- By CNI
- Category: စီးပွားရေး
- Hits: 438
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၈
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်တို့တွင် မတ်လ ၇ ရက်နေ့က မြန်မာ့တပ်မတော်၊ ပြည့်သူ့စစ်ပူးပေါင်းတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေး တပ် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတချို့ ပိတ်ထားရကြောင်း သိရသည်။
ဗန်းမော် - လွယ်ဂျယ် လမ်းပိုင်းနှင့် မြစ်ကြီးနား - ဗန်းမော် လမ်းပိုင်းတို့ကို တိုက်ပွဲဖြစ်ပွားသည့် မတ်လ ၇ ရက်နေ့ တွင် ခေတ္တပိတ်ထားခဲ့ပြီး မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ ငှက်ပျောနှင့် ကြံများကို ထုတ်ယူရန်အဆင်မပြေသည့်အတွက် လွယ်ဂျယ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် အခက်အခဲ ရှိနေကြောင်း၊ လက်ရှိတွင် ဗန်းမော်မြို့ မြောက်ဘက်ခြမ်းတွင် သွားလာ၍ အဆင်မပြေကြောင်း၊ တောင်ဘက်ခြမ်း တွင်သာ သွားလာ၍ ရသည်ဟု လွယ်ဂျယ် ကုန်ကားမောင်းနှင်သူ ကိုဟိန်းဇင်ထွန်းက CNI သတင်းဌာနသို့ ပြော သည်။
“အဲဒီလိုတော့ ကျနော်တို့လည်း တိတိကျကျတော့ မသိဘူး။ ပိတ်တယ်လို့တော့ အသံကြားတယ်။ ဒါပေမယ့် ဒီမနက် ဖွင့်တယ်လို့ ပြောတယ်။ ကျနော်ကတော့ မသွားရသေးဘူး။ မိုးမောက်ကတော့ ဖြစ်သံမကြားဘူး။ ဆိုင်တော့ဆိုင်ပါတယ် အဲဒီဘက်က ပစ္စည်းတွေတော့ ထုတ်မရတာပေါ့။ ငှက်ပျောတွေ၊ အဲဒီဘက်က ကြံတွေ၊ လွယ်ဂျယ်ပို့တဲ့ဟာတွေ ထုတ်မရတာပေါ့။ သံတောင်တို့၊ မြို့သစ်တို့ အဲဒီဘက်တွေကတော့ မရဘူးပေါ့။ အခုသွားနေတာကတော့ ရွှေလီ၊ လွယ်ဂျယ်ပေါ့ အဲဒီလိုတော့ သွားနေကြတယ်။ အတိအကျ ပြောရရင်တော့ ဗန်းမော်ရဲ့ မြောက်ဘက်ထဲ ကျမှာပေါ့။ အဲဒီဘက်တော့ သွားမရဘူး။ တောင်ဘက်ထဲတော့ သွားလို့ရတယ်” ဟု ပြောသည်။
တိုက်ပွဲကြောင့် ဗန်းမော် - မြစ်ကြီးနား လမ်းပိုင်း ပိတ်ထားကြောင်း၊ ဗန်းမော် လမ်းကြောင်း ပိတ်ထားခြင်းကြောင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးသို့ သွားရန်အခက်အခဲ ရှိနေကြောင်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ခါယန်ကျေးရွာမှ ထွက်ရှိသည့် ငှက်ပျောခြံများဘက်တွင်လည်း သွားလာ၍ မရကြောင်း ကုန်ကားသမားတစ်ဦးဖြစ်သည့် ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။
KIA တပ်သားများ
“မနေ့ကဖြစ်တဲ့ဟာတော့ သက်ရောက်မှုတော့ အဲဒီလောက် မရှိဘူး။ ဒါပေမယ့် ငှက်ပျောခြံ နည်းနည်းပါးပါးတော့ အဝင်အထွက်လေးလောက်ပဲ တန့်တာပါ။ ခဏလောက်ပဲ တန့်ပြီး ပြန်ဖွင့်ပေးတယ် သွားလာလို့ရတယ်။ ခါယန်ပဲ သွားလို့လာလို့ မလွယ်တာ။ ခါယန်တစ်ခုပါပဲ သွားလာလို့ မရတာ၊ ကျန်တဲ့နေရာတော့ သွားလာလို့ အကုန်ရတယ် ဒီဘက်က။ အခုလောလောဆယ်တော့ မပိတ်သေးဘူးပဲ။ အကြီးအကျယ် ဖြစ်လာရင်တော့ မသိဘူး အနေအထား ကလေ။ အကြီးအကျယ် ဖြစ်လာရင်တော့ အပြောင်းအလဲ ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ အခုလောလောဆယ်တော့ လမ်းကြောင်းပိတ်တာတို့တော့ မလုပ်ကြဘူးပဲ။ လောလောဆယ် ဗန်းမော်နဲ့ မြစ်ကြီးနားလမ်းကြောင်းက ပိတ်ထားတော့ အဲဒီဘက် သွားလာတာ သိပ်မရှိဘူး။ ဗန်းမော်ဖြစ်ရင်တော့ လွယ်ဂျယ်ဘက် သွားလို့ အခက် အခဲဖြစ်မှာပေါ့။ ကန်ပိုက်တီကတော့ ဒီဘက်အပိုင်းဆိုတော့ သွားလာလို့ရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်လည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ထိစပ်နေသည့် လမ်းကြောင်း များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းနှင့် မန္တလေး - ဗန်းမော် အဓိက လမ်းပိုင်းများကို ပိတ်ထားသည်ဟု သိရသည်။
မတ်လ ၇ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံများ ပြောင်းရွှေ့နေကြရပြီး ဗန်းမော်မြို့အတွင်းတွင် လည်း လုံခြုံသည့် အနေအထားတွင် မရှိကြောင်း ဗန်းမော်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အခု ကျနော်တို့ ဗန်းမော်ကနေတော့ လောလောဆယ် ပိတ်တာ မရှိဘူးဗျ။ မိန်းလမ်းတွေကတော့ ဗန်းမော် - မြစ်ကြီးနား မိန်းလမ်းလည်း ပိတ်တယ်ပေါ့။ ဗန်းမော် - မန္တလေးလည်း ပိတ်တာပဲလေ။ တိုက်ပွဲကြောင့်တော့ တိုက်ပွဲဖြစ်တဲ့နေရာ ကျေးရွာတွေကတော့ ဒီဘက်ကို ရွှေ့ထားတယ်ပေါ့နော်။ ကျနော်တို့ ခရီးသွားနဲ့ ပတ်သက် ရင်တော့ မထိခိုက်ဘူးပေါ့ လောလောဆယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမပိတ်ထားတဲ့လမ်းမှာ ဖြစ်တာကိုး။ စိုးရိမ်ရတာတော့ စိုးရိမ်ရပါတယ်။ ကျနော်တို့ မြို့ထဲတောင်မှ ပွင့်ပွင်လင်းလင်းပြောရရင် သိပ်မလုံဘူးပေါ့နော်။ မြို့ထဲနေရတာတောင်မှ သိပ်မလုံပါဘူး” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ မကြာခဏ ပိတ်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နေပြီး ကုန်တင်ယာဉ်များ မကြာခဏ ပိတ်မိနေမှုများလည်း ဖြစ်ပွားလျက် ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 318
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၈
ထိုင်းနိုင်ငံသားများ၏ တိုင်ကြားမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ စစ်ဆေးဖမ်းဆီးခံရသည့် ကိစ္စရပ် များပြားလာကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုထဲတွင် မသင်္ကာစရာကိစ္စတစ်ခုခုကြောင့် သတင်းပေးပို့သဖြင့် ထိုင်းအာဏာပိုင်များမှ လာရောက်စစ်ဆေးပြီး ဖမ်းဆီးခံရမှုမှာ ပို၍များကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“ထိုင်းနိုင်ငံသားတွေကတော့ ထုံးစံအတိုင်း သူတို့အချင်းချင်း မကျေမနပ်ဖြစ်လို့ အလုပ်ရှင်ချင်းပေါ့ အပြိုင် အဆိုင်ဖြစ်လို့ တိုင်တာတောတာလည်း ရှိမယ်။ နောက်တစ်ခုက နယ်မြေမှာ သူတို့မှာ ရပ်ကွက်တွေ၊ မြို့နယ် တွေမှာ အရံပေါ့ ရပ်မိရပ်ဖတွေ ပြည်သူ့စစ်လိုဟာမျိုးတွေ ဒါတွေအကုန်လုံးက ရှိထားပြီးသား။ အဲဒီတော့ အဲဒီမှာကို သူတို့က ရွှေ့ပြောင်းအလုပ်သမားတွေ တရားမဝင် ဝင်ရောက်တာတို့၊ မသင်္ကာတာတို့၊ မသင်္ကာစရာ ရှိတာတို့ အကြောင်းကြားပေးဖို့ စနစ်က ရှိထားပြီးသားလေ။ အဲဒီအခါကြတော့ တွေ့တဲ့အခါကြရင် တိုင်တဲ့ တောတဲ့ အခါကြရင် လာပြီးတော့ အဖမ်းခံရတာပေါ့။ များသောအားဖြင့်ကတော့ မသင်္ကာစရာတွေ့တဲ့ အခါကြတော့ သတင်းပို့လို့အဖမ်းခံရတာတွေကလည်း တော်တော်များပါတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် ဆိုက်တွဲဖြင့် ဒန်ပေါက်လှည့်လည်ရောင်းချနေသည့် ရွှေ့ပြောင်းမြန်မာတစ်ဦး
ပြီးခဲ့သည့်ရက်ပိုင်းက Sa Kaeo ပြည်နယ်တွင် အထည်အလိပ် စက်ရုံနှင့် ဟိုတယ် စားသောက်ဆိုင် လုပ်ငန်းခွင် များ၌ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများစွာ အလုပ်လုပ်နေသည်ဟု ဒေသခံများ၏ တိုင်တန်းမှုအရ ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နှင့် ဌာနပေါင်းစုံမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးပြီး တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား ၂၅ ဦး အားဖမ်းဆီးခဲ့သည်။
ယခင်ကလည်း တွန်းလှည်းဖြင့်ဈေးရောင်းချနေသည့် မြန်မာများ၊ ကိုယ်ပိုင်ဆိုင်ဖွင့်ထားသည့် မြန်မာများအပေါ် ထိုင်းနိုင်ငံသားများ၏ တိုင်ကြားမှုများမှာ ရှိခဲ့သည်။
