
- By CNI
- Category: စီးပွားရေး
- Hits: 967
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇
မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်အား ဖော်ဆောင်ရန် ဆောင်ရွက်နေခြင်း ကြောင့် တောင်သူများအတွက် အမှန်တကယ် အကာအကွယ် ဖြစ်စေနိုင်သည့် အာမခံစနစ်ဖြစ်နိုင်/မဖြစ်နိုင်ကို သေချာ ဆောင်ရွက်ပေးစေလိုကြောင်း တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ သီးနှံအာမခံစနစ်သည် မိုးရေချိန်ကို အခြေခံသည့် အာမခံစနစ် ရာသီဥတု ညွှန်းကိန်းကို အခြေပြုသော Weather Index Insurance ဖြစ်သဖြင့် အကာအကွယ် မဖြစ်နိုင်ကြောင်း တောင်သူများက ထောက်ပြကြသည်။
ရာသီဥတု ပြောင်းလဲမှုများကြောင့် ဆုံးရှုံးမှုများအပေါ် အာမခံစနစ်ဖြင့် စနစ်တကျ စီမံခန့်ခွဲ ကာကွယ်ဆောင်ရွက် နိုင်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ပြီး အစိုးရ-ပုဂ္ဂလိက ပူး ပေါင်းပါဝင်သော Task Force အဖွဲ့ ဖွဲ့စည်း၍ သီးနှံအာမခံစနစ် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် နှစ်စဉ် မိုးရေချိန် လက်မသည် ကွာဟချက် သိပ်မရှိသည့်အတွက် လက်ရှိ ဖော်ဆောင်မည့် သီးနှံ အာမခံစနစ်၌ တစ်နှစ်တာ မိုးရေချိန် လက်မအပေါ် အခြေခံမည်ဆိုပါက တောင်သူများအတွက် အဆင်ပြေမည် မဟုတ်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“ဥပမာ ဒီနှစ်မိုး ဆိုပါတော့ သူက ၈၀ ကို ပျမ်းမျှ မိုးလေးလမှာ တစ်လကို ၂၀ ဆီ ရွာသွားရင်တော့ ကိစ္စမရှိဘူး။ ဒါပေမယ့် မိုးရေချိန်က ဇူလိုင်လမှာ မိုးရေချိန် လက်မ ၄၀ ရွာလိုက်မယ်။ ကျန်တဲ့လတွေမှာ ၁၀ ဆီပဲ ရွာမယ်ဆိုရင် အဲဒီတစ်ခါတည်းရွာတဲ့ရက်မှာ မိုးရေချိန်လက်မကတော့ နှစ်ပတ်လည်မှာ ၉၀ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တစ်လ ထဲမှာ မိုးရေကပြုံပြီးတော့ မိုးရေချိန် လက်မအများကြီး ရွာချလိုက်ရင် အဲဒါရေမြုပ်ပျက်စီးသွားမှာပဲ။ အဲဒီလို ဖြစ်တဲ့အတွက် မိုးရေချိန်နဲ့တိုင်းတာရင် တစ်နှစ်ပတ်လည်ရွာတဲ့ မိုးရေချိန်က တစ်နှစ်နဲ့တစ်နှစ် မိုးရေချိန် ဆိုးဆိုး ရွားရွားကွာခြားချက်ဆိုတာတော့ မရှိသလောက်ပဲလို့ သူကွာရင် ၁၀ ပဲ။ နည်းနည်းပိုရင်ပိုမယ်၊ လျော့ရင် လျော့ မယ်။ ဒါပေမယ့် ရွာတဲ့မိုးရေချိန်က ရက်တိုတိုအတွင်းမှာ မိုးရေချိန်လက်မ အများကြီး ရွာလိုက်ပြီးတော့ ကျန်တဲ့ အချိန်တွေမှာ မိုးပါးနေမယ်ဆိုရင် တစ်နှစ်ပတ်လည် မိုးရေချိန်လက်မကတော့တူတယ်။ ဒါပေမယ့် နစ်မြုပ် ပျက်ဆီးမှု၊ စိုက်ပျိုးထားတဲ့ သီးနှံပျက်စီးမှုကြတော့ ပျက်စီးတာခြင်း မတူညီနိုင်ဘူး။ စပါးကတော့ပျက်တယ်၊ နှစ်ပတ်လည် မိုးရေချိန်နဲ့တူတယ်၊ ဒါပေမယ့် တစ်လတည်းမှာ မိုးက လက်မအများကြီး ရွာလိုက်တဲ့အတွက် အဲဒီ အချိန်မှာ ရေကအယ်ပြီးတော့ မြုပ်သွားမယ်ဆိုရင် ပျက်စီးမှာပဲ။ အဲဒီမိုးရေချိန်နဲ့ တိုင်းတာပြီး သတ်မှတ်မယ် ဆိုရင်တော့ ဒီအာမခံလုပ်ငန်းက ပြဿနာရှိမှာပဲ။ အငြင်းအခုံ ဖြစ်ဖွယ်ရာရှိတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ အာမခံစနစ်ဖြင့် လုပ်ဆောင်ရာတွင် မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် လယ်များရှိပါက တစ်ဧကလျှင် ရာခိုင်နှုန်းမည်မျှ ပျက်စီးမှ အာမခံရရှိမည်ဆိုသည်အချက်တို့ ပါသင့်ကြောင်းနှင့် တစ်ဧကလျှင် တစ်ဝက်ခန့် ပျက်စီးမှသာ အာမခံရမည်ဆိုပါက မဖြစ်သင့်ကြောင်းလည်း တောင်သူများက ထောက်ပြကြသည်။
သီးနှံအာမခံစနစ်ထားရှိနိုင်ရေးအတွက် သက်ဆိုင်ရာများမှ အစည်းအဝေးပြုလုပ်ဆွေးနွေးနေစဉ်
မြန်မာနိုင်ငံ၌ ဒေသအပေါ်မူတည်ကာ မိုးရေချိန်နှင့် မိုးရွာသွန်းမှု ကွာခြားချက်များ၊ နှစ်ရှည်သီးနှံ၊ ရာသီအလိုက် သီးနှံကွာခြားချက်များရှိသဖြင့် ၎င်းအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပြီး နေရာဒေသအလိုက် အာမခံစနစ်ကို ပြေင်းလဲသတ်မှတ်သင့်ကြောင်း အကြံပြုကြသည်။
မြန်မာနိုင်ငံသည် အာမခံစနစ်ဖြင့် ပတ်သက်၍ ဗဟုသုတအားနည်းသောကြောင့် တောင်သူများအား အသိပညာ ပေး လုပ်ငန်းစဉ်များ ပြုလုပ်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေးနှင့်စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင် က CNI သတင်းဌာနသို့ ပြောသည်။
“ဒေသအပေါ်လိုက်ပြီးတော့မှ သီးနှံကမတူတဲ့အတွက်ကြောင့်မို့လို့ သူတို့က ဒီအပေါ်မှာ တစ်သမတ်တည်း လုပ်ဖို့ အဆင်မပြေဘူးဆိုတာ ကြားရတယ်။ အခု ဒီစနစ်ကကြတော့ တကယ်တမ်းတော့ အာမခံကုမ္ပဏီတွေအတွက် စွန့်စားမှုနည်းတယ်လို့ ပြောထားတာရှိတယ် တချို့နိုင်ငံတွေမှာ။ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလား ဆိုတော့ မိုးရေချိန်ကို ပုံမှန်တိုင်းပေးနေတဲ့ ထုတ်ပြန်ပေးနေတဲ့ဌာနတွေရှိရင်တော့ အဆင်ပြေနိုင်တယ်။ ဒါပေမယ့် တစ်ခုရှိတာက မြန်မာပြည်မှာရှိတဲ့တောင်သူတွေက သီးနှံအာမခံစနစ်အပေါ်မှာတောင်မှ သူတို့တွေက လက်လှမ်း မမိသေးဘူးပေါ့။ ဒီအတွက် တောင်သူစိတ်ဝင်စားအောင် အရင်ဆုံး အများကြီး ကမ်ပိန်းတွေ၊ awareness တွေ လုပ်ပြီးတော့မှပဲ ဒီစနစ်ကြီးကို အကောင်အထည်ဖော်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ တခြားနိုင်ငံမှာပြောတာပေါ့ သမားရိုးကျသီးနှံတွေထက် ဒီစနစ်ကို တောင်သူရော Insurance ကုမ္ပဏီတွေကရော ကြိုက်ကြတယ်ပြောတယ်။ အဓိကက သူက ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံ ဆုံးရှုံးမှုကို အခြေတည်ပြီးပေးတဲ့ သမားရိုးကျ Insurance မဟုတ်ဘဲနဲ့ ဒီလိုမျိုး တောင်သူက မိုးရေချိန်အပေါ် မူတည်ပြီး သူ့ရဲ့သီးနှံ ရှင်သန်မှု၊ ကြီးထွားမှုကို တောင်သူက ရွေးချယ်ခွင့်ရှိတယ်ပေါ့။ သူ့အတွက်လည်း မက်လုံးပိုရှိတာပေါ့” ဟု ၎င်းက ပြောသည်။ယခုလုပ်ဆောင်မည့် သီးနှံအာမခံစနစ်သည် စိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်သည့် အခြားနိုင်ငံများ၌ တွင် ကျယ်စွာ ဆောင်ရွက်နေပြီးဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံတွင် စတင်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်း သီးနှံအာမခံစနစ်ကို ယခုနှစ်ဆောင်းသီးနှံရာသီတွင် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သည့် (Farmer Participatory Approach) ကို အခြေခံဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနေကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 945
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် ရက်ချိန်းအား အွန်လိုင်းမှ QR code စနစ်ဖြင့်တင်ကြရာတွင် ရက်ချိန်းပြန်မကျသည့်အတွက် အခက်အခဲဖြစ်နေကြကြောင်း မလေးရှားတွင်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများက CNI သတင်းဌာနသို့ ပြောသည်။
QR ရယူပြီးသူများအတွက် သံရုံးသို့ လာရောက်ရမည့်ရက်ကို မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်ဆီ SMS ပေးပို့ အသိပေးမှာဖြစ်ပြီး သံရုံး၏ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမည်ဟု သံရုံးမှ ပြောဆိုထားခြင်းဖြစ်သည်။
သို့သော် ယခုကဲ့သို့ ရက်ချိန်းပြန်မကျသည့်အတွက်ကြောင့် သက်တမ်းကုန်ဆုံးချိန်နီးသည့် မြန်မာနိုင်ငံသားများ အတွက် အခက်အခဲ ပိုဖြစ်စေကြောင်း မလေးရှားတွင် နေထိုင်သည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။
