဖမ်းဆီးခံရသူ ၁ သိန်းကျော် ရှိသည့်အထဲတွင် မြန်မာနိုင်ငံသားမှာ အဓိကအများဆုံးဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1696
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၂
မလေးရှား လ.ဝ.က ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများထဲမှ နေရပ် (မြန်မာနိုင်ငံ)သို့ မပြန်ချင်သူ အများအပြားရှိနေကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီ ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတစ်နိုင်ငံလုံး အတိုင်းအတာအရ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ဦးရေမှာ များပြားလျက်ရှိသည်။
သို့သော် မြန်မာသံရုံးမှ နေရပ်ပြန်ပို့ရေးအတွက် လာရောက်မေးမြန်းရာတွင် နေရပ်မပြန်လိုကြသဖြင့် ထွက်မတွေ့ကြသူ အများအပြားရှိကြောင်း မလေးရှား၌ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါ လ.ဝ.က ထိန်းသိမ်းရေးစခန်းက တာဝန်ရှိပုဂ္ဂိုလ်တွေ ပြောပြလို့ သိရတာပါ။ ဥပမာအနေနဲ့ ထိန်းသိမ်း ရေး စခန်းတစ်ခုမှာ မပြန်ဘဲနဲ့ ငြင်းဆန်နေတဲ့ မြန်မာနိုင်ငံသားချည်းပဲ အနည်းဆုံး အယောက် ၃၀၀ လောက် ရှိပါ တယ်။ ဒါထိန်းသိမ်းရေးစခန်း တစ်ခုမှာတင်ပဲ ရှိပါသေးတယ်။ ထိန်းသိမ်းရေးစခန်းက အများကြီးရှိတယ်လေ။ လောလောဆယ် ဒီကလေးတွေကလည်း မြန်မာနိုင်ငံက အခြေအနေ အရပ်ရပ်ကြောင့် မပြန်ရဲသေးတာကြောင့် သူတို့ကလည်း ပြန်ဖို့အတွက် ငြင်းဆိုနေကြတာပေါ့။ သူတို့ဒီလို မပြန်ဘဲ ငြင်းဆန်နေသရွေ့ကတော့ ထိန်းသိမ်း ရေး စခန်းတွေမှာပဲ ရှိနေမယ်။ ဘာကြောင့်လဲဆိုတော့ မလေးရှားနိုင်ငံက လူ့အခွင့်အရေးတွေ ပေးထားတာတွေ ရှိပါတယ်။ ပြန်ဖို့အတွက် သဘောမတူသရွေ့ မလေးရှားအစိုးရကလည်း အတင်းအကျပ်ကြီး ပြန်ပို့တာမျိုး မတွေ့ရ သေးပါဘူး” ဟု ပြောသည်။
အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်စီများကိုတွေ့ရစဉ်
မလေးရှားအာဏာပိုင်များမှ နိုင်ငံအတွင်းရှိ တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို နေရပ်ပြန်ရေး အစီအစဉ်အား ဖွင့်လှစ်ပေးထားသော်လည်း နေရပ်ပြန်သည့်နှုန်းထားမှာ ၎င်းတို့ရှိ စာရင်းများနှင့် ကိုက်ညီမှုမရှိဘဲ အင်မတန်နည်းပါးလှကြောင်း သိရသည်။
လက်ရှိ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အများစုသည် အေးဂျင့်များဖြင့် နေထိုင်အလုပ်လုပ် ခွင့် ပါမစ်ပြုလုပ်ကြရာတွင် ပါမစ် အတုရရှိကြမှု များပြားနေကြောင်း၊ မလေးရှား အာဏာပိုင်များမှလည်း နိုင်ငံခြား သားများကို လျှော့ချချင်သဖြင့် အဖမ်းအဆီး များပြားနေကြောင်း ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူး ချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ အစိုးရမှာလည်း စီမံချက်ရှိတယ်လေ။ စီမံချက်က ၃ နှစ်အတွင်းမှာ တရားမဝင် အလုပ်သမားတွေ ပပျောက်ရေး၊ နောက်ပြီး နိုင်ငံခြားသား အလုပ်သမားတွေ လျှော့ချပြီး နိုင်ငံသားအလုပ်သမားတွေကို သူတို့နေရာ မှာ skill တွေ မြှင့်တင်ပြီးတော့ အစားထိုးရေး ထုတ်ပြန်ထားတာရှိတယ်။ အဲဒီကိစ္စကို အကောင်အထည်ဖော်တဲ့ အခါကြတော့ အဖမ်းအဆီးက တော်တော်ကိုများပါတယ်။ ၂၄ နာရီ မပြည့်ခင်မှာ သူဋ္ဌေးက သွားရောက်တွေ့ဆုံပြီး ထုတ်ရတယ်။ ၃၊ ၄ ရက် ကြာပြီးမှဆို သူတို့အရမ်းစိတ်ဆိုးတယ်။ နောက် ပါမစ်တွေမှာက လိပ်စာပါပြီးသား ဖြစ်တယ် အဲဒီနေရာမှာ မဟုတ်ဘဲ တခြားမှာ သွားလုပ်နေရရင်တော့ ဥပဒေဖောက်ဖျက်မှုနဲ့ ဖမ်းတာတွေ ရှိတယ်။ ဒါပေမယ့်လည်း ဒဏ်ငွေ ၁၀၀၀ ပေးလိုက်ရင်တော့ ပြန်လွှတ်ပေးတာ များတယ်” ဟု ပြောသည်။
မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်
ပြီးခဲ့သည့်ရက်ပိုင်းက မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ အရာရှိများနှင့် မြန်မာသံအမတ်တို့ တွေ့ဆုံခဲ့ကြပြီး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မလေးရှားအာဏာပိုင်များမှ ပါမစ်ပြုလုပ်ပေးရာတွင် အလုပ်ရှင်သူဋ္ဌေး ရှိသူများကိုသာ ပြုလုပ်ပေးခြင်း ဖြစ်သော်လည်း အလုပ်ရှင်သူဋ္ဌေး မရှိသူများမှာ အေးဂျင့်များဖြင့် ပါမစ်ပြုလုပ်ကြခြင်းဖြစ်သည်။
ထိုသို့ အေးဂျင့်ဖြင့် ပါမစ်ပြုလုပ်ထားသူများအနေဖြင့် အော်ပရာစီ ဖမ်းဆီးခံရချိန်တွင် ပါမစ်မှာ ပါရှိသည့် နေရာ၊ အလုပ်အကိုင်နှင့် လွဲမှားလုပ်ကိုင်နေကြသည့်အတွက် ပြန်မလွတ်ဘဲ နေရပ်ပြန်ပို့ခြင်းကိုခံရကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1917
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၂
ဗဟိုဘဏ်ကို သိက္ခာကျဆင်းစေရန်အတွက် မဟုတ်မမှန်သည့် သတင်းများထုတ်ပြန်ခဲ့သည့် NUGGETS Viber Group အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သြဂုတ်လ (၁၀) ရက်နေ့ ညပိုင်းတွင် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
NUGGETS Viber Group သည် နိုင်ငံခြားငွေလွှဲနှုန်း ကမောက်ကမ ဖြစ်စေလိုသည့် ရည်ရွယ်ချက်များ၊ စျေးကစား လိုသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံခြားငွေစျေးနှုန်းများ သတ်မှတ်ခြင်း၊ တရားမဝင်ရောင်းဝယ်နေခြင်းများကို ဆောင်ရွက်နေခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။
NUGGETS Viber Group လုပ်ငန်းစုကို တွေ့ရစဥ်
ဒါ့အပြင် NUGGETS Viber Group သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အပေါ် သိက္ခာကျဆင်းစေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သည့် သတင်းများထုတ်ပြန်ပြီး တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်ခြင်းကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း NUGGETS Viber Group မှ ထပ်မံထုတ်ပြန်လာသည်ကို တွေ့ရသည် ဟုလည်း ဗဟိုဘဏ်က ဆိုထားသည်။
ထို့ကြောင့် NUGGETS Viber Group အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အများပြည်သူများအနေဖြင့်လည်း မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များတွင်သာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်း ပြုလုပ်ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထည့်သွင်း အသိပေးထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1677
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉
