- By CNI
- Category: စီးပွားရေး
- Hits: 386
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တောင်သူများအတွက် စက်သုံးဆီရရှိရန် လုပ်ဆောင်ပေးနေသည့် ပုံစံသည် အကျိုးသက်ရောက်မှု မရှိဘဲဖြစ်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ထံကနေ သိရသည်။
ယခင်က တောင်သူများအတွက် စက်သုံးဆီကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ရောင်းချပေးမည်ဟု ဆိုသော်လည်း လက်ရှိတွင် တောင်သူများ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ ရရှိရေးအတွက် ထောက်ခံ စာသာ ထုတ်ပေးသည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “သူတို့က ထောက်ခံစာပဲ ပေးတာလေ။ ဆီဆိုင်တွေက ဆီကုန်နေပြီဆို ဘယ်လိုမှ ထုတ်မရဘူးလေ။ ဆီဆိုင်မှာ ဒီထောက်ခံစာနဲ့ ဝယ်လို့ ရတာပဲ ရှိတာ။ ဆန်စပါး ထုတ်လုပ်သူများ အသင်းကနေပြီးတော့ ပိုက်ဆံ စိုက်ပြီး ဝယ်ပြီးတော့ ထုတ်ပေးတာမျိုး မဟုတ်ဘူး။ သူတို့က ထောက်ခံပေးတယ်ဆိုတဲ့ သဘောပဲ သက်ရောက် တယ်။ ခရိုင်တစ်ခုကို ၁ ဦး၊ ၂ ဦးလောက်ပဲ သူတို့က တာဝန်ပေးထားတာ။ အဲဒီလူရဲ့ လက်မှတ်ပဲ ရတာလေ။ ဒီဇယ် ရတာ မဟုတ်ဘူး။ အမှန်တကယ် လုပ်ရမှာက သူတို့ငွေနဲ့ သူတို့စိုက်ဝယ်ပြီးတော့ လာပြီးတော့ အဲဒီမှာ ရောင်းပေး မယ် တောင်သူတွေအတွက်။ ထောက်ခံစာနဲ့ လာခဲ့။ သူတို့အနေနဲ့က မြို့နယ်တိုင်းမှာ ဆန်စပါးအသင်းဆိုတာက မြို့နယ်တိုင်းမှာ ဆန်စက်အသင်းတွေ ရှိတယ်လေ။ အဲဒီကနေပြီးတော့ တောင်သူတွေကို ရောင်းပေးမယ်ဆိုရင် ဒီဇာတ်လမ်းက ဒါက အကျိုးပြုရာ ရောက်တာပေါ့” ဟု ပြောသည်။
စက်သုံးဆီထည့်နေကြစဉ်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မွန်ပြည်နယ်ရှိ တောင်သူများကို စက်သုံးဆီ ရောင်းချပေးနေမှုများ ရှိသော်လည်း ရောင်းချပေးသော နေရာသည် တောင်သူများရှိသည့်နေရာဖြင့် အလှမ်းဝေးနေခြင်းနှင့် လယ်သမားတစ်ဦးလျှင် ၅ ဂါလံမှ ၁၀ ဂါလံအထိသာ ရရှိသည်ဟု သိရသည်။
ထိုသို့ ရောင်းချချိန်တွင်လည်း တန်းစီစနစ်ဖြစ်သည့်အတွက် တချို့သော တောင်သူများမှ မိမိအလှည့် ရောက်ရှိ ချိန်တွင် စက်သုံးဆီ မရရှိသည်များလည်း ဖြစ်ပေါ်ခဲ့သလို စက်သုံးဆီ အခက်အခဲကြောင့် နွေစပါးစိုက် တောင်သူ များမှာ လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်။
လက်ရှိတွင် တောင်သူများအနေဖြင့် စက်သုံးဆီ အရောင်းဆိုင်များ၌ အုပ်ချုပ်ရေးမှူးများထံမှ လယ်သမားဖြစ် ကြောင်း ထောက်ခံချက်ဖြင့် စက်သုံးဆီ အရောင်းဆိုင်များ၌ စက်သုံးဆီကို ဝယ်ယူနေရသည်ဟု သိရသည်။
လယ်တစ်ဧကအတွက် စက်သုံးဆီ အသုံးပြုရသည့် နှုန်းထားသည် ၅ ဂါလံမှ ၇ ဂါလံအထိ ရှိခြင်းကြောင့် သက်ဆိုင် ရာ အသင်းအဖွဲ့များအနေဖြင့် လယ်သမားတစ်ဦးအတွက် လုံလောက်သော စက်သုံးဆီကို ရောင်းချပေး စေလို ကြောင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ စပါးစိုက်တောင်သူ ကိုလွင်အေးက CNI သတင်းဌာနသို့ ပြောသည်။
စက်သုံးဆီ ကုန်နေကြောင်း ကြေညာထားစဉ်
၎င်းက “လယ်တစ်ဧကဆိုရင် အနည်းဆုံး ၇ ဂါလံလောက် ကုန်တယ်။ ၁၀ ဧကဆိုတော့ ဂါလံ ၇၀ ပေါ့ ၁ ပေပါခွဲ လောက်တော့ ကုန်တယ်။ လယ်သမားစစ်မှန်ကြောင်း ထောက်ခံချက် ယူပြီးသွားလို့ရှိရင် လယ်တစ်ဧကကို ဘယ်နှဂါလံ ပေါ့၊ အနည်းဆုံး ၇ ဂါလံ ရောင်းချပေးမယ်ဆိုရင် အဲဒီလိုပေါ့နော် ထောက်ခံချက်နဲ့ သူတို့ သက်ဆိုင်ရာ အာဏာပိုင် တွေက ဆိုင်တွေကို လယ်သမားအတွက်ဆိုပြီးတော့ သီးသန့်ပေါ့၊ ဒါမှမဟုတ်ရင်လည်း ဘယ်နေ့ ဘယ်ရက်၊ ဘယ်အချိန် အဲဒီလို သီးခြားရောင်းချပေးနိုင်ရင်တော့ အဆင်ပြေတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီ ပြတ်လပ်မှုကြောင့် တချို့သော တောင်သူများမှာ စက်သုံးဆီကို ပုံမှန်ဈေးနှုန်းထက် ဈေးနှုန်း ၂ ဆခန့် မြင့်သည့် ဈေးနှုန်းဖြင့် အသုံးပြုခဲ့ရသည်ဟု သိရသည်။
လက်ရှိတွင် တောင်သူများကို ရောင်းချပေးနေသည့် စက်သုံးဆီ ပမာဏကို လယ်သမားမဟုတ်သော တချို့သော သူများက လယ်သမားထောက်ခံချက်ကို အသုံးချ၍ စက်သုံးဆီ ဝယ်ယူပြီး ပြင်ပပေါက်ဈေးဖြင့် ပြန်လည် ရောင်းချ နေမှုများလည်း ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 498
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
မလေးရှားတွင် ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသည့် မြန်မာများ ဖမ်းဆီးခံရပါက UNHCR ထံသို့ အကြောင်းကြားရာတွင် အထောက်အထား မှန်ကန်မှု ရှိ၊ မရှိကို အကြောင်းပြန်ကြားမှုမှာ ကြန့်ကြာသဖြင့် ထိန်းသိမ်းရေးစခန်းများတွင်သာ နေထိုင်နေရကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများ က CNI သတင်းဌာနသို့ ပြောသည်။
UNHCR ဘက်မှ အကြောင်းပြန်ကြားမှုသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကြန့်ကြာသည့် အတွက်ကြောင့် ၎င်းတို့ဘက်မှ အကြောင်းပြန်ကြားမှု မရောက်လာသေးသရွေ့ အဖမ်းခံထားရ သည့် UN ဒုက္ခသည်ကဒ်သမားများမှာ ထိန်းသိမ်းရေးစခန်းများတွင်သာ နေထိုင်ကြရ၍ အခက်အခဲဖြစ်စေကြောင်း ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
“UNHCR က ဘယ်လောက်မြန်မြန် အကြောင်းပြန်လဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ UNHCR ဒုက္ခသည်ကဒ်ကို ကိုင်ထားတဲ့အမှုကို ကိုင်ထားတဲ့ ရဲတို့၊ လ.ဝ.က တို့က ဘယ်လောက်မြန်မြန် UNHCR ကို အကြောင်းကြားလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ တချို့ကြတော့ တစ်ပတ်၊ နှစ်ပတ်လောက်အထိ ကြာတတ်တယ်။ ကွင်းဆင်း အလုပ်လုပ်ဖို့တော့ လိုတယ်။ ရုံးမှာထိုင်ပြီးတော့ ရဲတို့၊ လ.ဝာကတို့က အကြောင်းကြားလာမယ်၊ နောက်ပြီး ကျနော်တို့လို ဒုက္ခသည်အဖွဲ့အစည်းတွေက အကြောင်းကြားလာမယ်ဆို အဲဒါကို စောင့်ဆိုင်းတာက တော်တော် ကြာတာပေါ့။ ဒုက္ခသည်အဖွဲ့အစည်းတွေ ရင်ဆိုင်ရတဲ့ဟာက ဖမ်းရင် ဖမ်းတဲ့အကြောင်း သတင်းရတာ နဲ့ UNHCR ကို Hotline ဆိုတာရှိတယ် အဲဒါကို အကြောင်းကြားတယ်၊ email နဲ့လည်း ပို့တယ်၊ ဒါပေမယ့် ဘာမှအကြောင်းမပြန်ဘူးပေါ့။ အကြောင်းမပြန်တာများတယ်။ ကိုယ့်ဘာသာသွားပြီးတော့ ရဲစခန်းတို့၊ လ.ဝ.က တို့ အမှုကိုင်တွေနဲ့ ကိုယ့်ဘာသာလိုက်ရှင်းရတာ ပိုများတယ်။ ၉၅ ရာခိုင်နှုန်းက ကိုယ့်ဘာသာ ဖြေရှင်းတာ များတယ်” ဟု ၎င်းက ပြောသည်။
တရားမဝင်များကို လိုက်လံဖမ်းဆီးပြီးခေါ်ဆောင်သွားသည့် အချုပ်ကားများ
UNHCR ဘက်မှ အထောက်အထားမှန်ကန်ကြောင်းအကြောင်းပြန်လာပါက ၎င်းတို့အား ပြန်လည်လွှတ်ပေးပြီး အထောက်အထားမရှိကြောင်း အကြောင်းပြန်လာပါက ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရကြောင်း သိရသည်။
UNHCR ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသူများသည် နေရာဒေသတစ်ခု၌ ဖမ်းဆီးခံခဲ့ရသည်ရှိသော် ၎င်းတို့အား ထိန်းသိမ်းထားသည့် စခန်းများသို့ UNHCR ရုံးဘက်မှ ကိုယ်တိုင် ကွင်းဆင်းသွားရောက်စစ်ဆေး၍ မှန်ကန်သည့် သူများဖြစ်ပါက ချက်ချင်း ပြန်လည်လွှတ်ပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျှင် ပို၍ မြန်ဆန်သွားမည် ဖြစ်ကြောင်းလည်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ထောက်ပြကြသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ဖမ်းဆီးစစ်ဆေးမှုများမှာ နေ့စဉ်ရက်ဆက် ပိုမိုများပြားလာကာ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားဦးရေမှာလည်း အများအပြားရှိနေပြီဖြစ်ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် မလေးရှား၌ ဖမ်းဆီးစစ်ဆေးမှုများကြောင့် ကမ့်များ၊ အချုပ်ခန်းများတွင် လူဦးရေထူထပ်များပြားသည့် ပြဿနာနှင့်ကြုံတွေ့ခဲ့ရကာ လက်ရှိတွင် ကမ့်များ၊ အချုပ်ခန်းများအား တိုးချဲ့ ထားကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများ
လက်ရှိ ဖမ်းဆီးမှုများတွင် ရဲအင်အားများဖြင့် ဖမ်းဆီးမှုများရှိသကဲ့သို့ လ.ဝ.က မှ ဝင်ရောက်ဖမ်းဆီးခြင်းများ လည်း ရှိနေကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။
“ကွာခြားချက်က ရဲဖမ်းရင် ရဲစခန်းကိုခေါ်သွားတယ်။ အိမ်တွေက တိုင်လို့ ရဲက လာဖမ်းရင် ရဲစခန်းကခေါ်ပြီး တော့မှ ရမန် ၁၄ ရက် ချုပ်ပြီးတော့မှ အထောက်အထားတွေကို စစ်ဆေးပြီးတော့မှ လ.ဝ.က ကို ပြန်လွှဲပေးတာ။ immigration လ.ဝ.က က တိုက်ရိုက် လာဖမ်းရင်တော့ တစ်ခါတည်းခေါ်သွားပြီးတော့ ကမ့်မှာ ထားတယ်။ ပြီးတော့မှ ကမ့်ကနေ တရားရုံးတက်ရတယ်။ တရားရုံးကနေ စီရင်ချက်ချပြီးမှ ထောင်ချတယ်။ ရဲဖမ်းရင်တော့ ရဲစခန်းမှာ ရှင်းလို့ရတဲ့နေရာမျိုးတွေရှိတာပေါ့။ လ.ဝ.က ကတော့ ရှင်းလို့မလွယ်ဘူး။ လ.ဝ.က က ဖမ်းသွားတဲ့အခါ ဘာမှမရှိရင်တော့ ထောင် ၃ လ အနည်းဆုံးကျပြီးတော့မှ ကမ့်မှာ ၁ လ၊ ၂ လလောက်၊ ၅ လလောက်နေပြီးတော့မှ မြန်မာပြည်ကို ပြန်ရတယ်။ ရဲစခန်းမှာဆိုရင်တော့ ပြောတတ် ဆိုတတ် ညှိတတ်လို့ရှိရင်တော့ ရဲစခန်းကတော့ နည်းနည်းပါးပါး ချောင်လည်တာပေါ့။ အိုသမားတွေအတွက် ၃၀ ရာခိုင်နှုန်းလောက် မျှော်လင့်ချက်ရှိတာပေါ့” ဟု ၎င်းက ပြောသည်။
ထို့အပြင် ဖမ်းဆီးခံရသူများတွင် ပါမစ်ကဒ်ကိုင်ဆောင်ထားသူများလည်း ပါဝင်ကာ သူဌေးအပေါ်မူတည်ကာ မြန်မြန်ဆန်ဆန် လွတ်မြောက်ကြကြောင်းလည်း သိရသည်။
လက်ရှိတွင် ရီကာလီဘရာစီပါမစ် လျှောက်ထားခွင့်သတ်မှတ်ကာလမှာ ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ဖမ်းဆီး စစ်ဆေးမှုများသည် ယခုထက်ပိုမိုများပြားလာမည်ဖြစ်ကြောင်းလည်း မလေးရှားရောက် မြန်မာနိုင်ငံသားများက သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 479
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အသေးစား၊ အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများအပေါ် ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်ရုံဖြင့် သိနိုင်သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ MSME လုပ်ငန်းများအတွက် ဈေးကွက်နှင့် နည်းပညာ အထောက်အပံ့များ လိုအပ်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက CNI သတင်းဌာန သို့ ပြောသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် သက်ဆိုင်ရာ အစိုးရအဆက်ဆက် ချေးငွေများ ထုတ်ပေးခြင်းဖြင့် ကူညီခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုသည် နည်းပါးလျက် ရှိနေသည်။
ဈေးကွက်နှင့် နည်းပညာ မရရှိဘဲ ချေးငွေရရှိရုံဖြင့် အဆင်ပြေမည် မဟုတ်ကြောင်း၊ ချေးငွေထုတ်ချေးပေးခြင်း အပြင် နည်းပညာနှင့် ဈေးကွက်များကိုလည်း ထောက်ပံ့ရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “SME ဆိုတာက ရှင်းရှင်းပြောရင်တော့ သူ့အတွက် နည်းပညာတွေ လုပ်ပေးရမယ်။ ဈေးကွက်တွေ လုပ်ပေးရမယ်။ ကုန်ကြမ်းရရှိရေးတွေ လုပ်ပေးရမယ်။ ထုတ်လုပ်ရေး နည်းစဉ်တွေ ကောင်းအောင် လုပ်ပေးရ မယ်။ အဲဒါတွေ အကုန်လုံးရှိအောင် လုပ်ပေးပြီးတော့မှ SME ဆိုတာ တိုးတက်လာမှာလေ။ ပိုက်ဆံထုတ်ချေးရုံ သပ်သပ် စဉ်းစားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ပိုက်ဆံ ထုတ်ချေးပေးလိုက်ရင် ပိုက်ဆံပဲ ယူသုံးသွားမှာ။ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အချိန်တန်ရင် အကြွေးပဲ တင်ခဲ့မှာ။ ဒါက ထူထောင်တဲ့ နည်းစဉ်မဟုတ်ဘူးဆိုတာ ဆရာ တို့ သုံးသပ်တယ်” ဟု ပြောသည်။
စဉ့်အိုးလုပ်ငန်းကိုတွေ့ရစဉ်
မြန်မာနိုင်ငံကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော နိုင်ငံများအတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းသည် အရေးပါသည်။
သို့သော်လည်း လက်ရှိတွင် ပြည်တွင်းရှိ MSME လုပ်ငန်း အများစုသည် ဈေးကွက်မရှိခြင်းကြောင့် ထုတ်လုပ်မှုနှုန်း လျော့ကျလာပြီး လုပ်ငန်း ရပ်တန့်သွားသည်များလည်း ရှိနေသည်။
ထိုကဲ့သို့ တိုးတက်မှုနှုန်း လျော့ကျသွားခြင်းသည် တိုင်းပြည်၏ စီးပွားရေး တည်ငြိမ်မှုနှင့် ကျဆင်းမှုအပေါ် တိုက် ရိုက် ဆက်နွယ်နေသည်။
မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းကဏ္ဍများဖြစ်နေရာ ယင်းတို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုသည် တိုင်းပြည်စီးပွားရေး တည်ငြိမ်မှုနှင့် တိုက်ရိုက် ဆက်စပ်နေလိမ့်မည်ဖြစ်သည်။
ထို့နောက် MSME လုပ်ငန်းများအတွက် ချေးငွေ ထုတ်ချေးပေးရာတွင် တချို့သော လုပ်ငန်းများမှ ချေးငွေ ရရှိခြင်း မရှိဖြစ်နေကြောင်း၊ လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ပို့ဆောင်မှု လမ်းကြောင်း အခက်အခဲ ကြောင့် ထုတ်လုပ်မှုနှုန်းနှင့် သုံးစွဲမှုနှုန်းသည် မမျှသည့် အနေအထားနှင့် ကြုံတွေ့နေရသည်ဟု မန္တလေးတိုင်း ဒေသကြီး၊ ကြည်ပြာ ဥစားကြက်မွေးမြူရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ယွန်းထည်လုပ်ငန်းကိုတွေ့ရစဉ်
၎င်းက “တချို့လုပ်ငန်းရှင်တွေတော့ ချေးငွေရတာ ဟုတ်တယ်။ အကုန်လုံးတော့ မပါဘူးပေါ့။ ကြည့်ရတာ နည်းနည်း အဆက်ဆက်ရှိမှ အသေးစား၊ အလတ်စားထဲ သွားတယ်။ တချို့အသေးတွေကျတော့လည်း သူက မပေးပြန်ဘူး။ အဓိကက ဈေးကွက်မရှိဘူး ဖြစ်နေတယ်။ ထုတ်လုပ်တဲ့နေရာတွေက အခု အနည်းနဲ့အများ ရှိသေး တယ်။ နိုင်ငံရေးကြောင့် အဓိက ဆိုင်မှာပေါ့နော်။ ထုတ်လုပ်တဲ့ နေရာတွေက ရှိသေးတယ်။ ဒါပေမယ့် စားသုံးတဲ့ နေရာတွေကျတော့ အဲဒီကို ပို့ဖို့ လမ်းကြောင်းပိတ်နေတာ အခုက။ အဲဒါ တစ်ကြောင်းပေါ့၊ နောက်တစ်ခုကျတော့ အစ်ကိုတို့ ခြုံငုံကြည့်တာတော့ လူတွေကိုယ်တိုင်က စားနိုင်တဲ့ ပိုက်ဆံ မရှိတော့ဘူး။ အဲဒီအခါကျတော့ စားသုံးမှု က ကျလာတာ။ စားသုံးမှု ကျတာက တစ်ကြောင်း၊ နောက်တစ်ခုက ပုံမှန်ထုတ်လုပ်တဲ့ နေရာမှာမှ ကြားက သယ်ယူပို့ဆောင်ခ မရတော့ ဒီဘက် ထုတ်လုပ်တဲ့ နေရာတွေမှာ ပုံနေတာ ဈေးကွက်က ပစ္စည်းက။ ဟိုဘက် လုံးဝ မရှိတဲ့နေရာကျတော့လည်း ဈေးကြီးသွားတယ် အဲဒီလိုဖြစ်သွားတယ်။ ထုတ်လုပ်တဲ့နေရာတွေက စစ်မဖြစ်တဲ့ နေရာတွေဆိုတော့ ပုံမှန်အတိုင်း ထုတ်လုပ်လို့ရသလို ဖြစ်နေတာ” ဟု ပြောသည်။
ထိုအပြင် လက်ရှိတွင် တချို့သော အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ပြည်ပမှ တင်သွင်းရသည့် ကုန်ကြမ်းများသည် တင်သွင်းခွင့် လိုင်စင် အခက်အခဲများလည်း ဖြစ်ပေါ်လျက် ရှိနေသည်။
ခေတ်အဆက်ဆက် ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးလာစေရန် အတွက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့်အပြင် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းသည်လည်း မရှိ ဖြစ်နေကြောင်း၊ ထို့နောက် ထိုလုပ်ငန်းများသည် ရပ်တည်နိုင်ဖို့ပင် ခက်ခဲနေကြသည့် အနေအထားတွင် ဖြစ်ပေါ် နေသည်။
နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာရန်အတွက် လုပ်ဆောင်ရာတွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ရေရှည်ရပ်တည်းရေးအတွက်ကိုလည်း စဉ်းစားသင့်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြ ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 548
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံ့စီးပွားရေး ထိခိုက်နေမှုများကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရန်အတွက် နိုင်ငံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးရှိရန် လိုအပ်သလို အုပ်ချုပ်မှုမူဝါဒများ ပြောင်းလဲရန် လိုအပ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် လေ့လာသုံးသပ်သူများက ပြောသည်။