“ရက်ချိန်းမကျတာက သူတို့လည်း system run နေတယ်ပဲ ပြောတာပေါ့နော်။ ရက်ချိန်းကျမလာတာ ကျနော်တို့ လည်း ဘယ်လိုမှ complain တက်လို့လည်း မရဘူး။ လောလောဆယ်က သိတဲ့အတိုင်းပဲ သူတို့လည်း ပွဲစားတွေနဲ့ သွားနေတဲ့လမ်းကြောင်းတွေလည်း ရှိတယ်။ အခု ကိုဗစ်နောက်ပိုင်းကျမှသာ QR တွေရော system တွေရော ရှုပ်ကုန်ပြီးတော့ လုပ်စားတဲ့ပွဲစားတွေက များသွားတာ။ အဲဒီမှာ ပွဲစားတွေနဲ့ပေါင်းပြီးတော့ စာအုပ်ကို ၇၀၀ တွေ ၈၀၀ တွေ(ရင်းဂစ်ငွေ) အခုဆို ပေါက်ဈေးတွေ ၁၇၀၀၊ ၁၈၀၀ တွေနဲ့(မြန်မာငွေ ၈ သိန်းဝန်းကျင်) လုပ်နေတာ အများကြီးပေါ့။ အဲဒါကြောင့် ကျနော်တို့ဘက်က တောင်းဆိုချင်တာကတော့ ဟိုးအရင်တုန်းက system လိုပဲ ဖြစ်ဖြစ်သွားပြီးစနစ်တကျ စာရွက်စာတမ်း အပြည့်အစုံပါတာကို သက်တမ်းတိုးလိုက်တာ အဲဒါကိုပဲ လိုချင်တာ ပေါ့။ အဲဒါကတော့ တချို့သူဋ္ဌေးတွေကြတော့ စိတ်မရှည်လို့ မြန်မာနိုင်ငံသားကို ပြန်လွှတ်လိုက်တာတွေ ရှိတယ်။ အဲဒီစာအုပ်ကို သက်တမ်းတိုးတာကို စောင့်ရင်းနဲ့မှ သက်တမ်းသေသွားလို့ special pass နဲ့ ယူထားရတာတွေ လည်း ရှိတယ်။ အဲဒီတော့ အဆင်ပြေတဲ့ သူဋ္ဌေးတွေကကြတော့ လုပ်ပေးတာပေါ့။ တချို့သူဋ္ဌေးတွေကြတော့ မင်းတို့နိုင်ငံက ဒီလောက်တောင် ခက်ခဲတယ်ဆိုပြီးတော့ မြန်မာနိုင်ငံကိုပဲ အပြီးပြန်လွှတ်လိုက်တာတွေလည်း အများကြီးကြုံတွေ့ရတယ် အခက်အခဲတွေ” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်လာရောက်လုပ်ကိုင်နေကြသည့် မြန်မာများ
ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသည် အွန်လိုင်းမှ QR code စနစ်ဖြင့် ရက်ချိန်းယူရခြင်းကို စက်တင်ဘာ ၄ ရက် နေ့မှ စတင်ကာ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
လက်ရှိ အွန်လိုင်းမှ QR ရယူရာတွင် www.mekl.org သို့ ဝင်ရောက်ကာ ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်လိုသည့် ကိစ္စရပ်များအား ဖြည့်သွင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထို့ကြောင့် လက်ရှိ အဆင်မပြေသည့်ကာလ၌ ယခင်အတိုင်း လူကိုယ်တိုင် လာရောက်ပြုလုပ်ရသည့် စနစ်ကို ခေတ္တပြောင်းလဲလုပ်ဆောင်သင့်ကြောင်းလည်း အကြံပြုကြသည်။
QR စနစ်ဖြင့် အွန်လိုင်းမှ ရက်ချိန်းယူရခြင်းသည် အချိန်ကုန် လူပင်ပန်းခြင်းနှင့် ငွေကြေးကုန်ကျမှုကို သက်သာ စေသည့်အတွက် အမှန်တကယ် နည်းစနစ်တကျ ရှိမည်ဆိုပါက ကောင်းမွန်သည့်စနစ်တစ်ခုဖြစ်သည်ဟု မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမှန်မှန်ကတော့ QR code နဲ့လုပ်တာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် အခုလိုမျိုး ပြန်ပြီးတော့ မကျတာတွေကတော့ အဆင်မပြေဘူးပေါ့နော်။ အဲဒီရက်ချိန်းလေးတစ်ခုတော့ ဒီတစ်ရက်ကို လူဘယ်နှယောက် လက်ခံမယ်ဆို အဲဒါ စိစစ်ပြီးတော့ ရက်တိုင်းမှာ ၁၀ ယောက်ဆို ၁၀ ယောက်၊ အယောက် ၃၀ ဆို အယောက် ၃၀ အဲဒီလိုမျိုး လက်ခံသွားရင်တော့ အရမ်းကောင်းတဲ့အစီအစဉ်ပေါ့။ ဒီအတိုင်းပဲ work in သဘောမျိုးနဲ့ဆိုရင်တော့ အဆင်မပြေလောက်ဘူး။ ဘာလို့ဆို တစ်ခါတည်း စုပြုံပြီးလာကြမယ်ဆို သူတို့အတွက်လည်း အလုပ်ရှုပ်တယ်။ သံရုံးကလည်း နေရာကျဉ်းတဲ့အနေအထားမျိုးမှာ ရုတ်ရုတ်တွေဖြစ်တာမျိုးတွေလည်း ရှိကောင်းရှိလိမ့်မယ်။ အဲဒီတော့ QR code နဲ့ လုပ်တာကတော့ အကောင်းဆုံးလို့ ကျနော်မြင်တယ်။ သို့ပေမယ့်လည်း ဝန်ဆောင်မှု လုပ်ချင်တဲ့ကလေးတွေ appointment ယူတဲ့အခါမှာ အရေးတယူလုပ်ပေးဖို့တော့ သင့်တာပေါ့။ အခုလိုမျိုး ပြန်မကျဘူးဆိုတာကြီးကတော့ အဆင်မပြေဘူးပေါ့” ဟု ပြောသည်။
မလေးရှားနိုင်ငံရှိ ဌာနဆိုင်ရာများတွင်လည်း အွန်လိုင်းစနစ်ဖြင့် သွားသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း တစ်စုံတစ်ရာ အမှားအယွင်းနှင့် ကြ့န်ကြာမှုများ မရှိကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ရက်ချိန်းယူရသည့် QR code စနစ်အား အကောင်အထည်မဖော်ခင် ကာလကတည်းက အမှားအယွင်းနှင့် နှောင့်နှေးကြန့်ကြာမှုများမရှိစေရန် သေချာစမ်းသပ်၍ အလုံးစုံ အဆင်ပြေ ချောမွေ့မှသာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ထောက်ပြကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 808
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
ဘိန်းအစားထိုးသီးနှံအဖြစ် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းတန်ချိန် ၆ သောင်းခန့်ကို တရုတ်နိုင်ငံက ယခုနှစ် တွင် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံက ဘိန်းအစားထိုး သီးနှံအဖြစ် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးထားသည့် ပြောင်းများ ကို နှစ်စဉ် ဝယ်ယူလျက်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က တန်ချိန် ၃ သောင်းကျော် တင်ပို့ခဲ့ပြီး ယခုနှစ်တွင် တန်ချိန် တိုးမြှင့် ဝယ်ယူရန် ဆွေးနွေးထားမှုရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။
သို့သော် လက်ရှိတွင် တရုတ်နိုင်ငံကပေးသည့် ပြောင်းဈေးနှုန်းသည် နည်းပါးနေခြင်းကြောင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ပြောင်းများ ရောင်းချရန်အတွက်ပင် အဆင်မပြေနိုင်ကြောင်း၊ ပြည်တွင်း ဈေးကွက်တွင် ပြောင်း တစ်ပိဿာလျှင် ၁၁၅၀ ကျပ် ရှိနေပြီး တရုတ်နိုင်ငံမှ ပေးသည့် ဈေးနှုန်းသည် ၁၀၀၀ ကျပ် ဝန်းကျင်သာ ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့ပြောင်း စိုက်ခင်းကို တွေ့ရစဉ်
၎င်းက “မဆိုးပါဘူး တန်ချိန် ၆ သောင်းဆိုတော့။ လောလောဆယ် မြဝတီ မသွားရတဲ့အချိန်မှာ ဒီဘက်က ပြောင်း လည်း ပေါ်စလေးတွေပေါ့နော်။ ဗန်းမော်၊ ဝိုင်းမော်ဘက်လည်း ပြောင်းက နည်းနည်းပါးပါး ပေါ်နေပြီ။ ရှမ်းမြောက် တို့လည်း လှော်ပြောင်းတွေ စပြီး ပေါ်နေပြီဆိုတော့ ပြောင်းပေါ်ချိန်လေး အဲဒီဘက်ကို နည်းနည်း ထွက်ထားတယ် ဆိုတော့ ပိုကောင်းတာပေါ့။ ခါတိုင်းနှစ်တွေတော့ တန် ၃ သောင်း၊ ၄ သောင်းလောက်တော့ သွားကြတာပဲ။ တရုတ် နယ်စပ်ဂိတ်တွေ လွယ်ဂျယ်၊ ကန်ပိုက်တီ၊ မူဆယ်၊ ချင်းရွှေဟော် အကုန်လုံးကတော့ သွင်းဖို့တော့ ပြောတော့ ပြော နေတယ်၊ ဒါပေမယ့် သိပ်ပြီးတော့ ဈေးမကိုက်ကြသေးပါဘူး။ သွားဖို့တော့ လုပ်နေကြတာပဲ၊ ဈေးမကိုက်တော့ မပို့ နိုင်ကြသေးပါဘူး။ ဈေးနှုန်းတွေက ကျနေတယ်။ တရုတ်ပေးတဲ့ ဈေးက ပြည်တွင်းမှာ ဝယ်လို့ မရဘူး အဲဒီဈေးတွေ နဲ့။ ဒေသကတောင်မှ မကိုက်ဘူးပြောတယ်။ ၁၀၀၀ ဝန်းကျင်လောက်ပဲ ရတာဆိုတော့ မကိုက်ဘူးတဲ့။ ၁၁၅၀ လောက် ရှိတယ်။ အဲဒါတောင် ဟိုဘက်က ၁၀၀၀ ကျော်ကျော်ပဲ ရတယ်ပြောတယ်။ အရောင်းအဝယ်တော့ သိပ်ပြီး တော့ ဖြစ်တန် မကြားဘူး” ဟု ပြောသည်။
တရုတ်နိုင်ငံက မြန်မာ့ပြောင်းကို ဝယ်ယူသော ဈေးနှုန်းသည် ကမ္ဘာ့ပေါက်ဈေးနှုန်း ဖြစ်နေသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ ပို့ကုန်ရငွေ မူဝါဒကြောင့် အဆင်မပြေ ဖြစ်နေသည်ဟု ပြောင်းကုန်သည်များထံမှ သိရသည်။
မြန်မာ့ပြောင်းကို တွေ့ရစဉ်
ကမ္ဘာ့ပြောင်းဈေးနှုန်း တိုးလာပါက တရုတ်နိုင်ငံမှပေးသည့် ပြောင်းဈေးနှုန်းလည်း တိုးလာမည် ဖြစ်ကြောင်း၊ ပြောင်းဈေးနှုန်း မတိုးလာပါကလည်း ပေးသည့်ဈေးဖြင့်သာ တင်ပို့ရောင်းချရမည် ဖြစ်ကြောင်း ပြောင်းကုန်သည် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သွားဖို့တော့ စီစဉ်နေတယ် ထင်တယ်ဗျ။ ဒါပေမယ့် တိတိကျကျတော့ မဖြစ်လာသေးဘူးပေါ့နော်။ စောင့် ကြည့်နေတုန်းပေါ့နော်။ ဈေးလည်း မကိုက်ဘူး။ ဒီက မူဝါဒကြောင့် မကိုက်ဘူး။ ဒီမှာက ဒေါ်လာဈေးနဲ့ အပြည့်မရ ဘူးလေ။ ၅၀ - ၅၀ ပေါ်လစီပေါ့။ ၅၀ က ၂၁၀၀ နဲ့ ရတယ်။ နောက်ထပ် ၅၀ က ၂၉၂၀ နဲ့ ရတယ်ဆိုတော့ သူတို့က တော့ ကမ္ဘာ့ပေါက်ဈေးအတိုင်း ပေးတာပဲ ကိုယ်က မကိုက်ချင်တာပေါ့။ သူတို့ကတော့ ကမ္ဘာ့ပေါက်ဈေးအတိုင်းပဲ ပေးမှာပေါ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထူးခြားတဲ့ ရလဒ်ရှိရင်တော့ တိုးချင် တိုးမှာပေါ့။ အကယ်လို့ သူတို့လည်း လုံးဝ မတိုးပေးတော့ဘူးဆိုရင်တော့ ကျနော်တို့လည်း ဒီဈေးနဲ့ပဲ ရောင်းရတော့မှာပေါ့” ဟု ပြော သည်။
