- By CNI
- Category: စီးပွားရေး
- Hits: 568
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
ကိုဗစ်ကြောင့် ပိတ်ထားသည့် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည် ဖွင့်လှစ်လိုက် ခြင်းသည် မြန်မာများထက် ထိုင်းနိုင်ငံအတွက်သာ အကျိုးအမြတ်ပို၍ ရရှိခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် လိုက်သော်လည်း လက်ရှိတွင် နေ့ချင်းပြန်သွားလာသည့် မြန်မာနိုင်ငံသား အနည်းငယ်သာရှိသေးပြီး ထိုင်းဘက်မှ နေရပ်ပြန်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့မှာလည်း နည်းပါးသေးကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “မြန်မာဘက်က အဲဒီလောက် မရဘူး။ ထိုင်းဘက်ကပိုရတယ်။ ဘာကြောင့် ထိုင်းဘက်ပိုရလဲဆိုတော့ ထိုင်းထဲကို ဝင်လာတဲ့ အခု နယ်ခြား ဖြတ်သန်းခွင့်လက်မှတ်ကိုတောင်မှ အရင်တုန်းက ဘတ်ငွေ ၂၀ ပေးရတာကို အခုက ဘတ် ၆၀ ပေးရတယ်။ နောက်တစ်ခုက ဒုတိယတစ်ခုက မြန်မာနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ပြန်ရင် ထိုင်းအစိုးရ ရဲ့ဝင်ငွေက ဗီဇာ section အရ တုံးကြီးထုရတာပေါ့။ တုံးထုပြီးတော့ပြန် အဲဒီတံဆိပ်တုံး ထုလို့ရှိရင် ဘတ် ၁၀၀၀(မြန်မာငွေ ၈သောင်းကျော်) ပေးရတယ်။ ၁၀ ယောက်ပြန်ရင် ဘတ် ၁၀၀၀၀ (မြန်မာငွေ ၈ သိန်းကျော်) ပေးရတယ်။ ဒါဟာ ထိုင်းအစိုးရရဲ့ အခွန်ဝင်ငွေပဲ။ ဒီနေရာမှာ လ.ဝ.က လူဝင်မှုကြီးကြပ်ရေးကနေ ပြီးတော့ တံတားပေါ်မှာတောင်းတာတွေက တရားမဝင်ဘူးဆိုပေမယ့် အထွက်တုံး တစ်တုံးထုရင် ဘတ် ၁၀၀ တောင်းတာ တွေ၊ ၂၀၀ တောင်းတာတွေ ရှိတယ်ပေါ့နော် အဝင်၊ အထွက်ဆိုရင်။ မြန်မာနိုင်ငံသားဟာ ထိုင်းနိုင်ငံထဲမှာ တရားဝင်ဗီဇာ ကိုင်ထားတဲ့သူက ၅ သန်းကျော်ရှိတယ်လေ။ အဲဒီတော့ ဒီတံတား (၁) ရုတ်တရက် ပြန်ဖွင့်ခြင်းဟာ အခြေခံလူတန်းစားတွေအတွက် ကောင်းသလားမေးရင် အရမ်းကောင်းတယ်။ နှစ်နိုင်ငံအကျိုးစီးပွားနဲ့ လတ် တလော အမြင်မှာလည်းကောင်းတယ်ဆိုပေမယ့် လက်ရှိ အကျိုးအမြတ် ပိုမိုရရှိစေတာကတော့ ထိုင်းအစိုးရပဲ ဖြစ်တယ်” ဟု ပြောသည်။
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမြင်ကွင်း
ယခုကဲ့သို့ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် တရားဝင် နေရပ်ပြန်ချင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အဆင်ပြေသကဲ့သို့ နေ့စား အလုပ်လာရောက် လုပ်ကိုင်ချင်သူများအတွက်လည်း အဆင်ပြေကြောင်းသိရသည်။
ထိုင်းနိုင်ငံထဲ၌ တရားဝင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယခင် တံတားမပိတ်ခင် ကာလက နေရပ်ပြန်သည့်အခါတွင် လူရာနှင့်ချီ၍ ပြန်ကြခြင်းဖြစ်သော်လည်း လက်ရှိတွင် လုံခြုံရေး စိုးရိမ်မှု ကြောင့် နေရပ်ပြန်သူဦးရေ ဆယ်ကဏန်းခန့်သာ ရှိကြောင်းလည်း သိရသည်။
MWRN မှ အကြံပေး ဦးအောင်ကျော်က “ဒီတံတားဖွင့်တယ်ဆိုတာက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိကTarget ထားပြီး ဖွင့်တာ မဟုတ်ပါဘူး။ ဒါက နိုင်ငံတစ်နိုင်ငံမှာ သူ့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကသာလျှင် တိုင်းပြည်အတွက် အကျိုးအမြတ် အများကြီး ရတဲ့အတွက်ကြောင့် သူတို့ ဒီ ၃ နှစ်လောက် ရပ်တန့်ထားရတဲ့အတွက်ကြောင့် သူ့နိုင်ငံရဲ့ စီးပွားထုတ်ကုန်တွေ အားလုံးကို အင်နဲ့အားနဲ့ သန်းနဲ့ချီပြီး ရောင်းချနိုင်စွမ်းမရှိလို့ ဖြစ်သွားတဲ့အနေအထားမှာ အခုလိုတံတားကြီးကို ဖွင့်ပြီးမှ လက်ရှိအနေအထားမှာ သူတို့ စီးပွားရေးကို အရှိန်အဟုန်နဲ့ မြှင့်တင်ချင်လို့သာဖြစ်လို့ နှစ်ဘက် ကြိုးစား ပြီးဖွင့်လိုက်ကြတာ။ တချို့တချို့သော အလုပ်သမားတွေလည်း တရားဝင်လမ်းကြောင်းကနေ မြန်မာပြည်ကို ပြန်ချင်နေတဲ့ လုပ်သားလေးတွေလည်း ရှိတယ်။ အဲဒါကတော့ သူတို့ မိဘ၊ ဆွေမျိုးနဲ့ တွေ့ချင်ကြတာတွေ။ သို့သော် အဲဒီလိုတံတားကို တရားဝင်မဖွင့်တဲ့အခါမှာတော့ ပြန်ခွင့်မရဘူးပေါ့။ အဓိကကတော့ တံတားကို တရားဝင်ဖွင့်လိုက်ပြီဆိုတော့ သွားလာလို့ရတဲ့ အနေအထားတော့ ဖြစ်ပါပြီ။ အဲဒီအတွက်တော့ အလုပ်သမား တွေက ကျေနပ်အားရ ဖြစ်ပါတယ်။ သို့သော် အလုပ်သမားတွေက တံတားဖွင့်လိုက်လို့ ကျေနပ်တယ်ဆိုပေမယ့် သူတို့စိတ်ထဲမှာ သံသယစိတ်နဲ့ စိုးရိမ်နေတာက နေ့စဉ်ရက်ဆက် အဲဒီအနားမှာလည်း တိုက်ပွဲဖြစ်ပေါ်မှုတွေရှိတော့ သူတို့အတွက် လုံခြုံမှုရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလေးတွေတော့ရှိနေဆဲပါ။လမ်းကြီးဖွင့်လို့ သူတို့ပျော်နေ ပေမယ့် ဟိုဘက်မှာ ဝုန်းဒိုင်းဆိုတဲ့ အသံတွေ ကြားနေတော့ သူတို့ စိုးရိမ်စိတ်ရှိနေပါသေးတယ်” ဟု ပြောသည်။
လုံခြုံရေးနှင့်ပတ်သက်၍ ကြည့်ပါက မဲဆောက်ဘက်အခြမ်းတွင် ထိုင်းနိုင်ငံမှ လုံခြုံရေးအား သေချာစွာ ချမှတ် ထားခြင်းဖြစ်ပြီး မြန်မာဘက်တွင်လည်း လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ သေချာလုပ်ဆောင်သင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။
လက်ရှိတွင် တံတားပြန်ဖွင့်သည်မှာ ရက်ပိုင်းသာရှိသေးသည့်အပြင် ယာဉ်ငယ်နှင့် ခရီးသွားမည့်သူများကိုသာ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်ပြီး ကုန်တင်ယာဉ်များအား ခွင့်ပြုခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် အချိန်ကာလ အနည်းငယ်ကြာမြင့်ပါက ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ပါ ကောင်းမွန်ကြောင်းနှင့် တံတားပြန်ဖွင့်လိုက်သည့် အကျိုးဆက်အနေဖြင့် ထိုင်းဘတ်ငွေဈေးများလည်း တက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် တံတားမပိတ်မီ ၂၀၁၉ ခုနှစ်အထိ တစ်လလျှင် ထိုင်းဘတ်ငွေ သန်းပေါင်း ၁ သိန်းအထိ ရှိခဲ့ကြောင်း စီးပွားကူးသန်း၏စာရင်းများအရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 394
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုသည် ယခင်နှစ်ထက် စိုက်ပျိုးဧက တိုးလာကြောင်း ရခိုင်ပြည်နယ်ရှိ နွေစပါးစိုက်တောင်သူများထံမှ သိရသည်။
လက်ရှိတွင် စပါးဈေးနှုန်း ကောင်းမွန်နေခြင်းနှင့် ဆည်ရေများမှတဆင့် ရေရရှိမှုသည် ယခင်နှစ်ထက် ကောင်းမွန် လာခြင်းတို့ကြောင့် နွေစပါးကို တိုး၍ စိုက်ပျိုးခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်ထီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်ခဲ့တဲ့နှစ်က ဧက ၆၀၊ ၇၀ လောက်စိုက်တယ်။ ဒီနှစ်က ဧက ၂၀၀ လောက် စိုက်တယ်။ တိုးစိုက်ဖြစ် တာက ရေမြောင်းကို ဒီနှစ်က ဆည်မြောင်းက တစ်ဖက်တစ်လမ်းက လုပ်ပေးတယ်။ ပြီးတော့ စပါးဈေးက ဒီနှစ်က တွက်ခြေကိုက်တယ် အဲဒါလည်း ပါတာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ရခိုင်ပြည်နယ်၏ နွေစပါးစိုက်ပျိုးမှုသည် ယခင်နှစ်က ဧက ၈၀၀ ကျော်ရှိပြီး ယခုနှစ်တွင် ဧက ၁၅၀၀ ကျော်ရှိသည့်အတွက် ယခင်နှစ်ထက် စိုက်ပျိုးဧက ၇၀၀ ခန့် တိုးလာ ကြောင်း သိရသည်။
စပါးများစိုက်ပျိုးနေကြသော တောင်သူများကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်တွင် နွေစပါးကို ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်တို့တွင် စိုက်ပျိုးလျက် ရှိကြောင်း၊ ကျောက်တော်မြို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ရေအတွက် ရေအရင်းအမြစ် ဦးစီးဌာနက ကူညီပေးကြောင်း၊ မျိုးစပါးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ကူညီပေးကြောင်း သိရသည်။
သို့သော် နွေစပါးစိုက်ပျိုးရာတွင် ဆည်ရေမှ ရေနှင့် မြစ်ရေမှတဆင့် တင်သည့်ရေဆိုပြီး နှစ်မျိုးရှိကြောင်း၊ သို့သော်လည်း တချို့သော နေရာများတွင် လယ်ကွင်းနှင့် မြစ်ရေ အလှမ်းဝေးသည့်အတွက် စိုက်ပျိုးရန် အခက်အခဲ ရှိနေကြောင်း တောင်သူ ဦးသန်းဝင်းဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမတော့ စိုက်ဖို့အတွက် ကြိုတင်ပြီး လုပ်ပါတယ်။ ဒါပေမယ့် ရေခိုမြောင်းထဲကို ရေမဝင်လို့ စိုက်ဖို့ ရာက နည်းနည်း အခက်အခဲ ရှိတယ်။ ဘယ်လို အခက်အခဲလဲဆိုတော့ အဲဒီ ရေခိုမြောင်းဆိုတာက ရေပေး ခံထား ရတဲ့ နေရာနဲ့ မြစ်နဲ့က ပေး ၃၀၀၊ ၄၀၀ လောက် ဝေးတယ်။ အဲဒီရေကိုမှပဲ မြောင်းနဲ့ ကွင်းကို ရောက်အောင် မြေကို တူးရတယ်။ ရေ pump ကလေ ကွင်းထဲမှာ မဟုတ်ဘူး။ ရေကလေ ဝေးသွားတယ် pump နဲ့လေ ဝေးတာပေါ့။ ပေ ၃၀၀ လောက် ရှိတယ်ထင်တယ်။ အခုတော့ သူတို့က တာဝန်ယူတယ်လို့တော့ ပြောတယ် ရေအရင်းအမြစ်က မြောင်း တာဝန်ခံကလေ။ အဲဒီအတွက် စိုက်ဖို့ကို စဉ်းစားနေတယ်။ ဧကတော့ အများကြီး မဟုတ်ပါဘူး။ အစတုန်း ကတော့ ဧက ၇၀၊ ၁၀၀ လောက် လုပ်ဖို့ စဉ်းစားထားတာ။ ရေက စိတ်မချရလို့၊ ရေအဆင်မပြေလို့လေ အခု ဧက ၂၀၊ ၃၀ လောက် လုပ်ဖို့ စဉ်းစားနေတာ” ဟု ပြောသည်။
