- By CNI
- Category: စီးပွားရေး
- Hits: 885
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ထုတ် ပြန်ထားမှုကြောင့် တရုတ်သို့ ဆန်ကွဲတင်ပို့မှု ကျဆင်းသွားသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က CNI သတင်းဌာနသို့ ပြောသည်။
ဆန်စပါးအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က “ အရင်ကထက် စာရင် ကျသွားတယ်။ ၆၅/၃၅ မူဝါဒကြောင့်ပေါ့နော်။ ၆၅/၃၅ ကြောင့် တော်တော်များများ မလုပ်နိုင်ကြတော့ဘူး။ စာချုပ်ချုပ်ပြီးသား လူတွေက လွှဲလို့ ကျန်နေတဲ့ ဥစ္စာတချို့ကလွှဲလို့ နောက်ထပ် အသစ်သွားမယ့် သူတွေ ၆၅/၃၅ မူဝါဒနဲ့ ဖြစ်သွားကြတယ်။ ၆၅/၃၅ မူဝါဒပြင်မှပဲ ပုံမှန်အတိုင်း သွားနိုင်မယ် ထင်တယ်” ဟု ပြောသည်။
ပြည်တွင်း ဆန်နှင့်ဆန်ကွဲဈေး မြင့်တက်နေမှုနှင့် ငွေလဲလှယ်နှုန်း မကိုက်ညီခြင်းတို့ကြောင့် တင်ပို့မှုများ နည်းနေ ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။
စပါးကြမ်းကိုတွေ့ရစဉ်
၎င်းက “တရုတ်ကို ဆန်ကွဲ ရောင်းထားတာတွေတော့ ရှိတယ်။ မူဆယ်ဘက်ကတော့ ဈေးသိပ်မကိုက်လို့ သိပ် ထပ် မရောင်းရဘူးလို့ ကြားတယ်။ ဈေးနှုန်းက ပြည်တွင်း ဈေးက နည်းနည်းမြင့်နေတယ်။ ဟိုမှာ ရောင်းရမယ့်ဈေး၊ ငွေလဲနှုန်းနဲ့ဆိုရင် သိပ်မကိုက်ကြတော့ တင်တာတော့ နည်းနည်း နည်းနေတယ်။ အခု ဈေးနဲ့ ငွေလဲနှုန်းနဲ့ မကိုက် တော့ သွားတာ နည်းတယ်။ ဈေးကွက်ကတော့ ပြည်တွင်းဈေး နည်းနည်းကျရမယ်။ ငွေလဲနှုန်းနဲ့ နောက် ကျနော် တို့က ပြည်တွင်းဈေး တက်တိုင်း လိုက်ခေါ်ရောင်းလို့လည်း မရဘူးလေ။ သူ့ရဲ့ နိုင်ငံတကာ ဈေးကွက်ရှိတယ်ဗျ။ နိုင်ငံတကာ ဈေးနဲ့ ကိုက်မှ ကျနော်တို့က ရောင်းလို့ရမှာ”ဟု CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း ပြန်လည် တင်ပို့နိုင်ရန်နှင့် လုပ်ငန်းရှင်များအတွက် ၆၅/၃၅ မူဝါဒကို ဖြေလျှော့ပေးရန် လိုသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။
ဆန်အိတ်များ သယ်နေကြစဉ်
၎င်းက “နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း စက်မှုဇုန် လုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့အချိန်က သူကိုယ်တိုင် ပြောသွားပါ တယ်။ ဒေါ်လာဈေးကို ထိန်းဖို့အတွက် တည်ငြိမ်တဲ့ အချိန်တစ်ခုရတဲ့ အချိန်မှာ ၆၅/၃၅ မူဝါဒကို အကုန်လုံး ဖြေလျှော့ပေးမယ်ဆိုတာကို ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် ပြောသွားတာ ဘယ်အချိန်ကျရင် ဒီဟာကို ဖြေလျှော့ မလဲပေါ့နော်။ အဲဒီချိန်တစ်ခုကို ကျနော်တို့ စောင့်နေကြတာ။ ကျနော်တို့ နိုင်ငံက နိုင်ငံတကာရဲ့ ဖိအားကို ရောက် နေတာပေါ့နော်။ အဲဒီအချိန်မှာ ကျနော်တို့ လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်သာကိုင်ရှိဖို့ဆိုတာ အခွင့်အလမ်းရှိဖို့လို ပါတယ်။ လုပ်နိုင်ကိုင်နိုင် အခွင့်အလမ်းရှိဖို့ဆိုတာ လက်ရှိ တာဝန်ရှိသူတွေရဲ့ မူဝါဒ လမ်းညွှန်မှုတွေနဲ့ ဆိုင်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး လိုအပ်ချက်ရှိတယ်။ ဒီဟာနဲ့ပတ်သက်ပြီး သတ်မှတ်ပေးဖို့ အချိန် ပြန်လည် ဖြေလျှော့ ပေးဖို့ လိုအပ်နေပါတယ်”ဟု ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်ကွဲ တင်ပို့မှု တန်ချိန် ၉၄၇၈၂ ရှိပြီး တန်ဖိုး ဒေါ်လာ ၁၁.၈၅၉ သန်းသာ တင်ပို့နိုင် ခဲ့သည်ဟု ဆန်ကုန်သည် အသိုင်းအဝိုင်းမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 493
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁
မွန်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါး စိုက်ပျိုးချိန်တွင် ကောက်စိုက်ရာ၌ အလုပ်သမားများသည် ယခင်နှစ်များက ထက် အငှားကောက်စိုက်ခများ(ဈေးနှုန်း) ပိုမိုရရှိနေသည်ဟု သိရသည်။
စပါးဈေးနှုန်းများ ကောင်းမွန်နေခြင်းနှင့် ကောက်စိုက်သမားများ ရှားပါးနေခြင်းကြောင့် လက်ရှိ ကောက်စိုက်ချိန် တွင် ကောက်စိုက်သမားများသည် တစ်ရက်လျှင် ၁၂၀၀၀ အထိ ရရှိနေသည်ဟု မွန်ပြည်နယ် ဇင်းကျိုက်မြို့မှ ဒေသခံ ဒေါ်မြမြစိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကောက်စိုက်တာက နေ့စားသမားဆိုရင် ၁၂၀၀၀၊ ချိုင့်ဆွဲ ကိုယ့် ထမင်းချိုင့်နဲ့ ကိုယ်ဆိုရင် ၁ သောင်းခွဲ၊ ပဲခူးတို့၊ ဝေါတို့ ဘက်ကလာရင် နားနီး၊ နားဝေး ရှိတယ်ဆိုရင် ၇၀၀၀။ ဈေးကောင်းတာပေါ့ စပါးဈေးတွေလည်း ကောင်းတာဆိုတော့ ကောက်စိုက်သမား ဈေးတွေလည်း ကောင်းသွားတာပေါ့။ အများကြီး ပိုသွားတယ်။ ခါတိုင်း နှစ်က ၉ ထောင်၊ ၁ သောင်းပဲ။ ဒီနှစ်က ၁ သောင်း ကျော်သွားတယ်။ လူတွေကလည်း မရှိဘူးလေ တစ်ဖက်နိုင်ငံကို သွားကုန်ကြပြီလေ”ဟု ပြောသည်။
လယ်ထွန်နေကြသည်ကိုတွေ့ရစဉ်
စပါးစိုက်ပျိုးချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့မှ အလုပ်သမားများ အပြင် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ အလုပ်သမားများသည် မွန်ပြည်နယ်သို့ လာရောက်၍ ကောက်စိုက်ကြသည်ဟု သိရသည်။
ယခင်က လယ် ၁ ဧကလျှင် ကောက်စိုက်သမား ၈ ယောက်ဖြင့် လုပ်ကြသော်လည်း ယခုအခါ ၁၅ ယောက်ခန့် သုံးစွဲနေရကြောင်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှ တောင်သူ နိုင်မောင်လေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်သမားခ များတယ်၊ နည်းတယ်ဆိုတာ သူ့သတ်မှတ်ချက် ရှိတယ်။ အခုက သူတို့ အလုပ်လုပ်တာ ၈ နာရီ မပြည့်ဘူး။ အလုပ်လုပ်ချိန်မှာလည်း အလုပ်နဲ့တူအောင် လုပ်တာ သိပ်မရှိဘူး။ မတန်ဘူးလို့တောင် လယ် သမား တွေက ပြောတယ်။ ဥပမာ လယ်သမားက နေ့စားကို တစ်နေ့ ၇၀၀၀၊ ၇၀၀၀ ဆိုတာက မနက်မိုးလင်း ၆ နာရီအချိန် လယ်ကွက်ထဲ ရောက်ပြီ။ ည ၅ နာရီထိုးမှ တက်မယ်။ သူတို့ကျတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ ၇ နာရီ ထိုးမှ လယ်ကွက်ထဲ ရောက်တယ်။ ၄ နာရီထိုးတာနဲ့ တက်ပြီ။ အဲဒီကြားမှာ သူတို့ အလုပ်လုပ်တာက သိပ်မရှိဘူး။ ဖုန်းပြော၊ ဟိုသွားဒီသွားနဲ့ အချိန်တွေ ပြည့်သွားတာ။ လုပ်ကွက်တွေက နည်းတယ်။ အများကြီး ကွာဟတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်ဆိုရင် လယ် ၁ ဧကကို လူ ၈ ယောက်၊ ၉ ယောက် အဲဒီလောက်ဆို ပြီးသွားတယ်။ လယ် ၁ ဧက။ အခုဆိုရင် ၁၅ ယောက် မပြီးဘူး။ မပြီးဆိုတာ ဈေးက များတယ်ပြောတာ ဈေးက မများဘူး။ ကုန်ကျ စရိတ်က လုပ်အားခ လုပ်ရတာနဲ့ လုပ်ကွက် နည်းတဲ့အတွက် ကုန်ကျစရိတ်က များသွားလို့ လယ်သမားက ညည်း တာ။ လယ်သမားတွေက စိုက်ဖို့အတွက်ကို ငြီးငွေ့ပြီးတော့ ကြဲခင်းတွေ ကြဲတာ များတယ်” ဟု ပြောသည်။
ကောက်စိုက်နေကြစဉ်
ထို့နောက် မွန်ပြည်နယ်အတွင်းရှိ ကောက်စိုက်ကျွမ်းကျင် လုပ်သားအများစုသည် လက်ရှိတွင် ရှားပါးနေကြောင်း၊ အမျိုးသားများမှာ ပို၍ ရှားပါးသည်ဟု မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ တောင်သူ ဒေါ်ဋ္ဌေးရီက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုမျိုး ဖြစ်နေလဲဆိုတော့ ရှာလို့မရတာတော့ မဟုတ်ဘူး။ အခု တစ်နေ့ကို ၁၂၀၀၀ ပေါ့ မတတ်တဲ့ သူတွေကိုပါပေါ့။ တကယ် တတ်တဲ့သူတွေက မရှိတော့ဘူး။ အခု ယောကျာ်းလေးတွေက ပိုရှားသွားတာပေါ့ မျိုး နုတ်။ အဲဒါက နုတ်နုတ် စိုက်စိုက် သမားပေါ့။ ယောကျာ်းလေးတွေဆို ၁ သောင်းခွဲ၊ သူတို့ဟာသူတို့ နုတ်၊ သူတို့ဟာ သူတို့ စိုက်။ မိန်းကလေးတွေဆို ၁၂၀၀၀။ အလုပ်သမားတွေကတော့ ရှားတယ်၊ ယောကျာ်းလေးတွေက ပိုရှား တယ်” ဟု ပြောသည်။
