- By CNI
- Category: စီးပွားရေး
- Hits: 799
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
နိုင်ငံခြားသားခရီးသွားများအား မြန်မာနိုင်ငံရှိ ဘုရားများကိုသာ လှည့်ပတ်ပြနေသရွေ့ ခရီးသွားလုပ်ငန်း တိုးတက် လာမှာ မဟုတ်သည့်အပြင် ပြည်ပခရီးသွား ဝင်ရောက်မှုမှာလည်း တိုးလာမည် မဟုတ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော် က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ခရီးသွားကဏ္ဍတွင် အထင်ကရ ဘုရားစေတီပုထိုးများ၊ ဆယ့်နှစ်လရာသီပွဲတော်များမှာ ပုံမှန် လုပ်ဆောင် နေကြဖြစ်ရာ ပြည်ပခရီးသွားများအတွက် ငြီးငွေ့စေကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ဆွဲဆောင်ရန် နှစ်စဉ် မတူညီသည့် ပွဲတော်များ၊ အစီအစဉ်များ၊ ခရီးသွားဒေသများကို ဆန်းသစ်သင့်ကြောင်း ၎င်းက ပြောသည်။
“နိုင်ငံတကာက ကျနော်တို့နိုင်ငံကိုလာဖို့အတွက်က ဘာတွေလိုအပ်သလဲ၊ ဘာတွေသူတို့ လိုချင်သလဲ၊ ဒီကို လာရင် ကျနော်တို့ ဘုရားတွေပဲ လှည့်ပတ်ပြနေလို့ အဆင်မပြေဘူး။ ကျနော်တို့ရဲ့ အလှအပလေးတွေပြ၊ သူတို့ စိတ်ဝင်စားတဲ့ဟာလေးတွေက ကျနော်တို့နိုင်ငံက ဘာတွေဖန်တီးပေးနိုင်မလဲ။ ဥပမာ demand ပေါ့နော်။ တရုတ် နိုင်ငံရဲ့ demand လိုချင်ရင် တရုတ်နိုင်ငံသားတွေ ဘာတွေကြိုက်သလဲ၊ ဒီနိုင်ငံကို သူတို့ဘာတွေ လိုအပ်သလဲ၊ ဘာတွေလာကြည့်ချင်လဲ ဒါတွေသိဖို့လည်းလိုတယ်။ နောက်ရုရှားဆိုလည်း ဒီလိုပဲ၊ ဒီအတိုင်းပဲ လာပါ လာပါ ပြောနေပေမယ့် ဒီမှာ ဘာမှ မပြနိုင်ဘူးဆိုလည်း အဲဒီလိုပြတာထက်စာရင် ဒီမှာ ဘာမှမပြနိုင်သေးဘဲနဲ့ မခေါ်တာ က ပိုတောင်ကောင်းသေးတယ်။ ခေါ်လိုက်မှ ဒီကနေ ဘာမှမပြနိုင်သေးဘဲနဲ့ ရုရှားနိုင်ငံသားတွေ ခေါ်လိုက်တယ် လာလိုက်တယ်။ ဒီမှာဘာမှမရှိဘူးဆို ပြန်သွားရင် မြန်မာနိုင်ငံကဘာမှမရှိပါဘူးလေဆိုတဲ့စကား ဟိုကို သယ်သွား ရင် ဒါ နောက်လူလာဖို့တောင်မှ တားသလိုဖြစ်သွားတာပေါ့။ ဘာလို့ဆို သူသူ ကိုယ်ကိုယ်ပဲလေ။ ကျနော်တို့ဆီမှာ ဘုရားတွေပဲ လှည့်ပတ်ပြနေလို့လည်း အဆင်မပြေဘူး။ ပုဂံဆိုလည်း ဗုဒ္ဓဘာသာနိုင်ငံတွေလောက်သာ ပုဂံဘုရား လာဖူးရင်းနဲ့ လာကြတာကို။ နိုင်ငံခြာသားခရစ်ယာန်တွေကြတော့ ပုဂံဘုရားလာတယ်ဆိုတာ ရောက်ဖူးအောင်ပဲ သူတို့လာတာ။ နောက်တစ်ခေါက်လာဖို့ဆိုတာကတော့ သူတို့လည်း လာမှာ မဟုတ်လောက်ဘူး။ ကျနော်တို့ နိုင်ငံက ဘယ်နိုင်ငံသားကို များများလာစေချင်လဲပေါ့။ အဲဒီအပေါ်မှာမူတည်တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ခရီးသွားဒေသ အသစ်အဆန်းများ ဖော်ဆောင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များရှိပါက သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
မန္တလေးတိုင်း အမရပူရမြို့ရှိ ဦးပိန်တံတားသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများ
လက်ရှိတွင် နယ်စပ် ဝင်၊ ထွက်ပေါက်များမှ ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်အခါတွင် နိုင်ငံတကာ၌အကျုံးဝင်သည့် ကျန်းမာရေးအာမခံကို ဝယ်ယူထားပါက မြန်မာ့အာမခံလုပ်ငန်းမှ ကျန်းမာရေး အာမခံကို ထပ်မံဝယ်ယူစရာမလိုအပ်တော့ဘဲ ကင်းလွတ်ခွင့်ပြုထားသည်။
ယခင်က နိုင်ငံတကာ၌ အကျုံးဝင်သည့် ကျန်းမာရေးအာမခံဝယ်ထားသူဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ထပ်မံ ဝယ်ယူရခြင်းဖြစ်သည့်အတွက် ထိုအချက်မှာ ပြည်ပခရီးသွားများအပေါ် အဆင်မပြေဖြစ်စေခဲ့ကြောင်း၊ ယခုကဲ့သို့ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းသည် ကောင်းမွန်သွားကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
ယခင်က အချို့နိုင်ငံသားများ e-visa လျှောက်ရာတွင် ၎င်းတို့ ကန့်သတ်ထားသည့် ဘောင်ထဲမဝင်သဖြင့် ပယ်ချမှု များရှိသဖြင့် ပုံရိပ်ကျဆင်းစေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဗီဇာပိုင်းနှင့်ပတ်သက်၍လည်း ဖြေလျှော့မှုများဆောင်ရွက်သင့်ပြီး ဆိုက်ရောက်ဗီဇာ (visa on arrival) ပေးသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
“visa on arrival လည်းပေးသင့်တယ်။ ဟိုတုန်းကလည်း ပေခဲ့တယ်ဆိုတော့။ အခုတော့ visa on arrival ကို တရုတ်နဲ့ အိန္ဒိယကိုတော့ ပေးမယ်ပေါ့။ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်နေ့က cabinet မှာ ခွင့်ပြုလိုက်တယ်ကြားတယ် ။ ဒီဟာကိုတော့ လ.ဝ.ကနဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတယ်ပေါ့။ အဲဒီအထဲမှာတော့ visa fee က ၃၀ (ဒေါ်လာ) ဖြစ်မလား၊ အရင်လို ၅၀ ဖြစ်မလား မသိဘူးပေါ့။ ပုံမှန်အတိုင်းဆိုရင်တော့ ၃၀ ပဲ ရှိပါတယ်။ ဘာလို့ဆို အွန်လိုင်း ဗီဇာကြတော့ service ပါ ပါတော့ အွန်လိုင်းကနေ ဘာညာဆိုတော့ ၂၀ ပိုယူတယ်။ ဒီမှာကတော့ ၃၀ လောက်ပဲ ဖြစ်သင့်တယ်။ ၃၀ ဆိုတော့ ဘာပဲပြောပြောလေ နိုင်ငံကြီးတွေနဲ့တော့ မယှဉ်နဲ့ပေါ့နော်။ နောက်အေးဂျင့်တွေက service လုပ်မယ်ဆိုလည်း ဒါက သိပ်ဈေးမကြီးတော့ဘူးပေါ့ ဧည့်သည်တွေအတွက်။ နောက် တစ်ခုက visa on arrival ဖြစ်တဲ့အတွက်ကြောင့် ဒီ ဧည့်သည်က ဗမာပြည်ကို ဗီဇာယူဖို့ အချိန်မရဘူး။ အွန်လိုင်းလည်း လျှောက်ဖို့ အခြေအနေမပေးဘူးဆိုရင် သူက လေယာဉ်ပေါ်တန်းတက်လာရမယ်။ ရန်ကုန်ရောက် မှ လေဆိပ်ကြမှ ဖြည့်ပြီး တော့ လျှောက်မယ်ဆိုလည်း ဒါတစ်မျိုးတော့ အဆင်ပြေတာပေါ့။ ထိုင်းကတော့ စောစောကတည်းက ဒါတွေကို သိလို့ လက်ခံလိုက်တော့ ထိုင်းက တရုတ်တွေ တော်တော် တက်သွားတယ်။ နောက်တစ်ခုက သံရုံးမရှိတဲ့ တိုင်းပြည်တွေ၊ သံရုံးရှိပေမယ့်လည်း သွားဖို့လာဖို့ ဗီဇာယူဖို့ခက်တဲ့ ဝေးလံတဲ့ ကျယ်ပြန့်တဲ့တိုင်းပြည်တွေကို လည်း ပေးသင့်တယ်လို့တော့ ပြောထားပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ပြည်ပခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၃ သိန်း ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 652
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
တရုတ်ပြည်၊ ကျယ်ဂေါင်နှင့်ရွှေလီမြို့များအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများ ကို မူဆယ် နန်းတော်ဂိတ်တွင် တွေ့ရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုနှင့်အတူ အလုပ်အကိုင် ရှားပါးခြင်း၊ ငွေကြေးဖောင်ပွခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံ တရုတ်ပြည်ဘက်သို့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြစ် သွားရောက် အလုပ်လုပ် ကိုင်ကြ မည့် မြန်မာများ ပြည့်နှက်နေခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 621
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
ပြည်တွင်းစျေးကွက်တွင် စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၁၀ ရာခိုင်နှုန်းထက် ပိုတင် ရောင်းချခြင်း မပြုရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပြီးနောက် ရပ်ကွက် အတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် ဝယ်ယူ၍ မရ ဖြစ်နေသည်ဟု ရန်ကုန်မြို့နေ ပြည်သူများထံမှ သိရသည်။
စားအုန်ဆီကို တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ခန့် နှုန်းထားဖြင့် လူတဦးကို ၅၀ ကျပ်သားနှုန်းစီ ရန်ကုန်နှင့် နေပြည်တော် အပါအဝင် မြို့နယ်တချို့တွင် ဆီကုန်သည်အသင်းက လှည့်လည်ရောင်းချပေးနေသော်လည်း တချို့သော ဆိုင်များသည် ၁၀ သားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးကို ၂၀ ကျပ်သားခန့်သာ ရောင်းချပေးနေ ကြောင်း၊ ဆိုင်အများစုတွင် စားအုန်းဆီ မရှိသည်က များနေကြောင်း ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးဖြစ်သည့် မခိုင်လွင်က CNI သတင်းဌာနသို့ ပြောသည်။
“ဆီတွေက ဘယ်လိုဝယ်နေရလဲဆိုတော့ ဆိုင်တွေမှာ လာချပေးတယ်။ ချပေးတဲ့ဟာကို ၁၀ သားကို ၅၀၀ နဲ့ တစ်ဦးကို ၂၀ သားပဲ ရောင်းတယ်၊ ပိုမရောင်းဘူး။ မရှိတဲ့ဆိုင်တွေက များတယ်။ ရှိတဲ့ဆိုင်တွေကလည်း အုံပြီး လာချပေးသွားတာ။ အကန့်အသတ်နဲ့ လာချပေးပြီးတော့မှ အချိန် ၁၀ ဆို အချိန် ၁၀ လာချပေးတယ်။ အဲဒီ လာချပေးတဲ့ဟာကိုမှ သူတို့တွေက ၁၀ သားကို ၅၀၀ နဲ့ ၂၀ သား အဲဒါပဲ ရမယ်၊ ပိုမရောင်းဘူး။ ချက်ပြုတ်ဖို့ အတွက်ကို ဆီမရှိတဲ့အခါကျတော့ အခက်အခဲတွေ ဖြစ်တာပေါ့။ ဟိုတလောကဆိုလို့ရှိရင် ဆီလိုက်ဝယ်တာ ဘယ်မှမရလို့ ချဉ်ပေါင်ကြော်ဖို့တောင် မကြော်လိုက်ရဘူး” ဟု ပြောသည်။
