
- By CNI
- Category: စီးပွားရေး
- Hits: 557
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လူမျိုးရေးပဋိပက္ခကြောင့် လက်ရှိတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့မှ ဒေသခံများသည် အိန္ဒိယနိုင်ငံ မိုရေးမြို့ထဲသို့ ဈေးသွားရောက်ရောင်းချရန် အဆင်မပြေမှုများ ဖြစ်နေကြောင်း တမူးဒေသခံများထံမှ သိရသည်။
တမူးဒေသခံများသည် အိန္ဒိယနိုင်ငံ မိုရေးမြို့သို့ ဒေသထွက် ကုန်စည်များနှင့် လူသုံးကုန်များကို သွားရောက် ရောင်းချပြီး မိုရေးမြို့မှ အိန္ဒိယအထည်များကို ပြန်လည်တင်သွင်းကြကြောင်း၊ ထို့နောက် မိုရေးမြို့အတွင်းတွင် အိန္ဒိယစစ်တပ်က စစ်ဆေးမှု တင်းကြပ်နေခြင်းကြောင့် အိန္ဒိယဘာသာစကား ပြောတတ်သူများအတွက် အဆင်ပြေသော်လည်း သာမန်ဒေသခံများမှာ အခက်အခဲ ဖြစ်နေကြသည်ဟု တမူးမြို့နှင့် မိုရေးမြို့တွင် ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေသည့် ကိုမင်းကိုက CNI သတင်းဌာနသို့ ပြောသည်။
“ပေါ်တင်ကြီး မရတော့ဘူး။ ခိုးကြောင်ခိုးဝှက်ကလေးတွေ လုပ်ကြရတယ်။ မိုရေးထဲမှာလည်း ချင်းတွေပေါ့နော် လောလောဆယ် လုပ်လို့ရတာက ချင်းတွေနဲ့ သူတို့ ဟိန္ဒူပဲ။ သူတို့ကကျတော့ မိုရေးထဲမှာလည်းနေတယ်၊ မြန်မာပြည်ထဲမှာလည်း နေတယ်လေ။ အဲဒီအတွက် သူတို့ဘာသာစကားလည်း ရတဲ့အတွက် သူတို့ကျတော့ အိန္ဒိယစစ်တပ်နဲ့တွေ့ရင်လည်း သူတို့က army လိုလည်း ပြောတတ်တယ်။ နောက်ပြီးတော့ နေတာက အိန္ဒိယနိုင်ငံသား ဘာညာ အဲဒီလိုပြောလိုက်ရင် လွတ်သွားတာရှိတယ်။ အဲဒီလိုလူတွေက အဆင်ပြေတယ်။ ဒီအတိုင်း မြန်မာပြည်သားတွေကတော့ လုပ်ရတာ မလွယ်တော့ဘူးလေ။ တမူးမှာက လက်လုပ်လက်စား သမားတွေက ဘာမှကို အလုပ်မဖြစ်တော့တာ။ မိုရေးဘက်သွားပြီး ဈေးရောင်းတဲ့သူတွေကလည်း တကယ့်ကို ခက်ခက်ခဲခဲနဲ့လေ အသက်စွန့်ပြီး သွားနေရတာ ရှိတယ်။ ပြီးတော့ တချို့ကျတော့ ဘာတွေလုပ်လဲဆိုတော့ စစ်ရှောင်ရွာလေးတွေမှာ စစ်ရှောင်တွေကို တမူးထဲက အသီးအရွက်လေးတွေ ဝယ်ပြီးတော့ သွားရောင်းတာလေး တွေ၊ အဲဒီလိုလေးတွေပဲ လုပ်ကိုင်စားနေရတာ။ အကုန်လုံးဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။
တမူး- မိုးရေး နယ်စပ်ဖြတ်ကျော်တံတားပေါ်မှာ ဖြတ်သန်းသွားလာနေကြစဉ်
တမူး-မိုရေး နယ်စပ်ဂိတ်သည် မြန်မာကုန်ပစ္စည်းများ အိန္ဒိယသို့ ပို့ရန် အဓိကလမ်းကြောင်းဖြစ်ပြီး တမူးဒေသခံ ၇၀ ရာခိုင်နှုန်းသည် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရပြီး နယ်စပ်မှ နေ့စဉ် လူအများအပြား ဖြတ်သန်း သွားလာကြသည်။
တမူးဒေသခံများသည် မိုရေးမြို့အတွင်းသို့ ကုန်ရောင်းကုန်ဝယ်ပြုလုပ်ခြင်းနှင့် ကုန်စည်သယ်ဆောင်သည့် လုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး လက်ရှိတွင် အလုပ်အကိုင်အတွက်လည်း အခက်တွေ့နေသည်ဟု သိရသည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မိုရေးမြို့သို့ ရောင်းချရန်အတွက် ကုန်စည်များ မရောက်လာသည့်အတွက် နေ့စဉ်ရောင်းချခြင်း မပြုနိုင်ဘဲ ၃ ရက်လျှင် တစ်ကြိမ်ခန့်သာ သွားရောက် ရောင်းချနိုင်သည်ဟု တမူးဒေသခံ ကိုရဲလင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“နေ့တိုင်းတော့ မသွားနိုင်ဘူး သူတို့။ ဘာလို့ဆို လမ်းပိတ်ထားတော့ ကလေးမြို့ဘက်ကနေ၊ တောင်ပေါ် ဘက်ကနေ၊ ချင်းတောင်ဘက်ကနေ လာတဲ့ကုန်စည်တွေကလည်း မရောက်နိုင်တော့ဘူးလေ။ လမ်းက ပိတ်ထားတဲ့အခါကျတော့ ပစ္စည်းတွေ၊ ကုန်စိမ်းလေးတွေ ရောက်မှပဲ ၂ ရက်တစ်ခေါက်၊ ၃ ရက်တစ်ခေါက် သွားရတာဆိုတော့ အရင်လိုတော့ နေ့တိုင်းနီးပါး သွားရောင်းလို့ မရတော့ဘူးဗျ အခုကလေ။ ၂ ရက်ကို တစ်ခေါက်လောက်ပဲ၊ ၃ ရက်ကို တစ်ခေါက်လောက်ပဲ သွားနိုင်တော့တယ်။ အခုလောလောဆယ်ကတော့ အခြေချပြီး အဲဒီမှာ သွားနေဖို့ ပြန်ရှောင်ပြီး ပြန်နေဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူးဗျ” ဟု ပြောသည်။
လက်ရှိ၌ ကလေး - တမူးလမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားသည့်အတွက် တမူးမြို့အတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် တချို့သော ကုန်စည်များ ဝယ်ယူရန် အခက်အခဲဖြစ်နေကြောင်း၊ ဒါ့အပြင် တချို့သော ဆောက်လုပ်ရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများလည်း ရပ်တန့်နေကြောင်း သိရသည်။
ဒါ့အပြင် ပြီးခဲ့သည့်ကာလများတွင် တမူးမြို့၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံဘက်သို့ ခိုလှုံနေသည့် တိုက်ပွဲရှောင်များကိုလည်း လက်ရှိတွင် အိန္ဒိယဘက်က ပြန်လည်ပို့ဆောင်နေမှုများလည်း ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 651
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာသည့် အခြေခံစားသောက်ကုန်များအား ပြည်သူလူထုထံ သင့်တင့်သည့် နှုန်းထားဖြင့် စနစ်တကျ ဖြန့်ဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။
ဇန်နဝါရီ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ဓါတ်ဆီ၊ စားအုန်းဆီ၊ ငရုတ်၊ ကြက်သွန်၊ အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်း စသည့်ကုန်မျိုးစုံ တင်ဆောင်လာသည့် တန်(၄၀၀၀)ဝင်ဆံ့သော MV Moon Light သင်္ဘောသည် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော် ထိန်းချုပ်နယ်မြေ၊ ရက္ခိုင့်တပ်တော် ULA/AA ထိန်းချုပ်နယ်မြေဟူ၍ ကွဲပြားနေ သည့်အတွက် ထိုအခြေခံစားသောက်ကုန်များသည် စစ်တွေမြို့မှအပ ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များမှ ပြည်သူ လူထုထံသို့ ရောက်ရှိရန် ဖြစ်နိုင်ခြေနည်းကြောင်း မြောက်ဦးမြို့ဒေသခံ ကိုဇော်ထွန်းက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဒါပေမယ့် စစ်တွေမြို့ကနေ မြို့ရဲ့ အတွင်းမှာရှိတဲ့ ပြည်သူတွေဆီကိုတော့ တစ်နည်းတစ်ဖုံ ရောက်လာနိုင် တယ်။ ကုန်သည်တွေဆီကနေ ဖြစ်ဖြစ်ပေါ့လေ။ ဒါပေမယ့် စစ်တွေမြို့ မဟုတ်တဲ့ အခြားမြို့တွေမှာရှိတဲ့ လူတွေကို ရော စစ်တွေမြို့ downtown ဧရိယာ အပြင်ဘက်ကို ရောက်ဖို့အတွက်ကြတော့ ဖြစ်နိုင်ခြေမရှိဘူး။ မြို့ပေါ် ဧရိယာလောက်ပဲ ရောက်မယ်။ တကယ်တမ်းကြတော့ ပြည်သူတွေ အဆင်ပြေစေချင်တယ်ဆိုရင် လမ်းကြောင်း တွေ ပြန်ဖွင့်ပေးလိုက်ရင် အကုန်လုံး အဆင်ပြေသွားမှာ။ အဲဒီပစ္စည်းတွေက သူတို့သင်္ဘောမှာပါလာတဲ့ ပစ္စည်း အရေအတွက်နဲ့ဆိုရင် စစ်တွေမြို့တွင်းထဲမှာရှိတဲ့ customer အတွက်က အဆင်ပြေလိမ့်မယ်၊ မြို့ပြင် ဧရိယာကို ထွက်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ သူတို့ ထိန်းချုပ် ဧရိယာမှာနေတဲ့သူတွေက အဆင်ပြေတယ်ဆိုတဲ့ ပုံစံ မျိုးကို ပြချင်ပုံရတယ်။ ဘာလို့ဆိုရင် စစ်ကောင်စီ စဉ်းစားပုံက သူတို့က ထိန်းချုပ်ဧရိယာမှာ နေတဲ့သူမှအပ အခြား နေရာတွေကို ပေးချင်ပုံမရဘူး။ ဘာလို့လဲဆိုရင် ULA/AA ထိန်းချုပ်ဧရိယာက ပိုပြီးကျယ်ဝန်းတော့ သူတို့ဆီကို ရောက်သွားနိုင်တယ်ဆိုတဲ့ စဉ်းစားပုံမျိုး စစ်ကောင်စီမှာရှိနိုင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တွေ့ရစဉ်
ဇန်နဝါရီ ၉ ရက်နေ့က ရောက်ရှိလာသည့် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့်ပတ်သက်၍ ဖြန့်ဝေရောင်းချ ပေးမည့် အစီအစဉ်အား ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား CNI သတင်း ဌာနမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