မလေးရှားတွင် အေးဂျင့်များဖြင့် ပါမစ်ပြုလုပ်ထားသည့် မြန်မာအချို့ အဖမ်းအဆီးခံရပါက ပြန်မလွတ်ဘဲ နေရပ်ပြန်ပို့ခြင်းခံရကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားအာဏာပိုင်များမှ ပါမစ်ပြုလုပ်ပေးရာတွင် အလုပ်ရှင်သူဋ္ဌေးရှိသူများကိုသာ ပြုလုပ်ပေးခြင်း ဖြစ်သော် လည်း အလုပ်ရှင်သူဋ္ဌေးမရှိသူများမှာ အေးဂျင့်များဖြင့် ပါမစ်ပြုလုပ်ကြခြင်းဖြစ်သည်။
ထိုသို့ အေးဂျင့်ဖြင့် ပါမစ်ပြုလုပ်ထားသူများမှာ အော်ပရာစီဖမ်းဆီးခံရချိန်တွင် ပါမစ်တွင် ပါရှိသည့်နေရာ၊ အလုပ်အကိုင်နှင့် လွဲမှားလုပ်ကိုင်နေကြသည့်အတွက် ပြန်မလွတ်ဘဲ နေရပ်ပြန်ပို့ခြင်းကိုခံရကြောင်း မလေးရှား တွင် မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားအာဏာပိုင်များက တရားမဝင်လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်လာစဉ်
“ကိုယ့်သူဋ္ဌေးနဲ့ ကိုယ်ကိုယ်တိုင်လုပ်တဲ့လူတွေအတွက်ကတော့ ပြဿနာမရှိပါဘူး။ အဲဒီလို အေးဂျင့်တွေ ဘာတွေ နဲ့ လုပ်တဲ့လူတွေအတွက်ကြတော့ လက်ရှိအချိန်မှာ ပြဿနာတွေ အများကြီးတွေ့နေရပါတယ်။ မလေးရှား အစိုးရ ကလည်း ဒီပါမစ်ကိုစဖွင့်ကတည်းက သူဌေးတိုက်ရိုက်နဲ့ပဲ ပါမစ်ကိုလုပ်တာ လက်ခံပါတယ်။ အေးဂျင့်တွေကို သူတို့ လက်မခံပါဘူး။ သို့ပေမယ့် အေးဂျင့်တွေဝင်ပြီး လုပ်နေတယ်၊ ဘာညာပေါ့နော်။ အခုအချိန်မှာ တချို့ တချို့ သော အေးဂျင့်တွေလည်း ပြဿနာတွေစတက်နေပါပြီ။ တချို့ပါမစ်လုပ်တဲ့ ကလေးတွေ ဆိုရင်လည်း စာအုပ်ရော၊ ငွေရောဆုံးရှုံးတာတွေကိုလည်း တွေ့မြင်နေရပါတယ်။ တချို့ဆိုရင်လည်း အေးဂျင့်ပါမစ်နဲ့ ထွက်လာတယ် သို့ပေမယ့်လည်း အော်ပရာစီတွေ မိတဲ့အချိန်မှာ ဒီပါမစ်က သူတို့လုပ်ထားတဲ့ ကုမ္ပဏီနဲ့ အလုပ်လုပ်တဲ့ ကုမ္ပဏီ မတူညီတဲ့အတွက်ကြောင့် ဥပဒေကိုချိုးဖောက်တဲ့အနေနဲ့ တချို့တချို့သော ကလေးတွေ မြန်မာပြည်ကို ပြန်ပို့ခံနေရတာတွေကိုလည်း တွေ့မြင်နေရပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် အဖမ်းအဆီးများမှာ နေ့စဉ်များပြားလျက်ရှိနေပြီး နေရာစုံ၌ လိုက်လံစစ်ဆေး ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ တရားမဝင်အထောက်အထားမဲ့ နိုင်ငံခြားသားများပြားနေသည့်အတွက် ၎င်းနိုင်ငံသားများ အနေဖြင့် လ.ဝ.က ၏ ဖမ်းဆီးမှုများအပေါ် ထောက်ခံအားပေးကြကြောင်းလည်း ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားအာဏာပိုင်များက တရားမဝင်လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်လာစဉ်
"အဖမ်းအဆီးကများတယ်။ တော်တော်ကိုများတယ်။ နေရာတော်တော်များများမှာ လ.ဝ.က က ဝင်ဖမ်းတာ ရှိတယ်။ ဘယ်လောက်အထိ များလဲဆိုရင် အရင်တုန်းက ယူနီဖောင်းမဝတ်ရင် မဖမ်းရဘူး။ အခုက ယူနီဖောင်း မဝတ်ဘဲနဲ့ အရပ်ဝတ်တွေနဲ့ ထောက်လှမ်းရေးလိုလို လွှတ်ထားတယ်။ လွှတ်ထားပြီးတော့ စားသောက်ဆိုင်၊ နိုင်ငံခြားသားတွေများတဲ့ အလုပ်များတဲ့နေရာတွေမှာ လွှတ်ထားတယ်။ ဓာတ်ပုံတွေ ဗွီဒီယိုတွေရိုက်ထားတယ် မှတ်တမ်းတင်ထားတယ် ပြီးတော့မှ သေချာပြီဆိုတော့မှ ဝင်စစ်တယ်။ တချို့နေရာတွေကြတော့ ဒီအတိုင်းပဲ အရပ်ဝတ်နဲ့ပဲ လ.ဝ.က က ဖမ်းတယ်။ မလေးရှား ပြည်သူလူထုကလည်း လ.ဝ.ကကို အားပေးကြတာပေါ့။ လ.ဝ.က လုပ်တာမှန်တယ်၊ လ.ဝ.က ဒါထက်အများကြီးလုပ်သင့်တယ်ဆိုပြီး" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ အရာရှိများနှင့် မြန်မာသံအမတ်တို့ တွေ့ဆုံခဲ့ကြပြီး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ထိန်းသိမ်းခံထားရသူ များ၏ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သံရုံးမှ ထုတ်ပြန်ထား သည်။
