- By CNI
- Category: စီးပွားရေး
- Hits: 420
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁
ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သည့် ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ဆမီး စသည့် မြို့နယ်များသို့ လက်ရှိတွင် တခြားသော ဒေသများမှ ကုန်စည်သယ်ဆောင်ရန် မလွယ်ကူခြင်းကြောင့် အိန္ဒိယမှ ကုန်စည်ကို အဓိက အားထား နေရသည်ဟု ပလက်ဝဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျောက်တော်မြို့နယ်မှ ကုန်စည်ကို ပလက်ဝ မြို့နယ်သို့ သယ်ဆောင်ရန် အဆင်မပြေသည့်အတွက် ပလက်ဝဒေသခံများသည် အိန္ဒိယမှတဆင့် သယ်ယူနေရ ခြင်းဖြစ်ကြောင်း ပလက်ဝဒေသခံ ဦးကျော်ခင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဝန်ထမ်းတွေလည်း အခု ရန်ကုန်ကနေ ပလက်ဝကို ငွေပို့လို့မရတော့ ဒီကနေ ထိုင်း၊ ထိုင်း ကနေ အိန္ဒိယ၊ အိန္ဒိယကနေ မြန်မာငွေကို ပြန်ချိန်း အဲဒီလိုပေါ့၊ ပိုက်ဆံလည်း အဲဒီလို သွားသလိုပဲ အိန္ဒိယပစ္စည်း လည်း ဟိုဘက်ကနေ တင်လာရတယ်။ လောလောဆယ် ဆက်သွယ်ရေးလမ်းကြောင်းက အဲဒါပဲ ရှိတယ်။ ကျောက်တော်ဘက်ကလည်း လုံးဝကို မရဘူး။ အိန္ဒိယတစ်လမ်းပဲ ရတယ်” ဟု ပြောသည်။
ကုလားတန်မြစ်တစ်လျှောက်ကျေးရွာများကို တွေ့ရစဉ်
ထို့အပြင် ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သည့် မင်းတပ်နှင့် မတူပီမြို့နယ်မှ ဒေသခံများသည်လည်း အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ မီဇိုရမ်ပြည်နယ်များမှတဆင့် ကုန်စည်များကို အားထားနေရခြင်းဖြစ်သည်။
ယခင်က ချင်းပြည်နယ်တောင်ပိုင်းဒေသများသည် ပခုက္ကူမြို့နယ်မှ ကုန်စည်များကို ဝယ်ယူသုံးစွဲကြသော်လည်း လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် အိန္ဒိယမှ ကုန်စည်ကို အသုံးပြုနေရခြင်း ဖြစ်သည်။
ပလက်ဝဒေသခံများသည် ပြီးခဲ့သည့်နှစ် တိုက်ပွဲဖြစ်ပွားချိန်တွင် ရေလမ်းကြောင်းကို အသုံးပြု၍ အိန္ဒိယမှ ကုန်စည်ကို သုံးစွဲမှု ရှိခဲ့သော်လည်း အသုံးပြုမှု နည်းခဲ့ကြောင်း၊ လက်ရှိ၌ ယခင်ကထက် ပို၍ အသုံးပြုနေရခြင်း ဖြစ်သည်ဟု ပလက်ဝဒေသခံ ဦးဋ္ဌေးဝင်းက CNI သတင်းဌာနသို့ ပြောသည်။
ကုလားတန်မြစ်တစ်လျှောက်ကျေးရွာများကို တွေ့ရစဉ်
၎င်းက “အရင်တုန်းက ကျောက်တော်ဘက်ကနေ ဝင်တော့ ဒီလမ်းကို မသုံးဘူး။ ဒါပေမယ့် အရင်ကတည်းက နယ်စပ်အထိတော့ တောက်လျောက်ပါပဲ။ ဒါပေမယ့် အသွင်းနည်းတယ်။ ရေကြောင်းနဲ့ဆိုပေမယ့် လှေမှောက်တာ တို့ ဘာတို့ညာတို့ ရှိခဲ့တော့။ ဒါပေမယ့် အခုက ဒီကနေ လုံးလုံး ပိတ်တဲ့အခါကျတော့ အန္တရာယ်ရှိပေမယ့်လည်း အဲဒီလမ်းကြောင်း သုံးရတာပေါ့။ အခု ပိုသုံးတာပေါ့၊ အရင်တုန်းကတော့ ပါးပါးလေး သုံးတာပေါ့” ဟု ပြောသည်။
အိန္ဒိယနိုင်ငံမှ လူသုံးကုန်များကို အဓိကထားတင်သွင်းပြီး စားသောက်ကုန်၊ ဆေးဝါးနှင့် ဆန်နှင့် ဆီကိုလည်း တင်သွင်းသည်ဟု သိရသည်။
ပလက်ဝမှတဆင့် အိန္ဒိယသို့ ရေလမ်းဖြင့် သွားရောက်ရာတွင် လူတစ်ဦးလျှင် မြန်မာကျပ်ငွေ ၆၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ ကုန်စည်သယ်ဆောင်ပါက ငွေကျပ် ၁ သိန်းအထိ ကုန်ကျသည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 398
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၉
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် အဝင်/အထွက် ဂိတ်ပေါက်မှတဆင့် တရုတ်နိုင်ငံထဲသို့ သွားရောက် အလုပ်လုပ် ကိုင်ကြရာတွင် အထောက်အထား အများအပြား ပြုလုပ်ရသောကြောင့် ကုန်ကျစရိတ်မှာ မြန်မာငွေ ၁၀ သိန်း ကျော်ရှိနေကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းများမှ CNI သတင်းဌာနသို့ ပြောသည်။
ဧည့်စာရင်းတိုင်သည့် QR Code ပါသော လက်မှတ်၊ အလုပ်သမားကဒ်၊ ကျန်းမာရေးကဒ်၊ နေထိုင်ခွင့်ကဒ်များ ပြုလုပ်ရခြင်း အပါအဝင် တစ်ခါသုံးကဒ်(TBP) ဖြင့် ဝင်ရောက်မည့်သူဖြစ်ပါက ကျယ်ဂေါင်ကနေ ရွှေလီဘက် ဖြတ်သန်းခွင့်စာရွက်ပါ ယူရသဖြင့် ပျမ်းမျှ ကုန်ကျစရိတ်သည် တရုတ်ငွေ ယွမ် ၁၅၀၀ မှ ၂၀၀၀ ကြားတွင် ရှိကြောင်း သိရသည်။
တရုတ်ဘက်သွားမည့် မြန်မာများကိုတွေ့ရစဉ်(RFA)
မူဆယ်မြို့ရှိ ကမ်းလက်ကူညီပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက “အတိအကျ မပြောနိုင်ပေမယ့်လည်း မြန်မာငွေနဲ့ဆို ၁၀ သိန်းကျော်လောက် ဖြစ်နေပြီ။ အလုပ်သမားကြေးတွေ၊ ကျန်းမာရေး စစ်ဆေးခတွေ အဲဒီ ဟာတွေ အကုန်လုံးပေးရတယ်။ အလုပ်သမားရုံးက သူ့ရဲ့ ဝန်ဆောင်ခ သူယူမှာပဲလေ။ အလုပ်သမားရုံးက တရုတ်အစိုးရက။ ပြီးလို့ရှိရင် ကိုယ့်ရဲ့ မှတ်ပုံတင်တွေ၊ တစ်ခါသုံးကဒ်တွေ၊ နောက် စာအုပ်အနီဆို စာအုပ်အနီ ဘာသာပြန်ရတယ်။ အဲဒီဘာသာပြန်တဲ့ အတွက်လည်း ယူမှာပဲ။ ပြီးရင် အလုပ်သမား ရုံးကလည်း အလုပ်ရှာပေးရ တဲ့အတွက် (ယွမ်)၁၀၀ ယူတာပဲလေ။ ပြီးရင်လည်း ကျန်းမာရေးစစ်ဆေးခ ဆိုတာလည်း ရှိတာပဲ ပေးရတာပဲ။ ပြီးရင် စက်ရုံသွားမယ်ဆို ကားခတွေ ဘာတွေရှိတာပဲ အနည်းဆုံး ၅ သိန်း အထက်ကုန်မှာပဲ။ အလုပ်သမားရုံးတို့ ဘာတို့ ဖွင့်ထားတယ်ဆိုတာလည်း ကိုယ့်ဗမာနိုင်ငံသားတွေချည်းပဲ။ ပြီးရင် တစ်ခါသုံးကဒ် ကိုယ့်ရဲ့ နိုင်ငံသားတွေ ရဲ့ အားနည်းချက်ကိုသိတော့ အလုပ်သမားပွဲစားတွေကပဲ အမျိုးမျိုး ပြနေတာပေါ့” ဟု CNI သတင်းဌာနသို့ ပြော သည်။
အဆိုပါ အထောက်အထားများကို လူကိုယ်တိုင် ပြုလုပ်ပါက အချိန်ကာလအားဖြင့် ကြာမြင့်ပြီး ပွဲစားများဖြင့် ပြုလုပ်လျှင် အထောက်အထားရရှိမှု မြန်ဆန်သော်လည်း ပေါက်ဈေးမှာ သိန်း ၃၀ ခန့်အထိ ရှိကြောင်း သိရသည်။
လက်ရှိတွင် တရုတ်ဘက်အခြမ်းသို့ ဝင်ရောက်လာသူများအား သွားရောက်နေထိုင်မည့်နေရာ၊ လုပ်ကိုင်မည့် အလုပ်အကိုင်များနှင့်ပတ်သက်၍ အတိအကျ ပေးရမည်ဖြစ်ပြီး ယခင်ထက် ပိုမိုတင်းကြပ်လာကြောင်း၊ ထိုသို့ တင်းကြပ်လာခြင်းမှာ မြန်မာများမှ စည်းကမ်းမရှိ နေထိုင်ခြင်းများကြောင့်ဖြစ်ကြောင်း သိရသည်။
တရုတ်ဘက်သွားမည့် မြန်မာများကိုတွေ့ရစဉ်(RFA)
ထိုသို့သော အခြေအနေများဖြင့် ကြုံတွေ့နေရသော်လည်း တစ်ခါသုံးကဒ်(TBP) ဖြင့် သွားရောက် လုပ်ကိုင်လိုသူ လူဦးရေမှာ နေ့စဉ်နှင့်အမျှ များပြားလျက်ရှိနေကြောင်း မူဆယ်မြို့ရှိ နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မူဆယ်မှာဆိုရင် မနက်မိုးလင်းပြီဆိုတာနဲ့ အုပ်စုလိုက် အုပ်စုလိုက်တွေ အများကြီးပဲ ဒီအဝေးပြေး ကားဝင်းကြီးထဲမှာ။ ပြီးတော့ အရင်ကားဂိတ်တွေကလည်း ပိတ်ထားကြတော့ အဲဒါတွေက တည်းခိုခန်းကြီးလို ဖြစ်လို့၊ လူဦးရေတွေကလည်း ကြောက်ခမန်းလိလိပဲ မနက်မိုးလင်းလာရင်။ ကျနော်တို့ကတော့ မလာစေချင် ပါဘူး။ ဒုက္ခရောက်တယ်။ ဟိုဘက်မှာ ဘာဖြစ်လဲဆိုတော့ အလုပ်လည်း တန်းရတာမဟုတ်ဘူး။ ဒုက္ခရောက်နေတဲ့ မြန်မာတွေက ထောင်နဲ့ချီရှိတယ်။ အဖမ်းခံရတဲ့ဟာတွေလည်း အများကြီး၊ ပြန်ပို့ခံရတာတွေလည်း အများကြီး။ အလုပ်က အာမခံချက်ရှိရှိနဲ့ ဒီဘက်မှာ ရတာမဟုတ်ဘူး” ဟု ပြောသည်။
တရုတ်ဘက်သို့ နယ်စပ်ဂိတ်ပေါက်မှ တစ်ခါသုံးကဒ်(TBP) ဖြင့် ဝင်ရောက်သူများမှာ အလုပ်အကိုင်ရရှိရန် ခက်ခဲသော်လည်း တစ်နှစ်စာအုပ်ဖြင့် ဝင်ရောက်လာသူများမှာ အဆင်ပြေကြကြောင်း သိရသည်။
ခန့်မှန်းချက်များအရ ရွှေလီမှာ ရောက်နေတဲ့ မြန်မာလုပ်သား ၅ သိန်း ဝန်းကျင်ခန့် ရှိနိုင်ပြီး လုပ်သားဦးရေနှင့် အလုပ်အကိုင် မမျှတကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 479
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၈
လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် တောင်တန်းဒေသများတွင် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေကြောင်း နိုင်ငံတကာစစ်တမ်းများနှင့် မူးယစ်ဆေးများ ဖမ်းဆီးရမိမှုများကနေ သိရသည်။
၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်းတွင်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းနှင့် ဘိန်းဖြူ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာနေသည်ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး( UNODC)က ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်က စတင်ခဲ့သော နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်တွင် နိုင်ငံတော်မှ ဘဏ္ဍာငွေ အမြောက်အများ အသုံးပြုပြီး ဘိန်းအစားထိုးသီးနှံ စီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဘိန်းစိုက်ပျိုးမှု လျော့ကျခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးသူ ပိုမိုများပြားလာသည်။
ယခင်က ဘိန်းအစားထိုးသီးနှံအဖြစ် ဝဥ၊ ထောပတ် စသည့် သီးနှံများကို စိုက်ပျိုးခဲ့ကြသော်လည်း လက်ရှိတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ဈေးကွက် မရှိခြင်းကြောင့် ဘိန်းများ ကို ပြန်လည်စိုက်ပျိုးလာကြသည်ဟု ပအိုဝ်းလူငယ် နောင့်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
ဘိန်းခြစ်နေစဉ်
၎င်းက “စိုက်ပျိုးမှု မြင့်လားဆိုတော့ ရှိနေတယ်။ အဓိကကတော့ မဲနယ်တောင် တကြောရယ်၊ ဆီဆိုင်ရဲ့ အရှေ့ဘက်ပေါ့နော်၊ လွယ်မော်တောင် တကြောရယ်၊ အဲဒါပဲ အများဆုံး စိုက်တာ တွေ့ရတယ်။ မဲနယ်တောင် တကြောရယ်၊ လွယ်မော်တောင် တကြောရယ်ကျတော့ အဓိက သူတို့ရဲ့ စိုက်ပျိုးဧရိယာက တောင်စောင်းတွေ များတော့ တခြား အစားထိုးသီးနှံ စိုက်ဖို့ကတော့ တော်တော်တော့ မလွယ်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ တချို့ က စိုက်လို့ရရင်တောင် ကုန်ဈေးနှုန်း မရှိတာကတစ်ဖက်၊ ပြီးတော့ သယ်ယူပို့ဆောင်ရေးစရိတ်က အရမ်းမြင့်တာ က တစ်ဖက်ပေါ့နော်။ အဲဒါကြောင့် အများဆုံးတော့ မစိုက်ဖြစ်ကြဘူး။ အရင်တုန်းကတော့ အစားထိုးသီးနှံ ဝဥတို့၊ ထောပတ်တို့ပေါ့နော်၊ ဒါပေမယ့်လည်း သယ်ယူစရိတ်က အရမ်းမြင့်တာရယ်၊ ပြီးတော့ ဝဥဈေးကွက် မငြိမ်တာ ရယ်၊ အဲဒါကြောင့် သူတို့က စိုက်ရလွယ်ပြီးတော့ သယ်ယူရ ပေါ့ပါးတဲ့ ဘိန်းကို ပြန်ပြီးတော့ ရွေးချယ်ဖြစ်တာများ တယ်။ အဲဒီဘက် တကြောကလည်း စစ်ပွဲတွေ ဖြစ်တဲ့ဒေသလေ။ ပြီးခဲ့တဲ့ တစ်ပတ်နှစ်ပတ် အတွင်းမှာပေါ့။ အခု တော့ ငြိမ်ပေမယ့်လည်း အရင် တစ်ပတ်နှစ်ပတ်မှာ အဲဒီဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် တဖြေးဖြေး လျော့ကျလာခဲ့ရာ ၂၀၁၉ ခုနှစ် တွင် ၁၁ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း ကုလစစ်တမ်းများအရ သိရသည်။
သို့သော် ၂၀၂၁ ခုနှစ်မှ စတင်၍ စိုက်ပျိုးမှုနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။
ဘိန်းစိုက်ပျိုးသည့် အဓိကနေရာဖြစ်သည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်း တိုးလာနေသည် ဟု UNODC ဖော်ပြထားသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ထက် ဧက ၁၀၀,၀၀၀ ကျော်၊ ကချင်ပြည်နယ်၌ ဧက ၁၀,၀၀၀ ကျော်၊ ချင်းပြည်နယ်မှာ ဧက ၂၀၀၀ နီးပါး၊ ကယားပြည်နယ်တွင် ဧက ၁၀၀၀ ကျော်နှင့် စစ်ကိုင်း တိုင်းဒေသကြီး၌ ဧက ၆၀၀ ကျော် တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း UNODC ၏ အစီရင်ခံစာအရ သိရသည်။
ဘိန်းစိုက်ခင်းကို တွေ့ရစဉ်
မြန်မာနိုင်ငံသားများသည် ဝင်ငွေ အခက်အခဲများကြောင့် ဘိန်းကို ရွေးချယ်စိုက်ပျိုးကြခြင်းဖြစ်သည်ဟု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ ဒီအချိန်က စိုက်ပျိုးရေးရာသီတော့ မဟုတ်ဘူးပေါ့နော်။ လာမယ့်ရာသီ မိုးရာသီ ပြန်ကျတာဆို တော့ ကျနော်တို့ မပြောနိုင်ဘူး။ ဒါပေမယ့် ကျနော်တို့က ဘိန်းမစိုက်ဖို့အတွက် ပညာပေးတယ်။ ဘိန်းနဲ့ပတ်သက် ပြီးတော့ ဆိုးကျိုးတွေ ကျနော်တို့ လူတွေကို ပညာပေးတယ်ပေါ့။ ဒါပေမယ့် တကယ့်မြေပြင်မှာနဲ့က လက်တွေ့ အချိန်ယူလို့မရတဲ့ကိစ္စတွေ အများကြီးရှိတယ်ပေါ့နော်။ အဲဒီလိုမျိုးရှိတော့ ပညာပေးတဲ့အဆင့်ပဲ လုပ်တယ်။ ကျန်တဲ့အပိုင်းတော့ စိုက်တာပျိုးတာကျတော့ လူထုတွေအတွက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းမျိုးစုံ ရှိတဲ့အခါကျ တော့ မစိုက်နဲ့ မပျိုးနဲ့ ပြောလို့မရဘူးပေါ့နော်။ ကျနော်တို့ လက်လှမ်းမီတဲ့ ဧရိယာတော့ ဘိန်းအစားထိုးတော့ လုပ်တယ်၊ နိုင်ငံခြားအဖွဲ့အစည်းတို့လို၊ လူမှုရေးအဖွဲ့အစည်းတို့လို မြောက်များစွာပေါ့၊ အစိုးရနဲ့ရောပေါ့ အကုန်လုံး လက်ရှိလည်း ဘိန်းအစားထိုး လုပ်ငန်းတွေ အများကြီး လုပ်တယ်ပေါ့နော်။ ဒါပေမယ့် စိုက်ဖို့ပျိုးဖို့ကိစ္စကျတော့ လူထုကတော့ သူတို့ဝင်ငွေ အရမ်းခက်ခဲတဲ့အခါ ဝင်ငွေရတဲ့နည်းလမ်းကို သူတို့ လုပ်တာတော့ ရှိမှာပေါ့နော်။ လောလောဆယ်တော့ ဒီဟာက ကောင်း၏ဆိုး၏သည် သူတို့တွေအားလုံးကို ပြောပြတယ်။ ဒါပေမယ့် ရွေးချယ် ပိုင်ခွင့်သည် အဓိက ပြည်သူလူထုပဲပေါ့နော်” ဟု ပြောသည်။
ဘိန်း ၁ ပိဿာလျှင် အနိမ့်ဆုံး ၈ သိန်းကျပ်အထိ ပေါက်ဈေးရှိနေပြီး ဘိန်းခင်း ၁ ဧကလျှင် ၄ ပိဿာမှ ၆ ပိဿာ အထိ ထွက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားမှုကြောင့် လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေး အခြေအနေ၊ တိုင်းပြည် စီးပွားရေး ကျဆင်းမှုနှင့်အတူ ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်များက ဒေသခံ တောင်သူများကို ဘိန်းစိုက်ပျိုးမှု လုပ်ဆောင်ရန်အတွက် တွန်းအားပေးနေသည့် အချက်ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသုံး သပ်သူများက မှတ်ချက်ပြုကြသည်။
လက်ရှိ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်း ဘိန်းစိုက်ပျိုးမှု အများဆုံးဟု သတ်မှတ်ခဲ့သော ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်နိုင်ငံများထက် ကျော်လွန်နေကြောင်း ကုလစစ်တမ်းများအရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 395
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၈
အထောက်အထား၊ ပါမစ်တို့တွင် ပါရှိသည့် အလုပ်နေရာများနှင့်မတူညီဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာ များအား မလေးရှား လ.ဝ.ကထံ ဖမ်းဆီးခံရပါက ယခင်ကဲ့သို့ အာမခံဖြင့် ပြန်လွတ်ရန် မလွယ်ကူတော့ကြောင်း မလေးရှိ မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က မလေးရှား လ.ဝ.ကမှ ဖမ်းဆီးခံရပါက အထောက်အထားမဲ့များ၊ overstay သမားများသာ နေရပ်သို့ ပြန်ပို့ခြင်းခံရပြီး အထောက်အထားရှိပြီး နေရာလွဲလုပ်ကိုင်နေသူများအား အာမခံဖြင့် ပြန်ထုတ်၍ အမှုရုံးချိန်းများ တက်ခဲ့ရခြင်းဖြစ်သည်။
သို့သော် ယခုနောက်ပိုင်း ဖမ်းဆီးခံရသည့်အထဲတွင် နေရာလွဲမှား လုပ်ကိုင်နေသူဦးရေ များပြားလွန်းလာသည့် အတွက် ယခုကဲ့သို့ တင်းကြပ်သွားခြင်းဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီ ဆောင်ရွက် ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
ထိန်းသိမ်းခံထားရသည့် ရွှေ့ပြောင်းလုပ်သားများ
“နောက်ဆုံးပြောရရင် ကိုယ့်မှာ ပါမစ်ရှိတယ်၊ အထောက်အထားရှိတယ်၊ ကိုယ့်အထောက်အထားရဲ့ လိပ်စာမှာပဲ အလုပ်လုပ်နေတယ် ဆိုရင်တော့ ပြဿနာမရှိဘူး။ တချို့တွေ ပါမစ်ရှိတယ် သို့ပေမယ့်လည်း ကိုယ်လုပ်ထားတာ လိပ်စာ တခြား၊ ကိုယ်အလုပ်လုပ်နေတာက လိပ်စာတခြားဆိုရင်လည်း ဒါပြစ်မှုကျူးလွန်ရာ မြောက်ပါတယ်။ အဲဒီအတွက်လည်း သူတို့ကနေ ဖမ်းဆီးပြီးတော့ မြန်မာပြည်ကိုပဲ ပြန်ပို့ပါတယ်။ အချက် ၃ ချက်ကို မလေးရှား ပြည်ထဲရေးဝန်ကြီးကနေ ပြီးတော့လည်း အတိအလင်းကြေညာထားပြီးသား ရှိပါတယ်။ တစ်ကတော့ လုံးဝ အထောက်အထားမရှိ ခိုးဝင်လာတဲ့သူတွေ၊ ဒုတိယတစ်ချက်က အမှန်နဲ့ဝင်လာပြီး overstay ဖြစ်သွားတဲ့သူတွေ၊ တတိယတစ်ချက်ကတော့ အထောက်အထားရှိတယ် သို့ပေမယ့်လည်း မှားယွင်းအသုံးချတာပေါ့ လုပ်ထားတဲ့ လိပ်စာတခြား၊ အလုပ်လုပ်တဲ့ လိပ်စာတခြား ဒီ ၃ ချက်ကို အဓိက သူတို့ဖမ်းပြီးတော့ သူ့နိုင်ငံနဲ့သူ ပြန်ပို့တာတွေ လုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။