သို့သော် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ဇန်နဝါရီ ၈ ရက်နေ့ အစည်းအဝေး၌ ထိုကုန်ပစ္စည်းများကို စားသုံးသူများထံ တိုက်ရိုက်ရောက်ရှိအောင် ရောင်းချနိုင်ရန်နှင့် တစ်ဆင့်ခံ အမြတ်တင် ရောင်းချမည့်သူများ၊ ကုန်ပစ္စည်းများကို သိုလှောင်၍ ဈေးကစားမည့်သူများ လက်ထဲသို့ မရောက်ရှိအောင် အဓိကထား ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မလိုလားအပ်သော နေရာများနှင့် အမှန်တကယ်လိုအပ်မှု မရှိသောသူများ လက်ထဲမရောက်ရှိအောင် တာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်းနှင့် စက်သုံးဆီများကိုလည်း ကာလ အတိုင်းအတာတစ်ခုအထိ သုံးစွဲနိုင်ရေးအတွက် စနစ်တကျရောင်းချသွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် စစ်တွေမြို့၌ စက်သုံးဆီနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)၌ တိုကင်များရယူကာ ကိုယ်တာစနစ်ဖြင့် ထုတ်ပေးနေကြောင်း စစ်တွေမြို့ဒေသခံ ဒေါ်ခင်မျိုးက CNI သတင်းဌာန သို့ ပြောသည်။
ရခိုင်ပြည်နယ်ရောက် စက်သုံးဆီနဲ့ စားသောက်ကုန်တွေကိုတွေ့ရစဉ်
၎င်းက “92/ 95 တို့ ဆိုတဲ့ဟာကတော့ ကြားရတဲ့သတင်းပေါ့ အစိုးရကပဲ ပြောတာလား၊ ကုန်သည်ကြီးများကပဲ လုပ်တာလားတော့မသိဘူး။ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေကို ကညနရုံးမှာ တိုကင်ပေးမယ်။ တိုကင်ယူပြီးတော့ တစ်ပတ်ကို ၂ လီတာပေါ့ ကိုယ်ပိုင် ဆိုင်ကယ်တစ်စီးကို။ ဘေးတွဲတို့ မောင်းတဲ့ဆိုင်ကယ်တွေကြတော့ တစ်ပတ်ကို ၅ လီတာလို့တော့ ပြောသံကြားတယ်။ လက်ရှိကတော့ အဲဒီ ကညနမှာ လူတွေအများကြီး တန်းစီနေရတာတော့ ကြားရတယ်။ ကုန်သည်တွေလက်ထဲကို အများကြီး မရောက်သွားပဲနဲ့ တကယ့်စားသုံးတဲ့ ပြည်သူတွေလက်ထဲကို သင့်လျော်တဲ့ဈေးနဲ့ နည်းနည်းပါးပါးပဲ ဝယ်ထားမယ်ဆိုရင် ပုံမှန်အနေအထား ရောက်သွားမယ်လို့ ထင်တယ်” ဟု ပြောသည်။
လက်ရှိ စစ်တွေမြို့သို့ ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ရခိုင်ပြည်နယ် ဆီစက်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ရခိုင်ပြည်နယ် စက်သုံးဆီ လုပ်ငန်းရှင်များအသင်းနှင့် စစ်တွေမြို့မဈေးကော်မတီများမှ တာဝန်ရှိသူများက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနိုင်ရေး၊ စနစ်တကျ ဖြန့်ဝေနိုင်ရေးနှင့် ကုန်ပစ္စည်းများ ဆက်လက် ရောက်ရှိလာနိုင်ရေးတို့ကို ဆွေးနွေးထား ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် AA ကြား နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် ကုန်းလမ်း၊ ရေလမ်းများအားလုံးကို နစကဘက်မှ ပိတ်ထား သည်မှာ ၂ လခန့် ရှိပြီဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 534
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် တစ်နှစ်တာ၌ နယ်စပ်စခန်းများမှတဆင့် ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်းချီ အနုတ်ပြနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မြန်မာ-တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စသည့် နယ်စပ်စခန်းများအားလုံး၌ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၀၀ ကျော်ရှိခဲ့ရာ ၂၀၂၃ ခုနှစ်တွင်မူ ပို့ကုန်တင်ပို့မှု ဒေါ်လာ သန်းပေါင်း ၄၁၀၀ ကျော်သာရှိခဲ့သည့်အတွက် ဒေါ်လာသန်း ၄၀၀ ကျော်အထိ လျော့ကျသွားခြင်း ဖြစ်သည်။
နိုင်ငံတစ်ခုတွင် ပို့ကုန်တင်ပို့မှု အနုတ်ပြခြင်းသည် ကောင်းသောရလဒ် မဟုတ်သဖြင့် ဈေးကွက် လိုအပ်ချက်များ၊ နိုင်ငံခြားငွေ ရရှိမှုနှင့် တိုင်းပြည်၏ စီးပွားရေးအပေါ် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာ ရှင် ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ကုန်တင်ကားများ ပိတ်မိနေစဉ်
၎င်းက “ပို့ကုန်က ဒီလိုအခြေအနေမျိုးမှာ ပိုအရေးကြီးတာပေါ့။ သာမန်အခြေအနေမှာတောင် ပို့ကုန်က အရေးကြီး တယ်။ သီအိုရီရှိတာပေါ့ export is the engine of growth ဆိုတာ။ တိုးတက်မှု တိုင်းပြည်မှာ ယေဘုံယျဆိုရင် စီးပွားရေးပေါ်လစီ ၂ မျိုးရှိကြတယ်။ export promotion and import substitution ပေါ့။ ပို့ကုန်မြှင့်တင်ခြင်းနဲ့ သွင်းကုန်အစားထိုးခြင်းပေါ့။ သွင်းကုန်အစားထိုးတယ်ဆိုတာက သူများနိုင်ငံကို ဒေါ်လာ မထွက်အောင် ကာတာပဲ ရှိတယ်။ သူများနိုင်ငံရဲ့ ပိုက်ဆံရတယ်ဆိုတဲ့ အဓိပ္ပါယ်မထွက်ဘူး။ Export က အရေးကြီးတာပေါ့။ export မလုပ် နိုင်တော့ တိုင်းပြည်စီးပွားရေးလည်း အဆင်မပြေဘူးပေါ့။ နောက်တစ်ခုက တည့်ပြောရင် နိုင်ငံခြားပို့မှ ဒေါ်လာရ မှာလေ။ ဒေါ်လာမရဘူးဆိုရင် အခုဖြစ်နေတဲ့ ဒေါ်လာပြဿနာက ပိုကြီးထွားလာမှာပေါ့။ Export မှာ အနုတ် ဆက်ပြနေမယ်ဆိုရင် ပိုဆိုးသွားမှာပေါ့” ဟု ပြောသည်။
မြန်မာပြည်ထဲသို့ ဒေါ်လာငွေ ဝင်ရောက်သည့် လမ်းကြောင်းတွင် အဓိကမှာ ပို့ကုန်တင်ပို့မှု ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း အားကိုး၍ မရဘဲဖြစ်နေကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများ က သုံးသပ်ကြသည်။
ထို့အတူ ပြည်ပရောက် နိုင်ငံသားများ၏ ဝင်ငွေခွန်ပေးဆောင်ခိုင်းခြင်းသည် အားလုံး၏ ပူးပေါင်းပါဝင်မှုအပေါ် တွင်သာ မူတည်နေသဖြင့် အဓိကကျသော ပို့ကုန်တင်ပို့မှု ထိခိုက်ပါက တိုင်းပြည်စီးပွားရေး အများအပြား ထိခိုက်မည်ဟု ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ကျဆင်းရခြင်းတွင် နယ်စပ်အသီးသီး၌ မငြိမ်မသက်မှုသည် တစ်ခုအပါအဝင် ဖြစ်သလို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အချို့လုပ်ငန်းများကြောင့်လည်း ပို့ကုန်လုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်စေကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ကုန်တင်ကားများ မီးလောင်နေစဉ်
ထို့ကြောင့် ပို့ကုန်မြှင့်တင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းကဏ္ဍအလိုက် ဖြေလျှော့မှုများ၊ သက်တမ်းတိုး ပေးမှု များအား ဗဟိုဘဏ်အနေဖြင့် ပြုလုပ်ပေးမည်ဆိုပါက ကောင်းမွန်မည်ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “export သွားနိုင်တဲ့ မူဝါဒတွေကို မလိုအပ်ပဲ တင်းကြပ်နေတဲ့ စည်းကမ်းတွေရှိမှာပေါ့။ အခုဆိုပဲ အချို့ ငါးလုပ်ငန်းက တင်ပြလာတာတွေရှိတယ်။ တချို့က ငါးကို export သွားတဲ့အချိန်မှာ ရန်ကုန်နဲ့ မန္တလေးတောင် ငွေပေး/ငွေယူက တစ်လလောက် ကြာတာ။ နိုင်ငံခြားကို ပို့တဲ့အခါကြတော့ သူတို့လည်း နည်းလမ်းမျိုးစုံနဲ့ export သွားဖို့ လုပ်နေတဲ့အချိန်မှာ ဒီ ငွေဝင်/ ငွေထွက်က ၄၅ ရက်နဲ့တောင်မရဘူး။ တချို့က ၂ လ ခွဲလောက် ကြာတယ်။ အဲဒီလိုအနေအထားမျိုးမှာ ရက် ၃၀ အတွင်း ငွေပြန်သွင်းရမယ်ဆိုတော့ ငါးသမားတွေက မပို့နိုင်တော့ဘူး အခုက။ ငါးဈေးကွက်ကြီး တစ်ခုလုံး ပြုတ်ကျသွားတယ် အခုလောလောဆယ် အခြေအနေက။ အဲဒီလိုအခါကြတော့ တိုင်းပြည်ရဲ့ export က ကျသွားမှာပေါ့” ဟု ပြောသည်။
၂၀၂၃ ခုနှစ်တွင် ပို့ကုန်တင်ပို့မှုသည် မြန်မာ-တရုတ် နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁၅၇ သန်းကျော်၊ ထိုင်း နယ်စပ်တွင် ၁၇၈ သန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ၉ သန်းကျော်၊ အိန္ဒိယနယ်စပ်တွင် ၅ သန်းကျော် အထိ လျော့ကျသွားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နယ်စပ်လမ်းကြောင်းများ၌ တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ခြင်း၊ တိုက်ပွဲဖြစ်ပွား ပါကလည်း အချိန်ကာလ တိုတောင်းခြင်းတို့ကြောင့် ကုန်သွယ်မှုအပေါ် သက်ရောက်မှုမရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် နယ်စပ်လမ်းကြောင်းအသီးသီး၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှုသည် ပြင်းထန်သည့်အပြင် ကြာရှည်နေ သဖြင့် နယ်စပ်ကုန်သွယ်ရေးများအပေါ် ထိခိုက်သွားခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။
