
- By CNI
- Category: စီးပွားရေး
- Hits: 7154
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀
ပြည်တွင်းစားအုန်းဆီ ဈေးကွက်အတွင်း စားအုန်းဆီ ရှားပါးလာခြင်းနှင့် လိုသလောက် ဝယ်ယူ၍ မရသည့် အခြေအနေများ ဖြစ်ပေါ်နေပြီး ဈေးနှုန်းသည်လည်း ၂ ဆခန့် မြင့်တက်လာနေသည်။
ပြီးခဲ့သည့်လတွင် စားအုန်းဆီ ၁ ပိဿာလျှင် ၆၀၀၀ ကျပ်ခန့်သာရှိသော်လည်း လက်ရှိတွင် ၁၂၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အထိ ဖြစ်ပေါ်နေသည်ဟု စားသုံးသူပြည်သူများထံမှ သိရသည်။
ဈေးနှုန်းမြင့်တက်လာသည့်အပြင် လိုအပ်သလောက် ဝယ်ယူ၍ မရကြောင်း၊ သက်သာသည့်နှုန်းထားဖြင့် တစ် ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် လာရောက်ရောင်းချပေးနေမှုများ ရှိသော်လည်း လိုအပ်သလောက် မရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှဒေသခံ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“ဝယ်လို့တော့ ရပါပြီ။ ပြောချင်တာတော့ ဈေးလေးကြီးတာပဲ ရှိပါတယ်။ သူတို့ သတ်မှတ်တယ်ဆိုတဲ့သတင်းနဲ့ လောလောဆယ် ပကတိအခြေအနေမှာတော့ မြေပြင်မှာ ဝယ်စားနေရတဲ့ဈေးကတော့ အများကြီး ကွာပါတယ်။ တစ်ခါတရံတော့ ရှိပါတယ်၊ လမ်းဆုံလေးတစ်ခုမှာ၊ ရပ်ကွက်တစ်ခုမှာ ပေပါ တစ်လုံးတလေ တင်လာပြီးတော့ အဲဒီမှာ ဆီတွေ ရောင်းပေးမယ် လူတစ်ယောက်ကို ၅၀ သားပေါ့ တန်းစီ၊ အဲဒီလိုဥစ္စာမျိုးကတော့ ဆီ ၅၀ သားကို ၃၀၀၀ နဲ့ ရောင်းပေးတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါက ခဏတဖြုတ်ပဲလေ။ ပြောချင်တာက ဒီလို ရောင်းပေးနေတယ်ဆိုပြီးတော့ တကယ့်တကယ်ကျတော့ ကိုယ်လိုချင်တဲ့အချိန်၊ ကိုယ်လိုချင်သလောက် သွားဝယ်တဲ့အချိန်မှာတော့ ၁၃၀၀၊ ၁၃၅၀ တစ်ဆယ်သားကိုလေ။ ၁၄၀၀ အဲဒီလို ဝယ်ရပါတယ်” ဟု ပြောသည်။
ဈေးကွက်အတွင်း စားအုန်းဆီ ရှားပါးလာရခြင်းသည် ပြည်ပမှ စားအုန်းဆီ တင်သွင်းသည့် ပမာဏ လျော့ကျ လာခြင်းနှင့် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို ကန့်သတ်လိုက်ခြင်းနှင့် သွင်းကုန်လိုင်စင် ခွင့်ပြုချက် မရမီ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်စည်များကို အရေးယူမည့် ကြေညာချက်ကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
ဆီအရောင်းဆိုင် မြင်ကွင်း
ဈေးကွက်အတွင်း စားအုန်းဆီကို ရောင်းချရာတွင် ဝယ်ယူတင်သွင်းထားသည့် ဈေးနှုန်း၏ ၂၀ ရာခိုင်နှုန်းထက် ပို၍ မရောင်းချကြရန်နှင့် ရောင်းချပါက အရေးယူမည်ဟု သက်ဆိုင်ရာ ပြောဆိုထားသော်လည်း ထိရောက်မှု မရှိ ဖြစ်နေသည်။
ထို့ကြောင့် အဓိကအားဖြင့် ဈေးနှုန်းမြင့်တက်လာစေရန် ဖန်တီးနေသည့် တင်သွင်းခွင့် လိုင်စင်ရထားသည့် ကုမ္ပဏီ ကြီးများနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များကို စနစ်တကျ ကိုင်တွယ်သင့်သည်ဟု ဈေးကွက် လေ့လာသုံးသပ်သူ ဦးမျိုးဟန်က CNI သတင်းဌာနသို့ ပြောသည်။
“ပြောချင်တာက ဒါကို ဆီတင်သွင်းခွင့်ရတဲ့ ကုမ္ပဏီကြီးတွေက ဘယ်ဈေးနဲ့ ရောင်းလိုက်လို့လဲ။ အချင်းချင်းမှာ နားလည်မှုနဲ့ ဈေးတင်ရောင်းသလား။ ဒါမှမဟုတ်ရင် တဆင့်ယူပြီး ပြန်ရောင်းတဲ့ လက်ကားကိုယ်စားလှယ်တွေက ဈေးတင်ချင်တာလား။ ဒါမှမဟုတ် လက်လီဆိုင်တွေကပဲ ဆီတစ်ပိဿာကို ၆၀၀၀ နဲ့ ဝယ်ပြီးတော့ သူတို့က တစ်ပိဿာကို ၁၂၀၀၀၊ ၁၃၀၀၀ နဲ့ ရောင်းနေတာလား။ ဒါက လက်လီသမားက တစ်ဦးတည်း လုပ်နေတာ မဟုတ်ဘူး။ လက်လီသမားက အများစုဖြစ်တဲ့အတွက် အဲဒီလက်လီသမားက ဒီဈေးကွက်ကို အဲဒီလိုကြီးဖြစ်အောင် မဖန်ဆင်းနိုင်ဘူးလို့ သဘောပေါက်တယ်။ ဒီဈေးကွက်ကြီး ဒီလိုဖြစ်အောင် ဖန်ဆင်းနိုင်ခြင်းက လက်ကား သို့မဟုတ်ရင် ဝယ်ယူတင်သွင်းခွင့်ရတဲ့သူ import လိုင်စင်ရသူများကသာလျှင် ဒီကိစ္စကို ဖန်ဆင်းနိုင်မယ်။ အဲဒီ ၂ ချက်လုံးကို ချုပ်ကိုင်လိုက်ရင် စနစ်တကျ ကိုင်တွယ်လိုက်မယ်ဆိုရင် ရပါတယ်။ လက်လီရောင်းတဲ့သူတွေကြောင့် တော့ ဒီဈေးကွက်က ဘယ်တော့မှ ဒီလောက် မြင့်မားမသွားနိုင်ဘူး။ အဲဒီလက်ကြီးနဲ့ ဝယ်ယူတင်သွင်းခွင့်ရတဲ့ import ကုမ္ပဏီကြီးတွေကသာလျှင်၊ လိုင်စင်ရ ကုမ္ပဏီကြီးတွေကပဲ ဒီဈေးကို ဖန်ဆင်းတာ ဖြစ်တယ်ဆိုတာ အဖြေက ရှင်းပါတယ်” ဟု ပြောသည်။
ပြည်တွင်းတွင် တစ်နှစ်လျှင် စားသုံးဆီ တန်ချိန် ၃ သိန်းခန့် ထုတ်လုပ်လျက်ရှိနေပြီး စားသုံးမှုအနေဖြင့် တန်ချိန် ၁၂ သိန်းခန့် ရှိသည့်အတွက် ပြည်ပမှ တန်ချိန် ၉ သိန်းကျော် နှစ်စဉ် တင်သွင်းနေရသည်ဟု ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။
အဓိကအားဖြင့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ခန့် နှစ်စဉ်တင်သွင်းနေရခြင်း ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 16808
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀
မလေးရှားနိုင်ငံတွင် RTK 3.0 ပါမစ် ပြုလုပ်ပေးမည်ဟု အများအပြားပြောဆိုနေကြသော်လည်း အစိုးရဌာန ဆိုင်ရာများ၊ မလေးရှားသတင်းဌာနများမှ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများနှင့် ပရဟိတအဖွဲ့အစည်းများမှ CNI သတင်းဌာနသို့ ပြောသည်။
RTK 2.0 အား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်ပေးခဲ့ပြီး ယခုဇွန်လကုန်တွင် ပါမစ်စတစ်ကာ များကို အပြီးသတ်ထုတ်ပေးသွားမည် ဖြစ်သည်။
ထို့ကြောင့် ဇွန်လကုန်တွင် RTK 3.0 ထပ်မံဖွင့်ပေးမည်ဟု ပွဲစားများမှ ခန့်မှန်းပြောဆိုနေကြခြင်းဖြစ်ကြောင်း မလေးရှားတွင်နေထိုင်လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။
“အခုဟာက RTK 3.0 ဆိုတာက ပွဲစားတွေပဲ ပါးစပ်ထဲမှာလျှောက်ပြီးပြောနေတာပဲ ရှိတယ်။ ဒါ မလေးရှား ဘက်က လုံးဝသတင်းဌာနတွေ ပြီးတော့ ဌာနဆိုင်ရာတွေက မပြောသေးပါဘူး။ အခုလောလောဆယ်က ဘယ်လိုဖြစ်နေလဲဆိုတော့ ပွဲစားတွေက လူရရေးနဲ့ စာအုပ်တွေလက်ခံပြီးတော့ ပိုက်ဆံတွေ deposit တောင်းတာတွေ၊ ဘယ်ရက်ထွက်မယ်၊ ဘယ်ရက်ထွက်မယ်ဆိုပြီးတော့ deposit ယူပြီးတော့ ဒါတွေပဲရှိတယ် လောလောဆယ်မြင်တွေ့နေရတာက။ လက်ရှိအခြေအနေကတော့ ဒီမှာလည်း အလုပ်တွေက အရမ်းရှားပါးနေတဲ့ ကာလကြီးလည်းဖြစ်တယ်။ လူဦးရေလည်း တအားထူထပ်နေတဲ့အတွက် လုပ်ပေးဖို့ကတော့ အတိုင်းအဆတစ်ခု မရှိပါဘူး။ လောလောဆယ် အော်ပရာစီတွေကလည်း မပြီးဆုံးသေးဘူးလေ။ ဖမ်းနေတုန်းဆိုတော့ ဒီ 3.0 ကတော့ လုပ်ပေးမယ်ဆိုရင်တောင် ကြာဦးမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံသည် တရားမဝင်လုပ်သားများအား လျှော့ချသည့် အစီအစဉ်ကို အမြဲပြုလုပ်နေကြဖြစ်သော်လည်း ယခင်နှစ်များထက် ယခုနှစ်ဖမ်းဆီးမှုမှာ ပိုများလာကြောင်း၊ သို့သော် ယခုရက်ပိုင်းတွင် အဖမ်းအဆီးမှာ ပြန်နည်း နေကြောင်း သိရသည်။
လက်ဗွေနှိပ်လုပ်ငန်းစဉ် လုပ်ဆောင်နေစဉ်
ထိုအခြေအနေများကြောင့် တရားမဝင်နိုင်ငံခြားသားရွှေ့ပြောင်းများအား ဆက်တိုက်ဖမ်းဆီးကာ နေရပ်ပြန်ပို့ခြင်း၊ ပါမစ်ထပ်မံထုတ်ပေးခြင်းတို့အနက် မလေးရှားအာဏာပိုင်များအနေဖြင့် မည်သို့ လုပ်ဆောင်မည်ကို ခန့်မှန်းရ ခက်ကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများနှင့် ပရဟိတအဖွဲ့အစည်းများက ပြောသည်။
