
- By CNI
- Category: စီးပွားရေး
- Hits: 800
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇
လာမည့် သြဂုတ် ၁ ရက်နေ့တွင် နစကသည် အရေးပေါ်ကာလ သက်တမ်း ၆ လ တိုးရေး/မတိုးရေးကို ဆုံးဖြတ်ရ တော့မည်ဖြစ်၍ အကယ်၍ သက်တမ်းတိုးပါက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အခြေအနေများသည် မည်ကဲ့သို့ ဖြစ် ပေါ်လာနိုင်သလဲ စီးပွားရေးလုပ်ငန်းရှင်များကြား သုံးသပ် ဆွေးနွေးနေကြသည်။
ယခုလ(ဇူလိုင်လ) ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ သက်တမ်း ၆ လ တိုးထားမှု ပြည့်မည်ဖြစ်၍ နောက်ထပ် ၆ လ သက်တမ်း တိုး/မတိုးကို နစက-က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပ၍ ဆုံး ဖြတ်ရမည် ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးနိုင်ငံဟု ယူဆပြီး စီးပွားရေးပိတ်ဆို့ကာ ထွက်ခွာသွားကြသည့် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများရှိ သကဲ့သို့ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံနေကြသည့် နိုင်ငံများလည်း ရှိကြောင်း သိရသည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အခြေအနေသည် အုပ်ချုပ်နေသည့် အုပ်ချုပ်သူအပေါ် ရင်းနှီးမြှုပ်နှံမှု လုပ်မည့် နိုင်ငံ များက ကြိုက်ခြင်း/မကြိုက်ခြင်းနှင့်လည်း သက်ဆိုင်သည်ဟု Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရပြောင်းသွားလည်း စစ်အုပ်ချုပ်ရေး၊ စစ်အာဏာရှင်စနစ် ဖြစ်နေသေးရင် မယုံကြည်ဘူးဆိုရင် အနောက်နိုင်ငံတွေကတော့ ရင်းနှီးမြှုပ်နှံဖို့က မလွယ်ဘူး။ မသေချာဘူးပေါ့နော် အဲဒီလိုတော့ ကျနော်တို့ ခန့်မှန်း ရတာပေါ့။ အစိုးရက ပြောင်းလဲသွားတယ်ဆိုရင် ဥပမာ ပြည်သူ့အစိုးရကို သွားမယ်ဆိုရင်တောင်မှ သူတို့လိုချင်တဲ့ ဟာလေးတွေ ရှိသေးတယ်လေ။ အရင်တုန်းကလည်း သမ္မတဦးသိန်းစိန် လက်ထက် ရှိတယ်။ ဟိုဘက်မှာလည်း နအဖဆိုတဲ့ အဖွဲ့တွေ ရှိတယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းကလည်း ရင်းနှီးမြှုပ်နှံမှု လာလားဆိုတော့ သူ့ဟာနဲ့သူတော့ လာချင်တဲ့ဟာ လာတာပဲ။ စီးပွားရေးအရ သူတို့ ဖြစ်တန်နိုင်စွမ်းက အဆင်ပြေတယ်ဆိုရင် သူတို့လာရင်းနှီးမြှုပ်နှံ တယ်။ ဥပမာ အခု ဒီအစိုးရကို အဆင်ပြေတဲ့ အစိုးရရှိတယ်။ အဆင်မပြေတဲ့ နိုင်ငံတကာ အစိုးရတွေ ရှိတယ်လေ။ တရုတ်တို့ ဘာတို့က တောက်လျောက် ထွက်မသွားဘူးလေ။ လုပ်နေကြတာပဲ။ ဂျပန်တွေလည်း ထွက်မသွားဘူး လုပ်တာပဲ။ ကိုရီးယားတွေလည်း သူ့ဟာနဲ့သူ ရှိနေတာပဲ။ ထိုင်းလည်း သူ့ဟာနဲ့သူ ရင်းနှီးမြှုပ်နှံမှုတွေက ရှိနေတာ ပဲ။ ထပ်တိုးပြီးလာတဲ့ အနောက်နိုင်ငံအုပ်စု ဥပမာ ဥရောပတို့၊ အမေရိကန်တို့ စတဲ့ဟာတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက တော့ ရှားမှာပေါ့နော်။ ဒါကတော့ သူတို့ရဲ့ ဒီအစိုးရကို ကြိုက်ခြင်း မကြိုက်ခြင်းနဲ့ ဆိုင်တယ်” ဟု ပြောသည်။
PEPSI လုပ်ငန်းစုကိုတွေ့ရစဉ်
ထို့နောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မည်ဆိုပါက မည်သည့်ကဏ္ဍအတွက် ဦးစားပေး ဖိတ်ခေါ် မလဲ တွက်ဆရန် လိုအပ်ကြောင်း၊ လက်ရှိကမ္ဘာတွင် စားနပ်ရိက္ခာ အကျပ်အတည်း ဖြစ်ပေါ်နေခြင်းကြောင့် မြန်မာ နိုင်ငံအနေဖြင့် စားနပ်ရိက္ခာနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ပို၍ ဖိတ်ခေါ်သင့်ကြောင်း၊ ထိုသို့ ဖိတ်ခေါ်ရာ တွင် တချို့သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများကို ဖြေလျှော့ပေးရန် လိုအပ်ကြောင်း ဦးသီဟပိုင်က ဆက်ပြော သည်။
