- By CNI
- Category: စီးပွားရေး
- Hits: 964
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂
ထိုင်းသို့ မြန်မာ MOU လုပ်သားများစေလွှတ်ရာတွင် ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးဖြင့် စေလွှတ်ရန် အလုပ်သမားဝန်ကြီးဌာနမှ သဘောတူညီခဲ့ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင် များအဖွဲ့ချုပ် MOEAF မှ CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်-မြဝတီ-မဲဆောက်လမ်းကြောင်းသည် လမ်းခရီးအခြေအနေရ အဆင်မပြေသေးသဖြင့် ကော့သောင်း-ရနောင်းလမ်းကြောင်းမှ အဓိက စေလွှတ်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် လေယာဉ်ခနှုန်းထားမှာ အဆမတန် မြင့်တက်နေသည့်အတွက် ယခုလမ်းကြောင်းသည် ကုန်ကျစရိတ် ပို၍သက်သာကြောင်း MOEAF မှ အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။
“ကွာခြားချက်အရမ်းကွာသွားတယ်ပေါ့။ ရန်ကုန်-ကော့သောင်းရဲ့ လက်မှတ်က အရင်က ၁ သိန်းခွဲလောက်ပဲ ရှိရာကနေ အခုက ၄ သိန်းခွဲလောက်ရှိနေတာပေါ့ မြေပြင်ပေါက်ဈေးက အရမ်းဈေးကြီးတယ်။ ကော့သောင်း-ရနောင်းကနေ ဘန်ကောက်ကို လာဖို့ဆိုရင် တစ်ပတ်ကြီး ပြန်သွားရတယ်။ ကော့သောင်း-ရနောင်းကို များသော အားဖြင့် သုံးတာက ထိုင်းနိုင်ငံတောင်ပိုင်းဆို ကော့သောင်း-ရနောင်းက နီးတယ်။ အဲဒီဘက်စက်ရုံတွေ၊ လုပ်ငန်း တွေနဲ့ကြ နီးတယ်ပေါ့။ ဘန်ကောက်ဘက်ကိုဆိုရင်တော့ နည်းနည်း ပြန်ဝေးသွား ပြန်တယ်ပေါ့။ အဲဒါနဲ့စာရင် အခု ရန်ကုန်-ဘန်ကောက်ဆိုရင် ဘန်ကောက်သွားမယ့် ကလေးတွေအတွက် ပိုမြန်တာပေါ့။ တန်းပြီးတော့ ရောက်သွား မယ်၊ တစ်ရက်တည်းနဲ့ တစ်နာရီအတွင်း ရောက်သွားမယ်ပေါ့။ နောက် လေယာဉ်ဈေးကလည်း သူ့ထက် နည်းနည်း လျော့တောင် လျော့သွားတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးဖြင့် MOU လုပ်သားများ စေလွှတ်လိုပါက ယခုကတည်းက တင်ပြထားနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော်လက်ရှိအချိန်အထိ တင်ပြလာသည့် အေဂျင်စီများ မရှိသေးကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။

MOU ဖြင်သွားရောက်မည့် လုပ်သားများ
MOU လုပ်သားများအား ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးဖြင့် စေလွှတ်ခွင့်ပြုရန် အေဂျင်စီများဘက်မှ တောင်းဆိုခဲ့ကြသည်မှာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်း၌ ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ ညွှန်ကြားရေးမှူးအဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံ တာဝန်ရှိသူများက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးအား ပြေးဆွဲသည့် လေကြောင်းလိုင်း အများအပြားရှိသည့်အတွက် လေယာဉ် ခနှုန်းထားများ အဆမတန် ဈေးတက်သွားနိုင်ခြေမရှိကြောင်း လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
“ဘာလို့ဆို Airline က ၃၊ ၄ ခုလောက် ရှိတယ်လေ။ ရှိတော့ ဈေးတော့ အဲဒီလောက်အထိ တက်မှာမဟုတ်ဘူး။ လူများရင်သာ အချိန်ခွဲလွှတ်ဖို့ ဖြစ်လာမှာပေါ့။ ကိုယ့်ဘာသာကိုယ်ငှားတဲ့ sector flight ဆိုရင် လေကြောင်းလိုင်း တွေဘာတွေ အလုပ်သမားဝန်ကြီးဌာနကနေ တဆင့်တင်ပေးမယ်လို့ ပြောသွားတယ်။ ရိုးရိုးလိုင်းမှာဆိုလည်း ကိုယ်က လေယာဉ်ပျံလက်မှတ်ဖိုးအစောကြီး ဘိုကင်လုပ်ပြီး အဲဒီနေ့အတွက် သူ့လူ ၅၀ ဆို ၅၀ စာ ယူလည်း ရတာပဲ။ ၁၀၀ စာ ယူမယ်ဆိုလည်း ၁၀၀ စာ ဖြတ်ယူလို့ရတာပဲ ဆန့်သလောက်ပေါ့။ မဆန့်လည်း ၂ ကြိမ်ခွဲပို့ပေါ့” ဟု ၎င်းကပြောသည်။
မြဝတီ-မဲဆောက် လမ်းကြောင်းဖြင့် MOU လုပ်သားများ စေလွှတ်ရန် တင်ပြခြင်းများအား ဒီဇင်ဘာ ၁၉ ရက်နေ့ မှ စတင်ကာ ယာယီရပ်ဆိုင်းထားခြင်းဖြစ်ပြီး လက်ရှိတွင် အာရှလမ်းသစ် အသုံးပြု၍ မရသေးသဖြင့် ထို့ကော်ကိုး - ကျော်ခို့လမ်းမှ ကားလမ်းကြောင်း၊ ကော့သောင်း-ရနောင်းလမ်းမှ လေကြောင်းဖြင့် MOU လုပ်သားများကို စေလွှတ်နေကြခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းမှ စတင်ကာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1058
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂
နစကသည် လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ သက်တမ်း ၆ လတိုးထားသည်မှာ ပြည့်ပြီးဖြစ် ၍ အခင်းအကျင်းအသစ်ကို မဖန်တီးနိုင်ပါက မြန်မာ့စီးပွားရေး ပိုမိုထိခိုက်လာနိုင်သည်ဟု စီးပွားရေးနှင့်နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
နစကအနေဖြင့် အရေးပေါ်ကာလ သက်တမ်းကို ၆ လထပ်မံ၍ တိုးမည်ဆိုပါက လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး မငြိမ်သက်မှုသည် ပို၍ ဆိုးရွားနိုင်သလို စီးပွားရေးလည်း ပိုကျဆင်းလာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
သို့သော်လည်း နောက်ထပ် ၆ လအတွင်း ကြားဖြတ်အစိုးရတစ်ရပ်ကို ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါက စီးပွားရေးသည် အပြည့်အဝ ပြန်မကောင်းနိုင်သော်လည်း အနည်းငယ် ပြန်လည်ကောင်းလာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ကုန်ထုတ်လုပ်ငန်းကိုတွေ့ရစဉ်
၎င်းက “ကာ/လုံကို ဘယ်လိုပြန်ခေါ်နိုင်မလဲပေါ့နော်၊ ကြားထဲမှာလည်း အပြောင်းအလဲ တစ်ခုတစ်ရပ်ကတော့ ဆရာတို့လည်း မြင်ချင်တာပေါ့နော်။ ဒီအတိုင်း သက်တမ်းတိုးတာတော့ မငြိမ်မသက်နဲ့ သက်တမ်းတိုးရင်တော့ ဒီလိုပဲ ဆက်ပြီး မငြိမ်မသက်က ဒီထက် ပိုပြီး ဆိုးရွားတဲ့ အခြေအနေတွေပဲ လာမယ်လို့ပဲ ခန့်မှန်းရတယ်ပေါ့နော်။ ကြားထဲမှာ အပြောင်းအလဲဖြစ်နိုင်တဲ့ အစိုးရတစ်ရပ်ကိုတော့ ပြောင်းလဲစေချင်တာတော့ ဆရာတို့ရဲ့ စေတနာ အမှန်ပါပေါ့နော်။ ကြားဖြတ်အစိုးရတစ်ခု အနေနဲ့တော့ စီးပွားရေး ကောင်းအောင်လို့တော့ မလုပ်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စတွေ အောင်အောင်မြင်မြင် ဖြစ်လာမယ်ဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ပွင့် လာနိုင်ရင်တော့ စီးပွားရေး နည်းနည်းတော့ ပြန်ကောင်းလာနိုင်တဲ့ အနေအထားတော့ ရှိတာတော့ ဆရာတို့ သုံးသပ်တယ်ပေါ့နော်။ အနည်းဆုံးတော့ စီးပွားရေးကို ပြန်ပြီး rebuild လုပ်ဖို့က အနည်းဆုံး ၂ နှစ်လောက် ကြာ တယ်။ ကမ်းလှမ်းဖိတ်ခေါ်ဖို့၊ ဒါကြောင့်မို့ ရွေးကောက်ခံ အစိုးရတက်လာပြီးကာမှ ၂ နှစ်ကျော်လောက်မှပဲ ဒီ concept ကို လုပ်လို့ရမယ့်သဘောလို့ ဆရာတို့မြင်တယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးပြဿနာကြောင့် စီးပွားရေးအပေါ် သက်ရောက်မှု ဖြစ်နေ၍ နိုင်ငံရေး ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှသာ အဆင်ပြေမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြ သည်။
နိုင်ငံရေးပြဿနာ ပြေလည်ပါက နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမည့် သူများအနေဖြင့် ယုံကြည်မှုများ ရှိလာပြီး စီပွားရေး ပတ်ဝန်းကျင်များ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။
ထို့အပြင် စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့သည့် ကဏ္ဍတစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သော နည်းလမ်းအစား စီးပွားရေးစနစ်ကြီးတစ်ခုလုံး ကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

