- By CNI
- Category: စီးပွားရေး
- Hits: 454
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရှိသဖြင့် တန်ဆောင်တိုင်ပိတ်ရက်အတွက် ဟိုတယ်ဘိုကင်ယူထားမှုများသည် အခန်းအားလုံးအပြည့်နီးပါးဖြစ်နေကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မူ တိုက်ပွဲများဖြစ်ပွားနေသဖြင့် လာရောက်သည့် ခရီးသွားဧည့်သည်မရှိကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက် မှ ၂၇ ရက်နေ့အထိ ၇ ရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်သဖြင့် လက်ရှိတွင် ဟိုတယ်အခန်း မရှိသလောက်ဖြစ်နေပြီဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်း ဌာနသို့ ပြောသည်။
လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား ပါစင်ကျော်ရွာအနီးတွင် ပိတ်မိနေသည့် ပြည်သူများအားတွေ့ရစဉ်
“တန်ဆောင်တိုင်ကတော့ အခန်းရဖို့ကတော့ နည်းနည်းခက်သွားမယ့် အနေအထားရှိတယ်။ တော်တော်များများ တော့ ပြည့်နေကြပြီ။ အခုတောင်မှ ၂၆ တို့ ၂၅ အဲဒီရက်တွေဆိုရင် လုံးဝမရတော့ဘူး အခန်းက။ မရှိကိုမရှိဘူး အဲဒီလိုဖြစ်နေတာ ဘယ်မှာမှ။ အခုနေ လိုက်မေးရင်တောင် မရဘူး။ အခုနေလိုက်မေးရင်တောင် အဲဒီ ၂၅ တို့၊ ၂၆ တို့ဆို မရှိတော့ဘူး ဟိုတယ်တွေက။ တန်ဆောင်တိုင်ပိတ်ရက်လည်းကျတယ်၊ ပြီးသွားတော့ ရုံးရက်ရှည် ပိတ်ရက် လည်း ဆက်သွားတာလည်း ပါတာပေါ့ ၃ ရက်ဆက်တိုက် ပိတ်သွားတဲ့အနေအထားလေးပါ။ တောင်ကြီးပြီးရင် ကလောကို ပြန်ဆက်သွားမှာကို။ ဒီဇင်ဘာ ၁ ရက်နေ့လောက်ထိကို ကလောမီးရှော်တိုင်က ထပ်ဆက်သွားဦးမှာ။ ဆက်သွားတော့ အဲဒီဘက်မှာလည်း အခန်းတွေပြည့်နေမှာပဲ အကုန်လုံး တောက်လျှောက်ပေါ့” ဟု ၎င်းက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလ၌ တစ်ညလျှင် မီးပုံး ကိုးလုံးခန့်အထိ လွှင့်တင်သွားရန်ရှိပြီး နေ့ခင်းဘက်တွေလည်း နေ့ပိုင်းအလှမီးပုံးများကို လွှင့်တင်သွားရန်ရှိကြောင်းသိရသည်။
ထို့အပြင် ယခုနှစ် မီးပုံးပျံပွဲတော်အား ကိုဗစ်မတိုင်ခင်ကာလက ကျင်းပခဲ့သည့် အခြေအနေမျိုးကို ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ-တရုတ်နယ်စပ် BP (၁၂၅)၌ ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများ
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယခုကဲ့သို့ ဟိုတယ်ဘိုကင်ယူထားမှုနှင့် ပွဲတော်များရှိနေသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်ရှိ၌ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ခရီးသွားဧည့်သည့် ဝင်ရောက်မှု မရှိသလောက် ဖြစ်ကာ ရှိနေသည့် ခရီးသွားများမှာလည်း ပြန်ကုန်ကြပြီဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုနှစ် ခရီးသွားရာသီတွင် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ခရီးသွား ဝင်ရောက်နိုင်ခြေမရှိသလောက် ဖြစ်သွားကာ လာမည့် ၂၀၂၄ နှစ်ကုန် ခရီးသွားရာသီကိုသာ စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီအတိုင်းသာဆို တော်တော်လေးလျော့သွားမှာပါ။ ဒီပွင့်လင်းရာသီကတော့ မျှော်မှန်းလို့မရဘူးဖြစ်နေတယ်ပေါ့ အခုအနေအထားက။ မနှစ်ကတော့ ခရီးသွားဝင်ရောက်မှု တော်တော်လေးကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မနှစ်ကဆို ဒီအချိန် ရာနှုန်းပြည့်ပဲ။ ဟိုတယ်အခန်းတွေဆိုရင် ဘိုကင် ၃၊ ၄ ရက်လောက် ကြိုမယူရင် မရနိုင်ဘူး။ Work in ဝင်မယ်ဆိုရင် အခန်းမရနိုင်တဲ့အနေအထားမျိုး။ မနှစ်က ပွင့်လင်းရာသီနဲ့ ဒီနှစ် ပွင့်လင်း ရာသီကတော့ ဘာမှ မဆိုင်တော့ဘူးပေါ့။ အခုတော့ လောလောဆယ်တော့ တော်တော်လေးကို ကျနေတာပေါ့။ နေရာတကာမှာ တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့ ခရီးသွားကတော့ မရှိသလောက်ပဲပေါ့။ တချို့ကြတော့လည်း နေရပ်ပြန်ဖို့တောင် မနည်းကြိုးစားနေရတဲ့ အနေအထားတွေပေါ့။ အဲဒီတော့ ခရီးသွားကတော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ အခုနယ်စပ်မှာ ဘာပဲများနေလဲဆိုတော့ တိုက်ပွဲရှောင်တွေပဲ များနေတာ။ တရုတ်နိုင်ငံသား ခရီးသွားကတော့ ဝင်လာတာ မရှိသေးပါဘူး။ အခုအနေအထားဆို ဧည့်သည်က မရှိသလောက်ဖြစ်သွားတာပေါ့။ လျော့သွားတဲ့အတွက် ဟိုတယ်လုပ်ငန်းရှင်တွေ၊ ခရီးသွားလုပ်ငန်းရှင်တွေကတော့ ထိခိုက်တာပေါ့” ဟု ၎င်းက ပြောသည်။
လားရှိုးမှ တိုက်ပွဲရှောင်များ(ဓါတ်ပုံ-RFA)
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသည် ယခင်ကတည်းက ပြည်ပခရီးသွားဝင်ရောက်မှု ကန့်သတ်ခံထားရသဖြင့် ခရီးသွားဝင်ရောက်မှုနှုန်းကျဆင်းခြင်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများပြီးဆုံး၍ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး ပြန်လည် ကောင်းမွန်ကာ ကုန်စည်စီးဆင်းမှုများလည်း ပုံမှန်လည်ပတ်လာနိုင်မှသာလျှင် ရှမ်းပြည်နယ်မြောက်ပိုင်း၏ ခရီးသွားကဏ္ဍ ပြန်လည်အဆင်ပြေလာမည်ဖြစ်ကြောင်း ထောက်ပြကြသည်။
ထို့အပြင် လက်ရှိတွင် အောက်တိုဘာ ၂၇ ရက်နေ့၌ စတင်ဖြစ်ပွားသည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ လေကြောင်းလိုင်းပြေးဆွဲမှုများအား အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက ပိတ်ထားခြင်းဖြစ်ပြီး ယနေ့အထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 503
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀
မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် နယ်စပ်ဂိတ်မှ တစ်ဆင့်ပို့ကုန် သွင်းကုန်လိုင်စင် ခွင့်ပြုချက် ရရှိပြီးသား ပစ္စည်းများကို အခြားဂိတ်များမှ ပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှ တင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသောပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ် ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို ပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်သည်။
ထို့အပြင် ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ်-လိုင်းရင်း ကုန်သွယ်ဂိတ် (ဓါတ်ပုံ- Soe Tun)
သို့သော် မြန်မာဘက်မှ ပို့ကုန်များအား အခြားနယ်စပ်လမ်းကြောင်းများမှ တင်ပို့ပါက အကွာအဝေး ပိုများကာ အချိန်ကြန့်ကြာမှု ပိုမိုရှိနိုင်သဖြင့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ်နှင့် မိုင်းလားတို့ဘက်မှသာ ကုန်သွယ်ကြမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“ဗမာပြည်က အဓိကထားကုန်သွယ်နေတာက ယူနန်ကို။ ယူနန်ကြတော့ ဟိုဘက်ကပင်လယ်ရေကြောင်းက သွားရင် အဓိက တအားဝေးတယ် ယူနန်ဘက်က။ ဆိုတော့ ယူနန်က အနီးစပ်ဆုံးကတော့ မြန်မာပြည်က ကုန်းတွင်းလမ်းကြောင်းပေါ့။ တခြားပြည်နယ်တွေက ဒီလောက်ကြီး ဗမာပြည်ကကုန်တွေကို စားနေတာ မဟုတ်ဘူး။ ယူနန်ပြည်ဆိုတာကလည်း ဗမာပြည် တစ်ပြည်လောက်ရှိတာကို။ ယူနန်ပြည်နယ်ရဲ့လိုအပ်ချက်ကို ဗမာပြည်နယ်က ဖြည့်နေတာဆိုတော့ ပင်လယ်ရေကြောင်းက သွားရင်တော့ တရုတ်နယ်စပ် ကုန်သွယ်ရေးက နည်းနည်း အလှမ်းဝေးတာပေါ့နော်။ ပုံမှန်သွားတဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှု Trade ကတော့ ရှိနေမယ်။ စရိတ်ပေါ့နော် သယ်ယူပို့ဆောင်ရေးစရိတ်က ၁၀၅ မိုင်မူဆယ်က တခြားဂိတ်ထက်စာရင် သက်သာတယ်။ ပိုပြီး တော့မှ volume ကြီးကြီး လုပ်လို့ရတယ်။ လွယ်ဂျယ်တို့ဘာတို့က လုပ်လို့မရဘူးမဟုတ်ဘူး ရတယ်။ ဒါပေမယ့် volume ကြီးကြီးမားမား သွားဖို့ နည်းနည်းအခက်အခဲရှိတယ် အဟန့်အတားရှိတယ်ပေ့ါ။ ကုန်ကျစရိတ်တွေ တိုးလာတယ်။ ကုန်ကျစရိတ်ပိုလာရင် စားသုံးသူဆီကိုပဲလာမှာပေါ့ ကုန်ဈေးနှုန်းတွေ တက်လာမှာပေါ့။ အဲဒီ impact တွေ ရှိလာနိုင်တယ်လို့တော့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။
