- By CNI
- Category: စီးပွားရေး
- Hits: 364
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ဆက်သွယ်စုံစမ်းသူဦးရေမှာ များပြားလာနေသည့်အတွက် လုပ်သားများအား စိစစ်၍သာ လက်ခံနေရကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီများထံသို့ နေ့စဉ်ဖုန်းဖြင့် ဆက်သွယ်စုံစမ်းခြင်း၊ လူကိုယ်တိုင် လာရောက်၍ ဆက်သွယ်ခြင်း များပြားလွန်းသည့်အတွက် ယခင်ထက်ပို၍ လုပ်သားများအား စိစစ်၍သာ လက်ခံနေကြောင်း ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “အရင်ထက်စာရင် လူစိစစ်ပြီး လက်ခံနေရတာပေါ့။ တကယ် အလုပ်လုပ်ချင်တဲ့လူပဲ ကုမ္ပဏီက ပို့တယ်။ ဘာလို့ဆို အဲဒီလိုမျိုးတွေ သူတို့သွားပြီးတော့ မလုပ်နိုင်ဘဲနဲ့ဆိုရင် အေဂျင်စီ ခေါင်းပဲဆောင့်မှာ။ ဒီလုပ်ငန်းကြီးက ရပ်တန့်သွားမယ်၊ မရပ်တန့်သွားဘူးက ပြောလို့မရဘူး။ တကယ်ပြန်ပြီးတော့ လည်ပတ်နေတဲ့ လုပ်ငန်းမျိုး ဖြစ်နေ တဲ့အတွက်ကြောင့် ကိုယ်က ရမ်းသမ်းပြီးတော့ သူတို့ကို ပို့ပေးလိုက်တယ်။ ဟိုရောက်တော့ အလုပ်မလုပ်နိုင်ဘူး ဆိုရင် အန်တီတို့က customer service ပျက်တယ်လေ ဟိုဘက်နဲ့ကြတော့။ customer service အပျက်မခံနိုင် တာကြောင့် အန်တီကုမ္ပဏီအနေနဲ့ကတော့ စိစစ်ပြီးတော့ လက်ခံပေးနေတာပေါ့” ဟု ပြောသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီကို တွေ့ရစဉ်
ထိုင်းနိုင်ငံသို့ အဓိကအများဆုံး သွားရောက်လိုကြကြောင်း၊ ထို့နောက် မလေးရှားနှင့် ဂျပန်နိုင်ငံကိုလည်း ဒုတိယ ဦးစားပေး အနေဖြင့် သွားရောက်လိုသူ များပြားကြောင်း သိရသည်။
ထိုင်းနှင့်မလေးရှားသို့ သွားရောက်လိုကြခြင်းမှာ ဘာသာစကား စာမေးပွဲ ဖြေဆိုရခြင်းများမရှိဘဲ လွယ်ကူမြန်ဆန် စွာ သွားရောက်နိုင်သည့်အတွက်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြောသည်။
အေဂျင်စီများထံသို့ လာရောက် ဆက်သွယ်စုံစမ်းကြသူ အများစုသည် ပြည်ပနိုင်ငံသို့ အမြန်ထွက်ချင်ကြောင်း၊ အမြန်ထွက်၍ရသည့် နိုင်ငံအား လိုချင်ကြောင်း စသဖြင့် ပြောဆိုကြကြောင်း သိရသည်။
တရားဝင် စေလွှတ်သည့် လုပ်ငန်းဖြစ်သော မည်သည့် ပြည်ပနိုင်ငံသို့မဆို အချိန်အားဖြင့် ကြန့်ကြာမှုရှိပြီး အမြန် စေလွှတ်၍ရသည့် ပြည်ပနိုင်ငံမရှိကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားဦးစီးဌာနရုံးကို တွေ့ရစဉ်
၎င်းက “ကလေးတွေကလည်း အခုလောလောဆယ်သာ သွားချင်တယ်၊ ပြုချင်တယ် ဒါမျိုးဖြစ်နေကြတာ။ ကိုယ်တွေဆီမှာ မရှိဘူးဆိုရင် ရှိတဲ့ ကုမ္ပဏီသွားကြ၊ တချို့ဆိုရင်လည်း လောပြီးတော့ ပွဲစားတွေရဲ့ အောက်လမ်း တွေကနေ အပို့ခံရတာတွေလည်း ရှိတာပေါ့။ တော်တော်များတယ်ပေါ့။ အောက်ကရောက်သွားတဲ့ ကလေးတွေက တော်တော်များတယ်လို့ ထင်တယ်၊ ဘာကြောင့်ဆို အေဂျင်စီတွေမှာက အလုပ်အပ်တယ်ဆိုရင် စည်းမျဉ်းစည်း ကမ်းတွေကို MOU ဆိုလည်း အနည်းဆုံးက စာချုပ်ချုပ်ပြီးမှ ၃ လ၊ ရက်ပေါင်း ၉၀ အတွင်း ထွက်ရတဲ့ စနစ်တွေ ဒါမျိုးရှိတာကို။ ရှိတယ်ဆိုတော့ ဒီမှာက ဟိုဘက် နှစ်နိုင်ငံရဲ့ စာရွက်စာတမ်း တင်ရတာတွေ ရှိတော့ ကြန့်ကြာ တာတွေရှိတယ်။ ဒါပေမယ့် တချို့မစောင့်နိုင်တဲ့ ကလေးတွေကတော့ အောက်လမ်းက ထွက်ကောင်းထွက်နိုင် တာပေါ့” ဟု ပြောသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် လာရောက် ဆက်သွယ် စုံစမ်းသူများအား အလုပ်ခေါ်စာများရှိပါက လက်ခံပေးနေကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် စိုးရိမ်စိတ်ဖြင့် ယခုကဲ့သို့ ဆက်သွယ် စုံစမ်းသူ များပြားလာခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံက သိရသည်။
မြန်မာနိုင်ငံတွင် လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက်သည် ဇန်နဝါရီလ ကုန်ပိုင်း၌ ၅၄၁ ခုသာ ရှိခဲ့ပြီး ယခု ဖေဖော်ဝါရီလ မကုန်မီတွင် ၆ ခု ထပ်မံတိုးလာသဖြင့် လိုင်စင်ရပြည်ပအလုပ်အကိုင် အေဂျင်စီ စုစုပေါင်း ၅၄၇ ခုအထိ ရှိလာကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 358
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ နစက၏ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက်ခဲ့ပြီး တရုတ်ဘက်က Mr. Wang Yubo နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး H.E.Mr. Chen Hai တို့ တက်ရောက်ခဲ့သည်။
ထို့နောက် နယ်စပ်ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်စေရေး၊ နယ်စပ်ဒေသနှင့် ပြည်တွင်း တည်ငြိမ် အေးချမ်းရေး တရုတ်မှ ကူညီဆောင်ရွက်နေမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ စွမ်းအင်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးများမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က MNDA A၊ TNLA၊ AA တို့ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် ရပ်တန့်နေသလို နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု လည်း ပျက်ပြားလျက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 464
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ဖြစ်သည့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ပိတ်မိနေသည့် ကုန်ကားများကို ပြန်လည်ထုတ်ခွင့်ပေးနေကြောင်း ကုန်ကားသမားများထံမှ သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်တင်ကားအစီးရေ ရာနှင့်ချီ၍ ကျင့်စန်းကျော့တွင် ပိတ်မိနေခြင်းဖြစ်သည်။
လက်ရှိတွင် ယင်းကုန်တင်ကားများကို ကိုးကန့်တပ်ဖွဲ့မှ ထုတ်ခွင့်ပေးနေပြီး တရုတ်နိုင်ငံမှတဆင့် ကချင်ပြည်နယ် လွယ်ဂျယ်နှင့် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်မှ ပြန်လည်ထုတ်နေရခြင်းဖြစ်ပြီး ကုန်ကားတစ်စီး လျှင် မြန်မာကျပ်ငွေ သိန်း ၅၀ မှ သိန်း ၇၀ ကျပ်အထိ ကုန်ကျသည်ဟု ကုန်ကားပိုင်ရှင်တစ်ဦးဖြစ်သည့် ကိုသစ္စာ က CNI သတင်းဌာနသို့ ပြောသည်။
“အဆင်ပြေပါတယ်။ အဲဒီဟာက အဓိကကတော့ တရုတ်ဘက်က အေးဂျင့်ကို ငှားရတာပဲလေ။ အေးဂျင့်ကို ငှားပြီး တော့ ကားကို လွယ်ဂျယ်ဘက် မောင်းထုတ်ရတာ။ အခု ထုတ်ပေးတာ ကိုးကန့်က ထုတ်ပေးတာ။ ကိုးကန့်က ထုတ်ပေးတာဆိုပေမယ့် တရုတ်မှာ ကားတစ်စီးကိုဝင်တဲ့ သူ့ပြည်ဝင်ခဆိုတဲ့ သူတို့ရဲ့ အခွန်ခရှိတယ်။ သိန်း ၅၀၊ ၆၀၊ ၇၀ ဆိုရင် ကန်ပိုက်တည်အရောက် ထုတ်ပေးတာပါ” ဟု ပြောသည်။
နယ်စပ်ကနေ ဝင်ရောက်လာသည့် ကုန်ကားများ
သွင်းကုန်တင်သွင်းထားသည့် ကုန်ကားများကို ပြန်ထုတ်ယူရာတွင် ကုန်စည်များကို မူဆယ်ရှိ ဂိုဒေါင်များတွင် ချထားပြီး ကုန်ကားသပ်သပ်ကို ခါလီဖြင့် တရုတ်နိုင်ငံဘက် ပြန်သွင်းကာ ကချင်ပြည်နယ် လွယ်ဂျယ်ဘက်မှ ပြန်ထွက်ကြရသည်ဟု သိရသည်။
တိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက်နှင့် ကျင်စန်းကျော့တွင် ပိတ်မိနေသည့် ကုန်ကားအစီးရေ ၅၀၀ ဝန်းကျင်ရှိပြီး လက်ရှိတွင် အစီးရေ ထက်ဝက်ခန့် ကျန်ရှိနေသည်ဟု ကုန်ကားသမားတစ်ဦးဖြစ်သည့် ကိုကျော်အောင်က CNI သတင်းဌာနသို့ ပြောသည်။
“ကိုယ့်ဆီ ပြန်ရောက်ဖို့ဆိုရင် ကန်ပိုက်တည်၊ လွယ်ဂျယ်ပေါက်က စောင့်တာပေါ့နော်။ အဲဒီကနေ စောင့်တာ သိန်း ၇၀ လောက် ရှိတယ်။ အဓိကတော့ အေးဂျင့်ပါပဲ။ ဟိုဘက်မှာ လုပ်ပေးတဲ့ အေးဂျင့်တွေ ရှိတယ်။ တရုတ်အေးဂျင့် တွေပေါ့နော်။ တရုတ်ပြည်ဘက်ကနေ မောင်းလာပြီးတော့မှ အဲဒီဘက်ကို ထုတ်ပေးလိုက်တာပါ။ အဲဒီကုန်တွေက တော့ မပါပါဘူး၊ ခါလီထုတ်လာတာပါ။ တရုတ်ပြည်ထဲမှာ ပိတ်မိနေတဲ့ကားရယ်၊ အောက်မှာရှိနေတဲ့ ၁၀၅ မိုင် ပေါ့နော်၊ ၁၀၅ မိုင်မှာ ပိတ်မိနေတဲ့ကားတွေရယ် အားလုံးပေါင်း အစီး ၃၀၀ နဲ့ ၅၀၀ ကြားမှာရှိတယ်။ တစ်ဝက် လောက်ကတော့ ကျန်သေးတယ်” ဟု ပြောသည်။
တချို့သော သွင်းကုန်တင်သွင်းထားပြီးသား ကုန်ကားများမှာ ကုန်သည်များက တာဝန်ယူပြီး ထုတ်ပေးခြင်း မရှိသည့်အတွက် ကုန်ကားကို မှီခို၍ လုပ်ကိုင်စားသောက်နေရသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် အခက် တွေ့နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပြီးခဲ့သည့် အောက်တိုဘာလတွင် တိုက်ပွဲကြောင့် ကျင်စန်းကျော့တွင် ပိတ်မိနေသည့် ပို့ကုန်၊ သွင်းကုန် ကားအစီးရေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 438
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအား အရေးယူသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီသာက ပြောကြားခဲ့ခြင်းကြောင့် သတိထားကြရန် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးသူ နေသူများက ပြောကြသည်။
တရားဝင် လာရောက်မည်ဆိုပါက ကြိုဆိုပြီး တရားမဝင် လာရောက်ပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးအေဂျင်စီများဖြင့် ဆွေးနွေးညှိနှိုင်းထားပြီးဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီသာ က ပြောခဲ့သည်။
ယခင်ကတည်းက တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးအရေးယူခြင်းရှိသော်လည်း ယခုကဲ့သို့ ထိုင်းဝန်ကြီးချုပ်မှ ထုတ်ဖော်ပြောကြားလာသည့်အတွက် နယ်စပ်ဒေသများတွင် ပိုမို တင်းကြပ်လာနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီတစ်ခေါက်မှာ တွေ့ရတာက တရားမဝင် ဝင်လာပြီးတော့ သူတို့နိုင်ငံရဲ့ အလုပ်သမားတွေရဲ့ အလုပ်ကို ခိုးတယ်၊ ခိုးတယ်ဆိုတာက ဒီလို သူတို့နိုင်ငံသားတွေအတွက် အလုပ်အကိုင် ရှားပါးမှာစိုးတာကြောင့်။ ဝင်လာတဲ့ အလုပ်သမားတွေက ရတဲ့နည်းနဲ့လုပ်ရင် သူတို့အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်မှာစိုးရတယ်။ လက်ရှိသူတို့မှာ အလုပ်လက်မဲ့နှုန်းက ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သူတို့ဥပဒေမှာကိုက သတ်မှတ်ထားပြီးသား ဘယ်အလုပ်ကို ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်ရမယ်ဆိုတာ။ သူတို့ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တော်တော် များများက မြန်မာတွေ လုပ်လို့မရတဲ့ဟာတွေ။ ဒါပေမယ့် အဲဒါကို ဒီလိုပြောလာတယ်ဆိုတော့ ကိုယ်တွေတောင် နည်းနည်း အံ့ဩသွားတယ်” ဟု ပြောသည်။
တရားမဝင် လာတဲ့ မြန်မာတွေကို ထိုင်းက ဖမ်းဆီးထားစဉ်
ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ထိုင်းနိုင်ငံကို သွားရောက်ခွင့် ဗီဇာလျှောက်ထားမှု သိသိသာသာ မြင့်တက်လာချိန်တွင် ထိုင်းဝန်ကြီးချုပ်မှ ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။
ဖြူးထိုင်းပါတီနှင့် ထိုင်းအစိုးရအဖွဲ့တို့သည် စီးပွားရေးကို အဓိက ဦးစားပေးခြင်းဖြစ်သော်လည်း ထိုင်းနိုင်ငံသား များ၏ အလုပ်အကိုင် အခွင့်အလမ်းများကို မြန်မာရွှေ့ပြောင်း လုပ်သားများမှ လုယူသွားရမည်ကို စိုးရိမ်နေသည့် အပေါ်လည်း ကိုင်တွယ်ဖြေရှင်းနေကြောင်း ထိုင်းဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။
ထိုင်းနိုင်ငံသို့ ယခင်နိုင်ငံရေး တည်ငြိမ်သည့် ကာလကတည်းက တရားဝင်သာမက တရားမဝင် လမ်းကြောင်းဖြင့် ခိုးဝင်မှုများ နေ့စဉ်ရှိနေခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်တွင် တရားမဝင် လမ်းကြောင်းဖြင့် ခိုးဝင်မှု ပိုမို များပြားခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများ က ပြောသည်။
လက်ရှိ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီး နောက်တွင် တရားမဝင် ခိုးဝင်မှု ယခင်ထက် ပိုမိုများပြားလာနိုင် ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ထားကြသည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က “ဝန်ကြီးချုပ် ကိုယ်တိုင်က ထုတ်ဖော်ပြောလာပြီဆိုရင်တော့ နယ်စပ်တွေမှာ ပိုပြီး လုံခြုံရေး တင်းကြပ် လာနိုင်တယ်။ စစ်ဆေးအရေးယူမှု အပိုင်းတွေ ပိုပြီးတော့ ကြပ်ကြပ်မတ်မတ် လုပ်လာနိုင်တယ်လို့ သုံးသပ်လို့ရတယ်။ ဒီဘက်အပေါက်ကို များလာ တဲ့အခါ ဒီဘက်မှာရှိတဲ့ ကရင်ပြည်နယ် KNU ကနေ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ လူငယ်တွေကို ကူညီစောင့်ရှောက်တဲ့ လုပ်ငန်းစဉ်တွေ လုပ်မယ်။ အဲဒါတွေကို ပူးပေါင်းပါဝင်ပြီး နွေဦးတော်လှန်ရေးမှာ ပူးပေါင်း ပါဝင်ဖို့ ဒီလိုလမ်းကြောင်းတွေမှာလည်း သွားလို့ရတယ်။ မဟုတ်ဘဲနဲ့ တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက် လာမယ်၊ ပိုက်ဆံကုန်မယ်၊ တရားမဝင် လမ်းကြောင်းမို့လို့ နယ်စပ်မှာ စစ်ဆေးရေး ဂိတ်တွေနဲ့ တွေ့တဲ့အခါ လူ့ ဂုဏ်သိက္ခာအရလည်း ကျဆင်းတယ်။ ဒါမျိုးတွေ ဖြစ်မယ့်အစားဆိုရင် လူငယ်တွေအနေနဲ့ ဘယ်လိုရွေးချယ်ရင် အကောင်းဆုံး ဖြစ်မလဲဆိုတာကို သေချာစဉ်းစားဖို့ လိုမယ်လို့ အကြံပြုလိုတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။
မြန်မာနယ်စပ်ကို စောင့်ကြည့်နေတဲ့ ထိုင်းလုံခြုံရေးအဖွဲ့ကို တွေ့ရစဉ်
ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများမှ လုပ်သားအင်အား လိုအပ်နေဆဲ ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုမှုကို ဘန်ကောက်ပို့စ်မှ ဖော်ပြထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် မြန်မာလူဦးရေမှာ များပြားနေပြီး နေ့စဉ်ဖမ်းဆီး ခံရမှုများရှိကြောင်း၊ ထို့အပြင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင်လည်း ဗီဇာရရှိရေးအတွက် နေ့စဉ် လူရာပေါင်းများစွာ တန်းစီ၍ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။