အထည်ချုပ် လုပ်ငန်းကိုတွေ့ရစဉ်
၎င်းက “ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သေချာပေါက် ပြောလို့ရတဲ့ကိစ္စ တစ်ခုမှမရှိဘူး။ လောလော ဆယ် ရှိတဲ့အနေအထားက ဒီပြဿနာ ပြေလည်မှ ရမှာပေါ့။ နိုင်ငံရေးပြဿနာ ပြေလည်ရင် IR (International Relations) ပြေလည်မယ်။ စီးပွားရေး ပတ်ဝန်းကျင် ပြန်ကောင်းလာမယ်။ စီးပွားရေး ပတ်ဝန်းကျင် ကောင်းလို့ ရှိရင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုတွေရမယ်၊ လူတွေ အလုပ်ပြန်လုပ်လို့ရမယ်။ အဓိက ဘာလဲဆိုတော့ SME ဆို SME တစ်ကွက်၊ ဟိုတယ်ခရီးဆို ဟိုတယ်ခရီးတစ်ကွက် အဲဒီလို ကွက်ကွက်လေး စဉ်းစားပြီးတော့ အဲဒီလို လုပ်ခဲ့တာလည်း အန်ကယ်တို့ ငယ်ငယ်ကတည်းက ခေတ်ကနေ ပြီးခဲ့တဲ့ခေတ်၊ အခုအထိပေါ့၊ အဲဒီလို စဉ်းစားနေ လို့ ပြဿနာသည် ပြဿာနာရဲ့ အခြေခံအကြောင်းတရားကို မရောက်ဘူး။ အခြေခံ အကြောင်းတရားဆိုတာ စီးပွားရေးစနစ်ကြီး ကောင်းအောင်လုပ်ရမယ်။ စီးပွားရေးစနစ်ကောင်းဖို့ နံပါတ် ၁ တစ်ချက်က နိုင်ငံရေးစနစ် ကောင်းတာမကောင်းတာ ခဏထား၊ နိုင်ငံရေးတည်ငြိမ်အောင် လုပ်ရမယ်၊ ဒါပါပဲ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များသည် တက္ကသိုလ်များနှင့် တခြားသော နေရာများတွင် စာသင်ကြားနေရသော နေရာတွင်သာရှိနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် လုပ်ဆောင်ပေးနိုင်သည့် အနေအထားမှာ နည်းပါးလျက်ရှိနေသည်ဟု ထောက်ပြကြသည်။
ထို့ကြောင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို တက္ကသိုလ်များတွင်သာမက ဌာနဆိုင်ရာများနှင့် တခြား သော နေရာများတွင် တာဝန်များ ပေးအပ်ပြီး အမှန်တကယ် တတ်သိနားလည်သည့် စီးပွားရေသိပ္ပံ၊ နိုင်ငံရေးသိပ္ပံ ပညာရှင်များ ခေတ်ရေစီးကြောင်းများ၌ ပါဝင်လာရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1017
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉
တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် မြဝတီနယ်စပ်ကုန်သွယ်ရေးသို့ ကုန်စည်များ ပို့ဆောင်နိုင်မှု မရှိသော်လည်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်မှုနှုန်းထားသည် ထိခိုက်မှု မရှိကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဖြစ်သည့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် သွားလာ၍ မရသော်လည်း တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံသို့ ရှမ်းတောင်နှင့် ရှမ်းအရှေ့ လမ်းကြောင်းများမှတဆင့် ကုန်စည်များပို့ဆောင်မှု ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှုသည် ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရာသီက ပွင့်လင်းရာသီဖြစ်တယ်၊ ကုန်စည်စီးဆင်းမှုက အားကောင်းတယ်။ အခုက နယ်စပ်ကုန်သွယ် ရေးပေါ့၊ ရန်ကုန် - ရှမ်းအရှေ့ကနေပြီးတော့ ရှမ်းတောင်နဲ့ ရှမ်းအရှေ့ကို သွားကြတယ်ပေါ့နော်။ နောက်ပြီးတော့ ဟိုဘက်က နယ်စပ်ကုန်သွယ်ရေး import တွေက ယိုးဒယားဘက်က နည်းနည်းခက်တော့ ရှမ်းအရှေ့ တာချီလိတ် ကနေပြီးတော့ နောက်ပြီးတော့ မိုင်းလာဘက်ကနေ ဒီဘက်ကို လာတာရှိတယ်။ နယ်စပ်ကုန်သွယ်ရေးက သူ့ဟာ သူတော့ သွားနေတာပဲ။ ရှမ်းမြောက်ကို သွားလို့မရတော့ ရှမ်းမြောက်ကို သွားလို့ရအောင် ကျနော်တို့က ရှမ်းအရှေ့ တရုတ်ပြည်ပေါက်ဖြစ်တဲ့ မိုင်းလားကနေပြီးတော့ သွားကြတာ။ နယ်စပ်ကုန်သွယ်ရေးက ယိုးဒယားကို ရောင်း တယ်၊ ယိုးဒယားကနေ လာတယ်ပေါ့။ အဲဒါကတော့ ကျိုင်းတုံကနေ လာတာပေါ့။ တာချီလိတ်ကနေ ရှမ်းအရှေ့ကို လာတာပေါ့။ အဲဒီလို သွားနေကြတယ်။ နောက်ပြီးတော့ ဒီအချိန်က ဖရဲသီးပေါ်ချိန်လည်း ဖြစ်တယ်။

ကုန်ကားများကို တွေ့ရစဉ်
နောက် ရာသီ ပေါ် ကြက်သွန်တွေလည်း ပေါ်ပြီဆိုတော့ ခါတိုင်းနှစ်လိုပါပဲ။ ခါတိုင်းနှစ်က ပုံမှန် ရှမ်းမြောက်ကို သွားမယ်ဆိုတဲ့ ကုန်တွေအားလုံးက ရှမ်းအရှေ့ကနေပြီးတော့ မိုင်းလားဘက်ကို သွားကြတာပေါ့။ မြဝတီကလည်း ဒီလိုပဲ။ ကား ကြီးနဲ့ သွားလို့မရတဲ့ လမ်းတွေကို ကားသေးနဲ့ ကဲ့ယူရတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးအနေဖြင့် ရှမ်းမြောက်၊ ရခိုင်နှင့် မြဝတီ နယ်စပ်ကုန် သွယ်ရေးတစ်ခုသာ ကုန်စည်စီးဆင်းမှု မရှိဘဲ ဖြစ်နေကြောင်း၊ သို့သော်လည်း တခြား တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ကုန်စည်ပို့ဆောင်မှုသည် ပုံမှန်အတိုင်း ရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအနေဖြင့် လက်ရှိသည် ပွင့်လင်းရာသီ ဖြစ်သည့်အတွက် ကုန်စည် ပို့ဆောင်နေရမှုသည် ကောင်းမွန်နေပြီး မိုးတွင်းကာလ မရောက်ခင်အထိ ယခုအတိုင်း ဆက်လက် ကောင်းနေမည် ဖြစ်သည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ကုန်ကားများကို တွေ့ရစဉ်
၎င်းက “အခုချိန်ကတော့ တခြားဘက်တော့ သွားနေပါတယ်။ ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း၊ နောက်တော့ ရန်ကုန်၊ မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ်ပေါ့။ ဖားအံပေါ့၊ မြဝတီတော့ သွားမရဘူးလေ။ မြစ်ကြီးနားဘက်လည်း သွားရပါတယ်။ သွားနေကြတာပဲ။ မုံရွာဘက်လည်း သွားနေကြတယ်၊ မုံရွာ၊ ရွှေဘိုဘက်လည်း သွားနေကြတာပဲ။ ပခုက္ကူ၊ မကွေးဘက်လည်း သွားနေကြတာပဲ။ ရန်ကုန် - ပုသိမ်ဘက်လည်း သွားနေကြတာပဲ။ အဲဒါတော့ သူ့ ရာခိုင်နှုန်းအတိုင်း သွားနေကြတာပေါ့။ အခုက ပွင့်လင်းရာသီဆိုတော့ ပုံမှန်အတိုင်း သွားမှာပဲ။ ၅ လပိုင်းအထိ ဒီပုံစံအတိုင်းပဲ သွားမှာပဲ။ ၅ လပိုင်းကျော်၊ ၆ လပိုင်း၊ ၇ လပိုင်း၊ ၈ လပိုင်း မိုးတွင်းကာလ ရောက်ရင်တော့ နည်း နည်းပါးပြီး ရှားပြီး အဲဒီမှ ရပ်သွားရော၊ ရပ်တော့ မသွားပါဘူး။ ကုန်ရှားတဲ့အချိန် သူ့ဟာသူ ကားအစီး ၁၀၀ သွား တယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ၅၀ ပဲ သွားတော့မှာ အဲဒီလို ဖြစ်သွားမှာပေါ့” ဟု ပြောသည်။
အဝေးပြေးကုန်စည်ပို့ဆောင်မှုသည် ရပ်တန့်၍ရသည့် လုပ်ငန်းတစ်ခု မဟုတ်သည့်အတွက် လမ်းကြောင်းတစ်ခု ပိတ်ထားပါက တခြား သွား၍ရသော လမ်းကြောင်းကနေ ကုန်သွယ်နေရမည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ထို့သို့ သွားနေရခြင်းကြောင့် ပုံမှန်လမ်းကြောင်းထက် အချိန်ကြန့်ကြာခြင်းနှင့် လမ်းခရီး အခက်အခဲများကြောင့် ကုန်စည်ပို့ဆောင်ခသည့် အဆမတန် မြင့်တက်သွားရသည်။
သို့သော်လည်း ကုန်စည်ပို့ဆောင်မှုများ ရပ်တန့်သွားပါက ပြည်တွင်း၌ ကုန်စည်ပေါသည့် ဒေသတွင်ပေါပြီး ကုန်စည်ရှားပြီး ဈေးကြီးသည့်ဒေသများလည်း ရှိလာမည် ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1254
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား တရားမဝင် ဟွန်ဒီလုပ်ငန်းများ ထက် တရားဝင် ငွေလွှဲလုပ်ငန်းများကို ပိုမိုအသုံးပြုလာစေလိုပါက ၎င်းတို့၏ လွှဲပို့ငွေများကို လွတ်လပ်စွာ စီမံခန့်ခွဲ ခွင့် ပေးသင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်ပရောက် မြန်မာများမှ တရားမဝင် ဟွန်ဒီလုပ်ငန်းဖြင့် ငွေလွှဲကြမှု များပြားလာခြင်းသည် ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမြဲမြင့်တက်နေသည့်အတွက် ၎င်းတို့လွှဲပို့လာသည့် နိုင်ငံခြားငွေများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပေးသင့်ခြင်းဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “Transition လုပ်တဲ့အခါမှာ လွတ်လွတ်လပ်လပ်နဲ့ easy going ဖြစ်ဖို့လိုတာပေါ့။ လူဆိုတာက စီးပွားရေး ပညာမှာ အခြေခံအားဖြင့်ရှိတယ်။ လူဆိုတာ မက်လုံးရှိမှ အလုပ်လုပ်တာပေါ့။ အဓိကက ဘာလဲဆိုတော့ ကိုယ့်ငွေ ပေါ့။ သူတို့လည်း ဘာပဲပြောပြော သူတို့လည်း နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းနဲ့ ရှာကြရတာ။ ပညာနဲ့ပဲ ရှာရှာ၊ labour အနေနဲ့ပဲရှာတာ။ ဒီငွေပေါ်မှာ ဘဏ်တွေကနေ လွှဲလာဖို့အတွက် မက်လုံးရှိမှရမှာ။ မက်လုံးဆိုတဲ့ အထဲမှာ ဒီငွေ ကြေးရဲ့ လွတ်လပ်မှုလည်းပါတာပေါ့ သဘောကလေ။ အဓိကက ဘာလဲဆိုတော့ ကိုယ့်နိုင်ငံကို သွင်းလာတဲ့ ငွေကို လွတ်လွတ်လပ်လပ် သူတို့ဘာသာ သူတို့ Privately စီမံခန့်ခွဲနိုင်ဖို့ လိုတာပေါ့။ အဲဒါရှိရင်တော့ ဒါပြဿနာမရှိဘူး။ အဲဒါမရှိရင်တော့ သူတို့ဘက်က စဉ်းစားသွားတာပေါ့။” ဟု ပြောသည်။
ယခင်က သင်္ဘောသားများ၏ နိုင်ငံခြားငွေကို ပြည်တွင်းသို့ တရားဝင် ငွေလွှဲလုပ်ငန်းများဖြင့် လွှဲပို့ရာတွင် ကား ပါမစ်များ ချပေးခြင်းဖြင့် အကျိုးခံစားခွင့်များပေးခဲ့သည်။

