- By CNI
- Category: စီးပွားရေး
- Hits: 391
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ကိုင်ဆောင်ထားသည့် မြန်မာများအနေဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးပါက MOU လုပ်သားအဖြစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ် ထုတ်ယူပြီးပါက စက်ရုံ/အလုပ်ရုံ အစီအစဉ်ဖြင့် အလုပ်သမား သံအရာရှိရုံးသို့ ဆက်သွယ်ကာ MOU လုပ်သားအဖြစ် စာရင်းဝင်ရေး ဆက်လက် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ယခင်က CI သမားများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီးသည့်အခါ၌ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်သာရှိပြီး ယခုကဲ့သို့ MOU လုပ်သားအဖြစ် စာရင်းဝင်ရန် ဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်လိုက်ခြင်း သည် ပြည်တွင်းရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီများအပေါ် သက်ရောက်မှုရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေးကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
CI စာအုပ်ကို တွေ့ရစဉ်
၎င်းက “မြန်မာအေဂျင်စီတွေအတွက် ဆိုးကျိုးတွေ ဖြစ်သွားတာပေါ့။ တချို့တွေဆိုရင် ဒီဘက်နိုင်ငံမှာ ခိုးဝင်ပြီး CI လုပ်တာတို့၊ ဘတ်လုပ်တာတို့ ဒီလိုမသမာတဲ့ လူပွဲစားတွေရဲ့ ကြေညာချက်တွေ၊ သွေးဆောင်းဖျားယောင်းမှုတွေ နဲ့ပဲ အလုံးအရင်းနဲ့ဝင်လာပြီး ဘတ်လာလုပ်မယ်။ ပြီးမှ CI ကနေတဆင့် MOU လုပ်တော့မှာ။ ပြည်တွင်းထဲမှာရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအတွက် ဘာတွေ သွားထိခိုက်မလဲဆိုတော့ deposit တွေ သိန်းပေါင်းများစွာ ပေးထားပြီးတော့မှ အလုပ်မရဘူး၊ Demand မရဘူးပေါ့။ ရတဲ့ demand ကလည်း တစ်ခါ တင်ရင် အရမ်းကြန့်ကြာတာဖြစ်တဲ့အတွက် အလုပ်သမား ခေါ်ဆောင်မှုမှာ ကြန့်ကြာသွားမယ်။ မရနိုင်ဘူး အားနည်းသွားမယ်။ ဒီအပေါ် deposit တွေ ဆုံးရှုံးမယ်၊ ရုံးခန်းလစာ၊ ဝန်ထမ်းလစာ အစရှိသရွေ့အများကြီး ထိခိုက်လာနိုင်စရာ အကြောင်းရှိတယ်” ဟု ပြောသည်။
အဆိုပါ အစီအစဉ်သည် မြန်မာလုပ်သားများ တရားဝင် အထောက်အထားများဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ထိုင်းအာဏာပိုင်များ၊ ထိုင်းလုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်သည့် အစီအစဉ် ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံအတွင်း CI ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားဦးရေ (၁)သန်းကျော်ရှိပြီး ယခုအစီအစဉ်သည် ၎င်းလုပ်သားအားလုံး အကျုံးဝင်မှာဖြစ်ကြောင်းလည်း သိရသည်။
မြန်မာအလုပ်သမားများကို တွေ့ရစဉ်
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အရင်တုန်းကတော့ အဲဒီလိုမဟုတ်ဘူး။ အရင်တုန်းကဆိုတာ CI ထုတ် ပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ကြားကာလမှာ မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးတဲ့ ကာလပေါ့ အဲဒီ အတွက် ယာယီထုတ်ပေးထားတဲ့ ဟာပဲလေ။ နိုင်ငံကူးလက်မှတ် မကိုင်ဆောင်ခင် အဲဒီဟာကို သုံးနေပေါ့။ ဒါပေမယ့် ခုနကပြောတဲ့ အလုပ်သမား သံအရာရှိရုံးကို အကြောင်းကြားပြီးတော့ MOU လုပ်သား အဖြစ်လုပ်တယ် ဆိုတာက တကယ်လို့ အလုပ်သမား အနေနဲ့က သူ့သဘောပဲပေါ့လေ။ သူ့မှာ ရွေးချယ်လို့ ရတာပေါ့။ သူ MOU အလုပ်သမားအနေနဲ့ အေးဂျင့်ကနေ တဆင့် လုပ်ချင်လား၊ ဒါမှမဟုတ်ဘူးဆိုရင်လည်း လက်ရှိအလုပ်ကိုပဲ ဆက်လုပ်နေမယ်ဆိုလည်း ဘယ် အထောက်အထားနဲ့ပဲဖြစ်ဖြစ် လုပ်နေနိုင်လို့ရတာပဲလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
စက်ရုံ/အလုပ်ရုံများ၏ တင်ပြချက်အရ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ကိုင်ဆောင်ပြီး အလုပ် လုပ်နေသော မြန်မာလုပ်သားများအား စက်ရုံ/အလုပ်ရုံများသို့ Mobile Team ဖြင့် သွားရောက်၍ အချက်အလက် ကောက်ယူကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
CI စာအုပ် လုပ်ဆောင်ရာတွင် ပွဲစားများဖြင့် ဆောင်ရွက်ရပြီး ဘတ်ငွေ (၁)သောင်းခန့် ကုန်ကျလျက်ရှိပြီး ယခု ကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် တရားဝင် လုပ်သားများအပေါ် အခွန်ကောက်ခံရန် နည်းလမ်းတစ်ခုအဖြစ် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 432
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉
ပြည်တွင်းရွှေဈေးနှုန်းသည် လက်ရှိတွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် မြန်မာကျပ်ငွေ ၃၉ သိန်းကျပ် အထက်၌ ရောက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းဈေးနှုန်းသည် ကောလာဟလသာ ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ငြင်းပယ်ခဲ့သည်။
ထိုဈေးနှုန်းဖြင့် ရွှေဆိုင်များတွင် အရောင်းအဝယ် လုပ်ဆောင်နေခြင်း မရှိဘဲ YGEA မှ ထုတ်ပြန်သည့် ရည်ညွှန်း ဈေးထက် အနည်းငယ်မြင့်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချနေကြသည်ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ YGEA ထုတ်ပြန်သည့် ဈေးနှုန်းများအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၃,၆၆၁,၀၀၀(၃၆ သိန်းကျော်) ကျပ်တွင် ရှိနေပြီး ရွှေဆိုင်များ၏ အရောင်းအဝယ် ဈေးနှုန်းသည် ထိုဈေးနှုန်းထက် ၂ သိန်းခန့် ကွာခြားလေ့ ရှိသည်ဟု ရွှေဈေးကွက်အတွင်းမှ သိရသည်။
ရည်ညွှန်းဈေးထက် အဆမတန် မြင့်မားသည့်ဈေးဖြင့် ရောင်းချသော ရွှေဆိုင်များကို ၃ လရောင်းချခွင့် ပိတ်သိမ်း သည့်ပုံစံဖြင့် အရေးယူမှုများ လုပ်ဆောင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
၎င်းက “အဲဒါကတော့ ၃၉ သိန်းလည်း မဟုတ်သေးပါဘူး ကောလာဟလတွေပါ။ သွားရောင်းကြည့်ရင် ဘယ်သူမှ မဝယ်ဘူး။ ဝယ်မယ်ဆိုရင် အကုန်လုံး တန်နဲ့ချီပြီးတော့ ရောင်းလိမ့်မယ် ၃၉ သိန်းဆိုတာ။ ဖွနေကြတာ၊ ကောလာဟလတွေ လုပ်နေတာ။ ဈေးအမှန်က YGEA ကတင်တဲ့ ဈေးအပေါ်မှာပဲ နည်းနည်းပါးပါး ကွာတာရှိမယ်။ သူတို့ သတ်မှတ် ထုတ်ပြန်ထားတဲ့ ဈေးနှုန်းနဲ့ တအား ကွာရောင်းတာတို့၊ ဘာတို့ဆိုရင် ဆိုင်ပိုင်ရှင် ပိတ်သိမ်းတာ လည်း ရှိတယ်။ ဆိုင်ပိုင်ရှင် ၃ လ ပိတ်သိမ်းတာလည်း ရှိတယ်၊ ဌာနဆိုင်ရာတွေ အရေးယူ ဆောင်ရွက်နေတယ်” ဟု ပြောသည်။
ရွှေဈေးနှုန်းကို ကောလာဟလများဖြန့်၍ ဈေးနှုန်းဆွဲတင်နေမှုကြောင့် ဈေးကွက်လှုပ်ခတ်နေမှုများ ရှိနေပြီး အရောင်းအဝယ်ပိုင်းတွင် ရပ်တန့်နေသည့် အနေအထား ဖြစ်ပေါ်နေသည်ဟု ရွှေဈေးကွက်အတွင်းမှာ သိရသည်။
တချို့သော ရွှေဆိုင်အများစုသည် အရောင်းအဝယ်ကို ယာယီရပ်နားထားမှုများလည်း ပြုလုပ်နေကြသည်ဟု သိရသည်။
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေသည် ရွှေကို ဝယ်ယူစုဆောင်းထားသူတချို့က အကျိုးအမြတ် ရယူလို၍ ရွှေဈေးကို မြင့်တက်လာစေရန် ကောလာဟလဖြန့်ကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ရွှေလုပ်ငန်း လုပ်ကိုင်သူ အများစုသည် ရွှေဈေးနှုန်း ကျဆင်းခြင်းနှင့် တည်ငြိမ်ခြင်းကိုသာ လိုလားကြသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးအုန်းမြိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