ထို့အပြင် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံမှ တိုက်ပွဲရှောင် ဒုက္ခသည်များအား လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးစင်တာများအား နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မဲဆောက်မြို့နှင့် ကရင်ပြည်နယ်မှာ တစ်လအတွင်း အကောင်အထည်ဖော် ဖွင့်လှစ်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ပြောထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 423
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းဘက်သို့ တရားဝင်နှင့် တရားမဝင်လမ်းကြောင်းဖြင့် လူဦးရေ အများအပြား ဝင်ရောက်လာပါက လူ့အခွင့်အရေးနှင့် လုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှု ပိုများလာနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းရှိ မြန်မာများထဲတွင် တရားမဝင် အထောက်အထားမရှိသူများသာမက တရားဝင် အထောက်အထား ရှိသူများမှာလည်း လူ့အခွင့်အရေးနှင့် လုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုကို ယခင်ကတည်းက တွေ့ကြုံ ခံစားနေရခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
ထို့ကြောင့် ယခုကဲ့သို့ ထိုင်းနိုင်ငံထဲ နည်းလမ်းပေါင်းစုံဖြင့် မြန်မာနိုင်ငံသား အများအပြား ဝင်ရောက် လာမည် ဆိုပါက အခွင့်အရေးချိုးဖောက်ခံရမှုပိုမိုများပြားလာနိုင်သဖြင့် တရားမဝင် ခိုးဝင်လာမည့် အထောက်အထားမဲ့ များအပေါ် စိုးရိမ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ထိုင်းက နိုင်ငံရေးမှာလုံးဝပါးနပ်တယ်။ သူတို့ပိုက်ဆံရမယ့်ကိစ္စတွေကိုပဲ ဦးစားပေးလုပ်တာတွေ့ရတယ်။ သူတို့ အကျိုးစီးပွားရေးကိုပဲ သူတို့ရှေးရှုတာဖြစ်တယ်။ လူသားချင်းစာနာတယ်ဆိုတာ သတင်းမီဒီယာထဲမှာပဲ အပေါ်ယံ သွားတယ်။ ဒါကြောင့် ထိုင်းဟာလည်း ကျနော်တို့ နိုင်ငံသားတွေအပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ဂုတ်သွေးစုပ်နေတာ တွေ ရှိတယ်။ ဒီလိုမျိုးခိုးဝင်လာမယ်ဆိုရင် ပိုပြီးတော့မှ ထိုင်းက ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ၊ နှိပ်ကွပ်တာတွေ ဆက်ပြီးတော့မှ ကြုံရနိုင်တယ်။ ပတ်စပို့ရှိတာတောင်မှ အလုပ်ရှင်သူဌေးက ပတ်စပို့မပေးလို့ ဒီအတိုင်းထွက်ရတာမျိုးတွေ၊ လုပ်ခလစာမတရားဖြတ်တာမျိုးတွေ၊ အထောက်အထားမရှိလို့ အဖမ်းခံရရင် ပြည်တော်ကို ပြန်ပို့ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးမှာ ၂ လ၊ ၃ လ၊ ၄ လနေ၊ လူတစ်ယောက်ကို ဘတ် ၅ ထောင် ကနေ ၇ ထောင်ပေးမှ နယ်စပ်ကို ပြန်ပို့တာတွေ၊ ဒါဟာ ထိုင်းနိုင်ငံထဲမှာ ခေတ်အဆက်ဆက် ရှိနေပြီးသား ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ စောင့်ဆိုင်းနေကြသည့် မြန်မာများ
လုပ်ကိုင်နိုင်စွမ်းရှိသည့် လူငယ်၊ လူရွယ်အများစုမှ အလုံးအရင်းဖြင့် အခြားနိုင်ငံများသို့ ဝင်ရောက်သည့်အခါတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ လူကုန်ကူးခံရမှု၊ ငွေကြေးလိမ်လည်ခံရမှု၊ တရားဝင်မှုဆိုင်ရာအရ တစ်ဖက်နိုင်ငံ အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူခံရမှုများကို အဓိကကြုံတွေ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်မှ မြန်မာအများဆုံးရှိသည့် မဲဆောက်နှင့် ချင်းမိုင်ဘက်တို့တွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲကြောင့် ထွက်ပြေးတိမ်းရှောင်သူများ၊ ခိုးဝင်လာသူများ၊ တိုက်ပွဲရှောင်လာသူများကြောင့် လုပ်ငန်းခွင်ထက် လုပ်သားအင်အား ပိုများသည့် အနေအထားကြောင့် အလုပ်အကိုင်အခွင့်အလမ်း အပြည့်အဝ မရကြောင်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
“ပြီးရင် လုပ်ငန်းခွင်ထဲမှာလည်း လူအလုံးအရင်းနဲ့ ဝင်လာတဲ့အခါကြတော့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေ၊ စက်ရုံလုပ်ငန်းခွင်တွေ စသဖြင့်ပေါ့လေ။ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ မူလက လုပ်နေတဲ့ လုပ်ငန်းခွင်တွေထဲမှာ၊ အလုပ်ထဲမှာ ပွတ်တိုက်မှုတွေ ဖြစ်တယ်။ ဥပမာ-အလုပ်ထဲမှာ နေ့စားက ပြောင်းက ဒီနေ့ပေါ်တဲ့ပြောင်းလေးချိုးမယ်ဆိုရင် ပြောင်းချိုးနေ့စားခက ဘတ် ၂၀၀ လို့ သတ်မှတ်ထားတယ်ဆိုရင် အလုပ်သမားနဲ့ အလုပ်ရှင် သဘောတူထားတယ်ဆိုရင် လုပ်သားအင်အားများလာတဲ့အခါကြ ဘတ် ၁၅၀ နဲ့လည်း ချိုးမယ်ဆိုပြီး လုပ်ငန်းခွင်ထဲမှာ ပွတ်တိုက်မှုတွေလည်းဖြစ်တတ်တယ်။ လူမှုရေးပြဿနာတွေ ရှုပ်ထွေးတာ၊ နောက် ကလေးသူငယ်တွေပါလာတယ်၊ ပညာသင်ရမယ့်အရွယ်တွေ ပါလာပြီးတော့ အသက်မပြည့်သေးဘဲနဲ့ လုပ်ငန်းခွင်တွေထဲမှာ ရှိနေတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာတဲ့ အခြေအနေမျိုးတွေလည်း ကြုံရတတ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်အများအပြားသည် ပြည်ပနိုင်ငံ သို့ ထွက်ခွာရန် ကြိုးစားလာကြပြီး ထိုထဲတွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်သူမှာ အင်မတန် များပြားသည်။
ထိုသို့ များပြားလွန်းမှုကြောင့် ဗီဇာလျှောက်ထားရာတွင် တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 462
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်မှ ထွက်ရှိသည့်ဆားကြမ်းကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရန်အတွက် လုပ်ဆောင်မှုများ ရှိနေပြီး ၂၀၂၄ ခုနှစ်အတွင်း တန်ချိန် ၅၀၀၀ တင်ပို့ရန် လုပ်ဆောင်နေကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းထံမှ သိရသည်။
ယခု ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် တန်ချိန် ၅၀၀ ကို တင်ပို့သွားရန်ရှိကြောင်း၊ ထိုတင်ပို့မှု အဆင်ပြေပါက တန်ချိန် ၅၀၀၀ ကို တင်ပို့ရန်အတွက် စာချုပ်ချုပ်ဆိုသွားရန်ရှိသည်ဟု မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမ ဦးတို့နဲ့ ပဏာမစာချုပ် MOU ဆိုပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ အဲဒါကတော့ ပထမအဆင့် တန် ၅၀၀၊ ၂၀၂၄ မှာ တန် ၅၀၀၀၊ နောက်နှစ်မှာ တန် ၃၀,၀၀၀ ဆိုပြီးတော့ အဲဒီလို စာချုပ် MOU ထိုးပါတယ်။ ဒုတိယအဆင့်ကျတော့ ဦးတို့ဆီက တန် ၅၀၀ ကို သူတို့ အရင်ယူမယ်ဆိုပြီးတော့ စာရွက်စာတန်းတွေ လုပ်ခိုင်းနေ တယ်။ အနေအထားကတော့ ပထမအဆင့် ပို့ပြီးလို့ အောင်မြင်ရင် ဒုတိယအဆင့်ကို တန် ၅၀၀၀ ထပ်ပြီးတော့ စာချုပ် ချုပ်ဖို့ရှိတယ်” ဟု ပြောသည်။