နမ့်ခမ်း-လွယ်ဂျယ်-ဗန်းမော် ကုန်သွယ်ရေးလမ်းကြောင်း
မြန်မာ-တရုတ်နယ်စပ်ဂိတ်မှ ကုန်သွယ်မှုပမာဏသည် တစ်ရက်လျှင် ကျပ်ငွေ သန်းပေါင်း ၃၀၀ ခန့်အထိ ပျမ်းမျှ ရရှိနေခြင်းဖြစ်သည့်အတွက် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်သွယ်မှုပမာဏ အများအပြား ဆုံးရှုံးသွားနိုင်ကြောင်းလည်း ယူဆကြသည်။
ထို့အပြင် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား အခြားနယ်စပ်ဂိတ်စခန်းများမှ ခွင့်ပြုပေးထားပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
စီးပွားရေးနှင့် ကူးသန်းရေးရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထိုသို့ အခြားလမ်းများမှ တင်ပို့ခွင့်ပြုမှုအပေါ် ကြိုဆို သော်လည်း ယခုထက် စောစီးစွာ ကြိုတင်ပြင်ဆင်ထုတ်ပြန်နိုင်ပါက ကုန်သည်များ အဆင်သင့်ပြင်ဆင် ထားနိုင်မှာဖြစ်ကြောင်း ကုန်သည်များက အကြံပြုသည်။
လက်ရှိတွင် ဖရဲတင်ပို့သူများအနေဖြင့် လွယ်ဂျယ်နှင့် မိုင်းလားဂိတ်တို့မှ တင်ပို့နေခြင်းဖြစ်ပြီး လွယ်ဂျယ်ဂိတ်သို့ ဗန်းမော်လမ်းကြောင်းမှ ကားအပြောင်းအလဲပြုလုပ်၍ တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။
နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ကုန်တင်ကားများအား တွေ့ရစဉ်
ဖရဲကုန်သည် ကိုသစ္စာက“တရုတ်ပြည်ထဲကိုတော့ ကားဝင်ချလို့မရဘူး မိုင်းလားကတော့။ ကျနော်တို့ မိုင်းလား မှာတင် ကားရပ်ပြီးတော့ တရုတ်ကားနဲ့ ကဲ့ရမှာပေါ့နော်။ လွယ်ဂျယ်ဘက်မှာတော့ ဝင်လို့ရတယ်။ လွယ်ဂျယ်ကို တိုက်ရိုက်သွားတဲ့ ကားလည်း မရှိဘူးလေ။ အခုတင်တဲ့ဆီကနေ ဗန်းမော်၊ ဗန်းမော် ကနေ လွယ်ဂျယ်ကား ပြန်ချိန်းရတာပဲလေ။ လက်ရှိအနေထားကတော့ ကုန်ကျစရိတ် မြင့်တာတော့ မှန်တယ်။ လွယ်ဂျယ်ကပဲ သွားသွား၊ မိုင်းလားကိုပဲ သွားသွား ကုန်ကျစရိတ်တွေ မြင့်တာတော့ မှန်တယ်။ သို့ပေမယ့်လည်း တရုတ်ပြည်ရဲ့ လက်ရှိ ဈေးကွက်ကလည်း အခု ကုန်ကျစရိတ်ကို ကာမိတယ်ပေါ့။ ပြောချင်တာက တရုတ်သည် ဘယ်တော့မှ သူများကို ကိုယ်ချင်းစာတယ်ဆိုတာတော့ မရှိဘူးလေ။ demand အရပဲလေ။ လိုအပ်ချက်ကြောင့် သူတို့ ဈေးမြင့်ပြီး တက် လာတာ။ ကိုယ့်ကို သနားလို့ သူတို့က ဈေးပေးတာမဟုတ်ဘူး။ သူတို့ရဲ့လိုအပ်ချက်ကြောင့် ဈေးမြင့်ပေးတာ။ ဖရဲက လက်ရှိ လွယ်ဂျယ်မှာ ၈ ကျပ်လောက်ဖြစ်နေတယ်။
တစ်တန်ကို ယွမ် ၈၀၀၀(မြန်မာငွေ သိန်း ၂၀ ကျော်) လောက် ဖြစ်နေတယ်” ဟု ပြောသည်။
တရုတ်ဘက်မှသွင်းသည့် ကုန်ပစ္စည်းများသည် ပျက်စီးပုပ်သိုးလွယ်မဟုတ်သည့် ဆောက်လုပ်ရေးနှင့် အခြား ပစ္စည်းများဖြစ်သောကြောင့် လမ်းပိုင်းကြန့်ကြာမှုရှိပါက ထိခိုက်မှုနည်းပြီး မြန်မာဘက်မှတင်ပို့သည့် ကုန်ပစ္စည်း များမှာ ပျက်စီးပုပ်သိုးလွယ်သော စားသောက်ကုန်နှင့် သီးနှံများဖြစ်သဖြင့်ထိခိုက်ကြောင်းလည်း စီးပွားရေး လေ့လာသုံးသပ်သူနှင့် ကုန်သွယ်မှုပြုလုပ်နေသူများက ထောက်ပြကြသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ရှမ်းပြည်နယ် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမ ကြီး တစ်လျှောက်ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ကုန်သွယ်ရေးမှာ လည်း ရပ်တန့်လုနီးပါးဖြစ်နေကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 406
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေခြင်းကြောင့် မူဆယ်မြို့(ရှမ်းမြောက်)တွင် ကုန်ဈေးနှုန်းများ တဖြေးဖြေး ကြီးမြင့်လာသော်လည်း ပရဟိတအသင်းများ၏ ကူညီမှုများကြောင့် အခြေခံလူတန်းစားများအတွက် အဆင်ပြေကြောင်း သိရသည်။
မူဆယ်မြို့ရှိ ပရဟိတအသင်းများသည် အခြေခံ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် အခြေခံ လူတန်းစားများ ဝယ်ယူသုံးစွဲနိုင်ရန် မူရင်းဈေးနှုန်းထက် လျှော့ချ၍ ရောင်းချပေးနေကြောင်း ပရဟိတအသင်း များက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပရဟိတအသင်းများအတွက် အလှူရှင်မှာ နည်းပါးပြီး အများစုသည် ကိုယ်ထူကိုယ်ထဖြင့် ကူညီ ဆောင်ရွက်ပေးနေကြခြင်းဖြစ်ကြောင်း နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြေတယ်ဆိုပေမယ့် တချို့ကြတော့လည်း သူတို့ ဈေးသက်သာစွာ ရောင်းတဲ့နေရာကို လာဖို့အတွက်က ဆီဖိုး တော်တော်ထိတယ်လေ။ အဲဒါကြောင့် မလာတော့ဘူးလေ။ ကိုယ့်အိမ်ရှေ့မှာလာပြီးတော့ ဆိုင်ကယ်နဲ့ လာရောင်းတဲ့ ဈေးသည်တွေဆီကပဲ ဝယ်စားကြတာပေါ့။ ဈေးနှုန်းကတော့ ဘာတစ်ခုမှ မကျဘူး တက်တာပဲ ရှိတယ်။ ကြက်ဥတော့ နည်းနည်းငြိမ်သွားတာပေါ့။ ကြက်ဥတွေ ဈေးကောင်းတယ်ပြောတော့ ဒီဘက်က စီးပွားရေး သမားတွေက တရုတ်ပြည်က ကြက်ဥတွေ ဒီဘက်ကိုအများကြီး သွင်း၊ တစ်ယောက်- နှစ်ယောက်- သုံးယောက် နောက် အများကြီးသွင်းလိုက်တော့ အရင်ကလောက်တော့ သုံး၊ လေး သောင်းတော့ မရှိတော့ဘူးပေါ့။ အခြေခံ လူတန်းစားတွေက တော်တော်ဒုက္ခရောက်တာပေါ့။ လိုအပ်တဲ့သူဝယ်ပေါ့ မလိုအပ်တဲ့သူ မဝယ်နဲ့ပေါ့။ မူဆယ်မြို့ မှာတော့ ဆိုင်ကယ်ဈေးသည်တွေက ရပ်ကွက်တိုင်း ရောက်တယ်လေ။ တချို့ကြတော့လည်း သူတို့ရောင်းတဲ့ဟာ ဈေးသက်သာတယ်။ ဒါပေမယ့် လာရမှာ ဆိုင်ကယ်ဆီဖိုးနဲ့က ဆိုင်ကယ် ဆီဖိုးကလည်း အရမ်းကို ဈေးကြီးတာ လေ”ဟု ပြောသည်။
မူဆယ်မြို့နယ်က ပရဟတိအသင်းများက ကုန်စိမ်းများ ရောင်းပေးနေစဉ်
ညီနောင်မဟာမိတ် ၃ ဖွဲ့(AA-MNDAA-TNLA)နှင့် မြန်မာ့တပ်မတော်တို့၏ ရှမ်းမြောက်တိုက်ပွဲကြောင့် မူဆယ်မြို့ တွင် ဆန်ကြမ်းတစ်အိတ်လျှင် တစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်သွားသလို ကြက်ဥတစ်ကဒ်လျှင်လည်း ကျပ်ငွေ နှစ်သောင်း၊ သုံးသောင်းခန့်အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း မူဆယ်ဒေသခံများထံက သိရသည်။
ယခုကဲ့သို့ ကုန်ဈေးနှုန်း မြင့်တက်နေချိန်တွင် ငွေကြေးတတ်နိုင်သူများက ဆန်အိတ် အများအပြား ဝယ်ယူကာ အိမ်ထဲ၌ လှောင်ထားကြသည်များလည်း ရှိကြောင်း၊ အချို့ဆန်ဆိုင်များမှာမူ လာဝယ်သူတစ်ဦးလျှင် ဆန် ၆ ပြည် ခန့်စီသာ ညီတူမျှတူ ရောင်းချပေးခြင်းများလည်း ရှိကြောင်း သိရသည်။
ထို့အပြင် မူဆယ်မြို့အခြေစိုက် ကမ်းလက်ကူညီ ပရဟိတအသင်းမှလည်း ဆန် ၂၄ ပြည် တစ်အိတ် ၉၆၀၀၀ ကျပ်၊ အာလူးတစ်ပိသာ ၁၂၀၀ ကျပ်၊ အာလူးအနီ တစ်ပိသာ ၂၀၀၀ ကျပ်၊ ခရမ်းချဉ် တစ်ပိသာ ၃၀၀၀ ကျပ်၊ ဆန် တစ်ပြည် ၄၀၀၀ ကျပ်ဖြင့် အခြေခံလူတန်းစားများအတွက် ရောင်းချပေးနေလျက်ရှိသည်။
ထို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်သော်လည်း အခြေခံလူတန်းစားများအတွက် အခြေအနေ အတိုင်းအတာတစ်ခု အထိ ထိန်းထားနိုင်ကြောင်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးဌေးက CNI သတင်းဌာနသို့ ပြောသည်။
မူဆယ်မြို့နယ်က ပရဟတိအသင်းများက ကုန်စိမ်းများ ရောင်းပေးနေစဉ်
၎င်းက “မူဆယ်မြို့ပေါ်က တိုက်ပွဲမရှိသေးတော့ ပုံမှန် အခက်အခဲ ကြီးကြီးမားမားတော့ မရှိပါဘူး။ ကုန်ဈေးနှုန်း လည်း ကျနော်တို့အသင်းက ဆန်ကို အိတ်လိုက် ရောင်းပေးတယ်။ ဆန်တစ်ပြည်လေးထောင်၊ ကြက်ဥတစ်ကဒ် ဆိုလည်း အရင်က ၂ သောင်းကို ၉ ထောင်နဲ့ ရောင်းပေးနေတယ်။ ဒီကုန်ဈေးနှုန်းလည်း ထိန်းထားနိုင်တဲ့အတွက် ကြီးကြီးမားမား ပြဿနာတော့ မရှိပါဘူး။ အဓိကကတော့ ဆက်သွယ်ရေးပေါ့ ဖုန်းလိုင်းတွေတော့ ပြတ်တာပေါ့။ မူဆယ်ကတော့ တိုက်ပွဲဘာညာ မရှိပါဘူး။ မူဆယ်မြို့ပေါ်ကတော့ စိုးရိမ်စိတ်နဲ့ကလွဲလို့ တိုက်ပွဲ ဘာညာ မရှိပါ ဘူး။ အခက်အခဲကတော့ မူဆယ်မှာ ပိတ်မိနေတဲ့သူတွေ နေရပ်ပြန်ချင်တာရှိတယ်။ မူဆယ်ကို ပြန်လာမယ့် သူ တွေလည်း လမ်းမှာ ပိတ်မိနေတာရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ သိန္နီ၊ မူဆယ်၊ မုံးကိုး၊ ချင်းရွှေဟော်၊ နောင်ချို၊ လားရှိုး စသည့် မြို့နယ်များရှိ မြန်မာ့တပ်မတော်စခန်းများ၊ ရဲစခန်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၊ တိုးဂိတ်များကို မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံဦးရေမှာ သောင်းနှင့်ချီ ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 404