စားအုန်းဆီကို ဈေးကွက်အတွင်း လက်ကားရည်ညွှန်းဈေးအပေါ်တွင် အထွေထွေကုန်ကျစရိတ်များနှင့် အသားတင်အမြတ် ၂ ရာခိုင်နှုန်းထက် မပိုသည့် ဈေးဖြင့် ရောင်းချနိုင်ရေး၊ လက်လီဈေးကွက်တွင် ၁၀ ရာခိုင်နှုန်း အမြတ်ထက်မပိုသည့် ဈေးနှုန်းဖြင့်သာ ရောင်းချရေးတို့ကို ကြီးကြပ်သွားရန် စီစဉ်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စားသုံးဆီများကို ချိန်တွယ်ရောင်းချပေးနေစဉ်
ထိုသို့ ထုတ်ပြန်လိုက်ခြင်းကြောင့် ဆီအရောင်းဆိုင်များက တန်ပြန်မှုအနေဖြင့် ရောင်းချခြင်း မပြုကြခြင်းဖြစ်ကာ စားအုန်းဆီများကို ဈေးနှုန်းသတ်မှတ်ခြင်းထက် ရပ်ကွက်တိုင်းတွင် သက်သာသောနှုန်းထားဖြင့် ပြည်သူများ လိုအပ်သလောက် ရောင်းချပေးနိုင်သည့် ပုံစံဖြင့် လုပ်ဆောင်နိုင်မှသာ စားအုန်းဆီ ဝယ်ယူမရသည့် ပြဿနာသည် ပြေလည်သွားမည် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“သူတို့ဘက်ကလည်း ဒါက back ပြန်မှုပေါ့။ အဲဒါနဲ့ မရောင်းနိုင်ဘူး။ မရောင်းနိုင်တဲ့အတွက် မရှိဘူးဆိုပြီးတော့ နေလိုက်တဲ့ သဘောမျိုးပဲ။ အဲဒါကြောင့်မို့လို့ ဖြစ်နိုင်ရင်တော့ ဘယ်ဈေးကနေ ပိုမရောင်းရဘူးဆိုရင် သူတို့က လည်း back ပြန်မှာပဲလေ မရှိဘူးပြောရင် ဘယ်လိုလုပ်မလဲ။ အဲဒါတွေကို ကြိုတွေးပြီးတော့ အစောထဲက သူတို့ကို ဘယ်ဈေးနဲ့ ရောင်းပါလို့ ပြောတာထက်စာရင် တစ်ဖက်ကနေပြီးတော့ တကယ်ကို လက်တွေ့ကျကျ ပကတိ အခြေအနေမှာ အဲဒီလိုဈေးနဲ့ ရောင်းပေးနိုင်တဲ့ ဈေးဆိုင်တွေပေါ့၊ ရောင်းပေးတဲ့စနစ်ကို တည်ဆောက်လိုက်မှ သာလျှင် အဲဒီ back ပြန်မှုတွေကို ကျော်လွှားနိုင်မှာပေါ့။ အလွန် ၄ သောင်းဈေးနဲ့ မလိုပါဘူး။ ဆိုလိုတာက သူ့ဟာသူ ၆ သောင်းဈေးလောက်နဲ့ကို တကယ်ကို လုံလုံလောက်လောက်နဲ့ လိုချင်တဲ့အချိန် မြန်မြန်ဆန်ဆန် ရောင်းပေးနိုင်ဖို့၊ အခု ဥပမာ တစ်ပိဿာ ၄ ထောင်အစားပေါ့ ၆ ထောင်ဆို ၂ ထောင်ပဲ ပိုများမယ်။ ဒါပေမယ့် သူလိုချင်သလောက် ရောင်းပေးနိုင်ရင် အဲဒီပြဿနာ မတက်တော့ဘူးလေ” ဟု ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေသည် ပြည်တွင်းစားအုန်းဆီလက်ကျန် နည်းပါးခြင်းကြောင့် ဈေးကွက် အတွင်း လိုအပ်ချက်ကို ခွဲတမ်းဖြင့် ဝေမျှနေရကြောင်း၊ စားအုန်းဆီနှင့် ပတ်သက်၍ သွင်းကုန်ပါမစ်လိုင်စင်ကို ကုမ္ပဏီတချို့ကိုသာ ပေးထားသည့်ပုံစံဖြင့် မဟုတ်ဘဲ နိုင်ငံခြားငွေ ရှိသူများမှ စားအုန်းဆီကို လွတ်လပ်စွာ တင်သွင်းနိုင်ရန်အတွက် သက်ဆိုင်ရာမှ ခွင့်ပြုပေးပါက ကုန်စည်ရှားပါးခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းကို ထိန်းနိုင်မည် ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“စားအုန်းဆီမှ မဟုတ်ဘူး။ ဘယ်ကုန်ပစ္စည်းတိုင်းမဆိုပေါ့ policy maker တွေကို ဘောဂဗေဒ သဘောတရား တွေကို သင်ပေးဖို့ လိုနေပြီလို့ တွက်ရတယ်။ အဓိက supply များများရှိရင် ဈေးက သူ့ဟာသူ ဘယ်လိုမှ ဆွဲမတင် နိုင်ဘူး။ အခုက မူဝါဒအရကို စားအုန်းဆီ တင်သွင်းတဲ့ကုမ္ပဏီဆိုပြီးတော့ အဲဒီလို ပါမစ်တွေ, လိုင်စင်တွေနဲ့ ထိန်းချုပ်ထားတယ်။ ဘယ်လိုမှ supply မြှင့်လို့မရဘူး။ တကယ်လို ဒီဟာတွေသာ ကျစေချင်လို့ရှိရင် နိုင်ငံခြားငွေ ရှိတဲ့သူတွေကို အကုန်လုံး စားအုန်းဆီ သွင်းချင်တဲ့သူ လွတ်လွတ်လပ်လပ် သွင်းခွင့်ရှိတယ်လို့သာ ကြေညာလိုက် တန်းကျတယ်။ အဲဒီလိုမျိုး supply ကို များများ ဖြည့်ဆည်းပေးနိုင်အောင် လုပ်ရမှာပေါ့။ ဒီ shorten မှာတော့ နည်းနည်း ဒေါ်လာဈေး ဘာညာ ဈေးကွက်ပေါ်မှာ ထိခိုက်ကောင်း ထိခိုက်နိုင်မယ်။ ဒါပေမယ့် စားအုန်းဆီ မလုံ လောက်တဲ့ ပြဿနာ၊ စားအုန်းဆီကို ဈေးကစားတဲ့သူတွေက ဖွက်ထားတဲ့ ပြဿနာတွေကိုတော့ ရေတိုအတွင်းမှာ ဖြေရှင်းနိုင်မယ်ပေါ့” ဟု ပြောသည်။
ထို့နောက် စားအုန်းဆီနှင့် ပတ်သက်၍ ရန်ကုန်မှတဆင့် တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ဆောင်ရာတွင်လည်း စစ်ဆေးမှုများ ရှိနေခြင်းနှင့် နယ်ကျော်ဝယ်ယူမှုများအတွက် ရန်ကုန်ရှိ အရောင်းဆိုင် များက မရောင်းပေးခြင်းများလည်း ရှိနေသည်ကို တွေ့ရသည်။
ဆီကုန်သည်အသင်းက ဦးဆောင်၍ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေသော်လည်း အချိန်ကြာမြင့်စွာ တန်းစီပြီးမှသာ ဝယ်ယူ၍ ရခြင်းကြောင့် အလုပ်သမားများနှင့် သက်ကြီးရွယ်အိုများအတွက် အခက်အခဲ ရှိနိုင်ကြောင်း၊ တချို့သော မိသားစုများက တန်းစီပြီး ပြန်လည်ရောင်းချနေမှုများ ရှိနေခြင်းကြောင့် အမှန်တကယ် လိုအပ်သူများအတွက် အဆင်မပြေ ဖြစ်ကြရသည်ဟု ပြည်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 494
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားများသာမက အခြားသော လူငယ်၊ လူရွယ်များမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာ နေကြသဖြင့် လူသားအရင်းအမြစ် ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရချိန်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍအား တိုးချဲ့ရန် မလွယ် ကူလှကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးပညာရှင်များက သုံးသပ်ကြသည်။
ကုန်ထုတ်လုပ်မှု မတိုးချဲ့နိုင်ပါက ပို့ကုန်တင်ပို့မှု နည်းပါးသွားနိုင်ကြောင်း၊ ပို့ကုန်မတင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ ရရှိမှု နည်းပါးသွားနိုင်သည့်အတွက် ပြည်ပနိုင်ငံများသို့ လုပ်သားအင်အား ယိုစိမ့်မှု မဖြစ်စေရန် သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် နည်းလမ်း စဉ်းစားသင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်၊
နိုင်ငံခြားဝင်ငွေရရှိမှု နည်းပါးသွားပါက ပြည်တွင်း၌ သွင်းကုန်နှင့်ပတ်သက်၍ အခက်အခဲများ ဖြစ်လာနိုင်ပြီး အကျိုးသက်ရောက်မှု အများအပြား ရှိနိုင်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။
လယ်ယာစိုက်ပျိုးရေးလုပ်နေကြသူများကို တွေ့ရစဉ်
၎င်းက “strategy ကို မတိုးဘဲနဲ့တော့ income တိုးလာဖို့ ခက်တာပေါ့။ income နည်းတာက export earning ရဖို့ ခက်တာပေါ့။ export earning ရဖို့က လယ်ယာ စိုက်ပျိုးရေးကဏ္ဍတစ်ခုနဲ့ပဲ သွားနေရတာတွေက များတယ်။ အခု နောက်ပိုင်းက အရေအတွက်နဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ တစ်ခုတည်းပဲ အားကိုးနေရတာကို။ ကျန်တာက တော့ gas ပေါ့နော် gas ကတော့ ဘယ်အချိန် ကုန်လာမလဲ မသိဘူးပေါ့။ လယ်ယာ စိုက်ပျိုးရေးဌာနကနေပြီး တော့ အားကိုးရတဲ့ဟာတွေ မထုတ်နိုင်ရင်တော့ အခက်အခဲအများကြီး ရှိလာနိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသားများသည် စားဝတ်နေရေးများကြောင့် ဝင်ငွေကောင်းသည့် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြခြင်း အား တားဆီး၍ မရနိုင်သဖြင့် ယခုကဲ့သို့ လုပ်သားအရင်းအမြစ် ဆုံးရှုံးနေသော ပြဿနာအား ဖြေရှင်းနိုင်ရန် အတွက် အချို့နေရာတွင် စက်ကရိယာများကို အစားထိုးသင့်ကြောင်းလည်း ဦးသက်ဇော်က ဆက်ပြောသည်။
၎င်းက “မထိုးနိုင်ရင်တော့ လုပ်ငန်းတိုးချဲ့ ဖို့ကတော့ အခက်အခဲ ရှိသွားမှာ အမှန်ပဲ။ မြန်မာနိုင်ငံမှာက ၇၀ ရာခိုင်နှုန်းက တောင်သူလယ်သမား ဦးရေကို။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာတော့ အဓိက လုပ်သား အများဆုံး သုံးနေရတဲ့ အနေအထားမှာရှိပါတယ်။ စက်မှုကဏ္ဍမှာကတော့ လုပ်သားဦးရေက အများကြီး မရှိသေးဘူး ကျနော်တို့နိုင်ငံမှာ။ စိုက်ပျိုးရေးကဏ္ဍမှာက မျိုးရယ်၊ စိုက်နည်းပညာ technology တွေက အရေးကြီးတယ်။ နောက်ပြီးတော့ ရိတ်သိမ်းတဲ့ နည်းပညာတွေကလည်း အရေးကြီးတယ်။ ဒါတွေကို အကုန်လုံး ခေတ်မီ နည်း စနစ်နဲ့အညီ ပြောင်းလဲနိုင်ရင်တော့ တစ်ဧက အထွက်နှုန်းတွေ တိုးလာမယ်။ လက်ရှိနည်းပညာအတိုင်း သွားနေ ရင်တော့ သိပ်ပြီးတော့ တိုးတက်လာစရာ အကြောင်းမရှိဘူး” ဟု ပြောသည်။
ပြည်ပထွက်မည့် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