သို့သော် ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား ပိုမိုများပြားလာပြီး စက်ရုံ၊ အလုပ်ရုံများတွင်သာမက ထိုင်းနိုင်ငံ၏ အခြားသော ဝန်ဆောင်မှုအလုပ်အကိုင်များတွင်လည်း မြန်မာနိုင်ငံသားများ နေရာယူလာကြ ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအလုပ်အကိုင်များထဲမှ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းတွင် မြန်မာနိုင်ငံသားများမှ ကိုယ်ပိုင်ယာဉ် များဖြင့် ဝင်ရောက်လုပ်ကိုင်နေသည့်အတွက် ထိုင်းနိုင်ငံသား ယာဉ်မောင်းများ၏ တိုင်ကြားမှုများရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
တာ့ခ်လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွှေ့ပြောင်းမြန်မာများ
ရှေ့လျှောက်တွင် မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း ပိုမိုဝင်ရောက်လာကြဦးမည်ဖြစ်သည့်အတွက် ထိုသို့ အတိုင်ခံရမှု ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အပြင်မှာ မြန်မာတွေ တချို့တွေ တွန်းလှည်းတွေနဲ့ နောက် ကိုယ်ပိုင်ဆိုင်တွေ၊ နောက် အခုဘန်ကောက်မှာဆို လည်း တော်တော်ပဲ မှိုလိုပေါနေတာ။ ကိုယ်ပိုင်ကားတွေဝယ်ပြီးတော့မှ ကိုယ့်နိုင်ငံသားကိုယ် ကားအကြို/အပို့ လုပ်တာတွေ၊ အိမ်ပြောင်းတာတွေ၊ လေယာဉ်လက်မှတ်ဝယ်ပေးတာတွေ အစရှိသဖြင့် ကျနော်တို့မြန်မာတွေ ကလည်း ပွင့်ပွင့်လင်းလင်းပြောရင် ကိုယ့်အလုပ်ကို လေလှိုင်းပေါ်မှာတင်ပြီး ကြေညာတာပေါ့။ အဲဒီတော့ ဒီဟာ တွေဟာ ပတ်သက်ပြီးတော့မှ ထိုင်းအစိုးရဆီကို ထိုင်းနိုင်ငံသားတွေ တိုင်တာတွေ အများကြီးရှိတယ်။ တချို့ ဒေသခံကားသမားတွေဆိုရင်လည်း မြန်မာတွေကို တိုင်တယ်။ နောက် တက္ကစီသမားတွေပေါ့။ မြန်မာတွေဟာ သူတို့ကိုယ်ပိုင်ကားတွေနဲ့ မြန်မာအချင်းချင်း contact လုပ်ပြီးတော့မှ ကားအကြို/အပို့တွေလုပ်ကြတယ်။ ဒီမှာ တက္ကစီသမားတွေ ရပ်နေရတယ်ပေါ့။ ယာဉ်မောင်းနဲ့ပတ်သက်တာတွေတော့ အတိုင်ခံရတာတွေ အများကြီး ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များမှ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ လုံခြုံရေးစစ်ဆေးမှုများ ပိုမိုတင်းကြပ် လာနေသကဲ့သို့ ဝင်ရောက်လာသည့် မြန်မာပိုမိုများပြားလာသည့်အတွက် နယ်စပ်ဒေသများတွင် အဆောင်၊ တန်းလျားတို့၏ အခန်းခများကို ယခင်ကထက် ပို၍ ဈေးတင်ခြင်းဖြင့် ထိုင်းနိုင်ငံသားများမှ ခေါင်းပုံဖြတ်နေကြ ကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 463
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၇
ယခုနှစ် ငှက်ပျောရာသီစတင်ချိန်မှစ၍ ယနေ့အချိန်ထိ ကချင်ပြည်နယ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့ရာတွင် တရုတ်နိုင်ငံမှ လိုင်စင်မဲ့ ကုန်ကားများ ဝင်ရောက်နေ၍ မြန်မာကုန်ကားများ အခက်တွေ့နေကြောင်း ကုန်ကားမောင်းနှင်သူများက ပြောသည်။
ငှက်ပျောခြံပိုင်ရှင်များက ငှက်ပျောတင်ပို့ရန်အတွက် တရုတ်နိုင်ငံမှ လိုင်စင်မဲ့ကားများကို အသုံးပြုနေခြင်းကြောင့် မြန်မာကုန်ကားများအနေဖြင့် ငှက်ပျောတင်ဆောင်ရသည့် အခေါက်ရေများ လျော့ကျလျက် ရှိနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ငှက်ပျောရာသီ စတင်သည့် နိုဝင်ဘာလမှ လက်ရှိ မတ်လအထိ မြန်မာကုန်တင်ကားများအနေဖြင့် အခေါက်ရေ ၂၀ ခန့် ရရှိပြီးနေပြီဖြစ်သော်လည်း လက်ရှိတွင် လိုင်စင်မဲ့ တရုတ်ကုန်ကားများကြောင့် အခေါက်ရေ ၈ ခေါက်ခန့်သာ ရရှိသေးသည်ဟု ကန်ပိုက်တီမှ ကုန်ကားမောင်းနှင်သူ ကိုထွဋ်က CNI သတင်းဌာနသို့ ပြောသည်။
သစ်သျှူးငှက်ပျောများကို တွေ့ရစဉ်
“ငှက်ပျော ဒီနှစ်ဆွဲလို့လည်း သိပ်မကောင်းဘူး။ နောက်ပြီးတော့ တချို့ လိုင်စင်ကားတွေဆို မဆွဲရဘူး။ without တွေက များနေတော့။ ကားအလွတ်တွေက များနေတော့၊ ခြံက ဝယ်ထားတဲ့ကားတွေ၊ တရုတ်တွေ ဝယ်ထားတဲ့ကားတွေက များတယ်။ without ကားတွေ များတဲ့အချိန်ကျတော့ ကျနော်တို့မှာ ဒီလိုင်စင်ကားတွေက ဆွဲရတာ အခက်အခဲ ရှိတယ်။ နောက်ဆုံး မန္တလေးဆင်းပြီးတော့မှ ဖရုံတွေ၊ ဖရဲတွေ သွားတင်ရတော့တာ။ ငှက်ပျောကို မဆွဲနိုင်ဘူးဖြစ်နေတယ် without များတော့။ တကယ့် အခွန်ဆောင်ထားတဲ့ လိုင်စင်ကားတွေကျတော့ ဒုက္ခရောက်တာပေါ့။ သူတို့ကားတွေက ပုံမှန်ပဲလေ ဆွဲနေတာ အလွတ်တွေပေါ့ လိုင်စင်မရှိတဲ့ ကားတွေပေါ့နော်။ စဆွဲကတည်းကိုက စလာတာပဲ အဲဒါတွေက။ ငှက်ပျောချိန်ပြီးရင် တချို့ကျတော့လည်း ခြံထဲမှာ သိမ်းထားတာရှိတယ်။ တချို့ကျတော့လည်း တရုတ်ပြည်ထဲမှာ ထားထားတာ ရှိတယ်လေ ကူရုံးမှာ။ ငှက်ပျောခြံထဲမှာ ဖွက်ထားတော့တာပေါ့။ အခေါက်ရေ မရတော့ဘူးပေါ့ ဒီနှစ်ဆိုရင်။ အရင်နှစ်တွေဆိုရင် ဒီအချိန်ဆိုရင် ကျနော်တို့ ဘယ်လောက်ထိ ရပြီလဲဆိုရင် အခေါက် ၂၀ ကျော်ပြီလေ။ ဒီနှစ်က ၈ ခေါက်၊ ၉ ခေါက် အဲဒီထက် မပိုဘူး၊ အဲဒီလောက်ပဲ ရကြတာ” ဟု ပြောသည်။
တရုတ်မှ ဝင်ရောက်ထားသည့် လိုင်စင်မဲ့ကားအစီးရေသည် မြန်မာကုန်ကားအစီးရေး၏ ထက်ဝက်ခန့်ရှိကာ တရုတ်ကားများသာ အလုပ်ဖြစ်နေပြီး မြန်မာကုန်ကားတချို့မှာ ရပ်နားထားရကြောင်း သိရသည်။
တချို့သော မြန်မာကုန်ကားများသည် ငှက်ပျောအစား မန္တလေးမှတဆင့် ဖရဲ၊ ကြက်သွန်များကိုသာ သွားရောက် တင်ဆောင်နေကြရကြောင်း၊ ထိုသို့ မန္တလေးသို့ ကုန်တင်ဆောင်ရာတွင် ရရှိသည့်နှုန်းထားသည် များပြားသော် လည်း လမ်းကြောင်းတလျှောက် ဂိတ်ကြေးပေးဆောင်ရမှုသည်လည်း များပြားသည်ဟု ကုန်ကားသမားများက ပြောသည်။
ကန်ပိုက်တီ မြို့အဝင်ဆိုင်းဘုတ်
လက်ရှိတွင် မြန်မာကုန်ကားများသည် တရုတ်ကုန်ကားများနှင့် နှိုင်းယှဉ်ပါက ငှက်ပျောတင်ဆောင်ရသည့် အခေါက်ရေသည် ထက်ဝက်ခန့် လျော့ကျနေခြင်းကြောင့် လိုင်စင်မဲ့ တရုတ်ကုန်ကားများ ဝင်ရောက်နေမှုကို ထိန်းချုပ်ပေးစေလိုကြောင်း ကန်ပိုက်တီ ကုန်ကားသမား ကိုရှိုင်းဝေက CNI သတင်းဌာနသို့ ပြောသည်။
“အစီး ၃၀/၄၀ လောက်တော့ ရှိလောက်မယ်။ မြန်မာကားနဲ့ဆိုရင် အခုလက်ရှိ ငှက်ပျောဆွဲနေတာကတော့ သူတို့တစ်ဝက်၊ ကျနော်တို့တစ်ဝက်လောက် ရှိအုံးမယ်။ တစ်ဝက်စီလောက်ကျမှ ငှက်ပျောခြံထဲကကားနဲ့ တရုတ်ထဲကကားနဲ့ တချို့ တရုတ်ကုန်သည်တွေ၊ ငှက်ပျောခြံကုန်သည်တွေလည်း ရှိတယ်လေ အတွင်းထဲမှာ ထားထားတာ အလွတ်တွေက။ မန္တလေးဆင်းပြီးမှ ဆွဲတာတော့ ဖရုံသီးတို့၊ ဖရဲသီးတို့၊ ကြက်သွန်နီတို့ပေါ့နော်။ အောက်ကုန် သွားဆင်းဆွဲတာ။ ကုန်တွေက အလျင်မမှီတော့ဘူး ဖြစ်နေတာ သူတို့ကားတွေများတော့။ ပုံမှန်တော့ ငှက်ပျောတင်တာပေါ့။ ငှက်ပျောဆွဲစရာမရှိတော့။ အခုနောက်ပိုင်းက နည်းနည်းပါ ထပ်ပါးသွားတယ် ငှက်ပျောက။ ဒီလထဲမှာတော့ တော်တော်ပါးသွားတယ်။ အောက်ပြည်သွားတာတော့ အခက်အခဲတော့ မရှိဘူး။ ဒါပေမယ့် လမ်းတွေကလည်း ဂိတ်တွေက များတယ် တအားကုန်တယ်လေ ပိုက်ဆံ။ ကျန်မယ့်ဟာက အကျန်နည်းတာပေါ့။ ဂိတ်တွေများတော့ တအားပေးရတယ်လေ။ အောက်ပြန်ဆင်းတာလည်း အခုဆိုရင် ၃ ပုံ ၂ ပုံလောက် အောက် ပြန်ဆင်းတာ များတယ်။ လိုင်စင်နဲ့ကားတွေကတော့ အောက်ဆင်းပြီးတော့မှ တင်တာများတယ်။ ဒီမှာရှိတဲ့ ဟာတွေက အလွတ်တွေများတယ်။ လိုင်စင်မဲ့ကားတွေကို ထိန်းပေးနိုင်ရင်တော့ ကျနော်တို့လည်း အလုပ် ဖြစ်တာပေါ့ အခွန်ဆောင်ထားတဲ့ လိုင်စင်ကားတွေ အလုပ်ဖြစ်တာပေါ့နော်။ အဲဒါတွေ မထိန်းနိုင်တဲ့ ကာလ ပတ်လုံးတော့ မတိုးနိုင်ဘူးလေ သူတို့ ၆ ခေါက်ရမှ ဒီက ၂ ခေါက် ၃ ခေါက်လောက်ပဲ ရမှာ။ သူတို့ကို သွားယှဉ်လို့ မရဘူး အဲဒီလို ဖြစ်နေတယ်” ဟု ပြောသည်။
ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်များ၌ စိုက်ပျိုးထားသော သစ်သျှူးငှက်ပျောများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး ငှက်ပျောရာသီအနေဖြင့် နိုဝင်ဘာလမှ ဇွန်လအထိ ဖြစ်သည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 478