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉
ပို့ကုန်အခြေပြုသည့် အရန်ဆန်ထားရှိရေးစနစ်ကြောင့် ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္မဏီများအနေဖြင့် ပို့ကုန်လိုင်စင် လျှောက်ထားသည့် ဆန်တန်ချိန်အပေါ် အရန်ဆန်အဖြစ် ၃ တန်လျှင် ၁ အိတ်နှုန်းဖြင့် ပေးသွင်းရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်များတွင် ပြည်ပသို့ တင်ပို့မည့် ဆန်တန်ချိန်အပေါ် အရန်ဆန်အဖြစ် ၁ တန်လျှင် ၁ အိတ်နှုန်းဖြင့် ကောက်ခံခဲ့သော်လည်း လက်ရှိတွင် ဆန်စပါးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ပြီး ပြည်တွင်းဆန်လိုအပ်ချက် မရှိခြင်းနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန်အတွက် ၁ တန်လျှင် ၁ အိတ်နှုန်းဖြင့် ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္မဏီများထံမှ ဝယ်ယူကောက်ခံခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က CNI သတင်းဌာနသို့ ပြောသည်။
“အရန်ဆန်ဆိုတာက အရင်တုန်းက ကျနော်တို့က ၁ တန် ၁ အိတ် ကောက်တယ်။ အခု ၃ တန် ၁ အိတ်ဆိုတာ လျှော့လိုက်တာ။ လျှော့ပြီးတော့ စပါးအသစ်ပေါ်တဲ့ရာသီ၊ Export ရာသီမို့လို့၊ ဆန်လည်း လိုအပ်ချက်မရှိလို့လေ။ အရန်ဆန်ကို အများကြီးကောက်တာ၊ သူက Export ကို အရန်ဆန်ကို Reserve ထားတာပေါ့နော်။ ဒါကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ ဒါကတော့ နှစ်စဉ် တကယ်လို့ ဆန်ဈေး တက်လာတဲ့အချိန်မှာ အခြေခံ လုပ်သား တွေ၊ ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေကို သက်သက်သာသာနဲ့ ရောင်းနိုင်ဖို့ ကြိုပြီးတော့ ပြင်ဆင်ထားတဲ့ အစီအစဉ်ပေါ့လေ” ဟု ပြောသည်။
ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် အရန်ဆန်၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်သိုလှောင်ရုံဆီ တစ်ပတ် အတွင်း ပို့ဆောင်ရမည်ဖြစ်ပြီး ကျန်ရှိသည့် အရန်ဆန် ၇၅ ရာခိုင်နှုန်းကို စာရင်းမှတ်စနစ်ဖြင့် ထားရှိပြီး လိုအပ် သည့်အချိန်တွင် ကောက်ခံသွားမည်ဖြစ်သည်ဟု သိရသည်။
ဆန်ဂိုထောင်တစ်ခုထဲသို့ ဆန်အိတ်များ သယ်ပို့ပြီးနေရာချနေစဉ်
ပေးသွင်းထားသည့် အရန်ဆန် ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားသည့် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီသည့် အရန်ဆန်တစ်အိတ်ဈေးနှုန်းသည် လက်ရှိ နိုဝင်ဘာလအတွက် တစ်အိတ်လျှင် ၆၂၀၀၀ ကျပ်ဖြင့် သတ်မှတ်ပြီး ဝယ်ယူသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အရန်ဆန်များကို ဈေးနှုန်းမြင့်တက်ချိန်တွင် သက်သာစွာ ရောင်းချ ပေးနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ကူညီဆောင်ရွက်နိုင်ရန် အရန်ဆန်ကို စုဆောင်း သည့်သဘောဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။
“ကျနော်တို့က MRF ရဲ့ အရန်ဆန်ထားထားတယ်။ ဟိုတစ်ခါ ဈေးတက်လို့ တစ်ပြည် ၂၅၀၀ ရောင်းပေးတဲ့ သဘောမျိုးတွေပေါ့။ အဲဒီအတွက်ကို ကျနော်တို့ MRF မှာ အရန်ဆန်ရှိတယ်။ အဲဒီအရန်ဆန်ကို MRF က စုဆောင်းထားတာပေါ့။ အရင်ကတော့ ၁ တန်ကို ၁ အိတ် ရောင်းပေးရပါတယ်။ ဈေးနှုန်းကတော့ ကာလ ပေါက်ဈေးတွေနဲ့ ညှိညှိပြီး ဝယ်တာပါ။ ကျနော်တို့က တစ်ခါတလေကျ ဆန်ဈေးအရမ်းတက်တဲ့အခါကျရင် ကျနော်တို့ ဆိုင်တွေကို ပြန်ပြီးတော့ ဖြန့်ရောင်းရတဲ့အခါကျရင် ဆန် ကျနော်တို့လက်ထဲမှာ ရှိအောင်လို့။ မဟုတ်ရင် အဲဒီအချိန်ကျမှ ကျနော်တို့က ဆန်ကို လိုက်ဝယ်ဖို့က ဈေးထပ်တက်သွားရုံပဲ ရှိတယ်လေ” ဟု ပြောသည်။
ပြည်ပသို့ ဆန်တင်ပို့နိုင်မှု များပြားပါက တောင်သူများမှ ထုတ်လုပ်သည့် စပါးများ ဈေးကောင်းရကြောင်း၊ သို့သော်လည်း အရန်ဆန်သိုလှောင်မှုကို လျှော့ချပြီး ပြည်ပတင်ပို့မှုနှုန်း များလာပါက တစ်စုံတရာသော အကြောင်းများကြောင့် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် လိုအပ်ချက်များ ဖြစ်ပေါ်လာချိန်တွင် ဆန်ဈေးကွက်ကို ထိန်းချုပ်ရန်အတွက် အခက်အခဲ ဖြစ်နိုင်သည်ဟု တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ထို့ကြောင့် အရန်ဆန်များကို ပို့ကုန်အခြေပြုသည့် အရန်ဆန် ထားရှိရေးစနစ်ဖြင့်မဟုတ်ဘဲ လိုအပ်သည့် အရန်ဆန်များကို တပြိုင်နက်တည်း ကြိုတင်ဝယ်ယူထားသည့်ပုံစံဖြင့် လုပ်ဆောင်ထားသင့်ကြောင်း တောင်သူများနှင့် ကုန်သည်များက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 472
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲကြောင့် မန့်ဝိန်း၊ ကျင်စန်းကျော့၊ ချင်းရွှေဟော် စသည့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များသည် ကုန်သွယ်မှု ရပ်တန့်နေရခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၅၀ ရာခိုင်နှုန်း ထိခိုက်သွားကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများနှင့် နယ်စပ်ကုန်သည်များ က ပြောသည်။
လက်ရှိတွင် မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်း(ပြည်ထောင်စုလမ်းမကြီး)သည် တိုက်ပွဲများကြောင့် ရပ်တန့်သွားခြင်းကြောင့် တောင်သူများအတွက် ပို၍ အခက်အခဲ ဖြစ်သွားကြောင်း၊ ထို့နောက် ကုန်စည်စီးဆင်းမှု လမ်းကြောင်း ပြတ်တောက်နေခြင်းကြောင့် ထိုဒေသများရှိ ဒေသခံလူထု၏ စားဝတ်နေရေးသည်လည်း ခက်ခဲသွား မည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းကနေ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ လယ်ယာထွက် သီးနှံများကို အဓိက တင်ပို့လျက်ရှိသလို ကျွဲ-နွားများလည်း တင်ပို့လျက်ရှိသည်။
ပြည်သူ့စစ်တပ်ဖွဲ့ကိုတွေ့ရစဉ်
ဦးသက်ဇော်က “တိုက်ပွဲကြောင့် မြန်မာနိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းလောက် စီးပွားရေးကတော့ ထိခိုက်သွားတယ်လို့ ဆရာတို့ သုံးသပ်တယ်။ ဘာလို့လဲဆိုတော့ အဓိက သွားနေတဲ့ လမ်းကြောင်းသည် နောက်ပြီးတော့ တရုတ်ပြည်က လာမယ့် အနေအထားတွေ အများကြီး ရပ်တန့်သွားတယ်ပေါ့နော်။ ရပ်တန့်သွားတဲ့ အတွက်ကြောင့်မို့လို့ နယ်စပ် ကုန်သွယ်ရေးက ဘီလီယံနဲ့ ချီပြီးတော့ နစ်နာတယ်။ ဟိုဘက်က ကုန်စည်လည်း မလာနိုင်သလို ဒီဘက်က ကုန်စည်လည်း မပို့နိုင်ဘူးပေါ့နော်။ အဓိကတော့ စိုက်ပျိုးရေး ထွက်ကုန်ဆိုတာက ရာသီနဲ့ ပို့ရတာကိုး ကိုယ့်ဘက် က ပို့တဲ့ပစ္စည်းတွေက။ မပို့နိုင်ရင် stop လုပ်ထားလို့ မရဘူး ပျက်ကုန်မယ်။
တောင်သူတွေရဲ့ အခက်အခဲတွေ လည်း အများကြီး ရှိတယ်။ နယ်မြေဒေသ လူဦးရေတွေရဲ့ စားဝတ်နေရေး တော်တော် ခက်ခဲသွားမယ်။ ဒါကြောင့် မို့လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး နလန်ထူအောင်လို့တော့ ပြန်ပြီး တော်တော်လေး လုပ်ယူရမယ်။ နလန်ထူနိုင်ဖို့ အတွက်ကလည်း တိုက်ပွဲတွေ အမြန်ဆုံးပြီးအောင်၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းလာအောင် တတ်နိုင်သမျှ အစိုးရအနေနဲ့တော့ အမြန်ဆုံး ဆောင်ရွက်သင့်တယ်လို့ပဲ မြင်ပါတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်စည်များကို တရုတ်သို့ လတ်တလောတွင် တင်ပို့နိုင်ခြင်း မရှိပေ။
ထို့နောက် သစ်သီးကုန်သည်များသည် ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ် ဂိတ်ပေါက်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားနယ်စပ်မှတဆင့် တင်ပို့မှုများ လုပ်ဆောင်နေရသည်။
ယခင်က ကျင်စန်းကျော့မှတဆင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် ကုန်ကျစရိတ်သည် ကုန်တင်ကားတစ်စီး လျှင် မြန်မာကျပ်ငွေ သိန်း ၆၀ ကျပ်ခန့်သာ ကုန်ကျသော်လည်း လက်ရှိ၌ ကုန်ကျစရိတ်သည် သိန်း ၁၀၀ ခန့် ဖြစ် ပေါ်နေသည်ဟု ဖရဲကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
