
- By CNI
- Category: စီးပွားရေး
- Hits: 1354
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂
နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများ ရှိနေသည်ကို နေ့စဉ်သိရှိနေရကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး၌ ပြောဆိုသွားခြင်းဖြစ်သည်။
နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ဘာကြောင့် ဖြစ်လာရသလဲဆိုသည့်အပေါ် စီးပွားရေး လေ့လာသုံးသပ်သူနှင့် ပညာရှင်များအကြား သုံးသပ်ဆွေးနွေးမှုများလည်း ရှိနေသည်။
ယခုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ၏ စနစ်အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
“အဓိကကတော့ system weakness ရှိလို့ တရားမဝင်ကုန်သွယ်မှုဖြစ်ရတာပဲ။ system weakness မရှိရင် တရားမဝင်ကုန်သွယ်မှုကမဖြစ်ဘူး။ တရားဝင်ကုန်သွယ်လို့ easy ဖြစ်တယ်။ convenience ဖြစ်တယ်ဆိုရင် မဖြစ်ဘူးပေါ့။ တစ်ခုပဲရှိတယ် တရားဝင်ကုန်သွယ်မှုမှာ အရပ်သားလိုစဉ်းစားရင် Tax ပဲ။ Tax က မများဘူး သဘာဝကျတယ်ဆိုရင် ဘယ်သူက တရားမဝင်ကုန်သွယ်မှာလဲ။ အဓိကက တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှာ barrier တွေရှိမှာပေါ့။ လုပ်ရတာခက်တာတို့၊ ပါမစ်တွေကြာတာတို့ စသဖြင့်လေ ဒါတွေက system weak ဖြစ်လို့ တရားမဝင်ဆိုတာ ဖြစ်လာတာ။ သာမန်အားဖြင့်ဆို ထိုင်းမှာ တရားမဝင်ကုန်သွယ်တာမရှိဘူး။ ဘာလို့ဆို system ကောင်းနေတာကို။ system ကိုလည်း ပြန်စဉ်းစားရမှာပေါ့။ barrier တို့မရှိဖို့လိုတယ်။ barrier ဆိုတာ အခုအခံ တွေပေါ့” ဟု ၎င်းက ပြောသည်။
တရားမဝင်ကုန်သွယ်မှုဆိုသည်မှာ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ စသည့် တရားမဝင်ကုန်အဖြစ် သတ်မှတ်ထားသည့်အရာများကို ကုန်သွယ်ခြင်း၊ အစိုးရဌာနဆိုင်ရာမှ ချမှတ်ထားသည့် အဆင့်ဆင့်သို့ မကျော်ဖြတ်ချင်သည့်အတွက် တရားဝင်ကုန်များကို တရားမဝင်ကုန်သွယ်မှုဟူ၍ ရှိကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးကားများ
တရားမဝင်ကုန်အဖြစ် သတ်မှတ်ထားသည့်အရာများကို ကုန်သွယ်မှုအပေါ် အစိုးရအနေဖြင့် ဖမ်းဆီးအရေးယူသင့် ပြီး အစိုးရမှချမှတ်ထားသည့် မူဝါဒများကြောင့် တရားဝင်ကုန်များအား တရားမဝင်ကုန်သွယ်နေကြခြင်းကိုမူ ဖြေလျှော့ကုစားပေး၍ရကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“နောက်တစ်ခုကကြတော့ Cost တွေရှောင်ချင်လို့။ တရားဝင်တင်သွင်းလိုက်ရင် လုပ်ရတဲ့ Process တွေ ကလည်း ကြာတယ်။ အခွန်အခတွေကလည်း အများကြီးပေးရမယ်။ quality control တွေကလည်း ရှိမယ်။ FDA လက်မှတ်ရမှ သွင်းလို့ရမယ့်ဆေးတို့ ဒါမျိုးတွေရှိတယ်။ အဲဒီလိုမျိုးဟာတွေကြောင့် အခက်အခဲတွေကို ကျော်ဖြတ်ချင်တာရယ်၊ Cost တွေကိုလျှော့ချချင်တာရယ် အဲဒီရည်ရွယ်ချက်ကြောင့်လည်း သူက Illegal Trade ဖြစ်လာတယ်။ Illegal Product မို့လို့ Illegal ဖြစ်တာကြတော့ ဒါမျိုးကတော့ အစိုးရက ကုစားပေးလို့မရဘူးပေါ့။ ဒါမျိုးကိုတော့ သူက ရအောင်ဖမ်းရမယ်။ တခြားစီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ Process တွေကို မဖြတ်ချင်လို့ လုပ်တဲ့ Illegal Trade မျိုးကြတော့ အစိုးရက သေချာလေ့လာ ဘယ်ဟာတွေကတော့ ဖြေလျှော့ပေးလို့ရတယ်၊ ဘယ်ဟာတွေ ကတော့ ဘယ်လိုမျိုး လွယ်ကူအောင်လုပ်ပေးလို့ရတယ်၊ ဘယ်ဟာတွေကတော့ cost လျှော့ချလို့ရတယ်။ ဒါမျိုး စဉ်းစားပြီးတော့ လုပ်ပေးရမှာ။ အဲဒီလို လုပ်ပေးမှပဲ Illegal Trade က ကျသွားမှာ။ အခုအတိုင်းလိုက်ဖမ်းဖမ်း ကြိုက်သလောက်ဖမ်း၊ Illegal Trade က ရှိနေမှာ” ဟု ၎င်းက ပြောသည်။
၎င်းတရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ၏စီးပွားရေးကိုထိခိုက်စေလျက်ရှိခြင်းကြောင့် ကုန်သွယ်မှုနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ မှ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လမ်းခရီး၌ မလိုလားအပ်သည့်ကုန်ကျစရိတ်များကြောင့် ကုန်ဈေးနှုန်းများမြင့်တက်နိုင်ကြောင်း၊ နယ်စပ် ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေမည့် လုပ်ဆောင်မှုများမရှိအောင် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ပေးရန်လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1959
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁
မြန်မာနိုင်ငံတွင် မအောင်မြင်ခဲ့သည့် သမဝါယမစနစ်ကို ယခုလက်ရှိအချိန်မှာ ပြန်လည်အသက်သွင်း လုပ်ဆောင် မည်ဆိုပါက တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ မအောင်မြင်သည့်အပြင် တစ်နိုင်ငံလုံး မှောင်ခိုဈေးကွက်ဖြစ်သွားနိုင်သည် ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမ စနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့သည်။
စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက “မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍက အခုဆို တော်တော်ကို ပျက်စီးနေပြီ။ သူတို့လုပ်တဲ့ပုံစံကလည်း ဘာမှ research နဲ့ ဘာနဲ့ သေသေချာချာ လုပ်တဲ့ဟာ မဟုတ်ဘူး။ စိတ်ထဲထင်ရာ ကောက်လုပ်တဲ့ပုံစံမျိုး။ ဆန်လိုဟာမျိုးပဲကြည့်။ ဆန်ကို သူဈေးနှုန်း သတ်မှတ်လိုက်တယ် ဒီဈေးဒီဈေးထက် ပိုမရောင်းရဘူး။ အခု ဗမာပြည်မှာထွက်တဲ့ ဆန်က supply ကို shortage ဖြစ်နေပြီ။ ကိုယ်တွေလိုချင်လို့ မှာလိုက် တယ်။ ဆန်တွေပြတ်နေပါတယ်။ အခု ဆန်တွေ မရောက်လို့ပါ လမ်းပန်းဆက်သွယ်ရေး ဘာညာကြောင့်ပါနဲ့။ အမှန်ဆို သူတို့ဆီမှာရှိတယ်။ ရောင်းမပေးချင်ဘူး။ ဒီဟာကြီးကို အကောင်အထည်ဖော်မယ်ဆိုရင် အခုလက်ရှိ အနေအထားအရကို မှောင်ခိုဈေးကွက်က တော်တော်လေး ကြီးနေပြီ။ သမဝါယမစနစ်သာ လုပ်လိုက်လို့ကတော့ တစ်နိုင်ငံလုံးက မှောင်ခိုဈေးကွက်ကြီး ဖြစ်သွားတော့မှာ” ဟု ပြောသည်။
သမဝါယမစနစ်ဖြင့် ဖွင့်လှစ်ထားသော ဈေးဆိုင်ကို တွေ့ရစဉ်
ခေတ်အဆက်ဆက်၌ အစိုးရများအနေဖြင့် စီးပွားရေးစနစ် အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိ အခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတကာတွင် သမဝါယမစနစ်အား အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများတွင်သာ အသုံးပြုကြခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမဝါယမစနစ်သို့ ပြန်သွားမည်ဆိုပါက ၎င်းတို့ကဲ့သို့သာ ရည်ရွယ်လုပ်ဆောင် ၍ ရမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထို့အပြင် နိုင်ငံတစ်ခုလုံး၏ စီးပွားရေးကို သမဝါယမစနစ်ဖြင့် ဦးဆောင်ပြီး ပြုလုပ်သည့်နိုင်ငံ မရှိကြောင်း၊ ကွန်မြူနစ်များ ဖြစ်ကြသည့် တရုတ်၊ ဗီယက်နမ်နိုင်ငံတို့အနေဖြင့် နိုင်ငံစီးပွားရေးကို သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ခဲ့ကြသော်လည်း မအောင်မြင်သည့်အတွက် ဈေးကွက်စီးပွားရေးစနစ်ကို သွားနေကြခြင်း ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
သမဝါယမစနစ်ဖြင့် ဖွင့်လှစ်ထားသော ဈေးဆိုင်ကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေးက ဆိုရှယ်လစ်ကွန်မြူနစ်ဖြစ်မယ် စီးပွားရေးကတော့ ဈေးကွက်ကို သွားနေတာပေါ့။ သမဝါယမ ဆိုတာက တကယ့် စိတ်တူကိုယ်တူတွေ အကုန်အတူတွဲပြီးလုပ်တဲ့ လုပ်ငန်းမျိုး။ ဒီတစ်နိုင်ငံလုံးမှာရှိတဲ့လူတွေ ဘယ်လိုလုပ် စိတ်တူကိုယ်တူလုပ်လို့ ဖြစ်မလဲ။ ထုတ်လုပ်သူ သမဝါယမရှိတယ်။ စားသုံးသူ သမဝါယမရှိတယ်။ ထုတ်လုပ်သူ သမဝါယမက နိုင်ငံတကာမှာ ကျင့်သုံးနေတာလည်း အဲဒီသမဝါယမပဲ စားသုံးသူ သမဝါယမကြတော့ အဲဒီကရလာတဲ့ အကျိုးအမြတ်တွေကို အိမ်ထောင်စုတစ်စုကို ဆန်ဘယ်နှပြည်၊ ဆီဘယ်လောက်ရမယ် အဲဒီလိုမျိုး ခွဲတမ်းတွေနဲ့ ပေးတာ။ ဘယ်လိုမှ မအောင်မြင်ခဲ့ဘူးလေ။ ဘာလို့ဆို ကိုယ့်လိုအပ်ချက်နဲ့ သူပေးတဲ့ ဟာနဲ့လည်း ကိုက်မယ်။ ကိုယ်လိုချင်တဲ့ quality နဲ့ သူပေးတဲ့ဟာနဲ့လည်း ကိုက်ချင်မှ ကိုက်မယ်။ အရင်တုန်းကလည်း အဲဒီ ဟာကြောင့် သမဝါယမက ပျက်သွားတာ။ အရင်က မအောင်မြင်တဲ့ စနစ်ကို ဘာလို့ အခုပြန်ပြီးတော့ အသက်သွင်း ချင်နေလဲတော့ မသိဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ GDP စာရင်းတွင် သမဝါယမမှ ထုတ်လုပ်ပေးနိုင်မှုသည် ၁ ရာခိုင်နှုန်းသာရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ၇၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ အစိုးရကဏ္ဍအနေဖြင့် ၃၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးနိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1904
CNI News
၂၀၂၄ခုနှစ်၊ သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စု တစ်စုအတွက် စားအုန်းဆီ နှစ်ပိဿာကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။
လက္ကားရည်ညွှန်းစျေးကို အခြေခံ၍ အကျိုးအမြတ် ထည့်သွင်းထားခြင်းမရှိပဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်း တွက်ချက်ထားသည့် စျေးနှုန်းဖြင့် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုအောက်တွင် စားအုန်းဆီ တင်သွင်းသော ကုမ္ပဏီများက လက်လီ/လက္ကား အရောင်းဆိုင်များမှတစ်ဆင့် လုပ်သားပြည်သူများသို့ နေ့စဉ်၊ လစဉ် စားအုန်းဆီများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုကို တစ်လအတွက် တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဝယ်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ ရောင်းချပေးလျက်ရှိသည်။
စားအုန်းဆီ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဥ်
ထိုသို့ ဝယ်ယူနိုင်ရန်အတွက် Call Center မှတဆင့်လည်း မှာကြားနိုင်ရန် လက်ခံမှတ်သား သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှစ၍ နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း မှာကြား နိုင်ကြောင်း၊ Call Center ကို တနင်္လာနေ့မှ စနေနေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး Call Center ဖုန်းနံပါတ်-၀၁ -၂၃၉၉၂၂၂ (လိုင်းခွဲ - ရလိုင်း) ဖုန်းနံပါတ်သို့ မှာကြားနိုင်ကြောင်း သိရသည်။