ဒေသတည်ငြိမ်မှု မရှိသည့်အတွက် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုများ မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း၊ ထို့နောက် တိုင်းပြည်စီးပွားရေးသည် ထိခိုက်နေခြင်း ဖြစ်သည်။
ထို့ကြောင့် နစကအနေဖြင့် တိုင်းပြည်စီးပွားရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရာတွင် နိုင်ငံရေး တည်ငြိမ်ရန် ဦးစွာ လုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရန်အတွက်လည်း လက်ရှိ ကျင့်သုံးနေသည့် အုပ်ချုပ်မှု မူဝါဒများ ကို ပြောင်းလဲရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ကုန်စိမ်းများ ရောင်းချနေသူ တစ်ဦးကိုတွေ့ရစဉ်
၎င်းက “တိုင်းပြည်စီးပွားရေး ကောင်းဖို့ဆိုတာ နိုင်ငံရေး တည်ငြိမ်မှပဲ ရမှာလေ။ နိုင်ငံရေး တည်ငြိမ်ဖို့ဆိုတာက အုပ်ချုပ်မှု တည်ငြိမ်မှ နိုင်ငံရေး တည်ငြိမ်မယ်။ တည်ငြိမ်မှ စီးပွားရေးလည်း တည်ငြိမ်မှာကိုး။ စီးပွားရေး တစ်ခု တည်း သွားလုပ်လို့ အဆင်မပြေဘူးလေ။ ဒေသတည်ငြိမ် အေးချမ်းရေးလည်းရှိမှ ထုတ်လုပ်မှုလုပ်ငန်းတွေကို လုပ်နိုင်မှာကိုး။ အခု ရှမ်းမြောက်တခွင်ဆိုရင် ကုန်သွယ်ရေးရော၊ ထုတ်လုပ်မှုရော ဘာမှမလုပ်နိုင်ဘူးလေ။ ဒေသ တည်ငြိမ်အေးချမ်းရေးကိုလည်း ဖိဖိစီးစီး လုပ်နိုင်ရမယ်။ အခုက နစကအနေနဲ့က စစ်ဘက်ရော၊ အုပ်ချုပ်မှုဘက် ရော နှစ်ဖက်လုံး သူကလုပ်နေရတော့ နိုင်ငံရေး ဖြစ်နေတာပေါ့နော်။ ရှင်းရှင်းပြောရရင်တော့ တစ်ဖက်ကို လွှတ်ထားလိုက်။ စစ်ဘက်ကို တာဝန်ယူမယ်ဆိုရင် ဒေသအုပ်ချုပ်ရေး၊ တည်ငြိမ်ရေးတွေကို တိတိကျကျလုပ်။ ကောင်းအောင်လုပ်၊ အောင်မြင်အောင်လုပ်။ တိုင်းပြည် စီးပွားရေး တိုးတက်မှုရအောင် အရပ်သားအစိုးရဖြစ်တဲ့ အဖွဲ့တစ်ခုလောက်ကို တာဝန်ပေးလိုက်။ အဲဒီလိုမျိုး ဖြစ်အောင် လုပ်နိုင်ရမယ်။ ရှင်းရှင်းပြောရင်တော့ စီးပွားရေး တိုးတက်လာဖို့က တိုင်းပြည်ရဲ့ plan ပေါ့နော်၊ formatting ကောင်းဖို့လိုတယ်။ formatting မကောင်းဘဲနဲ့တော့ စနစ်မကောင်းရင်တော့ ဘာမှတိုးတက်စရာလမ်းတော့ မမြင်ဘူး။ ဒီထက် ကျပ်တည်းတဲ့ အကျပ်အတည်းတွေပဲ ရင်ဆိုင်နေရမယ်လို့ ဆရာတို့က သုံးသပ်တယ်။ စီးပွားရေး တကယ်တိုးတက်ချင်ရင်တော့ အခု သွားနေတဲ့ trend ကနေပြီးတော့ ပုံစံလေး ပြောင်းမှ ရမယ်။ ပုံစံမပြောင်းဘဲနဲ့ ဒီပုံစံပဲ ခေါက်ရိုးကျိုးနဲ့ပဲ တိုင်းပြည်စီးပွားရေး တိုးတက် အောင် ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာ ပြန်ပြီးတော့ မေးခွန်းထုတ်ချင်တယ်” ဟု ပြောသည်။
စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများ ယခုထက်ပို၍ အားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ပြည်တွင်း နိုင်ငံခြားငွေ ဈေးနှုန်းသည် ယခင်ကထက် မြင့်တက်နေမှုများ ရှိနေခြင်းကြောင့် လယ်ယာ ထွက်ကုန်များကို ပြည်ပတင်ပို့မှုများမှ ရရှိလာသည့် အကျိုးအမြတ်သည် ယခင်ထက် ပို၍ များပြားနေပြီ ဖြစ်သည်။
ကုန်စိမ်းများကို တွေ့ရစဉ်
ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခမဖြစ်ဘဲ ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တခြားသော ကုန်ထုတ်လုပ်မှုများကို ပိုမို တိုးတက် လာစေရန် လုပ်ဆောင်သင့်ကြောင်း Via logistics & supply chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “တည်ငြိမ်အေးချမ်းတဲ့ နယ်မြေတွေမှာ ပိုလုပ်ပေါ့။ ပိုပြီး များများပေါ့၊ အဲဒါကို တွန်းအားပေးနိုင်မယ်ဆိုရင် တော့ လုပ်ငန်းရှင်တွေနဲ့ တိုင်းပြည်ဝင်ငွေအတွက်လည်း အဆင်ပြေတာပေါ့။ export ပို့တယ်ဆိုရင် ရတဲ့အခွန်က လည်း အစိုးရကို ဝင်တာပဲလေ။ ဒါပေမယ့် ခက်ခဲတာတော့ အများကြီးပဲ။ ငွေလွှဲပြဿနာတို့၊ ကွန်တိန်နာ ခက်ခဲ တာ၊ သင်္ဘောမရှိတာ၊ လိုင်စင်တွေ အဲဒါတွေကတော့ မဖြစ်သင့်ဘူးပေါ့။ အခုဆိုရင် လိုင်စင်ကို ပို့ကုန်သမားတွေကို သိပ်မခြိမ်းခြောက်ဘူးပေါ့။ ပို့ကုန်သမားတွေကို မခြိမ်းခြောက်တော့ ရသလောက် ပို့နိုင်အောင် လိုင်စင်တွေ ခွင့်ပြု ပေးသင့်တယ်။ အဲဒါဆိုရင် ပို့ကုန်သမားတွေအတွက် ပို့ရတဲ့ ကုန်သွယ်မှု ခက်ခဲတဲ့ ပြဿနာတွေ တတ်နိုင်သ လောက် လျော့သွားမှာပေါ့။ ဒီဘက်က နယ်စပ်ပေါက်တွေ ပိတ်ထားလို့ ရပ်တန့်နေတဲ့ ဝင်ငွေတွေကို ဒီဘက်က ဖြည့်လို့ရတာပေါ့” ဟု ပြောသည်။
ပို့ကုန် ပိုမိုတင်ပို့မှုကြောင့် တိုင်းပြည်၏ ဝင်ငွေ အပြင် တောင်သူများနှင့် ကုန်သည်များရရှိသည့် အကျိုးအမြတ် သည် တိုးတက်လာသော်လည်း ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုနှင့် ဈေးနှုန်းများ အဆမတန် မြင့်တက်မှုများ မဖြစ် ပေါ်စေရန်အတွက် ပြည်ပပို့ကုန် တင်ပို့မှုများကို အလွန်အကျွံ မပြုလုပ်ရန်လည်း လိုအပ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 356
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁
ထိုင်းနိုင်ငံတွင် အမည်စာရင်း (Name List) ကျထားသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၉ သိန်းခန့် အား CI လက်မှတ်ထုတ်ပေးရာတွင် ပွဲစားများ၏ အခန်းကဏ္ဍမှာ ပိုမိုများပြားလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းတွင် အလုပ်ရှင်များမှ အမည်စာရင်း (Name List) တင်သွင်းထားသည့် မြန်မာ ၉ သိန်းခန့်အား CI လက်မှတ် ထုတ်ပေးရေးအတွက် စခန်း ၈ ခုကို ဇန်နဝါရီ ၄ ရက်နေ့၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာ သံရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “ပွဲစားဆိုတဲ့ side ဟာလည်း အလုပ် သမား သံအရာရှိတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အေးဂျင့်တွေကပဲ စခန်းတိုင်းလိုလို သူတို့ပဲ ပွဲစားလုပ်တာတွေ၊ အပြင်လူမဝင်ရဆိုတဲ့ ဆိုင်းဘုတ်တစ်ခု ကပ်ထားမယ်၊ ဒီပွဲစားကို ချိတ်မှ ဒီနေရာမှာ စီနီယာ နံပါတ်တွေရမယ်။ CI စာအုပ် ထုတ်ခွင့်ရမယ်ပေါ့။ camp ၅ ခုမှာ လူပေါင်း ၉ သိန်းကျော်ပေါ့ CI ထုတ်ပေးမယ်ဆိုတာ သတ်မှတ်ထားတဲ့ ရက်အတိုင်းအတာတစ်ခုနဲ့ သွားမယ်။ ဒီနေရာမှာ အလုပ်သမားတွေက သူတို့ရဲ့ စားဝတ်နေရေး အခက်အခဲ ကြောင့် ရုတ်တရက် အလုပ်ပြန်ရတာမျိုးတွေ၊ Name List လုပ်ထားတဲ့လူတွေက တချို့ဆို ကုန်ကျစရိတ် အများ ကြီး ကုန်ထားတယ်။ CI ပြန်လုပ်ဖို့အတွက် ပိုက်ဆံရှိပါ့မလားပေါ့။ ပိုက်ဆံမရှိရင် အချိန်အားဖြင့်က ကြ့န်ကြာ သွားနိုင်တယ်” ဟု ပြောသည်။
CI သက်သေခံလက်မှတ်ထုတ်ယူရန် စောင့်ဆိုင်းနေသူများ(ပုံအဟောင်း)
CI လက်မှတ်ထုတ်ပေးရန် စမွတ်စခွန်၊ စမွတ်ပရာကန်၊ ချွန်ပူရီ၊ ပထုံဌာနီ၊ ဆူရတ်ဌာနီ စခန်းတို့အပြင် ချင်းမိုင်၊ နခွန်စဝမ်၊ ဆုန်ခလာ Mobile စခန်းတို့အား ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
သို့သော် CI လက်မှတ် ထုတ်ပေးရမည့် လူဦးရေနှုန်းထားနှင့် ပြုလုပ်ပေးရန် ဖွင့်လှစ်ထားသည့် စခန်း အရေအတွက်ကို နှိုင်းယှဉ်ပါက မမျှတကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“၈၀ ရာခိုင်နှုန်းမကဘူး ၉၀ ရာခိုင်နှုန်းများ ဖြစ်မလားမသိဘူး။ သူတို့တွေက အေဂျင်စီ (သို့) ပွဲစားနဲ့လုပ်ရတယ်။ အဲဒီလို လုပ်တဲ့အချိန်မှာ ပွဲစားတွေက ထိုင်းရော မြန်မာရော ဟိုဘက် ဒီဘက်အခြမ်းကို တစ်ခါတည်း ဆက်နွယ် ပြီး လုပ်တဲ့အတွက်ကြောင့်မို့လို့ ဒီတစ်ယောက်က CI ပဲလုပ်မယ်၊ ပန်းရောင်ကဒ်ပဲ လုပ်မယ် အဲဒီလို ခွဲပြီးလုပ်လို့ မရဘူး။ Package လိုက်ကြီးယူတာ။ ယူတဲ့အခါကြတော့ သူတို့တောင်းတဲ့ဈေး အကုန်ပေးရတာပေါ့။ အဲဒီတော့ အလုပ်ရှင်တော်တော်များများကလည်း မလိုက်တဲ့အတွက်ကြောင့်မို့လို့ အေးဂျင့်၊ ပွဲစားနဲ့ပဲလုပ်ခိုင်းတာ။ အဲဒီတော့ ကြားက မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ပိုပြီးများလာတယ်။ ပွဲစားတို့ အေးဂျင့်တို့ကလည်း မပါလို့မဖြစ်ကို ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
