- By CNI
- Category: စီးပွားရေး
- Hits: 1069
CNI News
၂၀၂၄ ခုနှစ်၊ ဇွန် ၆
နစက၏ ကုန်ပစ္စည်းချင်း ဖလှယ်သည့် ကုန်သွယ်မှုစနစ်သည် ကုန်သွယ်မှုကို လျော့ကျသွားနိုင်သည်ဟု ကုန်သည်များက ပြောသည်။
နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချနိုင်ရန်အတွက် ကုန်သွယ်ဖက် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သည့် ကုန်သွယ်မှုစနစ်ကို စတင်ကျင့်သုံးရန်အတွက် နစက-က ညွှန်ကြားထားကြောင်း ကုန်သည်များထံမှ သိရသည်။
ကုန်ပစ္စည်းချင်း ဖလှယ်သည့် စနစ်သည် ရှေးယခင်က အသုံးပြုခဲ့သည့် စနစ်တစ်ခုဖြစ်ပြီး ခေတ်မမှီတော့သည့် အတွက် မည်သည့်နိုင်ငံမှ အသုံးမပြုကြကြောင်း၊ သို့သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေ လိုအပ်ချက် ဖြစ်ပေါ်နေခြင်းကြောင့် ယင်းကုန်သွယ်မှုစနစ်ကို ပြန်လည်အသက်သွင်းလာခြင်း ဖြစ်သည်ဟု သုံးသပ်နေကြသည်။
ထိုစနစ်ဖြင့် ကုန်သွယ်မှု လုပ်ဆောင်ရမည်ဆိုပါက ကုန်သွယ်မှုများ ကျဆင်းလာမည် ဖြစ်ကြောင်း၊ ထို့နောက် ကုန်သွယ်ဖက် နိုင်ငံများထံမှ တင်သွင်းလိုသည့် ပစ္စည်းနှင့် တင်ပို့နေသည့် ကုန်စည်ပမာဏသည် မျှတမှု မရှိသည့် အတွက်လည်း ကုန်သည်များတွင် အခက်အခဲ ဖြစ်ပေါ်သွားနိုင်ကြောင်း၊ နောက်ဆုံးတွင် စားသုံးသူ ပြည်သူများ အပေါ်တွင် သက်ရောက်မှု ဖြစ်သွားမည်ဟု စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။
ကုန်တင်နာ သေတ္တာများကိုတွေ့ရစဉ်
၎င်းက “ကုန်သွယ်မှုလည်း ကျသွားမှာပဲ။ ဘာလို့ဆို ကိုယ်က ဆန်ပို့ပြီး ဆေးပစ္စည်း သွင်းချင်တယ်။ ဒါပေမယ့် ဆေးပစ္စည်းက အိန္ဒိယက သွင်းရတာ။ ဆန်က အိန္ဒိယက သူ့ဆီမှာ ပိုလို့ ကမ္ဘာကို ပြန်ရောင်းနေတာ။ ဆိုတော့ ကိုယ်က အိန္ဒိယကို ဆန်ပို့ပြီး အိန္ဒိယက ဆေးဘယ်လိုလုပ် ဝယ်မလဲ။ ကိုယ်က ဆန်ကို တရုတ်ပို့ရမှာ။ တရုတ်က ရတဲ့ ပိုက်ဆံနဲ့ အိန္ဒိယက ဆေးပစ္စည်း ဝယ်ရမှာ။ အဲဒီလိုပဲ လုပ်ရမှာ။ ဆန်ကို အာဖရိကကို ပို့တယ်။ ဆန်ကို ဘင်္ဂလာဒေ့ရှ် ပို့တယ်။ သူတို့ဆီက ငွေယူပြီးတော့မှ လုပ်ရမှာ။ အခုတော့ ဘင်္ဂလာဒေ့ရှ်ကို ဆန်ပို့တယ်၊ ဘင်္ဂလားဒေ့ရှ်ကနေ ဘာတွေပြန်သွင်းမလဲ၊ ဘာမှ လောက်လောက်လားလား သွင်းစရာမရှိဘူး။ နောက် ကိုယ်က တရုတ်ဆီ အများကြီး ဝယ်ရမယ်။ ကိုယ်ပို့တဲ့ဆန်အိတ်က မလောက်လေးမလောက်စား။ ပြန်သွင်းဖို့အတွက် အဆင်မပြေပြန်ဘူး။ ဆိုတော့ အများကြီးပေါ့။ ပြည်သူလူထုကို တိုက်ရိုက်တော့ မထိဘူး။ ဒါပေမယ့် ကုန်သည်ကို ထိမှာ။ ကုန်သည်ကိုထိရင် နောက်ဆုံး ပြည်သူလူထုပဲ။ ပြည်သူလူထုကို ထိတော့ထိမှာပေါ့” ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံသည် နိုင်ငံတကာသို့ တင်ပို့နိုင်သည့် အဆင့်မီသော ကုန်ပစ္စည်းများ မထုတ်လုပ်နိုင်သည့် အပြင် လက်ရှိ ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သော ကုန်သွယ်မှုစနစ်သည် အဆင်မပြေနိုင်ကြောင်း ကုန်သည်များက ပြောသည်။
ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးဖြင့်သော်လည်းကောင်း၊ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေး ၂၁၀၀ ကျပ်ဖြင့်လည်းကောင်း ကန့်သတ်ထားခြင်းနှင့် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် သွင်းကုန်တင်သွင်းရာတွင် လိုင်စင်အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ပို့ကုန်/သွင်းကုန် ကုမ္ပဏီများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သည့် ကုန်သွယ်မှုစနစ် လုပ်ဆောင်ရန် အဆိုတင်သွင်းခြင်း ဖြစ်နိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ခန့်မှန်းကြသည်။
ကုန်များသယ်နေကြစဉ်
မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက “ဒီအတိုင်းရောင်းဆို ဒီအတိုင်းပဲ ရောင်းရမှာ ပဲလေ ဒီနိုင်ငံမှာကတော့။ ဒီအတိုင်းလုပ်ဆိုလည်း ဒီအတိုင်း လုပ်ရမှာပဲလေ။ ဒီထက်ပိုပြီးတော့ လုပ်ကြည့်ပြီးမှ အခက်အခဲကို တင်ပြပြီးမှ နောက်တစ်မျိုး ပြောင်းတာတော့ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့။ အခုလောလောဆယ် ကတော့ အရင်တုန်းကလည်း ဒီဟာမျိုးပေါ့နော်။ ပြောင်းကနေပြီးတော့ ဆီ ၂ ဆီ သွင်းဖို့တို့၊ အခြားသီးနှံတွေက ဘာသွင်းပါ။ ရော်ဘာကနေ မြေဩဇာသွင်းပါ။ ဒီလိုတွေလည်း လုပ်ခဲ့တယ်ဆိုတော့ အခုဟာကလည်း အဲဒီမူကနေ ပြီးတော့ နည်းနည်း ဒီဘက်ကနေ ပြောင်းရောင်းတဲ့သူက ဘာသွင်းခွင့်ရတယ်။ ဘာလုပ်ကြမယ်ဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ တွက်ပြီးတော့ လုပ်ရမှာပေါ့နော်။ အဲဒီသွင်းဖို့ကရော ကိုယ်သွင်းချင်တာ သွင်းလို့ရလား မရလားဆိုတဲ့ အပိုင်းကလည်း ရှိသေးတယ်လေ။ အဲဒီတော့ ဒါက တဖြည်းဖြည်းချင်း သွားရမယ့်ကိစ္စ။ လုပ်ကြည့် ရင်းနဲ့မှပဲ ကောင်းသည်ဆိုးသည် တွေ့ရမှာပေါ့နော်။ ပြည်တွင်းမှာ ကုန်စည်ပြန်ရောင်းပြီး ငွေပြန်ဖလှယ်ပေါ့ ဒီလိုပဲ ရှိတာပဲလေ။ ဥပမာပေါ့ လောင်စာဆီ ဖြစ်ရင်ဖြစ်မယ်၊ စားအုန်းဆီ ဖြစ်ရင်ဖြစ်မယ်။ အိမ်ဆောက်ပစ္စည်း ဖြစ်ရင်ဖြစ် မယ်၊ ဆေးဝါး ဖြစ်ရင်ဖြစ်မယ်။ သွင်းလာပြီးတဲ့အခါ ဒါတွေကို ပြန်ရောင်းပေါ့။ ပြန်ရောင်းပြီးတော့ မြန်မာငွေ ပြန်ရှာပေါ့ ဒီလိုပဲ သွားရမှာပေါ့” ဟု ပြောသည်။
လက်ရှိ ကျင့်သုံးမည့် ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သော ကုန်သွယ်မှုစနစ်သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကျင့်သုံးခဲ့သည့် လယ်ယာထွက်ကုန် တင်ပို့မှုမှ စက်သုံးဆီနှင့် စားသုံးဆီကို ပြန်လည်တင်သွင်းခွင့် ပြုသည့်စနစ်နှင့် အလားတူကြောင်း၊ သို့သော်လည်း တင်ပို့သည့် ကုန်စည်နှင့် တင်ပို့သည့်နိုင်ငံမှ မည်သည့်ကုန်စည် သွင်းခွင့်ရှိ သည်ကို မသိရသေးကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 788
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်ခြင်းနှင့် ဝယ်ယူ၍ မရခြင်းတို့ ကြောင့် တောင်ယာစပါး စိုက်ပျိုးရန်အတွက် လယ်ထွန်မှုများ လုပ်ဆောင်ရာ၌ လူဖြင့် ထွန်ယက်နေကြရသည်ဟု ပူတာအိုဒေသခံများထံမှ သိရသည်။
ပူတာအိုမြို့နယ်တွင် ယခင်က မွေးမြူထားသည့် ကျွဲ၊ နွားများကို ရောင်းချ၍ ထွန်စက်များ ဝယ်ယူသုံးစွဲခဲ့ကြရာ လက်ရှိမှာတော့ စက်သုံးဆီ အခက်အခဲကြောင့် ထိုထွန်စက်များမှလည်း အသုံးပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