မြန်မာနိုင်ငံ၌ လူသားအရင်းအမြစ် ဆုံးရှုံးနေရခြင်း အကြောင်းများထဲတွင် လုပ်ခလစာ နည်းပါးမှုသည်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ကျွမ်းကျင်သည့် လူငယ်၊ လူရွယ်များ ပြည်ပထွက်ခွာမှု နည်းပါးစေချင်ပါက အလုပ်အကိုင် များ ဖန်တီးပေးခြင်းအပြင် လုပ်ခလစာပါ တိုးမြှင့်ပေးသင့်ကြောင်း သုံးသပ်ကြသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ် သူများက ထုတ်ကုန်များ ဆောင်ရွက်ကြခြင်းဖြင့် ပြည်ပသွင်းကုန်များ အစားထိုး နိုင်ရေးအတွက် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်နိုင်ရန် လိုအပ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လက နစကဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရန်မှာ မဖြစ်နိုင်သေးကြောင်း စိုက်ပျိုး ရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ ထုတ်လုပ်မှုပိုင်းက တက်မလာဘူးပေါ့။ မတက်လာနိုင်တဲ့ အတွက်ကြောင့်မို့လို့ ငွေကြေး ဖောင်းပွမှုတွေက ဖြစ်လာတယ်လို့ ထင်တယ်။ လက်ရှိ အနေအထားမှာလည်း ထုတ်လုပ်မှုအပိုင်းကို တက်လာ စရာလည်း မရှိဘူးပေါ့။ အခြေအနေ အကြောင်းကြောင်းတွေပေါ့ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ conflict တွေအရ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေအရက ဘယ်လိုမှကို ထုတ်လုပ်မှုကို တိုးဖို့ဆိုတာက ခက်ခဲတာပေါ့ လုပ်ရကိုင်ရသူတွေ အနေနဲ့။ အခုဆိုရင် မြန်မာပြည်က ဘက်ပေါင်းစုံမှာ အကုန်လုံးက ကျဆင်းနေတယ် အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတယ်။
ပြည်တွင်း ထုတ်ကုန်များကိုတွေ့ရစဉ်
တောင်သူဆိုလည်း တောင်သူအလျောက်၊ ကုန်သည်ဆိုလည်း ကုန်သည်အလျောက်ပေါ့။ အဲဒီ လို အများကြီး ဖြစ်ပျက်နေတဲ့ဟာတွေကို တစ်ခုချင်း save လုပ်နိုင်မှသာလျှင် production တက်ဖို့ဆိုတဲ့ဟာကို သွားလို့ရမှာပေါ့။ လက်ရှိ အနေအထားနဲ့က production ကို ဆွဲတင်ဖို့ဆိုတာက အရမ်းကို ခက်ခဲလွန်းတယ်။ မဖြစ် နိုင်ဘူး။ တည်ငြိမ်တဲ့ အခြေအနေတစ်ခု ရောက်သွားမှသာလျှင် ဒီဟာအပေါ်မှာ ပြန်ပြီးတော့ လုပ်နိုင်မယ်လို့ထင် တယ်။ ကုန်ထုတ်လုပ်မှုအပိုင်း တက်ဖို့ဆိုတာကတော့ လတ်တလော အခြေအနေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်တယ်”ဟု ပြောသည်။
ထို့အပြင် ၎င်းကုန်ထုတ်လုပ်မှု ပစ္စည်းများအား ပြည်တွင်း၌ ဖူလုံမှုရှိစေရန် ဦးစွာ လုပ်ဆောင်သင့်ကြောင်း၊ ပြည်တွင်းတွင် ဖူလုံမှသာ ပြည်ပနိုင်ငံများသို့ တင်ပို့သင့်ကြောင်း၊ ပြည်တွင်း မဖူလုံဘဲ ပြည်ပသို့ တင်ပို့မည် ဆိုပါက ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ မူဝါဒပိုင်းဆိုင်ရာများလည်း ပြုပြင်ပြောင်းလဲရန် လိုအပ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးပညာရှင်များက ထောက်ပြကြသည်။
သို့သော် S&P Global မြန်မာထုတ်လုပ်မှု PMI(Purchasing Managers’ Index) အညွှန်းကိန်းများ အစီရင်ခံ စာတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းအမှတ်မှာ ၅၇ ဒသမ ၄ သို့ တက်လှမ်းလာနိုင်ခဲ့ကြောင်း သိရသည်။
PMI အညွှန်းကိန်း အမှတ်များသည် သုညမှ ၁၀၀ အထိရှိနိုင်ပြီး အညွှန်းကိန်းအမှတ် ၅၀ အထက်တွင် ရှိနေပါက တိုးတက်မှုကိုပြကာ အညွှန်းအမှတ် ၅၀ အောက်တွင်ရှိလျှင် ယေဘုယျအားဖြင့် ကျဆင်းမှုကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 698
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ပို့ကုန်သွင်းကုန်များ ကန့်သတ်မှုများ ပြုလုပ်လာသည့် အတွက် ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်ပေါ်လာပြီး ဈေးကွက်စီးပွားရေးစနစ် အားနည်းလာကာ ဈေးကွက်စီးပွားရေးစနစ် ကို အကောင်အထည် မဖော်နိုင်ပါက ပြည်တွင်းစီးပွားရေးသည် မည်ကဲ့သို့ ဖြစ်လာမည်ကို စီးပွားရေးလုပ်ငန်းရှင် နှင့် စီးပွားရေးပညာရှင်များအကြား ဆွေးနွေးသုံးသပ်မှုများ ရှိနေသည်။
ဈေးကွက်စီးပွားရေးစနစ်ကို မသွားနိုင်ပါက တရားမဝင်လမ်းကြောင်းမှတဆင့် ကုန်စည်တင်သွင်းမှုများ ပြုလုပ် လာပြီး ပြည်တွင်းတွင် ကုန်ဈေးနှုန်းများ ပို၍ မြင့်မားလာမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်အတွက် တိုင်းပြည်၏ စီးပွားရေး တည်ငြိမ်မှသာ ဖြစ်နိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“ဈေးကွက်စီးပွားရေးစနစ်ဆိုတာက လွတ်လပ်သော ယှဉ်ပြိုင်ခြင်းနဲ့ ရောင်းဝယ်ခြင်းပေါ့နော်။ လွတ်လပ်သော ယှဉ်ပြိုင်ခြင်းနဲ့ ရောင်းဝယ်ခြင်းမှာ Criteria တွေ သိပ်မရှိဘူးပေါ့နော်။ လွတ်လပ်စွာ တင်သွင်းမယ်၊ လွတ်လပ်စွာ ရောင်းချမယ်။ ဒါပေမယ့် အဲဒီလိုဖြစ်ဖို့ကလည်း တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးစနစ်ငြိမ်မှ ဈေးကွက်စီးပွားရေး စနစ်ဆိုတာ လုပ်လို့ရတာလေ။ တိုင်းပြည်စီးပွားရေးစနစ်က unstable ဖြစ်တယ်ဆိုရင်တော့ ဈေးကွက်စီးပွားရေး စနစ်က လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ ကြည့်လိုက်ရင်တော့ earning ရှားပါးတယ်ပေါ့နော်။ earning ရှားပါးတော့ သွင်းကုန်သွင်းဖို့ ခက်တယ်။ သွင်းကုန်ခက်တဲ့အခါကျတော့ ကုန်သည်တွေက ရတဲ့နည်းနဲ့ သွင်းမယ်။ တရားဝင် မရရင် တရားမဝင် သွင်းမယ်။ တရားမဝင် သွင်းတယ်ဆိုတာက မှောင်ခိုဈေးကွက်ပေါ့နော်။ မှောင်ခိုဈေးကွက်ဆိုတာ ဖြစ်ပေါ်လာတယ်။ လူတွေကလည်း တအားလိုချင်တယ်၊ ပစ္စည်းကလည်း တရားဝင် သွင်းဖို့ ခက်ခဲလာတယ်။ နိုင်ငံတော်မှာလည်း earning ဖြစ်တဲ့အခါကျတော့ သူကလည်း ခွင့်ပြုချက်နဲ့ အကန့် အသတ်နဲ့ ခွင့်ပြုရတဲ့အခါကျတော့ သွင်းကုန်ခက်လာတယ်။ ခက်လာတော့ ပြည်သူကလည်း လိုချင်တဲ့ အတိုင်း အတာ ရှိတယ်၊ ကုန်သည်ကလည်း ဒါသူ့အတွက်ပေါ့နော်။ တစ်ကျပ်တန်ကို သူငါးကျပ်ရအောင် ရောင်းမယ်၊ သူရတဲ့နည်းနဲ့ သွင်းမယ်ဆိုတဲ့ဟာတော့ စီးပွားရေးသမားတွေတော့ ဒါက လုပ်မှာပဲ။ အဲဒီတော့ ဈေးကွက် စီးပွားရေးစနစ်က ပျက်သုန်းလာတာပေါ့နော်။ ပျက်သုန်းလာပြီးတော့ ဒါကို ထိန်းချုပ်ဖို့အတွက် ဗဟိုချုပ်ကိုင်မှု စနစ်ကလည်း ပြန်လည်ပြီးတော့ အသက်ဝင်သလို ဖြစ်လာတာပေါ့နော်” ဟု ၎င်းက ပြောသည်။
ဆန်ဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်
အစိုးရမှ ပို့ကုန်တင်ပို့ခြင်းနှင့် သွင်းကုန်တင်သွင်းခြင်းတို့တွင် ကန့်သတ်မှုများ ပြုလုပ်ရာ၌ လိုင်စင်ချထားပေးမှု များ နည်းပါးခြင်းကြောင့် ပြည်ပမှတင်သွင်းနေရသည့် ကုန်စည်များ ရှားပါးလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။
အလားတူ ပို့ကုန်များ တင်ပို့ရာတွင်လည်း ပို့ကုန်ရငွေနှင့် ပတ်သက်၍ ထိန်းချုပ်မှုများ ရှိနေပြီး ကုန်သည်များ အတွက် အခက်တွေ့လာသည်ဟု သိရသည်။
သွင်းကုန်ကန့်သတ်ချက်များကြောင့် ဒေသတွင်း ကုန်စည်ရှားပါးမှုများ ဖြစ်ပေါ်လာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာနေသလို သွင်းကုန်များကို အခြေခံသည့် စိုက်ပျိုးရေး ထွက်ကုန်များလည်း ဈေးနှုန်းများ မြင့်တက်လာ သည်ကို တွေ့ရှိရသည်။
ထို့ကြောင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရန် လိုအပ်လာကြောင်း၊ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်နေသည့်အတွက် ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးရန် မလွယ်ကူကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှသာ ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်၍ ရနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်သည်တွေ ဈေးကစားလို့ ဈေးတက်လို့ရှိရင် အဲဒီဈေးကစားတဲ့ ပစ္စည်းပဲ တက်ရမှာပေါ့။ အခုက အထွေထွေကုန်စည် အကုန်လုံးကို တက်နေတာ။ အဲဒီရှားပါးမှုရယ်၊ နောက် ရှားပါးမှုတွေဖြစ်တော့ အလုပ်တွေ မလုပ်နိုင်၊ ကုန်ပစ္စည်းတွေ မပို့နိုင်၊ မသွင်းနိုင်၊ အဲဒီမှာ အခွန်က မရ။ အစိုးရ ဘတ်ဂျက်က မရှိ။ ဘတ်ဂျက် မရှိ တော့ ငွေတွေရိုက်ထုတ်။ ငွေတွေရိုက်ထုတ်တော့ ပိုပြီးတော့ ဈေးတွေတက်။ အဲဒီလို လုံးချာလည် လိုက်နေတာ။ အခုက ဗဟိုချုပ်ကိုင်မှုစနစ်လို့လည်း ပြောလို့မရဘူး။ ဗဟိုချုပ်ကိုင်မှုစနစ်ဆိုရင် ဗဟိုက သူတို့လိုလားချက်အတိုင်း လုပ်နိုင်ရမယ်။ ဆိုရှယ်လစ်ခေတ်တုန်းကဆိုလို့ရှိရင် သူတို့ ဗဟိုချုပ်ကိုင်ထားတယ်။ ပြည်သူလူထုကို သမချန်နယ် ကနေပြီးတော့ ပြန်ပြီးတော့ ဝေပေးရတယ်လေ။ လောက်တာမလောက်တာ အသာထားပေါ့။ တစ်အိမ်ထောင်ကို ဘယ်လောက်ဆိုပြီးတော့ သပ်သပ်မတ်မတ် လုပ်ပေးနိုင်တယ်။ အခုက ဗဟိုက ချုပ်ကိုင်တဲ့သဘောမျိုး ဖြစ်နေတာ ပဲလေ။ ဒါပေမဲ့ လောက်လောက်လားလား သူတို့လိုလားချက်အတိုင်း လုပ်ပေးနိုင်လားဆိုတော့လည်း အဲဒီလို လည်း မလုပ်ပေးနိုင်ဘူး။ ဆိုတော့ ဈေးကွက်စီးပွားရေးစနစ် ဖြစ်ဖို့ကတော့ နိုင်ငံရေးပါ ပြောင်းမှရမယ်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့တော့ ဘယ်လိုမှ လုပ်လို့မရဘူး။ အစိုးရက လုပ်ပေးလည်း အတိုက်အခံဘက်ကရော ဒီဟာကို လက်မခံဘူးပေါ့။ ဆိုတော့ နိုင်ငံရေးပြောင်းမှပဲ ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်လို့ရမယ်”ဟု ပြောသည်။
ငါးဒိုင်တစ်ခုကိုတွေ့ရစဉ်
နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး နိုင်ငံတော်မှ စီးပွားရေးဆိုင်ရာမူဝါဒများကို ချမှတ် ဆောင်ရွက်ပေးခြင်းဖြစ်၍ ဗဟိုမှချုပ်ကိုင်သော စနစ်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားထားသည်။
သို့သော်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ်သည့်အနေဖြင့် အစိုးရက ဗဟိုချုပ်ကိုင်မှုဖြင့် ကုန်စည်များကို ဈေးနှုန်းသတ်မှတ်မှုများ ပြုလုပ်လာခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ ကျဆင်းလာသော်လည်း ကုန်စည်ရှားပါးမှုနှင့် ကြုံတွေ့နေရသည်ကို တွေ့ရှိရသည်။
လက်ရှိ နိုင်ငံတော်အာဏာကို ရယူထားသည့် နစကအစိုးရအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ ထားမှုများရှိနေ ခြင်းကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများသည် ဝင်ရောက်လာမည် မဟုတ်သည့်အတွက် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံး၍ မရနိုင်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်ဆိုပါက နိုင်ငံတော်အနေဖြင့် နိုင်ငံခြားအရန်ငွေ လုံလောက်စွာ ရှိမှသာ အဆင်ပြေနိုင်မည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 373
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
ထိုင်းနိုင်ငံရှိ MOU ၄ နှစ်ပြည့်သည့် မြန်မာလုပ်သားများအတွက် U-Turn စနစ်ဖြင့် ထိုင်းသို့ ရက်တိုတို အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးသည် အချိန်ကာလအားဖြင့် ၄ ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
၎င်းအစီအစဉ်အား ယနေ့ စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အလုပ်သမားအေဂျင်စီတို့ ၏ ရုံးလုပ်ငန်းများ ပြီးစီးပါက MOU လုပ်သားများသည် ၃ ရက် သို့မဟုတ် ၄ ရက်သာ အချိန်ပေးခြင်းဖြင့် အချိန်တို ငွေကုန်ကျမှု သက်သာစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ သံရုံး၏ ထုတ်ပြန်ချက်အတိုင်း အချိန် ၄ ရက်ခန့်ဖြင့် ထိုင်းသို့ ပြန်လည်ဝင်ရောက်နိုင်မည်ဆိုပါက ကောင်းမွန်ကြောင်း Labour Rights Foundation မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“အစိုးရလုပ်ငန်းစဉ်ဆိုတာ အဲဒီလိုမဟုတ်ဘူး။ ငွေကြေးကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ စကားလုံးကို သုံးတာထက်စာရင် ထိုင်းနိုင်ငံကလုပ်တဲ့ပုံစံမျိုး သွေးစစ်တယ်၊ စစ်ပြီးရင် ဘောက်ချာ ၅၀၀ ထွက်လာ မယ်။ လ.ဝ.ကမှာ ဗီဇာသွားထုမယ်၊ ဘယ်လောက်ကုန်ကျတယ်ဆိုတာကို ဘောက်ချာ ချက်ချင်းပေးရတယ်။ ပြီး ရင် အလုပ်သမားဝန်ကြီးဌာနက အလုပ်လုပ်ခွင့်လက်မှတ် သွားလုပ်တယ်ဆိုလည်း ဘောက်ချာတန်း ထွက်တယ်။ အဲဒါမျိုးတွေနဲ့ ဘောက်ချာစနစ်တကျနဲ့ စနစ်တကျနဲ့ မှန်ကန်စွာ အစိုးရက ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ထောက်ပြ ခြင်းဖြစ်ပါတယ်။ MOU process ကလည်း အလုပ်သမားတွေ ကိုယ်တိုင်သိတယ်။ ရက် ၆၀ နဲ့လည်း မပြီးဘူး။ ရက် ၉၀ နဲ့လည်း မပြီးဘူးဆိုတော့ အဲဒီလောက်အကြာကြီး မြန်မာပြည် ဆိုးရွားတဲ့ အခြေအနေကြားမှာ သွားမနေချင် တဲ့အတွက်ကြောင့် မပြန်ချင်တဲ့ လုပ်သားတွေကို အဲဒီလိုမျိုး ပြန်စရာမလိုတော့ဘူး နယ်စပ်ဒေသမြို့လေး တစ်မြို့ မှာပဲ သွားရမယ်။ လုပ်ငန်းစဉ်ကို အစောတလျင် မြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးမယ် ဆိုတဲ့အခါကျတော့ လုပ်သားတွေက အဲဒါဆိုရင် ပြန်မယ်ဆိုတဲ့ အနေအထားမျိုးပေါ့။ လုပ်သားတွေကလည်း ဒီအခွင့်အရေးကို စောင့် ဆိုင်းနေတာ အင်မတန်ကြာပြီလို့ သုံးသပ်တယ်” ဟု ၎င်းက ပြောသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုကိုတွေ့ရစဉ်
ယခင်က MOU ၄ နှစ်ပြည့်များသည် U-Turn စနစ်ဖြင့် ထိုင်းသို့ ပြန်လည်ဝင်ရောက်ရေးအတွက် ရန်ကုန်သို့ပြန်၍ လုပ်ငန်းစဉ်များအား ဆောင်ရွက်ရခြင်းဖြစ်ပြီး အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ ဖြစ်ခဲ့သည်။
ယခုအခါတွင် ရန်ကုန်သို့ ပြန်ရန်မလိုအပ်တော့ဘဲ မြဝတီမြို့၌ တစ်ရက်လျှင် မြန်မာလုပ်သား ၇၀၀ ခန့်၊ ကော့သောင်းမြို့၌ ၃၀၀ ခန့်အား နေ့ချင်းပြီး U-Turn ပြုလုပ်ပေးရေး စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် အမည်ပျက်စာရင်း(Blacklist) ဝင်သွားသည့် ကုမ္ပဏီများမှ ပို့ဆောင်ထားသော MOU လုပ်သားများ အနေဖြင့်လည်း အလုပ်ရှင်နှင့် ၎င်း MOU လုပ်သား၏ သဘောဆန္ဒအတိုင်း အခြားကုမ္ပဏီတစ်ခုသို့ အမည်သွင်း၍ U-Turn ပြုလုပ်နိုင်သည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဒီဘက်မှာရောက်နေတဲ့ အလုပ်သမားတွေက လုပ်မလား၊ မလုပ် မလား သိပ်မကျိန်းသေဘူး။ မသိဘူး။ မသိဘူးဆိုတာက ဥပမာ မောင်ဖြူကုမ္ပဏီက Blacklist ဖြစ်သွားတယ်။ အဲဒါဆိုတော့ ဒီအလုပ်သမားက မောင်မဲဆိုတဲ့ ကုမ္ပဏီကို ရှာရမယ်။ အဲဒီအဆင့်အထိကို အလုပ်သမားက လုပ်နိုင် မှ။ ဒီဟာတွေက ဘာလဲဆိုတော့ ဗမာပြည်ကုမ္ပဏီတွေကကြတော့ ပြန်ပြီးတော့ ဆက်သွယ်လုပ်ကိုင် ရဦးမှာကို။ ဒါပေမဲ့ တချို့တွေတော့လည်း ရှိတော့ရှိမှာပေါ့ ကိုယ့်အဆက်အသွယ်နဲ့ကိုယ်။ ဒီနေရာမှာ အဆင်မပြေဘူးဆိုရင် နောက် ဘယ်ဟာနဲ့လုပ်မလဲဆိုတဲ့ဟာ ရှိကောင်းရှိမယ်။ အစကနေပြန်ပြီး အဲဒီလို အသစ်လိုမျိုး ကုမ္ပဏီအသစ်၊ အေဂျင်စီအသစ်နဲ့ ပြန်လုပ်ဖို့က ဒီဘက်မှာ ရောက်နှင့်နေပြီးသား လူတွေအတွက် တော်တော်လေး အခက်အခဲ ရှိမယ်။ ကုန်ကျစရိတ် ကျတော့လည်း သူကလည်း အစကနေပြန်ပြီးတော့ ကုမ္ပဏီအသစ်နဲ့ အစကနေ ပြန်လုပ် ရတယ် ဆိုပိုပြီးများနိုင်တယ်။ အဲဒီလို ဘယ်နှစ်ယောက် လုပ်မလဲပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် သက်တမ်းပြည့် MOU မြန်မာလုပ်သားများထဲ၌ MOU လုပ်ငန်းစဉ် အား ပယ်ဖျက်ပြီး အလုပ်လုပ်ခွင့် လက်မှတ်(ဘတ်ပန်းရောက်ကဒ်)များ ပြောင်းလဲပြုလုပ်၍ နေထိုင် အလုပ်လုပ် ကိုင် နေကြသူများ ရှိသည်။
ထို့ကြောင့် မြဝတီနှင့် ကော့သောင်းမြို့ ၂ ခုတွင် ယနေ့ စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ပြုလုပ်ပေးသွားမည့် U-Turn စနစ်အား MOU လုပ်သားများ၏ သွားရောက် လုပ်ဆောင်မှု အခြေအနေနှင့် ၎င်းတို့ဘက်မှ ဆောင်ရွက်ပေးမှု အခြေအနေများအား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ များက သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 398
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉
လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ၏ ခရီးသွားရာသီ စတင်တော့မည်ဖြစ်ပြီး လက်ရှိတွင် ပြည်ပသို့ ထွက်ခွာသွားကြသည့် ကျွမ်းကျင်လုပ်သားများပြားနေခြင်းကြောင့် မြန်မာ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း တွင် ကျွမ်းကျင်သည့် Guide(ဧည့်လမ်းညွှန်)များ ရှားပါးမှုက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ဟိုတယ်ဝန်ဆောင်မှုတွင် လုပ်သားရှားပါးမှုကို ကျန်ရှိနေသည့် ကျွမ်းကျင်လုပ်သားများနှင့်လက်တွဲ၍ သင်တန်း များပေးကာ ပြန်လည်ဖြည့်တင်းနိုင်ပြီး ယခုလို ခရီးသွားဧည့်လမ်းညွှန်များနှင့် ဘာသာပြန် Guide များ ရှားပါး မှုသည် အနာဂတ် ခရီးသွားလုပ်ငန်းအတွက် စိန်ခေါ်မှု ဖြစ်နေသည်ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။
“ရှိတာပေါ့ အန်ကယ်တို့ Tourism က ဝန်ထမ်းတွေက နိုင်ငံခြား ထွက်သားကြတာပဲဆိုတော့၊ နောက်အရင်လို ဧည့်သည်တွေ ပြန်ဝင်လာမယ်ဆိုရင်တော့ ဒါတွေကို ပြန်ပြီးတော့ ဖြည့်တင်းဖို့ဆိုတာ သင်တန်းတွေ အများကြီး လုပ်ပေးရအုံးမယ်။ အဓိက ကျွမ်းကျင်ဝန်ထမ်းတွေဖြစ်တဲ့ Guide တွေ၊ FO မန်နေဂျာတွေ၊ Reception ကဟာတွေ အဲဒါမျိုးတွေ အများကြီး ထွက်သွားကြတယ်။ အဲဒါတော့ ဒါက Challenge တစ်ခုပေါ့ Tourism မှာ။
အကယ်၍သာ Tourism က regular ပြန်ဖြစ်လာပြီဆိုရင် ဒါတွေကို ပြန်ပြီးတော့ အစားထိုး ဖြည့်တင်းဖို့ရန်အတွက် သင်တန်း တွေ အများကြီး ပေးရမယ်။ နောက်ထပ် လူသစ်တွေ အများကြီး မွေးရမယ်။ ဧည့်သည်တွေ ပြန်ဝင်လာပြီ ဆိုလို့ ရှိရင်လည်းပဲ အန်ကယ်တို့ နောက်ထပ် လူသစ်တွေကို ဒီလိုပဲ သင်တန်းတွေ ပြန်ပေးရမှာပေါ့နော်။ ကျွမ်းကျင်ပြီး သား ဝန်ထမ်းတွေနဲ့ တွဲပြီးတော့ ခေါ်ရမှာပေါ့။ အရင်ကလည်း ဒီလိုပဲ အန်ကယ်တို့ လုပ်ခဲ့ကြတာပါ။ ကြီးမားတဲ့ စိန်ခေါ်မှု အကြီးကြီးတော့ မဟုတ်ဘူး။ လူတွေ လျော့တာတော့ မှန်တယ်။ အများကြီး ထွက်သွားကြတယ်။ အဲဒီတော့ ပြန်မွေးတဲ့နေရာမှာ နည်းနည်း ခက်ခဲတာတော့ Guide က နည်းနည်း ခက်ခဲတာပေါ့။ Guide လို ကျွမ်းကျင်ဝန်ထမ်းကျတော့ ဘာသာစကားနဲ့ ပတ်သက်ရင်တော့ ပြင်သစ်လို တတ်တဲ့သူ၊ ဂျာမန်လို တတ်တဲ့သူ၊ အီတလီလို တတ်တဲ့ Guide တွေ အဲဒါတွေကလည်း တော်တော်များများ ပြည်ပထွက်သွားကြတာ များတယ်။ နောက်တစ်ခါ ကိုဗစ်ကာလမှာ ဆုံးရှုံးသွားတဲ့ Guide တွေ အများကြီး ရှိတယ်။ နောက် အသက်တွေ ကြီးသွား ကြတဲ့ Guide တွေ အများကြီး ရှိတယ်။ ဒါတွေကတော့ အန်ကယ်တို့အတွက် အနာဂတ်အတွက်တော့ စိန်ခေါ်မှု တွေပဲပေါ့။ ဒါပေမယ့် စိန်ခေါ်မှုတွေ ရှိပေမယ့် ဒါတွေကိုတော့ အန်ကယ်တို့ နိုင်အောင်တော့ အများကြီး လုပ်ရမှာ ပေါ့။ သင်တန်းတွေ ပြန်ပေးရမှာပေါ့” ဟု ပြောသည်။