၎င်းက “ဈေးတော့ ကြားနေရတယ်။ အရောင်းအဝယ် ဖြစ်တာမဖြစ်တာကိုတော့ မသိရဘူးလေ။ ဟိုတလောက ၃,၈၈၅,၀၀၀ ဖြစ်သွားတာကိုတော့ ကြားလိုက်တယ်။ အခုနောက်ပိုင်းတော့ ၃၉ သိန်းဖြစ်တယ်တို့၊ ၃၉ သိန်း ပြန်ကျော်တယ်ဆိုတာတော့ သတင်းတော့ ကြားတယ်။ တကယ်အရောင်းအဝယ် ဖြစ်မဖြစ်ကို မသိဘူး။ အဲဒီလို ကောလာဟလတွေကြောင့် ဈေးကွက်ကြီးကလည်း လှုပ်ခတ်နေတဲ့သဘော ဖြစ်နေတာပေါ့နော်။ အဲဒီလူတွေ ကလည်း တကယ့်တကယ်ကျတော့ လိုင်းပေါ်မှာ တင်ပြီး ကြေညာနေတာ အဲဒီလူတွေက ရွှေသမားစစ်စစ်တွေ မဟုတ်ဘူး။ သူတို့က ရွှေဝယ်ထားတယ်ပေါ့နော်၊ ရွှေ ၁ ပိုင်းတန်သည်၊ ၂ ပိုင်းတန်သည်၊ ၃/၄/၅ ပိုင်းတန်သည် ဝယ်ထားရင် ဝယ်ထားမှာပေါ့။ ၁ ပိဿာတန်သည် သူတို့တတ်နိုင်သလောက် ဝယ်ထားမှာပေါ့။ သူတို့ဝယ်ထား တဲ့ရွှေကို မြတ်အောင်လို့ဆိုပြီးတော့ သူတို့က ဈေးကို ဆွဲတင်တက်စေချင်တဲ့သဘောနဲ့ လိုင်းပေါ်မှာ ရေးတယ်လို့ပဲ ထင်တယ်လေ။ ဘာလို့ဆို ရွှေသမားကို ဒီလို ရွှေတက်တာကို ကြိုက်တာမဟုတ်ဘူးလေ။ ဈေးကို ကျရင်ကျ မကျ ရင် ငြိမ်နေမှ။ ဘာကြောင့်လဲဆိုတော့ ငွေများလာလို့ ရွှေကမြတ်တယ်လို့ ယူဆတာမှ မဟုတ်ဘဲလေ။ ရွှေတိုးလာမှ ရွှေသမားက ရွှေမြတ်တာဆိုတော့ ရွှေ ၁ ကျပ်သားကို မြန်မာငွေ ၁ ကျပ်ဆိုရင် ကိုယ့်မှာ ၁ သိန်းရှိတယ်ဆိုရင် ၁၀ ပိဿာဖြစ်ရင်ဖြစ်မယ် ဒီလိုမျိုးတွေနဲ့ တွက်ကြတာလေ အဲဒီလိုမျိုး ရှိတာပေါ့” ဟု ပြောသည်။
ရွှေဈေးနှုန်းကို ထိန်းညှိသည့်အနေဖြင့် ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေလုပ်ငန်းရှင်များကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ရှိသော်လည်း ရွှေဈေးတည်ငြိမ်လာစေရန်အတွက် အထောက်အကူ မဖြစ်သည့်အပြင် ပြည်တွင်း ရွှေဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် စံချိန်တင် ဈေးနှုန်းထက် ကျော်လွန်သော ဈေးတန်းတစ်ခုသို့ ထပ်မံရောက်ရှိလာနိုင်သည်ဟု ရွှေဈေးကွက် လေ့လာသူများက ထောက်ပြနေကြသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ၃၈ သိန်းကျပ် ဝန်းကျင်တွင်သာ ဆက်လက် ရှိနေမည်ဖြစ်ပြီး မိုးတွင်းကာလ ရွှေတွင်းများမှ ရွှေထုတ်လုပ်မှု ရပ်နားချိန်ရောက်မှသာ ရွှေဈေးနှုန်းသည် အပြောင်းအလဲ ဖြစ်လာ မည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 475
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉
မြန်မာ-တရုတ် နယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှ ဝင်ရောက်လာည့် မြန်မာနိုင်ငံသား များပြားလွန်းနေ၍ လက်ရှိ တရုတ်ဘက်တွင် လုပ်ခလစာ ဈေးနှိမ်ခံနေရကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်း များမှ CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် တရုတ်ဘက်အခြမ်းသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများထဲတွင် အခက်အခဲ ဒုက္ခဖြစ်နေသူများ လည်းရှိကြောင်း ၎င်းတို့က ပြောသည်။
နှလုံးလှပရဟိတအသင်း(မူဆယ်)မှ တာဝန်ရှိသူတစ်ဦးက “တရုတ်ဘက်မှာကို ပုံနေတာ မြန်မာနိုင်ငံကလူတွေက။ အဲဒီဘက်မှာ အများကြီးသွားပုံနေတာ။ အလုပ်လက်မဲ့ပဲ။ အလုပ်က တန်းရတာမဟုတ်ဘူး။ အဆက်အသွယ် မရှိ ဘဲနဲ့ မြန်မာနိုင်ငံကလူတွေက ဇွတ်တက်တာပေါ့နော်။ တရုတ်ပြည်လမ်းကြောင်း ပွင့်တယ်ဆိုပြီး အစုလိုက် အပြုံ လိုက်တွေ တက်တက်လာတာ။ ဒီဘက်ရောက်တော့ အလုပ်က တန်းမရဘူး။ တချို့ဆို စရိတ်တွေပျက်၊ တချို့ဆို ပြန်ဖို့၊ တချို့ဆို အလိမ်ခံရ။ အဲဒီလိုတွေ အများကြီးပဲ။ အခုက နှိမ်လို့အရမ်းကောင်းတယ်လေ။ ဒီဘက်က မြန်မာ ပြည်ကလူက အများကြီးသွားတော့ သူတို့က ဈေးနှိမ်တာ။ အရင်တုန်းက တရုတ်ငွေ ၁၈၀၀၊ ၂၀၀၀ လောက်ရတဲ့ ဟာဆိုရင် အခု ၁၅၀၀ လောက်နဲ့ အဲဒီလို သူတို့က လူပါးဝနေတာ” ဟု ပြောသည်။
တရုတ်နိုင်ငံဘက်အခြမ်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်ရာ၌ တစ်နှစ်သက်တမ်းရှိသည့် စာအုပ်အနီဖြင့်လည်း ကောင်း၊ တစ်ခါသုံးကဒ် TBP ဖြင့်လည်းကောင်း ဝင်ရောက်လျက်ရှိကြပြီး သက်တမ်းကျော်လွန် နေထိုင်ကြသည့် မြန်မာနိုင်ငံသား အများအပြားရှိသည်။
တရုတ်ဘက်နေထိုင်ခွင့် စာအုပ်နီကိုတွေ့ရစဉ်
ထိုသို့ သက်တမ်းကျော်လွန် နေထိုင်သူများကို တရုတ်ဘက်မှ ဖမ်းဆီးမှု များပြားနေပြီး လက်ရှိအချိန်အထိ ထောင်ချီ ဖမ်းဆီးရမိထားကြောင်း၊ ၎င်းတို့ သတ်မှတ်ထားသည့် ဥပဒေအား ချိုးဖောက်ပါက ပြစ်ဒဏ်အနေဖြင့် ၁၅ ရက်၊ ၁ လ ချမှတ်ကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းများမှ CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ အခြေအနေများ တရုတ်ဘက်တွင် ဖြစ်ပေါ်နေသည့်တိုင် လက်ရှိတွင် တရုတ်ဘက်အခြမ်းသို့ ဝင်ရောက်လို သည့် မြန်မာနိုင်ငံသား အများအပြားရှိနေပြီး တိုကင်ရရှိရေးအတွက် တန်းစီသူ များပြားကြောင်းလည်း သိရသည်။
ထိုသို့ သွားရောက်လိုသူ များပြားလွန်းသဖြင့် ပွဲစားများ၏ ပေါက်ဈေးများမှာလည်း ၁၀ သိန်းအထက်သို့ ရောက်ရှိ နေကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ဘက် သွားရောက်ရန် တိုကင်ယူနေကြတဲ့ မြန်မာနိုင်ငံသားများကို တွေ့ရစဉ်
၎င်းက “အခုက ဝင်လို့ထွက်လို့ ခက်တယ်။ စာအုပ်အနီရဖို့ပေါ့ တချို့က အသစ်လုပ်တယ်၊ တချို့က သက်တမ်းတိုး တယ်။ အဲဒီမှာ အခက်အခဲတွေရှိတယ်။ လုပ်စားတွေများတာပေါ့။ အပြင်က လုပ်စားလား အတွင်းထဲက လုပ်စား လားတော့မသိဘူး။ လုပ်စားတာတွေများတယ်။ အဲဒီကြတော့ အနီရဖို့ တန်းစီတဲ့လူတွေက အချိန်တွေ အများကြီး နစ်နာတယ်။ တချို့ ပိုက်ဆံပေးပြီး လုပ်မယ်ဆိုတော့လည်း ပိုက်ဆံတွေက အများကြီး တောင်းကြတာလေ။ ပွဲစား တွေ ဈေးကွက်ကတော့ သိန်း ဆယ်နဲ့ချီနေတာပဲ။ ဥပမာ ၁၀ သိန်းကျော်၊ သိန်း ၂၀ ကျော်၊ ၂၈ သိန်း အဲဒီလိုမျိုး ပေါက်တယ်။ လုပ်စားတဲ့ဟာတွေ။ စောင့်လည်းစောင့်ရတယ် ချက်ချင်းလည်းမရပါဘူး အဲဒီဟာတွေ” ဟု ပြော သည်။
လက်ရှိတွင် တိုကင်ရက်ချိန်းများအား ပျမ်းမျှ တစ်ရက်လျှင် ၃၀၀ ကျော်ခန့် ထုတ်ပေးလျက်ရှိကြောင်းနှင့် မူဆယ် ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ မန်ဟျိုး(မန်ဟီးရိုး)နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တို့တွင် နေထိုင်သူများသာ သက်တမ်း ၁ နှစ်ရှိ စာအုပ်အနီကို ပြုလုပ်ခွင့်ရှိခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 579
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ဆန်၊ ပဲ၊ ပြောင်းနှင့် ရော်ဘာတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေနှင့် ပတ်သက်၍ မူဝါဒကို ထပ်မံပြောင်းလဲ လိုက်ခြင်း ကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အခက်ကြုံနေပြီး နစ်နာမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
ယခင်က ပို့ကုန်လုပ်ငန်းရှင်များက ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမည့် ကုမ္ပဏီများကို ပြင်ပပေါက်ဈေးဖြင့် ရောင်းချနိုင်ပြီး ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းအနက် ၆၅ ရာခိုင်နှုနန်းကို ပြင်ပ ပေါက်ဈေးဖြင့်လည်းကောင်း၊ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးဖြင့် ရောင်းချရမည်ဟု သတ်မှတ်ခဲ့သည်။
