- By CNI
- Category: စီးပွားရေး
- Hits: 1379
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂
ကြက်သွန်နီ ပုံမှန်တင်ပို့ရာ လမ်းကြောင်းများဖြစ်သည့် မြန်မာ-တရုတ်-ထိုင်း- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး များတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တခြားလမ်းကြောင်းများမှတဆင့် တင်ပို့နေရ၍ ပြည်ပသို့ ကြက်သွန် နီ တင်ပို့မှု နည်းပါးနေကြောင်း ကုန်သည်များက ပြောသည်။
မြန်မာ့ကြက်သွန်နီကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ - ထိုင်း နယ်စပ် ကုန်သွယ်ရေးနှင့် ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် ပြည်ပသို့ တင်ပို့နေခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါ ကုန်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တခြားသော လမ်းကြောင်းများကို ရှာဖွေတင်ပို့နေရသည်။
ကြက်သွန်နီကို မလေးရှားနိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ ပင်လယ်ရေကြောင်းဖြင့် သော်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံကို ကော့သောင်းနယ်စပ်ကုန်သွယ်ရေးဖြင့် ထိုင်းနိုင်ငံမှတဆင့် သော်လည်းကောင်း၊ ကချင် ပြည်နယ်ရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် သော်လည်းကောင်း တင်ပို့လျက်ရှိသည်။

မြန်မာ့ကြက်သွန်နီကိုတွေ့ရစဉ်
ရှမ်းမြောက်လမ်းကြောင်းနှင့် မြဝတီလမ်းကြောင်းမှတဆင့် တင်ပို့နိုင်လျှင် ၂ ရက်၊ ၃ ရက်ဖြင့် ရောက်ရှိသော်လည်း လက်ရှိတွင် တခြားလမ်းကြောင်းဖြင့် ကုန်သွယ်နေရခြင်းကြောင့် အချိန့်ကြန့်ကြာမှုနှင့် ကုန်တင်ကားခ ဈေးနှုန်း များမှာ မြင့်တက်နေခြင်း၍ ကြက်သွန်နီဈေးနှုန်းများသည် ရသင့်သလောက် မရဘဲ ဖြစ်နေသည်ဟု မြင်းခြံ ကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပတင်ပို့မှုလေးတွေက ရှိတော့ရှိတယ်။ သူ့လမ်းကြောင်းနဲ့သူ သွားလို့ရတဲ့ဖက်က ပတ်ပြီးတော့ သွားနေကြတာပေါ့။ အများဆုံး ဝယ်တဲ့နိုင်ငံတွေကတော့ မလေးရှား၊ ဗီယက်နမ်ပေါ့။ စရိတ်တွေက မြင့်ကုန်တာ ပေါ့။ စရိတ်တွေက အခု ၈၀၀ နဲ့ ၁၀၀၀ နဲ့ ကုန်တာပေါ့ နယ်စပ်ရောက်ဖို့က။ တစ်ပိဿာပေါ်မှာ အဲဒီလို တွက်တာ ပေါ့။ အရင်တုန်းကတော့ ၃၀၀ ဝန်းကျင်လောက်ပဲ ကျတာလေ။ အခုကလည်း ပြည်ပမှာတော့ ဈေးကောင်းရ တယ်။ ဒါပေမယ့် ပြည်တွင်းကနေ ပြည်ပရောက်ဖို့အတွက် စရိတ်တွေက များနေတာလေ။ အဲဒါတွေက မြန်မာ တောင်သူတွေ နောက်ထပ် ၅၀၀ လောက် ပိုရမယ့်ဟာ မရတော့တာပေါ့။ စရိတ်က ၅၀၀ လောက် စားသွားတာ ပေါ့။ အမှန်ဆို ဒီအချိန်မှာ ၂၅၀၀ ပျော်ပျော်ကြီး ရောင်းရတယ်။ စရိတ်က ၅၀၀ လောက် စားသွားတော့ မရောင်း ရတော့ဘူးပေါ့” ဟု ပြောသည်။
ထို့နောက် ယခုနှစ်တွင် ကြက်သွန်နီ အများဆုံး စိုက်ပျိုးသည့် နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံသည် ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ကန့်သတ်ထားခြင်းနှင့် ဈေးနှုန်း သတ်မှတ်ထားခြင်းကြောင့်လည်း မြန်မာ့ ကြက်သွန်နီ ဈေးနှုန်းသည် ကောင်းမွန်နေခြင်းဖြစ်သည်။

မြန်မာ့ကြက်သွန်နီကိုတွေ့ရစဉ်
ထို့နောက် ယခုနှစ် ကြက်သွန်နီ ရာသီအစတွင် ကြက်သွန်နီဈေးနှုန်းသည် အမြင့်ပိုင်းတွင် ရှိနေပြီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က ကြက်သွန်များကို ထုတ်ရောင်းလာပါက ဈေးနှုန်းများ ကျဆင်းသွားနိုင်သည်ဟု ပခုက္ကူ ကြက်သွန်ကုန်သည် ဦးသောင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြက်သွန်ဈေး ဖြစ်တာကြီးကလည်း စောလွန်းတယ်။ ဒီရာသီမှာ ဒီလောက်ကြီးလည်း မဖြစ်သင့်သေးဘူး ပေါ့။ နောက်တစ်ခုက အခုမှ ရာသီအစပဲ ရှိသေးတာလေ ၄ လပိုင်းကုန်ဆိုတာ။ အဲဒါကို ဒီမှာ ၂၀၀၀ ကျော်တွေ ဖြစ်ကုန်တာဆိုတော့ မလုပ်ရဲဘူး။ နောက်ပြီးတော့ export က export သမားတွေက အခုဟာက အိန္ဒိယတို့၊ ပါကစ္စတန်တို့ ကြက်သွန် တကယ်ထွက်တဲ့ နိုင်ငံတွေက မရောင်းဘဲနဲ့ ခဏကြည့်ထားကြလို့ ဖြစ်နေတာကိုး။ သူတို့ပြန်ဖွင့်ရောင်းလိုက်တာနဲ့ ဟောခနဲ ပြန်ထိုးကျသွားမှာပဲ” ဟု ပြောသည်။
ယခုကာလသည် မြန်မာနိုင်ငံအတွင်းရှိ ကြက်သွန်အဓိက စိုက်ပျိုးရာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း နယ်ဒေသအစုံ ကြက်သွန်များ ထွက်ရှိနေပြီး ကြက်သွန် တစ်ပိဿာ လျှင် ငွေကျပ် ၁၉၀၀ ကျပ်မှ ၂၃၀၀ ကျပ်အထိ ဈေးနှုန်းဖြစ်ပေါ်လျက် ရှိနေသည်။
လက်ရှိတွင် ပြည်ပသို့ ကြက်သွန်တင်ပို့မှုသည် နေ့စဉ် ပိဿာကုန်ချိန် ၈ သောင်းမှ ၁ သိန်းခန့် တွဲကားအစီးရေ ၃ စီးမှ ၅ စီးအထိ ပြည်ပတင်ပို့မှု ရှိနေသည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1539
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂
ပြည်ပရောက် မြန်မာလုပ်သားများမှ လစဉ် လစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ခြင်းနှင့် ပတ်သက်၍ ထပ်မံ ကြပ်မတ်ရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထိုသို့ လုပ်ဆောင်ရန် မရှိသေး ကြောင်း အလုပ်သမားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများနှင့် စာချုပ်ချုပ်ဆိုရာတွင် လစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ရန် ချုပ်ဆိုထားခြင်းသာ ရှိသေးကြောင်း ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးက CNI သတင်းဌာနသို့ ပြောသည်။
“စည်းကြပ်ရမယ့် system ကတော့ ချက်ချင်းလည်း လုပ်လို့မရသေးဘူးလေ။ စာချုပ်ချုပ်ပြီးတော့ လွှတ်လိုက်တဲ့ ကလေးတွေက ပြန်မှ မပြန်ရသေးတာ။ မပြန်ရသေးတော့ သူတို့တွေ လွှဲခြင်း၊ မလွှဲခြင်းဆိုတာ ကျနော်တို့က လည်း monitoring ကလည်း နည်းနည်းခက်တယ်။ application တွေကလည်း အခုမှ ဆွဲတုန်းဆိုတော့ ဘယ် အလုပ်သမားက ဘယ်လမှာ ဘယ်လိုလွှဲတယ်ဆိုတဲ့ဟာတွေက ဗဟိုဘဏ်နဲ့လည်း ပေါင်းပြီးမှ လုပ်နေကြတာပဲ ရှိသေးတယ်။ လောလောဆယ်မှာတော့ စာချုပ်ချုပ်ထားတဲ့အနေအထားပဲ ရှိသေးတယ်။ စာချုပ်မှာ ပါတဲ့အတိုင်း ပေါ့ နောင်တစ်ချိန်ကြရင်တော့ သူက နောက်ထပ်ပြည်ပကို ပြန်ထွက်တဲ့အချိန်ကြရင်တော့ ယခင်တုန်းက လွှဲထားပေးတဲ့ အထောက်အထားတွေ မပြနိုင်ဘူးဆိုရင်တော့ ကျနော်တို့က ဒီ system မှာ အားလုံးက biometric သွားတာဆိုတော့ ဒေတာ server စနစ်နဲ့ သွားတာဆိုတော့ အလုပ်သမားတစ်ယောက်က နောင်တစ်ချိန် OWIC ကဒ် ရိုက်ဖို့အတွက်လုပ်တဲ့အချိန်ကြရင် ဒေတာကပေါ်နေမှာလေ” ဟု ၎င်းက ပြောသည်။

စက်ရုံလုပ်ငန်းခွင်တစ်ခု
အေဂျင်စီများနှင့် ချုပ်ဆိုသည့် စာချုပ်ထဲတွင် လစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ရန် ၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် စာချုပ်ချုပ်ဆိုသွားသည့် လုပ်သားများ ဘက်မှ နောင်တစ်ချိန် ပြည်ပထွက်ခွာမည်ဆိုပါက လွှဲပို့ထားသည့် အထောက်အထားများ ပြသနိုင်လျှင် ထွက်ခွာ ခွင့်ရရှိမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ သိရသည်။
သို့သော် လွှဲပို့ထားသည့် အထောက်အထားများ မပြသနိုင်ပါက စာချုပ်အား ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ပြည်ပထွက်ခွာခွင့် ၃ နှစ်အပိတ်ခံရမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ သိရသည်။
သို့သော် တစ်ဖက်တွင် ပြည်ပရောက် မြန်မာလုပ်သားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲပို့ရန် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားထားပြီး အမှန်တကယ်လိုက်နာဆောင်ရွက်စေဖို့ ကြပ်မတ်ရန် စီစဥ် နေကြောင်း သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ “ကြားနေတယ်။ အဲဒီလိုထပ်ပြီး ကြပ်မတ်တဲ့နေ့ အမတို့ကတော့ နားမယ့် နေ့ပဲ။ အဲဒါကြတော့ သူတို့ပိုက်ဆံကို သူတို့လွှဲမှရတာ။ အမတို့ကလည်း လူပို့ထားတာ အများကြီးပဲ။ စက်ရုံပေါင်း များစွာ အမတို့က ဘယ်သွားထိုင်ပြီးတော့ အလုပ်လုပ်ပေးနိုင်မလဲ။ အမတို့က ဝန်ထမ်းမှမဟုတ်ဘဲ သူတို့ ဝန်ထမ်း တွေလိုက်ပြီး ကောက်ခိုင်းလေ။ အမတို့လုပ်ငန်းကကြတော့ လူပို့တဲ့လုပ်ငန်းလေ။ ဘဏ်နဲ့ဘာမှမသက်ဆိုင်ဘူး။ နောက်ကလေးတွေက အမတို့ကိုမှ မဟုတ်ဘူး ထိုင်းနိုင်ငံကိုလည်း အခွန်ခတွေ အကုန်ဆောင်သွားတယ်။ ကိုယ့် နိုင်ငံကိုလည်း အခွန်ခတွေ အကုန်ဆောင်သွားတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ငွေက သူတို့ရဲ့လက်ထဲမှာပဲ မူတည်တယ်လေ။ အမတို့က အဲဒါကို လိုက်ထိန်းချုပ်ပေးမယ်ဆိုရင် အဆင်မပြေဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