စပါးများစိုက်ပျိုးနေကြသော တောင်သူ အမျိုးသမီး ၂ ဦးကိုတွေ့ရစဉ်
တောင်သူလယ်သူများ အဆင်ပြေစေရန်နှင့် ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ရခိုင်ပြည်နယ်တွင် စပါးကို နှစ်သီးစား အနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ ထိုသို့ စိုက်ပျိုးနိုင်ရန်အတွက် ဆည်ရေသောက် စီမံကိန်းနှင့် မြစ်ရေတင် စီမံကိန်း များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း တောင်သူများက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရေလှောင်တမံ ၁၀ ခုကျော် ရှိသော်လည်း ရေပေးဝေနိုင်မှု နည်းပါးခြင်းကြောင့် ဆည်ရေသွင်း စနစ်ဖြင့် နွေစပါးများ စိုက်ပျိုးမှု နည်းပါးကြောင်း၊ စပါးစိုက်ဧက ၁၀ သိန်းကျော် ရှိသည့်အနက် နွေစပါးစိုက်သည့် ပမာဏသည် ၃ ပုံ ၁ ပုံခန့်သာ ရှိသေးကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1190
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
မလေးရှားတွင် ပါမစ်ပြန်လည်ဖွင့်ပေးမည်ဟု ဆိုထားသော်လည်း စတင်ထုတ်ပေးမည့် ရက်အတိအကျအား မထုတ်ပြန်သေးသည့်အတွက် ပါမစ်ပြုလုပ်မည့် မြန်မာများအနေဖြင့် ပွဲစားနှင့် အေးဂျင့်များထံ ငွေကြေးများအား ကြိုတင်၍ မလွှဲသင့်သေးကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှား ပြည်ထဲရေးဝန်ကြီးမှ နိုင်ငံခြားသားများအား တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပါမစ်အား ပြန်ဖွင့် ပေးမည်ဟု ကြေညာပြီးနောက် လက်ရှိတွင် ပွဲစားနှင့် အေးဂျင့်များက ပါမစ်လုပ်ရန်အတွက် စရံငွေအဖြစ် ကြိုတင် ငွေကြေး တောင်းခံမှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ သတိပေးခြင်း ဖြစ်ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ် အနေအထားမှာတော့ စောသေးတယ်လို့ ကျနော်ထင်တယ်။ တရုတ်နှစ်ကူးပြီးတဲ့ အထိ သို့မဟုတ် ဒီလကုန်တဲ့အထိ ဖေဖော်ဝါရီလလောက်မှ အခြေအနေလေးကို ကျနော့်အနေနဲ့တော့ စောင့်ကြည့် စေချင်ကြတယ်။
ဖမ်းဆီးခံထားရသော ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
အဓိကကတော့ လုပ်ချင်တဲ့ လူတွေကသာလျှင် အဓိက ခွဲခြားဝေဖန်ပြီးတော့ အပ်သင့်တာပေါ့ နော်။ ဒီလူကို ယုံကြည်ရမလား၊ ပေးဆောင်ရမယ့် ငွေကြေးပမာဏက နည်းနည်းနောနော ငွေဆိုတာလည်း မဟုတ်ဘူး။ ရှာရတာလည်း လွယ်တာမဟုတ်ဘူး။ အဲဒီအတွက် စေ့စေ့စပ်စပ်နဲ့ အဘက်ဘက်ကို စုံစမ်း မေးမြန်း ပြီးမှ လုပ်စေချင်တယ်ပေါ့။ ဘယ်သူတွေ ဘာပြောပြော ဘယ်နှလအတွင်းရမယ်၊ ပါမစ် ဘယ်နှလအတွင်း ချမယ် ဆိုပြီးတော့ ကတိကဝတ်တွေခံလည်း မယုံကြပါနဲ့ဦးပေါ့နော်။ ဘာမှန်းမသိရသေးတဲ့ အနေအထားမျိုး မှာပေါ့နော်။ ကျနော်ကတော့ သူတို့ အလိမ်ခံရမှာပဲ စိုးရိမ်တာ။ ဘာလို့လဲဆိုတော့ ခေတ်အဆက်ဆက်မှာ ဒီကိစ္စနဲ့ သူတို့ အလိမ်ခံရတာတွေလည်း မနည်းတော့ဘူးလေ။ အတုတွေလည်းရှိပါတယ်။ လ.ဝ.က ကနေ တရားဝင် ချပေးတဲ့ စတစ်ကာပါမစ် မဟုတ်ဘဲနဲ့ ဘယ်ကနေ ဘယ်လိုထွက်လာတဲ့ ပါမစ်တွေလဲမသိဘူး ကပ်ပေးလိုက်တယ်။ တကယ် တမ်း သွားစစ်ကြည့်တော့ အတုတွေ ဖြစ်နေတာတွေလည်း အများကြီး ရှိတာပေါ့နော်။ အဲဒါကြောင့်မို့လို့ လောလောဆယ် အခြေအနေမှာတော့ စောင့်ကြည့်ကြပါဦးလို့ ကျနော်ပြောချင်ပါတယ်”ဟု ပြောသည်။
ထို့အပြင် ၂၀၂၂ ခုနှစ်က ပါမစ် ထုတ်ပေးခဲ့ချိန်တွင် ပွဲစား၊ အေးဂျင့်များဖြင့် လုပ်ကြသည့် မြန်မာအလုပ်သမားများ ၌ ယနေ့အထိ ပါမစ် မရရှိသည့်အပြင် ငွေကြေးလည်း ဆုံးရှုံးလိုက်ရသူများရှိကြောင်း သိရသည်။
ပါမစ်ပြုလုပ်ရာတွင် ပွဲစား၊ အေးဂျင့်တို့ဖြင့် မဟုတ်ဘဲ မိမိ၏ အလုပ်ရှင်သူဌေးမှ ပြုလုပ်ပေးပါက အစိုးရ ကုန်ကျ စရိတ်အဖြစ် မလေးရှားရင်းဂစ်ငွေ ၅၀၀၀ (မြန်မာငွေ ၂၄ သိန်းကျော်) ကုန်ကျသည့်အပြင် Overstay သမားဖြစ် ပါက နှစ်အလိုက် ဒဏ်ကြေးငွေ သတ်မှတ်ထားကြောင်းလည်း သိရသည်။
သို့သော် ပွဲစား၊ အေးဂျင့်များဖြင့် ပြုလုပ်သည့်အခါတွင် မလေးရှားရင်းဂစ်ငွေ အနည်းဆုံး ၈၀၀၀ (မြန်မာငွေ ၃၈ သိန်းကျော်) မှ ၁၅၀၀၀ (မြန်မာငွေ ၇၂ သိန်းကျော်) အထိ ပေးခဲ့ရကြောင်း သိရသည်။
မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့ကိုတွေ့ရစဉ်
မလေးရှားနိုင်ငံတွင် အလုပ်သမားတစ်ယောက်၏ တစ်လအတွက် အနည်းဆုံး အခြေခံလုပ်ခလစာမှာ မလေးရှား ရင်းဂစ်ငွေ ၁၅၀၀ (မြန်မာငွေ ၇ သိန်းကျော်) သာ ရှိသည့်အတွက် ပါမစ်အတွက် ကုန်ကျစရိတ်မှာ အင်မတန် များပြားသောကြောင့် ပြီးခဲ့သည့် နှစ်များက ပါမစ် မပြုလုပ်သည့် မြန်မာ အများအပြားလည်း ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပွဲစားနှင့် အေးဂျင့်များအနေဖြင့် ကိုယ့်လူမျိုး အချင်းချင်း ထိုကဲ့သို့ ငွေကြေးပမာဏ အများအပြား မယူသင့်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်သမားတစ်ယောက်က တစ်လမှ ၁၅၀၀ ပဲရတယ်။ ၁၅၀၀ ဆို တစ်နှစ်လုံးမှ ၁၅၀၀၀၊ ၁၈၀၀၀ ပေါ့။ ဆိုတော့ တစ်သောင်းရှစ်ထောင်မှာ သူ့အနေနဲ့ တစ်သောင်းပေးလိုက်ရင် ဒီ ၈၀၀၀ နဲ့ သူဘယ်လို ထမင်းစား မလဲ။ အိမ်ငှားခတွေ ဘယ်လိုပေးမလဲ။ ခရီးစရိတ်တွေ ဘယ်လိုပေးမလဲ။ ကျန်းမာရေးတွေ ဘယ်လိုလုပ်မလဲ။ ဒါတွေက အဓိပ္ပါယ်မရှိတဲ့ဟာတွေလေ။ တကယ်က မလေးရှားအစိုးရကလည်း သိသင့်သလောက် သိပါတယ်။ အရင်က ၂၈၀၀၊ ၃၅၀၀ အထိ ပေးရတာတောင်မှ လုပ်ငန်းရှင်တွေက တအားများတယ်။ ဒီအလုပ်သမားတွေမှာမှ တစ်လမှ ၁၅၀၀ ရတာ သူတို့ဘယ်လိုစားသောက်နေထိုင်မလဲ။ လုံးဝမကျန်ဘူးဆိုပြီးတော့ အစိုးရကို တင်ပြခဲ့ကြတာတွေ ရှိပါတယ်” ဟု ပြောသည်။
ယခုပြန်ဖွင့်ပေးမည့် ရီကာလီဘရာစီ ပါမစ်သည် မလေးရှားအစိုးရမှ ရေးဆွဲထားသည့် လုပ်သားစိစစ်ရေး ပရိုဂရမ် (RTK Program) ဖြစ်ပြီး တရားဝင်နေထိုင် အလုပ်လုပ်ခွင့် ရရှိသည့် ပါမစ်ဖြစ်ကြောင်း၊ ထိုပါမစ်ကို တစ်နှစ် တစ်ခါ ထုတ်ပေးကြောင်း၊ ထုတ်ပေးသည့် အခါများတွင် နှစ်စဉ် ဖြေလျှော့မှုများလည်း ရှိကြောင်း သိရသည်။
ပါမစ် လျှောက်ချင်သူများအနေဖြင့် တရားဝင် အထောက်အထားအဖြစ် ပတ်စပို့စ် စာအုပ်ရှိပြီး အလုပ်ရှင် သူဌေးရှိ ပါက လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 373
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ခုဖြစ်သည့် မူဆယ်-ကျင်စန်းကျော့ဂိတ်၌ ကျင့်သုံးနေသည့် အစား ထိုးယာဉ်မောင်းစနစ်(ရှန်တိန်) ၃ ဆင့်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံမှ သိရ သည်။
ထိုသို့ အစားထိုးယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ကုန်သည်များအနေဖြင့် အစားထိုးယာဉ်မောင်း ငှားရမ်းခစရိတ် ၁ သိန်းခွဲခန့် သက်သာသွားကြောင်း၊ ထို့နောက် ကုန်သွယ်ရေးလည်း ရေရှည်တွင် မြန်ဆန်လာမည် ဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစားထိုးယာဉ်မောင်းက အရင်တုန်းက အဆင့် ၃ ဆင့်လောက် ရှိတယ်။ ၁၀၅ မိုင်ကနေ ရွှေလွယ်အင်ကို တစ်ကြောင်း၊ ၁၀၅ မိုင်ကနေပြီးတော့ ရွှေလီရေးဗားကို တစ်ခု၊ ရွှေလီရေးဗားကနေ အခွန်လွတ်ကွင်းကို တစ်ခု၊ ရွှေလွယ်အင်ကို သွားတဲ့အထိက ဖွင့်လိုက်ပြီ။ ရွှေလွယ်အင်မှာ တစ်ခုပဲ ကျန်တော့တယ်။ ၁၀၅ မိုင်ကနေ ရွှေလွယ်အင်ကိုသွားတဲ့ အစားထိုးယာဉ်မောင်း၊ ၁၀၅ မိုင်ကနေပြီးတော့ ရွှေလီရေးဗားကို သွားတဲ့ အစားထိုး ယာဉ် မောင်းက ဖျက်သိမ်းလိုက်ပြီ။ အဆင့် တစ်ခုပဲ ကျန်တော့တယ်။ ဒီအတွက် ကားသမားတွေ အနေနဲ့ကတော့ စရိတ် ၁ သိန်းခွဲလောက် သက်သာသွားတာကို တွေ့ရတယ်။ လောလောဆယ် နံပါတ် ၁ က စရိတ် သက်သာသွားတယ်။ နံပါတ် ၂ က အဆင့်ဆင့် ပြောင်းစရာမလို၊ အဆင့်ဆင့် စောင့်ဆိုင်းစရာ မလိုတဲ့အတွက် အရင်လို ကြန့်ကြာမှုတွေ မရှိတော့ဘူး။ ဒါပေမယ့် အစားထိုးယာဉ်မောင်းက တစ်ခု ကျန်သေးတယ်နော်။ တရုတ်ပြည်ကိုဝင်တဲ့ နောက်ဆုံး ဂိတ်က ကျန်သေးတယ်။ အဲဂိတ်က မဖျက်သေးဘူး။ အဲဒီဂိတ်ကိုပါ ဖျက်သိမ်းလိုက်လို့ရှိရင် အစားထိုးယာဉ်မောင်း စရိတ်က ၂ သိန်းလောက် သက်သာသွားမယ်” ဟု ပြောသည်။
တရုတ်သို့ သွားမည့် ကုန်ကားများကိုတွေ့ရစဉ်
လက်ရှိ အစားထိုးယာဉ်မောင်းစနစ်သည် တရုတ်နိုင်ငံနှင့် ကပ်လျက်ဖြစ်သည့် ရွှေလွယ်အင်မှ တစ်ဆင့်သာ ကျန်ရှိတော့မည် ဖြစ်သည်။