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၇
မလေးရှားတွင် တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအား မတ်လ ၁ ရက်နေ့မှ စတင်ကာ CI ဖြင့် နေရပ်ပြန်ခွင့်ပြုထားသော်လည်း လက်ရှိမှာတော့ နေရပ်ပြန်သည့် မြန်မာလူဦးရေမှာ နည်းပါးလျက်ရှိသေး ကြောင်း မလေးရှားရှိ မြန်မာပရဟိတအသင်းအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားပြည်ထဲရေးဝန်ကြီးက မလေးရှားတွင် တရားမဝင် အထောက်အထားမဲ့နှုန်းထား ၆ သိန်းခန့်ရှိသည့်အထဲ မတ်လ ၁ ရက်နေ့၌ နေရပ်ပြန်သည့်နှုန်းထားမှာ ၈၀၀ ကျော်သာရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား သွားခဲ့သည်။
ထိုအစီအစဉ်သည် ဒီဇင်ဘာလကုန်အထိ ဖွင့်ပေးထားသဖြင့် လက်ရှိနေရပ်ပြန်သူဦးရေ နည်းပါးနေခြင်း ဖြစ်နိုင် ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် ဆက်လက်စောင့်ဆိုင်းပြီး နေရပ်မပြန်ကြသေးခြင်း ဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် ကျန်းမာရေးမကောင်းသူများသာ အဓိက နေရပ်ပြန်ရန် လုပ်ဆောင်နေကြကြောင်း မလေးရှား အခြေစိုက် ရတနာစက္က နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ နည်းနေသေးတယ်။ အရင်တုန်းကဆိုရင် ဂျိုဟိုးမြို့ဆို immigration တစ်ခုပဲထား တယ်။ KL မှာဆိုလည်း ၂ ခုလောက်ပဲထားတယ်။ အခု ဂျိုဟိုးမှာဆိုရင် ၃ ခု၊ ၄ ခုလောက်ဖြစ်သွားပြီ။ မြို့နယ်တိုင်း မြို့နယ်တိုင်း immigration မှာ သွားပြီး လက်ဗွေနှိပ်ခွင့်ပေးတယ်။ ဆိုတော့ ဒီဘက်မှာတော့ jams မရှိသေးဘူး။ မနေ့က ကျနော်သွားပြီးလေ့လာတယ်။ ဒီမှာရှိတာတော့ နီပေါလူမျိုး၊ မြန်မာလူမျိုးတော့ မရှိသေးဘူး။ နီပေါရယ် ဘင်္ဂလားရယ်၊ အင်ဒိုနီးရှားရယ်ပဲများတယ်။ သူတို့တွေလည်း သနားဖို့ကောင်းတယ်။ မနက်ကတည်းကနေ တန်းစီ ရတာ ညနေအထိပေါ့ တစ်နေ့မှ အယောက် ၃၀၀ လောက်ပဲပေးတယ်။ စီ(တန်းစီ)တာက တစ်ထောင်လောက်ရှိ တယ်။ သွားပြီးလေ့လာလိုက်တော့ မြန်မာ တစ်ယောက်မှတော့ မတွေ့သေးဘူး။ အခုလောလောဆယ် လျှောက်ပြီး ပြန်မယ့်လူတွေအထဲမှာတော့ မြန်မာထဲက မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေအရ အရင်က ပြန်မယ်လုပ်ထားတဲ့ လူတွေက ဒီမှာပဲ ပေကပ်ပြီးနေကြတော့တယ်။ အခုလောလောဆယ် မဖြစ်မနေ ပြန်မယ့် လူတွေကတော့ နေမကောင်းတဲ့သူ၊ ကျန်းမာရေး မကောင်းတဲ့သူ၊ လေဖြတ်တဲ့သူနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေပဲ ရှိတယ်” ဟု ပြောသည်။
မလေးရှားမှာ ဒဏ်ကြေးဆောင်ဖို့ စောင့်နေကြစဉ်
မလေးရှားအာဏာပိုင်များက ၎င်းနေရပ်ပြန်ရေး အစီအစဉ်အား မတ်လ ၁ ရက်မှစတင်ကာ ဒီဇင်ဘာလကုန်အထိ ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး နေရပ်ပြန်ချင်သူများထဲတွင် နိုင်ငံကူးလက်မှတ်မရှိပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်အား မြန်မာသံရုံး၌ လူကိုယ်တိုင် သွားရောက်လျှောက်ထားရမည်ဖြစ်သည်။
ထိုသို့ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ လူကိုယ်တိုင်သွားရောက်ကာ CI လျှောက်ထားရခြင်းသည် ဝေးလံသော ဒေသများမှ မြန်မာနိုင်ငံသားများအတွက် လမ်းခရီး အခက်အခဲဖြစ်စေကြောင်း မလေးရှားရှိ မြန်မာပရဟိတ အသင်းအဖွဲ့များထံမှ သိရသည်။
ထို့ကြောင့် သံရုံးအနေဖြင့် စခန်းခွဲများဖွင့်လှစ်၍ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပို၍ ကောင်းမွန်မည် ဖြစ်ကြောင်း မလေးရှားအခြေစိုက် နှလုံးလှပရဟိတလူငယ်များ သွေးအလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။
CI စာအုပ်လုပ်မည့်သူများကို တွေ့ရစဉ်
၎င်းက “အခြားနေရာတွေ မြို့တွေမှာ ဖွင့်နိုင်ရင် ကောင်းတာပေါ့။ တချို့ဆို ဝေးတဲ့နေရာပေါ့။ ဒီကိုလာရမှာ ၅ နာရီ၊ ၄ နာရီ၊ ၃ နာရီ ကြိုတင်လာရတာတွေ ရှိတယ်။ အဲဒီလိုလူတွေကြတော့ ဒုက္ခရောက်တယ်လေ။ မလေးရှားမှာ ကတော့ အမြဲတမ်းမှာ မြန်မာသံရုံးက ပေးတာပဲ တွေ့ဖူးတယ်။ ကျန်တဲ့စခန်းတွေ ဖွင့်တာလည်း မတွေ့ဖူးသေး ဘူး။ အဲဒီလိုဖွင့်နိုင်ရင်တော့ ကောင်းမယ်ထင်တယ်။ ပွဲစားကတော့ ရှိမှာပဲ။ ကိုယ့်လူမျိုးတွေက မလုပ်တတ်တဲ့ လူတွေ များတယ်လေ။ immigration ကိုသွားတာကအစ ကားငှားသွားရတာ။ ဟိုကြရင် တန်းစီတာကအစ မလုပ် တတ်တဲ့လူတွေများတယ်။ လေယာဉ်လက်မှတ် ကြိုတင်ဝယ်တာကအစ မသိတဲ့လူတွေ များတယ်။ အဲဒီတော့ ဘယ်မှာနေလဲ လာခေါ်ပေးမယ်၊ လိုအပ်သမျှ အကျိုးတော်ဆောင်ပေးမယ်၊ ပြန်တဲ့အထိ။ ဝန်ဆောင်ခ ယူမယ်။ အနည်းလေး ၄၊ ၅ ရာလောက်ကတော့ ယူကြမှာပဲ” ဟု ပြောသည်။
နေရပ်ပြန်မည့် တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများ အနေဖြင့် ဒဏ်ကြေးအဖြစ် ရင်းဂစ်ငွေ ၅၀၀ နှင့်အတူ လေယာဉ်လက်မှတ် နှုန်းထားကိုပါ ကျခံရမည်ဖြစ်ပြီး ၁၄ ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည် ထွက်ခွာနိုင်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထိုအစီအစဉ်သည် မလေးရှားနိုင်ငံအတွင်းရှိ မြန်မာ အပါအဝင် နိုင်ငံခြားသား အထောက်အထားမဲ့များ၊ Overstay သမားများ မည်သူမဆို အရေးယူခြင်းမခံရဘဲ နေရပ်ပြန်ခွင့်ပေးထားခြင်းဖြစ်ပြီး ထိုသို့ ခွင့်ပြုပေးထားသဖြင့် လက်ရှိ မလေးရှားတွင် အော်ပရာစီ အဖမ်းအဆီးများသည် ယခင်ကထက် လျော့နည်းလာကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 574
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၆
ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်၍ ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်၌ လက်နက်ကိုင်ထားသူများရှိပါက ကုန်သွယ်ရေးလမ်းတွင် အဟန့်အတားများ ကြုံတွေ့ရသလို ငွေကြေးကုန်ကျမှု စရိတ်များလည်း မြင့်တက်မှုများ ကြုံတွေ့ရကြောင်း သိရသည်။
နစကနှင့် တရုတ်ကြား တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးလျက်ရှိနေပြီး ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက် မည်သည့်လက်နက်ကိုင် အဖွဲ့များကိုမှ မရှိစေရန် နစကဘက်က ရပ် တည် ဆွေးနွေးလျက်ရှိနေသည်။
သွင်းကုန်လုပ်ငန်းရှင် ဦးနေမျိုးဝင်းက “လက်နက်ကိုင် အဖွဲ့ပေါင်းက လက်ရှိရှိနေတဲ့ဟာက တရားဝင်၊ တရားမဝင် မျက်စိတစ်ဖက်မှိတ်အတွင်းကို အနည်းဆုံး ၇ ဖွဲ့၊ ၈ ဖွဲ့ ရှိတယ်။ ၇ ဖွဲ့၊ ၈ ဖွဲ့ ရှိတဲ့နေရာမှာ တပ်မတော်ဂိတ်တွေ လည်း ရှိတယ်။ ပြီးရင် KIA ရှိတယ်။ ရှမ်းရှိတယ်၊ တအာင်းရှိတယ်။ ပြီးရင် တခြားသော နောက်ပေါက်ဂိတ်တွေက ရှိသေးတယ်။ စစ်တပ်ဂိတ်မှာ ပေးရတာက ၁ သောင်းမပိုဘူး။ တောထဲမှာ ရှိနေသော တော်လှန်ရေးအဖွဲ့အစည်းလို့ ပြောနေတဲ့ ဂိတ်တွေက ပေးရတာ အနိမ့်ဆုံးက ၂ သိန်းပေးရတယ်။ စိတ်ထဲရှိသလို တောင်းတယ်၊ ပြီးရင် ဒီတစ်ဖွဲ့ ပြီးလို့လည်း မပြီးသေးဘူး၊ နောက်တစ်ဖွဲ့ ကျန်သေးတယ်။ ပြီးရင် ကားကသွားနေတယ်၊ ကားပေါ်မှာ ရှိနေတဲ့ အခွန်၊ ကားပေါ်မှာ ပါလာတဲ့ အခွန် ၂ ခု ဆောင်ရတယ်။ ဆောင်ရတဲ့နေရာမှာ ရှောင်လို့မရဘူးနော်။ ရှောင်လိုက် တာနဲ့ အဲဒီကားသည် ပစ်သတ်ခံရမယ်၊ မီးရှို့ခံရမယ်။ အဲဒီတော့ သက်ရောက်မှုဆိုတဲ့ကဏ္ဍမှာ ဒီအဖွဲ့အစည်းတွေ ရှိနေတဲ့အတွက် ကုန်ဈေးနှုန်း ကျဆင်းရေးဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလိုလားအပ်တဲ့ အဆီပိုတွေ ဖြစ်နေတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ကုန်ကားများကို စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ကို တွေ့ရစဉ်
အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများကို ပေးရသော ငွေကြေးများကြောင့် ကုန်သည်များသည် စားသုံးသူများထံ သို့ ဈေးနှုန်းများ ပြန်လည်မြှင့်တင်၍ ရောင်းချရကြောင်း၊ ထို့နောက် စားသုံးသူများသာ အဓိက အကျိုးသက်ရောက် မှု ခံကြရကြောင်း ကုန်သည်များက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများဖြစ်သည့် မြဝတီ - ထိုင်းလမ်းကြောင်း၊ မူဆယ် - တရုတ်လမ်းကြောင်း၊ တမူး- အိန္ဒိယလမ်းကြောင်းနှင့် ရခိုင် - ဘင်္ဂလားဒေ့ရှ်လမ်းကြောင်း စသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများသည် တိုက်ပွဲများကြောင့် ရပ်တန့်လျက်ရှိသည်။
ကုန်သွယ်မှု ပြုလုပ်လျက်ရှိနေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားနယ်စပ်နှင့် တာချီလိတ် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း၊ ကချင်ပြည်နယ် ကန်ပိုင်တည်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည်လည်း လက်နက်ကိုင်တပ်ဖွဲ့များမှ ငွေကြေးတောင်းခံနေမှုများကြောင့် ကုန်သွယ်ရေးစရိတ်များ အဆမတန် မြင့်တက် လျက် ရှိနေသည်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် လုံခြုံမှုမရှိပါက ကုန်သွယ်ရေးလုပ်ငန်းများတွင် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး တိုင်းပြည်၏ ဝင်ငွေလည်း ကျဆင်းသွားမည်ဖြစ်သလို ပြည်သူလူထုမှာ လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ကြုံတွေ့ရနိုင်သည်ဟု ကုန်သည်များက ပြောသည်။
ဖရဲကုန်သည် ဦးဆန်းနိုင်က “အခု border trade တွေမှာ ရှိနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ မူဆယ် တစ်ခုတည်း မဟုတ်ပါဘူး။ မြဝတီလမ်းလည်းရှိတယ်၊ တရုတ်ပြည်လမ်းလည်း ရှိတယ်၊ အိန္ဒိယလမ်းလည်း ရှိ တယ်။ အဓိက border trade လမ်းကြောင်းတွေမှာ မြန်မာနိုင်ငံသည် အဓိက အားကိုးနေတာ border trade ကို အားကိုးနေတာ။ border trade တွေ လမ်းကြောင်းတွေ လုံလုံခြုံခြုံ၊ ချောချောမွေ့မွေ့နဲ့ လုပ်မပေးနိုင်သရွေ့က တော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ နောင် ၁၀ နှစ် မသေချာဘူး။ စကားလုံးအရ စင်ပေါ်မှာ တက်ပြောရင် ရေလည်နားထောင်လို့ကောင်းတယ်။ မြေပြင်မှာတော့ ၁၀ နှစ် မသေချာဘူး။ ဘာလို့ဆို မြန်မာနိုင်ငံသည် ဥရောပနဲ့လည်း တိုက်ရိုက် ကုန်သွယ်မှု လုပ်ထားတာ မရှိဘူး။ အမေရိကားတို့ ဘာတို့နဲ့လည်း မရှိဘူး။ မြန်မာနိုင်ငံ သည် border trade ကိုပဲ အားကိုးနေရတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် border trade လုံခြုံချောမွေ့ရင် မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ စားသုံးသူတွေ ဈေးသက်သက်သာသာနဲ့ စားရမယ်။ export သမားတွေလည်း အမြတ်အစွန်း သင့်တင့်လျောက်ပတ်ရမယ်၊ နိုင်ငံတော်လည်း ကုန်သွယ်ရမယ်၊ GDP တက်လာမယ်။ အခု အဲဒီလို မဟုတ်ဘဲနဲ့ ဒီအတိုင်း သွားနေမယ်ဆိုရင် တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ ဝင်ငွေတွေ ကျမယ်။ စားသုံးသူတွေလည်း ကုန်ဈေး နှုန်း ကြီးမြင့်သွားမယ်။ ဒါမျိုးတွေ ဖြစ်လာမှာ အမှန်ပဲလေ”ဟု CNI သတင်းဌာနသို့ ပြောသည်။
ကုန်ကားများကို တွေ့ရစဉ်
ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် လက်နက်ကိုင်ထားသူများက ငွေကြေးတောင်းခံမှုများ လုပ်နေသည့် တိုင် ကုန်သည်နှင့် ကုန်ကားသများအတွက် လုံခြုံမှုကိုတော့ မည်သည့် လက်နက်ကိုင်ထားသူများကမှ အာမခံ ချက် မပေးနိုင်ကြကြောင်း ကုန်ကားသမားများက ပြောသည်။
ကုန်ကားမောင်းနှင်သူ ကိုထက်နိုင်က “လုံခြုံမှုဆိုတာက ဘယ်လက်နက်ကိုင်တွေမဆို ကိုင်ထားတဲ့ဟာတွေက လူကို သေစေနိုင်သော အရာတွေ ဖြစ်တယ်။ သူတို့လက်ထဲမှာ ပန်းတွေကိုင်ထားရင်တော့ ပျော်ပျော်ကြီးပေါ့။ ဒါပေမယ့် သူတို့ကိုင်ထားတာ အားလုံးသည် လူကိုသေစေတဲ့ လက်နက်တွေလေ။ ပေးဆို ပေးထားခဲ့ရတာပဲ။ လုံခြုံမှုဆိုတာတော့ မမေးနဲ့။ ဒီကနေ ၁ မိုင်မှာ ဘာဖြစ်မလဲဆိုတာ မောင်းနေတဲ့ ကားသမားတွေရော ဘာတွေရော ဘယ်သူမှ အာမခံချက် မရှိဘူး။ စုံစမ်းပြီးတော့ သွားနေကြတာပဲလေ။ ဘာဖြစ်လို့ သွားနေကြလဲဆိုတော့ စားဝတ် နေရေးအတွက် သွားနေကြတာလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံရှိ နယ်စပ် ကုန်သည်ရေး လမ်းကြောင်းများတွင် မြန်မာ့တပ်မတော်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ PDF ၊ TNLA၊ MNDAA၊ KIA၊ KNU၊ KNLA၊ NMSP၊ AA စသည့် လက်နက်ကိုင်ထားသော အဖွဲ့အစည်းများ ရှိကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 482
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၆
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အချို့စက်ရုံ၊ အလုပ်ရုံများတွင် တရားဝင် လုပ်သားများအား အကြောင်းမဲ့ အလုပ်ဖြုတ်ပြီး တရားမဝင် လုပ်သားများကို အလုပ်ခန့်အပ်နေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ယခုကဲ့သို့ လုပ်ဆောင်လာခြင်းသည် စက်ရုံ၊ အလုပ်ရုံမှ တာဝန်ရှိသူများ၏ အကျိုးစီးပွားအရဖြစ်ပြီး တရားမဝင် လုပ်သားများကို အလုပ်သမားလက်မှတ် လုပ်ပေးမည်ဟုဆိုကာ အလုပ်စဝင်သည့်အချိန်မှ လစဉ်ကြေးအဖြစ် ဖြတ်တောက်ကြောင်း ၎င်းက ပြောသည်။
ကိုသားကြီးက “တရားမဝင် မြန်မာရွှေ့ပြောင်းတွေ အလွှာပေါင်းစုံက ဝင်လာတာတွေရှိတော့ တချို့ အလုပ်ရှင် သူဋ္ဌေးတွေက မိမိတို့ ခန့်အပ်တာဝန်ပေးထားတဲ့ အလုပ်သမားအဟောင်းတွေကို အကြောင်းမဲ့ အလုပ်ဖြုတ် လိုက်တယ်။ မနေ့ တစ်နေ့ကဆိုရင်လည်း စက်ရုံတစ်ရုံ မှန်ဘောင်တွေလုပ်တာ အဲဒီစက်ရုံက လူပေါင်း ၇၀ ကျော် တစ်ချိန်တည်း အလုပ်ဖြုတ်ပစ်လိုက်တယ်။ လာတိုင်တဲ့လူတွေကလည်း တရားဝင် အထောက်အထားရှိတဲ့ လူတွေ ပဲ။ အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ အလုံးအရင်းအလိုက် တရားမဝင် ဝင်လာတဲ့ အလုပ်သမားတွေကို စမတ်ကြေးလို့ ခေါ်တာပေါ့ အလုပ်လျှောက်ခ ဘတ် ၂၀၀၀၊ ၃၀၀၀ တောင်းပြီးတော့ အလုပ်ခန့်လိုက်တာတွေရှိတယ်။ ဒီလို ပြဿနာတွေက မဲဆောက်ထဲမှာ တော်တော်များများ ဖြစ်နေတာတွေကို တွေ့ရတယ်” ဟု ပြောသည်။
မြန်မာအလုပ်သမားများကို ထိုင်းက စစ်ဆေးနေစဉ်
ထိုသို့ အခြေအနေများ ဖြစ်ပေါ်လာခြင်းသည် မဲဆောက်တွင် မြန်မာအများဆုံး နေထိုင်ခြင်း၊ လာရောက် တိမ်းရှောင်သူ ပိုများလာခြင်းတို့ကြောင့်ဖြစ်ပြီး မဲဆောက်ရှိ ထိုင်းနိုင်ငံသားများက မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး အပေါ် ကောင်းစွာသိရှိထားကြသဖြင့် အသုံးချခြင်းဖြစ်ကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်သူများက သုံးသပ်ကြသည်။
ထို့အပြင် လက်ရှိတွင် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ဝင်ရောက်လာသည့် မြန်မာများအပေါ် ထိုင်းအာဏာပိုင်များမှ ဒဏ်ငွေဆိုသည့် ခေါင်းစဉ်အောက်၌ ဘတ်ငွေ ၁၅၀၀ မှ ၃၀၀၀ ခန့်အထိ လုပ်စားနေကြောင်းလည်း သိရသည်။
ထိုင်းရှိ နယ်စပ်ဒေသများတွင် အလုပ်အကိုင် ရှားပါးခြင်းမရှိသော်လည်း သတ်မှတ်ထားသည့် အခွင့်အရေးနှင့် လုပ်ခလစာနှုန်းထားများ မရရှိဘဲ အလုပ်လုပ်နေကြရသည်မှာ များပြားနေကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်ရုံတစ်ခုကို တွေ့ရစဉ်