ထို့ကြောင့် လူဖြင့် လယ်ယာများကို ထွန်ယက်မှုများ လုပ်ဆောင်နေကြရပြီး ပူတာအိုမြို့နယ်အတွင်းရှိ နောင်မွန်း ဒေသတွင် အများဆုံး လုပ်ဆောင်နေကြရသည်ဟု ပူတာအိုဒေသခံ ဦးဘရန်ရှောင်က CNI သတင်းဌာနသို့ ပြော သည်။
စက်သုံးဆီဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်
၎င်းက “လူနဲ့ထွန်တာက ကျနော်တို့ နောင်မွန်းမြို့နယ်၊ ပနန်းပင်မြို့နယ်တွေမှာ ကျွဲနွားမရှိတဲ့ မိသားစုတွေက ပေါင်း ပေါင်းပြီးတော့ ထွန်ကြတယ်လေ။ ၁ အိမ်၊ ၂ အိမ် အဲဒီလို ပေါင်းပြီးတော့။ ဒါပေမယ့် အခုနောက်ပိုင်း ဆီမလောက်တဲ့ နေရာတွေက အဲဒီလို ဆွဲကြတယ်လို့ ပြောတယ်။ တချို့တွေက ကျွဲနွား မရှိတာ့လေ။ လူတိုင်းက ကျွဲနွား မမွေးနိုင်ဘူးလေ။ တချို့ကလည်း ၁ ကောင်၊ ၂ ကောင် ရှိတာပေါ့။ တချို့ကလည်း ရောင်းပြီးမှ တရုတ်စက် လေးတွေ ဝယ်ထားတာရှိတယ်။ တရုတ်စက်လေးတွေ ဝယ်ထားတော့ ကျွဲတွေက မရှိတော့ဘူးလေ။ ကျွဲနွားမရှိ တော့ အဲဒီလို ထွန်ရပြီပေါ့။ လူနဲ့ထွန်တာတော့ ပူတာအို၊ နောင်မွန်းဒေသမှာ အဓိကပိုများတယ်။ အဲဒါက အရင် ကလည်း လုပ်တယ်၊ အခု ပိုများလာတယ်” ဟု ပြောသည်။
ပူတာအိုမြို့နယ်သည် မြစ်ကြီးနားမြို့နယ်မှ လာရောက်သည့် ကုန်စည်ကိုသာ အဓိက အားထားနေရပြီး ပြီးခဲ့သည့် သင်္ကြန်ကာလမတိုင်ခင်ကတည်းက မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းသည် တိုက်ပွဲများကြောင့် အသုံးပြု၍ မရသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။
ထို့ကြောင့် ပူတာအိုမြို့နယ်တွင် စက်သုံးဆီ အပါအဝင် အခြေခံ စားသောက်ကုန်များ ပြတ်လပ်ခြင်းနှင့် ဈေးနှုန်း အဆမတန် မြင့်တက်ခြင်းများ ဖြစ်ပေါ်နေသည်။
လက်ရှိတွင် ပူတာအိုမြို့နယ်အတွင်း စက်သုံးဆီ ဈေးနှုန်းသည် တစ်လီတာလျှင် ငွေကျပ် ၁ သိန်းကျပ် ဖြစ်ပေါ် နေပြီး အလွယ်တကူ ဝယ်ယူ၍ မရကြောင်း၊ အိန္ဒိယနယ်စပ်မှတဆင့် စက်သုံးဆီကို သွားရောက်ထမ်းယူ၍ ရောင်းချနေမှုများ ရှိသော်လည်း အနည်းငယ်သာ ရရှိသည်ဟု ပူတာအိုဒေသခံ ကိုဒီတန်က CNI သတင်းဌာနသို့ ပြောသည်။
ပူတာအိုမြို့အ၀င်ကို တွေ့ရစဉ်
၎င်းက “ကျနော်တို့လည်း မဝယ်တာကြာပြီ။ ၁ လီတာကို ၁ သိန်းကျော်ပြီ ပြောတယ်။ ၇၀၀ မီလီမီတာကို ၈ သောင်း၊ ၁ လီတာကို ၁ သိန်းလောက်ရှိပြီ။ ဟိုတနေ့က အိန္ဒိယကို သွားတဲ့လူတွေ ရောက်လာတယ်။ တချို့က တော့ အဲဒါကတော့ သိတဲ့သူတွေကိုပဲ သူတို့အချင်းချင်းပဲ ရောင်းပေးတာ။ ၃ သောင်းခွဲလောက်နဲ့ ရတယ်။ အိန္ဒိယ နယ်စပ်ကနေ သွားထမ်းကြတာလေ။ ဒါပေမယ့် အများကြီး မဟုတ်ဘူး။ သူတို့သိတဲ့ ပတ်ဝန်းကျင် အချင်းချင်းပဲ ရောင်းပေးတာ” ဟု ပြောသည်။
လက်ရှိတွင် ပူတာအိုမြို့နယ်တွင် ကုန်စည်ကို လေယာဉ်ဖြင့်သာ သယ်ဆောင်နေကြရပြီး ကြက်ဥ ၁ လုံးလျှင် ၁ ထောင်ကျပ် ဖြစ်ပေါ်နေသလို ခေါက်ဆွဲခြောက်ထုပ်များနှင့် တခြားသော မီုးဖိုချောင်သုံးပစ္စည်းများ၊ ကုန်ခြောက် များမှ ပြတ်လပ်လျက် ရှိနေသည်။
ထို့အပြင် လက်ရှိတွင် ကျောင်းဖွင့်ရာသီ ဖြစ်သော်လည်း ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များ၊ ခဲတံများ၊ ဘောပင်များနှင့် စာအုပ်များမှာ လိုအပ်သလောက် ဝယ်ယူ၍ မရကြောင်း၊ ဗလာစာအုပ် တစ်ဒါဇင်လျှင် ၄ သောင်း ကျပ် ဖြစ်ပေါ်နေပြီး တချို့သော ကျောင်းသားမိဘများမှ ဝယ်ယူရန် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 907
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၄
ဧရာဝတီတိုင်းဒေသကြီး၏ ယခုနှစ် မိုးစပါးစိုက်ပျိုးမှုနှုန်းသည် ပြီးခဲ့သည့်နှစ်ထက် တိုးလာနိုင်သည်ဟု လယ်သမား ဘဝ ဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။
နွေစပါး စိုက်ပျိုးရာ ဒေသများဖြစ်သည့် ဘိုကလေး၊ ဒေးဒရဲနှင့် မော်လမြိုင်ကျွန်းမြို့နယ် အပါအဝင် မြို့နယ် ၂၀ ကျော်တွင် မိုးစပါးများ စိုက်ပျိုးလာကြခြင်းကြောင့် ယခုနှစ် ဧရာဝတီတိုင်းဒေသကြီး၏ မိုးစပါးစိုက်ပျိုးမှုနှုန်းသည် ဧက ၃၇ သိန်း ပြည့်မှီသွားနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ်က ဧကပိုရင်တောင် ပိုမယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေက ခါတိုင်းတုန်းက နွေစပါးကျမှပဲ စိုက်ကြတယ်။ အဲဒီလယ်တွေက တချို့ဆိုရင် မိုးစပါးကိုပါ နွေစပါးစိုက်လို့ ကုန်းမြင့်လို့ မိုးစပါး စိုက်လို့ရနိုင်တဲ့ နေရာတွေက ဒီနှစ်ဆို ထွန်ပြီးတော့ စိုက်ကြတဲ့အတွက် မိုးစပါးစိုက်ဧက နှစ်တိုင်းထက် ပိုလာနိုင်ဖွယ်ရှိတယ် အန်ကယ်တို့ ဧရာဝတီတိုင်း။ ဧရာဝတီတိုင်းမှာ ပိုတယ်ဆိုရင် ပဲခူးတိုင်းလည်းလျော့မှာ မဟုတ်လောက်ပါဘူး။ တော်တော်များများပါပဲ ဧရာဝတီတိုင်းမှာဆိုရင်တော့။ ခါတိုင်းတုန်းကဆိုရင် ဘိုကလေးတို့၊ ဒေးဒရဲ၊ မော်ကျွန်း အကုန်ပါပဲ။ တော်တော်များများ ဒီထဲက နွေစပါးစိုက်တဲ့ မြို့နယ်တွေ အားလုံးလိုလိုပါပဲ။ ဒီအတိုင်းဆိုရင် ၂၆ မြို့နယ်မှာ အနည်းဆုံး မြို့နယ် ၂၀ လောက်လို့ ပြောလို့ရတယ်။ အနိမ့်ပိုင်းတွေက နွေစပါးပဲစိုက်ပြီး မိုးစပါး မစိုက်ကြဘူးလေ။ သို့သော် ဒီနှစ် ပြန်စိုက်ကြမှာနဲ့ဆိုရင် ခန့်မှန်းခြေက အန်ကယ်တို့ ဧရာဝတီတိုင်းမှာရှိတဲ့ မိုးစပါးစိုက်ဧက ၃၇ သိန်း၊ ၃ ဒသမ ၇ သန်း အဲဒီစံချိန်ကို ပြည့်မှီလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
လယ်ထွန်နေစဉ်
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန်အတွက် ထွန်ယက်မှုများ စတင် လုပ်ဆောင်နေကြပြီဖြစ်ကြောင်း၊ သို့သော်လည်း တချို့မြို့နယ်များတွင် လက်တွန်းထွန်စက် ဝယ်ယူရာ၌ ဈေးနှုန်း အဆမတန် မြင့်တက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ထွန်ယက်နိုင်မှုများ မပြုလုပ်နိုင်သေးကြောင်း သိရ သည်။
ထို့ကြောင့် မြို့နယ်တချို့တွင် စပါးစိုက်ပျိုးမှု အနည်းငယ် နောက်ကျနိုင်သည်ဟု ခန့်မှန်းနေကြသည်။
မိုးစပါးစိုက်ပျိုးမှုသည် နွေစပါးကဲ့သို့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစု အမြောက်အမြား အသုံး မပြုရသည့်အတွက် ကုန်ကျစရိတ်အနေဖြင့် ၁ ဧကလျှင် ၂ သိန်းခန့် သက်သာသည်ဟု တောင်သူများက ပြော သည်။
သို့သော်လည်း ယခုနှစ်တွင် တချို့သော မြို့နယ်များ၌ စပါးပင်များကို ကိုက်ဖြတ်သည့် ရွှေခရုများ ကျရောက်မှု ဖြစ်ပေါ်နေခြင်းကြောင့် နှိမ်နှင်းရန် ကုန်ကျစရိတ် ပိုလာနိုင်သည်ဟု ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
တောင်သူများကို တွေ့ရစဉ်
