- By CNI
- Category: စီးပွားရေး
- Hits: 477
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁
ပြည်ပနိုင်ငံများသို့ စေလွှတ်လိုက်သည့် လုပ်သားဦးရေစာရင်းအား ပေးပို့ရန် ပျက်ကွက်သည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများအား အရေးယူမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ကြေညာထားသည်။
အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သည့် နိုင်ငံအလိုက် လုပ်သားဦးရေစာရင်းအား လစဉ် လဆန်း ၅ ရက် အတွင်း မဖြစ်မနေ ပေးပို့ရမှာဖြစ်ပြီး ပျက်ကွက်ခဲ့ပါက စေလွှတ်ရေးလုပ်ငန်းစဉ် စတင်ရပ်ဆိုင်းခြင်း၊ အသိပေး အကြောင်းကြားခြင်း၊ ထပ်မံ မလိုက်နာပါက ပိတ်ခံရခြင်းတို့ ဖြစ်မည်ဟု သိရသည်။
ပွင့်ဖူးအောင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက “ဒါကတော့ကောင်းတဲ့ အလေ့အကျင့် တစ်ခုပဲ။ ဒီဟာတစ်ခုကိုမှ သူတို့မလိုက်နာဘူးဆိုရင်တော့ ဒီလုပ်ငန်းနဲ့ သူတို့နဲ့ အဆင်မပြေဘူးပေါ့။ လုပ်ငန်း အပေါ်မှာ စိတ်ဝင်စားမှုမရှိဘူးပေါ့။ ဒီ အီးမေးလ်လေး ပို့ပေးရတာ။ မပို့ရင်တော့ ဌာနကလည်း နောက်မှ ၄၊ ၅၊ ၆ လ ကျန်တဲ့လူတွေ ၇ လကျန်တဲ့လူတွေ မစေလွှတ်တဲ့လူတွေ ပေါ်လာတဲ့အခါကြတော့ သူတို့ဌာနကလည်း ထုတ် ရတာပေါ့။ ဘာလို့ဆို ပြင်ပမှာ မီဒီယာတွေက ရေးနေကြတာပဲလေ ဌာနက အရေးမယူလို့ဆိုတော့ သူတို့လည်း အဲဒီလို ရေးရတာပဲဖြစ်မှာပေါ့။ အဲဒါစာနဲ့လည်း ထုတ်ထားပြီး သားလေ စည်းကမ်းမလိုက်နာတဲ့အတွက် ဌာနက အဲဒီလို စာထုတ်ပြန်ရတာပေါ့။ တကယ်တမ်းလည်ပတ်နေတဲ့ အေဂျင်စီကတော့ update ပို့တယ်လေ။ အခုက မပို့တော့ဘဲနဲ့ တချို့ကြတော့လည်း ၇ လ၊ ၈ လ၊ ၉ လ ကြတော့မှ ကလေးတွေတိုင်သိတာမျိုးပေါ့။ ဌာနကလည်း လူအများကြီးနဲ့ အေဂျင်စီ ၄၀၀ ကျော်လောက်နဲ့ အလုပ်လုပ်နေရတာဆိုတော့ ထိုင်းနိုင်ငံက။ သူလည်း ဒီတစ်ခု ချင်းစီကို မသိဘူးလေ။ အဲဒီတော့ သိချင်လို့ သူပို့ခိုင်းတော့လည်း မပို့တော့ အဲဒီလိုမျိုး စာထုတ်တာ ဖြစ်ပါလိမ့် မယ်။ မပို့ပေးတဲ့ ကုမ္ပဏီတွေကလည်း ဒါစေလွှတ်ထားခြင်းမရှိလို့ နေလိမ့်မယ်” ဟု ပြောသည်။
ပြည်ပထွက်မည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်
စေလွှတ်သည့် လုပ်သားဦးရေ စာရင်းရှိပါက email ဖြင့်ဖြစ်စေ စာနှင့်ဖြစ်စေ ပေးပို့နိုင်ကြောင်း၊ စေလွှတ်သည့် လုပ်သားဦးရေ မရှိပါကလည်း မရှိကြောင်းကို တင်ပြရမည်ဖြစ်သည်။
ထို့အပြင် လက်ရှိတွင် စက်တင်ဘာလအတွက် စာရင်းပေးပို့ရန် ကျန်ရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၈၁ ခု ရှိကြောင်း Safe Migration က ထုတ်ပြန်ထားသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်ယူဆောင်ထားပါက အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်ခိုင်းသည့် ကိစ္စ ရပ်များအား မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း လပ်ကီးပြည်ပ အလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ စေလွှတ်တဲ့ စာရင်းအတိအကျ တောင်းတယ်။ တောင်းနေတာ ၃ လလောက်ရှိပြီ။ အဲဒီမှာ တချို့ အေဂျင်စီတွေက မပေးဘူး။ မပေးဘူးဆိုတာ သူတို့မပေးဖြစ်တာလည်း ပါမယ်။ ပေးပို့ဖို့ မသိတာလည်းပါမယ်။ အဲဒီအခါကြတော့ ဟိုဘက်က ဌာနဆိုင်ရာက အလုပ်လုပ်တော့ စာရင်းအတိအကျ လုပ်လို့မရဘူး ဖြစ်နေတယ်။ ပုံမှန် ပေးလိုက်ရင် ပြီးသွားပြီကိစ္စက။ လိုင်စင်ကြီး ယူထားမှတော့ ဒီအလုပ်ကတော့ လုပ်ရမှာပေါ့။ မပေးလို့မရဘူး လေ။ တချို့ကြတော့လည်း လိုင်စင်ယူထားပြီးတော့ ဝန်ထမ်းတောင်မရှိတာ ရှိမှာပေါ့။ မပြောတတ်ပါဘူး။ ဒါပေ မယ့် ဌာနဆိုင်ရာဆီက ဒီလိုင်စင်ကြီး ယူထားပြီး မပေးဘူးဆိုတာကတော့ သဘာဝမကျပါဘူး။ အခု လိုင်စင်ပေါင်း က ၄၇၀ လောက်ရှိသွားပြီလေ။ လစဉ် လဆန်း ၅ ရက်နေ့မတိုင်ခင် ပေးကိုပေးရမှာလေ။ အမှန်တကယ် လုပ်တဲ့ လူတွေကလည်း ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်နေတော့ ကိုယ့်တာဝန်ကျေရင် ပြီးပြီလေဒါက” ဟု ပြော သည်။
မြန်မာအလုပ်သမားများကို တွေ့ရစဉ်
လက်ရှိတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ လုပ်သားခေါ်ယူမှုနှုန်းထား ကျဆင်းနေသည့်အတွက် ပြည်ပ ထွက်ခွာမည့် လုပ်သားများအနေဖြင့် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းပေးရန် လိုအပ်ကြောင်းနှင့် စိတ်မြန် လက်မြန်လုပ်ပါက အလိမ်ခံရသည့် အကျိုးဆက်ကို ရနိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက အကြံ ပြုသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ အလုပ်သမားဝန်ကြီးဌာနထံမှ လိုင်စင်ရရှိထားသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီ အရေအတွက်မှာ ၄၈၄ ခုရှိပြီး ထိုထဲတွင် ယာယီပိတ်သိမ်းသည့် ကုမ္ပဏီ ၁၀ ခုရှိသောကြောင့် စုစုပေါင်း ၄၇၄ ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 534
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀
ဥပဒေကို ဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ် အရေးယူသွားရန်လိုကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားသွားခဲ့သည်။
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု အဓိကဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ နိုင်ငံ ၏ ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုများကို အဓိက ထိုးနှက်နေသည့် အချက်သည် တရားမဝင် ကုန်သွယ်မှုများဖြစ် ကြောင်း၊ နိုင်ငံတိုင်းတွင် တရားမဝင် ကုန်သွယ်မှုများရှိသော်လည်း မိမိတို့နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများ သည် ခေတ် အဆက်ဆက် ကျယ်ပြန့်စွာ အမြစ်တွယ်ကြီးထွားနေသည့်အတွက် ယင်းကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ တရားမဝင် ကုန်သွယ်မှုကို နိုင်ငံတော်မှ တိုက်ဖျက်ရေးအတွက် စီမံဆောင် ရွက်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုများတွင် တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိ ခိုက်နစ်နာစေလျက်ရှိကြောင်း၊ ပြည်ပသို့ ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန် ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေကို ဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ်အရေးယူသွား ရန်လိုတယ်”ဟု ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် နစကသည် နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား ကုန်သွယ်ရေးနှင့် စက်သုံးဆီ လုပ်ငန်း များတွင် ဒေါ်လာ လာဘ်ငွေရယူသည်ဟုဆိုကာ အရေးယူခဲ့သည်။
အလားတူ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးကိုလည်း အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး အရေးယူခဲ့သည်။
ထို့နောက် ဥပဒေနှင့် မလွတ်ကင်းမှုများကို အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန်နှင့် မဆောင်ရွက်နိုင်ပါက နိုင်ငံ၏ စီးပွားရေးကို ထိခိုက်သည့်အပြင် မိမိတို့ ဆောင်ရွက်နေသည့် ပြည်သူ့လူမှု စီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာထိခိုက်စေပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိက အဟန့်အ တား ဖြစ်သည့် တရားမဝင် ကုန်သွယ်မှုကို ယခုထက် ပိုမိုထိရောက်စွာ တားဆီး စစ်ဆေးအရေးယူရန်လိုအပ် ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လအတွင်းက ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တွင် တရားမဝင် ပြောင်းဆန်သယ် ယူမှုကို အရေးယူနိုင်ခဲ့သလို ရန်ကုန်တိုင်းဒေသကြီးကို ဖြတ်ကျော်၍ တရားမဝင် ပြောင်းဆန်များ တင်ပို့ရန်ကြိုး ပမ်းမှုကိုလည်း တားဆီးနိုင်ခဲ့ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် ကွန်တိန်နာ ၁၁ လုံး တရားမဝင် ထုတ်ယူမှု ကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 710