၎င်းက “ရင်းနှီးမြှုပ်နှံမှုက ဘယ်ဘက်ကို ဦးတည်မှာလဲဆိုပြီး တံခါးတွေကတော့ အကုန်လုံး ဖွင့်ထားဖို့ လိုတယ်။ ဥပမာ အနောက်နိုင်ငံတွေကိုလည်း ဦးမတည်တော့ဘူး၊ မရဘူး ဘာဖြစ်လဲ ဖွင့်ထားလိုက်၊ သူ့ဟာသူ လာချင်တဲ့သူ လာမှာပဲလေ။ ဘယ်နိုင်ငံမှလာ ဘယ်နိုင်ငံမှ မလာပါနဲ့ဟာမျိုးကို။ ဥပဒေကတော့ အကုန်လုံး လက်ခံတယ်ဆို ပေမယ့် မြေပြင်မှာလည်း လက်ခံချင်မှ လက်ခံတာလည်း ရှိတယ်လေ။ အဲဒါတွေ အကုန်လုံးကို ဖွင့်ထားပေးရမယ် နံပါတ် ၁။ နံပါတ် ၂ ကတော့ ကိုယ့်နိုင်ငံမှာလည်း နိုင်ငံရေးအခြေအနေက အဆင်မပြေဘူး။ ကမ္ဘာကြီးမှာလည်း ခက်ခဲနေတယ်ဆိုရင် ကမ္ဘာမှာ အခုလိုအပ်နေတာက ဘာလဲ။ စားနပ်ရိက္ခာဆိုင်ရာတွေက မကြာခင် တက်လာ တော့မှာ။ အဲဒါဆိုရင် စားနပ်ရိက္ခာနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်ပေးရမယ်။ ဖွင့်ပေးတဲ့နေရာမှာ ကျနော် တို့ ရင်းနှီးမြှုပ်နှံမှုတွေက ဖွင့်ပေးလိုက်တယ် ဒီဘက်မှာ ဥပဒေ နည်းဥပဒေ ဥပမာ လယ်ယာမြေ အသုံးချရေးတို့၊ စိုက်ပျိုးရေးဆိုင်ရာတို့ အဲဒီမှာ ဖြေလျှော့ရမယ့် အပိုင်းတွေ ရှိတယ်။ အဲဒါတွေကို တတ်နိုင်သလောက် ဖြေလျှော့ ပေးဖို့ လိုတယ်ပေါ့” ဟု ပြောသည်။
လက်ရှိ နိုင်ငံရေး အခြေအနေအရ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် ဝင်ရောက်ရန် မလွယ်ကူသေးကြောင်း၊ သို့သော်လည်း နိုင်ငံရေး အခင်းအကျင်းပေါ် မူတည်သည့်အတွက် ရွေးကောက်ပွဲကဲ့သို့ နိုင်ငံရေးမျှော်လင့်ချက်များ ပေးရန်လိုအပ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်ရှိ ဟိုတယ်ကိုတွေ့ရစဉ်
၎င်းက “ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားအစိုးရ မလာခင်တော့ ပြဿနာ အရင်းခံတော့ ရှိနေမှာပေါ့။ အရပ်သား အစိုးရ ဖြစ်လာပြီးနောက်ပိုင်းမှ FDI ဆိုတာ မျှော်လင့်လို့ ရမှာလေ။ ရွေးကောက်ပွဲအတွက် မျှော်လင့်ချက် ပေးရမှာ ပေါ့။ နိုင်ငံရေးနည်းအရပဲ ဖြေရှင်းလို့ ရမှာလေ။ အဲဒါတွေ ဖြေရှင်းနိုင်ဖို့က နိုင်ငံရေးအခင်းအကျင်းက အဓိက ကျ တယ်လေ။ ကြားထဲမှာတော့ နည်းနည်းတော့ မျှော်လင့်ရသလောက်တော့ ဝင်လာမယ်လို့တော့ မမြင်သေးဘူး။ ဒါပေမယ့် ကြိုးတော့ ကြိုးစားရမယ့် အပိုင်းတော့ ရှိတယ်။ အကောင်းဆုံးကတော့ နိုင်ငံရေးမျှော်လင့်ချက်တွေ ပေးနိုင်ရင်တော့ ရင်းနှီးမြှုပ်နှံမှုက ဝင်လာမယ်လို့တော့ မြင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံကို အမေရိကန်နှင့် ဥရောပနိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတချို့ ထွက်ခွာသွားမှုများ ရှိသော်လည်း တခြား တစ်ဖက်တွင် စင်္ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်နှင့် ရုရှားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိနေကြောင်း၊ ထပ်မံဝင်ရောက်ရန် အတွက် လေ့လာနေမှုများလည်း ရှိနေကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 821
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇
မြန်မာနိုင်ငံအထက်ပိုင်း ဖားကန့်မြို့နယ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရှမ်းနီနာမည်နှင့် အုတ်ထုတ်လုပ် ရောင်းချလာကြောင်း သိရသည်။
အဆိုပါ အုတ်သည် ဝိတ်ပေါ့အုတ်(Cellular Lightweight Concrete-CLC)ဖြစ်ကြောင်း၊ ရိုးရိုးမီးဖုတ်အုတ်ထက် အရွယ်ပမာဏ ၃ နှင့် ၆ ဆကြီးသည့် အုတ် အမျိုးအစားကို ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း၊ ထို ရှမ်းနီအုတ်ကို မီးဖုတ်အုတ် ဈေးနှင့်တွက်ချက် ရောင်းချမည်ဖြစ်ကြောင်း Shan Ni Waves က ဖော်ပြထားသည်။
ရှမ်းနီနာမည်ဖြင့် ထုတ်လုပ်သည့်ဝိတ်ပေါ့အုတ်သည် ပေါ့ပါးပြီး အသံလုံသလို ကြံ့ခိုင်မှုကောင်းကာ အပူချိန်ကို ထိန်းညှိပေးနိုင်ကြောင်း သိရသည်။
ရှမ်းနီလူမျိုးများကိုတွေ့ရစဉ်
ရှမ်းနီလူမျိုးများ၏ သမိုင်းကြောင်းဆိုင်ရာနှင့် ရိုးရာယဉ်ကျေးမှုများကို သိရှိနားလည်စေရန်အတွက် ရှမ်းနီ လူမျိုး နာမည်ဖြင့် အုတ်ထုတ်လာခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းနီလူမျိုးများသည် ကိုယ့်ထီးကိုယ့်နန်းဖြစ် အုပ်ချုပ်ခဲ့ကြသော်လည်း ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဆိုကာ ပိုင်းခြားရေး သတ်မှတ်လိုက်ခြင်းကြောင့် ရှမ်းနီ လူမျိုးများ၏ သီးသီးသန့်သန့် နယ်မြေများ ပျောက်ဆုံးသွားသလို လူမျိုးများလည်း ဒေသနှစ်ခုခြား ပိုင်းခြား ခံလိုက်ရသည်။
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့်အတူ လွတ်လပ်ရေး ရရှိလာသော မြန်မာနိုင်ငံအတွင်းက

- By CNI
- Category: စီးပွားရေး
- Hits: 664
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅
ပို့ကုန်ရငွေအပေါ် ကျပ်ငွေလဲလှယ်ရန် ညွှန်ကြားချက်ကို ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းဟု ဗဟိုဘဏ်က ပြင်ဆင် သတ်မှတ်လိုက်ခြင်းကြောင့် ပို့ကုန်တင်ပို့သည့် ကုန်စည်များ ဈေးနှုန်းအနည်းငယ် မြင့်တက်လာနိုင် သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။
ယခင်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်း အမေရိကန် ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ် ဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ထားသလို ကျန်ရှိသည့် ၃၅ ရာခိုင်နှုန်းကို ၂၉၂၀ ကျပ်ဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ထားသည်။
လက်ရှိတွင် ၅၀ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကျန်ရှိသည့် ၅၀ ရာခိုင်နှုန်းကို ၂၉၂၀ ကျပ်ဖြင့် လည်းကောင်း လဲလှယ်ကြရမည်ဟု ပြောင်းလဲသတ်မှတ်ခဲ့ခြင်းကြောင့် ရရှိသည့်နှုန်းထား မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၅၀ သည် ၂၁၀၀ ဝန်းကျင်၊ ၅၀ သည် ၂၉၂၀ ဝန်းကျင်၊ အဲတော့ အဲဒီ ၂ ခု ပေါင်းလိုက်တော့ ၂၅၀၀ နဲ့ သိမ်းတဲ့သဘော ဖြစ်သွားတာပေါ့နော်။ ၂၁၀၀ နဲ့က ၅၀ ရာခိုင်နှုန်းနဲ့ သိမ်းမယ်လေ။ ၅၀ ရာခိုင်နှုန်းက ၂၉၁၀ နဲ့ ရောင်းရမယ်ဆိုတော့ အဲဒီ ၂ ခု ပေါင်းပြီးတော့ ၂ နဲ့ စားလိုက်လို့ရှိရင် ၁ ဒေါ်လာကို အစိုးရက ၂၅၀၀ သတ်မှတ်သ လို ဖြစ်နေတယ်။ ကောင်းလား မကောင်းဘူးလားဆိုတော့ ဈေးတော့ နည်းနည်း ပြောင်းသွားတာပေါ့။ ၆၅ / ၃၅ ရှိနေစဉ်ကာလမှာပဲ ၂၁၀၀ ရယ်၊ ၂၉၀၀ ရယ် ဖြစ်တဲ့အခါကျတော့ ဈေးနည်းနည်းလေး အောက်ဆင်းတာပေါ့။ အခု ၅၀ / ၅၀ ဆိုတော့ ဈေနည်းနည်းလေး အပေါ်ပြန်တက်လာမှာပေါ့ ဒီလောက်ပါပဲ။ အရင်လည်း ၆၅ / ၃၅ နဲ့ သွားနေကြတာပဲလေ။ အခု ၅၀ / ၅၀ ဆိုတော့ ၁၅ ရာခိုင်နှုန်းလောက် ပိုလာတာပေါ့ ကိုယ့်ဘက်ကို။ အဲတော့ ဈေး နည်းနည်း ရနိုင်တယ်ပေါ့။ ၃၅ / ၆၅ ကနေ နည်းနည်း ဖြေလျှော့လိုက်တော့ ဈေးနှုန်း အနည်းငယ် အပြောင်းအလဲ ဖြစ်တာပေါ့ အတက်ဘက်ကို ဖြစ်တာကိုး” ဟု ပြောသည်။
မြန်မာ့ပြောင်းကိုတွေ့ရစဉ်
၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ၁၅ ရာခိုင်နှုန်း ပိုလာသည့်အတွက် အကျိုးအမြတ်နည်း၍ ရပ်နားထားသည့် ပို့ကုန်တင်ပို့မှုလုပ်ငန်းများ ပြန်လည် လုပ်ဆောင် လာနိုင်သည်ဟု ကုန်သည်တချို့က သုံးသပ်ကြသည်။
သို့သော်လည်း တရုတ်နယ်စပ် ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့မှုအပိုင်းတွင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက် နေခြင်းကြောင့် ဆန်တင်ပို့မှု အပြောင်းအလဲ ရှိလာမည် မဟုတ်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးမင်းသိန်းက “အရင်တခါတုန်းက ၆၅ / ၃၅။ အခုကျတော့ ၅၀ / ၅၀ ဆိုပြီးတော့ ထုတ်ထားတယ်။ ဒီ ၅၀ / ၅၀ ကလည်း နယ်စပ်ကုန်သွယ်ရေးမှာတော့ ဘာမှ ကြီးကြီးမားမား ပြောင်းလဲမှု ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ၅၀ / ၅၀ ကတော့ Over Sea ကသွားတဲ့ Normal Trade ကတော့ ၅၀ / ၅၀ ကတော့ ပိုပြီးတော့ အဆင်ပြေနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆင်ပြေတယ်ဆိုတာ နည်းနည်းလေး တိုးတက်လာတာပေါ့။ နယ်စပ်ဒေသကတော့ ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရမှသာလျှင် နယ်စပ် ဒေသက အကျိုးခံစားခွင့်ရှိပြီး စီးပွားရေး တိုးတက်လာမှာ။ ၅၀ / ၅၀ က အရင်ကထက် စာရင်တော့ နည်းနည်း လေးတော့ အသက်ရှူ ချောင်လာတာပေါ့။ နည်းနည်းလေး တိုးတက်လာတဲ့ လမ်းကြောင်းလေးတော့ ပြနေပြီ။ ဒါပေသည့် ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူး။ ဒါကြောင့် ဆန်သယ်ယူမှုကိစ္စမှာတော့ ပြည်တွင်းမှာလည်း ဆန်ဈေးမြင့်တက်နေတာဆိုတော့ ၅၀ / ၅၀ ပြောင်းလဲလိုက်ပေမယ့်လည်း နယ်စပ်ဒေသမှတဆင့် ဆန်တင်ပို့မှု မှာတော့ သိပ်ပြီးတော့ ကြီးကြီးမားမား တိုးတက်လာမယ်လို့တော့ မမြင်ဘူး” ဟု ပြောသည်။
မြန်မာ့ဆန်ကို တင်ပို့ရန်ပြင်ဆင်နေကြစဉ်