မွန်ပြည်နယ်မှ ထွက်ရှိသည့် အဆင့်မြင့်ဆားကြမ်းကို တင်ပို့သွားမည်ဖြစ်ပြီး အဓိကအားဖြင့် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များမှ ထွက်ရှိသည့် အရည်အသွေး ပြည့်မှီသော ဆားများကို တင်ပို့ရန် လျာထားကြောင်း သိရသည်။
တောင်ကိုရီးယားလုပ်ငန်းရှင်များ မွန်ပြည်နယ်က ဆားများကို လာရောက်၀ယ်ယူနေစဉ်
ဆားလုပ်ငန်းတွင် လိုအပ်ချက် ဖြစ်ပေါ်နေသည့် ဆားများ အဆင့်မြင့်သန့်ဇင်ရန်နှင့် အခြောက်ခံရန် စက်များကို သက်ဆိုင်ရာဌာနများမှတဆင့် အထောက်အပံ့ရရန် တင်ပြထားကြောင်း၊ ထို့နောက် အသေးစား လုပ်ငန်းရှင်များ အတွက် ချေးငွေထုတ်ချေးရာတွင် မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းများသည် ဦးစားပေးအဆင့်၌ ပါဝင်ခြင်း ကြောင့် တောင်သူများအနေဖြင့် ဆားများကို အရည်အသွေး မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တောင်ကိုရီးယားမှ ဝယ်ယူသည့် ဈေးနှုန်းသည် မြင့်မားခြင်းကြောင့် လာမည့်နှစ်များတွင် တင်ပို့ရန် သဘောတူထားသည့် ဆားတန်ချိန် ၃၀,၀၀၀ ကို ထပ်မံဝယ်ယူပါက မွန်ပြည်နယ်အတွင်းရှိ ဆားများသာမက ဧရာဝတီတိုင်းများမှ ထွက်ရှိသည့် ဆားများကိုလည်း တင်ပို့သွားမည်ဟု ဦးဝင်းထိန်က ဆက်ပြောသည်။
၎င်းက “နှုန်းထား မြင့်ပါတယ်။ သူတို့ပေးတာက ဥပမာ ဆားကြမ်း တစ်တန် ဘယ်လောက်လဲလို့ တကယ်လို့ အင်တာနက်မှာ ရိုက်ထည့်ရင် ၆၅ ဒေါ်လာလောက် ရှိတာပေါ့နော်။ သို့သော် သူတို့ပေးတာ အဲဒီထက် ပိုပါတယ်။ အကယ်၍ နောက်နှစ် တန် ၃၀,၀၀၀ အထိ သူတို့ တိုးချဲ့ပြီးတော့ ဝယ်ပေးမယ်ဆိုတဲ့အခါကျရင် မွန်ပြည်နယ်က ထွက်တဲ့ ဆားတစ်ခုတည်းနဲ့ မဟုတ်ဘဲနဲ့ ကျန်တဲ့ ဧရာဝတီတိုင်းတို့မှာ ထွက်တဲ့ဆားကိုလည်း တွဲပြီးတော့ ပို့ပေး ရမယ့် အနေအထား ရှိပါတယ်” ဟု ပြောသည်။
တောင်ကိုရီးယားလုပ်ငန်းရှင်များ မွန်ပြည်နယ်က ဆားများကို လာရောက်၀ယ်ယူနေစဉ်
တချို့သော ဆားကွင်းများသည် စံချိန်စံညွှန်း ပြည့်မှီအောင် ထုတ်လုပ်နေမှုများ မရှိသည့်အတွက် ထိုတောင်သူများ အနေဖြင့် ဆားကြမ်းများကို တောင်ကိုရီးယားသို့ တင်ပို့လိုပါက အရည်အသွေးမြှင့်တင်ရန် လိုအပ်သည်ဟု သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆားသန့်မှ သူတို့က ဆားကို သန့်နေမှ သူက ယူမှာတဲ့။ အဲဒါ ကိုယ့်ဆားကို ရောင်းချင်တယ်ဆိုရင် ဆားသန့်သန့် လုပ်ပေးပါတဲ့။ ဈေးကွက်ကို မျှော်ပြီးတော့လေ ကျနော်တို့က သူသတ်မှတ်ထားတဲ့ စံချိန်အတိုင်း ပြည့်မှီဖို့ ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့က သူသတ်မှတ်ထားတဲ့ စံချိန်ကို ပြည့်မှီမှ ကျနော်တို့က ရောင်းဝယ်လို့ ရမှာလေ။ အဆင်ပြေလာနိုင်တာပေါ့လေ။ ကိုရီးယားက ဖြုန်းတဲ့ဈေးကွက်ရတော့ အဆင်ပြေ တာပေါ့ ကျနော်တို့ ဆားတောင်သူတွေ” ဟု ပြောသည်။
မွန်ပြည်နယ်အတွင်း ဆားဧက ၅၀၀၀ ခန့်တွင် ဆားထုတ်လုပ်လျက်ရှိနေပြီး တန်ချိန်အားဖြင့် ၅၀,၀၀၀ ထွက်ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 598
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပို့ကုန်ရငွေနှင့် ပတ်သတ်၍ ပြန်လည်ထိန်းချုပ်မှု ပြုလုပ်လိုက်ကြောင်း ကုန်သည် များထံမှ သိရသည်။
ယခင်က ဆန်၊ ပဲမျိုးစုံ၊ ပြောင်းနှင့် ရော်ဘာတင်ပို့မှုများမှ ရရှိသည့် ပို့ကုန်ရငွေကို စက်သုံးဆီ၊ စားသုံးဆီများ ပြန်လည်တင်သွင်းမည်ဆိုပါက ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို တင်သွင်းခွင့်ပြုထားခြင်းဖြစ်ပြီး ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းထဲကမှ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးဖြင့် ရောင်းချကြရပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ပြင်ပ ပေါက်ဈေးဖြင့် ရောင်းချခွင့်ပြုထားခြင်း ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် မိမိကိုယ်တိုင် စက်သုံးဆီနှင့် စားသုံးဆီများကို တင်သွင်းခြင်းမပြုပါက ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးဖြင့် ရောင်းချရမည်ဖြစ်ပြီး ကျန်ရှိသည့် ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက် ဈေးဖြင့် ရောင်းချကြရမည့်စနစ် ပြန်လည်ဖြစ်သွားသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“ပြောင်းဈေးအနေနဲ့ နည်းနည်း ပြန်အေးမယ်ပေါ့နော်။ ဘာလို့ဆို အရင်တုန်းက ၇၀ နဲ့ရောင်းမယ်။ ၇၀/၃၀ နဲ့ တွက်ပြီးတော့ ဘယ်လောက် ဘယ်လောက်နဲ့ တွက်လို့ရတယ်။ အခုက ကုန်သည်ကိုယ်တိုင် ဆီသွင်းပါဆိုတော့ သွင်းနိုင်တဲ့ ကုမ္ပဏီတွေလည်း ရှိကောင်းရှိနိုင်တယ်။ မသွင်းနိုင်တဲ့ ကုမ္ပဏီတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီတော့ အဲဒီအပေါ်မှာ ၆၅ - ၃၅ နဲ့ ပြန်တွက်၊ နည်းနည်းတော့ အလုပ်တွေ ရှုပ်သွားတာပေါ့။ အရင်ကတော့ ဗဟိုဘဏ်ကို ၃၅ ရာခိုင်နှုန်းသွင်း၊ ၆၅ ရာခိုင်နှုန်းကို import ပြန်သွင်းခွင့်ပြုတယ်ပေါ့နော်။ စက်သုံးဆီတို့ ပြန်သွင်းမယ့်သူတွေကို ပြန်ရောင်းလို့ရတယ်လို့ ပထမက ကြေညာထားတယ်။ ဆီကုမ္ပဏီကြီးတွေကို ရောင်းရင် ၇၀ ရာခိုင်နှုန်းပေးမယ်၊ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းပေါ်မှာမှ ၆၅ - ၃၅ ပြန်ခွဲမယ်။
အခုကျတော့ မဟုတ်တော့ဘူး။ ကိုယ်တိုင် ပြောင်းရောင်း မယ်၊ ကိုယ်တိုင် ဆန်ရောင်းမယ်၊ ကိုယ်တိုင်သတ်မှတ်ထားတဲ့ ကုန်တွေကို သွင်းမယ်ဆိုရင် ၇၀ ရာခိုင်နှုန်းရမယ်။ အဲဒီလိုမှ မဟုတ်ရင် ၆၅ - ၃၅ ပဲ ဖြစ်ပြန်တယ်ပေါ့နော်။ အဲဒီလိုဆိုတော့ ဈေးနှုန်းတွေက လောလောဆယ် ရက်ပိုင်း တော့ အတက်ဘက်မှာ ကမောက်ကမ ဖြစ်ဦးမှာပေါ့” ဟု ပြောသည်။
ယခင်က သတ်မှတ်ပေးထားသည့် ပို့ကုန်ရငွေမူဝါဒတွင် ဆန်၊ ပဲ၊ ပြောင်း တင်ပို့ပြီး စက်သုံးဆီများ ပြန်လည် တင်သွင်းမည်ဆိုပါက ကုန်သည်များအနေဖြင့် ပို့ကုန်ရငွေ၏ ၉၀ ရာခိုင်နှုန်းနီးပါး ပြင်ပပေါက်ဈေးနှုန်းဖြင့် ရရှိခြင်း ကြောင့် ကုန်စည်များကို ဈေးကောင်းပေး၍ ဝယ်ယူထားကြသော်လည်း လက်ရှိတွင် ပို့ကုန်မူဝါဒ ပြောင်းလဲလိုက် ခြင်းကြောင့် ယင်းကုန်စည်များတွင် အကျိုးအမြတ် ရရှိမှု နည်းပါးသွားသည်။
ပို့ကုန်ရငွေ မူဝါဒ ပြောင်းလဲလိုက်ခြင်းကြောင့် ပို့ကုန်တင်ပို့မှုအပိုင်းတွင် ထိခိုက်မှု မရှိသော်လည်း ကုန်သည်များ အကျိုးအမြတ် နည်းပါးသွားခြင်းကြောင့် တောင်သူများတွင်လည်း ဈေးနှုန်းရရှိမှု နည်းပါးသွားမည် ဖြစ်သည်။
ဆန်အိတ်များ သယ်ယူနေစဉ်