စက်ရုံလုပ်ငန်းခွင်တစ်ခု
ထိုသို့ လစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ရာတွင် တစ်လချင်းအလိုက် သက်ဆိုင်ရာနိုင်ငံ ၏ အနိမ့်ဆုံးလုပ်ခလစာနှင့်တွက်ချက်၍ ပေးပို့နိုင်ပြီး ၃ လ တစ်ခါ တစ်လစာ၏ ၂၅ ရာခိုင်နှုန်းကိုလည်း လွှဲပို့ နိုင်ကြောင်း သိရသည်။
လက်ရှိတွင် လုပ်သားများဘက်မှ လစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်ငွေလွှဲပို့ရာတွင် ဗဟိုဘဏ်၏ နိုင်ငံခြားငွေဈေးနှုန်း အတက်အကျပေါ်မူတည်ကာ လွှဲပို့သည့် လူဦးရေနှုန်းထားမှာ အနည်း၊ အများ ကွာခြားချက် ရှိကြောင်း သိရသည်။
ဗဟိုဘဏ်ဘက်မှ နိုင်ငံခြားငွေဈေးနှုန်းအား ပြင်ပပေါက်ဈေးနှင့် အနည်းငယ်သာကွာခြားပြီး ပေးနိုင်မည်ဆိုပါက ပို၍ လွှဲပို့လာကြမည်ဖြစ်ကြောင်းလည်း ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1683
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀
ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများတွင် ကုန်တင်ကုန်ချ လုပ်သားများ ရှားပါးလာခြင်းကြောင့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟု ကုန်စည်ဒိုင်များ၊ ပွဲရုံများနှင့် ကုန်သည်များထံမှ သိရသည်။
လယ်ယာထွက်ကုန် ပြည်ပသို့ တင်ပို့မှုအပိုင်းတွင် ရန်ကုန်ရှိ ဆိပ်ကမ်း၌ ကုန်တင်ကုန်ချ လုပ်သားများမှာ ဆန်စပါး အပြင် ပဲ၊ ပြောင်း စသည့် သီးနှံများအတွက်လည်း လုပ်ဆောင်နေကြရခြင်းကြောင့် ဆန်တင်ပို့မှုတွင် လုပ်သားများ လျော့နည်းလာပြီး လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်လာနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆန်အပိုင်းလည်း နည်းနည်းတော့ နည်းသွားပါတယ်။ နည်းတာတော့ နည်းသွားတယ်ဗျ။ နယ်ဘက်တွေ တော့ ပိုဖြစ်ပါတယ်။ လုပ်သားနည်းသွားတော့ နည်းနည်းတော့ အလုပ်လုပ်ရတာတော့ နည်းနည်းတော့ ကြပ်သွား တာပေါ့။ ကုန်တင်ကုန်ချ သမားတွေတော့ နည်းနည်း အလုပ်တွေ နည်းနည်းလေး ပြန်ကောင်းလာတယ်။ ပြောင်း တို့ ဘာတို့၊ ပဲတို့ ဘာတို့ အကုန်လုံးက အလုပ်သမားတွေက အကုန် အဲဒီဘက် ရောက်တော့လေ” ဟု ပြောသည်။
ယခင်က ကုန်တင်ကုန်ချ လုပ်ဆောင်နေကြသည့် လူငယ်လူရွယ်များသည် လက်ရှိတွင် ပြည်ပသို့ ထွက်ခွာခြင်း၊ မိမိ နေရပ်ဒေသများသို့ ပြန်သွားခြင်းများ ရှိနေပြီး အသက်အရွယ် ကြီးသူများသာ ကျန်ရှိခဲ့သည့်အတွက် အလုပ်သမား ရှားပါးမှုများ ဖြစ်ပေါ်နေသည်။

ဆန်အိတ်များ သယ်နေကြစဉ်
ကျန်ရှိနေသည့် အလုပ်သမားများမှာလည်း ရာသီဥတု ပူပြင်းမှုဒဏ်ကြောင့် အလုပ်လုပ်နိုင်မှုများ လျော့နည်းလာ ပြီး အလုပ်သိမ်းချိန်များလည်း ယခင်ကထက် ပို၍ စောလာသည့်အတွက် ကုန်တင်ကုန်ချ ပြီးမြောက်မှုမှာ ကျဆင်းလာသည်ဟု ကုန်သည်များထံမှ သိရသည်။
ယခင်က ပွဲရုံတစ်ရုံတွင် တစ်နေ့လျှင် ပြောင်းတွဲကား အစီးရေ ၂၀ ခန့် အတင်အချ ပြုလုပ်နိုင်သော်လည်း လက်ရှိတွင် အလုပ်သမား နည်းပါးမှုကြောင့် အစီးရေ ၈ စီးခန့်သာ လုပ်ဆောင်နိုင်တော့သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်က ဂိုဒေါင်တွေမှာပေါ့နော် တွဲကားတွေ တစ်နေ့ကို အစီး ၂၀ လောက် ချနိုင်တဲ့နေရာတွေမှာ အခုဆို ၈ စီးလောက်ပဲ ချနိုင်တယ်။ ၈ စီးလောက် ချနိုင်တော့ ဒီမှာတင် ညအိပ်ကားတွေက ထပ်ဖြစ်သွားတာပေါ့။ ညအိပ် ကားတွေ ညအိပ်ကြေးပေးရတာတို့၊ ကားသမားတွေကတော့ ညအိပ်ကြေးကြောင့် ငြိုငြင်တာတော့ မဟုတ်ပါဘူး။ သူတို့ကတော့ ချပြီး ပြန်ထွက်ချင်တာပေါ့နော်။ ဒီမှာကြာသွားတော့ နောက်တစ်ခါ ပြန်တင်ဖို့က ကြာသွားပြန်ရော နှောင့်နှေးကုန်တာပေါ့နော်။ နယ်တွေမှာကျတော့ သူတို့လည်း အလုပ်သမားရှားတော့ ကားတင်ပေးဖို့ လူလိုက် စုရတာပေါ့နော်။ အဲဒီလိုလေးတွေလည်း ရှိတယ်” ဟု ပြောသည်။

ကုန်တင်ကုန်ချ လုပ်သားများကိုတွေ့ရစဉ်
ထို့နောက် နယ်ဒေသများတွင်လည်း လုပ်သားရှားပါးမှုနှင့် ကြုံတွေ့နေရပြီး တချို့သော လယ်ယာထွက်ကုန် ပွဲရုံများနှင့် လုပ်ငန်းများသည်လည်း ရပ်နားမှုများ ဖြစ်ပေါ်လာနေသည်ဟု ဆန်စပါးနှင့် ပဲမျိုးစုံ ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကိုအောင်သန်းဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှိတာပေါ့ အလုပ်က၊ တချို့အလုပ်တွေဆို အလုပ်သမား ရှားပါးမှုကြောင့် ရပ်ပစ်လိုက်ရတာမျိုးတွေ ရှိတာပေါ့။ လယ်ယာထွက်ကုန် ကဏ္ဍတွေမှာ လုပ်ရတာ စပါးကိစ္စတွေ ဘာတွေမှာဆိုရင် လုပ်သားရှားပါးတဲ့ ပြဿနာ တောမှာ ၃/၄ ခု ရင်ဆိုင်ရတာပေါ့” ဟု ပြောသည်။
ယခုကာလသည် ကုန်သည်များက ပို့ကုန်များကို မိုးမကျမီ တင်ပို့နိုင်ရန်အတွက် လုပ်ဆောင်နေကြသည့်အချိန် ဖြစ်၍ ဆိပ်ကမ်းများနှင့် ပွဲရုံများတွင် ကုန်တင်ကားသည် ယခင်ကထက် ပိုမိုဝင်ရောက်လျက်ရှိသည်။
ထို့ကြောင့် အလုပ်သမား လိုအပ်ချက်သည်လည်း ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ပြီး မိုးမကျမီ ကာလအထိ ထိုလိုအပ်ချက် သည် ဆက်လက် ရှိနေနိုင်သည်ဟု ကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1429
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀
ထိုင်းတွင် နေထိုင်အလုပ်လုပ်ခွင့်ရရှိသည့် ဘတ်ပန်းရောင်ကဒ်အား မေလ၌ စတင်ပြုလုပ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး ကြောင်း ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းရှိ ဘတ်လုပ်ရန် ဝန်ဆောင်မှု ပေးနေသူများသည် အတွင်းသတင်းများ ရရှိတတ်ကြသော်လည်း ထိုင်းအစိုးရ ဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်းမျိုး မရှိသေးသည့်အတွက် အတိအကျပြော၍ မရကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီ ဘတ်လုပ်တဲ့ကိစ္စက ဘတ်အသစ် ထွက်တဲ့ကိစ္စက ကျနော်တို့လည်း ကြားနေရတယ်။ ဒါပေမယ့် ဒီမှာက ခက်တာက နှစ် ပိုင်းရှိတယ်။ တစ်ပိုင်းက အစိုးရကနေ ဘာမှ မထုတ်သေးဘူး။ ကျနော်တို့ ဘာမှလည်း ပြောလို့ မရဘူး။ နောက်ပြီးတော့ ပြောရမယ်ဆိုရင် အေဂျင်စီ၊ ပွဲစားတွေ ဘတ်နဲ့ပတ်သက်ပြီး လုပ်တဲ့လူတွေ ကြတော့ သူတို့ကကြတော့ တစ်ခါတစ်လေ အတွင်း သတင်းတွေရတာရှိတယ်။ အဲဒါတွေက မှန်တယ်၊ မမှန်ဘူး လို့လည်း ပြောလို့တော့ မရဘူး။ ဥပမာ လုပ်လို့ရပြီဆိုရင်လည်း cabinet ကနေပြီးတော့ သူတို့ ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုရင်တောင် ချက်ချင်းမရသေးဘူး။ အဲဒီချမှတ်ပြီးနောက် တစ်ပတ် အတွင်းလား၊ နှစ်ပတ်အတွင်းလား တော်ဝင်ပြန်တမ်းကနေပြီး တရားဝင် ထုတ်ပြန်လိုက်မှ အဲဒါသည် အကျုံးဝင် တာပေါ့။ အဲဒီလို သတင်းမျိုးတော့ ကျနော်တို့ကြားတယ် ဒါပေမယ့် အတိအကျ ပြောလို့မရဘူး” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အထောက်အထားမဲ့ လုပ်သားများပြားလွန်းသဖြင့် ဘတ်ပန်းရောင်ကဒ် ပြုလုပ်ခွင့်အား ထိုင်းအစိုးရဘက်မှ စတင်ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဘတ်ပန်းရောင်ကဒ် ပြုလုပ်ရန် ဖွင့်ပေး ခြင်းသည် အချိန်ကာလအား အတိအကျ သတ်မှတ်ချက်မျိုး မရှိကြောင်း သိရသည်။
ယခုကဲ့သို့ မေလတွင် ဘတ်ရိုက်ခွင့်ပြုမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းသည် ၎င်းတို့၏ အတွေ့အကြုံများ အရ ခန့်မှန်း ပြောဆိုနေကြခြင်းသာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သည့် အစ်ဆာရာမြန်မာမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပုံမှန်ရာသီချိန်မရှိဘူး အစိုးရဌာနကလေ။ အခြေအနေပေါ် မူတည်ပြီးတော့မှ ဘတ်ရိုက်ဖို့အတွက် ဖွင့်ပေး တာပေါ့။ ဥပမာ ဘယ်လို အခြေအနေမှာလဲဆိုရင် တရားမဝင်တွေ များနေပြီဆိုတဲ့ အချိန်မျိုးဆိုရင် အခါအား လျော်စွာ လုပ်ဖို့အတွက် ဖွင့်ပေးတာပေါ့။ အခုဘာဖြစ်လို့ အဲဒီသတင်းက ထွက်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၃ ရက် လောက်ကလား မသိဘူး။ MOU လုပ်သား ၄ နှစ်ပြည့်၊ ၅ နှစ်ပြည့်တွေ ဧပြီလ ၃၀ ရက်နေ့မှာ အပြီးပြန်ရမယ်။ သူတို့နိုင်ငံက ထွက်ရမယ်။ အဲဒီအခါကြတော့ မြန်မာပြည်ကို ပြန်လာဖို့ဆိုတာ အခြေအနေက မဖြစ်နိုင်လောက် ဘူးလေ။ တချို့လုပ်သားတွေကလည်း ပြန်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် အားလုံးက ခန့်မှန်းတာပေါ့ အဲဒီလိုဆို တရားမဝင် လုပ်သားတွေ များလာမယ်။ အဲဒီလိုဆိုရင် သူတို့အစိုးရက ဘတ်ကို ဖွင့်ကိုဖွင့်မှာပဲဆိုတဲ့ အတွေးမျိုးနဲ့ ပေါ့နော်။ အဲဒါက အတိအကျ ရက်မရှိဘူး။ လောလောဆယ် ၅ လပိုင်း ဖွင့်မယ်ဆိုတာကလည်း မဟုတ်နေဘူး” ဟု ပြောသည်။