၎င်းက “ဒီနှစ် အခြေအနေကတော့ ထွန်ယက်ပြီး ပျိုးတော့ ထောင်နေကြတာပဲ။ ကောင်းနိုင်ပါတယ်။ ခါတိုင်းလိုပဲ ပုံမှန်ပဲ ဖြစ်လောက်ပါတယ်။ အခုလောလောဆယ် ဒီမိုးမှာ ဒီ့ပြင် အခက်အခဲတော့ သိပ်မရှိဘူး။ ရွှေခရုကိစ္စ နည်းနည်း နေရာတိုင်းတော့ မဟုတ်ဘူး။ ဦးတို့နေရာမှာ တော်တော်များများ တွေ့တယ်။ နှိမ်နှင်းရမှာပေါ့ ကုန်ကျစရိတ်တွေ များလာမှာပေါ့။ ကုန်ကျစရိတ်များပြီးတော့ ဟိုတနေ့က လယ်သမားတစ်ဦးက ဟိုဘက်ခြမ်းမှာ မရှိဘူးတဲ့ ဒီဘက်ခြမ်းမှာ အားကြီးပဲတဲ့။ အခု ထွန်ယက်ပြီး စိုက်မယ့်အချိန်ဆို ဒီကောင်တွေက တအားများသွား မှာ” ဟု ပြောသည်။
အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် တချို့သော ကုမ္ပဏီများက မိုးစပါးအတွက် ချေးငွေများ ထုတ်ချေးပေး နေမှုများ ရှိသော်လည်း ပြီးခဲ့သည့် နွေစပါးတွင် စပါးဈေးနှုန်း ကောင်းမွန်ခဲ့၍ တောင်သူများမှာ ချေးငွေ ချေးယူမှု နည်းပါးသည်။
ပြီးခဲ့သည့် နွေစပါးတွင် စပါးကြမ်း တင်း ၁၀၀ လျှင် ငွေကျပ် သိန်း ၂၀ ရရှိခဲ့ပြီး ဆန်ချောစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၈ သိန်းမှ သိန်း ၃၀ အထိ ရရှိခဲ့သည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1492
CNI News
၂၀၂၄ ခုနှစ်၊ ဇွန် ၄
ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများမှ လုပ်သားများသည် တရုတ်၊ ထိုင်း၊ မလေးရှား၊ လာအို အစရှိသည့် ပြည်ပနိုင်ငံ များတွင် အလုပ်လုပ်ကိုင်ကြရန် ထွက်ခွာနေကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရ သည်။
ထိုသို့ ထွက်ခွာကြရခြင်းမှာ ပြည်တွင်း၏ အခြေခံလုပ်ခလစာသည် အခြားနိုင်ငံများနှင့်ယှဉ်ပါက ကွာဟချက်များ သဖြင့် တရားဝင် ထွက်ခွာကြသူများရှိသကဲ့သို့ တရားမဝင် ထွက်ခွာသွားကြသူများလည်းရှိကြောင်း အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူ မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။
ထိုအခြေအနေများကြောင့် အချို့စက်ရုံ၊ အလုပ်ရုံများတွင် ဝန်ထမ်းများအား လုပ်ခလစာနှုန်းထား တိုးမြှင့်ပေးခြင်း ဖြင့် ထိန်းထားရကြောင်း ၎င်းက ဆက်ပြောသည်။
အထည်ချုပ်အလုပ်သမားတွေကို တွေ့ရစဉ်
အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ မမျိုးမျိုးအေးက “လုပ်ခလစာတွေ တိုးမြှင့်ပြီးတော့ ကိုယ့်ရဲ့ဝန်ထမ်း တွေကို ထိန်းထားရတာတော့ မြင်နေရတာပဲ။ တောက်လျှောက် လစာနှုန်းမြှင့်တာတို့၊ extend date ကြေးတွေကို မြှင့်ပြီးတော့ ခေါ်တာမျိုးတို့ အဲဒါမျိုးတွေ လုပ်လာတာမျိုးတွေ တွေ့ရတယ်။ လစာနှုန်းထား မြှင့်တာကြတော့ တချို့ကြတော့လည်း ပေါ်တင်ပဲ Day ကြေးမှာ ၆၈၀၀ တို့၊ ၇၀၀၀ တို့။ တချို့ကြတော့ အဲဒီလို မဟုတ်ဘူး။ Day ကြေးကို ၄၈၀၀ ပဲ ထားတယ်။ ခဏနေရင် တစ်ဖက်အခြမ်းမှာ ၂၀၀၀၊ ၃၀၀၀ ပေါ့နော် စက်ရုံဘက်ကနေ တိုးပေး တယ်။ အဲဒီလိုမျိုးတွေ သွားတာတွေ့ရတယ်။ တစ်ရုံနဲ့ တစ်ရုံတော့ မတူဘူးပေါ့နော်။ တချို့အလုပ်သမားတွေကြ တော့ လုံးပေါင်းအပေါ်မှာ ကြည့်ပြီးတော့ အလုပ်ဝင်ကြတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပထွက်ခွာမှု များလာသည့် စက်ရုံလုပ်သားများကြောင့် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားအသစ် ခေါ်ယူကြရာတွင် တိုက်ပွဲရှောင်ရန် ရောက်ရှိလာသည့် အမျိုးသမီးငယ်လေးများမှ လာရောက်လျှောက်ထားကြ သူများရှိသဖြင့် လုပ်သားရှားပါးမှု အခြေအနေ ဆိုးဆိုးရွားရွား မကြုံတွေ့ရသေးကြောင်း သိရသည်။
ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြရာတွင် တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံများသို့ သွားရောက် အလုပ်လုပ်ကိုင် မှုမှာ ပို၍များပြားပြီး ရွှေလီ(တရုတ်နိုင်ငံ)ရှိ အထည်ချုပ်စက်ရုံများတွင် မြန်မာလုပ်သား အများအပြား ခေါ်ယူနေ ကြောင်းလည်း နယ်စပ်ဒေသဘက်မှ သိရသည်။
သို့သော် တရုတ်စက်ရုံများတွင် အလုပ်ခေါ်ရာ၌ အခြေခံလုပ်ခလစာ ယွမ် ၂၀၀၀ ပေးမည်ဟု ဦးစွာပြောဆိုသော် လည်း ထိုပမာဏအတိုင်း လုပ်ခလစာမရရှိဘဲ ခေါင်းပုံဖြတ်ခံရမှုများ ရှိကြောင်း မူဆယ်ရှိ ပရဟိတအသင်းအဖွဲ့ များထံက သိရသည်။
တရုတ်ဘက်သို့ နယ်စပ်ဂိတ်များမှ ဝင်ရောက်ကြရာတွင် တစ်ခါသုံးကဒ်(TBP) ဖြင့် ဝင်ရောက်သူ များပြားသော ကြောင့် တရုတ်ဘက်မှ ယခင်ထက် တင်းကြပ်လာကြောင်း မူဆယ်ရှိ နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အထည်ချုပ်လုပ်ငန်းကို တွေ့ရစဉ်
၎င်းက “အခုကတော့ နဂိုလိုတော့ မဟုတ်တော့ဘူး တအားကြပ်တယ်။ ၇ ရက်ကဒ်တွေဆိုရင် တအားစစ်ဆေး မေးမြန်းတယ်။ ဘာလုပ်ဖို့ဝင်တာလဲ ဘာညာလဲဆိုပြီးတော့။ အလုပ်လုပ်ဖို့ ဝင်လာတယ်ဆို ပေးမဝင်တော့ဘူး ပြန်လွှတ်တာ။ အလုပ်အကိုင်တွေကြတော့ ရှိတော့ရှိတယ်။ ဒါပေမယ့် ၇ ရက်ကဒ်တွေ ကြတော့ တော်တော် ဆိုးတယ်။ ပေးမဝင်တော့ဘူး အဲဒီလိုဖြစ်တာ။ စာအုပ်သမားတွေလောက်ပဲ အခွင့်အရေး ရှိတော့တယ်။ ပြည်တော် ပြန်တွေ ပြန်လာရင် ကြားရတယ်။ လခတွေ တချို့ကြလည်း မရကြဘူး။ တချို့ကြတော့လည်း အဖမ်းခံပြီးတော့ ပြန်လာရတာတွေ အများကြီးပဲ” ဟု ပြောသည်။
ပြည်တွင်းရှိ လုပ်သားများအနေဖြင့် ယခင်က ထိုင်းနှင့်မလေးရှားသို့ သွားရောက်မှု များပြားခဲ့သော်လည်း ယခုနှစ် တွင် တရုတ်နယ်စပ်နှင့် လာအိုနိုင်ငံများအထိပါ သွားရောက် လုပ်ကိုင်မှုများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ CMP စက်ရုံပေါင်း (၇၀၀ )နီးပါး လည်ပတ်နေရာမှ ကိုဗစ်ကြောင့် စက်ရုံပေါင်း(၁၀၀)ကျော် ရပ်နားခဲ့ ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးဦးမင်းမင်းက ၂၀၂၃ ခုနှစ်တွင် ပြောကြားခဲ့ဖူးသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1635
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃
ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှု၊ ဒေါ်လာဈေးနှုန်း မြင့်တက်မှု၊ ဒေါ်လာရှားပါးမှုများကို ပြေလည်စေနိုင်ရန်အတွက် ပြည်တွင်းသို့ ဒေါ်လာပိုမို ဝင်ရောက်ရန် လိုအပ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းရခြင်းသည် ပြည်တွင်းတွင် ဒေါ်လာဝယ်ယူရ ခက်ခဲခြင်းနှင့် ရှားပါးခြင်းများကြောင့် ဖြစ်ကြောင်း၊ ထိုသို့ ဒေါ်လာအခက်အခဲ ဖြစ်ပေါ်ရခြင်းသည် ဒေါ်လာဈေးကွက်ကို ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်း များ လုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် မြန်မာကျပ်ငွေ တန်ဖိုးပြန်လည် မြင့်တက်လာစေရန်အတွက် ပို့ကုန်ပိုမိုတင်ပို့နိုင်ရန်နှင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ လွှဲပို့သော နိုင်ငံခြားငွေများ ပြည်တွင်းသို့ တရားဝင် ဝင်ရောက်လာရန်အတွက် လုပ်ဆောင်ရန် လိုအပ်ကြောင်းသည်။