ယခုကဲ့သို့ မလေးရှား လ.ဝ.ကမှ သွားရောက်တွေ့ဆုံခြင်းသည် ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဦးရေ များပြားနေခြင်းကြောင့်ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1850
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၈
မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ အရာရှိများနှင့် မြန်မာသံအမတ်တို့ တွေ့ဆုံခဲ့ကြပြီး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ထိန်းသိမ်းခံထားရသူများ၏ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သံရုံးမှ ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ မလေးရှား လ.ဝ.ကမှ သွားရောက်တွေ့ဆုံခြင်းသည် ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဦးရေ များပြားနေခြင်းကြောင့်ဖြစ်နိုင်သည်ဟု ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူး ချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်တစ်ခုက လူတွေအရမ်းများတဲ့အခါတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အများကြီးဖြစ်ကြတယ် ရောဂါအမျိုးမျိုးပေါ့။ သံရုံးရဲ့ ဆောင်ရွက်ချက်က ဟိုးအရင်တုန်းကနဲ့ လုံးဝမတူဘူး။ နံပါတ် ၁ က နှေးတယ်၊ နံပါတ် ၂ က အကုန်တော်တော်များများကို မဖြေရှင်းနိုင်ဘူး။ မဆောင်ရွက်နိုင်ဘူး။ မကူညီနိုင်ဘူးဖြစ်တယ်။ နောက်တစ်ခုက မြန်မာနိုင်ငံကို ဒီနေ့ ဒီနေ့မှာ ပြန်ရမယ်ဆိုပြီးတော့ အော်ပရာစီမှာ လ.ဝ.က-က ဖမ်းဆီး အပြစ် ပေး ထောင်ချပြီးတော့ ပြန်ပို့မယ့် လူဦးရေကလည်း အလွန်တရာများတယ်၊ ဘင်္ဂလားဒေ့ရှ်ပြီးရင် မြန်မာက ဒုတိယအများဆုံးဖြစ်တယ်။ အဲဒါကြောင့် သူတို့ အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်နေတယ်ပေါ့။ လ.ဝ.က-က ဘယ်လိုမှ သူတို့တစ်ခုတည်းနဲ့ မရှင်းနိုင်ဘူးပေါ့။ သံရုံးပါ ပူးပေါင်းဖြေရှင်းရမယ်ဆိုပြီး သွားရောက်တွေ့ဆုံတာနဲ့ တူပါတယ်” ဟု ပြောသည်။
မြန်မာအလုပ်သမားများ စစ်ဆေးခံနေရစဉ်
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ ရွှေ့ပြောင်းသွားကြသကဲ့သို့ မလေးရှားနိုင်ငံထဲသို့လည်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသွားကြသည့် မြန်မာနိုင်ငံသားနှုန်းထားမှာ အင်မတန် များပြားနေကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင်လည်း နိုင်ငံပေါင်းစုံမှ ဝင်ရောက် လာကြသူများကြောင့် လူဦးရေ ထူထပ်များပြားနေကာ အလုပ်အကိုင်ပိုင်းမှာလည်း ရှားပါးလျက်ရှိနေဆဲဖြစ်သည်။
ထူထပ်များပြားနေသည့် နိုင်ငံခြားသားလူဦးရေအား လျှော့ချလိုသည့် အတွက်လည်း မလေးရှားအာဏာပိုင်များမှ တရားမဝင် အထောက်အထားမဲ့များ ဒဏ်ကြေးပေးဆောင်၍ နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို ယခုနှစ်ကုန်ပိုင်း အထိ ဖွင့်လှစ်ပေးထားသည်။