သို့သော် မလေးရှား ရဲများထံတွင် ဖမ်းဆီးခံရပါက ၎င်းတို့စွဲချက်တင်လိုက်သည့် အမှုပေါ်မူတည်ကာ ရှေ့နေများ ဖြင့် ပြန်လွတ်ရန် ဆောင်ရွက်နိုင်သော်လည်း စွဲချက်တင်သည့်အထဲ၌ အထောက်အထားမဲ့၊ overstay၊ နေရာလွဲ လုပ်ကိုင်နေခြင်း စသဖြင့် ပူးတွဲပါရှိမည်ဆိုပါက ပြန်လွတ်ရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
နေရာလွဲမှား အလုပ်လုပ်ကိုင်နေသူများ ဖမ်းဆီးခံရပါက သက်ဆိုင်ရာ အေးဂျင့်၊ အလုပ်ရှင်များမှ အလုပ်လွှဲစာ ထုတ်ပေးခြင်းနှင့် လာရောက်ကာ ဒဏ်ငွေပေးဆောင်၍ အာမခံပေးမည်ဆိုပါက လွတ်နိုင်ခြေ ရှိသော်လည်း အခွင့်အရေးမှာ နည်းပါးလွန်းကြောင်း သိရသည်။
ထိန်းသိမ်းခံထားရသည့် ရွှေ့ပြောင်းလုပ်သားများ
ထို့အပြင် အဖမ်းအဆီးခံရပါက တာဝန်ယူပြီး လာရောက်ဖြေရှင်းပေးသည့် အေးဂျင့်မှာ ရှားပါးလှကြောင်းလည်း သိရသည်။
မလေးရှားအာဏာပိုင်များအနေဖြင့်လည်း ၎င်းတို့ကို ဖမ်းဆီးရမိခဲ့သည်ရှိသော် သက်ဆိုင်ရာ အေးဂျင့်များထံ မဆက်သွယ်တော့ဘဲ နေရပ်ပြန်ပို့ရန်သာ လုပ်ဆောင်ကြောင်း မလေးရှားအခြေစိုက် ရတနာစက္က နာရေးကူညီမှု အသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။
“မလေးရှားဘက်က အာဏာပိုင်တွေကလည်း အမှန်မှန် လုပ်မယ်ဆိုရင်တော့ အေးဂျင့်ကို လိုက်ရှာလို့ရပါတယ်။ ဖုန်းဆက်ခေါ်တာနဲ့ ရောက်ကိုရောက်လာတယ်။ ဒါပေမယ့် ဒီဘက်ကလည်း အေးဂျင့်တွေ အများဆုံးကလည်း မလေးရှားနိုင်ငံသားတွေဆိုတော့ သူတို့လူသူတို့ cover လုပ်တဲ့အနေနဲ့ အကယ်၍ လာထုတ်မယ့်သူမရှိဘူး၊ အေးဂျင့် သိရင်သော်လည်းကောင်း၊ သူဋ္ဌေးကို သိရင်သော်လည်းကောင်း သူတို့က ဥပက္ခာပြုပြီးတော့ ဒီ နိုင်ငံခြားသားကို နေရပ်ကို ပြန်ပို့ပစ်တယ်။ ဒီဘက်က အေးဂျင့်လိပ်စာတွေ၊ စက်ရုံလိပ်စာတွေ သိပေမယ့်လည်း သူတို့တွေက အဲဒီအထိ မလိုက်တော့ဘူးပေါ့။ အလုပ်လည်းရှုပ်မခံတော့ဘူး။ ပြီးတော့ သူတို့ကလည်း သူ့ နိုင်ငံသား တွေဖြစ်နေတဲ့အတွက် chance ပေးတဲ့ပုံစံမျိုးပေါ့” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံရှိ အော်ပရာစီဖမ်းဆီးမှုအများစုသည် ၎င်းနိုင်ငံသားများ၏ တိုင်ကြားမှုများကြောင့် လာရောက် စိစစ်ဖမ်းဆီးကြခြင်းဖြစ်သည့်အတွက် အထောက်အထား၊ ပါမစ်တို့၌ ပါရှိသည့် အလုပ်နေရာများနှင့်မတူညီဘဲ အလုပ်လုပ်ကိုင်သည့် မြန်မာများအနေဖြင့် သတိထားဆင်ခြင်သင့်ကြောင်း မလေးရှိ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
- By CNI
- Category: စီးပွားရေး
- Hits: 328
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၈
အထောက်အထား၊ ပါမစ်တို့တွင် ပါရှိသည့် အလုပ်နေရာများနှင့်မတူညီဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာ များအား မလေးရှား လ.ဝ.ကထံ ဖမ်းဆီးခံရပါက ယခင်ကဲ့သို့ အာမခံဖြင့် ပြန်လွတ်ရန် မလွယ်ကူတော့ကြောင်း မလေးရှိ မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က မလေးရှား လ.ဝ.ကမှ ဖမ်းဆီးခံရပါက အထောက်အထားမဲ့များ၊ overstay သမားများသာ နေရပ်သို့ ပြန်ပို့ခြင်းခံရပြီး အထောက်အထားရှိပြီး နေရာလွဲလုပ်ကိုင်နေသူများအား အာမခံဖြင့် ပြန်ထုတ်၍ အမှုရုံးချိန်းများ တက်ခဲ့ရခြင်းဖြစ်သည်။
သို့သော် ယခုနောက်ပိုင်း ဖမ်းဆီးခံရသည့်အထဲတွင် နေရာလွဲမှား လုပ်ကိုင်နေသူဦးရေ များပြားလွန်းလာသည့် အတွက် ယခုကဲ့သို့ တင်းကြပ်သွားခြင်းဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီ ဆောင်ရွက် ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
ထိန်းသိမ်းခံထားရသည့် ရွှေ့ပြောင်းလုပ်သားများ
“နောက်ဆုံးပြောရရင် ကိုယ့်မှာ ပါမစ်ရှိတယ်၊ အထောက်အထားရှိတယ်၊ ကိုယ့်အထောက်အထားရဲ့ လိပ်စာမှာပဲ အလုပ်လုပ်နေတယ် ဆိုရင်တော့ ပြဿနာမရှိဘူး။ တချို့တွေ ပါမစ်ရှိတယ် သို့ပေမယ့်လည်း ကိုယ်လုပ်ထားတာ လိပ်စာ တခြား၊ ကိုယ်အလုပ်လုပ်နေတာက လိပ်စာတခြားဆိုရင်လည်း ဒါပြစ်မှုကျူးလွန်ရာ မြောက်ပါတယ်။ အဲဒီအတွက်လည်း သူတို့ကနေ ဖမ်းဆီးပြီးတော့ မြန်မာပြည်ကိုပဲ ပြန်ပို့ပါတယ်။ အချက် ၃ ချက်ကို မလေးရှား ပြည်ထဲရေးဝန်ကြီးကနေ ပြီးတော့လည်း အတိအလင်းကြေညာထားပြီးသား ရှိပါတယ်။ တစ်ကတော့ လုံးဝ အထောက်အထားမရှိ ခိုးဝင်လာတဲ့သူတွေ၊ ဒုတိယတစ်ချက်က အမှန်နဲ့ဝင်လာပြီး overstay ဖြစ်သွားတဲ့သူတွေ၊ တတိယတစ်ချက်ကတော့ အထောက်အထားရှိတယ် သို့ပေမယ့်လည်း မှားယွင်းအသုံးချတာပေါ့ လုပ်ထားတဲ့ လိပ်စာတခြား၊ အလုပ်လုပ်တဲ့ လိပ်စာတခြား ဒီ ၃ ချက်ကို အဓိက သူတို့ဖမ်းပြီးတော့ သူ့နိုင်ငံနဲ့သူ ပြန်ပို့တာတွေ လုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။
သို့သော် မလေးရှား ရဲများထံတွင် ဖမ်းဆီးခံရပါက ၎င်းတို့စွဲချက်တင်လိုက်သည့် အမှုပေါ်မူတည်ကာ ရှေ့နေများ ဖြင့် ပြန်လွတ်ရန် ဆောင်ရွက်နိုင်သော်လည်း စွဲချက်တင်သည့်အထဲ၌ အထောက်အထားမဲ့၊ overstay၊ နေရာလွဲ လုပ်ကိုင်နေခြင်း စသဖြင့် ပူးတွဲပါရှိမည်ဆိုပါက ပြန်လွတ်ရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
နေရာလွဲမှား အလုပ်လုပ်ကိုင်နေသူများ ဖမ်းဆီးခံရပါက သက်ဆိုင်ရာ အေးဂျင့်၊ အလုပ်ရှင်များမှ အလုပ်လွှဲစာ ထုတ်ပေးခြင်းနှင့် လာရောက်ကာ ဒဏ်ငွေပေးဆောင်၍ အာမခံပေးမည်ဆိုပါက လွတ်နိုင်ခြေ ရှိသော်လည်း အခွင့်အရေးမှာ နည်းပါးလွန်းကြောင်း သိရသည်။
ထိန်းသိမ်းခံထားရသည့် ရွှေ့ပြောင်းလုပ်သားများ
ထို့အပြင် အဖမ်းအဆီးခံရပါက တာဝန်ယူပြီး လာရောက်ဖြေရှင်းပေးသည့် အေးဂျင့်မှာ ရှားပါးလှကြောင်းလည်း သိရသည်။
မလေးရှားအာဏာပိုင်များအနေဖြင့်လည်း ၎င်းတို့ကို ဖမ်းဆီးရမိခဲ့သည်ရှိသော် သက်ဆိုင်ရာ အေးဂျင့်များထံ မဆက်သွယ်တော့ဘဲ နေရပ်ပြန်ပို့ရန်သာ လုပ်ဆောင်ကြောင်း မလေးရှားအခြေစိုက် ရတနာစက္က နာရေးကူညီမှု အသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။
“မလေးရှားဘက်က အာဏာပိုင်တွေကလည်း အမှန်မှန် လုပ်မယ်ဆိုရင်တော့ အေးဂျင့်ကို လိုက်ရှာလို့ရပါတယ်။ ဖုန်းဆက်ခေါ်တာနဲ့ ရောက်ကိုရောက်လာတယ်။ ဒါပေမယ့် ဒီဘက်ကလည်း အေးဂျင့်တွေ အများဆုံးကလည်း မလေးရှားနိုင်ငံသားတွေဆိုတော့ သူတို့လူသူတို့ cover လုပ်တဲ့အနေနဲ့ အကယ်၍ လာထုတ်မယ့်သူမရှိဘူး၊ အေးဂျင့် သိရင်သော်လည်းကောင်း၊ သူဋ္ဌေးကို သိရင်သော်လည်းကောင်း သူတို့က ဥပက္ခာပြုပြီးတော့ ဒီ နိုင်ငံခြားသားကို နေရပ်ကို ပြန်ပို့ပစ်တယ်။ ဒီဘက်က အေးဂျင့်လိပ်စာတွေ၊ စက်ရုံလိပ်စာတွေ သိပေမယ့်လည်း သူတို့တွေက အဲဒီအထိ မလိုက်တော့ဘူးပေါ့။ အလုပ်လည်းရှုပ်မခံတော့ဘူး။ ပြီးတော့ သူတို့ကလည်း သူ့ နိုင်ငံသား တွေဖြစ်နေတဲ့အတွက် chance ပေးတဲ့ပုံစံမျိုးပေါ့” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံရှိ အော်ပရာစီဖမ်းဆီးမှုအများစုသည် ၎င်းနိုင်ငံသားများ၏ တိုင်ကြားမှုများကြောင့် လာရောက် စိစစ်ဖမ်းဆီးကြခြင်းဖြစ်သည့်အတွက် အထောက်အထား၊ ပါမစ်တို့၌ ပါရှိသည့် အလုပ်နေရာများနှင့်မတူညီဘဲ အလုပ်လုပ်ကိုင်သည့် မြန်မာများအနေဖြင့် သတိထားဆင်ခြင်သင့်ကြောင်း မလေးရှိ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
- By CNI
- Category: စီးပွားရေး
- Hits: 366
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၆