လက်ရှိ ကြုံတွေ့နေရသည့် အလုပ်သမား ရှားပါးမှုနှင့် အလုပ်သမားစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် မွန်ပြည်နယ် အတွင်းရှိ လယ်သမားအများစုသည် မျိုးစပါးစိုက်ပျိုးခြင်းကို မလုပ်ဆောင်ကြတော့ကြောင်း၊ ကြဲခင်းစနစ်ကို လုပ် ဆောင်လာကြကြောင်း သိရသည်။
မျိုးကြဲ၍ စိုက်ပျိုးခြင်းသည် စပါးအထွက်နှုန်း ကျဆင်းသော်လည်း ဓာတ်မြေဩဇာ အများအပြား သုံးစွဲမည်ဆိုပါက အထွက်နှုန်း ကောင်းမွန်နိုင်ကြောင်း၊ သို့သော်လည်း မိုးအများအပြား ရွာသွန်းပါက အပင်များ ရေမြုပ်၍ ပျက်စီး သွားမည်ကို တောင်သူများက စိုးရိမ်နေကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 517
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁
လက်ရှိ မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာဈေးနှုန်းများ ကျနေသော်လည်း စိုက်ပျိုးရေးကုန်ကျစရိတ်များသည် ယခင် အတိုင်း မြင့်တက်နေဆဲ ဖြစ်သည်ဟု တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ဓာတ်မြေဩဇာဈေး ကျသော်လည်း လယ်ယာသုံးစက်ပစ္စည်းများ၏ ဈေးနှုန်းများမှာ တက်နေဆဲဖြစ်သည့်အတွက် အခြေခံစိုက်ပျိုးရေး တောင်သူများအနေဖြင့် အခက်အခဲရှိနေနိုင်သေးကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ လယ် သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။
၎င်းက “ စက်နဲ့သုံးရတဲ့ ပစ္စည်းတွေ အားလုံး ဈေးတက်တယ်။ ဝန်ဆောင်မှု လုပ်ငန်းတွေကတော့ ဈေးတက်သွားပါ တယ်။ ကျန်တဲ့ သွင်းအားစုဖြစ်တဲ့ မြေဩဇာဈေးနှုန်းက မနှစ်ကထက်စာရင် ဒီနှစ်က နှစ်သောင်းဝန်းကျင် နှစ်သောင်းခွဲလောက် သက်သာပါတယ်။ အစောကြီး ကတည်းက အကြွေးနည်းတဲ့ တောင်သူ၊ လည်ပတ်ပြီးသား တောင်သူ အဖို့တော့ သိပ်အခက်အခဲမရှိပါဘူး။ ဒါပေမယ့် အနှစ်နှစ် အလလ ကြွေးက မပြုတ်သေး (အကြွေးက မကျေသေး)။ တောင်သူတွေ ကျတော့ ခါတိုင်းက မြေဩဇာစက်ခ ဘာညာ အားလုံး ဥပမာ တစ်ဧကကို ကောက် မရိတ်ခင် ဘာညာ လေးသိန်းကုန်တယ်၊ အခုဥစ္စာကျတော့ ဥပမာ ၃ သိန်းလောက် ကုန်မယ်ဆိုရင် ခုလောလော ဆယ်မှာ ၅ သိန်း၊ ၆ သိန်း ကုန်မှာဖြစ်တဲ့အတွက် အဲဒီအတွက် ငွေပိုရှာရတာပေါ့။ ငွေပိုရှာရတဲ့အတွက် အတန်(အ တော်)တော့ ခက်ခဲပါတယ်။ အစိုးရဘက်က ပံ့ပိုးကူညီပေး။ ကူညီပေးနိုင်တဲ့ အရာတွေကို ၁ နှစ်၊ ၂ နှစ်လောက် ဆက်ပြီး ကူညီပေး လိုက်မယ်ဆိုရင်တော့ တောင်သူ ရာခိုင်နှုန်း တော်တော်များများ အဆင်ပြေသွားမှာပါ ”ဟု ပြောသည်။
လယ်သမားများ လယ်ယာသုံးစက်ပစ္စည်းနဲ့ လယ်ထွန်နေစဉ်
မြန်မာနိုင်ငံတွင် လက်ရှိမှာ သွင်းအားစုထဲက ဓာတ်မြေဩဇာဈေးများ ကျနေသော်လည်း စိုက်ပျိုးရေး ရာသီရောက် လာပါက ဈေးပြန်တက်နိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်မှာတော့ ဈေးက မနှစ်က ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ လက်ရှိ အခြေအနေထိပေါ့။ တက်လာနိုင်ချေရှိတယ်လို့ ကျနော်တို့ သုံးသပ်ထားတာ ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ရာသီရောက်လာရင် အခုကတော့ လောလောဆယ် စုဆောင်းတဲ့ ကာလ စုဆောင်းတဲ့ အချိန်မို့လို့ ဈေးကတော့ သိပ်မကြီးသေးဘူး ဆိုတဲ့ သဘောပေါ့။ တကယ်သုံးရမယ့် ရာသီရောက်လာရင်တော့ အခုကြိုပြီး ဝယ်နေတဲ့သူတွေက ပိုက်ဆံရှိတဲ့ လယ်သမား အဲလောက်ပဲ ဝယ်နိုင်တဲ့အတွက်ကြောင့် ဈေးက သိပ်မြင့်နိုင်တဲ့ အနေအထားမရှိဘူး။ မဖြစ်မနေ ဝယ် ရမယ့် အချိန်ရောက်ရင် ဈေးက ပိုလာလိမ့်မယ်။ မနှစ်က ကြိုပြီးတော့ ရောက်တဲ့ရာသီနဲ့ ယှဥ်ရင်တော့ ဈေးက နည်းနည်းလောက်ပေါ့ ထောင်ဂဏန်းပါ။ သိပ်များများ စားစားတော့ မဟုတ်ဘူး ထောင်ဂဏန်း ကျနော်တို့ ကွာ ခြားနေတာရှိတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ဓာတ်မြေဩဇာဈေး ထောင်ဂဏန်းလောက်သာ ဈေးကျသည့်အတွက် ယခင်အတိုင်း အမြတ် အစွန်း နည်းသည်ဟု ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာက ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသိန်းအောင်က “တစ်အိတ်ကို တစ်သိန်းခွဲလောက် ဝယ်ရတဲ့ အခါမျိုးရှိတော့ ဟင်းသီးဟင်းရွက် ရောင်းရတာက အဲလောက်ထိ မရတဲ့ဟာမျိုးတော့ ရှိပါတယ်။ အခုဈေးကျတယ် ပြောပေမယ့် တစ်သိန်း ပတ်ဝန်းကျင်ပဲ ရှိတယ်။ အရင်အတိုင်းပါပဲ”ဟု ပြောသည်။
တောင်သူတစ်ဦး လယ်ထွန်နေစဉ်
မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှာ ကုန်ကျစရိတ် သက်သာရန် တောင်သူများအတွက် အစိုးရဘက်မှ ချေးငွေ ထုတ် ပေးခြင်းနှင့် စိုက်ပျိုးရေးသုံး စက်ပစ္စည်းများ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း တောင်သူလယ်သမားများက ပြော သည်။
နစကသည် တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ချေးငွေများ ထုတ်ပေးနေသလို စိုက် ပျိုးရေးသုံး စက်ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက်ကိုလည်း ချေးငွေများ ပေးနေကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 748
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀
မူဆယ် - ရွှေလီ ဂိတ်ပေါက်တွင် အဝင်အထွက်လုပ်ရန်အတွက် နိုင်ငံကူးလက်မှတ် စာအုပ်အနီကို မူဆယ်နှင့် နမ့်ခမ်း အိမ်ထောင်စုဇယား ရှိသူများကိုသာ ထုတ်ပေးသဖြင့် အခြားသော ဒေသမှ လာရောက်သည့် ကုန်သည်များ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် မြန်မာကုန်သည် အများစုမှာ မူဆယ်နှင့်နမ့်ခမ်း အိမ်ထောင်စုဇယား မရှိသည့်အတွက် စာအုပ်အနီ ပြုလုပ်ရန် အခက်တွေ့နေကြောင်း သိရသည်။
အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး မူဆယ်- နမ့်ခမ်း ကုန်သည်ကြီးများအသင်းမှ ဦးဆောင်၍ ကုန်သည် ၂၀၀ ကျော်အတွက် စာအုပ်အနီ ထုတ်ပေးရန် သက်ဆိုင်ရာ ခရိုင်မှတဆင့် နေပြည်တော်သို့ တင်ပြထားကြောင်း၊ လက်ရှိ အချိန်ထိ ထုတ်ပေးခြင်း မရှိသေးကြောင်း မူဆယ်ဆန်ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မူဆယ် - နမ့်ခမ်း ကုန်သည်ကြီးများအသင်းက ဦးဆောင်ပြီးတော့ စာအုပ်အနီ တင်ထားတာ အခုထိ မရ သေးဘူး။ သူက နေပြည်တော် တင်ထားတယ် ပြောတာပဲ။ နေပြည်တော်က မကျသေးလို့ မထုတ်ပေးတာလို့ ပြော တယ်။ မူဆယ် - နမ့်ခမ်း ကုန်သည်ကြီးများ လက်အောက်မှာရှိတဲ့ မူဆယ်ဆန်စပါးအသင်း၊ ပဲ၊ ပြောင်း၊ နှမ်းအသင်း၊ ရော်ဘာအသင်း၊ ရေထွက်ပစ္စည်းအသင်း အသင်းမျိုးစုံကနေ လုပ်ထားတာ စာအုပ် ၂၀၀ ကျော်လောက် ရှိတယ်။ စာအုပ် ၂၀၀ ကျော်ကို စိစစ်ပြီးတော့ တရုတ်နိုင်ငံကို ဝင်ထွက်ဖို့က အိမ်ထောင်စုဇယားလည်း မရှိဘူး။ မူဆယ်မှာ လာလုပ်စားနေရတာ၊ တရုတ်နိုင်ငံကို အဝင်အထွက် ရှိတဲ့အတွက် စာအုပ်အနီ လုပ်ပေးပါဆိုပြီးတော့ မူဆယ် - နမ့်ခမ်း ကုန်သည်ကြီးများ အသင်းကတဆင့် လုပ်တာ ဒီကနေ့အထိ မရသေးဘူး။ အဲဒါ ဘယ်သူ့ကို တင်ရလဲဆို တော့ ခရိုင် လ.ဝ.ကကို တင်ရတယ်။ ခရိုင် လ.ဝ.က ကနေပြီးတော့ နေပြည်တော်ကို တင်ထားတယ် ပြောပေမယ့် အခုထိတော့ မကျသေးဘူး” ဟု ပြောသည်။