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉
လတ်တလောဖြစ်ပွားနေသော အစ္စရေးနှင့် ဟားမာ့စ်စစ်သွေးကြွအဖွဲ့ကြား စစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေးနှင့် ရေနံ ဈေးများအပေါ် ရိုက်ခတ်မှုဖြစ်ကာ မြန်မာနိုင်ငံအတွင်းရှိ ရွှေနှင့်စက်သုံးဆီ ဈေးနှုန်းများကို သွယ်ဝှိုက်ကာ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။
ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်နေ့က ဒုံးကျည်ပေါင်း ထောင်ကဏန်းဖြင့် တိုက်ခိုက်ခဲ့ ရာ လူပေါင်း ရာနှင့်ချီသေဆုံးခဲ့သလို ထောင်နှင့်ချီ ဖမ်းဆီးခံခဲ့သည်။
ထို့နောက် အစ္စရေးစစ်တပ်က ဟားမာ့စ်ကို စစ်ကြေညာ၍ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာ့စ်အဖွဲ့၏ ပစ်မှတ်များ ကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေခြင်းကြောင့် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား စစ်ပွဲမှာ ကြီးမား လာခဲ့သည်။
အဆိုပါ စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသတွင် အကြီးစား စစ်ပွဲတစ်ခု ဖြစ်ပွားလာနိုင်သည့်အတွက် မြန်မာနိုင်ငံ ကို သွယ်ဝှိုက်၍ ထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရွှေနှင့် စက်သုံးဆီများ ဈေးနှုန်းမြင့် တက်လာနိုင်၍ မည်ကဲ့သို့ ထိန်းသိမ်းမလဲဆိုသည့်အပေါ် သက်ဆိုင်ရာက ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက အကြံပြုကြသည်။
စက်သုံးဆီဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်
ဒေါ်လာနှင့် ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က “အစ္စရေးနဲ့ ပါလက်စတိုင်းရဲ့ကိစ္စက မြန်မာပြည်နဲ့ ဆိုင် လားဆိုတော့ မဆိုင်ပါဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ စစ်တော်တော်များများက ငြှိမ်းရတာ မလွယ် လောက်ဘူးလေ။ ဘာလို့လဲဆိုတော့ အစ္စရေးဘက်မှာက အမေရိကန် ရှိတယ်လေ။ ပါလက်စတိုင်း ဘက်မှာကျ တော့ အာရပ်နိုင်ငံတွေ ရှိတယ်။ နောက်တစ်ခုက အီရန် ရှိတယ်။ အီရန်က ဟားမာ့စ်ကို အရမ်းထောက်ပံ့ပေးတဲ့ အဖွဲ့ အီရန်သည် စစ်လက်နက်ကအစ အကုန်ပံ့ပိုးပေးတာ။ ဘယ်လိုဖြစ်မလဲဆိုတော့ အရင်က အီရန်ကို အမေရိကန်က ရေနံနဲ့ ပတ်သက်ပြီးတော့ ပိတ်ထားတာကို အခုနှစ်ကနေစပြီးတော့ အကုန်ခွင့်ပြု ပေးထားတယ်။ တကယ်လို့များ စစ်မီးက များများလာပြီဆိုရင်တော့ အီရန်အနေနဲ့ ရေနံထုတ်လုပ်မှု အပိုင်းတွေမှာ အမေရိကန်က ပြန်ပိတ်မှာ စိုးရတယ်။ အီရန်ရေနံမှာ လာထိခိုက်မယ်ဆိုရင်တော့ ဆီဈေးက စတက်ဖို့များတယ်၊ လာမယ့် ၁၂ လ ပိုင်း အတွင်းပေါ့နော် ဖြစ်နိုင်ချေ။ မြန်မာပြည် မိုးကုန်တာနဲ့ ကွက်တိ သွားကျတယ်။ မိုးကုန်တဲ့အချိန်မှာ ရွှေတွင်း တွေက ပြန်လည်မယ်၊ လည်မယ့်အချိန်မှာ ဆီဈေးတွေက တက်မယ်ဆိုရင်တော့ သေချာပေါက် ရွှေဈေးက ပြန် တက်မယ်။ အဲဒီလိုမျိုးတော့ သုံးသပ်လို့ ရတာပေါ့နော်။ မြန်မာပြည်ကိုတော့ တိုက်ရိုက် မလာဘူး။ သွယ်ဝှိုက်ပြီး တော့ လာမယ်။ လာရင်လည်း ကုန်ဈေးနှုန်းကနေပဲ လာမယ်။ အဓိက စက်သုံးဆီကနေ လာမှာလေ။ ရေနံဈေး တက်တာနဲ့ စက်သုံးဆီက လိုက်တက်မှာပဲ။ စက်သုံးဆီဈေးတက်ရင် ထုတ်လုပ်မှု ကုန်ကျစရိတ် များမယ်။ ထုတ် လုပ်မှု ကုန်ကျစရိတ် များရင်တော့ ပိုပြီးတော့ ဈေးက မြင့်လာမှာပဲ။ ဒါကတော့ ဘယ်လိုထိန်းမလဲဆိုတာ သူတို့ (အစိုးရ) အပေါ်မှာပဲ မူတည်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမှာ အတက်ပိုင်းသို့ ရောက်ရှိသွားသလို မြန်မာနိုင်ငံအတွင်းမှာလည်း စက်သုံးဆီ အောက်တိန်း 92 သည် စက်သုံးဆီဆိုင် တော်တော်များများမှာ ပြတ်လပ်လျက် ရှိသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် အစ္စရေးနှင့် ပါလက်စတိုင်း စစ်ပွဲသည် ရက်ရှည်ကြာသွားသည်နှင့်အမျှ ပါလက်စတိုင်း ဘက်တွင် အီရန်၊ တူရကီ စသည့် နိုင်ငံ အများအပြား ပါဝင်လာနိုင်ကြောင်း၊ အလားတူ အစ္စရေးဘက်တွင်လည်း အမေရိကန် ပါဝင်လာနိုင်ပြီး အမေရိကန်က ရေနံစိမ်း ထုတ်လုပ်နေသည့် အီရန်အပေါ် ပိတ်ဆို့မှုများ ပြုလုပ်လာ နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ထိုသို့ ပိတ်ဆို့မှုများ ပြုလုပ်လာပါက ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်ပြီး မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် လည်း ရိုက်ခတ်မှု ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်နေကြသည်။
အစ္စရေးစစ်တပ်က ဟားမာ့စ်ကို တိုက်ဖို့ စစ်ရေးပြင်ဆင်နေစဉ်
ထို့နောက် ပြီးခဲ့သည့် ရုရှားနှင့် ယူကရိန်းစစ်ပွဲ အရေးအခင်းကို အကြောင်းပြ၍ မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်း ရှင်များနှင့် ကုန်သည်များက ကုန်ဈေးနှုန်းကို မြှင့်တင်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
လက်ရှိ အစ္စရေး - ပါလက်စတိုင်း အရေးတွင်လည်း ထိုကဲ့သို့ ကုန်ဈေးနှုန်း မြှင့်တင်ခြင်းများ မဖြစ်ပေါ်စေရန် အတွက် မြန်မာအစိုးရအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တချို့က ထောက်ပြကြသည်။
စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက “အစိုးရအပိုင်း အနေနဲ့ကတော့ ဒီကိစ္စကို ကိုင်တွယ်ဖို့ဆိုရင် ထိထိ ရောက်ရောက် အရေးယူတာတွေ လုပ်ဖို့လိုတယ်။ အဓိက ကုန်သွယ်လုပ်ငန်းရှင်တွေပေါ့နော်၊ ဈေးကစားတာမျိုး၊ ပြဿနာတစ်ခုခု ဖြစ်လာတိုင်း၊ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးတွေမှာ ရိုက်ခတ်မှု ဖြစ်တိုင်း မြန်မာပြည်ကို သက်ရောက်ရမယ်ဆိုတဲ့ ဖော်မြူလာကြီးကို လုပ်ငန်းရှင်တွေက ကိုင်တွယ်ထားတာတော့ တော်တော်လေးကို ပြည်သူတွေအတွက် မကောင်းတဲ့ လက္ခဏာပေါ့နော်။ လုပ်ငန်းရှင်တွေ လုပ်နေတာကိုတော့ ကျနော်တို့က လက်ခံ နိုင်စရာ အကြောင်း မရှိဘူးပေါ့နော်။ ဒီအပိုင်းကိုတော့ အစိုးရက ထိထိရောက်ရောက် အရေးယူဖို့လိုတယ်၊ ဖော် ထုတ်ဖို့ လိုတယ်။ ဖမ်းဆီးဖို့ လိုတယ်။ လိုအပ်တယ်ဆိုလို့ရှိရင် စုံစမ်းစစ်ဆေးရေး (စ)သုံးလုံးကနေမှတဆင့် ကွင်းဆင်းပြီးတော့ ဒါမျိုးတွေကို ပြုလုပ်နေတဲ့သူတွေ၊ သတင်းအမှား ဖြန့်နေတဲ့ သူတွေကနေ စလုပ်ပေါ့နော်၊ တကယ်ရောင်းတဲ့ ဝယ်တဲ့လူတွေအထိ ထိထိရောက်ရောက် အရေးယူတာမျိုးတွေ၊ ဖမ်းဆီးတာမျိုးတွေ လုပ်မယ် ဆိုရင်တော့ ဒါမျိုးလုပ်နိုင်တဲ့ ၄ / ၅ ယောက်ကို ဖမ်းဆီးပြီးတော့ လုပ်ပြလိုက်ရင် နောက်လူတွေ သိပ်မလုပ်ရဲတော့ ဘူးလို့ ကျနော်မြင်တယ်၊ အစိုးရဘက်ကနေတော့ အဲဒီလို ထိထိရောက်ရောက် လုပ်ဖို့လိုတယ်” ဟု CNI သတင်း ဌာနသို့ ပြောသည်။
လက်ရှိ မြန်မာပြည်တွင် ဖွဲ့စည်းထားသည့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီနှင့် နိုင်ငံခြားငွေ ကြီးကြပ်ရေး ကော်မတီတို့က ဈေးကစားမှုများ ပြုလုပ်လာနိုင်သည့် လုပ်ငန်းရှင်များနှင့် ကုန်သည်များကို စောင့်ကြည့် အရေးယူ မှုများ ပြုလုပ်ခြင်းနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒများကို ပြောင်းလဲ ထိန်းညှိမှုများကို ပြုလုပ်ပြီး ကြိုတင်ပြင်ဆင် ထားရန် လိုအပ်သည်ဟု စီးပွားရေး ပညာရှင်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 472