ယခင်က တရုတ်နယ်စပ် ကုန်သွယ်ရေးမှတဆင့် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် နေ့စဉ် အစီးရေ ၃၀ နှင့် ၄၀ ကြား တင်ပို့မှုရှိသော်လည်း ပို့ကုန်ရငွေ သတ်မှတ်ချက်နှင့် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုကြောင့် အစီးရေ ၄ စီးခန့်သာ ရှိကြောင်း သိရသည်။
ထိုတင်ပို့မှုများကလည်း လိုင်စင်လက်ကျန် ကျန်ရှိနေသည့် ကုန်သည်များသာ တင်ပို့မှုများ ဖြစ်ကြောင်း၊ မြန်မာ ပြည်တွင် ဆန်နှင့်ဆန်ကွဲ ဈေးနှုန်းမြင့်တက်သော်လည်း တရုတ်ဘက်က ဝယ်ယူသည့် ဈေးနှုန်းမှာ အပြောင်းအလဲ မရှိ၍ အဆင်မပြေကြောင်း မူဆယ်နယ်စပ်ကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 787
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်းသည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တို့၌ မြင့်တက်လာခဲ့ခြင်းသည် ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် မြင့်တက်လာရခြင်း ဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းကို ဆောင်ရွက်ရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားရသည့် အစိုးရပိုင်စက်ရုံများနှင့် ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝ လည်ပတ်ရန် လိုအပ်သည်ဟုလည်း နစကဥက္ကဋ္ဌက ဆိုသည်။
ထိုသို့ ကုန်ထုတ်လုပ်ငန်းများ လည်ပတ်ရန်အတွက် တိုက်ပွဲများ ရပ်တန့်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အားကောင်းမှသာ စိုက်ပျိုးရေးနှင့် တခြားသောထုတ်ကုန်များကို ထုတ်လုပ်နိုင်မည် ဖြစ်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့ရှိ ဈေးဝယ်ကုန်တိုက်တစ်ခုမှ ပုဇွန်ထုတ်အရောင်းနေရာတစ်ခု
“တိုက်ပွဲတွေ ရပ်ပေးပါ အဲဒီလိုပဲ အော်ရမှာပေါ့နော်။ ငြိမ်းချမ်းကြပါစေပေါ့။ ငြိမ်းချမ်းမှပဲ သေချာစိုက်လို့ရမှာကို။ စစ်ကိုင်းတိုင်းဒေသဆိုလည်း အများကြီး ထွက်တာလေ။ တခြားနယ်ဘက်ဒေသတွေလည်း အများကြီး ထွက်တာရှိတယ်။ အခုက ကျသွားတယ်။ အဲဒီတော့ ကျနော်တို့က ငြိမ်းချမ်းပေးပါ။ ကျနော်တို့က နှစ်ဖွဲ့လုံး၊ နှစ်ဖက်လုံးကို တောင်းဆိုနေရတာပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားကောင်းအောင် ကျနော်တို့ တွန်းအားပေးရမှာပေါ့။ အခြေအနေတည်ငြိမ်မှ ကျနော်တို့က အေးအေးဆေးဆေး ကုန်ထုတ်လို့ရမှာ။ မတည်ငြိမ်သေးရင် ဘယ်လိုမှ ထုတ်လို့မရဘူး။ ဒီပုံစံအတိုင်း ဆက်သွားရင် ကျနော်တို့ မကြာခင် အငတ်ဘေး စိုက်သွားလိမ့်မယ်။ အဲဒါက ကျနော်တို့ မှန်းထားတာ မဟုတ်ဘူးနော်။ ဆက်သွားရင်ပြောတာ၊ ဒီပုံစံအတိုင်း ဆက်မသွားရင် မငတ်ဘူး။ ပိုပိုဆိုးလာမှာလေ။ အခု ကမ္ဘာမှာလည်း အငတ်ဘေး စိုက်တော့မယ်ဆိုပြီးတော့ ပြောနေကြတာ” ဟု ပြောသည်။
ကုန်ဈေးနှုန်း မြင့်တက်ရခြင်းသည့် စိုက်ပျိုးရေးအတွက် အသုံးပြုသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ စက်ကိရိယာ၊ စက်သုံးဆီ စသည့် ဈေးနှုန်းများသည် မြင့်တက်လာခြင်းဖြစ်သည့်အတွက် ပြည်တွင်းတွင် ထုတ်လုပ်သည့် စိုက်ပျိုးသီးနှံများသည်လည်း မြင့်တက်လာခြင်း ဖြစ်သည်ဟု စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများက ပြောသည်။
ကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်သော်လည်း ထုတ်ကုန်များက ဈေးနှုန်း မြင့်တက်မှု မရှိဘဲ စိုက်ပျိုးနိုင်မှုနှင့် မွေးမြူမှုနှုန်းများ ကျဆင်းသွားမည်ဆိုပါက ကုန်ဈေးနှုန်းများ ပို၍ ကြီးမြင့်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် အထောက်အပံ့များပေးအပ်ရန်လည်း လိုအပ်သည်ဟု တောင်သူများက ပြောသည်။
ကုန်ဈေးတန်းတစ်ခုမြင်ကွင်း
လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က “ဘယ်အရာပဲမဆို သွင်းအားစုစရိတ်၊ လုပ်အားခ အဲဒါတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ပေါ့။ အကုန်လုံးက သွင်းအားစု ကုန်ကျစရိတ်တွေပါပဲ။ အဲဒါ သွင်းအားစု ကုန်ကျစရိတ်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ အားလုံးက သူ့ဟာနဲ့သူ Level မြင့်တက်လာတာ ဖြစ်တဲ့အတွက် ထုတ်တဲ့ထုတ်ကုန်ကလည်း အတိုင်းအတာတစ်ခုတော့ မြင့်နေမှာပဲ။ အမှန်အတိုင်း ပြောရရင် အခုဆိုရင် ဒီဈေးနှုန်းက ဥပမာ နွားမွေးတဲ့သူတွေ၊ ကြက်မွေးတဲ့သူတွေဆို သိပ်တောင် မကိုက်ရှာပါဘူး။ ဘာလို့ဆိုတော့ အခုလက်ရှိက အသားဈေးကလည်း ကျနေတယ်လေ။ အဲဒီလိုဖြစ်တဲ့အတွက် အရှုံးများကြတယ်။ ကြက်မွေးတဲ့ သူလည်း ရှုံးတယ်။ နွားမွေးတဲ့သူဆိုလည်း ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ အဲဒါ Level မမျှသေးတာပေါ့။ ကုန်ထုတ်တဲ့သူ တွက်ခြေမကိုက်ရင် အဲဒီကုန်က ခဏပဲ တော်ကြာရှားသွားမှာ ” ဟု ပြောသည်။
ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအတွက် အသုံးပြုနေရသည့် ကုန်ကြမ်းများ၊ စက်သုံးဆီနှင့် စက်ကိရိယာများသည် ပြည်ပမှ တင်သွင်းနေရခြင်းကြောင့် နိုင်ငံတကာဈေးနှုန်း မြင့်တက်ပါက ပြည်တွင်းတွင်လည်း မြင့်တက်နေမည် ဖြစ်ကြောင်း၊ ထို့နောက် မြန်မာကျပ်ငွေတန်ဖိုးနှင့် အမေရိကန်ဒေါ်လာဈေးနှုန်းတို့အပေါ်တွင်လည်း အခြေခံသည့် အတွက် ပြည်တွင်းကုန်ဈေးနှုန်းသည် ယခုထက်ပို၍ ကျဆင်းရန်အတွက် မဖြစ်နိုင်တော့ကြောင်း တောင်သူများနှင့် လုပ်ငန်းရှင်များက သုံးသပ်သည်။
လယ်ယာမြေများကို စိုက်ပျိုးရေးအတွက် အသုံးမပြုဘဲ အဆောက်အအုံများ ဆောက်လုပ်နေမှုများ ရှိနေခြင်း ကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်နစ်နာစေသည့်အတွက် ဥပဒေနှင့်အညီ စိစစ်ကြပ်မတ် ဆောင်ရွက်ပြီး စိုက်ပျိုးမြေများတွင် အပြည့်အဝစိုက်ပျိုးရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 900
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
တောင်ကိုရီးယားနိုင်ငံတွင် စက်တင်ဘာလမှ စတင်ကာ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားများအား ဒေသ ကျော်လွန် လုပ်ကိုင်ခွင့် ကန့်သတ်သည့် မူဝါဒအား ကျင့်သုံးမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်ပေးနေသူများထံက သိရသည်။
ယခင်က တောင်ကိုရီးယားနိုင်ငံရှိ နိုင်ငံခြားသားလုပ်သားများအနေဖြင့် အချက်အလက်များ ကိုက်ညီပါက ဒေသမရွေး အလုပ်အကိုင်နှင့် လုပ်ငန်းခွင်ပြောင်းရွှေ့လုပ်ကိုင်ခွင့် ရရှိကြခြင်းဖြစ်သည်။
သို့သော် လုပ်သားအများစုသည် မြို့ကြီးများတွင်သာ အလုပ်ထပ်မံရှာဖွေလုပ်ကိုင်ကြပြီး ဝေးလံခေါင်ဖျားသည့် ဒေသမှ အလုပ်ရုံများတွင် လုပ်သားမလုံလောက်မှုအခက်အခဲများ ကြုံတွေ့ရသောကြောင့် ယခုကဲ့သို့ ကန့်သတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စက်တင်ဘာလတွင် စတင်မည့် ဒေသကျော်လွန် လုပ်ကိုင်ခွင့် ကန့်သတ်ခြင်းသည် မြန်မာအပါ နိုင်ငံခြား သားလုပ်သားများအတွက် အခက်အခဲဖြစ်စေကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဆိုးလ်မြို့က လူစည်ကားတဲ့ မြေအောက်ဘူတာရုံတစ်ရုံ
“အလုပ်ပြောင်းရွှေ့တဲ့အခါမှာ အရင်တုန်းကဆိုရင်တော့ စက်ရုံပြောင်းရွှေ့တဲ့ကိစ္စ ကန့်သတ်ထားတယ် ဆိုပေမယ့် အချက်အလက်နဲ့ကိုက်ညီရင် ပြောင်းရွှေ့ခွင့်ရှိတယ်။နောက် အလုပ်ရှင်က ခွင့်ပြုရင် အလုပ်ပြောင်းခွင့်ရှိတယ် ၃ နှစ်အတွင်းမှာ ၃ ကြိမ်။ ဒီလိုမျိုး ဥပဒေကနေ အခုကြတော့ အလုပ်ပြောင်းခွင့်ရလို့ ပြောင်းမယ်ဆိုရင်တောင်မှ မိမိတို့လုပ်နေတဲ့ ကုမ္ပဏီရှိတဲ့ဒေသရဲ့ အပြင်ဘက်ကို ထွက်လို့မရဘူးဆိုတဲ့ ဥပဒေ။ ဗမာပြည်မှာဆို ဥပမာ ရန်ကုန် ဆို ရန်ကုန်ပဲပေါ့။ ပဲခူးဆို ပဲခူးမှာပဲပေါ့ အဲဒီသဘောမျိုးပေါ့။ ရွေးချယ်ခွင့်တွေ အရမ်းနည်းသွားတာပေါ့နော်။ ထွက်ဖို့တွေလည်း မလွယ်တော့ဘူးပေါ့။ ရနေတဲ့ နေရာလေးမှာပဲ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ သည်းခံပြီးတော့ လုပ်ရတော့မယ်ဆိုတဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီး ဖြစ်လာနိုင်တာပေါ့။ ယခင် ကတည်း ကပဲ အခွင့်အရေးချိုးဖောက်လို့ပဲ ပြောင်းကြရွှေ့ကြ ပြောင်းချင်ကြတဲ့ သဘောမျိုးပေါ့။ ဒီကြားထဲမှာ လောဘ ကြောင့်ပေါ့ လစာပိုကောင်းချင်လို့ ပိုကောင်းတဲ့နေရာမှာ လုပ်ချင်လို့ ထွက်တဲ့သူတွေ ရှိသလို တကယ်ကို နစ်နာ နေလို့ တကယ်ကို အခက်အခဲရှိလို့ ထွက်ရတဲ့လူတွေအတွက်ကြတော့ ပိုပြီးတော့ နစ်နာသွားတာပေါ့” ဟု ၎င်းက ပြောသည်။
တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများ
ယခင်က အလုပ်ခွင်ပြောင်းရသည့် အကြောင်းပြချက်အား တစ်ဖက် အလုပ်ရှင်သူဋ္ဌေးအသစ်ထံသို့ လျှို့ဝှက် ပေးထားသော်လည်း ယခုဒေသကျော်လွန် လုပ်ကိုင်ခွင့် ကန့်သတ်မည့်အထဲ၌ မိမိလုပ်ကိုင်သည့်ဒေသ၌ပင် လုပ်ငန်းခွင်ပြောင်းရွှေ့ပါက အကြောင်းပြချက်အား အလုပ်ရှင်သူဋ္ဌေးအသစ်ထံသို့ အသိပေးမည် ဖြစ်ကြောင်း လည်း သိရသည်။
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်ပွားမှုကြောင့် ပြည်သူများအနေဖြင့် ပြည်ပသို့ထွက်ခွာကာ ကျောင်းတက်ရောက်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းများ ပိုမိုပြုလုပ်လာကြပြီး ၎င်းထဲတွင် ကိုရီးယားသို့ သွားရောက် လိုသည့် မြန်မာနိုင်ငံသား အရေအတွက်မှာလည်း များပြားလျက်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံသားများ ကိုရီးယားစာသင်ကြားမှုသည် ကိုဗစ်မတိုင်ခင်ကာလများထက် ပိုမိုများပြားလာသလို အလုပ်သွားရောက်လုပ်ကိုင်မည့် လုပ်သားနှင့် ကျောင်းတက်ရောက်ရင်း အလုပ်လုပ်ကိုင်ကြမည့်သူများလည်း များပြားလာကြောင်း သိရသည်။
Royal Korea Language Center မှ တာဝန်ရှိသူတစ်ဦးက “လက်ရှိမှာတော့ ဒီမှာ ကျောင်းတက်မယ့်ဘက်ကို အရင်ကထက်ပိုပြီး တော်တော်လေး စိတ်ဝင်စားလာတာတွေရှိတယ်။ ပြီးရင် EPS ကလည်း ပြန်ပြီး လူခေါ်များ လာတော့ တက်ကြတာတွေတော့ များပါတယ်။ အရင်ကထက် ပိုများလာတယ်လို့တော့ ပြောရမှာပေါ့။ အဓိက ကတော့ ဒီမှာ ကျောင်းမတက်တဲ့ ကလေးတွေကရော၊ ပြီးတော့ အစကတည်းက နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အစီအစဉ်ရှိတဲ့ကလေးတွေရော အဲဒီမှာ တက်ဖို့အတွက် အဓိက အဲဒါတွေပဲပေါ့။ အရင်တုန်းကလိုသာဆိုရင် ဒီမှာ တက္ကသိုလ်တွေ ကောင်းကောင်းမွန်မွန်တက်ရမယ်ဆိုရင် လူတွေ သွားဖြစ်ချင်မှ သွားဖြစ်မှာပေါ့။ အခုကျတော့ နိုင်ငံရေးအခြေအနေတွေရှိတော့ အဲဒီလိုပိုပြီးတော့ သွားချင်တဲ့လူတွေ များလာတယ်။ ကိုဗစ်မတိုင်ခင်ကနဲ့ နှိုင်းယှဉ်ရင် အခု ၂၀၂၁ နောက်ပိုင်းလောက်မှာ ပိုများလာတာပေါ့” ဟု ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်မှုသည် အေဂျင်စီများဖြင့်သော်လည်းကောင်း၊ မိမိ အစီအစဉ်ဖြင့်သော်လည်းကောင်း လာရောက် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ဆိုးလ်၊ အင်ချွန်း၊ ဘူဆန် အစရှိသည့် ဒေသများတွင် မြန်မာအများဆုံးဖြစ်ကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 654
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည် လည်ပတ်နေသော်လည်း ဒေါ်လာရောင်းဝယ်မှု ကန့်သတ်ထားဆဲဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်စည်လည်ပတ်ရန်အတွက် ဒေါ်လာများ ပြန်ရောင်းချနေသော်လည်း အကန့်အသတ်ဖြင့် သာ ရောင်းဝယ်နေကြောင်း မောင်တောကုန်သည် ဦးအောင်နိုင်လင်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးအောင်နိုင်လင်းက “ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေစပြီး ကုန်စုံတင်လို့ရအောင် သူတို့ဘဏ်က ဒေါ်လာ ရောင်းပေး တယ်လို့ ကြားတယ်။ လောလောဆယ် သွားလို့ရတယ်။ အရင်လို မသေချာဘူးပေါ့။ လောလောဆယ် အကန့် အသတ်နဲ့ပဲ ပေးတဲ့ပုံစံပဲ။ အရင်ကဆို မြန်မာကနေ သွင်းကုန်ပစ္စည်းအတွက် ဘယ်ကုန်နေနေ ဘဏ်ကနေ ဝယ်လို့ရတယ်။ အခုကတော့ အကန့်အသတ်နဲ့ပေါ့။ ဝယ်လို့မရတာ မဟုတ်ဘူး၊ အရင်လို လွတ်လွတ်လပ်လပ်နဲ့ မရတာ အကန့်အသတ်နဲ့” ဟု ပြောသည်။
ယခုလို ကန့်သတ်ထားခြင်းကြောင့် ကုန်သွယ်ရေး လည်ပတ်မှု ကျဆင်းကြောင်း၊ ရေရှည်မှာ လုပ်ငန်းရှင်များ ရပ်တည်ရန်ခက်ခဲနိုင်ကြောင်း ရခိုင်ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်နေကြစဉ်