မြန်မာငွေနဲ့ ဒေါ်လာ လဲလှယ်နေစဉ်
ထို့ကြောင့် လက်ရှိတွင် ထိုသို့ တရားဝင်ငွေလွှဲပို့လာသူများအား ကားပါမစ် ထုတ်မပေးနိုင်သော်လည်း ၎င်းတို့၏ လွှဲပို့ငွေအား လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ပေးလိုက်မည်ဆိုလျှင် တရားမဝင်ဟွန်ဒီ လုပ်ငန်းများထက် တရားဝင် ငွေလွှဲလုပ်ငန်းများကို ပြောင်းလဲအသုံးပြု လာကြမည်ဖြစ်ကြောင်းလည်း ထောက်ပြကြသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “လုပ်တာက ဘာမှ စည်းစနစ်လည်း မကျဘူး။ ဒီဟာတစ်ခု လုပ်မယ်ဆို ရင် ဘာကြောင့်ဖြစ်တယ်။ သူ့ရဲ့ အရင်းအမြစ်ကိုမှ မလိုက်တာကြီးကို။ အဲဒီတော့ ဒီလိုမျိုး အခွန်တွေဘာတွေနဲ့ စည်းကြပ်ပြီးတော့ တရားဝင် ငွေလွှဲ ကိုယ့်နိုင်ငံရဲ့ ဘဏ္ဍာအဖြစ်ရအောင်လို့ ပြည်ပရောက်နေတဲ့ မြန်မာတွေဆီ ကနေ ငွေတွေကို နိုင်ငံအတွက် အကျိုးရှိစွာနဲ့ နိုင်ငံတော်ဝင်ငွေဖြစ်အောင် လုပ်ဖို့ဆိုတာ စနစ်တကျ လုပ်သင့်တာ လေ။ ဥပမာ ကိုယ့်ဘက်ကရော ဝန်ဆောင်မှုတွေ ဘယ်လိုပေးလဲ၊ ဘယ်လိုစနစ်ကျတဲ့ အစီအစဉ်တွေ လုပ်ပေးနေ လဲ။ ငွေလွှဲတဲ့နှုန်းက ဒီကလွှဲလိုက်တဲ့ နှုန်းနဲ့ ပမာဏ အနည်းအများပေါ် မူတည်ပြီးတော့ ဗမာပြည်ထဲမှာ ကျန်ခဲ့တဲ့ မိသားစုက ပြန်ရမယ့် ပမာဏက ညီမျှမှု ရှိပါ့မလားပေါ့။ ဒီအပေါ်တွေပေါ် မူတည်တာပေါ့။ အဲဒီဟာတွေမှ မလုပ် နိုင်တာ ကျန်တဲ့ဟာတွေက ပြောဖို့ခက်သွားပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် တရားမဝင် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများ လျော့နည်း ပပျောက်ရေးကို ရည်ရွယ်ကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည်။

ဗဟိုဘဏ်ကို တွေ့ရစဉ်
ကိစ္စရပ်တိုင်းတွင် တရားမဝင်လုပ်ငန်းများ ပုံမှန်ရှိနေကျဖြစ်သည့်အပြင် ၎င်းတို့သည်လည်း စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သောကြောင့် တရားမဝင် လုပ်ငန်းများအား ချဉ်းကပ်သည့်အခါတွင် စီးပွားရေးသဘောတရားဖြင့်ပါ စဉ်းစားသင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “informal sector ကို တဖြေးဖြေးချင်း ကန့်သတ်တာ၊ ချုပ်ချယ်တာ လုပ်မယ့်အစား ဘယ်လိုစနစ်တကျနဲ့ သူတို့လည်း အကျိုးရှိ၊ နိုင်ငံလည်းအကျိုးရှိအောင် စဉ်းစားတဲ့၊ ချဉ်းကပ်တဲ့ပုံစံက လိုတာပေါ့။ အဲဒီတော့ ဒါကို ချဉ်းကပ်တဲ့အခါမှာ Public administration အိုင်ဒီယာ သက်သက်နဲ့တော့ ချဉ်းကပ်လို့မရဘူး။ စီးပွားရေး သဘော တရားပါ သူက စဉ်းစားမှရမှာ။ အဲဒီတော့ informal sector ပေါ့ ပုံမှန်မဟုတ်တဲ့ စီးပွားရေးကဏ္ဍ ဒါလည်း စီးပွားရေးပဲလေ။ ဒီဟာကိုကန့်သတ်၊ တားမြစ်တာ၊ ချုပ်ခြယ်တာထက်စာရင် ဘယ်လိုစည်းကမ်းစနစ် ပိုကျလာ မလဲ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိ ဒီ informal sector ထဲမှာပါဝင်တဲ့ သူတွေလည်း အကျိုးရှိအောင် လုပ်မယ်ဆိုတဲ့ စီးပွားရေး အတွေးအခေါ်လိုတာပေါ့။ အုပ်ချုပ်ရေး Point တစ်ခုတည်းက သွားကြည့်လို့မရဘူးပေါ့” ဟု ပြောသည်။
တရားမဝင် ဟွန်ဒီလုပ်ငန်းများသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အများအပြား ပေါ်ပေါက်နေခြင်း ဖြစ်ပြီး ဈေးကွက် အခိုင်အမာရှိနေသည့် လုပ်ငန်းတစ်ခုဟု သတ်မှတ်၍ရသောကြောင့် ဖမ်းဆီးအရေးယူခြင်းဖြင့် ထိရောက်မှု ရှိနိုင်မည်မထင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 803
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈
ပြည်တွင်းတွင် ထွက်ရှိသည့် ကြက်သွန်နီများသည် လက်ရှိ၌ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေရသည်။
ယခုပေါ်သည့် ကြက်သွန်များသည် အချိန်ကြာမြင့်စွာ အထားမခံခြင်းကြောင့် ကုန်သည်များသည် ဂိုဒေါင်များတွင် သိုလှောင်ထား၍ မရခြင်းနှင့် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတစ်လျှောက် အချိန်ကြန့်ကြာခြင်းတို့ကြောင့် ကြက်သွန်များ အပျက်အစီး ဖြစ်နေသည်။
တောင်သူများအနေဖြင့် ကြက်သွန်ဈေးနှုန်း မြင့်တက်ချိန်တွင် ကြက်သွန်များကို တူးဖော်ထားကြခြင်းကြောင့် အမြင့်ဈေးဖြင့် ရရှိခဲ့ကြကြောင်း၊ လက်ရှိတွင် ကြက်သွန်ဈေးနှုန်းသည် ယခင်ထက် ကျဆင်းနေခြင်းကြောင့် လှောင်ထားသည့် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်ကြရခြင်းဖြစ်သည်ဟု ပခုက္ကူကြက်သွန်ကုန်များအသင်းမှ ကြက်သွန်ကုန်သည် ဦးကျော်သောင်းက CNI သတင်းဌာနသို့ ပြောသည်။

ကြက်သွန်နီများကို တွေ့ရစဉ်
၎င်းက “အခု ရောင်းနေကြတာ ၁၃၀၀၊ ၁၂၀၀၊ ၁၀၀၀ တဲ့၊ အသေးလေးတွေက ၄၀၀၊ ၅၀၀၊ ၆၀၀ တဲ့ RC လေးတွေ က။ အမြင့်ဆုံးက ၁၅၀၀ တဲ့။ ကြက်သွန်က ထားလို့မှ မရတဲ့ဟာတွေကို။ တစ်ခါတည်းဝယ်ပြီး တစ်ခါတည်း သွား ကြရတာ။ ဂိုဒေါင်မှာ ၁၅ ရက်လောက် နေလိုက်ရင် အူတွေ ချောင်သွားတာ၊ ချောက်ပြီးတော့ အခေါင်းကြီးတွေ ဖြစ်သွားတာ။ အခုဆိုရင် ဝယ်လက်တောင် သိပ်မရှိချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထားမရတဲ့ ကြက်သွန်မို့လို့။ ဒီနေ့ဝယ်တယ်ဆိုရင် ၃ ရက်လောက်ပြီးရင် ကားတွေပေါ်အရောက်။ အဲဒီလို လုပ်ရတာတွေ၊ မြန်မြန်ဆန်ဆန် လုပ်ရတဲ့ ကြက်သွန်တွေ။ လောလောဆယ် တောင်သူတွေက ၂၀၀၀ ကျော် ရောင်းလိုက်ရတာတွေပါ။ ကိုက်ပါ တယ်၊ အရင်း ၁၀၀၀ လောက် ရမှာ။ တောင်သူတွေ ကိုက်တယ်၊ ကုန်သည်တွေ ရှုံးတယ်၊ လမ်းပန်းဆက်သွယ်ရေး တွေမကောင်းတော့ ကုန်သည်တွေ ရှုံးတယ်” ဟု ပြောသည်။
ကြက်သွန်စိုက်တောင်သူများသည် အစောပိုင်းတွင် ကြက်သွန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ကြက်သွန်များကို စော၍ တူးဖော်ခဲ့ကြသည့်အတွက် ဈေးကွက်၌ ကြက်သွန်များ စုပုံလာသည်။ ထိုကြက်သွန်များသည် ပျက်စီးလွယ် ခြင်းကြောင့် ဈေးနှုန်းကျဆင်းလာသည်။
သို့သော်လည်း လက်ရှိတွင် တောင်သူများထံတွင် ကြက်သွန်နည်းပါးနေခြင်းနှင့် တချို့သော တောင်သူများက ကြက်သွန် တူးဖော်မှုကို ထိန်းလာခြင်းကြောင့် ဈေးကွက်အတွင်း ကြက်သွန်ဈေးနှုန်း ကျဆင်းမှုသည် အနည်းငယ် ရပ်တန့်လာကြောင်း မြင်းခြံကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