စျေးနှုန်းအနေဖြင့် တနင်္လာနေ့တိုင်း သတင်းစာများတွင် ထုတ်ပြန်သည့် လက္ကားရည်ညွှန်းစျေးနှုန်းကို အခြေခံ၍ အကျိုးအမြတ် ထည့်သွင်းထားခြင်းမရှိပဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်းတွက်ချက်ထားသော စျေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Delivery ခကို မှာကြားသည့် ဝယ်သူဖက်မှ ပေးချေရမည်ဖြစ်ကြောင်း၊ ပစ္စည်းရောက် ငွေချေစနစ်ဖြင့်သာ ရောင်းချ သွားမည်ဖြစ်ကြောင်း၊ ဆီဖိုးကို ကြိုတင်ပေးချေရန် မလိုကြောင်း၊ မှာကြားရက်နှင့် ပစ္စည်းရောက်မည့်ရက်မှာ ၃ ရက်ခန့် ကွာခြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 7434
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
ကျပ် ၂၀၀၀၀ တန်ကို ပြည်သူလူထုများအကြား သုံးစွဲနိုင်ရန် ပမာဏအများအပြား ဖြန့်ဝေလည်ပတ် နေသည်ဆို သော သတင်းမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်သူလူထုအကြား ကျပ် ၂၀၀၀၀ တန်ကို သုံးစွဲခွင့် ပြုထားကြောင်းနှင့် ပမာဏ အများအပြား ထုတ်ဝေကာ ပြည်သူလူထုအကြား လည်ပတ်သုံးစွဲနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အဆိုပါ သတင်းများကြောင့် ပြည်သူလူထုအကြား စိုးရိမ်စိတ်မြင့်တက်လာပြီး ဈေးကွက်စီးပွားရေးကို ထိခိုက် လျက်ရှိနေသည်။
ထို့နောက် ဒေါ်လာဈေး၊ ရွှေဈေး၊ ကုန်ဈေးနှုန်းများ မြင့်တက်သွားသည်။
ဗဟိုဘဏ်က “ ၂၀၀၀၀ ကျပ်တန်များသတင်း မဟုတ်မှန်ကြောင်း” CNI သတင်းဌာနသို့ ပြောသည်။
CNI ရဲ့ အမေးကို ဗဟိုဘဏ်ပြန်လည် ဖြေကြားမှုကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကို အကြောင်းပြ၍ လကုန်တိုင်းနီးပါး၌ ကျပ် ၂၀၀၀၀ တန် ထွက်တော့ မည်ဆိုသော သတင်းများကို ဖြန့်ဝေကာ လူထုကြား စိုးရိမ်မှုများဖြစ်စေရန် လုပ်ဆောင်လျက်ရှိနေသည်။
ထို ကျပ် ၂၀၀၀၀ တန်သည် ၂၀၂၃ ခုနှစ်က နစကမှ အထိမ်းအမှတ်အနေဖြင့် အကန့်အသတ်ဖြင့် ထုတ်ဝေခဲ့ သော ငွေစက္ကူဖြစ်ပြီး ထိုအချိန်မှစတင်၍ ကျပ် ၂၀၀၀၀ တန်ကို ပြည်သူလူထုအကြား သုံးစွဲရန် ထုတ်ဝေတော့ မည်ဟု သတင်းများ ဖြန့်လျက်ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2105
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် မိုးစပါးစိုက်ခင်း များသို့ ရေဝင်ရောက်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အထွက်နှုန်း တစ်ဝက်ခန့် လျော့ကျသွားနိုင်ကြောင်း စပါးစိုက်တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ပျက်စီးသွားသည့် စပါးဧကနေရာများတွင် လက်ရှိရာသီထွက် အခြားသီးနှံတို့ကိုသာ ပြောင်းလဲစိုက်ပျိုးရမည့် အနေအထားဖြစ်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“မိုးစပါးအထွက်နှုန်းကတော့ အနည်းဆုံးတစ်ဝက်လောက် လျော့သွားလိမ့်မယ်လို့ ထင်တယ်။ ရှေးတုန်းက ရေမြှုပ်တတ်လို့ နည်းနည်းနိမ့်တဲ့နေရာတွေ ဟိုးနှစ်တွေက စပါးဈေးမကောင်းတော့ မစိုက်ကြဘူး။ အဲဒါ အခု ကြတော့ စပါးဈေးလေးကလည်း သင့်တော့ အတန်နိမ့်တဲ့နေရာတွေပါ ပြန်စိုက်ကြတော့ ဒီနှစ်က အနိမ့်ပိုင်း တွေပါ တိုးချဲ့ပြီး စိုက်ပျိုးလာတဲ့အခါမှာ ဆုံးရှုံးမှုဧရိယာ နည်းနည်းများသွားတာပေါ့။ ပြီးခဲ့တဲ့ နှစ်နဲ့စာရင် ဧရာဝတီတိုင်းလိုဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဧက သိန်းဂဏန်းအထိတောင် တိုးပြီးတော့ စိုက်ကြတယ်လို့ ယူဆလို့ရတယ်။ ၅၀ ရာခိုင်နှုန်းလောက် လျော့သွားနိုင်တယ်။ မိုးစပါး စိုက်ဧက ပျက်စီးသွားတဲ့ဟာတွေက သူကရေမြှုပ်သွားတာဖြစ်တဲ့အတွက် ဒီရေက ဇူလိုင်ဆိုတော့ ဩဂုတ်လ တစ်လလုံး၊ စက်တင်ဘာလလောက်မှ ပြီးတော့ နောက်မိုးကလည်းရှိနေတာနဲ့ ဩဂုတ်၊ စက်တင်ဘာ အဲဒီ ၂ လအတွင်းတော့ ရေကျ နောက်စိုက် ပြန်စိုက်ဖို့ကလည်း နည်းနည်းရာသီက နောက်ကျမယ်။ ပဲ ပဲလုပ်ကြရမယ့်အနေအထားရှိတာပေါ့လေ” ဟု ၎င်းက ပြောသည်။
မိုးစပါးများအား ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးကြခြင်းဖြစ်ပြီး ရေကျနောက်စိုက်ပြန်စိုက်မည်ဆိုပါက အောင်မြင်မှုနည်းကြောင်း၊ စိုက်နေစဉ်ကာလအတွင်း မိုးသည်းထန်စွာရွာသွန်းလာပါက ထပ်မံ ရေနစ်မြှုပ် မည်ဖြစ်ကြောင်း တောင်သူများက သုံးသပ်သည်။
ယခုနှစ်မိုးရာသီတွင် စပါးအထွက်နှုန်းလျော့ကျနိုင်သော်လည်း လာမည့် နွေစပါးရာသီအတွက် စိုက်ဧက မလျော့ကျသွားနိုင်ကြောင်း၊ သို့သော် ယခု နွေစပါးရိတ်သိမ်းချိန်ကာလတွင် အထွက်နှုန်းမှာမူ လျော့ကျနိုင် ကြောင်း ပေါင်းတည်မြို့မှ တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
စပါးရိတ်သိမ်းနေသည့် တောင်သူများ
“ပဲခူးမြစ်တို့ဘာတို့ရှိတာကို။ မိုစပါးအနေအထားကတော့ အခုနှစ်နဲ့ဆိုရင် တစ်မြို့နယ်လုံးအနေနဲ့တော့ မပြော တတ်ဘူး။ ဦးတို့ပတ်ဝန်းကျင်ပေါ့ နတ္တလင်းအရှေ့၊ ပေါင်းတည်အရှေ့တို့ ကတော့ အပျက်အစီးမရှိဘူး။ အနောက် ခြမ်းတွေဘက်မှာတော့ အပျက်အစီးရှိတာပေါ့။ နှမ်းပျက်တယ်၊ စပါးတွေဘာတွေ နစ်တယ်ပေါ့။ အခုတိုင်းဆိုရင် သောင်းဂဏန်းနဲ့ချီပြီးတော့ ပျက်နေကြမှာပဲ။ လျော့မှာပဲ။ ပျက်တဲ့လူကလည်း ၃ ချိုး ၁ ချိုး ရှိနေတာလေ။ အခုကစိုက်ပျက်ပေါ့ ဟိုတချိန်ကျ သိမ်းပျက် ပျက်ချင်လည်း ပျက်မှာပေါ့။ စပါးဈေးနှုန်းကတော့ သိတဲ့အတိုင်းပဲ ပေါ်တဲ့အချိန်ကတော့ ကျမှာပဲ။ နောက်မှပဲ တက်ချင်တက်မှာပေါ့။ ၁၃ သိန်းလောက် ဒီလောက် ပတ်ဝန်းကျင်ပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိစပါးစိုက်ပျိုးချိန်တွင် မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် စပါးများပျက်စီးခဲ့သည့်အပြင် စပါးရိတ်သိမ်းချိန်ဖြစ်သော မုတ်သုံဆုတ်ကာလတွင်လည်း မိုးရွာသွန်းမှုအပေါ် မူတည်ကာ အပျက်အဆီးများ ရှိနိုင်သေးကြောင်း တောင်သူများက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၅ သိန်းကျော်ရှိပြီး ပြီးခဲ့သည့်ရာသီတွင် စပါးများ ဈေးကောင်းရခဲ့ခြင်းနှင့် နိုင်ငံတော်မှ သွင်းအားစုများအား သင့်တင့်သည့်နှုန်းထားဖြင့် ရောင်းချပေးခြင်းတို့ကြောင့် ယခုနှစ် မိုးစပါး ရာသီတွင် စိုက်ဧကများကို တိုးချဲ့၍ စိုက်ပျိုးထားကြခြင်းဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 5008