ထို့နောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပို့ကုန်လုပ်ငန်းရှင်များကိုယ်တိုင် စက်သုံးဆီနှင့် စားသုံးဆီကို တင်သွင်းမည်ဆိုပါက ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို နေ့စဉ်ပေါက်ဈေးဖြင့် ရရှိမည်ဖြစ်ပြီး ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေး ၂၁၀၀ ဖြင့် ရောင်းချရမည်ဟု ပြန်လည်ပြင်ဆင်ခဲ့သည်။
သို့သော် ပို့ကုန်လုပ်ငန်းရှင်များက စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမည့် ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ဖျက်သိမ်းရမည်ဖြစ်ပြီး ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို AD လိုင်စင်ရ ဘဏ်များသို့ တစ်ဒေါ်လာ လျှင် ၃၁၅၀ ကျပ်ဖြင့် ရောင်းချရမည်ဟု ပြန်လည်သတ်မှတ်ထားခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀ ခန့် နစ်နာမှု ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ပို့ကုန်များကို တွေ့ရစဉ်
၎င်းက “Export တစ်ခု ပို့ဖို့ဆိုတာက နိုင်ငံခြားကို ရောင်းပြီးလို့ရှိရင် ကိုယ်ပြန်ရမယ့် ပိုက်ဆံနဲ့ တွက်ချက်ပြီးတော့ ကုန်တွေကို ဝယ်ရတာပေါ့။ ပို့နေလည်း ပို့နေတဲ့သူတွေ ရှိတယ်။ ပို့လုပို့ခင်တွေလည်း ရှိတယ်။ ပို့နေဆဲလည်းရှိ တယ်။ ပို့ဖို့ ကျန်တဲ့သူလည်း ရှိတယ်။ ပို့ပြီး သွားနေတဲ့သူလည်း ရှိတယ်။ ဒီကုန်ပစ္စည်းကလည်း သင်္ဘောငှားတာ တို့ ဘာတို့ အခြားအခက်အခဲတွေပေါ့နော်၊ အခုဆို လမ်းပိုင်းဆိုင်ရာတွေမှာလည်း သွားရေးလာရေးက ရက်တွေ ထောက်တာပေါ့နော်။ လမ်းလုံခြုံရေးက ရက်တွေ နည်းနည်းထောက်တာတွေ၊ သင်္ဘောနဲ့သွားမယ်ဆိုရင်လည်း သင်္ဘောငှားတာတွေ၊ ဆိပ်ကမ်းမှာ တင်တာတွေရဲ့ ဒီကနေ သင်္ဘောတစ်စီးကို တင်တာလည်း ရက်တွေရှိသေး တယ်။ ပြီးတော့ သင်္ဘောတင်နိုင်ဖို့ဆိုတာလည်း ကြိုတင်ပြီးတော့ အရှေ့ပိုင်းမှာလည်း သတ်မှတ်ဈေးတန်းပေါ်မှာ တွက်ချက်ပြီးတော့ ဝယ်ထားတယ်။ အခုချိန်ကျတော့ ဒီလို ဒီအချိန်မှာ ဒီလိုနဲ့ပဲ သွားရမယ်ဆိုတဲ့ အခါကျတော့ ဝယ်ထားတဲ့ဟာ အားလုံးတွေရဲ့ ဈေးတန်းတွေက အမြင့်ဈေးတွေနဲ့ ဝယ်ထားပြီးသား ဖြစ်သွားတယ်။ အခုဈေးနဲ့ ပြန်တွက်မယ်ဆိုရင် တစ်ဒေါ်လာရဲ့ တန်ကြေးနဲ့ ပြန်တွက်မယ်ဆိုရင် ၁၀၀ ကျော်နဲ့ ၃၀၀ ကြားလောက်ကို ပြေးနေ တယ်ပေါ့ ဒါတောင် မငြိမ်သေးပါဘူး။ ဆုံးရှုံးမှု ရှိလားဆိုတော့ exporter တွေမှာ ဆုံးရှုံးမှု ရှိတယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ပို့ကုန်ရငွေ မူဝါဒကို မကြာခဏ အပြောင်းအလဲ လုပ်ဆောင်လာ သည်မှာ လက်ရှိတွင် ၄ ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်။
ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်၍ မူဝါဒများသည် တည်ငြိမ်ရန် လိုအပ်ပြီး အနည်းဆုံး ၆ လအထိ တည်ငြိမ်မှသာ ဈေးကွက်ချိန်ညှိခြင်းနှင့် အကျိုးအမြတ်များ အဆင်ပြေမည်ဟု ကုန်သည်များက ထောက်ပြကြသည်။
လက်ရှိ ပို့ကုန်ရငွေ မူဝါဒ အပြောင်းအလဲကြောင့် ကုန်သည်များ အကျိုးအမြတ်ရရှိမှု နည်းပါးသွားခြင်းကြောင့် ပြည်တွင်း ဆန်၊ ပဲ၊ ပြောင်းနှင့် ရော်ဘာ ဈေးနှုန်းများအပေါ်တွင် ဈေးနှုန်းများကျဆင်းမှု ဖြစ်ပေါ်လာမည်ဖြစ်ပြီး တောင်သူများအပေါ်တွင် သက်ရောက်မှု ဖြစ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ပို့ကုန်မူဝါဒများသည် တည်ငြိမ်ရန်လိုအပ်ပြီး ငွေကြေးလဲလှယ်မှုနှုန်း သတ်မှတ်ရာတွင်လည်း ကွာဟမှု မဖြစ်ပေါ်စေရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။
ပို့ကုန်များကို တွေ့ရစဉ်
၎င်းက “အခုကတော့ သူတို့ တွက်ကြည့်လိုက်တာ ၃၁၀၀ နဲ့ ၆၀/၇၀ လောက်တော့ ပျမ်းမျှ ရကြတယ် ပြောပါ တယ်။ အရင်က ၃၃၀၀ လောက်အထိကို ပျမ်းမျှရကြတယ်၊ ၃၂၀၀။ ၃၃၀၀ လောက်အထိ။ သူက မူဝါဒ မတည်ငြိမ် တာပေါ့။ ရတုန်းကလည်း သူတို့ ပိုပေးတုန်းကလည်း ပို့ကုန်သမားတော့ ရတာပေါ့။ အခုလို လျှော့လိုက်တော့ လည်း ပို့ကုန်သမား နစ်နာတာပေါ့။ အရင်တုန်းကလည်း သူတို့ ပိုပေးတဲ့ဟာတွေ ရှိပါတယ်။ အဲဒီတုန်းကတော့ ပို့ကုန်သမားတွေ သာပါတယ်။ အခုကျတော့လည်း ပို့ကုန်သမားတွေ နစ်နာတာ ရှိပါတယ်။ မူဝါဒ တည်ငြိမ်ဖို့ လိုတာပေါ့။ ကျနော်တို့ဘက်ကတော့ ပုံမှန်ရောင်းထားတဲ့ဟာတွေက၊ မပို့မဖြစ် ပို့ရတဲ့ဟာတွေကတော့ ပို့ရတာ ပေါ့၊ နစ်နာတာတွေတော့ ရှိပါတယ်။ မူဝါဒတော့ တည်ငြိမ်ဖို့ လိုတယ်။ နောက် သိပ်ပြီး အဟမဖြစ်ဖို့ပေါ့။ တစ်ခါ တလေ အရမ်းရသွားတာ ရှိတယ်။ အရမ်း သာတယ်တဲ့အခါရှိတယ်။ အရမ်းနာတဲ့အခါ ရှိတယ်။ အဲဒီလိုမျိုး မဖြစ်ရင်တော့ ပိုအဆင်ပြေတာပေါ့” ဟု ပြောသည်။
လက်ရှိ ပို့ကုန်ရငွေ မူဝါဒ ပြောင်းလဲလိုက်ခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် နစ်နာမှုများ ဖြစ်ပေါ်ခဲ့သော် လည်း စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမည့် သွင်းကုန်လုပ်ငန်းရှင်များကတော့ အနည်းငယ် သက်သာမှုရှိသည့် အနေအထား ရှိသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မူဝါဒကို တည်ငြိမ်အောင် လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ မူဝါဒ ပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံခြားငွေ ဈေးကွက်ကိုလည်း ထိန်းညှိရန် လိုအပ်သည်ဟု ကုန်သည်များက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 281
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ထိုင်းသို့ ထွက်ပြေးခိုလှုံလာသည့် မြန်မာများအား လူသားချင်းစာနာထောက်ထား၍ ယာယီ အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရသို့ လွှတ်တော်အမတ်တစ်ဦး၏ တောင်းဆိုမှုသည် ချက်ချင်းဖြစ်လာနိုင်ရန် မလွယ်ကူကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအတိုက်အခံပါတီဖြစ်သည့် FAIR ပါတီမှ လွှတ်တော်အမတ် ခန်နာဝီဆူဘ်ဆန်းက ပြီးခဲ့သည့် သီတင်းပတ်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စအားကိုင်တွယ်ရန် ထိုင်းအစိုးရအနေဖြင့် လာမည့် ၆ လအတွင်း အရေးပေါ် အခြေအနေ တုံ့ပြန်ရန် အစီအမံတစ်ခု ချမှတ်ထားသင့်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
ထိုသို့ တောင်းဆိုမှုမျိုး ယခင်ကလည်းရှိခဲ့ပြီး ဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပေးရေးကို လက်တွေ့လေ့ကျင့်မှု များရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် အချို့သောအကြောင်းတရားများကြောင့် အလုပ်မဖြစ်သွားခြင်းနှင့် ကြုံတွေ့ခဲ့ ရကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဆိုတစ်ခုကိုတင်သွင်းတယ်ဆိုရင် လွှတ်တော်ထဲမှာ ဆွေးနွေးကြတာပဲ။ ဆွေးနွေးတဲ့အခါ ဒီတစ်ခုတည်းနဲ့ အလုပ်သမားရေးရှုထောင့်၊ စီးပွားရေးရှုထောင့်ကနေ မဟုတ်ဘူး။ အထူးသဖြင့် ဒီမှာဆို ပြည်ထဲရေးဝန်ကြီးဌာန ရှိမယ်၊ ပြီးတော့မှ အလုပ်သမားအရေးဝန်ကြီးဌာနရှိမယ်။ အဲဒီဌာနတွေကနေ သူတို့ရဲ့ ဆိုင်ရာဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကြည့်ပြီး လိုအပ်ချက်ကိုကြည့်ပြီးမှ အတည်ပြုတယ်ဆိုရင် cabinet resolution ဆိုပြီး တစ်ခု ကျလာမယ်။ အဲဒီဟာကို တော်ဝင်မိသားစုပေါ့ ဘုရင်ကနေ ထပ်ပြီးတော့ အတည်ပြုထောက်ခံတဲ့ဟာ လုပ်ပေး ရတယ်။ အဲဒီမှ ဒီဟာကအသက်ဝင်တယ်။ ချက်ချင်းကြီးတော့ အဲဒီဟာ ဖြစ်ဖို့ဆိုတာက မလွယ်ဘူး။ ဒါပေမယ့် ပြောလို့တော့မရဘူး” ဟု ၎င်းက ပြောသည်။