ကြက်သွန်နီများကို တွေ့ရစဉ်
၎င်းက “တောင်သူတွေ ကြောက်စိတ်ဝင်တာရော၊ နယ်မြေအခြေအနေအရ မတူးမဖြစ် တူးကြရတာတွေရော၊ ရှုံးကြပါတယ်၊ တောင်သူတွေလည်း အရှုံးခံ တူးနေကြတာ။ ဒါပေမယ့် အခုလက်ရှိ ဈေးတန်းတွေကျတော့ နည်း နည်း ပြန်ထိန်းသွားကြပါပြီ။ မတူးကြတော့ပါဘူး။ အခု နယ်မှာက ၁၃၊ ၁၄၊ ၁၅၊ ၁၆ အဲဒီဈေးတွေဆိုတော့ ဟိုဘက် ဈေးနဲ့စာရင် တစ်ပိဿာ ၁၀၀၀ လောက် ကျသွားတာပေါ့။ တောင်သူလက်ထဲမှာထားရင် ယာခင်းထဲမှာထားရင် ဘာမှမဖြစ်ဘူး။ စင်ပေါ်မှာတော့ ၂ ပတ်ထက် ထားလို့မရဘူး။ စင်ပေါ်မှာ လှောင်မယ်ဆိုရင်တော့ လှောင်လို့မရ ဘူး။ ဒီရာသီ ကြက်သွန်တွေက တောင်သူတွေက ယာခင်းထဲမှာထားမယ်၊ ထားပြီးတော့ ဈေးကွက်ကြိုက်ပြီဆိုမှ တူးရောင်းတဲ့ရာသီပေါ့။ အဲဒါကို တောင်သူတွေက တူးကြဖြစ်တော့ ဟိုဘက်တုန်းက ၂၀၀၀ ကျော် ဈေးကွက်တွေ ကြားတော့ အဲဒီဈေးကွက်ကို မှီမလားဆိုပြီးတော့ တူးကြတာပေါ့။ တူးပြီးတော့ ထားမရတော့ ရောင်းကြတာပေါ့။ ကျန်တဲ့ဟာတွေကျတော့ အခင်းထဲထားတော့ ဘာမဖြစ်ဘူးလေ” ဟု ပြောသည်။
လက်ရှိတွင် ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ မင်းဘူးနှင့် ယောချောင်းဘက်မှ ကြက်သွန်များ ထွက်ရှိနေသည်။
ဧပြီလတွင် ထွက်ရှိမည့် ကြက်သွန်များသည့် တစ်နှစ်ပတ်လုံး သိုလှောင်ထားနိုင်ခြင်းကြောင့် ထိုကြက်သွန် ထွက် ပေါ်ချိန်၌ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာမည်ဟု ကုန်သည်များက ပြောသည်။
လက်ရှိတွင် ဈေးနှုန်း ကျဆင်းနေခြင်းကြောင့် တောင်သူများက ကြက်သွန်တူးဖော်မှုကို ထိန်းလာသည့်အတွက် ကုန်စဒိုင်များသို့ ကြက်သွန်ဝင်ရောက်မှုလည်း လျော့နည်းသွားကြောင်း၊ ယခင် တစ်နေ့လျှင် ပိဿာချိန် သိန်းနှင့်ချီ၍ ဝင်ရောက်နေသော်လည်း လက်ရှိတွင် သောင်းကဏန်းသာ ဝင်ရောက်လျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 937
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈
စီးပွားရေး မတည်မငြိမ် ဖြစ်နေသည့်အတွက် အလုပ်သမားခွဲတမ်းချပေးခြင်းကို သဘောတူညီမှုယူထားသည့် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း မလေးရှားအစိုးရက ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
မလေးရှားနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတစ်ခု၌သာ ၎င်းတို့နိုင်ငံသားများသာမက မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား အင်အားများမှာလည်း သိသိသာသာ ရှားပါးနေပြီး အခြားစက်မှု လုပ်ငန်းများတွင်မူ လုပ်သားဦးရေမှာ ခွဲတမ်းထက် ကျော်လွန်နေကြောင်း ၎င်းတို့က ပြောသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ကဏ္ဍအသီးသီးအတွက် အလုပ်သမားခွဲတမ်းများအား လွှဲပြောင်းခွင့်ပြုမည်ဟု ပြောခဲ့ သောကြောင့် ခွဲတမ်းထက် ကျော်လွန်နေသည့် လုပ်ငန်းများအပေါ် စစ်ဆေးမှုများ ရှိလာနိုင်ကြောင်း မလေးရှား တွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်း ဌာနသို့ ပြောသည်။

အလုပ်သမားများကိုတွေ့ရစဉ်
၎င်းက “ရှိလာမှာပဲ။ အခုလက်ရှိမှာ လ.ဝ.ကမှာ RTK 2.0 ပါမစ်ကို ပိတ်လိုက်ပြီဆိုပေမယ့် လက်ဗွေနှိပ်တာ၊ ဆေးစစ်တာ၊ သူဋ္ဌေးက အတည်ပြုတာ၊ စတစ်ကာကပ်တာတို့က ၆ လပိုင်းအထိ ခွင့်ပြုထားတာရှိတယ်။ အခု အချိန်မှာ ကျနော် မြင်နေရတာက လူတွေပြည့်သွားတဲ့ အနေအထားမျိုးမှာ တချို့ ကုမ္ပဏီအေးဂျင့်တွေက သူတို့ ကုမ္ပဏီနဲ့ လူတွေ တင်ထားတာ အများကြီး။ အမှန်မှန် စက်ရုံတစ်ခုက သူတို့ရဲ့ ခွဲတမ်းရှိတယ်။ လူအယောက် ၁၀၀ ဆို ၁၀၀၊ ၅၀ ဆို ၅၀ အဲဒီလောက်ပဲရှိတယ်။ အခုအချိန်မှာ အေးဂျင့်တစ်ခုက သူတို့ကုမ္ပဏီနဲ့ လူကိုခေါ်ထားတာ အယောက် ထောင်နဲ့ချီပြီးတော့ ရှိနေတော့ အခုအချိန်မှာ နောက်တစ်ဆင့် သွားပြီးတော့ လ.ဝ.ကမှာ လုပ်ဆောင်ရ မယ့် အချိန်မှာ လ.ဝ.က က စောင့်ဖမ်းတာ မျိုးလည်း ရှိတယ်။ နောင်လာမယ့် အချိန်ကိုတောင် စောင့်ကြည့်စရာ မလိုပါဘူး။ လက်ရှိမှာတင် ဖမ်းဆီးတာတို့၊ စစ်ဆေးမှုတို့ အခုကတည်း စလုပ်နေပါပြီ” ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် အလုပ်သမားအပေါ် ခေါင်းပုံဖြတ်ပြီး အမြတ်ထုတ်သည့် အလေ့အထများနှင့် လူအင်အား မမျှတမှု၊ နိုင်ငံရပ်ခြားမှ ထောင်နှင့်ချီသည့် ရွှေ့ပြောင်းလုပ်သားများသည် မလေးရှား၌ အလုပ်အကိုင်မဲ့ဘဝဖြင့် သောင်တင်နေမှုများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် နိုင်ငံပေါင်း ၁၅ နိုင်ငံနှင့် အစိုးရချင်း သဘောတူညီချက်များကို ပြန်လည်သုံးသပ်မည်ဟု မလေးရှားအာဏာပိုင်များက ပြောခဲ့သည်။
မလေးရှားနိုင်ငံ၏ အဓိက စိုက်ပျိုးရေးဖြစ်သော ဆီအုန်းခြံများတွင် မြန်မာအပါဝင် တရားမဝင် အထောက်အထား မဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်ကြသော်လည်း မလေးရှားအာဏာပိုင်များမှ ဖမ်းဆီး မှုများ ပြုလုပ်လျက်ရှိကြောင်း ထောက်ပြကြသည်။