အဓိက ဘိန်းအစားထိုးအနေဖြင့် ရှမ်းပြည်နယ်အတွင်းမှ ထွက်ရှိသည့် ပြောင်းများကို တင်ပို့ကြပြီး နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ တင်ပို့လေ့ရှိကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ဘိန်းအစားထိုးသီးနှံအဖြစ် ရှမ်းပြည်နယ်တွင် လက်ဖက်၊ ကြံ၊ ထောပတ်သီးနှင့် ပြောင်း အပါအဝင် အခြားအစားထိုး နှစ်ရှည်သီးပင်များကို စိုက်ပျိုးပြီး ပြည်ပဈေးကွက်သို့ တင်ပို့လျက် ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 744
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ် ဘတ်စုံသုံး စီမံကိန်းထဲမှ အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်တွေ ဆိပ်ခံတံတားတွင် ပြည်တွင်းကမ်းရိုးတန်း သင်္ဘောများကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ဆိုက်ကပ်ခွင့် ပြုလိုက်ပြီဖြစ်သည်။
ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်ပို့ဆောင်မှု မြန်ဆန်လာမည်ဖြစ်ပြီး ကုန်ကျစရိတ်များလည်း သက်သာလာမည်ဟု ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
စစ်တွေဆိပ်ခံတံတားသစ်သည် နိုင်ငံတကာအဆင့်မှီ စံချိန်စံညွှန်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်ခွင့် ရပြီဖြစ်သည့်အတွက် ကုန်တင်ကုန်ချ လုပ်ဆောင်ရာတွင် မြန်ဆန်လာမည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
စစ်တွေဆိပ်ကမ်းသစ်ကို ဖွင့်လှစ်နေစဉ်
၎င်းက “သင်္ဘောတွေက ကပ်လို့ရပြီဖြစ်တဲ့အတွက် အရင်တုန်းကတော့ ကျနော်တို့ စစ်တွေမှာက ဆိပ်ကမ်း ကောင်းကောင်း မရှိဘူးပေါ့လေ။ တော်တော်လည်း ရှားပါတယ်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရဲ့ ဆိပ်ခံတံတား တစ်ခု ရှိတယ်။ နောက်တစ်ခုကတော့ ရွှေမင်းဂံ ဆိပ်ခံတံတားရှိတယ်။ ရွှေမင်းဂံ ဆိပ်ခံတံတားဆိုရင် တော်တော် လေး ဟောင်းနွမ်းနေပြီပေါ့လေ။ နောက်ပြီးတော့ ပုဂ္ဂလိက ဆိပ်ခံအသေးလေးတွေမှာ ဆိုက်ကပ်နေရတဲ့ အနေ အထား မျိုးတွေလည်း ရှိတယ်။ အခု ဆိပ်ခံတံတားအသစ်က တကယ့် နိုင်ငံတကာအဆင့်မှီ လုပ်ထားတာဖြစ်တဲ့ အတွက် ကျနော်တို့အမြင်ကတော့ ဆိုက်ကပ်ပြီးတော့ ကုန်ချရတဲ့ အချိန်ကတော့ တိုတောင်းသွားမယ်လို့ ထင်ပါ တယ်။ အချိန်တိုတောင်းသွားတာ ဖြစ်တဲ့အတွက် သင်္ဘောအနေနဲ့ကလည်း ရက်တိုနဲ့ ပြန်ထွက်နိုင်မယ်။ သင်္ဘော ကုန်ချတာ အကြာကြီး မစောင့်ရတဲ့အတွက် ကုန်သည်တွေ အတွက်ကတော့ အထိုက်အလျောက် လျော့နည်းလာ မယ်” ဟု ပြောသည်။
ပုံမှန်အားဖြင့် စစ်တွေတွင် ကုန်တင်ကုန်ချ ပြုလုပ်ရာ၌ ဆိပ်ခံတံတား အခက်အခဲကြောင့် တစ်ပတ်၊ ၁၀ ရက်နှင့် ၁ လအထိ ကြာမြင့်ကြောင်း၊ လက်ရှိ စစ်တွေ ဆိပ်ကမ်းသစ်ကို အသုံးပြုခွင့် ရပြီဖြစ်သည့်အတွက် တန်ချိန် ၁၀၀၀ ဆံ့ သင်္ဘောတစ်စီးလျှင် ၂ ရက် ၃ ရက်ခန့်သာ ကုန်တင်ကုန်ချရုံဖြင့် အဆင်ပြေနိုင်သည်ဟု ကုန်သည်များက ပြောသည်။
စစ်တွေဆိပ်ကမ်းသစ်ကိုတွေ့ရစဉ်
မြန်မြန်ဆန်ဆန် ကုန်တင်ကုန်ချ လုပ်ဆောင်၍ ရခြင်းကြောင့် သယ်ယူပို့ဆောင်ခများလည်း လျော့ကျလာမည် ဖြစ်ကြောင်း၊ ပြည်တွင်းသင်္ဘောများ ဆိုက်ကပ်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကိုလည်း စနစ်တကျ စောင့်ကြည့်ပြီး စိစစ်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
စစ်တွေ ဆိပ်ခံတံတားသစ်တွင် ရခိုင်ပြည်နယ်အတွင်း အသုံးပြုသည့် သံချောင်း၊ ဘိလပ်မြေ၊ စားသောက်ကုန် စသည်တို့ကိုသာ တင်ဆောင်ကြောင်း၊ ကုန်သွယ်မှုအတွက် ကုန်စည်များ မပါဝင်ကြောင်း သိရသည်။
စစ်တွေ ဆိပ်ကမ်းသစ်တွင် နိုင်ငံတကာ သင်္ဘောများ ဆိုက်ကပ်ခွင့်သည် ရရှိထားပြီဖြစ်သော်လည်း သင်္ဘောလိုင်း မရှိသေးခြင်းကြောင့် ဆိုက်ကပ်မှု မရှိသေးကြောင်း၊ လက်ရှိတွင် စစ်တွေနှင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဆိပ်ကမ်းသို့ တိုက်ရိုက်ပြေးမည့် သင်္ဘောလိုင်းတစ်ခု ရရှိရန် နှစ်နိုင်ငံ ဆွေးနွေးမှု ပြုလုပ်နေကြောင်း သိရသည်။
ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် စစ်တွေ ဆိပ်ကမ်းသစ်တွင် တန်ချိန် ၅၀၀၀ မှ ၆၀၀၀ ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည်ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 861
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မဲဆောက်မြို့တွင် မြန်မာဈေးသည်များအပေါ် ပိုမိုတင်းကြပ်မှုများ ရှိလာနေပြီး ဖမ်းဆီးခံရမှုများလည်း များပြားလာကြောင်း မဲဆောက်တွင် နေထိုင်သူများထံက သိရသည်။
ဩဂုတ်လမှ စက်တင်ဘာလအတွင်း မြန်မာဈေးသည် အများအပြား ဖမ်းဆီးခံရကြောင်း သိရသည်။
ထို့အပြင် လွယ်လင့်တကူ ဝင်ရောက်နိုင်သည့် နယ်စပ်ဂိတ်များတွင်လည်း ယခင်ကထက်ပို၍ လုံခြုံရေးများ တင်းကြပ်ချထားပြီး မြန်မာအများစု နေထိုင်သည့် တန်းလျားများတွင် ကင်းလှည့်သွားလာမှုများလည်း ပိုမို တွေ့လာရကြောင်း မဲဆောက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လွန်ခဲ့တဲ့ သုံးပတ်နီးနီးပြောမလား မြန်မာဘက်အခြမ်းမှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ထိုင်းနယ်စပ် လုံခြုံရေးက ပိုပြီးတော့ တင်းကြပ်သွားတာ အခုအချိန်ထိပဲ။ အရင်တုန်းက အာဏာသိမ်းစစ်တပ် သူတာဝန်ယူတဲ့ ၈ နှစ်ကျော် ၉ နှစ်အတွင်းမှာ မြန်မာနိုင်ငံသား အပါအဝင် အခြားအိန္ဒိယနိုင်ငံသားတွေရော၊ တရုတ်နိုင်ငံသားတွေ ရော၊ လုပ်ငန်းရှင်အဖြစ်တွေနဲ့ ရပ်တည်ကြတယ်။ KTV တွေ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေ၊ အခြားလုပ်ငန်း တွေပေါ့။ ဒီအပေါ်မှာ လစဉ်ကြေးပေါ့ လိုင်းကြေး တစ်လကို ဘယ်လောက်ဆိုပြီးတော့ နယ်မြေခံ ဌာနဆိုင်ရာတွေ ကို လိုင်းကြေးပေးပြီး နေကြတယ်။ ဒါပေမယ့် ဒီနယ်စပ်မှာကြတော့ မြန်မာဈေးသည်တွေက မြန်မာနိုင်ငံကနေ သွင်းတဲ့ ကုန်ပစ္စည်းတွေ အားလုံးဟာ တော်တော်များများက ထိုင်းဘက်က ခွင့်မပြုထားတဲ့ ဂျူတီမပေးတဲ့ ပစ္စည်း တွေ ပါတယ်လေ။ ကျနော်တို့နိုင်ငံမှာ ကွမ်းစားတဲ့ မြန်မာ ဆေးရွက်ကြီးတို့ အစရှိသဖြင့် တရားမဝင်ဘူးပေါ့။ ဒါတွေလည်း လိုင်းကြေးပေးပြီးတော့မှ ရောင်းကြတယ် ဝယ်ကြတယ်။ ဒီရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာကြ တော့ တချို့တချို့သောဌာနတွေက ဒီလိုင်းကြေးကို မသိဘူး။ မသိဘဲနဲ့ တာဝန်အရ ရောက်လာတယ် ဒီနယ်မြေမှာ၊ ဒါတွေတွေ့တယ် တရားမဝင်ဘူးဆိုပြီး ဖမ်းတာပေါ့” ဟု ပြောသည်။
ဈေးရောင်းသည့် မြန်မာများကို ထိုင်းရဲက ဖမ်းဆီးထားစဉ်
စက်တင်ဘာ ၁၈ ရက်နေ့ကလည်း မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတား၊ မဲဆောက်ဘက်ခြမ်းတွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား အမျိုးသမီးလေးဦး ဖမ်းဆီးခံရကြောင်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနမှ ထုတ်ပြန်ထားသည်။
ထို့အပြင် မဲဆောက်မြို့မှ ထွက်ခွာမည့် ခရီးသည်တင်ကားများနှင့် မဲဆောက်သို့ ဝင်ရောက်မည့် ခရီးသည်တင် ကားများတွင် လိုက်ပါသည့် ခရီးသည်များအား နိုင်ငံကူးလက်မှတ်နှင့် အထောက်အထား စာရွက်စာတမ်းများအား စစ်ဆေးဆောင်ရွက်နေကြောင်းလည်း သိရသည်။
လက်ရှိတွင် စက်တင်ဘာလကုန်အထိ အမည်စာရင်း တင်သွင်းထားသူများကို နေထိုင်ခွင့် ပြုထားသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီး စစ်ဆေးမှုများသည် စက်တင်ဘာလကုန် နောက်ပိုင်းတွင် ပို၍ ရှိလာမည်ဖြစ်ကြောင်း IBECSWO လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဈေးရောင်းသည့် မြန်မာများကို ထိုင်းရဲက ဖမ်းဆီးထားစဉ်