ဘတ်ပန်းရောင်ကဒ်ကို တွေ့ရစဉ်
ထိုင်းအစိုးရဘက်မှ တစ်စုံတစ်ရာ မထုတ်ပြန်သေးသရွေ့ ထိုကိစ္စအား အတည်ဟု သတ်မှတ်၍မရကြောင်း၊ အကယ်၍ ဘတ်ရိုက်ပေးခဲ့မည်ဆိုပါက အထောက်အထား တစ်စုံတစ်ရာ မရှိသေးသူများအတွက် အခွင့်အရေးများ ရရှိနိုင်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “CI လုပ်တာပဲဖြစ်ဖြစ်၊ ပန်းရောင်ကဒ် လုပ်တာပဲဖြစ်ဖြစ် အလွယ်တကူ မယုံနဲ့ပေါ့နော်။ ပွဲစားတွေကို သတိ ထားဖို့၊ ပိုက်ဆံတွေကို အလွယ်တကူ ပေးတာမျိုးတို့ ဒါတွေကို မလုပ်ဆောင်ဖို့တော့ အရေးကြီးတယ်။ နားလည် သိတတ်တဲ့ ပုဂ္ဂိုလ်တွေကို သေချာမေး။ ဖြစ်နိုင်ရင် အလုပ်သမားအရေး လုပ်နေတဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ် အဲဒီကပုဂ္ဂိုလ်တွေကို သေချာမေး။ မေးပြီးခါမှ ပိုက်ဆံပေးတာမျိုးတို့၊ လုပ်ဆောင် တာမျိုးတို့ လုပ်ဖို့အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆို တစ်ချိန်တုန်းက ဗမာပြည်က လူတွေဆီက မြန်မာငွေ သိန်း ၂၀၊ သိန်း ၃၀ တောင်းပြီးမှ ဘန်ကောက်ကို သွားလို့ရတယ်။ လက်မှတ်လုပ်လို့ ရတယ်ဆိုပြီး လိမ်သွားတဲ့အုပ်စုတွေ များစွာရှိတဲ့အခါကြတော့ ဗမာပြည်မှာ ရှိကြတဲ့လူတွေအနေနဲ့ ဒါတွေကို သတိထားဖို့ အရေးကြီးတယ်” ဟု ပြော သည်။
ပြီးခဲ့သည့် နှစ်က ဘတ်ပန်းရောင်ကဒ်အား ဝန်ဆောင်မှု ပေးသူများနှင့်လုပ်ကြရာတွင် အစောပိုင်း၌ ကုန်ကျစရိတ် သည် ၁၀ သိန်းဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း နောက်ပိုင်း၌ သိန်း ၂၀ ဝန်းကျင်ခန့်အထိ ပေးရကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1873
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉
လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက်မှာ ၅၆၀ ခန့်အထိ ရှိလာသော်လည်း အမှန်တကယ် အလုပ် ခေါ်စာဖြင့် လုပ်သားစေလွှတ်သည့် အေဂျင်စီအရေအတွက်မှာ အနည်းငယ်သာရှိကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် အေဂျင်စီ အရေအတွက်မှာ ၃၀၀ ကျော်သာ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ၅၆၀ အထိရှိလာပြီး အေဂျင်စီများအား တင်းကြပ်စွာ စိစစ်အရေးယူမှု မရှိသည့်အတွက် အမှန်တကယ် လုပ်ကိုင်သူ ထက် အမည်ခံအေဂျင်စီများ ပို၍ တိုးလာခြင်းဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အေဂျင်စီတွေက ပြောရမယ်ဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စင်ပေါ်ရောက်တယ်ပေါ့။ စင်ပေါ် ရောက်တယ်လို့ ဘာလို့ပြောရသလဲဆိုတော့ အလုပ်သမားတွေပြောပြာတာ တကယ်လို့ သူတို့အနေနဲ့ ဒီအေဂျင်စီ မှာ လာအပ်တယ် ၁၅ သိန်းနဲ့ အပ်လို့ ဒီဘက်ကိုလာမယ့်လူက အေဂျင်စီက ချိန်းတဲ့အချိန်တွေ မလာဘူးဆိုရင် အေဂျင်စီတွေက ပြောတာပေါ့ မင်းတို့မလုပ်ချင်ဘူးလား မလုပ်ချင်ရင် ၁၅ သိန်းနဲ့ မလုပ်ချင်နေတော့ ၁၆ သိန်း ပေးမယ့်သူက တန်းစီနေတယ်။ အေဂျင်စီတွေအနေနဲ့က စင်ပေါ်ရောက်နေတဲ့ အခါကြတော့ အဲဒီ အေဂျင်စီ ထပ်ပြီးတော့ နာမည်ခံအေဂျင် စီလုပ်ချင်တဲ့လူတွေက များလာတာပေါ့။ အနည်းဆုံး နိုင်ငံခြားကို မပို့နိုင်ရင် တောင်မှ သူက သူတို့ဆီမှာ စာရင်းသွင်းကတည်းက ဘယ်လောက်ရာခိုင်နှုန်း သွင်းထားရမယ်ဆိုတာက ရှိပြီးသား။ အဲဒီတော့ သူတို့မှာ နိုင်ငံခြားမပို့တောင်မှပဲ သူတို့ရဲ့ တောင်းဆိုတဲ့ အခကြေးငွေတွေက ခိုင်လုံတဲ့ သူတို့အတွက် ရပ်တည်နိုင်တဲ့ သဘောရှိတယ်။ အဲဒါတွေလည်း တစ်ကြောင်းပါမယ်” ဟု ပြောသည်။

အလုပ်သမားရုံးကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်ပထွက်ခွာလိုသူ များပြားလာသည့်အတွက် ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း သည် လုပ်စားရ လွယ်ကူလာသည့်အတွက် ၎င်းတို့ တစ်ဦးတစ်ယောက်တည်း၏ အမည်ဖြင့် အေဂျင်စီဖွင့်ခြင်း အပြင် ဆွေမျိုး၊ သားသမီးတို့၏ အမည်ဖြင့်ပါ အေဂျင်စီထောင်ကြခြင်းများ ရှိကြောင်းလည်း သိရသည်။
၂ နှစ်အတွင်း အေဂျင်စီ အရေအတွက် နှစ်ဆနီးပါး တိုးလာသော်လည်း အမှန်တကယ် လုပ်ကိုင်နေကြသူများမှာ အေဂျင်စီအဟောင်းများသာ အဓိက လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အေဂျင်စီ ၅၆၀ လောက်ဖြစ်ပေမယ့် တကယ်လည်ပတ်တဲ့ အေဂျင်စီက နည်းပါတယ်။ တကယ် လည်ပတ် တဲ့ အေဂျင်စီက ၁၀၀ မှ မပြည့်ပဲ။ အေဂျင်စီ ၅၆၀ ဆိုတာက လိုင်စင်ကြီးမှာပဲရှိမယ်။ ထိုင်းကိုလုပ်တဲ့ လိုင်စင်က ၄၀၀ လောက်ရှိတယ်။ အဲဒီ ၄၀၀ မှာကလည်း တကယ်တမ်း လိုင်စင်ရထားပေမယ့် သူတို့မှာ အလုပ်ရှိမှ လည်ပတ် လို့ရတာလေ။ အမတို့ကြတော့ ကိုယ့် customer နဲ့ ကိုယ် လုပ်သက်ကလည်း နှစ်ပြည့်နေပြီ။ နောက် ဟိုဘက်က customer ကလည်း သူတို့ဟာသူတို့ လူကြည့်ပြီး ရွေးပြီးတော့မှ အလုပ်ပေးတာဖြစ်တဲ့ အတွက်ကြောင့် အမတို့ အတွက်ကတော့ ထူးထူးခြားခြား ဘာမှတော့ မဖြစ်ပါဘူး”ဟု ပြောသည်။
ထို့အပြင် တရားဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီ အမည်ခံထားပြီး လုပ်သားများအား တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ တစ်ဖက်နိုင်ငံသို့ စေလွှတ်ခြင်းများအပြင် လူကုန်ကူးမှုများလည်းရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