ဆီအုန်းခြံ လုပ်ငန်းက အလုပ်သမားတွေကို ဖမ်းဆီးနေစဉ်
မလေးရှားတွင်နေထိုင်သူ မွှားမိုက်ကယ်က “ဘယ်လိုလမ်းကြောင်းမျိုးကို သွားနေလဲဆိုတော့ လက်ရှိ အနေ အထားမှာ နိုင်ငံခြားသား လုပ်သားတွေကို လျှော့ချဖို့၊ သူတို့နိုင်ငံသားတွေ အခွင့်အရေးရဖို့။ လောလောဆယ်က သူတို့နိုင်ငံသားတွေပါ OTမရှိဘဲ အလုပ်အကိုင်တွေ ရှားပါးနေတာဖြစ်တဲ့အတွက် သူတို့နိုင်ငံမှာ နိုင်ငံခြားသား လူဦးရေတွေကို လျှော့ချရေးကိုသာ ဦးတည်နေတယ်ပေါ့နော် လက်ရှိက။ မလေးတွေကလည်း နေရာကွက်ကျား ဆိုသလို ဆန္ဒတွေပြနေတယ်ပေါ့ နိုင်ငံခြားသားတွေကို တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဒါတွေကို လျှော့ချပေးဖို့၊ သူတို့နိုင်ငံစီးပွားရေး ပြန်လည်ထူထောင် ကောင်းမွန်လာရေးအတွက်ပေါ့။ ကျိန်းသေတာကတော့ ဦးတည်တာက နိုင်ငံခြားသား လျှော့ချဖို့အတွက်ပဲ ဖြစ်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတွင် RTK 2.0 ပါမစ် မှတ်ပုံတင်စာရင်း ပေးသွင်းပြီးသူများအနေဖြင့် လုပ်ငန်းရှင်သူဋ္ဌေး၏ အတည်ပြု ခြင်း၊ လက်ဗွေနှိပ်ခြင်း၊ ဆေးစစ်ခြင်း စသည့် လုပ်ငန်းစဉ်များအား မတ်လကုန်အထိ နောက်ဆုံးထား ပြုလုပ်ရမည် ဖြစ်ပြီး ပါမစ်စတစ်ကာများအား ဇွန်လကုန်တွင် အပြီးအစီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဖမ်းဆီးစစ်ဆေးမှုများသည် မတ်လကုန်ခန့်အထိ အများအပြား ရှိနိုင်သေးကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1272
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇
ရန်ကုန်နှင့် မန္တလေး အိမ်ခြံမြေဈေးကွက် အခြေအနေသည် လက်ရှိတွင် အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုသာ များနေသည်ဟု အိမ်ခြံမြေဈေးကွက်အတွင်း၌ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်၍ အိမ်ခြံမြေဈေးနှုန်းများသည် မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည့်အပြင် ဘဏ်တွင် ငွေထုတ် ယူမှု အခက်အခဲများနှင့် နိုင်ငံရေး အခြေအနေများကြောင့် အိမ်ခြံမြေ ဝယ်ယူမှုသည်လည်း ၂ နှစ်ဆက်တိုက် မြင့်တက်ခဲ့သည်။
သို့သော် လက်ရှိ အိမ်ခြံမြေဈေးကွက် အခြေအနေသည် အရောင်းအဝယ် အေးသွားနိုင်သည်ဟု မျှော်မှန်းထားကြ သည့်အတွက် အရောင်းအဝယ် ရပ်တန့်နေပြီး ငှားရမ်းမှုသာ များနေသည်ဟု မန္တလေးမှ ဝါရင့် အိမ်ခြံမြေဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဩဂုတ်၊ စက်တင်ဘာ လောက်အထိ ဖြစ်တယ်။ အောက်တိုဘာကနေ ဒီဘက်ကို ငြိမ်သွားပြီ။ ရန်ကုန်က အရောင်းအဝယ်ကလည်း တိုက်ခန်းလောက်ပဲ ဖြောင့်ဖြောင့်ဖြစ်တာ။ ကျန်တာ မဖြစ်တော့ဘူး။ မန္တလေးလည်း မဖြစ်ဘူး။ ဈေးက မဖြစ်တဲ့အချိန်အခါကျတော့ ဈေးက မေးတော့မေးတယ်ပေါ့၊ ရောင်းသူတွေကလည်း နဂိုတက် သွားတဲ့ ဈေးအတိုင်းကို သိပ်မချချင်ဘူး၊ တချို့လည်း နည်းနည်းပဲ ချတယ်ဆိုတော့ မဝယ်ချင်ကြဘူး။ ကျနော် ကိုယ်တိုင်လည်း မဝယ်ဘူး၊ ရပ်ထားတာပဲ။ နဂိုထက်စာရင် အနည်းဆုံး ၈၀ ရာခိုင်နှုန်း ကျသွားပြီ။ မနှစ်က ကာလ နဲ့စာရင် ဒီနှစ် ၂၀၂၃ -၂၄ ပေါ့၊ ၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာကတည်းက အေးသွားတာပါ။ အငှားပဲ ရှိတာပါ၊ မဝယ်ပါ ဘူး။ တဖြည်းဖြည်းနဲ့ နှေးသွားမယ်ဆိုတာ မှန်းထားလို့ ရပြီးသားပဲလေ။ အဲဒီတော့ ဘယ်လိုလုပ်ပြီးတော့ ဝယ်တော့မလဲ။ အငှားပဲ လာတော့မှာပေါ့ အခုဟာက၊ ဘာမှ မလာဘူးလေ” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်က ၁၀၂၇ မှာ တိုက်ခိုက်နေတဲ့ TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ငွေကြေးတတ်နိုင် သည့် လူတန်းစားတစ်ရပ်သည် တိုက်ပွဲရှောင်သည့်အနေဖြင့် ရန်ကုန်နှင့် မန္တလေးသို့ လာရောက်၍ တိုက်ခန်း-ကွန် ဒို-လုံချင်းအိမ်များ ငှားရမ်းနေထိုင်လာသည့်အတွက် လက်ရှိမှာ အိမ်ခြံမြေ ဈေးကွက်သည် အငှားများနေခြင်း ဖြစ် သည်။
ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေ ဈေးကွက်တွင်လည်း လတ်တလောတွင် ငွေကျပ် သိန်း ၄၀၀ မှ သိန်း ၆၀၀ ကြား သာ အရောင်းအဝယ် များနေပြီး မြေကွက်နှင့် တန်ဖိုးမြင့် မြေကွက်များမှာ ဈေးနှုန်း မြင့်နေခြင်းကြောင့် ဝယ်ယူသူ နည်းပါးနေခြင်းဖြစ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် ပေါက်ဈေးထက် နှိမ့်၍ ရောင်းချနိုင်ပါက ဝယ်ယူမည့်သူ သည် ပုံမှန်ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ တိုးတက်ရေးနှင့် ကောင်းမွန်လာစေရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ရွှေအိုးအိမ် အိမ်ခြံမြေအကျိုးဆောင်မှ ကိုရဲအောင်က CNI သတင်းဌာနသို့ ပြောသည်။

မြို့ပြအဆောက်အဦများကို တွေ့ရစဉ်
၎င်းက “ဈေးကွက် အေးတယ်ဆိုတာက နိုင်ငံရေး အခြေအနေနဲ့ အများကြီး သက်ဆိုင်သလို ငွေကြေးပေါ့နော် အဲဒီ အပေါ်မှာလည်း အများကြီး သက်ဆိုင်တယ်။ ပြီးတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံး နိုင်ငံထဲမှာ ပါတယ်။ ပါတဲ့အခါ ကျတော့ အိမ်ခြံမြေမှာ invite လုပ်ဖို့အတွက်ကျတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မှီခိုမှသာ အဆင်ပြေမှာ။ သဘော တစ်ခုက တရုတ်ပေါ့၊ နောက် ဗီယက်နမ်တို့၊ ထိုင်းတို့၊ ထိုင်းကတော့ နည်းပါတယ်။ တရုတ်ပဲ အများဆုံး ရှိတာပါ။ တရုတ်တို့လိုမျိုးဆို မန္တလေးကို သူတို့ တိုးသွားတာ မန္တလေးအိမ်ခြံမြေက ဈေးကို မနည်းဘူး တက်သွားတာ။ သူတို့ က တရုတ်ငွေ ယွမ်နဲ့ တွက်တယ်။ အစ်ကိုတို့က မြန်မာငွေနဲ့ တွက်တယ်။ သူတို့ ယွမ်နဲ့တွက်တဲ့အခါကျတော့ နည်းနည်းလေးပဲ ရှိတယ်။ သူတို့က ဆွဲတင်လိုက်တော့ အခု မန္တလေးကဈေးက ဖြစ်သင့်တာထက်ကို ပိုတောင်ပို သွားတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်း ရွှေဈေးနှုန်းနှင့် ပြည်တွင်း ဒေါ်လာဈေးနှုန်းများ အနည်းငယ် ပြန်လည် တည်ငြိမ်လာခြင်း ကြောင့် ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်လည်း ဈေးကွက်လှုပ်ခတ်မှု နည်းပါးပြီး ယခင်ဖြစ်ပေါ်ခဲ့သည့် အမြင့် ဈေးနှုန်းဖြင့် အရောင်းအဝယ် အေးနေခြင်းဖြစ်သည်ဟု အိမ်ခြံမြေဈေးကွက် လေ့လာသူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1161
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇
တရားမဝင် ငွေလွှဲ/ငွေလဲလှယ်နေမှုများကို တားဆီးနိုင်ရန်အတွက် တရားမဝင် ဟွန်ဒီလုပ်ငန်းများကို ဖမ်းဆီး အရေးယူလာခြင်း ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေလဲလုပ်ငန်းရှင်များက ပြောသည်။
တရားမဝင် ငွေလွှဲ/ငွေလဲလှယ်သည့် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများထဲမှ သံသယဖြစ်ဖွယ် (၉၉)ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ်(၂၀)ဦးကို အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ပရောက် မြန်မာများသည် တရားမဝင် ငွေလွှဲ/ငွေလဲလှယ်သည့် ဟွန်ဒီလုပ်ငန်းများကို အဓိကအများဆုံး အသုံးပြု၍ ငွေလွှဲကြသည့်အတွက် ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ ဟွန်ဒီလုပ်ငန်းများအား ဖမ်းဆီးအရေးယူလာ ခြင်း ဖြစ်နိုင်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်လာနဲ့ ကျပ်ငွေကို တွေ့ရစဉ်
၎င်းက “ဟွန်ဒီကိုတော့ သူတို့ ကိုင်တွယ်ချင်တာကြာပြီ။ ဒါပေမယ့် သေသေချာချာ မကိုင်တွယ်နိုင်တာပေါ့။ အခု လည်း ဖမ်းထားလို့ရတာနဲ့ ကိုင်တွယ်လို့ရတာတော့ ကွာခြားမှာပေါ့။ အရင်တုန်းက သိပ်အရေးမယူဘူးဆိုတာက အလုပ်သမားအင်အား နည်းတာကို။ ဒီလောက်ကြီး မက်လောက်စရာ မရှိဘူးပေါ့ တိုင်းပြည်ကိုဝင်လာမယ့် ပိုက်ဆံ။ အခုက အလုပ်သမားက သန်းနဲ့ချီသွားတဲ့အခါကြတော့ ဗမာပြည်ထဲကို ပြန်ဝင်တဲ့ ပိုက်ဆံ amount က အရမ်းများတယ်လေ။ ဗမာပြည်မှာ မစီးဝင်ဘဲ နိုင်ငံခြားမှာပဲ လှည့်လည်သွားတော့ အလုပ်သမားတွေက လုပ် သလောက် ပိုက်ဆံရပေမယ့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ ပိုက်ဆံမရဘူးပေါ့။ ဒါကြောင့် အခုလို အရေးယူ ဆောင်ရွက်တယ်လို့ မြင်တယ်။ ဒီဟွန်ဒီက အခုလိုဖမ်းလို့လည်း ပျောက်ကွယ်သွားမှာတော့ မဟုတ်ဘူး။ ဗမာ ပြည်သူလူထုက မလုပ်ပါနဲ့ဆိုရင် အင်မတန် ခိုးကြောင်ခိုးဝှက်နဲ့ သိပ်လုပ်တာ” ဟု ပြောသည်။
တရားမဝင် ငွေလွှဲ/ငွေလဲလှယ်သည့် ဟွန်ဒီလုပ်ငန်းများသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာမှစတင်ကာ လက်ရှိ အချိန်အထိ အများအပြား ပေါ်ပေါက်နေခြင်းဖြစ်ပြီး ဈေးကွက် အခိုင်အမာရှိနေသည့် လုပ်ငန်းတစ်ခုဟု သတ်မှတ် ၍ရသောကြောင့် ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းဖြင့် ထိရောက်မှု ရှိနိုင်မည်မထင်ကြောင်း စီးပွားရေး လုပ်ငန်းရှင် များက ထောက်ပြကြသည်။
အဆိုပါ တရားမဝင် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများထံမှ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် လာဘ်ပေး/ လာဘ်ယူမှုများလည်း ရှိနိုင်ကြောင်း၊ ထိုလာဘ်ပေး/လာဘ်ယူမှုများကြောင့် များပြားလှသည့် တရားမဝင် ဟွန်ဒီ လုပ်ငန်း လုပ်ကိုင်သူများကို ထိထိရောက်ရောက် ဖမ်းဆီး အရေးမယူနိုင်ခြင်း ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