မြန်မာ-တရုတ် နယ်စပ်ပေါက်ကိုတွေ့ရစဉ်
မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် မူဆယ် - ကျယ်ဂေါင် - ရွှေလီအား ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ လူ အဝင်/အထွက်နှင့် တရားဝင် ကုန်သွယ်ခွင့်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
မူဆယ်မြို့မှ ကုန်သည်တစ်ဦးက “ဝင်လို့မရဘူးလေ။ အမှန်တကယ် တရုတ်နိုင်ငံကို ဝင်ထွက် သွားလာ လုပ်ကိုင် စားသောက်နေတဲ့ ကုန်သည်ကြီး များ အစစ်အမှန်၊ နောက်ပြီးတော့ သူက မူဆယ် အိမ်ထောင်စု မရှိဘူး။ မူဆယ် အိမ်ထောင်စုဇယား မရှိတဲ့အတွက် ဝင်လို့မရဘူး။ ဝင်လို့မရတဲ့အတွက် တစ်ဗန်းရှုံးသွားပြီ။ တရုတ်နိုင်ငံကို ဝင်လို့ မရဘူး။ ဖုန်းနဲ့ပဲ ပြောနေတာ။ တရုတ်နိုင်ငံကို ဝင်မယ်၊ ထွက်မယ်၊ ပစ္စည်းတွေ သွားကြည့်မယ်၊ နမူနာ သွားကြည့် ပြီး လုပ်ရတာကိုး။ ဝင်ထွက် သွားလာတာ မရတဲ့အတွက် ကုန်သည်ကြီးတွေအနေနဲ့ အများကြီး နစ်နာနေတယ် စာအုပ်အနီ မထုတ်ပေးတာက” ဟု ပြောသည်။
မြန်မာ-တရုတ်နယ်စပ် နိုင်ငံကူးလက်မှတ် စာအုပ်အနီကို လက်ရှိတွင် မူဆယ်နှင့် နမ့်ခမ်း အိမ်ထောင်စုဇယား ရှိသည့် နေထိုင်သူများကိုသာ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ တခြားသော ဒေသမှ လာရောက် လုပ်ကိုင်သူများ ကို ပွဲစားများက စာအုပ်အနီ လုပ်ပေးမည်ဟု ပြော၍ ငွေကြေး လိမ်လည်မှုများ ရှိနေကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ကိုတွေ့ရစဉ်
မူဆယ်-နမ့်ခမ်းကုန်သည်အသင်းမှ တာဝန်ရှိသူ တစ်ဦးက “အရင်တုန်းက စာအုပ်အနီဆိုတာက Border Pass ပေါ့နော် BP လို့ ခေါ်တယ်။ ပြီးရင် ခရီးသွားဗီဇာကို အလည်ဗီဇာလို့ ခေါ်တယ်။ Traveling Border Pass ဆိုတာ ရှိတယ် TBP လို့ ခေါ်တယ်။ အဲဒါက ၆ ညအိပ်၊ ၇ ရက်ကို ပေးတယ်။ အခုလာရင် မူဆယ်အိမ်ထောင်စု မဟုတ်ဘူး၊ စာအုပ်အနီ မလုပ်ချင်ဘူး၊ မူဆယ်ကလူလည်း စာအုပ်အနီ မလုပ်ချင်ဘူးဆိုရင် TBP ကို ဓာတ်ပုံတွေ ပေးလိုက်တာ နဲ့ နန်းတော်ပေါက်မှာ မကဖ ကနေပြီးတော့ ထုတ်ပေးလိုက်တယ်။ အဲဒါဆိုရင် ၆ ညအိပ် ၇ ရက်နဲ့ ဝင်သွားလို့ရပြီ။ Traveling Border Pass ကို ပေးဖို့အတွက်ကို စာအုပ်အနီကတော့ ဟုတ်တယ် ဥပဒေနဲ့ မညီဘူး။ မြန်မာနိုင်ငံက မပေးနဲ့ ရတယ်။ အဓိကကတော့ အစ်ကိုတို့ကတော့ စာအုပ်အနီ မပေးနိုင်ရင် ပြည်သူတွေ လွယ်လွယ်ကူကူ သွား ပြီးတော့ အရင်လိုပဲ ပုံမှန်သွားလာနိုင်အောင်လို့ Traveling Border Pass ကို ပေးစေချင်တယ်။ ပြီးလို့ရှိရင် တကယ် ကုန်သည်ကြီးများအသင်းက တကယ့် အမှန်အကန် တကယ့်ကို လိုအပ်နေတဲ့ ၁၀၅ မိုင်၊ မူဆယ် - နမ့်ခမ်း ကုန်စည်ဒိုင် သူတို့အပါ၊ ပြီးရင် ဆန်စပါးကုန်စည်ဒိုင်၊ ပဲ၊ ပြောင်း၊ နှမ်း၊ သစ်သီးဝလံ၊ ကားအသင်းတွေ အမှန်အကန် ပေးသင့်တယ်လို့ တောင်းဆိုချင်တာပေါ့လေ” ဟု ပြောသည်။
စာအုပ်အနီ လုပ်ရာတွင် မြန်မာကျပ်ငွေ သိန်း ၂၀ မှ သိန်း ၅၀ အထိ ဈေးနှုန်းများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 912
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit ရှိ အမည်ခံ အလုပ်ရှင်၏ လုပ်ငန်းခွင်တွင် မလုပ်ဘဲ အခြားသော အလုပ်ရှင်၏ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်မှု ယခင်ကထက် ပိုမိုများပြားလာ ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းဥပဒေအရ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit ထဲမှ အလုပ်ရှင်ထံတွင်သာ အလုပ်လုပ်ကိုင် ရခြင်းဖြစ်သည်။
သို့သော် ၎င်းအလုပ်ရှင်ဘက်မှ တရားဝင် အလုပ်ထွက်စာမပေးသဖြင့် အလုပ်ရှင်သူဋ္ဌေးအသစ် ပြောင်းလဲရန်မှာ မလွယ်ကူသောကြောင့် ယခုကဲ့သို့ အလုပ်ရှင်မတူဘဲ အလုပ်လုပ်ကိုင်မှု များလာခြင်း ဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်ရှင်သူဋ္ဌေးအဟောင်းကနေ တရားဝင် အလုပ်ထွက်စာ မပေးတာတွေပေါ့။ အဲဒီလိုမပေးတဲ့အခါဆို တစ်ဖက် အလုပ်ရှင်အသစ်သူဋ္ဌေးဆီကို အလုပ်သမားကနေ Work Permit ဟိုဘက် အသစ်သူဋ္ဌေးနာမည်နဲ့ ပြောင်းလို့မရဘူး။ မရတဲ့အခါကျတော့ ဒီအတိုင်းပဲ အလုပ်လုပ်နေရတာပေါ့။ အဲဒီမှာ ကောင်းတာတစ်ခုက ရှိသလို ဆိုးတာလည်း ရှိတယ်။ ကောင်းတာတစ်ခုက ဘာလဲဆိုတော့ အလုပ်တော့ လုပ်နေရတယ် သူဋ္ဌေး မပြောင်းလိုက် ရဘူးပေါ့။ အထူးသဖြင့် အဲဒီလိုပြဿနာတွေက MOU စနစ်နဲ့ လာတဲ့အလုပ်သမားတွေ ၉၅ ရာခိုင်နှုန်းလောက်ကို ရှိတာ။ ဘာကြောင့်လဲဆိုတော့ တရားဝင် အလုပ်ထွက်စာပေါ့ သူဋ္ဌေးဟောင်းဆီကနေ အဲဒီလို မထုတ်ပေးဘူး။ မထုတ်ပေးဘူးဆိုတာက တော်တော်များများ မြန်မာအေဂျင်စီတွေက အဲဒီလို တရားဝင်ထွက်စာတောင်းပြီးဆိုရင် အလုပ်သမားတွေဆီကနေ မတရား ပိုက်ဆံပြောင်းတယ်။ လူတစ်ယောက်ကို ဘတ်လေးထောင်၊ ငါးထောင် တောင်းမှ ထုတ်ပေးတယ်ပေါ့။ တချို့တွေဆိုရင် အလုပ်စမတ်ခဆိုတဲ့ အလုပ်လျှောက်ခ တွေကို ပေးရတယ်။ Work Permit တွေ မပြောင်းထား ပေးဘူး။ မပြောင်းထားပေးလို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ မှာ Work Permit တော်တော် များများ သက်တမ်းမတိုးထားရဘူး။ ဒါကို ဘတ်အသစ်ဖွင့်တဲ့အခါမှ ဘတ်ပြန် လျှောက်ပေးမယ်ဆိုတဲ့ ပုံစံနဲ့ ဆက်ပြီးတော့ စည်းရုံးတယ်ပေါ့။ မသိနားမလည်တဲ့ တောသူတောင်သား အများစုကတော့ ဒီလိုဒဏ်ကို ခံနေရ တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းခွင်တစ်ခု(ဓါတ်ပုံ-Getty Imgaes)
ယခုကဲ့သို့ Work Permit ထဲမှ အလုပ်ရှင်နှင့် မတူသည့်လုပ်ငန်းခွင်များတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်နေရခြင်းသည် တရားဝင်ဖြစ်စေရန် ကြိုးစားကြသော်လည်း အထောက်အထားလက်မှတ်များ ပြုလုပ် ရသည့် လုပ်ငန်းစဉ်များမှာ ၎င်းတို့အတွက် ရှုပ်ထွေးကြန့်ကြာမှုများနှင့် ကုန်ကျစရိတ် များပြားမှုများကြောင့် ယခုကဲ့သို့ တရားမဝင်ပုံစံအဖြစ်သို့ ရောက်သွားကြခြင်းဖြစ်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက သုံးသပ်သည်။
မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit ထဲမှ အလုပ်ရှင်နှင့်မတူသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်ခွင့်ရနေခြင်းသည် ၎င်းတို့အား လက်ခံခန့်အပ်သည့် လုပ်ငန်းရှင်သူဌေးများကြောင့် ဖြစ်သည့် အတွက် ၎င်းတို့၌လည်း တာဝန်ရှိကြောင်း ထိုင်းနိုင်ငံရှိ Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
“အထောက်အထားရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူဌေးတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တကယ်တမ်း ပြောမယ်ဆိုရင် လက်ခံတဲ့လူမရှိရင်တော့ ဘာမှလုပ်လို့မရဘူးလေ။ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ ထိုလုပ်ငန်းရှင် များလည်း အလုပ်သမားလိုအပ်မှုတွေရှိနေတယ်။ အလုပ်သမားလည်း အလုပ်လိုအပ်မှုတွေ ရှိနေတယ်။ နှစ်ယောက်စလုံးမှာ အပြစ်ရှိနေတာကို။ သူဋ္ဌေးမတူဘဲခိုင်းတဲ့သူ သူဋ္ဌေးမှာ ပိုအပြစ်များတယ်လေ။ အဲဒီမှာ သူ့ကို လုပ်ခလစာ အပြည့် ပေးလား၊ မပေးလား အဲဒီဟာလည်း ပြန်ကြည့်ရဦးမယ်။ သူဋ္ဌေးက ပိုအပြစ်ကြီးတယ်။ အလုပ်သမားတွေကရော သူဋ္ဌေးမတူဘဲနဲ့ ဘာလို့သွားလုပ်လဲ။ မလုပ်ရင် ထမင်းငတ်မှာပေါ့။ အဓိကက သူတို့ နှစ်ယောက်မှာ အခက်အခဲက တူနေတယ်” ဟု ၎င်းက သုံးသပ်သည်။