ထိုသို့ လုပ်ဆောင်ရာတွင်လည်း ပို့ကုန်ရငွေ မူဝါဒကို ထိန်းချုပ်မထားဘဲ ပို့ကုန်သမားများကို အားပေးရန် လိုအပ် ကြောင်း၊ ရွှေပြောင်းအလုပ်သမားများ လွှဲပို့လာသည့် နိုင်ငံခြားငွေများကိုလည်း လဲလှယ်ပေးသည့် နှုန်းထား တိုးမြှင့်ပေးရန် လိုအပ်သည်ဟု အမည်မဖော်လိုသည့် စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်လာနဲ့မြန်မာကျပ်ငွေကို တွေ့ရစဉ်
၎င်းက “ဘောဂဗေဒ point of view အရ ကြည့်လို့ရှိရင်တော့ ဒေါ်လာ supply များများရအောင် လုပ်ပေးရမယ်။ ဒေါ်လာ supply များများရဖို့အတွက် ဘာလုပ်ရမလဲဆိုရင် export သမားကို အားပေးရမယ်။ export ကို သွားပြီး သတ်လို့မရဘူး။ အခု ၃၅ ရာခိုင်နှုန်း ဖြတ်ယူပြီး ၂၁၀၀ နဲ့ ဖြတ်လို့ export သမားကို သတ်နေတာ။ နောက်တစ်ခု က အပြင်ကိုသွားပြီး အလုပ်လုပ်တဲ့သူတွေ ပြန်ပို့တဲ့ငွေကို သူတို့ ဘဏ်ဈေးနဲ့ ဖြတ်တယ်။ အခုဆိုရင် ၃၃၀၀ ကျော် နဲ့ ဖြတ်တယ်။ အစိုးရက ၃၀ ထပ်ပြီးတော့ ထပ်ပေါင်းပေးတယ် ၁ ဒေါ်လာကို ဒီလောက်ပဲ။ အပြင်မှာ ၄၀၀၀ ကျော် ၅၀၀၀ နား ရောက်နေပြီ ဘယ်အလုပ်သမားက ပြန်ပို့တော့မှာလဲ။ ဟွန်ဒီနဲ့ပဲ ပို့တော့မယ်။ ဟွန်ဒီနဲ့ပို့ရင် မြန်မာငွေ နဲ့ပဲ ရတော့မှာ။ ဆိုတော့ အဲဒီဟာတွေကို ဒေါ်လာဈေးကို ကန့်သတ်ထားတာကို လွှတ်ကို လွှတ်ပေးရတော့မယ်။ လွှတ်ပေးတဲ့အတွက် မကောင်းတဲ့အချက်က ဒေါ်လာဈေးက နည်းနည်းပါးပါးတော့ ထပ်ပြန်တက်မယ်။ ဒါပေမယ့် ဒေါ်လာ supply က ပိုပြီးတော့ များလာမယ်။ အဲဒီပေါ်လစီကို မပြောင်းသရွှေ့တော့ အဆင်မပြေနိုင်ဘူး။ ဒါပေမယ့် တခြား effect တွေလည်း ရှိတာပေါ့လေ။ အခု border trade လမ်းကြောင်းတွေ အကုန်လုံး လမ်းတွေ၊ တံတား တွေပျက်လို့ မသွားနိုင်တာ၊ အဲဒီမှာ ဆက်ကြေးတွေ အများကြီး ပေးနေရလို့ မသွားနိုင်တာ ဒီ effect တွေလည်း ရှိတော့ရှိတာပေါ့။ ဒါပေမယ့် economic point of view အရ ကြည့်လို့ရှိရင်တော့ ဒေါ်လာကို၊ ဈေးကွက်ကိုပေါ့ ဈေးကွက်ကို သွားပြီးတော့ ထိန်းချုပ်လိုက်တာ အဲဒါက မှားတာ။ အဲဒီပေါ်လစီကို ပြင်နိုင်မှပဲ အဆင်ပြေနိုင်မှာ” ဟု ပြောသည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကြောင့် ပြည်တွင်းတွင် ကုန်ဈေးနှုန်း မြင့်တက်ခြင်းများ ဖြစ်ပေါ်နေပြီး အခြေခံ လူတန်းစားများမှာ အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိနေသလို ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများလည်း အဆမတန် မြင့်လာနေသည်။
ငွေကြေးနှင့် ရွှေဈေးနှုန်း မတည်ငြိမ်ခြင်းကို ထိန်းချုပ်ရန်အတွက် ရွှေလုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေကုန်သည်များကို ဖမ်းဆီးအရေးယူမှုများ ရှိသော်လည်း သက်ရောက်မှု မရှိနိုင်ကြောင်း၊ အဓိကအားဖြင့် ငွေစက္ကူအသစ် ရိုက်ထုတ်နေမှုများကြောင့် ဖြစ်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာကျပ်ငွေ ၁၀၀၀ တန်ကိုတွေ့ရစဉ်
၎င်းက “မရှိဘူးလို့ ပြောရမှာပဲ။ အခုဟာက ရွှေဈေးနဲ့ တိုက်ရိုက် အချိုးကျနေတဲ့အတွက် တစ်ဖက်မှာလည်း ငွေစက္ကူ ရိုက်ထုတ်တာလည်း ပြတ်မှမပြတ်တာ။ အဓိက ငွေစက္ကူ ရိုက်ထုတ်တာလည်း ပြတ်မှရမှာလေ။ ငွေစက္ကူ ရိုက်ထုတ်နေသရွေ့တော့ ရွှေဈေး အတက်အကျကို ဈေးကစားတယ်လို့ပဲ မြင်ထားလိုက်၊ ငွေကြေးဖောင်းပွတာ ကြီး အရမ်းကြီး မတွက်ဘဲနဲ့ပေါ့။ တစ်ဖက်မှာ ကျနော်တို့ကြည့်ရမှာ ငွေစက္ကူ တောက်လျောက် ရိုက်ထုတ်နေတာ ဘယ်လိုမှ အဆင်မပြေဘူး။ ရွှေဈေးက ကျတယ်ဆိုလည်း ဈေးကစားတဲ့ပုံစံ တစ်ခုသာသာပဲ ရှိတာကိုး” ဟု ပြော သည်။
နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွားသည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း စီးပွားရေးမူဝါဒဆိုင်ရာ စီမံခန့်ခွဲမှုစနစ် မှန်ကန်မှု မရှိသည့်အတွက် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှုများသည် ဆက်တိုက် ဖြစ်ပေါ်လာနေသည်။
လက်ရှိတွင် ငွေကြေးဖောင်းပွမှုသည် ၃၅ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများထံမှ သိရသည်။
နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်တွင်းတွင် ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် နယ်စပ်ကုန်သွယ်မှုများလည်း ကျဆင်းလျက် ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1164
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃
မလေးရှားနိုင်ငံမှ မြန်မာ အပါအဝင် နိုင်ငံခြားသားလုပ်သားအသစ် ခေါ်ယူမှုများကို ရပ်ထားသော်လည်း ပြည်တွင်း နှင့် မလေးရှားရှိ အေဂျင်စီအမည်ခံ ပွဲစားများမှ လူစုဆောင်းမှုများ ပြုလုပ်နေကြောင်း မလေးရှားတွင် နေထိုင်နေ သူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတွင် မူလခေါ်စာ ချထားပေးပြီးသည့် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ အတွက် ဗီဇာလျှောက်လွှာ တင်ရာ၌ ဧပြီလကုန်အထိ ခွင့်ပြုပေးထားပြီး ၎င်းလုပ်သားများအား မလေးရှား နိုင်ငံထဲသို့ မေလကုန်အထိသာ ပေးဝင်ထားခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် မလေးရှားဘက်မှ မြန်မာ အပါအဝင် နိုင်ငံခြားသား လုပ်သားအသစ်ခေါ်ယူရန် ထုတ်ပြန် ထားခြင်းနှင့် ပြန်လည်ခွင့်ပြုပေးထားခြင်းမျိုး မရှိသဖြင့် အယုံမလွယ်ကြရန် မလေးရှား၌ နေထိုင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတွင် နေထိုင်လျက်ရှိသူ မြန်မာနိုင်ငံသားတစ်ဦးက “လောလောဆယ် အစိုးရက ဘာမှပြောထားခြင်း မရှိ သေးဘူး။ တရားဝင် ကြေညာထားခြင်း မရှိသေးဘူး။ တချို့အေဂျင်စီတွေက ကြိုတင်ပြီး လက်ခံနေတာမျိုး တွေရှိ တယ်။ ဒါကတော့ သူတို့ကြိုတင်ပြီးတော့ လက်ခံတာပေါ့။ ဒါပေမယ့် လောလောဆယ်မှာတော့ လက်ရှိမှာတော့ တရားဝင် ဖွင့်ထားခြင်းမျိုး မရှိသေးဘူး။ ကျနော်တို့ အနေနဲ့ကတော့ ဒီဘက်က တရားဝင် မချပြသေးပဲနဲ့ အဲဒီလို မျိုး လက်ခံ မထားသင့်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကြတော့ မြန်မာပြည်သူ/ပြည်သား သွားချင်တဲ့ သူတွေက စရံလည်း ကြိုပြီး အပ်ထားတယ်၊ ဒီကမဖွင့်ပေးတော့ ကြာတာမျိုးတွေ အဲဒါတွေ ဖြစ်တတ်တယ်။ ဘာဖြစ်လို့လဲဆို အခုက ဘယ်အချိန်ပြန်ပြီးတော့ အတိအကျ ပြန်ဖွင့်မယ်ဆိုတာလည်း ကြိုပြီးလည်း မသိနိုင်ဘူး လေ သူတို့အစိုးရက ဘယ်လိုဥပဒေ ဆွဲထားတယ်ဆိုတာ။ အကယ်၍ တိတိကျကျသူတို့ ကြေညာပြီးမှ လက်ခံတာ က ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်တို့ထင်တယ်” ဟု ပြောသည်။