နယ်စပ်ကုန်သွယ်ရေး လုပ်နေသူ တစ်ဦးကိုတွေ့ရစဉ်
၎င်းက “အခုလက်ရှိ အစ်ကိုတို့ သွားနေတာက လွယ်ဂျယ်နဲ့ ရွှေတြိဂံ မိုင်းလားပေါ့နော်။ လွယ်ဂျယ်ဘက်ကိုလည်း သွားတယ်။ မိုင်းလားဘက်ကိုလည်း သွားတယ်။ သို့ပေမယ့်လို့ ကုန်ကျစရိတ်တွေကတော့ မြင့်တာပေါ့နော်။ အရင် ကထက်စာလို့ရှိရင် ကုန်ကျစရိတ်တွေက ၂ ဆ၊ ၃ ဆမက မြင့်သွားတယ်။ ကုန်ကျစရိတ်က ပုံမှန် ကျင်စန်းကျော့ ကနေ ဝမ်တိန်ကွင်းကို သွားရင် ကုန်ကျစရိတ်က သိန်း ၆၀ လောက်ရှိတယ်။ အခုဟာက ကားခတင်ကို သီပေါပေါ့ နော် ရှမ်းအသီး ဖရဲကို တင်မယ်ဆိုရင် သီပေါကနေ ရှမ်းမြောက်ကနေပြီးတော့ ရှမ်းတောင်၊ ရှမ်းအရှေ့ကို ဖြတ် မယ်။ အဲဒီကားခတင်ကို သိန်း ၅၀။ ဘာမှမပါဘဲနဲ့ ကားခကြီးပဲကို သိန်း ၅၀။ ဂျူတီက တရုတ်ငွေ ၄၀၀ ရှိတယ်။ တခြားသော ခတွေနဲ့ဆို သိန်း ၁၀၀ ကျော်လောက် ကုန်သွားမယ်” ဟု ပြောသည်။
လွယ်ဂျယ်နှင့် မိုင်းလား နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်စည်တင်ပို့မှုသည် သစ်သီးကုန်စည်များသာရှိပြီး တခြားသော ဆန်၊ ပြောင်း၊ ပဲမျိုးစုံ၊ ရေထွက်ကုန်ပစ္စည်းများသည် တင်ပို့၍ မရကြောင်း၊ ထို့ကြောင့် သစ်သီး ကုန်စည်များမှလွဲ၍ တခြားသော ကုန်စည်တင်ပို့မှုသည် ရပ်တန့်လျက် ရှိသည်။
သစ်သီးများ တင်ပို့မှုရှိသော်လည်း ယခင်ထက် လမ်းကြောင်း အကွာအဝေး ရှည်ခြင်းနှင့် ယခင်ထက် ကြာမြင့် ခြင်းကြောင့် သစ်သီးဝလံများ အရည်အသွေးကျဆင်းပြီး ပျက်စီးဆုံးရှုူံးမှု ပိုများသည်ဟု သိရသည်။
သို့သော်လည်း တရုတ်နိုင်ငံမှ သစ်သီးဝလံ လိုအပ်ချက်ကြောင့် တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သည့်အတွက် ကုန်သည်များအနေဖြင့် အကျိုးအမြတ် ရရှိနေသည်ဟု ကုန်သည်များက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား နေမှုကြောင့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်၍ မန့်ဝိန်း၊ ကျင်စန်းကျော့နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးသည် ရပ်နားထားရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 595
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈
ထိုင်းရှိ သက်တမ်းပြည့် MOU မြန်မာလုပ်သားများသည် နှစ်နိုင်ငံ နယ်စပ်ဂိတ်/ စခန်းများမှတစ်ဆင့် မြန်မာသို့ U-turn စနစ်ဖြင့် ပြည်လည်ဝင်ရောက်ကြရာတွင် အချို့သည် ၎င်းနယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်ခြင်း မပြု ကြကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးကထုတ်ပြန်ထားသည်။
ထိုသို့ ပြန်လည်ဝင်ရောက်ခြင်း မပြုသဖြင့် ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်းကျော်လွန်နေထိုင်သူ (Over-Stay) အဖြစ် စာရင်းဝင်နေကြကြောင်းလည်း ထုတ်ပြန်ချက် အရ သိရသည်။
ထို့ကြောင့် သက်တမ်းပြည့် MOU သမားများအနေဖြင့် MOU လမ်းကြောင်းနှင့် ထပ်မံပြီး ထိုင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ထားပါက နှစ်နိုင်ငံ နယ်စပ်ဂိတ်/ စခန်းများမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သင့်ကြောင်း IBECSWO လူမှုကူညီရေးအသင်းမှ မဇ္စျိမ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီဟာကတော့ သူတို့ ဝင်လို့ မရတော့ဘူး။ တရားဝင်လမ်းက မပြန်တဲ့အတွက် ကြားလမ်းကနေပဲ ပြန်သွား တယ်ဆိုတော့ သူတို့က ပြန်ဝင်ပိုင်ခွင့်လည်း မရှိတော့ဘူး။ တရားဝင်လမ်းကြောင်းက သွားတာတော့ ပိုပြီး ကောင်းတယ်။ ဒါပေမယ့် သူတို့က အကြောင်းကြောင်းကြောင့်ရှိမှာပေါ့။ အဲဒီလိုသွားတဲ့သူတွေက သူတို့ သွားမယ် ဆိုရင် တံဆိပ်က ၁၄၀၀ (ဘတ်) ပေးရတယ် တံဆိပ်ထုတာလေ။ ဒါက ဘယ်လောက်ပဲဖြစ်ဖြစ် ပြန်ဝင်လို့ရတယ် ထိုင်းထဲက။ တချို့ကတော့ နိုင်ငံရေးကိစ္စတွေနဲ့ အရှုပ်အရှင်းရှိတဲ့လူတွေကတော့ သူတို့လမ်းကြောင်းနဲ့သူ ကူးသွားတာတော့ရှိတယ်။ ဒီကနေ စာအုပ်ကုန်လို့သွားတဲ့လူတွေကတော့ ကိစ္စမရှိတော့ဘူး။ ပြဿနာ ဘာမှ မရှိတော့ဘူးလေ။ နောက်တစ်ချက်က မြန်မာပြည်ဝင်တဲ့အခါကြရင် ထိုင်းထဲမှာ အမျိုးတွေ ဘာတွေရှိတယ်ဆိုရင် စာအုပ်တွေ သူတို့ အပ်ထားခဲ့တယ်။ ထိုင်းမှာက ဧည့်စာရင်း ၃ လဆိုတာ ပုံမှန်ပေးနေတဲ့ကိစ္စ။ သူတို့ တခြားလမ်း က ပြန်ဝင်လာတယ် သူငယ်ချင်းဆီမှာ စာအုပ်ပြန်ယူလိုက်တယ်။ ထိုင်းထဲရောက်ရင် ကိစ္စမရှိဘူး မထုထားလည်း ရတယ်။ အဓိကက ဧည့်စာရင်း ၃ လရှိရင်ရပြီ” ဟု ၎င်းက ပြောသည်။
U-Turn စနစ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများ
ထိုင်းသို့ MOU စနစ်ဖြင့် လာရောက် အလုပ်လုပ်ကိုင်သော မြန်မာလုပ်သားများသည် သတ်မှတ်ကာလပြည့် မြောက်ပါက နှစ်နိုင်ငံ နယ်စပ်ဂိတ်/စခန်းများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြည်လည်ဝင်ရောက်ကြရခြင်း ဖြစ်သည်။
၎င်း နယ်စပ်ဂိတ်/စခန်းများသို့ ဖြတ်သန်းချိန်တွင် နိုင်ငံကူးလက်မှတ်၌ အထွက်/အဝင် တံဆိပ်တုံးများကို နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့များမှ ရိုက်နှိပ်ခြင်း၊ စာရင်းပယ်ဖျက်ခြင်းကို ပြုလုပ်ကြသည်။
ထိုသို့ ပြန်လည်ဝင်ရောက်ခြင်း မပြုကြသည့် မြန်မာလုပ်သားများအနေဖြင့် နောက်တစ်ကြိမ် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပြန်လည်ဝင်ရောက်ရာတွင် ထိုင်းနိုင်ငံအဝင်၊ နယ်စပ်ဂိတ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးချိန်၌ Over-Stay ဖြစ်နေကြောင်း တွေ့ရှိရသဖြင့် ဒဏ်ငွေပေးဆောင်ရခြင်း၊ အရေးယူခြင်း၊ ဝင်ခွင့်ကန့်သတ်ခြင်း စသည် တို့ကို တွေ့ကြုံနေကြရကြောင်းလည်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “MOU ထဲမှာမှ တော်တော်များများက အထောက်အထား သက်တမ်း တွေ တိုးဖို့အတွက်က နယ်ကလူတွေဆိုရင် ဘန်ကောက်မှာ တက်ပြီးတော့မှ ပတ်စပို့အသစ်လုပ်ဖို့ သက်တမ်းတိုး ဖို့က ခက်တဲ့အခါကြတော့ သူတို့က အလုပ်သမား မှတ်ပုံတင်အသစ်လုပ်တဲ့အချိန်မှာ အဲဒီလိုလုပ်လိုက်ရော။ အဲဒါကြောင့်မို့လို့ ဒီကိန်းကဏန်းတွေက လျော့ကုန်တာပေါ့။ နောက်တစ်ခုကြတော့လည်း အလုပ်ရှင်တွေ ကိုယ်တိုင်ကကို ဒီဟာနဲ့ပတ်သက်ပြီးတော့ အခက်အခဲဖြစ်တဲ့အခါကြတော့ သူတို့က အဲဒီလောက်အထိ မစောင့် နိုင်တော့ဘူး။ မစောင့်နိုင်တဲ့အခါကြတော့ စက်ရုံ၊ အလုပ်ရုံတွေက ပွဲစားတွေနဲ့ပဲ သူတို့က စီစဉ်တာဆိုတော့ အိုခေ ပွဲစားသဘောအတိုင်းဆိုတော့ ပွဲစားက လူသစ် ဘတ်(နေထိုင်လုပ်ကိုင်ခွင့်) တင်လိုက်ဆိုတော့ သူတို့ကလည်း အဲဒီလိုပဲတင်လိုက်တယ်။ အလုပ်သမားတွေမှာ ရွေးချယ်ခွင့်မရှိဘူး။ ခုနက လူသစ်ဘတ်ပဲ လုပ်လိုက်ကြတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် MOU အလုပ်သမားများ သက်တမ်းတိုးရေးအတွက် ယခင်ကကဲ့သို့ ရန်ကုန်မြို့အထိ ပြန်သွားရန် မလိုအပ်ဘဲ မြဝတီနှင့် ကော့သောင်းမြို့များသို့ ပြန်လည်ဝင်ရောက်စေပြီး One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 440
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇
ပြည်တွင်းရွှေဈေးနှုန်းသည် ပွင့်လင်းရာသီ ရောက်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ရှိသော်လည်း လက်ရှိ ရှမ်းပြည် နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲကြောင့် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်သွားကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
တိုက်ပွဲမဖြစ်ပွားခင် ၁ ရက်အလို အောက်တိုဘာ ၂၆ ရက်နေ့တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၃,၃၈၀,၀၀၀ (သုံးဆယ့်သုံးသိန်း ရှစ်သောင်း)ကျပ် ရှိရာမှ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဈေးနှုန်း တဖြည်းဖြည်း မြင့် တက်လာရာ ယနေ့ (နိုဝင်ဘာ ၇ ရက်နေ့)တွင် ၃,၄၅၀,၀၀၀(သုံးဆယ့်လေးသိန်း ငါးသောင်း)ကျပ်သို့ ရောက်ရှိနေ သည်ကို တွေ့ရသည်။