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
ထိုင်းအာဏာပိုင်များမှ လူသစ်ဘတ်ရိုက်ပေးမည်ဟု အတည်ပြုပြောဆိုထားသော်လည်း လက်ရှိအထိ တရားဝင် ပြုလုပ်ခွင့် မထုတ်ပြန်ထားသေးဘဲ ပွဲစားများမှ ဘတ်ရိုက်လိုသူများကို လက်ခံစုဆောင်းနေကြကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ဘတ်ရိုက်ရန် ပွဲစားများမှ လူလက်ခံကြသည့်အခါတွင် ကြိုတင်ငွေအဖြစ် ပေးချေထားကြရပြီး အမှန် တကယ် ဘတ်ရိုက်ခွင့်ပြုသည့်အခါ၌ ငွေကြေးအလိမ်ခံလိုက်ရသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အသစ်ထွက်မယ့်ဟာကတော့ ကျနော်တို့လည်း ကြားနေတာပဲ၊ စောင့်နေတာပဲ။ အခုလက်ရှိအထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘူး။ မထွက်လာသေးဘူးပေါ့။ ပွဲစားတွေက အဲဒီလို လုပ်ပေးလို့ရတယ်ဆိုပြီး ပြောပြီးတော့ ပိုက်ဆံတွေကြိုယူ၊ ပြီးတဲ့အခါကြတော့ အခု အချိန်အထိလည်း တစ်ယောက်မှ လုပ်လို့မရ၊ တစ်ယောက်မှဆိုတာ တရားဝင် တစ်ယောက်မှ လုပ်လို့မရသေးဘူး။ လူသစ်ခေါ်တယ်ဆိုတဲ့ဥစ္စာကို ထုတ်ပြန်ချက် အတည်ထွက်လာ ပြီးတော့မှ အဲဒီအတွက် သူတို့က အွန်လိုင်း စနစ်အတိုင်း လွှဲရတာကို။ ပြောရရင်တော့ တရားမဝင်ပါဘူး။ တချို့ ကြတော့လည်း အေဂျင်စီတွေ ပွဲစားတွေသူတို့ ကောက်ထားတာရှိတယ်။ သူတို့က ယုံကြည်ရတယ် ပုံမှန်အတိုင်း အကျိုးတော်ဆောင် လုပ်နေတာတွေရှိတယ်။ သူတို့လည်း တရားဝင်ထုတ်ပြန်ချက် အသက်ဝင်တဲ့ဟာကို စောင့်ရတာပဲ။ ဒါပေမယ့်သူတို့ကတော့ အချက်အလက်တွေ ဘာတွေယူပြီးတော့ အဆင်သင့် လုပ်ပြီးတေ့ စောင့်နေတာပေါ့” ဟု ပြောသည်။
ဘတ်ရိုက်နေကြစဉ်
ပြီးခဲ့သည့် ဇွန်လက တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား လူသစ် ဘတ်ရိုက်ပေးရန် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုခဲ့ဖြစ်သော်လည်း နောက်ဆက်တွဲ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ယနေ့အထိ တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန်လာခြင်းမျိုး မရှိသေးကြောင်း သိရသည်။
လူသစ်ဘတ်ရိုက်သည့် အခါတွင် ပြုလုပ်မည့် လူအနေဖြင့် အလုပ်ရှင်သူဋ္ဌေးရှိရန် လိုအပ်ပြီး ထိုင်းသို့ ရောက်ရှိ နေသည့် မြန်မာများထဲမှ ၇၅ ရာခိုင်နှုန်းခန့်သည့် အလုပ်ရှင်သူဋ္ဌေး မရှိကြသည့်အပြင် ဘာသာစကား အခက်အခဲ များကြောင့် ပွဲစား၊ အေးဂျင့်တို့နှင့်သာ ပြုလုပ်ကြခြင်းဖြစ်သည်။
ထိုင်းအစိုးရဘက်မှ ပြုလုပ်နိုင်မည့်ရက်ကို တရားဝင် မထုတ်ပြန်ထားသေးသည့်အတွက် ငွေကြေးတစ်စုံတစ်ရာ ကောက်ခွင့် မရှိသေးကြောင်း၊ ပွဲစား၊ အေးဂျင့်များ အနေဖြင့်လည်း သင့်တင့်သည့် ဝန်ဆောင်ခနှုန်းထားသာ ရယူပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ပေးသင့်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ နိုင်ငံသားတွေက ဘာသာစကား၊ စာပေ အားနည်းတဲ့အခါမှာ အရင်ရောက်နေပြီးသားဖြစ်တဲ့ နှစ်ပေါင်း များစွာကြာတဲ့ မြန်မာနိုင်ငံသားတွေက ငါ့နိုင်ငံသား ငါ့လူမျိုးကို ငါကူညီမယ်ဆိုတဲ့ စိတ်နဲ့ အလုပ်လုပ်တာမျိုး မဟုတ်ဘဲနဲ့ င့ါရဲ့ ကိုယ်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကိုပဲ အဓိက ဆောင်ရွက်နေတဲ့အတွက်ကြောင့် ဒီပြဿနာတွေက ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံသားတွေက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ချစ်ပါတယ် ပြောပြီးတော့မှ ဝန်ဆောင်မှုတွေ လုပ်တဲ့အခါမှာ မတရား အကျိုးအမြတ်တွေ ရှာပြီးလုပ်ကြတာ ဖြစ်တယ်။ အခုအချိန်မှာ ထိုင်းအစိုးရ ဘယ်နေ့ ဘယ်ရက်၊ ဘယ်အချိန်အခါမှာ ဘယ်လိုပုံစံမျိုးနဲ့လုပ်သွားမယ် ဆိုတဲ့ ကြေညာချက် မထွက်သေးတဲ့အတွက်ကြောင့် ဘာပိုက်ဆံမှ ကောက်ခွင့်မရှိပါဘူး” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များမှ အထောက်အထား တစ်စုံတစ်ရာ ပြုလုပ်ပေးသည့်အခါတိုင်း ပွဲစားများမှ ကြိုတင်ကာ လူစုဆောင်းတတ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်သူများရှိပါက ၎င်းတို့၏ နေရာတွင် အခြားသူများ အား ငွေကြေးပိုမိုကောက်ခံပြီး အစားထိုးထည့်ပေးသည့် ပုံစံမျိုး ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2433
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆
လက်ရှိ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ခဲ့နေသော ဝန်ထမ်းများနှင့် လက်ရှိပင်စင်ခံစားနေကြသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို လစဉ် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ခံစားခွင့်ပြုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ နိုင်ငံ့ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ ကို လစဉ်ခံစားခွင့်ပြုခဲ့ရာ ယခုအခါ နိုင်ငံံ့ဝန်ထမ်းများအတွက် လက်ရှိ လစဉ်ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ အပြင် ထပ်မံင ကျပ် ၃၀၀၀၀ ကို အပို ထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှစ၍ လစဉ်ခံစားခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြရသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစား များအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ ကို လစဉ် ခံစားခွင့်ပြုမည် ဖြစ်သည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထောက်ပံ့ကြေးများအား ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁ ရက်မှ စတင် ခံစားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2191
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆
ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ စေလွှတ်ခဲ့သည့် အလုပ်သမား များ၏ ကိုယ်ရေး အချက်အလက်များကို ပေးပို့ရန် ပျက်ကွက်ပါက လုပ်ငန်းဆိုင်းငံ့မည့်အပြင် ဒဏ်ကြေးပါ ကောက်ခံမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြေညာထားသည်။
လက်ရှိအချိန်အထိ စာရင်းပေးပို့ရန် ပျက်ကွက်နေသည့် အေဂျင်စီများအနေဖြင့် ဇူလိုင် ၂၆ ရက် မတိုင်ခင် စာရင်းပေးရန်နှင့် ပျက်ကွက်ပါက အရေးယူမှု စတင်မှာဖြစ်ကြောင်း သတိပေးထားခြင်းဖြစ်သည်။
လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က "လုပ်ချင်လည်းလုပ်မယ်၊ မလုပ်ချင် လည်း မလုပ်ပါဘူး ဒါတွေက။ ဝန်ကြီးရဲ့ အစီအမံတွေအောက်မှာ သွားနေတဲ့ ဝန်ကြီးဌာနတစ်ခု ဖြစ်တဲ့အတွက် လုပ်မယ် မလုပ်ဘူးဆိုတာက အခြေအနေ ဆိုးလာရင်တော့ သူလုပ်ချင်လုပ်မျာပေါ့။ စာတော့ ထုတ်ပြန်ထားတယ်။ ဘယ်အေဂျင်စီမှလည်း အရေးယူခံရတာ မရှိသေးပါဘူး။ ဇယားကွက်ပေးထားတယ်လေ။ အဲဒီဇယားကွက်ကိုပဲ ထည့်ပြီးပို့ရမှာ။ အဲဒါက မပို့တဲ့အေဂျင်စီကို အရေးယူမယ်ဆိုတဲ့ စာသား email ကလည်း ရထားတယ်။ သူ့ဇယား ကွက်ကိုပဲ ဖြည့်ပြီးပို့ရမှာ။ အဲဒီဇယားကွက်ကို အေဂျင်စီတွေက ဖြည့်ဖို့ လိုအပ်ပြီးတော့ ဖြစ်လာတဲ့အတွက် အခု ထပ်ပြီးတော့ သူတို့ဘက်က သေသေချာချာရေးလာတာလေ" ဟု ပြောသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းအရ အလုပ်သမားများ၏ ကိုယ်ရေး အချက်အလက် ပေးပို့ရန် ပျက်ကွက်သည့် အေဂျင်စီ ၂၀၀ ကျော်ရှိကြောင်း သိရသည်။
အလုပ်သမားတွေ ပြည်ပထွက်ဖို့လုပ်နေကြစဉ်
လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများအပေါ် တဖြေးဖြေး တင်းကြပ် မှု ပိုမိုများပြားလာသည့်အတွက် အကြပ်ရိုက်နေကြကြောင်းလည်း သိရသည်။
အမျိုးသားများအပေါ် အသက်ကန့်သတ်မှုများကြောင့် လက်ရှိတွင် ပြည်ပအလုပ်အကိုင် အေဂျင်စီများအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "အေဂျင်စီတွေရဲ့ အခက်အခဲကတော့ အခုအလုပ်အကိုင်တွေ အဆင်မပြေတော့ဘူး။ အသက်ကန့်သတ်မှု အပေါ်မှာ လုပ်ရတာ အဆင်မပြေတော့ဘူး။ နောက်တစ်ခုက Demand တွေရှားလာပြီ။ မလေးရှားဆိုလည်း ပိတ်ထားတယ်။ ထိုင်းဆိုလည်း အရင်တုန်းကထက်ကို ၇၀ ရာခိုင်နှုန်းလောက် လျော့သွားပြီလို့ ထင်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေက။ ကျန်တာကတော့ ဝန်ကြီးဌာနဘက်က တင်လိုက်ရင်ချပေးတယ်၊ လုပ်ကိုင် ပေးတယ် မြန်ပါတယ်။ ဂျပန်ကတော့ အခုဈေးကွက် အကောင်းဆုံးဖြစ်နေတယ် အထွက်အများဆုံးဖြစ်နေတယ်" ဟု ပြောသည်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ရယူထားသည့် အေဂျင်စီ ၅၀၀ ကျော်ရှိပြီး တစ်လလျှင် လုပ်သားဦးရေ နှစ်သောင်းနီးပါး စေလွှတ်နေကြောင်း သိရသည်။
ထို့အပြင် ပြည်ပရောက် အလုပ်သမားများ၏ မိသားစုထံ လစာ၏ ၂၅ ရာခိုင်နှုန်း လွှဲပို့ရန် ဝန်ကြီးဌာနမှ အေဂျင်စီ များအပေါ် ဖိအားပေးနေသကဲ့သို့ စောင့်ကြည့်စာရင်း ပြုစုနေကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2069
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း အပါအဝင် လုပ်ငန်းတချို့၌ ကျွမ်းကျင်လုပ်သားများကို ဆုံးရှုံးနေကြ ကြောင်း လုပ်ငန်းရှင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ကျွမ်းကျင်လုပ်သားများအနေဖြင့် လုပ်ခလစာ ရရှိမှုနည်းပါးခြင်း၊ လုပ်ခတိုးမြှင့်ရန် တောင်းဆိုသော်လည်း မရရှိ ခြင်းတို့ကြောင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တရုတ် အစရှိသည့် ပြည်ပနိုင်ငံများသို့ တရားဝင်သာမက တရားမဝင် နည်းလမ်းဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။
အထည်ချုပ်လုပ်ငန်းကိုတွေ့ရစဉ်