သို့သော် ပါမစ်စတစ်ကာ အပြီးအစီးထုတ်ပေးပြီးသည့်နောက် ဇွန်လအကုန်တွင် ဖမ်းဆီးမှုများ ကြမ်းလာနိုင်ဖွယ် ရှိသည်မှာသေချာကြောင်း နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။
RTK 2.0 ပိတ်လိုက်သည်မှာ မကြာသေးသည့်အတွက် 3.0 ထပ်ဖွင့်ပေးရန်မှာ မဖြစ်နိုင်သေးကြောင်း၊ ပါမစ် ဖွင့်ပေး သော်လည်း မြန်မာနိုင်ငံသားများမှာ မပြုလုပ်ကြသူများပြားကြောင်း ၎င်းက ပြေသည်။
လက်ဗွေနှိပ်လုပ်ငန်းစဉ် လုပ်ဆောင်နေစဉ်
“လောလောဆယ် 3.0 အနေနဲ့ မလေးရှားနိုင်ငံက တရားဝင် မထုတ်သေးပါဘူး။ တချို့ကြတော့ မှန်းပြီးတော့သာ ပြောနေကြတာ။ 2.0 ဖွင့်တုန်းကတောင် ပါမစ်တွေ မလုပ်ကြဘူးလေ။ တချို့ဆို အလုပ်လေးကောင်းတယ်။ နေရာ ထိုင်ခင်းလေးကောင်းတယ်။ ဒီနေရာကတော့ အေးဆေးပါ ပါမစ်လုပ်စရာမလိုဘူးဆိုတဲ့ လူတွေကလည်း များတယ်။ မလုပ်ချင်တဲ့လူကတစ်ဝက်၊ လုပ်ချင်တဲ့လူကတစ်ဝက် အဲဒီလိုတွေရှိတယ် ကိုယ့်နိုင်ငံသားတွေ ကလည်း။ အလုပ်အဆင်ပြေတယ် ဘာလုပ်မှာလဲကွာ ပါမစ်ကြီးလုပ်မနေတော့ပါဘူး။ ၈၀၀၀၊ ၉၀၀၀၊ ၁၀၀၀၀ ကြီး မပေးနိုင်ဘူးဆိုတဲ့ လူတွေကလည်း များတယ်။ သူတို့အခြေအနေအရပေါ့။ နှစ်တိုင်းကတော့ ၂ နှစ်၊ ၃ နှစ် ခြား ပေးနေတာပဲလေ။ လောလောဆယ် အခုပိတ်ပြန်တော့ ပိတ်ပြန်ပြီ။ ကိုယ့်နိုင်ငံသားတွေ မလေးရှား ရောက်လာရင် အောက်လမ်းပဲလာလာ၊ အပေါ်လမ်းပဲလာလာ မြန်မာနိုင်ငံသားဆိုတဲ့ ပတ်စပို့စာအုပ်ရှိသင့်တယ်။ စာအုပ်ကိုင် ထားပြီး ကိုယ်လုပ်တဲ့အလုပ်သော်လည်းကောင်း၊ ကိုယ်ပိုင်ကဒ်သော်လည်းကောင်း နေထိုင်ခွင့် ပါမစ်က ကပ်လို့ ရတယ်။ ဒါပေမယ့် မကပ်တဲ့သူကများတယ်။ ၁၀၀ ရှိရင် အယောက် ၅၀ လောက်က မကပ်ဘူး။ ပါမစ်ပိတ်တော့ ပိတ်ပြန်ပြီ၊ ဖွင့်ဖို့ကို မျှော်ပြန်ပြီ ဖွင့်တဲ့အခါကြရင်လည်း ကိုယ့်နိုင်ငံသားတွေက မကပ်တဲ့သူကများတယ်” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံ၌ ရီကာလီဘရာစီပါမစ် RTK 2.0 လျှောက်ထားသူများထဲမှ လက်ဗွေမနှိပ်လိုက်ရသူများအား တရားမဝင်များအဖြစ်သတ်မှတ်ကြောင်း မလေးရှားအာဏာပိုင်များဘက်မှ ကြေညာထားသည်။
ပွဲစားများဘက်မှ ပါမစ်အသစ်ဖွင့်ပေးခြင်းနှင့်ပတ်သက်၍ နည်းအမျိုးမျိုးဖြင့် ပြောဆိုစည်းရုံးနေကြမည်ဖြစ် သောကြောင့် မလေးရှားနိုင်ငံမှ တရားဝင်ထုတ်ပြန်ကြေညာချက်ကိုသာ စောင့်ကြည့်ကြရန် မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2496
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈
ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် တရုတ်၊ ဗီယက်နမ်၊ လာအိုတို့သို့ လုပ်သားများ ပြောင်းလဲစေလွှတ်လာ ကြကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။
ထိုသို့ လုပ်သားများ ပြောင်းလဲစေလွှတ်လာနေကြရာမှာ တရုတ်သို့ တရားဝင်လုပ်သား စေလွှတ်နိုင်ရေး နှစ်နိုင်ငံ ဆွေးနွေး ညှိနှိုင်းနေကြကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်အပေါ် အသက်ကန့်သတ်ချက်များကြောင့် လက်ရှိတွင် ပြည်ပအလုပ်အကိုင် အေဂျင်စီများ အနေဖြင့် အနုတ်ပြနေသည့် အနေအထား ဖြစ်သောကြောင့် ဗီယက်နမ်၊ လာအို ဘက်များသို့ လိုင်စင်ရ အေဂျင်စီအချို့မှ လုပ်သားပြောင်းလဲ စေလွှတ်လာကြခြင်းဖြစ်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီကိုတွေ့ရစဉ်
၎င်းက “အလုပ်အကိုင်က မလေးရှားက လုံးဝပိတ်သွားပြီ။ ဟိုဘက်က မခေါ်တော့ဘူး။ ထိုင်းဘက်ကကြတော့ demand အဟောင်းတွေ ရှိတယ်။ demand ရရှိမှု ထိုင်းဘက်အခြမ်းက နည်းသွားတယ်။ အခု တရုတ်ပြည်ကို လမ်းဖောက်နေကြတယ်။ အတည်ချုပ်တို့ ဘာတို့နဲ့ ဗီယက်နမ်တို့ လာအိုတို့ ပို့ကြတယ်။ ပို့တဲ့သူကလည်း အထည်ချုပ် စက်ရုံကို ပို့တယ်ကြားတယ် လိုင်စင်ရအေဂျင်စီပဲ။ အဆင်ပြေနေတယ် သူ့ဟာနဲ့သူ။ MOU မရှိပေမယ့် demand ရှိရင် demand တင်၊ အစိုးရက ခွင့်ပြုရင် စေလွှတ်လို့ရတယ်လေ။ လာအိုနဲ့ကတော့ ပို့တဲ့ကုမ္ပဏီက ပို့နေတယ်။ ဒါပေမယ့် MOU အဆင့်မရှိဘူး။ တရုတ်နဲ့ကလည်း MOU အဆင့်မရသေးဘူး” ဟု ပြောသည်။
ထို့အပြင် ထိုင်းဘက်အခြမ်း၌ အလုပ်ခေါ်စာများအား အေဂျင်စီများမှ အပြိုင်အဆိုင် ဝယ်ယူနေကြသည့်အတွက် အလုပ်ခေါ်စာ တစ်စောင်လျှင် ဘတ် ၁၀,၀၀၀ ခန့် ဈေးပေါက်နေပြီး စက်ရုံ/အလုပ်ရုံ အလုပ်ခေါ်စာများ ဖြစ်ပါက ဘတ်ငွေ ၃၀,၀၀၀ အထက်အထိ ဈေးပေါက်နေကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ၌ လုပ်သား လိုအပ်ချက်များရှိနေသဖြင့် တရားဝင် စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများမှ ညှိနှိုင်းဆွေးနွေးနေကြကြောင်း၊ အဆင်ပြေသွားပါက လုပ်သားစေလွှတ်သည့် လမ်းကြောင်းတစ်ခု တိုးလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားရုံးကိုတွေ့ရစဉ်
၎င်းက “အခုမှ ဖောက်တုန်းပါပဲ။ ထွက်တဲ့သူတောင် သိပ်မထွက်နိုင်သေးဘူး။ MOU တော့ မထိုးရသေးဘူး။ MOU ပုံစံမျိုးပဲ သွားလို့ရမှာ။ ထွက်တာတော့ ထွက်သွားပြီ အယောက် ၉၀ လောက်တော့ ထွက်တော့ထွက်သွားပြီ။ ဒါပေမယ့် တခြား နည်းနည်းချောအောင်တော့ ပြန်လုပ်နေတယ်။ လိုအပ်ချက်ကတော့(လုပ်သား) အများကြီးပါပဲ တရုတ်ဘက်က ပိုများတယ် အများကြီး လိုအပ်တယ်။ ဗီယက်နမ်ကကြတော့ လစာတွေ တိုးလာတဲ့အခါကြတော့ သူတို့လည်း လိုအပ်ချက်က ရှိလာပြီလေ။ ရှိလာတဲ့ အခါကြတော့ သူတို့လည်း ထပ်ပြီးတော့ ခေါ်တာပေါ့” ဟု ပြော သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အေဂျင်စီများမှ စေလွှတ်ထားသည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထားများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ မှ စတင်ပြီး လစဉ် လဆန်း ၅ ရက်ထက် နောက်မကျဘဲ ပေးပို့ရမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ စာထုတ်ထားသည်။
ထို့အပြင် လိုက်နာဆောင်ရွက်ခြင်း မရှိသည့် အေဂျင်စီများအား အရေးယူသွားမည်ဖြစ်ကြောင်း ပါရှိသဖြင့် ပြည်ပ အလုပ်အကိုင် အေဂျင်စီများမှာ အခက်တွေ့ နေကြကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2539
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီ စိုက်ပျိုးမှုများရှိနေပြီး အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးနှင့် နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူ ဖြစ်စေနိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မိတ္ထီလာမြို့မှာ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများဖြင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
ကြက်သွန် အထွက်ကောင်းအောင် ဆောင်ရွက်ပြီး ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ ထို့အပြင် ကြက်သွန်ကို အခြေခံသည့် တန်ဖိုးမြင့် ထုတ်ကုန်များလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြက်သွန်ကို တစ်နှစ်ပတ်လုံး ထုတ်လုပ်ရောင်းချကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။