၎င်းက “အလုပ်အကိုင်ကတော့ ရတဲ့အလုပ်ကို သတ်မှတ်ထားတဲ့ အခွင့်အရေး၊ သတ်မှတ်ထားတဲ့ နှုန်းထားတွေ အတိုင်း မရဘဲနဲ့ လုပ်ကိုင်နေကြရတာပေါ့။ တချို့ ဒါကလည်း ဒေသအပေါ် မူတည်တာပေါ့။ ဒေသမှာဆိုတာက အခုလိုရာသီ အလုပ်အကိုင်ပေါတဲ့ ထိုင်းခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဒေသတွေမှာဆိုရင် သူတို့ကတော့ အလုပ် အကိုင်ပေါတာပေါ့။ ဒါပေမယ့် တခြားသော အလုပ်ရုံတွေ၊ ခြံတွေ ဒါမျိုးတွေမှာလည်း လုပ်နေကြတာတော့ သူ့ဟာ နဲ့သူ ဆက်စပ်ပြီး ရှိကြတာပဲ။ လုံးလုံးကြီး အလုပ်အကိုင်မရှိဘဲ နေတာထက်စာရင် အလုပ်ရှိတယ်။ သတ်မှတ်ထား တဲ့အလုပ် အခွင့်အရေးနဲ့ နှုန်းထားတွေ မရဘဲ လုပ်ကြရတဲ့ဟာတွေ အဲဒါတွေတော့ ပိုပြီးများတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် တစ်ပတ်က ထိုင်းကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ နိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်၍ ရပ်ကွက်၊ မြို့နယ်များ၌ စောင့်ကြည့်စစ်ဆေးခြင်းများအား နယ်စပ်ဒေသများတွင် ပိုမိုတင်းကြပ်လုပ်ဆောင်လာ ကြောင်း ဦးမင်းဦးက ဆက်ပြောသည်။
ယခင်က ဘုရားသုံးဆူနှင့် မြဝတီ-မဲဆောက်ဘက်တို့မှ အဓိက အများဆုံး တရားမဝင် ခိုးဝင်ကြခြင်း ဖြစ်သော် လည်း ယခုအခါ ကော့သောင်း-ရနောင်း နယ်စပ်ပေါက်များမှလည်း အများအပြား ခိုးဝင်လာကြကာ လက်ရှိတွင် မြန်မာနိုင်ငံသား အလုံးအရင်းဖြင့် တရားမဝင် ဝင်ရောက်လာကြသဖြင့် ဖမ်းဆီးခံနေရကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 407
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၅
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ပေါက်များမှ မြန်မာနိုင်ငံသား အလုံးအရင်းဖြင့် တရားမဝင် ဝင်ရောက်လာကြပြီး ဖမ်းဆီးခံနေရကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က ဘုရားသုံးဆူနှင့် မြဝတီ-မဲဆောက်ဘက်တို့မှ အဓိက အများဆုံး တရားမဝင် ခိုးဝင်ကြခြင်း ဖြစ်သော် လည်း ယခုအခါ ကော့သောင်း-ရနောင်း နယ်စပ်ပေါက်များမှလည်း အများအပြား ခိုးဝင်လာကြခြင်းဖြစ်ပြီး နယ်စပ်ဒေသတွင် လုံခြုံရေးများ ပိုမိုတင်းကြပ်ထားကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိအခြေအနေ မနေ့တစ်နေ့ကလည်း လူပေါင်း ၁၀၀ နီးပါးပေါ့။ ရနောင်း-ကော့သောင်းဘက်က ၆ ဘီးကား ကြီးတွေနဲ့ သယ်လာတာတွေ့ရတယ်။ မဲဆောက်- မြဝတီ နယ်စပ်ဆိုရင်လည်း လုံခြုံရေးတွေ ပိုပြီးတော့မှ တင်းကြပ်တယ်။ စစ်ဆေးရေးဂိတ်တွေလည်းများတယ်။ အဖမ်းအဆီးတွေလည်း နေ့တိုင်းလိုလို ရှိနေတယ်။ ထိုင်း လူဝင်မှုကြီးကြပ်ရေးရေးကနေ သံဇကာကားကြီးတွေနဲ့ ရုံးရှေ့ကနေ ဖြတ်သွားတာ တစ်နေ့တစ်နေ့ဆိုလည်း ဘယ်ကဖမ်းလာမှန်းမသိဘူး ထိုင်းလ.ဝ.က အချုပ်ထဲကို သွားပို့တာပေါ့။ အဖမ်းအဆီးကလည်း ဒီဘက်မှာ ရက်ရက် စက်စက် ဖမ်းတယ်။ ထိုင်းနဲ့ နယ်စပ်ဆိုတော့ မြဝတီ-မဲဆောက် တစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး။ ရနောင်း-ကော့သောင်းတို့၊ ဘုရားသုံးဆူတို့၊ မယ်ဆိုင်-တာချီလိတ်တို့ အဲဒီဘက်ကလည်း မြန်မာတွေ အလုံးအရင်းလိုက် ဝင်လာတယ် တရားမဝင် နည်းလမ်းနဲ့ဝင်လာတာတွေလည်း အများကြီးပဲ တွေ့ရတယ်” ဟု ပြောသည်။
တစ်ဖက်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ခြင်းကို အားမပေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခိုးဝင်လာကြ သူများဖြစ်သည့်အတွက် လူလိမ်ပွဲစားများအား သတိပြုရန်နှင့် အဖမ်းအဆီးများအား ရှောင်ရှားနိုင်ရေး သတိရှိကြ ရန် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများက အကြံပြုသည်။
တရားမဝင် ဝင်ရောက်လာသူများကို အာဏာပိုင်များက ထိန်းသိမ်းထားစဉ်
ထို့အပြင် အချို့စက်ရုံ၊ အလုပ်ရုံများ၌ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများအား ထိုင်းအာဏာပိုင်များမှ ဝင် ရောက်စစ်ဆေးမှုများရှိနေပြီး တရားမဝင်လုပ်သားများဖြစ်ပါက ဖမ်းဆီးလျက်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းဘက်အခြမ်းသို့ မြန်မာနိုင်ငံသား ဝင်ရောက်မှု များပြားလွန်းလာသဖြင့် အဆောင်များ၊ နေအိမ် တန်းလျားများ အခန်းငှားယူရာတွင် ဈေးနှုန်းများ ပိုမိုကြီးမြင့်လာပြီး နေစရာအခက်အခဲဖြစ်သူများလည်း ရှိလာ ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“အထူးသဖြင့် မဲဆောက်လိုဒေသတွေမှာ ပိုပြီးတော့ဖြစ်တာ။ အဲဒီဟာကတော့ အာဏာသိမ်းပြီးနောက်ကတည်း က ဖြစ်တာ။ အရင်တုန်းက ၁၀၀၀ ဟာတွေက အခု ၃၀၀၀ ဖြစ်သွားတယ်။ ငှားရမ်းဖို့ တကယ်ကို ရှားပါးလာတာ။ နောက်တစ်ခုက စည်းမျဉ်းဥပဒေသူတို့ ထုတ်ထားတာရှိတယ်လေ။ ဧည့်စာရင်းတွေ ဘာတွေနဲ့ ပတ်သက်တဲ့ ကိစ္စ တွေ ထုတ်ထားတဲ့အခါကြတော့ သူတို့အနေနဲ့ ဘယ်လိုမှ ငှားချင်တိုင်းငှား လုပ်ဖို့ဆိုရင် မလွယ်တော့ဘူး။ အကုန်လုံးခက်ခဲကုန်တာပေါ့။ ရွာသူကြီးတို့၊ နယ်မြေခံရဲတွေနဲ့က အာဏာပိုင်တွေနဲ့က ဒီကိစ္စတွေကို စိစစ် နေတဲ့အခါကြတော့ အရင်ကလို လွတ်လွတ်လပ်လပ် အဆင်ပြေသလို ငှားတာရမ်းတာ နေတာထိုင်တာ မလွယ်တော့ဘူးပေါ့” ဟု ၎င်းက ပြောသည်။
ထို့အပြင် မဲဆောက်သို့ နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအပေါ်တွင် ထိုင်း လ.ဝ.ကမှ ပိုမိုတင်းကြပ်လာပြီး ၇ ရက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာသူများအား ချက်ချင်းဝင်ရောက်ခွင့်မပြုဘဲ မဲဆောက်မြို့ရှိ တရားဝင် နေထိုင်သူများ၏ ထောက်ခံချက်ပေးနိုင်မှသာ ဝင်ခွင့်ပြု ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 387
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၅
လက်ရှိ ဆောင်းစပါးနှင့် နွေစပါး ရိတ်သိမ်းခသည် ပြီးခဲ့သည့်နှစ်ထက် ငွေကျပ် ၃ သောင်းခန့် မြင့်တက်လာ သည်ဟု လယ်သမားများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်တွင် နွေစပါးရိတ်သိမ်းခသည် တစ်ဧကလျှင် ငွေကျပ် ၁ သိန်းခန့်သာ ရှိသော်လည်း လက်ရှိ၌ ငွေကျပ် ၁ သိန်း ၃ သောင်းမှ ၁ သိန်းခွဲကျပ်အထိ ဖြစ်ပေါ်နေသည်။
သို့သော်လည်း စပါးဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်တွင် စပါးကြမ်း တင်း ၁၀၀ လျှင် ငွေကျပ် ၁၆ သိန်းခန့်သာ ရှိသော် လည်း လက်ရှိမှာတော့ ၂၂ သိန်းခန့် ဖြစ်ပေါ်နေခြင်းကြောင့် ရိတ်သိမ်းခသည်လည်း မြင့်တက်လာရခြင်း ဖြစ်သည် ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖြစ်ရမှာပဲ။ အရင်တုန်းကလည်း ထုံးစံအရ တစ်ဧကရဲ့ ကောက်ရိတ်ခက စပါး ၈ တင်းဖိုး ရှိတာပဲလေ။ အခုလည်း တက်တယ်ဆိုပေမယ့် သူ့ဂုဏ်နဲ့သူ ပြန်တိုင်းတာရင် အခုလည်း ၈ တင်းဖိုးထက် မပိုပါဘူး။ မနှစ်က ထက်စာရင် ၃ သောင်း၊ ၄ သောင်းလောက်ပေါ့။ ၁ သိန်း ၃ သောင်း၊ ၁ သိန်း ၄ သောင်းပေါ့။ ဆိုင်ရင် ၁ သိန်းခွဲပေါ့၊ မဆိုင်လို့ ရိတ်လို့ပြုလို့ လွယ်တဲ့နေရာတွေမှာတော့ ၁ သိန်း ၃ သောင်းလောက် ရှိတာပေါ့။ ဒီစပါးဈေးနဲ့ ဒီကောက်ရိတ်ခကို ဈေးကြီးတယ်လို့ ပြောလို့မရဘူး။ ပြီးခဲ့တဲ့နှစ်က ဒီလိုအချိန်မှာ ၁၄ သိန်း၊ ၁၅ သိန်းပေါ့။ နွေစပါး ပေါ်ချိန်မှာ သုခက ၁၆ သိန်းလောက် ဖြစ်သွားတယ်။ အခုက သုခက ၂၂ သိန်းလောက်ဆိုတော့ စပါးဈေးက ပျမ်းမျှ ၆ သိန်းလောက် တက်သွားတယ်” ဟု ပြောသည်။
စပါးရိတ်သိမ်းနေစဉ်
လက်ရှိတွင် ဆောင်းစပါးများကို ရိတ်သိမ်းလျက်ရှိနေပြီး နွေစပါးကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေးဒရဲ၊ ဖျာပုံမြို့နယ်များက စတင်ရိတ်သိမ်းနေကြကြောင်း၊ လာမည့် ဧပြီလမှ စတင်၍ နွေစပါးကို မြို့နယ်ဒေသအစုံ ရိတ်သိမ်းကြမည်ဟု သိရသည်။
