CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၇

ထိုင်းအာဏာပိုင်များသည် ရေတိုစီးပွားရေး စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဖြေရှင်းရန်သာ အာရုံစိုက် လုပ်ဆောင်ခဲ့ပြီး ရေရှည်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

မကြာသေးမီက ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ယခုနှစ်အတွက် ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၂ ဒသမ ၄ ရာခိုင်နှုန်းသာ ဖော်ပြခဲ့သည်။ 

ထိုနှုန်းထားအရ ဧပြီလအတွင်းက ထိုင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ခန့်မှန်းချက်ဖြစ်သည့် ၂ ဒသမ ၈ ရာခိုင်နှုန်းမှ ၀ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ထိုင်း၏ ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် မျှော်မှန်းထားသည်ထက် လျော့နည်းနေပြီး ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် အစိုးရဘတ်ဂျက် မူကြမ်းကို အတည်ပြုရန် နှောင့်နှေးကြန့်ကြာမှုတို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို လျှော့ချခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်ကဲ့သို့ Kasikorn Research Center နှင့် SCB Economic Intelligence Center တို့မှ အခြား သုသေသနအဖွဲ့များကလည်း ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်များကို လျှော့ချခဲ့ပြီး ၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးခန့်မှန်းခဲ့ကြသည်။

ထိုင်းနိုင်ငံကိုတွေ့ရစဉ်

စီးပွားရေးကဏ္ဍတွင် ရုန်းကန်နေရသည့်တိုင် ထိုင်းဗဟိုဘဏ်က ငွေကြေးမူဝါဒ နှုန်းထားများကို ၂ ဒသမ ၅ ရာခိုင်နှုန်းတွင် ဆက်လက်ထားရှိခဲ့သည်။

အတိုးနှုန်းထားများ လျှော့ချရန် တောင်းဆိုမှုများ ရှိနေသည့်တိုင် ဘဏ္ဍာရေး တည်ငြိမ်မှုကို ကာကွယ်ရန် လိုအပ်သဖြင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

အတိုးနှုန်းထားများကို လျှော့ချပါက ပြည်သူများကို ချေးငွေများ ပိုမိုရယူစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်လာနိုင်ပြီး ကြွေးမြီများ ပိုမိုမြင့်တက်လာမည့် အရေးကို စိုးရိမ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းလူမျိုးများကို ဘတ် ၅၀၀ ဘီလျံတန်ကြေးရှိ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ပေးမည့် အစိုးရ၏ အစီအစဉ်သည်လည်း ငွေကြေးဖောင်းပွမှု ဖိအားများကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Thai PBS World