မိတ္ထီလာနယ်တွင် ယခင်က ကြက်သွန် စိုက်ပျိုးမှုရှိသော်လည်း ပိဿာချိန် ၈၀ ခန့်သာ ထွက်ရှိကြောင်း၊ သို့သော် လည်း ပြီးခဲ့သည့် ၃ နှစ်ဝန်းကျင်ခန့်မှ စတင်၍ တိုးချဲ့ စိုက်ပျိုးလာကြရာ ကြက်သွန် အထွက်နှုန်းသည် မြင်းခြံနှင့် ပခုက္ကူမြို့နယ်များနှင့်နည်းတူ ဖြစ်လာသည်ဟု မြင်းခြံကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာကြက်သွန်နီကိုတွေ့ရစဉ်
၎င်းက “ဟိုတုန်းကတော့ ဘာမှမရှိဘူး။ အခု ၂ နှစ်၊ ၃ နှစ်လောက် ရှိပြီပေါ့။ အဲဒီဘက်က ပျော်ဘွယ်ရယ်၊ မိတ္ထီလာ ရယ်၊ မိတ္ထီလာနယ်ထဲ ပါတာပေါ့ သဲတောတို့၊ ဝမ်းတွင်းတို့ အဲဒါတွေတော့ ခြုံလိုက်ရင် ဘာမှ သိပ်မထူးတော့ ဘူးလေ ပခုက္ကူတို့နဲ့ level တန်းလောက် လိုက်သွားပြီ။ ဟိုးတုန်းက လေးလေးတို့ ငယ်ငယ်တုန်းက သဲတောတို့၊ ဝမ်းတွင်းတို့က ကြက်သွန် စိုက်မှမစိုက်ကြတာ။ အခုတော့ များသွားပြီပေါ့။ များသွားကြတော့ လေးလေးတို့ဘက် တွေနဲ့ level လောက် လိုက်သွားပြီ။ ဒါပေမယ့် သူတို့ဆီကတော့ ချောင်းမရှိဘူးပေါ့။ ချောင်းမရှိတော့ သူတို့ဆီက ကုန်းကြက်သွန်တွေပဲပေါ့။ လေးလေးတို့ ဒီဘက်တွေကတော့ တောင်သာ၊ မြင်းခြံကတော့ ချောင်းတွေ ရှိတာကိုး။ ချောင်းတွေရှိတော့ လေးလေးတို့ဘက်တွေမှာ ချောင်းကြက်သွန်ဆိုတာ သပ်သပ်ရှိတာကိုး။ သူတို့ဘက်ကတော့ ကုန်းမြေကြီးပဲ စိုက်ရတာပေါ့။ ကြက်သွန်ကတော့ သူတို့ဘက်က ပိုပြီး ကွာလတီ ကောင်းသေးတယ်” ဟု ပြော သည်။
မိတ္ထီလာခရိုင်အတွင်းတွင် နွေကြက်သွန်ကိုသာ စိုက်ပျိုးကြရာ နွေကြက်သွန်ကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြ ပြီး မတ်လ၌ ထွက်ရှိကြောင်း သိရသည်။
ထွက်ရှိသည့် ကြက်သွန်ကို ပြည်ပတင်ပို့မှုအနေဖြင့် တရုတ်၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံသို့ တင်ပို့မှု ရှိသည်။
ထို့အပြင် ကြက်သွန်ကုန်ချောအဖြစ် ကြက်သွန်ကြော် ထုတ်လုပ်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချီလျက် ရှိကြောင်း၊ တစ်လလျှင် ကြက်သွန်ကြော် ပိဿာချိန် သိန်းနှင့်ချီ၍ ထုတ်လုပ်လျက်ရှိသည်ဟု သိရသည်။
ထို့နောက် တချို့သော လုပ်ငန်းရှင်များသည် ကြက်သွန်ကြော်ကို ပြည်ပသို့ တင်ပို့ကြသည်ဟု ကြက်သွန်ကုန်သည် ဦးသောင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ကုန်ချောအနေနဲ့ကတော့ တော်တော်များများတော့ ကြက်သွန် အကြော်ကြော်တာ များတယ်။ အဓိက ကတော့ ကြက်သွန်ကြော်ပါပဲ။ ဆီသွပ်ဘူးတွေ ဘာတွေကတော့ မလုပ်နိုင်ဘူး။ ကြက်သွန်ကြော်ကတော့ တချို့က ကြက်သွန်ကြော် export တောင် ရှိကြတယ်။ ကြက်သွန်ကြော်တို့၊ ကြက်သွန် အခြောက်တို့ပေါ့။ ကြက်သွန်ကြော် ကို အခြောက်လှန်းပြီးထားတယ်၊ နောက်ပြီးတော့ ကြော်ပြီးတော့ ထားတယ်။ ပြည်တွင်း အကြော်ဖိုတွေက export အပယ်တွေပေါ့၊ export အကျ ခေါ်တာပေါ့။ export ကွာလတီ မမှီတဲ့ ကြက်သွန်တွေကို ချပေးရတာပေါ့။ ပယ်ရသေးတာကိုး၊ အဲဒီအပယ်တွေကိုပဲ ကြော်ကြတယ်။ တစ်လတစ်လကို အကျလိုင်းကတင်ကို အကြော်ဖိုတွေ ပေါင်းရင် ပြောရရင်ကို မကွေး၊ မန္တလေး၊ စစ်ကိုင်းပေါ့ အဲဒီ တိုင်း ၃ တိုင်းက ထွက်တဲ့အကျဆိုရင် တစ်လ သိန်းကဏန်း ရှိတာပေါ့” ဟု ပြောသည်။
မိတ္ထီလာခရိုင်အတွင်း ကြက်သွန်ကို တစ်နှစ်ပတ်လုံး ထွက်ရှိရန်အတွက် စိုက်ပျိုးကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားသော်လည်း ထိုဒေသတွင် ချောင်းရေနည်းပါးခြင်း၊ မိုးရွာသွန်းမှု နည်းပါးခြင်းနှင့် ကုန်းမြင့်ပိုင်းဒေသ ဖြစ်သည့်အတွက် မိုးကြက်သွန် စိုက်ပျိုးရန် အခက်အခဲ ရှိနိုင်ကြောင်း ကြက်သွန်စိုက်တောင်သူများက ပြောသည်။
ထို့အပြင် မိုးကြက်သွန် စိုက်ပျိုးပါက အထွက်နှုန်း နည်းပါးနိုင်ပြီး နွေကြက်သွန်၏ အထွက်နှုန်းအပေါ်တွင်လည်း ထိခိုက်မှုဖြစ်သွားနိုင်သည်ဟု ကြက်သွန်စိုက်တောင်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1888
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇
ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သည့် လုပ်သားများ၏ မိသားစုထံလွှဲပို့ငွေနှင့် ပတ်သက်၍ စာရင်းတင်ပြရမည် ဖြစ်သောကြောင့် အခက်တွေ့နေကြကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ များက CNI သတင်းဌာနသို့ ပြောသည်။
မိမိစေလွှတ်လိုက်သည့် လုပ်သားတစ်ဦးချင်းစီမှ မိသားစုထံလွှဲပို့ငွေဖြစ်သော လစာ၏ ၂၅ ရာခိုင်နှုန်းအား တရားဝင်ဘဏ်များဖြင့် လွှဲပို့ခြင်း ရှိ/မရှိအား စာရင်းတင်ပြရမည်ဟု ဝန်ကြီးဌာနဘက်မှ ပြီးခဲ့သည့် ရက်ပိုင်းက စာထုတ်လာသည့်အတွက် အခက်တွေ့နေရကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း ရှင်များအဖွဲ့ချုပ် MOEAF မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရေးယူမယ့် အပိုင်းတွေ ပါတာပေါ့။ အဲဒီလိုမျိုး မတင်ပြနိုင်ရင် ရပ်ဆိုင်းမယ်လို့ ဘာတို့ပါနေလို့ အေဂျင်စီတွေ အကုန်လုံး ပြဿနာလေးတွေ ရှိနေတာပေါ့။ လုပ်သားက သူ့ဘာသာသူ သူ့အိမ်ကို သူပို့မှာလေ။ ၂၅ ရာခိုင်နှုန်း ဘဏ်စနစ်ကနေ သူ့ဘာသာသူပို့မှာ။ အဲဒီသူပို့တဲ့စာရင်းကို အစ်ကိုတို့က တင်ပြရမှာ ဖြစ်နေတာ။ ဘာလို့ဆို အစ်ကိုတို့က ဒီပိုက်ဆံကြီး သွားယူလို့မှ မရတာ။ သွားယူပြီးတော့ အတင်းပို့ခိုင်းလို့မရဘူး။ သူတို့က ကြတော့ သူတို့ငွေဈေးနဲ့ သူတို့ပို့တာပေါ့။ နောက်တစ်ခုက ငွေဈေးကလည်း ဟိုဘက်နဲ့ ဒီဘက် ပေါက်ဈေးက နည်းနည်းလေး လိုနေတာလေးတွေရှိတာပေါ့။ ဒီဘက်ကတော့ အေဂျင်စီတွေကတော့ ဘဏ်စနစ်နဲ့ လွှဲဖို့အတွက် အကုန်လုံးပြောလိုက်တာပဲ။ ဘဏ်တွေလည်း ဖွင့်ပေးလိုက်တာပဲ။ ဒါပေမယ့် တချို့တွေကြတော့လည်း လွှဲမယ် ထင်တယ်။ တချို့တွေကြတော့လည်း များသောအားဖြင့်က နယ်ကိုအတိုးနဲ့ပြန်လွှဲနေရတာဖြစ်တော့” ဟု ပြော သည်။
ပြည်ပထွက်ခွာရန် အေဂျင်စီများနှင့် စာချုပ်ချုပ်ဆိုထားသူများကို တွေ့ရစဉ်
လုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့ မထွက်ခွာခင် ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် စာချုပ်ချုပ်ဆိုရာ၌ လစဉ်လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်လမ်းကြောင်းမှ လွှဲပို့မည့်အချက်ကို ထည့်သွင်း ချုပ်ဆိုထားကြခြင်းဖြစ်သည်။
သို့သော် တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန်တွင် မိသားစုထံလွှဲပို့ငွေနှင့်ပတ်သက်၍ စာချုပ်ချုပ်ဆိုထားမှုမှာ အသက်ဝင်ရန် အခက်အခဲဖြစ်သွားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ အခက်အခဲများကြောင့် ဝန်ကြီးဌာနနှင့် အေဂျင်စီများ ပြန်လည်ညှိနှိုင်းရမည့် အနေအထားဖြစ်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်လာနှင့် ကျပ်ငွေ