ထိုင်းနိုင်ငံသားများမှလွဲ၍ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများအား လုပ်ကိုင်ခွင့်မပေးထားသည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်မိသည့်အတွက် ၆ လအတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၃၀၀ ကျော် ရှိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် ၁၀ လပိုင်းမှ စတင်ကာ ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်အတွင်း ထိုင်းနိုင်ငံသားများကိုသာ လုပ်ကိုင်ခွင့်ပေးထားသည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား ၇၂၁ ဦး အား ဖမ်းဆီးရမိသည့်အထဲတွင် မြန်မာနိုင်ငံသား ၃၁၆ ဦးအထိ အများဆုံး ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဥပဒေအရ လုပ်ကိုင်ခွင့်မရှိသော်လည်း ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ ၎င်းနိုင်ငံသားများ၏ တိုင်ကြားမှုများကြောင့် ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“အခုဖြစ်တယ်ဆိုတာကလည်း ဒီလိုမျိုး လိုက်ပြီး စိစစ်ပြီးဖမ်းတာကလည်း သူတို့နိုင်ငံသားတွေကပဲ တိုင်တာပဲ။ အဲဒါမျိုးဖြစ်တာပေါ့။ ဥပမာ-ဈေးရောင်းတဲ့ဥစ္စာကို ဗမာပစ္စည်းရောင်းတယ်ပေါ့ ဗမာပစ္စည်း ရောင်းခွင့်ရှိလား ဆိုတော့ မရှိဘူး။ သူတို့ဈေးကွက်ကို ပြိုင်တာမဟုတ်ဘူးဆိုရင် တော်ရုံတန်ရုံ ပြဿနာမရှိဘူး။ ဒါပေမယ့် သူတို့ ဈေးကွက်ကို ပြိုင်တဲ့ဟာဖြစ်တယ်၊ ထိုင်းပစ္စည်းကို ဗမာက ရောင်းပြီးလုပ်တယ်ဆိုရင် သူတို့မှာ မျက်စိဆံပင်မွှေး စူးတယ်လို့ပဲပြောရမယ်။ အဲဒါဆိုရင် သူတို့ မကျေနပ်ဘူးပေါ့။ မကျေနပ်လို့ တိုင်တဲ့အခါ အဲဒါ ပြဿနာ ဖြစ်တာပဲ။ အမှန်ကတော့ ပြောရရင် ရောင်းခွင့်ကိုမရှိတာ။ ဈေးရောင်းတဲ့အလုပ်သည် သူတို့နိုင်ငံသားတွေအတွက်ပဲ”ဟု ၎င်းက ပြောသည်။
လမ်းဘေးတွင် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုကို မြင်တွေ့ရစဉ်
သို့သော် ထိုင်းနိုင်ငံသားအမည်ခံ၍ ဈေးရောင်းချခြင်းများ၊ မိမိကိုယ်တိုင် ဈေးရောင်းချခြင်းများပြုလုပ်ရာတွင် ထိုင်း အာဏာပိုင်များအား လာဘ်ပေးလာဘ်ယူ ငွေကြေးပေးဆောင်ကာ လုပ်ဆောင်နေကြခြင်းဖြစ်သော်လည်း ၎င်း နိုင်ငံသားများမှ တိုင်ကြားလာပါက စိစစ်ဖမ်းဆီးခံရသည်။
၎င်းအလုပ်အကိုင်များနှင့်ပတ်သက်၍ ကန့်သတ်ထားခြင်းများအား ရွှေ့ပြောင်းအလုပ်သမားဥပဒေတွင် ပြုပြင် ပြောင်းလဲပေးရန် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများပူးပေါင်းကာ ထိုင်းအစိုးရထံသို့ အကြံပြု တင်ပြတောင်းဆိုထားကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ထိုင်းအစိုးရလက်ထက်တွင် ရွှေ့ပြောင်းအလုပ်သမား ဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ရန်ရှိနေပြီး သင်္ကြန် ပြီးနောက် သို့မဟုတ် လာမည့်နှစ်တွင် စတင်နိုင်ဖွယ်ရှိကြောင်း၊ ထိုပြင်ဆင်မှုတွင် တောင်းဆိုထားသည့် ကိစ္စများ ပါဝင်ခြင်းရှိ၊ မရှိအား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လမ်းဘေးတွင် စားသောက်ဖွယ်ရာများရောင်းချနေသည့် ဆိုင်တစ်ခု
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “၂၀၂၃ က သူတို့မှာ ၅ နှစ်တစ်ကြိမ် ရွှေ့ပြောင်းအလုပ်သမားဥပဒေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေတာတွေရှိတယ်။ ပြုပြင် ပြောင်းလဲတဲ့အခါ ရွှေ့ပြောင်းအများစုဆီက သတင်းအချက်အလက်တွေကို သူတို့လိုချင်တယ်ဆိုပြီး အလုပ် သမားဝန်ကြီးဌာန ကိုယ်တိုင်လာပြီးတော့ NGO တွေနဲ့တွေ့ဆုံတာတွေ၊ အလုပ်သမားတွေနဲ့ တွေ့ဆုံတာတွေ သူတို့လုပ်ခဲ့တယ်။ ကျနော်တို့အနေနဲ့ကတော့ အကြံဉာဏ်ပြုထားတယ်။ ဈေးရောင်းတဲ့ကိစ္စကို ပြန်လည် သုံးသပ်ဖို့အတွက် ဘာလို့ဆို ကျနော်တို့ရွှေ့ပြောင်း အလုပ်သမားအများစုက တစ်လတစ်ခါမှ လစာထုတ်ရတာ ရှိတယ်။ တခါတလေ ၄၅ ရက်နေမှ ထုတ်ရတဲ့အခါကြတော့ ဝင်ငွေ၊ ထွက်ငွေမမျှတော့ အကြွေးစနစ်နဲ့ ဝယ်စားရတာ ရှိတယ်။ ဒါကြောင့် ထိုင်းဆိုင်တွေက ဈေးဝယ်စားမယ်ဆိုရင် သူတို့အနေနဲ့ အဆင်မပြေဘူး။ အဲဒါတစ်ခု အကြောင်းပြထားတယ်။ ဥပဒေပြုပြင်ပြောင်းလဲရေးမှာ ဒါတွေက ပါလာမလား၊ မပါလာဘူး လားဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်ကို ဝင်ရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားအများစုအား ဘန်ကောက်တွင် အများဆုံး တွေ့ရှိရပြီး ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ချင်းမိုင်၊ မဲဆောက် စသည့် ခရိုင်ဒေသန္တရများတွင်လည်း ရှိကြောင်း သိရသည်။
ယခုဖမ်းဆီးရမိသူအများစုသည် လမ်းဘေးဈေးရောင်းခြင်း၊ ဆံပင်ညှပ်ခြင်း၊ ယာဥ်မောင်းခြင်းနှင့် နှိပ်နယ်ပေးခြင်း စသည့် လုပ်ငန်းများထဲတွင် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့၏ ပြောဆိုမှုအရ သိရ သည်။
- By CNI
- Category: စီးပွားရေး
- Hits: 404
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၆
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကျိုးရှိမည့် အမျိုးသားပို့ကုန်မဟာဗျူဟာ လုပ်ငန်းများကို ဖော်ဆောင်ရန် ပြောကြားလာသော်လည်း မည်ကဲ့သို့ ဖော်ဆောင်မလဲဆိုမှာ စဉ်းစားစရာဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် ပို့ကုန်သမားများက ပြောသည်။
လာမည့် ၂ နှစ်အတွင်း အကျိုးရရှိစေမည့် အမျိုးသားပို့ကုန် မဟာဗျူဟာ လုပ်ငန်းများကို ဖော်ထုတ်ရန် နစကဥက္ကဋ္ဌက ပြီးခဲ့သည့် အမျိုးသားစီမံကိန်းကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
သို့သော်လည်း ပို့ကုန်ကဏ္ဍနှင့် ပတ်သက်၍ လက်ရှိ အခြေအနေအရ အကျိုးရရှိရန်အတွက် မလွယ်ကူကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။
နိုင်ငံတော်အနေဖြင့် ပို့ကုန်လုပ်ငန်းများနှင့် ပတ်သက်၍ ဖော်ထုတ်ရမည် မဟုတ်ဘဲ ပို့ကုန်တင်ပို့နေသူများနှင့် ထုတ်လုပ်သူများအတွက် လုပ်ခွင့်သာသည့် စီးပွားရေး မူဝါဒကို ချမှတ်ပေးနိုင်ရန် အရေးကြီးကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လုပ်ငန်းတွေ ဖော်ထုတ်တယ်ဆိုတာက ဖော်ထုတ်တာက တကယ်တမ်းကျ ကိုယ်က လုပ်ရမှာ မဟုတ်ဘူး။ ကိုယ်က ဖော်ထုတ်ခွင့်သာတဲ့ ပေါ်လစီပဲ ချနိုင်ဖို့ အရေးကြီးတာ။ ပေါ်လစီဆိုတာ စီးပွားရေး ပတ်ဝန်း ကျင် ကောင်းအောင် လုပ်ရမယ်။ မက်ခရိုဘောဂဗေဒ စီးပွားရေးစနစ်ပေါ့ ကောင်းအောင် လုပ်ရမယ်။ စီးပွားရေး စနစ်ဆိုတာ ဈေးကွက်ပေါ့။ ဈေးကွက်ဆိုလို့ရှိရင် တကယ့်ဈေးကွက်ပေါ့။ ပြောချင်တာက စီးပွားရေးစနစ် ကောင်းလို့ရှိရင် ကျန်တာက ကိုယ်ကလုပ်တာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေက လုပ်သွားတာ။ တိုင်းသူ ပြည်သားတွေ လုပ်ခွင့်သာတဲ့၊ လုပ်လို့ကောင်းတဲ့ စီးပွားရေးစနစ်၊ နိုင်ငံရေးစနစ် အဲဒီအခြေခံ ကိုယ့်ဘက်က တည်ဆောက်ပေးလိုက်ရင် ကျန်တာက ကိုယ်လုပ်တာ မဟုတ်ဘူး။ တိုင်းသူပြည်သားက သူ့ဟာသူ အခွင့်အလမ်း တွေ ပွင့်လာပြီး သူ့ဟာသူ လုပ်သွားကြတာ” ဟု ပြောသည်။
မွေးမြူရေးငါးများကိုတွေ့ရစဉ်
ပို့ကုန်ကဏ္ဍတွင် ကုန်ကြမ်းယူ ကုန်ချောပို့သည့် အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေး ထွက်ကုန်နှင့် ရေထွက်ကုန် များ၊ သတ္တုနှင့် တွင်းထွက်ပစ္စည်း စသည့် ကဏ္ဍ ၁၄ ခုရှိသည့်အတွက် ကဏ္ဍတစ်ခုချင်းစီအလိုက် ဆွေးနွေးညှိနှိုင်း ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။
လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့ရန် မလွယ်ကူကြောင်း သိရသည်။
ထို့နောက် အထည်ချုပ်လုပ်ငန်းများတွင်လည်း ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် ကုန်ကျစရိတ် မြင့်တက် နေခြင်းနှင့် လျှပ်စစ်မီး အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် လာမည့် ၂ နှစ်အတွင်း ပို့ကုန်လုပ်ငန်းများမှ အကျိုးရရှိရန် မလွယ်ကူကြောင်း စီးပွားရေး လေ့လာသူများက ပြောသည်။