၎င်းက “လက်ရှိလည်း ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့လိုချင်တဲ့ item တွေကိုပဲ ရွေးပြီးတော့ ဝယ်နေတဲ့ သဘောပေါ့ လေ။ ကုန်သွယ်မှုကတော့ ပြီးခဲ့တာ တစ်လနှစ်လက အတိုင်းပါပဲ။ သိပ်ပြီးတော့ အပြောင်းအလဲ မရှိဘူး၊ အရင်နှစ် တွေကထက် စာရင်တော့ ကုန်သွယ်မှုက တော်တော်ကျဆင်းသွားတဲ့ အနေအထားတွေ ရှိတယ်။ အဓိက ကျနော် တို့ဘက်က တင်ပို့တာဟာ ရေချိုငါး အများဆုံး ဖြစ်တယ်။ အခုက ရေချိုငါးက လုံးဝနီးပါးလောက် ပိတ်ထားတယ် ဆိုတဲ့ အနေအထားရှိပါတယ်။ ဒီအတိုင်း ရေရှည်ဖြစ်နေမယ်ဆိုရင်တော့ ကျနော်တို့ ဒီဘက်က ကုန်သည် နယ်စပ် ကုန်သွယ်ရေးကို အမြဲတမ်း လုပ်နေတဲ့ လုပ်ငန်းရှင်တွေဘက်ကလည်း တော်တော်လေးကို အခက်ခဲ ရှိနိုင်ပါတယ်။ ရှိလည်း ရှိနေကြပါတယ်”ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက သွင်းကုန်များအတွက် ဒေါ်လာ ရောင်းချမပေးမှုများ ရှိခဲ့ခြင်းကြောင့် ကုန်သွယ်မှု ပမာဏ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်နေကြစဉ်
ပြီးခဲ့သည့် တစ်လကျော်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဂျင်းတစ်မျိူးထဲ အတွက်သာ ဒေါ်လာ ရောင်းပေးသော် လည်း ယခုအခါမှာတော့ တခြားသော ရေထွက်ပစ္စည်းများနှင့် လယ်ယာထွက်ပစ္စည်းများပါ ပြန်လည် ဝယ်ယူလာ ကြောင်း ကုန်သည်များက ပြောသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃) လတာအတွင်း ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ ၅.၅၈ သန်းဖိုး တင်ပို့ခဲ့ကြောင်း၊ သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာ ၀.၁၂ သန်းဖိုး တင်သွင်းမှု ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(RSCCI)၏ စာရင်းအရ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 923
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ပြည်ပဝယ်ယူမှု များသည့်အချိန် ပြီးခဲ့သည့် မေလနှင့် ဇွန်လများတွင် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းသည် တစ်ပိဿာ ၂၃၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း လက်ရှိမှာတော့ တစ်ပိဿာ ၁၅၀၀ မှ ၁၈၀၀ အထိသာ ရှိတော့ကြောင်း ပခုက္ကူနှင့် မြင်းခြံကြက်သွန်ကုန်စည်ဒိုင်ဈေးကွက်များမှ သိရသည်။
ပြည်ပတင်ပို့မည့် ကုန်သည်များသည် ပုံမှန်ဝယ်ယူနေသည့် ဈေးနှုန်းထက် တစ်ပိဿာ ၁၀၀ ကျပ်ခန့် ဈေးလျှော့၍ ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် နယ်မြေတည်ငြိမ်မှု အခြေအနေကို စိုးရိမ်သည့်အတွက် မုံရွာမှ ကြက်သွန်တောင်သူများက လှောင်ထား သည့် ကြက်သွန်များကို လာရောက်ရောင်းချသည့်အတွက် ကြက်သွန်ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း မြင်းခြံ မြို့နယ်မှ ကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဦးအောင်မြင့်က “၁၀၀၊ ၁၂၀ လောက် ကျသွားတယ်ဗျ။ ဘယ်လိုကြောင့်လဲဆိုတော့ သူတို့လမ်းကြောင်းတွေက မကောင်းလို့လား၊ ဒါမှမဟုတ် ဟိုဘက်က ဈေးကွက်ပဲ သူတို့ အကိုက်နည်းလို့လား မသိဘူး။ ပြည်ပဝယ်လက်က လည်း ဈေးနည်းနည်း ချဝယ်တယ်လေ။ ပြည်ပဝယ်လက်က အခုလည်း ဝယ်ပါတယ်။ မဝယ်တာ မဟုတ်ဘူး။ သူတို့ ဈေးချဝယ်တော့ ချပေးရတာပေါ့။ သူတို့ပေးဝယ်တာက ပုံမှန်ဝယ်နေကျဈေးက ၂၁၀၀၊ ၂၀၅၀ ပေါ့။ အဲဒါကို အခု ၁၉ ခွဲ၊ ၂၀၀၀ ပြန်စစ်နေတာပေါ့။ အဓိက မုံရွာတောင်သူတွေ တအားရောင်းနေတာလည်း ပါတာပေါ့။ မုံရွာက ခါတိုင်း ဒီအချိန်ဆို မရောင်းဘူး။ အခုဟာက သူတို့ နယ်မြေအခြေအနေအရ မဖြစ်တော့ ရောင်းကြတာပေါ့” ဟု ပြောသည်။
ကုန်စည်ဒိုင်သို့ ရောက်ရှိလာသည့် ကြက်သွန်အိတ်များ
ကြက်သွန်ကုန်စည်ဒိုင်များတွင် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း ရပ်ကွက်အတွင်း ရောင်းချနေသည့် လက်လီဈေးကွက်တွင် ကျဆင်းမှု မရှိကြောင်း၊ ထိုသို့ ကျဆင်းမှုမရှိခြင်းသည် ရောင်းချသူများက ဈေးတက်ချိန်တွင် ဝယ်ယူထားသည့် ကြက်သွန်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
ရန်ကုန်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ကြက်သွန်နီဈေးသည် ယခင်က တစ်ပိဿာလျှင် ၂၀၀၀ ကျပ်အထက် ရှိခဲ့ သော်လည်း လက်ရှိတွင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။