“ကိုယ်လွှတ်ထားတဲ့ကလေးတွေက အရပ်ဒေသတွေကလည်း အများကြီး။ လွှတ်တဲ့ကုမ္ပဏီတွေကလည်း အများကြီး။ လိုက်ဆင်းကောက်ဖို့ကလည်း မလွယ် အဲဒါမျိုးအခက်အခဲတွေရှိပါတယ် အေဂျင်စီတွေမှာ။ လိုက် ကောက်ခိုင်းတယ်။ push လုပ်ခိုင်းတယ် အေဂျင်စီတွေကို တာဝန်ယူခိုင်းတာပေါ့နော်။ ဒါပေမယ့် ဒီဘက်ကတော့ မလွယ်ဘူးထင်တယ် အဲဒီကိစ္စတွေက။ ဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ရာ နိုင်ငံတော်အဆင့်တွေကို ပြန်ပြီး မေတ္တာရပ်ခံပြောပေးမှ အဆင်ပြေမှာ။ အခက်အခဲအကြပ်အတည်း ဖြစ်သွားပြီလေ။ အကောင်းဆုံးဘယ်လို ဖြစ်ရ မလဲဆိုတာ မိခင်ဝန်ကြီးဌာနကို တင်ပြ၊ မိခင်ဝန်ကြီးဌာနကနေမှ နိုင်ငံတော် အကြီးအကဲတွေကို ပြန်တင်ပြ ဒါမျိုးသွားရမှာလေ။ လုပ်ချင်တိုင်းလုပ်လို့မရပါဘူး ဒီကိစ္စမှာ။ လူကြီးတွေရဲ့ ဖြေလျှော့မှုအပေါ်မှာပဲ တို့က လမ်းလျှောက်လို့ရမှာ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် အမျိုးသားများ၏ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်အပေါ် အသက်ကန့်သတ်ချက်များ ပြုလုပ်ထား သဖြင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ဈေးကွက်မှာ အနုတ်ပြနေသည့် အနေအထားဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် ယခင်အလုပ်ခေါ်စာအဟောင်းများကိုသာ စေလွှတ်နေကြခြင်းဖြစ်ပြီး အလုပ်ခေါ်စာ အသစ်များမှာလည်း တစ်ဖက်နိုင်ငံ၌ နှုန်းထားမြင့်တက်နေသည့်အတွက် ရရှိမှု နည်းပါးနေကြောင်းလည်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများထံက သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1590
CNI News
၂၀၂၄ ခုနှစ်၊ ဇွန် ၁၄
ထိုင်း-မြန်မာနယ်စပ်တွင် ရွှေ့ပြောင်းလုပ်သား ပေါများနေပြီး လုပ်သားမရှားပါးသည့် အခြေအနေ ဖြစ်သော ကြောင့် ထိုင်းအလုပ်ရှင်များမှ လုပ်ခလစာ တိုးမပေးချင်ကြကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက် နေသူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နယ်စပ်၌ ယခင်ရှိခဲ့သည့် ရွှေ့ပြောင်းလုပ်သား နှုန်းထားထက် နှစ်ဆခန့် ပိုမိုပေါများလာပြီး လုပ်ငန်းခွင်နှင့် လုပ်သားဦးရေ နှိုင်းယှဉ်ပါက လုပ်သားဦးရေမှာ ပိုများနေသဖြင့် ထိုင်းအလုပ်ရှင်များမှ လုပ်ခလစာ တိုးမပေးချင်ကြခြင်းဖြစ်ကြောင်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “များလာတဲ့အခါကြတော့ နယ်စပ်ဒေသတွေမှာက ရှိတဲ့လုပ်ငန်းခွင်နဲ့ လုပ်သားနဲ့ဆို လုပ်သား အရေ အတွက်က ပိုများနေတာပေါ့။ များနေတဲ့အခါကြတော့ တိုးပေးမယ်လို့ အစိုးရကပြောနေတယ် အခြေခံ လုပ်ခလစာတွေ တိုးမြှင့်ပေးမယ်လို့ အခြား ထိုင်းအလုပ်သမားသမဂ္ဂတွေ တောင်းဆိုနေတယ် လွှတ်တော်ထဲမှာ ဆွေးနွေးနေတယ် ဆိုပေမယ့်လို့ လုပ်ငန်းရှင်တွေဘက်က ဒီဘက် နယ်စပ်ဘက်မှာ တိုးမပေးချင်ဘူး။ ဘာလို့ဆို သူတို့က လုပ်သား အင်အားပေါနေတာ။ လုပ်သားအင်အားပေါ နေတယ်ဆိုတာက ဈေးပေါပေါနဲ့ သုံးလို့ရတဲ့အထိ ပေါနေတာပေါ့လေ။ ကြိုက်တဲ့လူခေါ်လို့ရတယ် အရင်တုန်းကလို မဟုတ်တော့ဘူး။ ဒီတစ်ဖွဲ့မလုပ်ချင်ဘူးဆို ရတယ် တစ်ဖွဲ့လုံး ပစ်သွားလို့ရတယ်။ နောက်တစ်ဖွဲ့ လာရင်လာတယ်။ အဲဒီလိုမျိုးဖြစ်နေတာပေါ့။ ပြောချင်တာ ကတော့ လုပ်သားဦးရေများတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် အလုပ်သမားမှတ်ပုံတင်ရုံးရောက် မြန်မာအလုပ်သမားများ (ဓာတ်ပုံ − EPA)
နယ်စပ်ဒေသများ၌ လုပ်ငန်းနှင့် လုပ်သားဦးရေ မမျှတခြင်းမှာ လုပ်ငန်းအရေအတွက် နည်းသွားခြင်းကြောင့် မဟုတ်ဘဲ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြသည့် လုပ်သားအင်အား များလာနေခြင်းကြောင့်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ထို့အပြင် ဝင်ရောက်လာကြသူ များပြားလာသဖြင့် နေထိုင်ခွင့် လုံခြုံရေးကိစ္စများကြောင့် အထောက်အထားများ ပြုလုပ်ကြသည့်အခါတွင် ငွေကြေးအရှုပ်အရှင်းများ ရှိလာကြောင်းလည်း သိရသည်။
လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီဇာဝေါ့ပါမစ် ( Visa-Work permit ) သက်တမ်းကုန်ကြမည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် လေးနိုင်ငံမှ လုပ်သားများအနေဖြင့် နယ်စပ်ဆင်း၍ သက်တမ်းတိုးရမည်ဟူ၍လည်း သတင်းများထွက်ပေါ်နေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ထိုသို့ နယ်စပ်ဆင်း၍ သက်တမ်းတိုးရမည်ဆိုပါက မြန်မာနိုင်ငံဘက်သို့ သွားရောက်သက်တမ်းတိုးရခြင်းမျိုး မဟုတ်ဘဲ ထိုင်းဘက်အခြမ်းတွင်သာ သက်တမ်းတိုးနိုင်ရေးကို တောင်းဆိုထားကြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (LRF) မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့ရှိ စက်ရုံတစ်ခုအတွင်းမှ မြန်မာလုပ်သားတစ်ဦးကို ၂၀၁၈ အတွင်းက မှတ်တမ်း တင်ထားစဉ် (ဓာတ်ပုံ – AFP)
၎င်းက “ကျနော်တို့တောင်းဆိုတာ ထိုင်းနိုင်ငံအတွင်းမှာပဲ စာရွက်စာတမ်းတွေ အားလုံးကို ပြန်လည်ပြီးမှ ပြုလုပ် ပေးဖို့ပဲ တောင်းဆိုတာ တစိုက်မတ်မတ်ပါ။ သို့သော် သူတို့အနေနဲ့ စီစဉ်လို့ နယ်စပ်မှာ လုပ်ရမယ်ဆိုရင်လည်း ကျနော်တို့ အမြင်မှာတော့ ကိုယ့်မြန်မာနိုင်ငံတို့ဘာတို့ ပြန်ပြီးမှ စာချုပ်ချုပ်ပြီး လုပ်တာထက်စာရင် အသက် အန္တရာယ်လည်းမရှိဘူး၊ ဘေးဒုက္ခအန္တရာယ်လည်း မရှိတဲ့အတွက်ကြောင့် နယ်စပ်မှာ သွားလုပ်တာဟာ ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုရှိမယ်လို့ မသုံးသပ်ပါဘူး” ဟု ပြောသည်။
လက်ရှိထိုင်းနိုင်ငံတွင် တရားမဝင် အထောက်အထားမဲ့များအား နေထိုင်အလုပ်လုပ်ခွင့် ဘတ်ပန်းရောင်ကဒ် ပြုလုပ်ပေးရန် ထိုင်းအစိုးရမှ အတည်ပြုထားပြီး တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးရန် ၄ လတာ ကြာမြင့်မည့် စစ်ဆင်ရေးကိုလည်း ဆောင်ရွက်ရန် လုပ်ဆောင်နေသည်။
ထို့ကြောင့် တရားမဝင် အထောက်အထားမဲ့များအနေဖြင့် သတိပြု သွားလာပြီး အလုပ်လုပ်ကိုင်ကြရန်နှင့် ဘတ်ပန်းရောင်ကဒ် ဖွင့်ပေးသည့်အချိန်တွင် ပြုလုပ်ထားကြရန် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက် နေသူများက အကြံပြုသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2289
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ကုန်စည်တင်သွင်းနေသည့် ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
နယ်စပ်ဒေသလုံခြုံရေး အကြောင်းပြချက်ဖြင့် ပလက်ဝ-မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ စတင်၍ အိန္ဒိယနိုင်ငံက ပိတ်လိုက်ခြင်းဖြစ်ပြီး ဇွန်လ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြု၍ အိန္ဒိယနိုင်ငံမှ ကုန်စည်ကို ပလက်ဝမြို့နယ်မှတဆင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်သို့ ပြန်လည်တင်သွင်းကြသည်ဟု သိရသည်။
လက်ရှိ ပလက်ဝ - မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ် ပေးလိုက်ခြင်းကြောင့် အိန္ဒိယကုန်စည် များသည် ပလက်ဝနှင့် ကျောက်တော်မြို့နယ်များအတွက်သာ အဆင်ပြေနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ တခြားသော မြို့နယ်များအတွက် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ပလက်ဝဒေသခံ ဦးအောင်ဒင်က CNI သတင်းဌာနသို့ ပြောသည်။