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇
စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည် ပထမဦးစားပေးဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ရန်ကုန်မြို့ရှိ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က သွားရောက် ကြည့်ရှုခဲ့ပြီးနောက် အထက်ပါအတိုင်း ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ တစ်နေ့တာပျမ်းမျှ အသား၊ ငါး စားသုံးမှု လိုအပ်ချက်ပမာဏကို တွက်ချက်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်အောင် မွေးမြူထုတ်လုပ်သွားရ မည်၊ ဥစားကြက်၊ ဘဲမွေးမြူးရေးနှင့်ပတ်သက်၍ ဥထွက်ရှိမှု ပမာဏ၊ ဥသည့် အချိန်ကာလတို့ကို စနစ်တကျ တွက်ချက် ချိန်ညှိ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်ပြတ်မှုမရှိစေရေး ဆောင်ရွက်ကြရမည်”ဟု ပြောသည်။
အလားတူ အခြားမွေးမြူရေးလုပ်ငန်းများတွင်လည်း စဉ်ဆက်မပြတ် မွေးမြူမှုဖြစ်စေရေး တွက်ချက် ဆောင်ရွက် ကြရန် လိုကြောင်း၊ အသားစား နွားများကို အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူရန်လိုပြီး မွေးမြူရေးနွား၊ စပ်မျိုးနွား နှင့် ဒေသနွားများကို သုတေသနပြု ဆောင်ရွက်ကာ အထွက်နှုန်း ကောင်းမွန်သည့် နွားမျိုးများရရှိရေး ဆောင် ရွက်ရန်လိုကြောင်း၊ နွားစာမြက်များ စိုက်ပျိုးရာတွင် စဉ်ဆက်မပြတ် ထုတ်ယူအသုံးပြုနိုင်ရေး စနစ်ကျနသည့် ရိတ်သိမ်းမှုစနစ်ရှိရန်နှင့် နွားချေးများကိုလည်း မြေသြဇာအဖြစ် ပြန်လည်သုံးစွဲရန်လိုကြောင်း ၎င်းက ပြော သည်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုဖလားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းသာမက စနစ် ကျနသည့် စိုက်ပျိုးမွေးမြူရေးစနစ်များကို ဖော်ဆောင်သွားရန်လိုကြောင်း၊ လိုအပ်သည့် သွင်းအားစုများ လုံ လောက်စွာ ရရှိနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
သွင်းအားစုနှင့် ပတ်သက်င မြေသြဇာ၊ ရေရရှိရေး၊ လုပ်အားခ ဟူ၍ရှိပြီး လုပ်သားရှားပါးမှု ပြဿနာကို ယန္တရား များဖြင့် ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ မြေသြဇာ လိုအပ်ချက်ကြောင့် အထွက်နှုန်း လျော့ကျမှု မရှိစေရေးအတွက် ပြည်ပမှ တင်သွင်းရန် လိုအပ်သည့် မြေသြဇာများကို တင်သွင်းခွင့် ပြုထားပေးပြီ ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများကို တိုးတက်အောင် ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများ တိုးတက်လာပါက တောင်သူများ ဝင်ငွေ ကောင်းလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည် ပထမ ဦးစားပေးပင်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် လမ်းပန်း ဆက်သွယ်မှု လျင်မြန်ချောမွေ့ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည့် အခြေအနေရှိပြီး ဖြစ်ကြောင်း၊ အဓိကလို အပ်သည်မှာ အမှန်တကယ် အလုပ်လုပ်ရန်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း အစိုးရမှ ဖန်တီးပေးရမည် ဖြစ်သည်”ဟု ပြောသည်။
ထို့ကြောင့် တင်ပြချက်များကို အချိန်ပေး၍ နားထောင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ ဆောင်ရွက်ရသည့် လုပ်ငန်း အလိုက် အောင်မြင်မှု ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲ လာသော နိုင်ငံရေးအကျပ်အတည်းကြောင့် နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခများဖြစ်ကာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ထိခိုက်လျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် လူငယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်နေကြ ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်သားရှားပါးလာသလို သွင်းအားစု စရိတ်များ ကြီးမြင့်ခြင်းကြောင့် လည်း စိုက်ပျိုးရေးလုပ်ငန်းများ လျော့နည်းလာနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 497
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား တစ်ခါသုံးကဒ် (TBP) ကို ထုတ်ပေးပြီး ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်မှတဆင့် တရုတ်နိုင်ငံ ဝမ်တိန်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိရသည်။
ထို့သို့ မြန်မာယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ယနေ့ (အောက်တိုဘာလ ၆ ရက်နေ့) မှ စတင်၍ ကျင်စန်းကျော့ဂိတ်တွင် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာကုန်တင်ယာဉ်မောင်းများ တိုက်ရိုက်မောင်းနှင် ဝင်ရောက်ခွင့် ရရှိမည်ဆိုပါက အစားထိုးယာဉ်မောင်း ရှန်တိန်စနစ် ပပျောက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ရာတွင်လည်း မြန်ဆန်လာမည်ဖြစ်ကာ ရှန်တိန်ခနှင့်အတူ တရုတ်ပြည်အတွင်းရှိ တခြားသော ကုန်ကျစရိတ်များလည်း သက်သာလာမည် ဖြစ်သည်ဟု ကျင်စန်းကျော့မှ ကုန်သည် ကိုကျော်ကျော်အောင်က CNI သတင်းဌာနသို့ ပြောသည်။
“တခါသုံးကဒ် လုပ်ပေးမယ်လို့ သူက ကြော်ငြာထားတာပေါ့။ ဒါပေမယ့် သူက ကဒ်လုပ်ပေးမယ်လို့တော့ ပြော တယ်။ ဒါပေမယ့် သူက ဘယ်နေရာ၊ ဘယ်အနေအထားအထိ လုပ်ပေးမယ်ဆိုတာတော့ မသိသေးဘူးလေ။ ပို အဆင်ပြေတာပေါ့ ကုန်ကျစရိတ် ပြန်သက်သာတာပေါ့။ တကယ်လို့ အထဲထိ ဝင်မယ်ဆိုရင် ပေးဝင်မယ်ဆိုရင် တော့ ကိုယ့်ဟာကိုယ် မောင်းပြီးမှ မြန်မာကားချည်းပဲ ပေးဝင်မယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ကြန့်ကြာမှု တွေ တအားကြီး နည်းသွားမှာပေါ့” ဟု ပြောသည်။
ကိုဗစ်မတိုင်ခင်ကာလတွင် မြန်မာယာဉ်မောင်းများသည် တရုတ်နိုင်ငံအတွင်းသို့ ကိုယ်တိုင်မောင်းနှင်သည့် စနစ်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ကိုဗစ်ဖြစ်ပွားချိန်မှစတင်၍ တရုတ်ယာဉ်မောင်းများဖြင့် အစားထိုး၍ မောင်းနှင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
ကိုဗစ်ကာလ တရုတ်-မြန်မာ နယ်စပ်ဂိတ်များသို့ ဝင်ရောက်လာသည့် ကုန်တင်ကားများအား စစ်ဆေးနေစဉ်
အစားထိုးယာဉ်မောင်းစနစ်(ရှန်တိန်)ဖြင့် ကုန်သွယ်ခဲ့ရခြင်းကြောင့် ကုန်ကျစရိတ်များစွာ ပိုမိုကုန်ကျခဲ့သည်ဟု သိရသည်။
မူဆယ်မှ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုသန့်ဇင်က “မလုပ်ရသေးဘူး။ ဝင်တဲ့အချိန်ကျရင်တော့ လုပ်ရမှာပေါ့။ လိုအပ်ရင်တော့ လုပ်ရမှာပေါ့။ ဝင်ရပြီဆိုရင်တော့ လိုအပ်တာပေါ့။ ရှန်တိန် မလိုတော့ဘူးပေါ့ ကဒ်ပေးတယ် ဆိုရင်တော့ ကိုယ်တိုင် မောင်းနှင်ရမှာပဲ။ ကိုယ့်ကားနဲ့ကိုယ်ဆိုတော့ စိတ်ချရတာပေါ့ အဝင်အထွက်တွေကျတော့။ ကိုယ့်ကားပေါ် ကားပစ္စည်း ဘာညာ အဝင်အထွက် စိတ်ချရတာပေါ့။ ရှန်တိန်နဲ့ကျတော့ ပျက်တာပြုတာ ရှုပ်တော့ ရှုပ်တာပေါ့။ ရွှေလီအထိတော့ ရပါတယ်။ သူတို့ ယူနန်ပြည်နယ် ရွှေလီအထိ တပတ်တော့ ရပါတယ်။ ရွှေလီတို့ ဘာတို့ သွားလို့ရတာပေါ့ဗျာ။ ကားနဲ့ပတ်သက်တဲ့ ကုန်တွေ တင်မယ့်နေရာ သွားလို့ရတာပေါ့။ ကုန်သည်တွေ ကျတော့ ရှန်တိန်ငှားခတို့ကျတော့ ကုန်သည်တွေ သက်သာသွားတာပေါ့ဗျာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
သစ်သီးပွဲရုံများအနေဖြင့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၏ ကိုယ်ရေးအချက်အလက်များကို မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်သို့ ၁ ရက် ကြိုတင်၍ စာရင်းပေးပို့ထားရန် လိုအပ်ကြောင်း မူဆယ်သစ်သီးဝလံ ကုန်စည် ဒိုင်က အသိပေးထားသည်။
ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်သည် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိကအရေးပါသည့် ဂိတ်တစ်ခုဖြစ်ပြီး ဖရဲ၊ သရက် စသည့် သစ်သီးဝလံများကို အဓိက ကုန်သွယ်သည့် ဂိတ် ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 470
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅
မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းနှင့် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် လက်ရှိတွင် ပြည်တွင်းရှိ လူငယ်လူရွယ်များ ပြည်ပထွက်ခွာမှု များပြားနေခြင်းကြောင့် နောင်တချိန်တွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက လူသားအရင်းအမြစ် ရှားပါးမှုနှင့် ကြုံတွေ့လာနိုင်မည်လားဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက မေးခွန်းထုတ်မှုများ ရှိနေသည်။
သို့သော် လုပ်သားရှားပါးမှု အချက်အလက်ကို ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များက ထည့်သွင်းစဉ်းစားသော်လည်း အဓိကနေရာတွင် မထားကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ကင်းလွတ်ခွင့်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုး အမြတ်များကို နိုင်ငံတော်က ကာကွယ်ပေးထားမှု အခြေအနေများကိုသာ ဦးစားပေးထည့်သွင်းကြသည်ဟု သိရ သည်။
သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် လူသားအရင်းအမြစ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံဝင်ရောက်မှုသည် ဆက်လက်ကျဆင်းနေမည် ဖြစ်သည်ဟု အမည်မဖော်လိုသည့် စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီဟာကို သူတို့ ထည့်သွင်းစဉ်းစားတဲ့အချက်ထဲမှာတော့ ပါတယ်။ ဒါပေမယ့် evergreen မှာတော့ မပါဘူး။ ဒီက Ground infrastructure ဘယ်လောက်ကောင်းလဲ။ နောက် အခွန်ကင်းလွတ်ခွင့်ပေးတာတို့၊ အခွန် သက်သာခွင့်ပေးတာတို့၊ အဲဒါမျိုးတွေ ဘယ်လောက်ရှိလဲ၊ နောက် သူတို့ရဲ့ အကျိုးအမြတ်တွေကို နိုင်ငံခြားကို လွတ်လွတ်လပ်လပ် ပို့ခွင့်ရှိလား၊ နောက် သူတို့ investment ကို ဘယ်လောက်ထိ ကာကွယ်ပေးထားလဲ၊ နောက် Labor Law တွေ ဘယ်လိုရှိလဲ ဒါတွေကို ကြည့်တာ။ အလုပ်သမား၊ လုပ်သား ရှားပါးတာ မရှားပါးတာ သူတို့ ဒီရောက်လို့ရှိရင် သူတို့ Standard ပေးလိုက်လို့ရှိရင် ဒီအလုပ်သမားတွေ ပြန်ဝင်လာမယ်ဆိုတာ သူတို့ သဘော ပေါက်တယ်။ သူတို့ ထည့်တော့စဉ်းစားတယ်။ ဒါပေမယ့် အဲဒီဟာတွေ ပြန်ပြီးတော့ ရဖို့ကတော့ တိုင်းပြည် တည်ငြိမ်ဖို့ အဓိက လိုတာပေါ့နော်။ တိုင်းပြည်တည်ငြိမ်ပြီဆိုတော့မှ ကျန်တဲ့ဟာတွေ ပြန်ပြီးတော့ ဆက်လုပ် လို့ရမှာ။ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ ပြည်ပရင်းနှီးမြှုပ်နှံမှုရော၊ လူသားအရင်းအမြစ်ရော ဒီအတိုင်း ကျနေအုံးမှာပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံသည် တခြားသော နိုင်ငံများထက် လုပ်ခလစာ နည်းပါးခြင်းကြောင့် လုပ်သားအများအပြား အသုံးပြုရသည့် အထည်ချုပ်ကဲ့သို့သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် မြန်မာနိုင်ငံကို ရွေးချယ်ကြမည် ဖြစ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် လုပ်ခလစာ နည်းပါးခြင်းပြဿနာကို ဖြေရှင်းပေး နိုင်မည်ဆိုပါက ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာမည် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ပြည်ပသို့ထွက်ခွာမည့် MOU လုပ်သားများ
လက်ရှိတွင် မြန်မာနိုင်ငံတွင်းရှိ လူသားအရင်းအမြစ် အားလုံးသည် ပြည်ပသို့ ထွက်ခွာသွားခြင်း မဟုတ်ကြောင်း၊ သို့သော်လည်း လက်ရှိ သတ်မှတ်လိုက်သည့် ပြည်ပရောက် အလုပ်သမားများ၏ လစာအပေါ် ၂၅ ရာခိုင်နှုန်း ငွေလွှဲစေခိုင်းခြင်းနှင့် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုများကြောင့် ပြည်ပသို့ အလုပ်သမားများ ထွက်ခွာမှုများကို ခက်ခဲသွားစေနိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“အလုပ်သမားကတော့ အကုန်လုံး ထွက်သွားတာတော့ မဟုတ်ပါဘူး။ ရှိသလောက်တော့ ရှိနေသေးတာပဲလေ။ အခုဟာက နိုင်ငံခြားသွားရင်တောင်မှ criteria တွေက တဖြည်းဖြည်းနဲ့ ပိုများလာရင် နောက်ပိုင်း ထွက်သွားဖို့ ခက်သွားတဲ့သဘောတောင် ရှိလာနိုင်တယ်။
ဥပမာအားဖြင့်ဆို အခွန်ဆောင်ခိုင်းပြီ။ ဆရာတို့ခေတ်ကတည်းက အခွန်ဆောင်ခိုင်းတာ။ ဖိလစ်ပိုင်မှာတောင်မှ လူဦးရေ ၁၂ သန်းလောက် အပြင်ထွက်သွားတာကိုး။ ဆရာတို့ဆီမှာ အဲဒီလောက် မသွားသေးဘူးလေ။ ပြန်စဉ်းစားကြည့်ရင် ထိုင်းတစ်ခုပဲ ၃ သန်းလောက် ရှိတာလေ။ ကျန်တဲ့နိုင်ငံ တွေက ဒီလောက်ကြီး မသွားသေးဘူး။ မလေးရှားဆို ၂ သိန်းလောက်ပဲ ရှိတာကိုး။ စင်္ကာပူလည်း ၁ သိန်းတောင် မပြည့်ပါဘူး။ ကျန်တဲ့နိုင်ငံတွေဆို ထောင်ကဏန်းပေါ့။ ကိုရီးယားဆိုရင်တောင်မှ သောင်းကဏန်းပဲ ရှိဦးမှာလေ။ ဂျပန်တောင်မှ ထောင်ကဏန်းပဲ ရှိတာ။ အများကြီး မရှိသေးဘူး။ ဆရာတို့ဆီမှာ အကယ်၍သာပေါ့နော် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာခဲ့ရင်တော့ လုပ်အားခတွေက အခြေအနေကောင်းလာရင် ဘာမှ ဒီဘက်က အဖြတ်အတောက်တွေ သိပ်မရှိဘူးဆိုရင် ရှင်သန်နိုင်မှာ နောက် ၂ နှစ်၊ ၃ နှစ်ဆိုရင် ဒီဥစ္စာက ရှင်သန်နိုင်ဖို့ ရှိတယ်။ တဖြည်းဖြည်းနဲ့ လုပ်ခလစာတော့ ဒီဘက်က တိုးပေးရမှာပေါ့နော်။ အဲဒီတစ်ခုတော့ ဆရာတို့ ကြိုးစားပေးနိုင်ရင် နိုင်ငံခြားသွားချင်တဲ့သူတောင်မှ မရှိတော့ဘူး တဖြည်းဖြည်းနဲ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ လူအများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာကြရာ၌ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ယူအေအီး အစရှိသည့် နိုင်ငံများသို့ အဓိကအများဆုံး ထွက်ခွာကြပြီး အနောက် နိုင်ငံများသို့လည်း ထွက်ခွာနေကြသည်။
ကိုဗစ်ကပ်ရောဂါမတိုင်ခင်တွင် ပြည်တွင်းသို့ ပြန်ဝင်လာကြသည့် မြန်မာအလုပ်သမား အများအပြားသည် လက်ရှိတွင် ပြည်ပသို့ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်ထွက်ခွာနေပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်လုပ်သား များလည်း ပါဝင်နေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 471
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅
မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍသည် အခြား အိမ်နီးချင်းနိုင်ငံများကဲ့သို့ အဆင့်မီစေရန် စက်ပစ္စည်း၊ နည်းပညာ သာမက မူဝါဒပိုင်း အပါအဝင် ကုန်ချောထုတ်လုပ်နိုင်မှုနှင့် ဝယ်ယူသူရှိမှု စသည့် ဘက်ပေါင်းစုံအား ပြုပြင်ပြောင်း လဲရန် လိုအပ်ကြောင်း စိုက်ပျိုးရေးပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးတွင် လိုအပ်သည့် မြေ၊ ရေ၊ မျိုးစေ့များ ရှိသော်လည်း အိမ်နီးချင်း နိုင်ငံများကဲ့သို့ စိုက်ပျိုးရေးကဏ္ဍမှာ တိုးတက်ဖွံ့ဖြိုးမှု မရှိကြောင်း စိုက်ပျိုးရေးပညာရှင်များက ထောက်ပြကြသည်။