ထိုသို့ ပုံမှန်ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးများတွင် မငြိမ်မသက် ဖြစ်နေမှုများကြောင့် စခန်း ပြောင်းလဲတင်ပို့ခွင့်များ ပြုပေးထားသော်လည်း မူလလမ်းကြောင်းထက် ငွေကြေးကုန်ကျမှု ပိုမိုများပြားကြောင်း ကုန်သည်များထံက သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 597
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉
အိန္ဒိယ - မြန်မာ နယ်စပ်တလျှောက် နှစ်နိုင်ငံနယ်ခြားလွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် အစီအစဉ်ကို အိန္ဒိယ အစိုးရအဖွဲ့က ရုပ်သိမ်းဖို့ စီစဉ်နေပြီး နယ်စပ်ဖြတ်ကျော်ဗီဇာဖြင့် သွားလာခွင့်ရရှိရေး လုပ်ဆောင်နေကြောင်း အိန္ဒိယ - မြန်မာနယ်စပ် တမူးမြို့ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် တမူးမြို့မှ ဒေသခံများသည် အိန္ဒိယနိုင်ငံ၊ မိုရေးမြို့သို့ နားလည်မှုဖြင့် ဈေးရောင်းချနေရသည်။
သို့သော် ပဋိပက္ခများ ဖြစ်ပွားချိန်တွင် မြန်မာများကို ရိုက်နှက်မှုများ ရှိကြောင်း၊ အကယ်၍ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်အတွက် ဗီဇာထုတ်ပေးမည်ဆိုပါက ဒေသတည်ငြိမ်ရေးနှင့်ပတ်သက်၍ အာမခံပေးနိုင်ရန် လိုအပ် သည်ဟု မိုရေးမြို့သို့ ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေသည့် တမူးဒေသခံ ကိုမင်းကိုက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဗီဇာနဲ့ လုပ်ပေးမယ်ဆိုရင်တော့ တိတိကျကျလေးနဲ့ သူတို့ဘက်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်တယ်၊ အာမခံ တယ်ဆိုရင်တော့ အခွင့်အရေးလေးတော့ နည်းနည်း ပိုလာမှာပေါ့ လက်ရှိထက်စာရင်လေ။ ဒါပေမယ့် အဲဒီလို မဟုတ်ဘဲနဲ့ ရောတိရောရာပဲဆိုရင် အဆင်မပြေပါဘူး၊ မထူးပါဘူး၊ ပိုက်ဆံကုန်တာပဲ အဖက်တင်မှာလေ။ အခု တိုင်းက သူတို့ဘက်က ဒီနေ့ အေးချမ်းလို့ သူတို့ လက်ခံတယ်။ နောက် ပစ္စည်းတွေ မြန်မာဘက်က သူတို့စားစရာ မရှိလို့ လိုလာတယ်ဆိုရင် သူတို့ သဘောကောင်းနေကြတယ်။ မြန်မာပြည်က ဈေးသည်တွေကို ရောင်းဝယ်ခွင့် ပေးလိုက်တယ်။ သူတို့ဘက်က သိပ်မလိုတော့ဘူးပုံစံမျိုးတွေ၊ သူတို့အချင်းချင်း ညစ်တဲ့ပြဿနာရှိနေရင် မြန်မာ တွေပဲ အနိုင်ကျင့်ခံရတာ ရိုက်လွှတ်တာမျိုးတွေ၊ ရိုက်ပြီး မောင်းလွှတ်တာမျိုးတွေ။ အဲဒီအခါကျတော့ ဗီဇာ ရှိရှိ မရှိရှိနဲ့ စကားပြောမှာ မဟုတ်တော့ဘူး။ အဓိကက မိုရေးက သူတို့အတိုင်း ရပ်တည်လို့မရလို့ မြန်မာပြည်ကနေ လိုအပ်တဲ့အချိန်ကလေးပဲ သဘောကောင်းပေးတာဆိုတော့ ဗီဇာ ရှိရှိ မရှိရှိ သိပ်တော့ထူးမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
အိန္ဒိယနယ်စပ် တမူးမြို့ရှိ နန့်ဖာလုံဈေး
အိန္ဒိယအစိုးရ၏ အရှေ့မျှော် စီးပွားရေးပေါ်လစီထဲမှတစ်ခုဖြစ်သည့် မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာ သွားလာခွင့် အစီအစဉ်အရ နှစ်ဘက်စလုံးတွင် နေထိုင်သည့် ဒေသခံများသည် တစ်ဖက်နှင့်တစ်ဖက် ၁၆ ကီလိုမီတာအထိ ဝင်ရောက်သွားလာခွင့် ရရှိထားသည်။
သို့သော်လည်း လက်ရှိတွင် မဏိပူရပြည်နယ်၌ ဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခနှင့် နယ်စပ်ဒေသ တည်ငြိမ် ရေးအတွက် ယင်းအစီအစဉ်ကို ရုပ်သိမ်းရန် ဖြစ်သည်။
ထိုအစီအစဉ်ကို ရုပ်သိမ်းမည်ဆိုပါက လက်ရှိ မိုရေးမြို့ဘက်သို့ ကုန်စည်များ သွားရောက် ရောင်းချနေသည့် တမူးဒေသခံများအတွက် အလုပ်လက်မဲ့ ဖြစ်ပေါ်လာနိုင်သည်ဟု ဒေသခံများက ပြောသည်။
ဒါ့အပြင် အိန္ဒိယနိုင်ငံက နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဗီဇာထုတ်ပေးမည်ဆိုပါကလည်း အခြေခံ အလုပ်သမားများ အတွက် အခက်အခဲ ရှိနိုင်သည်ဟု တမူးမြို့ဒေသခံ ကိုရဲလင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ဂိတ်
“အဲဒီလိုမျိုးဆိုရင်လည်း သိပ်တော့ မကောင်းပြန်ဘူး ကျနော့်အနေနဲ့တော့လေ။ ဗီဇာနဲ့ဆိုရင် အားလုံး ဗီဇာ လုပ်ဖို့ကျတော့လည်း အဆင်မပြေလောက်ဘူးထင်တယ်။ ကျနော်တို့ အရင်လိုမျိုး ဖြစ်စေချင်တာကတော့ အရင်လိုပဲ နယ်စပ်မှာ နယ်စပ်မြို့လေး မိုရေးမှာပဲ သွားပြီးတော့မှ နေနိုင်ပြီး အခြေချခွင့် အိန္ဒိယဘက်ကနေ အဲဒီလို အခြေချခွင့် ခဏရှာမယ်ပေါ့ဗျာ အဲဒီလိုမျိုးလေး သဘောလေး နားလည်မှုသဘောလေးနဲ့ အဲဒီလိုမျိုးလေး ထားပေးမယ်ဆိုရင်တော့ အများကြီး အထောက်အကူရတယ်လို့ ကျနော်တော့ မြင်မိပါတယ်ဗျ။ လူတိုင်းနီးပါး ဗီဇာသွားလုပ်ရမှာဆိုတော့ သိပ်တော့ အဆင်မပြေဘူးပေါ့ဗျာ။ လက်လုပ်လက်စားလေးတွေ သူတို့တွေကျတော့ မလုပ်နိုင်ဘူးလေနော်” ဟု ပြောသည်။
လက်ရှိတွင် မိုရေးမြို့ဘက်သို့ တမူးမြို့မှ ဒေသခံများသည် နေ့စဉ် ဈေးသွားရောက် ရောင်းချနိုင်ခြင်း မရှိဘဲ တစ်ပတ်လျှင် ၂ ကြိမ်ခန့်သာ သွားရောက် ရောင်းချနိုင်ကြောင်း၊ ထို့သို့ သွားရောက် ရောင်းချချိန်တွင်လည်း တရားမဝင်သဘောမျိုး ဖြစ်နေခြင်းကြောင့် မိုရေးမြို့အတွင်းရှိ အိန္ဒိယစစ်တပ်များနှင့် တွေ့ဆုံမိပါက ရိုက်နှက် ခံရသည်ဟု သိရသည်။
တမူးမြို့မှတဆင့် မိုရေးမြို့သို့ ဒေသထွက် မျောက်ငိုသီး၊ မုန်ညင်း၊ တရုတ်နိုင်ငံမှလာသည့် လူသုံးကုန်များကို သွားရောက် ရောင်းချကြပြီး လက်ရှိတွင် နေ့စဉ် ဈေးရောင်းချရန် မလွယ်ကူခြင်းကြောင့် ယင်းကုန်စည်များသည် ဈေးနှုန်းကျဆင်းမှုများနှင့် ကြုံတွေ့နေရပြီး စိုက်ပျိုးထားသည့် တောင်သူများမှာ အရှုံးနှင့် ရင်ဆိုင်နေရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 645
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်း အဆမတန် ကြီးမြင့်နေမှုကြောင့် လက်ရှိ တောင်သူများ စပါးရိတ်သိမ်းရာတွင် စက်ငှားရမ်းခအား တစ်ဧကလျှင် ကျပ်ငွေ ၂ သိန်း ၅ သောင်း မှ ၃ သိန်း နီးပါးအထိ ပေးနေရကြောင်း ရခိုင်တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်တွင် ယခင်က စက်သုံးဆီတစ်ပေပါလျှင် ၆ သိန်းမှ ၇ သိန်းဝန်းကျင်အထိသာ ဈေးနှုန်းရှိခဲ့သည့်အတွက် တစ်ဧကလျှင် စပါးရိတ်သိမ်းခ ၆ သောင်းမှ ၁ သိန်းကျပ်အထိသာပေးခဲ့ရကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်သွားသဖြင့် ရိတ်သိမ်းခနှုန်းထားပါ ဈေးနှုန်းမြင့်တက်သွားခြင်း ဖြစ်ကြောင်း ရခိုင်တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်တောင်သူ ဦးအောင်ကျော်မြက “ကျနော်တို့ တောင်သူတွေမှာက အဲဒီစပါး ဆန်ကို ရောင်းပြီးတော့မှ လယ်လုပ်ထားတဲ့ ပျိုးထားတဲ့စရိတ် အကြွေးမြှီးတွေကို ရှင်းရမှာပေါ့။ အခုက တော်တော်ကိုအခက်အခဲဖြစ်တယ်။ စပါးကလည်းအခု တစ်ဧကကို ၂ သိန်းခွဲ၊ ၃ သိန်းပတ်လည်လောက် စပါးရိတ်ခက အဲဒီလောက် ကြီးနေတယ်။ အဓိကက တောင်သူလယ်သမားတွေမှာ အခက်အခဲတွေ သိပ်ရှိတယ်။ အကြွေးတွေကတော့ ထပ်မက ထပ်လာတာပေါ့။ စက်သုံးဆီက ကျနော်တို့ဆီမှာ 92 ဓါတ်ဆီဆိုလို့ရှိရင် တစ်ပေပါကို ၄၀ လောက် ရှိတယ်။ နောက်ပြီးတော့ ပရီမီယမ်ဆိုရင် ၂၄ သိန်း ပတ်လည်လောက်ရှိတယ်။ အဲဒီတော့ စပါးရိတ်တဲ့အခါမှာ စက်ပိုင် တွေက ဈေးတက်လာတာ အဲဒါကြောင့်ပဲ။ တစ်ဧကကို ၂ သိန်းခွဲဖြစ်နေတယ်။ ရိတ်သိမ်းတဲ့စက်တွေကို ပေးရတဲ့ နှုန်းပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီရိတ်သိမ်းတဲ့စက်က ၆ သိန်း၊ ၇ သိန်းလောက်နဲ့ ရလောက်တဲ့ ပရီမီယမ်ကို ၂၄ သိန်းပေးလို့ ဝယ်ရတယ်လေ။ ရိတ်သိမ်းတာက အရင်ဆိုရင် ၁၀ ဧကကို ၆ သိန်းလောက်ပဲ ကျတယ်။ အခုက ၂၆ သိန်းကျတယ် သိန်း ၂၀ လောက် ပိုကုန်သွားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရိတ်သိမ်းစက်များဖြင့် စပါးများ ရိတ်သိမ်းနေစဉ်