၎င်းက "အလုပ်အကိုင် ရှားတယ်ရယ်လို့တော့ မဟုတ်ဘူး။ အလုပ်က လုပ်ခလစာအပေါ် မူတည်ပြီး skill labour တွေက မလုပ်ကြတာ များတာ။ သူတို့ရဲ့ လုပ်ခလစာက သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ခလစာက မကိုက်ညီဘူးလို့ ခံစားရတယ် ဒါကြောင့် ထွက်ကြတာ။ အဲဒီတော့ ဒီဘက်မှာ ကျန်နေခဲ့တာက skill labour မဟုတ်တဲ့လူတွေ။ လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း skill labour တစ်ဦးဖြစ်ဖို့အတွက် သူတို့က မွေးထားရတာကိုး။ မွေးထားရတဲ့ အခါကြတော့ သူတို့လူ သူတို့ လုပ်ခလစာကြောင့် မထိန်းနိုင်တဲ့အပိုင်းတွေ အများကြီးပဲ တွေ့ရတယ်။ လုပ်ခလစာ နည်းတော့ တိုးတောင်းဖို့ ကြိုးစားလာကြတာ များတယ်။ တိုးတောင်းလို့မရတဲ့ အခါကြတော့လည်း ထွက်ပြီး နိုင်ငံခြားကို သွားကြတာများတယ်။ အဓိကကတော့ လုပ်ခလစာပိုင်းနဲ့ ပတ်သက်ပြီးတော့ အလုပ်သမားတွေက တောင်းဆိုမှုတွေရှိတာ" ဟု ပြောသည်။
လုပ်ငန်းခွင်များအပေါ် မူတည်ကာ အချို့လုပ်ငန်းများတွင် သာမန်လုပ်သားများအား ကျွမ်းကျင်လုပ်သားများအဖြစ် အချိန်တိုအတွင်း လေ့ကျင့်သင်ကြားပေး၍ ရသော်လည်း အချို့လုပ်ငန်းများတွင်မူ ကျွမ်းကျင်လုပ်သားအဖြစ် အချိန်တိုအတွင်း လေ့ကျင်ပေးနိုင်ရန်မှာ မလွယ်ကူလှကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။
လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သားများအပေါ် ကိုင်တွယ်ကြရာတွင် တစ်ခုနှင့်တစ်ခု မတူညီကြဘဲ အချို့လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ အလုပ်ထွက်ခြင်း မဖြစ်စေရန် သေချာထိန်းနိုင်ကြကြောင်း စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင် ဦးနေလင်းက CNI သတင်းဌာနသို့ ပြောသည်။
KFC ကြက်ကြော်ဆိုင်ကိုတွေ့ရစဉ်
၎င်းက "ကျနော်တို့ကတော့ စားသောက်ဆိုင်ဆိုတော့ ကျွမ်းကျင်လုပ်သား ထွက်သွားတယ်။ ထွက်သွားရင် ကျနော်တို့ကတော့ အရမ်း Training ပေးတယ်။ ကျင့်ပေးတယ်ဆိုတော့ ကျနော်တို့အတွက်တော့ တချို့ဟာ တွေက Training ကာလ တိုတိုနဲ့ ကျင့်ပေးလို့ရတဲ့အတွက် မထိခိုက်ဘူးပေါ့။ တချို့ technology ပိုင်းနဲ့ ပတ်သက်တဲ့ ဟာမျိုးတွေကြတော့ တချို့ နည်းပညာပိုင်း ဆိုင်ရာတွေဆိုတော့ ၄၊ ၅၊ ၆ လနဲ့ ကျင့်လို့ရတာ မဟုတ်တော့ သူတို့ဆိုရင်တော့ ပိုပြီးတော့ ထိခိုက်တာပေါ့နော်။ ဘာလို့ဆို အရင်ရှိပြီးသား ကိုယ့်ဆီက ကျွမ်းကျင်တဲ့သူ တော်တော်များများက ပြည်ပထွက်ခွာ သွားကြတယ်ဆိုတော့ လူကတော့ တော်တော်နည်းသွား တာပေါ့။ ကျွမ်းကျင်တဲ့သူ နည်းသွားတယ်။ ကျနော်တို့ Train လုပ်ပေးထားတဲ့လူတွေ တချို့လည်း ထွက်တယ်။ တချို့လည်း မထွက်ဘူးပေါ့လေ" ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့သို့ အနယ်နယ်အရပ်ရပ်မှ တိုက်ပွဲရှောင်အနေဖြင့် ရွှေ့ပြောင်းလာကြသည့် ပြည်သူများ များပြားလာသဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအသစ်များ ပေါများလာကြောင်း၊ လုပ်သားအသစ် ပေါများ လာသဖြင့် လုပ်ငန်းရှင်များအတွက် လုပ်သားရှားပါးမှု မဖြစ်ပေါ်သော်လည်း ထိုရွှေ့ပြောင်းလာသူ အများစုသည် ကျွမ်းကျင်လုပ်သားများ မဟုတ်ကြကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2070
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄
ရန်ကုန်မြို့သို့ အနယ်နယ်အရပ်ရပ်မှ တိုက်ပွဲရှောင်အနေဖြင့် ရွှေ့ပြောင်းလာကြသည့် ပြည်သူများ များပြားလာ သဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအသစ်များ ပေါများလာကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေ သူများက CNI သတင်းဌာနသို့ ပြောသည်။
လုပ်သားအသစ် ပေါများလာသဖြင့် လုပ်ငန်းရှင်များအတွက် လုပ်သားရှားပါးမှု မဖြစ်ပေါ်သော်လည်း ထို ရွှေ့ပြောင်းလာသူ အများစုသည် ကျွမ်းကျင်လုပ်သားများ မဟုတ်ကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေး နေသူ မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "လတ်တလော စစ်ဖြစ်နေတဲ့ ဒေသကလူတွေပေါ့ အများဆုံးလာရောက်နေကြတယ်။ သူတို့ကတော့ တစ်ခါမှ ဒီအလုပ်ကို မလုပ်ဖူးတဲ့လူတွေ များတယ်။ အကုန်လုံး နယ်ကနေ ရန်ကုန်တက်လာရင် လုပ်စရာ ပေါပေါ လောလောက အထည်ချုပ်ပဲရှိတာလေ သူတို့အလုပ်ရဖို့က။ အဲဒါကြောင့် အထည်ချုပ်မှာ ပြုံတိုးနေတာ။ လုပ်သား တော့ မရှားဘူး။ ဒါပေမယ့် skill labour ရှားတယ်။ အလုပ်ရှင်တွေ အနေနဲ့ကတော့ train တာကတော့ train တယ်။ ဒါပေမယ့် အခုမှ ဝင်တဲ့လူကတော့ ဘယ်လောက်ပဲ Train Train သူကတော့ skill labour မဟုတ်ဘူးပေါ့။ skill labour ဖြစ်ဖို့ဆိုတာကလည်း Train တိုင်းလည်း ရတာမဟုတ်ဘူး။ လူတိုင်းလည်း skill labour မဖြစ်ဘူး လေ" ဟု ပြောသည်။
တိုက်ပွဲရှောင်များကို တွေ့ရစဉ်
လက်ရှိတွင် နေရပ်အသီးသီး၌ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ရန်ကုန်မြို့သို့ ရွှေ့ပြောင်း ရောက်ရှိလာသူ ပိုမို များပြားလာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်များမှာလည်း မြင့်တက်လာခြင်းဖြစ်သည်။
ရွှေ့ပြောင်းလာသူ များပြားလာသည့်အတွက် လုပ်သားအသစ်များ ပေါများလာသော်လည်း အလုပ်အကိုင် အတွေ့အကြုံ မရှိကြသူများအနေဖြင့် အလုပ်ရှာရ ခက်ခဲစေကြောင်း သိရသည်။