ထို့အပြင် လယ်ယာထွက်ကုန် တင်ပို့မှုနှင့် ပတ်သက်၍ ပို့ကုန်ရငွေ မူဝါဒများကို တချို့သော ကုန်စည်များတွင် ဖြေလျှော့ပေးမှုများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ အကျိုးအမြတ် ရရှိပြီး ပိုမိုတင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်သွယ်မှုတွေမှာ ဖြေလျှော့မှုတွေ လုပ်ပေးစေချင်တယ်ပေါ့နော်။ ဒီမှာက ထိုင်းကပေးတဲ့ ဈေးအတိုင်းကို ကုန်သည်တွေကလည်း မရဘူး။ မူဝါဒတွေကြားထဲမှာ မူဝါဒ အခက်အခဲတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ မရဘူး ပေါ့နော်။ အခုဟာက FOB ဈေးထဲမှာလည်း ပြောင်း အနည်းဆုံး ဖြစ်နေတယ်။ တစ်တန်မှ ၂၂၀ - ၂၅၀ ကြား လောက်မှာပဲ ရတယ်ပေါ့။ အဲဒီရတဲ့ အထဲကနေမှ နိုင်ငံတော်ရဲ့ မူဝါဒကို ကျော်ဖြတ်တဲ့အခါမှာ ဈေးက အရမ်းနည်း သွားတာပေါ့။ အခြား တန်ဖိုးမြင့် သီးနှံတွေပေါ့ ပဲတို့၊ ပဲဆိုလည်း အမယ် တော်တော်များတယ်။ အဲဒါတွေကလည်း FOB ဈေး ၇၀၀ နဲ့ ၁၀၀၀ ကြားမှာ သွားနေတဲ့ဟာတွေ ရှိတဲ့ပဲမျိုးတွေပေါ့နော်။ တခြားလည်း export လုပ်ငန်းတွေ ရှိသေးတယ် ပဲတင်မဟုတ်ဘဲနဲ့။ ရော်ဘာတို့လို၊ ရေထွက်လုပ်ငန်းတို့လိုပေါ့နော်။ ဆိုလိုတာက သူတို့ဆီကပဲ ကောက်ပါ အန်ကယ်တို့ဆီကနေ မကောက်နဲ့လို့ ပြောတာ မဟုတ်ဘူး။ FOB ဈေး မြင့်ပြီးတော့ ဝင်ငွေများတဲ့ နေရာကနေ ယူမယ်။ ပြောင်းဘက်ကို နည်းနည်း ဖြေလျှော့ပေးမယ်ဆိုရင်တော့ ပြည်တွင်းပြောင်းဈေးက နည်းနည်း ပြန်တက်လာမယ်ပေါ့နော်” ဟု ပြောသည်။
အလားတူ ပို့ကုန်ရငွေ မူဝါဒနှင့် ပတ်သက်၍ စက်သုံးဆီ၊ စားသုံးဆီနှင့် ဓာတ်မြေဩဇာ စသည့် သွင်းကုန်များ ပြန်လည်တင်သွင်းမှုများ ပေးထားသော်လည်း ပို့ကုန်တင်ပို့သူများအတွက် အကျိုးမရှိဘဲ ဖြစ်နေသည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။
ပို့ကုန်များကိုတွေ့ရစဉ်
မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က “ရော်ဘာ export လုပ်တဲ့သူ ကိုယ်တိုင် A ကုမ္ပဏီက export လုပ်တယ်။ အဲဒီ A ကုမ္ပဏီကပဲ import ပြန်သွင်းတယ်ဆိုလို့ရှိရင် လုပ်လို့ရတယ် ၇၀ ရာခိုင်နှုန်း ရမယ်။ အဲဒါမှမဟုတ်ဘဲနဲ့ ဓာတ်မြေဩဇာ တင်သွင်းနေကျကုမ္ပဏီတွေကို အကောင့် transfer နဲ့ ပေးရမယ့်ဟာ ဆိုလို့ရှိရင် မရဘူး။ ၃၅ - ၆၅ မှာ ၃၅ က ၂၁၀၀ နဲ့ ရောင်းရမယ်။ ၆၅ က ၃၁၅၀ နဲ့ ရောင်းရမယ်။ အဲဒါဆိုလို့ရှိရင် ဓာတ်မြေဩဇာ import သွင်းရမယ့် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အရင်လေ့လာ လိုက်အုံးလေ။ လက်မှတ်ပေါင်း များစွာလုပ်ရမယ်။ ပြီးရင် ဓာတ်မြေဩဇာ ဗဟိုကော်မတီရဲ့ ခွဲတမ်း ရှိရအုံးမယ်။ ပြီးတော့ သွင်းလာပါပြီရဲ့ တကယ်ဓာတ်မြေဩဇာ တင်သွင်းနေကျကုမ္ပဏီ အကြီးကြီးတွေက သူတို့တွေက အကြီးကြီးတွေ သွင်းတာ။ ကိုယ်က သွင်းရင် ကွန်တိန်နာနဲ့ ချောက်ချိချောက်ချက် သွင်းရမှာ။ ရောက်လာပါပြီရဲ့ အဲဒီလူတွေကို ဈေးချင်းယှဉ်ပြီးတော့ ရောင်းနိုင်ပါ့မလား။ ပြီးတော့ ရာသီသီးနှံကို ရောင်းရတာဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဓာတ်မြေဩဇာ ရောင်းတဲ့အခါမှာ အကြွေးနဲ့ ရောင်းရတယ်။ သီးနှံပြန်ပေါ်တဲ့အခါကျမှ အဲဒီငွေတွေ ပြန်သိမ်းရတယ်။ အဲဒီတော့ ရော်ဘာ export လုပ်မှာလား၊ ဓာတ်မြေဩဇာ ပခုံးထမ်းပြီးတော့ ခေါင်းပေါ် ရွက်ရောင်းမှာလား၊ အကြွေးလိုက်သိမ်းမှာလား၊ ဘယ်အလုပ် လုပ်ရမလဲ။ အဲဒီတော့ မဖြစ်နိုင်ဖြစ်နိုင် ဘယ်သူမှ မလုပ်နိုင်တဲ့ကိစ္စကြီးကို။ ဒီဓာတ်မြေဩဇာ တင်သွင်းဖို့ Certificate လုပ်ရတာပဲ ၆ လလောက် ကြာတယ်လေ။ သူပေးထားတဲ့ကာလက ဒီ မတ်လကုန်လေ” ဟု ပြောသည်။
ထို့အပြင် စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ချမှတ်လိုက်သည့် မူဝါဒတစ်ခုသည် ကုန်သွယ်မှု အပြင် တခြားသော စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပေါ်တွင် သက်ရောက်မှုများ ဖြစ်ပေါ် နေခြင်းကြောင့် မူဝါဒတစ်ခု မချမှတ်ခင် စနစ်တကျ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။
Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က “မူဝါဒတို့ ဘာတို့ ကန့်သတ်ချက်တို့ ဘာတို့ ထုတ်ပြီဆိုလို့ရှိရင် ညှိနှိုင်းအစည်းအဝေးတွေ လုပ်ကြတာပေါ့။ အဲဒီမှာ ပညာရှင်တွေလည်း ပါကြတာပေါ့။ သူတို့ရဲ့ အကြံပြုချက်တွေ ယူပြီးတော့ သေချာတော့ လုပ်ကြတာပဲ။ ပြီးရင် သူတို့ရဲ့ အာဘော်တွေလည်း ထည့်တာပေါ့။ အဲဒီလိုတော့ လုပ်ကြတာ ရှိတယ်။ အဲဒီတော့ မလိုအပ်ဘဲနဲ့ ဝင်ပါတာတွေလည်း ရှိတာပေါ့နော်။ ဥပမာ ကျနော်တို့ ကုန်သွယ်ရေးပိုင်းမှာ သွားကြည့်တဲ့အခါမှာ ကုန်သွယ်ရေးဆိုလည်း ကုန်သွယ်ရေး တစ်ခုတည်းအောက်မှာ ရှိတာ မဟုတ်ဘူး။ စက်မှုလုပ်ငန်းတွေ၊ စိုက်ပျိုးရေးတွေ၊ အခြားသော ဝန်ကြီးဌာနတွေလည်း ရှိတယ်လေ။ သူက လုပ်လိုက်ပြီဆိုရင် တခြားဌာနတွေလည်း သွားဖြစ်တာ။ စီးပွားကူးသန်းက ဒါကို ပိတ်လိုက်တယ်ဆိုရင် အားကစား ဝန်ကြီးဌာနက အားကစားဝတ်စုံတွေ မရတော့တာမျိုး။ အဲဒီလိုမျိုး ခဏခဏ ဖြစ်တယ်။ သူတို့ဌာန အချင်းချင်း လည်း conflict ဖြစ်တယ်။ အဓိကကတော့ ညှိနှိုင်းအစည်းအဝေးပွဲတွေက လုပ်ရင် အပီအပြင် လုပ်တာပဲ။ ဒါပေမယ့် အဲဒါပေါ်မှာ နားလည်နိုင်စွမ်းရှိတဲ့ လူတွေနဲ့ သေသေချာချာလုပ်တာ ကျနော်တို့ဆီမှာ အားနည်းတာပေါ့ နော်” ဟု ပြောသည်။
လက်ရှိ ပို့ကုန်တင်ပို့မှုတွင် အဓိကကျသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများသည် လက်ရှိတွင် နယ်မြေ တည်ငြိမ်မှု မရှိသည့်အတွက် ကုန်သွယ်မှု လုပ်ဆောင်၍ မရသည့် အနေအထားတွင် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်နေရသည်။
ပင်လယ်ရေကြောင်းနှင့် ကုန်သွယ်ရာတွင်လည်း သင်္ဘောအတင်အချ အခက်အခဲ၊ ပို့ကုန်ပါမစ် အခက်အခဲနှင့် သင်္ဘောတင်ရာတွင် အချိန်နှင့်တပြေးညီ တင်ဆောင်နိုင်ရန်အတွက် ဆိပ်ကမ်းရှင်းလင်းရေးများ လုပ်ဆောင်ထား ခြင်းမရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပို့ကုန်တင်ပို့သူများက ပြောသည်။
ထို့ကြောင့် ပင်လယ်ရေကြောင်းဖြင့် လက်ရှိ တင်ပို့နေရသည့် အနေအထားတွင်လည်း နှောင့်နှေးမှုများ ကြုံတွေ့နေရသည်ဟု ပို့ကုန်တင်ပို့သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 369
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅
လက်ရှိ ထိုင်းနိုင်ငံအတွင်း ကြုံနေရသည့် လေထုညစ်ညမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုစသည့် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းသီးနှံ တင်သွင်းခြင်းကို ပိတ်ရန်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောထားသည်။
ထိုင်းအစိုးရက ပြောင်းတင်သွင်းခြင်းကို ပိတ်ရန်အတွက် ပြင်ဆင်နေသော်လည်း ထိုင်းနိုင်ငံအတွင်းရှိ ပြောင်းကို အဓိက အသုံးပြုနေရသည့် မွေးမြူရေးလုပ်ငန်းများနှင့် အစာစက်ရုံလုပ်ငန်းများအတွက် အခက်အခဲ ရှိနိုင်ကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းများက လက်ခံနိုင်သည်၊ လက်မခံနိုင်သည်ကို ဆက်လက်၍ ဆွေးနွေးကြရမည် ဖြစ်သည့် အတွက် မြန်မာနိုင်ငံမှ ပြောင်းလုပ်ငန်းအတွက် စိုးရိမ်မှုမရှိကြောင်း ပြောင်းကုန်သည်များက ပြောသည်။
ထို့နောက် ပြောင်းတင်သွင်းခြင်းကို လာမည့် ၂၀၂၅ ခုနှစ်မှသာ ပိတ်မည်ဟု ထိုင်းနိုင်ငံက ထုတ်ပြန်ထားသည့် အတွက် မြန်မာနိုင်ငံမှ ပြောင်းစိုက်တောင်သူများအတွက် ပြောင်းစိုက်ပျိုးရန်သော်လည်းကောင်း၊ တခြားသီးနှံကို ပြောင်းလဲစိုက်ပျိုးရန်အတွက်သော် လည်းကောင်း ပြင်ဆင်ရန် အချိန်ရှိသေးသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ပင်လယ်ရေကြောင်းဖြင့် ပြောင်းတင်ပို့ရန်လုပ်နေကြစဉ်