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ကာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ လမ်းများအားလုံးကို ပိတ်ဆို့ထားသည်မှာ နှစ်လခန့်ရှိပြီဖြစ်သည့်အတွက် အခြားသော ကုန်စည်အပါအဝင် စက်သုံးဆီများမှာ ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်မှုမရှိသဖြင့် ယခုကဲ့သို့ ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တွင် မိုးစပါး ၆၀ ရာခိုင်နှုန်းအား ရိတ်သိမ်းပြီးပြီဖြစ်ကာ ၄၀ ရာခိုင်နှုန်း ရိတ်သိမ်းရန် ကျန်ရှိနေသေးကြောင်း၊ ရိတ်သိမ်းပြီးသား စပါးများအားလည်း ကုန်သည်များမှ ဈေးနှိမ်၍သာ ဝယ်ယူကြကြောင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။
“လယ်သမားတွေမှာက အဲဒီစပါးတွေ အကုန်လုံး လက်ထဲမှာ ပိုက်မိနေတယ်။ တချို့ဆိုရင် ရွာကိုလည်း မပြောင်းရဲ ကြဘူး လက်ထဲမှာပဲ ဒီအတိုင်းထားကြရတယ်။ ဝယ်မဲ့ကုန်သည်ကလည်း မရှိဘူး။ သိပ်မရှိဘူး။ ရှိတဲ့သူကလည်း တော်တော်လေးကို ဈေးကျတယ်။ စပါးတင်း ၁၀၀ကို ကုန်ခဲ့တဲ့နှစ်က ဒီလိုအချိန်မှာ ၁၈ သိန်းလောက် ရှိတယ်။ အခုက ၁၀ သိန်းလောက်ပဲ ရှိတော့တယ်။ မရတော့ဘူး။ အဲဒီ ၁၀ သိန်းကိုလည်း အများရောင်းမယ်ဆိုရင်လည်း ဝယ်မဲ့သူက မရှိဘူး။ နောက်နှစ်အခါ ဒီအတိုင်းဆိုရင် စိုက်ချင်ပေမယ့် နောက်နှစ်ခါ မိုးရာသီစပါး ဘယ်လိုမှ စိုက်လို့ရမှာမဟုတ်ဘူး။ ဒီအတိုင်းသွားရင် ပြောတာပါ” ဟု ၎င်းက ပြောသည်။
နိုဝင်ဘာလ ၂၁ ရက်တွင် သိမ်းပိုက်ရရှိထားသော ဘူးသီးတောင်အခြေစိုက် ကထီးလှတပ်စခန်းတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ
ရခိုင်ပြည်နယ်တွင် လမ်းပိတ်ဆို့ထားမှု ကြာလာခြင်းနှင့်အမျှ အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီ ဈေးနှုန်းများမှာ မြို့နယ်အလိုက် အဆမတန် မြင့်တက်မှုရှိနေကာ ယခင်ဈေးနှုန်းများထက် ၅ ဆမှ ၁၀ ဆခန့်အထိ မြင့်တက်သွားခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံများထံက သိရသည်။
ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက “ဆန်တွေက တော်တော်လေးဈေးကြီးနေတာရှိတယ်။ မောင်တော ဘက်ဆိုရင် ဆန် တစ်အိတ်ကို ၄ သိန်းလောက် ဖြစ်နေတယ်။ တခြားဒေသတွေမှာလည်း အဲဒီလိုပဲ ဆန်တွေ ဈေးက တော်တော်လေးထိုးတက်နေတယ်။ စပါးတွေတော့ ပေါ်နေပြီ ဘာပြဿနာရှိလဲဆိုတော့ စပါးကြိတ်ဖို့ အတွက်က ဆီကမရှိဘူး ဖြစ်နေတာ။ စက်သုံးဆီက လုံးဝလည်းရှားပါးနေတယ် ကျနော်တို့ဘက်မှာ။ စကစ က ရခိုင်ဘက်မှာ စက်သုံးဆီရော၊ စားကုန်တွေရော အကုန်လုံးပိတ်ထားတော့ အရင်တုန်းက လက်ကျန်လေးတွေနဲ့ ချွေတာပြီးတော့ တဖြေးဖြေး သုံးနေရတာ ဒီဘက်မှာက။ ဓါတ်ဆီ တစ်လီတာဆိုရင် သုံးသောင်းခွဲအထိ ရှိတယ် ကျနော်တို့ဘက်မှာက။ နောက် ဒီဇယ်ဆို သုံးသောင်းအထိရှိတယ် အဲဒါ တစ်လီတာကို။ ပိတ်ဆို့ထားတာ ကြာလာ တာနဲ့အမျှ ဈေးက တစ်ဟုန်ထိုး တက်သွားတာ။ နောင် ငရုတ်သီးခြောက် တစ်ပိဿာကို တစ်သိန်းအထိရှိတယ်။ တိုက်ပွဲမဖြစ်ခင်ကဆို တစ်သောင်းခွဲ၊ နှစ်သောင်း အဲဒါအများဆုံးပဲ။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း တဖြေးဖြေး တက်လာတာ ပထမကတော့ သုံးသောင်း၊ လေးသောင်း၊ အဲဒါကနေ တစ်သိန်းအထိ ဖြစ်သွားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ရခိုင်၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား စစ်ရေးအခြေအနေ တင်းမာနေမှုများ ရှိနေပြီး ချင်းပြည်နယ် ပလက်ဝနှင့် ပေါက်တော၊ မြောက်ဦး၊ ကျောက်တော် အပါအဝင် မြို့နယ် ၁၃ မြို့နယ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများ ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 642
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
တရုတ်နိုင်ငံမှ ဖရဲသီး ဝယ်လိုအားသည် နှစ်သစ်ကူးအလွန် ပြန်လည်မြင့်တက်လာနေသော်လည်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် ဖရဲသီးများ အရည်အသွေးကျဆင်းပြီး တောင်သူများ အရှုံးပေါ်နေသည်ဟု သိရသည်။
ဖရဲသီး အဓိကတင်ပို့ရာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျင်စန်းကျော့ ဂိတ်သည် လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် မိုင်းလားနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းမှတဆင့် တင်ပို့နေရ၍ ၁၀ ရက်ခန့် ကြာမြင့်လျက်ရှိသည်။
မိုင်းလားမှတဆင့် တင်ပို့ရာတွင် အချိန်ကြာမြင့်သည့်အပြင် ကုန်ကျစရိတ်သည် ၁၆ တန်ဆံ့ ဖရဲကား တစ်စီးလျှင် သိန်း ၂၅၀ ခန့် ကုန်ကျပြီး တောင်သူများအနေဖြင့် အရင်းပြန်မရသည့်အပြင် ၁၀ သိန်းခန့် ပြန်လည် စိုက်ထုတ်နေ ရသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူ ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
ဖရဲစိုက်ခင်းကို တွေ့ရစဉ်
၎င်းက “ဖရဲဈေးကွက်က ပြည်တွင်းမှာလည်း ဈေးကျတယ်၊ တရုတ်ပြည်မှာလည်း ဈေးကျတယ်။ ဈေးကျတာက အဓိက အရည်အသွေးပေါ့နော်၊ အရည်အသွေးကျတာရယ်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ရယ်၊ အခု တောင်သူ တော်တော်များများက တင်တာက အရင်းတောင် ပြန်မရဘူးပေါ့နော်၊ စရိတ်ကြီးတာလည်း ပါတယ်။ စရိတ်ကြီးတာက မိုင်းလားကို တင်မယ်ဆိုရင် မိုင်းလား ဒါလော့ကွင်းထဲအရောက်ကို ကားခတစ်ခုတည်းကို ၇၅ သိန်းလောက် ရှိတယ်။ တခြား အခကြေးငွေနဲ့ ဘာနဲ့ ပေါင်းလိုက်ရင် သိန်း ၁၅၀ လောက် ရှိမယ်။ ဖရဲသီးဖိုးနဲ့ ထပ်ပေါင်းလိုက်မယ်ဆိုရင် အနိမ့်ဆုံးက ၁၂ ဘီးတစ်စီးကို ၁၆ တန်တစ်စီးကို သိန်း ၂၅၀ လောက် ရောက်မယ် အရင်းက။ အရင်းက အဲဒီလောက် ရောက်နေတဲ့အတွက် အခုက ဟိုမှာရောင်းတာက လမ်းပန်းကြန့်ကြာမှုရော၊ ဘာရောဆိုတော့ အပျက်အစီးများတယ်။ အပျက်အစီးများတဲ့အတွက် အခု တောင်သူ တော်တော်များများက အရှုံးနဲ့ ရင်ဆိုင်နေရတာပေါ့။ ကားတစ်စီးကို ၁၀ သိန်း၊ ၁၅ သိန်းလောက် စိုက်နေရတယ်” ဟု ပြောသည်။
ပုံမှန်တင်ပို့နေသည့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးသည် ၂ ရက်ဖြင့် တရုတ်နိုင်ငံရှိ ဖရဲရောင်းကွင်းသို့ ရောက်ရှိသော်လည်း မိုင်းလားမှတဆင့် တင်ပို့ရာတွင် ၁၀ ရက်ကြာမှ ရောက်ရှိခြင်းကြောင့် ဖရဲသီးများ အရည် အသွေးကျဆင်းပြီး ဈေးနှုန်းလည်း အနည်းငယ်သာ ရရှိတော့သည်ဟု သိရသည်။
ထို့ကြောင့် ဖရဲစိုက် တောင်သူများက တရုတ်ပြည်ဈေးကွက်သို့ မသွားဘဲ ရန်ကုန်ဈေးကွက်သို့ ရောင်းချမှုများ ပြုလုပ်လာကြကြောင်း၊ သို့သော်လည်း လက်ရှိ စိုက်ပျိုးထားသည့် ဖရဲသီးပမာဏသည် ပြည်တွင်းဈေးကွက် တစ်ခုတည်းဖြင့် အဆင်မပြေခြင်းကြောင့် တရုတ်ပြည်ဈေးကွက်ကိုလည်း တချို့သော တောင်သူများနှင့် ကုန်သည်များက အရဲစွန့်၍ တင်ပို့မှု ပြုလုပ်နေကြရသည်။
လမ်းပန်းဆက်သွယ်ရေးသည် ယခုကဲ့သို့ ဆက်လက် ခက်နေအုံးမည်ဆိုပါက ဖရဲဈေးကွက် အလားအလာသည် ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်၍ မရနိုင်ကြောင်း ဖရဲကုန်သည် ကိုကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
ဖရဲကားများကို တွေ့ရစဉ်
၎င်းက “အခုလက်ရှိ ပြည်တွင်းက စိုက်ထားတဲ့အားက မနှစ်ကရထားတဲ့ အချိန်နဲ့ဆိုတော့ စိုက်အား များတယ်။ များတယ်ဆိုတာက မနှစ်က ရထားတဲ့ အချိန်လည်း ရှိတယ်။ နောက်တစ်ခုက မနှစ်က ၁၀ ဧကလောက် စိုက်တဲ့ သူက ဒီနှစ်မှာ ဧက ၅၀ လောက် စိုက်တယ်။ အဲဒီတော့ စိုက်အားလည်း များလာတယ်။ များလာတဲ့အတွက်ကြောင့် အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးက ဒီအတိုင်းပဲ ဖြစ်နေမယ်ဆိုရင်တော့ ဈေးကွက်က ကောင်းလာဖို့ မျှော်လင့်ဖို့ အရမ်းခက်ခဲတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးက အဓိကပဲလေ။ လမ်းပန်း ဆက်သွယ်ရေးက အဓိက ဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး မကောင်းနေသ၍ကတော့ ဖရဲဈေးကွက် ကြီးကလည်း ကောင်းလာဖို့ မျှော်လင့်ဖို့ကတော့ တော်တော်ကို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံရအုံးမှာပဲ” ဟု ပြောသည်။