၎င်းတို့သည် လက်ရှိ၌ အထည်ချုပ်စက်ရုံ၊ အလုပ်ရုံပိုင်းများတွင်သာ လုပ်သားအဖြစ် များပြားနေခြင်းဖြစ်ပြီး စားသောက်ဆိုင်လုပ်ငန်းများတွင်မူ သိပ်မရှိကြသေးကြောင်း စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သည့် ဦးနေလင်း က CNI သတင်းဌာနသို့ ပြောသည်။
စက်ရုံမှာ အလုပ်သမားများကိုတွေ့ရစဉ်
၎င်းက "ကျနော်တို့အနေနဲ့ သိပ်တော့ မထူးသေးပါဘူး။ အရမ်းကြီးတော့ ပြောင်းလဲသွားတယ်ဆိုမျိုး မရှိသေးဘူး။ အခုလောလောဆယ် ရပ်ကွက်တွေ ရပ်ကွက်တွေမှာတော့ ရွှေ့ပြောင်းတွေ များလာတယ်။ ဒါပေမယ့် ကိုယ့်ဆိုင် တွေမှာတော့လည်း အရင် ကိုယ့်လူနဲ့ကိုယ် ရှိပြီးသားဆိုတော့ ထပ်ပြီး အသစ်တိုးလာတာတွေ မရှိကြတော့ အရမ်းကြီးတော့ မသိသာဘူး။ တစ်ဆိုင်ချင်းမှာတော့ ဘယ်လိုရှိလဲတော့ မသိဘူးပေါ့" ဟု ပြောသည်။
လက်ရှိစက်ရုံ၊ အလုပ်ရုံများ၌ သတ်မှတ် အခြေခံလုပ်ခလစာအား ၄၈၀၀ အပေါ်မူတည်ကာ လုပ်ငန်းခွင်အလိုက် ၅၈၀၀ မှ ၆၈၀၀ အထိ သတ်မှတ်၍ လုပ်ခနှုန်းထားများကို ပေးနေခြင်းဖြစ်သည်။
သို့သော် ထိုနှုန်းထားနှင့် တွက်ချက်သည့်အခါတွင် အလုပ်အကိုင် အတွေ့အကြုံ မရှိသူများအနေဖြင့် လုပ်ခလစာ ရရှိမှုမှာ ပို၍ နည်းပါးကြောင်း၊ ကျွမ်းကျင်လုပ်သားများအတွက်လည်း ရရှိသည့် လုပ်ခလစာမှာ နည်းပါးသည်ဟု ယူဆသည့်အတွက် လုပ်ခလစာ တိုးမြှင့်ပေးရန် လုပ်သားများမှ တောင်းဆိုမှုများ ရှိကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1653
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃
ဂျပန်နိုင်ငံသို့ လက်ရှိ လုပ်သားများစေလွှတ်ရာတွင် အမျိုးသားလုပ်သားထက် အမျိုးသမီးလုပ်သားများကိုသာ အဓိက အများဆုံးစေလွှတ်နေရကြောင်း ဂျပန်ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် စားသောက်ကုန်၊ စားသောက်ဆိုင်နှင့် ဘိုးဘွားစောင့်ရှောက်သည့် နေရာများမှ လုပ်သားအများဆုံး ခေါ်ယူကြခြင်းဖြစ်ပြီး ကျွမ်းကျင်လုပ်သားခေါ်ယူမှုက များနေကြောင်း ဂျပန်ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အလုပ်တွေကတော့ ရှိတယ်။ အလုပ်တွေကတော့ လာကြတယ်။ ဒါပေမယ့် ဒီဘက်က policy က အကန့် အသတ်လေးတော့ ရှိတာပေါ့။ မိန်းကလေးတွေပိုများလာတယ်ပေါ့နော် ယောကျာ်းလေးထက်။ စက်ရုံ အလုပ်ရုံ တွေက မိန်းကလေးများတာကို။ ယောကျာ်းလေးတွေက ဆောက်လုပ်ရေးလောက်ပဲ။ အခုကတော့ ကျနော်တို့ အင်တာဗျူးတွေက ပုံမှန်ရှိနေတာပေါ့။ မိန်းကလေးတွေ ထရိန်နင်တွေကတော့ နည်းတာပေါ့။ skill workers တော့များတာပေါ့။ အခုလောလောဆယ် တော့ မိန်းကလေး အင်တာဗျူးက များတာပေါ့။ ယောကျာ်းလေးတွေ ကြတော့လည်း ဘယ်လိုအနေအထားမှန်း မသိသေးလို့ပေါ့။ အသက်ကလည်း ၂၃-၃၂ ဆိုတော့ ကန့်သတ်ထားတဲ့ ဟာမျိုးရှိတယ်ဆိုတော့ အဲဒါကြောင့်မို့လို့ ယောကျာ်းလေးဆိုလည်း ၂၃ နှစ်အောက်ပေါ့၊ ၃၂ နှစ် အထက်ပေါ့ အဲဒီလိုဟာမျိုးတွေပဲ အင်တာဗျူးမှာ ထည့်ပေးကြတာ” ဟု ၎င်းက ပြောသည်။
ဂျပန်နိုင်ငံရှိ အသား၊ငါး လုပ်ငန်းခွင်တစ်ခု
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်းရှိ အမျိုးသားများ ပြည်ပထွက် အလုပ်လုပ် ခွင့်ကို ကန့်သတ်ထားခြင်းဖြစ်သည့်အတွက် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာ ရှာဖွေ ရာတွင် ၎င်းအသက်အရွယ်ကန့်သတ်ချက်နှင့်ကင်းလွတ်သူများ၊ အမျိုးသမီးလုပ်သားခေါ်ယူမှုများကိုသာ အဓိက ရွေးချယ်ကာ လုပ်ကိုင်နေကြရခြင်းဖြစ်သည်။
ဂျပန်နိုင်ငံအနေဖြင့် ယခင်ကတည်းက မြန်မာနိုင်ငံမှ လုပ်သားခေါ်ယူရာတွင် အမျိုးသားလုပ်သားဦးရေမှာ အမျိုးသမီးလုပ်သားဦးရေထက် နည်းပါးသည်။
သို့သော် လက်ရှိတွင် ပြည်ပထွက် အလုပ်လုပ်ကိုင်မည့် အမျိုးသားလုပ်သားများအပေါ် အသက်အရွယ် ကန့်သတ်ခြင်းဖြင့် ထိန်းချုပ်လိုက်သည့်အတွက် လုပ်သားအဖြစ် သွားရောက်နိုင်ရန် အခွင့်အရေးရှိသည့် အမျိုးသားလုပ်သားဦးရေမှာ ပိုမိုနည်းသွားခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သုံးသပ် သည်။
ဂျပန်စာမေးပွဲဖြေဆိုရန် စောင့်ဆိုင်းနေကြသူများ
ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက "အသက်အရွယ်ကန့်သတ်လိုက်တော့ သွားလို့ရတဲ့ သွားနိုင်တဲ့ အခွင့်အရေးရတဲ့ ယောကျာ်းလေး နည်းသွားတဲ့အတွက် ယောကျာ်းလေးခေါ်ယူမှုက နည်းနည်းလေး နည်းသွားတာပေါ့။ ကျန်တာလေးတွေကတော့ အခုမှ တချို့ ဟိုတယ်တို့၊ အခန်းသန့်ရှင်းရေးတို့ကတော့ နောက်မှ များလာမှာပေါ့လေ။ အခုမှစပြီးတော့ လိုအပ်ချက်ရှိလို့ဆိုပြီး ဂျပန်ဘက်ကပြောလာတာ။ ခွင့်ပြုမိန့်မှ မကျတာ၊ ခေါ်လို့မှမရတာ အဲဒါတော့ သူတို့နားလည်ပေးရမှာပေါ့။ အင်တာပြန်ပြီးတော့ ဗျူးရတယ်။ သူသတ်မှတ်ထားတဲ့ အသက်အရွယ်နဲ့ ဘောင်လွတ်အောင် လူရွေးပြီးတော့ လူစိစစ်ပြီးတော့ ဗျူးရတာပေါ့လေ။ ဥပမာ တင်တဲ့အထဲ မှာ မလွတ်လို့ဆိုပြီး နောက်တော့မှ လိုက်ပြီးပြောင်းလို့မရဘူး။ သူ့လူစာရင်းနဲ့ သူ့နာမည်နဲ့ သွားတာဆိုတော့လေ လုပ်ပြီးတော့မှ ပြောင်းလို့မရဘူး။ ပြန်ဗျူးပေါ့ အစကပြန်လုပ်ပေါ့ အဲဒီလိုပဲရမယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာလုပ်သားများကို ဂျပန်ကုမ္ပဏီများက အလုပ်ကမ်းလှမ်းစာ (၄၄၀)ခု ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