ပလက်ဝမြို့နဲ့ မီဇိုရမ်ပြည်နယ်- ကျောက်တော်သွား ကုလားတန်မြစ်ကိုတွေ့ရစဉ်
၎င်းက “ဖွင့်လိုက်ပြီဆိုတာက မနေ့က ကျနော့် ဝန်ထမ်းတစ်ယောက် အိန္ဒိယကို သွားတာတွေ့တယ်။ ဒါပေမယ့် တရားဝင်နဲ့လား၊ နဂိုလိုပဲ နားလည်မှုနဲ့လား မပြောတတ်ဘူး။ တချို့ ရခိုင်ဘက်က တင်လို့မရတဲ့ ကုန်စည်တွေ အိန္ဒိယထွက်ကုန်တွေတော့ ဝင်လာလို့တော့ ရမှာပေါ့။ အဲဒါပဲ ရှိမယ်။ ဈေးကတော့ သူ့ဟာသူပေါ့။ ပလက်ဝ အတွက်ပဲ ပြောတာ။ ရခိုင်အထိတော့ ရောက်နိုင်မယ်မထင်ဘူး။ ဘာလို့ဆို ပုဏ္ဏားကျွန်းနဲ့ စစ်တွေကြားထဲ လုံးဝကို မရဘူး။ ပလက်ဝ - ကျောက်တော်အထိတော့ ဖြစ်နိုင်တယ်။ ကုန်သွယ်စီးဆင်းမှု မရတော့ ဒေသခံတွေက မနှစ်က လက်ကျန်လေးတွေ နည်းနည်းနဲ့ စားသောက်နေရတော့ တအားကြီး အစာရေစာတော့ ငတ်ပြတ်တယ် မရှိဘူး လေ။ ကုန်ဈေးနှုန်း တက်တယ်” ဟု ပြောသည်။
ပလက်ဝ - မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်း မပိတ်ခင်ကာလတွင် ရခိုင်ကုန်သည်များသည် အိန္ဒိယကုန်စည်များ ကို ပလက်ဝမြို့နယ်မှတဆင့် ရေလမ်းကြောင်းအသုံးပြု၍ တစ်ရက်လျှင် စက်လှေ အစီးရေ ၂၀ ခန့်ဖြင့် ကုန်စည် တင်သွင်းကြကြောင်း သိရသည်။
အဓိကအားဖြင့် နေ့စဉ်သုံး ကုန်စည်နှင့် စက်သုံးဆီများကို တင်သွင်းကြပြီး ရခိုင်ပြည်နယ်အတွင်း ပြန်လည် ရောင်းချကြသည်။
ယခုအခါမှာတော့ ပလက်ဝ - မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ကုန်စည်ပြတ်လပ်ခြင်း အထိုက်အလျောက် သက်သာသွားနိုင်သည်ဟု စစ်တွေဒေသခံ ဦးတင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ပလက်ဝမြို့နဲ့ မီဇိုရမ်ပြည်နယ်- ကျောက်တော်သွား ကုလားတန်မြစ်ကိုတွေ့ရစဉ်
၎င်းက “ကုန်ဈေးနှုန်းတွေ အထိုက်အလျောက် ကြီးနေတဲ့အချိန်မှာတော့ ကုန်သွယ်မှု လမ်းကြောင်းလေးတွေ တစ်ခုခု ရှိလာပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အထိုက်အလျောက်လေးတွေကတော့ ကျဆင်းသွားနိုင်တဲ့ အနေအထား လေးတွေတော့ ရှိပါတယ်။ ပစ္စည်းပြတ်လပ်မှုတွေ ဘာတွေ လျော့လာပြီဆိုရင်တော့ ကုန်ဈေးနှုန်း ကြီးမြင့်မှုက လည်း အထိုက်အလျောက် လျော့ကျသွားနိုင်မယ်ဆိုတဲ့ အနေအထားလေးကတော့ ဒေသခံ တစ်ယောက်အနေနဲ့ အဲဒီလောက်ပဲ ပြောနိုင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲ စတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှုလမ်းကြောင်း အားလုံးကို ပိတ်ထားသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။
ထို့အတူ ကျောက်တော်မြို့နယ်မှတဆင့် ပလက်ဝဒေသသို့ ကုန်စည်စီးဆင်းမှုများလည်း ပြတ်တောက်သွားပြီး ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်ရှိ ဒေသခံများသည် ပလက်ဝ - မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို အားထားနေရခြင်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1931
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
ထိုင်းရှိ မြန်မာနိုင်ငံသားများအနေဖြင့် သံရုံး၌ အထောက်အထား အပါအဝင် အခြားသော ကိစ္စရပ်များဖြင့် သွားရောက်ကြသည့်အခါတွင် အခွန်ဆောင်ပြီးကြောင်း အထောက်အထားများ ပြသနိုင်မှသာ ကူညီဆောင်ရွက် ပေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
သံရုံး၌ တစ်စုံတစ်ခု သွားရောက် ပြုလုပ်ကြရာတွင် အခွန်ဆောင်ပြီးကြောင်း မပြသနိုင်ပါက ကူညီဆောင်ရွက် ပေးခြင်းမျိုးမရှိဘဲ အခွန်ဆောင်ပြီးမှသာ ဆက်လက် ကူညီဆောင်ရွက်ပေးခြင်းသည် မဖြစ်သင့်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါအင်မတန် မဖြစ်သင့်တဲ့ကိစ္စပါ။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သံရုံးဆိုတာက သူ့နိုင်ငံသားတွေရဲ့ အခက် အခဲကို ကူညီဖြေရှင်းပေးရမယ့် တာဝန်ပါ။ အခုက ငွေရဖို့ သက်သက်ကို ကြည့်ပြီးတော့မှ လုပ်ဆောင်မှုတစ်ခု လုပ်မယ် ဆိုတိုင်း ဆိုတိုင်း အခွန်တွေ အရင်ဆောင်ခိုင်းတယ်။ အဲဒီအခွန်ဆောင်တဲ့ ပြေစာရှိမှ ကျန်တဲ့ အကျိုးတော်ဆောင်တွေကို လုပ်ပေးမယ်ဆိုတဲ့ အကျပ်ကိုင်ပြီးမှ ငွေညှစ်နေတာမျိုးတွေ တွေ့နေရပါတယ်” ဟု ပြောသည်။
ထိုင်းရှိ မြန်မာသံရုံးကို တွေ့ရစဉ်
ပြည်ပနိုင်ငံအသီးသီးတွင် အလုပ်သွားလုပ်နေသူများအနေဖြင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှ သာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်ဟု သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများမှ ထုတ်ပြန်ထားကြသည်။
သို့သော် ယခုနောက်ပိုင်းတွင် အခွန်ဆောင်ထားကြောင်း အထောက်အထားအပြင် မိသားစုထံ လစာ၏ ၂၅ ရာခိုင်နှုန်းအား လွှဲပို့ထားကြောင်း ပြေစာများကိုပါ တောင်းလာကြောင်း၊ ထိုအခြေအနေများကြောင့် အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများထံသို့ အကူအညီတောင်းခံမှုများ ရှိလာကြောင်း ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲလိုကတော့ ဟုတ်တယ်။ ကျနော်တို့ ဒီဘက်တွေမှာ တောင်းလာတာ။ အဲဒါက နစ်နာကြေးထုတ်ပေးတဲ့ ကုမ္ပဏီတို့ ဒါမှမဟုတ်လည်း လူမှုဖူလုံရေးရန်ပုံငွေအဖွဲ့တို့ သူတို့ကနေ လက်ခံတယ်ဆိုရင်တော့ အဆင်ပြေတာ ပေါ့။ သူတို့က လက်မခံဘူးဆိုရင်၊ သူတို့က လက်မခံဘူးဆိုတာက ထောက်ခံစာသည် များသောအားဖြင့်က သံရုံးရဲ့ ထောက်ခံစာမှ ရတာကို။ အဲဒီတော့ ဒီမှာက တကယ်လို့ သံရုံးထောက်ခံစာကို အလုပ်သမားကလည်း ခုနကလို အကြောင်းကြောင်းကြောင့်၊ ဒါမှမဟုတ်လည်း အခွန်တွေဘာတွေ မဆောင်ရသေးတဲ့ အတွက်ကြောင့် မပေးနိုင်တဲ့ အတွက်ကြောင့် မရဘူးဆိုလို့ရှိရင် နစ်နာကြေးဘာညာပေးမယ့် ကုမ္ပဏီလား သူတို့အပေါ်မူတည်တယ်” ဟု ပြော သည်။
ထိုင်းရှိ မြန်မာသံရုံးကို တွေ့ရစဉ်
၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြင်ဆင်လိုက်တာဖြစ်၍ အောက်တိုဘာ ၁ ရက်မှစတင်ကာ ထိုပြဋ္ဌာန်းချက် အသက်ဝင်သွားခြင်းဖြစ်သည်။
လစဥ် လစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် သုံးလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းထံ တရားဝင် လမ်းကြောင်းဖြင့် လွှဲပို့ရမှာ ဖြစ်သည့်အပြင် အောက်တိုဘာ ၁ ရက်မှစတင်ကာ ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ အပေါ် နိုင်ငံခြားငွေ အမျိုးအစားအလိုက် ဝင်ငွေခွန်ပေးဆောင်ရန် သတ်မှတ်ထားသည်။
ပြည်ပနိုင်ငံများသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ လစာဝင်ငွေခွန်အား နည်းလမ်း ၂ မျိုး ဖြင့် တွက်ချက် ကောက်ခံနေခြင်းဖြစ်ပြီး နိုင်ငံခြားငွေဖြင့် ရရှိသည့် တစ်လစာ ဝင်ငွေအပေါ်တွင် ဝင်ငွေခွန်ဥပဒေ အရ ခွင့်ပြုထားသော သက်သာခွင့်များကို နုတ်ပယ်ခြင်းမပြုဘဲ အခွန်နှုန်း ၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်းဖြင့် ပေးဆောင်နိုင်သည်။
ထို့အပြင် ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့် သက်သာခွင့်များ နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက် အခွန်နှုန်း ထားဖြင့် တွက်ချက်ခြင်းဖြင့်လည်း ပေးဆောင်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1515