ပုဂံဒေသသို့ လာရောက်ကြသည့် နိုင်ငံခြားသား ခရီးသွားများ
လက်ရှိတွင် ဟိုတယ်များသည် ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ခြင်း မရှိခြင်းကြောင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် လုပ်ငန်းများအနေဖြင့် ဝန်ထမ်းခန့်ထားမှုအပိုင်းတွင် ခရီးသွားဝင်ရောက်မှု ပမာဏနှင့် ညီမျှသည့် ဝန်ထမ်း ပမာဏကို ခန့်ထားကြောင်း၊ လက်ရှိ ရှိနေသည့် ဝန်ထမ်းသည် ဝင်ရောက်လာမည့် ခရီးသွား အရေအတွက်နှင့် သင့်တင့်မျှတသည့် ဝန်ဆောင်မှုပေးနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။
“ပြည်ပထွက်ခွာမှုတွေလည်း ရှိတယ်။ သို့သော်လည်းပဲ ဒီမှာကျန်တဲ့သူတွေကလည်း ကျန်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိမိနေရပ်ဒေသကနေ စွန့်ခွာပြီးတော့မှ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ အဆင်မပြေတဲ့သူတွေကလည်း ကျန်သေးတယ်လေ။ နောက်တစ်ပိုင်းကကျတော့လည်း ဧည့်သည်ရောက်ရှိမှု အခြေအနေပေါ် မူတည်ပြီးတော့မှ ဟိုတယ်တွေရဲ့ အလုပ်အကိုင် ခန့်ထားမှုကလည်း အရင်လို ရာနှုန်းပြည့် ခန့်ထားတာမျိုးလည်း မရှိဘူးလေ။ ရာနှုန်းပြည့် ခန့်ထားတာ မရှိဘူးဆိုတာက အရင်လို လူ ၁၀၀ ခန့်ထားပေမယ့် အခု ၁၀၀ လုံး ခန့်ချင်မှ ခန့်ထား မယ်။ ၅၀၊ ၆၀၊ ၇၀ ဒါမျိုး သူ့ဟိုတယ် လည်ပတ်ဖို့ အဆင်ပြေတဲ့ အနေအထားလောက်အထိပဲ ခန့်ထားတာတွေ လည်း ရှိတယ်။ ဒီအတွက်ကြောင့်မို့လို့ လုပ်သားအင်အား ရှားပါးမှုပြဿနာက အခုချိန်ထိတော့ အခက်အခဲတော့ မရှိသေးဘူး။ မနိုင်ဝန်ထမ်းတဲ့အနေအထားမျိုး မဟုတ်ဘူး။ နိုင်နိုင်နင်းနင်းနဲ့ တာဝန်ထမ်းဆောင်တဲ့ အနေအထား မျိုး မျှော်လင့်ပါတယ်။ ဟိုတယ်တွေကလည်း သူ့လုပ်ငန်းနဲ့သူ အားလုံးက ပြင်ဆင်ထားကြတာပေါ့နော်။ သူတို့ လည်း သူတို့ဟာသူတို့ တွက်ဆပြီးတော့ ပြင်ဆင်ထားတာတွေ ရှိတယ်။ ဟိုတယ်တွေမှာ အနိမ့်ဆုံး လိုအပ်ချက် ရှိတာကိုး။ အနိမ့်ဆုံး လိုအပ်ချက်ရှိတော့ ဝန်ထမ်းက မခန့်လို့မရ ခန့်ထားတာတွေ ရှိတယ်။ နဂိုကတည်းကိုက အနိမ့်ဆုံး လိုအပ်ချက်ကို ခန့်ထားပြီးသားဖြစ်တဲ့အတွက် တအားကြီးတော့ မလိုအပ်ဘူး။ လိုရင်လည်း နည်းနည်း ပါးပါးလိုတော့ အလုပ်အကိုင် တအားကြီး အကျပ်အတည်း ဖြစ်သွားလောက်တဲ့အထိတော့ မရောက်နိုင်ဘူး။ ဧည့်သည်တွေလည်း ဝင်ရောက်လာနိုင်တယ်။ ဝင်ရောက်လာနိုင်တဲ့ ဧည့်သည်တွေနဲ့ ပတ်သက်ပြီးတော့မှ သင့်တင့်လျောက်ပတ်တဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ပြောသည်။
ထို့နောက် တရုတ်နှင့်အိန္ဒိယ ခရီးသွားများကို ဆိုက်ရောက်ဗီဇာ ပေးထားခြင်းနှင့် ရုရှား-မြန်မာ တိုက်ရိုက် လေ ကြောင်း ပျံသန်းမှုများ ရှိနေခြင်းကြောင့် လာမည့် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု များပြား လာမည်ကို မျှော်မှန်း၍ ခရီးသွားလုပ်ငန်းတချို့က ပြင်ဆင်နေမှုများ ရှိနေပြီး ပိတ်ထားသည့် ဟိုတယ်များမှာလည်း ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်နေမှုများလည်း ရှိကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
သို့သော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးခြင်းနှင့် လုံခြုံရေးပိုင်းဆိုင်ရာ အခြေအနေများကြောင့် တချို့သော ခရီးသွားလုပ်ငန်းများ ပြန်စရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 642
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းသည် ဈေးကွက်အတည်တကျမရှိမှု၊ ပင်ပန်းမှု၊ စိုက်ပျိုးရေး မဖြစ်ထွန်းမှု အစ ရှိသည်တို့ကြောင့် လယ်ယာမြေများကို စွန့်ခွာကာ ပြည်ပထွက်ခွာခြင်း၊ လုပ်ငန်းခွင်ပြောင်းလဲခြင်းတို့ ပြုလုပ် လာကြသဖြင့် လက်ရှိတွင် လယ်လုပ်သားရှားပါးမှု ပြဿနာနှင့် အဓိကရင်ဆိုင်ကြုံတွေ့နေကြရသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍအား လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲထားသော်လည်း စက်ပစ္စည်းများ တွင်ကျယ်စွာ အသုံးမပြုနိုင်ခြင်း၊ ထောက်ပံ့ပေးမှု မရှိသလောက် နည်းပါးခြင်းတို့ကြောင့် လူသား အရင်းအမြစ်များကိုသာ အသုံးပြုနေရခြင်း ဖြစ်သည်။
ယခုကဲ့သို့ လုပ်သားရှားပါးမှုပြဿနာ၏ အကျိုးဆက်သည် လက်ရှိတွင် မသိသာသော်လည်း ရေရှည်တွင် ဆိုရွားသော အကျိုးသက်ရောက်မှုရှိကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုအထိကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
“လုပ်သားရှားပါးလာတဲ့အတွက်ကြောင့်မို့လို့ ပုံမှန်ပေါင်းလိုက်ရမယ့် ကိစ္စတွေ၊ မြေဩဇာကျွေးရမယ့် ကိစ္စတွေ၊ လူတွေနဲ့ ကောက်စိုက်ရမယ့်ကိစ္စတွေ ဒါတွေကို မလုပ်နိုင်တော့တဲ့အခါကြတော့ ထုတ်လုပ်မှု စိုက်ပျိုးမှုကို လျှော့ချလိုက်ရတဲ့ အနေအထားတွေရှိတယ်။ ပုံမှန်အားဖြင့် အလုပ်သမား လုံလုံလောက်လောက် ရတယ်ဆိုရင် ဧကတစ်ရာ စိုက်နိုင်မယ်ဆိုရင် အလုပ်သမားရှားပါးလာတဲ့အတွက်ကြောင့် ဧက ၅၀ တောင် စိုက်ချင်မှ စိုက်နိုင် တော့မယ့် အနေအထားဖြစ်သွားတာပေါ့။ အခုလက်ရှိ နိုင်ငံရေးအနေအထားနဲ့ရော လူငယ်တွေက ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ပိုပြီးတော့ ကောင်းတဲ့ သက်သောင့်သက်သာနဲ့ ပိုက်ဆံများများရတဲ့ အလုပ် တွေကို ပိုပြီးစိတ်ဝင်စားလာကြတယ်။ ဒါတွေကြောင့်မို့လို့ လယ်ယာပေါ်မှာ ထိခိုက်မှုက production တွေ ကျ လာမယ်၊ ထုတ်လုပ်မှုတွေ ကျလာတဲ့အခါမှာ ပြည်ပကိုတင်ပို့နိုင်မှုတွေ နည်းသွားမယ်။ နည်းသွားရင် နိုင်ငံခြား ဝင်ငွေရရှိမှု နည်းလာမယ်။ နောက်ဆုံး ဘာကို သွားပြီး စိုးရိမ်ရလဲဆိုရင် ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှုအထိပါ ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုးတွေအထိ impact ဖြစ်သွားနိုင်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် တောင်သူများအတွက် လယ်ယာသုံးစက်ကရိယာပစ္စည်းများမှာ ဈေးအဆမတန်ကြီးမြင့်သဖြင့် အသုံး မပြုနိုင်ကြခြင်းကြောင့် ဘဏ်များနှင့်ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ဆိုပါကလည်း ယခင်ကာလ များကဲ့သို့ မလွယ်ကူတော့ကြောင်း တောင်သူများထံက သိရသည်။
မြန်မာနိုင်ငံ၌ ၎င်းစက်ပစ္စည်းများအား ငှားရမ်းအသုံးပြုနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း မရှိ သလောက် နည်းပါးသဖြင့် စိုက်ပျိုးရေးကဏ္ဍ၌ လုပ်သားရှားပါးမှုပြဿနာအား ဖြေရှင်းနိုင်ရန် အစိုးရပိုင်းမှ လယ်ယာသုံး စက်ပစ္စည်းများ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း ထောက်ပြကြသည်။
လက်ရှိတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်လိုသူ ရှားပါးလာသဖြင့် လုပ်သားခေါ်ယူရာတွင် ၎င်းတို့ လိုအပ်ချက်များ အား ဖြည့်ဆည်းပေးပြီး ခေါ်ယူနေရကြောင်း ရခိုင်တောင်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။
ကောက်စိုက်နေကြသူများ
“လယ်ကွက်က သူတို့နေတဲ့နေရာနဲ့ အသွားအလာနီးသလား၊ နီးတဲ့ဟာမှ သူတို့ကသွားမယ်။ နောက်ပြီးတော့ အရင်ဆိုရင် ကျနော်တို့က တစ်နေ့ကို ရှစ်နာရီလောက် အလုပ်ချိန်ပေါ့နော်။ အခုကြတော့ သူတို့က တစ်နေ့ကို ၇ နာရီလောက်ပဲ အလုပ်ခွင်မှာ အလုပ်လုပ်တယ်။ အဲဒါကိုလည်း ကျနော်တို့ဘက်က လက်လျော့ပေးရတယ်။ စက် တွေက ဈေးတက်လာတာနဲ့အမျှ ကျနော်တို့ တောင်သူလယ်သမားတွေက လက်ငင်းစနစ်နဲ့ ပေးဝယ်ဖို့ဆိုတာ ကလည်း တော်တော် မလွယ်ကူတဲ့ ကိစ္စတစ်ခုပဲ။ အဓိကအခြေခံဖြစ်တဲ့ လယ်ယာလုပ်ငန်းမှာ လုပ်သားပြဿနာ ရှားပါးတာကို စိန်ခေါ်ခံနေရတဲ့ အချိန်အခါမျိုးမှာ ကျနော်တို့ အခုလို တောင်သူတွေလက်ထဲကို စက်ယန္တရားတွေ၊ လယ်ယာသုံးစက်ကရိယာတွေ ချောချောမောမော ရောက်နိုင်အောင်၊ ကျနော်တို့ တောင်သူတွေ ဝယ်ယူနိုင်အောင် ပေါ့ နိုင်ငံတော် တာဝန်ရှိပုဂ္ဂိုလ်များက စီစဉ်ပြီးတော့မှ လုပ်ပေးနိုင်ရင်တော့ ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ စက်ကရိယာဆိုတာ ရိတ်သိမ်းခြွေလှည့်စက်တွေလိုတယ် အဓိက။ ထွန်စက်တွေ လိုတယ်။ ထွန်စက် အသေးစား ရှိမယ်၊ အကြီးစားရှိမယ်။ ဒီနှစ်ခုက လိုအပ်တယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စိုက်ပျိုးရေးကဏ္ဍ၌ လုပ်သားရှားပါးမှုပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းအား သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ကုစားရမည့်နည်းလမ်းများအား ရှာဖွေရန်လိုအပ်ပြီး လုပ်သားများ လယ်ယာမြေ စွန့်ခွာသွားကြခြင်း၏ အကြောင်းအရင်းကိုလည်း အဖြေရှာသင့်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သို့ ပြောသည်။
