CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇

ငွေကြေးဖောင်းပွမှုသည် ယခင်ကထက် ပိုမိုဆိုးရွားလာနေပြီး ယင်းအခြေအနေအား ပြန်လည်ထိန်းညှိရန်မှာ တည်ငြိမ်သည့် နိုင်ငံရေးနှင့် အစိုးရတစ်ရပ် ပေါ်ပေါက်ရန် လိုအပ်သော်လည်း လက်ရှိအနေအထားအရ မလွယ်ကူနိုင်သေးကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာ ကျွမ်းကျင်သူများအကြား သုံးသပ်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဘဏ်များတွင် လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများအကြား စိုးရိမ်မှုမြင့်တက်ကာ ငွေကြေးထုတ်ယူကြမှု အများအပြားရှိခဲ့သော်လည်း လိုသလောက်ထုတ်ယူခွင့်မရဘဲ အကန့်အသတ်ဖြင့်သာ ထုတ်ပေးသည့်အတွက် ပိုမိုစိုးရိမ်မှုကို မြင့်တက်စေခဲ့သည်။

ထိုသို့ ဘဏ်ပြဿနာများဖြစ်ပေါ်ခြင်းသည် စီးပွားရေးစနစ် မှားယွင်းနေခြင်းကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ် ပြန်လည်မကောင်းမွန်သေးသရွေ့ ငွေကြေးဖောင်းပွမှုအပါအဝင် အခြားသော အရာများမှာ ပြန်ကျ မည် မဟုတ်သေးကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦး‌ဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

"ပြည်သူက ဘဏ်တွေ Trust ရဖို့ဆိုတာကတော့ သိပ်တော့မလွယ်ဘူး။ အဓိကက economy system ကြီးမှားနေ လို့ ဘဏ်ပြဿနာဖြစ်တာ‌ကို။ economic system ကောင်းမှ ဘဏ် system ပြန်ကောင်းမယ်၊ ဘဏ် system ပြန်ကောင်းမှ ပြည်သူကယုံမယ် ဒါပဲ။ ဒီပုံအတိုင်းသွားရင်တော့ နောက် ဘဏ်ပြဿနာက ပုံစံတစ်မျိုးနဲ့ လာနိုင်‌ သေးတာပဲလေ။ ကုန်ဈေးနှုန်းတွေတက်တဲ့အခါမှာ အစက system ထဲမှာ ငွေက ၁ သိန်းရှိရင် အခုက ဖောင်းပွ ပြီးတော့ ၃ သိန်းရှိမှ ရမှာပေါ့။ တကယ်တမ်းက system ထဲမှာ ၃ သိန်းမရှိဘူး ၁ သိန်းပဲရှိတယ်။ အဲဒီတော့ ငွေက လိုတာပေါ့။ လိုတော့ ဒါက သံသရာလည်မှာပေါ့ ဒါကို ဘာခေါ်လဲဆိုတော့ အဆိုးသံသရာလည်သွားမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ထုတ်တယ်။ ရိုက်ထုတ်တော့ currency injection ဖြစ်တယ် စီးပွားရေးစနစ်ကြီးထဲကို။ ဒါက ဘာကိုပြန်ဖိတ်ခေါ်လဲဆိုရင် inflation ကို ပြန်ဖိတ်ခေါ်တာပေါ့ ဒီလိုနဲ့ပဲ သံသရာက ဆက်လည်သွားမှာပေါ့ ပုံကြည့်ရတာလေ။ အဓိကကတော့ economic system ကြီး ပြန်ကောင်းဖို့ လိုတာပေါ့။ စီးပွားရေးနဲ့ နိုင်ငံရေး ဆက်နွယ်နေတာပေါ့ ဒါက ကင်းလို့မှမရတာ။ နိုင်ငံရေးမငြိမ်တော့ စီးပွားရေးလည်း မငြိမ်ဘူး‌ပေါ့။ အဖြေတွေ့ အောင်လည်း power နဲ့ပဲ ကြိုးစားခဲ့တာလေ။ Knowledge နဲ့ကြိုးစားခဲ့တာမရှိဘူး" ဟု ၎င်းက ပြောသည်။