အစားထိုးယာဉ်မောင်းစနစ်သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှု များပြားခဲ့သည့် အချိန်တွင် စတင် ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစနစ်ကြောင့် ကုန်သည်များ ကုန်ကျစရိတ် မြင့်တက်ခဲ့ကြောင်း၊ အစားထိုး ယာဉ်မောင်းသူများသည် တရုတ်နိုင်ငံမှ ယာဉ်မောင်းများ ဖြစ်သည့်အတွက် မြန်မာကုန်ကားသမားများအတွက် ဝင်ငွေများလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှန်တိန်ကွင်းများတွင် ကုန်ကားများ ညအိပ်ရခြင်းကြောင့် ကုန်သွယ်ရေးတွင် ကြန့်ကြာမှုများနှင့် ကုန်ကား ရှားပါးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ဖရဲသခွားစိုက်တောင်သူ ကိုသစ္စာက “ကြိုဆိုပါတယ် အခုလက်ရှိ အဆင့်တွေ ဖျက်သွားတာကို ကြိုဆိုပါတယ်။ နည်းနည်းလေး မြန်ဆန်မှု ရှိလာတာ မှန်ပါတယ်။ ဒါပေမယ့်လို့ မြန်ဆန်မှု ဘာကြောင့် ဒီလိုဖြစ်လာတာလဲဆိုတော့ ဒီနှစ်သည် နိုင်ငံရေး အခြေအနေကြောင့်၊ နယ်မြေမအေးချမ်းမှု အခြေအနေကြောင့် ဖရဲသခွား စိုက်တဲ့အားသည် ၆၀ ရာခိုင်နှုန်းလောက် ကျတယ်လို့ ပြောခဲ့ဖူးတယ်နော်။ အဲကျတော့ ကားဝင်တာလည်း တစ်နေ့ကို အစီး ၅၀၊ ၁၀၀ ထက် ပိုမဝင်ဘူး။ ခါတိုင်းသည် တစ်ရက်ကို အစီး ၃၀၀၊ ၄၀၀၊ ၅၀၀၊ ၆၀၀ ဝင်နေရင် ဒီအခင်းအကျင်းသည် နောက်ထပ် Traffic ဖြစ်မယ့် အနေအထားပါ။ အခုဟာကတော့ သူ့အိုးနဲ့ သူ့ဆန်နဲ့မို့လို့ ဒါလေးသည် အဆင်ပြေနေ တယ်လို့ ပြောလို့ရပါတယ်။ တကယ်တမ်း စိုက်လာကြပြီ၊ လုပ်လာကြပြီဆိုရင် တစ်ရက်ကို အစီး ၃၀၀၊ ၄၀၀၊ ၅၀၀ ဝင်လာကြပြီဆိုရင် ရှေ့မှာဝင်သွားတဲ့ကားသည် တရုတ်ပြည်ကို ဝင်သွားတဲ့ကားသည် အစီး ၁၀၀၊ အစီး ၁၅၀ ဖြစ်ရင်လည်း ဖြစ်မယ်။ နောက်မှာ တက်လာတဲ့ကားသည် တစ်ရက်ကို အစီး ၃၅၀၊ ၄၀၀ တက်လာရင် ဒီယာဉ် ကြော ပိတ်ဆို့မှုသည် အချိန်ကြန့်ကြာမှုသည် ၅ ရက်၊ ၁ ပိတ်လည်း မပြေပါဘူး။ လက်ရှိ အနေအထားသည် ပြေလည်တယ်လို့ ပြောလို့ရပေမယ့် ရေရှည်အတွက်သည် ပြေလည်တယ်လို့တော့ ပြောလို့မရပါဘူး” ဟု ပြော သည်။
ဖရဲကားများကိုတွေ့ရစဉ်
ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်သည့် အနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် အစားထိုး ယာဉ်မောင်း ရှန်တိန်စနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံဘက်ခြမ်းတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြေလျှော့ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကျင်စန်းကျော့ - ဝမ်တိန် လမ်းကြောင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ပြီး ရှန်တိန် အဆင့် ၃ ခုကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ ကျန်ရှိနေသည့် ရှန်တိန် အဆင့်တစ်ခုသည် တရုတ်နိုင်ငံကို ဝင်ရောက်သည့် နေရာတွင်သာ ရှိနေပြီး တရုတ်နိုင်ငံ၏ ကိုဗစ်ကူးစက်မှု အခြေအနေပေါ် မူတည်ပြီး ထိုတစ်ခုကိုလည်း ဖျက်သိမ်းလာမည်ဟု ကုန်သည် များ၊ ကုန်ကားပိုင်ရှင်များနှင့် ကုန်ကားသမားများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 396
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် အရည်အသွေးမြင့် ဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားမည်ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
လက်ရှိတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့ရန်အတွက် နှစ်ဖက် ကုန်သည်များ ဆောင်ရွက်ထားပြီး ဖြစ်သော် လည်း ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဘင်္ဂလားဒေ့ရှ်ကုန်သည်များကို လိုင်စင်ထုတ်ပေးရာ၌ ကြန့်ကြာမှုများ ရှိနေကြောင်း၊ ထိုသို့ ကြန့်ကြာနေခြင်းကြောင့် နှစ်နိုင်ငံသဘောတူညီမှုဖြင့် G to G တင်ပို့နိုင်ရန်အတွက် တင်ပြထားကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ တင်ပို့ဖို့အတွက် ဟိုဘက်နိုင်ငံက ကုန်သည်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်လို့ ပြီးပါပြီ။ ကျနော် တို့မှာ နည်းနည်းလောက် အခက်အခဲတစ်ခုက ဟိုဘက်နိုင်ငံက ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေးတဲ့ လိုင်စင် တွေကပေါ့နော် တအားကြန့်ကြာတဲ့အတွက် နှစ်နိုင်ငံ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ဆွေးနွေးတဲ့အခါ ကျနော်တို့ ဆားကိစ္စကိုပါ ဆွေးနွေးဖို့အတွက် ကုန်သွယ်ရေးဝန်ကြီးဌာနကို ကျနော်တို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရဆီကနေ ဆန်တန်ချိန် ၂ သန်းကို ဝယ်ထား ပါတယ် ၅ နှစ်အတွင်းမှာလေ။ အဲဒါ ၁ သိန်းစီ၊ ၂ သိန်းစီ ပို့နေတာပေါ့လေ မြန်မာအစိုးရက။ အဲဒီအထဲမှာ ဆားကို လည်း G to G အစိုးရနဲ့ Government to Government စနစ်နဲ့ ဆွေးနွေးလို့ ရအောင်ဆိုပြီးတော့ ကျနော်တို့ အချက်အလက်တွေကို ပေးထားပါတယ်ခင်ဗျာ။ G to G အနေနဲ့ သွားနိုင်ဖို့လည်း တင်ပြထားပါတယ်ခင်ဗျ။ ကုန် သည် အချင်းချင်း လုပ်နိုင်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ် ကုန်သည်တွေကို ပါမစ်ချပေးတဲ့ အခါ ကြန့်ကြာမှု ရှိတဲ့အတွက် ဆွေးနွေးမှုတွေမှာ ဒါတွေကို ဆွေးနွေးပေးဖို့အတွက် ကျနော်တို့က တင်ပြထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆားများ နေလှန်းထားသည်ကိုတွေ့ရစဉ်(GETTY IMAGES)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြေကြီးပေါ်တွင် လှန်းပြီး ပြန်လည်သန့်စင်သည့် ဆားနှင့် ပလက်စတစ်ပေါ်၌ လှန်းသော နေလှန်းဆားကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ တန်ချိန် ၁ သိန်း တင်ပို့မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ဆားများကို ထက်ဝက်စီ တင်ပို့မည်ဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်မှ ဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု ရပ်ဆိုင်းနေသည်မှာ ၂၀၀၄ ခုနှစ် ကတည်းကပင်ဖြစ်ပြီး ၁၀ စု နှစ် တစ်ခုကြာပြီးမှသာ လက်ရှိ ပြန်လည် တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ဆားများကို အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရန်အတွက် ဆားတောင်သူများသည် နည်းပညာနှင့် အရင်းအနှီး လိုအပ်ချက် ရှိနေသည့်အတွက် နိုင်ငံတော်မှ ဆားထုတ်လုပ်ရာတွင် အသုံးပြုသည့် ပလက်စတစ် များနှင့် မြေကြီးတွင် လှန်းသော နေလှန်းဆားများကို ဆေးကြောသည့် စက်များကိုလည်း အကြွေးစနစ်ဖြင့် ပံ့ပိုး ပေးရန် လိုအပ်သည်ဟု ဆားတောင်သူတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ ဆားမှာ ဆားထုတ်လုပ်တဲ့ တောင်သူတွေမှာ မြေယာတွေ ဧက ၅၀၊ ၁၀၀ ရှိပြီးတော့ သူတို့မှာ အရင်းအနှီး မတည်ငွေတွေက နည်းပါတယ်ခင်ဗျ။ ကျနော်တို့ ၁၀ ဧကမှာ ၁ ဧက ပလက်စတစ် ခင်းရတာပေါ့နော်။ ပလက်စတစ်ခင်းရင် မြန်မာငွေ သိန်း ၄၀၊ ၅၀ လောက် ကုန်ပါတယ်။ ဆားထွက်တာတော့ ၂ ဆလောက် ထွက်ပါ တယ်။ ဒါပေမယ့် အဲဒါကို ရင်းဖို့အတွက် သူတို့မှာ အခက်အခဲ ရှိပါတယ်။ အဲတော့ အဲဒီပလက်စတစ်ကို ကျနော်တို့ စက်မှုဝန်ကြီးဌာနက ထုတ်ပေးတာဖြစ်ဖြစ်၊ နိုင်ငံတော်က နိုင်ငံခြားကနေ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပေးတာ ဖြစ် ဖြစ်၊ ကျနော်တို့ကို အသုံးပြုစနစ်နဲ့ ပံ့ပိုးပေးဖို့ လိုပါတယ်။ နံပါတ် ၂ အချက်က ကျနော်တို့ ဒီဇယ်နဲ့ ကျနော်တို့ ဧက ၁၀၀ လောက်ဆိုရင် ကျနော်တို့ ဒီဇယ်နဲ့ အလုံး ၁၅ ပီပါလောက် ကုန်တာ ဖြစ်ပါတယ် တစ်ရာသီဆိုရင်လေ။ အဲ တော့ ဒီဇယ်နဲ့ သုံးမယ့်အစား ကျနော်တို့ ဆိုလာ pump နဲ့ သုံးတဲ့ နည်းပညာ လိုပါတယ်။ အဲဒီ ဆိုလာ pump နဲ့ တင်လိုက်မယ်ဆိုရင် ကျနော်တို့ ဆားတောင်သူတွေမှာ လုပ်ရတဲ့ ဒီဇယ်တွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မြေကြီးမှာ လှန်းတယ်ဆိုလည်း မြေကြီးမှာ လှန်းတဲ့ဆားတွေကို pump နဲ့ ဆေးဖို့အတွက် pump တွေကိုလည်း ကျနော်တို့ အသုံးပြုစနစ်နဲ့ အကြွေးစနစ်တွေနဲ့ ကျနော်တို့ကို ၁ နှစ်၊ ၂ နှစ် အဲလို ပံ့ပိုးပေးဖို့ လိုပါ တယ် ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဆားများ နေလှန်းထားသည်ကိုတွေ့ရစဉ်(GETTY IMAGES)
ရခိုင်ပြည်နယ်မှ ထုတ်လုပ်သည့် ဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်တင်ပို့မည်ဆိုပါက ဆားတောင်သူများ အဆင်ပြေလာနိုင်ပြီး ဆားလုပ်ကွက်ဧကများလည်း တိုးလာနိုင်ကြောင်း၊ ထို့နောက် ဆားလုပ်ငန်း လုပ်ကိုင်မည့်သူ များပြားလာနိုင်ပြီး ဒေသခံများလည်း အလုပ်အကိုင်များ ရရှိလာမည်ဖြစ်သည်ဟု ဆားတောင်သူများက ပြောသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြေပုံ၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ဆားကို အဓိက လုပ်ကိုင် ကြပြီး ဆားလုပ်ကွက် ဧကပေါင်း ၃ ထောင်ကျော်ရှိပြီး ဆားတန်ချိန် ၂ သိန်းခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့မည့် အချိန်တွင် ဒေသတွင်း ဆားဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး တစ်ပိဿာ ၂၅၀ ကျပ်အထိ ရရှိနိုင်ကြောင်း၊ လက်ရှိတွင် ဆားတစ်ပိဿာ ဈေးနှုန်းသည် တစ်ပိဿာ ၁၅၀ ကျပ်ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 569