ထိုင်းဥပဒေအရ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit ထဲမှ အလုပ်ရှင်ထံတွင်သာ အလုပ်လုပ်ကိုင်ရ မည်ဖြစ်သောကြောင့် ယခုကဲ့သို့ အလုပ်ရှင်သူဋ္ဌေးမတူညီပါက တိုင်ကြားချက်ကြောင့်သော်လည်းကောင်း၊ ဝင်ရောက်စီးနင်းခြင်းခံရသည့်အခါတွင်လည်းကောင်း ဖမ်းမိခဲ့ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း Labour Right Foundation (LRF) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံသည် အလုပ်အကိုင်ရှားပါးခြင်းမျိုးမရှိဘဲ ပေါများလွန်းသောကြောင့် အိမ်နီးချင်းနိုင်ငံများမှ လုပ်သား များအား ခေါ်ယူနေရခြင်းဖြစ်သောကြောင့် ရွှေ့ပြောင်းလုပ်သားများ ယခုကဲ့သို့ လုပ်ဆောင်ကြခြင်းသည် လွယ်လင့်တကူ ဆုံးဖြတ်ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“အလုပ်အကိုင်ကတော့ ပုံမှန်ရှိနေတာပဲ။ သို့သော် လုပ်သားတွေကိုယ်တိုင်က လွယ်လင့်တကူ ဆုံးဖြတ်တာ။ ဥပဒေဆိုတာကို ထည့်မစဉ်းစားတော့ဘဲနဲ့ ချက်ချင်းပဲ ဒီနေ့အလုပ်လုပ်နေရင်းမှ ငါ ဒီမှာအလုပ် မလုပ်ချင်တော့ ဘူး။ ငါ့သူငယ်ချင်းက ဘယ်မှာရှိတယ်။ ငါ့ရပ်ဆွေ ရပ်မျိုးက ဘယ်မှာရှိတယ်။ အဲဒီမှာ ငါသွားပြီး အတူနေချင်တယ် ဆိုပြီး ကောက်ခါငင်ခါ ထွက်သွားတာတွေရှိတယ်။ ဥပဒေအရ ပြောရမယ်ဆိုရင် အလုပ်သမားဟာ စက်ရုံကနေမှ အလုပ်ကနေ ထွက်ခွာချင်ပါတယ်ဆိုရင် အနိမ့်ဆုံး ၁၅ ရက် ကြိုတင်အကြောင်းကြားရတယ်။ အလုပ်ရှင်ကလည်း ဒီလုပ်သားကို မလိုချင်တော့ပါဘူးဆိုရင် နောင် ၁၅ ရက်နေရင် အလုပ်ကနေ အနားပေးတော့မယ်ဆိုတာမျိုး အပြန်အလှန် အလုပ်ရှင်၊ အလုပ်သမားဘက်ကနေ သတိပေးရတာတွေ အကြောင်းကြားရတာတွေရှိတယ်။ ကိုယ်ကိုယ်တိုင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လာရောက် အလုပ်လုပ်ကိုင်နေစဉ်ကာလမှာ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေအားလုံး သိအောင်ကြိုးစားပြီးမှ စနစ်တကျ နေထိုင်လုပ်ကိုင် ကြဖို့ အကြံပြုချင်ပါတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်ရှင်မတူဘဲ အလုပ် လုပ်ကိုင်နေသည်ဟု တိုင်ကြားချက်ကြောင့် ထိုသို့လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၈ ဦး နှင့် ကမ္ဘောဒီးယား လုပ်သား ၉ ဦး စုစုပေါင်း ၁၇ ဦးတို့အပြင် ထိုင်း ကန်ထရိုက်တာနှစ်ဦးကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 442
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
ကချင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်နေသည့် ကန်ပိုက်တည် နယ်စပ် ကုန်သွယ်ရေးနှင့် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများသည် မိုးရွာသွန်မှုများကြောင့် ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း ကုန်တင်ကားသမားများထံမှ သိရသည်။
အဆိုပါ လမ်းပိုင်း ပျက်စီးမှုများသည် နှစ်စဉ် မိုးရာသီရောက်တိုင်း ဖြစ်ပေါ်လေ့ရှိကြောင်း၊ လက်ရှိတွင် ကချင် ပြည်နယ် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်း ပျက်စီးမှုများကို တရုတ်ကုမ္ပဏီများက ပြုပြင်မှုများ ရှိနေကြောင်း၊ သို့သော် ယခုနှစ် မိုးတွင်းကာလတွင် ယခင်နှစ်များကဲ့သို့ ဆိုးရွားစွာ ပျက်စီးမည် မဟုတ်ကြောင်း ကန်ပိုက်တည် လမ်းကြောင်း မောင်းနေသည့် ကုန်ကားသမား ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကန်ပိုက်တည် ဘက်မှာလည်း အခုက ရှိတော့ ရှိတယ်။ လမ်းတော့ ပြန်တော့ ပြင်နေတယ်။ နည်းနည်းပါး ပါးတော့ လုပ်နေကြတယ် တရုတ်နဲ့။ လမ်းတော့ ဆိုးတော့ ဆိုးသေးတယ်။ ဆိုးပေမယ့်လည်း နည်းနည်းတော့ သွားလို့ရသေးတယ်။ သူတို့ လုပ်တော့ လုပ်နေတာပဲ။ အကြမ်းပေါ့နော် ချိုင့်၊ ကျွင်းတွေ ရှိတဲ့နေရာတို့ ဘာတို့ အဲဒီ လိုတွေ ဖို့၊ ကျောက်တွေ ဘာတွေဖို့ အဲဒီလိုတော့ လုပ်နေကြတယ်။ လမ်းပိုင်းက အခုမှ စလုပ်တာဆိုတော့ လုံးလုံး ကောင်းတယ်လို့တော့ ပြောလို့ မရသေးဘူး။ အခုမှ စလုပ်တုန်းပဲ အဲဒီလို ဖြစ်နေတယ်။ အရင်နှစ်လည်း ဒီအတိုင်း ပဲ။ အရင်နှစ်တွေ တုန်းကတော့ မပြင်ဘူးပေါ့နော်။ ဒီနှစ်တော့ သူတို့ နည်းနည်းပါးပါးတော့ သူတို့လုပ်နေတယ်” ဟု ပြောသည်။
ကန်ပိုက်တည် ကုန်သွယ်ရေးစခန်းကိုတွေ့ရစဉ်
ကချင်ပြည်နယ်အတွင်းရှိ လမ်းပိုင်းအများစုသည် နှစ်စဉ် မိုးအဆက်မပြတ် ရွာသွန်းချိန်တွင် တောင်ကျရေများခြင်း ကြောင့် တောင်ကမ်းပါး ပြိုကျခြင်း၊ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလေ့ ရှိသည်။
ထို့နောက် ကားလမ်းပေါ်ရှိ ရေစီးလမ်းကြောင်းများကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ကုန်ကား သမားများထံမှ သိရသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသည့် ငှက်ပျောများသည် ရာသီကုန်နေပြီ ဖြစ်သည့်အတွက် အစီးရေ အနည်းငယ်သာ တင်ပို့မှုရှိတော့ကြောင်း သိရသည်။
ထို့နောက် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အဓိက လမ်းပိုင်းဖြစ်သည့် ဗန်းမော် - လွယ်ဂျယ် လမ်းပိုင်းလည်း ပျက်စီးမှုများ ရှိနေကြောင်း၊ ကုန်တင်ကား အကြီးများသာ သွား၍ရကြောင်း၊ မော်တော်ကားအငယ်များ သွားရန် ခက်ခဲသည်ဟု လွယ်ဂျယ်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မိုးရွာရင်တော့ လမ်းက မကောင်းဘူးလေ။ ကားကြီးတွေ သွားတာ များတယ်လေ။ အဲဒီကြောင့်မို့ ကား တွေက သွားဖို့ ခက်နေတာ ကားသေးတွေက။ မိုးတွင်းဆိုရင်တော့ သူတို့ မပြင်ဘူး။ အခုက ကျနော် လွယ်ဂျယ် ကနေ နမ့်ခမ်းကို ပြေးတယ်လေ။ မိုးတွင်းဆိုရင်တော့ ကားမပျက်ရင်တော့ ၂ ရက်ပေါ့။ မိုးမရွာရင်တော့ တစ်ပိုင်း ပဲလေ ရောက်ပြီ” ဟု ပြောသည်။
၂၀၂၂ ခုနှစ်က မိုးရွာသွန်းလို့ လွယ်ဂျယ်လမ်း ပိတ်ဆို့စဉ်
တရုတ်-မြန်မာ ကုန်သွယ်ရာ လမ်းကြောင်းတစ်ခုဖြစ်သည့် ဗန်းမော် - လွယ်ဂျယ်လမ်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် မြေကြီးနိမ့်ကျ ပျက်စီးခြင်းနှင့် တောင်ကျချောင်းတံတား ဘေလီသံဘောင် ပျက်စီးခြင်းများ ရှိခဲ့သည်။
အလားတူ သစ်သားကြမ်းခင်းတံတား ကမ်းကပ်ခုံနေရာ ချောင်းရေတိုက်စားပြီး ပျက်စီးခြင်းများလည်း ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။
ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်းတွင် ဗန်းမော်ခရိုင်ထွက် ဆန်၊ ဆန်ကွဲ၊ ပြောင်း ၊ ငှက်ပျော၊ ကြံ၊ ဖရဲတို့ကို တရုတ်သို့ တင်ပို့လျက်ရှိပြီး လက်ရှိတွင် ပို့ကုန်ရှားပါးသည့် ရာသီဖြစ်နေခြင်းကြောင့် ကုန်ကား အများစုသည် ရပ်နားနေရ သည်ဟု ကုန်တင်ကား မောင်းနှင်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 708
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများသို့ စေလွှတ်မည့် အလုပ်သမားများအား ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ အချိန်မီ စေလွှတ်နိုင်ခြင်း မရှိပါက လိုင်စင်ရုပ်သိမ်း သည်အထိ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံမှအပ သက်ဆိုင်ရာ နိုင်ငံအလိုက် စေလွှတ်မည့် အေဂျင်စီများ လိုက်နာရမည့် အချက်များအား ဇွန်လ ၁၅ ရက်နေ့ ရက်စွဲနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