စက်ရုံတစ်ရုံကို တွေ့ရစဉ်
ထိုအခြေအနေများကြောင့် နိုင်ငံခြားထွက်မည့် မြန်မာပြည်သူများအနေဖြင့် ယခင်ကထက်ပို၍ လေ့လာမှုများ ပြုလုပ်သင့်ကြောင်း၊ အမှန် ဟုတ်/မဟုတ် စဉ်းစားဆုံးဖြတ်သင့်ကြောင်း၊ သတင်းများအား ဖတ်ရှုသင့်ကြောင်း လည်း မလေးရှားတွင် နေထိုင်နေသူများက အကြံပြုသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ တရားဝင် နိုင်ငံခြားသား လုပ်သားအင်အားမှာ လိုအပ်သည်ထက် ပိုမိုများပြား နေသည့်ကြား တရားမဝင် လုပ်သားများအတွက် ပို၍ခက်ခဲကြောင်း မလေးရှား၌ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံခြားသား အလုပ်သမားတွေ နောက်ထပ် ဝင်လာလို့မရတော့တဲ့ အနေအထားမျိုးမှာ နောက်ဆုံး အကြိမ်လေးမှာ အဓိကကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ စာချုပ်ချုပ်ဆိုထားတဲ့ အလုပ်သမားတွေ ခေါ်ဆိုမှုတွေ ရောက်ရှိလာတာဆိုရင် လေဆိပ်မှာတောင်မှ ပြည့်လျှံပြီးတော့လေ ခေါ်ဆိုထားတဲ့ ကုမ္ပဏီတွေက လာမခေါ် နိုင်လို့တောင် ဒီလေဆိပ်မှာ ပုံနေတာကို တွေ့နေရပါတယ်။ အဲဒီတော့ နောက်ထပ် အသစ်ခေါ်ယူဖို့ဆိုတာ ကျနော့် အမြင်အရကတော့ ဘယ်စက်ရုံမှာ ဘယ်သူက ထပ်ခေါ်တယ်ဘာညာ ထပ်ရှိဖို့ဆိုတာ မဟုတ်လောက်ပါဘူး။ နောက်ပြီးတော့ လက်ရှိ ဒီမတိုင်ခင်က စာချုပ်ချုပ်ဆိုပြီးသားလူတွေကလည်း ဘယ်အချိန်မှ ထပ်လာနိုင်မလဲ ဆိုတာ ကျနော်မသိပါဘူး။ အဲဒါတွေက တရားဝင် ထုတ်ပြန်ထားတဲ့ အနေအထားလည်း မရှိပါဘူး။ လက်ရှိ အနေအထားမှာ တရားဝင်နဲ့ခေါ်ထားပြီး ရောက်ရှိလာတဲ့ အလုပ်သမားတွေကိုတောင် အလုပ်မပေးနိုင်တဲ့ လုပ်ငန်းရှင်တို့ မလေးရှားဘက်အပိုင်းက အများကြီးကို ရှိနေပါတယ်” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
မလေးရှားတွင် ပြီးခဲ့သည့် မေလမှ စတင်ကာ အော်ပရာစီ အဖမ်းအဆီးများ တစ်ကျော့ပြန် ပြန်လည်များပြား လာနေပြီး မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံနေရကြောင်း မလေးရှား၌ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများထံက သိရသည်။
ထိုသို့ ဝင်ရောက် ဖမ်းဆီးရာတွင် နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ တရားဝင် အထောက်အထား ရှိသူများဖြစ်ပါက ပြန်လည်စေလွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ အဖမ်းအဆီး ပြန်လည်များပြားလာသည့် ကာလတွင် ယခင်က အော်ပရာစီ မရှိသည်မှာ ကြာမြင့်ပြီ ဖြစ်သော နေရာဒေသများတွင်ပါ ဝင်ရောက် စစ်ဆေး၍ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မလေးရှား၌ နေထိုင်နေ သူများထံက သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1784
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂
ဝန့်စိန်ရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်တို့မှ သူဋ္ဌေးများ အပါအဝင် လူ ၁၀ ဦးကို ရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်အောင်ဆောင်ရွက်သည့်အတွက် ဖမ်းဆီးအရေးယူရန် ဆောင်ရွက်စဉ် ထွက်ပြေးတိမ်းရှောင် နေသည့်အတွက် နစက-က ဖမ်းဝရမ်းထုတ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်က ထုတ်ပြန်ခဲ့သည်။
ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ရွှေအရောင်းအဝယ် ပြုလုပ်နေသည့် ပွဲစားများ အပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးအား ဖော်ထုတ် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်ဟု နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
၎င်းတို့၏ ထွက်ဆိုချက်အရ ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် အောင်သမာဓိရွှေဆိုင် ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင် ပိုင်ရှင် ဦးအောင် ကောင်းမြတ်၊ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ခရမ်းသုံးခွ ရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ စိန်ကျော်မိုးရွှေဆိုင်မှ ဦးကျော်ငြိမ်း၊ ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ တို့နှင့် ပွဲစားများဖြစ်သော ဦးကျော်ဝင်း(ခ)ပန်းသီး၊ ဦးညီညီဦး (ခ)ချက်ကြီး၊ ဒေါ်တင်တင်ခိုင်(ခ)စန္ဒာတင်တို့ သည် ထွက်ပြေးတိမ်းရှောင်နေကြသည်။
ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တရားခံ ၁၀ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ပြီး မိဘပြည်သူများအနေဖြင့် သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင် ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဖမ်းဆီးခံထားရသော ၂၁ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပြည်တွင်း အကယ်ဒမီရွှေသည် တစ်ကျပ်သား ၅၇ သိန်းကျော်ထိ ရောက်ရှိသွားခဲ့ပြီး နောက် ယခုအခါမှာတော့ သိန်း ၅၀ ကျော်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2219
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၃၁
ကရင်ပြည်နယ်၊ မြဝတီ-မဲဆောက် ကုန်သွယ်ရေးအတွက် အားကိုးနေရသော ထော့ကိုကိုး တောင်ပေါ် တောလမ်း၏ အခြေအနေကို ယနေ့ (မေလ ၃၁ ရက်)တွင် တွေ့ရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် လုံခြုံရေး အခြေအနေ မကောင်းမွန်သေးခြင်းနှင့် လမ်းတံတားများ ပျက်စီးနေခြင်းကြောင့် ထော့ကိုကိုးလမ်းကို အသုံးပြု၍ ခရီးသွား- ကုန်သွယ်နေကြရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1319
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၃၁
စီးပွားရေးဆိုင်ရာ ကဏ္ဍများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ ငွေကြေးနှင့် ကုန်စည်စီးဆင်းမှုတို့နှင့် ပတ်သက်သည့် ကော်မတီများ၊ ဌာနများ အပါအဝင် ကော်မရှင်များတွင် စီးပွားရေးနှင့် သက်ဆိုင်သည့် ကျွမ်းကျင် ပိုင်နိုင်သူများကိုသာ ခန့်ထားသင့်ကြောင်း စီးပွားရေးလုပ်ငန်းငန်ရှင်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