ရွှေဈေးနှုန်း မြင့်တက်လာရခြင်းသည် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှု ရပ်တန့်နေသည့်အတွက် နယ်စပ် ကုန်သည်များက ရွှေအဝယ်လိုက်လာခြင်းကြောင့် ဖြစ်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ရွှေတုံးများကိုတွေ့ရစဉ်
၎င်းက “ရှမ်းမြောက် ကိစ္စပေါ့။ အဓိကက ဘာလဲဆိုတော့ ကုန်သည်တွေက တရုတ်ပြည်ဘက်က ကုန်လမ်း ကြောင်းက ပိတ်သွားပြီလေ။ ပိတ်သွားတော့ သူတို့က စီးပွားရေး ခေါင်းပြောင်းတော့ ဘာလို့ဆို ဒီ case က ဘယ်လောက်ထိ ပြီးမယ်လို့မှ မသိသေးတာ။ ခဏ ယာယီအတွက်ပေါ့နော်၊ အဝယ်ကတော့ လိုက်မှာပဲ။ တရုတ် ပြည် လမ်းကြောင်းတစ်ခုလုံး ပိတ်သွားတာ ဖြစ်တဲ့အတွက် အကုန်လုံး စီးပွားရေး တော်တော်များများက တန့်ကုန် တာ။ ကုန်သည်တွေ အကုန်ထိတဲ့ အတွက်ကြောင့် အဲဒီဘက်လမ်းကြောင်းကို ပြောင်းမှာပဲ။ အစကတည်းက တောင်မှ နိုင်ငံရေး မတည်ငြိမ်လို့ ပုံမှန်ဆို ဒါကျချိန်ပဲ။ အစောကတည်းက ၃၃ လောက်ကို ကျမှာလေ။ မကျချင်လို့ ဒီနေရာမှာ ငြိမ်နေတာ။ ငြိမ်နေတာမှ အခု ရှမ်းမြောက်ကိစ္စက ထဖြစ်တော့ လမ်းကြောင်းတွေက အကုန်ပိတ်ကုန် တော့ ဦးတည်ချက်က ဒီဘက်ကိုပဲ လှည့်ကုန်တာ။ တခြားဘက်မှာ ဒီလုပ်ငန်းတစ်ခုကနေ တခြားလုပ်ငန်းကို ချက်ချင်းကြီး ကူးပြောင်းဖို့ဆိုတာ မလွယ်ဘူး။ ကြားထဲမှာ အချိန်ကာလ တစ်ခုတော့ ယူရမှာပဲ။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ ဒီရွှေဘက်ကို ကူးရမှာပဲ။ လောလောဆယ် မြန်မာပြည်မှာ စိတ်ချရတာ ဒီရွှေပဲ ရှိတယ်လေ။ အဲဒါကြောင့် ရွှေဘက်ကို ကူးမှာပဲ သေချာပေါက်ကတော့ ကူးလည်း ကူးနေတာပါပဲ။ ပုံမှန်ဆိုတော့ ပွင့်လင်းရာသီ ရောက်တော့မှာဆိုရင် ဈေးကွက်က ပုံမှန်ထက်တော့ နည်းနည်း မကျရင်တောင်မှ ဈေးတန်းတစ်ခုမှာ ငြိမ်နေမှာပဲ လေ။ အခုကတော့ ပွင့်လင်းရာသီ ရောက်ခါနီးကျမှ ထဖြစ်တာဆိုတော့ ပိုပြီးတော့ ဆိုးသွားဖို့ပဲ ရှိတာပေါ့ ပွင့်လင်း ရာသီ ရောက်ခါနီးမှ ဖြစ်တာကိုး” ဟု ပြောသည်။
ပွင့်လင်းရာသီ ရောက်ချိန်တွင် ပြည်တွင်း ရွှေဈေးနှုန်းသည် ကျဆင်းလေ့ရှိခြင်းကြောင့် ရွှေကုန်သည်များက ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၃၃ သိန်းခန့်သို့ ကျဆင်းနိုင်သည်ဟု သုံးသပ်ထားကြသည်။
သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် မန္တလေး ရွှေဈေးကွက်၌ ရွှေဝယ်ယူမှု မြင့်တက်ခဲ့သည့်အတွက် ရွှေဈေးနှုန်းလည်း မြင့်တက်လာခဲ့သည်။
ထို့ကြောင့် နိုဝင်ဘာလလယ်ခန့်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ၃၆ သိန်းအထိ ရောက်ရှိနိုင်ပြီး ပြန်လည် ကျဆင်း ရန်အတွက် မရှိနိုင်ကြောင်း အမည်မဖော်လိုသည့် ရွှေကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့လက်၀တ်ရတနာများကိုတွေ့ရစဉ်
၎င်းက “လလယ်လောက်ဆိုရင် ၃၅ ကျော်လောက်ပါပြီ၊ ၃၆ လောက် ရောက်လောက်ပါပြီ လလယ်လောက်ဆိုရင်။ အခု ဒီတိုက်ပွဲတွေက ဘယ်အချိန် ပြီးမယ်မှန်းမှ မသိတာ။ ပြင်ပလှုံ့ဆော်မှုက တစ်ခုပြီးတစ်ခု တက်တက် လာမှာ ပဲလေ။ မြန်မာပြည်တွင်းရေးမှ မဟုတ်ဘူး၊ ကမ္ဘာ့နိုင်ငံရေးကလည်း မငြိမ်တော့ဘူး။ အရင်တုန်းက မြန်မာ ပြည်တွင်းရေးကြောင့် တက်လာတာ။ အခုက နိုင်ငံတကာအရေး ဖြစ်နေတော့ မလွယ်လောက်တော့ဘူး ဈေးပြန် ကျဖို့က သိပ်မမြင်တော့ပါဘူး။ အခု စီးပွားရေး အချက်အချာကျတဲ့ တရုတ်ပြည်သွားတဲ့ လမ်းကြောင်းတွေ ပိတ်ကုန်ပြီဆိုတော့ ခေါင်းပြောင်းမှာပဲလေ။ ကျဖို့တော့ သိပ်မရှိတော့ဘူး” ဟု ပြောသည်။
ရွှေဈေးနှုန်း မြင့်တက်နေသော်လည်း ရောင်းလိုအားနှင့် ဝယ်လိုအားအပိုင်းတွင် ပုံမှန်အတိုင်းသာ ရှိနေသလို ရွှေ ဈေးနှုန်း ထပ်မံ၍ တက်မည်ကို ခန့်မှန်းနေကြခြင်းကြောင့် ရောင်းချမည့် သူများကလည်း ရပ်တန့်နေသည်။
ထို့နောက် ရွှေဈေးနှုန်း ကျဆင်းချိန်တွင် ဝယ်ယူရန်အတွက် ပြင်ဆင်နေသည့် ကုန်သည်များလည်း ရှိသည်ဟု ရွှေဈေးကွက်အတွင်းမှ သိရသည်။
ရွှေဈေး၊ ဒေါ်လာဈေး မြင့်တက်စေရန်အတွက် လုပ်ဆောင်နေသူများကို ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့် လက်ရှိတွင် တရားဝင် အရောင်းအဝယ်အနေဖြင့် လုပ်ဆောင်ခြင်း မရှိဘဲ မှောင်ခိုဈေးကွက်ဖြင့်သာ အရောင်း အဝယ် ဖြစ်ပေါ်နေသည်ဟု ရွှေကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 341
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇
တရုတ်သို့ နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်ရန်အတွက် တစ်ခါသုံးကဒ် (TBP) တိုကင်အား နိုဝင်ဘာ ၃ ရက်မှ ၁၀ ရက်နေ့အထိ ထပ်မံထုတ်ပေးထားကာ လူပေါင်း ၃၆၀၀ ကျော်ကိုပေးထားကြောင်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးဌေးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုကင်ယူထားကြမှုသည် ယခင်ထက် နည်းပါးသွားပြီး တိုကင် ထုတ်ပေးသည့်နေရာကိုလည်း နန်းတော်ဂိတ်တွင် ပြောင်းလဲဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ နောက်ထပ် တိုကင်များအား မည်သည့်အချိန်တွင် ထပ်မံထုတ်ပေးသွားမည်ကို မသိရသေးကြောင်း ၎င်းကပြောသည်။
တိုက်ပွဲမဖြစ်ခင်က TBP လာရောက်ထုတ်ယူသူများကို တွေ့ရစဉ်
“သူကတော့ နည်းနည်းလေးတော့ နည်းသွားတာပေါ့။ အသွားအလာတော့ နည်းသွားတာပေါ့။ ကုန်စည်စီးဆင်းမှု ရပ်သွားတဲ့အတွက် အသွားအလာကတော့ မရှိတော့ဘူးပေါ့ နည်းသွားတာပေါ့။ လူဦးရေ ၃၆၂၀ (၃)ရက်နေ့က လာယူတာရှိတာပေါ့။ နည်းသွားတာပေါ့။ ခါတိုင်းဆိုရင်တော့ ၅ ထောင်ကျော် ၆ ထောင်ကျော် လာယူကြတာ လေ။ အဲဒီနေ့ကတော့ လမ်းကြောပိတ်မိနေတဲ့အတွက် ပြည်မထဲကလူတွေက မလာနိုင်တော့ လူဦးရေနည်းသွား တယ်ထင်တယ်။ သူက ၆ ညအိပ် ၇ ရက်ပဲပေးတော့ ဟိုဘက်ကနေ ဒီကိုပြန်လာဖို့က အခက်အခဲရှိကြတာပါပဲ။ ဒါပေမယ့် ဟိုဘက်မှာ သူတို့ဟာသူတို့ QR code လုပ်ပြီးတော့ နေထိုင်နေတဲ့သူတွေလည်းရှိတယ်။ မထွက်မလာ တဲ့သူတွေလည်း အများကြီးပဲ။ ဝင်သွားတဲ့သူတွေရဲ့ တစ်ဝက်ကျော်ကျော်ကတော့ ထွက်မလာဘူး။ သူက ၁၀ ရက် နေ့ပြီးရင်တော့ ကျနော်တို့က နန်းတော်ပေါက်မှာပဲ ပေးတာလေ။ ဝင်ချင်တဲ့ Demand ရှိတယ်ဆိုရင်တော့ နန်းတော်ပေါက်ကနေ တိုက်ရိုက်ဝင်ခွင့်ပြုတဲ့ဟာဖြစ်ဖြစ် ဒါကတော့ တာဝန်ရှိသူတွေရဲ့ သဘောထားပေါ့။ ပိတ်တယ်ဆိုတာတော့ မရှိပါဘူး။ မဖြစ်နိုင်သေးပါဘူး။ သူတို့ ဘယ်လိုပုံစံနည်းနဲ့ ပေးမယ်ဆိုတာကတော့ ရှိလာနိုင်တာပေါ့နော်။ ဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ သူတို့လည်း သူတို့လုံခြုံရေးကို ကြည့်ဦးမှာပေါ့နော်” ဟု ၎င်းက ပြောသည်။
ယခင်က TBP ကဒ်အတွက် တန်းစီရာတွင် လူတန်းအရှည်ကြီးဖြစ်သော်လည်း လက်ရှိတွင် တိုက်ပွဲအခြေအနေ ကြောင့် နည်းပါးသွားသည်ကို တွေ့ရကြောင်းလည်း ပရဟိတအသင်းများထံက သိရသည်။
တစ်ခါသုံးကဒ် (TBP) တိုကင်
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ သိန္နီ၊ မူဆယ်၊ မုံးကိုး၊ ချင်းရွှေဟော်၊ နောင်ချို၊ လားရှိုး စသည့် မြို့နယ်များရှိ မြန်မာ့တပ်မတော်စခန်းများ၊ ရဲစခန်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၊ တိုးဂိတ်များကို မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကို ၁၀၂၇ စစ်ဆင်ရေးဟု ခေါ်ဝေါ်ခဲ့ကြပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (MDY-PDF)တို့ ပါဝင်ကြကာ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