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆
လက်ရှိတွင် ထိုင်းသို့ နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) ဖြင့် မြန်မာအလုပ်သမားများအား စေလွှတ်သည့် အထဲတွင် အများစုသည် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်၌ အလုပ်မရရှိခြင်း၊ အလုပ်ရသော်လည်း စာချုပ်ပါ အတိုင်း မဟုတ်ခြင်းနှင့် လမ်းဘေးမှာ စွန့်ပစ်ခဲ့ခြင်းများ ကြုံတွေ့နေကြရသည်။
အလုပ်သမားစေလွှတ်ရာတွင် MOU ဖြင့် စေလွှတ်ခြင်းသည် အင်မတန် ကောင်းမွန်သည့် စနစ်အပြင် စာချုပ်ချုပ် ဆိုရာတွင်လည်း အတိအကျ ချုပ်ဆိုရခြင်းဖြစ်ပြီး တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန်တွင် စာချုပ်ပါအတိုင်း အလုပ် ချက်ချင်း ရရှိရမည်ဖြစ်သည်။
ယခုကဲ့သို့ MOU အလုပ်သမားများ စာချုပ်ပါအတိုင်း အလုပ်မရရှိခြင်းသည် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်း၊ စေလွှတ်လိုက်သော ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ တာဝန်ယူမှု၊ တာဝန် ခံမှု မရှိခြင်းတို့အား သေချာစွာ ကိုင်တွယ် မဖြေရှင်းပေးကြောင်း၊ ထိုသို့ ကိုင်တွယ် ဖြေရှင်း မပေးနိုင်ပါက ရေရှည် တွင် MoU စနစ်မှာ ပျက်စီးသွားနိုင်ကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများ ထိုင်းကို MOU ဖြင့်သွားရန် စောင့်နေကြစဉ်
၎င်း “ဘာကြောင့်လဲဆိုတော့ MOU စနစ်ကို စာချုပ် ချုပ်တဲ့အခါမှာ ၃ ဘာသာနဲ့ ချုပ်ရပါတယ်။ ထိုင်းနိုင်ငံကို လာမယ်ဆိုရင် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာနဲ့။ အဲဒီမှာ လက်မှတ် ရေးထိုးရမယ့် ပုဂ္ဂိုလ်တွေသည် ကာယကံ ရှင် အလုပ်သမားက ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေပါ အချက်အလက်တွေကို အဲဒီလို ခံစားရပါမယ်ဆိုတာ ထည့်ရေး ထားတယ်။ အင်မတန် တိကျ ခိုင်မာတဲ့ဟာတွေကို လက်မှတ် ရေးထိုးရမယ်။ ပြီးရင် အလုပ်ရှင်ကလည်း ဒီအတိုင်း အလုပ်သမားတွေကို ပေးဆောင်ပါမယ်ဆိုတာ ထိုးထားတယ်။ ပြီးရင် အေဂျင်စီကလည်း ထိုးတယ်။ ပြီးရင် မြန်မာ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ကိုယ်တိုင် ထိုးထားပါတယ်။ မြန်မာ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို ထိန်းချုပ်ထားရတယ်၊ မှတ်ပုံတင်တာလည်း သူ့ဆီမှာပဲ တင်ထား ရတယ်။ အဲဒီတော့ သေချာ စိစစ် တာဝန်ယူပေးဖို့ လိုအပ်တယ်။ သူ့ဥပဒေကိုက MOU လုပ်သားက အလုပ် လက်မဲ့ဖြစ်စရာ အကြောင်းမရှိဘူး။ ဆိုက်ရောက်ရာဒေသမှာ ခြံနံပါတ်နဲ့ အိမ်နံပါတ်နဲ့ ကုမ္ပဏီနာမည်နဲ့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်း အမျိုးအစားနဲ့ အတိ အကျ ပါထားတဲ့အတွက်ကြောင့် အဲဒီအတိုင်းကို နှစ်နိုင်ငံအစိုးရ တာဝန်ရှိသော အလုပ်သမားဝန်ကြီးဌာနများမှ ဥပဒေပါ အချက်အလက်များအတိုင်း တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် MOU စနစ်က လုံးဝ ပျက်စီးသွားစရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် မူဝါဒများ စနစ်တကျချမှတ်၍ ခိုင်မာသည့် ဥပဒေအား ကျင့်သုံးသင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက ယခုကဲ့သို့ MOU ဖြင့် စေလွှတ်ခံရသည့် အလုပ်သမားများ၏ ပြဿနာများ ရှိလာမည် မဟုတ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ယခုအခါတွင် MOU ဖြင့် စေလွှတ်ခံရသည့် အလုပ်သမားအများစု ကြုံတွေ့နေရသည်မှာ စာချုပ်ပါ အတိုင်း အလုပ် မပေးနိုင်သည့်အပြင် အလုပ်မရရှိခြင်းတို့ ဖြစ်သည့်အတွက် လူကုန်ကူးနေခြင်း ဖြစ်နေသည်ဟု မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများ ဖမ်းဆီးခံထားရစဉ်
၎င်းက “နိုင်ငံရဲ့ နိုင်ငံ့အရေးမှာရော ဒီအလုပ်သမားအရေး တည်ဆဲဥပဒေမှာရော တရားဥပဒေ စိုးမိုးမှုမရှိလို့ MOU ဆိုတဲ့ ခေါင်းစဉ်သုံးထားပြီးတော့မှ မြန်မာပြည်သူတွေကို၊ ရွှေ့ပြောင်း အလုပ်သမားတွေကို ပေါ်ပေါ်ထင်ထင် လူကုန်ကူးတယ်လို့ ကျနော့်အနေနဲ့ ဒီလိုသုံးသပ်တယ်။ ဒါကိုလည်း သက်ဆိုင်ရာ အေဂျင်စီကို ဌာနတစ်ခုခုက အရေးယူခြင်း၊ တရားစွဲခြင်း လုံးဝမရှိခဲ့ဘူး။ အဲဒီတော့ ရှင်းရှင်းလေးပဲ ဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် လိုင်စင်ကျပြီး တော့ လူကုန်ကူးတယ်လို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးလိုတယ်။ ကိုဗစ်မတိုင်ခင် တုန်းကတော့ MOU စနစ် စေလွှတ်တဲ့ နေရာမှာ အခု ဒီ ကိုဗစ်နောက်ပိုင်း စေလွှတ်တာထက်တော့ အများကြီး ပိုကောင်းပါတယ်။ အဓိက အလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေက မိမိတို့ တာဝန်ယူထားတယ်ဆိုတာဟာ တာဝန် ရှိတယ်ဆိုတဲ့ အသိတစ်ခုနဲ့အတူ ဒီလိုမျိုး လက်လွတ်စပယ် လိုင်စင်ကိုင်ပြီးတော့ လူကုန်ကူးနေတဲ့ အေဂျင်စီတွေ ကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ကျနော်အနေနဲ့ ပြောလိုတယ်”ဟု ပြောသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုအေဂျင်စီများ အားလုံးအား သေချာစိစစ် မကိုင်တွယ်နိုင်ပါက အေဂျင်စီ တစ်ခုအား စံနမူနာအနေဖြင့် ထိရောက်သည့် အရေးယူစစ်ဆေးမှုမျိုး လုပ်ဆောင်သင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
လက်ရှိတွင် MOU စနစ်ဖြင့် အလုပ်သမား အများအပြား စေလွှတ်နေသော်လည်း ငွေကြေးကုန်ကျမှုများသည့် အတွက် ပွဲစားများဖြင့် တရားမဝင် လမ်းကြောင်းမှ ခိုးဝင်သူလည်း အများအပြား ရှိနေသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ မြန်မာများကိုတွေ့ရစဉ်
MWRN မှ အကြံပေး ဦးအောင်ကျော်က “မူလကတည်းက MOU ဆိုတာကြီးကို သူတို့ သိပ်စိတ်မဝင်စားတဲ့ ကြား ထဲက ပြောရမှာတော့ အားနာတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား အများစုကို လေ့လာသုံးသပ်တဲ့ အခါမှာ လေ့လာ မှုအား အင်မတန်နည်းတယ်။ MOU နဲ့ သွားရင်လည်း ပိုက်ဆံကုန်တာချင်း အတူတူ ဟိုရောက်ရင်လည်း အလုပ် လည်းမရ၊ ဒုက္ခတွေဖြစ်၊ သောကတွေ ဖြစ်လို့ဆိုတာမျိုး သိသွားရင် MOU သည်လည်း မကောင်းတဲ့ အလုပ်ကြီး တစ်ခုလို မြင်သွားရင် နောက်ပိုင်းမှာ ကုန်သည် ပွဲစားတွေနဲ့ပဲ လိမ်လည်လှည့်ဖျားပြီးတော့မှ အသွားခံရမှာ ဖြစ်ပါ တယ်။ ဒီ MOU စနစ်က တစ်ကမ္ဘာလုံးမှာ အင်မတန်ကို ကောင်းမွန်သော အစိုးရအချင်းချင်း ချိတ်ဆက်ပြီး ခိုင်မာ သော အလုပ်တစ်ခုဆိုတာကို သိအောင် မြန်မာလူထုကြားမှာ ထိုးဖောက်နေတဲ့ အချိန်မှာ အခုလိုမျိုး မလိုလားအပ် တဲ့ ပြဿနာတွေ ကြိမ်ဖန်များစွာ ဖြစ်လာရင် ခုနကပြောတဲ့ ဗဟုသုတ အသိဉာဏ် နည်းပါးသော မြန်မာနိုင်ငံ ကျေးလက် တောရွာက လူတွေအားလုံးက MOU သည်လည်း ဘာမှအသုံးကျတဲ့ အလုပ်မဟုတ်ဘူး။ အဲဒါကြောင့် ငါတို့နည်း ငါတို့ဟန်နဲ့ ကုန်သည်၊ ပွဲစားတွေ လိမ်လည်လှည့်ဖျားတဲ့ နောက်ကိုပဲ လိုက်သွားရင်တောင်မှ အဆင်ပြေတယ်ဆိုတာမျိုး အတွေးမှားသွားရင် ကြလာရင်တော့ ဆိုးသွားနိုင်တယ်ပေါ့” ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ MOU ဖြင့် မြန်မာ အလုပ်သမားများ စေလွှတ်ခြင်းအား ကိုဗစ်ကြောင့် ၃ နှစ်ခန့် ယာယီ ရပ်နားထားခဲ့ ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ မှ စတင်ကာ ပြန်လည် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြန်လည် စေလွှတ်ချိန်တွင် စာချုပ်ပါအတိုင်း အလုပ်မရရှိခြင်း ပြဿနာများ နည်းပါးခဲ့ပြီး ယခုနောက်ပိုင်း တွင် ပြန်လည်၍ ပြဿနာများဖြစ်လာသလို ပိုမို များပြားလာကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 479