CI သက်သေခံလက်မှတ်ထုတ်ပေးရေးစခန်း
ထိုင်းအစိုးရက ပြီးခဲ့သည့် ဇူလိုင်လ၌ ထိုင်းနိုင်ငံရှိ တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများအား အမည်စာရင်း (Name list) တင်ခွင့်ပြုထားခြင်းဖြစ်သည်။
သို့သော် လက်ရှိ၌ ဝင်ငွေခွန် ပေးဆောင်ရမည့်အထဲတွင် CI စာအုပ် ပြုလုပ်ပါကဆိုသည့် အချက်လည်း ပါဝင် သောကြောင့် ၎င်း မြန်မာ ၉ သိန်းအနေဖြင့် ဝင်ငွေခွန် ၆ လစာ ပေးဆောင်ရမည့်အထဲတွင် အကျုံးဝင်နေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ဝင်ငွေခွန် ၆ လစာကို မဖြစ်မနေ ပေးဆောင်ရမည်ဖြစ်သဖြင့် တရားမဝင်အဖြစ် ခံယူသွားမည့် သူများရှိနိုင် သော်လည်း မဖြစ်မနေ တရားဝင် အလုပ်လုပ်ကိုင်လိုသည့် ရွှေ့ပြောင်းလုပ်သားများလည်းရှိသည့်အတွက်ကြောင့် အခွန်ပေးဆောင်ကာ အထောက်အထားပြုလုပ်ကြမည့်သူများလည်း ရှိကြောင်း ၎င်းတို့က သုံးသပ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 440
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ လက်ရှိ ထုတ်ပြန်လာသည့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ရည်ညွှန်းဈေးနှုန်းသည် ပြင်ပရွှေဈေးနှုန်းထက် ငွေကျပ် ၆၀,၀၀၀ ကျော် မြင့်တက်နေကြောင်း သိရ သည်။
ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေတွင် ထုတ်ပြန်သည့် YGEA ၏ ရည်ညွှန်းဈေး၌ တစ်ကျပ်သားလျှင် ၃,၇၆၈,၀၀၀ ကျပ် (၃၇ သိန်းကျော်)ဖြစ်ပေါ်နေပြီး ပြင်ပရွှေဈေးကွက်မှာတော့ ၃၇ သိန်းခန့်သာ ဖြစ်ပေါ်နေသည်။
ယခုလို သတ်မှတ်လိုက်ခြင်းကြောင့် ယခင်ကကဲ့သို့ ရွှေဈေးနှုန်း မကြာခဏ အတက်အကျ ဖြစ်ပေါ်ခြင်းမျိုး နည်းပါးသွားနိုင်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေဆိုင်ကို တွေ့ရစဉ်
၎င်းက “YGEA ဈေးက သူက အဓိက ဒေါ်လာဈေး ပြောင်းလိုက်လို့၊ ရည်ညွှန်းဈေးက ဒေါ်လာ rate ပြောင်းလိုက် လို့၊ ဒေါ်လာ rate က အပြင်ပေါက်ဈေးအတိုင်း ဖြစ်သွားတာ၊ အပြင်ပေါက်ဈေးထက် နည်းနည်းတောင် များသေး တယ်။ ပြဿနာတော့ မရှိပါဘူး၊ တက်ဖို့ကို ပိုဦးတည်တာပေါ့။ အစကတည်းက ဒီလိုမျိုး လုပ်ရင် ရတယ်လေ။ အစကတည်းက rate ကို ပုံသေ အဲဒီအတိုင်းလေးပဲ သွားလိုက်မယ်ဆိုရင် အဆင်ပြေနေတာပေါ့။ သူက ဟိုထိန်း ဒီထိန်းနဲ့ လုပ်လိုက်တာ အချိန်ကြာသွားရုံပဲ ရှိတာပေါ့။ ဈေးကွက်က အခုလောလောဆယ် သူ့ flow နဲ့သူ လွှတ်ပေး လိုက် ပိုအဆင်ပြေသွားတာပေါ့။ ဈေးကွက်က တရားဝင် ဖြစ်သွားတာပေါ့ဗျာ။ ဒါပေမယ့် YGEA ဈေးနဲ့တော့ အရောင်းအဝယ် လုပ်လို့မရသေးဘူး လောလောဆယ်ပေါ့။ ဘာနဲ့သွားတူလဲဆိုတော့ လေဈေးကို သူတို့ကိုယ်တိုင် ဖွင့်လိုက်သလိုမျိုး ဖြစ်သွားတာပေါ့။ အဲဒီဈေးက မပူပါနဲ့ ရောက်လာမှာပါ။ လောလောဆယ်တော့ panic (အထိတ် တလန့်) ပိုင်းကတော့ မဖြစ်တော့ဘူး အဲဒါတော့ ကျိန်းသေတယ်။ အရင်လို ဝုန်းဒိုင်း ဝုန်းဒိုင်း မဖြစ်တော့ဘူး။ ဖြစ်ဖို့ က နည်းသွားတာပေါ့။ ဒါကတော့ အဲဒီလိုဖြစ်နိုင်တဲ့ သတင်းတွေ ပေါ်ပေါက်လာရင်တော့ တစ်မျိုးပေါ့နော်။ ဒါပေမယ့် panic ပိုင်း ဖြစ်နိုင်ခြေတော့ နည်းသွားတာပေါ့” ဟု ပြောသည်။
လက်ရှိ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေရည်ညွှန်းဈေးသည် မြန်မာ့စီးပွားရေးဘဏ်နှင့် AD လိုင်စင်ရ ဘဏ်များအကြား online trading ပြုလုပ်ရာတွင် အရောင်းအဝယ် ပြုလုပ်သည့် ဒေါ်လာနှုန်းထားဖြင့် တွက်ချက် ထားခြင်း ဖြစ်ခြင်းကြောင့် ရည်ညွှန်းဈေးနှုန်း မြင့်တက်လာရခြင်း ဖြစ်သည်။
ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် ရွှေဈေးကွက် လေ့လာသုံးသပ်သူများက ပြင်ပရွှေဈေးနှုန်းသည် ထိုဈေးနှုန်း အတိုင်း မြင့်တက်လာနိုင်သည်ဟု သုံးသပ်နေကြသော်လည်း လက်ရှိ ပြည်တွင်း၏ ရောင်းလိုအားနှင့် ဝယ်လိုအား သည် နည်းနေခြင်းကြောင့် လျင်မြန်စွာ မြင့်တက်လာမည် မဟုတ်ကြောင်း၊ ပုံမှန်အားဖြင့် ရွှေဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ဈေးနှုန်းမြင့်တက်ရန် မမြင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေ အတွင်းရေးမှူး ဦးအုန်းမြိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေထည် ပစ္စည်းများကို တွေ့ရစဉ်
၎င်းက “ဒါကတော့ နိုင်ငံတော်ကနေပြီးတော့ သတ်မှတ်တဲ့ ဘဏ်တွေရဲ့ တွက်ပြီး ပြထားတာပေါ့။ ပြည်တွင်းမှာ ဝယ်လိုအား ရောင်းလိုအားပေါ်မှာ မူတည်ပြီးတော့ ဈေးကွက်က ဖြစ်တာလေ။ ဒီလို YGEA က ဖြစ်နိုင်တဲ့ဈေးဆို ပြီးတော့ သတ်မှတ်ပေးရုံနဲ့တော့ အခု အပြင်မှာ ဝယ်လိုအားမှ မရှိတော့ ဈေးက တက်စရာအကြောင်း မရှိဘူးလေ။ အဓိက ဝယ်လိုအားများရင်တော့ မြင့်လာနိုင်တာပေါ့။ ဒီရာသီမှာ အကုန်လုံးက ကုန်သည်တွေ တော်တော်များများ က သူ့သက်ဆိုင်ရာဌာနတွေဆီ ပြန်ရောက်နေပြီ။ နှစ်ကုန်နေပြီဆိုတော့ သူတို့တွေက ဝယ်ရောင်းတာတွေ မလုပ် တော့ဘူး။ တစ်နိုင်တပိုင်လေးတွေ ဝယ်တာရောင်းတာ ဒါပဲရှိတော့တာ။ အဲဒီအတွက်ကြောင့် ရွှေဈေးက ငြိမ်သွား တာပေါ့။ မမြင်ရတဲ့ အကြောင်းတရားတွေ တစ်ခုခု ပေါ်လာရင်တော့ မပြောတတ်ဘူးပေါ့။ ပုံမှန်အရတော့ ရွှေဈေး က တက်စရာအကြောင်းကို မရှိတော့ဘူး။ ၆ လပိုင်းအထိကို ရွှေဈေးက တက်စရာမရှိဘူး” ဟု ပြောသည်။
လက်ရှိတွင် ရွှေဈေးကွက်အတွင်း ရွှေကုန်ကြမ်း ဝင်ရောက်မှု နည်းပါးနေသော်လည်း ပြည်တွင်းရွှေဈေးကွက်နှင့် ရွှေဆိုင်များ၌ ရွှေများ အိုင်နေသည့် အနေအထားမှာ ရှိနေကြောင်း သိရသည်။
ထို့နောက် ပြည်တွင်း ဒေါ်လာဈေးနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်းသည်လည်း အမြင့်ပိုင်းသို့ ရောက်ရှိလာ၍ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းသည်လည်း မြင့်တက်လာခြင်း ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 382
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ထိုင်းနိုင်ငံရှိ မြန်မာသံအရာရှိများအနေဖြင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့်ပတ်သက်၍ ကူညီ ဆောင်ရွက်ရာတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သင့်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း လုပ်သား အရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် ထိုင်းရှိ နယ်စပ်ဒေသအနှံ့အပြား၌ မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ကူညီဖြေရှင်းဆောင်ရွက်ရန် ကော်မတီများ ဖွင့်လှစ်၍ ကျယ်ပြန့်စွာ လုပ်ဆောင်သင့်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သံရုံးအနေနဲ့ လုပ်လို့ရတဲ့ အရာတွေကတော့ ကော်မတီတစ်ရပ် ဖွဲ့ဖို့လိုတယ်။ အဲဒီကော်မတီကလည်း ဒေသတစ်ခုတည်းကဟာ မဟုတ်ဘဲနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်း အများစုနေထိုင်တဲ့ ဒေသအသီးသီးက ပုဂ္ဂိုလ် တွေနဲ့ ကော်မတီဖွဲ့လိုတယ်။ နောက်တစ်ချက်က ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ အစိုးရအနေနဲ့ ရန်ပုံငွေရှိဖို့ လိုတယ်။ အလုပ်သမားတွေဆီကလည်း နည်းလမ်းပေါင်းစုံနဲ့ သူတို့ပိုက်ဆံယူနေကြ တာပဲ လက်မှတ်သက်တမ်း တိုးတာတို့၊ အများကြီးမလိုပါဘူး သူတို့ပိုက်ဆံထဲက ၁၀ ရာခိုင်နှုန်းလောက် ရန်ပုံငွေ အဖြစ် ပြုမယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေက မျက်နှာငယ်စရာ မလိုဘူးပေါ့။ အခုဆို နေမကောင်းလို့ ပြည်တော်ပြန်တဲ့အခါမှာ လမ်းစရိတ်မရှိလို့ မပြန်နိုင်တဲ့သူတွေ အများကြီးရှိတယ်။ တခြားနိုင်ငံတွေမှာဆိုရင် အစိုးရတွေက တာဝန်ယူပြီးတော့ ကာကွယ်ပေးတာတို့ အဲဒီလိုပြဿနာတွေက သူတို့သိပ်မစဉ်းစားဘူး။ သူတို့က လူဦးရေများတယ် ကျနော်တို့မှာ ဝန်ထမ်းမလုံလောက်ဘူးဆိုတဲ့ ဥစ္စာပဲ သူတို့ပြောတယ်” ဟု ပြောသည်။
မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
ထိုင်းရှိ မြန်မာသံရုံးအနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်ရာတွင် ကြိုဆိုရေးလုပ်ငန်းနှင့် နာမည်ထွက်သွားသည့် ကိစ္စရပ်များကိုသာ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်းလည်း ရွှေ့ပြောင်းလုပ်သား အရေး ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများက ထောက်ပြကြသည်။
မြန်မာရွှေ့ပြောင်း လုပ်သားများနှင့်ပတ်သက်၍ မြန်မာသံအရာရှိတို့ဘက်မှ ကူညီဆောင်ရွက်ပေးမှု အားနည်း သဖြင့် ထိုင်းနိုင်ငံရှိ အခြားနိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများနှင့် နှိုင်းယှဉ်ပါက အခွင့်အရေး ချိုးဖောက်မှု ပိုမိုခံစားနေရကြောင်း ၎င်းတို့က ပြောသည်။
လက်ရှိတွင် မြန်မာသံအရာရှိများအနေဖြင့် သန်းနှင့်ချီသော မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ကူညီဖြေရှင်း ဆောင်ရွက်ရာ၌ ထိုင်းနိုင်ငံတစ်ဝှမ်းအား လက်လှမ်းမမီသည်ကို တွေ့ရှိရကြောင်း ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သံရုံးကြီးရှိနေတယ်။ အလုပ်သမားသံအရာရှိ ရှိနေရုံလောက်နဲ့ မလုံလောက်ဘူး။ ဖြေရှင်းဆောင်ရွက်တဲ့ ယန္တရားတွေ ရှိနေရမယ်။ ဒေသအလိုက်ကို မဟာချိုင်၊ ဖူးခက်၊ နယ်စပ်မှာဆို မဲဆောက်၊ ကော့သောင်း-ရနောင်း ဘက်မှာရှိတယ်၊ တာချီလိတ်-မယ်ဆိုင်ဘက်မှာရှိတယ်။ အဲဒီလိုနေရာမျိုးတွေမှာ ထိုင်ပြီး တကယ့် ယန္တရားတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှသာ အလုပ်သမားရေးရာတွေကို ကူညီဆောင်ရွက်ပေးနိုင်တဲ့ အနေအထား ဖြစ်တယ်။ အခုဟာကတော့ မြေပြင်မှာ ဒီလိုသိပ်မမြင်ရဘူး။ မြေပြင်အထိဆင်းပြီး ဒေသအလိုက်တွေမှာရှိနေတဲ့ ဖြစ်ပေါ် နေတဲ့ အလုပ်သမားရေးရာ ကိစ္စမျိုးတွေကို ဆောင်ရွက်ပေးတာမျိုးတော့မရှိဘူး။ သူတို့ လက်လှမ်းမီတဲ့နေရာမျိုး မှာတော့ လုပ်ကိုင်ကောင်း လုပ်ကိုင်နေပါလိမ့်မယ်။ သို့သော်လည်း တစ်ခွင်တစ်ပြင်လုံးကို လက်လှမ်းမီမီနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ယန္တရားမျိုးတော့ ကျနော်တို့ မမြင်မိပါဘူး” ဟု ပြောသည်။
မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
သို့သော် လက်ရှိအနေအထားအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်း၍ မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အခက်အခဲ ပြဿနာများအား ကူညီဖြေရှင်းဆောင်ရွက်ရန်မှာ မလွယ်ကူနိုင်သေးကြောင်းလည်း ရွှေ့ပြောင်း လုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက သုံးသပ်ကြသည်။
ထိုသို့ ဖွဲ့စည်းဖြစ်ခဲ့မည်ဆိုပါက မြန်မာရွှေ့ပြောင်း အလုပ်သမားများ လုပ်ငန်းခွင်၌ အခွင့်အရေး ချိုးဖောက်ခံရ သည့် ကိစ္စရပ်များအတွက် အဟန့်အတားတစ်ခု ဖြစ်သွားနိုင်မည်ဟုလည်း ရွှေ့ပြောင်း လုပ်သားအရေး ကူညီ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက ယူဆကြသည်။
လက်ရှိထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အဓိကရင်ဆိုင် ကြုံတွေ့နေရသည့် ပြဿနာများမှာ လုပ်ခ လစာ အပြည့်အဝ မရရှိခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ အကျိုးခံစားခွင့်များ ဆုံးရှုံး ခြင်း၊ အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်းတို့ဖြစ်ကြောင်း ရွှေ့ပြောင်း လုပ်သားအရေး ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 397
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုသည် စစ်ရေးအကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း ကြောင့် တိုင်းပြည်စီးပွားရေးမှာ ရပ်တန့်နေပြီး တိုးတက်ရေးအတွက် မျှော်မှန်း၍မရသည့် အခြေအနေ ဖြစ်နေ သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAOs)များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့နောက် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘဂ်လားဒေ့ရှ် စသည့် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသလို ပြည်တွင်း (တိုင်းဒေသကြီးနှင့် ပြည်နယ် အချင်းချင်းကြား) ကုန်စည် စီးဆင်းမှုများလည်း ရပ်တန့်လုနီးပါး ဖြစ်နေသည်။
အဆိုပါ စစ်ရေးအကျပ်အတည်းကြောင့် ပြည်တွင်းတွင် ကုန်စည်ပို့ဆောင်မှု နှောင့်နှေးခြင်းနှင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်းများ ဖြစ်ပေါ်နေသည့်အပြင် တိုင်းပြည်၏ စီးပွားရေးသည်လည်း ရပ်တန့်နေသည်ဟု Via logistics & supply chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ပို့ကုန်များကို ဆိပ်ကမ်းမှာတွေ့ရစဉ်
၎င်းက “အခုစစ်ပွဲတွေကြောင့် ပထမဦးဆုံး ထိခိုက်တာက logistics supply chain ကို ထိခိုက်တယ်၊ သယ်ယူ ပို့ဆောင်ရေး အပိုင်းပေါ့လေ။ အခုက နယ်စပ်ဒေသတွေအားလုံး ပိတ်သွားတဲ့သဘော ရှိတာပေါ့လေ။ အဲဒါက ပထမဆုံး ဖြစ်ရပ်ပေါ့။ ဒုတိယကျတော့ ပြည်တွင်းပို့ကုန်တွေက မပို့နိုင်တော့ဘူးပေါ့နော်။ ပြည်တွင်းပို့ကုန်တွေ မပို့နိုင်သလို၊ ပြည်ပသွင်းကုန်တွေလည်း မသွင်းနိုင်ဘူး။ အဲဒီတော့ ဒီမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ သက်ရောက်မှု တွေ ခံရတာပေါ့။ နောက်တစ်ခုကတော့ စက်သုံးဆီပေါ့၊ ဒေါ်လာဈေးတွေကြောင့် နိုင်ငံတကာမှာလည်း ရှားပါးတာ ပါတာပေါ့။ စက်သုံးဆီတို့က အဆင်မပြေ ဖြစ်သွားတာပေါ့နော်။ အဲဒီအပိုင်း ၃ ပိုင်းက တော်တော်ထိတယ်။ အဲဒီ အပိုင်း ၃ ပိုင်းကြောင့် ပြည်တွင်းမှာ နေထိုင်တဲ့သူတွေရဲ့ ကုန်ဈေးနှုန်းတွေ၊ ကုန်စည်စီးဆင်းမှုတွေက နှောင့်နှေး တာပေါ့နော်။ logistics ကို ပြန်လည်ပတ်ဖို့က မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ရောင်းဝယ်ရေးနဲ့လည်း ဆိုင်တယ်၊ သယ်ယူပို့ဆောင်ရေးနဲ့လည်း ဆိုင်တာပေါ့လေ။ အဲဒီအပိုင်းမှာ ဘယ်လိုလုပ်လို့ ရလဲဆိုရင် စရိတ်တွေ ကတော့ ပိုသွားတာပေါ့။ ဒီနယ်စပ်ပေါက်က ပိတ်တယ်ဆိုရင် တခြားနယ်စပ်ပေါက်က သွင်းရမှာပေါ့။ အခုက အလုံးစုံ ပိတ်ထားသလိုမျိုး ဖြစ်နေတာလေ။ အဲဒါကို ကျော်လွှားဖို့က သိပ်တော့ မလွယ်ဘူး။ ဒီအချိန်မှာတော့ စီးပွားရေးက ရပ်တန့်နေတယ်။ တိုးတက်ရေးကတော့ မျှော်မှန်းလို့ မရဘူး ဒီလိုပဲ သုံးသပ်ရမယ်” ဟု ပြောသည်။
တိုင်းပြည်စီးပွားရေး ကျဆင်းမှုနှင့်အတူ ပြည်သူများလည်း စားဝတ်နေထိုင်ရေး ကျပ်တည်းလာကြကြောင်း၊ ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် လက်နက်ကိုင် အဖွဲ့အစည်းများမှ တောင်းခံသည့် ငွေကြေးကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကိုလည်း ပြည်သူလူထုမှာ အလူးအလဲ ခံနေရသည်။