IBECSWO လူမှုကူညီရေး အသင်းမှ မဇ္စျိမ ကိုသားကြီးက “ဒီ ၃၀ ရက်နေ့ ကျော်တာနဲ့ ဒီလကုန်တာနဲ့ အဖမ်းအဆီး နည်းနည်းရှိမယ်။ နေရာတိုင်းမှာ။ အဲဒါဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီမှာ အထောက်အထားတွေ နိုင်ငံတော် က စစ်ဆေးနေတာကို။ လက်ရှိ အနေအထားမှာ မြန်မာပြည်က ဝင်နေတာ တော်တော်များတယ်။ ဒီလတွေထဲမှာ။ မတရားဝင်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တော်တော်များနေပြီ ထိုင်းထဲမှာ။ name list စာရွက်တင် ထားတဲ့ လူတွေအပေါ်မှာကတော့ သူ့ဟာနဲ့သူ ခွင့်ပြုချက် ပေးထားပြီးပြီလေ။ သူတို့က တရားဝင်သွားပြီ။ နောက် ထပ် သူတို့လုပ်ရမယ့်ဟာက ဘာလဲဆိုတော့ CI စာအုပ် အဲဒီစာအုပ်လုပ်ရမယ်။ ထိုင်းဘက်မှာ name list စာရွက် ကျထားတဲ့လူတွေက သေချာသွားပြီ။ အဖမ်းအဆီးလည်း မရှိဘူးပေါ့ name list စာရွက်ကျထားတဲ့ လူတွေက” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင်သာမက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ သန်းနှင့်ချီရှိပြီး တရားမဝင်များ အတွက် နေထိုင်အလုပ်လုပ်ခွင့် ဘတ်ပန်းရောင်ကတ်များအား ထိုင်းအစိုးရအနေဖြင့် ထုတ်ပေးလေ့ရှိသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ MOU (၄)နှစ်ပြည့်သည့် မြန်မာလုပ်သားများသည် အချိန်ကာလအားဖြင့် ၄ ရက်ခန့်သာ ကြာမြင့်မည့် U-Turn စနစ်ဖြင့် ထိုင်းသို့ ရက်တိုတိုအတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးကို မြဝတီနှင့် ကော့သောင်း မြို့တို့တွင် ပြုလုပ်ပေးလျက် ရှိသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် အသစ်ပြုလုပ်ခြင်းများကိုလည်း သံရုံး၌ ရက်ချိန်း ကြိုတင် ယူရန် မလိုအပ်တော့ဘဲ လူကိုယ်တိုင် လာရောက် ပြုလုပ်နိုင်သည့် စနစ်အား ပြောင်းလဲထားသည်။

- By CNI
- Category: စီးပွားရေး
- Hits: 979
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ပြည်တွင်းရွှေဈေးနှုန်းကို လက်ရှိတွင် အမေရိကန်ဒေါ်လာ ပေါက်ဈေးဖြင့် မတွက်ချက်ဘဲ ထိုင်းပြည်တွင်း ရွှေဈေး နှင့် ထိုင်းဘတ်ငွေတို့ဖြင့် တွက်ချက်ကာ အရောင်းအဝယ် ပြုလုပ်နေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
ထိုသို့ ဘတ်ငွေဖြင့် ရွှေကို အရောင်းအဝယ် ပြုလုပ်လာရခြင်းမှာ အမေရိကန်ဒေါ်လာ ရောင်းဝယ်သူများနှင့် ကုန်သည်များကို ဖမ်းဆီး အရေးယူမှုများ ရှိနေသော်လည်း ထိုင်းဘတ် ငွေ အရောင်းအဝယ်များကို တင်းကြပ်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဘတ်ငွေနှင့် ပတ်သက်၍ တရားဝင် အသုံးပြုခွင့်မူဝါဒ ပြောင်းလဲခြင်းကြောင့်လည်း ပါဝင်ကြောင်း ကုန်သည်များက ပြောသည်။
လက်ရှိတွင် ထိုင်းဘတ်ငွေဖြင့် တွက်ချက်သော်လည်း ထိုင်းဘတ်ငွေသည် အမေရိကန်ဒေါ်လာ ဈေးနှုန်းအပေါ် မူတည်၍ ပြောင်းလဲမှု ရှိနေခြင်းကြောင့် ဒေါ်လာနှင့် သွယ်ဝိုက်၍ ပတ်သက်မှု ရှိနေသေးကြောင်း ဒေါ်လာနှင့် ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ် ဒေါ်လာကိုင်ဆောင်ခွင့်ကလည်း သိတဲ့အတိုင်းပဲလေ၊ အဖမ်းအဆီး အရမ်းကြမ်းတယ် ငွေလွှဲတဲ့ဟာတွေမှာ။ ဒေါ်လာနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ဖမ်းတယ်ပေါ့နော်။
ရွှေ၊ ငွေ၊ ဒေါ်လာ၊ အဲဒီမှာ ဘတ် က နည်းနည်း လွတ်တယ်လို့ ပြောလို့ရတာပေါ့လေ။ နောက်တစ်ခုက ပြည်တွင်းက စိန်ကုန်သည်တို့၊ ရွှေတို့ လုပ်တဲ့သူ တော်တော်များများကလည်း ဘတ်နဲ့ အဆက်အဆံ ရှိတယ်လေ။ စိန်ပြပွဲတွေဆိုလည်း ဘန်ကောက် မှာဆို ဒီက စိန်ကုန်သည်တွေ ပေးကြတာပဲ။ ဘတ်ကို ပိုပြီးတော့ ဦးစားပေးတာပေါ့။ အရင်ကတည်းကလည်း ဘတ်နဲ့ ဆက်စပ်မှု ရှိပါတယ်။ မူဝါဒ ပြောင်းလဲလိုက်တာလည်း ပါတယ်။ ဘာလို့လဲဆိုတော့ ဘတ်ကို တိုက်ရိုက် သုံးလို့ရတယ်ဆိုတဲ့ဟာပေါ့။ နောက် ဒေါ်လာအစားထိုး ပုံစံမျိုးလေ။ အဲဒီမူဝါဒနဲ့လည်း ဆိုင်ပါတယ်။ ဘတ်ကို တရားဝင် ဒေါ်လာအစားမျိုး သုံးလိုက်တာပေါ့။ ထိုင်းရွှေဈေးတို့ ဘာတို့ကလည်း ကမ္ဘာ့ရွှေဈေးနဲ့ သက်ဆိုင်နေ တယ်။ ထိုင်းဘတ်ဈေးနဲ့ ရွှေဈေးကလည်း အချိတ်အဆက်ရှိတော့ ဒေါ်လာက သွယ်ဝိုက်ပြီးတော့ ပတ်သက်မှုတော့ ရှိနေသေးတယ်။ တိုက်ရိုက်ကြီးတော့ မပတ်သက်တော့ဘူး။ အရမ်းကြီး မသက်ရောက်နိုင်ဘူးပေါ့။ သူ့ရဲ့ ငွေဈေးနဲ့ ဆိုင်တာ မှန်တယ်။ ဒါပေမယ့် ကျနော်တို့ ပြည်တွင်းက ရောင်းလိုအား၊ ဝယ်လိုအားနဲ့ သက်ဆိုင်တယ်” ဟု ပြော သည်။
ထိုင်းဘတ်ငွေနဲ့ အမေရိကန် ဒေါ်လာကို တွေ့ရစဉ်
နိုင်ငံတကာ ငွေပေးချေခြင်းကို ထိုင်းဘတ်ငွေနှင့် ရှင်းလင်းခွင့်ပြုကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က ကြေညာခဲ့သည်။
ပြည်တွင်း ရွှေဈေးနှုန်းကို ထိုင်းနိုင်ငံ ရွှေဈေးနှင့် ဘတ်ငွေကို အခြေခံ၍ တွက်ချက်ခြင်းကြောင့် ထိုင်းဘတ်ငွေဈေး ပြောင်းလဲမှု ဖြစ်ပေါ်သည့်အခါတွင် ထိုင်းနိုင်ငံမှတဆင့် သွင်းနေရသည့် ကုန်စည်များလည်း ဈေးနှုန်းပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့အပြင် ထိုင်းငွေကြေးသည်လည်း တည်ငြိမ်သည့် အနေအထားတွင် မရှိကြောင်း၊ ထိုင်း နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂ ဆခန့် ရှိနေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖြစ်နိုင်ခြေတော့ များတာပေါ့။ ဒါကတော့ ရှင်းရှင်းပြောရင်တော့။ အခြေခံအပေါ်မှာ တွက်တယ် မူတည်ပြီး တော့ ရွှေကတော့ ရွှေပေါ့။ ကုန်စည်ကတော့ ကုန်စည်ပေါ့။ ဒါပေမယ့် ငွေလဲနှုန်းပေါ်မှာ မူတည်ပြီး သွားတာ။ ငွေလဲနှုန်း ပြောင်းလဲရင်တော့ ပြဿနာ ရှိနိုင်တာပေါ့နော်။ ဒါကတော့ ဒေါ်လာ အဖမ်းအဆီးကြောင့် အစားထိုး တွက်တာပေါ့နော်။ အစားထိုး တွက်တဲ့အခါကျတော့ ထိုင်းဘတ်ဈေး အပြောင်းအလဲ ဖြစ်ရင်တော့ ရွှေဈေးပေါ်မှာ ရော၊ ကုန်စည်ဈေးနှုန်းပေါ်မှာရော ထိခိုက်မှုတွေတော့ များလာနိုင်တာပေါ့နော်။ ထိုင်းဘတ်ကလည်း Stability ဖြစ်တဲ့ အထဲမှာတော့ မပါပါဘူး။ သူလည်း Inflation တော်တော်ဖြစ်နေတာကိုး သူ့နိုင်ငံမှာလည်း Inflation နှစ်ဆ လောက် ဖြစ်နေတာ သူ့ဆီမှာလည်း” ဟု ပြောသည်။
ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေကို တွေ့ရစဉ်
ရွှေလုပ်ငန်းရှင်များနှင့် ရွှေကုန်သည်များက ဒေါ်လာအစား ထိုင်းဘတ်ငွေကို ပြောင်းလဲအသုံးပြုခြင်းသည် ရွှေဈေး နှုန်း တည်ငြိမ်စေရေးအတွက် မဟုတ်ဘဲ ဒေါ်လာနှင့် ပတ်သက်၍ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့် ဘတ် ငွေကို အသုံးပြုခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များက ထောက်ပြကြသည်။
ထို့နောက် ဘတ်ငွေနှင့် ပတ်သက်၍ ဒေါ်လာကဲ့သို့ ဈေးကစားမှုများ ပြုလုပ်နေခြင်းကို စောင့်ကြည့်ရန် လိုအပ် ကြောင်း၊ ဘတ်ငွေဈေးနှုန်းများ မြင့်တက်လာပါက ထိုင်းနိုင်ငံမှတဆင့် တင်သွင်းနေရသည့် ကုန်စည်များ ဈေးနှုန်း ကြီးမြင့်မှု ဖြစ်ပေါ်သွားမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 852
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့် အမိန့်များကို လိုက်နာမှု မရှိခြင်းကြောင့် နိုင်ငံခြားငွေ ရောင်းချလဲလှယ်နေသည့် ကုမ္ပဏီ ၁၀၀ ကျော်ကို လိုင်စင်ရုပ်သိမ်းပြီးနောက် နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်လာ၍ အိမ်ခြံမြေနှင့်ကားဈေးနှုန်းများ ကျဆင်းလာနေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများထံမှ သိရသည်။
နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဈေးနှုန်းနှင့် ပတ်သက်ပြီး ရောင်းချသူများနှင့် ကုန်သည်များက အလွန်အကျွံ ဈေးကစားနေမှုများ ရှိနေခြင်းကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့များက အရေးယူမှုများ ပြုလုပ်လာကြောင်း၊ လက်ရှိ တွင် အမေရိကန်ဒေါ်လာနှင့် ပတ်သက်၍ မည်သူမျှ ထင်ထင်ပေါ်ပေါ် လုပ်ဆောင်မှု မပြုလုပ်ကြတော့ကြောင်း သိရသည်။