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံတွင် ကုန်ချောထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများနှင့် မြေနေရာများစွာ ရှိသော်လည်း ကုန်ချောထုတ်လုပ်နိုင်မှု မရှိသလောက် ဖြစ်နေသည်မှာ တိကျသေချာ ခိုင်မာသည့် မူဝါဒရှိရန်လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်ပစ္စည်းများကို ကုန်ချော ထုတ်လုပ်နိုင်ရန်အတွက် စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒများ မကြာခဏ အပြောင်းအလဲ မလုပ်ဘဲ ခိုင်မာနေမှသာ ကုန်ချော ထုတ်လုပ်နိုင်မည်ဖြစ်သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည်လည်း ဝင်ရောက်လာမည် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်း ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက ကျနော်တို့နိုင်ငံက ကုန်ကြမ်းကနေ ကုန်ချောမသွားနိုင်တဲ့ အဓိကအချက်က ပညာရှင် မရှိတာ လည်း မဟုတ်ဘူး၊ ကျနော်တို့ အရင်းအနှီး မရှိတာလည်း မဟုတ်ဘူး။ စက်ပစ္စည်း ကိရိယာ မရှိတာလည်း မဟုတ် ဘူး။ အဓိက ကျနော်တို့ဆီမှာ လိုအပ်နေတာက တစ်ခုပဲ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ မူဝါဒ ပဲ။ ဥပမာ ကျနော်တို့နိုင်ငံမှာ ခိုင်မာတဲ့ မူဝါဒရှိရင် ခုနကပြောတဲ့ ကမ္ဘာအရပ်ရပ်က ပညာရှင်တွေ ကျနော်တို့ နိုင်ငံ ကို လာလို့ရတယ်။ ရင်းနှီးမြှုပ်နှံမှု ဆိုတာကလည်း လာလို့ရတယ်။ သူတို့တွေ လာပြီဆိုတာနဲ့ စက်ပစ္စည်းတွေ အလိုအလျောက် ပါလာတာ။ ဒီ ၃ ခုစလုံးက သူ့ဟာသူ ချိတ်ဆက်နေတာ။ ကျနော်တို့ ခိုင်မာသေချာတဲ့ မူဝါဒ အမြဲတမ်း ပြောတယ်။ ဥပမာ ထားပါတော့ ကျနော်တို့ အစိုးရတစ်ဆက် တက်လာတယ် ဥပဒေတစ်ခု ချထားတယ် မူဝါဒပေါ့။ နည်းဥပဒေတစ်ခု ချထားတယ် ဥပဒေတော့ အမြဲတမ်း ရှိပြီးသား။ နောက်အစိုးရ တက်လာတယ် ရှေ့က နည်းဥပဒေကို ပယ်ဖျက်တယ်။ နောက်ထပ် ဥပဒေတစ်ခု ကျင့်သုံးတယ် အစားထိုးတယ်။ အဲလိုမျိုးတွေ ဖြစ်နေ သ၍ကတော့ ပညာရှင်လည်း လာမှာ မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံမှုလည်း လာမှာမဟုတ်ဘူး။ အဲတော့ ကျနော်တို့က အနှစ် ၃၀ သို့မဟုတ် အနှစ် ၅၀ ခိုင်မာသေချာတဲ့ ဘယ်လိုအစိုးရပဲ ပြောင်းပြောင်း ကျနော်တို့က စီးပွားရေးနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ မူဝါဒတွေ တသမတ်တည်း ချမှတ်ထားပြီးသား ရှိတယ်ဆိုရင် ခုနကပြောတဲ့ အချက် အလက်တွေ ကုန်ချောတွေ ထုတ်လုပ်နိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။
ကားထုတ်လုပ်မှု လုပ်ငန်းခွင်ကိုတွေ့ရစဉ် (GETTY IMAGES)
အစိုးရ၏ မူဝါဒ အပြောင်းအလဲကြောင့် လက်ရှိတွင် မော်တော်ကား ထုတ်လုပ်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများစုသည် ရပ်နားထားရကြောင်း၊ ကုန်ထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက်လည်း အဟန့်အတားတစ်ခု ဖြစ်နေကြောင်း ဦးအောင်ပြည့်စုံက ဆက်လက်ပြောသည်။
ကုန်ချောများ ထုတ်လုပ်နိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များကို လုပ်ပိုင်ခွင့်များပေးရန် လိုအပ်ကြောင်း၊ ထို့နောက် အဖွဲ့အစည်းများ ဖွဲ့စည်း၍ အစိုးရ၏ မူဝါဒများကို ထောက်ပြ အကြံပြုပေးနိုင်သည့် ပညာရှင်များကို မွေးထုတ်ပေးရန်နှင့် ပညာတော်သင်များ စေလွှတ်ပေးရန် လိုအပ်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပညာရှင်များ ရှိသော်လည်း လုပ်ပိုင်ခွင့်များ နည်းပါးခြင်းကြောင့် ကုန်ချောထုတ်လုပ်ရန် အဆင်မပြေ ဖြစ်နေခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တစ်ရှူးများထုတ်လုပ်နေသည်ကို တွေ့ရစဉ် (GETTY IMAGES)
၎င်းက “ဒီမှာက organize လုပ်ပေးတာ မရှိဘူးလေ။ အဲဒါကြောင့် အစိုးရ ပေါ်လစီဆိုလည်း အခု သတိထားမိလား မသိဘူး။ Myanmar Development institute (MDI) ဆိုပြီးတော့လေ ဦးသိန်းစိန် လက်ထက်ကတည်းက အဲဒီ MDI ကို အစပျိုးခဲ့တယ်။ ဒီကနေ စပြီးတော့ မာစတာတွေ လွှတ်တယ်။ သူတို့နဲ့ စနေပြီ။ Myanmar Development institute က သူတို့က အဓိက ပေါ်လစီနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ ပေးတာ။ ဒါပေမယ့် အခုဟာက ပျက်သ လောက် ဖြစ်သွားတာပေါ့။ အများကြီး ကိုရီးယားမှာဆိုရင် KDI (Korea Development institute) နောက် ဂျပန် မှာဆိုရင် Trade & Economic ဆိုပြီးတော့ အဲလိုမျိုး အစိုးရကို စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေကို အကြံပြု ပေးတာ။ အကြံပြုပေးတာဆိုတာ ရိုးရိုး အပေါ်ယံ အကြံပြုပေးတာမျိုး မဟုတ်ရဘူး။ search နဲ့ သေချာ လုပ်ပြီး တော့ အကြံပြုရတဲ့ အဖွဲ့အစည်းမျိုး ရှိတယ်။ အဲလိုမျိုး ထောင်နိုင်မှ ရမှာ။ သူတို့ကို ဘယ်သူကမှ ဒီပေါ်လစီက ငါတို့ ဝန်ကြီးဌာနကို ထိခိုက်စေတယ် ဘာညာ သူတို့ကို သွားပြောလို့ မရဘူး။ သူတို့မှာ မကောင်းရင် မကောင်း ကြောင်း ချန်နယ်တွေကို အကုန်လုံး ထောက်ပြခွင့် ရှိတယ်။ ဒီမှာက အဲလိုမျိုးဟာ မရှိဘူး။ ထောက်ပြတော့မယ် ဆိုရင် ဟိုလူ့မျက်နှာကြည့်ရ၊ ဒီလူ့မျက်နှာကြည့်ရ နောက် ကိုယ်အပြောခံရမလား၊ အထုတ်ခံရမလား အဲဒါတွေ ကြည့်နေရတော့ ဘယ်လိုလုပ် အဆင်ပြေတော့မှာလဲ။ လုပ်ပိုင်ခွင့် မရှိဘူး။ လုပ်ပိုင်ခွင့် ရှိအောင်လည်း ဖန်တီး မပေးဘူးပေါ့လေ။ တစ်ယောက်တည်း ကနေပြီးတော့ ဘက်စုံ ထောက်ပြနိုင်တဲ့သူက မရှိဘူးပေါ့လေ။ ပညာရှင် တွေကို စုစည်းပေးရမှာ MDI လိုဟာမျိုး” ဟု ပြောသည်။
ကုန်ချော ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်တချို့ ကြိုးစားမှုများ ရှိသော်လည်း ဈေး ကွက် မရှိခြင်း၊ နည်းပညာ အကူအညီ လိုအပ်နေခြင်းနှင့် လုပ်ပိုင်ခွင့်များ နည်းပါးခြင်းကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သော်လည်း စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်ကြမ်းအဖြစ်နှင့်သာ တင်ပို့ နေရကြောင်း၊ လက်ရှိအချိန်ထိ ကုန်ချော ထုတ်လုပ်နိုင်မှု မရှိသေးကြောင်း၊ ကုန်ချောများ ထုတ်လုပ်နိုင်ပါက ဈေးကွက်များ ပိုမိုကျယ်ပြန့် လာမည်ဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်လည်း ကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကုန်ချောထုတ်လုပ်ရန်အတွက် အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးသည်လည်း အရေးပါသည့် အပိုင်းတွင် ပါဝင်နေကြောင်း ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2230
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃
မလေးရှားနိုင်ငံက မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများအတွက် တရားဝင် နေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့် ပါမစ်ပြန်ဖွင့် ပေးမည်ဖြစ်ကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများမှ CNI သတင်း ဌာနသို့ ပြောသည်။
သို့သော် ပါမစ် ထုတ်ပေးရာတွင် တရားမဝင် ခိုးဝင်၍ရောက်ရှိနေသည့် အထောက်အထား မရှိသူများ ပါ/မပါကို တော့ ထုတ်ဖော် ပြောမထားသေးပေ။
ထို့နောက် ပါမစ်ပြုလုပ်မည်ဆိုပါက အထောက်အထားအနေဖြင့် ပတ်စပို့စ်စာအုပ် ရှိရမည် ဖြစ်ကြောင်း၊ ပတ်စပို့စ် စာအုပ်ရှိပြီး အလုပ်ရှင်သူဌေးရှိသည့် မည်သူမဆို လျှောက်ထား၍ရကြောင်း မလေးရှား၌ မြန်မာများအား ကူညီ ဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတွင် ဖမ်းဆီးခံထားရတဲ့ အလုပ်သမားများ အထောက်အထားများပြသရန် ကိုင်ထားစဉ်
၎င်းက “ဒီတစ်ခါမှာ လျှော့ပေါ့မှုတွေတော့ အများကြီး လုပ်ထားတာ တွေ့ပါတယ်။ သို့ပေမယ့်လည်း Report အထု ခံရတဲ့ လူတွေ၊ အောက်လမ်းကနေ လာတဲ့လူတွေ လုပ်လို့ ရ၊မရတော့ သူတို့ ပြောထားတာ မရှိသေးဘူး။ လော လောဆယ်တော့ ပြောရမယ်ဆိုရင် အလည်ဗီဇာတို့၊ ဘာတို့ တရားဝင် ဝင်လာထားတဲ့ သူတွေကို သူတို့ ဦးစားပေး ပါလိမ့်မယ်။ ဟိုးအရင် ပြီးခဲ့တဲ့နှစ်က ဒီလိုပါမစ်မျိုးကို ဖွင့်ပေးခဲ့တယ်။ ဖွင့်ပေးခဲ့တဲ့ အနေအထားမျိုးမှာ ဒီ မလေးရှားမှာ အကြောင်းအမျိုးမျိုးကြောင့် တချို့လူတွေက အလည်ဗီဇာနဲ့လာပြီးတော့ overstay ဖြစ်သွားတာ တွေ လျှောက်ပိုင်ခွင့် ရှိတယ်။ နောက်ပြီးတော့ တချို့ calling နဲ့ လာပြီး ကုန်ဆုံးသွားလို့ အဲဒီလိုမျိုး ဆက်ပြီးတော့ ပါမစ်အသစ် လုပ်တာမျိုး အဲဒါတွေ လုပ်လို့ရတယ်။ ဘယ်လိုလူမျိုးတွေကို ရပ်ပစ်လဲဆိုတော့ calling နဲ့ လာပြီး တော့ အဲဒီစက်ရုံမှာ မလုပ်ဘဲနဲ့ တခြားအလုပ်ကို သွားလုပ်လိုက်တော့ သူတို့ကို ခေါ်ထားတဲ့ စက်ရုံ လုပ်ငန်းရှင် တွေကနေ သူတို့ကို report လုပ်ထားတာတွေ blacklist ထဲ သွင်းထားတာတွေ အဲဒီလိုလူမျိုးတွေ မရတာတွေ ရှိတယ်။ နောက်တစ်ခု အောက်လမ်းကနေ ဝင်လာပြီးတော့ မလေးရှားရောက်မှ ပတ်စပို့စ် လျှောက်ပြီးတော့ ပါမစ် သွားလျှောက်တဲ့ သူတွေကိုလည်း လုံးဝမပေးခဲ့ပါဘူး ပြီးခဲ့တဲ့နှစ်က။ ဘာကြောင့်လဲ ဆိုတော့ အောက်လမ်းကနေ တရားမဝင် ဝင်လာတဲ့လူတွေက မလေးရှားအဝင်မှာ သူတို့ရဲ့ လက်ဗွေတွေကို လ.ဝ.က ကနေ ယူထားတာ မရှိတဲ့ အတွက် သူတို့ဆီမှာ မလေး အဝင် အထောက်အထားမရှိတော့ ပါမစ်လျှောက်ပိုင်ခွင့်ဆိုတာ မရှိခဲ့ပါဘူး” ဟု ပြောသည်။