ရိတ်သိမ်းခြွေလှေ့ခ မြင့်တက်သော်လည်း တောင်သူများရရှိသည့် စပါးဈေးနှုန်းသည် ယခင်ကထက် မြင့်တက် လာနေခြင်းကြောင့် တောင်သူများ ဆုံးရှုံးမှုမရှိကြောင်း တောင်သူများက ပြောသည်။
ယခင်က စပါးရိတ်သိမ်းရာတွင် လူအားဖြင့် ရိတ်သိမ်းရသည့်အတွက် ကုန်ကျစရိတ်သည် ယခုထက် ပိုမိုကုန်ကျ ကြောင်း၊ စက်ပြင်ဆင်စရိတ်များလည်း မြင့်တက်နေခြင်းကြောင့် လက်ရှိ ဖြစ်ပေါ်နေသည့် ဈေးနှုန်းသည် သင့်တော်သည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်း ဌာနသို့ ပြောသည်။
စပါးရိတ်သိမ်းနေစဉ်
၎င်းက “နွေစပါးကို ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ နောက်တခါ ဖျာပုံက စရိတ်ပြီ။ ရိတ်ခြွေခက တက်တယ်ပေါ့၊ တက်တယ် ဆိုတာက စပါးဈေးကလည်း နည်းနည်းလေး ရှိတာကိုး။ အခုက ၁ သိန်း ၂ သောင်းက စတယ်၊ ၁ သိန်း ၃ သောင်း ဖြစ်မယ်၊ ၁ သိန်းခွဲဖြစ်မယ်။ ၁ သိန်းခွဲဖြစ်အုံးတော့ စပါး ၁၀ ဖိုးမှ မရှိတာကိုး။ ၂၀ ပတ်ချာလည်လောက်ရှိတော့ စပါး ၁၀ ရောင်းရင် ၂ သိန်းရတယ်လေ။ သူတို့ကို စပေးရမှာ အခုဆီဖိုးနဲ့ဆိုတော့ ၁ သိန်း ၂ သောင်း၊ ၁ သိန်း ၃ သောင်းဆိုတော့ စပါး ၁၀ မကုန်ဘူး။ အဲဒီတော့ ရိတ်ခြွေဈေးကို များတယ်လို့ ပြောလို့မရဘူး။ လယ်တစ်ဧကမှာ စပါး ၁၀၀ တော့ ဒီသီးထပ်မှာ ထွက်တယ်။ ထွက်ရင် သိန်း ၂၀။ သွင်းအားစုနဲ့ ဘာနဲ့ဆို အရင်တုန်းကမှ ဘယ်လိုမှ မကျန်တာနဲ့ နောက်တခါ ပါးပါးလေး ၁ တင်း၊ ၂ တင်းလောက် ကျန်တာနဲ့ အခုကတော့ သွင်းအားစု ဘယ်လို ကုန် ကုန် လယ်တစ်ဧကကို ၅ သိန်း၊ ရှုံးသွားရင်တောင် ၅ သိန်းတော့ ကျန်ပြီးသားပဲ။ ၁၅ သိန်းတော့ ကုန်တယ်ထား အုံး။ လယ်သမားလည်း သွင်းအားစုရှိသလို ရိတ်စက်သမားလည်း သွင်းအားစုရှိတယ်။ စက်တစ်လုံး မောင်းပြီး တော့ ၂ နှစ်၊ ၃ နှစ်လောက်ကြာရင် ပျက်ပြီဆိုရင် သိန်း ၅၀/၁၀၀ ကုန်တာ။ အဲဒါတွေနဲ့ လိုက်ပြီးတော့ သူတို့က ယူတာ။ အခု ၁ သိန်း ၂ သောင်း တောင်းတာ မများဘူး။ ရိတ်သိမ်းခြွေလှေ့ခ ၁ သိန်း ၂ သောင်းဆိုတာက လှေ့ပြီး စပါးအချော ဖြစ်သွားတာ။ မများဘူးဆိုတာက စက်သမားက လာရင် သူ့ဆီနဲ့သူ အပြီးအစီး၊ လယ်သမားက ဘာမှ မပေးရဘူး။ ပထမက ရိတ်တယ်ဆိုရင် အလုပ်သမားခ ပေးရမယ်၊ စပါးရိတ်ခ ပေးရမယ်၊ သယ်ယူခ ပေးရမယ်။ ခြွေခပေးရမယ်။ လှေ့ခပေးရမယ်။ အဆင့်ဆင့် သွားရတော့ ရိတ်သိမ်းခြွေလှေ့ခထက် ပိုကုန်တယ်” ဟု ပြောသည်။
နွေစပါးသည် ယခုနှစ်တွင် အထွက်နှုန်း ကောင်းမွန်လျက်ရှိနေပြီး တစ်ဧကလျှင် စပါး တင်း ၁၀၀ ခန့် ထွက်ရှိ ကြောင်း၊ ထို့ကြောင့် တောင်သူများ၏ တစ်ဧက စိုက်ပျိုးစရိတ် ငွေကျပ် ၁၅ သိန်း ကုန်ကျသော်လည်း လက်ရှိ ဖြစ်ပေါ်နေသည့် စပါးဈေးနှုန်းအရ တစ်ဧကလျှင် ငွေကျပ် ၅ သိန်းခန့် အကျိုးအမြတ် ရရှိသည်ဟု တောင်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 478
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၄
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့နှင့် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တို့ ထိစပ်နေသည့် နယ်စပ်နေရာတချို့ကို ပြီးခဲ့သည့်ရက်ပိုင်းက အချိန်ပိုင်းဖြင့် ပြန်လည်ဖွင့်လှစ်လာသည်ဟု တမူးမြို့ဒေသခံများ ထံမှ သိရသည်။
တမူးဒေသခံများ ခေါ်ဝေါ်သည့် ကူးမားဂိတ်၊ ပဲတန်းဂိတ်၊ သျှီဝဂိတ်နှင့် ဒေးဗစ်ဂိတ်နေရာများကို အချိန်ပိုင်းဖြင့် မနက် ၆ နာရီမှ ၉ နာရီအထိသော်လည်းကောင်း၊ မနက် ၆ နာရီမှ နေ့လယ် ၁ နာရီအထိသော်လည်းကောင်း ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားပြီးနောက် မိုရေးမြို့အတွင်းသို့ တမူးဒေသခံ များ ဈေးသွားရောက်ရောင်းချခွင့်ကို ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ယင်းဂိတ်များကို ဖွင့်လှစ်လာရခြင်းသည် တမူးမြို့တွင် ထွက်ပေါ်နေသည့် မျောက်ငိုသီးများကို အိန္ဒိယ ဘက်က အလိုရှိနေခြင်းကြောင့် ဖြစ်သည်ဟု တမူးမြို့မှ မိုရေးမြို့သို့ သွားရောက် ဈေးရောင်းချနေသည့် ကိုမင်းကို က CNI သတင်းဌာနသို့ ပြောသည်။
တမူး-မိုရေး နယ်စပ်ကျောက်တိုင်
“တရားဝင်ကြီး မဟုတ်ပါဘူး။ ဒီအတိုင်းပဲ လောလောဆယ်။ သူတို့ဘက်က ဖွင့်ပေးထားတာလေ။ ဖွင့်တော့ ဖွင့်တယ်၊ သွားလို့ရတယ်အခုက။ သွားလို့ရတယ်ဆိုပေမယ့် သူတို့ သတ်မှတ်ထားတဲ့နေရာတွေကနေပေါ့။ နှစ်နိုင်ငံ သဘောတူထားတဲ့ တရားဝင်ဂိတ်တွေက ပိတ်ထားတာကြာပြီ၊ အခုထိ မဖွင့်သေးပါဘူး။ အခုက သူတို့ နယ်စပ်မှာ ဆက်စပ်နေတဲ့ အိမ်တွေနားတို့၊ ဘန်ကာပေါက်တို့၊ နယ်စပ် သွင်းကုန်ထုတ်ကုန်လုပ်လို့ရတဲ့ အပေါက်တွေ ရှိတယ် လေ။ ဟိုလပိုင် ရွာဘက်က သွားတာရှိတယ်။ အခု တမူးမှာ မျောက်ငိုသီး ပေါ်ပြီမလား၊ မျောက်ငိုသီးပေါ်တော့ သူတို့ဘက်က မျောက်ငိုသီး လိုချင်တယ်လေ။ မျောက်ငိုသီးအတွက် ဖွင့်လှစ်ပေးတယ်။ ဒါပေမယ့် နေ့တိုင်းကြီး မဖွင့်ဘူးနော်၊ တခါတလေ ပိတ်ပိတ်သွားတာ။ ဒီနေ့ ဒီနေရာပိတ်ရင် ဟိုနေရာပြောင်း အဲဒီလိုမျိုး ရှိတယ်လေ” ဟု ပြောသည်။
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေး၏ တရားဝင်ဂိတ်ပေါက်ဖြစ်သည့် ကလေး - တမူး - ကလေးဝ နယ်စပ် ကုန်သွယ်ရေးဂိတ်သည် ကိုဗစ် - ၁၉ ဖြစ်ပွားမှုမှ စတင်၍ ယနေ့အချိန်ထိ ဖွင့်လှစ်ထားခြင်း မရှိပေ။
လက်ရှိ ဖွင့်လှစ်လိုက်သည့် နယ်စပ်နေရာသည် နားလည်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး တရားမဝင်ဖြစ်ကာ အိန္ဒိယဘက်ခြမ်းမှ ဖွင့်လှစ်ပေးမှသာ ဈေးရောင်းချခွင့် ရရှိခြင်း ဖြစ်သည်။
လက်ရှိ ယင်းနယ်စပ်နေရာတွေကို ဖွင့်လှစ်ပေးခြင်းကြောင့် တမူးမြို့မှ ထွက်ရှိသည့် မျောက်ငိုသီးများကို ရောင်းချ ခွင့် ရရှိသော်လည်း အချိန်ပိုင်းဖြင့်သာ ရောင်းချရခြင်းကြောင့် ဈေးကောင်းမရကြောင်း တမူးမြို့မှ ကုန်သည် ကိုမောင်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
တမူးမြို့ရှိ နန်းဖာလုံဈေးဆိုင်းဘုတ်
“ပြေတယ်၊ ပြေတယ်၊ ဒါပေမယ့် မျောက်ငိုသီးက ဈေးကောင်းတော့ မရဘူး ဖြစ်နေတယ်။ အခုက သူတို့ဘက် ကလည်း အဝယ် နည်းနည်းအေးတယ်။ ပြီးတော့ ပိတ်လိုက်၊ ဖွင့်လိုက်ဆိုတော့။ အရင်တုန်းကထက်စာရင် နည်းနည်းတော့ ပြေသွားတာပါ။ အစောပိုင်းတုန်းက ဒီမှာ မျောက်ငိုသီး ကုန်သည်တွေ တော်တော်များများက ဒီနှစ်ကို မျောက်ငိုသီး မရောင်းရတော့ဘူးလို့ ထင်ထားကြတာ။ ဒါပေမယ့် အခုရက်ပိုင်း မျောက်ငိုသီး တကယ် ပေါ်တဲ့အချိန်မှာ သူတို့ဘက်က ပြန်ဝယ်တယ်ဆိုတော့ မျောက်ငိုသီးတွေ ကောက်နေကြတယ်။ ပို့နေကြတယ်၊ ဒါပေမယ့် ဈေးတော့ နှိမ်တယ်ပေါ့။ သူတို့က နာရီအတိအကျနဲ့ လုပ်တာဆိုတော့ ဒီကလူတွေက အလုအယက် ရောင်းရတာလေ။ အရင်လို ၂၄ နာရီ ဖွင့်ပြီး သွားရောင်းရတာမျိုး မဟုတ်တဲ့အတွက် သူတို့ဖွင့်တဲ့အချိန်မှာ အလု အယက် ရောင်းရတာ အဲဒီလိုမျိုး ဖြစ်သွားတာ” ဟု ပြောသည်။
လက်ရှိတွင် မုံရွာနှင့် မန္တလေးမြို့မှတဆင့် လူသုံးကုန်နှင့် စားသောက်ကုန်များသည် လမ်းကြောင်းအခက်အခဲ ကြောင့် တမူးနယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း၊ တမူးမြို့မှ ထွက်ရှိသည့် ကုန်စည် များကိုသာ အိန္ဒိယသို့ သွားရောက်ရောင်းချပြီး အိန္ဒိယမှ တချို့သော ပစ္စည်းများကို ပြန်လည် တင်သွင်းနေကြ သည်။