တိုကျိုမြို့တွင်ရှိသော မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (၄၄၀)ခု၏ အချက်အလက်များကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့အကြောင်းကြားထားကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 3197
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂
ထိုင်းနိုင်ငံတွင် တစ်လအတွင်း တရားမဝင် အထောက်အထားမဲ့ မြန်မာ ၈ သောင်းကျော် ဖမ်းဆီးခံနေရသော် လည်း တရားမဝင်လမ်းကြောင်းဖြင့် လာရောက်နေသည့် မြန်မာနိုင်ငံသား များပြားနေဆဲဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ အဖမ်းအဆီးများကြား တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်နေမှု များပြားနေခြင်းသည် ထိုင်းနိုင်ငံမှ ဆွဲဆောင်ခြင်းကြောင့် မဟုတ်သကဲ့သို့ ပြည်သူများမှ ချိုးဖောက်ခြင်းလည်း မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုညံ့ဖျင်းမှုများက တရားမဝင်စနစ်သို့ တွန်းပို့လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကလည်း ကျနော်တို့နိုင်ငံရဲ့ စီမံကွပ်ကဲအုပ်ချုပ်မှုတွေ ညံ့ဖျင်းတာလည်း ပါတယ်။ ဆိုပါစို့ အရွယ်ရောက် ပြီးသားလူတွေအားလုံးကို စစ်မှုမထမ်းမနေရဆိုတာလည်း တွန်းအားပေးချက်တစ်ခုလို့ သုံးသပ်လို့ရတယ်။ ဒီလို လွဲမှားတဲ့ အယူဝါဒတွေ အမိန့်တွေ ချမှတ်လိုက်တဲ့အတွက်ကြောင့် ဒါလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လွတ်ရာနေရာကို မင်းထွက်ပြေးလိုက်တော့လို့ တွန်းအားပေးတာ တစ်ခုလည်းပါနေတယ်။ နောက် မူလကရှိနေတဲ့ G to G လို့ခေါ်တဲ့ MOU စနစ်တွေက ကောင်းမွန်နေပြီ။ ဂျပန်ကိုသွားမလား၊ တောင်ကိုရီးယားကို သွားမလား၊ စင်္ကာပူကို သွားမ လား၊ မလေးကို သွားမလား၊ ထိုင်းနိုင်ငံကိုသွားမလား လွတ်လပ်စွာ အေဂျင်စီနဲ့ သွားခွင့်ပြုထားတဲ့ အားလုံးကို ချုပ်ချယ်ကန့်သတ်လိုက်တာလည်း ဒါလည်း တွန်းအားတစ်ခုဖြစ်တယ်” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်က အထောက်အထားတွေစစ်ဆေးနေစဉ်
ထိုင်းအာဏာပိုင်များမှ တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးရန် ရက်ပေါင်း ၁၂၀ အထူးစစ်ဆင်ရေး စီမံချက်ကို ဖော်ဆောင်နေခြင်းဖြစ်ပြီး ၃၆ ရက်အတွင်း နေရာအနှံ့ရှိ လုပ်ငန်းခွင်များ၌ စစ်ဆေးခဲ့ရာ တရားမဝင် လုပ်သား ၁ သိန်းကျော် ဖမ်းဆီးစစ်ဆေး တွေ့ရှိထားခြင်းဖြစ်သည်။
ထိုထဲတွင် မြန်မာနိုင်ငံမှ ၈ သောင်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယားမှ ၁ သောင်းကျော်၊ လာအို ၇၀၀၀ ကျော်၊ ဗီယက်နမ် ၁၀၀ ကျော်နှင့် အခြားနိုင်ငံသား ၃၀၀၀ ကျော်တို့ဖြစ်ကြောင်း သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တရားမဝင် လုပ်သားများအား လူသစ်ဘတ်ရိုက်ပေးမည်ဟု အတည်ပြုထား သော်လည်း ရက်အတိအကျကို ထုတ်ပြန်ထားခြင်း မရှိသေးသည့်အတွက် ထိုအထောက်အထား ရရှိရေး တရားမဝင်လမ်းကြောင်းမှ ပိုမိုဝင်ရောက် လာကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တရားမဝင် ရောက်ရှိလာကြသူ အများစုသည်လည်း နှစ်နိုင်ငံနယ်စပ်ဒေသဖြစ်သည့် ထိုင်းဘက်အခြမ်းတွင် အဓိက နေထိုင် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ယနေ့အထိ သတ်မှတ်လုပ်ခလစာ အတိုင်း အပြည့်အဝ မရရှိကြသေးကြောင်း ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်
၎င်းက “ထိုင်းတစ်နိုင်ငံလုံးအရ လုပ်သားကတော့ လိုအပ်ချက် ရှိနေတယ်ဆိုတော့ တတ်နိုင်သလောက် လုပ်သား တွေကို ငှားရမ်းပြီး လုပ်ကိုင်နေတာ တွေ့ရတယ်။ သို့သော် တစ်ခုထူးခြား နေတာကတော့ ထိုင်းအစိုးရက ဥပဒေ တွေ အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ခဲ့တယ်။ ဥပဒေဆိုတာ လုပ်အားခတွေပေါ့။ ခရိုင်တွေအလိုက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်ပြီးမှ သူက လုပ်အားခကို သတ်မှတ်တာ ဖြစ်တယ်။ ဘန်ကောက်တို့၊ စမွတ်ဆာခွန် တို့ဟာ တွေဆိုရင် ၃၆၃ ဆိုပြီး နယ်စပ်တွေမှာကတော့ ၃၂၂ တို့ဘာတို့ စသဖြင့် ခွဲခြားသတ်မှတ်တာ။ နယ်စပ်တွေမှာ လည်း သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း မရသေးတာကို အခုထိတွေ့ရတယ်။ အထူးသဖြင့် လုပ်အားခတွေ အချိုးဖောက်ခံရဆုံးဒေသတွေက ဘယ်လိုနေရာတွေလဲလို့ သုံးသပ်မယ်ဆိုရင် နှစ်နိုင်ငံအစပ်တွေမှာ ပိုပြီးချိုး ဖောက်တာတွေ တွေ့ရှိရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီး စစ်ဆေးခံရသူများထဲမှ မြန်မာ ၄၇၃ ဦးအား တရားမဝင် ဝင်ရောက်မှု၊ ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်မှု၊ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်များ၌ လုပ်ကိုင်မှုတို့ဖြင့် တရားစွဲ အရေးယူ အပြစ်ပေးခြင်း ခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းရှိ တရားမဝင် အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား တွေ့ရှိပါက ဖမ်းဆီးခြင်း၊ ဒဏ်ရိုက်ခြင်း၊ နေရပ်ပြန်ပို့ခြင်း အပြင် အချက်လေးချက်ဖြင့် နှိမ်နင်းမည့် ၄ လတာ (ရက်ပေါင်း ၁၂၀) စီမံချက် အား ထိုင်းအာဏပိုင်များမှ တရားဝင် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ၎င်း စီမံချက်ကို ဇွန်လတွင် စတင်ခဲ့ခြင်းဖြစ်သည်။