ထိုသို့ စုံးစမ်းစစ်ဆေး အရေးယူခြင်းများကြောင့် လတ်တလောတွင် ဒေါ်လာဈေးကွက်အတွင်း တည်ငြိမ်နေပြီး အိမ်ခြံမြေနှင့် မော်တော်ကား ဈေးနှုန်းများလည်း ကျဆင်းလာနေကြောင်း၊ သို့သော်လည်း ယာယီမျှသာ ထိရောက် နိုင်သည်ဟု ဒေါ်လာနှင့် ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဈေးကွက်ပေါက်ဈေးကတော့ အဲဒီအတိုင်းပဲ။ ဒါပေမယ့် ကုန်သည်၊ ပွဲစားတွေကလည်း သိတဲ့အတိုင်းပဲ သူတို့လည်း သူတို့လောဘနဲ့ သူတို့ လုပ်တာဆိုတော့ သူတို့အတွက် မကျန်ရင် မလုပ်ဘူး။ ဒါပေမယ့် အဲဒီမှာ လွန်တာလေးတွေတော့ ရှိတာပေါ့လေ။ အဲဒါကြောင့်မို့လို့ အစိုးရက ဝင်ထိန်းတယ်။ ဒါပေမယ့် ထိန်းတာလည်း နည်းနည်း ကြမ်းတာပေါ့။ တောက်လျောက် ဖမ်းတာ။ အခုက စသုံးလုံး စုံစမ်းတဲ့ပုံစံက ဟိုးအထက်ပိုင်းကလူတွေ မချန်ဘူး။ တော်ရုံတန်ရုံဆို လက်ဝင် မလျှိုချင်တော့ဘူး။ ဘယ်သူ့ကိုမှလည်း မကူညီရဲတော့ဘူး အဲဒီလို အနေ အထားမျိုး ဖြစ်ကုန်တယ်။ မလွယ်ဘူးပေါ့လေ အခုခေတ်ကာလကတော့။ တော်ရုံတန်ရုံ ငြိမ်နေကြတယ်။ နာမည် ကြီး ခရိုနီတို့၊ လက်ကြီးသမားတွေတို့၊ တကယ့်သူဋ္ဌေးတွေဆိုလို့ရှိရင် မြန်မာပြည်မှာ မနေတော့ဘဲနဲ့ ခရီးထွက်နေ တာတို့၊ များသောအားဖြင့် ဘန်ကောက် ရှောင်ကြတာပေါ့လေ အဲဒီလိုမျိုးတွေပဲ လုပ်ကြတော့တာ။ သူတို့က အစည်းဝေး အစည်းဝေးလို့ ခေါ်ခေါ်ပြီး တစ်ခါတည်း ကုတ်ကုတ်သွားတော့ တော်ရုံတန်ရုံလူလည်း မလုပ်ရဲကြ တော့ဘူး။ ရဲရဲတင်းတင်းပေါ့လေ ထင်ထင်ပေါ်ပေါ် မလုပ်ရဲကြတော့ဘူး။ သူတို့ကတော့ ဈေးကျအောင် ဖမ်းတယ်၊ ဒါပေမယ့် မကျတဲ့အပြင် ငြိမ်တော့ ငြိမ်သွားတယ်ပေါ့လေ။ လတ်တလော ဘာတွေထူးခြားလာလဲဆိုတော့ အိမ် ဈေးတွေ၊ မြေဈေးတွေတော့ အနည်းငယ် ကျသွားတယ်။ ကားဈေးဆိုလည်း သိသိသာသာ ကျလာတယ်။ ဒါလည်း ရလဒ်တစ်ခုလို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒါတွေက ဘယ်လောက်ကြာထိ ခံမလဲ၊ ဘယ်လောက်ပဲကြာကြာ ဝယ်မယ့်လူက ပြန်စောင့်မှာပဲလေ။ ကျလေကြိုက်လေ ကျတာကို စောင့်ပြီးတော့ ပြန်ဝယ်။ အဲဒီအခါကျတော့ ဘာမှ မထူးဘူး။ ဒီပုံစံက နည်းနည်းလွဲနေတယ်လို့ ပြောလို့ရတာပေါ့။ ယာယီတော့ အလုပ်ဖြစ်လိမ့်မယ်” ဟု ပြောသည်။
ဗဟိုဘဏ်က လိုင်စင်ပိတ်သိမ်းလိုက်သည့် ကုမ္ပဏီများစာရင်းကို တွေ့ရစဉ်
နိုင်ငံခြားငွေ လဲလှယ်ရောင်းချသည့် ကုမ္ပဏီများ လိုင်စင်ပိတ်သိမ်းခံရမှုသည် ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် ၁၆၇ ခု ရှိပြီဖြစ်ကြောင်း၊ ဇန်နဝါရီလတွင် ၁ ခု၊ မတ်လတွင် ၂၀ ခု၊ ဇူလိုင်လတွင် ၁၀ ခု၊ ဩဂုတ်လတွင် ၁၃ ခုနှင့် ယခု စက်တင်ဘာလတွင် ၁၂၃ ခု ပိတ်သိမ်းခံရခြင်း ဖြစ်သည်။
ရုပ်သိမ်းခံခဲ့ရတဲ့ ကုမ္ပဏီများတွင် ခရီးသွား ကုမ္ပဏီများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ဆောက်လုပ်ရေး ကုမ္ပဏီများ၊ ကျောက်မျက်ရတနာ ကုမ္ပဏီများနှင့် ကုန်သွယ်ရေး ကုမ္ပဏီများ ပါဝင်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီး ဆီဒိုးနားဟိုတယ်လည်း ပါဝင်နေသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။
လက်ရှိတွင် ကုမ္ပဏီအသစ်အပြင် ကုမ္ပဏီအဟောင်းများကို စိစစ်နေခြင်းဖြစ်ပြီး ထပ်မံ၍လည်း ယခုကဲ့သို့ အရေးယူ ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်လာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်လာ လဲလှယ်မှုကိုတွေ့ရစဉ်
၎င်းက “အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မတင်ပြတာတို့ ဘာတို့ ရှိမှာပေါ့ ဗဟိုဘဏ်ကို အမြဲတမ်း စာတမ်းတွေ ဘာတွေ တင်ပြရတယ်ပေါ့နော်။ အဲဒါတွေ မပြည့်စုံတာတွေ ပါကောင်းပါလိမ့်မယ်။ နောက် black အရောင်းအဝယ် လုပ်တဲ့ဟာတွေ ပိတ်တယ်လို့ ထင်ပါတယ်။ အဟောင်းတွေကိုတော့ စိစစ်နေတာပေါ့နော်။ အဲဒါ အချို့ကတော့ ရုပ်သိမ်းသင့်ပါတယ်။ နဂိုကတည်းကလည်း မရှိတော့ စာရွက်စာတမ်း မတင်ပြနိုင်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါ သေးတယ်။ အဲဒါတွေလည်း ပါသွားမှာပေါ့နော်။ ကြားထဲမှာတော့ စိစစ်အုံးမှာပဲ။ ဘယ်အချိန် အတိုင်းအတာထိ လုပ်မလဲတော့ မပြောတတ်ဘူးပေါ့နော်။ အခုကတော့ ရှင်းရှင်းပြောရင်တော့ အကုန်လုံးကို သူက တစ်စဆွဲပြီး တော့ အစဆွဲထုတ်လိုက်လို့ ရလို့ အဲဒီအစတိုင်းကို ဆွဲတယ်လို့ မြင်တယ်လေ။ ဘာပဲပြောပြော အခု case တစ်ခု တက်လာရင် နောက် case တွေက ထပ်ထွက်လာတာကိုး။ ပတ်သက် စပ်ဆက်တာလည်း ဘယ်လို ဘယ်လို ပတ်သက် စပ်ဆက်တာတွေ ရှိလာတဲ့အခါကျတော့ ဒါတွေကတော့ အရေးယူဆောင်ရွက်မှုတွေကတော့ ဆက်ရှိ နေမယ်လို့တော့ မြင်နေပါသေးတယ်” ဟု ပြောသည်။
ပြီးခဲ့တဲ့နှစ် ဧပြီလတွင် ဗဟိုဘဏ်၏ ရည်ညွှန်းဈေး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ဖြင့် ရောင်းချ လဲလှယ်ရန် ထုတ်ပြန်ခဲ့သော်လည်း ပြင်ပဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာကို ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ် ကြား ရောင်းဝယ်နေကြကြောင်း၊ ထို့နောက် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို မလိုက်နာခြင်းကြောင့် ယခုကဲ့သို့ လိုင်စင်ပိတ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏ နိုင်ငံခြားငွေ သတ်မှတ်ဈေးသည် ပြင်ပပေါက်ဈေးနှင့် ကွာဟနေခြင်းကြောင့် ကုမ္ပဏီအများစုက ရောင်းဝယ်ခြင်းကို ရပ်နားထား၍ ပိတ်သိမ်းခြင်း ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များကြား ပြောနေကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 795
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်လည်ပတ်သည့်အခါ ယူဆောင်လာသည့် နိုင်ငံခြားငွေများကို ငွေလဲ ကောင်တာများတွင် လဲလှယ်ရာ၌ တင်းကြပ်စိစစ်မှုများကို ပြုပြင်ဖြေလျှော့သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်နှင့် ဟိုတယ်လုပ်ငန်းရှင်များက ထောက်ပြကြသည်။
ယခင်ကတည်းက ပြည်ပခရီးသွားများ ငွေလဲလှယ်ရာတွင် အပြစ်အနာဆာ ရှိ၊ မရှိ တစ်ရွက်ချင်း သေချာစွာ စိစစ်သည့်အတွက် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ပြည်ပခရီးသွားများအတွက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတိုးတက်စေရန် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ဖြေလျှော့ပေးမည်ဆိုပါက ကြီးမားသော ဖြေလျှော့မှုဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“ဖြေလျှော့ပေးသင့်တဲ့အချက် အကြီးကြီးထဲမှာ ပါတယ်ပေါ့။ အခုဆိုရင် နည်းနည်းလေး မှင်စွန်းလည်း မယူဘူး။ မှင်ရာလေးရှိတာနဲ့ ခေါက်ရာလေး နည်းနည်းရှိလည်းမယူကြဘူး။ ဆိုတော့ သူတို့က ဒီငွေကြေးကို ပစ္စည်းတစ်ခု လို တန်ဖိုးထားပြီးမှ နည်းနည်းပါးပါးနွမ်းနေရင်လည်း တချို့က ယူပေးပါတယ်၊ ဈေးတွေ လျော့ပေးတာတို့ ဒါတွေကတော့ မဖြစ်သင့်ဘူးပေါ့။ ပြီးတော့ နိုင်ငံတကာလာတယ်။ သူတို့ဆီမှာကြတော့ အဲဒါတွေ သိပ်မရှိဘူး။ ဆိုတော့ ကျနော်တို့ဆီ အဟောင်းတွေပေးလို့မယူရင် သူတို့တော်တော်အံ့သြတယ်။ သူတို့ဆီမှာလည်း တခါ တလေကျရင် အဟောင်းတွေပဲ ပါတာကို။ အသစ်တွေမှ မပါတာ။ အဲဒီစနစ်ကြီးကတော့ တကယ်တမ်း ပပျောက် ရင် ကောင်းတာပေါ့။ နိုင်ငံခြားသားတွေလာရင် သူတို့ပိုက်ဆံကို ဖင်ကြည့်၊ ခေါင်းကြည့် မယုံသင်္ကာသလို ကြည့်ဆိုတော့ သူတို့စိတ်ထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက်တော့ ဖြစ်တယ်လေ။ ကြီးကြီးမားမားတော့မထိခိုက်ပေမယ့် စိတ်အနှောင့်အယှက်ဖြစ်တဲ့အတွက် သူတို့တွေဆီမှာ ပါသွားမှာပေါ့။ ပြောစရာလေးတစ်ခုဖြစ်တာပေါ့လေ” ဟု ၎င်းကပြောသည်။
ထို့ကြောင့် ပြည်ပခရီးသွားများ နိုင်ငံခြားငွေလဲလှယ်ရာ၌ တင်းကြပ်စိစစ်မှုသည် မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ်ကို ကျဆင်းစေသဖြင့် အမှန်တကယ် ပြုပြင်ပြောင်းလဲသင့်သည့် အချက်တစ်ခုဖြစ်ကြောင်းလည်း အကြံပြုကြသည်။