ထိုသို့ ကုန်ဈေးနှုန်းကြောင့် မိမိတို့ ရှာထားသည့် ငွေကို အပြည့်အဝ မခံစားနိုင်သည့် အခြေအနေဖြစ်နေပြီး ပြည်သူ့ စီးပွားရေးလည်း ကျဆင်းနေသည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတော်ရဲ့ စီးပွားရေး ကျပ်တည်းတာနဲ့ ကျနော်တို့ ပြည်သူတွေကလည်း ကျပ်တည်းလာတာပေါ့။ ပြည်သူတွေကလည်း အခုလက်ရှိ အခြေအနေမှာတော့ ဟိုဘက်ကလည်း အခွန်ဆောင်ရ၊ ဒီဘက်ကလည်း အခွန် ဆောင်ရတော့ ပြည်သူတွေကလည်း မချောင်ဘူးပေါ့နော်။ ကိုယ်ရှာထားတဲ့ဟာက ကိုယ် တစ်ဝက်တောင် မသုံး ရတဲ့ အခြေအနေမျိုးပေါ့။ ဘာလို့လဲဆိုတော့ အကုန်လုံးကို ပေးနေရတာ၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တစ်လျောက်မှာလည်း ဟိုဘက်ဒီဘက် ဂိတ်တွေကို ဆောင်နေရတာ။ အဲတော့ ပြည်သူတွေကလည်း ကုန်ဈေးနှုန်း က ပေးလိုက်တဲ့ ကုန်ဈေးနှုန်းတွေအားလုံးက ကားသမားတွေ ပေးတာမဟုတ်ဘူးလေ။ သူဋ္ဌေးတွေ ပေးတာမဟုတ် ဘူးလေ။ ပြည်သူတွေပဲ ကုန်ပစ္စည်းရဲ့ တန်ဖိုးကို သူတို့က ပေးလိုက်တဲ့ငွေက ကုန်ပစ္စည်းတစ်ခုအပေါ်မှာ ဘယ်လောက် ထပ်တောင်းပြီး ရောင်းချမယ်၊ ပြည်သူတွေက ဘယ်လောက်ဝယ်ရမယ် အဲဒီပုံစံနဲ့ အဓိကတော့ ပေးနေရတဲ့ဟာကို ပြည်သူတွေကပဲ ပေးနေရတဲ့သဘောမှာ ရှိတာပေါ့။ ကြာတော့ ပြည်သူတွေကတော့ ရှာနိုင် သမျှ၊ လုပ်နိုင်သမျှ အပြည့်အဝ မခံစားရဘူးပေါ့။ ပြည်သူဘက်မှာလည်း စီးပွားရေး တော်တော် ကျနေတယ် အခု အခြေအနေ အရတော့” ဟု ပြောသည်။
ကုန်သွယ်ရေး ကားများ တိုက်ပွဲကြောင့် ပိတ်မိနေစဉ်
ထို့နောက် နိုင်ငံရေးတည်ငြိမ်မှု မရှိသည့်အပြင် စီးပွားရေးဆိုင်ရာ မူဝါဒများကို မကြာခဏပြောင်းလဲ နေခြင်း ကြောင့် လက်ရှိတွင် စီးပွားရေး တည်ငြိမ်ရန်အတွက် လုပ်ဆောင်ရာမှာ အခက်အခဲရှိနေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။
စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က “ဒေသတည်ငြိမ်အေးချမ်းမှုမရှိရင် နိုင်ငံရေးအရ အုပ်ချုပ်မှု အားနည်းရင် စီးပွားရေးကလည်း ထိခိုက်လာတာပေါ့နော်။ စီးပွားရေးနဲ့ နိုင်ငံရေးဆိုတာ ဆက်စပ်နေတာကိုး။ စီးပွားရေးမကောင်းရင် တိုင်းပြည်က ချွတ်ခြုံကျသွားနိုင်တဲ့ အနေအထားမှာ ရှိတဲ့အခါကျတော့ နံပါတ် ၁ ကတော့ ဒေသတည်ငြိမ်အေးချမ်းရေးကို လုပ်သင့်တယ်။ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ပြီးရင်တော့ နိုင်ငံကို အုပ်ချုပ်နေ တဲ့ ပုံစံတော့ ပြောင်းသင့်ပြီလို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ ဒီဟာကြီးနဲ့ ထိန်းနေတာက ၂ နှစ်ကျော်သွားပြီပေါ့၊ ၃ နှစ်ထဲ ရောက်တော့မယ်။ ကျန်တဲ့အချိန်မှာ ဘာဆက်လုပ်နိုင်လဲဆိုတော့ ဘာမှ တိတိကျကျကြီး မလုပ်နိုင်တဲ့ အခါကျတော့ လုပ်နိုင်တဲ့ အစိုးရတစ်ရပ်ကိုတော့ တာဝန်ပေးသင့်တယ်လို့ပဲ ယူဆတယ်။ ဒါမှပဲ စီးပွားရေး နလံပြန် ထူနိုင်မယ်လို့ သုံးသပ်ပါတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ကြုံတွေ့နေရသည့် မြန်မာ့စီးပွားရေး အကျပ်အတည်းနှင့် ရိုက်ခတ်မှုများသည် စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ဖြစ်ပေါ်လာရသည့်အတွက် နိုင်ငံရေးအကျပ်အတည်းကို အရင်ဆုံး ဖြေရှင်းရန် လိုအပ်သည်ဟု ကမ္ဘာ့ဘဏ် အစီအရင်ခံစာက ထောက်ပြထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 486
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈
မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင် ကာ Malaysia Digital Arrival Card (MDAC) အား မလေးရှားသို့ မရောက်မီ အွန်လိုင်းမှ မဖြစ်မနေ ဖြည့်သွင်း ဆောင်ရွက်ရမည်ဟု ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
မလေးရှားမှ ယခုကဲ့သို့ ဆောင်ရွက်လာခြင်းသည် ၎င်းတို့နိုင်ငံသို့ မြန်မာ အပါအဝင် နိုင်ငံခြားသား ဝင်ရောက်မှု ပိုမို များပြားလာသည့်အတွက် ဖြစ်နိုင်သလို အလည်ဝင်ရောက်ပြီး ပြန်ထွက်သည့် နိုင်ငံခြားသားများ နည်းပါးသော ကြောင့်လည်း ဖြစ်နိုင်သည်ဟု ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ထွက်လာမယ့်သူက မလာခင်မှာ သူ့ရဲ့အချက်အလက်တွေကို သူတို့ရဲ့ website page ရှိတယ် အစိုးရ website page မှာ။ အဲဒီမှာ အွန်လိုင်းမှာ ဖြည့်ရတယ်။ ဖြည့်ပြီးတော့မှ အဲဒီမှာ download ယူထားရတာပေါ့။ ယူပြီးတော့မှ အဲဒါကို ဖြည့်ပြီးတဲ့အခါ အစိုးရဆီမှာ သူတို့ဝင်လာတဲ့ မှတ်တမ်းမှတ်ရာတွေ ရှိသွားပြီပေါ့။ လ.ဝ.က တစ်ခုတည်းမဟုတ်ဘဲနဲ့ အစိုးရဌာနမှာလည်း ရှိသွားတာပေါ့။ ပြီးတော့ ဒီလူဟာ ဒီအချိန်မှာ ပြန်ထွက်၊ မထွက် သူတို့ကြည့်လို့ရတယ်။ အစိုးရက သက်သက် နိုင်ငံခြားသား အထူးမှတ်တမ်းမှတ်ရာ လုပ်ထားတဲ့ ပုံစံမျိုးပေါ့။ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို မလေးရှားမှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ်၊ နောက် ဝင်လာပြီးတော့ ပြန်မထွက်တဲ့ နိုင်ငံခြားသားတွေကို တင်းတင်းကြပ်ကြပ် ကိုင်လာမယ်ဆိုတဲ့ မူဝါဒ ရှိတာပေါ့ လေ”ဟု ပြောသည်။
မလေးရှားလေဆိပ်မှာ လူ၀င်မှုကြီးကြပ်ရေးက စစ်ဆေးနေစဉ်
Malaysia Digital Arrival Card (MDAC) အား မလေးရှားသို့ လာရောက်မည့် မြန်မာ အပါအဝင် နိုင်ငံခြားသား အားလုံး မဖြစ်မနေ ဖြည့်သွင်းရမည်ဖြစ်သော်လည်း သံတမန်နိုင်ငံကူးလက်မှတ်၊ အထူးနိုင်ငံကူးလက်မှတ်၊ မလေးရှားတွင် အမြဲတမ်းနေထိုင်ခွင့်နှင့် ကာလရှည်နေထိုင်ခွင့် ကိုင်ဆိုင်ထားသူများအား ကင်းလွတ်ခွင့် ပြုထား ကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့ ရောက်ရှိချိန်တွင် ၎င်းကဒ်အား မဖြည့်ထားမိပါက လေဆိပ်မှတဆင့် ပြန်လှည့်ခိုင်းခြင်းမျိုး ရှိလာနိုင်ကြောင်း၊ အကျိုးအကြောင်းပြောပြ၍ နားလည်မှုဖြင့် ၎င်းတို့လေဆိပ်ရောက်မှ ဖြည့်သွင်း ဆောင်ရွက် လျှင်လည်း ရနိုင်ဖွယ်ရှိကြောင်း မလေးရှားရောက် မြန်မာများက သုံးသပ်ကြသည်။
နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က “သံရုံးက ထုတ်ထားတာတော့တွေ့တယ်။ တခြား နားလည်တဲ့သူတွေကို မေးတော့လည်း မြန်မာ မလိုသေးဘူးလည်း ပြောတယ်။ နောက်ဖြစ်လာမယ့် အကျိုးဆက် က ၁ ရက်နေ့မှပဲ စောင့်ကြည့်ရမှာပဲ။ ဘာရည်ရွယ်ချက်နဲ့လဲတော့ နားမလည်ဘူး။ အခုချိန်မှာ ဒီနိုင်ငံကလည်း အကျပ်အတည်းတွေ စီးပွားရေးတွေကျတယ်၊ အလုပ်အကိုင်တွေ ရှားပါးတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီမှာ နေရထိုင်ရ ပိုကြပ်လာတယ်။ သူတို့နိုင်ငံထဲမှာတောင် complain တက်တာတွေ အရမ်းများလာ တယ်။ ကျနော်တို့တွေ ဒီမှာနေတာ ကြာပြီ။ ဟိုနှစ်တွေ၊ ဟိုနှစ်တွေ တခါမှာ complain တက်တာ မကြားဘူး။ အခုဆို မြန်မာတွေ၊ နိုင်ငံခြားသားတွေ အများဆုံးရှိတဲ့နေရာတွေ၊ ဆိုင်တွေ၊ ပွဲလမ်းသဘင် ကျင်းပတာတွေက စပြီး သူတို့နိုင်ငံသားတွေက ရိုက်ပြီးတော့ တင်လာတာတွေ တွေ့ရတယ်။ ဒါတွေ ဘာလုပ်နေလဲ၊ immigration က မဖမ်းဘူးလား၊ ဒီဟာ နေထိုင်ခွင့်တွေ ရှိသလား၊ ဘာနေထိုင်မှုနဲ့ နေသလဲဆိုတဲ့ သူတို့နိုင်ငံသားတွေက complain တက်တာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားလေဆိပ်မှာ လူ၀င်မှုကြီးကြပ်ရေးက စစ်ဆေးနေစဉ်
ထို့အပြင် လက်ရှိ မလေးရှားနိုင်ငံ၌ နိုင်ငံခြားသားများနှင့်ပတ်သက်၍ စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ် လျက်ရှိရာ ယခင်စီမံချက်များဖြင့် မတူညီဘဲ အချုပ်ကား အများအပြားနှင့် လက်နက်ကိုင်ဆောင်ထားသည့် ရဲ အင်အား အများအပြားတို့ကို အသုံးပြုနေကြောင်း သိရသည်။
ဒေသတစ်ခုသို့ ဝင်ရောက် ဖမ်းဆီးစစ်ဆေးရာ၌လည်း လမ်းအားလုံးကို ပိတ်ဆို့ထားကာ မည်သည့်အရာမှ အဝင်၊ အထွက် ခွင့်မပြုဘဲ အင်အား အလုံးအရင်းဖြင့် ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေး ဖမ်းဆီးနေခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ အထူးသတိထားကြရန်လိုအပ်ကြောင်း အကြံပြုကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 516
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇
မူဆယ်မြို့မှ တဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီအား မူဆယ်အိမ်ထောင်စု စာရင်းရှိသူများကိုသာ ထုတ်ပေးနေခြင်းကို ဖြေလျှော့ပေးသင့်ကြောင်း လူမှုကူညီရေးအသင်းနှင့် ဒေသခံအချို့က CNI သတင်းဌာနသို့ ပြောသည်။
ထိုနယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီသည် ၁ နှစ်သက်တမ်းရှိသည်။
လက်ရှိတွင် မူဆယ်အိမ်ထောင်စုစာရင်း ရှိသူများကိုသာ ထုတ်ပေးနေခြင်းဖြစ်ပြီး အခြားသူများကိုတော့ နန်းတော်၊ ဆင်ဖြူ၊ မန်ဝိန်းဂိတ်များတွင် နယ်စပ်ဖြတ်သန်းသွားလာခွင့် ယာယီလက်မှတ် (TBP)အား လူဦးရေ အများအပြားကို ထုတ်ပေးနေခြင်း ဖြစ်သည်။
အဆိုပါ နယ်စပ်ဖြတ်သန်းသွားလာခွင့် ယာယီလက်မှတ် (TBP)သည် သက်တမ်း ၆ ညအိပ် ၇ ရက်သာရှိပြီး လက်ရှိ တွင် ထွက်ပြေးတိမ်းရှောင်လိုသည့် ဒုက္ခသည်များ၊ စားဝတ်နေရေးအတွက် အလုပ်သွားရောက် လုပ်ကိုင်လိုသူတို့ များပြားနေ၍ စာအုပ်အနီ ထုတ်ပေးမှုကို ဖြေလျှော့ပေးသင့်ခြင်းဖြစ်သည်ဟု ကမ်းလက်ကူညီ ပရဟိတအသင်းမှ ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပေးတော့ပေးတယ်။ သူက ဘာလဲဆိုတော့ မူဆယ်အိမ်ထောင်စု ဖြစ်ရမယ်ဆိုပြီး ထိန်းချုပ်ထားတာရှိ တယ်။ အမှန်မှန်က စာအုပ်အနီကို အခုလို အနေအထားမှာ ထိုက်သင့်တဲ့ ငွေကြေးယူပြီးတော့ ဖွင့်ချပေးစေချင်တာ ပေါ့။ ဒီလောက်ပြည်သူတွေ ခက်ခဲနေတဲ့ အချိန်မှာ စာအုပ်အနီကို ထုတ်ပေးစေချင်တာပေါ့။ ထိုက်သင့်တဲ့ ဥပမာ တစ်သောင်းလား၊ နှစ်သောင်းလား၊ သုံးသောင်းလား ယူလိုက်ပေါ့။ အခု တရုတ်မှာလည်း စာအုပ်အနီ မရှိရင် တစ်ပတ်ကဒ်နဲ့ သွားရင် ၇ ရက်ပြည့်ရင် ပြန်လာ၊ ပြန်လာပြီးရင် ရွှေ့ပြောင်းလုပ်သားတွေ သောင်းချီ၊ သိန်းချီ ရှိပါ တယ် ဒီသံသရာက လည်နေဦးမှာပဲ။ ၆ ညအိပ် ၇ ရက်ဆိုတော့ ၅ ညအိပ်ပြီးတာနဲ့ ၆ ညအိပ်တဲ့ရက်မှာ ဗမာပြည် ပြန်ထွက်လာရတယ်။ ဗမာပြည် ပြန်ထွက်လာတော့ ဒီတုံကင်ကို ပြန်စောင့်ရတာ ၃၊ ၄ ရက်။ ရက်က မြန်မြန်တိုး ချင်တော့ မနက် ၄ နာရီလောက်က ထတန်းစီ၊ စဉ်းစားကြည့်လေ တစ်ခါပေးရင် ၇ ရက်ဆိုတော့ လူတစ်ယောက် ဝီရိယမထားလို့ ရှိရင် တရုတ်ထဲပြန်ဝင်ဖို့ ၁၅ ရက် ကြာသွားမယ်” ဟု ပြောသည်။
ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ကိုတွေ့ရစဉ်
တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီများကို ရှမ်းပြည်နယ်၊ မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာန (လဝက)ရုံး၏ ထောက်ခံချက်ဖြင့် ထုတ်ပေးခြင်းဖြစ်ပြီး မူဆယ်မြို့ပေါ်နေ အိမ်ထောင်စုစာရင်း ဖြစ်ပါက နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီပြုလုပ်ရန် အစိုးရ တရားဝင်သတ်မှတ်ဈေး ၅၀၀ ကျပ် ကျသင့်ကာ နေ့ချင်းအပြီး ရရှိကြောင်း သိရသည်။
လက်ရှိတွင် မူဆယ်မြို့အနီး တိုက်ပွဲများကြောင့် ဒေသတွင်းနေ ပြည်သူများသည် တရုတ်နိုင်ငံသို့ နယ်စပ် ဖြတ်သန်းသွားလာခွင့် ယာယီလက်မှတ် (TBP)ဖြင့် သွားလာသူ နှုန်းထားမှာ တစ်ပတ်မှ ၁၀ ရက်အတွင်း လူဦးရေ ၇၀၀၀ ကျော်ခန့်ရှိသည်။
ယခင်ကထက် ပိုမိုများပြားလာသော်လည်း တရုတ်ဘက်မှ လက်ခံသည့်နှုန်းထားမှာ ပုံမှန်အတိုင်း တစ်ရက်လျှင် လူဦးရေ ၆၀၀ ခန့်သာ လက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့ ဒေသခံတစ်ဦးက “ဘာဖြစ်လို့လဲဆိုတော့ အခု မူဆယ်ပတ်ချာလည်မှာ တိုက်ပွဲတွေဖြစ်နေတာ။ မူဆယ် တစ်မြို့ပဲ ကျန်တယ်ပေါ့နော်။ မူဆယ်တစ်မြို့ပဲ ကွက်ကွက်လေး ကျန်နေတော့ မူဆယ်ကလူတွေက စိုးရိမ်ပြီး တော့ တရုတ်ပြည်ဘက်ကို ကူးကြတယ်ပေါ့။ သွားကြတာပေါ့။ အဲဒါကြောင့်မို့လို့ မူဆယ်ကနေ ပြီးတော့ တရုတ် ပြည် ထွက်နေတဲ့ လူများနေတာ ဟုတ်ပါတယ်။ ပြန်ထွက်တဲ့ အခါကြလည်း နေ့စဉ် အလုပ်သွား၊ အလုပ်ပြန်တဲ့ လူတွေက ရှိနေတဲ့အခါကြတော့ ပြန်ထွက်တဲ့လူတွေကလည်း နေ့စဉ်က များတော့များနေတာပါပဲ။ အဲဒီအတွက် ကြ အဝင်များပြီးမှ အထွက်လည်း များတော့များတယ်ဆိုပေမယ့် လျော့တော့ လျော့သွားတာပေါ့။ နည်းတော့ နည်းသွားတာပေါ့။ ဘာလို့လဲဆိုတော့ တချို့လည်း ဟိုဘက်မှာ ရသလို ခိုနေရတာတွေ ရှိတာကို” ဟု CNI သတင်း ဌာနသို့ ပြောသည်။
မူဆယ်မြို့မှ အဓိက အသုံးပြုနေရသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ပြည်တွင်းမှ အဓိကတင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် မန္တလေး-မူဆယ်လမ်းကနေ တံတားအချို့ ပျက်ဆီးသွားသဖြင့် တရုတ် ဘက်မှ ကုန်များကိုသာသွင်း၍ အသုံးပြုနေရကြောင်း မူဆယ်မြို့ ဒေသခံများနှင့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။
ပေါ်ဆန်းမွှေးတစ်အိတ်အား ယခင်က ၂ သိန်းဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် ၃ သိန်းကျော်ဖြစ်နေ သည်။
တရုတ်ဘက်ကို သွားမယ့် မြန်မာနိုင်ငံသားတွေကိုတွေ့ရစဉ်
အလားတူ ပဲဆီတစ်ပုံးလျှင် ၂ သိန်းကျော် ပေါက်ဈေးရှိနေကြောင်း၊ မူဆယ်-မန္တလေး သွားမည်ဆိုပါက ကားခအား တစ်ဦးလျှင် ၃ သိန်းခန့်ပေးရကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာလို့ဆို တိုက်ပွဲတွေဖြစ်နေတော့ မြန်မာပြည်အနှံ့ကလာတဲ့ စားသောက်ကုန်တွေက မူဆယ်ကို မရောက်နိုင်ဘူးပေါ့။ အဲဒီကြ တရုတ်ပြည်ထဲက ထွက်လာတဲ့ စားသောက်ကုန်တွေ၊ စက်သုံးဆီတွေကို သုံးစွဲနေရ တယ်။ ဈေးနှုန်းတွေကတော့ ကြီးမြင့်သွားတာပေါ့။ ပရဟိတအသင်းတွေ အနေနဲ့ကြတော့လည်း သွားရ၊ လာရတာ ခက်တယ်။ ကူညီရတာလည်းခက်တယ်။ ည အကူအညီ တောင်းလာရင်တောင်မှ အကူအညီမပေးနိုင်တဲ့ အခြေအနေတွေက အများကြီးဖြစ်နေတော့ အခက်အခဲကတော့ အားလုံးဖြစ်နေကြတာပါပဲ။ အများကြီးပဲပေါ့။ ကုန်ဈေးနှုန်း မြင့်တက်ရင်တော့ စားသုံးသူပြည်သူက ခံရတာပဲလေ။ အခုဆို ရေမလာ၊ မီးမလာနဲ့ဆိုတော့ ရေ တစ်စည်ကို အရင်တုန်းက တစ်သောင်းလောက် ပေးရတဲ့ဟာ အခု ငါးသောင်း၊ ခြောက်သောင်း ပေးနေရတာကို” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားပြီးနောက် နိုဝင်ဘာလက စတင်၍ ပရဟိတလူမှုကူညီရေး အသင်းဖွဲ့များမှ သက်သာသည့် နှုန်းထားဖြင့် အခြေခံ စားသောက်ကုန်များကို လိုက်လံ ရောင်းချပေးခြင်းများ ရှိခဲ့သည်။
သို့သော် လက်ရှိ တိုက်ပွဲ အခြေအနေများအရ နယ်မြေမတည်ငြိမ်မှုမှာ ပိုမိုဆိုးရွားလာနေသည့်အတွက် အဖက်ဖက်မှ လုံခြုံရေး အခြေအနေများကြောင့် ထိုသို့ ရောင်းချပေးခြင်းများကိုလည်း ယာယီရပ်နားထားကြ ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 482
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ပြည်ပမှ စက်သုံးဆီနှင့် စားသုံးဆီ ဝယ်ယူရာတွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေ လိုအပ်ချက် အကျပ်အတည်းကို ဖြေရှင်းသည့်အနေဖြင့် ဆန်၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုများမှ ရရှိလာသည့် ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းရန် ညွှန်ကြားလိုက်ခြင်းကြောင့် လတ်တလော ဖြစ်ပေါ်နေသည့် စက်သုံးဆီ အကျပ်အတည်းသည် ပြေလည်သွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။
စက်သုံးဆီနှင့် စားသုံးဆီသည် တိုင်းပြည်တွင် အရေးကြီးကုန်စည် ဖြစ်သည့်အတွက် ပို့ကုန်ရငွေဖြင့် တင်သွင်း ခွင့်ပြုသည့် မူဝါဒသည် ဆောင်ရွက်သင့်သည့် ကိစ္စဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“အရေးကြီးကုန်စည်ကတော့ လိုတယ်လေ။ အမှန်မှာတော့ ပိုက်ဆံကတော့ ဒီအတိုင်းထားတာထက် စာရင်တော့ ကုန်စည်ကို ပြန်လည်သွင်းခိုင်းတဲ့ မူဝါဒ လုပ်တာတော့ သိပ်ပြီး တရားမလွန်ပါဘူး။ ဘာလို့ဆို တိုင်းပြည်အတွက် လိုအပ်တဲ့ ကုန်စည်တွေကိုတော့ ဖြည့်တင်းဖို့အတွက် ဆောင်ရွက်သင့်တယ်လို့ပဲ ဒီအချိန်မှာ ဒီလိုပဲ ယူဆရမှာပေါ့။ ကောင်းပါတယ်။ လောလောဆယ် အခြေအနေအရတော့ ဒီလိုပဲ လုပ်ရမယ်လို့ ဆရာတို့ သုံးသပ်ပါတယ်” ဟု ပြောသည်။
အလားတူ ရော်ဘာတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကိုလည်း ဓာတ်မြေဩဇာ တင်သွင်း ခွင့်ပြု ထားကြောင်း သိရသည်။