ပို့ကုန်ရငွေနှင့် ပတ်သက်၍ မူဝါဒသည် မကြာခဏ ပြောင်းလဲမှု လုပ်ဆောင်နေခြင်းကြောင့် ကုန်သည်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ကြရသည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုမှ ၆၅ - ၃၅ ပြန်ခွဲတော့ နည်းနည်း ပိုရတာပေါ့။ ၉၀ ရာခိုင်နှုန်းနီးနီးလောက်ကို ပိုရတယ် ဆိုတဲ့သဘောပေါ့။ အပြင်ဈေးနဲ့ ရတာပေါ့။ အခုကတော့ ၆၅ ပဲ ရတော့ နည်းနည်းတော့ ကွာသွားတာပေါ့။ ကုန်သည်ကတော့ အဲဒီလို ရုတ်ချည်းရုတ်ချည်းပြောင်းရင်တော့ နည်းနည်း လုပ်ရခက်တာပေါ့။ အခုဈေးကလည်း Fair ဖြစ်ပါတယ်။ ဒီဈေးတွေကို open လုပ်လိုက်ရင်တော့ လွတ်လွတ်လပ်လပ် ဖြစ်မယ်။ ဒေါ်လာဈေးတွေလည်း တအားတက်သွားနိုင်တယ်။ အခုက ထိန်းထားတာပေါ့။ မူဝါဒတွေက တည်ငြိမ်တာတော့ ပိုကြိုက်တာပေါ့ ကုန်သည်တိုင်းက။ ရုတ်ချည်းရုတ်ချည်းပြောင်းနေတော့ နည်းနည်း လုပ်ရကိုင်ရခက်တာပေါ့” ဟု ပြောသည်။
ပို့ကုန်ရငွေ မူဝါဒ ပြောင်းလဲလိုက်ခြင်းကြောင့် ကုန်သည်များအနေဖြင့် အကျိုးအမြတ် ရရှိမှု နည်းပါးသွားခြင်း ကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းချ၍ ဝယ်ယူလာမှုများလည်း ရှိလာနေသည်။
ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးထားသည့် သီးနှံများ တွင်လည်း ဈေးကောင်းရရှိရန်အတွက် မျှော်မှန်းထားသော်လည်း လက်ရှိ ပြောင်းလဲလိုက်သည့် မူဝါဒကြောင့် လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းဖြင့်ပင် တည်မြဲနေရန်အတွက် မျှော်လင့်နေရသည့် အနေအထား ဖြစ်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
“ပြောင်းဈေးနဲ့ ပတ်သက်ရင်တော့ တောင်သူတွေက သွင်းအားစုက တအားတက်နေတော့ ဈေးတော့ လိုချင် တာပေါ့။ အခုပုံစံအနေအထားနဲ့ဆိုရင် ဈေးကနည်းနည်းတက်မယ် အဲဒီလို မှန်းထားတယ်။ အများဆုံးကတော့ နည်းနည်းလေး တက်မယ့်ဘက်ကို မှန်းကြတာပေါ့။ အမှန်ကတော့ ပြောင်းသမားက ပြောင်းလောက်ပဲ။ ရတဲ့ ပိုက်ဆံယူမယ်၊ လိုအပ်တဲ့နေရာ သုံးမယ်ပေါ့။ ပြန်ဝယ်ရင်လည်း ဝယ်မယ်။ ဒီလိုပဲ လုပ်ချင်ကြတဲ့အတိုင်းအတာ။ အခုက ဒီဟာသွားပြီ ဟိုဟာပြန်ယူလာခဲ့ဆိုတော့ အလုပ်ဖြစ်ရင်ကောင်းတယ်၊ အလုပ်မဖြစ်ရင် တစ်မျိုးဖြစ်ဦး မှာလေ။ အဲဒါကြောင့် အဲဒီပုံစံကို မကြိုက်ကြတဲ့သူ များတာပေါ့။ မှန်းဖို့က ပြောင်းဈေးက ချွန်တက်သွားမယ့် ပုံစံတော့ မရှိတော့ဘူး။ အခုပုံမှန်ဈေးအတိုင်းပဲ မြဲနေပါစေလို့ ဆုတောင်းရမလို ဖြစ်နေတယ်” ဟု ပြောသည်။
ယခင်က ပို့ကုန်ရငွေ မူဝါဒကို ဆန်၊ ပဲ၊ ပြောင်း တင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီနှင့် စားသုံးဆီကို တင်သွင်းခွင့်ပြုထားခြင်းဖြစ်ပြီး ရော်ဘာတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို ဓာတ်မြေဩဇာ တင်သွင်းခွင့်ပြုထားခြင်း ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 699
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ပြည်ပနိုင်ငံအသီးသီးသို့ လုပ်သားစေလွှတ်နေသည့်အေဂျင်စီ အားလုံး အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ခေါ်စာ အသစ်တင်ခြင်းများအား ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ပအလုပ် အကိုင်အေဂျင်စီများမှ CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ခေါ်စာအသစ်တင်ခြင်းများအား ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစတင်ကာ ခေတ္တ ရပ်နားလိုက်ခြင်းဖြစ်ပြီး ထိုသို့ရပ်နားခြင်းသည် ဧပြီလအထိဖြစ်ကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ယခု ကဲ့သို့ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက CNI သတင်း ဌာနသို့ ပြောသည်။
“ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ။ Demand တွေက ပြန်တင်လို့ရသွားပြီ။ ဒီနေ့ ၁၁ နာရီမှာ ပြန်ကြေညာပေးတယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ပြည်ပနိုင်ငံအသီးသီးမှ အလုပ်ခေါ်စာအသစ်တင်ခြင်းကို ခေတ္တရပ်ဆိုင်းလိုက်ခြင်းသည် ပြည်သူ့စစ်မှု ထမ်း ဥပဒေနှင့်သက်ဆိုင်နိုင်ဖွယ်ရှိကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီများမှ သုံးသပ်သည်။
သို့သော် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများသည် OWIC ကဒ်အား မဖြစ် မနေ ပြုလုပ်ကြသည့်အခါတွင် ယခင်ထက် လုပ်ငန်းစဉ်ပိုတိုးလာကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများက CNI သတင်းဌာနသို့ပြောသည်။
MOU ဖြင့် ပြည်ပထွက်ခွာကြမည့်သူများ
လက်ရှိတွင် OWIC ကဒ်ပြုလုပ်ရာ၌ ယခင်နှင့်မတူဘဲ လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပေးသည့် စလစ်အား ထပ်မံဖြည့်စွက်ပေးရသော အဆင့်တစ်ခု တိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ ဒါရိုက်တာ ကိုနေဦးကိုက “စစ်မှုမထမ်းမနေရ ဥပဒေအရ ကော်မတီ အသစ်ဖွဲ့စည်းလိုက်ပြီးတော့ အဲဒီလို ဖွဲ့စည်းလိုက်တဲ့ဟာမှာ အဲဒီအဖွဲ့အစည်းရဲ့ ထောက်ခံချက်လိုမျိုး စာ တစ်စောင် ထပ်ပိုလာတာမျိုးပေါ့။ Biometric ဖောင်ဆိုပြီးတော့လေ။ အဲဒီလိုဟာ ထပ်တိုးလာတာ။ နိုင်ငံခြား ထွက်တာ လူငယ်တွေများတာကို။ လူငယ်တွေများတော့ အဲဒီအထဲမှာ လူငယ်တွေ သေချာ စိစစ်ချင်တဲ့ သဘော ရှိပါတယ်။ အဲဒီတော့ ခေတ္တရပ်ဆိုင်းထားပြီးတော့မှ သူတို့ ဘယ်လိုလုပ်မယ်။ ဘယ်နိုင်ငံကို သွားရမယ်။ ဘယ် နိုင်ငံကို ဘယ်နှစ်ယောက် အဲဒီလိုမျိုး စိစစ်ချင်တယ် ထင်တာပါပဲလေ။ ထွက်တဲ့သူတွေကလည်း များနေတာကို နိုင်ငံအလိုက်ကိုလေ။ ဂျပန်တို့ ကိုရီးယားတို့က လစာပိုကောင်းတဲ့အတွက် အဲဒီကိုသွားချင်တဲ့လူတွေများနေပြီး သတင်းမေးတာတွေလည်း များနေတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ထိုင်းသို့ ဗီဇာလျှောက်သည့် မြန်မာနိုင်ငံသားဦးရေ များပြား လွန်းသဖြင့် တစ်ရက်လျှင် ဗီဇာလျှောက်ထားနိုင်သူ လူဦးရေ ၄၀၀ ကိုသာ လက်ခံမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် နစက ဥက္ကဋ္ဌမှ အတည်ပြု သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ စစ်မှုထမ်းရာတွင် အမှတ်စဉ်တစ်ခုလျှင် အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည်ဖြစ်ပြီး တစ်နှစ်လျှင် အင်အား ၆ သောင်းနှုန်းလျာထားကြောင်း၊ အမှတ်စဉ် ၁ တွင် အမျိုးသားများကိုသာ စတင်ခေါ်ယူသွားမည်ဖြစ်ပြီး အမျိုးသမီးများအား အမှတ်စဉ် ၅ မှ စတင်ကာ ခေါ်ယူရန် လျာထားကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 510