အလုပ်ခေါ်စာ Demand Letter အတုများ ဖြင့် အလုပ်သမား စုဆောင်းခြင်း၊ သင်တန်း တက်ရောက်စေပြီး ငွေကြေးကြိုတင် ကောက်ခံထားပြီး အလုပ်သမား စေလွှတ်မှု မပြုခြင်း စသည့် ပြဿနာများကြောင့် ယခု အချက်များအား ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ထုတ်ပြန်လိုက်သည့်အတွက် ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်များတွင် ကာလ အတိုင်းအတာ တစ်ခုအထိ အချိန်ကြန့်ကြာမှုများ ရှိနိုင်သော်လည်း ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကောင်းမွန် ကြောင်း လပ်ကီး ပြည်ပအလုပ်အကိုင် ရှာဖွေရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “မလေးရှားနဲ့ပတ်သက်တာ ပြောရမယ်ဆိုရင်တော့ ကောင်းတယ်။ အရင်တုန်းက စည်းကမ်းမရှိဘဲနဲ့ Process ကြီးက ပြောင်းပြန်ဖြစ်နေတာ။ အခုတော့ Process အမှန်ဖြစ်သွားပြီ။ လောလောဆယ် တဒင်္ဂ အခက် အခဲတွေ ဖြစ်ကြမယ်။ ရေရှည်အတွက် ကောင်းသွားမယ်။ ဘာဖြစ်လို့လဲဆို သင်တန်းဆိုလည်း သင်တန်း အလျောက် ညွှန်ကြားချက်တွေ ဘယ်လောက် ထုတ်ထုတ် လုပ်စားတဲ့ ကုမ္ပဏီတွေ ရှိနေသရွေ့ ပျက်နေဦးမှာပဲ။ အခုဌာနက ကြီးကြပ်လိုက်တဲ့အတွက် အရမ်းကောင်းသွားပြီ။ စေလွှတ်လည်း ဒီအတိုင်းပဲ။ အလုပ်ရှင် အလုပ် သမား စာချုပ် ချုပ်တယ်။ ထိုင်းလည်း စာချုပ်ချုပ်ရတာပဲ။ ဂျပန်လည်း စာချုပ်ချုပ်ရတာပဲ။ အခု စာချုပ်သည် သက်ဆိုင်ရာ ဌာနဆိုင်ရာ အရာရှိတွေ ရှေ့မှာ ချုပ်ကြတဲ့အတွက် ကလေးတွေအတွက်လည်း မျှော်လင့်ချက် ပို ကောင်းတယ်။ ပိုပြီး cover ဖြစ်တယ်။ ကျနော်တို့ အေဂျင်စီတွေအတွက်လည်း ပိုပြီး ခိုင်မာတာပေါ့။ ကြိုက်တယ် ကျနော်ကတော့ သဘောကျတယ်။ အခုက ကလေးတွေဆီက ပိုက်ဆံ တစ်သိန်းယူ၊ သင်တန်း တက်ခိုင်း၊ အေဂျင်စီက တစ်သိန်းယူ ပွဲစားက သုံး၊ လေးသိန်းယူ၊ ငါးသိန်းကောက်၊ ၁၀ သိန်းကောက် အဲဒီလိုတွေ လုပ်ပစ် လိုက်တာ။ ကလေးတွေက ဘာမှန်းမသိဘဲ ခံလိုက်ရတာ”ဟု ပြောသည်။
ပြည်ပထွက်မည့် မြန်မာများကိုတွေ့ရစဉ်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာနိုင်ငံ အလုပ်ရှင်မှ လက်မှတ် ရေးထိုးပေးပို့သည့် EC စာချုပ် (Employment Contract) များအား မိတ္တူ ၃ စုံကူး၍ အေဂျင်စီ၏ မန်နေဂျင်းဒါရိုက်တာ ကိုယ်တိုင် လက်မှတ်ထိုးပြီး နီးစပ်ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်) ရုံးသို့သွားရောက်ကာ အလုပ်သမား တစ်ဦးချင်းစီအလိုက် စာချုပ်ချုပ်ဆိုရန် ဖြစ်သည်။
ထို့အပြင် အလုပ်သမားသံအရာရှိ ထောက်ခံပြီးသည့် Demand Letter များကို သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးမှ မှန်ကန်ကြောင်း စိစစ်ပြန်ကြားပြီးသည့် Demand Letter များအတွက် ဦးစီးဌာန(ရုံးချုပ်)မှ စေလွှတ်ရေး လုပ်ငန်း စဉ်များ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ခွင့်ပြုသည့်စာ ရရှိမှသာ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်ချုပ် ဆိုရန်နှင့် ထိုစာချုပ်ချုပ်ဆိုရာတွင် ခွင့်ပြုစာ၊ Demand Letter၊ အလုပ်သမား၏ နိုင်ငံကူးလက်မှတ် မူရင်း/မိတ္တူ ယူဆောင်သွားရန် ပါရှိသည်။
အလုပ်သမားများ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်များအား ဇူလိုင်လ ၃ ရက်နေ့မှ စတင် ကာ ပြောင်းလဲ သတ်မှတ် လိုက်ခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းအားဖြင့် အေဂျင်စီ အရေ အတွက်လည်း လျော့နည်းသွားနိုင်ကြောင်း ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင် ရှာဖွေရေးမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပထွက်မည့် မြန်မာများကို တွေ့ရစဉ်
၎င်းက “ဘာဖြစ်လို့လဲဆို အခုနောက်ပိုင်းက အေဂျင်စီတွေက အခုလောလောဆယ်မှာ ငွေရလွယ်တဲ့ လုပ်ငန်း ဖြစ် နေတယ်။ နိုင်ငံခြားကလည်း လုပ်သားတွေက ဒီမြန်မာပြည်က လုပ်သားတွေက အမြဲတမ်း စေလွှတ်ပြီး ပို့နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာနဲ့ပတ်သက်ပြီးတော့ လိမ်တာတွေ များတာကို။ လိမ်ချင်လို့ကို တချို့က အေဂျင်စီ ထောင်ကြတယ်။ လိုင်စင်ကို cover ယူပြီးတော့ အဲဒီလိုင်စင်တစ်ခု ရတယ်ဆိုရင် ရုံးပေါ် တက်လာမယ်၊ ငွေကြေး ကောက်ခံမယ် ဒါတွေကို လုပ်ချင်လို့ လုပ်တဲ့ ကုမ္ပဏီတွေကို ရှိနေတဲ့အတွက်ကြောင့် အဲဒါတွေကို သူတို့လည်း သိ တယ်။ လိုင်စင်တင်တုန်းက အချက်အလက်တွေ ပြည့်စုံလို့ သူတို့ပေးလိုက်ရတာကို။ ထိုင်းတွေလည်း လျော့သွား မှာ လျော့သွားနိုင်တယ်။ ထိုင်းက နဂိုကတည်းက အရေးယူပြီးသား ၇၆ ရက် တစ်ခါမပြည့်ရင် နောက်နှစ်ခါ သုံးခါ မြောက်ဆို လက်မှတ် တစ်ခါထိုးရတယ်။ အဲဒီလိုမျိုး ၄ ခါ သုံးကြိမ်မြောက်သွားပြီ သုံးခါထိုးပြီးသွားပြီဆိုရင် ၆ လ အနည်းဆုံး ပိတ်သိမ်းမှာလေ။ အလုပ်ရဲ့ Process အရဆိုရင် ၃ လအတွင်းက လုံးဝကို ထွက်ခွာလို့ရတယ်။ စက်ရုံ ကလည်း သူ လိုအပ်တဲ့ အော်ဒါကို လိုအပ်တဲ့ အချိန်မှာ ခေါ်တာဆိုတော့ စက်ရုံတစ်ရုံက Demand ၅၀၀ ထွက် ထားတယ်ဆိုရင် အဲဒီမှာ သူ့ရဲ့ schedule က ပါလာပြီးသား ဘယ်လကို ဘယ်နှယောက် ပို့ရမယ်ဆိုတာ ကိုယ်က အဲဒါကို ဒီကနေ ချင့်ချိန်ပြီး စာချုပ်ချုပ်ပြီး တင်တယ်ဆိုရင် အများဆုံး နှစ်လပေါ့” ဟု ပြောသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ယခုထုတ်ပြန်ချက်ကြောင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်လို သည့် မြန်မာအလုပ်သမားများအပေါ် လိမ်လည်မှုများ လျော့နည်းသွားနိုင်ကြောင်း၊ သင်တန်း ပြီးဆုံးသွားသည့် အလုပ်သမားများ အနေဖြင့်လည်း အချိန်မီ သက်ဆိုင်ရာနိုင်ငံသို့ မသွားရသည့် အခြေအနေများလည်း လျော့နည်း သွားနိုင်ကြောင်း သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 551
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
ကမ္ဘာ့ဒေါ်လာဈေး တက်လာမှုနှင့်အတူ မြန်မာ့ရွှေဈေးများ တဟုန်းထိုး တက်လာမှုများကြောင့် ရွှေဈေးကွက် အတွင်းမှာ ရွှေထည်အဟောင်း ရောင်းချသူများ ပိုမို များပြားလာသည်ဟု ရွှေလုပ်ငန်းရှင်များက CNI သတင်းဌာန သို့ ပြောသည်။
ရွှေဈေးများ တက်လာခြင်းကြောင့် လက်လုပ်လက်စားများနှင့် စိုက်ပျိုးရေး လုပ်ကိုင်သူများက အထည်အဟောင်း များကို ပြန်လည်ရောင်းချလာကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါ သည်။
ရွှေထည်များကို ပြသနေစဉ်