တရုတ်နိုင်ငံက မြန်မာ့ဖရဲကို အဝယ်လိုက်လာနေသော်လည်း လက်ရှိတွင် ဖရဲသည် ဦးစားပေး ကုန်စည်၌ မပါဝင် ကြောင်း၊ ကြံနှင့် ကျောက်မီးသွေးသည် ဦးစားပေးအဆင့်တွင် ပါဝင်ခြင်းကြောင့် ဖရဲကားများအနေဖြင့် တန်းစီ သည့်စနစ်ဖြင့် ဝင်ရောက်နေရသည်။
ထိုသို့ တန်းစီစနစ်ဖြင့် ဝင်ရောက်နေသည့်အတွက် အချိန်ကြန့်ကြာပြီး အရည်အသွေး ပိုမိုကျဆင်းနိုင်ခြင်းကြောင့် တောင်သူများနှင့် ကုန်သည်များအနေဖြင့် ချင့်ချိန်၍ တင်ပို့ကြရန် ဈေးကွက်လေ့လာသူများက ထောက်ပြနေကြ သည်။
ထို့နောက် လက်ရှိ လမ်းပန်းဆက်သွယ်ရေး အခြေအနေသည် ပြန်လည်ကောင်းမွန်လာရန် လမ်းစမမြင်သေးခြင်း ကြောင့် နောက်ထပ်စိုက်ပျိုးမည့် တောင်သူများအနေဖြင့် ပြည်တွင်းဈေးကွက်ကိုသာ အားထား၍ စိုက်ပျိုးကြရန် ကုန်သည်များက အကြံပြုနေကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 736
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅
ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီ ပြတ်လပ်မှု ကြုံတွေ့နေရသော အကျပ်အတည်းသည် လက်ရှိအချိန်ထိ မည်သည့်အတွက်ကြောင့် မပြေလည်သေးဘဲဖြစ်နေ ရသလဲဟု မေးခွန်းထုတ်မှုများ ရှိလာသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းသည် အမြင့်ဈေးတွင် ရှိနေသော်လည်း စက်သုံးဆီ ပြတ်လပ်မှုမှာ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ဗဟိုဘဏ်က ပြီးခဲ့သည့်လတွင် ဒေါ်လာ ထုတ်ရောင်းပေးခဲ့သော်လည်း ထုတ်ရောင်းပေးထားသည့် ပမာဏသည် လုံလောက်မှု မရှိခြင်းနှင့် ဒေါ်လာရှားပါးမှုကြောင့် စက်သုံးဆီ အရောင်းဆိုင်များတွင် အရန်ဆီ ထားရှိနိုင်မှု မရှိ သည့်အတွက် စက်သုံးဆီ အကျပ်အတည်း ဆက်ဖြစ်နေခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်လာကိုတွေ့ရစဉ်
၎င်းက “အဓိကကတော့ oil result မထားနိုင်တာပေါ့။ သီးသန့် အရန်ဆီ ထားနိုင်ရမှာလေ။ အခုဟာက တစ်ခါ တည်း ရောက်တာနဲ့ ဖြန့် ပုံစံမျိုး ဖြစ်နေတယ်။ ကြားထဲမှာ နည်းနည်းလေး သင်္ဘောအဝင်အထွက် နောက်ကျ တာနဲ့၊ နှေးတာနဲ့ ဈေးကွက်မှာ ပြတ်တော့တာပဲ။ အခြေအနေက လက်လုပ်လက်စား သဘောမျိုးပေါ့။ အဓိကက တော့ ဒေါ်လာထောက်ပံ့ ပေးတယ်ဆိုပေမယ့် အဲဒီဟာက မလုံလောက်ဘူးပေါ့နော်။ ဗဟိုဘဏ်က ရောင်းပေး တာက ၁၀ သန်းဝန်းကျင် ရောင်းပေးတယ်။ ဒါပေမယ့် ပြန်တွက်လို့ရှိရင် မြန်မာပြည်က သွင်းနေရတာ တစ်ရက် ကို ဒေါ်လာ ၁၅ သန်း ဝန်းကျင်လောက် သွင်းနေရတယ်။ ဗဟိုဘဏ် ရောင်းပေးတယ်ဆိုတာကလည်း တစ်ရက်စာ တောင် မရှိဘူး တချို့အခြေအနေတွေ။ ဗဟိုဘဏ်က အကုန်လုံးတော့ ရောင်းမပေးနိုင်ဘူးပေါ့လေ။ သူကတော့ ကြားထဲက ပံ့ပိုးပေးတဲ့ သဘောမျိုးပဲ။ ဆီသမားတွေက ကိုယ့်ဟာကို export earning ရှာ၊ ရှာပြီးတော့ အဲဒီဟာနဲ့ ပြန်ပြီးတော့ သွင်းဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အခုကလည်း သိတဲ့အတိုင်း export ကလည်း border ကနေဆိုလို့ ရှိရင် တရုတ်ကို ပို့တဲ့ export က လုံးလုံးကို ထိခိုက်သွားပြီ။ နောက် ထိုင်းဘက်ဆိုလည်း အတော်အသင့် ထိခိုက် နေတယ်။ ဆိုတော့ border trade က ရနိုင်တဲ့ export က အခြေအနေ မကောင်းဘူး။ မကောင်းဘူးဆိုတော့ ဆီ သွင်းတဲ့သူတွေက ဒေါ်လာရှာတာ တဖြည်းဖြည်းနဲ့ ခက်လာပြီလို့ ထင်တယ်။ အဲဒါကြောင့် သူတို့က တစ်နေ့စာ တစ်နေ့ပဲ သွင်းနေနိုင်တဲ့ သဘောတော့ ရှိနေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တချို့တွင် ဓာတ်ဆီနှင့် ဒီဇယ်များ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သေးသည်။ သို့သော် လက်ရှိတွင် စက်သုံးဆီများ ပြန်လည် ရရှိနေပြီဖြစ်သည်။
လက်ရှိ ရန်ကုန်မြို့ရှိ စက်သုံးဆီ ဈေးနှုန်းမှ ဒီဇယ် တစ်လီတာလျှင် ၂၃၁၀ ကျပ်နှင့် ၉၂ တစ်လီတာလျှင် ၂၄၀၅ ကျပ် ဖြစ်ပေါ်နေသည်။
ယခင်က စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်ရခြင်းသည် စက်သုံးဆီ ရောင်းချရာ၌ ဈေးနှုန်းကန့်သတ်ထားခြင်းနှင့် နိုင်ငံခြားငွေကြေး ဈေးနှုန်း သတ်မှတ်ချက်များကြောင့်ဖြစ်သည်ဟု Via logistics & supply chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဆီဘောက်ဇာကားကို တွေ့ရစဉ်
၎င်းက “သင်္ဘောတွေ ချတဲ့အချိန်မှာ ဆီပြတ်လပ်မှုတွေလည်း ဖြစ်နိုင်တယ်။ သင်္ဘောတွေ တောက်လျောက် ဝင်တဲ့ ကြားထဲမှာမှ နည်းနည်း ဟသွားတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ကားတွေပိတ်တာလည်း ဖြစ်နိုင်တာပေါ့။ ၃ မျိုး လုံး ဖြစ်နိုင်တာပေါ့။ ဈေးကတော့ ဒီဘက်က ပိုက်ဆံပေးမှပဲ ဆီက ချပေးလို့ ရမှာကို။ အဓိကကတော့ ဈေးနှုန်း မငြိမ်တာ။ စက်သုံးဆီ ကြီးကြပ်ရေးကော်မတီက ထုတ်တဲ့ ဈေးလည်း ရှိတယ်။ ဒီဘက်မှာ တကယ်ဝယ်ရတဲ့ ဈေး လည်း ရှိတယ်။ အဲဒီဈေး ၂ ခု ကြားထဲမှာ ဆုံးဖြတ်ချက်တွေ စောင့်ရတာရှိတယ်၊ အဲဒါကြောင့်လည်း ကြာတာရှိ တယ်။ စက်သုံးဆီဂရု(ပ်)မှာ သူက ဒီဈေး ဒီဈေးနဲ့ ဖွင့်မယ်ဆိုပြီး အရောင်းလုပ်ထားလိုက်တာပေါ့။ အဲဒီလိုမျိုး ဈေးဖွင့်တာ ရှိတယ်လေ။ ဒါပေမယ့် ဒီဘက် ဝယ်နေရတာလည်း ရှိတယ်။ ကြိုဝယ်ရတာနဲ့ လက်ရှိပေါက်ဈေးရဲ့ ကြားထဲမှာ ဈေးချိန်ရတဲ့ ပြဿနာ ရှိတယ်လေ။ အဲဒီတော့ နည်းနည်းလေး ကြာသွားတာပေါ့။ အဓိကကတော့ ဆီမလည်ပတ်နိုင်တဲ့ ပြဿနာ ဖြစ်နေတာ၊ ဆီ shortage ဖြစ်နေတာတော့ မဟုတ်ဘူး။ logistics supply chain ပြဿနာ ဖြစ်နေတာ အခုဖြစ်တာက။ ဟိုရက်က ဖြစ်တာက ဒေါ်လာဈေး ပြဿနာ” ဟု ပြောသည်။
စက်သုံးဆီ အကျပ်အတည်း ဖြစ်ပေါ်လာရခြင်းသည် အစောပိုင်းကာလများတွင် အစိုးရမှ ဒေါ်လာထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေါ်လာရှားပါးမှု ဖြစ်ပေါ်ပြီး စက်သုံးဆီပြဿနာ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
လက်ရှိတွင် ဒေါ်လာနှင့် ပတ်သက်၍ ဖြေလျှော့မှုများ ပြုလုပ်လာနေပြီဖြစ်သော်လည်း နယ်မြေတည်ငြိမ်မှု မရှိခြင်း ကြောင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် နိုင်ငံခြားငွေ ရရှိမှု ထိခိုက်နေသည့်အတွက် ဒေါ်လာလိုအပ်ချက် ရှိနေ သေးသည်။
လက်ရှိတွင် ဒေါ်လာနှင့် ပတ်သက်၍ အလုံးစုံ ဖြေလျှော့ပေးထားခြင်း မရှိသည့်အတွက် စက်သုံးဆီ အကျပ်အတည်းသည် ရှိနေနိုင်သေးသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 616
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅
မလေးရှားနိုင်ငံတွင် မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သား များအား မတ်လဝန်းကျင်အထိ အဖမ်းအဆီးများ ကြမ်းနိုင်ဖွယ်ရှိကြောင်း မလေးရှားနိုင်ငံရှိ ပရဟိတ အဖွဲ့ အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းမှ စတင်ကာ အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးမှုများကို စတင်ခဲ့ခြင်းဖြစ်ပြီး မတ်လဝန်းကျင်အထိ အဖမ်းအဆီးများ ကြမ်းနိုင်သောကြောင့် ဂရုစိုက် သွားလာကြရန် နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။
“အကြောင်းအမျိုးမျိုးကြောင့် တချို့ကြတော့လည်း လက်ရှိမှ ရောက်လာတယ်၊ စာအုပ်လျှောက်ထားတယ်၊ စာအုပ်လျှောက်ထားလို့မရသေးဘူး။ တချို့ကြတော့လည်း စာအုပ်လျှောက်ပြီးပြီ ငွေရေးကြေးရေး အဆင် မပြေဘူး။ အလုပ်မရှိလို့ မတတ်နိုင်ဘူး။ နေထိုင်ခွင့်ပါမစ် မလုပ်နိုင်ဘူးဆိုတဲ့လူတွေက သတင်းနားထောင်ပါ။ ကိုယ်နေတဲ့နေရာမှာ နယ်မြေအနေအထား ဘယ်လိုရှိလဲ လူဟောင်းတွေကို မေးပါ လူသစ်တွေက။ နယ်မြေ အနေအထားကြည့်နေရမယ်၊ သွားတာလာတာ ဂရုစိုက်ကြပါ။ အဓိကကတော့ မျက်စိပိတ်နေလို့မရဘူး။ မျက်စိ ဖွင့်နေရမယ်။ ဘယ်နေရာမှာ ဘယ်လိုရှိလဲ သတင်းကြား၊ ရှောင်သင့်ရင် ရှောင်ရမယ်။ ကျနော့်အထင်တော့ အများကြီး မကြမ်းနိုင်ပါဘူး။ ၁ လပိုင်း၊ ၂ လပိုင်း၊ ၃ လပိုင်း ပတ်ဝန်းကျင်လောက်ပဲ သူတို့ကြမ်းမှာပါ။ အဲဒီပတ်ဝန်းကျင်မှာ နေထိုင်ဂရုစိုက်ကြဖို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။