ရန်ကုန်လေဆိပ်အတွင်းရှိ ငွေလဲကောင်တာတစ်ခုတွင် ငွေကြေးလဲလှယ်ရန် စောင့်ဆိုင်းနေကြသည့် နိုင်ငံခြားသားခရီးသွားများ
အခြားအိမ်နီးချင်းနိုင်ငံများ၌ ခရီးသွားကဏ္ဍတိုးတက်ခြင်းတွင် နိုင်ငံခြားငွေကြေးနှင့်ပတ်သက်၍ တင်းကြပ် စိစစ်မှု မရှိသည့်အတွက် ပြည်ပခရီးသွားများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်မှု ကင်းဝေးသည့်အတွက် သွားရောက် လည်ပတ်ကြခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ဝေဖန်ထောက်ပြကြသည်။
ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက “အဲဒါကတော့ အဓိကက ဗဟိုဘဏ်ရဲ့ ပေါ်လစီပါ။ ဗဟိုဘဏ်ကတော့ စာအနေနဲ့ကတော့ ထုတ်ထားတယ်။ ဒါပေမယ့် သူတို့ကပဲ အဓိက ငြင်းပယ်တာပေါ့။ ဒါတွေမရဘူး ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆို။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အခါကြတော့ အောက်ခြေကလည်း ဒီဒေါ်လာက တန်ဖိုးရှိတာကို။ အတုတွေကလည်း ပေါ်တယ်။ အရွက်အကြီးတွေက အတုများတယ်။ အရွက်ကြီးတွေက အတုများတော့ ခေါင်း ကြီး၊ ခေါင်းသေး တွေကလည်း ဖြစ်လာတယ်။ စုတ်တာမှမဟုတ်ဘူး။ ခေါက်တာမှမဟုတ်ဘူး။ အမေရိကားမှာ ဆိုရင်တော့ နံပါတ် ပါရင်ရတယ်။ ဘယ်လောက်ပဲ စုတ်ပြဲပြဲ ပေးလို့ရတယ်။ ကျနော်တို့က ဒေါ်လာကို တယုတယ ထားရတဲ့ ပုံစံ ဖြစ်နေတာပေါ့။ ဒါကတော့ ပေါ်လစီ လက်ခံတယ်ဆိုရင် အောက်ခြေတွေကလည်း လက်ခံမှာပါ။ သိပ် sensitive ဖြစ်တာတော့ မကောင်းဘူးပေါ့။ တော်ရုံတန်ရုံလောက်ကတော့ ခွင့်ပြုသင့်တယ်လို့ထင်တယ်။ ဒါကိုခွင့်ပြုဖို့ကလည်း တော်ရုံတန်ရုံ ဗဟိုဘဏ်ကနေ ကြေညာထားမယ်။ ဘယ်လိုပုံ ကာလာမျိုးဆိုရင်တော့ လက်မခံဘူး၊ ဘယ်လိုဒေါ်လာမျိုးလောက် အထိတော့ ခွင့်ပြုမယ်။ ဒါတွေကို စာနဲ့ထုတ်မယ်၊ တကယ် လက်တွေ့ လည်း ကောင်တာတွေမှာ သူတို့သွားလဲတဲ့အခါကြရင် ဒါတွေကို လက်ခံတယ်ဆိုရင် အောက်က ယုံကြည်မှု ရှိလာတာပေါ့။ အောက်က လက်ခံလိုက်ပြီးတော့မှ နောက်မှ နိုး လို့ပြောတဲ့အခါကြတော့ သူတို့အတွက်လည်း အလျော်အစားက ကြီးတယ်လေ” ဟု ပြောသည်။
ပြည်ပခရီးသွားများ နိုင်ငံခြားငွေလဲလှယ်သည့်အခါတွင် ဟောင်းနွမ်းခြင်း၊ အနည်းငယ်ပြဲနေခြင်း၊ ခေါက်ရာ ပါနေခြင်း စသည်တို့ပါရှိသဖြင့် လဲလှယ်ခွင့်မရသော အခြေအနေနှင့်ပတ်သက်၍ ပြည်ပခရီးသွားအချို့က ရုပ်သံမှတ်တမ်းရိုက်ကူးမှုများလည်း ရှိခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းတွင် ပြည်ပခရီးသွား အများအပြားဝင်ရောက်လာစေရန် visa free နှင့် ဆိုက်ရောက်ဗီဇာ (visa on arrival) ပေးခြင်းများကို ဆောင်ရွက်နေသဖြင့် လာမည့် ပွင့်လင်းခရီးသွားရာသီတွင် နိုင်ငံခြားငွေကြေးနှင့်ပတ်သက်၍ သေချာစွာ တင်းကြပ်စိစစ်ပြီးမှ လဲလှယ်ပေးခြင်းအား ဖြေလျှော့သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်နှင့် ဟိုတယ်လုပ်ငန်းရှင်များက အကြံပြုသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1045
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
၂၀၂၃ ခုနှစ် မိုးစပါးရာသီအတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို စပါးအမျိုးအစားပေါ် မူတည်၍ တင်း ၁၀၀ လျှင် ငွေကျပ် ၁၃ သိန်းမှ သိန်း ၂၀ အတွင်း ဈေးပေးဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်လာ ရာမှာ မျှတမှုမရှိဘူးဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။
ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဆန်ကြမ်းအမျိုးအစား ဖြစ်သည့် ဧည့်မထစပါး တင်း ၁၀၀ လျှင် ငွေ ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်းသာ ဈေးပေးဝယ်ယူရန်၊ ထိုဈေးနှုန်းထက် ကျော်လွန်ပါက ဖော်ထုတ် အရေးယူ သွားမည်ဟု ပါရှိသည်။
ဆန်စပါးအသင်းချုပ်၏ သတ်မှတ် ဈေးနှုန်းထက် လျှော့ချဝယ်ယူမည်ဆိုပါက အရေးယူမည်ဟု မပါရှိခြင်းနှင့် စပါးတင်း ၁၀၀ နှင့် ပတ်သက်၍ ပေါင်ချိန်သတ်မှတ်မှု မပါရှိခြင်းကြောင့် မျှတမမှုမရှိဘဲ တစ်ဖက်သတ် ဖြစ်နေ သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
စပါးစိုက်ခင်းကိုတွေ့ရစဉ်
၎င်းက “သူတို့သတ်မှတ်ပုံက စပါး တင်း ၁၀၀ ကို ဒါပေမယ့် ၁ တင်းကို ဘယ်နှပေါင်ဆိုတာ မပါဘူး။ တကယ် တော့ နိုင်ငံတကာမှာ အများအသိအမှတ် ပြုထားတာ ၄၆ ပေါင်။ စပါး ၁ တင်း ၄၆ ပေါင်၊ စပါး ၁၀၀ လျှင် အနိမ့် ဆုံးဈေးက ဒီဈေး။ ဒီနှစ်မှာ အမြင့်ဆုံးဈေးကိုပါ သူတို့က ဖမ်းချုပ်လိုက်တယ်။ နောက်ပြီးတော့ စပါး တင်း ၁၀၀ ဆိုတာ ဒီမှာက အရပ်ထဲမှာက ပေါင် ၅၀၊ ၅၅ ပေါင် ဝယ်နေကြတာလေ။ သူတို့က တင်း ၁၀၀ လို့သာ ပြောတာ ပေါင်ချိန်ကျတော့ ထည့်မပြောဘူး။ ဆိုလိုတာက ပေါင်ချိန်လည်း တရားဝင် သတ်မှတ်ချင် သတ်မှတ်ပေါ့။ နောက် တစ်ခုက သူတို့ရဲ့ ကြေညာချက်ထဲမှာ ဘာပါလဲဆိုတော့ အဲဒီ ၁၅ သိန်းဈေးနဲ့ ပိုမိုပြီးတော့ ဝယ်ယူလို့ရှိရင် ဖော် ထုတ် အရေးယူမယ်ပေါ့လေ။ ဒါပေမယ့် ၁၃ သိန်းဈေးအောက် ချဝယ်မယ်ဆိုရင် ဖော်ထုတ်အရေးယူမယ်ဆိုတာ ကျတော့ မပါဘူး။ သူတို့ရဲ့ အဓိက ကြေညာချက်ကတော့ ၁၅ သိန်းနဲ့ ပိုဝယ်မယ်ဆိုလို့ရှိရင် ဖော်ထုတ်အရေးယူ မယ်ဆိုပြီးတော့ အဲဒီလို ပြောထားတော့ ၁၅ သိန်းဈေးထက် ပိုပေးမဝယ်နဲ့လို့ ဆိုလိုတယ်။ နောက်ပြီးတော့ စပါး ၁၀၀ ဆိုတာလည်းပဲ စပါး ၁ တင်းကို ဘယ်နှပေါင်လို့ ထည့်သွင်း ပြောမထားဘူး။ ရရင် ရသလိုပေါင်နဲ့ ဝယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တာပေါ့။ အမှန်တော့ ဒါဟာ ပွင့်ပွင့်လင်းလင်းပြောရင် တစ်ဖက်သက်ဆန်တဲ့ ကြေညာ ချက် မျိုးပါပဲလို့” ဟု ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စပါးအမျိုးအစားအလိုက် တင်း ၁၀၀ အတွက် ဧည့်မထ၊ ငစိန်ကို ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်းကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧရာမင်းနှင့် ဧရာပဒေသာစပါးကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း စသဖြင့် ဈေးနှုန်း သတ်မှတ်ထားသည်။
စပါးစိုက်တောင်သူများကိုတွေ့ရစဉ်
အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းနှင့် ပတ်သက်ပြီး တောင်သူလယ်သမားများ၊ ကြိတ်ခွဲထုတ်လုပ် ရောင်းဝယ်သူများ အနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ် ရရှိရန်နှင့် စားသုံးသူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေသည့် ဆန်ဈေးနှုန်း ဖြစ်စေရန်အတွက် ရည်ရွယ်၍ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက “အခုက စပါးတွေ ဈေးကြီးပြီးတော့ အလု အယက် ဝယ်ပြီး ဆန်ဈေး၊ စပါးဈေး တက်မှာစိုးလို့ အခြေခံစပါးဈေးကို ခန့်မှန်းခြေလောက် ထုတ်ထားတာပါ။ ဒါမှလည်း ကျနော်တို့က ဘယ်ဈေးတွေနဲ့ အရောင်းအဝယ် လုပ်မယ်ဆိုတာ မှန်းလို့ရမှာ။ အခု သတ်မှတ်တာလည်း ကျနော်တို့က စိုက်စရိတ် ဘယ်လောက်ရှိတယ်။ လယ်သမားအကျိုးအမြတ် ဘယ်လောက် ရနိုင်မလဲဆိုတာ တွက်ပြီးတော့ ဒီဈေးလောက် ဖြစ်သင့်တယ်ဆိုပြီးတော့ ကျနော်တို့က ကြေညာတာပါ။ အဲဒီအတွက် စိုက်တဲ့သူ လည်း အကျိုးရှိမယ်၊ စားတဲ့သူလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ကြေညာတာပါ” ဟု ပြောသည်။
ယခု ထုတ်ပြန်ထားသည့် အခြေခံရည်ညွန်း စပါးဈေးနှုန်းသည် တောင်သူများအတွက် ထိုက်သင့်သည့် အကျိုး အမြတ် ရှိသော်လည်း သတ်မှတ်ဈေးအောက် ဝယ်ယူသူများကို အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် စပါးတင်း ၁၀၀ ပေါ် တွက်ချက်သည့် ပေါင်ချိန် ကွာခြားမှုအလိုက် ဈေးနှုန်းများ တိုးမြှင့်ပေးရန် လိုအပ်ကြောင်း တောင်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1064