၎င်းက “စိုက်ပျိုးရေးမှာက လူလုံးဝမလိုတဲ့ဟာမျိုး လုပ်လို့မရသေးဘူး။ နိုင်ငံခြားမှာဆိုရင် အနီးဆုံး ထိုင်းပေါ့လေ။ ထိုင်းမှာဆိုရင် AI နဲ့တောင် စိုက်ပျိုးရေးမှာစပြီ။ ဥပမာ ဆေးဖြန်းတဲ့ကိစ္စလိုမျိုးပေါ့။ ဆေးဖြန်းမယ်ဆို လူသုံးမယ်ဆို အရမ်းအန္တရယ်များတယ်။ အဲဒီတော့ သူတို့က ဘာလုပ်လဲဆိုတော့ ဒရုန်းတွေနဲ့ ဆေးဖြန်းတာလုပ်တယ်။ နောက် တစ်ခုက စိုက်ပျိုးမှု ဧရိယာတွေကို ဒရုန်းတွေနဲ့ မှတ်တမ်းတင်တယ်။ ဒါ အနီးဆုံး အိမ်နီးချင်း ထိုင်းမှာတောင် အဲဒီလိုလုပ်နေပြီဆိုတဲ့အခါကြတော့ အဲဒီလိုဖြစ်လာမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် လူမလိုဘူး လားဆိုတော့လည်း မဟုတ်ဘူးပေါ့။ လူလုပ်ရမယ့်အပိုင်းလေးတွေလည်း ရှိတော့ရှိတယ်။ ဒါပေမယ့် စက်ပစ္စည်း ကသာ လုပ်နိုင်မယ်ဆိုရင်တော့ လုပ်သားလိုအပ်ချက်က အရမ်းကြီး မရှိတော့တဲ့အတွက် Production က တိုးလာ နိုင်တဲ့အနေအထားရှိတယ်။ ပိုပြီး မြန်ဆန်လာနိုင်တဲ့အနေအထားရှိတယ်” ဟု ပြောသည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်း၌ လယ်ယာလုပ်ငန်းခွင်များအား စွန့်ခွာကာ ပြည်ပထွက်ခွာခြင်းနှင့် ဝင်ငွေပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင်များ ပြောင်းလဲလုပ်ကိုင်ကြခြင်းတို့မှာ ပို၍ များပြားလာကြောင်း သိရသည်။
မြန်မာ့စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာအပြင် အချို့ဒေသများ၌ နယ်မြေမတည်ငြိမ်မှုများကြောင့် စိုက်ပျိုးရေး မလုပ်ကိုင်နိုင်ခြင်းတို့ပါ ကြုံတွေ့နေရကာ ပြီးခဲ့သည့်နှစ်တွင် စပါးအထွက်နှုန်း နည်းပါးမှုကြောင့် လက်ရှိတွင် ဆန်ဈေးနှုန်းကြီးမြင့်မှုဖြင့် ပြည်သူများ တွေ့ကြုံခံစားနေကြရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 486
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
ပြည်တွင်းရွှေဈေးနှုန်းသည် တဖြည်းဖြည်း ကျဆင်းလာနေပြီး ယခု စက်တင်ဘာလ ဒုတိယပတ်တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၂ သိန်းခန့်အထိ ကျဆင်းသွားခြင်းကြောင့် ဝယ်ယူမှုထက် လာရောက် ရောင်းချမှု များပြားနေသည်ဟု ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။
ဘာ ၄ ဘာဟု ဆိုသည့် စက်တင်ဘာလမှစတင်၍ ဒီဇင်ဘာလအထိသည် ကမ္ဘာတစ်ဝှမ်း ရွှေဈေးနှုန်းများ ကျဆင်း သည့် ကာလဖြစ်ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျဆင်းလာခြင်းဖြစ်ကြောင်း ၊ ထပ်မံ၍လည်း ရွှေဈေး နှုန်းသည် အကျပိုင်းသို့ ဦးတည်သွားနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရောင်းပြန်များလာတယ်ဗျ။ အရင်တုန်းက တက်တယ်ဆိုတဲ့သူတွေက လုဝယ်ကြတာ။ အခု ကျမယ်ဆို တော့ အကုန်လုံး စုပြုံ ရောင်းလာကြတယ်။ ရန်ကုန်မှာ ရွှေအိုင်နေတယ်ပေါ့။ အဝယ်မရှိဘူး အရောင်းတွေပဲ လာနေတယ်။ နှစ်စဉ်က ဘာလေးဘာပေါ့၊ ဒီဇင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ ဒီ ၄ လက ကျနော်တို့ ရွှေဈေးကျ တဲ့ ရာသီပဲလေ။ အားလုံးက ဒီဇင်ဘာမှာ လချုပ် ချုပ်တာကိုး။ နှစ်ချုပ်တွေ ချုပ်ကြတာ။ နှစ်ချုပ်တွေ ချုပ်ကြတဲ့ အခါကျတော့ အရောင်းအဝယ်တွေ လျှော့သွားကြပြီးတော့ ရောင်းစရာရှိတဲ့သူတွေက အကုန်လုံး ထုတ်ရောင်းကြ တာပေါ့။ ဒါတစ်ကမ္ဘာလုံး ထုံးစံပေါ့၊ ကမ္ဘာ့ရွှေဈေးကျတာလည်း အဲဒါကြောင့် ကျတာ။ ရွှေအိုင်နေတယ်ဗျာ ရန်ကုန် မှာ။ ဈေးက အရောင်းများတယ်၊ အဝယ်နည်းတယ်၊ ဒါကြောင့်မို့လို့ ဈေးက အကျပိုင်းကိုပဲ သွားမှာပါပဲ” ဟု ပြော သည်။
လက်ရှိ ပြည်တွင်းရွှေဈေးနှုန်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား လျှင် ၃၇ သိန်း ၆ သောင်းကျပ် ရှိရာမှ စက်တင်ဘာလ ၆ ရက်နေ့တွင် ၃၆ သိန်း ၆ သောင်းကျပ်သို့ ကျင်းသွားခဲ့ သည်ကို တွေ့ရှိရသည်။
ရွှေထည်များကို တွေ့ရစဉ်
ထို့နောက် ယနေ့(စက်တင်ဘာ ၈ ရက်နေ့)ဈေးနှုန်းများအရ ၃၄ သိန်း ၅ သောင်းကျပ် ဖြစ်ကြောင်း သိရသည်။
ရွှေဈေးနှုန်းသည် ပြီးခဲ့သည့်လတွင် တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၄၀ ခန့် ရှိရာမှ လက်ရှိတွင် ၃၄ သိန်းကျော် သာ ရှိတော့ခြင်းကြောင့် အကျကြမ်းသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း၊ ဆက်လက်၍ တစ်ကျပ်သားလျှင် ၃၃ အထိ ကျဆင်းနိုင်ခြေရှိနေကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အခုလက်ရှိကတော့ ဘယ်လောက်ထိ ကျနိုင်မလဲဆိုတော့ လောလောဆယ်တော့ ၃၆ အောက်အထိကို ရောက်သွားပြီဖြစ်တဲ့အတွက် အများဆုံး ၃၃ နီးပါးလောက်အထိ သွားနိုင်သေးတယ်။ ၃၃ အောက်ကတော့ ရောက် နိုင်ခြေကတော့ နည်းသွားပါပြီ။ တကယ်လို့ ရောက်သွားရင်တော့ ကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ ဟိုး ၄၀ ဝန်းကျင်ကနေ ဒီလောက်ထိ ကျဖို့က မလွယ်ဘူး။ ဒါပေမယ့် တစ်ခုရှိတာက အဲဒီဝန်းကျင်လောက် သွားတာက အကျကြမ်းရင် ကျနော်တို့က ရွှေဆိုင်တွေက ဘယ်လောက်အထိ ရောင်းပေးနိုင်မှာမို့လို့တုန်း၊ ဘယ်လောက်ထိ ပြန်ဝယ်နိုင်မှာမို့လို့လဲ၊ သူတို့မှာလည်း အကန့်အသတ်ဆိုတာ ရှိတယ်လေ။ ဝယ်ရောင်းသမားကလည်း ပြန်ဝယ်ရင် ဝယ်မှာ။ အစ်ကိုတို့ တော်ရုံတန်ရုံလူတောင် ၃၅ လောက်ဆို ဝယ်ရင်ဝယ်မှာ။ မနေ့ကဆို အရောင်းသမားတွေ များ တာတောင်မှ တချို့ ဝယ်တဲ့သူတွေလည်း ရှိတယ်။ လောလောဆယ် အရောင်းများနေတာ။ ဒါပေမယ့် အခုလက်ရှိ မှာ ဘာဖြစ်နေလဲဆိုတော့ အကျရော၊ အတက်ရော လှော်တဲ့သူတွေ ရှိတယ်။ တက်ပြီဟေ့၊ ကျပြီဟေ့ဆိုရင် ကျနော်တို့က လှော်တာတော့ မကြိုက်ဘူး။ သူ့ဟာသူ ဖြစ်သင့်တဲ့ ဈေးတန်းလေးကို ပုံမှန်လေး သွားနေတာတော့ ပိုအဆင်ပြေတယ်” ဟု ပြောသည်။
ရွှေထည်များကို တွေ့ရစဉ်
ရွှေဈေးနှုန်း ပြန်လည်ကျဆင်းခြင်းသည် ကောင်းမွန်သော်လည်း ရွှေဈေးနှုန်း ကျဆင်းခြင်းကို အခွင့်ကောင်းယူ၍ ဈေးနှုန်းကစားရန် စောင့်ဆိုင်းနေသည့် ရွှေကုန်သည်နှင့် ရွှေလုပ်ငန်းရှင်များ ရှိနေခြင်းကြောင့် ဈေးနှုန်းများ ထပ်မံ မြင့်တက်သွားမည်ကို ထိန်းညှိရန် လိုအပ်ကြောင်း ရွှေဈေးကွက် လေ့လာသူများက ပြောသည်။
ရွှေဈေးနှုန်း အတက်မြန်ခြင်းနှင့် အကျမြန်ခြင်းသည် ဈေးကွက်အတွင်းရှိ ရောင်းသူဝယ်သူများအတွက် အခက် တွေ့နေရကြောင်း၊ ရွှေဈေးနှုန်းကို အကြောင်းပြု၍ တခြားသော ကုန်ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်နေ မှုများ ရှိခြင်းကြောင့် သတိထားပြီး ရောင်းဝယ်ကြရန် လိုအပ်သည်ဟု ရွှေဈေးကွက် လေ့လာသူများက ထောက်ပြ ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 482
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
ကုန်သည်များနှင့် ဝန်ထမ်းများ မှန်မှန်ကန်ကန် လုပ်ကိုင်ပါက မြန်မာ့စီးပွားရေးတွင် ဗဟိုချုပ်ကိုင်မှု ကြီးထွားနေ ခြင်းအား လျှော့ချလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်များက ပြောသည်။
လက်ရှိ မြန်မာ့စီးပွားရေး ဈေးကွက်သည် ဈေးကွက် စီးပွားရေးကနေ ဗဟိုချုပ်ကိုင်မှုသို့ ပြောင်းလဲသွားခြင်း ကြောင့် အခက်အခဲများ ကြုံတွေ့နေရသည်။
ထို့နောက် ပို့ကုန်သွင်းကုန် မူဝါဒဆိုင်ရာ ကန့်သတ်ချက်များ၊ ပြည်တွင်းရှိ အရောင်းအဝယ် ပိုင်းဆိုင်ရာတွင် ထိန်းချုပ်နေမှုများ ရှိလာ၍ ကုန်စည် စီးဆင်းမှု ကျပ်တည်းလာသလို ကုန်ဈေးနှုန်းများလည်း ကြီးမြင့်လာသည့် ဒဏ်ကို လူထုက ကြုံတွေ့နေရသည်။
ကုန်သည်များက အကြံအဖန် လုပ်ဆောင်ခြင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက မှန်ကန်စွာ လုပ်ဆောင်မှု မရှိပါက ဈေးကွက်စီးပွားရေးစနစ် အားလျော့လာနိုင်ပြီး ဗဟိုချုပ်ကိုင်မှုစနစ် ပို၍ အားကောင်းလာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ကုန်စိမ်များကို တွေ့ရစဉ်