မြန်မာကျပ်ငွေ ၅၀၀၀ တန်များကိုတွေ့ရစဉ်
အမှုဖွင့် အရေးယူခံထားရသူ ၂၀ ဦးမှာ လိုင်စင်ရယူထားခြင်းမရှိဘဲ ထိုင်း၊ တရုတ်နှင့် မလေးရှားရှိ မြန်မာ အလုပ် သမားများ၏ လစာငွေများအား တရားမဝင် လွှဲပြောင်းထုတ်ပေးသူ ၉ ဦး၊ ကုန်ပစ္စည်း ဝယ်ယူခြင်းများအတွက် တရားမဝင် ငွေလွှဲပြောင်းပေးချေပေးသူ ၃ ဦးနှင့် နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေသို့ လဲလှယ်ပြီး ပြည်တွင်း၌ ငွေလွှဲ ပြောင်းထုတ်ပေးသူ ၈ ဦးတို့ဖြစ်ကြသည်။
ပြည်ပရောက် မြန်မာနိုင်ငံသား အများစုသည် တရားဝင် ငွေလွှဲလုပ်ငန်းများထက် တရားမဝင် ဟွန်ဒီလုပ်ငန်းများမှ အဓိကအများဆုံး ငွေလွှဲ/ငွေလဲလှယ်ကြခြင်းမှာ ကျပ်ငွေပေါက်ဈေး ပိုမိုရရှိသည့်အပြင် အခြားသော ဝန်ဆောင်မှု များမှာလည်း ကွာခြားသည့် အတွက်ကြောင့်ဖြစ်ကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီလိုမျိုး ငွေလွှဲလုပ်ငန်းတွေ ရှိမှသာလျှင် ဒီဘက်က အခြေခံ လူတန်းစား တွေနဲ့ ဘာမှမရှိတဲ့ အိုသမားတွေအတွက်က ဒါတွေနဲ့ပဲ အဆင်ပြေတဲ့အတွက် ဒီလူတွေရှိမှ အဆင်ပြေနိုင်မယ်။ ဒီလိုမျိုး black change money လေးတွေကြတော့ အိမ်တိုင်ရာရောက် အဆင်ပြေတယ်။ ကွာခြားချက်က ငွေဈေး မှာကြတော့လည်း ကွာဟတယ် ၂ ကျပ် ၃ ကျပ်လောက်။ black တွေက နည်းနည်း ပိုတယ်။ ပြီးရင် ငွေလွှဲခ ဝန်ဆောင်မှုကိုလည်း ဒီဘက်ကဘဏ်ကို ပေးဆောင်ရတဲ့ amount ကလည်း များတယ်။ Black money တွေမှာ မြန်မာဆိုင်တွေမှာ လွှဲတာကြ ဝန်ဆောင်ခ ပိုနည်းတယ်။ ပြီးရင် အဓိကက မြန်မာပြည်မှာ KPay, Wave Money နဲ့ပဲလွှဲနေတဲ့အတွက် နေ့ချင်းထုတ်လို့ရတယ်။ ဒီဘက်က အလုပ်သမားတွေ အတွက်လည်း အများကြီး အဆင်ပြေ တယ်။ သူတို့ပြောတဲ့ တရားဝင် bank to bank သွားမယ်ဆိုရင် အနည်းဆုံး တစ်ပတ်လောက်ကြာမယ်။ ပြီးသွား ရင် ဝန်ဆောင်မှုလည်းများတယ်။ Overstay တွေအတွက် လုံးဝ လွှဲလို့မရဘူး ဖြစ်တယ်” ဟု ပြောသည်။

ငွေလဲလုပ်ကိုင်သူများကိုတွေ့ရစဉ်
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တရား ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တရားမဝင် ဟွန်ဒီလုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက်သူများအား စစ်ဆေးမေးမြန်းခြင်းနှင့် ၎င်းတို့၏ ဘဏ်စာရင်းများနှင့် ဘဏ်စနစ်ကို အသုံးပြု၍ ငွေလွှဲ ပြောင်းခြင်းများအား စိစစ်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
တရားမဝင် ဟွန်ဒီလုပ်ငန်းများ လျော့နည်း ပပျောက်စေရေးအတွက် တရားဝင် ငွေလွှဲလုပ်ငန်းများဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်းအရ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင် အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ စုစုပေါင်းကုမ္ပဏီ(၁၄)ခုကို လိုင်စင်ချထားပေးခဲ့ပြီး ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဗဟိုဘဏ်အနေဖြင့် တရားမဝင် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများအား စိစစ်တွေ့ရှိပါက ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများသို့ သတင်း ပေးပို့ အကြောင်းကြား လျက်ရှိကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1107
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆
ခရီးသွားများ ပုံမှန်သွားလာနေကြဖြစ်သည့် ခရီးစဉ်ဒေသများထဲမှ နယ်မြေတည်ငြိမ်အေးချမ်းသည့် ဒေသများသို့ ခရီးသွားသိန်းချီဝင်ရောက်ခဲ့သော်လည်း တိုက်ပွဲများကြောင့် နယ်မြေ မတည်ငြိမ်သော ဒေသများတွင် ခရီးသွား ဝင်ရောက်မှု မရှိသလောက်ဖြစ်ကြောင်း ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းရှင်များထံက သိရသည်။
ခရီးသွား အများဆုံး ဝင်ရောက်လေ့ရှိသည့် ဒေသများထဲမှ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စတင်ဖြစ်သွားသည့် တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိ နယ်မြေမတည်ငြိမ် သေး၍ ခရီးသွားဝင်ရောက်မှု သိသာစွာကျဆင်းသွားကြောင်း ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၃ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ၁၄ သိန်း ကျော် ဝင်ရောက်မှုရှိခဲ့၍ ပြီးခဲ့သည့် နှစ်ထက် ၄၀ ရာခိုင်နှုန်းတိုးလာသည်။
သို့သော် ၂၀၂၂ ခုနှစ်၌ ခရီးသွား အများအပြား ဝင်ရောက်ခဲ့သည့် ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲများကြောင့် ခရီးသွားမရှိသလောက် ဖြစ်သွားကြောင်း ရှမ်းပြည်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၂၂ မှာတော့ ကျနော်တို့ ရှမ်းမြောက်ကတော့ တကယ့်ကို ခရီးသွားအများဆုံး ဝင်ရောက်ခဲ့တဲ့နှစ်ပေါ့။ အခန်းလည်း ပြည့်တယ်ပေါ့။ အခန်းတွေဆို ဒီနေ့လာ ဒီနေ့အခန်းမရဘူး။ ၂ ရက်၊ ၃ ရက်လောက် ကြိုတင် ဘိုကင် တင်မှ အခန်းရတဲ့ အနေအထားမျိုးအထိ ၂၀၂၂ ခုနှစ်မှာ ဖြစ်ခဲ့တယ်။ အဓိကကတော့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ငြိမ်းချမ်းမှုလည်း အဓိကကျပါတယ်။ ရှမ်းတောင်တို့၊ ရှမ်းအရှေ့တို့တော့ တိုက်ပွဲဖြစ်တာတွေမရှိဘူး။ တိုက်ပွဲဖြစ် တာလည်း နည်းတယ်။ အဓိကကတော့ ခရီးသွားလာမှုလည်း အဆင်ပြေတယ်ဆိုတော့ အဲဒီဘက်ကတော့ ဒီအချိန် က ပွင့်လင်းရာသီ ခရီးသွားရာသီလည်း ဖြစ်ပြီဆိုတော့ သူတို့ကတော့ ဧည့်သည်ရမှာပေါ့လေ။ ကျနော်တို့ဘက်က တော့ တိုက်ပွဲတွေလည်းဖြစ်၊ လမ်းတံတားတွေလည်း ချိုးခံထားရတယ်ဆိုတော့ အရေးနဲ့အကြောင်း တော်ရုံတန်ရုံ ခရီးသွားသူကလွဲလို့ ခရီးသွားတာ မရှိဘူးပေါ့။ ကွာဟချက်ကတော့ တော်တော်လေး ကွာသွားပါတယ်။ ပြောင်းပြန် လို ဖြစ်သွားတာပေါ့” ဟု ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-TNLA-AA)တို့ကြား ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း တချို့ နေရာများတွင် တိုက်ပွဲများဖြစ်နေသေးကြောင်း၊ လက်ရှိတွင် ငြိမ်းချမ်းရေး မရသေးသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရန်မှာ အချိန် ကာလ အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပုဂံဒေသသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ၅ သိန်းနီးပါး ဝင်ရောက်ခဲ့သည်။
ထို့နောက် သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် ဒီဇင်ဘာ ပိတ်ရက်များတွင် ခရီးသွားအများအပြား ဝင် ရောက်လေ့ရှိသည့် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက်နေ့က တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် တန်ဆောင်တိုင် ပိတ်ရက်မှစတင်ကာ ခရီးသွားဝင်ရောက်မှု လျော့နည်းသွားကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောစရာလည်းမရှိဘူး ဒီအချိန်ကြီး ဘာပြောရမှာလဲ။ ဒီအခြေအနေမှာ ခရီးသွားကို ဘယ်လိုပြောမလဲ။ အဲဒါပဲ ပြောဖို့ခက်နေတာပေါ့။ ဒီအချိန်မှာဘာပြောမလဲ။ သံတွဲ၊ ငပလီကို သွားတဲ့လူလောက်ပဲရှိတာ။ ငပလီဆိုတာ ကလည်း ဟိုဘက်ကနေ လေယာဉ်နဲ့လာတဲ့ အဖွဲ့လောက်ပဲရှိတာ။ ပြောစရာမရှိဘူးဖြစ်နေတယ်။ ဒီအချိန်ကြီးမှာ” ဟု ပြောသည်။
အောက်တိုဘာလမှ ဧပြီလအထိကို မြန်မာနိုင်ငံ၏ ခရီးသွားရာသီအဖြစ် သတ်မှတ်ထားကြသော်လည်း လက်ရှိ တိုက်ပွဲများသည် ခရီးသွားရာသီအတွင်း ဖြစ်ပွားခဲ့ကြသည့်အတွက် ခရီးသွားဝင်ရောက်မှု ဆုံးရှုံးသည့်အပြင် ထိုခရီး သွားများအပေါ် မှီခိုအားပြုနေရသည့် စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းများအတွက်ပါ အကြပ်ရိုက်စေခဲ့ကြောင်း သိရသည်။