FAIR ပါတီမှ လွှတ်တော်အမတ် ခန်နာဝီဆူဘ်ဆန်း
လက်ရှိတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆောင်ရွက်မှုကို ထိုင်းနိုင်ငံမှ ဦးဆောင် ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ၎င်းအစီအစဉ်သည် နစက၊ EAOs အဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများကို ဦးတည်သွားစေနိုင်ကြောင်း ဖေဖော်ဝါရီ လဆန်းပိုင်း၌ ထိုင်း နိုင်ငံခြားရေး ဒုဝန်ကြီး၏ ပြောဆိုမှုကို The Straits Times သတင်းက ဖော်ပြထားသည်။
၎င်းအခြေအနေများကြောင့် တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်လာပါက ထိုတောင်းဆိုမှုသည် အကောင်အထည် ပေါ်ပေါက်လာနိုင်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက သုံးသပ်သည်။
ထို့အပြင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်တွင် ယာယီအလုပ်လုပ်ခွင့်အား စတင်ထုတ်ပေးခဲ့ခြင်း ဖြစ်သည့်အတွက် ခွင့်ပြု၍ရကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“၂၀၀၁ ခုနဲ့ ၂၀၀၂ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်မှာတုန်းက အများပြည်သူနားလည်ထားတဲ့ ယာယီအလုပ်သမားလက်မှတ်လို့ခေါ်တာပေါ့။ လွှတ်တော်အမတ် အတိုက်အခံအမတ် တောင်းဆိုလိုက်တဲ့ ယာယီအလုပ်လုပ်ခွင့်ပေးပါလို့ စကားလုံးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က ဝန်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်မှာ ထုတ်ပေးခဲ့ဖူးတာရှိတယ်။ ဆိုတော့ အလုပ်သမားလက်မှတ်ဆိုတဲ့ ဘတ်ပန်းရောင်ကဒ်ကလေး တစ်ခုနဲ့ ထိုင်းနိုင်ငံတစ်ခုလုံး လွတ်လပ်စွာသွားလာလို့ရပြီးတော့ မြန်မာပြည်သူတွေ ဝင်လာတဲ့သူတွေ အစုလိုက် အပြုံလိုက် ယာယီအလုပ်လုပ်ခွင့်ရတာ တွေ့ရတယ်။ ဒါကြောင့် ဒီအတိုက်အခံပါတီရဲ့ တောင်းဆိုချက်ဟာ အချည်းအနှီးမဖြစ်သလို သမိုင်းအစဉ်အလာတစ်ခုလိုလည်း ရှိခဲ့သလို သူ့နိုင်ငံရဲ့တည်ဆဲဥပဒေအရလည်း ခွင့်ပြု မယ်ဆိုရင် ခွင့်ပြုလို့ရတယ်ဆိုတာကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းမြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်များ
ထို့အပြင် ထိုင်းဝန်ကြီးချုပ် ဆရီသာ က ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများအား အရေးယူမည်ဟု ထုတ်ဖော်ပြောကြားထားသည်။
သို့သော် FAIR ပါတီမှ လွှတ်တော်အမတ် ခန်နာဝီဆူဘ်ဆန်းက မြန်မာများသည် တရားမဝင် ဝင်ရောက်လာခြင်း မဟုတ်ကြောင်း၊ တိုက်ပွဲများအကြား အသက်လုပြေးလာသူများဖြစ်ကြောင်း၊ စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှားရန် ရောက်လာခြင်းဖြစ်သဖြင့် လူသားချင်း စာနာမှုအရ ထည့်သွင်းစဉ်းစားသင့်ကြောင်းလည်း တိုက်တွန်းထားသည်။
မြန်မာဒုက္ခသည် သိန်းချီခိုလှုံနေသည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲတွင် “လူသားချင်းစာနာမှုဆိုင်ရာရှေ့ပြေး အစီအစဉ်”အား ထိုင်းအာဏာပိုင်များက မတ်လအတွင်း စတင်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ထောက်ပံ့မည့် ပစ္စည်းများအား တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် သတ်မှတ်ထားသည့်နေရာ၌ လုံခြုံရေးနှင့် အခြားစစ်ဆေးမှုများ ပြုလုပ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လက်ခံရယူကာ ပြန်လည်ထောက်ပံ့ပေးသွားမှာ ဖြစ်သည်။
၎င်းပစ္စည်းများ မြန်မာဘက်အခြမ်းသို့ ရောက်ရှိချိန်တွင် မည်ကဲ့သို့ ကိုင်တွယ်သွားမည်ဆိုသည့် အပိုင်းနှင့် ပတ်သက်၍ စိုးရိမ်ရခြင်းရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီးက Thai PBS သတင်းတွင် ပြောကြားဖူးသည်။
- By CNI
- Category: စီးပွားရေး
- Hits: 434
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ပြည်တွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများသည် လက်ရှိတွင် သွင်းအားစုဖြစ်သည့် အစာဈေးနှုန်း၊ သယ်ယူပို့ဆောင် ရေးစရိတ်နှင့် အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်မှုများကြောင့် ကုန်ကျစရိတ် မြင့်မားကာ အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
ငါးစာအဖြစ် အဓိကကျွေးသည့် ဖွဲနုဈေးသည် ယခင်က တစ်အိတ်လျှင် ၈၀၀၀ ကျော်သာ ရှိသော်လည်း လက်ရှိ တွင် ၂၀၀၀၀ ကျပ်ခန့် ဖြစ်ပေါ်နေကြောင်း၊ အစာဖိုးအနေဖြင့် တစ်ရက်လျှင် ၄ သောင်းခန့်ရှိပြီး ယင်းငါးများ ရောင်းတန်းဝင်ချိန်အထိ ၆ လမှ ၁၀ လအထိ ကျွေးမွေးရသည်ဟု သိရသည်။
ထို့နောက် ငါးဈေးသည် အစာဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ လိုက်ပါမြင့်တက်ခြင်း မရှိသည့်အတွက် ငါး မွေးမြူမှုများကို ရပ်နားလာကြသည်ဟု ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးစန်းငွေက CNI သတင်းဌာနသို့ ပြောသည်။
“လက်ရှိ ငါးမွေးမြူရေး အခြေအနေတွေကတော့ ဘယ်လိုရှိလဲဆိုတော့ မွေးမြူရေးသမားတွေကတော့ အကုန်လုံး အရှုံးနဲ့ ရင်ဆိုင်နေရတာပေါ့ဗျာ။ အထူးသဖြင့် ငါးမွေးမြူရေးသမားတွေက အခုဆိုရင် တချို့ဆိုရင် မမွေးနိုင်တော့ တဲ့ ကန်တွေ အများကြီး။ ဘာလို့လဲဆိုတော့ အစားဖိုးနဲ့ ငါးဈေးနဲ့က မကိုက်ဘူး ဖြစ်နေတာပေါ့။ ငါးကပေါတယ်၊ စရိတ်ကမြင့်တယ်၊ ငါးဈေးက အရမ်းနိမ့်နေတော့လေ။ ရန်ကုန်ဆိုရင် ကျနော်တို့ နယ်ထက်တောင်မှ နိမ့်နေသေး တယ်၊ ရန်ကုန်တင်လို့လည်း မကိုက် အဲဒီလိုမျိုး ဖြစ်တယ်။ အခုဖြစ်နေတာက အစာဖိုးကုန်ကျစရိတ်နဲ့ ဖမ်းလို့ ရတာနဲ့က မကိုက်ဘူးဖြစ်နေတာပေါ့ အခုငါးဈေးက။ ငါးဈေးက ဘယ်လိုဖြစ်လဲဆိုတော့ ဟိုတုန်းက ဖွဲဈေး ၈ ထောင်တုန်းက ငါးဈေးက ၃၅၀၀ ရောင်းရတယ်။ အဲဒါကျတော့ ကိုက်တယ်ပေါ့နော်။ သူ့ဟာနဲ့သူ မဆိုးဘူး တန်တယ်ပေါ့။ အခု ဖွဲဈေးက ၂ သောင်းဖြစ်တဲ့အချိန်မှာ ငါးဈေးက ၄၈၀၀ ပေါ့နော် အဲဒီလို ဖြစ်တယ်ဆိုတော့ တွက်ခြေမကိုက်ဘူးပေါ့။ ဖွဲဈေး ၂ သောင်းလောက် ဖြစ်တဲ့အချိန်မှာ ငါးဈေးက ၇ ထောင်လောက်အထိမှ မရောင်းရရင် မကိုက်ဘူးပေါ့” ဟု ပြောသည်။
အစာဈေးကြီးခြင်း၊ ထပ်မံရင်းနှီးဖို့ရန် နည်းပါးခြင်းနှင့် ဈေးကွက်မရှိခြင်းသည် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်နေ သည်ဟု ငါး၊ ပုစွန်မွေးမြူသူများက ပြောသည်။
ငါးများကို ပိုက်ကွန်ဖြင့် ဖမ်းနေစဉ်
ယခင်က ပြည်တွင်းမှ မွေးမြူသည့် ငါးများကို တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုရှိသော်လည်း လက်ရှိ တွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တင်ပို့၍ မရတော့ ကြောင်း သိရသည်။