လက်ရှိ ပို့ကုန်ရငွေ မူဝါဒအရ ဆန်၊ ပဲ၊ ပြောင်းမှ ရရှိသည့် ပို့ကုန်ရငွေကို စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမည် ဆိုပါက ၇၀ ရာခိုင်နှုန်းကို ယခင်သတ်မှတ်ထားသည့် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် မဟုတ်ဘဲ နေ့စဉ်ပေါက်ဈေး တစ်ဒေါ်လာ ၃၀၀၀ ကျော်ဖြင့် ရရှိမည်ဖြစ်ကြောင်း၊ ထို့နောက် ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းထဲကမှ ရာခိုင်နှုန်း ၃၅ နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်လည်းကောင်း၊ ရာခိုင်နှုန်း ၆၅ နှုန်းကို နေ့စဉ်ပေါက်ဈေးဖြင့်လည်းကောင်း ရောင်းချရမည်ဖြစ်သည်။
သီလဝါဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ သင်္ဘောများကို တွေ့ရစဉ်
ထို့နောက် ပြောင်းကုန်သည်များအနေဖြင့် စက်သုံးဆီ မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် တခြားသော ကုန်စည်များကို တင်သွင်းမည်ဆိုပါက ၆၅ ရာခိုင်နှုန်းကို တင်သွင်းနိုင်ပြီး ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြင့် လဲလှယ်ရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်း ဌာနသို့ ပြောသည်။
“ဆီ ၂ ဆီ ပြန်သွင်းမယ်ပေါ့နော် ရလာတဲ့ဒေါ်လာကို။ ဥပမာ ဒေါ်လာ ၁ သိန်းပေါ့နော်၊ ၁ သိန်းထဲကနေပြီးတော့ ဆီပြန်သွင်းမယ့်ကုမ္ပဏီတွေကို ရောင်းမယ်ဆိုရင် ၇၀ ရာခိုင်နှုန်း ရမယ်။ ဒါကတော့ ဆီကုမ္ပဏီနဲ့ ပြောင်းရောင်း လို့ရတဲ့ ဒေါ်လာကို ဒါကတော့ နှစ်ဦးနှစ်ဖက် ကျေနပ်တဲ့ ပေါက်ဈေးနဲ့ နောက်တစ်ခုကတော့ ဗဟိုဘဏ် သတ်မှတ်ထားတဲ့ နေ့စဉ်ပေါက်ဈေးတွေ ရှိတယ်လေ။ ၂၁၀၀ တွေ၊ ၂၉၀၀ တွေ မဟုတ်ဘူး။ လက်ရှိဖြစ်နေတဲ့ ၃၀၀၀ ကျော်ဈေးပေါ့နော်။ ၃၃၀၀၊ ၃၄၀၀ ပေါက်နေတဲ့ ဈေးတန်းတစ်ခုမှာ ၇၀ ရာခိုင်နှုန်း ရတယ်။ မူဝါဒအရတော့ ဆီ ၂ ဆီ သွင်းမယ်၊ စားအုန်းဆီရယ်၊ စက်သုံးဆီရယ်၊ အဓိကကတော့ စက်သုံးဆီကို သွင်းမယ်ဆိုရင် ၇၀ ရာခိုင်နှုန်း ပေးမယ်။ ၃၀ ရာခိုင်နှုန်း ကျန်တယ်။ ၃၀ ရာခိုင်နှုန်း ကျန်တဲ့အထဲကနေပြီးတော့ ၃၅ ရာခိုင်နှုန်းပဲ ၂၁၀၀ နဲ့ ဗဟိုဘဏ်ကို ပြန်ရောင်းရမှာ။ ကျန်တဲ့ ၆၅ ရာခိုင်နှုန်းကကျတော့ ဗဟိုဘဏ်ရဲ့ နေ့စဉ်ပေါက်ဈေးနဲ့ ရောင်းဖို့ ခွင့်ပြုတယ်။ ၂၉၀၀ တို့ မဟုတ်တော့ဘူး၊ နေ့စဉ်ပေါက်ဈေး အဲဒါနဲ့ ရောင်းခွင့်ပြုတယ်။ နောက်တစ်ခုကကျတော့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ၆၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းကို ကိုယ့် ရပိုင်ခွင့် ၆၅ ရာခိုင်နှုန်းကို ကိုယ့်ဟာကိုယ် သွင်းမယ်ဆိုလည်း ခွင့်ပြုတယ်။ ၃၅ ရာခိုင်နှုန်းကိုတော့ ဗဟိုဘဏ်ရဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ရောင်းရ မယ်ပေါ့နော် အဲဒီလိုမျိုးတော့ ရှိတယ်။ အဲဒီနှစ်ခုရဲ့ အားလုံးကို တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဆီသွင်းမယ့် ကုမ္ပဏီတွေကို ပြန်ရောင်းလို့ရှိရင် ကျန်တဲ့ဟာနဲ့ တွက်လိုက်လို့ရှိရင် ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင်မှ ၈၉ ရာခိုင်နှုန်းလောက်ရတဲ့သဘောလောက် ဖြစ်သွားတာပေါ့နော်” ဟု ပြောသည်။
တစ်ဖက်တွင်လည်း အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို ယခင်ထက်စော၍ ပြည်တွင်း ဘဏ်စာရင်းသို့ ထည့်သွင်းရန် တစ်လခွဲကြာ အချိန်ပေးခဲ့ရာမှ ယခုအခါ ၁ လအတွင်း ပြန်ထည့်ရန်နှင့် အခြား နိုင်ငံများအတွက် အချိန် ၃ လအစား ၂ လအတွင်း အဖြစ်မနေ ပြန်ထည့်ရန် ပြောင်းလဲသတ်မှတ်ထားသည်။
ထိုသို့ ပြောင်းလဲလိုက်သည့် ပို့ကုန်ရငွေ မူဝါဒကြောင့် ပြည်တွင်းတွင် ကြုံတွေ့နေရသည့် နိုင်ငံခြားငွေ လိုအပ်ချက် နှင့် စက်သုံးဆီ ပြတ်လပ်မှုသည် ပြေလည်သွားနိုင်သော်လည်း ပို့ကုန်တင်ပို့နိုင်မှုအပေါ် မူတည်၍ စောင့်ကြည့် ရမည် ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 364
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆
နွေစပါးစိုက်ပျိုးမှု အများဆုံးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးသည် ယခုနှစ်တွင် တချို့သော မြို့နယ်များ၌ နွေစပါးစိုက်ပျိုးမှု အနည်းငယ် လျော့ကျနိုင်သည်ဟု တောင်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် နွေစပါးစိုက်ပျိုးရာ၌ မြစ်ရေတင် စိုက်ပျိုးရန် မလိုအပ်သော်လည်း ယခုနှစ်၌ ဒီရေအတက်အကျ နည်းပါးခြင်းကြောင့် မြစ်ရေတင် စိုက်ပျိုးရကြောင်း သိရသည်။
ထို့နောက် စက်သုံးဆီ ဝယ်ယူရ အခက်အခဲနှင့် မြစ်ရေတင် စိုက်ပျိုးရခြင်းကြောင့် ကုန်ကျစရိတ် မြင့်မားသည့် အတွက် နွေစပါးစိုက်ပျိုးမှု လျော့ကျခြင်းဖြစ်သည်ဟု ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လယ် ၁၅ ဧက ချထားတယ်။ ကမ်းနားက ၅ ဧက။ ၃ ဧကခွဲ ရေမတက်လို့ မကြည့်ရဘူး။ ဒီရေမှ ကြည့်ရ မယ်။ ဒါပေမယ့် များသောအားဖြင့် လျော့မှာ။ ကျိန်းသေလျော့မှာ။ အနိမ့်ပိုင်းလောက်ပဲ၊ ကုန်းကျောတွေ ဦးတို့ ဆိုရင် ဟိုးအနိမ့်ရဲ့ ကုန်းရဲ့ ကုန်းဘက်ကဟာဆိုရင် စိုက်ဖြစ်မယ် မထင်ပါဘူး ၄/၅ ဧကလောက်က ဧက ၂၀ ရှိတာ လေ။ ရေမောင်းတင်ရမယ်ဆိုတော့ စက်သုံးဆီက ရပေမယ့် ဒီကုန်ကျစရိတ်နဲ့ကျတော့ ပြန်တွက်ကြည့်တော့ မကိုက်တဲ့အခါကျတော့ မကိုက်တဲ့အလုပ်တစ်ခုတော့ မလုပ်နိုင်ဘူးလေ။ ခါတိုင်းနှစ်က အပြည့်အဝ စိုက်တယ်၊ ခါတိုင်းနှစ်က ရေမတင်ရဘူး” ဟု ပြောသည်။
စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်စဉ် နွေစပါးစိုက်ဧက ၁၇ သန်းကျော်ရှိပြီး ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း၊ လပ္ပတ္တာ စသည့် ရေရောက်ရှိသည့် အနိမ့်ပိုင်း မြို့နယ်များအားလုံး စိုက်ပျိုးကြကြောင်း သိရသည်။
တချို့သော မြို့နယ်များတွင် နွေစပါးစိုက်ပျိုးရာ၌ မိုးစပါးထက် အထွက်နှုန်းများခြင်းကြောင့် ပို၍ စိုက်ပျိုးကြသော် လည်း တချို့သော မြို့နယ်များကတော့ တစ်ဧကလျှင် စပါးတင်း ၃၀ မှ ၄၀ ခန့်သာ ထွက်ရှိခြင်းကြောင့် စိုက်ပျိုး ရန် မလွယ်ကူကြောင်း တောင်သူများက ပြောသည်။
မြစ်ရေတင်ရခြင်းကြောင့် ကုန်ကျစရိတ် မြင့်တက်နေသည့် တောင်သူများနှင့် စက်သုံးဆီ လိုအပ်ချက် ဖြစ်ပေါ်နေ သော တောင်သူများကို ဆန်စပါးအသင်းချုပ်နှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများက ထောက်ပံ့ပေးရန် လိုအပ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီမှာရှိတဲ့ ဆန်စက်တွေ၊ ဆန်ကုန်သည်တွေ အဲဒါတွေက ဂရု(ပ်)ဖွဲ့ပြီးတော့ ဆန်စပါးအသင်းကနေ ပြီးတော့ ညွှန်ကြားပေးသင့်တယ်။ ကန်ထရိုက် လယ်ယာမှာလည်း သက်ဆိုင်ရာ မြို့နယ် စီမံခန့်ခွဲမှုကို လုပ်ပေးနိုင် တာ မြို့နယ်စီမံလုံခြုံကောင်စီပေါ့၊ အရင်တုန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဲဒါတွေက ဂရုတစိုက် လုပ်ဖို့ လိုတယ်။ သူတို့ရဲ့ အရည်အချင်းတွေပေါ်မှာ မူတည်တယ်” ဟု ပြောသည်။
တောင်သူများကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အများစုသည် နယ်မြေတည်ငြိမ်မှု မရှိသည့် အတွက် စိုက်ပျိုးရေး လုပ်ဆောင်နိုင်မှုသည် နည်းပါးလျက် ရှိနေသည်။
ဧရာဝတီတိုင်းဒေသကြီးသည် နယ်မြေတည်ငြိမ်သည့် အနေအထားတွင် ရှိနေခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးမှု ပြုလုပ်ရန် လိုအပ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းက ထောက်ပြသည်။
ထို့နောက် ယခုနှစ် မိုးစပါးထွက်ရှိသည့် ရာသီတွင် စပါးဈေး ကောင်းမွန်ခဲ့သည့်အတွက် ယခု နွေစပါးလည်း ဈေးနှုန်း ကောင်းမွန်မည်ဖြစ်၍ တောင်သူများအနေဖြင့် နွေစပါးကို ပို၍ စိုက်ပျိုးကြရန် လိုအပ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။