စင်္ကာပူ၊ မလေးရှား၊ ထိုင်းနှင့် တောင်ကိုရီးယား စသည့် အာဆီယံနှင့် အာရှနိုင်ငံများတွင် စီးပွားရေးနှင့်ပတ်သက် သည့် လုပ်ငန်းများကို စီးပွားရေးပိုင်းဆိုင်ရာ ပိုင်နိုင်မှုမရှိသူများကို နေရာပေးလေ့မရှိကြောင်း၊ သို့မှသာ စဉ်းစား ဆုံးဖြတ်ချက်များ မှန်ကန်မည်ဖြစ်သည်ဟု ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ ကဏ္ဍများ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင် မဟုတ်သည့်သူများ ပါဝင်နေကြောင်း၊ သို့သော်လည်း ၎င်းတို့၏ တိုင်ပင်နိုင်မှုအပေါ်တွင် မူတည်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါက လူကြီးတွေ technically ဘယ်လောက်သိသလဲ၊ သို့မဟုတ် technical သိတဲ့လူနဲ့ ဘယ်လောက် တိုင်ပင်နိုင်သလဲ အဲဒါ အရေးကြီးတာပဲ။ နံပါတ် ၁ က မလေးရှားမှာ၊ စင်္ကာပူမှာ၊ ထိုင်းမှာ၊ တောင်ကိုရီးယားမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ အေဂျင်စီတွေအကုန်လုံးကို စီးပွားရေးမှာ မပိုင်ရင် မခန့်ကို မခန့်ဘူး ဒါပဲ အဖြေကတော့။ အဲဒီတော့မှ စဉ်းစားတာ မှန်တော့မှာပေါ့။ အဲဒီတော့ သို့မဟုတ် တပ်ချုပ်ကြီးက စီးပွားရေးပညာရှင် မဟုတ်ဘူး။ ဒါပေမယ့် သို့သော်ငြားလည်း သူက ဘယ်လောက်ထိ တိုင်ပင်နိုင်မလဲ အဲဒီအပေါ်မှာ မူတည်တာပေါ့” ဟု ပြော သည်။
ဒုတိယဗိုလ်ချုပ်ကြီးညိုစောနဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် နစက-က နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ(FESC) ၏ ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို ခန့်အပ် တာဝန်ပေးထားသည်။
ထို့အပြင် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်မှုကော်မရှင်(MIC) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး ခန့်အပ် တာဝန်ပေးထားသည်။
စီးပွားရေးဆိုင်ရာတာဝန်များကို စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများထက် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက ပို၍ တာဝန်ယူသင့်သည်ဆိုသော်လည်း ယခင် ဦးသန်းရွှေ အစိုးရလက်ထက်တွင်လည်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက တာဝန်ယူခဲ့ကြောင်း၊ ထိုအချိန်က မြန်မာ့စီးပွားရေး ကောင်းမွန်ခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍတွင် ပိုငွေများ ပြခဲ့သည်။
စစ်ဘက်ဖြစ်စေ၊ အရပ်ဘက်ဖြစ်စေ စီးပွားရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရာတွင် အဓိကအားဖြင့် ကျင့်သုံးသည့် စီးပွားရေးမူဝါဒ အပေါ်တွင်သာ မူတည်ကြောင်း၊ ထို့နောက် လက်ရှိတွင်လည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပညာရှင်များထံမှ အကြံဉာဏ်များယူ၍ စီးပွားရေးနှင့် ဟန်ချက်ညီသည့် ပေါ်လစီဖြစ်ရန် လုပ်ဆောင်မှသာ အဆင်ပြေမည်ဟု အမည်မဖော်လိုသည့် စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟိုးအရင် ဦးသန်းရွှေ လက်ထက်ကလည်း လုပ်ခဲ့တာပဲ။ သူက ကိုင်တယ်။ အဲဒီလိုမျိုးပဲ သူက import တွေအများကြီး တက်မလာအောင် သူက export နဲ့ ပြန်ထိန်းသွားတယ်။ export ဝင်ငွေရှိမှ import ပြန်သွင်း ရမယ်လို့ လုပ်လိုက်တယ်။ လုပ်လိုက်တော့ export ဈေးနှုန်းတွေကလည်း တိုးတယ်။ ဝင်လာတဲ့ ဒေါ်လာတွေက အကုန်တက်ကုန်ရော။ ဘာဖြစ်လဲဆိုတော့ import သမားအတွက် အဆင်ပြေတယ်။ တစ်ခါ export သမား အတွက်လည်း ဈေးကောင်းရတော့ ပိုပြီး export ပို့ချင်တယ်။ ဆိုတော့ အရင်ကလည်း စစ်တပ်ကလူပဲ၊ အခုလည်း စစ်တပ်ကလူပဲ၊ ဒါပေမယ့် ပေါ်လစီချင်းက ကွာသွားတဲ့အခါမှာ အခြေအနေချင်းက ကွာသွားတယ်။ ဦးသန်းရွှေ လက်ထက်က ဆိုလို့ရှိရင် ကုန်သွယ်မှု ပိုငွေတောင် ပြတယ်။ အခုတော့ ဒီအစိုးရလက်ထက်မှာ သူတို့က ပိုငွေပြချင် နေတာ။ အမျိုးသားစီမံကိန်းမှာလည်း ပိုငွေပြအောင် လုပ်မယ်ဆိုပြီးတော့ တေးထားတယ်။ ဒါပေမယ့် တစ်ခါမှ မပြတဲ့အပြင် ပိုပိုပြီး ဆိုးလာတယ်။ အဲဒါကြောင့် ပြောချင်တာတော့ တက်လာတဲ့လူနဲ့တော့ မဆိုင်ဘူး။ သူတို့ ဘယ်လို ပေါ်လစီနဲ့ချမလဲ။ ဒါနဲ့ပဲ ဆိုင်တာပေါ့။ တစ်ခုရှိတာတော့ စစ်တပ်ကလူကတော့ ပေါ်လစီပိုင်းဆိုင်ရာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် မဟုတ်တော့ သူတို့ သေချာနားလည်ချင်မှ နားလည်မယ်။ ဒါပေမယ့် သူက ပညာရှင်ကို ချဉ်းကပ်ရမှာ။ ပညာရှင်ဆီက အကြံဉာဏ်ယူရမှာ။ အကြံဉာဏ်ယူပြီးတော့ လုပ်တယ်ဆိုရင်တော့ စီးပွားရေးနဲ့ သွားပြီးတော့ ဟန်ချက်ညီတဲ့ ပေါ်လစီ ဖြစ်မယ်။ မဟုတ်လို့ရှိရင် အဆင်မပြေနိုင်ဘူး” ဟု ပြောသည်။
ကုန်စုံဆိုင်ကိုတွေ့ရစဉ်
လက်ရှိ မြန်မာ့စီးပွားရေးကဏ္ဍသည် ကျဆင်းနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ နိုင်ငံခြားငွေကြေး ထိန်းချုပ်ထားမှု၊ ပို့ကုန်သွင်းကုန်ပါမစ် ကန့်သတ်ထားမှုများကြောင့် ကုန်သွယ်ရေးများ ကျဆင်းနေကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာလည်း ထွက်ခွာနေမှုများရှိနေပြီး ပြန်လည်ဝင်ရောက် လာမှုများမှာ အလွန်နည်းပါး နေကြောင်း သိရသည်။
ထို့နောက် မြန်မာငွေကြေး တန်ဖိုးကျဆင်းမှုများကြောင့် ပြည်တွင်းတွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများလည်း ဖြစ်ပေါ်လျက် ရှိနေသည်။
စီးပွားရေး ပြန်လည်ကောင်းမွန်ရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာရန်အတွက် အဓိအားဖြင့် စီးပွားရေးတွင် ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပေးရန် လိုအပ်ကြောင်း၊ ထို့နောက် ပို့ကုန်ရငွေ မူဝါဒနှင့် ပတ်သက်၍ ထိန်းချုပ်ထားမှုများကို ဖြေလျှော့ပေးပြီး ပို့ကုန် ပိုမိုတင်ပို့နိုင်ရန်အတွက် ဆောင်ရွက်သင့်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
အလားတူ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ဝင်ငွေများ ပြည်တွင်းသို့ တရားဝင် ဝင်ရောက်လာစေရန် အတွက် ငွေလဲလှယ်သည့် နှုန်းထားများကို တိုးမြှင့်ပေးရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1664
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၃၀
လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်၍ လမ်းတံတားကြေးများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းတံတားကြေးများကို ပမာဏ မည်မျှ တိုးမြှင့်ကောက်ခံမည်ကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း တိုးမြှင့်ကောက်ခံမည်ဆိုပါက ကုန်တင်ကားခ ဈေးနှုန်းများလည်း မြင့်တက်သွားမည်ဖြစ်သလို ပြည်သူများ ကုန်ဈေးနှုန်း မြင့်တက်သည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် များက ပြောသည်။