ကလေး - တမူး - ကလေးဝ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်း တမူးမြို့မရောက်မီ လမ်းပိုင်းများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်တင်ကားများ သွားလာ၍ အဆင်မပြေသေးကြောင်း၊ ဆိုင်ကယ်များဖြင့် တခြားသော တောလမ်းများမှ လှည့်ပတ်၍ သွားနေရခြင်းကြောင့် ကုန်စည်များ သယ်ဆောင်ပြီး ကုန်သွယ်ရေး လုပ်ဆောင်ရန် အဆင်မပြေကြောင်း ကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 575
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၄
မလေးရှားနိုင်ငံတွင် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအား မေလ ၃၁ ရက်နေ့ နောက်ဆုံး ထား၍ ပြည်ဝင်ခွင့်ကို ပိတ်မည်ဖြစ်ကြောင်း မလေးရှားအာဏာပိုင်များမှ မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။
ရွှေ့ပြောင်းလုပ်သားများအတွက် ဗီဇာလျှောက်လွှာ တင်ရာတွင်လည်း မတ်လ ၃၁ ရက်နေ့ နောက်ဆုံးဖြစ် ကြောင်း ထုတ်ပြန်ထားကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် လုပ်သားအသစ် ထပ်မံခေါ်ယူရန် မရှိတော့ သည့်အတွက် ဖြစ်နိုင်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့အစိုးရ သတ်မှတ်တာလေ။ ၃၁ ရက်နေ့က calling နောက်ဆုံးတင်ရမှာ။ နောက်ဆုံးဝင်ရမှာက မေလ ၃၁ ရက်နေ့ နောက်ဆုံးဝင်ရမှာ။ အဲဒီနောက်ပိုင်း မရတော့ဘူး။ demand ရရှိတဲ့လူတွေ၊ calling ရရှိတဲ့ တင်မယ့် လူတွေက ၃၁ ရက်နေ့မှာ နောက်ဆုံးတင်ကြ၊ အထွက်တွေကကြတော့ မေလ ၃၁ ရက်နေ့ နောက်ဆုံး ထွက်ကြ။ ထပ်ခေါ်စရာကို မရှိတော့လို့ ပြောတာလေ။ သူတို့က ဒါအကုန်ပဲ ထပ်ခေါ်၊ မခေါ်။ မလေးရှားက ဘာလို့လဲဆိုတော့ မလေးရှားက သူက ကိုယ်တာတွေ ပြည့်နေလို့ ပိတ်တယ်ဆိုတာလေ။ မခေါ်တော့ဘူးလို့ ပြောထားပြီးသားလေ အဲဒီအတိုင်းပဲ။ အခုကတော့ လုံးဝအရှင်းပဲ ပါသွားပြီ။ ပြည်တွင်းမှာ ကိုယ်တာရှိတဲ့ လူတွေ ကလည်း အဲဒီအတွင်းကို ပို့ကြ ဒါပဲ။ ကျန်တဲ့ဟာတွေ ကျန်တာထပ်မခေါ်တော့ဘူးပြောတာ” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်
မလေးရှားဘက်မှ ပြည်ထဲရေးဝန်ကြီးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးတို့ကြား ပူးပေါင်းကော်မတီ အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဗီဇာအား နောက်ဆုံးရက်ဖြစ်သည့် မတ်လ ၃၁ ရက်နေ့အထိ မလျှောက်တင်လိုက်ရသည့် နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားများ ရှိပါက ၎င်းတို့၏ အလုပ်အကိုင် ခွဲတမ်းများအား ပယ်ဖျက်မည် ဖြစ်ကြောင်းလည်း မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းတွင် မလေးရှား၌ အလုပ်ခေါ်စာရှိသည့်ပုံစံဖြင့် လုပ်သားများ ခေါ်ယူနေ ပါက အလိမ်အညာဖြစ်ကြောင်း သိရှိကြရန် လပ်ကီးပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လိမ်တာကတော့ မြန်မာပြည်မှာ ပွဲလိုဖြစ်နေတာ။ လိမ်နေ စားနေတာက အဲဒီတော့ အရမ်းသတိထား ရမှာ။ calling ပိတ်ပြီဟေ့ဆို တင်ထားတဲ့လူတွေပဲ ထွက်တော့မှာ နောက်ထပ်ဘာမှ မထွက်တော့ဘူး။ ၃၁ ရက် နောက်ပိုင်း တင်တဲ့ ဘာ demand မှလည်း မရှိတော့ဘူး။ ဘာအလုပ်မှလည်း လုပ်လို့မရတော့ဘူး မလေးရှားနဲ့ ပတ်သက်ပြီးတော့။ ထွက်ထားတဲ့လူတွေပဲ အလုပ်လုပ်ပေးတော့မှာ မလေးရှားအစိုးရက။ calling အဟောင်းတွေ လည်းပါမယ်၊ KDN (လူခေါ်ခွင့်ပါမစ်) အဟောင်းတွေလည်းပါမယ်။ အကုန်ပါမယ်။ အခုသူက အပြတ်ပြောထား တာ။ သူထုတ်ပေးထားတဲ့ သူ့နိုင်ငံကို သွင်းထားတဲ့ စရိတ်စကတွေပါ အကုန်ဆုံးမှာ။ levy တွေရော ဘာတွေရော KDN တွေရော အကုန်ဆုံးမှာ။ အကုန်သိမ်းမှာ အပြီးသိမ်းမှာ” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်
မလေးရှားတွင် စီးပွားရေး မတည်မငြိမ် ဖြစ်နေသည့်အတွက် အလုပ်သမား ခွဲတမ်းချပေးခြင်းကို သဘောတူညီမှု ယူထားသည့် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ က သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှားအာဏာပိုင်များက ပြောဆိုထားသဖြင့် ၎င်းနှင့် ဆက်စပ်နိုင်ကြောင်း သုံးသပ်ကြသည်။
သို့သော် မလေးရှားနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများမှာ နေ့စဉ် အများအပြား ရှိနေ သကဲ့သို့ ဖမ်းဆီးခံရမှုများမှာလည်း နေ့စဉ်ရှိနေကြောင်း သိရသည်။
ထို့အပြင် မလေးရှားနိုင်ငံ၌ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအား မတ်လ ၁ ရက်နေ့မှ စတင်ကာ သတ်မှတ်ဒဏ်ကြေး ပေးဆောင်၍ နေရပ်ပြန်ခွင့် ပြုသည့် အစီအစဉ်အား ပြန်လည် ဖွင့်လှစ်ပေးထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 404
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ စတင်၍ ပြည်တွင်းတွင် EV လျှပ်စစ်ကားများကို စတင် တင်သွင်းခွင့် ပြုခဲ့သော်လည်း လာမည့် ၂၀၂၆ ခုနှစ်တွင် ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မှုကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟု မော်တော်ကား လုပ်ငန်းရှင်များထံမှ သိရသည်။
EV လျှပ်စစ်ကားကို ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်ရန်အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ မူဝါဒ ချမှတ်ထားပေးပြီးသားဖြစ်သည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်တွင် EV ကဏ္ဍသည် အလုပ်အကိုင် အခွင့်အလမ်းကို ပိုမိုဖန်တီးပေးနိုင်မည် ဖြစ်သည်ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေး မှူးချုပ် ဦးကျော်စွာထွန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “pilot project ၂၀၂၃ မှာ EV စတင် တင်သွင်းဖို့ pilot project စတာပေါ့နော်။ ၂၀၂၃ တစ်နှစ်ပြီးသွားတော့ အခု ၂၀၂၄ ရောက်လာပြီပေါ့။ ၂၄ မှာလည်း pilot project သက်တမ်း တစ်နှစ် တက်တဲ့သဘော တင်သွင်းခွင့် ပေးခဲ့တာပေါ့။ ၂၀၂၅ - ၂၆ ကျရင် တင်သွင်းတာထက်စာရင် တင်သွင်းခွင့် မပြုဘူးလို့တော့ မပြောဘူး။ SKD တပ်ဆင်ထုတ်လုပ်ဖို့က ချထားပေးပြီးသား။ အမျိုးသားအဆင့်က ချထားပေးတာ။ ၂၀၂၆ လောက်ကျရင်တော့ တင်သွင်းတပ်ဆင်ထုတ်လုပ်ဖို့ မဖြစ်မနေတော့ လုပ်ဆောင်ပေးရမယ်ဆိုတဲ့ပုံစံတော့ ပါပြီးသားပေါ့နော်။ အဲဒီမှာ CPU လည်း သွင်းခွင့် မပေးထားဘူးလို့ မပြောထားဘူးပေါ့နော်။ အဲဒီမှာ CPU လည်း ပေးရင်ပေးမှာပေါ့နော်။ ဒါပေမယ့်လည်း SKD တော့ ရာခိုင်နှုန်း ပိုပြီးလာမှာပေါ့။ ၂၀၂၆ လောက်ကျရင်တော့ ပြည်တွင်းတပ်ဆင် ထုတ် လုပ်တဲ့ လုပ်ငန်းက EV အတွက်ကို ပိုမို အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုများလာမယ်လို့တော့ မြင်တယ်လို့ပဲ ပြောချင်တယ်” ဟု ပြောသည်။
ကားများတပ်ဆင်ထုတ်လုပ်နေစဉ်
ပြည်တွင်းတွင် EV လျှပ်စစ်ကားများကို SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နိုင်ပါက လျှပ်စစ်ကားများ၏ ဈေးနှုန်း သည် သက်သာလာမည်ဖြစ်ပြီး လူတန်းစားအလွှာပေါင်းစုံ ဝယ်ယူသုံးစွဲနိုင်သည့် အနေအထား ရောက်ရှိလာနိုင် သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
သို့သော်လည်း လက်ရှိတွင် လျှပ်စစ်ကား တင်သွင်းမှုနှင့် ပတ်သက်၍ အခွန်ကင်းလွတ်ခွင့် ပြုထားခြင်းကြောင့် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်ခြင်းထက် ပြည်ပမှတဆင့် တင်သွင်းခြင်းက ပို၍ ကုန်ကျစရိတ် သက်သာသည် ဟု မော်တော်ကား လုပ်ငန်းရှင်များက ထောက်ပြကြသည်။