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့မှုသည် နှစ်စဉ် တရုတ်နှစ်သစ်ကူး ကာလနောက်ပိုင်း အားကောင်းခဲ့သော်လည်း ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ထက် နည်းပါးလျက် ရှိနေသည်ဟု ကန်ပိုက်တီ နယ်စပ် ကုန်သွယ်ရေးမှ သိရသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကန်ပိုက်တီ နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း၌ ငှက်ပျောတင်ပို့မှုသည် ပြီးခဲ့သည့် နှစ်ထက် လျော့ကျလျက် ရှိနေ သည်ဟု သိရသည်။
ထို့အပြင် ယခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးသည် တိုက်ပွဲများကြောင့် ရပ်တန့်နေရ သည့်အတွက် ကုန်တင်ကားများသည် ကချင်ပြည်နယ်၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဘက်သို့ ရောက်ရှိ လာ၍ ကုန်ကားများပြီး ငှက်ပျောနည်းနေသည့် အခြေအနေ ဖြစ်နေသည်ဟု ကန်ပိုက်တီ ကုန်ကားသမား ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ခြံထဲတော့ ပြန်ဝင်နေကြပြီ။ အခုတော့ စပြီးမှ တင်နေပြီ။ ကျနော်တို့ကြည့်တာ အရင်နှစ်ကိုတော့ မမှီ လောက်ဘူးထင်တယ် ငှက်ပျောကလေ။ နည်းနည်းလေး နည်းနေသလိုပဲ ဒီနှစ်ကလေ။ ကားကလည်း များတဲ့ သဘောမှာ ဖြစ်နေတာ။ ကားကများတော့ အရင်ကလောက် မသွက်ဘူးပေါ့နော် ပြေးရလွှားရတာ။ အရင်နှစ်ဆိုရင် တော့ ၅ ခေါက်လည်းရတယ်၊ ၆ ခေါက်လည်းရတယ်။ အဲဒီလိုမျိုး အနည်းဆုံး ၄ ခေါက်။ အခုနှစ်က ၃ ခေါက် လောက်ပဲရတယ် တစ်လမှ။
တစ်သျှူးငှက်ပျောကို တွေ့ရစဉ်
နောက်ပြီးတော့ ကားတွေက ဒီဘက်ပဲ အကုန်လုံး စုပုံသွားတာ လမ်းကြောင်းက သိပ် မရှိတော့။ မူဆယ်ဘက် ကားတွေလည်း အကုန်လုံး ဒီဘက်ပဲ ထုတ်တာလေ။ ဒီဘက်ပဲ ပြန်လှည့်ထုတ်လာတာ ဟိုဘက် ပိတ်မိတဲ့ကားတွေက။ ဒီဘက်ပဲ ထုတ်လာတော့ သူတို့လည်း မပြန်တော့ဘူး ငှက်ပျောဆွဲ ဘာဆွဲ ဖြစ်သွားတာ။ အဲဒီအတိုင်းပဲ သွားမယ်ထင်တယ်။ တကယ်ဆိုရင်တော့ သူ့ပုံမှန်အချိန်ဆိုရင် ဒီလိုအချိန်ဆို ကျနော် တို့ ဆွဲကောင်းနေပြီ တရုတ်နှစ်ကူး ပြီးပြီဆိုရင်။ ၂ လပိုင်း၊ ၃ လပိုင်း တအားဆွဲကောင်းတာပဲ။ အခုနှစ်က အဲဒီလို လာမလား၊ မလားဘူးလားတောင် မသိနိုင်ဘူး” ဟု ပြောသည်။
ယခုနှစ်တွင် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း၌ ကုန်တင်ကား အစီးရေသည် ယခင်နှစ်များထက် များပြား ပြီး အစီးရေ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။
နေ့စဉ် ငှက်ပျောကား အစီးရေ ၄၀ မှ ၆၀ ကြား ဝင်ထွက်လျက်ရှိနေသည်ဟု ကုန်ကားသမားများက ပြောသည်။
ထို့နောက် ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ငှက်ပျောတင်ပို့မှုသည် ပြီးခဲ့သည့် နှစ်များနည်းတူ အလားအလာ ကောင်းမွန်လျက် ရှိနေသည်ဟု လွယ်ဂျယ် ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုဝိုင်းဝိုင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ကုန်တင်ကားများကို တွေ့ရစဉ်
၎င်းက “ပြန်စနေပြီ အဝင်အထွက်တွေ ပြန်လုပ်ပေးနေပြီ။ ဈေးအတက်အကျကတော့ သူတို့ပေးချင်သလို ပေး နေတာ။ အခြေအနေ ကောင်းတယ်လို့ ပြောလို့ရတယ် ခါတိုင်းနှစ်တွေထက် စာရင်တော့။ ပြီးခဲ့တဲ့နှစ်တွေကတော့ တရုတ်နှစ်သစ်ကူးနောက်ပိုင်းဆို အခြေအနေကောင်းတယ်။ ဒီနှစ်ကတော့ သိပ်တော့ ကွာခြားမှုတော့ မရှိပါဘူး နှစ်တိုင်းလိုပါပဲ” ဟု ပြောသည်။
တရုတ်နိုင်ငံသို့ ငှက်ပျော တင်ပို့ရာသီသည် လာမည့် ဇွန်လတွင် ပြီးဆုံးလေ့ရှိသော်လည်း ယခုနှစ်တွင် ကုန်တင် ကား အရေအတွက်များခြင်းနှင့် ငှက်ပျောထွက်ရှိမှု နည်းခြင်းကြောင့် ယခင်နှစ်များထက် စောပြီး ရာသီကုန်နိုင် ကြောင်း ကုန်ကားသမားများက သုံးသပ်နေကြသည်။
ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ၉ လတာ ကာလအတွင်း တစ်သျှူးငှက်ပျော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၄ သန်းကျော်နှင့် ရိုးရိုးငှက်ပျောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရရှိထားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 490
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
မလေးရှားရှိ အလုပ်ရှင်နှင့် အလုပ်စာချုပ် ချုပ်ဆိုရာတွင် မြန်မာများအား နှစ်မပြည့်ခင် အလုပ်ထုတ်ခြင်း၊ ရပ်ဆိုင်းခြင်းများ ပြုလုပ်ပါက ၃ လစာ လျော်ကြေးပေး၍ နေရပ်ပြန်ပို့ရမည်ဟူသည့်အချက်အား အလုပ်သမားဝန်ကြီးဌာနမှ ထည့်သွင်းထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံအချို့တွင် စီးပွားရေးအခြေအနေကြောင့် ပိတ်သိမ်းလိုက်ရသည့်အခါမျိုးတွင် မြန်မာလုပ်သားများသည် စာချုပ်ပါ လုပ်သက်နှစ်မပြည့်ဘဲ အလုပ်ရပ်နားလိုက်ရခြင်းကြောင့် ယခုအချက်အား ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး လုပ်သားများအတွက် ပို၍ အထောက်အကူဖြစ်သွားနိုင်စေကြောင်း လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
“ဌာနကနေပြီးတော့ စာထုတ်ထားတာပေါ့နော်။ အလုပ်သမားသံအရာရှိကို အကြောင်း ကြားထားတယ်။ တို့အလုပ်သမားတွေ နှစ်မပြည့်ခင်မှာ အလုပ်ကနေ ရပ်ဆိုင်းပစ်တယ်။ ထုတ်ပစ်တယ်ဆိုရင်၊ ဘောင်မဝင်တဲ့ ကိစ္စတွေ အလုပ်ရှင်တွေဘက်က ဆောင်ရွက်လာလို့ရှိရင် ၃ လ လျော်ကြေးပေးပြီးမှ မိခင်နိုင်ငံကို ပြန်ပို့ရမယ်ဆိုတဲ့ စာပိုဒ်လေး အသစ်ထည့်လိုက်တယ်။ အဲဒါလေးက အလုပ်သမားတွေအတွက် နိုင်ငံတော်က စောင့်ရှောက် ပေးလိုက်တာပဲ။ ဒါမျိုးက အလုပ်ရှင်တွေအများကြီး သူတို့လည်း စဉ်းစားသွားလိမ့်မယ် လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာ သိသွားလိမ့်မယ်။ သူတို့ကို ခံဝန်ကတိပါ ထပ်ထိုးခိုင်းလိုက်တယ်။ employment contract မှာ ထည့်တယ်၊ ဒုတိယအချက်က သူတို့ကို သီးသန့်ခံဝန်ထိုးခိုင်းတယ်၊ effective ဆိုတဲ့ စာရွက်မှာ ထိုးခိုင်း ပါတယ်။ အရမ်းကောင်းပါတယ်” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံတွင်လည်း ၎င်းဥပဒေသည် ယခင်ကတည်းက ရှိနေခြင်းဖြစ်သော်လည်း ၎င်းအား ဆန့်ကျင်၍ အလုပ်ထုတ်ခြင်း၊ နေရပ်ပြန်ပို့ခြင်း၊ တာဝန်မှ ရပ်ဆိုင်းခြင်းအား ပြုလုပ်ခဲ့ကြကာ အလုပ်ထုတ်ခံရသည့် မြန်မာ နိုင်ငံသားများစွာရှိခဲ့ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ အကူအညီပေးနိုင်သည့် အဖွဲ့အစည်းမျိုးမရှိဘဲ ကိုယ်ထူကိုယ်ထဖြင့် လိုက်လံ ကူညီပေးသူများသာရှိသောကြောင့် ကူညီဆောင်ရွက်ပေးမှုသည် လုပ်သားအားလုံးကို မလွှမ်းခြုံနိုင်ခဲ့ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အခုအချိန်ကြမှ လူခေါ်လို့ကောင်းအောင် ကောက်ထည့်လိုက်တာလားဆိုတာ မသဲကွဲဘူးပေါ့။ အမှန်မှန်မှာက အေးဂျင့်တို့ လူခေါ်တဲ့ အေဂျင်စီတွေကလည်း ဒီကိစ္စမျိုးမှာ သူတို့အရမ်း