အလုပ်သမားများနေထိုင်ရာ နေရာများသို့ ဝင်ရောက်ဖမ်းဆီးစဉ်
ယခင်က နေရာတစ်ခုသို့ အော်ပရာစီဝင်ဖမ်းသည့်အခါတွင် ဖမ်းဆီးခံထားရသူများအား စုထားပြီးမှသာ အချုပ် ကားများ ရောက်ရှိလာခြင်းဖြစ်သော်လည်း ယခုအခါတွင် နေရာတစ်ခုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ရန် စတင်ကတည်းက အချုပ်ကား အများအပြား တစ်ပါတည်းပါလာခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အော်ပရာစီဖမ်းဆီးမှုကြမ်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကာ စစ်ဖြစ်သည့်ပုံစံနှင့် အလားသဏ္ဍာန် တူကာ ကြောက်စရာကောင်းကြောင်းလည်း မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် လက်ရှိ အဖမ်းအဆီးများနေသည့် ကာလတွင် ထိုင်းမှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ခိုး၍ ဝင်ရောက်လာနေသည့် မြန်မာနိုင်ငံသား အများအပြားလည်း နေ့စဉ်ရှိနေသည့်အတွက် လက်ရှိအနေအထားတွင် ရပ်တန့်စေချင်ကြောင်း မလေးရှားတွင်နေထိုင်လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။
“ဘာလို့လဲဆိုတော့ ဒီမှာ ကျနော်တို့လက်ရှိ ကြုံတွေ့နေရတာက တအားကြပ်တည်းနေတဲ့ကာလကြီးလည်း ဖြစ်တယ်။ ပြီးတော့ register တင်လို့ရတဲ့ ကာလကြီးကလည်း ပိတ်သွားပြီဖြစ်တဲ့အတွက် အရမ်းကြပ်တည်း တော့မှာဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ ဒီမှာ အဖမ်းအဆီးတွေက ရှိနေတဲ့အတွက် အထောက်အထားမဲ့တွေ၊ အောက်လမ်းက လာတာတွေကို မလာစေချင်ဘူး ရပ်တန့်စေချင်ပြီပေါ့။ ဒီမှာရှိတဲ့ အမှန်သမားတွေနဲ့ UNHCR ကိုင်ထားတဲ့လူတွေလည်း ဆင်ဆင်ခြင်ခြင်လေး ပတ်ဝန်းကျင်နဲ့ သင့်မြတ်အောင်နေပြီးတော့ အေးအေး ဆေးဆေး အလုပ်အကိုင်လုပ်ပြီး နေစေချင်တယ်” ဟု ၎င်းက ပြောသည်။
အလုပ်သမားများနေထိုင်ရာ နေရာများသို့ ဝင်ရောက်ဖမ်းဆီးစဉ်
လက်ရှိ ဖမ်းဆီးမှုများတွင် ရဲအင်အားများဖြင့် ဖမ်းဆီးမှုများရှိသကဲ့သို့ လ.ဝ.က မှ ဝင်ရောက်ဖမ်းဆီးခြင်းများ လည်း ရှိနေကြောင်း၊ အများဆုံးဖမ်းဆီးခံရသည့်အထဲတွင် မြန်မာနိုင်ငံသားများလည်း ပါဝင်ကာ ရာနှင့်ချီ ဖမ်းခံ ထားရပြီးပြီဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ဖမ်းဆီးခံရသူများတွင် ပါမစ်ကဒ်ကိုင်ဆောင်ထားသူများလည်း ပါဝင်ကာ သူဌေးအပေါ်မူတည်ကာ မြန်မြန်ဆန်ဆန် လွတ်မြောက်ကြပြီး ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသည့် မြန်မာများ ဖမ်းဆီးခံရပါက UNHCR ထံသို့ အကြောင်းကြားရာတွင် အထောက်အထား မှန်ကန်မှု ရှိ၊ မရှိကို အကြောင်းပြန်ကြားမှုမှာ ကြန့်ကြာသဖြင့် ထိန်းသိမ်းရေးစခန်းများတွင်သာ နေထိုင်ရသဖြင့် အခက်အခဲဖြစ်ကြကြောင်းလည်း ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေသူများထံက သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 474
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တောင်သူများအတွက် စက်သုံးဆီရရှိရန် လုပ်ဆောင်ပေးနေသည့် ပုံစံသည် အကျိုးသက်ရောက်မှု မရှိဘဲဖြစ်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ထံကနေ သိရသည်။
ယခင်က တောင်သူများအတွက် စက်သုံးဆီကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ရောင်းချပေးမည်ဟု ဆိုသော်လည်း လက်ရှိတွင် တောင်သူများ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ ရရှိရေးအတွက် ထောက်ခံ စာသာ ထုတ်ပေးသည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “သူတို့က ထောက်ခံစာပဲ ပေးတာလေ။ ဆီဆိုင်တွေက ဆီကုန်နေပြီဆို ဘယ်လိုမှ ထုတ်မရဘူးလေ။ ဆီဆိုင်မှာ ဒီထောက်ခံစာနဲ့ ဝယ်လို့ ရတာပဲ ရှိတာ။ ဆန်စပါး ထုတ်လုပ်သူများ အသင်းကနေပြီးတော့ ပိုက်ဆံ စိုက်ပြီး ဝယ်ပြီးတော့ ထုတ်ပေးတာမျိုး မဟုတ်ဘူး။ သူတို့က ထောက်ခံပေးတယ်ဆိုတဲ့ သဘောပဲ သက်ရောက် တယ်။ ခရိုင်တစ်ခုကို ၁ ဦး၊ ၂ ဦးလောက်ပဲ သူတို့က တာဝန်ပေးထားတာ။ အဲဒီလူရဲ့ လက်မှတ်ပဲ ရတာလေ။ ဒီဇယ် ရတာ မဟုတ်ဘူး။ အမှန်တကယ် လုပ်ရမှာက သူတို့ငွေနဲ့ သူတို့စိုက်ဝယ်ပြီးတော့ လာပြီးတော့ အဲဒီမှာ ရောင်းပေး မယ် တောင်သူတွေအတွက်။ ထောက်ခံစာနဲ့ လာခဲ့။ သူတို့အနေနဲ့က မြို့နယ်တိုင်းမှာ ဆန်စပါးအသင်းဆိုတာက မြို့နယ်တိုင်းမှာ ဆန်စက်အသင်းတွေ ရှိတယ်လေ။ အဲဒီကနေပြီးတော့ တောင်သူတွေကို ရောင်းပေးမယ်ဆိုရင် ဒီဇာတ်လမ်းက ဒါက အကျိုးပြုရာ ရောက်တာပေါ့” ဟု ပြောသည်။
စက်သုံးဆီထည့်နေကြစဉ်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မွန်ပြည်နယ်ရှိ တောင်သူများကို စက်သုံးဆီ ရောင်းချပေးနေမှုများ ရှိသော်လည်း ရောင်းချပေးသော နေရာသည် တောင်သူများရှိသည့်နေရာဖြင့် အလှမ်းဝေးနေခြင်းနှင့် လယ်သမားတစ်ဦးလျှင် ၅ ဂါလံမှ ၁၀ ဂါလံအထိသာ ရရှိသည်ဟု သိရသည်။
ထိုသို့ ရောင်းချချိန်တွင်လည်း တန်းစီစနစ်ဖြစ်သည့်အတွက် တချို့သော တောင်သူများမှ မိမိအလှည့် ရောက်ရှိ ချိန်တွင် စက်သုံးဆီ မရရှိသည်များလည်း ဖြစ်ပေါ်ခဲ့သလို စက်သုံးဆီ အခက်အခဲကြောင့် နွေစပါးစိုက် တောင်သူ များမှာ လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်။
လက်ရှိတွင် တောင်သူများအနေဖြင့် စက်သုံးဆီ အရောင်းဆိုင်များ၌ အုပ်ချုပ်ရေးမှူးများထံမှ လယ်သမားဖြစ် ကြောင်း ထောက်ခံချက်ဖြင့် စက်သုံးဆီ အရောင်းဆိုင်များ၌ စက်သုံးဆီကို ဝယ်ယူနေရသည်ဟု သိရသည်။
လယ်တစ်ဧကအတွက် စက်သုံးဆီ အသုံးပြုရသည့် နှုန်းထားသည် ၅ ဂါလံမှ ၇ ဂါလံအထိ ရှိခြင်းကြောင့် သက်ဆိုင် ရာ အသင်းအဖွဲ့များအနေဖြင့် လယ်သမားတစ်ဦးအတွက် လုံလောက်သော စက်သုံးဆီကို ရောင်းချပေး စေလို ကြောင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ စပါးစိုက်တောင်သူ ကိုလွင်အေးက CNI သတင်းဌာနသို့ ပြောသည်။
စက်သုံးဆီ ကုန်နေကြောင်း ကြေညာထားစဉ်
၎င်းက “လယ်တစ်ဧကဆိုရင် အနည်းဆုံး ၇ ဂါလံလောက် ကုန်တယ်။ ၁၀ ဧကဆိုတော့ ဂါလံ ၇၀ ပေါ့ ၁ ပေပါခွဲ လောက်တော့ ကုန်တယ်။ လယ်သမားစစ်မှန်ကြောင်း ထောက်ခံချက် ယူပြီးသွားလို့ရှိရင် လယ်တစ်ဧကကို ဘယ်နှဂါလံ ပေါ့၊ အနည်းဆုံး ၇ ဂါလံ ရောင်းချပေးမယ်ဆိုရင် အဲဒီလိုပေါ့နော် ထောက်ခံချက်နဲ့ သူတို့ သက်ဆိုင်ရာ အာဏာပိုင် တွေက ဆိုင်တွေကို လယ်သမားအတွက်ဆိုပြီးတော့ သီးသန့်ပေါ့၊ ဒါမှမဟုတ်ရင်လည်း ဘယ်နေ့ ဘယ်ရက်၊ ဘယ်အချိန် အဲဒီလို သီးခြားရောင်းချပေးနိုင်ရင်တော့ အဆင်ပြေတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီ ပြတ်လပ်မှုကြောင့် တချို့သော တောင်သူများမှာ စက်သုံးဆီကို ပုံမှန်ဈေးနှုန်းထက် ဈေးနှုန်း ၂ ဆခန့် မြင့်သည့် ဈေးနှုန်းဖြင့် အသုံးပြုခဲ့ရသည်ဟု သိရသည်။
လက်ရှိတွင် တောင်သူများကို ရောင်းချပေးနေသည့် စက်သုံးဆီ ပမာဏကို လယ်သမားမဟုတ်သော တချို့သော သူများက လယ်သမားထောက်ခံချက်ကို အသုံးချ၍ စက်သုံးဆီ ဝယ်ယူပြီး ပြင်ပပေါက်ဈေးဖြင့် ပြန်လည် ရောင်းချ နေမှုများလည်း ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 592
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
မလေးရှားတွင် ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသည့် မြန်မာများ ဖမ်းဆီးခံရပါက UNHCR ထံသို့ အကြောင်းကြားရာတွင် အထောက်အထား မှန်ကန်မှု ရှိ၊ မရှိကို အကြောင်းပြန်ကြားမှုမှာ ကြန့်ကြာသဖြင့် ထိန်းသိမ်းရေးစခန်းများတွင်သာ နေထိုင်နေရကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများ က CNI သတင်းဌာနသို့ ပြောသည်။