တောင်သူများ စိုက်ပျိုးရေးလုပ်ရာတွင် ဝယ်သူရှိရန် အဓိကလိုအပ်ပြီး ဝယ်သူမရှိပါက ၎င်းတို့စိုက်ပျိုး ကုန်ကျ စရိတ်များကြောင့် အကြွေးတင်ရသည့် ပြဿနာနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေး အကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလက်ရှိ ကံကောင်းနေတာ တစ်ခုကို ပြောရမယ်ဆိုရင် မြန်မာက အစေ့လွတ်ပြောင်းကို ထိုင်းကနေ ဝယ်နေတယ်၊ လက်ရှိမှာ ဝယ်ပေးနေတယ်ပေါ့နော်။ ထိုင်းက သူ့နိုင်ငံရဲ့ လိုအပ်ချက်အရ ဒီဘက်ကနေ ဝယ်နေ တယ်။ မှောင်ခိုလည်း ရှိတယ်။ တရားဝင် ဝယ်တာလည်းရှိတယ်။ အဲဒီလို အနေအထားမှာ ကံကောင်းပြီးတော့ အခုဆိုရင် ဧကတွေတိုးပြီး စိုက်ကြတယ်။ ဒါပေမယ့် ဟိုဘက်က ဘာမှ အာမခံချက် မရှိထားတဲ့ အတွက်ကြောင့်မို့ လို့ ရုတ်တရက်သာ အဝယ်ရပ်လိုက်လို့ရှိရင် ဒီမှာ အကုန်လုံး ပြဿနာတက်မှာပေါ့။ အဲဒီဟာတွေ ဘယ်ကိုပို့မှာလဲ ဆိုတဲ့ဟာပေါ့။ အဓိကခုနကပြောသလို market ပေါ့။ market ပြီးသွားရင် နည်းပညာ။ အဲဒီလောက်ဆိုရင်တောင် production က သိသိသာသာ တက်လာမယ်၊ ဈေးကွက်တစ်ခုက ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုရင် ထုတ်ရတာက မခက်ဘူး။ တောင်သူကလည်း စိုက်ရတာပျော်တယ်၊ အဓိကက ဈေးကွက်၊ နံပါတ်နှစ်က နည်းပညာ” ဟု ပြော သည်။
ကြက်သွန်နီများကို တွေ့ရစဉ်
အခြားအိမ်နီးချင်းနိုင်ငံများတွင် စိုက်ပျိုးရေး၌ စက်ပစ္စည်း နည်းပညာများကို အသုံးပြုနေကြပြီဖြစ်သော်လည်း လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲထားသည့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင်မူ စက် ပစ္စည်း နည်းပညာအား တောင်သူများအကြား တွင်ကျယ်စွာ အသုံးမပြုနိုင်ကြသေးသည်ကို တွေ့ရသည်။
ထို့ကြောင့် နည်းပညာပိုင်းအား ယခုထက်ပိုမို ပံ့ပိုးပေးရန်လိုအပ်ပြီး တောင်သူများအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းကာ ရင်းနှီးမြှုပ်နှံမှုပိုင်းနှင့် ပတ်သက်၍ အတိုးနှုန်း သက်သာစွာဖြင့် နှစ်ရှည်ချေးငွေပုံစံကဲ့သို့ ပံ့ပိုး ကူညီ ပေးမည်ဆိုပါက ၃ နှစ်မှ ၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှာ အနေအထားတစ်ခုသို့ ပြောင်းလဲသွား နိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များက အကြံပြုသည်။
ထို့ကြောင့် တောင်သူများအတွက် အနိမ့်ဆုံး ဈေးကွက်အာမခံချက်မျိုး ထားပေးသင့်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တောင်သူတွေမှာက ဈေးအာမခံချက် ကိုယ်ထုတ်လုပ်မယ့်ပစ္စည်းဟာ အနည်းဆုံးဈေး ဘယ်လောက် ရမယ်ဆိုတဲ့ အာမခံချက်မရှိဘူး။ နောက် ပြီးခဲ့တဲ့ နှစ်တွေမှာ အခြေခံကြမ်းခင်းဈေးဆိုပြီး ရည်ညွှန်းဈေးပေါ့ အဲဒီလို ဆိုပြီးတော့ သူတို့အော်ပေမယ့်လည်း တကယ့်တကယ်ကြတော့ ဝယ်လက်ရှိမှာ ဟိုဒင်းဖြစ်တယ်။ စပါးပေါ်ချိန် ဆိုရင် ဈေးနှိမ်ခံရတယ်။ နောက်တစ်ခါ တောင်သူတွေလက်ထဲမှာ စပါးမရှိတော့မှ အခုလိုပေါ့။ တောင်သူတွေ လက်ထဲမှာက ရှင်းရှင်းပြောရရင် မေလထဲက ကုန်တာပဲလေ။ မေလ ပြီးတာနဲ့ ဇွန်လ၊ ဇူလိုင်၊ စက်တင်ဘာ၊ အောက်တိုဘာ အဲဒီကြမှ ဈေးကတက်တယ်။ အဲဒီကြစပါးတွေက ဘယ်မှာရှိလဲဆိုတော့ ဆန်ကုန်သည်နဲ့ ဆန် စက် လှောင်ထားတဲ့ သူတွေဆီမှာပဲ ရှိတဲ့အခါကြတော့ အဲဒီဈေးကို တောင်သူတွေ မရဘူး” ဟုပြောသည်။
မြန်မာတောင်သူများ လယ်ထွန်ယက်နေစဉ်
ထို့အပြင် ပို့ကုန်ရငွေ ပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်ထားသည့် မူဝါဒများ အစရှိသည်တို့သည် ကဏ္ဍတစ်ခု ဖွံ့ဖြိုးရေးတွင် အဟန့်အတားများ ဖြစ်စေသော ကြောင့် ပြုပြင်သင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်များအား အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းသည် ကုန်ကြမ်း သာ ဝယ်ယူပြီး ၎င်းတို့နိုင်ငံတွင် ပြန်လည်သန့်စင်ကာ ကုန်ချောထုတ်လုပ်၍ အခြားနိုင်ငံများသို့ တင်ပို့ ရောင်းချ ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့်လည်း အိမ်နီးချင်း နိုင်ငံများကဲ့သို့ မိမိတို့၏ ကုန်ကြမ်းများကို ကုန်ချော ထုတ်လုပ်နိုင်မည်ဆိုလျှင် ပို၍ တိုးတက်ကောင်းမွန်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်ကြမ်းအနေနဲ့ သွားတဲ့အတွက်ကြောင့်မို့လို့ ကုန်ချောလောက်ဈေးမရဘူး။ မြန်မာပြည်မှာ သီးနှံအကုန် လုံး နီးပါးက ကုန်ကြမ်းအနေနဲ့ပဲ သွားနေတာဖြစ်တဲ့ အတွက်ကြောင့် ဈေးကွက် အာမခံချက်လည်း မရှိဘူး။ ထိုက် သင့်တဲ့ဈေးလည်း မရဘူးပေါ့။ ဒါကြောင့်မို့လို့ တောင်သူတွေရဲ့ဘဝက ဘာမှထူးပြီး ပြောင်းလဲ မလာဘဲနဲ့ ဒီတိုင်း ဒုံရင်းနဲ့ တစ်ပတ်ချာလည်နေတယ်။ အဲဒီတော့ ကုန်ချောထုတ်မယ်ပေါ့။ ဥပမာ ရော်ဘာဆိုကြပါစို့ ရော်ဘာဆို ဒီမှာ ထုတ်တာ RSS 1 ဆိုတဲ့ ဆိုဒ်ပေါ့နော်။ အဲဒါအထိပဲ အမြင့်ဆုံး ထုတ်ကြတယ်။ တကယ်တမ်း အဲဒါက ကုန်ချော မဖြစ်သေးဘူး။ ကုန်ကြမ်းပဲရှိသေးတာပေါ့ အဲဒီထက်များ တစ်ဆင့်မြှင့်နိုင်မယ်ဆိုရင် တိုက်ရိုက် တင်ပို့နိုင်တယ်။ ထိုင်းက လာဝယ်တာကို စောင့်နေတာမျိုး မဟုတ်ဘဲနဲ့ တကယ်လိုအပ်တဲ့ နိုင်ငံကို တခါတည်း ပို့နိုင်မှာပေါ့။ အဲဒီ တော့ နည်းပညာလိုမယ်။ infrastructure တွေလိုမယ်၊ capital investment တွေလိုမယ်ပေါ့။ foreign income လည်း တိုးလာမယ်” ဟု ပြောသည်။
သို့သော် လက်ရှိနိုင်ငံရေး အခြေအနေမှာ မတည်ငြိမ်သေးသည့်အတွက် စိုက်ပျိုးရေးကဏ္ဍအား ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲရန်မှာ မလွယ်ကူလှသေးသည့်အတွက် ပြောင်းလဲ၍ရသည့် မူဝါဒပိုင်းဆိုင်ရာများအား ဦးစွာ ဆောင်ရွက်သင့်ကြောင်းလည်း စိုက်ပျိုးရေးပညာရှင်များက သုံးသပ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 437
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
စပါးဈေးနှုန်းကို အခြေခံရည်ညွှန်းဈေး ၁၃ သိန်းမှ ၁၅ သိန်းကြား ဈေးနှုန်းပေးဝယ်ရန် သတ်မှတ်ထားသော်လည်း ကုန်သည်များနှင့် ဆန်စက်များက ဈေးနှိမ်ဝယ်ယူမှုများ ရှိနေခြင်းကြောင့် တောင်သူများအနေဖြင့် အခြေခံ ရည်ညွှန်းဈေးနှုန်းအောက်သာ ရရှိနေသည်ဟု သိရသည်။
ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ဧည့်မထ စပါးအမျိုးအစား တင်း ၁၀၀ လျှင် ၁၃ သိန်းမှ ၁၅ သိန်းကြား ပေးဝယ်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားသော်လည်း ကုန်သည်များနှင့် ဆန်စက်များက သယ်ယူစရိတ် အကြောင်းပြချက်ဖြင့် ရည်ညွှန်းဈေးနှုန်းအောက်သာ ပေးဝယ်နေခြင်းဖြစ်ကြောင်း၊ ရည်ညွှန်းဈေးနှုန်းသည် တောင်သူများက စပါးများကို ဆန်စက်အရောက် ပို့ဆောင်ပေးရသည့်ဈေးနှုန်း ဖြစ်သည်။
ထို့ကြောင့် တောင်သူများသည် သယ်ယူစရိတ်များကြောင့် လက်ရှိတွင် အခြေခံ ရည်ညွှန်းဈေးနှုန်းအောက်သာ ရရှိနေပြီး ၁၂ သိန်းမှ ၁၃ သိန်းကြားသာ ရရှိသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“အခု သူတို့ဝယ်တဲ့ဈေး အများစုကလေ မြို့ပေါ်အရောက် ဝယ်တာလို့။ သူတို့ ဆန်စက်အရောက် ဝယ်တာ ဖြစ်တဲ့အတွက် ရိတ်သိမ်းတဲ့ လယ်သမာတွေရဲ့ နေရာဒေသပေါ် လိုက်ပြီးတော့ လေးလေးတို့ မြို့နယ်ဆိုရင် အရှေ့ဘက်ကမ်း ဧရာဝတီမြစ်ကို ကူးရတယ်။ မြစ်ကူးစရိတ် ရှိတယ်။ အဲဒီမြစ်ကို ချတဲ့စရိတ်၊ မြစ်ကို တင်တဲ့ စရိတ်၊ နောက်တစ်ခု လယ်ထဲကနေပြီးတော့ ကျောက်ခင်းလမ်း၊ ကတ္တရာလမ်း အဲဒီအပေါ်ကို တချို့ကျ လူနဲ့ ထမ်းသယ်ရတယ်၊ ဆိုင်ကယ်နဲ့ ထမ်းသယ်ရတယ်။ ဆိုင်ကယ်နဲ့ ကယ်ရီနဲ့ သယ်လို့ရတဲ့လမ်းရှိမယ်။ အဲဒီ စရိတ်တွေကို နှိမ်ပြီးတော့ အဲဒီလို ပေးကြတာဖြစ်တဲ့အတွက် အခု သူတို့ ၁၅ သိန်းဆိုတာက၊ ၁၄ သိန်း ဆိုတာက စက်ထဲ အရောက်ဝယ်တာ။ လယ်သမားကျတော့ တကယ်ရတဲ့ အခြေအနေမှာ ၁၂ သိန်း ရတဲ့လူရှိတယ်။ နေရာ အနီးအဝေးပေါ်မှာ မူတည်ပြီးတော့ပေါ့၊ အတင်အချပေါ်မှာ မူတည်ပြီးတော့ ၁၃ သိန်း ရတဲ့သူရှိတယ်။ အများဆုံး ရတဲ့သူက တကယ်လို့ စက်ထဲအရောက် ၁၅ သိန်း ဝယ်မယ်ဆိုရင် ကွင်းထဲမှာ တောင်သူအများဆုံးရတဲ့သူက ၁၄ သိန်းပဲ ရတယ်” ဟု ပြောသည်။