လက်ရှိတွင် မော်တော်ကားနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေခြင်းနှင့် ယာဉ်မောင်းခ၊ အလုပ်သမားခများ ဈေးနှုန်းမြင့်တက်နေခြင်းများနှင့် ကြုံတွေ့နေရသလို လမ်းကြေး၊ တံတားကြေး ဈေးနှုန်း မြင့်တက်မည်ဆိုပါက ကုန်တင်သည့် တန်ဆာခ ဈေးနှုန်းများလည်း အပြောင်းအလဲ ဖြစ်သွားမည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။
လမ်းကြေးကောက်ခံနေစဉ်
၎င်းက “လမ်းကြေး၊ တံတားကြေးတွေ ဈေးတက်တော့ တန်ဆာခတွေတော့ နည်းနည်းလေးတော့ အပြောင်းအလဲ ရှိမှာပေါ့။ ဟိုကတက်လိုက်၊ ဒီကတက်လိုက်၊ ကားနဲ့ ဆက်စပ်ပစ္စည်းတွေ၊ စက်ချောဆီ၊ စက်သုံးဆီ၊ တာယာ ပစ္စည်းအစုံပေါ့၊ နောက်ပြီးတော့ ယာဉ်မောင်းခ အများကြီးပါပဲ စိတ်ညစ်စရာကြီး။ ကုန်ဈေးနှုန်းအပေါ်မှာတော့ သက်ရောက်မှာပေါ့။ အခုတောင်မှ ဈေးဝယ်ရင် အရင်လိုမှ သုံးလို့မှ မရတော့တာ။ အကုန်လုံး အာလူးတို့၊ ကြက်သွန်တို့၊ မီးဖိုချောင်သုံး ပစ္စည်းတွေလည်း ဈေးတက်မှာပဲလေ။ နောက် ကားခတွေလည်း ဈေးတက်တာပဲ လေ။ ကီလို ၄၀၀ ကျော်ပေါ့ ရန်ကုန် - တောင်ကြီး ကီလို ၄၀၀ ကျော်က ၈ သောင်းခွဲလောက် ကျတာပေါ့။ ဒါပေမယ့် လမ်းမှာလည်း မမြင်ရတဲ့ စရိတ်တွေ အများကြီးရှိတာတယ်၊ ပြောလို့မရတဲ့ စရိတ်တွေ အများကြီး ရှိတယ်” ဟု ပြောသည်။
လမ်းကြေး၊ တံတားကြေး အသုံးပြုခနှုန်းထားများကို ကောက်ခံရာတွင် ဂိတ်တစ်ခုနှင့်တစ်ခု ကောက်ခံသည့်ပုံစံ မတူညီကြောင်း၊ တချို့သော ဂိတ်များသည် မော်တော်ကား၏ ဘီးအရေအတွက်ပေါ် မူတည်၍လည်းကောင်း၊ မော်တော်ကားနှင့် ကုန်တန်ချိန်ပေါ် မူတည်၍သော်လည်းကောင်း အမျိုးမျိုး ကောက်ခံကြခြင်းဖြစ်သည်။
မြို့ဝင်ကြေး၊ လမ်းကြေး၊ တံတားကြေးများကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုများ ရှိခဲ့သော်လည်း လက်ရှိ ပြည်တွင်းပို့ဆောင်ရေးလမ်းကြောင်း အခြေအနေများအရ ထိုကောက်ခံသည့် နှုန်းထားများသည် မပြော ပလောက်တော့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တန်ဆာခ ဈေးနှုန်းများမှာ အတက်အကျ ဖြစ်ပေါ်နေ သည်ဟု ပြောင်းကုန်သည် ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
လမ်းကြေး ကောက်ခံသည့်ဂိတ်ကို စစ်ဆေးနေစဉ်
၎င်းက “ဒါတွေကတော့ တန်ဆာခ နည်းနည်းပါးပါး ပိုသွားတာလောက်ပါ၊ မပြောပလောက်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒါတွေက လမ်းကြေး၊ တံတားကြေးမှ မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့်လည်း တန်ဆာခတွေက တက်လိုက်ကျလိုက် သွားနေတာပဲ။ ဒါတွေက အရမ်းကြီး ဒါကြီးတစ်ခုကတော့ ပြဿနာကြီး တစ်ခုအနေနဲ့ ကုန်ဈေးနှုန်းတက်သွားတာတို့ လမ်းကြေးတက်သွားတာတို့ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ တက်နေတာ တွေက ဆီဈေးကြောင့် တက်တာတွေရော၊ လမ်းကြောင်းမကောင်းလို့ တက်တာတွေရော၊ မျှော်မှန်းမထားတဲ့ ပြဿနာတွေကြောင့် တက်တာတွေရောဆိုတော့ မပြောပလောက်တော့ပါဘူး။ ဘယ်လိုခေါ်မလဲ မြန်မာစကားပုံ လိုပေါ့ ကြွေးထူရင် ဘာဖြစ်တယ်ဆိုလား အဲဒီလိုပေါ့နော် ဒီလောက်နဲ့တော့ ဘာမှ မဖြစ်တော့ဘူး” ဟု ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံး၌ မြို့ဝင်ကြေးနှင့် လမ်းတံတား အသုံးပြုကြေး ကောက်ခံသည့် ဂိတ်ပေါင်း ၃၀၀ ကျော်ရှိပြီး NLD အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဧပြီလမှစတင်၍ တိုင်းဒေသနှင့် ပြည်နယ်အလိုက် ဂိတ်ပေါက်း ၁၆၁ ဂိတ်ကို လမ်းတံတား အသုံးပြုခ ကောက်ခံခြင်း မပြုတော့ဘဲ ဖြေလျှော့ပေးထားကြောင်း သိရသည်။
သို့သော်လည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ မြို့ဝင်ကြေး၊ လမ်းကြေးနှင့် တံတားအသုံးပြုကြေးများကို ပြန်လည်ကောက်ခံခဲ့ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2375
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၃၀
ကျပ်ငွေတန်ဖိုးသည် ပိုမိုကျဆင်းလာသည့်အပြင် အထွေထွေ ကုန်ဈေးနှုန်းများလည်း ပိုမိုမြင့်တက်လာသော ကြောင့် ပြည်တွင်းတွင် အကျပ်အတည်းနှင့် ပိုမိုတွေ့ကြုံ ခံစားလာရသဖြင့် ပြည်ပထွက်ခွာမှုနှုန်း ပိုမိုမြင့်တက် လာနိုင်ကြောင်း အလုပ်သမားအရေးနှင့် စီးပွားရေးလေ့လာသုံးသပ်သူများ CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် လများက အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၃၀၀၀ ကျော်၊ တရုတ်ငွေ တစ်ယွမ်လျှင် ကျပ်ငွေ ၅၀၀ ကျော်၊ ထိုင်းငွေ တစ်ဘတ်လျှင် ကျပ်ငွေ ၁၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ပြီး ရွှေဈေးမှာ သိန်း ၄၀ ကျော်သာ ရှိခဲ့သည်။
လက်ရှိတွင် တစ်ဒေါ်လာ ကျပ်ငွေ ၄၇၀၀ ကျော်၊ တစ်ယွမ်လျှင် ကျပ်ငွေ ၆၀၀ ကျော်၊ တစ်ဘတ်လျှင် ကျပ်ငွေ ၁၂၀ နီးပါးအထိရှိပြီး ရွှေဈေးမှာ ၅၇ သိန်းကျော်အထိ မြင့်တက်နေပြီဖြစ်သည်။
အခြေအနေ အရပ်အရပ်ကြောင့် ပြည်ပထွက်ခွာသူနှုန်းထား များပြားနေသော်လည်း လက်ရှိတွင် ကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေဈေး အင်မတန်မြင့်တက်လာမှုကြောင့် ပြည်ပထွက် အလုပ်လုပ်ချင်သူနှုန်းထား ပို၍ မြင့်တက်လာနိုင်ကြောင်း ပြည်တွင်း/ပြည်ပရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်လာနဲ့ကျပ်ငွေကို တွေ့ရစဉ်
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အခုလက်ရှိက ဒေါ်လာဈေးရော၊ ထိုင်းဘတ်ငွေ လဲလှယ်နှုန်းတွေ ကလေ အရမ်းကို ဟိုဒင်းဖြစ်နေတာလေ။ ပြည်ပထွက်မယ့် သူတွေဆိုရင် ပိုကုန်မှာပဲ။ ပိုကုန်မယ်ဆိုတာက ငွေကြေးက အရမ်းဖောင်းပွနေတဲ့ အခါကြတော့ အရင်တုန်းက ထိုင်းနိုင်ငံကို သိန်း ၂၀၊ ၃၀ က အနည်းဆုံး ကုန်နေတယ်။ အခုဆိုရင် အဲဒီထက် ပိုကုန်ဖို့ရှိမယ်။ ၃၅၊ ၄၀ ပေါ့။ နောက်တစ်ခုကလည်း ပြဿနာက စားသောက်ကုန်နဲ့ ပတ်သက်တဲ့ဟာအကုန်လုံးက တက်လာတဲ့ အခါကြတော့ ဒီထဲမှာ မြန်မာနိုင်ငံထဲမှာ လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ အခက်အခဲတွေရှိမယ်။ ရတဲ့ဝင်ငွေနဲ့ စားသောက်ရမယ့်ဟာက ဘယ်လိုမှ အဆင်မပြေတဲ့အခါကြတော့ အဲဒီသူတွေသည်လည်း အလုပ်အကိုင် အဆင်ပြေတဲ့ နေရာဖြစ်တဲ့ အိမ်နီးချင်း တိုင်းပြည်တွေကိုပဲ သွားဖို့အတွက် လုပ်တော့မှာပေါ့။ Demand က ပိုများလာတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မည့် အမျိုးသားများအား အသက်အရွယ် ကန့်သတ်ထားမှုကြောင့် တရားမဝင် နည်းလမ်း (သို့မဟုတ်) အလည်အပတ် ဗီဇာများဖြင့် ထွက်ခွာကြမည်ဖြစ်ကြောင်းလည်း သုံးသပ် ကြသည်။