အလုပ်သမားများကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ MOU စေလွှတ်ရာ၌ ပြဿနာများအား လုပ်သားအများစု ကြုံတွေ့နေကြရသေးကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှ ဥက္ကဋ္ဌ ဦးထွန်းဝင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြီးရင် မြန်မာကတက်လာတဲ့ MOU တွေ ဆောက်လုပ်ရေးနဲ့တက်လာတဲ့ MOU တွေက ကျနော်တို့ကို တိုင်ထားတာ တော်တော်များနေတယ်။ သူတို့က စာချုပ်တွေနဲ့ တက်လာတယ်။ ဒီရောက်တဲ့အချိန်မှာ ဘိုင်ကျန့်အော်(အလုပ်ထွက်စာ) မရတာနဲ့၊ အလုပ်ရုံတွေကနေ ပတ်စပို့တွေ သိမ်းထားတာနဲ့။ သူဋ္ဌေးတွေက ပိုက်ဆံမပေးတာနဲ့ ကျနော်တို့ကို လက်လှမ်းမှီသလောက် လိုက်လေ့လာတာ အများကြီးပဲ။ အဲဒီမှာ မြန်မာသံရုံးကို လွှဲပေးရတာလည်း ၂ ဖွဲ့ရှိတယ်” ဟု ပြောသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက် များပြားလာသည့် နောက်ဆက်တွဲ အနေဖြင့် အေဂျင်စီ အယောင်ဆောင်ကာ လိမ်လည်သူများမှာလည်း ဆင့်ကဲ တိုးပွားလာကြောင်း ထောက်ပြကြသည်။
ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အေဂျင်စီများအား လိုင်စင်ချပေးရာတွင် အချက်အလက် ပြည့်စုံ သော်လည်း အမှန်တကယ် လုပ်သားစေလွှတ်နိုင်မှု မရှိသည့် ကာလများလာပါက ထိုအေဂျင်စီအား လိုင်စင်ပိတ် သိမ်းခြင်း၊ သေချာစိစစ်ခြင်းမျိုး လုပ်ဆောင်သင့်ကြောင်းလည်း ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1622
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆
တရုတ်နိုင်ငံသို့ မြန်မာ့သရက်သီး တင်ပို့ရာတွင် လမ်းကြောင်း အခက်အခဲနှင့် အချိန်ကြန့်ကြာမှုများ မဖြစ်ပေါ် စေဘဲ လျင်လျင်မြန်မြန် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များနှင့် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့တို့ ဆွေးနွေးနေကြောင်း ကုန်သည်များထံမှ သိရသည်။
သရက်သီးတင်ပို့ရာ လမ်းကြောင်းတလျှောက် မည့်သည့်အဖွဲ့အစည်းများမှ စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင် ခြင်း မပြုရဘဲ လျင်မြန်စွာ တင်ပို့ခွင့်ရရှိရေးအတွက် ဆွေးနွေးကြခြင်းဖြစ်ပြီး လက်ရှိတွင် သရက်ကား အစီးရေ ၃ စီးခန့် စမ်းသပ်တင်ပို့မှု လုပ်ဆောင်ထားသည်ဟု ကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
“သရက်သီးက အခု ၂ စီး၊ ၃ စီးတော့ စမ်းတင်နေတယ်။ အဲဒါက သရက်သီးကို green line ရဖို့ ဆွေးနွေးနေတယ်။ သရက်သီးက ဖရဲ၊ သခွားနဲ့ မတူဘူး။ သူက green line မှာပဲ သရက်သီးက။ green line ဆိုတာက transport မှာ သီးသန့်ရှိတယ်။ green line သည် သူက VIP ပဲ။ green line မှာ သွားတဲ့ဟာသည် အစစ်ဆေး အမေးမြန်း မရှိ ရဘူး။ နောက်တစ်ခုက ကြန့်ကြာမှု မရှိရဘူး။ တရုတ်ပြည်မှာဆိုရင် green line သီးသန့်ရှိတယ်။ green line ကို သွားတဲ့ကောင်တွေသည် ပျက်စီးလွယ်တဲ့ ကုန်စိမ်းရှိမယ်။ သားငါးရှိမယ်၊ ပြီးရင် လူနာပေါ့နော်။ အဲဒီကောင်တွေက တားလို့မရဘူး။ အဲဒါလေးတွေ ရအောင် ဆွေးနွေးနေပါတယ်။ တရုတ်ဘက်ရော၊ မြန်မာပြည်မှာရှိနေတဲ့ အစုအဖွဲ့ တွေရော အားလုံး ဆွေးနွေးနေကြတာ။ တရုတ်တစ်ဖက်တည်းနဲ့ ဆွေးနွေးလို့မရဘူး၊ မြန်မာပြည်ဘက်ခြမ်းမှာပဲ အဲဒါရှိနေရင် အဆင်မပြေဘူး” ဟု ပြောသည်။

မြန်မာ့သရက်သီးများ
သရက်သီးသည် တခြားသော သီးနှံများနှင့် မတူဘဲ ဈေးကွက်အတွင်းသို့ အချိန်မှီ ရောက်ရှိမှသာ ဈေးကောင်း ရရှိမည်ဖြစ်ကြောင်း၊ ထို့နောက် ယခုနှစ်သည် မူဆယ်နှင့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်သွယ်၍ မရသည့်အတွက် မိုင်းလားနယ်စပ်မှတဆင့်သာ တင်ပို့နေရခြင်းကြောင့် အချိန်ကြန့်ကြာမှုများ ရှိနိုင်သည်ဟု ကုန်သည်များက ပြောသည်။
ထို့ကြောင့် သစ်သီးဝလံ ကုန်စည်ဒိုင်များ၊ ကုန်သည်အသင်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက သရက် တင်ပို့သည့် လမ်းကြောင်း လျင်မြန်စေရေး လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
သရက်တင်ပို့သည့် လမ်းကြောင်း အဆင်ပြေမည်ဆိုပါက မိုင်းလားနယ်စပ်ကုန်သွယ်ရေးသို့ ၃ ရက်တည်းဖြင့် အရောက်ပို့နိုင်မည် ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
ထို့နောက် ယခုနှစ်တွင် သရက်သီး တင်ပို့မှု ကုန်ကျစရိတ်သည် ပြီးခဲ့သည့်နှစ်များထက် ပိုမိုကုန်ကျနေခြင်း၊ ရာသီဥတုနှင့် လမ်းကြောင်းအခြေအနေ စသည့် အခက်အခဲများ ရှိနေခြင်းကြောင့် တောင်သူများ၊ ပွဲရုံများနှင့် ကုန်သည်များက သရက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သေချာစွာ ဂရုစိုက်သင့်ကြောင်း သရက်ကုန်သည် ဦးဆန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ ကုန်သွယ်ဂိတ်ပေါက်တစ်ခု
“တရုတ်ဈေးကွက်မှာ အခုလက်ရှိ သရက်က အကောင်းဆုံးကို မျှော်လင့်တယ်။ ဘာလို့ဆို transport charges ကလည်း မြင့်တယ်။ နောက်တစ်ခါ ရာသီဥတုပေါ့နော်။ ရာသီဥတုက မြန်မာနိုင်ငံက ကမ္ဘာ့အပူဆုံးမြို့ထဲမှာ ၆ မြို့တောင် ရှိနေတယ်။ ရာသီဥတုကလည်း အရမ်းပြင်းနေတဲ့အတွက်က ဒါတွေက စိန်ခေါ်မှု အခက်အခဲတွေ။ စိန်ခေါ်မှု အခက်အခဲတွေကို ကျော်လွှားနိုင်ရင် အောင်မြင်ခြင်းပေါ့။ အားလုံးက ဝိုင်းဝန်းပြီးတော့ တစ်ဦး တစ်ယောက်တည်းက လုပ်လို့မရဘူး။ သရက်တောင်သူတွေရော၊ ပွဲစားတွေရော၊ အေးဂျင့်တွေရော၊ ဌာနဆိုင်ရာ တွေရော အဖက်ဖက်ကနေ ကဏ္ဍပေါင်းစုံကနေ ဝိုင်းဝန်းပြီးတော့မှ ဒီဈေးကွက်ကြီးက ပေါ်မှာ။ အဲဒီထဲမှာ တစ်ဦးတစ်ယောက် ကောင်းလို့လည်း မရဘူး။ လက်ရှိ တရုတ်ဈေးကွက်ကိုပဲ အားကိုးနေရတဲ့အတွက် အကောင်းဆုံးကို မျှော်လင့်တယ်။ တောင်သူတွေလည်း ထိုနည်းတူပဲ သတင်းကို နားစွင့်ပါ။ သတင်းနာစွင့်ပြီးမှ တင်ဖို့လည်း ပြောချင်တယ်။ လက်ရှိက ဘာလို့လဲဆိုတော့ transport charges ကြီးက အရမ်းဈေးမြင့်နေတယ်။ အဲဒါကြီးက တော်တော်ကြီးကို ဈေးမြင့်နေတဲ့အတွက် ရှုံးလာရင်လည်း ကိုယ့်တောင်သူတွေပဲ နစ်နာမှာလေ” ဟု ပြောသည်။
ယခင်က သရက်သီးကို ဝမ်တိန် - ကျင်စန်းကျော့ ဂိတ်ပေါက်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် လျင်မြန်မှု ရှိပြီး ကုန်ကျစရိတ် သက်သာသော်လည်း လက်ရှိတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားနယ်စပ် ကုန်သွယ်ရေး မှတဆင့် တင်ပို့ကြရမည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်အနေဖြင့် ကုန်တင်ကားတစ်စီးလျှင် ငွေကျပ် သိန်း ၁၀၀ ခန့် ကုန်ကျနေခြင်းကြောင့် တချို့သော ကုန်သည်များက တင်ပို့မှု မလုပ်ဆောင်ကြကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ နှစ်စဉ် စိန်တလုံး၊ ဟင်္သာ စသည့် သရက်သီးတန်ချိန် ၄ သောင်းမှ ၅ သောင်းအထိ တင်ပို့လျက် ရှိနေပြီး နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း ကုန်သွယ်မှုလမ်းကြောင်း အခက်အခဲ၊ သယ်ယူ ပို့ဆောင်ခ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် သရက်စိုက်ပျိုးခြံများတွင် သွင်းအားစု ထည့်ဝင်နိုင်မှု လျော့နေခဲ့သည့်အတွက် အထွက် နှုန်းများလည်း လျော့ကျလျက်ရှိနေကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသို့ သရက်သီး တင်ပို့သည့် တန်ချိန်သည် လည်း လျော့ကျလျက်ရှိနေသည်ဟု ကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2301
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅
တိုင်းပြည်၏ ကုန်သွယ်ရေး မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရေးအတွက် မြန်မာ - ထိုင်း နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ကောင်းမွန်ရန် လိုအပ် သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများနှင့် ကုန်သည်များက သုံးသပ်ကြသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာ - အိန္ဒိယ ကုန်သွယ်ရေး များ ရပ်တန့်လျက်ရှိနေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ - တရုတ် ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ထားသော်လည်း ကုန်သွယ်နိုင်သည့် အနေအထားတွင် မရှိသေးပေ။
ထို့နောက် တိုက်ပွဲကြောင့် ရပ်တန့်နေရသည့် မြဝတီနယ်စပ် ကုန်သွယ်ရေးနှင့် ပတ်သက်၍ မြဝတီကို တိုက်ပွဲကင်း မဲ့ပြီး စီးပွားရေးဇုန်အဖြစ် ကုန်စည်ပို့ဆောင်နိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေးအင်အားစုများ အကြား သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် မြဝတီစီးပွားရေးဇုန်ကို ပြန်လည် ဖွင့်လှစ်နိုင်ပါက တိုင်းပြည်အတွက် အကျိုးရှိသည်ဟု ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