၎င်းက “ဗဟိုချုပ်ကိုင်မှုစနစ်ကတော့ တိုင်းပြည်ရဲ့ အနေအထားနဲ့ တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး တော့မှ ဗဟိုချုပ်ကိုင်မှုစနစ်က အားကောင်းလာသလား၊ လျော့သွားသလား၊ လျှော့ပေးသင့်၊ လျှော့ပေးဖို့ ဖြစ်လာ သလားဆိုတာ မူတည်တာပေါ့နော်။ ကျနော်တို့ ဒီလိုပဲ ကုန်သည်တွေက အကြံအဖန် လုပ်နေပြီးတော့ အဲဒီလိုပဲ လုပ်နေရင်တော့ ဈေးကွက်စီးပွားရေးစနစ်ကို မောင်းနှင်ဖို့ တော်တော် အခက်အခဲ ရှိသွားမှာပေါ့နော်။ အဲဒီအခါကျ ရင်တော့ ဗဟိုချုပ်ကိုင်မှုကတော့ ပြန်ပြီးတော့ အားကောင်းလာတာ ဖြစ်လာမှာပေါ့နော်။ ဗဟိုချုပ်ကိုင်မှု အား လျော့ စေချင်ရင် ကိုယ့်ဘက်ကလူတွေလည်း မှန်မှန်ကန်ကန်လုပ်၊ ဝန်ထမ်းဘက်ကလည်း ကျနော်တို့က တိတိ ကျကျလေး အကောင်အထည် ဖော်ပေးနိုင်တယ်ဆိုရင် ဒါကတော့ ဗဟိုချုပ်ကိုင်မှု အားလျော့သွားမယ့် အနေ အထားမှာတော့ မြင်ပါတယ်” ဟု ပြောသည်။
ဈေးကွက်စီးပွားရေးစနစ်ကို ထောက်ခံသူများက ဈေးနှုန်းကန့်သတ်ခြင်း၊ လိုင်စင်ခွဲဝေ ချထားခြင်းနှင့် လုပ်ငန်း များအပေါ် အစိုးရ၏ ဝင်ရောက်စွက်ဖက်အပေါ် မလိုလားကြကြောင်း သိရသည်။
သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို အစိုးရ၏ စွက်ဖက်မှုတချို့နှင့် ရောနှော ထားသည်ကို တွေ့ရသည်။
အခြေခံ လူတန်းစားများကို တွေ့ရစဉ်
ပြည်တွင်းလုပ်ငန်းများအပေါ် အစိုးရ၏ ကြားဝင်စွက်ဖက်မှုတို့သည် စီးပွားရေးညံ့ဖျင်းမှုများဆီသို့ ဦးတည်သွားပြီး လူထုကို ကျပ်တည်းစေလိမ့်မည်ဟု ဈေးကွက်အကြံပေးများနှင့် လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက “တခါတလေကျရင်တော့ ကြိုးနီစနစ်ပေါ့၊ ဗဟိုဦးစီးချုပ်ကိုင်တဲ့စနစ်က အစ်ကိုတို့ကိုယ်တိုင်လည်း မကြိုက်ဘူး။ လူကြီးတစ်ယောက်ဖြစ်နေမှ၊ လူကြီးတစ်ယောက် ပြောလို့ရမှ လုပ်လို့ ရမယ်ဆိုတဲ့ စနစ်မျိုး အစ်ကိုတို့လည်း မကြိုက်ဘူး။ ဒီလိုစနစ်ကို မကြိုက်လို့ ဒီမိုကရေစီစနစ်ကို တွန်းအားပေးခဲ့ တာပေါ့လေ။ ဒီမိုကရေစီ ဖြစ်အောင်လို့လည်း အားလုံးဖော်ဆောင်တာပေါ့ ကြိုးနီစနစ်ကို မကြိုက်လို့။ ဒါပေမယ့် ခက်တာကလည်း အစ်ကိုတို့နိုင်ငံက လူတွေရဲ့ အသိက လူကြီးမသိရင် ဘာမှမလုပ်ရဲဘူး။ တခါတလေ တချို့အရာ တွေက လူကြီးတွေက ငါ့ကိုသိအောင်ပြောပြီးမှ လုပ်ရမယ့်လို့တော့ မှာတာတော့ မဟုတ်ပေမယ့် ကိုယ်ကိုယ်တိုင် တာဝန်ခံ မလုပ်ပေးနိုင်တဲ့ တချို့ အလယ်အလတ်အဆင့် အရာရှိတွေရဲ့ အခြေအနေကြောင့်မို့လို့ မကြန့်ကြာသင့် ဘဲ ကြန့်ကြာနေတာမျိုးတွေ ဖြစ်တာပေါ့။ ခွင့်ပြုပေးလိုက်ရင် ရပါလျက်နဲ့ သိသွားလို့ရှိရင် လူကြီးက ငါ့ကိုပြော မလား မသိဘူးဆိုပြီးတော့ တစ်ခုခုဖြစ်သွားမလား အဲဒီတော့ လူကြီးလာတဲ့အထိစောင့်၊ လူကြီး နိုင်ငံခြားခရီး သွာ ရင် ခရီးကပြန်လာတဲ့အထိစောင့်၊ လူကြီးတရားစခန်းဝင်ရင် တရားစခန်းက ပြန်လာတဲ့အထိစောင့်၊ ဒီလို အခြေ အနေမျိုးတွေက တကယ်ကို ဖြစ်နေတဲ့ အခြေအနေ။ အဲဒီတော့ အဲဒီလို အခြေအနေမျိုးတွေ အတွက်ကတော့ တစ်ယောက်ချင်းစီနဲ့ ဆိုင်တာပေါ့။ လူကြီးကတော့ ငါ့မသိဘဲ လုပ်ပါ၊ ငါ့မပြောဘဲနဲ့ လုပ်ပါ မမှာဘူး။ သို့သော် ကိုယ့်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ အဂတိမှုကင်းကင်းနဲ့ လုပ်မယ်ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေစဉ်
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီးပွားရေးကို ဗဟိုချုပ်ကိုင်မှု တဖြေးဖြေခြင်း လျှော့ချသွားရမည် ဟု ပြောကြားထားသည်။
ဈေးကွက်လိုအပ်ချက်အရ ဆန်၊ စက်သုံးဆီ၊ စားသုံးဆီကဲ့သို့သော အရေးကြီး ကုန်စည်များကို ထိန်းချုပ်မှု မပြုဘဲ ခွင့်ပြုထားရန် လိုအပ်ကြောင်း၊ တည်ငြိမ်မှုရှိရန်လိုအပ်သော ကဏ္ဍတချို့ကိုသာ အစိုးရက ဝင်ရောက်စွက်ဖက်မှု ပြုလုပ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ထို့နောက် ဆန်နှင့် စားသုံးဆီသည် ပြည်တွင်းတွင် ထုတ်လုပ်နိုင်သည့်အတွက် ဈေးနှုန်း မြင့်မားမှု မဖြစ်စေရန် ဆန်နှင့်ဆီကို ပိုမိုထုတ်လုပ်နိုင်ရန် အစိုးရမှ ဆန်စပါးနှင့် ဆီထွက်သီးနှံကဏ္ဍ၌ ပို၍ ထောက်ပံ့မှု ပြုလုပ်ပေးရန် လိုအပ်ကြောင်း ထောက်ပြကြသည်။
လက်ရှိ မြန်မာ့စီးပွားရေး ဈေးကွက်တွင် ကုန်သွယ်ရေးလုပ်ငန်းများနှင့် Export/Inport များ၌ ပါမစ် ရရှိရန် ခက်ခဲနေသလို ပြည်ပမှ ကုန်စည်များ တင်သွင်းရမှုများလည်း ခက်ခဲနေကြောင်း၊ ထိုသို့ တရားဝင် ကုန်သွယ်မှုများ ခက်ခဲနေသည့်တိုင် တရားမဝင် ကုန်သွယ်မှုများမှာလည်း ပိတ်ထားကြောင်း ကုန်သည်များနှင့် စီးပွားရေး လုပ်ငန်း ရှင်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 510
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
မြန်မာနိုင်ငံတွင် ၂ နှစ်အတွင်း လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက် ၁၀၀ ကျော်အထိ များပြား လာခြင်းသည် စီးပွားရေးအဖြစ် လုပ်ကိုင်ရန် ကောင်းမွန်မှုနှင့် ပြည်ပထွက်ခွာမည့် လူဦးရေနှုန်းထား များပြားမှု တို့ကြောင့်ဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက သုံးသပ်ကြသည်။
ယခင်က လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက်သည် ၂၀၂၁ ခုနှစ်အထိ ၃၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ၄၀၀ ကျော်အထိ တိုးပွားလာခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အေဂျင်စီများ လိုင်စင်လျှောက်ထားရာတွင် သတ်မှတ်ချက်နှင့်ညီပါက လိုင်စင်ချပေးခြင်းဖြစ်သော်လည်း ယခုကဲ့သို့ အေဂျင်စီအရေအတွက် ဖောင်းပွလာခြင်းနှင့်အမျှ မသမာသည့် ကိစ္စရပ်များလည်း ပေါများလာနိုင်သဖြင့် သေချာကြပ်မတ်ရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ခြုံပြီးတော့ ရပ်ကွက်စကားနဲ့ပြောရင်တော့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်တာက ပိုက်ဆံရှာရ လွယ်တာရယ်၊ တစ်စုံတစ်ရာဖြစ်လာလို့ရှိရင် သက်ဆိုင်ရာဌာနက အဂတိ မကင်းဘူးလေ။ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီက ပိုပိုများလာတယ်ဆိုတဲ့နေရာမှာ များလာတဲ့သူတွေက အ.လ.ည နဲ့ ဆက်နွယ်နေတဲ့သူတွေ အေးဂျင့်တွေ လုပ်ကြတာရှိတယ်။ နောက်ပြီးတော့ ရဲကနေပြီးတော့မှ ထွက်လာတာတွေ၊ နောက်ရဲဌာန အသိုင်း အဝိုင်းထဲကတွေ၊ စစ်တပ်နဲ့ဆက်နွယ်နေတဲ့သူတွေ ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေပေါ့။ ဒီလိုဟာတွေနဲ့ ဆက်နွယ်တာ တွေရှိပြီးတော့ လုပ်ကြတာပေါ့။ အဲဒီလိုလုပ်ရင် ဘာအကျိုးရှိလာလဲဆိုတော့ သာမန်အရပ်သားတစ်ယောက် ထက်ကို သူတို့က လုပ်ပိုင်ခွင့်ပိုရှိတယ်။ ဒီအေဂျင်စီ အပိတ်ခံရရင်တော့ ဒီလူရဲ့ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်နဲ့ တော့ နောက်အေဂျင်စီတစ်ခု သွားလျှောက်လို့မရဘူး။ ဒီကုမ္ပဏီ အပိတ်ခံရရင် နောက်ကုမ္ပဏီတစ်ခု ဖွင့်ခြင်း ဟာလည်း နောက်လူတစ်ယောက်ပဲ ဖြစ်တယ်။ ဒါပေမယ့် ဆက်စပ်မှုတွေက ဘာရှိလဲဆိုတော့ ဒီအပိတ်ခံရတဲ့ အေဂျင်စီက Deposit တွေ ဘာတွေ တင်ရမယ်ဆိုလဲ သူတို့အနေနဲ့ စိုက်ထုတ်ပေးတာတွေ တွေ့ရတယ်။ ဒါကို ဝန်ကြီးဌာနက သိရင်တောင်မှ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်တဲ့အတွက် လိုင်စင်ကို ချပေးတာပဲ။ ဒီနေရာမှာ အပိတ်ခံရတဲ့အေဂျင်စီတွေကို ထိရောက်စွာအရေးမယူနိုင်တဲ့အချက်က အင်မတန် အက္ခရာကျတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် စည်းကမ်းမလိုက်နာ၍ လိုင်စင်ပိတ်သိမ်းခံရသည့် အေဂျင်စီများအနေဖြင့် အခြားလုပ်ငန်းရှင် အမည် ပြောင်းလဲကာ အေဂျင်စီအသစ် ပြန်လည်လျှောက်ထားပြီး လိုင်စင်ရကြကြောင်းလည်း သိရသည်။
နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေသူများ
အလုပ်သမားဝန်ကြီးဌာနသို့ ပြည်ပအလုပ်အကိုင်အေဂျင်စီများ လိုင်စင်လျှောက်ထားရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီလျှင် လိုင်စင်ချပေးခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြည်ပအလုပ်အကိုင်အေဂျင်စီများပြားလာခြင်းသည် ပြည် ပ ထွက်ခွာသည့် လူဦးရေ များပြားလာခြင်းကြောင့်ဟု မပြောနိုင်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ မလေးရှားလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် ဦးဇော်မင်းမင်းက CNI သတင်းဌာနသို့ ပြောသည်။