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ထိုင်းတွင် မြန်မာလုပ်သားများ၏ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်ထိန်းသိမ်းထားသူ ကိုယ်စားလှယ်များက အလွဲ သုံးစားပြုလုပ်သည့်အတွက် ထိုင်းအာဏာပိုင်များ၏ ဝရမ်းထုတ်ခြင်းကို မြန်မာလုပ်သားများခံနေကြရကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ကိုယ်စားလှယ်များက လောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချလိုသူများထံ အခကြေးငွေယူပြီး ပေးအပ်ခဲ့ကြ သဖြင့် ဘဏ်စာရင်းများတွင် ငွေအဝင်/အထွက်များခြင်း၊ စုဆောင်းငွေများပြားခြင်း စသည့်ကိစ္စများကြောင့် ထိုင်းအာဏာပိုင်များက ဘဏ်စာရင်းပိုင်ရှင် မြန်မာများကို ဖမ်းဝရမ်းထုတ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါကိစ္စမျိုးကို ထိုင်းတောင်ဘက်အခြမ်းတွင် မတွေ့ရသေးကြောင်း၊ လုပ်သားများ၏ ဘဏ်စာအုပ်နှင့် ATM ကဒ်များအား အလုပ်ရှင်သူဌေး၊ ကိုယ်စားလှယ်များထံ သိမ်းထားကြရာတွင် နှစ်ဦးသဘောတူသိမ်းထားခြင်းများ ရှိသလို သဘောမတူသော်လည်း သိမ်းထားခံရခြင်းများလည်းရှိကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
အထည်ချုပ်စက်ရုံလုပ်သားများ
“ဒါပေမယ့် ကျနော်တို့ ဒီဘက်မှာ အဲဒီလိုမျိုး သက်ဆိုင်ရာကနေ ဖမ်းဆီးတာမျိုးတော့ မတွေ့သေးဘူး။ တကယ် က ဘဏ်နဲ့ပတ်သက်တဲ့ဟာတို့ကြ ကိုယ့်ရဲ့ personal ဥစ္စာ ကိုယ်ပဲသိမ်းထားသင့်တာ။ ဒါပေမယ့် သူတို့ဆီမှာ ဘယ်လိုသိမ်းထားလဲတော့မသိဘူး။ သူတို့ဆီမှာဆိုတာက MOU သမားတွေပေါ့။ အေဂျင်စီနဲ့ ဘယ်လို သဘော တူညီချက်ရထားလဲပေါ့ အဲဒါတော့ မပြောတတ်ဘူး။ စာချုပ်ထဲမှာ ဘယ်လိုရေးထားလဲပေါ့။ အဲဒီတော့ သဘောတူညီမှုရထားလို့ ကုမ္ပဏီကသိမ်းထားမယ် အဲဒါမျိုးလုပ်ထားတယ်ဆို ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒါကလည်း ပြောရမယ်ဆို အဓိပ္ပါယ်တော့မရှိဘူး။ ရေလုပ်သားတွေဆိုရင် သူတို့ရဲ့ ဘဏ်စာအုပ်တို့ ဘာတို့ ဆိုတာက များသောအားဖြင့် သူတို့မမြင်ရဘူး။ အလုပ်ရှင်တွေက များသောအားဖြင့် သိမ်းထားတာများတယ်။ သဘောတူလို့ သိမ်းထားတာရှိတယ်” ဟု ၎င်းက ပြောသည်။
PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော MOU မြန်မာလုပ်သားများသည် ထိုင်းသို့ ရောက်ရှိချိန်တွင် MOU ကုမ္ပဏီများမှ စီစဉ်ပေးသည့် ဘဏ်များ၌ ဘဏ်စာရင်း ဖွင့်လှစ်ခြင်း၊ ဘဏ်စာအုပ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြရသည်။
ထိုသို့ ပြုလုပ်ချိန်တွင် ဘဏ်လုပ်ငန်းစဉ်များနှင့် မရင်းနှီးသောကြောင့် MOU ကုမ္ပဏီမှ ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များအတိုင်း ဆောင်ရွက်ရခြင်း၊ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်အား ကိုယ်စားလှယ်အချို့မှ ထိန်းသိမ်းထားခြင်းတို့ကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကိုယ်စားလှယ်များ၏ အလွဲသုံးစားလုပ်မှုများကြောင့် ဘဏ်စာရင်းစာအုပ်ပိုင်ရှင် မြန်မာလုပ်သားများကို ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ အချုပ်ထောင်တွင် ချုပ်နှောင်ထားခြင်း၊ ထွက်ပြေး တိမ်းရှောင်ခြင်း စသည့်ဖြစ်စဉ်များ တွေ့ကြုံနေရကြောင်း သံရုံးမှ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းဘဏ်အကောင့် ဖွင့်သည့်အခါ နှင့် ဖုန်းဆင်းမ်းကဒ်များ ဝယ်ယူသည့်အခါတွင် အခြားသူ အမည်ခံပြီး မဝယ်ယူကြရန် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (LRF) မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရေလုပ်သားများ
“တယ်လီဖုန်းဆင်းမ်ကဒ်တွေ မှတ်ပုံတင်ထားတဲ့အခါမှာ အမှန်က ကာယကံရှင် ကိုယ်တိုင်ရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်ကို မှတ်ပုံတင်ပြီးမှ ဆင်းမ်ကဒ်တွေလုပ်ရတယ်။ ပြီးရင် ဘဏ်အကောင့်ဖွင့်တဲ့အခါမှာ အဲဒီ ဆင်းမ်ကဒ်နဲ့ ဖွင့်ရပါတယ်။ သို့သော် လွယ်လင့်တကူ ဆိုင်တွေမှာက အသင့်ပြုလုပ်ပြီးသား မှတ်ပုံတင်ပြီးသား မည်သည့် နာမည် ပေါက်လို့ပေါက်မှန်းမသိတဲ့ဟာနဲ့ မှတ်ပုံတင်ထားတဲ့ ကဒ်တွေကို ထည့်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်အချက်အလက်တွေကို ပြန်လည်စစ်ဆေးပြီးမှ လိုအပ်ရင် အရေးယူမယ်ဆိုတာမျိုး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာအပါအဝင် ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ် လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် အလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ထိုင်းအစိုးရက ဇွန်လ ၆ ရက်တွင် ကြေညာထားသည်။
လူသစ် ဘတ်ရိုက်ပေးရန်အတွက် အချက်သုံးချက်ကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး တရားမဝင်ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့် လက်မှတ်အသစ် ပြုလုပ်ပေးရန်ဖြစ်ကြောင်း၊ ၎င်းတို့သည် ထိုင်းနိုင်ငံသို့ ရောက်နှင့်ပြီးသား ဖြစ်ရမည်ဖြစ်ပြီး အလုပ်ရှင်ထံတွင် အလုပ်လုပ်နေရမည်ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1232
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ပြည်တွင်း မတ်ပဲဈေးနှုန်းသည် လက်ရှိတွင် ဈေးနှုန်းမြင့်တက်လျက်ရှိနေသော်လည်း ယခုနှစ် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်အရ ဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်သည်ဟု ပဲကုန်သည်များက ပြောသည်။
အိန္ဒိယနိုင်ငံအတွင်း ယခုနှစ် မတ်ပဲအထွက်နှုန်း လျော့ကျနေခြင်းနှင့် အိန္ဒိယ ပဲကုန်သည်များက ရွေးကောက်ပွဲ အပြီး ပဲဈေးထပ်မံမြင့်တက်လာနိုင်သည်ကို မျှော်မှန်းပြီး ကြိုတင်သိုလှောင်နေကြကြောင်း သိရသည်။
ထို့နောက် လာမည့် ၄ လအတွင်း အိန္ဒိယနိုင်ငံ၏ ပဲဈေးကွက်သည် မြန်မာနိုင်ငံ၏ မတ်ပဲအပေါ်တွင် မူတည်နေ သည်ဟု အိန္ဒိယပဲကုန်သည်များက ခန့်မှန်းထားသည့်အတွက် ပြည်တွင်း မတ်ပဲဈေးနှုန်းသည် ထပ်မံမြင့်တက် လာနိုင်သည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မတ်ပဲကတော့ ဈေးက တက်လာအုံးမှာပဲ။ ဘာလို့ဆို လက်ရှိမှာက သူတို့က ရွေးကောက်ပွဲပြီးကာလမှာ ပဲဈေးတက်မယ်ဆိုပြီး တချို့ကလည်း ပဲတွေ ဝယ်လှောင်ထားကြတယ်။ ဒီနှစ်က မတ်ပဲက ထင်မှတ်ထားတာ ထက်ကို မတ်ပဲ အထွက်နှုန်း ကျတယ်ဗျ၊ အိန္ဒိယမှာ မတ်ပဲ အထွက်နှုန်းကျတယ်။ မတ်ပဲအထွက်နှုန်း ကျတဲ့အထဲ မှာ ဈေးကွက် ဝယ်လိုအားကလည်း အရမ်းများတယ်၊ အဲဒီလို ဖြစ်နေတယ် အဲဒါကြောင့်မို့လို့။ ဒီမှာကလည်း ကျနော်တို့ဆီမှာ တောင်သူတွေကလည်း ဈေးတက်လာအုံးမလားဆိုပြီး မတ်ပဲကို ထိန်းရောင်းနေကြတာရှိတယ်။ သို့သော်ငြားလည်း ဈေးတက်နေတယ် ဈေးတက်လာတယ်ဆိုပေမယ့် အိန္ဒိယက မတ်ပဲလိုအပ်ချက် အရမ်းများ တယ်။ နောက် သူတို့ယူစရာကလည်း မတ်ပဲက ကိုယ့်ဆီကပဲ ယူစရာရှိတယ် ဖြစ်နေတယ်။ ဆိုတဲ့အခါကျတော့ နောက်ပိုင်း လာမယ့် ၄ လ အတောအတွင်း သူတို့ဘက်က ခန့်မှန်းထားတာတော့ သူတို့ဆီမှာရှိတဲ့ မတ်ပဲဈေးကွက် က မြန်မာနိုင်ငံမှာရှိတဲ့ မတ်ပဲပေါ်မှာပဲ မူတည်လိမ့်မယ် အဲဒီလောက်ထိကို ခန့်မှန်းထားကြတယ်။ ဒီက ဈေးနှုန်း ဘယ်လောက်ကြီးကြီး သူတို့ ဝယ်ရမယ့် အနေအထားရှိတယ် လာမယ့် ၄ လအတွင်း” ဟု ပြောသည်။