အရေးပါပါတယ်။ သူတို့ဦးစီးဦးဆောင် ပြီးတော့ ဒီလိုမျိုး အလုပ်ရှာဖွေပေးပြီးတော့ ထည့်သွင်းပေးတဲ့အနေအထားမျိုးမှာ ဒီလူ တစ်ဦးတစ်ယောက် အလုပ်သမားအယောက်စီတိုင်း အမိမြေပြန်ရောက်တဲ့အထိ ဥပမာ စာချုပ် ၃ နှစ်ဆို ၃ နှစ်၊ ၃ နှစ်မတိုင်ခင်မှာ အခုလိုပြဿနာဖြစ်ပေါ်လာလို့အကြောင်းတစ်ခုခုဆို သူတို့က ဒီကလေးတွေဆီက ငွေကြေး ကောက်ခံယူထားတဲ့ အပေါ်မှာ အမိမြေပြန်ရောက်တဲ့အထိ တာဝန်ယူမှု ရှိနိုင်ခဲ့မယ်ဆိုရင် အရမ်းကောင်းတာပေါ့။ သူတို့ကနေ ဦးစီး ဦးဆောင်လုပ်မယ်ဆိုရင် ဒီဟာတွေက ကိုယ့်နိုင်ငံသား အလုပ်သမားတွေအတွက်ပဲ အကောင်းဘက်ချည်းပဲ သွားမယ်လို့ ကျနော်မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်သည့်အခါ၌ ယခင် လူခေါ်ခွင့်ကျထားပြီးသား အလုပ်ခေါ်စာ အဟောင်းများကိုသာ စေလွှတ်နေခြင်းဖြစ်ပြီး မလေးရှားဘက်မှ မြန်မာလုပ်သားများအား အသစ်ထပ်မံ ခေါ်ယူ ခြင်း မရှိသေးကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံက သိရသည်။
သို့သော် လာမည့် ဧပြီလနောက်ပိုင်းတွင် မြန်မာအပါအဝင် လုပ်သားအသစ်များအား ခေါ်ယူလာနိုင်ဖွယ် ရှိကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သုံးသပ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 601
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံသားများအနေဖြင့် အသက် ၁၈ နှစ်ပြည့်သွားသည့်သူတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် နစက-က ထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်တွင်းမှာ လူသားအရင်းမြစ် လျှော့နည်းကာ ကုန်ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်နိုင်လား မေးခွန်းထုတ်မှုများ ရှိလာနေသည်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် လူငယ်လူရွယ်များသည် စစ်မှုထမ်းရမည်ဖြစ်သလို တချို့သော လူငယ်များသည် ပြည်ပသို့ ထွက်ခွာရန် ပြင်ဆင်လာမှုများ ရှိလာသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်း ကုန်ထုတ်စွမ်းအားအပေါ် သက်ရောက်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အပိုင်းအခြားသည် လူဦးရေး သန်း ၂၀ ခန့် ရှိသော်လည်း အားလုံးကို စစ်မှုထမ်းရန်အတွက် ခေါ်ရန် မဖြစ်နိုင်ကြောင်း၊ သိန်းကဏန်းဝန်းကျင်ခန့်သာ ခေါ်ယူ နိုင်သည့်အတွက်ကြောင့် ကုန်ထုတ်လုပ်မှုစွမ်းအားအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “မြန်မာပြည်မှာနေတဲ့ ၁၈ နှစ်နဲ့ ၃၀ ကြား လူတွေကတော့ အခြေခံဥပဒေအရရော၊ လုံးဝ စစ်မှုထမ်းရမယ့် ခေါင်းစဉ်အောက်ကို ရောက်သွားတာပေါ့နော်။ ဒါပေမယ့် လူတွေထင်သလိုမျိုး အကုန်လုံးတော့ သူက ခေါ်အုံးမှာ မဟုတ်သေးဘူး။ ၁၀ သန်းလောက်ကို ကျနော်တို့က တခါတည်း Training ပေးလို့မှ မရတာ။ အနည်းဆုံး လေ့ကျင့် ရေး သင်တန်းကျောင်းက ၅၀၀၀၊ ၁၀၀၀၀ လောက်ပေါ့ အများဆုံးပေါ့။ အဲဒီဟာတွေနဲ့ပဲ သူတို့ လုပ်နေမှာပေါ့။ ဆိုတဲ့အတွက် လုပ်ငန်းစုက အဲဒီလိုပဲလည်ပြီး ကျန်နေမှာလေ။ ဒီထဲမှာ လည်ပတ်နေတဲ့သူတွေက အကုန်လုံး ရပ် သွားမှာ မဟုတ်ဘူး။ အဲဒီထဲကမှ အစိတ်အပိုင်း တချို့လောက်ပဲ ခဏ ကျောင်းသွားတက်တဲ့ ပုံစံမျိုးပေါ့။ ကျနော် တို့ ရုံးတွေမှာဆိုရင်လည်း ကျောင်းသွားတက်ရင် ခွင့်ပြုပေးရတာမျိုး ရှိတယ်လေ။ ကုန်ထုတ်မှုစွမ်းအားမှာ ကျဆင်းတယ်ဆိုတာကတော့ သိပ်ပြီးတော့ ကျနော်တို့က ခေါင်းထဲမှာ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ တော် တော်များများကလည်း နိုင်ငံခြားထွက်ကြတယ်လေ။ အခုဆိုရင် ဂျပန်ကိုသွားတဲ့သူတွေက လှည်းတန်းမှာ ကျနော် တို့သွားကြည့်တော့ ကားတွေတောင်ပိတ်တယ်။ တစ်ရက်ထဲကို လူ ၅၀၀၀၊ ၁၀၀၀၀ လောက် ရှိတာ။ ဘာမှတော့ မဆန်းဘူး။ ကျနော်တို့ကတော့ ဘာမှ မထိခိုက်ဘူးလို့တော့ မြင်တာပေါ့။ ဒီအချက်တွေအားလုံးကို သုံးသပ်ပြီးမှ ဒါကိုပဲ ကျနော်တို့က focus ထားတာပေါ့နော် ငါတို့အတွက် ဘာထိခိုက်နိုင်မလဲ” ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ပါဝင်သည်။
ထို့အတူ ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံ သားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို ဆိုသည်။
ဆန်အိတ်ထမ်းနေသူကို တွေ့ရစဉ်
ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားသော အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုလိုသည်။
သို့သော်လည်း နိုင်ငံတော်တွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်ခဲ့ပါက ဥပဒေအရ ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်မည်ဟု ဖော်ပြထားသည်။
ဦးစားပေးအနေဖြင့် အသက် ၃၅ နှစ် ပြည့်တော့မည့် သူများကို ပထမဦးဆုံးအနေဖြင့် ခေါ်ယူသွားနိုင်ခြေရှိသော် လည်း လက်ရှိအခြေအနေအရ အသက် ၃၅ နှစ် ပြည့်မည့်သူတိုင်းကိုပင် မခေါ်ယူနိုင်သေးကြောင်း၊ ထို့ကြောင့် လူဦးရေ သောင်းကဏန်းခန့်သာ စတင်ခေါ်နိုင်မည့်သဘော ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက ၃၅ နှစ် ကပ်တဲ့သူတွေ အရင်ဆုံး စခေါ်မှာလေ။ လူငယ်တွေမပြောနဲ့ ၃၅ နှစ် ကပ်တဲ့သူတွေကို အကုန်မခေါ်နိုင်ပါဘူး။ သူ့ဆီမှာ လူဦးရေ ၁ သန်းလောက်ထပ်ဝင်၊ လူဦးရေ ၁ သန်းအတွက် ဘတ်ဂျက် မရှိဘူး လေ။ ဘာလို့ဆို စစ်မှုထမ်းဖို့ဆိုတာ နေရာထိုင်ခင်း၊ အဝတ်အစား၊ equipment၊ အစားအသောက်၊ နေထိုင်စရိတ် အကုန်လိုသေးတာလေ။ အဲဒါတွေ ပြင်ဆင်ပြီးမှ လုပ်လို့ရမှာလေ။ အသုတ် တစ်သုတ်ခေါ်ရင် အဲဒီလောက် ထိခိုက် တဲ့ အရေအတွက် မရောက်နိုင်ပါဘူး။ သိန်းကဏန်းလောက်တောင် မသွားနိုင်တဲ့ကိစ္စပါ။ သောင်းကဏန်းလောက် ပဲ စပြီးတော့ သွားနိုင်မှာပါ” ဟု ပြောသည်။
မြန်မာ့တပ်မတော်က ပြည်သူ့စစ်များကို လက်နက်တပ်ဆပ်ပေးနေစဉ်