၎င်းတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အချို့လမ်းများကိုလည်း ပိတ်ထားသည့်အတွက် မူဆယ်မှ ထွက်ခွာချင်သူများနှင့် မူဆယ်သို့ဝင်ရောက်ချင်သူများမှာ ပိတ်မိနေကြဆဲဖြစ်ပြီး အချို့မှာ ၎င်းတို့နှင့် နီးစပ်ရာ အိမ်များတွင် နေထိုင်နေကြရကြောင်း နှလုံးလှပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ပိတ်မိတာတော့ အများကြီးပဲလေ။ ပိတ်မိတာက တစ်နယ်နဲ့ တစ်နယ် ကူးလို့မရဘူး။ ဥပမာ ပန်ဆိုင်းကနေ မူဆယ်ကို လာလို့မရဘူး။ နမ့်ခမ်းကနေ မူဆယ်ကို လာလို့မရဘူး။ ကွတ်ခိုင်ကနေ မူဆယ် လာလို့မရဘူး။ အခု မန္တလေးဘက်ကနေလည်း မူဆယ်ကို လုံးဝလာလို့မရဘူး။ ဒါပေမယ့် ဒီမနက်တော့ မနေ့က မိုင်းကွဲတဲ့ ဖြစ်စဉ် မိန်းကလေးတစ်ယောက် ခြေထောက်ပြတ်တယ်၊ နောက် ဘယ်ဘက်လက် အကုန်လုံး အစမှန်တဲ့ဟာ နမ့်ဖတ်ကာ အထိ သွားကြိုတာတော့ ဘာမှတော့ မဖြစ်ခဲ့ပါဘူး။ ဆိုင်ကယ်ဆီဖိုးကလည်း အရမ်းကို ဈေးကြီးတာလေ။ တစ်လီတာကို ၃၀၀၀ ကျော်တယ်။ အဲဒီလိုမျိုးလေ။ တဖြေးဖြေးချင်းတက်လာပြီ တစ်ရက်ကို ၁၀၀ လောက်က တက်နေတာ ဘယ်လောက်မှာ တန့်သွားမလဲမသိဘူး။ ဝယ်လို့ကတော့ ရတယ်။ ဒီမှာကတော့ တရုတ်နဲ့ကပ်နေ တော့ အောက်ကမလာလည်း တရုတ်ဆီတော့ ရှိတာပဲ။ အခြေခံလူတန်းစားတွေက တော်တော် ဒုက္ခရောက်တာ ပေါ့” ဟု ၎င်းက ပြောသည်။
လောက်ကိုင်မှပြန်လာသူများ ကားပိတ်နေမှု
ရှမ်းပြည်နယ် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်ပတ်အတွင်း တိုက်ပွဲရှောင်ဦးရေ ၂ သောင်းခွဲအထိ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
သိန္နီမြို့နယ်တွင်လည်း မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်း (၁၀) ကျောင်းတွင် တိုက်ပွဲရှောင်ဦးရေ ၈ ထောင်ကျော်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံပြည်သူသောင်းနှင့်ချီတိုက်ပွဲအတွင်း ပိတ်မိနေကြ ကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က “သိန္နီလောက်ကနေ ပိတ်ထား တာဆိုတော့ ဟိုဘက်ကိုလည်း မူဆယ်- သိန္နီတစ်ကြော သွားလို့မရဘူးပေါ့။ ကုန်စည်စီးဆင်းမှုလည်း မရဘူးပေါ့။ ဟိုဘက်နဲ့ ဒီဘက် တခြားစီဖြစ်နေတာပေါ့။ မူဆယ်တို့ နမ့်ခမ်းတို့ သိန္နီတို့ဘက်က တစ်ခြမ်းဖြစ်နေတာပေါ့။ သိန္နီရဲ့ ဒီဘက်ကနေ လားရှိုးဒီဘက် ဂုတ်တွင်းအထိက တစ်ခြမ်း ဖြစ်နေတာပေါ့။ အဲဒီလို နှစ်ပိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် ကျနော်တို့ကြားတာတော့ တရုတ်ဘက်က တိုက်ပွဲရှောင်တွေကို ခေါ်ထားတာ ရှိပါတယ်။ တချို့ ကြတော့လည်း အဲဒီဘက်ကိုသွားကြတယ်။ သူတို့ ဟိုလို တအားကြီးတော့ မစစ်ပါဘူး။ ဒါပေမယ့် နည်းနည်းတော့ သူတို့ စစ်တာပေါ့။ ဘယ်ကလာလဲ အဲဒီလို အသေးစိတ်တွေ ပုံမှန်တော့ သာမန်အရတော့ သူတို့ စစ်ပါတယ်။ ကျနော်တို့ကြားတာတောင်မှ ဖုန်းတွေဘာတွေတောင် မသုံးခိုင်းဘူးကြားတယ်” ဟု ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ သွားလာ၍မရဘဲ နယ်စပ်ကုန်သွယ်ရေး ရပ်နားထားရကြောင်း ကုန်သည်များထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 407
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ရှိ မြဘုရင် တောင်လေးလုံး သကြားစက်ရုံက လက်ရှိတွင် ကြံလိုအပ်ချက် ဖြစ်ပေါ်နေခြင်းကြောင့် ကြံတစ်တန်လျှင် ၁၅၀,၀၀၀(တစ်သိန်းခွဲ)ကျပ်အထိ ဈေးနှုန်းပေး ဝယ်ယူလာကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ယခုနှစ်က ကြံတစ်တန် ညှိနှိုင်းဈေးသည် ၁၀၀,၀၀၀(တစ်သိန်း)ကျပ်မှ ၁၃၀,၀၀၀(တစ်သိန်း သုံးသောင်း) ကျပ် အထိသာ မျှော်မှန်းထားသော်လည်း လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကြံစိုက်ပျိုးမှုနှင့် သကြားစက်ရုံ၏ ကြံလိုအပ်ချက်သည် ပို၍များနေခြင်း ကြောင့် ညှိနှိုင်းဈေးထက် ဈေးနှုန်းပိုပေးပြီး ဝယ်လာခြင်းဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ ကြံစိုက်ပျိုးမှု နည်းပါးပြီး ပြောင်းစိုက်ပျိုးမှု များပြားနေခြင်းကြောင့် ကြံစိုက် ပျိုးမှု တိုးမြင့်လာစေရန်အတွက် ဈေးနှုန်းတိုး၍ ဝယ်ယူခြင်းဖြစ်သည်ဟု ကြံစိုက်တောင်သူ ဦးမောင်ဆွေ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှမ်းတောင်က သူတို့ဘက်က ကြံစိုက်တဲ့သူက နည်းသွားပြီလေ။ သူတို့ရဲ့ စက်ရုံရဲ့ လိုအပ်ချက်ပေါ့နော်။ ကြံတန်ချိန် လိုအပ်ချက် ရှိတာပေါ့နော်။ ကြံဈေး တိုးပေးလိုက်မှ ကြံစိုက်တဲ့ တောင်သူတွေက စိတ်ဝင်စားလာမှာ လေ ကြံစိုက်ပျိုးလာမှာ။ သူတို့ ကြံထွက်တာ နည်းလို့ ကြံတောင်သူတွေ စိုက်ပျိုးလာအောင် ဈေးကို သူများထက် ပိုပေးတော့ ပေးရမယ်ပေါ့နော်။ ရှမ်းတောင်က ပြောင်းရှိတယ်လေ။ ပြောင်းဈေးနဲ့ တွက်တာဆိုတော့ သူတို့ အဲဒီ ဈေးနဲ့ ရမှာပေါ့နော် တောင်သူတွေကတော့။ အဲဒါကြောင့် သူက ကြံဈေးကို မြှောက်ပေးရမှာပေါ့” ဟု ပြောသည်။
သကြားစက်ရုံကိုတွေ့ရစဉ်
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကြံစိုက်ဧက ၁၇၀၀၀ ကျော်ရှိပြီး ညောင်ရွှေ၊ ရပ်စောက်၊ ရွှေညောင်နှင့် တောင်ကြီး မြို့များတွင် စိုက်ပျိုးကြသည်။ သို့သော်လည်း ကြံထက် အကျိုးအမြတ်ရှိပြီး ပြည်ပသို့ တင်ပို့မှုရှိသည့် ပြောင်းများ ကို ပို၍ စိုက်ပျိုးကြသည်။
လက်ရှိတွင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ စသည့် သွင်းအားစုစရိတ်များ မြင့်တက်နေခြင်းနှင့် ယခုနှစ် ၌ သကြားဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် ယခုရရှိသည့် ကြံဈေးနှုန်းသည် သင့်တင့်မျှတသော ဈေးဖြစ်သည် ဟု ကြံစိုက်တောင်သူများက ပြောသည်။
သို့သော်လည်း တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သကြားစက်ရုံများနှင့် တောင်သူများသည် အကျိုး တူ လယ်ယာစနစ်ဖြင့် ဈေးနှုန်းသတ်မှတ်ချက်များ ပြုလုပ်ထားပြီးပြီ ဖြစ်သည့်အတွက် မြဘုရင် သကြားစက်ရုံမှ ဝယ်ယူသည့် ဈေးနှုန်းအတိုင်း တခြားသော သကြားစက်ရုံများက ဝယ်ယူမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။
ကြံများကိုတွေ့ရစဉ်
၎င်းက “ရှမ်းတောင်က မြဘုရင် တောင်လေးလုံး သကြားစက်၊ သူတို့က ကြိတ်ဝါးတန်လည်း ပိုလိုချင်တဲ့ အနေ အထားမျိုး ဖြစ်မှာပေါ့။ ဘယ်လိုကြောင့် ပေးတာလဲဆိုတော့ ကြံလိုချင်လို့ပေါ့။ သကြားဈေးကလည်း အခုက မြင့်နေတာလေ။ မြင့်တော့ ဘာပဲပြောပြော တက်လို့ရသေးတယ်ပေါ့နော်။ တွက်ခြေကိုက်တဲ့ အနေအထား ရှိ တယ်။ သူ့ရဲ့ ကြိတ်ဝါးတန် ဥပမာ သူက ၁ ရက်ကို တန် ၁၅၀၀ လည်နိုင်ရင် အခုလက်ရှိ ၁၀၀၀ လောက်ပဲ ရတယ် ဆိုရင် တန် ၅၀၀ လောက် လိုနေသေးတာပေါ့။ လိုအပ်ချက်ကို ဖြည့်လို့ရအောင်လို့ ပိုဝယ်တဲ့သဘောပါပဲ။ တခြား စက်ရုံတွေက အဲဒီလောက်ထိ ပေးချင်မှ ပေးမှာပေါ့။ ၁၃၀,၀၀၀ လောက်အထိပဲ ပေးမယ်လို့ ခန့်မှန်းတာပဲ။ တခြား စက်ရုံတွေကျတော့ အသီးသီး စာချုပ်ပြီးပြီ။ သူ့ကို ဘယ်လောက် ရောင်းမယ်ဆိုတာ Contract လုပ်ပြီးပြီ။ တောင်သူတွေနဲ့ တော်တော်များများက Contract farming ပုံစံ လုပ်ပြီးသွားပြီ။ ထူးခြားတာက ဒီစက်ရုံက Contract farming မှာ အားနည်းသေးတာကိုး။ အားနည်းသေးတော့ သူက တခြား ကြံသကာချက်တဲ့သူတို့၊ ဘာတို့ အဲဒီနားမှာ များတာပေါ့။ များတော့ သူက ကြံလိုချင်လို့ ပိုဝယ်တဲ့သဘောလို့ ယူဆရတာပေါ့နော်” ဟု ပြော သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ သကြားစက်ရုံများက လက်ရှိတွင် ကြံတစ်တန် ဈေးနှုန်းကို ၁၂၀,၀၀၀(တစ်သိန်း နှစ်သောင်း)ကျပ် သတ်မှတ်ထားပြီး တောင်သူများက ၁၃၀,၀၀၀ (တစ်သိန်း သုံးသောင်း)ကျပ်နှင့်အထက် ရရှိရန်အတွက် မျှော်မှန်းနေကြသည်။
လက်ရှိတွင် ကမ္ဘာ့သကြားဈေး မြင့်တက်နေပြီး ပြည်တွင်း သကြားဈေးနှုန်းသည်လည်း ကောင်းမွန်နေခြင်းကြောင့် သကြားစက်ရုံများက တောင်သူများ မျှော်မှန်းထားသည့် ဈေးနှုန်းကို တိုးမြှင့်၍ ဝယ်ယူလာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 634