၎င်းက “ဈေးကွက်ကတော့ အေးတယ်။ လောလောဆယ် မိုးဦးကျ ကာလဖြစ်တဲ့အတွက် အရောင်းအဝယ် အေး တယ်။ လယ်သမားတွေ ကိုင်းသမားတွေလည်း လုပ်ငန်းခွင် ပြန်ဝင်နေတဲ့ အချိန်ဆိုတော့။ အထည်ပျက်တွေ (အထည်ဟောင်း) လာပြန် ရောင်းတာ များတယ်။ အထည်ပျက်တွေက တစ်နေ့ကို ပိဿာချိန် ငါးဆယ်လောက် လာပြန် ရောင်းတာများတယ်။ ငွေရှင်းတာတောင်မှ တစ်ရက်ထဲ အကျေမရှင်းနိုင်ဘူး။ တောကလာရောင်းတာတွေ သုံးရက်ခြား လေးရက်ခြား အဲလိုခြားပြီးတော့ ပြန်လုပ်ရတယ်။ ရွှေဈေး မကျတဲ့ အကြောင်းအရင်းက ဒေါ်လာဈေး ကြောင့်ပါ။ လေမုန်တိုင်း တိုက်လိုက်တဲ့အတွက် သွပ်ပြားတွေ သံတွေ ဘိလပ်မြေတွေ လိုကုန်ရော။ လိုတော့ အဲဒါ တွေကို ဒေါ်လာဈေး အဲဒီမှာ မြောက်ကုန်တာ။ ဒေါ်လာဈေး ပြန်ကျရင်တော့ ပြီးသွားမှာပါ။ လေမုန်တိုင်း တိုက်တဲ့ ကိစ္စကြောင့် ဒေါ်လာဈေးပျောက်ပြီး ရွှေဈေးတွေ နည်းနည်း ပြန်မြင့်နေတယ်။ ဒေါ်လာဈေး ကျသွားရင်တော့ ရွှေ ဈေး ပြန်ကျသွားမှာပါ။ ရွှေကတော့ ပေါနေပြီ ဈေးကွက်ထဲမှာ အိုင်နေပြီ”ဟု ပြောသည်။
ရွှေဈေး အတက်အကျ မတည်ငြိမ်ခြင်းကြောင့် ရွှေလုပ်ငန်းများတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အခေါက်ရွှေအတုံးလိုက်ကိုတွေ့ရစဉ်
၎င်းက “အရောင်းအဝယ်က ပါးတယ်။ ပြန်လာရောင်းတဲ့ သူတွေ အပေါင် လက်ခံရတဲ့ဟာတွေလည်း ပိုများပါ တယ်။ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့သူတွေ သူတို့မှာ ပိုက်ဆံလိုတော့ ပြန်ပြီး လာပြန် ရောင်းတာ ရှိတယ်။ ဒေါ်လာဈေး တက်ရင် ရွှေဈေး တက်တာက ပုံမှန်ပါပဲ။ ကျနော်တို့အတွက် ကတော့ ရွှေဈေးငြိမ်ရင် အလုပ်လုပ်လို့ ပိုအဆင်ပြေ တယ်။ တကယ်လို့ ရွှေဈေး အတက်အကျ များသွားတယ်ဆိုလို့ရှိရင် ကျနော်တို့အတွက် အလုပ်လုပ်ရတာ အခက်ခဲ ရှိတယ်။ လူတွေကို ရွှေဈေးပြောရတာလည်း သိပ်အဆင်မပြေဘူး။ ပြန်လာရောင်း ပြန်ရောင်း အဲဒါတွေလည်း အဆင်မပြေဘူးပေါ့”ဟု ပြောသည်။
ကမ္ဘာ့ဒေါ်လာဈေး အတက်အကျများကြောင့် လာမည့် ဈေးကွက်ကို အခြေအနေကို ခန့်မှန်းရ ခက်ခဲနေကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 486
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇
တရုတ်နိုင်ငံ၊ ရွှေလီမြို့အတွင်း အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့်သက်တမ်း ကုန်လွန်နေသည့် မြန်မာနိုင်ငံ သားများကို QR Code ထုတ်ပေးပြီး ၂၀၂၃ နှစ်ကုန်အထိ ဆက်လက်နေထိုင်ခွင့်ပြုထားကြောင်း ရွှေလီရှိ မြန်မာ နိုင်ငံသားများထံမှ သိရသည်။
ရွှေလီတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် မြန်မာနိုင်ငံသားတွေအနေဖြင့် မိမိနေထိုင်ရာ အိမ်ရှင်၏ ထောက်ခံချက်ဖြင့် QR ကုဒ်ပြုလုပ်ပြီး ၂၀၂၃ နှစ်ကုန်အထိ နေထိုင်ခွင့်ရရှိသွားသည့်အတွက် သတ် မှတ်ထားသည့် အလုပ်နေရာများတွင် လုပ်ကိုင်၍ ရသွားသည်ဟု မူဆယ်မြို့ရှိ လူသားချင်းစာနာ ထောက်ထားမှု အကူ အညီပေးရေးကွန်ယက် ဥက္ကဋ္ဌ ကိုပြည့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံသားတွေကို QR Code ထုတ်ပေးတယ်။ QR Code ဆိုတာက သူတို့ အိမ်ရှင် ဘယ်အိမ်မှာ ငှား နေတယ်၊ ကိုယ်ပိုင်ဆို ကိုယ်ပိုင်ပေါ့နော် QR Code ထုတ်ပေးတယ်။ အဲဒီစာရွက်ပြလိုက်လို့ရှိရင် သူတို့ သတ်မှတ် ထားတဲ့ နေရာမှာဆိုရင် မဖမ်းဘူးပေါ့။ ရွှေလီဆို ရွှေလီမှာပဲနေပေါ့။ ပြည်မထဲကြီးတော့ သွားလို့မရဘူးပေါ့။ အဲဒါက ဒီနှစ်ကုန်အထိ ထုတ်ပေးတယ်။ အရင်တုန်းကတော့ ကျနော်တို့ စာအုပ်အနီနဲ့ သွားတယ်။ အဲဒီမှာ တစ်နှစ် သက်ဆိုင်ရာ တရုတ်ရဲစခန်းကနေပြီးတော့ ဘာသာပြန်ပြီးတော့ အစိမ်းရောင်စာအုပ် ထုတ်ပေးတယ် နေထိုင်ခွင့်။ အရင်တုန်းက တရားဝင်ပဲ သွားသွား၊ မသွားသွား အခု တရုတ်ပြည်ထဲမှာရှိတဲ့သူတွေဆိုရင် ဘယ်အိမ်မှာ အိမ်ငှား နေတယ်ဆိုတဲ့ အိမ်ရှင်ရဲ့ထောက်ခံချက်ပေါ့နော် ကျနော်တို့ဆိုရင် အိမ်ငှားစာချုပ်ပေါ့။ အိမ်ရှင်ကနေပြီးတော့ သူ့ အိမ်မှာ ငှားနေတယ်လို့ ပြောလိုက်တာနဲ့ QR Code ထုတ်ပေးတယ်။ ဆိုးကျိုးကတော့ မရှိပါဘူး ကောင်းကျိုးပဲ ရှိတယ်လို့ မြင်တယ်ပေါ့နော်။ ကောင်းကျိုးဆိုတာတော့ သူတို့ ဒီဟာနဲ့သွားရင် အလုပ်လုပ်လို့ရမယ် သတ်မှတ်တဲ့ နေရာတွေမှာ။ ပြီးလို့ရှိရင် မြန်မာပြည်ကို ပြန်လာစရာ မလိုဘူး။ ဥပမာ ကျနော်တို့ဆိုရင် ၆ ညအိပ် ၇ ရက် သွား နေရတယ်။ သူတို့ပြန်လာလို့ရှိရင် ဒီဘက်မှာ ပြန်ဝင်ဖို့ စာအုပ်အနီ လုပ်ပေးတာ မရှိဘူးလေ။ အဲဒီအခါကျတော့ သူတို့က ပြန်မထွက်လာတာမျိုး ဟိုဘက်မှာ အခြေချမယ်ဆိုရင်တော့ နှစ်ကုန်တဲ့အထိတော့ တရားဝင် နေထိုင်ခွင့် ရသွားတာလေ ကောင်းတဲ့ဘက်ကိုပဲ တွေ့ရတာပေါ့” ဟု ပြောသည်။
မြန်မာများကို တရုတ်ရဲက အထောက်အထားစစ်ဆေးနေစဉ်
တရုတ်ဘက်ခြမ်းသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားတချို့သည် အထောက်အထား မပြည့်စုံသည့်အတွက် မြန်မာနိုင်ငံသို့ ပြည်လည်ဝင်ရောက်၍ အထောက်အထားများ ပြန်လာလုပ်လျက်ရှိသည်။
သို့သော် တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် လုပ်ဆောင်ရာ၌ အခက်အခဲ များ ရှိနေသလို အချိန်ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ရွှေ့ပြောင်း အလုပ် သမားများသည် မြန်မာနိုင်ငံဘက်သို့ ပြန်ချင်သော်လည်း တရုတ်နိုင်ငံသို့ ပြန်လည် ဝင်ရောက်ရာတွင် အခက်အခဲ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံသို့ မပြန်ကြခြင်း ဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ရာတွင် အသုံးပြုရသည့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ကို မူဆယ် အိမ်ထောင်စုနှင့် နမ့်ခမ်း အိမ်ထောင်စုများကိုသာ စာအုပ်ထုတ်ပေးနေကြောင်း မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေလီမြို့အတွင်းက မြန်မာများကိုတွေ့ရစဉ်
၎င်းက “အကုန်လုံး ထုတ်မပေးပါဘူးခင်ဗျ။ ကျနော်တို့က နှစ်နိုင်ငံ စာချုပ် ချုပ်ထားတာ။ မူဆယ်အိမ်ထောင်စုတို့၊ နမ့်ခမ်း အိမ်ထောင်စုတွေ ရှိတဲ့သူတွေကို နယ်စပ်ဒေသအတွင်း ရှိတဲ့ဟာပေါ့နော်။ မူဆယ်ဆိုရင် ပန်ဆိုင်းတို့၊ မုံးကိုးတို့၊ မံဟီတို့ ရတယ်လေ။ အိမ်ထောင်စုတွေ၊ တရားဝင် အိမ်ထောင်စုတွေ ရှိတဲ့သူတွေဆို ကျနော်တို့က နယ်စပ်ဖြတ်သန်းခွင့် BP စာအုပ် ထုတ်ပေးပါတယ်ဗျ။ အခုလောလောဆယ်တော့ မူဆယ်အိမ်ထောင်စု၊ နမ့်ခမ်း အိမ်ထောင်စု ရှိတဲ့ဟာတွေကိုပဲ ကျနော်တို့ လုပ်ပေးပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ QR Code ထုတ်ပေးလိုက်ခြင်းကြောင့် တရုတ်နိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းရှင်များသည် လုပ်သား ရှားပါးမှုများ ပြေလည်သွားကြောင်း၊ မြန်မာနိုင်ငံသားများ အနေဖြင့် အလုပ်လုပ်ကိုင်ခွင့် ဆက်လက် ရရှိသည့် အတွက်လည်း အဆင်ပြေသွားသည်ဟု ရွှေလီတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများက ပြောသည်။
အထောက်အထား မပြည့်စုံခြင်းနှင့် သက်တမ်း ကုန်လွန်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လိုပါက တရားဝင် ပြန်၍ရကြောင်း၊ လက်ရှိတွင် မူဆယ်နယ်စပ်မှတဆင့် နေရပ်ပြန်လိုသူ များကို လက်ခံပေးနေသည်ဟု မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 636
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇
မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေး လုပ်သားများ နည်းပါးလာခြင်းကြောင့် လယ်ယာလုပ်ငန်းများ ပျက်စီး ဆုံး ရှုံးသွားမှာကို တောင်သူလယ်သမားများမှ စိုးရိမ်နေကြသည်ဟု စပါးစိုက်တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