စပါးများ ရိတ်သိမ်းနေကြစဉ်
နိုင်ငံတကာမှ သတ်မှတ်ထားသည့် စပါးတင်း ၁၀၀ လျှင် ၄၆ ပေါင် ဖြစ်သော်လည်း လက်ရှိ ဝယ်ယူနေကြသည်မှာ ပေါင် ၅၀ မှ ၅၅ ပေါင်အထိ ဖြစ်ပေါ်နေကြောင်း၊ ပေါင်ချိန် အနည်းအများနှင့် အစိုဓာတ်ပေါ် မူတည်၍လည်း ဈေးနှိမ်နေမှုများ ရှိနေကြောင်း တောင်သူများက ပြောသည်။
လက်ရှိတွင် ဧည့်မထ ဆန်ကြမ်းအမျိုးအစားများသာ ပေါ်သည့်ကာလဖြစ်ပြီး ပေါ်ဆန်မွှေးဖြစ်သည့် ဆန်ချော အမျိုးအစား စပါးများမှာ မပေါ်သေးကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ကျုံပျော်၊ အိမ်မဲ၊ ပန်းတနော် ၁၈ မြို့နယ်တို့တွင် ဧည့်မထ ဆန်အမျိုးအစားများကို ဝယ်ယူနေကြပြီဖြစ်သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ထားခြင်းကြောင့် လက်ရှိတွင် ရည်ညွှန်းဈေးအောက် ဝယ်ယူနေမှုများကို တာဝန်ယူရန် လိုအပ်သည်ဟု ဟင်္သာတမြို့နယ်မှ စပါး စိုက်တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“စပါးအထွက်ပေါ်မှာ မူတည်တာပေါ့။ စပါးထွက်နည်းရင် ဘာစရိတ် ကျန်တော့မှာလဲလို့။ အဲဒါကြောင့်မို့လို့ ခေါင်ခါးဝေးလံတဲ့ တောင်သူတွေ စိုက်တာ ပျိုးတာကျတော့လည်း သွင်းအားစု မြေဩဇာတွေကလေ၊ ဥပမာ ရိတ်သိမ်းခတွေက ၁ သိန်းနဲ့ ၁ ထောင်နဲ့ ရပေမယ့် သူတို့က ၁ သိန်း ၃ ထောင်လောက်မှ ရောက်တယ်။ သွင်းအား စုကျတော့ သူတို့က စရိတ်က ပိုကြီးတယ်။ ထွက်လာတဲ့ ထွက်ကုန်ကျတော့လည်း အနားနီး၊ လမ်းမကြီးတွေနဲ့ နီး တဲ့ လယ်သမားတွေထက် စရိတ်ကများတယ်။ ခမျာ များရတဲ့ဘဝ၊ အဲဒါကြောင့်မို့လို့ လူနေမှု ဖွံ့ဖြိုးမှု အခြေအနေ တွေက အဲဒီလောက်အထိ ကွာခြားသွားတယ်။ ၁၃ သိန်းအောက် ကျသွားလို့ရှိရင် ဘယ်သူက တာဝန်ယူပြီးတော့ ရှင်းပေးမှာလဲ။ ကြေညာချက် ထုတ်တယ်ဆိုတာ တာဝန်ယူရဲရတယ်။ ဘယ်သူ တာဝန်ယူမှာလဲလို့၊ တာဝန်ယူမယ် ဆိုရင် ၁၃ သိန်းဈေးအောက် ချဝယ်ခဲ့သည်ရှိသော် ၁၃ သိန်းဈေးအောက် မကျရအောင် ဝယ်ယူပေးပါ့မယ်လို့ အာမခံချက်မပေးနိုင်တဲ့ အသင်းအဖွဲ့တွေကို လေးလေးတို့က ဘာတွေလိုက်နာရမှာလဲလို့” ဟု ပြောသည်။
လက်ရှိ ရရှိနေသည့် စပါးဈေးနှုန်းသည် တောင်သူများအတွက် အကျိုးအမြတ် ရှိသော်လည်း စပါးထွက်ရှိမှုနှုန်း နည်းပါးသည့် တောင်သူများအတွက် နစ်နာဆုံးရှုံးနိုင်သည့် အနေအထား ဖြစ်နေသည်ဟု တောင်သူများက ပြော သည်။
ဒါ့အပြင် ယခုနှစ်တွင် မိုးစပါးများ မိုးရွာသွန်းမှု များပြားပြီး စပါးပင်များ ရေနစ်မြှုပ်မှုများနှင့် အပင် လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်သူအများစုသည် ဆုံးရှုံးမှုများနှင့်လည်း ကြုံတွေ့နေရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 324
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
ထိုင်းနိုင်ငံတွင် အမည်စာရင်း Name List တင်ထားပြီးသည့် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား ၂၀၂၅ ခုနှစ်အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား အမည်စာရင်း တင်သွင်းခြင်းကို ပြီးခဲ့သည့် ဇူလိုင်လ ကုန်အထိ ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်ကာ ရွှေ့ပြောင်းလုပ်သား ၁ သန်းခန့် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “သူက နှစ်ပိုင်းရှိတယ်၊ တစ်ပိုင်း က Name List တစ်ခုတည်းနဲ့ မရဘူး။ မရဘူးဆိုတာက သူက work permit လုပ်ကို လုပ်ရမယ်။ Name List က ကိုသားကြီးသည် ဒေါ်ဖြူဖြူဆီမှာ အလုပ်လုပ်တဲ့ အလုပ်သမားအဖြစ် နာမည်စာရင်း တင်ထားတာလေး တစ်ခုပဲ။ အဲဒီတော့ ဒီဟာကို ဒီအောက်တိုဘာလထဲမှာ Work permit လုပ်ရမယ် ဆိုပြီးတော့ ပြောလာတာတွေ ရှိတယ်။ အဲဒီတော့ Work permit လုပ်မှ တရားဝင် အလုပ်သမားဖြစ်မှာ ဆိုတော့လေ။ Work permit လုပ်ကို လုပ်ရမယ်။ ၂၀၂၅ အထိသူ ဒီ Work permit နဲ့ပဲ ပတ်စပို့တွေ မလုပ်ရတော့ဘူး။ CI မလုပ်ရဘဲနဲ့ သူတို့ Work permit တစ်ခု တည်းနဲ့ပဲ အလုပ်သမားလက်မှတ် တစ်ခုတည်းနဲ့ အလုပ်လုပ်ခွင့် ရမယ်ဆိုရင် ပိုပြီးတော့ ကောင်းတာပေါ့နော် ဒီလို မျှော်လင့်တယ်။ အစီအစဉ်တွေက ဘယ်လို ပြောင်းလာမလဲဆိုတာကို သေချာမသိနိုင်တဲ့အတွက် ထိုင်းအစိုးရရဲ့ ကြေညာချက်ကို စောင့်ကြည့်ရမှာကတော့ အများကြီးရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
နေထိုင်ခွင့် လျှောက်ထားနေကြတဲ့ မြန်မာများကိုတွေ့ရစဉ်
လက်ရှိ ထိုင်းနိုင်ငံတွင် အမည်စာရင်း တင်ထားပြီးသည့် ရွှေ့ပြောင်းလုပ်သား မြန်မာ အပါအဝင် ၁ သန်းခန့်ရှိ ကြောင်း၊ ၎င်းတို့အနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပြီးစီးပါက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။
နေထိုင်အလုပ်လုပ်ခွင့်ကို အချိန်အားဖြင့် တစ်နှစ်ကျော်ခန့်သာ ခွင့်ပြုပေးထားခြင်း ဖြစ်သော်လည်း နောက်ပိုင်း တွင် ထပ်တိုးခွင့်ပြုခြင်းများ ပြုလုပ်လာနိုင်ကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူ များက သုံးသပ်ကြသည်။
ထိုဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထိုင်းဘက်ရှိ ဌာနဆိုင်ရာများမှ တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်း မရှိသေးသည့်အပြင် ပွဲစားများ၏ အခန်းကဏ္ဍမှာ ပါဝင်ပတ်သက် နေဦးမည်ဖြစ်ကြောင်း FED မှ အလုပ် သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
နေထိုင်ခွင့် လျှောက်ထားနေကြတဲ့ မြန်မာများကိုတွေ့ရစဉ်
၎င်းက “အခုက မလုပ်ရသေးတဲ့ ကာလဆိုရင် ပြောရမယ်ဆိုရင် သက်သာတာပဲလေ။ သက်သာတယ်လို့ ပြောရမှာ ပေါ့ အလုပ်လုပ်ခွင့်ရနေရင် ဆေးစစ်တာတို့ ကျန်တဲ့ဟာတွေ မလုပ်ရသေးဘူးပေါ့။ ပေးနေတယ်ဆိုတဲ့ သဘော ပေါ့။ သို့သော်လည်း အလုပ်သမားတွေက အများစုက ပွဲစားတွေနဲ့ လုပ်ရတာကို။ သေချာတော့ ပြောလို့မရဘူး အကျိုးအမြတ် ဘယ်လောက်ရလဲဆိုတာ၊ ဘာလို့ဆို ပွဲစားခက အကုန်ပေးရတာကို။ လ နောက်ကျလို့ဆိုပြီး လျှော့ ပေးတာမှ မဟုတ်တာ။ Name List လို့သာ ပြောတာ အများစုက Name List မဟုတ်ပါဘူး ပြောရမယ်ဆိုရင်။ ပွဲစားတွေက တခါတည်း CI စာအုပ် ထွက်တဲ့အထိဆိုပြီးတော့ တခါတည်း ယူထားလိုက်တာ။ သူတို့က Package လိုက်တွေ လုပ်ထားတာပေါ့” ဟု ပြောသည်။
ထို့အပြင် ဗီဇာကြေးကုန်ကျငွေ ၂၀၀၀ ဘတ်အဖြစ် ပြောင်းလဲ သတ်မှတ်ထားခြင်းကို ယခင်နှုန်းထားဖြစ်သည့် ၅၀၀ ဘတ်သို့ ပြန်လည်လျှော့ချ ပေးလိုက်သည့်အပြင် သက်တမ်းပြည့် MOU သမားများကိုလည်း ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုကြောင်း သိရသည်။
ယခုကဲ့သို့ ဗီဇာကြေးအား ၁၅၀၀ ဘတ် လျှော့ချလိုက်ခြင်းသည် ရွှေ့ပြောင်း လုပ်သားများအတွက် ကောင်းမွန်ကာ ကုန်ကျစရိတ်မှာ အထိုက်အလျောက် သက်သာသွားစေကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင် ရွက်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 385