UNHCR ဘက်မှ အကြောင်းပြန်ကြားမှုသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကြန့်ကြာသည့် အတွက်ကြောင့် ၎င်းတို့ဘက်မှ အကြောင်းပြန်ကြားမှု မရောက်လာသေးသရွေ့ အဖမ်းခံထားရ သည့် UN ဒုက္ခသည်ကဒ်သမားများမှာ ထိန်းသိမ်းရေးစခန်းများတွင်သာ နေထိုင်ကြရ၍ အခက်အခဲဖြစ်စေကြောင်း ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
“UNHCR က ဘယ်လောက်မြန်မြန် အကြောင်းပြန်လဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ UNHCR ဒုက္ခသည်ကဒ်ကို ကိုင်ထားတဲ့အမှုကို ကိုင်ထားတဲ့ ရဲတို့၊ လ.ဝ.က တို့က ဘယ်လောက်မြန်မြန် UNHCR ကို အကြောင်းကြားလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ တချို့ကြတော့ တစ်ပတ်၊ နှစ်ပတ်လောက်အထိ ကြာတတ်တယ်။ ကွင်းဆင်း အလုပ်လုပ်ဖို့တော့ လိုတယ်။ ရုံးမှာထိုင်ပြီးတော့ ရဲတို့၊ လ.ဝာကတို့က အကြောင်းကြားလာမယ်၊ နောက်ပြီး ကျနော်တို့လို ဒုက္ခသည်အဖွဲ့အစည်းတွေက အကြောင်းကြားလာမယ်ဆို အဲဒါကို စောင့်ဆိုင်းတာက တော်တော် ကြာတာပေါ့။ ဒုက္ခသည်အဖွဲ့အစည်းတွေ ရင်ဆိုင်ရတဲ့ဟာက ဖမ်းရင် ဖမ်းတဲ့အကြောင်း သတင်းရတာ နဲ့ UNHCR ကို Hotline ဆိုတာရှိတယ် အဲဒါကို အကြောင်းကြားတယ်၊ email နဲ့လည်း ပို့တယ်၊ ဒါပေမယ့် ဘာမှအကြောင်းမပြန်ဘူးပေါ့။ အကြောင်းမပြန်တာများတယ်။ ကိုယ့်ဘာသာသွားပြီးတော့ ရဲစခန်းတို့၊ လ.ဝ.က တို့ အမှုကိုင်တွေနဲ့ ကိုယ့်ဘာသာလိုက်ရှင်းရတာ ပိုများတယ်။ ၉၅ ရာခိုင်နှုန်းက ကိုယ့်ဘာသာ ဖြေရှင်းတာ များတယ်” ဟု ၎င်းက ပြောသည်။
တရားမဝင်များကို လိုက်လံဖမ်းဆီးပြီးခေါ်ဆောင်သွားသည့် အချုပ်ကားများ
UNHCR ဘက်မှ အထောက်အထားမှန်ကန်ကြောင်းအကြောင်းပြန်လာပါက ၎င်းတို့အား ပြန်လည်လွှတ်ပေးပြီး အထောက်အထားမရှိကြောင်း အကြောင်းပြန်လာပါက ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရကြောင်း သိရသည်။
UNHCR ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသူများသည် နေရာဒေသတစ်ခု၌ ဖမ်းဆီးခံခဲ့ရသည်ရှိသော် ၎င်းတို့အား ထိန်းသိမ်းထားသည့် စခန်းများသို့ UNHCR ရုံးဘက်မှ ကိုယ်တိုင် ကွင်းဆင်းသွားရောက်စစ်ဆေး၍ မှန်ကန်သည့် သူများဖြစ်ပါက ချက်ချင်း ပြန်လည်လွှတ်ပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျှင် ပို၍ မြန်ဆန်သွားမည် ဖြစ်ကြောင်းလည်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ထောက်ပြကြသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ဖမ်းဆီးစစ်ဆေးမှုများမှာ နေ့စဉ်ရက်ဆက် ပိုမိုများပြားလာကာ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားဦးရေမှာလည်း အများအပြားရှိနေပြီဖြစ်ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် မလေးရှား၌ ဖမ်းဆီးစစ်ဆေးမှုများကြောင့် ကမ့်များ၊ အချုပ်ခန်းများတွင် လူဦးရေထူထပ်များပြားသည့် ပြဿနာနှင့်ကြုံတွေ့ခဲ့ရကာ လက်ရှိတွင် ကမ့်များ၊ အချုပ်ခန်းများအား တိုးချဲ့ ထားကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများ
လက်ရှိ ဖမ်းဆီးမှုများတွင် ရဲအင်အားများဖြင့် ဖမ်းဆီးမှုများရှိသကဲ့သို့ လ.ဝ.က မှ ဝင်ရောက်ဖမ်းဆီးခြင်းများ လည်း ရှိနေကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။
“ကွာခြားချက်က ရဲဖမ်းရင် ရဲစခန်းကိုခေါ်သွားတယ်။ အိမ်တွေက တိုင်လို့ ရဲက လာဖမ်းရင် ရဲစခန်းကခေါ်ပြီး တော့မှ ရမန် ၁၄ ရက် ချုပ်ပြီးတော့မှ အထောက်အထားတွေကို စစ်ဆေးပြီးတော့မှ လ.ဝ.က ကို ပြန်လွှဲပေးတာ။ immigration လ.ဝ.က က တိုက်ရိုက် လာဖမ်းရင်တော့ တစ်ခါတည်းခေါ်သွားပြီးတော့ ကမ့်မှာ ထားတယ်။ ပြီးတော့မှ ကမ့်ကနေ တရားရုံးတက်ရတယ်။ တရားရုံးကနေ စီရင်ချက်ချပြီးမှ ထောင်ချတယ်။ ရဲဖမ်းရင်တော့ ရဲစခန်းမှာ ရှင်းလို့ရတဲ့နေရာမျိုးတွေရှိတာပေါ့။ လ.ဝ.က ကတော့ ရှင်းလို့မလွယ်ဘူး။ လ.ဝ.က က ဖမ်းသွားတဲ့အခါ ဘာမှမရှိရင်တော့ ထောင် ၃ လ အနည်းဆုံးကျပြီးတော့မှ ကမ့်မှာ ၁ လ၊ ၂ လလောက်၊ ၅ လလောက်နေပြီးတော့မှ မြန်မာပြည်ကို ပြန်ရတယ်။ ရဲစခန်းမှာဆိုရင်တော့ ပြောတတ် ဆိုတတ် ညှိတတ်လို့ရှိရင်တော့ ရဲစခန်းကတော့ နည်းနည်းပါးပါး ချောင်လည်တာပေါ့။ အိုသမားတွေအတွက် ၃၀ ရာခိုင်နှုန်းလောက် မျှော်လင့်ချက်ရှိတာပေါ့” ဟု ၎င်းက ပြောသည်။
ထို့အပြင် ဖမ်းဆီးခံရသူများတွင် ပါမစ်ကဒ်ကိုင်ဆောင်ထားသူများလည်း ပါဝင်ကာ သူဌေးအပေါ်မူတည်ကာ မြန်မြန်ဆန်ဆန် လွတ်မြောက်ကြကြောင်းလည်း သိရသည်။
လက်ရှိတွင် ရီကာလီဘရာစီပါမစ် လျှောက်ထားခွင့်သတ်မှတ်ကာလမှာ ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ဖမ်းဆီး စစ်ဆေးမှုများသည် ယခုထက်ပိုမိုများပြားလာမည်ဖြစ်ကြောင်းလည်း မလေးရှားရောက် မြန်မာနိုင်ငံသားများက သုံးသပ်ကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 637
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အသေးစား၊ အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများအပေါ် ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်ရုံဖြင့် သိနိုင်သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ MSME လုပ်ငန်းများအတွက် ဈေးကွက်နှင့် နည်းပညာ အထောက်အပံ့များ လိုအပ်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက CNI သတင်းဌာန သို့ ပြောသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် သက်ဆိုင်ရာ အစိုးရအဆက်ဆက် ချေးငွေများ ထုတ်ပေးခြင်းဖြင့် ကူညီခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုသည် နည်းပါးလျက် ရှိနေသည်။
ဈေးကွက်နှင့် နည်းပညာ မရရှိဘဲ ချေးငွေရရှိရုံဖြင့် အဆင်ပြေမည် မဟုတ်ကြောင်း၊ ချေးငွေထုတ်ချေးပေးခြင်း အပြင် နည်းပညာနှင့် ဈေးကွက်များကိုလည်း ထောက်ပံ့ရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “SME ဆိုတာက ရှင်းရှင်းပြောရင်တော့ သူ့အတွက် နည်းပညာတွေ လုပ်ပေးရမယ်။ ဈေးကွက်တွေ လုပ်ပေးရမယ်။ ကုန်ကြမ်းရရှိရေးတွေ လုပ်ပေးရမယ်။ ထုတ်လုပ်ရေး နည်းစဉ်တွေ ကောင်းအောင် လုပ်ပေးရ မယ်။ အဲဒါတွေ အကုန်လုံးရှိအောင် လုပ်ပေးပြီးတော့မှ SME ဆိုတာ တိုးတက်လာမှာလေ။ ပိုက်ဆံထုတ်ချေးရုံ သပ်သပ် စဉ်းစားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ပိုက်ဆံ ထုတ်ချေးပေးလိုက်ရင် ပိုက်ဆံပဲ ယူသုံးသွားမှာ။ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အချိန်တန်ရင် အကြွေးပဲ တင်ခဲ့မှာ။ ဒါက ထူထောင်တဲ့ နည်းစဉ်မဟုတ်ဘူးဆိုတာ ဆရာ တို့ သုံးသပ်တယ်” ဟု ပြောသည်။
စဉ့်အိုးလုပ်ငန်းကိုတွေ့ရစဉ်
မြန်မာနိုင်ငံကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော နိုင်ငံများအတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းသည် အရေးပါသည်။
သို့သော်လည်း လက်ရှိတွင် ပြည်တွင်းရှိ MSME လုပ်ငန်း အများစုသည် ဈေးကွက်မရှိခြင်းကြောင့် ထုတ်လုပ်မှုနှုန်း လျော့ကျလာပြီး လုပ်ငန်း ရပ်တန့်သွားသည်များလည်း ရှိနေသည်။
ထိုကဲ့သို့ တိုးတက်မှုနှုန်း လျော့ကျသွားခြင်းသည် တိုင်းပြည်၏ စီးပွားရေး တည်ငြိမ်မှုနှင့် ကျဆင်းမှုအပေါ် တိုက် ရိုက် ဆက်နွယ်နေသည်။
မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းကဏ္ဍများဖြစ်နေရာ ယင်းတို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုသည် တိုင်းပြည်စီးပွားရေး တည်ငြိမ်မှုနှင့် တိုက်ရိုက် ဆက်စပ်နေလိမ့်မည်ဖြစ်သည်။
ထို့နောက် MSME လုပ်ငန်းများအတွက် ချေးငွေ ထုတ်ချေးပေးရာတွင် တချို့သော လုပ်ငန်းများမှ ချေးငွေ ရရှိခြင်း မရှိဖြစ်နေကြောင်း၊ လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ပို့ဆောင်မှု လမ်းကြောင်း အခက်အခဲ ကြောင့် ထုတ်လုပ်မှုနှုန်းနှင့် သုံးစွဲမှုနှုန်းသည် မမျှသည့် အနေအထားနှင့် ကြုံတွေ့နေရသည်ဟု မန္တလေးတိုင်း ဒေသကြီး၊ ကြည်ပြာ ဥစားကြက်မွေးမြူရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ယွန်းထည်လုပ်ငန်းကိုတွေ့ရစဉ်