ပါမစ်လျှောက်မည်ဆိုပါက အလုပ်ရှင်သူဌေး ရှိရမည်ဖြစ်ပြီး အလုပ်ရှင်သူဌေး ကိုယ်တိုင် လျှောက်ပေးပါက ပို၍ ကောင်းမွန်သော်လည်း အလုပ်ရှင်သူဌေးမှ လျှောက်ပေးရန် အဆင်မပြေပါက အေးဂျင့်များဖြင့် လျှောက်ထား၍ ရကြောင်း သိရသည်။
သို့သော် ပြီးခဲ့သည့်နှစ်က အေးဂျင့်များဖြင့် ပါမစ်ပြုလုပ်သည့် မြန်မာအလုပ်သမားများထဲတွင် အချို့သည် လက်ရှိ အချိန်အထိ ပါမစ်မရရှိသေးသူများလည်း ရှိကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများထံက သိရသည်။
လက်ရှိတွင် ပါမစ်လျှောက်ထား၍ ရပြီဖြစ်သော်လည်း မည်သည့်ကာလတွင် စတင်ထုတ်ပေးမည် ဆိုသည်ကိုတော့ အတိအကျ မသိရသေးကြောင်း၊ အဖမ်းအဆီးများ နေသည့်အတွက် ယခုကဲ့သို့ ပါမစ်ပြန်ဖွင့်ပေးချိန်တွင် လျှောက် ထားသင့်ကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မညို့က CNI သတင်းဌာနသို့ ပြောသည်။
ဖမ်းဆီးခံထားရတဲ့ အလုပ်သမားများကိုတွေ့ရစဉ်
၎င်းက “ပါမစ်လုပ်ပေးရင်တော့ ကောင်းတာပေါ့ ကိုယ့်ဗမာပြည်သားတွေအတွက်။ အားလုံးကတော့ မျှော်လင့်နေ ကြတာပဲ။ ပါမစ်ဖွင့်ရင် လုပ်မယ့်သူက အများကြီး ဗမာတွေက အရမ်းပျော်မှာပေါ့။ အားလုံးက စာအုပ်တွေ ကိုယ်စီ ရှိတယ်။ ပါမစ်ချမပေးတော့ လုံးဝ မလုပ်ရဖြစ်နေတာပေါ့။ ပါမစ်ချပေးရင် သူဌေးတွေကလည်း လုပ်ပေး ကြမှာ ပေါ့။ အဲဒါကိုပဲ မျှော်လင့်နေ စောင့်ဆိုင်းနေကြတာပဲ ဗမာတွေကတော့။ သူဌေးတွေလည်း အဲဒါကိုပဲ စောင့်နေကြ တာ။ စာအုပ်မရှိရင်တော့ တင်လို့မရဘူးပေါ့ ပါမစ်။ ပါမစ် လုပ်ပေးမယ်ပြောတော့ ဗမာတွေ အတွက်တော့ ကောင်း တာပေါ့။ အခုက အရမ်းကို ဖမ်းနေတာ။ ပါမစ်လုပ်တော့ ကိုယ့်မှာ မဖမ်းတော့ဘူးလေ။ လုံခြုံမှု ရသွားတာပေါ့ စာအုပ် ရှိတော့။ အစ်မတို့နေတဲ့ နေရာမှာတောင်မှ အော်ပရစီ ဝင်မယ်ဆိုပြီး အော်နေတော့ ကြောက်ကြောက်နဲ့ အလုပ်သွားလိုက် ကြောက်ကြောက်နဲ့ အလုပ်ပြန်လိုက်၊ မိုးချုပ်ကျရင် ညမအိပ်ရဲလိုက် အဲဒီလို ဖြစ်နေကြတာပေါ့ အိုသမားတွေက များတယ်ဆိုတော့။ အမှန်တွေက နည်းကိုနည်းတယ် အစ်မတို့နားမှာ” ဟု ပြောသည်။
အဆိုပါ ပါမစ်အား ပြုလုပ်ထားပါက တရားဝင် ဖြစ်သွားသည့်အတွက် အသွားအလာများ၊ လုပ်ငန်းခွင်များတွင် လက်ရှိ နေထိုင်နေကြရသကဲ့သို့ ကြောက်ရွံစွာဖြင့် နေထိုင်ရန် မလိုအပ်တော့ကာ လွတ်လွတ်လပ်လပ် သွားလာ လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယခုပြန်ဖွင့်ပေးမည့် ပါမစ်အား ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည့် Overstay သမားများအနေဖြင့် ဒဏ်ကြေး ငွေအပြင် ပါမစ်ပြုလုပ်ရာတွင် ကုန်ကျမည့် ကုန်ကျစရိတ်တို့အား ပေးဆောင်ရမည်ဖြစ်ပြီး မည်မျှကုန်ကျမည်ကို တော့ မသိရှိရသေးပေ။
ထို့အပြင် လက်ရှိ၌ ပါမစ်ထုတ်ပေးမည့် ရက်အား အတိအကျ မကြေညာသေးသဖြင့် လူလိမ်မခံရစေရန် အထူး သတိပြုသင့်ကြောင်း၊ ပါမစ်ပြန်ဖွင့်ပေးနေချိန်တွင် ပတ်စပို့စ်စာအုပ်ရှိသည့် မြန်မာအားလုံး လျှောက်ထားသင့် ကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 745
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃
မြန်မာ့ကော်ဖီကို ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံက ဝယ်လိုအားကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့သည့်အပြင် လက်ရှိ ၌ ပြည်တွင်းကုန်သည်များကလည်း ဝယ်လိုအားများလာသည့်အတွက် ပြည်တွင်း ကော်ဖီဈေးနှုန်းသည် ၃ ဆမှ ၄ ဆအထိ မြင့်တက်နေပြီး ဈေးကောင်းရရှိနေသည်ဟု မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးသူများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်က ကော်ဖီအစို တစ်ပိဿာလျှင် ၈၀၀ ကျပ်သာ ရရှိခဲ့သော်လည်း လက်ရှိတွင် ကော်ဖီအစို တစ်ပိဿာလျှင် ၃၈၀၀ ကျပ်အထိ ရရှိနေကြောင်း ရွာငံကော်ဖီ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ မှဥက္ကဋ္ဌ ဦးဝင်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်တွင်းတင် ဈေးတက်နေတာ။ တကယ့်တကယ် နိုင်ငံခြား မနှစ်က အဝယ်လိုက်တယ်ဆိုတာက ဘရာဇီးလ်ကော်ဖီက နှင်းခါးရိုက်လို့ အထွက်နည်းသွားတာရယ်၊ လာအိုနဲ့ ကမ္ဘောဒီးယားကော်ဖီကို တရုတ်က သိမ်းသွားတော့ ထိုင်းက သူတို့ဝယ်ဖို့ ကော်ဖီ မရှိတော့ဘူးလေ။ သူတို့ဝယ်ဖို့ ကော်ဖီမရှိတော့ သူတို့က အဲဒီဘက် ဝယ်နေကျကို ဒီဘက်ကို လာထည့်တာ။ အဲလိုဝယ်တော့ မနှစ်က ဈေးတော်တော်လေးကို မြောက်သွားတယ်။ တစ်ခါမှ မဖြစ်ဖူးတဲ့ဈေးက သီးလုံးစို တစ်ပိဿာကို မနှစ်က ၇၀၀၊ ၈၀၀ ကနေ ဒီနှစ်က အဲဒီအရှိန်နဲ့ပေါ့ သူတို့ ဝယ်မယ်ထင်ပြီးတော့ အလုအယက် ဝယ်ကြတာ။ ကော်ဖီအဆံက မနှစ်က ၁၅၀၀ ကနေ ဒီနှစ် သီးလုံးအမှည့် တစ်ပိဿာကို ၃၇၀၀၊ ၃၈၀၀ အထိတောင် ရောက်သွားပြီ” ဟု ပြောသည်။
ကော်ဖီသီးများကို နေလှန်းနေစဉ်
လက်ရှိတွင် ကော်ဖီအစို ဈေးနှုန်းသည် တစ်ပိဿာ ၃၈၀၀ ကျပ်ခန့် ဈေးနှုန်းရရှိနေပြီး ယခင်ကထက် ၃ ဆခန့် မြင့်တက်နေကြောင်း၊ အလားတူ ကော်ဖီအဆံ ဈေးနှုန်းသည် တစ်ပိဿာ ၆၅၀၀ ကျပ် ဖြစ်ပေါ်နေပြီး ယခင်နှစ် ထက် ၂ ဆခန့် မြင့်တက်နေကြောင်း သိရသည်။
ကော်ဖီဈေးကွက် ကောင်းမွန်နေခြင်းကြောင့် ကော်ဖီစိုက် တောင်သူများအတွက် အကျိုးရှိသော်လည်း လက်ရှိ ဈေးကွက်ကို ဆက်လက် ထိန်းထားနိုင်ရန်အတွက် ကော်ဖီအား တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း စီတာကော်ဖီ တည်ထောင်သူ ဦးမင်းလှိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကော်ဖီဈေး ကောင်းတယ်ဆိုတော့ တောင်သူတွေအတွက် ဝမ်းသာစရာပေါ့။ ဒါပေမယ့် ရေရှည်တည်တံ့ဖို့ လိုတာပေါ့။ လိုတာဆိုတော့ ပြည်တွင်းက လှော်လက်တွေ အတွက်ကျတော့ နည်းနည်း ဈေးကြီးသွားတာပေါ့နော်။ ဈေးကြီးသွားတာဆိုတော့ အဲဒီလိုမျိုး change တစ်ခုလုံး အဆင်ပြေဖို့အတွက်က နည်းနည်းလေး ကော်ဖီတိုး ထုတ်ရမှာပေါ့နော်။ ကော်ဖီတိုးစိုက်ကြရမယ် အဲဒါလေးတွေတော့ လိုတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်း ကော်ဖီစိုက်ဧက ၅၀၀၀၀ ကျော်ရှိပြီး ဧက ၃၀၀၀၀ ကျော်တွင် ကော်ဖီထုတ်လုပ်လျက်ရှိ ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီထွက်ရှိမှုမှာ ၈၆၁၁ တန်ရှိကြောင်း မြေစာရင်းဦးစီးဌာန၏ ကောက်ခံသော စစ်တမ်းများအရ သိရသည်။
လက်ရှိ နိုင်ငံရေး အခြေအနေများကြောင့် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် တချို့သော ကော်ဖီစိုက်ရာ ဒေသ များတွင် နယ်မြေတည်ငြိမ်မှု မရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကော်ဖီခူးဆွတ် ရိတ်သိမ်းမှု မပြုလုပ်နိုင်ကြောင်း ရွာငံကော်ဖီ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ကော်ဖီသီးများကို လေ့လာနေစဉ်
၎င်းက “ရှမ်းတောင်ဘက်ကတော့ ကောင်းပါတယ် အေးအေးချမ်းချမ်း အကုန်လုံး ခူးကြပြုကြ ကိုယ်သီး သလောက် ထွက်တာ ရိတ်သိမ်းနိုင်တာပေါ့။ ချင်းတို့၊ ကယားတို့ ဘက်ကျတော့ သူတို့ နိုင်ငံရေး အခြေအနေ ကြောင့်တော့ အသီး မခူးနိုင်ကြဘူးပေါ့ တော်တော်များများက။ နောက်ပြီးတော့ ခူးထားပြီးတဲ့ သူတွေကျပြန်တော့ လည်း ပို့ဖို့ အခက်အခဲတွေ ဖြစ်တာပေါ့။ လမ်းပန်းဆက်သွယ်ရေးက အခြေအနေမကောင်းတော့ သူတို့ပစ္စည်း ပြည်မ သယ်ထုတ်ဖို့တွေ ကျတော့လည်း ဦးတို့လည်း ကြားနေရပါတယ်၊ ဘာလို့ဆို တချို့ဆို လုံးဝကို ခူးလို့မရတဲ့ နိုင်ငံရေး အခြေအနေတွေ ရှိတယ်။ တချို့နေရာတွေကျတော့ ခူးလို့ရတယ်၊ ဒါပေမယ့် ပြည်မကို ထုတ်ဖို့ အတွက် ကျတော့ လမ်းကြောင်းမကောင်း မသာယာတော့ အခက်အခဲရှိတော့ သူတို့လည်း မလာကြဘူး။ ရှမ်းတောင်၊ ရှမ်း မြောက် အားလုံးပေါင်းရဲ့ ၄ ပုံ ၁ ပုံလောက်တော့ ရှိမှာပေါ့ အဲဒီနယ်က ထွက်တာတွေက” ဟု ပြောသည်။
ကော်ဖီကို ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး ကော်ဖီသီးများကို ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့တွင် ခူးဆွတ်လေ့ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 645
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံ၏ လူနေမှုဘဝတွင် လက်ရှိအချိန်၌ ဆင်းရဲချမ်းသာ ကွာဟမှုသည် များပြားနေခြင်းကြောင့် ယခုလို ကွာဟမှုကို နည်းပါးစေရန်အတွက် ကောင်းမွန်သည့် ဈေးကွက်စီးပွားရေးနှင့် အခွင့်အလမ်းများအား ဖန်တီးပေး သင့်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသူများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူလတ်တန်းစား အလွှာပျောက်ကွယ်လာပြီး ချမ်းသာသည့် အသိုင်းအဝန်းနှင့် ဆင်းရဲ သော အသိုင်းအဝန်းသာ ရှိလာနေကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။