စစ်မှုထမ်းရန်အတွက် ခေါ်ယူမည့် လူဦးရေ၏ အရေအတွက်ပေါ် မူတည်ပြီးတော့ ကုန်ထုတ်လုပ်မှုတွင် လုပ်သား ရှားပါးမှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ လူဦးရေ၏ အယောက် ၁၀၀၀ တွင် ၁၀ ယောက်သာ ခေါ်ယူမည်ဆိုပါက သက်ရောက်မှု မရှိသော်လည်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအထက် ခေါ်ယူမည်ဆိုပါက ကုန်ထုတ်လုပ်မှုတွင် လုပ်သားရှားပါးမှု ပြဿနာ ဖြစ်ပေါ်လာနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အတိုင်းအတာ တစ်ခုတော့ ဖြစ်သွားမှာပဲ။ ဒါပေမယ့် ရှိသမျှလူ ဝင်ရမှာလား။ ဒါမှမဟုတ် အခု ကြားနေ တာ အိမ်ခြေ ၇၀၀၊ ၁၀၀၀ အဲဒီလိုရှိတဲ့ရွာကိုမှ ၂ ယောက်၊ ၃ ယောက် အဲဒီလို ခေါ်မယ်ကြားတယ်။ အရေအတွက် ပေါ်မှာ မူတည်ပါတယ်။ ဥပမာဆိုပါတော့ အိမ်ခြေက ၁၀၀၀ ရှိတယ်၊ ၁၀၀၀ ရှိလို့ ၁၀ ယောက်ခေါ်ရင်တော့ သိပ်ပြီးတော့ အန္တရာယ် မရှိပါဘူး။ ၁၀၀၀ ကို ၅၀၀ ခေါ်ရင်တော့ အန္တရာယ် ရှိသွားမှာပေါ့။ ၂၀၀ ခေါ်ရင် အန္တရာယ် ရှိသွားမှာပေါ့။ ၁ အိမ် ၁ ယောက်နှုန်းနဲ့ ခေါ်ရင် ဘယ်သူက အလုပ်လုပ်ကျွေးတော့မှာလဲ။ ဥပမာ အုပ်စုတစ်စုမှာ အိမ်ခြေ ၇၀၀ ရှိတယ်။ အဲဒါကို လူ ၇၀၀ ခေါ်မယ်ဆိုလို့ကတော့ ဖြစ်လည်းမဖြစ်နိုင်ဘူး။ လူ ၇၀၀ ခေါ်ရင် ဒီလူတွေ ရဲ့ စရိတ်ကို ဘယ်လိုကျွေးမလဲ။ မဖြစ်နိုင်ပါဘူး။ တစ်ခုရှိတာက ရှိတဲ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းထက် မကျော်ဘူးဆို ရင်တော့ အန္တရာယ် မဖြစ်လောက်ပါဘူး” ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အလိုက် အဖွဲ့များ ဖွဲ့စည်းရမည့် ဥပဒေ၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားသည့်အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်ရန်၊ စိစစ်မည့် အပိုင်းများကို အချိန်ယူရမည့် အပိုင်းများ ရှိနေခြင်းကြောင့် စစ်မှုထမ်းမှုကို အကောင်အထည်ဖော်ရန် အချိန်ကာလ အားဖြင့် ၃ လမှ ၆ အထိ ကြာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 525
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တရားမဝင်လမ်းကြောင်းဖြင့် ပြည်ပထွက်ခွာမည့် လူဦးရေ နှုန်းထားသည် ပို၍ များလာနိုင်မည်ဟု ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပထွက်ခွာမည့်လူဦးရေ ပိုမိုများပြားလာမည်ကို နစကဘက်မှ ကြိုတင် တွက်ချက်ထားနိုင်သဖြင့် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးလုပ်ငန်းစဉ်များတွင် ပို၍ တင်းကြပ်လာနိုင်ဖွယ်ရှိကြောင်း၊ ၎င်းအခြေအနေကြောင့် တရားမဝင်လမ်းကြောင်းဖြင့် ပြည်ပထွက်ခွာသူဦးရေ ပို၍ များပြားလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေကို အလွှာပေါင်းစုံကနေ လူငယ်တွေ၊ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ထွက်ပြေးလာကြမယ်။ တိမ်းရှောင်လာကြမယ်။ ခိုးဝင်လာကြမယ်။ အဲဒီအပေါ်မှာ မသမာတဲ့ ပွဲစားတွေရဲ့ သွေးဆောင်ဖြားယောင်းမှုအပေါ်မှာ ရောင်းစားခံရတာ၊ လူကုန်ကူးခံရတာ၊ အလိမ်ခံရတာတွေ၊ တစ်ဖက် ထိုင်းနိုင်ငံမှာဆိုရင်လည်း အဖမ်းအဆီးခံရတာတွေ ပိုမိုများပြားလာနိုင်တယ်လို့ သုံးသပ် တယ်။ လက်ရှိ မြန်မာနိုင်ငံထဲမှာ ဥပမာ လူငယ် ၅ သန်းရှိတယ်ဆိုပါတော့။ သူကြေညာတဲ့အတိုင်း ၁၈ ကနေ ၃၅ လူငယ် ဒီအရွယ် ၅ သန်းရှိတယ်၊ ၁၀ သန်းရှိတယ်၊ ၁၅ သန်းရှိတယ်ဆိုလည်း အဲဒီမှာ ပြည်ပနိုင်ငံကို အနည်းဆုံး ခိုးဝင်ကြမှာ ၇၅ ရာခိုင်နှုန်းလောက် ခိုးဝင်ကြမယ်။ ကျန်တဲ့လူငယ်တွေက ခိုးဝင်ရင် အဖမ်းခံရမှာဆိုတော့ တောခို သွားနိုင်တယ်။ လူငယ်တွေရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်ရသလို ပြည်ပကို ခိုးဝင်မယ့် အင်အားဟာလည်း ပိုမို များပြားလာနိုင်တယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့တပ်မတော်သားများ
အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာမည့် မြန်မာနိုင်ငံသားလူဦးရေသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပြည်ပထွက်ခွာမှုနှုန်းထားထက် ပို၍များပြား လာနိုင်ဖွယ်ရှိကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။
ပြည်ပနိုင်ငံသို့ ထွက်ခွာရာတွင်လည်း နိုင်ငံကူးလက်မှတ်တစ်ခုရှိရုံဖြင့် မလုံလောက်ကာ ငွေကြေး၊ ဘာသာစကား၊ အသိမိတ်ဆွေ၊ အလုပ်အကိုင်ကျွမ်းကျင်မှု အစရှိသဖြင့် များစွာလိုအပ်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။
မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ထုတ်ပြန်လာပါက နိုင်ငံတော်ခေါင်းဆောင်ပိုင်းမှ ၎င်းတို့၏ သားသမီးများ၊ သူဋ္ဌေးသားသမီးများ၊ အနုပညာရှင်များ စသည့် ပုဂ္ဂိုလ်တို့မပါဝင်ပါကလည်း ခွဲခြားမှုတစ်ရပ်ဖြစ်ကြောင်း ထောက်ပြကြသည်။
တောင်ကိုရီးယားတွင် စစ်မှုထမ်းရာ၌ ၎င်းတို့၏ တာဝန်သိစိတ်ဖြင့် ပြည်ပရန် ကာကွယ်ရေးအတွက် ကြိုတင် လေ့ကျင့်ထားကြခြင်းဖြစ်ပြီး လူတန်းစား ခွဲခြားမှုမရှိဘဲ သတ်မှတ်သူများအားလုံး စစ်မှုထမ်းရခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပရန် ကာကွယ်ရေးထက် ပြည်တွင်းတိုက်ပွဲများကိုသာ ဦးတည်သဖြင့် မည်သူမျှ စစ်မှုထမ်းလိုကြမည်မဟုတ်ကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေး စင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။
ပတ်စပို့ရုံးရှေ့တွင် တန်းဆီစောင့်ဆိုင်းနေကြသူများ
ယခုကဲ့သို့ ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုလိုက်ပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အကြောင်းကြားလာပါက ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် အထောက်အထား သက်တမ်းများရှိသရွေ့အထိ ပြည်ပ နိုင်ငံများတွင် ဆက်လက်နေထိုင်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကိုရီးယားအသိုင်းအဝိုင်းက မြန်မာတွေ ပြောနေတာကတော့ မြန်မာမှာ ပြည်တွင်းစစ်ပုံစံလိုမျိုး နိုင်ငံရေး အကြပ် အတည်းတွေဖြစ်နေတဲ့အတွက် လူသားချင်းစာနာတဲ့ ဗီဇာကို ထုတ်ပေးထားပြီးဖြစ်တဲ့အတွက် ဒီဗီဇာနဲ့ပဲ သူတို့ ဆက်နေကြမှာပဲ ပြန်မှာမဟုတ်ဘူး။ ဆိုရင် အလုပ်သမားလိုအပ်ချက်ကလည်း ရှိလာမှာ မဟုတ်တော့ဘူး။ သူက နိုင်ငံအလိုက် မြန်မာနိုင်ငံရဲ့အလုပ်သမားက ကိုရီးယားမှာ အနည်းဆုံး ၃ သောင်း ရှိရမယ်လို့ သတ်မှတ်ထားတယ် ဆိုရင် အဲဒီ ၃ သောင်းဝန်းကျင်ကိုပဲ ထားတယ်။ ဒီ ၃ သောင်းထဲက နှစ်ပြည့်လို့ တစ်နှစ်ထဲမှာ ၅ ထောင်ပြန်သွားရင် နောက် ၅ ထောင်ပြန်ခေါ်တဲ့ သဘောမျိုးပေါ့။ အခုဆိုရင် လူတွေက မပြန်တော့ဘူး ဆိုပါတော့။ မပြန်တော့ဘူး ဆိုရင် မြန်မာအတွက် ပေးထားတဲ့ အလုပ်နေရာတွေက ပြည့်နေပြီဆိုရင်တော့ မြန်မာပြည်ကနေ နောက်ထပ် လာဖို့၊ခေါ်ဖို့ဆိုတာတော့ မဖြစ်နိုင်သလောက် ခက်ခဲသွားမယ်။ ကိုယ့်လူအချင်းချင်း အခက်အခဲတွေပိုဖြစ်တာပေါ့ ရှေ့ကမပြန်လို့ နောက်ကလူတွေက လာလို့မရဘူး ဆိုတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအား အတည်ပြုလိုက်သည့်အထဲတွင် အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ် မပြည့်သေးသည့် နိုင်ငံသား၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်မပြည့်သေးသည့် နိုင်ငံသားတိုင်း ပါဝင်ပြီး ကျွမ်းကျင်သူဖြစ်ပါက အမျိုးသားဆိုလျှင် အသက် ၄၅ မပြည့်သေးသူ၊ အမျိုးသမီးဆိုပါက ၃၅ နှစ် မပြည့်သေးသူများ အားလုံးကို ဆိုလိုသည်။