ထို့ကြောင့် ငါးဈေးကွက်သည် လျော့နည်းလာပြီး ငါးမွေးမြူသူများ အရှုံးနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိ တွင် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦးတွင် ၉ ဦးမှာ အဆိုပါလုပ်ငန်းများကို ရပ်နားပြီး ငါးမွေးကန်နေရာ တွင် စပါးစိုက်ပျိုးမှု ပြုလုပ်လာကြသည်ဟု သိရသည်။
ထိုသို့ ငါးမွေးမြူသူ လျော့နည်းလာခြင်းကြောင့် နောင်တွင် ငါးထွက်ရှိမှု နည်းပါးသည့်တိုင် ငါးစားသုံးမှုပိုမို များပြား လာပါက ငါးဈေးနှုန်းသည်လည်း ပြန်လည်ဦးမော့လာနိုင်သည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ငါး မွေးမြူရေးလုပ်ငန်းရှင် ကိုမြတ်သိန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“အစာကုန်ကျစရိတ်က ကြီးမြင့်လာတော့လေ ငါးမွေးတဲ့အခါကျတော့ အဓိက အစာကုန်ကျစရိတ်က ရာခိုင်နှုန်းက ၇၀/၇၅ ရာခိုင်နှုန်းလောက် ဖြစ်နေတာကိုး။ အဲဒီတော့ ငါးတစ်ပိဿာ ထုတ်လုပ်မှုစရိတ်က ငါးတစ်ပိဿာ ရတဲ့ ဈေးနဲ့ မကိုက်တော့ဘူး။ အဲဒါကြောင့်မို့လို့ ငါးသမားတွေက တော်တော်များများ ရပ်ကုန်ပြီးတော့လေ ငါးကန် တွေမှာ စပါးပြောင်းစိုက်နေကြတယ်။ စပါးဈေးကောင်းရင် ငါးမွေးတောင်သူကလည်း ငါးထပ်မွေးမှာမဟုတ်ဘူး။ စပါးဈေးကောင်းတော့ စပါးစိုက်ကြမှာပေါ့။ အဲဒီအခါကျရင်တော့ ငါးဈေးကလည်း သူ့ဟာသူ ပြန်ကောင်း လာမှာပေါ့။ ဘာလို့ဆို ငါးထုတ်လုပ်မှုစရိတ်က မြင့်ပေမယ့်လည်း ငါးမွေးတဲ့သူက နည်းသွားတဲ့အတွက်ကြောင့် မို့လို့ ငါးထွက်တဲ့ supply နည်းသွားမယ်ပေါ့။ အဲဒီအခါကျရင် Demand က များနေရင်တော့ ငါးဈေးက ပြန်တက် လာမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ငါးမွေးမြူရေးအပြင် တခြားသော မွေးမြူရေးလုပ်ငန်းများသည်လည်း ထုတ်လုပ်မှုစရိတ်ကြီးမြင့်ပြီး အရှုံးပေါ်နေခြင်းကြောင့် တိုးချဲ့လုပ်ကိုင်သူ မရှိတော့ဘဲ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာကြသည်။
မွေးမြူရေးလုပ်ကိုင်သူ နည်းပါးလာခြင်းကြောင့် မွေးမြူရေးလုပ်သားများ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းသည်လည်း ဆက်လက်မြင့်တက်လာကာ တချို့သော မွေးမြူရေးလုပ်သားများသည် စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံများ သို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 381
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူ ယခင်ကထက် ပိုမို များပြားလာကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီး နောက်ဆက်တွဲ အနေဖြင့် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားများအပေါ် ပိုမို တင်းကြပ်လာသော်လည်း မလေးရှားတွင် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ လုပ်ဆောင်လာခြင်းမျိုး မရှိသေး ကြောင်း မလေးရှား၌ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာအတွက်ရယ်လို့ သီးသန့် ဘာမှလုပ်ဆောင်မှု မရှိပါဘူး။ အခု အဖမ်းအဆီးတွေကလည်း နိုင်ငံခြား သားအလုပ်သမား တရားမဝင်အလုပ်သမား နိုင်ငံခြားသားအားလုံး အဲဒီလိုဖမ်းဆီးတာပဲ ရှိပါတယ်။ မြန်မာအတွက် ဆိုပြီး သီးသန့်အဲဒီလို လုပ်ဆောင်တာမျိုးတွေ မရှိဘူး။ တရားမဝင် ဝင်ရောက်တာကတော့ အရင်ကလိုပါပဲ သို့ပေမယ့်လည်း အခုနောက်ပိုင်းမှာ ပိုများလာတယ်လို့ ထင်ရတယ်။ နယ်စပ်မှာလည်း အဖမ်းအဆီးတွေက ဟိုး အရင်ကတည်းက ရှိခဲ့သလို၊ အခုနောက်ပိုင်းမှာလည်းရှိပါတယ်။ ဖမ်းမိရင်လည်း တစ်ဖွဲ့တစ်ဖွဲ့ဆိုတာ အနည်းဆုံး ၁၀ ယောက်အဖွဲ့ အဲဒီလိုမျိုးပေါ့။ ဖမ်းဆီးမှုတွေကတော့ နေ့တိုင်းရှိနေတာပဲ။ ဝင်ရောက်လာတာလည်း မြန်မာပြည်ကဆိုရင် နေ့တိုင်းလိုလို ရှိနေတာပေါ့။ ကျနော့်စိတ်ထင် အခုနောက်ပိုင်း နည်းနည်း ပိုများ လာတယ်လို့ တော့ ထင်တာပဲ။ အဖမ်းအဆီးခံရတဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့ ခန့်မှန်းကြည့်တာ” ဟု ပြောသည်။
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် နေထိုင်သူတွေကိုတွေ့ရစဉ်
မလေးရှားရှိ တရားမဝင် မြန်မာအများအပြားသည် CI အစီအစဉ်ဖြင့် နေရပ်ပြန်ခွင့်ပြုရေးကို စောင့်မျှော်နေကြခြင်း ဖြစ်ပြီး လာမည့် မတ်လ ၁ ရက်နေ့မှ စတင်ကာ မြန်မာအပါအဝင် နိုင်ငံခြားသား အထောက်အထားမဲ့များ၊ Overstay သမားများ မည်သူမဆို နေရပ်ပြန်ခွင့်ပေးမည်ဟု ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုအစီအစဉ်အား မလေးရှားပြည်ထဲရေးဝန်ကြီးမှ ထုတ်ဖော်ပြောကြားချိန်၌ မြန်မာနိုင်ငံဘက်တွင် ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးသဖြင့် နေရပ်ပြန်လိုသူ များပြား လျက်ရှိသလို ၎င်းအစီအစဉ်အား ကြိုဆိုကြသည်။
သို့သော် ယခုအခါတွင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးသဖြင့် နေရပ်ပြန်လိုသူ နှုန်းထားအား စောင့်ကြည့်ရမည် ဖြစ်ကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးအလှူရှင်အဖွဲ့မှဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် နေထိုင်သူတွေကိုတွေ့ရစဉ်
၎င်းက “နေထိုင်ခွင့်ပါမစ်တွေက ၁၂ လပိုင်းမှာ ရပ်သွားပြီ။ ဆက်လည်း မပေးတော့ဘူး။ အဲဒီတော့ ပြန်ဖို့ကိုလည်း မပေးသေးဘူး။ ဒါပေမယ့် အခုလကုန်မှာ ပြန်ခွင့်ပေးမယ်။ overstay ဒီမှာ တရားမဝင် နေထိုင်တဲ့သူတွေ အမိမြေ ကို ပြန်လို့ရပြီဆိုတဲ့ ဥစ္စာက ၃ လပိုင်း ၁ ရက်နေ့ကိုတော့ သတင်းလွှင့်ထားတာပဲ။ အတိအကျ သတင်းတော့ မထွက်သေးဘူး။ အဲဒါပြန်လွှတ်ဖို့ များတယ်။ အဲဒီအတွက်လည်း ပထမကတော့ ပြန်ချင်တဲ့သူတွေ အထောက် အထား မရှိတဲ့သူတွေ စောင့်ဆိုင်းနေတာ များတယ်။ နောက်တစ်ခုက ဒီလိုသတင်းမျိုး ထွက်လာတော့ အခုလကုန် မှာ သိရမှာပေါ့ ဖွင့်ရင် ပြန်ကြမလား၊ မပြန်ကြဘူးလားဆိုတာကတော့ ပြန်ခွင့်ပေးတဲ့ ဖွင့်တဲ့နေ့မှာ သိရမှာပေါ့။ အားလုံးက ဒီဟာကို ပြန်ဖို့စောင့်နေရင်းနဲ့ ဒီလိုသတင်း ထွက်လာတော့ ပြောကြတာပေါ့။ မပြန်တော့ဘူး ဘာတို့ ညာတို့ အမျိုးမျိုး အသံတွေ ကြားရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ အဖမ်းအဆီးများမှာ ပုံမှန်ရှိနေဆဲဖြစ်ပြီး အလုပ်အကိုင်ပိုင်းတွင် ပါမစ် အထောက် အထား ရှိသူများကိုသာ လုပ်ငန်းရှင်များမှ အဓိက လိုချင်နေကြဆဲဖြစ်ကြောင်း သိရသည်။
သို့သော် ပါမစ် အထောက်အထား မရှိသူများအနေဖြင့်လည်း အခြားသူများ၏ အဆက်အသွယ်ဖြင့် အလုပ်ရရှိ သူများရှိကြောင်း၊ လက်ရှိ မလေးရှားနိုင်ငံတွင် အလုပ်အကိုင် ပေါများနေခြင်း မဟုတ်သေးသော်လည်း လုပ်ငန်းခွင် နှင့် နေရာဒေသအပေါ် မူတည်ကာ အလုပ်အကိုင်များ ရှိကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 568
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မဲဆောက်သို့ နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများအပေါ်တွင် ထိုင်း လ.ဝ.ကမှ ပိုမိုတင်းကြပ်လာကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ၇ ရက် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ဝင်ရောက်လာ သူများအား ချက်ချင်းဝင်ရောက်ခွင့်မပြုဘဲ မဲဆောက်မြို့ရှိ တရားဝင် နေထိုင်သူများ၏ ထောက်ခံချက် ပေးနိုင်မှ သာ ဝင်ခွင့်ပြုကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