၎င်းက “မီးခိုးမှုန့်တွေ၊ ဖုန်မှုန့်တွေ ထတယ်။ နောက် သူတို့ လက်ရှိသုံးနေတဲ့ ကြက်အမျိုးအစားကို ပြောင်းမကျွေး တဲ့ တခြားကြက်အမျိုးအစား ပြောင်းတာရယ်၊ အဲဒီလိုမျိုးတွေပေါ့နော်။ ဒါကတော့ စီးပွားရေးမှာတော့ ဒီလိုပါပဲ။ သူတို့ကတော့ မဝယ်ဘူး။ ဘယ်လိုလုပ်မယ်ပေါ့နော်။ သူတို့နိုင်ငံတွင်းမှာရှိနေတဲ့ သက်ဆိုင်ရာဌာနရဲ့ ထုတ်ပြန် ချက်ပေါ့နော်။ ဒါပေမယ့် အဲဒီဟာတွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အစာစက် လုပ်ငန်းကြီးတွေရှိ တယ်။ မွေးမြူရေးလုပ်ငန်းကြီးတွေ အဲဒါတွေကရော လက်ခံလား၊ လက်မခံလားဆိုတာတွေက သူတို့နိုင်ထဲတင် သူတို့ ကျယ်ကျယ်ပြန့်ပြန့် ပြန်ပြီးတော့ ပြောရမယ့်အပိုင်းတွေ အများကြီး ရှိပါသေးတယ်။ အရမ်းကြီးတော့ စိုးရိမ် စရာ မရှိဘူးပေါ့နော်။ သူတို့မဝယ်ဘူးဆိုရင်လည်း ပြောင်းက အခြားကို ရောင်းရတာက အခက်အခဲ ရှိတယ်ဆိုရင် တော့ ဒါတွေက ရာသီပေါ် သီးနှံပဲလေ။ နှစ်ရှည်ပင်တွေ မဟုတ်ဘူး၊ ၄ လတစ်ကြိမ်မှ စိုက်တဲ့သီးနှံတွေပဲ။ အဲဒီ တော့ ပြောင်းဈေးကွက်က အရမ်းကြီး နိမ့်ပါးသွားတယ်၊ လိုအပ်ချက် နည်းသွားပြီဆိုရင်တော့ လိုအပ်ချက်များတဲ့ တို့နိုင်ငံတွေအနေနဲ့ရော၊ တို့တောင်သူတွေအနေနဲ့ရော ပြောင်းလဲပြီး စိုက်ပျိုးမှာပဲလေ။ ပဲဘက်သွားရင်သွားမယ်၊ ဆီထွက်သီးနှံဘက် သွားရင်သွားမယ်။ စားသောက်ကုန်ဖြစ်တဲ့ အာလူး၊ ငရုတ်၊ ကြက်သွန်ဘက်ပေါ့နော် ရွေးချယ် လို့ရတယ်လေ။ အဲဒီတော့ သူတို့က ၂၀၂၅ လောက် ပြောတဲ့အချိန်မှာ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ဖို့ အချိန်တွေ အများကြီး ရတယ်။ သူတို့နိုင်ငံထဲမှာလည်း သူတို့ဟာသူတို့ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ့် ကိစ္စတွေ အများကြီး ရှိသေးတယ်လေ။ အဲဒီတော့ အရမ်းကြီး စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ပြောသည်။
မြန်မာ အပါအဝင် အိမ်နီးချင်းနိုင်ငံများသည် ထိုင်းနိုင်ငံသို့ တင်ပို့မည့် ပြောင်းစိုက်ပျိုးရန် လယ်ယာမြေများကို မီးရှို့မှုကြောင့် နှစ်စဉ် ထွက်ပေါ်နေသည့် မီးခိုးမြူပြဿနာကို လျှော့ချရန် ရည်ရွယ်၍ ထိုင်းအစိုးရအဖွဲ့က ထိုသို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။
ပြောင်းတင်သွင်းခြင်းကို လျှော့ချရန်အတွက် နစက၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ သက်ဆိုင်ရာ ဝန်ကြီးများ နှင့် ဆွေးနွေးထားပြီးပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
ပင်လယ်ရေကြောင်းဖြင့် ပြောင်းတင်ပို့ရန်လုပ်နေကြစဉ်
လက်ရှိတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်သွင်းရာတွင် ဖေဖော်ဝါရီမှ ဩဂုတ်လအထိ အခွန် ကင်းလွတ် ခွင့်ကို ခွင့်ပြုထားသည်ဖြစ်၍ ယခုနှစ် ပြောင်းရာသီအတွက် အကောင်အထည်ဖော်ရန် အချိန်မမီနိုင်ကြောင်း၊ လာမည့်ရာသီမှသာ ဖြစ်နိုင်သည်ဟု တာချီလိတ်မှ ပြောင်းကုန်သည် ကိုစိုင်းခမ်းက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဒီနှစ်အတွက်၊ ဒီနှစ်ရာသီအတွက်က သူတို့ ခွင့်ပြုလိုက်ပြီ။ သူတို့ပိတ်ရင်လည်း နောက်နှစ်ရာသီမှ ပိတ်မှာ။ နောက်နှစ်က ယိုးဒယား ခွင့်မပြုဘူးဆိုရင် တရုတ်ကလည်း ပုံမှန် ဒီပုံစံအတိုင်းပဲ သွားမယ်ဆိုရင် မြန်မာပြည် ပြောင်းကတော့ မလွယ်ဘူးထင်တယ်။ မပိတ်ဘဲနဲ့ ဖွင့်နိုင်ရင်တော့ နည်းနည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပေါ့” ဟု ပြောသည်။
ပြောင်းတင်ပို့ခွင့် ပိတ်ပင်မှုကို ရာသီတစ်ခုလုံးပိတ်ခြင်း မဟုတ်ဘဲ ဇန်နဝါရီလမှ ဧပြီလအထိ ၄ လသာ တင်ပို့ခွင့် ပိတ်မည်ဆိုပါက ထိခိုက်မှု နည်းနိုင်သော်လည်း ကာလရှည် ပိတ်မည်ဆိုပါက ထိခိုက်မှုရှိနိုင်ကြောင်း ပြောင်းကုန် သည်များက သုံးသပ်ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 493
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅
မလေးရှားတွင် ရီကာလီဘရာစီပါမစ်အတွက် လက်ဗွေသွားနှိပ်ကြရာတွင် မြန်မာအချို့ အဖမ်းခံနေရကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ပါမစ်မှတ်ပုံတင်စာရင်း ပေးသွင်းပြီးသူများအနေဖြင့် လုပ်ငန်းရှင်သူဋ္ဌေး၏ အတည်ပြုခြင်း၊ လက်ဗွေနှိပ်ခြင်း၊ ဆေးစစ်ခြင်းစသည့် လုပ်ငန်းစဉ်များအား မတ်လကုန်အထိ နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်သည်။
ပါမစ်အမည်စာရင်းတင်သွင်းရာတွင် မည်သူမဆို တင်သွင်းခွင့်ရှိသော်လည်း ခွင့်ပြုသည့် အမျိုးအစားနှင့် ခွင့်မပြုသည့် အမျိုးအစားဟူ၍ သတ်မှတ်ထားကြောင်း၊ သို့သော် အေးဂျင့်များမှ ၎င်းတို့ ဝင်ငွေရရှိရေးအတွက် ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ အဖမ်းခံနေရခြင်းဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာတွေ မလေးရှားက လ.ဝ.ကမှာ လက်ဗွေနှိပ်နေစဉ်
“ဥပမာအနေဖြင့် သူတို့ ပြီးခဲ့တဲ့ ၄၊ ၅ နှစ်လောက်က overstay တွေ ဒါမှမဟုတ် အရင်ပါမစ် ရှိပြီးတော့ overstay ဖြစ်သွားတဲ့သူတွေ ပြန်လျှောက်လို့ရတာ သူတို့ပြောခဲ့တယ်။ သူတို့ခွင့်မပြုတာက ၂၀၂၃ မှာ ဝင်လာတဲ့သူ တစ်ဦး တစ်ယောက်ကိုမှ ပါမစ်လုပ်ဖို့ ခွင့်မပြုထားသလို စာအုပ်တွေမှာ ထိုင်းတုံးတို့ ဘာတို့ ဝင်လာပြီးတော့ မြန်မာပြည် ကနေ အမှန်ထွက်လာတယ်။ ထိုင်းမှာ အမှန်ဝင်တယ် ထိုင်းတုံးရှိတယ်။ ဒါပေမယ့် ထိုင်းနယ်စပ်ကနေ မလေးရှား ကို အောက်လမ်းကနေ ဝင်လာတဲ့သူတွေကို လျှောက်ခွင့်မပေးတာတွေ သူတို့အတိအလင်း ကြေညာခဲ့ပါတယ်။ အေးဂျင့်တို့ပွဲစားတို့ကတော့ အသိပေးရမှာပေါ့ ဒီလိုလူမျိုးတွေ လုပ်လို့မရပါဘူးဆိုတာ။ ဒါပေမယ့် သူတို့က အသိ မပေးဘဲနဲ့ အားလုံးကို Register တင်ပေးလိုက်တယ်။ လက်ဗွေနှိပ်ရမယ့် အချိန်လည်း ရောက်ရော သွားနှိပ်ကြ တော့ လ.ဝ.က ရုံးကနေ သူတို့ကို စိစစ်တဲ့အခြေအနေမှာ ဒီလိုအမှားအယွင်းတွေ ကျူးလွန်ထားတော့ အဲဒီလို ဖမ်းဆီးမှုမျိုးတွေ အများကြီးဖြစ်လာတာ နေ့စဉ်နဲ့အမျှပါပဲ” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံရှိ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းများအား ပါမစ် ပြုလုပ်ရန် မှတ်ပုံတင်စာရင်း ပေးသွင်းခြင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်သည်။
မလေးရှားက လ.ဝ.ကဌာနကို တွေ့ရစဉ်
ထို့နောက် ရီကာလီဘရာစီပါမစ် (RTK 2.0) စတစ်ကာများကို ဇွန်လကုန် နောက်ဆုံးထား၍ အပြီးအစီး ထုတ်ပေး သွားမည်ဖြစ်ပြီး လက်ဗွေနှိပ်ခြင်းများအား မတ်လကုန်အတွင်း အပြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အဖမ်းခံရသည့်အခါတွင် အလုပ်ရှင်နှင့် ပါမစ်လျှောက်ပေးသူတို့ လာရောက် အာမခံပေးနိုင်ပြီး လျှောက်လဲချက်များ ပြည့်စုံပါက ပြန်လွှတ်ပေးကြောင်း မလေးရှားအခြေစိုက် ရတနာစက္က နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်စိတ်ထင် မလေးရှားမှာရှိတဲ့ မြန်မာသံရုံးနဲ့ မြန်မာပြည်က လ.ဝ.က အချိတ်အဆက်များ လွဲနေ သလားတော့ မပြောတတ်ဘူး။ ဒီစာအုပ်ဆိုတာကလည်း မြန်မာပြည်ကို ကိုယ်စားပြုထားတဲ့ စာအုပ် ထိုင်းမှာပဲ ရောက်ရောက်၊ မလေးရှားမှာပဲ ရောက်ရောက်။ ဒါပေမယ့် မလေးရှားအစိုးရကို မလေးရှားမှာ ရှိနေတဲ့ မြန်မာသံရုံး က ဘယ်လိုများ ချိတ်ဆက်ထားလဲတော့ မသိဘူး။ ပြီးခဲ့တဲ့လမှာမှ ကုမ္ပဏီတစ်ခုက အယောက် ၂၀၀ လက်ခံမယ် ဆိုရင် အယောက် ၂၀၀ မပြည့်သေးဘူး အယောက် ၁၀၀ လောက်လျှောက်ဖို့ကျန်သေးတယ်ဆိုရင်။ ဒီ ၃ လပိုင်း ၃၁ ရက်နေ့နောက်ဆုံး အဲဒီလူတွေကို လျှောက်ခွင့်ပေးတယ်။ မောင်ဖြူအစား နောက်ထပ် မနီထည့် လို့လည်းရ တယ်။ အဓိကက အယောက် ၁၀၀ ပြည့်ဖို့ပဲဆိုတော့ တခြားအေးဂျင့်တွေက အဲဒီလိုကုမ္ပဏီတွေ ဆီကနေ ဝယ် တယ်။ အဲဒီပါမစ်ကိုဝယ်ပြီး လူတွေပြန်ထည့်ပေးတယ်” ဟု ပြောသည်။