ယခင်ကတည်းက ဆင်းရဲချမ်းသာ ကွာခြားမှုသည် များစွာရှိနေသော်လည်း လက်ရှိကာလတွင် ပို၍ ကွာခြားလာ နေကြောင်း၊ ထို့သို့ ကွာခြားနေမှုကို ဖြေရှင်းရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်လိုအပ် ကြောင်း၊ ပိုမို ကောင်းမွန်သည့် ဈေးကွက်များနှင့် အခွင့်အလမ်းများ ရှိမှသာ အခြေခံ လူတန်းစားများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့အတွင်း အမျိုးသမီး နှစ်ဦးလမ်းလျောက်နေသည်ကိုတွေ့ရစဉ်
ဦးအောင်ပြည့်စုံက “အခုလည်း ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကွာခြားနေတာပဲလေ။ တစ်နေ့ကို လုပ်ခလစာ ၄၈၀၀ ကနေ ၆၀၀၀ တိုးတောင်းနေတဲ့အချိန်မှာ အော်ဟစ်ပြီးတော့ ဆန္ဒပြမှုတွေ ဖြစ်နေတယ်၊ တစ်နေ့ အနိမ့်ဆုံး ပေါ့နော် ၈ နာရီ အလုပ်လုပ်ရတဲ့ သူတွေက ငွေ ၆၀၀၀ ရဖို့အတွက် အသည်းအသန် ဆန္ဒပြပြီး တောင်းဆိုနေရတဲ့ ကာလကြီးမှာ ၆ သိန်းဖြစ်ဖြစ် သိန်း ၆၀ ပဲဖြစ်ဖြစ် တစ်ညတည်းနဲ့ ထိုင်သုံးနေကြတဲ့ လူတန်းစားကလည်း ရှိနေပြီး သား ဖြစ်နေပြီ။ အဲတော့ ဒီလိုမျိုး ကွာဟမှု ကြီးမားတဲ့ ဘက်တစ်ခုကတော့ ကျနော်တို့နိုင်ငံမှာ ဖြစ်နေပြီ။ အဲဒီ ဘက်ကို ကျဉ်းမြောင်းသွားဖို့က ချမ်းသာတဲ့သူတွေကို ဆင်းရဲသွားအောင် လုပ်မှာလား။ ဆင်းရဲတဲ့ သူတွေကို ချမ်းသာသွားအောင် လုပ်မှာလားဆိုတဲ့ အဖြေတစ်ခု စဉ်းစားရတော့မှာပေါ့။ အဲတော့ ချမ်းသာတဲ့သူတွေကို ဆင်းရဲ အောင် သွားလုပ်လို့ မရဘူး။ ဒါက သူ့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားထားတာ ဖြစ်တယ်။ ဆင်းရဲတဲ့ သူတွေ ကို ကျနော်တို့က ခုနကပြောသလို အနိမ့်ဆုံး လုပ်ခလစာ ၆၀၀၀ သတ်မှတ်ရာကနေ ၁၀၀၀၀ ရအောင် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ။ အဲလိုလုပ်ပေးနိုင်ဖို့အတွက် စက်ရုံ အလုပ်ရုံတွေက လည်ပတ်မယ်။ ပိုမိုကောင်းမွန်တဲ့ ဈေး ကွက်တွေ ရှာလို့ရမယ်ဆိုရင် စောနကပြောတဲ့ အလုပ်သမားတွေ အတွက်လည်း အခွင့်အရေးတွေ ရလာနိုင်တာ ပေါ့။ နိုင်ငံတစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ဈေးကွက်တွေ၊ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရမှပဲ အခြေခံလူတန်းစားတွေ အတွက်လည်း အသက်ရှူချောင်မှာ ဖြစ်တယ်” ဟု ပြောသည်။
ထိုသို့ လူတန်းစားနှစ်ရပ် ကွာခြားမှု များပြားလာခြင်းကြောင့် လူ့အဖွဲ့အစည်းအတွင်း သက်ရောက်မှုများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ခိုးဆိုးလုနှိုက်မှုများ မူလကထက် ပို၍များလာနိုင်ကြောင်း၊ ထို့နောက် နိုင်ငံတွင်းရှိ စီးပွားရေး အရင်းအနှီးများ ပြည်ပနိုင်ငံများသို့ ထွက်သွားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦး က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာပလာဇာအတွင်းကို မြင်တွေ့ရစဉ်
၎င်းက “welfare state မတည်ဆောက်နိုင်ဘူးပေါ့လေ၊ နိုင်ငံက welfare state ဆိုတာက အားလုံး ဆင်းရဲချမ်းသာ ကွာဟမှု သိပ်မမြင့်တဲ့ အခြေအနေမျိုးကို တည်ဆောက်ရတာပေါ့ နိုင်ငံတိုင်းက။ အထူးသဖြင့် လူလတ်တန်းစား များများရှိအောင် ဖန်တီးပေးရမယ်။ အဲဒါမှ သူက သူ့ရဲ့ သုံးစွဲနိုင်မှုကလည်း တိုးလာမယ်။ ဆင်းရဲချမ်းသာ ကွာဟမှု ကလည်း လျော့သွားမယ်။ ဒါပေမယ့် ဆင်းရဲချမ်းသာ အခုလိုမျိုး ပိုပိုပြီးတော့ ကွာဟလာတာက ချမ်းသာတဲ့သူတွေ က ကောင်းတယ်လို့ ထင်ကောင်း ထင်လိမ့်မယ်။ ဒါပေမယ့် အဲဒီဟာက မကောင်းဘူး။ ဘာလို့လဲဆိုတော့ ဆင်းရဲ သား ရပ်ကွက်ထဲမှာ တစ်ယောက်တည်း ချမ်းသာနေရင် အဲဒီလူက အန္တရာယ်ရှိတယ် အဲဒီသဘောမျိုးပဲ။ အခုက အောက်ခြေက ပိုပိုပြီး ဆင်းရဲသွားပြီး အခုဟာက အလုပ်အကိုင်ကလည်း ဖန်တီးမပေးနိုင်ဘူး။ အဲတော့ ခိုးဆိုးလု နှိုက်တွေ ပိုပြီးတော့ များလာမယ်၊ ခါတိုင်းကနေ ပိုပြီးတော့ တက်လာမယ်။ ဆိုတော့ ၂ ခုလုံးအတွက် မကောင်းပါ ဘူး။ နောက် အဲဒီရဲ့ effect တွေလည်း ရှိတယ်။ အဲလိုမျိုး ဖြစ်လာလို့ရှိရင် မြန်မာပြည်မှာ ကိုယ့်နိုင်ငံတွင်းမှာ ဘာမှ ရင်းနှီးမြှုပ်နှံမှုတွေ၊ ထုတ်လုပ်မှုတွေ မလုပ်တော့ဘူး။ ပြည်ပကိုသွားပြီး property တွေ ဝယ်ထားမှာပေါ့။ အခုဆို ဖတ်မိပါတယ် ထိုင်းမှာ အိမ်ခြံမြေဝယ်တာ မြန်မာက Top 10 ထဲမှာ ပါနေတယ်။ အဲဒါက ကိုယ့်ဆီက စီးထွက်ကုန် တာပေါ့နော်။ ကိုယ့်ရဲ့ အရင်းအနှီးတွေ အကုန်လုံး စီးထွက်ကုန်တာပေါ့နော်” ဟု ပြောသည်။
အောက်ခြေ လူတန်းစားများ အဆင်ပြေစေရန်အတွက် နိုင်ငံတော်မှ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက် ချေးငွေများ ထုတ်ချေးပေးခြင်းများ ရှိသော်လည်း အလုပ်အကိုင် အခွင့်အလမ်း အများအပြား ဖန်တီးပေး နိုင်သော အထည်ချုပ်လုပ်ငန်းများ လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုနေကြသည်။
အလားတူ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့် အထည်ချုပ်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်အောင် လည်း နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ၎င်းတို့က ပြောသည်။
ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်နှင့် လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 646
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁
၂၀၂၁ - ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ စီးပွားရေးသည် ၈ ရာခိုင်နှုန်း တိုးတက်လာသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌ များနှင့် ဇန်နဝါရီ ၆ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် စီးပွားရေးသည် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ သော်လည်း လက်ရှိ ၂၀၂၁ - ၂၀၂၂ ခုနှစ် ပထမ ၆ လတာကာလတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ပြီး ဒုတိယ ၆ လတာကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
တိုင်းပြည်၏ စီးပွားရေး တွက်ချက်ရာတွင် ကုန်ထုတ်လုပ်ငန်း အကြီး-အသေး အားလုံးကိုပေါင်း၍ တွက်ချက်ခြင်း ဖြစ်သည့်အတွက် တိုင်းပြည်စီးပွားရေး တိုးတက်လာသည်ဆိုသော်လည်း လက်ရှိ၌ ဖြစ်ပေါ်နေသော စီးပွားရေး အကျပ်အတည်းကြောင့် ပြည်သူများရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်သည်ကို မတွေ့ရသေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံသို့ ကုန်များတင်ပို့နေသည့် ကားများကိုတွေ့ရစဉ်
၎င်းက “GDP ကတော့ တက်ချင်လည်း တက်မှာပေါ့။ ဘာလို့လဲဆိုတော့ ဒေတာတွေက မထုတ်ပြန်ဘူး။ အရင် တုန်းကတော့ စီမံကိန်းတို့ ဘာတို့ကတော့ ထုတ်ပြန်တယ်။ စီမံ/ဘဏ္ဍာက ထုတ်ပြန်တယ်၊ အချက်အလက်တွေ သိရတယ်။ အခုကတော့ မထုတ်ပြန်တော့ မသိရဘူး။ သူတို့တက်တယ်ဆို တက်တယ် လုပ်လိုက်ရတာ။ ဆိုတော့ တက်နိုင်ခြေ မရှိဘူးလားဆိုတော့ ရှိရင်လည်း ရှိမယ်။ ဘာလို့လဲဆိုတော့ GDP ဆိုတာက တစ်နိုင်ငံလုံးကို ပေါင်း လိုက်တာကိုး။ တစ်နိုင်ငံလုံး ပေါင်းလိုက်တာဆိုတော့ အပေါ်ကလူတွေ ပိုပြီးတော့ ချမ်းသာရင် ချမ်းသာလာမှာပေါ့။ ဒါမှမဟုတ် နိုင်ငံပိုင်လုပ်ငန်းတွေ ကနေပြီးတော့ တက်ရင်တက်လာမယ် ဥပမာ ဂတ်စ်လိုဟာမျိုး။ သူက အစိုးရရဲ့ ထုတ်လုပ်မှုတွေရော၊ ပုဂ္ဂလိကရဲ့ ကုန်ထုတ်လုပ်ငန်းတွေရော၊ အကြီးတွေရော အသေးတွေရော အကုန်လုံးကို ပေါင်းပြီးတော့မှ တွက်တာကိုး။ GDP တက်လားဆိုတာကိုတော့ အပြင်လူတွေအနေနဲ့ တိတိကျကျ မသိနိုင်ဘူး။ ဘာလို့ဆို ဒေတာတွေ မရှိဘူး။ ဒါပေမယ့် welfares (သက်သာချောင်ချိရေး) အနေနဲ့ကတော့ ကျသွားတယ်။ welfares ကျသွားတယ်။ welfares က သူက General public ကို ကြည့်ရတာကိုး။ General public အနေနဲ့ကျ တော့ ဘယ်သူမှ အဆင်ပြေမနေဘူး ကြီးတာလည်း ကြီးတဲ့အလျောက်၊ ငယ်တာလည်း ငယ်တဲ့အလျောက် အဆင်ပြေ မနေတော့။ အထူးသဖြင့်ကတော့ အောက်ခြေလူတန်းစားတွေ အဆင်မပြေတော့ welfares က မတက် ဘူးလို့ ပြောလို့ရတယ်။ အဲတော့ GDP တက်ရင်တက် ဒါက အများပြည်သူကို သိပ်ပြီးတော့ support မဖြစ်ဘူးပေါ့ လေ။ General public ကို support မဖြစ်ဘူး အဲလိုပဲ ပြောလို့ရမယ်” ဟု ပြောသည်။