ထို့အပြင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ကိုင်ဆောင်ထားသူများသည် ယခင်က တာ့ခ်ခရိုင်အတွင်း သွားလာ နေထိုင်ခွင့်ရှိသော်လည်း ယခုအခါတွင် မဲဆောက်မြို့နယ်အား ကျော်လွန်၍ သွားလာခြင်းမပြုရန် ထိုင်း လ.ဝ.က ဘက်မှ ကန့်သတ်လာကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းရောက် မြန်မာများကိုတွေ့ရစဉ်
၎င်းက “မြန်မာဘက်က လ.ဝ.က ကလည်း လာပြီးပြောတယ်။ ဒီလိုမျိုးတွေ မဖြစ်စေဖို့ပေါ့။ လာပြောလည်း ထိုင်း လ.ဝ.က က လက်မခံဘူး။ နောက် တော်တော်ဆိုးတာက ဒီ border pass နဲ့လာတဲ့ မြန်မာခရီးသည်ကို ဥပမာ ကျောပိုးအိတ်တစ်လုံး ပါခဲ့တယ်ပေါ့။ ဒီဘက်မှာ ၇ ရက်နေလို့ ရတယ်လေ။ ဒါတွေကို သူတို့က သံသယနဲ့ပေါ့ မင်းတို့ ဘန်ကောက်သွားမှာ၊ ချင်းမိုင်သွားမယ်ပေါ့၊ မဟာချိုင်သွားမယ်ပေါ့ အဲဒီလိုပြောပြီး ပြန်လွှတ်လိုက်တာ တွေလည်း ရှိတယ်။ ဒီကိစ္စတွေက နိုင်ငံတော်အဆင့်နဲ့ သက်ဆိုင်ရာလူကြီးတွေ ပြောမှပဲ ဖြစ်တော့မယ်လို့ ထင် တယ်။ လူတစ်ယောက်ယောက် လာမခေါ်ရင် လုံးဝကို ပေးမဝင်ဘူး ပြန်လှည့်သွားရတယ်။ ဝင်လာတဲ့လူတွေ များလာတော့ ပိုဆိုးတာပေါ့။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီတံတားကြီးက ဘာလုပ်ဖို့ထားထားတာလဲ၊ တံတားပေါ် ကနေ မြန်မာပြည်သူတွေ တရားဝင် ဖြတ်သန်းသွားလာနေတယ်။ ဒါကို တည်ဆဲဥပဒေအရပဲ လက်ခံရမယ်။ သံသယဆိုတာက အမျိုးမျိုး ကိုယ့်ရဲ့ထင်မြင်ယူဆချက်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စတွေက နိုင်ငံတော်အဆင့်နဲ့ လူကြီးတွေ သိဖို့ ထိရောက်တဲ့အကူအညီတွေပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် (မဲဆောက်)အတွင်း နေထိုင်ကြသူများအနေဖြင့် မိမိနေအိမ် သို့မဟုတ် အိမ်ခန်း များ ငှားရမ်းထားသည့် နေရာများ၌ နိုင်ငံခြားသား ဧည့်သည်များ လာရောက် တည်းခိုနေထိုင်ပါက မဖြစ်မနေ ဧည့်စာရင်း တိုင်ကြားရမည်ဟု တာ့ခ်ခရိုင် လ.ဝ.ကမှ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် တာ့ခရိုင် မဲဆောက်မြို့အတွင်း အထောက်အထား မရှိသူများနှင့်ပတ်သက်၍ စစ်ဆေး ဖမ်းဆီးမှုများ ယခု ရက်အပိုင်းအတွင်း ပိုမိုများပြား လာကြောင်းနှင့် မြန်မာဘက်အခြမ်းမှ လက်မခံရမည့် လူစာရင်းအား ထိုင်း လ.ဝ.ကထံသို့ ပေးပို့ထားနိုင်ကြောင်းလည်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်တံတားကို တွေ့ရစဉ်
၎င်းက “မဲဆောက်မှာဆိုရင် နေရာတော်တော်များများမှာ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံစစ်ဆေးတယ်။ အထောက်အထား ရှိ၊မရှိတွေကို စစ်ဆေးတွေ့ရှိတယ်ဆိုရင် ဖမ်းဆီးတဲ့ဟာတွေ လုပ်တယ်။ အထူးသဖြင့်ဆိုရင် ဈေးသည်တွေရှိတယ်။ အဲဒီဈေးသည်တွေမှာ အထောက်အထား မရှိတဲ့သူရှိတယ်။ အဲဒီလူတွေကို စစ်ဆေး တွေ့ရှိပြီး အထောက်အထား မရှိဘူးဆိုရင် ဖမ်းဆီးတဲ့ဟာတွေ ကြားရတယ်။ border pass ကကြတော့ အလုပ် လုပ် ခွင့်ပေးတာ မဟုတ်ဘူး။ ဈေးဝယ် လည်ပတ်ခွင့် အတွက်ပဲပေးတာ။ အဲဒီဟာနဲ့ပတ်သက်ပြီး နယ်စပ်မှာ စောင့်နေတဲ့ သက်ဆိုင်ရာ လ.ဝ.က တို့ authority ကလည်းရှိသေးတယ်။ လိုအပ်တဲ့ သူတို့ တောင်းဆိုတဲ့ အချက်အလက်တွေကို တောင်းဆိုလို့ မရဘူးဆို မပေးပဲနဲ့ ပြန်လွှတ်တာတို့၊ တချို့ဆို မပေးတဲ့အပြင် blacklist ထည့်တာတို့ ဒါမျိုးတွေတောင် ရှိတဲ့ဟာရှိတယ်” ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ထိုင်းသို့ ထွက်ခွာလိုသူ များပြားသဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသားများအပေါ် ယခုကဲ့သို့ ပိုမိုတင်းကြပ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ တရားဝင် လာရောက်မည်ဆိုပါက ကြိုဆိုပြီး တရားမဝင် လာရောက်ပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးအေဂျင်စီ များဖြင့် ဆွေးနွေးညှိနှိုင်း ထားပြီးဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီသာက ပြောကြားထားသည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း မြန်မာ့တပ်မတော်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေ ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး စူထင်ကလန်ဆန်က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 481
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
မိုင်းလားနယ်စပ်ကုန်သွယ်ရေးဂိတ်သို့ သွားသည့် ကုန်တင်ကားများသည် လက်ရှိတွင် ဂိတ်ကြေးပေးဆောင်ရမှု များပြားလာခြင်းကြောင့် ကုန်ကျစရိတ်များသည် ယခင်ကထက် ပို၍ မြင့်တက်လာနေသည်ဟု ကုန်သည်များက ပြောသည်။
၂၀၂၄ ခုနှစ် နှစ်စပိုင်းမှ စတင်၍ မိုင်းလားနယ်စပ်ကုန်သွယ်ရေးသို့ သွားလာရာလမ်းကြောင်းတစ်လျှောက်တွင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ငွေကြေးတောင်းခံသည့် ဂိတ်များ ပိုမိုများပြားလာပြီး ပေးဆောင် ရသည့် နှုန်းထားသည်လည်း များလာသည်ဟု သိရသည်။
ယခင်က ဖရဲကားတစ်စီးလျှင် မိုင်းလားအရောက် မြန်မာကျပ်ငွေ သိန်း ၆၀ ခန့်သာ ကုန်ကျသော်လည်း လက်ရှိ တွင် ငွေကျပ် သိန်း ၁၀၀ ခန့် ကုန်ကျနေသည်ဟု ဖရဲကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
ကုန်တင်ကားများကို တွေ့ရစဉ်
၎င်းက “ကားတစ်စီးကို ၂ သိန်း၊ ၃ သိန်း၊ ၁၇ သိန်း၊ ၅ သိန်းနဲ့ တန်းစီ ပေးရတာ။ ကားတစ်စီးကို မိုင်းလားအရောက် ကို ကားခ သိန်း ၁၀၀ ဖြစ်သွားတယ်။ အရင်က ၅၀၊ ၆၀ ဝန်းကျင်ပဲ ရှိတဲ့ဟာက သိန်း ၁၀၀ ဖြစ်သွားတယ်။ ဒါပေမယ့် သိန်း ၁၀၀ ဖြစ်လို့ အုန်နာတွေ ရလားဆိုတော့ အုန်နာတွေလည်း မရဘူး။ အခြေအနေကတော့ လောလောဆယ်ကတော့ ဖရဲတောင်သူတွေတို့၊ ဖရဲပွဲစားတွေတို့၊ ကားအုန်နာတွေတို့ကတော့ ရှိတာလေး ထုခွဲ ရောင်းစားပြီး သူတို့ကို ပေးဆပ်နေရတာပေါ့ အခု အကြွေးတွေ ဆပ်နေရတာပေါ့” ဟု ပြောသည်။
ဂိတ်ကြေး ပေးဆောင်ရမှု မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်စည်များအပေါ်တွင် ဈေးနှုန်းတိုးမြှင့်၍ ပြန်လည်ရောင်းချရသည့်အတွက် စားသုံးသူပြည်သူများအပေါ်တွင် သက်ရောက်မှု ပို၍ဖြစ် သည်ဟု ကုန်သည်များက ပြောသည်။
လက်ရှိ ကုန်စည်စီးဆင်းမှု လုပ်ဆောင်နေရသည့် လမ်းကြောင်းတစ်လျှောက်တွင် ဂိတ်များနှင့် ဂိတ်ကြေး တောင်းခံမှု များပြားလာသော်လည်း လုံခြုံရေးအတွက် မည်သည့်လမ်းကြောင်းမှ အာမခံချက် မရှိကြောင်း ကုန်ကားမောင်းနှင်သူ ကိုထွဋ်က CNI သတင်းဌာနသို့ ပြောသည်။
မိုင်းလားမြို့တစ်နေရာကိုတွေ့ရစဉ် (EPA)