မြန်မာ့မတ်ပဲကိုတွေ့ရစဉ်
အိန္ဒိယနိုင်ငံက မြန်မာ့မတ်ပဲကို နှစ်စဉ် တန်ချိန် ၅၀,၀၀၀ အနိမ့်ဆုံး ဝယ်ယူမည်ဟု နှစ်နိုင်ငံသဘောတူစာချုပ် MOU ရေးထိုးထားသော်လည်း မြန်မာနိုငံမှ ထွက်ရှိသမျှ မတ်ပဲများကို ဝယ်ယူလျက်ရှိသည်။
ယခုနှစ်တွင် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် ကြီးမြင့်ခြင်းကြောင့် မတ်ပဲများကို လျှော့ချစိုက်ပျိုးထားသည့် အတွက် ပြည်တွင်းမတ်ပဲ အထွက်နှုန်းသည် လျော့ကျလျက်ရှိနေကြောင်း၊ ယခင်နှစ်များတွင် အိန္ဒိယနိုင်ငံသို့ မတ်ပဲ တန်ချိန် ၇၀၀,၀၀၀ အထိ တင်ပို့ထားနိုင်သော်လည်း ယခုနှစ်တွင် တန်ချိန် ၅၀၀,၀၀၀ သိန်းခန့်သာ တင်ပို့ နိုင်မည်ဟု သိရသည်။
လက်ရှိတွင် ပြည်တွင်း မတ်ပဲဈေးနှုန်း အနေဖြင့် ၁ တင်းလျှင် မြန်မာကျပ်ငွေ ၁၁၀,၀၀၀ ကျပ် ရရှိနေသော်လည်း ယခင်နှစ် ဈေးကွက်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ထပ်မံမြင့်တက်ရန် လိုအပ်နေသေးသည်ဟု ပဲကုန်သည် ကိုမောင်မောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့မတ်ပဲကိုတွေ့ရစဉ်
၎င်းက “တကယ်တော့ မတ်ပဲ ရာသီအစမှာ ၉၀,၀၀၀ ဝန်းကျင်လောက် စတယ်။ ၁၁၀,၀၀၀ လောက် ရောက်သွားတယ်။ အဲဒါကြောင့် ကျနော်ပြောတာ ဒါက ဈေးတက်လာတယ် ထင်ရတာ၊ ဒါပေမယ့် တကယ်တမ်း ကျတော့ ဈေးက ပုံမှန်အားဖြင့် ပြောမယ်ဆိုရင် ဈေးက ထပ်တက်ဖို့ လိုနေသေးတယ်။ ဘာလို့လဲဆိုတော့ အရင် တုန်းကဆိုရင် မတ်ပဲက ၁ တင်းကို ၈၀,၀၀၀ ဝန်းကျင်၊ ၉၀,၀၀၀ ဝန်းကျင်၊ ၇၀,၀၀၀ ဝန်းကျင်လောက် ဖြစ်လာ တယ်ဆိုတာ သူ့အစ မူလအစက သုံးသောင်းခွဲ ၊ ၄၀,၀၀၀ အဲဒီလောက်ကနေ စတာ။ အခုက ရာသီပေါ် စကတည်း က ဈေးခေါ်တာ ၉၀,၀၀၀ နဲ့စတာ။ ၉၀,၀၀၀ နဲ့စတာ အခု ၁၁၀,၀၀၀ ကျော်ပဲရှိတာ။ ဒါက ဈေးတက်လာတယ်လို့ ပြောလို့မရသေးဘူး။ သို့သော်ငြားလည်း တစ်ခုတော့ရှိတယ်။ လာမယ့် ဒီဇင်ဘာလောက်အထိကို စောင့်ကြည့်ရမှာ ပေါ့။ ဒီဇင်ဘာလောက်ဆို ဈေးအမြင့်ဆုံး ဘယ်လောက်ထိ တက်မလဲပေါ့။ ဒီဇင်ဘာလောက်အထိက ဈေးအမြင့် ဆုံး တက်တဲ့အချိန်” ဟု ပြောသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ မတ်ပဲ တန်ချိန် ၃၀၀,၀၀၀ ခန့် တင်ပို့ထားပြီး ပြည်တွင်းတွင် မတ်ပဲလက်ကျန် အနေဖြင့် တန်ချိန် ၂၀၀,၀၀၀ ခန့် ကျန်ရှိနေကြောင်း၊ တောင်သူများနှင့် ကုန်သည်များသည်လည်း မတ်ပဲဈေးနှုန်း ထပ်မံမြင့်တက်မည်ကို ခန့်မှန်းနေကြခြင်းကြောင့် ထိန်း၍ တင်ပို့လျက်ရှိသည်။
မတ်ပဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်တို့တွင် အများဆုံး စိုက်ပျိုးပြီး ပဲခူးတိုင်းဒေသ ကြီးတွင်လည်း စိုက်ပျိုးကြကြောင်း၊ အဓိကအားဖြင့် အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ပြီး တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့လည်း အနည်းငယ်သာ တင်ပို့မှုရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 2517
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁
၃ လကြာ ပိတ်ထားသည့် မြစ်ကြီးနား - ပူတာအို ကားလမ်းကို မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ် မတော်(KIA)တို့၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။
မြစ်ကြီးနား – ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်၍ ဆွမ်ပရာဘွမ်မြို့တွင် ဖြစ်ပွားခဲ့သည့် KIA- PDF ပူးပေါင်းတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲအခြေနေများကြောင့် သွားလာခွင့် ပိတ်ပင်ခဲ့ကြသည်။
ထိုသို့ ပိတ်ထားသည့်အတွက် ပူတာအိုမြို့နယ်တွင် စက်သုံးဆီ အပါအဝင် အခြေခံ စားသောက်ကုန် ပြတ်လပ် ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိတွင် မြစ်ကြီးနား - ပူတာအို ကားလမ်းကို ပရဟိတကားများဖြင့် သွားလာခွင့်ပြုလိုက်ပြီး ကားအရေအတွက် အကန့်အသတ်ဖြင့် စားသောက်ကုန်များကို သယ်ဆောင်ခွင့် ပြုထားသည်ဟု ပူတာအိုဒေသခံ ကိုရွှေထိုက်က CNI သတင်းဌာနသို့ ပြောသည်။
ပူတာအို-မြစ်ကြီးနား ကားလမ်းသွားလာမှုကိုတွေ့ရစဉ်
၎င်းက “လမ်းကတော့ ဟိုလိုဖွင့်တာ မဟုတ်ပါဘူး။ အခုလောလောဆယ် ပရဟိတ ကားလေးတွေကို လွှတ်ပေး လိုက်တဲ့သဘောပါ။ လောလောဆယ်တော့ ပရဟိတကုန်နဲ့ စားကုန်သောက်ကုန်လောက်ပဲ သူတို့က။ ကားရေ အကန့်အသတ်နဲ့ ပြောတယ်။ သွားချင်တိုင်းသွား၊ လာချင်တိုင်း လာလို့မရသေးဘူး။ သူတို့တက်လာတာတော့ တစ်ပတ်လောက် ရှိပြီ။ ကားတွေတော့ ဝင်နေပြီ။ တချို့ကုန်တွေကတော့ မနက်ကတော့ ကြားတယ် သူတို့ သက်သာဈေးနဲ့ ရောင်းပေးတယ်လို့ ကြားတယ်။ တက်လာတဲ့ ကားတွေမှာလည်း လူလိုက်ပါခွင့် မရှိဘူး။ ခရီးသည်တွေ ဘာတွေ တင်လို့မရဘူးလို့ ပြောတယ်။ အများကြီး မဟုတ်ရင်တောင်မှ တစိတ်တဒေသ အထောက် အကူတော့ ဖြစ်မယ်ထင်တာပဲ” ဟု ပြောသည်။
မြစ်ကြီးနား - ပူတာအို ကားလမ်းကို တရားဝင် လွတ်လပ်စွာ သွားလာခွင့်ဖြင့် ခွင့်ပြုပေးထားခြင်း မဟုတ်ဘဲ အကန့်အသတ်ဖြင့်သာ သွားလာကြရကြောင်း၊ ထို့နောက် ပူတာအိုသို့သွားမည့် ကုန်ကားများ အနေဖြင့်လည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ လက်မှတ်ပါရှိမှသာ အဆင်ပြေမည် ဖြစ်သည်ဟု သိရသည်။
ကုန်စည်သယ်ဆောင်ရာတွင် အခြေခံ စားသောက်ကုန်သာ သယ်ဆောင်ခွင့်ရှိပြီး ခရီးသည် တင်ဆောင်၍ မရ ကြောင်း၊ ထို့အပြင် စက်သုံးဆီလည်း သယ်ဆောင်ခွင့် မပြုထားကြောင်း သိရသည်။
လက်ရှိတွင် ပူတာအို ဒေသခံများက စက်သုံးဆီကို အိန္ဒိယနှင့် တရုတ်နိုင်ငံ နယ်စပ်မှတဆင့် သွားရောက်ထမ်းယူ၍ ပြန်လည်ရောင်းချနေကြသည့်အတွက် စက်သုံးဆီဈေးနှုန်းသည် အနည်းငယ် ပြန်လည်ကျဆင်းလာနေပြီး ယခင် ၁ လီတာ ၁ သိန်းကျပ်မှ လက်ရှိတွင် ၇၀၀ မီလီမီတာလျှင် ၄ သောင်းကျပ်ခန့် ဖြစ်ပေါ်နေသည်ဟု ပူတာအိုဒေသခံ ကိုဒီပန်က CNI သတင်းဌာနသို့ ပြောသည်။
ပူတာအို-မြစ်ကြီးနား ကားလမ်းသွားလာမှုကိုတွေ့ရစဉ်
၎င်းက “တစ်လီတာ အခုက ၁ သိန်းတော့ မကျော်တော့ဘူး။ အခုက ကျနော်တို့ အိန္ဒိယဘက် သွားသယ်တာ၊ လူနဲ့ ထမ်းသယ်တာတို့၊ တရုတ်ဘက် ထမ်းသယ်တာတို့ အဲဒီကောင်တွေလည်း နည်းနည်း ဈေးသက်သာတယ်၊ ၁ သိန်း တောင် မကျော်တော့ဘူး။ ၁ ပုလင်းကို ၄ သောင်းလောက် ရှိအုံးမယ်။ ၁ ပုလင်းဆိုတာ ၇၀၀ ml ပုလင်းပေါ့။ အကောင်းဆုံးကတော့ လမ်းဖွင့်ပေးရင် အကောင်းဆုံးပေါ့။ ဘာလို့ဆို ဒီလမ်းကြောင်း တစ်ကြောင်းပဲ အားကိုး နေရတော့ ကုန်စည်စီးဆင်းမှုက ဒီတစ်ခုပဲ အားကိုးနေရတဲ့ အခြေအနေကျတော့လေ။ လေယာဉ်နဲ့တင်တဲ့စရိတ် ကျတော့ တအားများတဲ့ အခြေအနေကျတော့ ဒီက သာမန်အလုပ်သမားတွေ၊ လက်လုပ်လက်စားတွေက ဝယ်မစားနိုင်တော့ဘူးလေ” ဟု ပြောသည်။