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ Certificate of Identity- CI စာအုပ်ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိစေရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ပြည်ထောင်စု ဝန်ကြီးတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အထောက်အထားမဲ့ မြန်မာများအား CI စာအုပ်ဖြင့် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ မြန်မာဘက်မှ တောင်းဆိုမှုကို ထိုင်းအစိုးရဘက်မှ ခွင့်ပြုလုပ်ဆောင်ပေးနိုင်မည်ဆိုပါက ကောင်းမွန်သော်လည်း ထိုင်းဘက်မှ အထောက်အထားမဲ့လုပ်သားဦးရေ ကိန်းကဏန်းနှင့် လိုအပ်ချက်အပေါ်မူတည်ပြီးမှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“ဘာလို့ဆို သူတို့ကတော့ သူတို့အနေအထားပေါ့။ ထိုင်းဘက်က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးတဲ့ အခါ ကြတော့ အဲဒီလို လူသစ်စာရင်းကို လုပ်ပေးတယ်ဆိုတာက သူတို့မှာ သူတို့ရဲ့ချက်ချင်းလုပ်တဲ့ဟာမျိုး လုပ်လို့ မရဘူး။ သူတို့က ဌာနပေါင်းစုံညှိနှိုင်းပြီးမှ လုပ်တယ်မလား။ ပြီးတဲ့အခါကြမှ ဒီဟာနဲ့ပတ်သက်ပြီး လုပ်သင့်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကတော့ နံပါတ်တစ်ပေါ့။ သူတို့ကနေ သူတို့ရဲ့ စစ်တမ်းတွေအရ တရားမဝင်တဲ့ အလုပ် သမားတွေ ဘယ်လောက်လောက် ရာခိုင်နှုန်းလောက်ရှိနေပြီ၊ ဦးရေဘယ်လောက် ရှိနေတယ် ဒါမျိုးတွေ ကြားရ တယ်။ အဲဒါကြောင့်မို့လို့ ပြည်နယ်အလိုက် အလုပ်သမား လူသစ်မှတ်ပုံတင်တဲ့ဟာကိုလုပ်ဖို့ ဝန်ကြီးအဖွဲ့ အစည်း အဝေးမှာ တင်ပြမယ်။ တင်ပြတဲ့အခါကြမှ သူတို့က ဒါ တရားဝင် အလုပ်လုပ်ခွင့်အတွက်ကို သူတို့ဘက်က တင်ပြ တဲ့အခါကြရင် ပြည်ထဲရေးဝန်ကြီးဌာနတို့၊ ကျန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ အဲဒါတွေကပါ ဒီ ကိန်းကဏန်း တွေအပေါ်မူတည်ပြီး သဘောတူညီချက်တွေ ဘာတွေ ယူရတာ။ အဲဒါတွေ ယူပြီးတော့မှ ဝန်ကြီးချုပ်ကနေ အတည်ပြုချက်ကိုပေးပြီးတော့ ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်တာ။ အဲဒါ ပြီးတော့ မှ Endorsement ယူရတာပေါ့။ အဲဒီလို သွားရတာ။ ဆိုတော့ အဆင့်ကတော့ ချက်ချင်းကြီး မရနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
အထောက်အထားမဲ့ မြန်မာလုပ်သားများအနေဖြင့် CI စာအုပ်တစ်မျိုးတည်းသာ ရှိပါက ခရီးသွားလာခွင့်တွင် အခက်အခဲရှိနိုင်ပြီး လေကြောင်းလိုင်းဖြင့် စီးနင်း၍သော်လည်းကောင်း၊ ကုန်းလမ်းဖြင့်သော်လည်းကောင်း မြန်မာနှင့် ထိုင်းနိုင်ငံသို့သာသွား၍ ရကြောင်းသိရသည်။
CI စာအုပ်များ လုပ်ဆောင်ပေးသည့် စခန်းနေရာ
ထို့အပြင် CI စာအုပ်ဖြင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို တရားဝင်နေထိုင်လုပ်ကိုင်ခွင့်အစား ဘတ်ပန်းရောင်ကတ်ထုတ်ပေးပါက ပို၍ အဆင်ပြေကောင်းမွန်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အထောက်အထားမဲ့သည် အထောက်အထားတစ်ခုရသွားရင်တော့ သိပ်ကောင်းတာပေါ့။ လုံခြုံရေးက အရေးကြီးတာ ဖြစ်တဲ့အတွက်။ ဒါပေမယ့် အထောက်အထားထုတ်ပေးတဲ့နေရာမှာ အရင်တုန်းက ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်မှာ အလုပ်သမားကတ် တစ်ကတ်တည်းနဲ့ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး သွားလာပြီးတော့ အလုပ်လုပ်လို့ရတဲ့ စနစ်တွေရှိတယ်။ အခုလည်း ဒီအလုပ်သမားဝန်ကြီးဌာနသည် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုနီးပါးက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ စနစ်နဲ့ပဲ ပန်းရောင်ကတ်လို့ အများခေါ်တဲ့ ကတ်ပြားကို ထုတ်ပေးနေတာ ဖြစ်တဲ့အတွက် ယာယီအလုပ်သမား လက်မှတ်တစ်ခုရှိရုံနဲ့ ထိုင်းတစ်နိုင်ငံလုံး လွတ်လပ်စွာသွားခွင့်ရတဲ့ အထောက်အထား လုပ်ပေးမယ်ဆိုရင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကုန်ကျစရိတ်လည်းသက်သာသလို လုံခြုံမှုအတွက်လည်း စိတ်ချရတယ်လို့ ပြောလိုတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ CI စခန်းတွေမှာ CI စာအုပ်ရရန်အတွက် တစ်ဦးလျှင် ဘတ်ငွေ ၈၀၀၀ မှ ၁၂၀၀၀ အထိ အကုန်ကျခံကာ ပြုလုပ်နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
ထို့အပြင် CI စာအုပ်လုပ်ပါက မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေသည့် ဝင်ငွေခွန်နှင့်ပတ်သက်၍ ပေးဆောင်ရနိုင်ဖွယ် အခြေအနေများလည်းရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 551
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်ရှိ တောင်သူများသည် ဈေးကောင်းပေး ဝယ်သူများရှိခဲ့၍ စပါးရိတ်သိမ်းခြွေလှေ့စက်များကို ရောင်းချ လိုက်ရာ ယခုအခါမှာတော့ ပြန်လည် မဝယ်ယူနိုင်တော့ခြင်းကြောင့် စပါးရိတ်သိမ်းခြွေလှေ့စက်များ ပိုမိုလိုအပ် လာနေသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း တောင်သူများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စပါးရိတ်သိမ်းခြွေလှေ့စက်များကို ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ရန်ကုန် စသည့် ဒေသအသီး သီးမှ ဈေးကောင်းပေး၍ လာရောက်ဝယ်ယူမှုများ ရှိခဲ့ပြီး တောင်သူများက ရောင်းချခဲ့ကြသည်။
လွန်ခဲ့သည့် ၃ နှစ်ခန့်တွင် ရိတ်သိမ်းခြွေလှေ့စက်များ ဝယ်ယူရန်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှတဆင့် ချေးငွေဖြင့် သော်လည်းကောင်း၊ အရစ်ကျဖြင့်သော်လည်းကောင်း ဝယ်ယူ၍ ရသော်လည်း လက်ရှိတွင် လက်ငင်း ဖြင့် ဝယ်ယူကြရခြင်းကြောင့် မဝယ်နိုင်ဘဲ ဖြစ်နေကြသည်။
ထို့အပြင် သိန်း ၅၀၀ တန် ရိတ်သိမ်းခြွေလှေ့စက် တစ်စီးသည် လက်ရှိတွင် သိန်း ၁၀၀၀ နီးပါး ဖြစ်ပေါ်နေခြင်း ကြောင့် တောင်သူများသည် ပြန်လည်ဝယ်ယူရန် အခက်အခဲ ဖြစ်ပေါ်နေသည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူလယ်သမားအသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
စပါးရိတ်သိမ်းခြွေလှေ့စစ်ကိုတွေ့ရစဉ်
၎င်းက “ဘာဖြစ်လို့ ဒီလို ရိတ်သိမ်းခြွေလှေ့စက် လိုအပ်မှုက ဝုန်းဒိုင်း ဖြစ်သွားလဲဆိုတော့ လွန်ခဲ့တဲ့ ၃/၄ နှစ်က ဆိုလို့ရှိရင် ရိတ်ခြွေစက်တစ်စီး ဝယ်ချင်တယ်ဆိုလို့ရှိရင် သိန်း ၁,၆၃၀,၀၀၀(၁၆ သိန်း ၃ သောင်း)ရှိရင်၊ ပုံစံ ၁၀ ဧက ရှိရင် ဝယ်လို့ရပါတယ်။ အဲဒီအချိန်မှာ ဈေးကလည်း ၅၀၀ ပတ်ချာလည်လောက်ပဲ ရှိပါသေးတယ်။ အဲဒီလိုဆို ကိုယ်က ၃ ချိုး ၁ ချိုးလောက် သွင်းနေပြီဆိုရင် ကျန်တဲ့ဟာကို ၂ နှစ် ၄ ရစ်နဲ့ ပေးတာပေါ့။ အဲဒီလို အခြေအနေမျိုး ကနေပြီးတော့ ဈေးတက်သွားတာရယ်၊ နောက်တစ်ခါ ဘဏ်တွေကနေပြီးတော့ တောင်သူတွေကို အရစ်ကျ ထုတ် မပေးတဲ့ စနစ်တွေရယ်၊ လက်ငင်းစနစ်နဲ့ ဖြစ်လာတဲ့အခါမှာ တောင်သူတွေမှာလည်း ကိုဗစ်ပြဿနာ တစ်ခါတိုး တယ်၊ ပြီးတော့ နယ်မြေ မငြိမ်မသက်မှုတွေ ဖြစ်တယ်၊ လွန်ခဲ့တဲ့ နှစ်ကဆိုရင် မိုးခေါင်မှုတွေ ဖြစ်တယ်။ ဒီနှစ်မှာ ဆိုရင်လည်း မိုခါ ထိပြန်ပြီ။ အဲဒီအတွက်ကို အကြွေးတွေကလည်း စိုက်ဘဏ်တွေနဲ့ အခြေအနေက မပေးသလို ဖြစ်နေတယ်။ အကြွေးကလည်း တစ်ဖက်က တင်နေတယ်။ အဲဒီလိုဆိုတော့ ဘဏ်တွေကလည်း အရစ်ကျ ချမပေး ဘူး။ လက်ငင်းဈေး မေးလိုက်ပြန်တော့လည်း ဒီနှစ်မှာ စပါးရိတ်စက်က သိန်း ၉၆၀ ရှိနေတယ်။ လွန်ခဲ့တဲ့ ၃ နှစ် လောက်က ၅၀၀ လောက် ရှိတဲ့ဟာကို အခု ၁၀၀၀ နီးပါးလောက် ဖြစ်နေတဲ့အခါမှာ တစ်ဖက်က ဝင်ငွေက ကျပ် တည်းနေတဲ့ အခါမှာ စိုက်ဘဏ်တောင် မဆပ်နိုင်တဲ့အခါမှာ မဝယ်နိုင်ကြဘူးပေါ့။ နောက်တစ်ပိုင်းက အဲဒီလို ကျနော်တို့ဆီက အဟောင်းတွေကို ၅၀၀ ပတ်ချာလည်နဲ့ ဝယ်ထားတဲ့ စက်တွေကို ၃ နှစ်လောက်၊ ၄ နှစ်လောက် ကို သုံးထားပြီးပြီ။ အခုလည်း ၅၀၀ ပေးသွားတယ်။ အဲဒီလိုဆိုတော့ တချို့တောင်သူတွေက ၃ နှစ်လောက် သုံး ထားတဲ့ဟာကို အခုလည်း ၅၀၀ ပေးတယ်ဆိုတော့ ရိတ်ထားတာ အမြတ်ဆိုပြီးတော့ ရောင်းချလိုက်ကြတာ များတယ်” ဟု ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် ယခုနှစ်တွင် ရိတ်သိမ်းခြွေလှေ့စက်များကို ပြန်လည် ရောင်းချမှု နှုန်းသည် အစီးရေ ရာနှင့်ချီ၍ ရှိနိုင်သည်ဟု ခန့်မှန်းနေကြသည်။