သို့သော် ယနေ့အထိ နေရပ်ပြန်သည့် တရားမဝင် လုပ်သားဦးရေမှာ နည်းပါးနေသည့်အတွက် အော်ပရာစီ အဖမ်းအဆီးများ ဆက်လက် ရှိနေဦးမည်ဟု မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရစဉ်
၎င်းက “မနေ့ကတင် ကျနော် သတင်းတစ်ပုဒ် ဖတ်ရပါတယ်။ မလေးရှားအစိုးရကနေ ထုတ်ပြန်တဲ့သတင်းပေါ့။ အဖမ်းအဆီးတွေကတော့ ဆက်ရှိနေဦးမှာပဲ။ လက်ရှိအချိန်မှာလည်း ၁၂ လပိုင်းကုန်အထိ ဒဏ်ကြေးဆောင်ပြီး ပြန်ဖို့အတွက်ကို သူတို့အခွင့်အရေးပေးထားတဲ့ အနေအထားမျိုးမှာ ဒီကြားထဲမှာလည်း သူတို့ အဖမ်းအဆီးတွေက ရှိဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ မလေးရှားအစိုးရကလည်း သိတယ်။ သူတို့နိုင်ငံအတွင်းမှာ တရားမဝင် နိုင်ငံခြား သားတွေ ဘယ်လောက်ရှိတယ်ဆိုတာ သူတို့ခန့်မှန်းခြေတွေရှိပါတယ်။ သို့ပေမယ့်လည်း ဒဏ်ကြေးဆောင်ပြီး ပြန်တဲ့သူတွေက သူတို့ခန့်မှန်းထားတဲ့ သတ်မှတ်ချက်ကို မပြည့်မီတော့ သူတို့သိတယ်။ နိုင်ငံအတွင်းမှာ တရား မဝင်တွေ အများကြီးရှိနေတာကို သူတို့သိနေတဲ့အတွက် သူတို့ဒီလို ဖမ်းဆီးမှုတွေကတော့ ဆက်ရှိနေဦးမှာပဲ။ ရပ်တန့်သွားဖို့အတွက်ကို ပြောဆိုလာတာတွေ မရှိသေးပါဘူး” ဟု ပြောသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် လုပ်သားအသစ် ခေါ်ယူခြင်းများကို လုံးဝရပ်နားထားခြင်း ဖြစ်သော်လည်း အလုပ် ခေါ်စာအတုများ၊ ပွဲစားအေးဂျင့်များမှ လုပ်သားခေါ်ယူ စုဆောင်းခြင်းများမှာ ရှိနေဆဲဖြစ်သည်။
ထို့အပြင် ဒုက္ခသည်အဖြစ် ခိုလှုံရန် ရောက်ရှိလာသည့် တိုင်းရင်းသား လူဦးရေမှာလည်း ယခင်ကထက် ပိုမို များပြားလာနေပြီး UNHCR ဘက်မှ ဆောင်ရွက်ပေးမှုသည်လည်း ထူးခြားမှုမရှိသေးကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1638
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၇
ပြည်တွင်းဆီ ဖူလုံဖို့အတွက် ဆီအုန်းစိုက်ပျိုးမှုမှ ထွက်ရှိသည့် ဆီကြမ်းများကို စားသုံးဆီချော ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၆ ရက်နေ့က စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ တိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆီထွက်သီးနှံများနှင့် ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့် (၄) ချက်နှင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှုများ တိုးတက်စေရေး စိုက်ပျိုးတောင်သူများကို အားပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နေကြာသည်လည်း ဆီထွက်သီးနှံများတွင် တွက်ခြေကိုက်သည့် ဆီထွက် သီးနှံတစ်ခုဖြစ်၍ နေကြာကို အမှန်တကယ် တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုလျှင် နိုင်ငံအတွက် အကျိုးဖြစ် ထွန်းမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