ယခု ဖမ်းဆီးခံနေရသည့်အထဲတွင် အများဆုံးသည် ထိုင်းအဝင်တုံး ပါရှိနေသူများဖြစ်ပြီး စာအုပ်အတုများလည်း ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါစာအုပ်များကို ကိုင်ဆောင်ထားပြီး ပါမစ် အမည်စာရင်း တင်သွင်းထားသူများအနေဖြင့် အရဲ မစွန့်စေချင်ကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
- By CNI
- Category: စီးပွားရေး
- Hits: 436
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၂၂
ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်၍ တိကျသေချာသည့် လမ်းညွှန်ချက်များ တပြေးညီ မရှိပါက ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ အပါအဝင် ကုမ္ပဏီနှင့် ကုန်ထုတ်လုပ်ငန်းများတွင် လုပ်သား အင်အား အခက်အခဲများ ပေါ်လာနိုင်သည်ဟု နိုင်ငံရေးပါတီများနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ပြော သည်။
လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်ပြီး ရပ်ကွက်များတွင် စာရင်းကောက်ယူမှုများ၊ ရွေးချယ်မှု များ လုပ်ဆောင်နေကြကြောင်း၊ သို့သော် တစ်နေရာနှင့် တစ်နေရာ ဆောင်ရွက်နေပုံများ တူညီမှုမရှိဖြစ်နေ ကြောင်း ရပ်ကွက်နေ ပြည်သူများနှင့် နိုင်ငံရေးပါတီများထံမှ သိရသည်။
အစိုးရဝန်ထမ်းများသာ စစ်မှုထမ်း ယာယီကင်းလွတ်ခွင့်ရှိပြီး ပုဂ္ဂလိက အထည်ချုပ်၊ စက်ရုံ၊ အလုပ်ရုံ အပါအဝင် ကုမ္ပဏီနှင့် ကုန်ထုတ်လုပ်ငန်းများမှ ဝန်ထမ်းများသည် စစ်မှုထမ်းရမည့် အထဲတွင် ပါဝင်ခြင်းကြောင့် တချို့သော ဝန်ထမ်းများမှာ ထွက်ပြေးတိမ်းရှောင် နေမှုများလည်း ရှိလာနေသည်။
ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်
ထိုသို့ ထွက်ပြေးတိမ်းရှောင်မှုများ များပြားလာပါက ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်သားအင်အား အခက်အခဲ ရှိလာနိုင်သည့်အတွက် ပြည်သူ့စစ်မှုထမ်း ခေါ်ယူရာ၌ တိကျသည့် လမ်းညွှန်ချက်များ တပြေးညီ သတ်မှတ်ရန် လိုအပ်သည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီကြားထဲမှာ လုပ်သားအင်အားပြဿနာ ပေါ်လာမယ်။ ဝန်ထမ်းကို ယာယီကင်းလွတ်ခွင့် ပေးမယ်ဆိုတာ က အစိုးရဝန်ထမ်းကို သူက ရည်ညွှန်းသလိုဖြစ်နေတော့ ပုဂ္ဂလိက အထည်ချုပ်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေက ဝန်ထမ်းတွေကိုယ်၌က စစ်မှုထမ်းရမှာဆိုပြီး ရှောင်တာပြေးတာတွေလုပ်တော့ လုပ်ငန်းရှင်တွေကဏ္ဍမှာ export ဆိုရင် ရက်သတ်မှတ်ချက်နဲ့ အပြီးပို့ရမယ့်ကိစ္စတွေမှာ အခု အခက်အခဲတွေ စပြီး ကြုံနေရပြီလို့ ကျနော်တို့ ကြား တယ်။ နောက်ထပ် အထည်ချုပ်အော်ဒါတွေ လက်ခံဖို့ဆိုရင်လည်း ဝန်ထမ်းအင်အား အခက်အခဲပေါ်ပြီဆိုရင် ဒီလုပ်ငန်းတွေရဲ့ ဆက်လက် ရပ်တည်ရေးကိုပါ အခက်အခဲ ဖြစ်လာမယ့် သဘောရှိတယ်။ ဒါကြောင့်မို့လို့ ဥပဒေ တစ်ခုဆိုတာ မပြဋ္ဌာန်းခင် မကျင့်သုံးခင်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို စနစ်တကျ လေ့လာသုံးသပ်တာတွေ လိုသလို လုပ်ပြီဆိုရင်လည်း ကိုယ့်ရဲ့ အမိန့်နာခံမယ့် အုပ်ချုပ်ရေးယန္တရားက စနစ်တကျ စုဖွဲ့ဖို့ ညွှန်ကြားမှု၊ ပြန်လည်သုံးသပ်ဖို့ မော်နီတာလုပ်တာတွေ အဲဒါတွေကို ကျနော်တို့က တည်ဆောက်ဖို့ လိုတယ်။ အခုဆိုရင် အောက်မှာလည်း ကိုယ့်သဘောနဲ့ကိုယ် ခြေဦးတည့်ရာ လုပ်သလိုမျိုးတွေ ဖြစ်နေတော့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးတာက အလန့်တကြားဖြစ်ပြီးတော့ လုပ်ငန်းကိုင်ငန်း နေ့စဉ်ဘဝတွေမှာ ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ ရောက်လာတယ်။ ဒါကြောင့်မို့လို့ တိကျတဲ့ လမ်းညွှန်ချက်၊ ညွှန်ကြားချက်ကို တပြေးညီတည်း သတ်မှတ်ဖို့ လို တယ်။ အဲဒီသတ်မှတ်ချက်အတိုင်း မလိုက်နာဘဲ ကျော်လွန်ပြီး ဆောင်ရွက်တယ်ဆိုရင်လည်း တိုင်တန်းနိုင်တဲ့ ယန္တရား၊ အရေးယူတဲ့ ယန္တရား ရှိဖို့လိုတယ်” ဟု ပြောသည်။
အခြေခံလူတန်းစားများကိုတွေ့ရစဉ်
ပုဂ္ဂလိက လုပ်ငန်းများ အနေဖြင့် မိမိဝန်ထမ်းများ စစ်မှုထမ်းဆောင်ရန် ပါရှိပါက လိုအပ်ချက်အရ ယာယီဆိုင်းငံ့ ပေးနိုင်ရန်အတွက် တင်ပြတောင်းဆို၍ ရနိုင်သည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။
သို့သော်လည်း အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးထားသည့် အထည်ချုပ်လုပ်ငန်းတွင် အမျိုးသား ဦးရေထက် အမျိုးသမီးဦးရေ များပြားခြင်းကြောင့် လုပ်သားအင်အား ပြဿနာသည် မရှိနိုင်ကြောင်း၊ ထို့အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်တွင်းရှိ လူငယ်လူရွယ်များသည် ပြည်ပသို့ ထွက်ခွာခြင်းသည် များစွာ ရှိနေသော်လည်း ပြည်တွင်းတွင် လုပ်သားအင်အား လိုအပ်ချက်သည် မဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
ပြည်တွင်းရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို ထိခိုက်မှု ရှိနိုင်မရှိနိုင်သည် လက်ရှိ ပြည်သူ့စစ်မှုထမ်း ခေါ်ယူရာ တွင် လုပ်ဆောင်နေသည့် လုပ်ရပ်များအပေါ်မှာ မူတည်သည်ဟု Via Logistic & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရက်ပိုင်းမှာ ဖြစ်နေတဲ့ case တွေ ရှိတယ်။ အဲဒါကတော့ သတင်းအမှားတွေ အများကြီးရှိတယ်။ သတင်း အမှားတွေဆိုတာတော့ အကုန်လုံးကိုပဲ စစ်တပ်ထဲ ဆွဲသွင်းလိုက်တော့မလို၊ အဲဒီလိုမျိုး သဘောတွေပါ တွေ့ရ တော့ အဲဒီဟာကို လူတွေက ကြောက်ကြတယ်။ ကြောက်တော့ အထည်ချုပ်တွေတောင် ရပ်သွားမယ်တို့ ဘာတို့ ပြောနေကြတာပဲ။ ဒါပေမယ့် မဖြစ်နိုင်ဘူးပေါ့။ အထည်ချုပ်ကို အဓိကသွားနေတာက အမျိုးသမီးတွေ၊ အမျိုးသမီး ကို ခေါ်ဖို့ လက်ရှိ အစီအစဉ် မရှိဘူးလို့ သိရတာပေါ့လေ။ အဲဒီလိုမျိုးတော့ ကျနော်နားလည်တယ်။ အဲဒီဟာမျိုးသာ ပြောကြေးဆိုရင် နိုင်ငံခြားကို ထွက်သွားတဲ့ လူဦးရေကလည်း အများကြီးပဲ လူငယ်တွေကလေ။ အဲဒီတော့ စီးပွားရေးအပေါ်မှာ သက်ရောက်မှုရှိလားဆိုတော့ လူငယ်တွေ တော်လှန်ရေးထဲ ပါသွားတာတောင်မှ ပိုများမလား မသိဘူး။ အဲဒီဟာတောင်မှ မဖြစ်ဘူးဆိုရင် ဒီဟာကလည်း သိပ်တော့ မဖြစ်ဘူးလို့ ယူဆရတာပဲ။ ဒါပေမယ့် သတင်း အချက်အလက်တွေကြောင့် လူငယ်တွေ အများကြီးက အလုပ်မတက်တော့ဘဲနဲ့ ပြေးသွားတာမျိုး ဖြစ်ရင် တော့ စီးပွားရေးအရ နည်းနည်းတော့ effective တော့ နည်းနည်း ရှိတာပေါ့။ ကျနော်တို့ CMP လုပ်ငန်းတွေမှာ နည်းနည်း နှောင့်နှေးကြန့်ကြာ သွားမလားပေါ့။ ဒီလိုတော့ စဉ်းစားထားတာရှိတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ဖြစ်တော့ တစ်ဖက်က မဖြစ်နိုင်ဘူးလို့လည်း ပြန်ယူဆလို့ရတယ်။ ဒါပေမယ့် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ လုပ်ရပ်တွေပေါ်မှာ မူတည်တာပေါ့လေ။ အဲဒီလိုတော့ နားလည်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူ ၁၆ သန်းကျော် ရှိသော်လည်း လူငယ် အားလုံးကို ခေါ်ယူမည် မဟုတ်ကြောင်း၊ တစ်လလျှင် လူဦးရေ ၅၀၀၀ နှုန်းဖြင့် တစ်နှစ်လျှင် လူဦးရေ ၆၀,၀၀၀ ခန့်ကို ခေါ်ယူသွားမည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထား သည်။
- By CNI
- Category: စီးပွားရေး
- Hits: 396
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင်ရန်အတွက် မြန်မာများ အိမ်ခန်း၊ အဆောင်တန်းလျား၊ တိုက်ခန်း များအား အပြိုင်အဆိုင် ငှားရမ်းနေကြပြီး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မဲဆောက်မြို့တွင် နေထိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ငှားရမ်းသည့်အခါတွင် အိမ်ခန်းခ ဈေးနှုန်းများမှ ယခင်ထက် ပိုမိုကြီးမြင့်သွားသကဲ့သို့ စပေါ်ခများမှာလည်း ယခင်ကထက် များပြားသွားကြောင်း မဲဆောက်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိမ်ခန်းရှာတဲ့နေရာမှာ အရင်တုန်းက ဘတ်ငွေ ခြောက်ထောင်ပေးရတဲ့ တိုက်ခန်းပေါ့ အခုဆိုရင် တစ်သောင်း သုံးထောင်ပေးရတယ်။ အဲဒီလောက်အထိကို တစ်ဝက်ကျော်ကျော်လောက် တက်သွားတာ။ အရင်တုန်းက စပေါ်ငွေ တစ်လစာပေး အကြိုတစ်လစာပေါ့ ပေါင်း ၂ လစာပေးပြီး နေလို့ရတယ်။ အခု စပေါ်ငွေ ၃ လစာ၊ ပြီးရင် လစာတစ်လစာကြိုပေး ပေါင်း ၄ လစာ အဲဒီလိုတွေ ပေးပြီးနေရတယ်။ အဲဒီတော့ မြန်မာတွေက အလုံးအရင်းနဲ့ ဝင်လာကြတော့ အိမ်ခန်းငှားတဲ့နေရာမှာ အပြိုင်အဆိုင် နင့်ထက်ငါပေါ့ အဲဒီလိုတွေ ငှားတာတွေ့ရ တယ်။ အခက်အခဲက ဘာဖြစ်လာလဲဆိုတော့ အခုပဲ ဝင်လာတဲ့သူတွေကို အိမ်ခန်းငှားဖို့အတွက် အဆင်မပြေဘူး။ အသိတွေက အိမ်ခန်းငှားပေးတယ်ဆိုရင်လည်း တရားမဝင်နေမယ့် သူတွေအတွက်က တရားဝင် အိမ်ခန်း ငှားထား တဲ့ သူတွေက လူသိုလှောင်မှု၊ လူမှောင်ခိုကူးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တရားစွဲမယ်ဆိုလည်း ခံရနိုင် တယ်”ဟု ပြောသည်။