ထို့ကြောင့် နှစ်စဉ် လိုအပ်ချက် ရှိခဲ့သည့် ရခိုင်ပြည်နယ်သည် ယခုနှစ်တွင် ပို၍ လိုအပ်ချက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များသည် ပြည်ပသို့ ထွက်ခွာရန်အတွက် ရိတ်သိမ်းခြွေလှေ့စက်များကို ရောင်းချ သွားကြပြီး ပြန်လည်ဝယ်ယူရာတွင်လည်း ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝယ်ယူနိုင်ခြင်း မရှိဖြစ်သွားသည်ဟု ကျောက်တော်မြို့နယ်မှ တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။
စပါးရိတ်သိမ်းခြွေလှေ့စစ်ကိုတွေ့ရစဉ်
၎င်းက “ရိတ်သိမ်းခြွေလှေ့စက်က ကုန်ခဲ့တဲ့နှစ်ထက် ၂၅ ရာခိုင်နှုန်းလောက် နည်းမယ်ထင်တယ်။ အဲဒါက လူငယ် တွေက စပါးရိတ်စက်တွေကို ရောင်း၊ ရောင်းပြီးတော့ နိုင်ငံခြားသွားတယ်၊ အဲဒီလို သွားကြတယ်။ စက်တွေက ပြည်မဘက်ကို ရောက်သွားကြတယ်။ အရင်တုန်းကဆိုရင် လူတွေက အကြွေးစနစ်နဲ့ဆို ပြန်ဝယ်ကြတယ်။ ဥပမာ သိန်း ၁၀၀၊ သိန်း ၂၀၀ လောက် သွင်း။ ကျန်တဲ့ဟာကို ၅ လ၊ ၆ လနဲ့ဆိုရင် ဝယ်မယ့်လူတွေ ရှိကြတယ်။ ဒါပေမယ့် တစ်လုံးတခဲတည်း ပေးရမယ်ဆိုတော့ သိန်း ၈၀၀၊ ၉၀၀ လောက်ရှိတယ်၊ လူတွေက မဝယ်နိုင်ကြတော့ဘူး” ဟု ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် မိုးစပါးစိုက်ဧက ၁၂ သိန်းကျော်ရှိပြီး ရိတ်သိမ်းခြွေလှေ့စက် အစီးရေ ၃၀၀ ကျော် လိုအပ်နေပြီး စပါးစိုက်ဧက အများဆုံးရှိသည့် မြောက်ဦးမြို့နယ်တွင် အစီးရေ ၁၂၀ ခန့်နှင့် ကျောက်တော် မြို့နယ်တွင် အစီးရေ ၁၀၀ ကျော် လိုအပ်သည်ဟု ဓညဝတီ တောင်သူလယ်သမားအသင်းချုပ်ထံမှ သိရသည်။
လိုအပ်သည့် ရိတ်သိမ်းခြွေလှေ့စက်များ အချိန်မီ အထောက်အပံ့ ရရှိရန်အတွက် ရခိုင်ပြည်နယ်ကောင်စီနှင့် ရခိုင် ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းထံသို့ တောင်းဆိုထားလျက် ရှိသည်။
ရိတ်သိမ်းခြွေလှေ့စက် အချိန်မှီ မရရှိပါက တောင်သူများအနေဖြင့် လူအားဖြင့် ရိတ်သိမ်းရာတွင် ရိတ်သိမ်းလွန် ကာလနှင့် ကြုံတွေ့နိုင်သည့်အပြင် ကုန်ကျစရိတ်များ ပို၍ များလာမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်များက ကြုံတွေ့ခဲ့ရသည့် ရင့်မှည့်စပါးပင်များ အပူရှိန်ကြောင့် မီးလောင်မှု ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များအတိုင်း ပြန်လည် ကြုံတွေ့ရမည်ကို တောင်သူများက စိုးရိမ်နေကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 510
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
လက်ရှိတွင် စပါးဈေးနှုန်းများ ကောင်းမွန်နေသော်လည်း ဧရာဝတီတိုင်းအတွင်းရှိ စပါးစိုက်တောင်သူများနှင့် တခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တောင်သူများ ရရှိသည့် အကျိုးအမြတ်သည် ကွာခြားမှု ဖြစ်ပေါ် နေသည်ကို တွေ့ရှိရသည်။
ထိုသို့ အကျိုးအမြတ် ကွာခြားရခြင်းသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ဧရာဝတီတိုင်းဒေသကြီး သည် ပြည်ပတင်ပို့မှု ပြုလုပ်နေသည့် ရန်ကုန်ဆိပ်ကမ်းနှင့် နီးကပ်နေခြင်း၊ ပြည်ပတင်ပို့မည့် ကုန်သည်များက လာရောက်မှု များပြားခြင်းကြောင့် တခြားသော တိုင်းဒေသကြီများထက် ဈေးနှုန်းကွာခြားမှု ဖြစ်သွားခြင်းဖြစ် သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မွန်ပြည်နယ်တို့ ဘာတို့က သူ့ပြည်နယ်နဲ့သူ တစ်ခါတရံကျရင်တော့ အခုက နိုင်ငံတကာဈေးကွက်က တအားကောင်းနေတော့ ပြည်တွင်းမှာကျတော့ နိုင်ငံတကာ ဈေးကွက် မရှိရင် စပါးပေါ်ချိန်မှာ ၁၆ သိန်း၊ ၁၇ သိန်း ဆိုတာက ရုတ်တရက် ပြည်တွင်းတစ်ခုတည်းပေါ့လေ ဒေသတစ်ခုတည်းဆိုရင်တော့ ရုတ်တရက် အဲဒီလောက် ဈေး ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလေ။ အခုကတော့ ပြည်ပဆန်ဈေးကွက်ကိုက မတရားကောင်းတဲ့အတွက် ဒီဘက်မှာ တော့ ပြည်ပပို့တဲ့ Exporter တွေ၊ ဝယ်လက်တွေနဲ့ ကုန်သည်တွေနဲ့ နီးတဲ့နေရာတွေ ဖြစ်တဲ့အတွက် သူကတော့ မြန်မြန် တက်တာပေါ့။ မွန်ပြည်နယ်က ရန်ကုန်ကို လာပို့ရမယ်ဆိုတော့ ကြိတ်တာ၊ ခွဲတာ၊ သယ်ယူစရိတ် အဆင့် ဆင့် နဲ့ဆိုတော့ ဈေးနှုန်းကလည်း ကွာမှာပဲ။ အထွက်နှုန်းကတော့ လူပေါ်မှာပဲ မူတည်ပါတယ်။ နောက်ပြီးတော့ ဝယ်လက်ရှိတဲ့နေရာနဲ့ တောင်သူနေတဲ့ နေရာနဲ့က လမ်းပန်းဆက်သွယ်ရေး ဝေးလံတဲ့အတွက်၊ နောက်တခါကျ တော့ ကားကြီးတွေ ဝင်လို့မရဘဲနဲ့ ကွန်ဒေါင်းတွေနဲ့ စပါး ၁၀၀ ပါ၊ ၂၀၀ ပါ လောက်နဲ့ပဲ ဆွဲလို့ရတဲ့အတွက် စရိတ် က ပိုပြီးတော့ ဆီစားနှုန်းနဲ့လေ ပိုကြီးတဲ့အတွက်။ အခု အန်ကယ်တို့ဆီမှာတင် ဧရာဝတီမြစ် အရှေ့ဘက်က တောင်သူနဲ့ အနောက်ဘက်ကမ်းက တောင်သူနဲ့ စပါး ၁၀၀ ဥပမာ တစ်ဧကကို စပါး ၅၀ ထွက်တာချင်းအတူတူ၊ ၁၀၀ ထွက်တာချင်း အတူတူ စပါး ၁၀၀ ပေါ်မှာ ရတဲ့အကျိုးအမြတ်က ဘယ်လောက်ကွာသွားလဲဆိုတော့ ငွေ ၂ သိန်းနီးပါးလောက် ကွာသွားတယ်” ဟု ပြောသည်။
ဆန်အိတ်များ သယ်ယူနေစဉ်
လက်ရှိတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ပေးထားသည့် ဧည့်မထစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၁၂ သိန်းမှ ၁၅ သိန်း အခြေခံ ရည်ညွှန်းစပါးဈေးနည်းတူ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် စပါးစိုက်ပျိုးသည့် ဒေသများမှ တောင်သူများက ရရှိလျက်ရှိသည်။
သို့သော်လည်း ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုစရိတ်များနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် တစ်ဧကလျှင် ငွေကျပ် ၈ သိန်းမှ ၁၀ သိန်းခန့်အထိ ကုန်ကျနေကြောင်း၊ ထို့နောက် စပါးထွက်ရှိမှုသည် တစ်ဧက တွင် တင်း ၆၀ ခန့်သာ ထွက်ရှိနေခြင်းကြောင့် အကျိုးအမြတ် ရရှိမှုသည် အနည်းငယ်သာ ရှိသည်ဟု မွန်ပြည်နယ် မှ မိုးစပါးစိုက်တောင်သူများထံမှ သိရသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူများသည် ယခုနှစ်တွင် ရိတ်သိမ်းခြွေလှေ့စက် လိုအပ်ချက်များ ဖြစ်ပေါ်နေပြီး လူအားဖြင့် ရိတ်သိမ်းရမည်ဆိုပါက အရှုံးနှင့် ရင်ဆိုင်ရနိုင်သည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူလယ်သမား အသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စပါးကတော့ အောင်မြင်တယ်။ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်က ဘာလဲဆိုတော့ ရိတ်သိမ်းခြွေလှေ့စက် မရှိဘူး။ လူအင်အား သုံးမယ်ဆိုလို့ရှိရင် စရိတ်စက ကုန်တာတို့၊ လူမရှိတာနဲ့ တော်တော်ကို ဆိုးသွားပြီ အခြေ အနေ။ ဥပမာ စက်နဲ့ ရိတ်မယ်ဆိုလို့ရှိရင် တစ်ဧကကို ၁ သိန်း ထားပါတော့၊ လူနဲ့ရိတ်ရင် ၂ သိန်းနဲ့လည်း မရဘူး။ နောက်တစ်ချက်က အဲဒီကောက်လိုင်းကို ထမ်းဖို့ကိစ္စ၊ နယ်တဲ့ကိစ္စ၊ တော်တော်ကို ပြောင်းလဲသွားပြီ။ စပါးက အထွက်ကောင်းပေမယ့် တစ်ဖက်မှာ တက်တယ်ဆိုပေမယ့် သွင်းအားစုစရိတ် ထောင်းသွားမှာ။ အဲဒါဆိုရင် အမြတ် မရတော့ဘူး ရှုံးပြီပေါ့” ဟု ပြောသည်။
စပါးစိုက်တောင်သူများကိုတွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီးတွင် ကန်ထရိုက် လယ်ယာစနစ် ရှိခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေများ ရရှိခြင်းနှင့် အရည် အသွေးမြင့် မျိုးကောင်းမျိုးသန့် စပါးများကို စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းတို့ကြောင့် အထွက်နှုန်း ကောင်းမွန်လျက် ရှိသည်။
အလားတူ စက်ကိရိယာများဖြင့် စပါးစိုက်ပျိုးမှုများ ပြုလုပ်ကြခြင်းကြောင့်လည်း အထွက်နှုန်းသည် ပို၍ ကောင်းမွန်သည့်အတွက် တခြားသော တိုင်းဒေသကြီးများထက် ပို၍ အကျိုးအမြတ် ရရှိခြင်းဖြစ်သည်ဟု တောင်သူများက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စပါးစိုက်တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်ခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် စပါးများ ထုတ်လုပ်နိုင်ရန် အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။