မြဝတီနယ်စပ်ဂိတ်ကို တွေ့ရစဉ်
၎င်းက “အပေါက်တွေက တရုတ်ပေါက်ရှိတယ်၊ အိန္ဒိယပေါက်ရှိတယ်၊ ယိုးဒယားပေါက်ရှိတယ်၊ ရိုးရိုးသားသား ပြောရင်တော့ မြဝတီတစ်ပေါက်ပဲ ကျန်တော့တာပေါ့ သဘောက။ မြောက်ပိုင်းက အပေါက်က ပွင့်တယ်ပြောတာ ပေါ့၊ ဒါပေမယ့် ဘယ်လိုပွင့်တယ်ဆိုတာက အများပြည်သူ နားမလည်ကြဘူးလေ။ အဲဒီတော့ လောလောဆယ် ဒီတစ်ပေါက်ပဲ ကျန်တော့တာပေါ့။ ဒီတစ်ပေါက်ရှိနေတာက တိုင်းပြည်အတွက် ကောင်းတာပေါ့။ အဆိုးထဲက အကောင်းပေါ့။ ဒီတစ်ပေါက်သာ မရှိတော့ဘူးဆိုရင်တော့ တော်တော်ကို ခဲရာခဲဆစ် ဖြစ်သွားမယ့်ကိစ္စပဲ။ ဒီတစ်ပေါက်က ရှိတယ်၊ နှစ်ဖက်စလုံးက သဘောတူတယ်၊ မှန်တယ်ဆိုလို့ရှိရင် ဒါက လောလောဆယ် အနေ အထားအရ တိုင်းပြည်အတွက် အကျိုးရှိတဲ့ကိစ္စပဲ။ ထိုင်းနဲ့ကုန်သွယ်ရေးကို စဉ်းစားမယ်ဆို ဒါက အနီးဆုံး အပေါက်ပဲလေ။ ဒီအပေါက်ကတော့ အဆင်ပြေမှရမယ် လတ်တလော အခြေအနေမှာပဲဖြစ်ဖြစ်၊ ရေရှည်အတွက်ပဲ ဖြစ်ဖြစ်ပေါ့။ ရေရှည်အတွက်ကတော့ မြဝတီတစ်ပေါက် အဆင်ပြေရင် တိုင်းပြည်အတွက် ရုတ်တရက်ကြီး ကောင်းသွားဖို့ အတွက်ကတော့ မလွယ်ဘူး။ ဒါပေမယ့် လောလောဆယ် အနေအထားအရ ဒီဥစ္စာသည် မြဝတီ လမ်းကြောင်းသည် ကောင်းကိုကောင်းမှ ဖြစ်မယ်ဆိုတာ ဆရာတို့လည်း နားလည်တယ်။ တကယ်လို့ နှစ်ဖက်စလုံး က အဲဒါကို သဘောတူညီချက် ရှိတယ်ဆိုရင် ဝမ်းသာပါတယ်” ဟု ပြောသည်။
တိုက်ပွဲကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွား၍ ထိုင်းနိုင်ငံအတွက် စီးပွားရေးထိခိုက်မှု ဖြစ်ပေါ်နေ သကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ကုန်စည်လိုအပ်ချက်များ ဖြစ်ပေါ်လျက် ရှိနေသည်။
မြဝတီသာမက မည်သည့်ဒေသမဆို စစ်မဲ့ဇုန် ဖော်ဆောင်နိုင်ပါက အကောင်းဆုံးဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထိုင်းကတော့ ကုန်သွယ်ရေး ရပ်တန့်တာကို သူတို့က စီးပွားရေးက သူတို့အတွက် အများကြီး ထိခိုက် တယ်။ ကျနော်တို့လည်း ကုန်ဈေးနှုန်း မြင့်တက်တာကို ခံနေရတာပေါ့။ ဒါက ကရင်ပြည်နယ်က လူတွေအတွက် တင်မဟုတ်ဘူး၊ တပြည်လုံးပေါ့၊ ထိုင်းက ဒီနိုင်ငံနဲ့ အနီးစပ်ဆုံး နယ်နိမိတ်တစ်ခု ဖြစ်တယ်။ အနီးစပ်ဆုံး နယ်နိမိတ် ကို ကုန်သွယ်လို့ မရဘူးဆိုတဲ့ အခါကျတော့ ဒါကတော့ ထိခိုက်နစ်နာမှုကတော့ အများဆုံး ပေါ်နေတာပေါ့ဗျာ။ စီးပွားရေး ဖော်ဆောင်ဆောင် မဆောင်ဆောင် စစ်မဲ့ဇုန်အနေနဲ့ ထားရင်တော့ အကောင်းဆုံးပေါ့။ မြဝတီမှ မဟုတ် ဘူး၊ ဘယ်နေရာမဆို စစ်မဲ့ဇုန် ထားရင်တော့ အကောင်းဆုံးပေါ့ဗျာ။ စစ်မဲ့ဇုန်ဆိုတာက ဘယ်နေရာ၊ ဘယ်ဒေသမှာ မှ တိုက်ပွဲတို့ မဖြစ်စေချင်ဘူးလေ၊ မြဝတီမှ မဟုတ်ပါဘူး၊ စစ်မဲ့ဇုန်ထားပြီးတော့မှ လုပ်ရမယ့် အပိုင်းမျိုးထက်ကို အေးအေးဆေးဆေးဖြစ်ပြီးတော့ လုပ်နိုင်တာကတော့ အကောင်းဆုံးပေါ့။ စစ်ကတော့ မရှိတာ အကောင်းဆုံးပဲ” ဟု ပြောသည်။
မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးသည် နေ့စဉ် ဒေါ်လာ သန်းနှင့်ချီ၍ ကုန်သွယ်မှု ရှိနေသည့် နယ်စပ်ဂိတ်ဖြစ်သည်။
ထို့အပြင် မြဝတီနယ်စပ်ဂိတ်သည် မြန်မာနယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များ အားလုံးတွင် ကုန်သွယ်မှုလမ်း ကြောင်း အတိုဆုံးနှင့် အလျင်မြန်စွာ ကုန်သွယ်မှု လုပ်ဆောင်နိုင်သည့် ဂိတ်တစ်ခုလည်း ဖြစ်သည်။
ထိုနယ်စပ်ဂိတ်မှတဆင့် ကုန်သွယ်မှု လုပ်ဆောင်၍ မရခြင်းကြောင့် ထိုင်းနိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် ပင်လယ် ရေကြောင်းဖြင့်သာ ကုန်သွယ်နေရသည့်အတွက် အချိန်ကြန့်ကြာမှုများ အပြင် တခြားသော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ကုန်သည်များက ပြောသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
မြဝတီလမ်းကြောင်းမှတဆင့် ပြန်လည်ကုန်သွယ်မှု ရမည်ဆိုပါက ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့သည့် လယ်ယာထွက်ပစ္စည်းများလည်း ဈေးနှုန်းကောင်းမွန်လာမည်ဟု မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖြစ်လာရင်တော့ ကောင်းတာပေါ့။ ဘာပဲပြောပြော မြဝတီဆိုတော့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန် ကနေပြီးတော့ ပြောင်းပဲဖြစ်ဖြစ်၊ တခြား ထိုင်းကိုရောင်းလို့ရတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေပေါ့နော်၊ လျင်လျင်မြန်မြန် သွားလို့ရတဲ့လမ်းကြောင်းက မိုင်အတိုဆုံးနဲ့ အမြန်ဆုံးသွားလို့ရတာ ဒီလမ်းကြောင်းရှိတော့ ဘယ်လိုပဲ ညှိနှိုင်းညှိနှိုင်းဆောင်ရွက် ဒီလမ်းကြောင်း ပွင့်သွားတယ်ဆိုရင်တော့ ကောင်းတယ်လို့ပဲ ပြောရမှာပေါ့ နော်။ မျှော်လည်းမျှော်လင့်ပါတယ် ပို့လို့ရအောင်ပေါ့နော်။ မြဝတီကုန်သွယ်ရေးဇုန်ကြောင့် ထိခိုက်မှုတွေကတော့ များတာပေါ့နော်။ အဓိက ပစ္စည်းတွေ ပို့လို့မရတော့ဘူး။ ပို့လို့မရတဲ့အတွက် ပင်လယ်ရေကြောင်းဘက်က သွားတဲ့ အခါကျတော့ ပင်လယ်ရေကြောင်းကနေ သွားရတဲ့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတာပေါ့နော်။ အဲဒါမျိုး တွေတော့ ရှိတာပေါ့နော်။ မြဝတီကနေ သွားရရင်တော့ ပိုကောင်းတာပေါ့နော်” ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် KNLA/PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့မှစတင်၍ မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၏ အဓိကအရေးပါသည့် မြဝတီမြို့နယ်ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ပိတ်ထားခဲ့ရသည့်အတွက် နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်းများ မှာ ရပ်ဆိုင်းနေရသည်။
မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး လုပ်နိုင်သော တာချီလိတ်၊ မြဝတီ၊ ထီးခီး၊ မောတောင်၊ မြိတ်၊ ကော့သောင်း စသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များအနက် မြဝတီနယ်စပ်ဂိတ်သည် ကုန်သွယ်မှု အများဆုံးပြုလုပ်နိုင်သည့် ဂိတ်ဖြစ်သည်။
အဆိုပါ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ကုန်သွယ်မှု ပြုလုပ်ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1717
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅
ထိုင်းနိုင်ငံရှိ မြန်မာ အပါအဝင် MOU သက်တမ်း ၄ နှစ်ပြည့် သွားသူများအနေဖြင့် ယခု ဧပြီလကုန်အထိ နောက်ဆုံးထား ထွက်ခွာရန်နှင့် မထွက်ခွာပါက အရေးယူခံရမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက သတိပေး ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့မှ အလုပ်သမား အချို့တို့၏ အလုပ်လုပ်ပိုင်ခွင့် သက်တမ်း ၄ နှစ်ပြည့်သွားပြီ ဖြစ်သောကြောင့် ယခု ဧပြီ ၃၀ ရက် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ထို့ကြောင့် ၎င်းသက်တမ်း ကုန်ဆုံးရက်မတိုင်မီ နိုင်ငံတွင်းမှ ထွက်ခွာရမည်ဖြစ်ကာ မထွက်ခွာပါက လွန်လွန်ကဲကဲ စွဲချက်တင်ခံရမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ ဒုတိယပြောရေး ဆိုခွင့်ရှိသူက ပြောထားသည်။
MOU ၏ စည်းမျဉ်းစည်းကမ်းအရ စာချုပ်သက်တမ်း ၄ နှစ်ပြည့်ပြီးပါက ထိုင်းကနေ ပြန်လည်အထွက်ပြပြီး တံဆိပ်တုံးထု၍ ပြန်လည်ဝင်ရောက်ရကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN)ဥက္ကဋ္ဌ ဦးထွန်းဝင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားတွေကိုတွေ့ရစဉ်
၎င်းက “မထွက်ရင်တော့ တရားဝင် ဖမ်းဆီးမယ်ဆိုပြီး သူတို့ သတိပေးထားတာရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဲဒါက သူ့ရဲ့ MOU ရဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းပါပဲ။ MOU ရဲ့ စာချုပ်က ၄ နှစ်ပြည့်ရင် အဲဒီလို မြန်မာပြည်ကို ပြန်ရတယ်လေ။ ဖြစ်စေချင်တာကတော့ တစ်ခုရှိတယ်။မြန်မာပြည်က အစိုးရကနေပြီးတော့ ထိုင်းကိုလာပြီး လုပ်ပေးတာတော့ အဆင်ပြေမှာ။ ကျနော် သတင်းကြားထားတာက ရနောင်းမှာ လုပ်မယ်လို့ကြား တယ်။ ရနောင်းကနေပြီးတော့ ကော့သောင်းဘက်ကို တစ်ရက်ဝင်ပြီးတော့ တံဆိပ်တုံးထု၊ ထုပြီးရင် အထွက်တုံး ပြန်ထုပြီးတော့ ရနောင်းမှာပဲ လုပ်ပေးမယ်လို့ အဲဒီလိုကြားထားတာ။ အမြန်ဆုံး တစ်ပတ်ပေါ့နော် အဲဒီလိုလုပ် ပေးမယ်လို့ သတင်းကြားထားတယ်” ဟု ပြောသည်။
ထိုင်းအလုပ်ရှင်များသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံမှ အလုပ်သမားများကို နားလည်မှုစာချွန်လွှာ - MOU ဖြင့် ၄ နှစ် ငှားရမ်းခဲ့သည်။
အဆိုပါ ငှားရမ်းခွင့် သက်တမ်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ၌ ကုန်ဆုံးသွားပြီဖြစ်၍ ယခုကဲ့သို့ ထွက်ခွာခိုင်းခြင်း ဖြစ်သည်။
သို့သော် လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် သက်တမ်းပြည့် MOU မြန်မာလုပ်သားများထဲ၌ MOU လုပ်ငန်းစဉ်အား ပယ်ဖျက်ပြီး အလုပ်လုပ်ခွင့် လက်မှတ်(ဘတ်ပန်းရောင်ကဒ်)များ ပြောင်းလဲပြုလုပ်၍ နေထိုင် အလုပ်လုပ်ကိုင် နေကြသူများ ရှိသည်။
ဧပြီလကုန်အထိ မထွက်ခွာပါက အရေးယူခံရမည်ဟု ထိုင်းအာဏာပိုင်များ၏ ပြောဆိုမှုသည် ဥပဒေအရ ပြောဆို ခြင်း တစ်ခုသာဖြစ်ပြီး လက်တွေ့အရ ဆောင်ရွက်ရန်မှာ မဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားတွေကိုတွေ့ရစဉ်
၎င်းက “အဓိကကတော့ ခြိမ်းခြောက်တဲ့ စကားတစ်ခုလို့ပဲ မြင်တယ်။ ဘာလို့လဲဆိုတော့ တကယ်သူတို့ လိုက်ဖမ်း မယ်ဆိုရင် ထိုင်းနိုင်ငံမှာ အထောက်အထားမရှိတဲ့ လူတွေ နည်းတဲ့ဟာ မဟုတ်ဘူး။ ဒါတွေတောင်မှ သူတို့ အခု ထိုင်းနိုင်ငံအတွင်း မြင်ရတာက အဖမ်းအဆီးက နည်းနည်းလေး ပိုပြီးတောင် နည်းသွားတယ်။ ဘာလို့လဲဆိုတော့ နားလည်မှုတွေ ပေးထားတယ်လို့ ကျနော်မြင်တာပေါ့။ တကယ်သူတို့ ဖမ်းမယ်ဆိုရင်က ထိုင်းနိုင်ငံမှာ အထောက်အထား မရှိတဲ့လူတွေက နည်းတာမှ မဟုတ်တာ။ ၄ နှစ်သမားနဲ့ တွက်မယ်ဆိုရင် ၁၀ ဆနဲ့ ၁ ဆ ကွာတယ်” ဟု ပြောသည်။
သို့သော် ဧပြီလမတိုင်ခင် ထွက်ခွာမည့် MOU ၄ နှစ်ပြည့် အိမ်နီးချင်း ၃ နိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများအား အချိန်မဆိုင်းဘဲ ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ခွင့်ရနိုင်ရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ သက်ဆိုင်ရာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် အကျုံးဝင်သော ရွှေ့ပြောင်းလုပ်သားများသည် နီးစပ်ရာနယ်စပ် ဂိတ်ပေါက်များမှ ထွက်ခွာ နိုင်ပြီး သက်ဆိုင်ရာ အလုပ်ရှင်များက ထိုင်းအစိုးရထံ လိုအပ်သော စာရွက်စာတမ်းများ တင်သွင်းပြီးပါက ထိုင်း နိုင်ငံတွင်း အမြန်ဆုံး ပြန်လည် ဝင်ရောက်နိုင်သည်ဟု ထိုင်းအစိုးရ၏ ဒုတိယပြောရေး ဆိုခွင့်ရှိသူက ပြောဆိုထား သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1899
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄
လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာများ ယခင်ကထက် ပိုမိုများပြားလာပြီး အလုပ်အကိုင်ပိုင်းနှင့် ပတ်သက်၍ စုံစမ်းလာသူမှာလည်း ပိုမိုများပြားလာကြောင်း လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
လာအိုနိုင်ငံတွင် မြန်မာအများစုသည် အလုပ်ကြမ်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကာစီနို၊ ဟိုတယ်လုပ်ငန်း၊ ဧည့်ကြိုလုပ်ငန်း အစရှိသည်တို့တွင် အဓိက လုပ်ကိုင်ကြခြင်းဖြစ်ပြီး လုပ်ခလစာအနေဖြင့် တရုတ်ယွမ်ငွေနှင့် ရရှိသကဲ့သို့ ထိုင်းဘတ်ငွေဖြင့်လည်း ရရှိကြောင်း သိရသည်။
သို့သော် လာအိုသို့ လာမည်ဆိုပါက လူခံမရှိလျှင် အခက်အခဲ ဖြစ်စေနိုင်သည့်အပြင် လက်ရှိတွင် သင်္ကြန်အပြီး တရားမဝင် အလုပ်သမားများကို ပြန်လည်စောင့်ကြည့် ဖမ်းဆီးမှုများလုပ်နေသဖြင့် သတိထားကြရန် လာအိုသို့ သွားရောက်အလုပ်လုပ်ကိုင်လေ့ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လာအိုက အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်နေကြစဉ်
၎င်းက “ပြီးခဲ့တဲ့အထဲကဆို တစ်ရက်ကို ၁၀ ဘီးကား ၄၊ ၅ စီးလောက် သွားတယ်။ အဲဒီအဖွဲ့တွေကြတော့ မဲခေါင်မြစ်ကနေ တြိဂံနယ်မြေမှာ ခိုးကူးတာပေါ့။ ကားကို အဲဒီမှာ ချပြီးတော့ စက်လှေတွေနဲ့ ကူးတာ။ တရားဝင် ကတော့ အခုလောလောဆယ် ပိတ်ထားတယ်ဆိုတော့ ခိုးကူးတာရှိတယ်။ ထိုင်းကနေ ဝင်သွားတာရှိတယ်။ ထိုင်းထဲရောက်ရင် မယ်ဆိုင်မြို့ထဲဝင်သွားပြီး ဘေးနားလေးမှာ ရွှေတြိဂံသွားတဲ့ ကားတွေရှိတယ်။ လာအိုမှာက တကယ်လို့ အလုပ်သွားလုပ်ပြီဆို ဒီက ဝင်ဖို့ပဲအဓိက ရောက်သွားပြီဆိုရင် အဲဒီကြမှ အလုပ်လုပ်တဲ့နေရာ ကုမ္ပဏီ ဖြစ်ဖြစ်၊ အလုပ်ဆိုက်မှာဖြစ်ဖြစ် အဲဒီကနေမှ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာကို သူတို့နဲ့ ညှိနှိုင်း ပြီးလုပ်လို့ရတယ်။ ဖြစ်နိုင်ရင်တော့ အဲဒီဘက်မှာ လူခံတစ်ယောက်ပေါ့လေ။ လက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ ဖြစ်ဖြစ်၊ ဆိုက်တစ်ခုခုမှာဖြစ်ဖြစ် တစ်နေရာရာမှာ လုပ်ပြီးတော့မှ ရှိနေတဲ့ သူဆိုရင် အဆက်အသွယ်ရရင် ပိုကောင်းတာပေါ့။ ယွမ်နဲ့ပေးရင်တော့ တရုတ်က ၅ ဆလေ။ တရုတ်ငွေ ၁၀ ယွမ်ဆိုရင် ဘတ်ငွေ ၅၀ ပေါ့” ဟု ပြောသည်။
လက်ရှိတွင် လာအိုနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဦးရေမှာ ထောင်နှင့်ချီ ရှိနိုင်ကြောင်းနှင့် အခြား စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း လုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။
ထို့အပြင် လုပ်ခလစာ နှုန်းထားများအနေဖြင့် အောက်ခြေ အလုပ်ကြမ်းဖြစ်ပါက တစ်ရက်လျှင် ဘတ်ငွေ ၃၀၀၊ ကာစီနိုလုပ်ငန်းများဖြစ်ပါက တစ်လ ဘတ်ငွေ ၁၀၀၀၀ ခန့်ရရှိကြောင်းနှင့် တရုတ်ယွမ်ငွေဖြင့် ပေးချေသည့် လုပ်ငန်းများတွင်မူ အနည်းဆုံး ယွမ်ငွေ ၃၅၀၀ (၁၇ သိန်းကျော်) ခန့်အထိ ရရှိကြောင်းလည်း သိရသည်။
လာအိုနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက နေထိုင်ခွင့်ကဒ်အား မဖြစ်မနေ ပြုလုပ်ရန်လိုအပ်ကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက CNI သတင်းဌာနသို့ ပြောသည်။

လာအိုမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်
၎င်းက “မလုပ်ရင်ကြတော့ ရဲဖမ်းတာတွေရှိတယ်။ ခိုးကူးတွေလည်း ဖမ်းတယ်။ နေထိုင်ခွင့်ကဒ်ကတော့ လုပ်ပေး ရတယ်။ မလုပ်ပေးရင် အဆင်မပြေဘူး။ လာစစ်တဲ့အခါကြရင် အကုန်လုံးပါသွားမှာ။ တချို့ကြတော့ အလုပ်ကြမ်း တွေနဲ့ သွားကြတယ်။ အလုပ်ကြမ်းတွေနဲ့ သွားတဲ့အခါကြတော့ ကုမ္ပဏီတွေက နေထိုင်ခွင့်ကဒ်တွေ ဘာတွေ မလုပ်ပေးဘူး။ ဒီအတိုင်းပဲ အလုပ်သမားခ သက်သာအောင်ဆိုပြီး မြန်မာနိုင်ငံက အလုပ်ကြမ်း လူတွေကိုပဲ ခေါ်သုံး တာ အဲဒီလိုလောက်ပဲ။ အခု တော်တော်များများမှာလည်း အလုပ်မရတဲ့ ဥစ္စာတွေ တွေ့တယ်” ဟု ပြောသည်။
ဧပြီ ၈ ရက်ကစပြီး ဧပြီ ၉ ရက်အထိ လာအိုက တရားမဝင် လောင်းကစားရုံ၊ ကာစီနိုများအား လာအိုရဲတပ်ဖွဲ့မှ ဝင်ရောက် စီးနင်းဖမ်းဆီးသကဲ့သို့ ရွှေ့ပြောင်းလုပ်သားများနေထိုင်သည့် နေရာများတွင်လည်း အထောက်အထားမဲ့ နေထိုင်သူများအား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် နေထိုင်ခွင့်ကဒ် မပြုလုပ်ရသေးသူများအနေဖြင့် အမြန်ဆုံး ပြုလုပ်ထားကြရန် လိုအပ် ကြောင်းလည်း အကြံပြုကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2471
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄
မြန်မာနိုင်ငံမှ ထွက်ရှိသည့် စိန်တလုံး သရက်သီးကို ယခုနှစ်တွင် စင်္ကာပူနိုင်ငံ တစ်နိုင်ငံတည်းကိုသာ တင်ပို့နိုင် မည်ဟု သရက်ခြံလုပ်ငန်းနှင့် ပွဲရုံများထံမှ သိရသည်။
ယခင်က တရုတ်ကို တင်ပို့နေကြဖြစ်သောလည်း ယခုနှစ်တွင် မူဆယ်နယ်စပ် ပိတ်ထားခြင်းကြောင့် တရုတ်သို့ မြန်မာ့စိန်တလုံး သရက်သီးကို တင်ပို့နိုင်မည် မဟုတ်ကြောင်း သိရသည်။
ထို့နောက် ယခုနှစ်တွင် ပြည်တွင်း၌ သရက်သီး အထွက်နှုန်း လျော့ကျနေ၍ စင်္ကာပူနိုင်ငံသို့ တင်ပို့ရာတွင်လည်း ပြီးခဲ့သည့်နှစ်က တင်ပို့ခဲ့သည့် တန်ချိန် ၂၀ ခန့်သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်ဟု သဇင်နွယ် သရက်ခြံမှ မန်နေဂျာ ဦးဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ်တော့ သိပ်မရှိသေးဘူး။ အော်ဒါ မတက်သေးဘူး။ ခန့်မှန်းခြေကတော့ အရင်နှစ်က လိုပဲ တန် ၂၀၊ ၃၀ လောက်တော့ တင်မယ်။ ဘာလို့ဆို ဒီနှစ် အထွက်နှုန်း ပိုကျတယ်၊ မနှစ်ကထက် ပိုကျတယ် အထွက်နှုန်းက။ ဈေးနှုန်းကလည်း မနှစ်ကလောက်ပဲ ဈေးဖွင့်ထားတယ်။ တစ်တန်ကို အသေးဆိုဒ်ဆိုရင် ၁၅ သိန်း၊ ၁၇ သိန်းလောက်ပေါ့ အဲဒီလောက်ပေါ့” ဟု ပြောသည်။