ပူတာအိုမြို့နယ်သို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေခြင်းနှင့်အတူ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက် ခြင်းကြောင့် ပူတာအိုမြို့နယ်အတွင်းရှိ အသေးစား စက်မှုလက်မှု လုပ်ငန်းများမှာ လက်ရှိတွင် ရပ်နားနေကြရပြီး တောင်ယာလုပ်ငန်းများတွင်လည်း ထွန်စက်များ အသုံးမပြုနိုင်တော့သည့်အတွက် လူအားဖြင့် လယ်ထွန်နေကြရ ကြောင်း သိရသည်။
ထို့ပြင် သွားရေးလာရေး၊ သယ်ယူပို့ဆောင်ရေးတွင် ခြေကျင်ဖြင့်သော်လည်းကောင်း၊ နွားလှည်းဖြင့်သော် လည်းကောင်း၊ စက်ဘီးများ အသုံးပြုနေကြရသည်ဟု သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 4047
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁
ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းရောင်းချသူနှင့် ဝယ်ယူသူအချို့အား နစကမှ ဖမ်းဆီးမှုများရှိသော်လည်း ထိုင်းဘက် အခြမ်းတွင် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုမှာ ရပ်တန့်မသွားကြောင်း ထိုင်းတွင် အိမ်ခြံ မြေ၊ ကွန်ဒို လုပ်ငန်းလုပ်ကိုင်သူနှင့် လုပ်ငန်းရှင်အချို့က CNI သတင်းဌာနသို့ ပြောသည်။
ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများအား သက်ဆိုင်ရာထံ သတင်းပေးပို့ ခွင့်ပြုချက်မယူဘဲ ပြည်တွင်းတွင် တရားမဝင်အရောင်းပြခန်းများ ပြုလုပ်ခဲ့သည့်အပြင် တိုက်ခန်းဖိုးငွေကြေးများကိုလည်း တရားမဝင် ဟွန်ဒီ လုပ်ငန်းများမှ ပေးပို့ခဲ့သဖြင့်ရောင်းချသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် ဝယ်ယူသူ ၃ ဦးကို ဖမ်းဆီးထားသည်။
ထိုသို့ ဖမ်းဆီးမှုအပေါ် ထိုင်းနိုင်ငံဘက်အခြမ်းရှိ ကွန်ဒို အရောင်းအဝယ်လုပ်ငန်းများမှ စိုးရိမ်မှု သိပ်မရှိကြဘဲ နေ့စဉ်ဝယ်ယူမှုများ ရှိနေကြောင်း ထိုင်းတွင် အိမ်ခြံ၊ မြေ၊ ကွန်ဒိုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“လက်ရှိအချိန်အထိကို အဲဒီဂယက်က ဒီဘက်မှာ စိုးရိမ်မှုတွေ သိပ်မပြကြဘူး။ ဝယ်နေကြတာပဲ တစ်နေ့တစ်နေ့ ဝယ်နေကြတာတွေ အများကြီးပဲ။ အခုနောက်ပိုင်းတွေဆို သိရသလောက်ဆို မြန်မာနိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံသူ တွေရော၊ ကျောင်းလာတက်တဲ့သူတွေရော ပြောရမယ်ဆို လူတန်းစားအလွှာလွှာတွေပေါ့ အခု ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှု အများဆုံးက ဒုတိယနေရာမှာ ချိတ်နေတယ်။ ဆိုတော့ အဲဒီဖြစ်တဲ့ ပြဿနာက ဒီဘက်မှာ အဲဒီ လောက်ကြီး ဂယက်မထဘူး။ အရောင်းပြခန်းတွေမှာလည်း တော်တော်များများ မြန်မာတွေဖြစ်လာတယ်။ ဘာကြောင့်လဲဆို ဝယ်လိုအားက တအားများလာတာကို မြန်မာတွေက ဒီဘက်မှာ။ ဘန်ကောက်တို့ ပတ္တရားတို့ ဘက်မှာဆို တော်တော်ကိုများတယ်။ တကယ့် အထင်ကရနေရာတွေပေါ့နော်။ ဟိုတစ်နေ့ကဆို အသိတွေပဲ သူတို့ဝယ်တဲ့ကွန်ဒိုက ဘတ်ကို သန်း ၄၀ ကျော်တယ် နည်းတဲ့ amount မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံရှိ ကွန်ဒို အရောင်းပြပွဲတစ်ခု
ထို့အပြင် နစကဘက်မှ ဗဟိုဘဏ် ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများတွင် ဘဏ်စာရင်းများ ဖွင့်ပြီး ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများနှင့် ရောင်းချနေသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည်ဟုလည်း သတိပေးထားသည်။
ဖမ်းဆီးမှုများရှိသော်လည်း မည်ကဲ့သို့ အရေးယူဆောင်ရွက်သည်ကို မချပြသောကြောင့် ဝယ်ချင်သည့်သူများမှာ နည်းလမ်းပေါင်းစုံဖြင့် ဝယ်ယူနေကြမည်ဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
“ဖမ်းတယ်ဆိုတဲ့ဟာလည်း ပြန်စစ်ဆေးဖို့လိုတယ်။ ကျနော်တို့က ဖမ်းတာကိုပဲ သိရတာကို။ ဖမ်းတဲ့အခါ ဒီပုဂ္ဂိုလ် တွေကို ဘယ်လိုဥပဒေတွေနဲ့ အရေးယူတယ်။ ဘယ်လိုဥပဒေက ချမှတ်လိုက်တာ ရှိတယ်ဆိုတဲ့ဟာက တော်တော်များများက မသိရဘူးပေါ့။ ငွေပို့ငွေလွှဲလုပ်တဲ့လူတွေကို ဖမ်းဆီးတာတွေ၊ ကွန်ဒိုလုပ်ငန်းတွေကို ဖမ်းဆီးတာတွေ၊ ရွှေလုပ်ငန်းတွေကို ဖမ်းဆီးတာတွေ ဒါတွေကတော့ public area မှာလည်း ကြားနေရတယ်ပေါ့။ ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေကို ဘယ်လိုပုံစံမျိုး ဥပဒေအရ အရေးယူတာတွေ၊ ဘယ်လိုပုံစံမျိုး ဆုံးဖြတ်ချက် ချလိုက် တယ် ဆိုတဲ့ဟာတွေက Public ကို မတက်လာဘူးပေါ့ သူတို့ဖမ်းတာကိုပဲ ပြတယ်။ ဖမ်းတဲ့ဟာတွေက ရိုးရိုး တန်းတန်း ဖမ်းတာလား၊ ဈေးကွက်တစ်ခုအနေနဲ့ ဖမ်းတာလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် လူတွေကတော့ နည်းလမ်းပေါင်းစုံနဲ့တော့ ဝယ်နေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကွန်ဒို အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်သည့် ကိုယ်စားလှယ်၊ အကျိုးဆောင် မြန်မာနိုင်ငံသားများမှာလည်း ယခင်ကထက် ပို၍ များပြားလာကာ ကွန်ဒိုဝယ်ယူကြရာတွင် ဘတ် ၁၀ သန်း ကျော်မှ စတင်ကာ ဝယ်ယူမှုများ တွေ့ရကြောင်း ထိုင်းတွင် အိမ်ခြံ မြေ၊ ကွန်ဒို လုပ်ငန်း လုပ်ကိုင်သူနှင့် လုပ်ငန်း ရှင်အချို့ထံမှ သိရသည်။
ထိုသို့ ဝယ်ယူကြရာတွင် မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်ရုံးခွဲများမှ ဝယ်ယူကြခြင်းထက် ထိုင်းနိုင်ငံတွင် တိုက်ရိုက် ဝယ်ယူကြခြင်းမှာ ပို၍များပြားကြောင်း ထိုင်းတွင် အိမ်ခြံ မြေ၊ ကွန်ဒိုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံရှိ ကွန်ဒို အရောင်းပြပွဲတစ်ခု
“မြန်မာနိုင်ငံကလူတွေကြတော့ အဲဒီ မြန်မာနိုင်ငံမှာ ဝယ်တာထက် ဒီဘက်မှာ အကျိုးဆောင်တွေ အများကြီး ရှိတာပဲတိုက်ရိုက်လေ။ ဒီက အကျိုးဆောင်ကုမ္ပဏီမှာ မြန်မာတွေလုပ်နေတာ အများကြီးရှိတာပဲ။ ဟိုဘက်က တခါတည်းလှမ်းချိတ်ပြီး ဝယ်တဲ့သူတွေကြ ဒီဘက်မှာ အချိတ်အဆက် မရှိတဲ့သူတွေလောက်ပဲ ဖြစ်မယ် ထင်တယ်။ ဒီဘက်မှာ အချိတ်အဆက်ရှိတဲ့လူတွေ၊ အသိုင်းအဝိုင်း ရှိတဲ့လူတွေကြတော့ ဒီမှာပဲ ဝယ်တာများတယ်။ ငွေလွှဲတာက အများအားဖြင့် အကျိုးဆောင်နဲ့ လုပ်တာများတယ်။ တိုက်ရိုက်ဆိုတော့ အစစ်အဆေးတွေ များလိမ့် မယ်။ ကျနော်တို့ ငွေလွှဲချင်တယ်။ ကျနော်တို့ဟိုဘက်မှာ ဘာလုပ်ရမလဲ ဘယ်နေရာမှာ ဘာသွားပေးရမလဲ။ သူတို့ သတ်မှတ်ထားတဲ့နေရာ ဘဏ်ကို သွားအပ်လိုက်ရင် ကျန်တဲ့ဟာ သူတို့လုပ်ပေးတယ်။ ကျနော်တို့ ဒီကိစ္စကကြ သိပ်ခေါင်းစားပြီးလုပ်စရာမလိုတဲ့အပိုင်းပေါ့။ အလည်ဗီဇာနဲ့လာရင်တောင် ထိုင်းနိုင်ငံမှာ ဘဏ်အကောင့် ဖွင့်လို့ရတာပဲလေ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ၏ Real Estate Information Center (REIC) စာရင်းများအရ မြန်မာနိုင်ငံသည် ၂ဝ၂၂ ခုနှစ်ကစပြီး ထိုင်းကနေ ကွန်ဒိုဝယ်ယူမှု ထိပ်တန်းနိုင်ငံတွေစာရင်း အဆင့် ၆ နေရာတွင်ရပ်တည်ပြီး ထိုင်းဘတ်ငွေ ၂ ဒဿမ ၅၅ ဘီလီယံတန်ဖိုးရှိသည့် တိုက်ခန်း ၃၄၉ လုံး ဝယ်ယူခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂ဝ၂၃ ခုနှစ်တွင် အဆင့် ၃ နေရာ၌ ရပ်တည်ပြီး ထိုင်းငွေ ၃ ဒဿမ ၇ ဘီလီယံ တန်ဖိုးရှိတဲ့ တိုက်ခန်း ၅၆၄ လုံး ဝယ်ယူခဲ့ကာ ယခု ၂၀၂၄ ခုနှစ်တွင် ပထမသုံးလပတ်အတွင်း ရုရှားကို ကျော်လွန်ပြီး အဆင့် ၂ နေရာကို ရောက်ရှိ လာကြောင်း ဖော်ပြထားသည်။