လယ်ယာလုပ်ငန်းမှာ ဝင်ငွေနည်းပြီး လုပ်ခလစာ မလုံလောက်ခြင်းကြောင့် လယ်ယာအလုပ်ကို စွန့်ခွာသူများ များပြားလာပြီး လုပ်သားအင်အား နည်းလာကြောင်း၊ ထို့နောက် လယ်ယာလုပ်ငန်းများမှာ ထိခိုက်နစ်နာမှုများ ရှိသည်ဟု ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဓညဝတီစိုက်ပျိုးရေးအသင်းဥက္ကဌ ဦးမောင်သိန်းလှက ပြောသည်။
၎င်းက “ လူငယ်တွေကတော့ ပြောရမယ်ဆိုရင် လယ်ပိုင်ယာပိုင် တစ်ဆယ်ကျော် နှစ်ဆယ်ကျော် ဝန်းကျင် လောက်က နွေရာသီမှာ အခက်ခဲတွေကြားက နိုင်ငံခြားကို ထွက်သွားကြတာတွေ ရှိတယ်။ အခုလည်း ပြောမယ် ဆိုလို့ရှိရင် ဒီအခြေအနေမျိူးမှာ တစ်ခုခု ဘယ်လိုဖြေရှင်းရမလဲ အခြေအနေ ကောင်းတစ်ခုပါလာမလား ဒါမှ မဟုတ် မျိုးစပါး ထောက်ပံ့မှုများရှိမလား သွင်းအားစုတွေကို ထုတ်ချေးမယ့် အဖွဲ့တွေရှိမလား။ တစ်ခုခု မရှိဘူး ဆိုရင်တော့ ကောင်းကောင်းမွန်မွန် လယ်မထွန် ရဘူးဆိုရင် သေချာပါပြီ၊ အဲဒီလို အခြေအနေမျိုးတွေ မျှော်လင့် ချက် မရှိဘူးဆိုရင် ဒေသက လူငယ်တွေလည်း တစ်ခုခုကို လုပ်ငန်းပြောင်းဖို့ နိုင်ငံခြားထွက်တာပဲဖြစ်ဖြစ် တခြား လုပ်ငန်းဖြစ်ဖြစ် ပြောင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ လုပ်သားနည်းပါးတာတော့ အခုကတည်းက သေချာနေပါပြီ။ ဒီနှစ်မှာတော့ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့ အနေအထားရှိတယ်။ တကယ်လို့ ဆိုလို့ရှိရင် မျိုးစေ့ ထုတ်တာပေါ့နော်။ မျိုးစေ့ထုတ်တဲ့အခါမှာ လူလုပ်အားကို အများဆုံး သုံးရတယ်။ အဲဒီလို အခြေအနေမျိုးမှာ လုပ်သားရှားပါးတဲ့ အတွက် ဒီနှစ်မှာ လုပ်ရမယ့် ကိုင်ရမယ့် ဟာကိုတောင် ကြောက်လန့်နေတယ်။ ပြောရမယ်ဆိုရင် အဆမတန် မရှိတဲ့လူကို လိုက်ပြီးရှာရတဲ့အခါ အလုပ်သမားဈေးတွေ တက်တာတို့ လိုအပ်တဲ့ အလုပ်သမားတွေကို မရနိုင်တာ တို့ အဲလို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်”ဟု ပြောသည်။
တောင်သူတစ်ဦး လယ်ထွန်နေစဉ်
မြန်မာနိုင်ငံရှိ လူသားအရင်းအမြစ်များကို ပြည်ပထွက်ခွာမှုနည်းစေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ ဝင်လာအောင် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “အမှန်တကယ် လုပ်ရမှာက ကိုယ့်နိုင်ငံမှာ နိုင်ငံရေး အခြေအနေကောင်း ဖြစ်အောင် ဖော်ဆောင်ပြီးတော့ နိုင်ငံခြားကနေလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံတစ်ခုဖြစ်အောင် ဖော်ဆောင်ရမှာက အစိုးရတွေရဲ့ တာဝန်ပေါ့ နော်။ တိုင်းပြည်ကို ကောင်းအောင် အုပ်ချုပ်ချင်တဲ့ အစိုးရတွေရဲ့တာဝန်က ကိုယ့်နိုင်ငံသားတွေကို အလုပ်အကိုင် ပေါပေါများများနဲ့ လုပ်တဲ့ အလုပ်အကိုင်ကလည်း သူတို့ရဲ့ စားဝတ်နေရေးကို အထောက်အကူ ရရှိစေတဲ့ လုပ်ငန်း တွေ များများ ဖော်ဆောင်ရမယ်”ဟု ပြောသည်။
စားဝတ်နေရေး မဖူလုံခြင်းကြောင့် ပြည်ပထွက်ခွာ၍ လုပ်ကိုင်ကြရခြင်း ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းမှာ အရှုံး မရှိဘဲ အမြတ်ရ မည်ဆိုပါက လယ်ယာလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ကြမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသ ကြီးက လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
တောင်သူတစ်ဦး ပိုးသတ်ဆေးဖြန်းနေစဉ်
၎င်းက “ရှုံးရင်တော့ မလုပ်ကြဘူးပေါ့နော်။ အမြတ်ရှိရင်တော့ လုပ်ကြမှာ။ ဗမာပြည်က လူတွေက လယ်ယာ လုပ်ငန်းပဲ ကျွမ်းကျင်တာ။ ဘယ်လိုဖြစ်လဲဆိုတော့ ဒီမှာ နိုင်ငံခြားသွားစရာ လူမရှိ ဒီမှာလုပ်ခြင်းအားဖြင့် ဟိုနှစ်က စပါးဈေး မကောင်း၊ ပဲထွက် မကောင်းတဲ့ ဟာကျတော့ ရှုံးတယ်။ ရှုံးတော့ အတိုးနဲ့ ဘာနဲ့ အကြွေးတွေ ဘာတွေ တင်တော့ ရှိတဲ့လယ် တစ်ဧကကို ဖဲ့ရောင်းလိုက် အကြွေးဆပ်လိုက်ပေါ့ကွယ်”ဟု ပြောသည်။
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှ ရရှိသောဝင်ငွေသည် မိသားစုများ၏ ဝမ်းစာ မဖူလုံခြင်းကြောင့် လယ်ယာ လုပ်ငန်းကို စွန့်ခွာ၍ ဝင်ငွေပိုရသည့် ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အလုပ်အကိုင် ရှာဖွေလာကြကြောင်း တောင်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 614
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
မြန်မာနိုင်ငံ၏ ဆန်စပါးအများဆုံး ထွက်ရှိရာဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၏ ယခုနှစ် စပါးစိုက်ပျိုးမှု သည် ယခင်နှစ်ထက် တိုးလာပြီး စိုက်ပျိုးဧက ၃ သန်းခွဲကျော် ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဈေး စသည့် သွင်းအားစု ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးနိုင်မှု လျော့ကျခဲ့သည်။
သို့သော်လည်း ယခုနှစ်တွင် ဓာတ်မြေဩဇာ ဈေးနှုန်းသည် ၁ သိန်းကျပ်မှ ၇ သောင်းကျပ်သို့ ကျဆင်းလာခြင်းနှင့် ယခုနှစ်၏ စပါးဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် တောင်သူများက ပို၍ စိုက်ပျိုးလာကြသည်ဟု လယ်သမား ဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဧရာဝတီတိုင်းကတော့ ပြီးခဲ့တဲ့နှစ်နဲ့စာရင် နဂိုကတည်းက ဧရာဝတီ အထက်ပိုင်းကတော့ မလျော့ပါဘူး။ ဧရာဝတီအောက်ပိုင်းဖြစ်တဲ့ ဖျာပုံခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်ဘက်မှာက သူတို့က နွေစပါး လည်း ပြန်စိုက်ကြတာကိုး။ နွေစပါးပြန်စိုက်တော့ နွေစပါး တစ်သီးပဲ ပြန်စိုက်ပြီးတော့ မိုးစပါးက မသေချာလို့ မစိုက်ကြဘူးလေ။ ဒီနှစ်ကတော့ မလျော့ဘူး။ မနှစ်ကထက်စာရင် အများကြီး တိုးတာပေါ့။ ဘာလို့ဆို စပါးဈေး လေးက သင့်တင့်လျောက်ပတ်တဲ့ ဈေးဖြစ်တဲ့ အတွက်ကြောင့် တောင်သူတွေလည်း လုပ်အား ရှိသွားတာပေါ့။ နောက်ပြီးတော့ မနှစ်က မြေဩဇာဈေးက သိန်းကျော်တယ် နယူးရီးယားကလေ။ အဲဒါ ဒီနှစ်မှာက ၇ သောင်းခွဲ၊ ၈ သောင်းပဲဆိုတော့လေ နည်းနည်း သွင်းအားစုဈေးလည်း နည်းနည်း မနှစ်ကထက်စာရင် ဒီနှစ်က သွင်းအားစုဈေး ကျတယ် စပါးဈေးကောင်းတဲ့အတွက်ကြောင့် တောင်သူတွေ လုပ်ကြပါတယ်။ ၃ သန်းခွဲတော့ အနည်းဆုံးရှိမှာ။ မနှစ်ကတော့ ၃ သန်းလောက်ပဲ ရှိတယ် မိုးစပါးကလေ” ဟု ပြောသည်။
တောင်သူအမျိုးသမီးတစ်ဦး လယ်ထွန်နေစဉ်
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် စပါးစိုက်ပျိုးရန်အတွက် ထွန်ယက်ခြင်းနှင့် ပျိုးကြဲခြင်းများကို ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အထက်ပိုင်းရှိ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်တို့တွင် မိုးရွာသွန်းမှု နည်းပါးသည့် အတွက် ပျိုးကြဲရန်အတွက် အဆင်မပြေသေးကြောင်း သိရသည်။
ယခုနှစ်တွင် ဓာတ်မြေဩဇာ ဈေးနှုန်းများ ကျဆင်းသော်လည်း ထွန်ယက်ခ ဈေးနှုန်းများသည် ယခင်နှစ်များထက် ဈေးနှုန်းမြင့်မားလာကြောင်း၊ ယခင်က ၃ သောင်းကျပ်သာ ရှိသော်လည်း လက်ရှိတွင် ၄ သောင်းကျပ်မှ ၅ သောင်း ကျပ်အထိ ထွန်စက်အမျိုးအစားပေါ် မူတည်၍ ဈေးနှုန်းမြင့်မားလာသည်ဟု သိရသည်။
အလားတူ မျိုးစပါး ဈေးနှုန်းများသည်လည်း မြင့်တက်လာပြီး တစ်တင်းလျှင် ၃ သောင်းကျပ်ရှိရာမှ လက်ရှိတွင် ၄ သောင်းခွဲကျပ်အထိ မြင့်တက်လာသည်ဟု တောင်သူများက ပြောသည်။