၎င်းက “ နေကြာစိုက်ပျိုးမှုများကို တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုများမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အထွက်နှုန်း များ နည်းပါးလျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုမှထွက်ရှိသည့် ဆီကြမ်းများကို စက်မှုကုန်ကြမ်းအဖြစ် သုံးစွဲ လျက်ရှိပြီး ဆီကြမ်းများမှ စားသုံးဆီချော ထုတ်လုပ်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရန်လိုကြောင်း၊ ဆီထွက် သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းဆီ ဖူလုံမှုများ တိုးတက်လာ မည်”ဟု ပြောသည်။
စားသုံးဆီ တန်းစီ၀ယ်နေကြစဉ်
ထို့နောက် အဓိက စိုက်ပျိုးသီးနှံများဖြစ်သည် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင် စိုက်ပျိုးရ မည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
နစကသည် ပြည်တွင်းတွင် စက်သုံးဆီနှင့် စားသုံးဆီ ဖူလုံအောင် ကြိုးပမ်းနေရသလို ဈေးနှုန်းကိုလည်း ထိန်း သိမ်းနေရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့် စားသုံးဆီများမှာ မကြာခဏ ပြတ်လပ်သွားသည့် အခြေအနေဖြင့် ကြုံ တွေ့နေရသလို ဈေးနှုန်းကြီးမြင့်မှုဖြင့်လည်း ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များသတင်းကတော့ ရန်ကုန်ုတိုင်းဒေသကြီးအတွင်းမှာ ခွဲတမ်းဖြင့် စားသုံးဆီများကို ရောင်းချပေးလျက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1435
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၇
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့် ကျပ် ငွေပေးချေမှုကိုဆောင်ရွက်ရန် မြန်မာနိုင်ငံရှိ ဘဏ် ၈ ခုအား အိန္ဒိယအစိုးဘက်မှ အတည်ပြုခဲ့ပြီး ထိုသို့ ငွေပေးနိုင်မှုသည် လုပ်ငန်းရှင်များအတွက် ခုသာခံသာ အနေအထား တစ်ခုဖြစ်စေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုများအတွက် ဒေါ်လာဖြင့် ငွေပေးချေကြရာတွင် စင်ကာပူဘဏ်မှ တဆင့် လုပ်ဆောင်ကြခြင်းဖြစ်သော်လည်း နိုင်ငံတကာ၏ ပိတ်ဆို့မှုများခံနေရခြင်းဖြစ်သည်။
ယခုကဲ့သို့ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်းက ပို၍ကောင်းကြောင်း၊ ယခုစနစ်အောင်မြင်ပါက လုပ်ငန်းရှင်များအတွက် ခုသာခံသာ ဖြစ်စေသော်လည်း မြန်မာနိုင်ငံ၏ ပြဿနာမှာ ငွေလဲလှယ်နှုန်းကို ငြိမ်အောင်မထိန်းထားနိုင်ခြင်းသာ ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ဒါပေမယ့်တစ်ခုရှိတာက ကိုယ့်ဆီက မထိန်းနိုင်တာက Exchange Rate ပဲ။ အခု ရူပီးနဲ့ပဲလုပ်လုပ် ထိုင်းဘတ် နဲ့ပဲလုပ်လုပ် ယွမ်နဲ့ပဲလုပ်လုပ် ကိုယ်တွေက ဗမာငွေ ကျပ်ပေးမယ်ဆိုရင် သူတို့ကမလိုချင်ဘူး။ ဒါပေမယ့် တစ်ခု ကောင်းတာက သူတို့ဆီကိုပို့လိုက်တယ်၊ ရလာတဲ့ ဘတ်တို့ ယွမ်တို့ ရူပီးတို့ ဒါနဲ့ပြန်ဝယ် အဲဒီလိုပဲအဆင်ပြေတယ်။ အခုက ကိုယ့်ဘက်က Exchange Rate ငြိမ်အောင်မထိန်းပေးနိုင်တော့ one side တော့ဖြစ်နေတယ်။ ဒါပေမယ့် ဘာပဲပြောပြော ရတဲ့ဟာကို ဒေါ်လာကို convert လုပ်၊ convert လုပ်ပြီးတော့မှ တစ်ခါ Trade လုပ်တာထက် စာရင်တော့ နည်းနည်းအဆင့်တွေရော၊ ricks တွေရော၊ cost တွေရော အဲဒီဟာတွေတော့ လုပ်ငန်းရှင်တွေ အတွက် သက်သာလာမှာပဲ” ဟု ၎င်းက ပြောသည်။
အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်ပေါက်တစ်ခု