“တင်တိုင်းလည်း လျှောက်တိုင်းလည်းရတာမဟုတ်ဘူး။ တချို့ဆို ၃၊ ၄၊ ၅ လ ၆ လအထိ မရတဲ့သူတွေ ဘာဖြစ်လို့ လဲဆိုတော့ မပြည့်စုံလို့။ ယခင် ယခင် ထွက်ခဲ့တာနဲ့ယှဉ်ရင် အခုက များတယ်လို့ ပြောလို့မရဘူး။ ဘာလို့လဲ ဟိုဘက်တွေမှာလည်း နိုင်ငံတိုင်းစီးပွားကျနေတယ်။ လုပ်သားဝင်ရောက်မှုနှုန်း စင်ကာပူပဲကြည့်ကြည့်၊ မလေးရှားပဲကြည့်ကြည့်၊ ထိုင်းပဲကြည့်ကြည့် အကုန်လုံးလုပ်သားခေါ်ယူမှု ကိန်းဂဏန်းကြည့်ရင် ယခင်ထက် အများကြီးလျော့နည်းနေတာ တွေ့ရတယ်။ များတယ်လို့ ပြောလို့မရဘူး။ သွားချင်တဲ့လူသွားတာ မှန်ပေမယ့် တကယ့် official လမ်းကြောင်းကထွက်ထားတဲ့ OWIC ရုံးတို့ ဘာတို့ ဆက်ကြည့် ကိန်းဂဏန်းအရ အရင်ထက် ယှဉ်ရင် အများကြီးကျနေတယ်။ ဟိုဘက်မှာ အလုပ်တွေမရှိဘူး။ အလုပ်တွေမကောင်းဘူး” ဟု ၎င်းက ပြောသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အများအပြားအား လိုင်စင်ချပေးခြင်း အစား ပြည်ပထွက်ခွာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အရေးနှင့်ပတ်သက်၍ ဦးစားပေး ဆောင်ရွက်သင့် ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ထောက်ပြ ပြောဆိုကြသည်။
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “ကျနော်တို့က ပို့တဲ့နိုင်ငံဆိုတဲ့အခါ ကြတော့ အေဂျင်စီတွေကိုပဲ ဗဟိုပြုပြီးတော့မှ လူတွေကို ပို့တဲ့ပုံစံ မဟုတ်ဘဲနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာလည်း စနစ်တကျလုပ်ဆောင်ဖို့ အရေးကြီးတယ်။ နောက် အေဂျင်စီ တစ်ခု တည်းကို အရေးယူတာမျိုးမဟုတ်ဘဲနဲ့ ခံရတဲ့သူတွေရဲ့ နစ်နာကြေးတွေ၊ ခံရတဲ့သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ ခံရတဲ့သူတွေရဲ့ ဘဝတွေကို ပြန်လည်စဉ်းစားဖို့လိုတယ်။ သူတို့ကို ပြန်ပြီးတော့ ကူညီဆောင်ရွက် ပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါက တရားဝင် လူတွေကို ရောင်းစားတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်တယ်။ အဲဒီအေဂျင်စီတွေကလည်း နားလည်ဖို့လိုတဲ့ဟာတွေက အလုပ်သမားတွေက ဘယ်နိုင်ငံပဲ ထွက်ထွက် သူတို့မှာ ဘဝနဲ့ရင်းပြီးမှ လာရတဲ့လူတွေ ဖြစ်တယ်။ တချို့တွေဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှု တွေကို အိမ်တွေ လယ်တွေ ရောင်းပြီးမှ လာရတဲ့လူတွေလည်းရှိတယ်” ဟု ပြောသည်။
အမည်ခံ အေဂျင်စီနှင့် မမှန်မကန် လုပ်ဆောင်နေသည့် အေဂျင်စီများကို တားဆီးကာကွယ်ရေးအတွက် အမှန် တကယ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်သည့် အေဂျင်စီများသာ လိုင်စင်လျှောက်ထားနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိ ကြောင်း ဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့ဖူးသည်။
ထို့အပြင် လိုင်စင်လျှောက်ထားနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည့်အထဲ၌ ပြည်ပနိုင်ငံများတွင် မိမိတို့ စေလွှတ် လိုက်သည့် အလုပ်သမားများ အကြောင်းကိစ္စ ပေါ်ပေါက်လာပါက အေဂျင်စီအနေဖြင့် အပြည့်အဝ ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးလည်း ပါဝင်ကြောင်း ၎င်းက ဩဂုတ် ၂ ရက်နေ့က အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
- By cni
- Category: စီးပွားရေး
- Hits: 457
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆
မလေးရှားဘက်ရှိ တရားမဝင်အေဂျင်စီများမှ အလုပ်ခေါ်စာအတုများကို လိမ်လည်ရောင်းချမှုများ ရှိလာသည့် အတွက် ပြည်တွင်းမှ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ်များအနေဖြင့် အထူးသတိထားကြရန် လိုအပ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ CNI သတင်းဌာနသို့ ပြောသည်။
လိုင်စင်ရအေဂျင်စီများမှ တင်ပြလာသည့် Demand Letter ၌ KSM Approval ပါ လူဦးရေမှာ များပြားလွန်းသဖြင့် မလေးရှားမှ တာဝန်ရှိသူတစ်ဦးအား စုံစမ်းခိုင်းရာတွင် အတုဖြစ်နေကြောင်း၊ မလေးရှားရှိ တရားမဝင်အေဂျင်စီ ပွဲစားများက Quota (ခွဲတမ်း)အတုများ ပြုလုပ်ပြီး မြန်မာ၊အင်ဒိုနီးရှား၊ဘင်္ဂလားဒေရှ် အေဂျင်စီများထံ Demand လိမ်ရောင်းစားနေကြောင်း Safe Migration က ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အလိမ်ခံရသည့် လိုင်စင်ရ အေဂျင်စီများတွင် အေဂျင်စီအသစ်များကိုသာ တွေ့ရကြောင်း MOEAF မှ မလေးရှားလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဇော်မင်းမင်းက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု
“သူက လူလူချင်း ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ အလိမ်ခံနေရတာ အခုဖြစ်နေတဲ့ ပြဿနာတွေက။ ကျနော် တို့ဘက်မှာ တရားဝင်အေဂျင်စီရှိတယ်။ သူတို့ဘက်မှ တရားဝင်အေဂျင်စီရှိတယ်။ အဲဒီကိုသွားပြီးတော့ လူ ကိုယ်တိုင်သော်လည်းကောင်း သူတို့ရဲ့ permanent address တွေ email တွေ တယ်လီဖုန်းတွေက ဆက်သွယ်ပြီး အလိမ်ခံရတယ်လို့တော့ တစ်ယောက်မှ မတွေ့သေးဘူး။ အလုပ်ခေါ်စာရှာတဲ့လူတွေပေါ့လေ အဓိကကတော့။ သက်ဆိုင်ရာအေဂျင်စီက တာဝန်ပေးထားတဲ့ အလုပ်ခေါ်စာရှာတဲ့လူတွေရဲ့ ပေါ့ဆမှုလို့ပဲ ပြောလို့ရမယ်။ တရားဝင် လိုင်စင် C holder တွေရှိတယ် သူတို့မှာ။ ပြည်ပလုပ်သားခေါ်ယူခွင့်ရှိတဲ့ အေဂျင်စီတွေ ရှိတယ်။ အဲဒီဟာတွေနဲ့ သာ ချိတ်ဆက်လုပ်။ အလုပ်ရှင်ကို တိုက်ရိုက်ချိတ်ဆက်လုပ် အဲဒီနှစ်ခုကသာ အာမခံချက်ရှိတာ။ ဒီ immigration website တွေထဲ ဝင်စစ်လို့လည်း ရပါတယ်။ နောက်တစ်ခုက ငွေသွင်းထား၊ မသွင်းထားတို့။ သံအရာရှိတွေ ဆိုလည်း ဒီလိုပဲ စစ်ဆေးတာပဲဟာ။ သူတို့ပြောတဲ့ KDN, KSM အတုလုပ်တယ်ဆိုတာက ကွန်ပျူတာ generated paper ကို အတုလုပ်ပြီးပြတယ်။ ဒါမှမဟုတ် signature ထိုးပြီးသားဟာကို Photoshop နဲ့ပြတယ်။ ဒါအရမ်း သာမန် ကွန်ပျူတာကိုင်တောင် လုပ်လို့ရတဲ့ ပုံပဲ။ ပေါပေါပဲပဲ လိမ်သွားတဲ့ဟာမျိုး” ဟု ၎င်းက ပြောသည်။
အလိမ်ခံရသူများထဲတွင် ၁၉၉၉ ဥပဒေပြဋ္ဌာန်း လိုင်စင်ရ ပထမဆုံးအေဂျင်စီများ၊ လုပ်သက် ၁၀ နှစ် အထက်ရှိသည့် အေဂျင်စီများ မပါဝင်ဘဲ ယခုမှ အသစ်ရထားသူများသာဖြစ်ကာ လုပ်ငန်းသဘောသဘာဝအား နားမလည်မှု မကျွမ်းကျင်မှုများကြောင့်ဟု ဦးဇော်မင်းမင်းက ဆက်ပြောသည်။
ထိုအခြေအနေများကြောင့် အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာရပါက ခေါ်ယူမည့်အလုပ်ရှင်ထံ တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်ပါက အကောင်းဆုံးဖြစ်ကြောင်းလည်း အကြံပြုကြသည်။
MOEAF ဆိုင်းဘုတ်
လုပ်သားစျေးကွက်အပေါ်မူတည်ကာ အမြတ်ထုတ် လိမ်စားသူများသည် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှာ ပါ ရှိလာပြီဖြစ်သောကြောင့် အေဂျင်စီများအနေဖြင့် သတိထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း Safe Migration က သတိပေးထားသည်။
ပြည်ပအေဂျင်စီပွဲစားထံတွင် အလိမ်ခံရသည့် မြန်မာအေဂျင်စီများအနေဖြင့် အလုပ်သမားများထံမှ ဝန်ဆောင်ခ ကြိုတင်ကောက်ယူထားပြီးသော်လည်း ပြန်လည်ပေးဆောင်ခြင်းမရှိသဖြင့် တိုင်ကြားခံရပါက လိုင်စင်ပိတ်ခံရ မည်ဖြစ်ကြောင်း၊ အပြစ်နှင့် ပိတ်ခံရသောအေဂျင်စီအနေဖြင့် အပ်ထားသည့် ငွေများလည်း ဆုံးရှုံးနိုင်ကြောင်း Safe Migration က ထုတ်ပြန်ထားသည်။
မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က “calling ခေါ်စာတွေ ရမယ်ဆိုပြီး တော့ ငွေတွေကို သူတို့က ကြိုတင်ယူပြီးတော့မှ calling ခေါ်စာတွေ ပိတ်သွားတယ်တို့ အဲဒီလိုမျိုးလုပ်လိုက်တဲ့ အတွက် ပိုက်ဆံတွေ ဒီဘက်မှာ နည်းနည်းလေး jam ဖြစ်သွားတယ်ပေါ့။ ပိုက်ဆံတွေ ဒီဘက်မှာ လွန်ထားတဲ့ အတွက် ၃ ပုံ ၂ ပုံလောက်ပြန်ရတယ် ၁ ပုံလောက် ပြန်မရဘူး ကျနော်တို့ ကြားသိတာတော့။ အေဂျင်စီ တော်တော် များများ ထိထားတာ ကျနော်ကြားတယ်။ အေဂျင်စီတွေအနေနဲ့ကတော့ အများစုတွေ့ရတာကတော့ သူတို့ Blacklist ဖြစ်ရင် ဖြစ်ပလေ့စေ အလုပ်သမား တွေ ပိုက်ဆံကို ပြန်မပေးတာ များတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အေဂျင်စီအသစ်တွေလေ။ အခုမှအသစ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ ကျောထောက်နောက်ခံ မရှိတဲ့ အတွက် ဒီပိုက်ဆံကို ပြန်လျော်မှာ မဟုတ်ဘူး။ သူတို့ကုမ္ပဏီပဲ Blacklist အထိခံပြီးတော့ပဲ ဒီကလေးတွေရဲ့ ပိုက်ဆံကို ယူသွားမှာ။ အများစုကတော့ ဒီလိုပဲဖြေရှင်းသွားဖို့ ကျနော်တွေ့နေတာပေါ့ လက်ရှိ” ဟု ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံဘက်၌ စီးပွားရေးကျဆင်းနေသည့်အတွက် မြန်မာလုပ်သားများသာမက အခြား နိုင်ငံများမှ လုပ်သားခေါ်ယူခြင်းများမှာလည်း နည်းပါးလျက်ရှိကြောင်း၊ လုပ်သားခေါ်ယူရာတွင်လည်း လူဦးရေ အနည်းငယ်သာ ခေါ်ယူကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ သိရသည်။