မြန်မာ့သရက်သီးကို တွေ့ရစဉ်
မြန်မာ့သရက်သီးကို နှစ်စဉ် မေလမှ ဩဂုတ်လအထိ ပြည်ပသို့ တင်ပို့လေ့ရှိသည်။ ထိုသို့ တင်ပို့ရာတွင် နယ်စပ် ကုန်သွယ်ရေးဖြင့် တရုတ်သို့ တင်ပို့လျက်ရှိပြီး ပင်လယ်ရေကြောင်းဖြင့် စင်္ကာပူနိုင်ငံသို့ တင်ပို့လျက်ရှိသည်။
ယခုနှစ်တွင် တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ကုန်သွယ်ရေးတစ်ခုသာ ကုန်သွယ်မှုရှိသော်လည်း ယင်းနယ်စပ်ဂိတ်မှ သရက်များကို တင်ပို့မည်ဆိုပါက လမ်းကြောင်း ကြန့်ကြာခြင်း ကြောင့် အသီးအရည်အသွေး ကျဆင်းမှုများ ဖြစ်ပေါ်သွားမည်ဟု ပွဲရုံများထံမှ သိရသည်။
ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် သရက်တင်ပို့မှုသည် မရှိသလောက် နည်းပါးသွားမည်ဖြစ်ပြီး ပြည်တွင်း ဈေးကွက်ကိုသာ အားထားရမည်ဟု သရက်ကုန်သည်များက ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် သရက်သီးနှင့် ပတ်သက်၍ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်မှုသည် နည်းပါး ခြင်းကြောင့် ပြည်ပသို့ တင်ပို့နိုင်မှု လျော့ကျသွားမည်ဆိုပါက သရက်သီးဈေးကွက်သည် ပြီးခဲ့သည့်နှစ်ထက် အခြေအနေ ဆိုးရွားနိုင်သည်ဟု ကျောက်စိမ်းသစ်သီးပွဲရုံပိုင်ရှင် ကိုခန့်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သရက်ဈေးကွက် အလားအလာကတော့ ကျနော်တို့ ပြည်ပ join ရှိတဲ့ ကုန်သည်တွေ အနေနဲ့ကတော့ ဈေးကွက်က ကောင်းပါလိမ့်မယ်။ ပုံမှန်ပဲ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့်လည်း ကျနော်တို့ local ပေါ့နော် တကယ် တမ်း local ဈေးကွက်က ထွက်အားပေါ့၊ ထွက်အား အရမ်းများတဲ့အချိန်မှာ ကျနော်တို့ ပြည်တွင်းဈေးကွက်က မဖြုန်းနိုင်ဘူးပေါ့။ နောက် သရက်ကို အခြောက်ခံတာတို့၊ juice လုပ်တာတို့ ဒါတွေက ကျနော်တို့ဆီမှာ စက်ရုံတွေ က နည်းနေသေးတဲ့ အခါကျတော့ တကယ် အထွက်များလာတဲ့ အခါကျရင် ဈေးက ပြိုမှာပဲ။ မကောင်းဘူးလို့ပဲ ပြောရမှာပေါ့။ ခါတိုင်းနှစ်တွေမှာလည်း တရုတ်က နိုင်ငံရေး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေတယ်၊ လမ်းကြောင်း ကောင်းနေတဲ့ အချိန်မှာ တရုတ်က ကြိုက်သလောက်လာခဲ့ အနေအထားမျိုးမှာတောင် ကျနော်တို့ ပြည်တွင်း ဈေးကွက်က ပြိုသေးတာကိုး။ ပြိုတယ်ဆိုတာ သတ်မှတ်ဈေးနှုန်းတွေ မရကြဘူး ဖြစ်တာကိုး။ အခုလို ဒီလို နှစ်မျိုး ကတော့ ကျနော်ထင်တယ် ပိုဆိုးလိမ့်မယ်လို့ ထင်တာပေါ့နော်” ဟု ပြောသည်။