ကိုဗစ်ကာလ ကမ္ဘောဇဘဏ်ရှေ့တွင် ငွေထုတ်ယူရန်စောင့်ဆိုင်းနေကြသူများ(ပုံအဟောင်း)

မည်သည့်ကာလတွင် တည်ငြိမ်သည့် နိုင်ငံရေးနှင့် အစိုးရတစ်ရပ် ပေါ်ပေါက်မည်ကို အတိအကျ မပြောနိုင်ကြ ကြောင်း၊ ငွေကြေးဖောင်းပွမှုအား ထိန်းညှိရန်မှာလည်း နိုင်ငံရေး တည်ငြိမ်ပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးများ ပြန်လည်လည်ပတ်နိုင်မှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေ ကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာ ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်နေသည့် နည်းလမ်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေ(၃)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏အပ်ငွေနှင့် ချေးငွေများတိုးမြင့်လာသော်လည်း ပြည်တွင်းလှည့်လည်သုံးစွဲငွေ အပါအဝင် စုစုပေါင်းငွေကြေးပမာဏ တိုးတက်မှုကို ထိန်းကျောင်းရန်နှင့် ငွေကြေးဖောင်းပွမှုဖိအားလျှော့ချရန် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ထား ကြောင်း သိရသည်။

ထို့အပြင် ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်ပေးသည့် အတိုးနှုန်းကိုလည်း လက်ရှိ ၃ ဒသမ ၆ ရာခိုင် နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းအား မြှင့်တင်ပေးခြင်းကို ယခုမေလမှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

ကိုဗစ်ကာလ CB ဘဏ်ရှေ့တွင် ငွေထုတ်ယူရန်စောင့်ဆိုင်းနေကြသူများ(ပုံအဟောင်း)

ဘဏ်များအနေဖြင့် ပြည်သူလူထု၏ အပ်နှံငွေများဖြင့်သာ လည်ပတ်နေကြခြင်းဖြစ်ပြီး ဘဏ်များအပေါ် အယုံ အကြည်မရှိကြဘဲ အပ်နှံငွေများ လာရောက်အပ်နှံခြင်းမရှိတော့ပါက အန္တရာယ်ရှိနိုင်ကြောင်း စီးပွားရေးလေ့လာ သုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

"အမှန်အတိုင်းပြောရရင်တော့ အန္တရာယ်ရှိတာပေါ့။  economic system ကြီးကောင်းမှ ရမှာ။ ကျန်တဲ့ import system, export system  အဲဒီကြားထဲ foreign direct investment system ကျန်တဲ့ အကုန်လုံး consequence ပေါ့ အကျိုးဆက်အနေနဲ့ ကောင်းလာမှာပေါ့။ ဒီအခြေအနေကတော့ ကျန်တဲ့ကိစ္စတွေ အခြေအနေဆိုးတာကတော့ စီးပွားရေးကတော့ နိုင်ငံရေးအခြေအနေ မကောင်းသရွေ့ ဒီပုံစံနဲ့ပဲ သွားနေမှာပဲ။ ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက စခဲ့တာ ပဲလေ။ တစ်နေ့တစ်နေ့ ပိုပိုပြီးတော့ ၃ ထောင်ကနေ ၄ ထောင်၊ ၄ ထောင်ကနေ ၅‌ ထောင် ဒေါ်လာဈေးက။ ရွှေဈေးဆိုလည်း ဒီအတိုင်းပဲလေ။ လောလောဆယ်တော့ ထိုးပြီး ဒါကြီးကောင်းသွားဖို့ မမြင်ဘူး" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဂ္ဂလိကဘဏ်များ၌ ငွေသားအလွယ်တကူ ထုတ်ယူနိုင်သလို၊ ATM စက်များတွင်လည်း ငွေဖြည့်တင်း ပေးထားကြောင်း ဘဏ်များကကြေညာထားကြပြီး ငွေပမာဏအများအပြား ထုတ်ယူချင်သူများ၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ကျပ်သိန်း ၂၀၀ ကျော်ပါက အကြောင်းပြချက် ရေးသားရကာ လက်မှတ်ထိုးထုတ်ယူ၍ ရကြောင်း လည်း သိရသည်။