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Terminal 1 လေဆိပ် အဆောက်အအုံအတွင်းသို့ ခရီးသည်များအား လိုက်ပါ ပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များကို ဝင်ရောက်ခွင့်ပြုကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ထားသည်။
ခရီးသည်များအနေဖြင့် ဂိတ်အမှတ် (၃) နှင့် (၄) မှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး လိုက်ပါ ပို့ဆောင်/ ကြိုဆိုကြ သူများအနေဖြင့် ဂိတ်အမှတ် (၂) မှ တဆင့်သာ ဝင်ရောက်ရမည် ဖြစ်ကြောင်း၊ ကြို/ပို့ ဧည့်သည်များသည် ဂိတ် အမှတ် (၂) အနီးရှိ Registration Area တွင် ဝင်ရောက်ခွင့်ကတ်ပြားအတွက် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ဂိတ် အမှတ် (၆) မှ ပြန်လည်ထွက်ခွာကာ ကတ်ပြားအား ပြန်လည်အပ်နှံရမည်ဖြစ်သည်။
ထိုသို့ ဖြေလျှော့ပေးလိုက်ခြင်းသည် ကောင်းမွန်သော်လည်း ဧည့်သည်များအနေဖြင့် စည်းကမ်းလိုက်နာရန် လိုအပ်ကြောင်း၊ စည်းကမ်းမလိုက်နာမှုများရှိပါက ၎င်းဝင်ရောက်ခွင့်ကို ပြန်ပိတ်သွားနိုင်ဖွယ်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
“လိုက်ပို့တဲ့လူတွေကလည်း စည်းနဲ့ကမ်းနဲ့ ကတ်ကိုထုတ်မယ်။ ပြန်အပ်မယ်။ နောက် သတ်မှတ်တဲ့အရေအတွက် ပေါ့။ ဘာလို့ဆို မိသားစု ၁၀ ဦးလုံး လိုက်ပို့ဖိုမလွယ်ဘူးပေါ့ အထဲမှာက။ တစ်နေ့ကို ရာချီ ထွက်နေကြတော့၊ ထောင်ချီထွက်နေကြတော့ အဲဒီမှာ တစ်ယောက်ကို လူတစ်ဦး ပို့ရင်တောင် ထောင်ချီ ဖြစ်သွားမယ်လေ။ အဝင်၊ အထွက်တွေနဲ့ဆိုရင် ကတ်တွေက မလောက်တာတွေ၊ နောက် overload ဖြစ်တာတွေ၊ မထိန်းနိုင်မသိမ်းနိုင်ဖြစ်မှာ တွေဆို ဒါတွေတော့ သူတို့ control လုပ်မှာပေါ့။ ဒါပေမယ့် စည်းမရှိ၊ ကမ်းမရှိဖြစ်လို့ တစ်ခုခုဖြစ်သွားရင် ဒီ system ကြီးကို ပယ်ဖျက်လိုက်ရင် ကျနော်တို့ လူထုပဲနာမှာပဲ သွားရတာ။ အဲဒါကြောင့်မို့လို့ ဒါလေးတွေကို သူတို့စည်းကမ်းအတိုင်း ပြောရရင်တော့ လေယာဉ်ချိန် ၂ နာရီလောက်အလိုမှာတော့ လူတိုင်းလိုလို ဖြတ်သင့် တယ်။ မဟုတ်ရင်အချိန်တွေကုန်ပြီးတော့ ကတ်တွေက မလောက်တာမျိုးတွေဖြစ်နိုင်တယ်။ ဒါကြောင့် Tour management ကိုတော့ self control system ကို သူတို့လုပ်သင့်တယ်လို့ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
လေဆိပ်အဝင် ဧည့်ဝင်ခွင့်ကတ်များ ပြသနေစဉ်
ယခင်က ရန်ကုန်လေဆိပ်အဆောက်အအုံအတွင်းသို့ ခရီးသွားမည့်သူမှအပ ကျန်လူများ ဝင်ရောက်ခွင့် မပြုသည့်အခါတွင် ပြည်ပခရီးသွားများအတွက် အခက်အခဲများဖြစ်ပေါ်သဖြင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များမှ ၎င်းအချက်အား ဖြေလျှော့ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်ကာ ကြို/ပို့ ဧည့်သည်များကို လေဆိပ်အဆောက်အအုံ ပရဝုဏ် အတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ လုပ်ငန်းရှင်များ၏ အကြံပြုတင်ပြချက်များအပေါ် ဖြေလျှော့မှုများ ပြုလုပ်လာခြင်းသည် ခရီးသွား လုပ်ငန်းအတွက် အဆင်ပြေကောင်းမွန်ကြောင်းလည်း ပုဂံ ဟိုတယ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။
“အရင်တုန်းကကြတော့ သူတို့က ဝင်ခွင့်မပေးဘူး။ ဝင်ခွင့်ပေးလို့ရှိရင်လည်း ပိုက်ဆံကို သောင်းကဏန်းနဲ့ တောင်းတာ။ ဧည့်သည်ကြတော့ ပြဿနာသွားတက်တယ်။ ခဏခဏ အခက်အခဲတွေက အများကြီးကိုတွေ့တာ။ ဒါကြောင့် guide တွေက ပြောကြတာပေါ့။ visa free ပေးတာမှ အစပေါ့လေ။ တချို့ကကြတော့ language က မရဘူးလေ။ အဲဒီတော့ ဒီက language ရတဲ့ guide က သွားပြီးတော့ ကြိုရရင် အဆင်ပြေသွားတာပေါ့။ အကြံပြု တင်ပြထားတာတွေကတော့ အများကြီးပဲ သူတို့ ဖြေးဖြေးချင်းလျှော့ပေးနေတယ်။ လက်တွေ့နယ်ပယ်မှာ လုပ်နေတဲ့အခါကြတော့ အခက်အခဲတွေက သိနေတာ” ဟု ၎င်းက ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်ပထွက်ခွာ ဝင်ပေါက်တွင် ဧည့်ဝင်ခွင့်ကတ်များ တန်းစီထုတ်ယူ နေစဉ်
လက်ရှိတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (visa on arrival) ခွင့်ပြုပေးထားသည့် အတွက် ၎င်းခရီးသွားများအနေဖြင့် လေဆိပ်သို့ရောက်ရှိသည့်အခါတွင် ဖောင်ဖြည့်ရသည့် လုပ်ငန်းစဉ်များ အဆင်ပြေစေရန် အချို့အရာများကို ဖြေလျှော့ပေးသင့်ကြောင်း ထောက်ပြကြသည်။
ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက “လာကြိုတဲ့သူတွေကို ခွင့်ပြုလိုက်တဲ့အတွက်ကြောင့် guide တွေက ဆိုင်းဘုတ်ထောင်ပြီးကြိုမယ်။ အခု visa on arrival လာရင်လည်း လာဦးမယ်။ ဖောင်တွေ ဖြည့်ရတာတွေ၊ ပိုက်ဆံနဲ့ပေးတဲ့အခါ ပိုက်ဆံလက်မခံတာတွေပေါ့။ ပိုက်ဆံငွေကြေးအရ ဒေါ်လာ ခေါင်းကြီး ခေါင်းသေး၊ အပြဲ ဖြစ်နေလို့ လက်မခံရင်ရော ဘယ်လိုလုပ်မလဲ။ electronic money credit ကတ်နဲ့ ပေးတာ လက်ခံလား။ ဒါတွေ လည်း ကျနော်တို့က စဉ်းစားရမှာလေ။ တကယ်လို့ ဟိုဟာဖြစ်ရင် ကျနော်တို့ အေးဂျင့်တွေက အထဲမှာဝင်ပြီးတော့ ကြိုပြီး ပိုက်ဆံရှင်းပေးရတာတွေ၊ ဖောင်တွေ တင်ပေးရတာတွေကြတော့ smooth ဖြစ်တာပေါ့ သူတို့တွေလာရင်။ ဒါမျိုးလေးတွေကိုလည်း ခွင့်ပြုမယ်ဆိုရင် ဧည့်သည်တွေအတွက် အနှောင့်အယှက်မရှိဘဲ ဝင်လာနိုင်မယ်။ လာတဲ့အခါမှာလည်း ဧည့်သည်ပျောက်တာတွေ၊ guide ပျောက်လို့၊ ကားပျောက်လို့ မတွေ့ရတာတွေထက်စာရင် ဒါလေးတွေက ကောင်းတယ်ပေါ့” ဟု ပြောသည်။
၎င်းဝင်ခွင့်ကတ် ထုတ်ယူရာတွင် မှတ်ပုံတင်ပြသရန် လိုအပ်ပြီး မည်သည့် အခကြေးငွေမျှ ပေးဆောင်ရန် မလို ကြောင်းနှင့် ကတ်ပြားအား အလွဲသုံးစားပြုလုပ်ပါက သက်ဆိုင်ရာမှ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1097
CNI News
စက်တင်ဘာ ၂၀
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ခင်းတချို့ ရေနစ်မြှုပ်ခြင်းများ ဖြစ်ပေါ်နေ၍ ဆက်လက် မိုးရွာသွန်းမှုများလျှင် အထွက်နှုန်း ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။
စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ နေ့စဉ် မိုးရွာသွန်းမှုများ ရှိနေခြင်းကြောင့် စပါးခင်းများတွင် ရေဝင်ရောက် ပြီး စပါးပင်များ ရေနစ်မြှုပ်ခြင်းနှင့် အပင်များလဲခြင်းများ ဖြစ်ပေါ်နေသည်။
မိုးရွာသွန်းမှု ဆက်လက် ဖြစ်ပေါ်မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီး အထက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် မိုးစပါး အထွက်နှုန်း ကျဆင်းနိုင်ကြောင်း၊ ခန့်မှန်းခြေအားဖြင့် ၁၀ ရာခိုင်နှုန်းခန့် ပျက်စီးနိုင်သည်ဟု လယ်သမား ဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အများအားဖြင့်တော့ ဧရာဝတီ အထက်ပိုင်း၊ ပဲခူးတိုင်း အဲဒီတိုင်းတွေမှာတော့ ဧည့်မထစပါးပေါ့ သက်နု တွေပေါ့။ ၃ လခွဲ၊ ၄ လ အဲဒီစပါးတွေ စိုက်ကြတာ ဖြစ်တဲ့အတွက် အဲဒီစပါးမျိုးတွေက အထွက်စုံတဲ့လူက စုံပြီ။ နှံဖျားဝင်းတဲ့သူက ဝင်းပြီ။ နို့ရည်ခဲတဲ့သူက ခဲပြီ။ ဖုံးတဲ့သူက ဖုံးပြီ စိုက်တဲ့ရက်ပေါ်မှာ မူတည်ပြီးတော့လေ။ နည်းနည်း နှံဖျားဝင်းတဲ့သူ၊ အထွက်စုံတဲ့ နို့ရည်ခဲတဲ့သူက ဒီမိုးဒီရေနဲ့ တချို့ တော်တော်လေး ကောင်းတဲ့စပါး တွေက အတံလဲတည်။ ဒါပေမယ့် မိုးက ဆက်ပြီးတော့ နောက် ၄၊ ၅ ရက် ဆက်ပြီးတော့ ရွာနေအုံးမယ်ဆိုရင်တော့ ဒီဘက်ပိုင်းက အတိုင်းအတာ တစ်ခု ပျက်နိုင်တယ်။ နောက်ထပ် ၄၊ ၅ ရက် ဆက်ပြီး ရွာမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း ဝန်းကျင်ပေါ့လေ ပျက်သွားနိုင်တယ်” ဟု ပြောသည်။
ရေနစ်မြှုပ်နေသော စပါးခင်းများကို တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး၊ အထက်ပိုင်းဒေသများဖြစ်သည့် ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ ကျုံပျော်ခရိုင်၊ မအူပင် ခရိုင်နှင့် ပုသိမ်ခရိုင် အထက်ပိုင်းတွင် ရေနစ်မြှုပ်မှု ဖြစ်ပေါ်ပြီး ပျက်စီးမှုများ ရှိနေကြောင်း၊ ကျန်ရှိသည့် ဖျာပုံခရိုင်၊ ကျိုက်လတ်ခရိုင်၊ လပ္ပတ္တာခရိုင်နှင့် မြောင်းမြခရိုင်များသည် ကုန်းမြင့်ပိုင်း ဖြစ်နေခြင်းကြောင့် ပျက်စီးမှု မရှိ ကြောင်း သိရသည်။