ပင်လယ်ကမ်းခြေမှာ ခရီးသွားများကို တွေ့ရစဉ်
ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက “လ.ဝ.က က ရတဲ့ဒေတာတွေက ၁ သန်းရှိပြီပေါ့ ၂၀၂၃ မှာ။ သူများနိုင်ငံ တွေ ထိုင်းတို့ ဘာတို့မှာဆိုရင် မှန်းထားတာ ၂၅ သန်း မှန်းထားပေမယ့် ၂၈ သန်းအထိ တက်သွားတယ်။ မလေးရှား လည်းတက်တယ်။ အိမ်နီးချင်း နောက်ဆုံး ကမ္ဘောဒီးယား၊ လာအိုတောင်မှ သန်းကျော်သွားပြီ။ ၃ သန်းလောက် လား ၄ သန်းလောက်လား အဲဒီလောက်ဖြစ်သွားပြီ။ ဗီယက်နမ်လည်း အလားတူပဲ။ အာဆီယံထဲမှာ မြန်မာက ၁ သန်းပြည့်ပြီ ပြောတယ်ဆိုပေမယ့် ရန်ကုန်လေဆိပ်ကအဓိကပေါ့။ တစ်နေ့ကို ပျမ်းမျှပေါ့နော် ၂၀၂၃ ဇန်နဝါရီကနေ ဒီဇင်ဘာအထိကို ၂ သောင်း ပတ်လည်နီးပါးလောက်ဝင်တယ်။ ၁၂ လနဲ့မြှောက်မယ်ဆိုရင် ၂ သိန်းခွဲ ၃ သိန်းက အလွန်ဆုံးပဲ။ border တွေကလည်း ၂၀၂၃ အခြေအနေမှာ တော်တော်များများ ပိတ်ထားရတယ်။ Tourist က ကျနော်ထင်တယ် ၁ သန်းမဖြစ်နိုင်ဘူး။ အလွန်ဆုံးရှိ ၃၊ ၄ သိန်းပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုသည် ၁၂ သိန်းကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ရာတွင် လေကြောင်း၊ သင်္ဘော၊ နယ်စပ် ဝင်ပေါက်များမှ ဗီဇာဖြင့် ဝင်ရောက်သည့် နှုန်းထားမှာ ၂ သိန်း ၈ သောင်းကျော်သာရှိခဲ့ပြီး နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် ဝင်ရောက်သည့် နှုန်းထားမှာ ၁၀ သိန်း နီးပါးအထိ ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လေဆိပ် အပါအဝင် နယ်စပ်ဂိတ်များမှ ပြည်ပခရီးသွား ဝင်ရောက်မှုသည် ၂ သိန်းကျော် သာရှိခဲ့သည့်အတွက် ၅ ဆ ကျော် ပိုမိုများပြား လာသည်ကို တွေ့ရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1098
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅
မလေးရှားတွင် ရီကာလီဘရာစီပါမစ် (RTK 2.0) စတစ်ကာများကို ဇွန်လကုန် နောက်ဆုံးထား၍ အပြီးအစီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံရှိ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းများအား ပါမစ် ပြုလုပ်ရန် မှတ်ပုံတင်စာရင်း ပေးသွင်းခြင်းကို ၂၀၂၃ ခုနှစ်တွင် ခွင့်ပြုပေးထားခဲ့သည်။
ထို့နောက် ဒီဇင်ဘာလကုန်တွင် သတ်မှတ်ကာလ ကုန်ဆုံးသွားပြီဖြစ်၍ စာရင်းပေးသွင်းမှု ရပ်ဆိုင်းလိုက်သည်။
ထို့ကြောင့် ယခုကာလမှ ပါမစ်အတွက် မှတ်ပုံတင်စာရင်း ပေးသွင်းမည်ဆိုပါက မလွယ်ကူကြောင်း နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

မလေး လ.ဝ.က ဝန်ကြီးမှ RTK 2.0 လုပ်ငန်းစဉ်အား လာရောက်ကြည့်ရှုစဉ်
၎င်းက “လောလောဆယ် မရသေးဘူး။ လုပ်လို့ရမှာ မဟုတ်သေးဘူး။ တရားဝင် register က ၂၀၂၃၊ ၁၂ လပိုင်းမှာ ပိတ်သွားပြီ။ အခုမှ ၂၀၂၄ ထဲမှ အလည်ဗီဇာတွေနဲ့ ဝင်လာတာတွေ၊ အောက်လမ်းကတက်လို့ စာအုပ်ပါလာတာ ဖြစ်ဖြစ်(ပတ်စပို့) လုပ်လို့ လောလောဆယ် မလွယ်သေးဘူး။ တရားဝင်တော့ မလွယ်သေးဘူးပေါ့။ တရားဝင် အစိုးရကလည်း မပေးသေးဘူး။ လုပ်ဖို့လည်း လွယ်မှာ မဟုတ်သေးဘူး။ ပါမစ်အတု၊ အစစ်ဆိုတာ RTK ၂၀၂၃၊ ၁၂ လပိုင်းမကုန်ခင်မှာ ထုတ်ထားတဲ့ ဥစ္စာတွေ ဆေးစစ်တာက ပြဿနာမရှိဘူး။ လက်ဗွေနှိပ်တဲ့ အခါမှာ immigration ရုံး သွားနှိပ်ရမယ်လေ။ immigration ရုံးကို သွားမနှိပ်ဘဲနဲ့ စတစ်ကာတွေ ထွက်လာတယ်၊ ပါမစ် ရတယ်ဆိုတာ ဒါကတော့ အတိအကျ အတုလေ။ တချို့ကြတော့ လူဟောင်းတွေကိုမေး၊ စစ်လို့ရတဲ့ အနေအထား တွေရှိတယ်၊ ပါမစ်ထွက်လာရင် ကိုယ့်ပတ်စပို့ နံပါတ်နဲ့ နာမည်နဲ့ စစ်လို့ရတဲ့ အနေအထားတွေ ရှိတယ်” ဟု ပြော သည်။
အဆိုပါ ပါမစ်မှတ်ပုံတင်စာရင်း ပေးသွင်းပြီးသူများအနေဖြင့် လုပ်ငန်းရှင်သူဋ္ဌေး၏ အတည်ပြုခြင်း၊ လက်ဗွေနှိပ် ခြင်း၊ ဆေးစစ်ခြင်း စသည့် လုပ်ငန်းစဉ်များအား မတ်လကုန်အထိ နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
၎င်းအတည်ပြုခြင်းလုပ်ငန်းစဉ်အား မတ်လကုန်တွင် အပြီးသတ်မည်ဖြစ်ကာ ထပ်မံသက်တမ်းတိုးခွင့်ပေးမည် မဟုတ်ကြောင်းလည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမှ ပြောဆိုထားသည်။
ပါမစ်မှတ်ပုံတင်စာရင်းပေးသွင်းသူ ဦးရေနှင့်ပတ်သက်၍ မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အတိအကျ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း ပါမစ်မှတ်ပုံတင်စာရင်းမပေးသွင်းရသေးသူဦးရေသည် မလေးရှား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်းခန့် ကျန်ရှိနိုင်သေးသည်ဟု မလေးရှားရောက် မြန်မာများက ခန့်မှန်းကြသည်။

တာဝန်ရှိသူတစ်ဦးမှ ရီကာလီဘရာစီပါမစ် (RTK 2.0) ထုတ်ပေးနေစဉ်
မလေးရှားတွင်နေထိုင်နေသူ မချစ်သဲက “၃ လပိုင်းအထိက လက်ဗွေနှိပ်တာ နောက်ဆုံးပိတ်တယ်လို့ ပြောတယ် ပေါ့။ ၆ လပိုင်းအထိကြတော့လည်း နောက်ဆုံး စတစ်ကာထုတ်တာပိတ်တယ်လို့ ပြောပေမယ့်လို့ ဒါ လ.ဝ.က အနေနဲ့လည်း ဥပဒေအပြောင်းအလဲ လုပ်ချင်ရင်လည်း လုပ်လို့ရသေးတာပေါ့လေ။ ဘာဖြစ်လို့လဲဆို မလေးရှား တစ်နိုင်ငံလုံးမှာရှိတဲ့ ကုမ္ပဏီတွေ အကုန်လုံးကို work permit ဖွင့်ထားပေးတာဖြစ်တဲ့အတွက်ကို သူတို့ရဲ့ လ.ဝ.က အနေအထားကလည်း အလုပ်ပြီးချင်မှ ပြီးမှာလေ။ အဖမ်းအဆီးကတော့ နေရာတိုင်းမှာ တော်တော်များများကို ဖမ်းနေတယ်။ ညတိုင်းနီးပါး။ တချို့ရပ်ကွက်ဆို နေ့လည်တောင်မှ ဖမ်းနေတယ်။ အဖမ်းအဆီးက အရမ်းစိပ်တယ် လို့ ပြောရမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထိုပါမစ်လျှောက်ထားသည့်အခါတွင် နိုင်ငံကူးလက်မှတ်စာအုပ်နှင့် အလုပ်ရှင်သူဋ္ဌေး ရှိသူများသာ လျှောက်ထား နိုင်ခြင်းဖြစ်သည့်အတွက် သံရုံးမှ ထုတ်ပြန်ထားသည့် ဝင်ငွေခွန် ပေးဆောင်ရမည့်သူများထဲတွင် လက်ရှိ ပါမစ် လျှောက်ထားသူများလည်း ပါနိုင်ကြောင်း မလေးရှားတွင်နေထိုင်သည့် မြန်မာများက သုံးသပ်ကြသည်။
မလေးရှားနိုင်ငံတွင် လက်ရှိ အဖမ်းအဆီးများနေပြီး ပီနန်ခရိုင်တွင် ဇန်နဝါရီ ၁၃ ရက် စနေနေ့ ညပိုင်းက ပြုလုပ် သည့် မြန်မာဖျော်ဖြေပွဲတစ်ခုအား မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ ဝင်ရောက်စစ်ဆေးရာ အဆိုတော် အေမီစျာန် နဲ့ မော်ဒယ် ဖူးပွင့်ခိုင်တို့အပါအဝင် မြန်မာနိုင်ငံသား ရာနှင့်ချီ ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံရမှုသည် အော်ပရာစီ စီမံချက်ဖြင့် ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်မှ ဆူပူမှုဖြင့် တိုင်ကြား ကြခြင်း ဖြစ်ကြောင်းလည်း မလေးရှားတွင်နေထိုင်သည့် မြန်မာများထံက သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 889
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂
လက်ရှိတွင် နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ပြန်လည်စတင်နေပြီဖြစ်သော်လည်း ယခင် တင်ပို့နေမှု၏ ၅ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာရှိသည်ဟု ဆန်ကုန်သည်များထံမှ သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားနယ်စပ် ကုန်သွယ်ရေးဂိတ်မှတဆင့် ကုန်သွယ်ရေး လုပ်ဆောင်နေမှုများ ရှိသော်လည်း ကုန်ကျစရိတ် မြင့်တက်နေမှုကြောင့် ဆန်တင်ပို့ရန် အဆင်မပြေကြောင်း၊ ထို့ကြောင့် ကချင် ပြည်နယ်၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် ဆန်တင်ပို့နေကြသည်။
လက်ရှိ တင်ပို့နေသည့် ပမာဏသည် ယခင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်ပို့နေမှု၏ ၅ ရာခိုင်နှုန်းခန့်သာမရှိကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