မြန်မာ့သရက်သီးကို တွေ့ရစဉ်
လက်ရှိ ပြည်တွင်းဈေးကွက်တွင် စိန်တလုံး သရက်သီး ၁ လုံးလျှင် မြန်မာကျပ်ငွေ ၈၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ ဈေးနှုန်း ဖြစ်ပေါ်နေပြီး သရက်သီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်သည့် မေလနှင့် ဇွန်လများတွင် ဈေးနှုန်းများ ကျဆင်းလာ နိုင်ကြောင်း၊ နောက်ပိုင်းလများတွင်သာ ဈေးနှုန်း ပြန်လည်မြင့်တက်လာနိုင်သည်ဟု ကုန်သည်များက ပြောသည်။
ယခုနှစ်တွင် လမ်းပန်းဆက်သွယ်ရေး ဆိုးရွာနေခြင်းကြောင့် သရက်ခြံ လုပ်ငန်းရှင်များသည် သရက် အထွက်နှုန်း တိုးလာအောင် စနစ်တကျ လုပ်ဆောင်မှုများ မပြုလုပ်နိုင်ခဲ့ကြောင်း၊ ထို့နောက် မိုးရွာသွန်းမှု နည်းပါးသည့်အတွက် သရက်အထွက်နှုန်းများလည်း လျော့ကျခဲ့သည်ဟု သိရသည်။
မြန်မာ့စိန်တလုံး သရက်သီးကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ပိုင်း တို့တွင် အများဆုံး စိုက်ပျိုးကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1371
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ အနိမ့်ဆုံးအခြေခံလုပ်ခလစာအား တစ်ရက် ဘတ် ၄၀၀ တိုးမြှင့်ရန် လိုအပ်ကြောင်း လုပ်ခလစာ ကော်မတီမှ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်က ထုတ်ပြန်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ လုပ်ခလစာတိုးမြှင့်ပေးရေးအစီအစဉ်ကို လာမည့် ၂ လအတွင်း အကောင်အထည်ဖော်နိုင်ရန် ခန့်မှန်း ထားကြောင်းနှင့် တိုင်းနှင့်ပြည်နယ်အလိုက် အနိမ့်ဆုံးလုပ်ခလစာနှုန်းထားကို သုံးသပ်ရန် ဆပ်ကော်မတီကို တာဝန်ပေးထားပြီး ပြည်နယ်တခုချင်းစီရှိ စီးပွားရေးလုပ်ငန်းအမျိုးအစားများအား လေ့လာကာ အနည်းဆုံး လုပ်ခလစာ တစ်ရက် ဘတ် ၄၀၀ အထိ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အခုထပ်ပြီးတော့ တိုးပေးလိုက်တဲ့ နယ်မြေအလိုက် သတ်မှတ်ပြီး တော့မှ ခရီးသွားလုပ်ငန်းကို သီးသန့်တိုးပေးလိုက်တဲ့ဟာတွေလည်း ဒါအဆင်မပြေဘူးပေါ့ တကယ့်တကယ် ဆိုရင်။ ညီတူမျှတူဖြစ်အောင်လို့ ကျန်တဲ့ဟာတွေကိုလည်း ကျန်တဲ့ရွှေ့ပြောင်းအလုပ်သမားတွေရော ထိုင်း အလုပ်သမားတွေရော ဒါတွေရအောင်ဆိုပြီး အဲဒီ ၄၀၀ ကို သတ်မှတ်မယ်လို့ ထပ်ပြီးအဆိုပြုတာ။ အဲဒါကတော့ တကယ့်တကယ် ဖြစ်မလာသေးဘူးပေါ့ ပြောရမယ်ဆိုရင်။ လုပ်ခလစာတိုးဖို့ကိစ္စကို တက်ကြွလှုပ်ရှားသူ၊ အလုပ် သမားအရေးလုပ်တဲ့သူတွေက တောင်းဆိုတာပေါ့။ နောက်ပြီး အလုပ်ရှင်ဘက်မှာလည်း အလုပ်ရှင် သမဂ္ဂ ဆိုတာရှိတယ်။ သူတို့အနေနဲ့ကလည်း ဘာအကြောင်းကြောင့်၊ ဘယ်လိုအခြေအနေမျိုးမှ ပေးလို့ရမယ်၊ ဘယ် အချက်တွေကို မူတည်ပြီးတော့မှ ပေးလို့ရမယ်ဆိုတဲ့ဟာကို ပြန်ပြီးတော့ ချေပတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခု
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၁၃ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာခရိုင်ရှိ ဒေသအပေါ်မူတည်ပြီး ဟိုတယ်ခရီးသွား လုပ်ငန်းများတွင် လုပ်ကိုင်နေသူ လုပ်သားများအား တစ်ရက် အနိမ့်ဆုံးအခြေခံလုပ်ခလစာကို ဘတ် ၄၀၀ အဖြစ် တိုးမြှင့်ပေးထားသည်။
ယခု လုပ်ခလစာ တိုးမြှင့်ခြင်းဆိုင်ရာ လေ့လာမှု ပြုလုပ်ရာတွင် မျှော်မှန်းထားသည့် ဖြစ်နိုင်ခြေများအရ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်း၊ ပင်လယ်စာလုပ်ငန်း၊ ကုန်ပစ္စည်းတင်ပို့ခြင်းလုပ်ငန်း အစရှိသည်များအား ၂ လအတွင်း လေ့လာ၍ ဇူလိုင်လတွင် ဘုတ်အဖွဲ့အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုသို့ ဘတ် ၄၀၀ တိုးမည်ဆိုပါက လုပ်သားများအတွက် ထိရောက်မှု ပိုတိုးလာစေကြောင်း ထိုင်းတွင် အလုပ်လုပ် ကိုင်နေသူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
“သူတို့တိုးပေးရင်တော့ ဝမ်းသာတာပေါ့။ ကျနော်တို့အတွက်လည်း ထိရောက်မှု ပိုပြီးဖြစ်သွားတာပေါ့။ တချို့ နေရာတွေဆို ၃၆၀ ဆိုရင် ၄၀၀ ဆိုရင် ၄၀ နဲ့။ ဘတ်ငွေ ၄၀ ဆိုတာ ထမင်းတစ်နပ်စားလို့ရတာပေါ့။ ပိုပြီးတော့ ထိရောက်မှုဖြစ်လာတာပေါ့။ တစ်နေ့ ၄၀၀ တိုးမယ်ဆို အခုလက်ရှိ ၃၆၃ ဘတ်ဆိုရင် ၄၀ နီးပါးဆိုတော့ ပိုပြီး ထိရောက်လာတာပေါ့။ ၁၀ ရက်ဆိုရင်ပဲ ၄၀၀ နီးပါးဖြစ်နေပြီ။ တစ်လမှာ ၁၂၀၀ လောက်ပိုလာမယ်လေ” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကာလတွင် ရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်စစ်ဆေးနေစဉ်
သို့သော် ထိုင်း-မြန်မာ နယ်စပ်ဒေသများရှိ လုပ်ငန်းခွင်တို့တွင် သတ်မှတ်ပေးထားသည့် အနိမ့်ဆုံးလုပ်ခလစာ အတိုင်း မရရှိခြင်းမှာ လက်ရှိအချိန်အထိ ကြုံတွေ့နေရဆဲဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း အခြေခံလုပ်ခလစာကို တရက်လျှင် ၇၁၅ ဘတ် တိုးပေးရန် ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ ရပ်ထိုင်းဖောင်ဒေးရှင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) စသည့် အဖွဲ့များက ထိုင်းအစိုးရထံ ပြီးခဲ့သည့်နှစ်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့၌ တောင်းဆိုခဲ့ကြသည်။
ထိုင်းနိုင်ငံ၌ ခရိုင် ၇၇ ခု ရှိသည့်အနက် ခရိုင်အလိုက် လုပ်ခလစာများမှာ ကွာခြားလျက်ရှိပြီး လက်ရှိတွင် အခြေခံ လုပ်ခလစာများမှာ စီးပွားရေးအချက်အချာကျသော ခရိုင် ၃ ခုဖြစ်သည့် ချွန်ပူရီ၊ လယောင်း၊ ဖူးခက်တို့၌ ၃၆၁ ဘတ်ဖြင့်အများဆုံးရရှိပြီး ကန်ချနဘူရီတွင် ၃၄၅ ဘတ်၊ တာ့ခ်တွင် ၃၄၅ ဘတ်တို့ ရရှိကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1165
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃
အိန္ဒိယနိုင်ငံက မီဇိုရမ်နယ်စပ်ဂိတ်ကို ပိတ်လိုက်ခြင်းကြောင့် ချင်းပြည်နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ တချို့သော မြို့နယ်များတွင် ကုန်စည်ပြတ်လပ်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ဒေသတွင်းနေသူများက CNI သတင်းဌာနသို့ ပြောသည်။
မီဇိုရမ်နယ်စပ်ဂိတ်သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်း ကြောင်းဖြစ်သည်။
အိန္ဒိယက ရွေးကောက်ပွဲကြောင့် နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့မှစတင်၍ ပိတ်လိုက်ခြင်း ဖြစ်သလို မီဇိုရမ်နယ်စပ်ဂိတ်ကိုလည်း ပိတ်လိုက်ခြင်းဖြစ်သည်။
မည်သည့် အချိန်ကာလတွင် ပြန်လည်ဖွင့်လှစ်ပေးမည်ကိုတော့ မသိရသေးကြောင်း ပလက်ဝမြို့နယ် ဒေသခံများ က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ပြည်မမှ ကုန်စည်များသည် ရခိုင်ပြည်နယ်သို့ ဝင်ရောက်ခြင်းမရှိသည့် အတွက် အစားထိုးကုန်စည်အဖြစ် ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့သည် အိန္ဒိယကုန်စည်ကို အသုံးပြုနေရကြောင်း၊ ယခုနယ်စပ်ဂိတ် ပိတ်လိုက်သည့်အတွက် ထိုမြို့နယ်များသည် အခက်အခဲ ဖြစ်ပေါ်သွားနိုင် သည်ဟု ပလက်ဝဒေသခံ ဦးအောင်ဒင်က CNI သတင်းဌာနသို့ ပြောသည်။

မီဇိုရမ်နယ်စပ်ဂိတ်ကိုတွေ့ရစဉ်
၎င်းက “ကျောက်တော်တို့ ဘာတို့တောင်မှ စစ်တွေဘက်က စစ်တွေဘက်ကရော၊ အမ်းဘက်ကရော၊ ရေကြောင်း ရော ပစ္စည်းတွေက သယ်လို့မရတော့ အိန္ဒိယကနေ ဆန်၊ ဆီ၊ ဆား၊ တခြားတွေပါ အိန္ဒိယကနေ ဒါတွေကိုပါ အကုန်ပိတ်လိုက်တယ်လေ အခုက။ ဆိုတော့ ချင်း၊ ပလက်ဝ သာမကဘဲ ရခိုင်၊ ကျောက်တော်တို့၊ မြောက်ဦးတို့၊ ပုဏ္ဏားကျွန်းတို့ သူတို့တွေပါ ထိတယ်လေ။ ဘာလို့ဆို စစ်တွေဘက်က ပိတ်တာကြာပြီဆိုတော့ သူတို့တောင်မှ အိန္ဒိယကပစ္စည်းတွေ သုံးတော့တာလေ။ အခု အိန္ဒိယ - ပလက်ဝလမ်း ပိတ်ထားတော့ ကျနော်တို့ ချင်းပြည်နယ် ပလက်ဝ သာမကဘဲနဲ့ ရခိုင်ဘက်က ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း အဲဒါတွေပါ အကုန်ထိတယ်လေ” ဟု ပြောသည်။
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို နေ့စဥ် ပုံမှန်တင်သွင်း နေသည့် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများကို တင်သွင်းခြင်း မပြုလုပ်ကြရန် ဧပြီ ၁၆ ရက်က အိန္ဒိယ ဘက်မှ ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်ခဲ့သည်။
လက်ရှိတွင် မီဇိုရမ်နယ်စပ်ဂိတ်ကို စတင်ပိတ်လိုက်သည့် ရက်မှစတင်၍ အိန္ဒိယကုန်စည်ကို အဓိက အားထား နေရသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း ကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး ကုန်စည်ဝင်ရောက်မှု များလည်း ရပ်တန့်နေပြီဖြစ်သည်ဟု ပလက်ဝဒေသခံ ကိုကျော်ခင်က CNI သတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့အတွင်းကို တွေ့ရစဉ်
၎င်းက “ဟိုဘက်က ပစ္စည်းမဝင်တော့ ဘိလပ်မြေ တစ်အိတ်တောင်မှ ၇ သောင်းလောက် တက်တယ်လို့ ပြောတယ် အခု။ ဟိုတနေ့က ကျနော် မေးကြည့်တာတော့ ၅၅,၀၀၀ ရသေးတယ်။ အခု ၇၀,၀၀၀ လောက်တောင်မှ ဝင်ဖို့မရှိတော့ဘူးတဲ့။ လောလောဆယ်တော့ မရဘူးဆိုတဲ့အတိုင်း သူတို့ နားတာပါပဲ။ ဒါပေမယ့် တစ်ယောက် တလေတော့ ညခိုးထွက် ဘာညာတော့ ဒီလိုပဲ တရားဝင်မဟုတ်တော့ မိရင်တော့ ဖမ်းတာပဲလေ။ ဆိုတော့ အခု လောလောဆယ်တော့ ဒီရက်ပိုင်းတော့ လုံးဝ ပိတ်တယ်လို့ပဲ ယူဆရမှာပေါ့။ ဝင်လို့ထွက်လို့ မရဘူးလို့ ပြောရမှာပဲ။ အဲဒီလမ်းကြောင်းကတော့ စက်လှေတစ်လမ်းရှိတယ်။ ကုန်လမ်းက ကားနဲ့ ဆိုင်ကယ်နဲ့ရှိတော့ အဲဒီလမ်း ပိတ်သွား ရင် ဘယ်လိုမှ ထွက်လို့ဝင်လို့ မရဘူး။ ရှိတာလေးကိုစား၊ မရရင် အမ်းလိုပဲ ဝက်စာစားရမလား၊ ရှိတာပဲ စားရ မလား၊ အဲဒါမရှိရင်တော့ သေရုံပဲ ရှိတော့တာပေါ့” ဟု ပြောသည်။
ထို့နောက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရေးရာ မူဝါဒ အပြောင်းအလဲကြောင့် တမူး - မိုရေး နယ်စပ်ဖြစ်သည့် မဏိပူပြည်နယ် နယ်စပ်ဂိတ်သည်လည်း ပိတ်ထားလျက်ရှိသည်။
]