တိုင်းပြည်၏ စီးပွားရေး တိုးတက်လာခြင်းသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေး ဆောင်ရွက်နေခြင်း၊ ပြည်တွင်းရှိ ရေသယံဇာတ၊ မြေသယံဇာတ၊ လယ်ယာ၊ သားငါးကဏ္ဍများ၊ သစ်တောကဏ္ဍများနှင့် လူသား အရင်း အမြစ်များ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချနိုင်မှုတို့ကြောင့် ဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဆန်နှင့် ရေထွက်ကုန် တင်ပို့မှု စသည့် ကုန်သွယ်မှုကဏ္ဍများနှင့် တွက်ချက်ပါ က စီးပွားရေး တိုးတက်မှု ရှိသော်လည်း ပြည်တွင်းထုတ်ကုန် ထုတ်လုပ်နိုင်မှုများနှင့် ပတ်သက်၍ တိုးတက်လာသည်ကို မတွေ့ရကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးသက်ဇော်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နစက တာ၀န်ရှိသူများတွေ့ဆုံစဉ်
ဦးသက်ဇော်က “သူတို့ကတော့ Trade ပေါ်မှာပဲ စကားပြောနေတာလားတော့ မသိဘူးပေါ့နော်။ တကယ် အမှန် တကယ် production က တကယ်တိုးတက်လာဖို့ လိုတာကိုး။ သူကတော့ အဓိကကတော့ စိုက်ပျိုးရေး၊ မွေးမြူ ရေး sector မှာပဲ အဓိကထားနေပုံ ရပါတယ်။ ဘာလို့လဲဆိုတော့ ကုန်သွယ်မှု ပိုငွေကတော့ ပြတာပေါ့နော်။ ဒါပေမယ့် ကုန်သွယ်မှုက အရင် ဦးသိန်းစိန် လက်ထက်ကရှိတဲ့ ကုန်သွယ်မှုနှုန်းတော့ မရောက်သေးဘူးဗျ။ ကျနော်တို့က ဆန်တင်ပို့မှုက ပိုလာပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ ရောက်လာတာ မရှိသေးဘူးပေါ့နော်။ အဓိကကတော့ စွမ်းအင်ကနေ သဘာဝဓာတ်ငွေ့ ရောင်းတဲ့ ကိစ္စတွေလည်း ပါမှာပေါ့နော်။ ပိုငွေကတော့ ဆန်စပါး နဲ့ ရေထွက်ကုန်တွေပေါ့။ ကျွန်းတွေကတော့ ဒီလောက်ကြီး ရတော့တာ မဟုတ်ဘူးလေ။ သဘာ၀သယံဇာတက ဒီလောက်ကြီးရှိတာမဟုတ်ဘူးလေ။သဘာ၀သယံဇာတရောသဘာဝဓာတ်ငွေ့တို့ ပါမှာပေါ့ဗျာ။ အဲလောက်ပဲ တက်လာမယ့်ကိစ္စပဲ ရှိပါတယ်။ ကျန်တာတော့ ပြည်တွင်းထုတ်ကုန်က ကျနော်တို့ မှန်း သလောက်ကတော့ CMP ကတော့ အတိုင်းအတာ တစ်ခုတော့ သွားနေတာပေါ့နော်။ ကျန်တာတော့ တိုးတက်လာ တာ မတွေ့သေးဘူးဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်ပေါ်နေခြင်းကြောင့် အခြေခံကုန်ဈေးနှုန်း၊ စက်သုံးဆီ ဈေးနှုန်း များ ကြီးမြင့်နေသည့်အပြင် အလုပ်အကိုင် ရှားပါးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့နောက် လျှပ်စစ်မီးကြောင့် အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေသလို တချို့မှာ ရပ်နားနေရကြောင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
အလားတူ လက်ရှိ စီးပွားရေး တိုးတက်မှုသည် ကိုဗစ်ဖြစ်ပွားသည့် ကာလနှင့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွား သော ၂၀၂၁ ခုနှစ်၏ စီးပွားရေး အခြေအနေနှင့် နှိုင်းယှဉ်ပြထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုဗစ် မဖြစ်ခင် ကာလ တိုင်းပြည် စီးပွားရေးနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုများစွာ လိုအပ်နေသေးကြောင်း စီးပွားရေးလုပ်ငန်းရှင် များနှင့် ပညာရှင်များက မှတ်ချက်ပြုကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1108
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁
မလေးရှားနိုင်ငံရှိ မြန်မာမှ တိုင်းရင်းသားလူမျိုးအဖွဲ့အစည်းအချို့ ဖမ်းဆီးခံနေရမှုနှင့်ပတ်သက်၍ တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် UNHCR ကို ဖိအားပေးသင့်ကြောင်း မလေးရှားရှိ တိုင်းရင်းသား အဖွဲ့အစည်းအချို့က CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားအာဏာပိုင်များသည် တိုင်းရင်းသားအဖွဲ့အစည်းများအား အဓိကထား၍ ဖမ်းဆီးနေခြင်း မဟုတ်သော် လည်း ပြီးခဲ့သည့်ရက်ပိုင်းက တရားမဝင်အထောက်အထားမဲ့များအား ဝင်ရောက် ဖမ်းဆီးချိန်၌ ချင်းတိုင်းရင်းသား အဖွဲ့အစည်းတစ်ခု၏ ရုံးလည်း ဝင်ရောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုင်းရင်းသားအဖွဲ့အစည်းများ ဖမ်းဆီးခံရမှု ထပ်မံမရှိလာစေရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းရန် UNHCR အား ဖိအားပေးသင့်ခြင်းဖြစ်ကြောင်း မလေးရှားတွင် UNHCR ကတ် ကိုင်ဆောင် နေထိုင်နေသော တိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးထွန်း(အမည်လွှဲ) က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ပေးနေတဲ့အဖွဲ့တွေကို မလေးရှားရဲကဖမ်းဆီးနေစဉ်
၎င်းက“ကျနော်တို့မှာ UN အထောက်အထားနဲ့ပဲ နေရတာဆိုတော့။ UNHCR ပဲ ကျနော်တို့ ဖိအားပေးပြီးမှ လုပ်ဖို့ ပဲ ရှိတယ်။ ကျနော်တို့ UNHCR ကို ဖိအားပေးနိုင်မှ UNHCR ကနေ သူတို့ရဲ့ immigration ပဲဖြစ်ဖြစ် ရဲပဲဖြစ်ဖြစ် ပေါ့နော် သူတို့ကို အကောင်းမွန်ဆုံးသော ဆွေးနွေးမှုတွေ လုပ်နိုင်မှသာလျှင် ကျနော်တို့ ဒီမှာရှိနေတဲ့ အထောက် အထား မရှိတဲ့သူတွေရော မြန်မာပြည်သားအားလုံးပါပဲ safe ဖြစ်မှာဆိုတော့ ကျနော်တို့ UN ကိုပဲ ဖိအားပေးဖို့ရှိ တယ်။ အခုလည်း ပေးနေတယ်။ အဲဒီတော့ အတတ်နိုင်ဆုံး လ.ဝ.ကနဲ့ စကားပြောမယ်။ ပြည်ထဲရေးတို့ အစိုးရ ဘက်ကို သူတို့ အတတ်နိုင်ဆုံးကြိုးစားပေးမယ်လို့ ပြောတယ်ဆိုတော့ ကျနော်တို့က ဖိအားပေးနိုင်တာပဲရှိတယ်။ NGO က အစပေါ့နော်။ အားလုံးက ဒီ UN ကိုပဲ ဖိအားပေးရမယ်။ သို့သော် တစ်ဖက်မှာက UN ကို ဖိအားပေးနိုင်မှ သာလျှင် UN နဲ့ ဒီအစိုးရနဲ့ အကုန်ပေါင်း ပြေပြေလည်လည် ဆွေးနွေးနိုင်မှသာလျှင် အဖမ်းအဆီးတွေမရှိဘဲနဲ့ အားလုံးက safe ဖြစ်မယ့် အနေအထားမှာရှိတာပေါ့နော်။ အဲဒီတော့ ကျနော်တို့ ဖိအားပေးနိုင်တာက ဒီ UN ပဲ ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် UNHCR အနေဖြင့် တိုင်းရင်းသား ဒုက္ခသည်များနှင့်ပတ်သက်၍ UN ဒုက္ခသည်ကတ် ထုတ်ပေးခြင်း သာရှိပြီး အခြားကိစ္စရပ်များ၌ ကူညီပံ့ပိုးမှု မရှိသလောက် နည်းပါးကြောင်း မလေးရှားရှိ တိုင်းရင်းသား အဖွဲ့အစည်း အချို့က ပြောသည်။
ထို့ကြောင့် တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့်လည်း အဖမ်းအဆီး ခံရမှုများတွင် မိမိလူမျိုး၊ အဖွဲ့အစည်း မဟုတ်သဖြင့် မိမိနှင့်မသက်ဆိုင်ဟု မလုပ်သင့်ဘဲ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများမှ ခေါင်းဆောင် များအနေဖြင့် အလေးနက် စဉ်းစား၍ လုပ်ကိုင်သင့်ပြီဖြစ်ကြောင်း မလေးရှားရှိ တိုင်းရင်းသား အဖွဲ့အစည်း အချို့ က ပြောသည်။
ရခိုင်ဒုက္ခသည်များဗဟို(CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က “ဘာလို့ဆို ဒီပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းနေရတာက ဒီလူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရောက်လာရင် သူတို့ဆီကိုလာတယ်။ နေထိုင်မကောင်းရင် သူတို့ဆီကို ရောက်တယ်၊ ဖျားနာရင် သူတို့ဆီကို ရောက်တယ်။ ကလေးမွေး၊ အသုဘကအစ ဒီအဖွဲ့အစည်းတွေကပဲ ချပေး ရတယ်ဆိုတော့ ဒါက တကယ့်ကို သူတို့ က ရင်ဆိုင်လုပ်ကိုင်နေရတာပေါ့။ UNHCR က UNHCR ကတ် ထုတ်ပေး လိုက်ရုံလောက်ပါပဲ။ မန်ဘာကတ် ဆို တာကလည်း သူတို့က မှောင်ခိုလုပ်တယ်လို့ မြင်တာပေါ့နော်။ တကယ်တော့ မှောင်ခိုလုပ်တာ မဟုတ်ဘူး အဲဒါ တွေက။ မိမိအဖွဲ့ဝင်တွေကို သူတို့ရဲ့ အထောက်အထားပေါ့နော်။
အဲဒီက ရရှိလာတဲ့ ငွေတွေကို ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ကိုယ့်အဖွဲ့ဝင်တွေကို ကာကွယ်စောင့်ရှောက်ရတာ ရှိတာကို။ စရိတ်စက ကလည်း အလွန် တရာ ကြီးတယ်လေ မလေးရှားမှာက။ နံပါတ်တစ်က တိုင်းရင်းသား အဖွဲ့အစည်း အချင်းချင်းလည်း တစ်ယောက် နဲ့ တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု အားနည်းတယ်။ သတင်းဖလှယ်တာတို့၊ တွေ့ဆုံ ဆွေးနွေးမှု အဲဒါတွေ လုပ်ဖို့လိုတယ်။ နောက် UNHCR ကလည်း တိုင်းရင်းသား အဖွဲ့တွေကို အရင်လို နီးနီးကပ် ကပ် ဆက်ဆံတာ သိပ်မရှိတော့ဘူး။ ဆိုတော့ အဲဒါတွေ အကုန်လုံးကို စုပြုံလိုက်တဲ့ အခါကျတော့ ဒါတွေက စိုးရိမ်စရာပေါ့နော်။ တကယ်က ပူးပေါင်းဆောင်ရွက်ပြီးတော့ အစိုးရကို ရှင်းပြဖို့ လိုမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ပေးနေတဲ့အဖွဲ့တွေကို မလေးရှားရဲကဖမ်းဆီးနေစဉ်
မလေးရှားသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ တိုင်းရင်းသားဒုက္ခသည်များသည် UNHCR အပါအဝင် ၎င်းနှင့် ချိတ်ဆက်ထားသည့် တိုင်းရင်းသား အဖွဲ့အစည်းများကိုသာ အားကိုးနေရခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းကတ် ပြုလုပ်၍ UNHCR ထံမှ ဒုက္ခသည်ကတ်များ လျှောက်ထားကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ တိုင်းရင်းသားအဖွဲ့အစည်းများ ဖမ်းဆီးခံရပါက ၎င်းတို့ လက်အောက်ရှိ ဒုက္ခသည် တိုင်းရင်းသားများ အတွက်လည်း အစစအရာရာ အခက်အခဲများ ဖြစ်ပေါ်စေကြောင်း မလေးရှားရှိ တိုင်းရင်းသား အဖွဲ့အစည်းအချို့ က ပြောသည်။