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့် ကျပ် ငွေပေးချေမှုကိုဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်ရှိ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ဘဏ် ၁၁ ခု အဆိုပြုခဲ့ကြရာ ဘဏ် ၈ ခုအား အိန္ဒိယအစိုးရဘက်မှ အတည်ပြု ခဲ့ခြင်းဖြစ်သည်။
၎င်းဘဏ်များမှာ UAB၊ CB၊ ကမ္ဘာ့ရတနာ၊ ရိုးမ၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံသားများ ဘဏ်၊ ဧရာဝတီနှင့် ရွှေ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဘဏ်များသည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့်ကျပ် ငွေပေးချေမှုကို ဆေင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံဘဏ်များအကြား Special Rupee Vostro Account ကို အသုံးပြု ဆောင်ရွက် ရမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ကျန်ရှိသည့် ဘဏ် ၆ ခုကိုလည်း ဆောင်ရွက်ခွင့်ရသည့်ဘဏ်များအဖြစ် ခွင့်ပြုနိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုတွင် ပမာဏတစ်ခုအထိ ပါဝင်နေပြီး တရုတ်ယွမ်ငွေကဲ့သို့ အသုံးမများ သော်လည်း ရုရှားငွေ ရူဘယ်ထက် မာကြောင်း၊ မြန်မာငွေကြေးကလွဲပြီး ကျန်သည့် နိုင်ငံခြားငွေကြေးများမှ ခိုင်မာနေသည့်အတွက် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းက ကောင်းမွန်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ပြောသည်။
ကုန်တင်ကားများကို တွေ့ရစဉ်
“အသုံးပြုခွင့်ပေးတာ မပေးတာထက် အဓိကက သုံးသူနဲ့ ဖလှယ်သူကြားထဲမှာ သူတို့လက်ခံဖို့လိုတယ်။ လက်ခံတယ်ဆိုရင် ဒါကောင်းတဲ့ကိစ္စပဲလေ။ လက်ခံတယ်၊ လက်မခံဘူးဆိုတာကတော့ both party ရဲ့ ဉာဏ်နဲ့ အမြော်အမြင်နဲ့ သက်ဆိုင်ရာ တစ်ခုချင်း currency ရဲ့ strong ဖြစ်မှုလိုတာပေါ့။ အဲဒီလိုခွင့်ပြုတာတော့ ကောင်းပါတယ်။ ကောင်းတယ်ဆိုတာက ကြေညာချက်က အလကားတော့ ထွက်တာမဟုတ်ဘူးလေ။ တစ်ဖက်က အိန္ဒိယအစိုးရကလည်း ဗမာကျပ်ငွေကို လက်ခံရမယ်ဆိုတဲ့ concept ရှိမှာပေါ့။ ဒါကြောင့်မို့လို့လည်း ထွက်လာတာပေါ့။ ဗမာကတော့လက်ခံရမှာပေါ့ ကိုယ့်ငွေကလွဲရင် အကုန်လုံးက ခိုင်မာနေတဲ့ ငွေချည်းပဲ ဖြစ်နေတာကို။ တစ်ခုတော့ရှိတာပေါ့ ကမ္ဘာပေါ်မှာ အသုံးများတဲ့ ငွေကြေး currency ထဲမှာတော့ အိန္ဒိယက မပါသေးဘူး။ တရုတ်ယွမ်ငွေကတော့ ပါသွားပြီ ဂျပန်နေရာကိုတောင်ဝင်ယူသွားပြီ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံနှင့် အခြားကုန်စည်များကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး အိန္ဒိယဘက်မှ ဆေးဝါးနှင့် အခြား ကုန်စည်များကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။
မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအမှတ် ၂ နယ်စပ်ဂိတ်ဖြစ်သည့် ရိဒ်နယ်စပ်ဂိတ်အား အိန္ဒိယအာဏာပိုင်များက ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားကြောင်းသိရပြီး ထိုသို့ပိတ်ထားရခြင်းမှာ ကွမ်းသီးခြောက်များ အိန္ဒိယ နိုင်ငံထဲသို့ တရားမဝင်တင်သွင်းနေသည့်ဆိုသည့် တိုင်ကြားချက်ကြောင့်ဖြစ်ကြောင်းလည်း သိရသည်။