သို့သော်လည်း ယခုနှစ်တွင် စပါးဈေးနှုန်း ကောင်းမွန်ထားခြင်းကြောင့် စပါးများကို တိုး၍ စိုက်ပျိုးလာကြကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် စိုက်ပျိုးခြင်း မရှိခဲ့သည့် လယ်ဧကများတွင် ယခုနှစ်၌ စိုက်ပျိုးလာကြသည်ဟု ဘိုကလေး မြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
တောင်သူတစ်ဦးကို တွေ့ရစဉ်
၎င်းက “ဒီနှစ်က အလျော့တော့ မရှိဘူး။ တန်းတူဖြစ်ရင်ဖြစ် မဖြစ်ရင် အလျော့တော့ မရှိဘူး။ ဘယ်လိုကြောင့်လဲ ဆိုတော့ ခါတိုင်းနှစ်တွေ ထက်စာရင် ဒီနှစ်က စပါးဈေးလည်း နည်းနည်းပိုကောင်းတော့ သောင်သာတဲ့ အခါကျ တော့ လယ်သမားတွေက ဒါလေးကို ကြည့်ပြီးတော့ မျှော်လင့်ချက်တွေ။ လာမယ့် နှစ်ကျတော့ စပါးဈေးက ၁၅၊ ၂၀ တော့ ရမှာပဲ။ ၂၅ တော့ ရောက်မှာပဲ မျှော်လင့်ချက်တွေနဲ့ ဆက်ပြီးတော့ လုပ်ကြတာ။ တချို့လယ်က ဧက ၄၀၀ ရှိတယ်။ ၂၀၀ ပဲစိုက်တယ်။ ဒီနှစ်က လယ် ၄၀၀ လုံး စိုက်မယ်တဲ့။ ဦးတို့ကျတော့ တိုးလို့မရဘူးလေ။ ၅ ဧက ရှိတဲ့သူက ၅ ဧကပဲ စိုက်နိုင်တယ်လေ” ဟု ပြောသည်။
ယခုနှစ်၏ စပါးစိုက်ပျိုးမှု တိုးလာခြင်းကြောင့် ရာသီဥတု၊ သဘာဝဘေး အန္တရာယ်နှင့် စပါးဖျက် ပိုးများ မကျ ရောက်ပါက စပါးထွက်ရှိမှု နှုန်းသည် တိုးလာမည်ဖြစ်သည်ဟု တောင်သူများက ပြောသည်။
ပြီးခဲ့သည့် နွေစပါးစိုက် ရာသီတွင် အစိုးရမှ အကျိုးတူ လယ်ယာစနစ်ဖြင့် ဓာတ်မြေဩဇာများကို တစ်ဧကလျှင် ၂ အိတ်နှုန်းဖြင့် ထုတ်ချေးပေးခဲ့သော်လည်း လက်ရှိ မိုးစပါးစိုက်ပျိုးရာတွင် ယင်းကဲ့သို့ ထုတ်ချေးပေးမှုများ မရှိသေး ကြောင်း၊ တောင်သူများအနေဖြင့် အချိန်မှီ ထုတ်ချေးပေးရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သို့ တင်ပြထားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 694
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ အိန္ဒိယနိုင်ငံ မီဇိုရန်ပြည်နယ်ထိ တည်ဆောက်ထားသည့် ကုလားတန်မြစ် ဘက်စုံစီမံကိန်း အတွက် ကုန်သွယ်ရေးလုပ်ရန် သင်္ဘောများ လိုအပ်နေသည်ဟု ရခိုင်ပြည်နယ် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ ကုလားတန်မြစ် ဘက်စုံစီမံကိန်းသည် စစ်တွေ ဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားသို့ သင်္ဘောများဖြင့် ပြေးဆွဲ၍ ကုန်သွယ်ရေး လုပ်မည့် စီမံကိန်းဖြစ်ကြောင်း၊ သို့သော် လက်ရှိမှာ ပြေးဆွဲမည့် သင်္ဘောများ မရှိခြင်းကြောင့် ကုန်သွယ်ရေး မလုပ်နိုင်သေးကြောင်း ရခိုင်ပြည်နယ် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိန္ဒိယ ကုလားတန် ဘက်စုံစီမံကိန်းက စစ်တွေဆိပ်ကမ်းကတော့ ဖွင့်ပွဲကတော့ လုပ်ပြီးသွားပါပြီ။ အခု လက်ရှိ အခြေအနေကတော့ ဖွင့်ပွဲလုပ်ပြီးသွားပေမယ့် ကုန်သွယ်မှုကတော့ မစနိုင်သေးဘူး ဖြစ်နေပါတယ်။ မစနိုင်သေးဘူးဆိုတာက ကုန်သွယ်မှုရဲ့ အခြေအနေက အိန္ဒိယရဲ့ ကာလကတ္တားနဲ့ စစ်တွေနဲ့ကို အပြန်အလှန် သင်္ဘောတွေ ပြေးဆွဲပြီးမှဘဲ ကုန်သွယ်မှုက စတင်ပြီး ဖြစ်လာမယ့် အနေအထားပါ။ အခုကတော့ ဆိပ်ကမ်းကို operate လုပ်တဲ့ ကုမ္ပဏီကလည်း သူတို့အဆင်သင့် ဖြစ်ပါပြီ ဆိုတဲ့ဟာကို သူတို့လုပ်သွားပြီပေါ့လေ။ ဆိပ်ကမ်းကတော့ ဖွင့်ပြီးသွားပေမယ့် လက်ရှိမှာတော့ ကုန်သွယ်မှုကတော့ မလည်ပတ် နိုင်ဘူး ဖြစ်နေပါတယ်။ ကုန်သွယ်မှု လည်ပတ်ဖို့ အချိန်ကို ပြောဖို့ခက်ပါတယ်။ လည်ပတ်ဖို့ကလည်း အဓိက သင်္ဘောလိုင်းတွေ ရှိဖို့ အရေးကြီးတယ်။ သင်္ဘောလိုင်း မရှိပဲနဲ့ဆိုရင် ဘယ်ကုန်ကို ဘယ်သူက ပို့မှာလဲဆိုတဲ့ ဟာကအစ နည်းနည်း ပြောရဆိုရ ခက်ပါတယ်။ အခုလက်ရှိ အချိန်ထိ အိန္ဒိယရဲ့ ကုလားတန် ဘက်စုံစီမံကိန်း ဆိပ်ကမ်းကို အသုံးပြုပြီး ကုန်သွယ်မှု ပြုလုပ်တာ မတွေ့မိသေးဘူးပေါ့နော်။ အဓိကတော့ ကုန်သွယ်မှု ပြုလုပ်ဖို့ဆိုရင် ကာလကတ္တား ဆိပ်ကမ်းနဲ့ စစ်တွေနဲ့ဖြစ်ဖြစ် ရှဲဂျူး သင်္ဘော ပြေးဆွဲဖို့ လိုအပ်ပါတယ်။ ရှဲဂျူး ဆိုတာက တစ်ပတ်မှာ တစ်ကြိမ်လား၊ တစ်လမှာနှစ်ကြိမ်လား၊ သုံးကြိမ်လား အဲလိုမျိုး သင်္ဘော တွေ ထွက်ပြီးမှလည်း စပြီး ကုန်စည်တွေ လည်ပတ်နိုင်မယ့် အခြေအနေပါ။ အဓိကတော့ သင်္ဘော အေဂျင့်တွေကလည်း သင်္ဘောလိုင်းကို ဘယ်လို ဆွဲမလဲဆိုတာကို ပြန်လည်ပြီးတော့ လုပ်ဆောင်ရမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
ပလက်ဝမြို့ မျက်နှာချင်းဆိုင်မှာ တည်ဆောက်ထားတဲ့ ဆိပ်ကမ်းတံတားကိုတွေ့ရစဉ်
လက်ရှိအချိန်တွင် ကုန်သွယ်မှု မပြုလုပ်နိုင်သေးသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းက စစ်တွေဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂၅၀၀ ကျော်ကို ပထမ အသုတ်အနေဖြင့် တင်ပို့နိုင်ခဲ့သည်ဟု ဦးတင်အောင်ဦးက ပြောသည်။
လက်ရှိမှာ ထိုစီမံကိန်းအတွင်း ပါဝင်သည့် စစ်တွေ ရေနက်ဆိပ်ကမ်းနှင့် ပလက်ဝ ရေနက်ဆိပ်ကမ်းများ ဆောက်လုပ် ပြီးစီးနေသော်လည်း ပလက်ဝကနေ အိန္ဒိယသို့ ဖောက်လုပ်မည့် လမ်းတံတားများ မပြီးသေးသည့်အတွက် ကုန်သွယ်ရေး မလည်ပတ်နိုင်သေးကြောင်း ပလက်ဝမြို့နယ် ကုန်သည်ကြီးများအသင်းက ဦးခင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ပလက်ဝမြို့နယ်ကနေ အိန္ဒိယကို သွားလာလို့ရမည့် ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေး ဆိုင်းဘုတ်ကို တွေ့ရစဉ်
၎င်းက “ကုန်သွယ်မှုကတော့ မလည်ပတ်သေးဘူးလေ။ စစ်တွေမှာတော့ မပြောတတ်ဘူး။ ကျနော်တို့ ပလက်ဝမှာတော့ မလည်ပတ်သေးဘူး။ လမ်းကြောင်းတွေလည်း မရှိသေးဘူး။ လည်ပတ်ရအောင်လည်း အိန္ဒိယ-မြန်မာနဲ့ ကားလမ်း မရှိသေး ဘူးလေ။ ကျနော်တို့ အနေနဲ့ ပြောရမယ်ဆိုရင်တော့ လမ်းမရှိသေးတော့ သင်္ဘောတွေလည်း သွားလို့ မရဘူးလေ။ ဘယ်ဟာမှ သွားလို့ မရဘူး။ အစိုးရက ချပေးတဲ့ သင်္ဘော တစ်ပတ်ကို စနေနေ့ တက်တယ် တနင်္ဂနွေနေ့ ပြန်လာတယ် ဒါပဲရှိတယ်လေ။ ကျန်တဲ့ဟာတွေ ဘာမှ အသွားအလာတွေမှ မရှိတာ။ အဓိကတော့ လမ်းကြောင်း အခြေအနေက နိုင်ငံရေး တည်ငြိမ်သွားရင် လည်ပတ်သွားမှာပဲလေ။ နိုင်ငံရေး တည်ငြိမ်ရင် ဒီလမ်းကလည်း တစ်နှစ် နှစ်နှစ်အတွင်းမှာ ပြီးသွားမှာပဲလေ။ တံတား တစ်စင်း နှစ်စင်း ပြီးသွားရင် လမ်းကတော့ ပြီးသလောက်ဖြစ်ပါတယ်။ ဒါကတော့ အကြမ်းအားဖြင့်ပေါ့။ နည်းနည်းပါးပါး လည်ပတ်လို့ ရသေးတယ်။ ခုဟာက နိုင်ငံရေး အခြေအနေကမှ မတည်ငြိမ်တာ ဘယ်လို လည်ပတ်လို့ ရမှာလဲ။ လမ်းကလည်း မပြီးဘူး။ လမ်းကလည်း အိန္ဒိယနိုင်ငံကို သွားလို့မှ မရတာ။ အိန္ဒိယကုလားတန် လမ်းကြောင်းကို ဘယ်လောက်ထိ ရည်မှန်းထားလဲဆိုတော့ အများကြီးကို မျှော်မှန်းတယ်။ ဘာလို့လဲဆိုတော့ ကုန်စည်တွေက ပလက်ဝထိဘဲ ရောက်မယ်လေ။ ပလက်ဝမှာ လုပ်စားတဲ့ လူတွေလည်း အလုပ်ရမယ်။ နောက်ပြီးတော့ အောက်ခြေ လူတန်းစားတွေ၊ မော်တော်ယာဥ်ကနေအစ ဧည့်သည်တွေကအစ ခရီးသွားတွေလည်း အရမ်းကောင်းသွားမှာ။ ဒါပေမယ့် နိုင်ငံရေး မတည်ငြိမ်တော့ ခရီးလည်းသွားလို့ မရ လမ်းလည်း လုပ်လို့ မရဘူးဆိုတော့”ဟု ပြောသည်။
အိန္ဒိယ-မြန်မာ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကနေ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် စစ်တွေဆိပ်ကမ်းကိုတော့ ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။