ပြည်တွင်းတွင် လျှပ်စစ်ကားကို တပ်ဆင်ထုတ်လုပ်မည်ဆိုပါက အစိတ်အပိုင်းများကို သယ်ယူရသည့် ကုန်ကျ စရိတ်သည် မြင့်မားသည့်အပြင် အစိတ်အပိုင်း တစ်ခုချင်းအလိုက် ဈေးနှုန်းသည်လည်း မြင့်မားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ လျှပ်စစ်ကား တပ်ဆင်ထုတ်လုပ်ရန်အတွက် လုံလောက်သော လျှပ်စစ် အင်အား မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်မှာ အခွန်ကင်းလွတ်လွင့် ပေးထားတယ်။ မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ဖို့က မီးအား အခက်အခဲ ရှိတယ်။ နောက်တစ်ခုက ပစ္စည်းတွေက သယ်ယူပို့ဆောင်ရတာ ဒီမှာ တပ်ဆင်ထုတ်လုပ်တာထက် စာရင် အလုံးလိုက်သွင်းတာ ပိုသက်သာတယ်။ အဲဒီသက်ရောက်မှုတွေကြောင့် လောလောဆယ်မှာတော့ တပ်ဆင် ထုတ်လုပ်ဖို့အတွက် နည်းနည်း အခက်အခဲ ရှိနေသေးတယ်။ အလုံးလိုက် သွင်းလာတဲ့ဟာက ပိုသက်သာတယ်။ အခွန်ကလည်း ကင်းလွတ်ခွင့် ပေးထားတယ်။ ဒီမှာ တပ်ဆင်ထုတ်လုပ်ရင် တပ်ဆင်တဲ့ parts တွေကို ဖြုတ်ပြီး ပေးရမှာ။ ဖြုတ်တဲ့အတွက်ကြောင့် parts carry တိုင်းက ကုန်ကျစရိတ် ပိုတက်သလို ဟိုမှာဝယ်ရတဲ့ ဈေးနှုန်းက လည်း ပိုပြီးတော့ ကြီးတယ်။ SKD parts တွေ ဝယ်ရတာလေ။ လောလောဆယ်မှာ တပ်ဆင်ထုတ်လုပ်ဖို့က မီး အား အခက်အခဲ ရှိတယ်”ဟု ပြောသည်။
ကားများတပ်ဆင်ထုတ်လုပ်နေစဉ်
လာမည့် ၂၀၂၆ ခုနှစ်တွင် လျှပ်စစ်ကားကို ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မှုကို အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း နိုင်ငံတော်မှ SKD စနစ် ရေရှည်တံ့ရန်နှင့် နိုင်ငံတကာအဆင့်မှီ ထုတ်လုပ်တပ်ဆင်နိုင်ရေးကို ပံ့ပိုးကူညီပေးရန် လိုအပ်သည်ဟု ဦးမင်းမင်းမောင်က ဆက်ပြောသည်။
၎င်းက “နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး အခြေအနေ၊ နောက်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေပေါ့နော် ဘာတွေကြုံနေသလဲ။ နောက်ပြီးတော့ နိုင်ငံတော်ကနေ ပံ့ပိုးမှု ဘာပေးနိုင်သလဲ၊ ဒီအပေါ် မှာ အများကြီး သက်ရောက်မှု ရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ SKD စက်ရုံတစ်ရုံ ဖြစ်လာဖို့ဆိုတာက ခဏ လုပ်ကြတယ်၊ ပြီးရင် ပျောက်သွားတဲ့ ပုံစံမျိုး မဖြစ်အောင် နိုင်ငံတော်ကနေပြီးတော့ ပံ့ပိုးကူညီ ကြပ်မတ်ပေးရမှာ။ SKD ကုမ္ပဏီတွေ ပေါ်လာတယ်၊ ပြီးရင် ပျောက်သွားတယ်။ အခွင့်အရေးရရင် လုပ်တယ်၊ မရရင် မလုပ်တဲ့ပုံစံမျိုး မဖြစ်အောင် ဖြစ်ပေါ်လာဖို့ထက် ရေရှည်တည်တံ့ရေးကို တိုးတက်သွားအောင် SKD ကနေ CKD, CKD ကနေပြီး တော့ တဖြည်းဖြည်း နိုင်ငံတကာအဆင့်မှီ ဖြစ်လာအောင် ပံ့ပိုးပေးရမှာလေ။ အဓိက နိုင်ငံတော်ပံ့ပိုးမှု လိုအပ်တာ။ ပံ့ပိုးမှုက ဘယ်လောက်လိုအပ်သလဲ ဒါတွေက အရေးကြီးတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ လျှပ်စစ်ကား အစီးရေ ၁၀၀၀(တစ်ထောင်)ကျော် ဝင်ရောက်ထားပြီဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ကား တင်သွင်းခွင့် ပါမစ်နှင့် ပတ်သက်ပြီး အစီးရေ အများအပြား တင်သွင်းနိုင်ရန်အတွက် နိုင်ငံတော်မှ မူဝါဒ သတ်မှတ်ပေးမည်ဆိုပါက လျှပ်စစ်ကား တန်ဖိုးသည် ကျဆင်းလာမည်ဖြစ်ပြီး လူအများ ဝယ်ယူသုံးစွဲ နိုင်သည့် ဈေးတန်းတစ်ခုသို့ ရောက်ရှိလာမည်ဟု မော်တော်ကားဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 391
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ကိုင်ဆောင်ထားသည့် မြန်မာများအနေဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးပါက MOU လုပ်သားအဖြစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ် ထုတ်ယူပြီးပါက စက်ရုံ/အလုပ်ရုံ အစီအစဉ်ဖြင့် အလုပ်သမား သံအရာရှိရုံးသို့ ဆက်သွယ်ကာ MOU လုပ်သားအဖြစ် စာရင်းဝင်ရေး ဆက်လက် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ယခင်က CI သမားများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီးသည့်အခါ၌ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်သာရှိပြီး ယခုကဲ့သို့ MOU လုပ်သားအဖြစ် စာရင်းဝင်ရန် ဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်လိုက်ခြင်း သည် ပြည်တွင်းရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီများအပေါ် သက်ရောက်မှုရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေးကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
CI စာအုပ်ကို တွေ့ရစဉ်
၎င်းက “မြန်မာအေဂျင်စီတွေအတွက် ဆိုးကျိုးတွေ ဖြစ်သွားတာပေါ့။ တချို့တွေဆိုရင် ဒီဘက်နိုင်ငံမှာ ခိုးဝင်ပြီး CI လုပ်တာတို့၊ ဘတ်လုပ်တာတို့ ဒီလိုမသမာတဲ့ လူပွဲစားတွေရဲ့ ကြေညာချက်တွေ၊ သွေးဆောင်းဖျားယောင်းမှုတွေ နဲ့ပဲ အလုံးအရင်းနဲ့ဝင်လာပြီး ဘတ်လာလုပ်မယ်။ ပြီးမှ CI ကနေတဆင့် MOU လုပ်တော့မှာ။ ပြည်တွင်းထဲမှာရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအတွက် ဘာတွေ သွားထိခိုက်မလဲဆိုတော့ deposit တွေ သိန်းပေါင်းများစွာ ပေးထားပြီးတော့မှ အလုပ်မရဘူး၊ Demand မရဘူးပေါ့။ ရတဲ့ demand ကလည်း တစ်ခါ တင်ရင် အရမ်းကြန့်ကြာတာဖြစ်တဲ့အတွက် အလုပ်သမား ခေါ်ဆောင်မှုမှာ ကြန့်ကြာသွားမယ်။ မရနိုင်ဘူး အားနည်းသွားမယ်။ ဒီအပေါ် deposit တွေ ဆုံးရှုံးမယ်၊ ရုံးခန်းလစာ၊ ဝန်ထမ်းလစာ အစရှိသရွေ့အများကြီး ထိခိုက်လာနိုင်စရာ အကြောင်းရှိတယ်” ဟု ပြောသည်။
အဆိုပါ အစီအစဉ်သည် မြန်မာလုပ်သားများ တရားဝင် အထောက်အထားများဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ထိုင်းအာဏာပိုင်များ၊ ထိုင်းလုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်သည့် အစီအစဉ် ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံအတွင်း CI ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားဦးရေ (၁)သန်းကျော်ရှိပြီး ယခုအစီအစဉ်သည် ၎င်းလုပ်သားအားလုံး အကျုံးဝင်မှာဖြစ်ကြောင်းလည်း သိရသည်။
မြန်မာအလုပ်သမားများကို တွေ့ရစဉ်
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အရင်တုန်းကတော့ အဲဒီလိုမဟုတ်ဘူး။ အရင်တုန်းကဆိုတာ CI ထုတ် ပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ကြားကာလမှာ မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးတဲ့ ကာလပေါ့ အဲဒီ အတွက် ယာယီထုတ်ပေးထားတဲ့ ဟာပဲလေ။ နိုင်ငံကူးလက်မှတ် မကိုင်ဆောင်ခင် အဲဒီဟာကို သုံးနေပေါ့။ ဒါပေမယ့် ခုနကပြောတဲ့ အလုပ်သမား သံအရာရှိရုံးကို အကြောင်းကြားပြီးတော့ MOU လုပ်သား အဖြစ်လုပ်တယ် ဆိုတာက တကယ်လို့ အလုပ်သမား အနေနဲ့က သူ့သဘောပဲပေါ့လေ။ သူ့မှာ ရွေးချယ်လို့ ရတာပေါ့။ သူ MOU အလုပ်သမားအနေနဲ့ အေးဂျင့်ကနေ တဆင့် လုပ်ချင်လား၊ ဒါမှမဟုတ်ဘူးဆိုရင်လည်း လက်ရှိအလုပ်ကိုပဲ ဆက်လုပ်နေမယ်ဆိုလည်း ဘယ် အထောက်အထားနဲ့ပဲဖြစ်ဖြစ် လုပ်နေနိုင်လို့ရတာပဲလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
စက်ရုံ/အလုပ်ရုံများ၏ တင်ပြချက်အရ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ကိုင်ဆောင်ပြီး အလုပ် လုပ်နေသော မြန်မာလုပ်သားများအား စက်ရုံ/အလုပ်ရုံများသို့ Mobile Team ဖြင့် သွားရောက်၍ အချက်အလက် ကောက်ယူကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
CI စာအုပ် လုပ်ဆောင်ရာတွင် ပွဲစားများဖြင့် ဆောင်ရွက်ရပြီး ဘတ်ငွေ (၁)သောင်းခန့် ကုန်ကျလျက်ရှိပြီး ယခု ကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် တရားဝင် လုပ်သားများအပေါ် အခွန်ကောက်ခံရန် နည်းလမ်းတစ်ခုအဖြစ် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။