၎င်းက “တာချီလိတ်ရယ်မှ မဟုတ်ဘူး။ အစ်ကိုတို့ ဘီးစလှိမ့်ကတည်းကိုက ပေးရတော့တာပဲ၊ ရောက်တဲ့အရပ်၊ ရောက်တဲ့ဒေသ ဘယ်နယ်ကတင်တင် ဥပမာတစ်ခု ဒိုက်ဦးကတင်တင်၊ မိုင်းလားကတင်တင် ဘယ်ကပဲတင်တင် ဒါတွေက ပေးနေရတာပဲလေ။ ပြောချင်တာက အစ်ကိုတို့က ဘာဂိတ်လဲ၊ ဘယ်သူဘယ်ဝါ မမေးရဲဘူးလေ။ တောင်းရင် ပေးလိုက်ရတာပဲ။ ဘာဂိတ်မှန်းမသိဘူး။ တပ်ဂိတ်လား၊ PDF ဂိတ်လား၊ ပြောချင်တာက လက်နက် တစ်ခုကိုင်ထားပြီး လူ ၃ ယောက်က ရပ်တောင်းနေရင် ပေးရတာပဲ။ ဂိတ်လည်း ပိုများလာတယ်။ တောင်းတဲ့ နှုန်းထားလည်း ပိုများလာတယ်။ ပြောချင်တာက လောဘတွေပေါ့လေ။ အရင်တုန်းက ၅၀၀၊ ၁၀၀၀ ပေးရတဲ့ဂိတ် က အခုက ၅၀၀၀၀ လောက် တောင်းတော့တာလေ။ အခုလက်ရှိ သွားလာနေတဲ့ လမ်းကြောင်းတွေမှာတော့ ကား အဖွဲ့တွေ တော်တော်များများကတော့ လုံခြုံရေးအရတော့ ဘယ်လမ်းမှ အာမခံချက် မရှိပါဘူး။ အခုခေတ်ကာလ ကတော့ တစ်ခါတလေကျရင်လည်း ၅ ယောက် ၁ ဖွဲ့နဲ့ လက်နက်ကိုင်ပြီး ငါတို့က ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာကလည်း ရှိနေကြတာလေ။ အဓိကကတော့ ကြားထဲက ခံနေရတာတော့ ကုန်စည်စီးဆင်းမှုအတွက် လုပ်နေသူတွေ၊ ကုန်သည်တွေကတော့ ကိုယ့်ကုန်တင်လိုက်တဲ့ ကုန်သည်ကလည်း ဘုရား၊ တရား တနေရတာ ပေါ့။ လွှတ်လိုက်တဲ့ ကားအုန်နာတွေကရော၊ ကားမောင်းတဲ့ သူတွေကလည်း ဘုရား၊တရားတပြီး သွားနေရတာ” ဟု ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် တောင်ကြီး - ဟိုပုံး - မိုင်းပွန် - လွိုင်လင် လမ်းကြောင်းတစ်လျောက် ကားအသွားအလာများ ပိတ်ထားကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်၍ မိုင်းလားနယ်စပ် ကုန်သွယ်ရေးလည်း လက်ရှိတွင် ရပ်နားထားရသည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 382
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
ထိုင်းပြည်ဝင်ခွင့် ဗီဇာရရှိရန် ဆောင်ရွက်နေသည့် မြန်မာများအတွက် ဗီဇာလျှောက်ထားမှုကို အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲလုပ်ဆောင်ခြင်းတွင် ပွဲစားများ၏ အခန်းကဏ္ဍမှာ ပါဝင်လာဦးမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးအနေဖြင့် ဗီဇာရရှိရန် လူကိုယ်တိုင်သံရုံးရှေ့တန်းစီ၍ ရက်ချိန်းရယူသည့်စနစ်ကို ဖျက်သိမ်းလိုက်ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစတင်ကာ အွန်လိုင်းစနစ်ဖြင့်သာ လက်ခံသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။
လက်ရှိ ပြည်ဝင်ခွင့် ဗီဇာလျှောက်နေသည့် မြန်မာလူငယ် အများစုသည် အွန်လိုင်းစနစ် ကျွမ်းကျင်စွာသုံးတတ် သောကြောင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရာတွင် လွယ်ကူနိုင်သော်လည်း ပွဲစားများ၏ အခန်းကဏ္ဍ မဖြစ်မနေ ပါဝင်လာဦးမည်ဟု FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“သူတို့အနေနဲ့ သံရုံးထဲကလူပဲဖြစ်ဖြစ် အဲဒီလိုမျိုး တစ်ခုနဲ့ ပေါင်းပြီးတော့ ဒီနေ့တင်တဲ့စာရင်းထဲမှာ ပါအောင် လုပ်ပေးတဲ့ဟာမျိုး ဒါမျိုးလုပ်တဲ့ဟာမျိုးတွေ ဖြစ်နိုင်တာပေါ့။ ဒါမှမဟုတ်လည်း နောက်တစ်ခုက ဒီဟာနဲ့ ပတ်သက်ပြီး အမြဲတမ်းလုပ်နေကြရှိတဲ့ အေးဂျင့်တွေ၊ အေဂျင်စီတွေအနေနဲ့ အရင်တုန်းကဆို အေဂျင်စီတစ်ဖွဲ့ကို အယောက် ၂၀ ကိုယ်တာရတယ် ဆိုတဲ့ဟာမျိုး ရှိတယ်။ အေဂျင်စီတွေနဲ့ သံရုံးနဲ့က အဆက်အသွယ်ရှိထားတဲ့ ဟာတွေ ရှိပြီးသားလေ။ သူတို့တွေ အနေနဲ့ဆိုရင် ရနိုင်တာပဲ။ အဲဒီအခါကြ ဝန်ဆောင်ခပေါ့ အဲဒီအေဂျင်စီတွေရဲ့ ဝန်ဆောင်ခ ပိုပြီး ပေးရမယ့်ဟာမျိုး အဲဒီလိုတွေ ဖြစ်ကုန်တယ်။ ဒါမှမဟုတ်လည်း ကြားထဲမှာမှ အေဂျင်စီတွေဆီ တိုက်ရိုက် မရောက်နိုင်တဲ့လူတွေကြတော့ ကြားခံပွဲစားတွေကနေတစ်ဆင့် လုပ်ရမယ်ဆိုရင် ကုန်ကျတဲ့ဟာတွေ ပိုများမယ်။ လိမ်လည်တာတွေ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
ထိုင်းသံရုံး၏ ကြေညာချက်တွင် လာရောက်လျှောက်ထားသူများ အဆင်ပြေချောမွေ့စေရန်၊ တပြိုင်နက်တည်း လူအများအပြား လာရောက်လျှောက်ထားမှုကို လျှော့ချပေးနိုင်ရန်နှင့် ရုံးလုပ်ငန်းစဉ်ဆိုင်ရာ ဘေးကင်းလုံခြုံရေး အတွက် လူကိုယ်တိုင်သံရုံးရှေ့တန်းစီပြီး ဗီဇာလျှောက်ရန် ရက်ချိန်းယူသည့်စနစ်အား ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ကာ ရက်ပေါင်း ၃၀ စာအတွက် တစ်ရက်လျှင် တိုကင်အရေအတွက် ၂၀၀ နှုန်းဖြင့် ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်သော်လည်း တိုကင်အရေအတွက် ၄၀၀ နှုန်းအထိ ထပ်မံဖြည့်သွင်းကာ ကြိုတင် လျှောက်ထားခြင်းကို လက်ခံသွားမည်ဖြစ်သည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံး
ယခုကဲ့သို့ အွန်လိုင်းစနစ်သို့ ပြောင်းလဲဆောင်ရွက်လိုက်ခြင်းသည် ကောင်းမွန်သော်လည်း အချိန်စောင့်ဆိုင်းရမှု အနည်းငယ်ရှိကြောင်း MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။
“သူတို့ကလည်း အဲဒီနေ့က တော်တော်များသွားတာကို။ ဒီဘက် ထိုင်းသံရုံးကနေတန်းစီလိုက်တာ ဟိုဘက် မလေးရှားသံရုံးအထိ ရောက်သွားတာဆိုတော့ နည်းတဲ့အတန်းကြီးမှ မဟုတ်တာကို။ အဝေးကြီးပဲကို။ အွန်လိုင်း နဲ့ဆိုရင်တော့ ပိုအဆင်ပြေသွားတာပေါ့ ရုပ်ပျက်ဆင်းပျက် တန်းစီရတာထက်စာရင်။ ပတ်စပို့ရုံးလိုပဲ ဖြစ်သွား မှာပေါ့။ နည်းနည်းတော့ စောင့်ရတာပေါ့။ ဘယ်လိုလုပ်ကြမလဲတော့ မသိဘူးပေါ့။ တကယ်လို့ အွန်လိုင်းကို မတင်တတ်ဘူးဆိုရင်တော့ ကြားထဲက ပွဲစားတစ်ဆင့်ကရှိဦးမှာပဲ။ လွယ်ကူပါတယ် (အွန်လိုင်းစနစ်က)။ ဒါပေမယ့် တချို့တွေက ပွဲစားအားကိုးတော့လည်း ပိုက်ဆံပေးနေရတာပေါ့။ ပိုက်ဆံပေးရတာက မှန်မှန်ကန်ကန်ဆို တော်သေး၊ မဟုတ်ဘဲနဲ့ အတုတွေနဲ့ဆို ဒုက္ခရောက်မှာလည်း ရှိသေးတာပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူ များပြားလာသဖြင့် ဗီဇာလျှောက်ထားရန် လူအများအပြား တန်းစီစောင့်ဆိုင်းခဲ့ရသဖြင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဗီဇာလျှောက်ထားရန် တိုကင်စနစ်သို့ ပြောင်းလဲခဲ့ပြီး တစ်ရက်လျှင် လူ ၄၀၀ အတွက် တိုကင်များပေးဝေခဲ့သည်။
ထို့နောက် ယခုကဲ့သို့ အွန်လိုင်းစနစ်ဖြင့် တိုကင်ရက်ချိန်းထုတ်ပေးသည့် စနစ်အား ထပ်မံပြောင်းလဲလိုက်ခြင်း ဖြစ်ပြီး လျှောက်ထားရာ၌ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ ပတ်စ်ပို့နံပါတ်နှင့်အတူ လျှောက်ထားလိုသည့် ဗီဇာအမျိုးအစားများအား ဖြည့်သွင်း၍ လျှောက်ထားရမည်ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 423
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ သိန်းခွဲကို ဝယ်ယူရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းလှမ်းခဲ့သော်လည်း လက်ရှိတွင် တင်ပို့နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၁ သိန်းခွဲ တင်ပို့ရေး ဗီယက်နမ် - မလေးရှား စီးပွားရေး အဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူသည့် ဈေးနှုန်း သည့် နည်းပါးနေခြင်းကြောင့် ဈေးနှုန်းညှိနှိုင်း၍ အဆင်မပြေသည့်အတွက် တင်ပို့နိုင်ခြင်းမရှိ ဖြစ်နေသည်ဟု မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ် အဲဒါက cancel ဖြစ်နေတယ်။ အခုတော့ မရောင်းဖြစ်သေးဘူးပေါ့နော်။ လက်ရှိက ဆန်တင်ပို့ဖို့ ဟိုဘက်နဲ့ ဈေးနှုန်းညှိမရဘူး ဖြစ်နေတယ်။ လောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ်တော့ မရောင်းဖြစ် သေးဘူး။ တခြားနိုင်ငံတွေကိုတော့ ရောင်းနေပါတယ်။ ဒီအချိန်ကတော့ အခက်အခဲတွေ အများကြီး သွားရမှာပေါ့ နော်။ Export ရော ပြည်တွင်းဈေးကွက်ရော အကျပ်အတည်းတွေ နည်းနည်းရှိနေတာ တွေ့ရတယ်” ဟု ပြော သည်။