၎င်းက “တချို့လုပ်ငန်းရှင်တွေတော့ ချေးငွေရတာ ဟုတ်တယ်။ အကုန်လုံးတော့ မပါဘူးပေါ့။ ကြည့်ရတာ နည်းနည်း အဆက်ဆက်ရှိမှ အသေးစား၊ အလတ်စားထဲ သွားတယ်။ တချို့အသေးတွေကျတော့လည်း သူက မပေးပြန်ဘူး။ အဓိကက ဈေးကွက်မရှိဘူး ဖြစ်နေတယ်။ ထုတ်လုပ်တဲ့နေရာတွေက အခု အနည်းနဲ့အများ ရှိသေး တယ်။ နိုင်ငံရေးကြောင့် အဓိက ဆိုင်မှာပေါ့နော်။ ထုတ်လုပ်တဲ့ နေရာတွေက ရှိသေးတယ်။ ဒါပေမယ့် စားသုံးတဲ့ နေရာတွေကျတော့ အဲဒီကို ပို့ဖို့ လမ်းကြောင်းပိတ်နေတာ အခုက။ အဲဒါ တစ်ကြောင်းပေါ့၊ နောက်တစ်ခုကျတော့ အစ်ကိုတို့ ခြုံငုံကြည့်တာတော့ လူတွေကိုယ်တိုင်က စားနိုင်တဲ့ ပိုက်ဆံ မရှိတော့ဘူး။ အဲဒီအခါကျတော့ စားသုံးမှု က ကျလာတာ။ စားသုံးမှု ကျတာက တစ်ကြောင်း၊ နောက်တစ်ခုက ပုံမှန်ထုတ်လုပ်တဲ့ နေရာမှာမှ ကြားက သယ်ယူပို့ဆောင်ခ မရတော့ ဒီဘက် ထုတ်လုပ်တဲ့ နေရာတွေမှာ ပုံနေတာ ဈေးကွက်က ပစ္စည်းက။ ဟိုဘက် လုံးဝ မရှိတဲ့နေရာကျတော့လည်း ဈေးကြီးသွားတယ် အဲဒီလိုဖြစ်သွားတယ်။ ထုတ်လုပ်တဲ့နေရာတွေက စစ်မဖြစ်တဲ့ နေရာတွေဆိုတော့ ပုံမှန်အတိုင်း ထုတ်လုပ်လို့ရသလို ဖြစ်နေတာ” ဟု ပြောသည်။
ထိုအပြင် လက်ရှိတွင် တချို့သော အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ပြည်ပမှ တင်သွင်းရသည့် ကုန်ကြမ်းများသည် တင်သွင်းခွင့် လိုင်စင် အခက်အခဲများလည်း ဖြစ်ပေါ်လျက် ရှိနေသည်။
ခေတ်အဆက်ဆက် ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးလာစေရန် အတွက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့်အပြင် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းသည်လည်း မရှိ ဖြစ်နေကြောင်း၊ ထို့နောက် ထိုလုပ်ငန်းများသည် ရပ်တည်နိုင်ဖို့ပင် ခက်ခဲနေကြသည့် အနေအထားတွင် ဖြစ်ပေါ် နေသည်။
နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာရန်အတွက် လုပ်ဆောင်ရာတွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ရေရှည်ရပ်တည်းရေးအတွက်ကိုလည်း စဉ်းစားသင့်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြ ကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 701
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံ့စီးပွားရေး ထိခိုက်နေမှုများကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရန်အတွက် နိုင်ငံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးရှိရန် လိုအပ်သလို အုပ်ချုပ်မှုမူဝါဒများ ပြောင်းလဲရန် လိုအပ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် လေ့လာသုံးသပ်သူများက ပြောသည်။
ဒေသတည်ငြိမ်မှု မရှိသည့်အတွက် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုများ မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း၊ ထို့နောက် တိုင်းပြည်စီးပွားရေးသည် ထိခိုက်နေခြင်း ဖြစ်သည်။
ထို့ကြောင့် နစကအနေဖြင့် တိုင်းပြည်စီးပွားရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရာတွင် နိုင်ငံရေး တည်ငြိမ်ရန် ဦးစွာ လုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရန်အတွက်လည်း လက်ရှိ ကျင့်သုံးနေသည့် အုပ်ချုပ်မှု မူဝါဒများ ကို ပြောင်းလဲရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ကုန်စိမ်းများ ရောင်းချနေသူ တစ်ဦးကိုတွေ့ရစဉ်
၎င်းက “တိုင်းပြည်စီးပွားရေး ကောင်းဖို့ဆိုတာ နိုင်ငံရေး တည်ငြိမ်မှပဲ ရမှာလေ။ နိုင်ငံရေး တည်ငြိမ်ဖို့ဆိုတာက အုပ်ချုပ်မှု တည်ငြိမ်မှ နိုင်ငံရေး တည်ငြိမ်မယ်။ တည်ငြိမ်မှ စီးပွားရေးလည်း တည်ငြိမ်မှာကိုး။ စီးပွားရေး တစ်ခု တည်း သွားလုပ်လို့ အဆင်မပြေဘူးလေ။ ဒေသတည်ငြိမ် အေးချမ်းရေးလည်းရှိမှ ထုတ်လုပ်မှုလုပ်ငန်းတွေကို လုပ်နိုင်မှာကိုး။ အခု ရှမ်းမြောက်တခွင်ဆိုရင် ကုန်သွယ်ရေးရော၊ ထုတ်လုပ်မှုရော ဘာမှမလုပ်နိုင်ဘူးလေ။ ဒေသ တည်ငြိမ်အေးချမ်းရေးကိုလည်း ဖိဖိစီးစီး လုပ်နိုင်ရမယ်။ အခုက နစကအနေနဲ့က စစ်ဘက်ရော၊ အုပ်ချုပ်မှုဘက် ရော နှစ်ဖက်လုံး သူကလုပ်နေရတော့ နိုင်ငံရေး ဖြစ်နေတာပေါ့နော်။ ရှင်းရှင်းပြောရရင်တော့ တစ်ဖက်ကို လွှတ်ထားလိုက်။ စစ်ဘက်ကို တာဝန်ယူမယ်ဆိုရင် ဒေသအုပ်ချုပ်ရေး၊ တည်ငြိမ်ရေးတွေကို တိတိကျကျလုပ်။ ကောင်းအောင်လုပ်၊ အောင်မြင်အောင်လုပ်။ တိုင်းပြည် စီးပွားရေး တိုးတက်မှုရအောင် အရပ်သားအစိုးရဖြစ်တဲ့ အဖွဲ့တစ်ခုလောက်ကို တာဝန်ပေးလိုက်။ အဲဒီလိုမျိုး ဖြစ်အောင် လုပ်နိုင်ရမယ်။ ရှင်းရှင်းပြောရင်တော့ စီးပွားရေး တိုးတက်လာဖို့က တိုင်းပြည်ရဲ့ plan ပေါ့နော်၊ formatting ကောင်းဖို့လိုတယ်။ formatting မကောင်းဘဲနဲ့တော့ စနစ်မကောင်းရင်တော့ ဘာမှတိုးတက်စရာလမ်းတော့ မမြင်ဘူး။ ဒီထက် ကျပ်တည်းတဲ့ အကျပ်အတည်းတွေပဲ ရင်ဆိုင်နေရမယ်လို့ ဆရာတို့က သုံးသပ်တယ်။ စီးပွားရေး တကယ်တိုးတက်ချင်ရင်တော့ အခု သွားနေတဲ့ trend ကနေပြီးတော့ ပုံစံလေး ပြောင်းမှ ရမယ်။ ပုံစံမပြောင်းဘဲနဲ့ ဒီပုံစံပဲ ခေါက်ရိုးကျိုးနဲ့ပဲ တိုင်းပြည်စီးပွားရေး တိုးတက် အောင် ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာ ပြန်ပြီးတော့ မေးခွန်းထုတ်ချင်တယ်” ဟု ပြောသည်။
စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများ ယခုထက်ပို၍ အားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ပြည်တွင်း နိုင်ငံခြားငွေ ဈေးနှုန်းသည် ယခင်ကထက် မြင့်တက်နေမှုများ ရှိနေခြင်းကြောင့် လယ်ယာ ထွက်ကုန်များကို ပြည်ပတင်ပို့မှုများမှ ရရှိလာသည့် အကျိုးအမြတ်သည် ယခင်ထက် ပို၍ များပြားနေပြီ ဖြစ်သည်။
ကုန်စိမ်းများကို တွေ့ရစဉ်
ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခမဖြစ်ဘဲ ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တခြားသော ကုန်ထုတ်လုပ်မှုများကို ပိုမို တိုးတက် လာစေရန် လုပ်ဆောင်သင့်ကြောင်း Via logistics & supply chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “တည်ငြိမ်အေးချမ်းတဲ့ နယ်မြေတွေမှာ ပိုလုပ်ပေါ့။ ပိုပြီး များများပေါ့၊ အဲဒါကို တွန်းအားပေးနိုင်မယ်ဆိုရင် တော့ လုပ်ငန်းရှင်တွေနဲ့ တိုင်းပြည်ဝင်ငွေအတွက်လည်း အဆင်ပြေတာပေါ့။ export ပို့တယ်ဆိုရင် ရတဲ့အခွန်က လည်း အစိုးရကို ဝင်တာပဲလေ။ ဒါပေမယ့် ခက်ခဲတာတော့ အများကြီးပဲ။ ငွေလွှဲပြဿနာတို့၊ ကွန်တိန်နာ ခက်ခဲ တာ၊ သင်္ဘောမရှိတာ၊ လိုင်စင်တွေ အဲဒါတွေကတော့ မဖြစ်သင့်ဘူးပေါ့။ အခုဆိုရင် လိုင်စင်ကို ပို့ကုန်သမားတွေကို သိပ်မခြိမ်းခြောက်ဘူးပေါ့။ ပို့ကုန်သမားတွေကို မခြိမ်းခြောက်တော့ ရသလောက် ပို့နိုင်အောင် လိုင်စင်တွေ ခွင့်ပြု ပေးသင့်တယ်။ အဲဒါဆိုရင် ပို့ကုန်သမားတွေအတွက် ပို့ရတဲ့ ကုန်သွယ်မှု ခက်ခဲတဲ့ ပြဿနာတွေ တတ်နိုင်သ လောက် လျော့သွားမှာပေါ့။ ဒီဘက်က နယ်စပ်ပေါက်တွေ ပိတ်ထားလို့ ရပ်တန့်နေတဲ့ ဝင်ငွေတွေကို ဒီဘက်က ဖြည့်လို့ရတာပေါ့” ဟု ပြောသည်။
ပို့ကုန် ပိုမိုတင်ပို့မှုကြောင့် တိုင်းပြည်၏ ဝင်ငွေ အပြင် တောင်သူများနှင့် ကုန်သည်များရရှိသည့် အကျိုးအမြတ် သည် တိုးတက်လာသော်လည်း ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုနှင့် ဈေးနှုန်းများ အဆမတန် မြင့်တက်မှုများ မဖြစ် ပေါ်စေရန်အတွက် ပြည်ပပို့ကုန် တင်ပို့မှုများကို အလွန်အကျွံ မပြုလုပ်ရန်လည်း လိုအပ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။