လွယ်ဂျယ်မြို့အ၀င်ကို တွေ့ရစဉ်
၎င်းက “ရှမ်းအရှေ့ကသွားတာ ဆန်သွားလို့ မရဘူး။ ပဲတွေဘာတွေ သွားလို့ရတယ်။ ဆန်ကျတော့ စရိတ်မြင့် တယ်။ ဈေးတအားမြင့်လို့ သိပ်မကိုက်ဘူးလေ။ တရုတ်ကပေးတဲ့ ဈေးနှုန်းနဲ့၊ ဆန်ဈေးနှုန်းနဲ့၊ လမ်းစရိတ်နဲ့ မကိုက်ဘူး။ တခြား ပဲတွေဘာတွေ သွားတယ်။ များသောအားခြင့် ဖရဲသီးသွားတာ များတယ်။ ဖရဲသီးက ဈေး ရတယ်လေ။ လွယ်ဂျယ် - ဗန်းမော်က နည်းနည်းပါးပါးသွားတယ်။ လမ်းကလည်း ဒီနေ့ကောင်းလိုက်၊ မနက်ဖြန် ပိတ်လိုက်၊ ဒီနေ့ကောင်းလိုက် အဲဒီလိုမျိုး ဖြစ်နေတယ်။ မန္တလေး - ဗန်းမော် - လွယ်ဂျယ်ခေါ်တယ်။ ဗန်းမော်ကို သင်္ဘောနဲ့သွားတယ်၊ ကားနဲ့သွားတယ်။ ဆန်က တော်တော်ကျသွားပြီ။ ၅ ရာခိုင်နှုန်းတောင် မရှိတော့ဘူး မူဆယ် ထက်စာရင်။ အဲဒီလမ်းကြောင်းက ဈေးတော့ကိုက်တယ်။ သွားလို့ရတယ် မဆိုးဘူး အကျိုးအမြတ် ရှိပါတယ်။ ဒီကနေ့အထိတော့ လမ်းကြောင်းကောင်းနေပါသေးတယ်” ဟု ပြောသည်။
မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်ကားအစီးရေ ၅၀ မှ ၆၀ ကြား ဆန်တင်ပို့မှု ရှိခဲ့သည်။
သို့သော် လက်ရှိတွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးသည် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသော အောက်တိုဘာ ၂၇ ရက်နေ့မှစတင်၍ ယနေ့အချိန်ထိ ရပ်တန့်နေခဲ့သည်။

ကုန်ကားများကို တွေ့ရစဉ်
ယခုတင်ပို့မှု ပြုလုပ်နေသည့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွင်လည်း မန္တလေးမှ ဆန်ကုန်သည်များသာ ပြုလုပ်နေကြပြီး မန္တလေး - ဗန်းမော် ရေလမ်းကြောင်း မကြာခဏ ပိတ်ထားမှုကြောင့်လည်း အခက်အခဲ ရှိသည်ဟု သိရသည်။
လက်ရှိတွင် လွယ်ဂျယ်မှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် တစ်ရက်လျှင် ကားအစီးရေ ၂ စီးခန့်သာ တင်ပို့မှု ရှိနေသည်ဟု လွယ်ဂျယ် ကုန်ကားသမား ကိုဝိုင်းဝိုင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကားဝင်တဲ့ အရေအတွက်ကတော့ မများဘူး။ ပုံမှန်တော့ မရှိဘူး။ ၁ ရက်ကို ၁ စီး၊ ၂ စီးကတော့ ပုံမှန် တော့ ဝင်တယ်။ တခြားကားတော့ များတယ်။ ခါတိုင်းနှစ်ကတော့ ဒီထက်များတယ်။ ဒီထက်များတယ်ဆိုပေမယ့် အထဲထည် တိုက်ရိုက်တော့ မဝင်ဘူး။ ဘယ်လိုရှိလဲဆိုတော့ ဂိုဒေါင်တွေ ချတာများတယ်။ ဒီနှစ်ကတော့ ဂိုဒေါင် တွေချတာ သိပ်မတွေ့ဘူး။ တိုက်ရိုက်ပဲ ဝင်နေကြတယ်။ အရင်နှစ်ထက် စာရင်တော့ နည်းနည်း လမ်းကြေးတွေ ပိုများခဲ့တာတော့ ရှိတာပေါ့” ဟု ပြောသည်။
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအထိ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် ပို့ကုန် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော်နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၂၆ သန်းကျော် စုစုပေါင်း သန်း ၅၀ ကျော် ကုန်သွယ်မှု ပြုလုပ်ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1047
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လူမျိုးရေးပဋိပက္ခကြောင့် လက်ရှိတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့မှ ဒေသခံများသည် အိန္ဒိယနိုင်ငံ မိုရေးမြို့ထဲသို့ ဈေးသွားရောက်ရောင်းချရန် အဆင်မပြေမှုများ ဖြစ်နေကြောင်း တမူးဒေသခံများထံမှ သိရသည်။
တမူးဒေသခံများသည် အိန္ဒိယနိုင်ငံ မိုရေးမြို့သို့ ဒေသထွက် ကုန်စည်များနှင့် လူသုံးကုန်များကို သွားရောက် ရောင်းချပြီး မိုရေးမြို့မှ အိန္ဒိယအထည်များကို ပြန်လည်တင်သွင်းကြကြောင်း၊ ထို့နောက် မိုရေးမြို့အတွင်းတွင် အိန္ဒိယစစ်တပ်က စစ်ဆေးမှု တင်းကြပ်နေခြင်းကြောင့် အိန္ဒိယဘာသာစကား ပြောတတ်သူများအတွက် အဆင်ပြေသော်လည်း သာမန်ဒေသခံများမှာ အခက်အခဲ ဖြစ်နေကြသည်ဟု တမူးမြို့နှင့် မိုရေးမြို့တွင် ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေသည့် ကိုမင်းကိုက CNI သတင်းဌာနသို့ ပြောသည်။
“ပေါ်တင်ကြီး မရတော့ဘူး။ ခိုးကြောင်ခိုးဝှက်ကလေးတွေ လုပ်ကြရတယ်။ မိုရေးထဲမှာလည်း ချင်းတွေပေါ့နော် လောလောဆယ် လုပ်လို့ရတာက ချင်းတွေနဲ့ သူတို့ ဟိန္ဒူပဲ။ သူတို့ကကျတော့ မိုရေးထဲမှာလည်းနေတယ်၊ မြန်မာပြည်ထဲမှာလည်း နေတယ်လေ။ အဲဒီအတွက် သူတို့ဘာသာစကားလည်း ရတဲ့အတွက် သူတို့ကျတော့ အိန္ဒိယစစ်တပ်နဲ့တွေ့ရင်လည်း သူတို့က army လိုလည်း ပြောတတ်တယ်။ နောက်ပြီးတော့ နေတာက အိန္ဒိယနိုင်ငံသား ဘာညာ အဲဒီလိုပြောလိုက်ရင် လွတ်သွားတာရှိတယ်။ အဲဒီလိုလူတွေက အဆင်ပြေတယ်။ ဒီအတိုင်း မြန်မာပြည်သားတွေကတော့ လုပ်ရတာ မလွယ်တော့ဘူးလေ။ တမူးမှာက လက်လုပ်လက်စား သမားတွေက ဘာမှကို အလုပ်မဖြစ်တော့တာ။ မိုရေးဘက်သွားပြီး ဈေးရောင်းတဲ့သူတွေကလည်း တကယ့်ကို ခက်ခက်ခဲခဲနဲ့လေ အသက်စွန့်ပြီး သွားနေရတာ ရှိတယ်။ ပြီးတော့ တချို့ကျတော့ ဘာတွေလုပ်လဲဆိုတော့ စစ်ရှောင်ရွာလေးတွေမှာ စစ်ရှောင်တွေကို တမူးထဲက အသီးအရွက်လေးတွေ ဝယ်ပြီးတော့ သွားရောင်းတာလေး တွေ၊ အဲဒီလိုလေးတွေပဲ လုပ်ကိုင်စားနေရတာ။ အကုန်လုံးဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။

တမူး- မိုးရေး နယ်စပ်ဖြတ်ကျော်တံတားပေါ်မှာ ဖြတ်သန်းသွားလာနေကြစဉ်
တမူး-မိုရေး နယ်စပ်ဂိတ်သည် မြန်မာကုန်ပစ္စည်းများ အိန္ဒိယသို့ ပို့ရန် အဓိကလမ်းကြောင်းဖြစ်ပြီး တမူးဒေသခံ ၇၀ ရာခိုင်နှုန်းသည် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရပြီး နယ်စပ်မှ နေ့စဉ် လူအများအပြား ဖြတ်သန်း သွားလာကြသည်။
တမူးဒေသခံများသည် မိုရေးမြို့အတွင်းသို့ ကုန်ရောင်းကုန်ဝယ်ပြုလုပ်ခြင်းနှင့် ကုန်စည်သယ်ဆောင်သည့် လုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး လက်ရှိတွင် အလုပ်အကိုင်အတွက်လည်း အခက်တွေ့နေသည်ဟု သိရသည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မိုရေးမြို့သို့ ရောင်းချရန်အတွက် ကုန်စည်များ မရောက်လာသည့်အတွက် နေ့စဉ်ရောင်းချခြင်း မပြုနိုင်ဘဲ ၃ ရက်လျှင် တစ်ကြိမ်ခန့်သာ သွားရောက် ရောင်းချနိုင်သည်ဟု တမူးဒေသခံ ကိုရဲလင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“နေ့တိုင်းတော့ မသွားနိုင်ဘူး သူတို့။ ဘာလို့ဆို လမ်းပိတ်ထားတော့ ကလေးမြို့ဘက်ကနေ၊ တောင်ပေါ် ဘက်ကနေ၊ ချင်းတောင်ဘက်ကနေ လာတဲ့ကုန်စည်တွေကလည်း မရောက်နိုင်တော့ဘူးလေ။ လမ်းက ပိတ်ထားတဲ့အခါကျတော့ ပစ္စည်းတွေ၊ ကုန်စိမ်းလေးတွေ ရောက်မှပဲ ၂ ရက်တစ်ခေါက်၊ ၃ ရက်တစ်ခေါက် သွားရတာဆိုတော့ အရင်လိုတော့ နေ့တိုင်းနီးပါး သွားရောင်းလို့ မရတော့ဘူးဗျ အခုကလေ။ ၂ ရက်ကို တစ်ခေါက်လောက်ပဲ၊ ၃ ရက်ကို တစ်ခေါက်လောက်ပဲ သွားနိုင်တော့တယ်။ အခုလောလောဆယ်ကတော့ အခြေချပြီး အဲဒီမှာ သွားနေဖို့ ပြန်ရှောင်ပြီး ပြန်နေဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူးဗျ” ဟု ပြောသည်။
လက်ရှိ၌ ကလေး - တမူးလမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားသည့်အတွက် တမူးမြို့အတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် တချို့သော ကုန်စည်များ ဝယ်ယူရန် အခက်အခဲဖြစ်နေကြောင်း၊ ဒါ့အပြင် တချို့သော ဆောက်လုပ်ရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများလည်း ရပ်တန့်နေကြောင်း သိရသည်။
ဒါ့အပြင် ပြီးခဲ့သည့်ကာလများတွင် တမူးမြို့၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံဘက်သို့ ခိုလှုံနေသည့် တိုက်ပွဲရှောင်များကိုလည်း လက်ရှိတွင် အိန္ဒိယဘက်က ပြန်လည်ပို့ဆောင်နေမှုများလည်း ရှိနေသည်။