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား အလုပ်သမားများ၏ အခက်အခဲများကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာ သံရုံးများမှ သေချာကူညီ ဖြေရှင်းပေးမည်ဆိုပါက ၂၅ ရာခိုင်နှုန်း ငွေလွှဲခြင်းအား ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ပြည်ပနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ပြည်ပနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများထဲတွင် အဆင်ပြေသူများရှိသကဲ့သို့ အခက်အခဲ ပြဿနာများဖြင့် အဆင်မပြေ ဖြစ်နေသူများလည်း ရှိကြောင်း၊ အဆိုပါ အခက်အခဲများအပေါ် သံရုံး၏ ကူညီ ဆောင်ရွက်ပေးမှု နည်းပါးသောကြောင့် ၂၅ ရာခိုင်နှုန်း ငွေလွှဲခိုင်းရာတွင် မလွှဲချင်ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် ပြဿနာအရပ်ရပ်အား သံရုံးမှ ကူညီဖြေရှင်းပေးမည်ဆိုပါက ၂၅ ရာခိုင်နှုန်း ငွေလွှဲခြင်းကို လုပ်ဆောင်လာကြမည်ဟု ထင်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံရှိ အလုပ်သမားရုံးရှေ့မှာ ပြည်ပထွက်မည့် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်
၎င်းက “ငွေရော ပတ်စပို့ရော ဆုံးရှုံးရတဲ့လူတွေ အများကြီးပါ အခုလက်ရှိ အခြေအနေမှာ။ ရှေ့ဆက်ပြီး ကူညီ ဖြေရှင်းပေးဖို့ အဖွဲ့အစည်းဆိုတာလည်း မရှိဘူး။ ဥပမာ မြန်မာသံရုံး အနေနဲ့ပေါ့ ဒီပြဿနာ အရပ်ရပ်ကို သူတို့က ရှေ့ထွက် ကူညီပေးဆောင်မယ်ဆိုရင် ကျနော်စိတ်ထင် ဒီ ၂၅ ရာခိုင်နှုန်း ပေးဆောင်မယ့် ကလေးတွေ အများကြီး ပါ။ သို့ပေမယ့်လည်း အခုအချိန်မှာ မြန်မာအလုပ်သမားလေးတွေ အခက်အခဲပြဿနာ ဖြစ်လာတဲ့အခါမျိုးမှာ သူတို့က ကိုယ်နဲ့မဆိုင်သလို၊ သူတို့ကူညီနိုင်တဲ့ အတိုင်းအတာ တစ်ခုလောက်ကိုပဲ သူတို့ တာဝန်အလုပ်သဘော အရ လုပ်သွားပေးတယ်ဆိုတော့ ပြောရမယ်ဆိုရင် သူတို့လည်း အားကိုးလို့မရမယ့် အခြေအနေမှာဆိုရင် ဒီဟာကြီး ကိုလည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး။ တကယ်လို့သာ သူတို့ကလည်း ကိုယ့်မြန်မာနိုင်ငံသားအတွက် ရှေ့ဆက် ပြီးတော့ အရာရာ ရင်ဆိုင်ပြီး လုပ်ဆောင်ပေးမယ်ဆိုရင်တော့ ဒီ ၂၅ ရာခိုင်နှုန်းကိစ္စက အဆင်ပြေသွားမှာပါ” ဟု ပြောသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခလစာထဲမှ ၂၅ ရာခိုင်နှုန်း ငွေလွှဲရခြင်းသည် မဖြစ်မနေ ဆောင်ရွက် မည့် အနေအထား ဖြစ်သောကြောင့် မလုပ်ဆောင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် အပါအဝင် အခြားအထောက်အထားများ ပြုလုပ်ရာ၌ အခက်အခဲဖြစ်နိုင်ကြောင်း တတ်သိပညာရှင်များက ထောက်ပြကြသည်။
နိုင်ငံကူးလက်မှတ်နှင့် အထောက်အထား သက်တမ်းတိုး ပြုလုပ်ရာတွင် ၂၅ ရာခိုင်နှုန်း ငွေလွှဲထားခြင်း မရှိသဖြင့် လွှဲရန်ကျန်ရှိသည့် ပမာဏ စုစုပေါင်း အကုန်လုံးအား တစ်ပါတည်း လွှဲရမည်ဆိုလျှင် ပြည်ပရောက် မြန်မာနိုင်ငံ သားများအတွက် အခက်အခဲ ပိုမိုဖြစ်စေနိုင်မည်ဟု မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက ဆက်ပြောသည်။
၎င်းက “ပတ်စပို့ သက်တမ်းတိုးတာတို့ ဘာတို့ပေါ့ အဲဒီအချိန်ကြမှပဲ အခက်အခဲတွေ ဖြစ်လာကြမယ်လို့ ထင် တယ်။ ဒီကြားထဲမှာတော့ ငွေလွှဲတာတွေ ဘာတွေကတော့ သူတို့နည်း သူတို့ဟန်တွေနဲ့ပဲ လွှဲနေကြဦးမှာပဲ။ သို့ပေမယ့်လည်း ဒီပတ်စပို့ သက်တမ်းတိုးတဲ့ အချိန်ကြရင်တော့ အခက်အခဲဖြစ်ကောင်း ဖြစ်လာနိုင်တာပေါ့။ စုပြုံလွှဲရမယ် ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေလောက်မှာ မဟုတ်ဘူးလို့ ထင်တယ်။ မလွှဲထားလို့ သူတို့က စာအုပ်တွေ မလုပ်ဘူးဆိုရင်တော့ ဒါကတော့ ကျနော့်အမြင်ပေါ့ မြန်မာနိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်မယ့်လူရှိသလို ဒီမှာ အို(O)တွေနဲ့ ဆက်နေမယ့် သူတွေရှိမှာပဲ။ ၂၅ ရာခိုင်နှုန်း မဆောင်ခြင်းအားဖြင့် လေဆိပ် မှာလည်း သူတို့ အခက်အခဲတွေ ဖြစ်လာနိုင်မှာမျိုးကိုလည်း သုံးသပ်တဲ့လူတွေ ရှိတယ်လေ။ များသောအား ဖြင့်ကတော့ အောက်လမ်းကိုပဲ ရွေးပြီး ပြန်ကြမယ်လို့ ကျနော်ထင်တာပဲပေါ့လေ” ဟု ပြောသည်။
ပြည်ပထွက် အလုပ်လုပ်ကြမည့် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်
လက်ရှိတွင် လုပ်ငန်း ယာယီရပ်နားထားသည့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများ၊ အလုပ် အကိုင် မရှိ၍ အခက်အခဲ တွေ့နေကြသူများရှိသဖြင့် ယခုကဲ့သို့ ငွေလွှဲရမည်ဆိုလျှင် ၎င်းတို့အတွက် အခက်အခဲ ပိုဖြစ်စေနိုင်သည်။
ထိုင်းမှ မြန်မာရွှေ့ပြောင်း လုပ်သားများသည် အထောက်အထားများအား အခြားနိုင်ငံများထက် ပိုမိုပြုလုပ်ရ သဖြင့် ငွေကုန်ကြေးကျ ပိုမိုများပြားသောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းကာ ဖြေလျှော့မှုများ ဆောင်ရွက်ပေးသင့်ကြောင်း သုံးသပ်ကြသည်။
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဘယ်လို လုပ်မလဲဆိုရင် နံပါတ်တစ်ကတော့ MOU နဲ့ လာတဲ့ အလုပ်သမားတွေ ပြဿနာကို အရင်ဖြေရှင်း နိုင်အောင် ကြိုးစားဖို့လိုတယ်။ အခုမြန်မာနိုင်ငံ သံရုံးအနေနဲ့ကလည်း MOU နဲ့လာတဲ့ အလုပ်သမားတွေကို ဖြေရှင်းတဲ့အခါ မှာ စနစ်တကျ ဖြေရှင်းတာမျိုး မဟုတ်ဘဲနဲ့ အဆင်ပြေသလိုပဲ ဖြေရှင်းသွားတဲ့ အခါကြတော့ အောင်မြင်မှု အား နည်းတယ်။ နံပါတ်တစ် MOU နဲ့လာတဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေကို မြန်မာနိုင်ငံ အစိုးရအနေနဲ့ စနစ်တကျ ဖြေရှင်းနိုင်အောင် ကြိုးစားဖို့လိုတယ်။ ဥပမာဆိုရင် ရွှေ့ပြောင်း အလုပ်သမားအရေး ပြဿနာ ဖြေရှင်းရေး ကော်မတီတစ်ရပ် ဖွဲ့ပြီးမှ အလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကြိုးစားဖို့လို တယ်” ဟု ပြောသည်။
သတ်မှတ်ထားသည့် ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲခြင်း မလုပ်ဆောင်ပါက ထပ်မံပြီး ပြည်ပထွက်ခွာ အလုပ် လုပ်ခွင့်ကို သုံးနှစ် ပိတ်ပင်မည်ဟုလည်း သတိပေး ထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် လစာမှအပ ဝင်ငွေအခွန်အဖြစ် ရရှိသည့် နိုင်ငံခြားငွေအတိုင်း ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရခြင်းကိုလည်း အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ စည်းကြပ်တော့မည် ဖြစ် သည်။
- By CNI
- Category: စီးပွားရေး
- Hits: 453
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
မြန်မာနိုင်ငံအတွင်း မွေးမြူထားသည့် ရေထွက်ကုန်များကို GACC နည်းလမ်းဖြင့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
ယခင်က မြန်မာနိုင်ငံအနေဖြင့် ဖမ်းဆီးရရှိသည့် ငါးများကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး လက်ရှိတွင် မွေးမြူရေးငါးများကိုလည်း တရားဝင် တင်ပို့၍ ရပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ မွေးမြူရေး ရေထွက်ကုန်များကို တရားဝင် တင်ပို့ခွင့်ရရန်အတွက် လုပ်ဆောင်ခဲ့သည်မှာ ၂၀၁၉ ခုနှစ်ကတည်းကပင် ဖြစ်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
“ငါးတွေက နဂိုကတည်းက အစုံပါတယ်။ အရင်တုန်းက ကျမတို့က ဖမ်းဆီးတဲ့ ငါးပဲပေါ့။ အခုတော့ မွေးတဲ့ငါး တွေပါ ပါတာပေါ့။ အဲဒါတွေ အကုန်လုံး သတ်မှတ်ချက်တွေ အောင်လို့သာ ရတာလေ။ FAF ပရိုတိုကောလို့ ခေါ်တာပေါ့ အဲဒီပရိုတိုကော အောင်လို့တာ ရတာ။ သူတို့ကနေမှ စစ်တယ်၊ စစ်ပြီးတော့မှ အကုန်လုံး သူတို့ ကျေနပ်တယ်ဆိုတော့မှ ပေးတာလေ ဒါက။ ပြီးတော့မှ လက်မှတ်ထိုးတာလေ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထိုးတယ် ဆိုတာက ဒီဟာကြီး လုပ်တာက ကျမတို့ ၂၀၁၉ ကတည်းက လုပ်နေတာလေ ၄ နှစ်လောက် ကြာတာပေါ့” ဟု ပြောသည်။
ထိုသို့ တရားဝင် တင်ပို့ခွင့်ရရှိခြင်းကြောင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အကျိုးရှိလာမည် ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်အနေဖြင့် မွေးမြူရေးလုပ်ကိုင်ရန်အတွက် မြေနေရာများကို ဖော်ဆောင် ပေးရန် လိုအပ်သည်ဟု တနင်္သာရီ ငါးလုပ်ငန်းဦးစီးဌာနမှ အတွင်းရေးမှူး ဦးသက်စိုးက CNI သတင်းဌာနသို့ ပြောသည်။