ပြည်ပသို့ ဆန်တင်ပို့ရန် ပြင်ဆင်နေစဉ်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပင်လယ်ရေကြောင်းဖြင့် ဆန်တင်ပို့မှု စတင်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် တင်ပို့မှု မရှိသေးကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ခုတည်းသာ ဈေးနှုန်းညှိနှိုင်းမှု အဆင်မပြေခြင်းကြောင့် တင်ပို့နိုင်ခြင်း မရှိသော်လည်း တင်ပို့နေကျဖြစ်သည့် တခြားသောနိုင်ငံများသို့ ပုံမှန်တင်ပို့မှု ရှိနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ဆန်ကို ဝယ်ယူရန်အတွက် ကမ်းလှမ်းမှုများ ရှိသော်လည်း လက်ရှိတွင် ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ကုန်သည်များက တင်ပို့မှု မပြုလုပ်ကြခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ဆန်ကိုတွေ့ရစဉ်
၎င်းက “အရင်ကတော့ ဘင်္ဂလားဒေ့ရှ်ကို ရောင်းဖို့ အစီအစဉ်ရှိတယ်။ ဒါပေမယ့် ပြည်တွင်း Local ဈေးတွေ တက်လာတော့ မရောင်းတော့ဘူးဆိုပြီးတော့ ပြန်သတ်မှတ်ထားတယ်။ ဒီနောက်ပိုင်းတော့ ပြန်ရောင်းမယ်ဆိုတဲ့ ဟာတော့ မသိဘူး။ ပြည်တွင်းဈေးတွေ တက်လာတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ကို ခဏရပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့က နှစ်ခါတိတိ ရောင်းတာတော့ ၂ ခေါက်ရှိပြီ။ ဟိုဘက်နဲ့က အဆင်ပြေပါတယ်။ ရေကြောင်းကနေပဲ သွားတာ” ဟု ပြောသည်။
ပို့ကုန်တင်ပို့မှုနှင့် ပတ်သက်၍ ပို့ကုန်ရငွေ မူဝါဒ ပြောင်းလဲ သတ်မှတ်ထားခြင်းကြောင့် ကုန်သည်များ အကျိုးအမြတ် ရရှိမှုသည် ယခင်ကထက် လျော့နည်းလျက် ရှိနေသည်ဟု သိရသည်။
ဆန်နှင့် ဆန်ကွဲ ပို့ကုန်တင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေကို စက်သုံးဆီနှင့် စားအုန်းဆီများကို တင်သွင်းခွင့်ပြုသော် လည်း အစိုးရမှ သတ်မှတ်ပေးထားသည့် နှုန်းထားဖြင့်သာ ရောင်းချရမည်ဟု ကန့်သတ်ထားခြင်းကြောင့် ကုန်သည်များသည် သွင်းကုန်တင်သွင်းခြင်း မလုပ်ဆောင်ကြတော့ကြောင်း သိရသည်။
ထို့ကြောင့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးဖြင့် လဲလှယ်၍ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ပေါက်ဈေးဖြင့် ရောင်းချရသည့်စနစ်ကို ပြန်လည်သတ်မှတ်ခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 502
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
လက်ရှိ ပြည်တွင်း ပြောင်းဈေးနှုန်း ကျဆင်းနေမှုကြောင့် တောင်သူများသည် အကျိုးအမြတ်ရရှိမှု နည်းပါးနေ၍ လာမည့် ပြောင်းစိုက်ရာသီတွင် စိုက်ပျိုးမှုနှုန်း လျော့ကျနိုင်သည်ဟု ပြောင်းစိုက်တောင်သူများထံမှ သိရသည်။
ပြည်တွင်း ပြောင်းဈေးနှုန်းသည် ကမ္ဘာ့ပြောင်းဈေးနှုန်း အတက်အကျပေါ်တွင် မူတည်နေခြင်းကြောင့် လက်ရှိ၌ ကမ္ဘာ့ပြောင်းဈေးနှုန်း ကျဆင်းနေသည့်အတွက် ပြည်တွင်းပြောင်းဈေးနှုန်းသည် လိုက်ပါကျဆင်းနေခြင်း ဖြစ် သည်။
ရန်ကုန်ဆိပ်ကမ်းအရောက် ပြောင်းတစ်ပိဿာလျှင် ၁၁၀၀ ကျပ်သာ ဈေးနှုန်း ရရှိသည့်အတွက် တောင်သူများ ရရှိသည့် ဈေးနှုန်းသည် တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်သာ ရှိသည်ဟု တောင်သူများက ပြောသည်။
တောင်သူများအနေဖြင့် ပြောင်းတစ်ပိဿာလျှင် ၁၂၀၀ ကျပ်ခန့် ရရှိမှသာ အဆင်ပြေခြင်းကြောင့် လက်ရှိဈေးနှုန်း အရ လာမည့် ပြောင်းစိုက်ရာသီတွင် ပြောင်းအစား တခြားသီးနှံများကို စိုက်ပျိုးလာနိုင်သည်။
ပြောင်းပွဲရုံကို တွေ့ရစဉ် (ဆင်ဟွာ)
ထို့ကြောင့် ပြောင်းစိုက်ပျိုးမှုနှုန်းသည် ၃ ပုံ ၁ ပုံခန့် လျော့ကျသွားနိုင်သည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ်အဖို့ရာမှာတော့ တောင်သူတွေက အကုန်လုံး ကြည့်တာပဲလေ။ ဒီနှစ်အဖို့ရာမှာတော့ ပြောင်းဈေးက မောင်း(ကောင်း)မလာရင် နောက်နှစ်တွေကိုတော့ ပြောင်းစိုက်တဲ့ဧကတွေက တအားကြီး လျော့ကျသွားမယ်လို့ တော့ မှန်းထားတယ်။ သိပ်မကိုက်တော့ဘူးလေ။ သွင်းအားစုနဲ့ ရတဲ့ဟာနဲ့ သိပ်မကိုက်တော့ တောင်သူတွေက တချို့ သီးနှံတွေကိုတော့ အနည်းနဲ့အများတော့ ပြောင်းသွားကြမှာပဲ။ တောင်သူတွေက ဒီမှာ သူတို့လက်ဝယ် နယ်ဈေးပေါ့လေ တောင်သူတွေက နယ်ဈေး သူတို့အနေအထားနဲ့ဆို ဘယ်လိုပဲဖြစ်ဖြစ် ၁၂၀၀ - ၁၂၅၀ အဲဒီလောက်ရမှ သူတို့ ဒီသီးနှံကို စိုက်ပျိုးနိုင်မယ့် အနေအထား ရှိတယ်။ တစ်တင်းနှုန်းဆိုရင်တော့ ၂ သောင်း၊ ၂ သောင်းခွဲပေါ့လေ။ တစ်ပိဿာနှုန်းတော့ ၁၂၅၀ ပေါ့ အဲဒီလောက်ရမှ သူတို့ စိုက်လို့ပျိုးလို့ ကိုက်မယ့် အနေအထား ရှိတယ်။ ကုန်ကျစရိတ်တွေကို ကျနော်တွက်ကြည့်တာလေ။ အခုက အဲဒီဈေးက ဟိုအပေါ်မှာတောင်မှပဲ အဲဒီဈေး မရှိဘူး ဖြစ်နေတာပေါ့။ ကျနော်တို့ မှန်းတာတော့ ဒါတော့ ဧရာဝတီတိုင်းမှာတော့ ကျနော် သူများတကာနယ်ကို တော့ မမှန်းဘူးပေါ့လေ။ ကျနော့်နယ်မှာတော့ ဒီလိုပုံစံအတိုင်း သွားမယ်ဆိုရင်တော့ ၃ ပုံ ပုံရင် ၁ ပုံလောက်က တော့ လျော့ကျသွားနိုင်တယ်” ဟု ပြောသည်။
ပြောင်းတစ်ဧက စိုက်ပျိုးစရိတ်သည် မြန်မာကျပ်ငွေ ၁၀ သိန်းကျော်ရှိပြီး လက်ရှိ တောင်သူများ ရရှိသည့် ဈေးနှုန်း များအရ ပြောင်းတစ်ဧကလျှင် ငွေကျပ် သိန်း ၂၀ ပင် မပြည့်ခြင်းကြောင့် ရင်းနှီးထားရသည့် အချိန်ကာလ၊ လုပ်ခ အင်အားများနှင့် ထပ်မံ ပြန်စိုက်ရန်အတွက် ကုန်ကျစရိတ်များပင် မကာမိကြောင်း တောင်သူများထံမှ သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြောင်းစိုက်တောင်သူများမှာလည်း ယခုနှစ်တွင် တိုက်ပွဲဖြစ်ပွားမှုများ ကြောင့် စိုက်ပျိုးထားသည့် ပြောင်းများ ရိတ်သိမ်းရာတွင် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး လမ်းကြောင်းအခက်အခဲကြောင့် ဈေးနှုန်းအနည်းငယ်သာ ရရှိခဲ့သည်ဟု သိရသည်။
ပြောင်းပွဲရုံကို တွေ့ရစဉ် (ဆင်ဟွာ)
ထို့နောက် လက်ရှိ ပြောင်းဈေးနှုန်း ကျဆင်းနေမှုကြောင့် တောင်သူများ ဆုံးရှုံးနိုင်သည့်အတွက် လာမည့် ပြောင်းစိုက်ရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြောင်းစိုက်ပျိုးမှု ထက်ဝက်ခန့် လျော့ကျနိုင်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးကျော်မိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော့် အမြင်ဆိုရင်တော့ ကျနော့်မှာသာ အဲဒီလို ဖြစ်ခဲ့ရင်တော့ ကျနော် မစိုက်တော့ဘူး။ စိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် တောင်သူတွေက အတွေးတွေ ဘယ်လိုရှိမှန်း မသိတာ။ ဒါပေမယ့် ရာခိုင်နှုန်းအရ ပြောမယ် ဆိုရင် ကျရင်တော့ ကျမှာပေါ့။ အနည်းဆုံးကတော့ ၄၀/၅၀ ရာခိုင်နှုန်းတော့ ကျမှာသေချာတယ်။ ဒါပေမယ့် တောင်သူတွေ ဒါမစိုက်ဘူးဆိုရင် သူတို့လည်း တခြားလုပ်စရာမှ မရှိတာ။ နောက်ဆုံးကျတော့လေ စိုက်တော့စိုက် မှာပေါ့နော်၊ ဒါပေမယ့် တအားနည်းမှာပေါ့။ ဒါပေမယ့် သေချာတာတော့ တစ်ဝက်ထက် မကျော်နိုင်ဘူး” ဟု ပြော သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပြောင်းစိုက်ပျိုးမည့် ဧကများ၌ ဈေးနှုန်းကောင်းမွန်သည့် စားတော်ပဲ၊ ပဲတီစိမ်းများကို ပြောင်းလဲ စိုက်ပျိုးလာနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးမှု အနည်းငယ်ရှိသည်။