မဲဆောက်မြို့အတွင်းကို တွေ့ရစဉ်
မဲဆောက်တွင် ယခုကဲ့သို့ အိမ်ခန်းများ အလုအယက် ငှားရမ်းလာကြခြင်းသည် စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင် လာသူများ၊ ကရင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒေသခံများသည် မဲဆောက်သို့ မိသားစုလိုက် အလုံးအရင်းဖြင့် ဝင်ရောက်လာကြခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
ထို့အပြင် အိမ်ခန်းငှားရမ်းရာမှာ မလွယ်ကူလှကြောင်း၊ မဲဆောက်မြို့ထဲတွင် အားလုံးနီးပါး ပြည့်နေပြီး မြို့အပြင်ရှိ အခြားကျေးရွာများတွင်သာ ရနိုင်တော့ကြောင်း သိရသည်။
ထိုသို့ အိမ်ခန်းငှားရမ်းမည့်သူ များပြားလွန်းနေသည့်အတွက် အိမ်ရှင်များဘက်မှလည်း ယခင်ကထက် ပိုမို တင်းကြပ်၍ အိမ်ငှားလာကြကြောင်းလည်း မဲဆောက်မြို့တွင် နေထိုင်သူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
မဲဆောက်မြို့အတွင်းကို တွေ့ရစဉ်
၎င်းက “အထောက်အထားရှိတဲ့ လူတွေကို နည်းနည်း ဦးစားပေးတာပေါ့။ အရင်တုန်းကကြတော့ စစ်ဘေးရှောင် တွေ ဒုက္ခသည်တွေ နည်းတဲ့အတွက် နည်းနည်းလေး သူတို့ ချေးမများဘူးပေါ့။ အခုလည်းကြရော ပိုပြီး ချေးများ လာပြီး သူတို့တောင်းသလို ပေးနေရတာပေါ့နော်။ ဘာလို့ဆို သူတို့လည်း ဥပဒေအရပေါ့။ အရေးယူခံရမှာလည်း ကြောက်တယ်။ သူတို့အနေနဲ့ ပြန်ကြည့်ရင်လည်း အထောက်အထား မပြည့်စုံတဲ့သူတွေကို သူတို့လက်ခံထားရင် အရေးယူခံထိမှာလည်း ကြောက်တယ်။ သူတို့အတွက်လည်း အခွင့်အရေးလို့လည်း ပြောလို့ရတာပေါ့။ ဘာလို့ဆို ကိုယ်တွေနိုင်ငံက ဒီအချိန်မှာ စုတ်ပြတ်သတ်နေတာကို။ နောက်ဆုံး စုတ်ပြတ်သတ်နေတဲ့ နေရာတွေတောင်မှ အခုအချိန်မှာ လူတွေက ငှားလာတဲ့လူတွေရှိတယ်” ဟု ပြောသည်။
ကိုဗစ်မတိုင်ခင်ကာလ၌ မဲဆောက်မြို့ရှိ အိမ်ငှားခများမှာ ပုံမှန် ဘတ် ၁၅၀၀ မှ ဘတ် ၅၀၀၀ ခန့်အထိသာ ရှိခဲ့ သော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများဖြစ်ပေါ်ကာ တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် မဲဆောက်မြို့သို့ ရွှေ့ပြောင်းလာသည့် မြန်မာဦးရေ များပြားလာသဖြင့် အနည်းငယ်စီ ဈေးတက်သွားခြင်း ဖြစ်သည်။
မဲဆောက်တွင် မြန်မာလူဦးရေ များပြားလာသည်နှင့်အမျှ ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမှုများမှာလည်း ယခင်ကထက် ပိုများလာကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 503
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၁
ထိုင်းတွင် အနိမ့်ဆုံးလုပ်ခလစအား ဒုတိယအကြိမ် ထပ်မံတိုးမြှင့်ဖွယ်ရှိပြီး ယခင်တိုးမြှင့်သည့် နှုန်းထားထက် ၁ ဒဿမ ၅ ရာခိုင်နှုန်းသာ တိုးမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအစိုးရသစ် လက်ထက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလက လုပ်ခလစာနှုန်းထားအား ခရိုင်အပေါ်မူတည်ကာ ၂ ဘတ်မှ ၁၆ ဘတ်အထိသို့ တိုးမြှင့်ပေးထားခြင်းဖြစ်သည်။
ထိုသို့ ဒုတိယအကြိမ်တိုးမြှင့်မည့် ပမာဏသည် မများပြားသော်လည်း ၎င်းထဲတွင် အကျုံးဝင်မည့် လုပ်သားများ အတွက် လုပ်ခလစာ မတိုးခြင်းနှင့်ယှဉ်ပါက အထိုက်အလျောက် အထောက်အကူ ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်
၎င်းက “သုံးဦးကော်မတီကတော့ သဘောတူညီချက်တော့ ရပြီ။ ဒါပေမယ့် ပြည်နယ်တိုင်းမှာ မတိုးဘူး။ ထပ်တိုး မှာကလည်း ၁ ဒဿမ ၅ ရာခိုင်နှုန်း ထပ်တိုးမယ်ပေါ့။ ဒါပေမယ့်လည်း ၄၀၀ တော့ မပြည့်ဘူးပေါ့ ပြောထားတဲ့ အတိုင်း။ ပြောထားတဲ့အတိုင်းဆိုတဲ့ လက်ရှိတက်တဲ့ ထိုင်းအစိုးရကနေ သူတို့ပြောတယ်မလား သူတို့ အစိုးရ တက်ရင် ၄၀၀ ပေးမယ်တို့၊ ၆၀၀ ပေးမယ်တို့ သူတို့ပြောပြီးတက်လာတာ။ ဒါပေမယ့် တကယ့်တကယ် ၄၀၀ မပေးနိုင်ပါဘူး။ အခုက ၄၀၀ မရဘူးဆိုတဲ့သဘော တက်တော့တက်မယ် အနည်းငယ်ပဲပေါ့။ ကျန်ခဲ့တဲ့အခေါက်က ၁၆ ဘတ်လားမသိဘူး ထပ်တက်တယ်မလား။ အခုတကယ်လို့ ၁ ဒဿမ ၅ ရာခိုင်နှုန်းဆိုတော့ ကျနော်တို့က အဲဒါကို ပြန်ပြီးတွက်ရမှာပေါ့” ဟု ပြောသည်။
ယခုကဲ့သို့ ၁ ဒဿမ ၅ ရာခိုင်နှုန်း တိုးမည့်အကြောင်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သော်လည်း အနိမ့်ဆုံး လုပ်ခလစာသည် ဘတ် ၄၀၀ သို့ ရောက်ရှိရန် မဖြစ်နိုင်ကြောင်း ထိုင်းကုန်သွယ်ရေး နှင့် အလုပ်ရှင်များ ဖက်ဒရေးရှင်း၏ ပြောဆိုမှုကို ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်
ထို့အပြင် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများ ပါဝင်သော ကော်မတီသည် မတ်လ ၂၆ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
၁ ဒဿမ ၅ ရာခိုင်နှုန်း တိုးခြင်းအား အတည်ပြုပါက အလုံးစုံလုပ်ခ အနည်းငယ် တက်လာမည် ဖြစ်သော်လည်း အနိမ့်ဆုံးနေ့စဉ်လုပ်ခသည် ဘတ် ၄၀၀ အောက်သာ ရှိနေမည်ဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေးနှင့် အလုပ်ရှင်များ ဖက်ဒရေးရှင်းမှ သိရသည်။
အနည်းဆုံး အခကြေးငွေအား တွက်ချက်ရာတွင် အလုပ်သမား ထုတ်လုပ်မှုစွမ်းအား၊ GDP နှင့် ငွေကြေးဖောင်းပွ မှုတို့ကို ကြည့်ကြောင်းနှင့် ယခုတိုးမည့် ကိန်းဂဏန်းသည် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်လုံးအတွက် ကျေနပ်စရာဖြစ်ကြောင်းလည်း ၎င်းတို့၏ ပြောဆိုမှုအရ သိရသည်။
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “တချို့လုပ်သားထူးချွန်တဲ့ ပုဂ္ဂိုလ်တွေကို ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ခရိုင်အလိုက်ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ လုပ်သားထူးချွန်မှုက ကြတော့ ပြောရဆိုရခက်ခဲတာပေါ့။ ကျနော်ထင်တာကတော့ ခရိုင်အလိုက် ဖြစ်နိုင်ဖို့များတယ်။ ဥပမာ ဖန်ငါ့တို့၊ ဖူးခက်တို့ အဲဒီနေရာတွေမှာကြတော့ ကုန်ကျစရိတ်တွေ တအားကြီး များတယ်။ ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့ အခါကြတော့ အဲဒီ နေရာတွေကို ဦးစားပေးမယ်ထင်တယ်။ အဓိက ခရီးသွား လုပ်ငန်းတွေ အများစုလာတဲ့ နေရာတွေ ဖြစ်ဖို့အတွက် များတယ်။ သူတို့ဥပဒေမှာက တာ့ခ်ခရိုင်ကို ပေးလိုက်ပြီ ဆိုရင် တာ့ခ်ခရိုင်မှာရှိတဲ့ လူတွေအကုန်လုံး အကျိုးခံစား ခွင့်ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခု ဒုတိယအကြိမ် ထပ်မံတိုးမြှင့်မည့် လုပ်ခလစာအား လာမည့် ဧပြီလတွင် စတင်အကောင်အထည်ဖော်နိုင် ဖွယ်ရှိကြောင်းလည်း သိရသည်။
၎င်းလုပ်ခလစာ တိုးမြှင့်မှုသည် အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက လုပ်ခလစာ ပထမအကြိမ် တိုးမြှင့်ပြီးနောက်တွင် ဖူးခက်ရှိ အနိမ့်ဆုံးလုပ်ခလစာမှာ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးနှုန်းဖြစ်ပြီး တစ်ရက်လျှင် ဘတ် ၃၇၀ ရရှိကြောင်း သိရသည်။
သို့သော် အချို့စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ခလစာ အပြည့်အဝ မရရှိခြင်းအား လက်ရှိအချိန်ထိ ကြုံတွေ့နေရ သည့် မြန်မာရွှေ့ပြောင်းလုပ်သား များစွာရှိနေသေးသည်။