ထို့အပြင် ရေနစ်မြှုပ်မှု မဖြစ်ပေါ်သည့် ဘိုကလေးမြို့နယ်တွင် ပြီးခဲ့သည့် နှစ်များ၌ စပါးခင်းများ၌ ပိုးကျမှု မဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် ပိုးများ ကျဆင်းနေမှုကို တောင်သူများ ခံစားနေကြရသည်။
စပါးခင်းများတွင် ပိုးကျခြင်းကြောင့် ပိုးသတ်ဆေး ဖျန်းရသည့်အတွက် ကုန်ကျစရိတ်သည် တစ်ဧကလျှင် ၁ သိန်း ခန့် ပိုမိုကုန်ကျသွားကြောင်း၊ သို့သော်လည်း လက်ရှိတွင် စပါးပင်များ၌ ကျသည့်ပိုးကို အချိန်မှီ နှိမ်နှင်းနိုင်ခြင်း ကြောင့် စပါးအထွက်နှုန်းကို အနည်းငယ်သာ ထိခိုက်သည်ဟု ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပျိုးခင်းမှာလည်း ပိုးသတ်ဆေး ထည့်ရတယ်။ အခု စိုက်ခင်းမှာလည်း ပိုးသတ်ဆေး ထည့်ရတယ်။ ကုန်ကျ စရိတ်တွေက များများလာတယ်။ ပိုးကျမှန်းသိတော့ ဆေးဖျန်းတော့ ဆိုးဆိုးရွားရွား မဖြစ်သေးဘူး။ အထွက်နှုန်း တော့ ထိခိုက်နိုင်တာပေါ့။ ဒါပေသည့် အဲဒါကလည်း ပိုးသတ်ဆေး ဖျန်းတဲ့အတွက် စုံစုံလုံလုံ မှို့မကပ်သေးတဲ့ အတွက် စိုးရိမ်စရာတော့ မရှိဘူး။ မှို့ကပ်ခါနီးမှ ကျတာတို့ဆိုရင်တော့ နည်းနည်း စိုးရိမ်စရာရှိတယ်။ အခုချိန်မှာက ပြုပြင်လို့ ရသေးတယ်လေ အပင်ကို ကျတဲ့အတွက်လေ။ နောက်ပိုင်း မှို့ကပ်တဲ့အချိန်၊ စပါးမှို့ကပ်ခါနီး စကျပြီဆို ရင် ဆေးဖျန်း ဘာဖျန်းလည်း တချို့လွန်တာနဲ့ဆို စပါးအထွက်နှုန်း ထိခိုက်နိုင်တယ်။ အခုအနေအထားက စပါးကို ပြုပြင်လို့ရတဲ့ အချိန်မျိုးပေါ့” ဟု ပြောသည်။
ရေနစ်မြှုပ်မှု ဖြစ်ပေါ်ခဲ့သည့် စပါးများသည် စပါးအထွက်နှုန်း ကျဆင်းသည့်အပြင် ရိတ်သိမ်းချိန်တွင် ပေါက်စျေး နှုန်းထားမရရှိဘဲ စျေးနှိမ်ဝယ်ယူ ခံရခြင်းများလည်း ရှိသည်။

- By CNI
- Category: စီးပွားရေး
- Hits: 1449
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀
ထိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိမ့်ဆုံးအခြေခံလုပ်ခလစာအား တိုးမြှင့်ရန် ထိုင်းအလုပ်သမားဝန်ကြီး ဌာနနှင့် စက်မှုလုပ်ငန်းအဖွဲ့ချုပ်တို့ ဆွေးနွေးလျက်ရှိသော်လည်း တိုးမြှင့်မည့်ပမာဏနှင့်ပတ်သက်၍ အတည်မပြု ရသေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။
အနိမ့်ဆုံး အခြေခံလုပ်ခလစာသတ်မှတ်ခြင်းအား စက်မှုကဏ္ဍ ထိခိုက်မှုအပေါ် စိုးရိမ်သဖြင့် တစ်နိုင်ငံလုံး တပြေးညီ ဘတ် ၄၀၀ တိုးနိုင်မည် မဟုတ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ၏ ပြောဆိုချက်အား Thai PBS သတင်းတွင် ဖော်ပြထားသည်။
ထိုသို့ ဘတ် ၄၀၀ တိုးမြှင့်ရန် လုပ်ဆောင်မည်ဆိုပါက စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အား အပါအဝင် အဖက်ဖက်၌ လျှော့ချမှုများရှိလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အလုပ်ရှင်တွေအနေနဲ့ကတော့ တစ်ယောက်ကို ၄၀၀ နဲ့ နေ့စားခ ပေးရတော့မယ်ဆိုရင် သူတို့အနေနဲ့ကလည်း တွက်ပြီ။ သူတို့က အဲဒါဆိုရင် ကျန်တဲ့အပိုင်းတွေကို လျှော့ချ ကောင်း လျှော့ချနိုင်တာပေါ့။ ကျန်တဲ့အပိုင်းဆိုတာ လူမှုဖူလုံရေးအကျိုးခံစားခွင့်ပိုင်းဆိုင်ရာကြတော့ သူတို့ အနေနဲ့ လျှော့ချသွားမယ်။ တချို့စက်ရုံတွေမှာ အလုပ်ရှင်တွေက နားလည်မှုနဲ့ ဘောနပ်စ်ပေးတဲ့ဟာတွေ ဒါမျိုးတွေဆို သူတို့ကဖြတ်တော့မယ် ဘယ်ပေးတော့မလဲ သဘောပြောပြတာ။ ဒါမျိုးလုပ်တယ်ဆိုရင် ကျန်တဲ့ အခတွေ ကုန်ဈေးနှုန်းတွေ ဘာတွေက လိုက်တက်လာမယ့် အနေအထားမှာ ဖြစ်မယ်။ အဲဒါက မလွယ်ဘူး” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ခရိုင်အလိုက် အနိမ့်ဆုံးအခြေခံလုပ်ခလစာအား ၃၂၈ ဘတ်သို့ တိုးမြှင့်သတ်မှတ်ပေးထားခြင်းဖြစ်သော်လည်း နယ်စပ်ဒေသများတွင် အထောက်အထား စာရွက်စာတမ်း မရှိသဖြင့် တစ်ရက်အတွက် အခြေခံလုပ်ခလစာ ဘတ်ငွေ ၁၀၀ မှ ၂၀၀ ဝန်းကျင်အထိသာ ရရှိသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား အများအပြားရှိကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ဆက်ပြောသည်။
“အခုလက်ရှိ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာဆိုရင် ထားပါတော့ ၃၂၀၊ အများဆုံးက ၃၅၀။ အဲဒီလောက် ကိုပဲ တကယ် အားလုံးပေါ့ ထိထိရောက်ရောက်ရအောင် လုပ်ပေးနိုင်ရင် မဆိုးဘူး။ အခု အဲဒီသတ်မှတ်ထားတဲ့ တစ်နေ့တာ လုပ်အားခကို မရတဲ့လူတွေက အများကြီး ကျနော်တို့ နယ်မြေတွေမှာလည်းရှိတယ်။ ဒါပေမယ့် အလုပ်သမားတွေအနေနဲ့ကလည်း ၃၀၀ လောက် ရတယ်ဆိုရင် တော်ပြီ။ နောက် အကြောင်းကြောင်းကြောင့်ပေါ့။ တချို့ကျတော့လည်း အထောက်အထား မရှိဘူး။ အထောက်အထား မရှိတဲ့အခါကျတော့ အလုပ်ရှင်နဲ့ နားလည်မှု ပေါ့။ အလုပ်ရှင်ကလည်း သူ့ဘက်က သက်သာတယ်။ အလုပ်သမားကလည်း သူ့မှာ အထောက်အထား မရှိတဲ့အခါ ကြတော့ တိုးမတောင်းရဲဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံရှိ အသားစက်ရုံလုပ်ငန်းခွင်
အနိမ့်ဆုံး အခြေခံလုပ်ခလစာ ၄၀၀ ဘတ်သို့ တိုးပေးမည်ဆိုပါက လက်ရှိ ၃၂၈ ဘတ် ပေးဆောင်သောလုပ်ငန်း များအတွက် ကုန်ကျစရိတ်မှာ ၂၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပြီး ၃၅၄ ဘတ် ပေးဆောင်သောလုပ်ငန်းများ အတွက် ကုန်ကျစရိတ်မှာ ၁၃ ရာခိုင်နှုန်းတိုးလာမှာဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်က ထောက်ပြသည်။
အစိုးရလုပ်ငန်းများတွင် လုပ်ကိုင်နေသူများအား အနိမ့်ဆုံးအခြေခံလုပ်ခလစာ ၄၀၀ ဘတ်သို့ တိုးမြှင့်ပေးရန် လွယ်ကူသော်လည်း ပုဂ္ဂလိကလုပ်ငန်းများအတွက် မလွယ်ကူလှကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“လက်ရှိထိုင်းနိုင်ငံရဲ့ အခြေအနေက လုပ်ငန်းရှင်တွေက နိုင်ငံခြားသားတွေများတယ်။ တရုတ်နဲ့ အခြား နိုင်ငံခြား သားတွေများတာဖြစ်တဲ့အတွက် လုပ်ငန်းရှင်တိုင်းကရော မိမိတို့အလုပ်သမားတွေကို တစ်ချိန်တည်းမှာ လုပ်ခ လစာ ၄၀၀ ပေးနိုင်ပါ့မလားပေါ့။ ၄၀၀ မပေးနိုင်တဲ့အခါကျရင် ပြဿနာတွေက ဘာတွေဖြစ်လာမလဲ ဆိုတော့ အကြောင်းမဲ့ အလုပ်ဖြုတ်မယ်။ အလုပ်သမားတွေကို အစုလိုက်အပြုံလိုက်၊ ထောင်လိုက် သောင်းလိုက် နားခိုင်းတာတွေ၊ အလုပ်ဖြုတ်တာတွေ၊ ဒါတွေ လျှော့ချတာတွေ ဖြစ်လာမယ်။ ဒါဆိုလို့ရှိရင် တိုင်းပြည်အတွင်းမှာ ဆူပူမှုတွေ၊ ပြဿနာတွေဖြစ်လာမယ်။ အလုပ်လက်မဲ့တွေ ပိုပြီးတော့ များပြားလာမယ်။ ၃၅ ရာခိုင်နှုန်းလောက် အထိ လုပ်နေတဲ့အလုပ်ဟာ ဆောက်လုပ်ရေးအလုပ်ဖြစ်တယ်။ အင်မတန်အန္တရာယ်ကြီးတဲ့အလုပ်လို့ ပြောလို့ ရတာပေါ့။
ဆောက်လုပ်ရေးအလုပ်တွေထဲမှာ ပုဂ္ဂလိကအလုပ်က ၃၀ ရာခိုင်နှုန်းလောက်ရှိပြီးတော့ အစိုးရ အလုပ်က ၇၀ ရာခိုင်နှုန်းလောက်ရှိတယ် ဒီဆောက်လုပ်ရေးထဲမှာ။ အဲဒီတော့ တကယ်လို့များ ၄၀၀ ပေးရမယ် ဆိုရင်တောင်မှ အဲဒီအလုပ်ကြမ်းသမားတွေ၊ ဆောက်လုပ်ရေးထဲမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား သူတို့တွေကိုပဲ ၄၀၀ ပေးလိမ့်မယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့အသစ်သည် ဝန်ကြီးချုပ်သာ ပြောင်းလဲသွားခြင်းဖြစ်ပြီး မူဝါဒများမှာ ယခင် အစိုးရလက်ထက်အတိုင်းသာ ဖြစ်နေကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။
ဖြူးထိုင်းပါတီသည် မဲဆွယ်စည်းရုံးရေးကာလက အနိမ့်ဆုံးအခြေခံလုပ်ခလစာအား ဘတ် ၆၀၀ အထိ တိုးမြှင့်ပေးသွားမည်ဟု ကြွေးကြော်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် လက်ရှိ ဘတ် ၄၀၀ တိုးမြှင့်ရန် လုပ်ဆောင်ရန်မှာ မလွယ်ကူသည့် အနေအထားဖြစ်သောကြောင့် ၎င်းတို့ အစိုးရသက်တမ်းကာလအတွင်း ဘတ် ၆၀၀ တိုးမြှင့်ရန်မှာ မဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။