မွေးမြူရေးငါးကန်တစ်ခုမှ ငါးများဖမ်းယူနေစဉ်
“တရားဝင် တင်ပို့ခွင့်ရတော့ ဒေသခံ မွေးမြူရေးသမားတွေအတွက် ပိုပြီး တွက်ခြေကိုက်မှာပေါ့။ တရုတ်က ဈေးကွက်ကြီးတာကိုး။ အရင်တုန်းက တရားဝင် တင်လို့မရဘူး။ အခု တရားဝင် တင်ပို့ခွင့်ရတော့ ဒေသခံတွေ အကျိုးရှိတာပေါ့။ မွေးမြူရေး လုပ်တာဆိုရင် နိုင်ငံတော်က ဘာလုပ်ပေးရမလဲဆိုရင် မြေနေရာပေါ့နော်၊ မြေနေရာ ရရှိရေး ဆောင်ရွက်ပေးရမှာပေါ့။ ဒါမှလည်း မြေရှိမှ မွေးလို့ရမှာပေါ့။ GACC စနစ်နဲ့ညီအောင် သူတို့က မဆောင်ရွက်ရင်တော့ ရမှာမဟုတ်ဘူး။ သူတို့ရဲ့ GACC ခေါ်တာပေါ့နော်၊ သူတို့ရဲ့ ပိုးမွှားကင်းစင်ဖို့ လိုတယ်။ ဒီလို ချေးစားပြီးတော့ သူတို့စစ်ဆေးရင် ပိုးမွှားတွေ့ရင် သူတို့ လက်ခံမှာ မဟုတ်ဘူး” ဟု ပြောသည်။
တရုတ်ဈေးကွက်သို့ ရေရှည်တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံက သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ စည်းကမ်း ချက်များနှင့်အညီ မွေးမြူထုတ်လုပ်တင်ပို့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ ငါးမွေးမြူရေးကန်တချို့သည် ကြက် မွေးမြူရေးများနှင့် တွဲဖက်ထားမှုများ ရှိနေခြင်းကြောင့် ယင်းမှ ရရှိသည့် ငါးများသည် တရုတ်နိုင်ငံမှ သတ်မှတ် ချက်များနှင့် ကိုက်ညီမှု မရှိသည့်အတွက် ယင်းရေထွက်ကုန်များသည် တင်ပို့၍ ရနိုင်မည် မဟုတ်ကြောင်း သိရ သည်။
လက်ရှိတွင် မြန်မာနိုင်ငံက ထွက်ရှိသည့် ငါး၊ ပုဇွန်၊ ဂဏန်း၊ ငါးရှဉ့် တို့ကို ပင်လယ်ရေလမ်းကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တင်ပို့လျက်ရှိနေပြီး တရုတ်နိုင်ငံသည် မြန်မာ့ရေထွက်ကုန်တင်ပို့မှု၏ အဓိက ဈေးကွက်တစ်ခုဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 542
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံသို့ ကျွဲ၊ နွား တင်ပို့မှု ရပ်နားခဲ့ရသော်လည်း လက်ရှိတွင် ပြန်လည် တင်ပို့နိုင်ရန် ဆောင်ရွက်မှုများ ရှိနေကြောင်း ကျွဲ၊ နွား တင်ပို့ရောင်းချသူများထံမှ သိရသည်။
စစ်ရေးပဋိပက္ခရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမတွင် ကျွဲ၊ နွား တရားဝင်တင်လာသည့် ကားများကို လက်နက်ကိုင်အဖွဲ့အစည်းများက ပစ်ခတ်ခြင်းကြောင့် လူသေဆုံးမှုများနှင့် ဒဏ်ရာရရှိသည့် ဖြစ်စဉ် များလည်း ရှိခဲ့သည်။
ထို့ကြောင့် ကျွဲ၊ နွား အရောင်းအဝယ်အတွက် မန္တလေးတိုင်းဒေသကြီးတွင် နေရာတစ်ခု သတ်မှတ်၍ လုပ်ဆောင် ပေးမည်ဆိုပါက အဆင်ပြေနိုင်သည်ဟု ကျွဲ၊ နွား တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်သို့ တင်ပို့တဲ့ နွားကားများကိုတွေ့ရစဉ်
၎င်းက “ကွတ်ခိုင်တို့ သူပုန်တွေ သောင်းကျန်းတဲ့နေရာတွေ မဟုတ်ဘဲနဲ့ မန္တလေးတိုင်းအတွင်းမှာ နေရာတစ်ခု လုပ်ပါ။ တရုတ်ကုန်သည်တွေ ဒီမှာ လာဝယ်လိမ့်မယ်။ ဒီမှာကျတော့ ကျနော်တို့ ရောင်းလိုက်တဲ့ပစ္စည်းက အခွန်အခ ဆောင်ပြီးတော့ ကြိုက်တဲ့နေရာ ယူသွားလိုက်။ လမ်းမှာရှိတဲ့ လက်နက်ကိုင်တွေက ကုန်သည်တွေကို လုပ်တာ၊ တရုတ်တွေကို မလုပ်ဘူး။ တရုတ်ကို ဘာမှမလုပ်တော့ သူတို့ယူသွား ကျနော်တို့ မူဆယ်အထိ လိုက်ပို့ စရာ မလိုဘူး။ ကျနော်တို့ ဒီမှာ တရားဝင် နေရာတစ်ခု သတ်မှတ်လိုက်။ အဲဒါဆိုလို့ရှိရင် နိုင်ငံတော် အခွန်အခ လည်း ရမယ်။ ကုန်သည်တွေကလည်း အဲဒီဈေးမှာ လာပြီးတော့ တစ်နိုင်ငံလုံးက လာပြီးတော့ ရောင်း၊ သတ်မှတ် ထားတဲ့နေရာမှာ သတ်မှတ်ထားတဲ့ ပစ္စည်းတွေရောင်း။ ရောင်းပြီးတော့ တရုတ်ကလည်း အဲဒီမှာ လာဝယ်။ ဝယ်ပြီး တော့ ယူသွား။ အဲဒီမှာ စည်းတံဆိပ်တွေ သုံးပြီးတော့ ပေးရင် ယူသွားလိမ့်မယ်။ ဒါက တရားဝင် ဝယ်ခဲ့တဲ့ ပစ္စည်း တွေ ဆုံးရှုံးရင်လည်း သူတို့ဟာပဲ မြတ်ရင်လည်း သူတို့ဟာပဲ။ အခုက အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ သူတို့က စီးပွားရေး ပုံစံ မဟုတ်ဘဲနဲ့ ကုန်သည်တွေကို တရားဝင်ဆိုပြီးတော့ ဟိုဘက်ကို သွားပြီး ပြိုင်ခိုင်းနေသလို ဖြစ်နေတယ်။ မှောင်ခိုလမ်းကြောင်းကိုပဲ သူတို့က တွန်းပေးမယ်။ ကျနော်ပြောချင်တာက ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ဒီလုပ်ငန်းကို ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်သင့်တာပေါ့နော်” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည့် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) နှင့် ကျွဲ၊ နွား တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့နောက် လက်ရှိ မွေးမြူထားသော ဒေသကျွဲ၊ နွားများကို ပြုန်းတီးမှုမှ ကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ် ထုတ်လုပ် နိုင်ရေးအတွက် တင်ပို့မည့် အရေအတွက် ပမာဏအလိုက် မွေးမြူရေးခြံများ တည်ထောင် ဆောင်ရွက်ပြီး ကျွဲ၊ နွား အရှင်နှင့် အေးခဲအသားများ စဉ်ဆက်မပြတ် ထုတ်လုပ်တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မူဆယ်နယ်စပ် လမ်းကြောင်းမှတစ်ဆင့် တရုတ်သို့ ကျွဲ၊ နွား တင်ပို့ရာတွင် မူဆယ်နယ်စပ်၌ ကျွဲ၊ နွား ထားရှိမည့် နေရာ အခက်အခဲနှင့် တိရိစ္ဆာန်အစာ အခက်အခဲများ ရှိခြင်းကြောင့် တရုတ်သို့ တင်ပို့မည့် ကျွဲ၊နွားများကို ထားရှိ ရန် မန္တလေးတိုင်းဒေသကြီး အနီးတဝိုက်တွင် ကွင်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်သည် ဟု ကုန်သည်များက ပြောသည်။
တရုတ်သို့ တင်ပို့တဲ့ နွားကားများကိုတွေ့ရစဉ်
တရုတ်နိုင်ငံသို့ ကျွဲ၊ နွား တင်ပို့မှုနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အပြင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ကျွမ်းကျင်သည့် ကုန်သည်များနှင့် ပူးပေါင်း၍ မူဝါဒများကို ချမှတ်ရန် လိုအပ်ကြောင်း ကျွဲ၊ နွား တင်ပို့သည့် ကုန်သည် ဦးစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “လောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမယ့် ဟိုတလောက မွေးမြူရေး အဖွဲ့ချုပ်က တစ်ဦးကတော့ ကျနော့်ဆီကို ဖုန်းဆက်လာတယ်။ ပြန်ဖွင့်မယ်တို့ ဘာတို့ ညာတို့ လုပ်တယ်။ ဒါပေမယ့် သူတို့ ဖွင့်မယ်တို့ ဘာတို့ ညာတို့ လုပ်တာက သူတို့ရဲ့ စီမံခန့်ခွဲမှုပုံစံနဲ့ တကယ့် အလုပ်လုပ်တဲ့ သူတွေနဲ့က တခြားစီပဲ ဘာမှလုပ်လို့ မရဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့က မလုပ်တော့ဘူး။ သူတို့က သတင်းနဲ့ အမိန့်ပဲ ပေးတာ။ သူတို့က ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှ မကျွမ်းကျင်ဘူး။ ဘာမှလည်း မသိဘူး။ ဘာမှလည်း နားမလည်ဘူး။ အဲဒီမှာ မွေးမြူရေး အဖွဲ့ချုပ်မှာ ထိပ်ဆုံးမှာ နေရာယူပြီးတော့ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါ တရုတ်နဲ့ အဲဒီလိုလုပ်တာ အဆင်မပြေလို့ ကျနော်တို့ မလုပ်တော့ဘူး။ မြေပြင်မှာ အဆင်ပြေဖို့အတွက် မြေပြင်မှာ လှုပ်ရှားနေတဲ့ လုပ်နေတဲ့သူတွေနဲ့ ပေါင်းပြီးတော့ တိုင်ပင်မှ ရမှာလေ။ သူတို့က သူတို့လုပ်ပြီးတော့ အဲဒါ အဆင်မပြေဘူးဆိုလို့ရှိရင် ဆုံးရှုံးတဲ့သူတွေ က ပြည်သူတွေ ဆုံးရှုံးတာလေ” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ ကျွဲ၊နွား မွေးမြူရေးခြံ အများစုသည် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တည်ရှိသည်။
ကျွဲ၊ နွားများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင် လမ်းကြောင်းအပြင် တရားမဝင် လမ်းကြောင်းများမှလည်း တင်ပို့မှု ရှိသည်။