ကျပ်ငွေတန်ဖိုး ကျဆင်းမှုသည် ဟိုးယခင်နှစ်များကတည်းက တရွေ့ရွေ့ဖြစ်ပေါ်လာသော်လည်း လက်ရှိ ကျဆင်းမှုမှာ ပို၍ဆိုးရွားကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။
ထို့ကြောင့် ကဏ္ဍတစ်ခုချင်းအလိုက် စဉ်းစားဆောင်ရွက်နေခြင်းမျိုး မဟုတ်ဘဲ စီးပွားရေးစနစ် တစ်ခုလုံးအား မည်သို့ ပြုပြင်ပြောင်းလဲမည်နည်းဆိုသည်ကို စဉ်းစားရမှာဖြစ်ကြောင်း၊ စီးပွားရေးစနစ်ကြီး မမှန်ပါက လက်ရှိ ပြဿနာမှာ ဖြစ်ပွားနေဦးမည်ဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
စက်ရုံတစ်ခုကိုတွေ့ရစဉ်
၎င်းက “စီးပွားရေးစနစ်ကလည်း ဘယ်အပေါ် ဇာတ်အိမ်တည်ရသလဲဆိုတော့ နိုင်ငံရေးဇာတ်အိမ်ပေါ် တည်ရတာ။ နံပါတ်တစ် ပြန်လုပ်ရမှာက စီးပွားရေးစနစ် မှန်အောင် ပြန်လုပ်ရမှာ။ လူတွေရဲ့ စိတ်ချယုံကြည်သွားရတဲ့ နိုင်ငံရေး စနစ်မှန်မှ ရမှာပေါ့။ နိုင်ငံရေးစနစ်မှာ အားလုံး Transport ဖြစ်တဲ့ အနေအထားတစ်ခုကို ပြန်တည်ဆောက်ပြီးလို့ ရှိရင် ကျန်တဲ့ပြဿနာတွေက အရပ်စကားဆို အလိုလို ပြေလည်သွားမှာပေါ့။ အဲဒါမပြေလည် သရွေ့ကတော့ တမျိုးပြီး တမျိုး ဆက်ဖြစ်နေဦး မှာပဲ။ လက်ရှိအနေအထားက အမှန်အတိုင်းပြောရင် စိုးရိမ်စရာ အရမ်းကောင်း တယ်။ ဒေါ်လာဈေးတက်တော့ export သမားတွေအတွက် ကောင်းတာပေါ့။ ဒါပေမယ့် export က ဘယ်သူမှ တော်တော်များများ မလုပ်နိုင်ဘူး။ အဲဒီတော့ import ပဲ လုပ်နေတဲ့အခါကြတော့ ဒေါ်လာဈေးနဲ့ ကျပ်နဲ့ commercial rate က ဒေါ်လာက မာပြီးတော့ ကျပ်က ပျော့သွားတာသည် import များတဲ့ တိုင်းပြည်အတွက်က တောက်လျှောက်ထိခိုက်တာပေါ့လေ” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ တစ်ရက်အတွက် အခြေခံလုပ်ခလစာအား အစိုးရမှ သတ်မှတ်ထားသည့် နှုန်းထားမှာ ၄၈၀၀ ကျပ်သာဖြစ်သော်လည်း ထိုလုပ်ခနှုန်းထားအား စက်ရုံ၊ အလုပ်ရုံများတွင်သာ အဓိကပေးချေ နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် တစ်ဒေါ်လာကို ၄၇၀၀ ကျပ်ကျော်ရှိသောကြောင့် ပျမ်းမျှ တွက်ကြည့်ပါက အလုပ်သမား တစ်ဦး၏ တစ်ရက်လုပ်ခမှာ ၁ ဒေါ်လာခန့်သာ ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1623
CNI News
၂၀၂၄ ခုနှစ်၊ မေ ၂၉
မြဝတီမြို့မှ ထိုင်းဘက်သို့ အောက်လမ်းဖြင့် ကမ်းကူးသည့်အခါတွင် တစ်ဦးလျှင် ဘတ်ငွေ ၆၀၀ မှ ၁၀၀၀ ဝန်းကျင် (မြန်မာငွေ ခုနှစ်သောင်းမှ တစ်သိန်းကျော်) အထိ ပေါက်ဈေးရှိနေကြောင်း မြဝတီမြို့ရှိ အလင်းသစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက်တွင် လှေဂိတ် ၃၀ ကျော်အထိရှိပြီး ကမ်းကူးခသည် ဒေသတွင်း အခြေအနေနှင့် ဂိတ်အပေါ်မူတည်ကာ ဈေးနှုန်း ကွာခြားချက်ရှိနိုင်ကြောင်း၊ ယခင်က ကမ်းကူးရာတွင် တစ်ဦးလျှင် ဘတ်ငွေ ၁၀၀ ဝန်းကျင်ခန့်သာ ပေးရကြောင်း ၎င်းက ပြောသည်။
၎င်းက “တစ်ဂိတ်နဲ့ တစ်ဂိတ်တော့ မတူဘူး လူတစ်ယောက် ကူးမယ်ဆိုရင်လေ။ တချို့ကြတော့ တချို့ဂိတ်တွေ ကြတော့ ကျနော် ကြားသိရသလောက် ဘတ် ၆၀၀၊ ၇၀၀ ပေါ့။ ဘာလို့ဆို တရားမဝင် သွားတဲ့လမ်းကြောင်း ကတော့ အမြဲတမ်းရှိတယ်။ ဘာဖြစ်လို့လဲဆို မော်တော်ဆိုင်ကယ်တွေ တရားမဝင်လမ်းကြောင်းက ဆင်းလာတာ တွေ ရှိသလို၊ ဂျပန်ကားတွေ တရားမဝင်လမ်းကြောင်း ဂိတ်တွေလည်း အများကြီးရှိတာကို။ အဲဒီလိုမျိုး ဂိတ်တွေ ရှိနေသမျှတော့ အဆင်ပြေသလိုပဲ သွားနေရတာပေါ့။ ဘတ် ၆၀၀၊ ၇၀၀ အဲဒီဝန်းကျင်ရှိတယ် လက်ရှိ သွားနေတဲ့ လူတွေရဲ့ ပြောပြချက်အရ သိရတာပေါ့။ ဒီထက်များချင်လည်း များနိုင်တယ်လေ။ ကမ်းကူးတာပဲ ဒီနယ်စပ်လေး ဖြတ်တာပဲ။ ဟိုဘက်ကမ်းနားကူး၊ ဒီဘက်ကမ်းနားကူးကိုပဲပြောတာ” ဟု ပြောသည်။
သို့သော် တရားမဝင် ကမ်းကူးဖြတ်သန်းခြင်းထက် တရားဝင် နယ်စပ်ဂိတ်ပေါက်မှ ဖြတ်သန်းသွားလာခြင်းမှာ ပိုမိုများပြားပြီး တရားမဝင်သွားကြရာတွင် UID စမတ်ကဒ်မရှိသူများ၊ မဖြစ်မနေ အရေးပေါ်သွားရမည့်သူများ၊ CDM သမားများသာ အဓိက သွားကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
မြဝတီမှ ထိုင်းသို့ ကမ်းကူးနေကြစဉ်
မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားစဉ်ကာလ၌ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၇၀၀ ဝန်းကျင်ခန့်သည် ထိုင်းဘက်သို့ ကူးလာကြသော်လည်း ယခုအခါမှာတော့ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၁၅၀ ခန့်သာ ကူးသန်းသွားလာနေကြ ကြောင်း သိရသည်။
ထို့အပြင် လက်ရှိတွင် မဲဆောက်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ယခင်ကထက် ပိုမို ကြပ်တည်းလာကြောင်းလည်း မဲဆောက်၌ နေထိုင် အလုပ်လုပ်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။
အထောက်အထားမဲ့ အများအပြားရှိသော်လည်း ထိုင်းအာဏာပိုင်များမှ လာဘ်ပေးလာဘ်ယူပြုလုပ်ကာ အကြောင်းအမျိုးမျိုးဖြင့် ပေးနေထားကြခြင်းဖြစ်ကြောင်း မဲဆောက်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်နေသူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီမှ ထိုင်းသို့ ကမ်းကူးနေကြစဉ်
၎င်းက “တော်တော်လေးရှားတယ် အလုပ်အကိုင်က။ ဘာဖြစ်လို့လဲဆို ထိုင်းနိုင်ငံမှာက ကျနော်တို့ မြန်မာပြည်သူ ပြည်သား MOU စနစ်နဲ့ တက်လာတဲ့သူတွေတောင်မှ မြန်မာပြည်က အေးဂျင့်တွေ မဟုတ်ဘဲနဲ့ ထိုင်းက အချို့ ပွဲစားတွေနဲ့ လိမ်ညာပြီး ခေါ်တင်တဲ့သူတွေတောင်မှ တော်တော်လေးများတာပေါ့ အလုပ်လက်မဲ့တွေ။ အထောက် အထား ပြည့်စုံတဲ့သူတွေတောင် အလုပ်လက်မဲ့တွေက တော်တော်လေးများတယ်ဆိုတော့ အထောက်အထား မပြည့်စုံတဲ့ သူတွေအတွက်က အလုပ်အကိုင် ရှာရတာ တော်တော်လေးခက်တယ်။ များသောအားဖြင့်တော့ အမျိုးတွေရှိတဲ့သူတွေဆီမှာ လာမှီခိုနေကြတာပေါ့” ဟု ပြောသည်။
နယ်စပ်ဂိတ်ပေါက်များမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် သွားလာကြမည့်သူများအား မေလ ၁ ရက်နေ့မှ စတင်ကာ UID ကဒ်(မှတ်ပုံတင်စမတ်ကဒ်)ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု သတ်မှတ် လိုက်ခြင်း ဖြစ်သည်။
နယ်စပ်ဖြတ်သန်း သွားလာလိုသူနှုန်းထားမှာ အဆမတန် များပြားသည့်အတွက် စမတ်ကဒ် ရရှိရေး ပွဲစားများ၏ ပေါက်ဈေးမှာလည်း ၂ သိန်းခန့်အထိ ရှိနေကြောင်း သိရသည်။
UID စမတ်ကဒ် ပြုလုပ်ရာတွင် နိုင်ငံတော်မှ အခမဲ့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး UID ပြုလုပ်ရာတွင် အခက်အခဲ များရှိခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် e-ID Department မှ တဆင့် ဆက်သွယ် တိုင်ကြားနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။