သို့သော်လည်း ဇူလိုင်လမှ စတင်၍ အောက်တိုဘာလအထိသည် ပြည်ပဝယ်ယူမှု များပြားသည့်အချိန် ဖြစ်သည့် အတွက် ကြက်သွန်ဈေးနှုန်းသည် ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း၊ ထို့နောက် ယခုနှစ်တွင် ကုန်သည်များ အနေဖြင့် ကြက်သွန်သိုလှောင်ထားမှု နည်းပါးနေပြီး တောင်သူများထံတွင်သာ ကြက်သွန်များ ရှိနေခြင်းကြောင့် တောင်သူများက ထိန်း၍ ရောင်းချမည်ဆိုပါက အကျိုးရှိနိုင်သည်ဟု ကြက်သွန်ကုန်သည်တစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။
“ပုံမှန်အတိုင်း သွားမယ်ဆိုရင်တော့ ၇၊ ၈၊ ၉ တွေက ဈေးကွက် မြူးတဲ့လတွေပေါ့။ ဈေးကွက် တက်မယ့်လ တွေ ပေါ့။ မနှစ်ကလည်း ၈ လ၊ ၉ လ၊ ၁၀ လတွေမှာ ဈေးက တက်သွားတာပဲလေ။ အဲဒီလတွေမှာ မနှစ်က ဗီယက်နမ် ကလည်း လိုက်ဝယ်တာပဲ။ ဗီယက်နမ်ကလည်း ၂၀၀၀ ကျော်တွေ၊ ၃၀၀၀ ကျော်တောင် လိုက်ဝယ်သွားတာလေ။ အဲဒီလိုမျိုးဆိုတော့ ဒီလတွေက ပုံမှန်အတိုင်း သွားမယ်ဆိုရင်တော့ ဈေးကောင်းမယ့် လတွေပေါ့။ ဒါပေမယ့် Export နဲ့ ဆက်နွယ်နေတာဆိုတော့ Export ထွက်တဲ့လမ်းကြောင်းတွေ၊ နောက်တခါ ငွေကြေးဈေးကွက်တွေ အဲဒါတွေအပေါ်မှာလည်း အများကြီး မူတည်တာပေါ့။ ဒီနှစ်က အရင်းတွေ တအားကြီးသွားတယ်။ မြို့ပေါ် ကုန်သည်တွေက ဂိုဒေါင်တွေက လှောင်တော့မယ့်အချိန်မှာ ကြက်သွန်ဈေးက ၁၅၀၀၊ ၁၆၀၀၊ ၁၇၀၀၊ ၁၈၀၀၊ ၂၀၀၀ ဆိုပြီး ဖြစ်သွားတယ်။ ဖြစ်သွားတော့ မြို့ပေါ်ဂိုဒေါင်တွေမှာ ကြက်သွန်မရှိကြဘူး။ မရှိကြတော့ ဒီနှစ်က တောင်သူတွေ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရောင်းတတ်မယ်၊ လိမ်မာပါးနပ်စွာ ရောင်းတတ်မယ်ဆိုရင် တောင်သူဈေး ရမှာပါ” ဟု ပြောသည်။
ကြက်သွန်လက်ကျန်များသည် လက်ရှိတွင် မြစ်သားနှင့် တောင်တွင်းကြက်သွန်များ ကုန်သလောက် ဖြစ်နေပြီး မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ စသည့် ကြက်သွန်များသာ ကျန်ရှိတော့ကြောင်း၊ ထို့နောက် ကြက်သွန်ကုန်သည်များထံတွင် ကြက်သွန်သည် ၃ ပုံ ၁ ပုံခန့်သာ ရှိပြီး ကျန်ရှိသည့် ၂ ပုံသည် တောင်သူများလက်ထဲတွင် ရှိသည်ဟု ကုန်သည်များ ထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 802
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂
အိန္ဒိယနိုင်ငံ၏ ကမ်းလှမ်းချက်အရ လာမည့် နိုဝင်ဘာလတွင် စတင်မည့် ထောပတ်သီး ရာသီ၌ အိန္ဒိယနိုင်ငံသို့ ထောပတ်သီး တန်ချိန် ၁၀၀ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် ရောင်းချသူ များအသင်းထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလက စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် အစားအသောက်နှင့် ဟိုတယ်ပြပွဲ၌ မြန်မာ့ထောပတ်သီး ပါဝင် ပြသခဲ့သည်။
ထို့နောက် အိန္ဒိယနိုင်ငံက ကြိုက်နှစ်သက်သည့်အတွက် လာမည့် ထောပတ်သီးရာသီတွင် တန်ချိန် ၁၀၀ ကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုသွားခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သူက CNI သတင်းဌာနသို့ ပြောသည်။
ဦးကျော်သူက “သူကဗျာ စင်္ကာပူမှာ ကျနော်တို့ FHA ၂၀၂၃ ဆိုပြီးတော့မှ ပွဲလေးရှိတယ်။ Food And Hotel Asia ဆိုတဲ့ အဲဒီပွဲကို သွားပြတာ အဲဒါ ဧပြီလကုန်လောက်ပေါ့နော်။ အဲဒီပွဲမှာ ထောပတ်သီးလည်း သွားပြတာပေါ့နော်။ အဲဒီမှာ လာကြည့်တဲ့သူတွေထဲက အိန္ဒိယလူတွေက ဝယ်ဖို့ ချိတ်ဆက်ပြီးတော့ ရှမ်းတောင်အထိ လာကြည့်ပြီး တော့ စာချုပ် ချုပ်သွားတာပေါ့နော်။ ချုပ်သွားတာတော့ ကနဦးက တန် ၁၀၀ ပဲ။ သတင်းတွေမှာ ရေးနေတဲ့ တန် ၁၀၀၀ ဆိုတာက မှားနေတာ။ ကနဦး ချုပ်တဲ့ဟာက တန် ၁၀၀ ပဲ ချုပ်သွားတာပေါ့နော်။ တန် ၁၀၀ ကို ဒီရာသီမှာ ဝယ်မယ်။ ကြိုက်လို့ရှိရင် သူတို့ ထပ်ပြီးတော့ ဝယ်မယ်ပေါ့နော်။ လောလောဆယ် ကနဦးကတော့ တန် ၁၀၀ ကို စာချုပ် ချုပ်သွားတာပေါ့နော်” ဟု ပြောသည်။
ယခင်က အိန္ဒိယနိုင်ငံသို့ တမူးနယ်စပ် ကုန်သွယ်ရေးမှတဆင့် မြန်မာ့ထောပတ်သီးကို တင်ပို့ခဲ့ရာ လာမည့် ထောပတ်သီး ရာသီတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှတဆင့် တင်ပို့တော့မည်ဟု သိရသည်။
ပြပွဲတွင် မြန်မာ့ထောပတ်သီးကို တွေ့ရစဉ်
လက်ရှိတွင် အိန္ဒိယနိုင်ငံက ဝယ်ယူရန် စာချုပ်ချုပ်ဆိုထားသည့် တန်ချိန် ၁၀၀ သည် ပမာဏ နည်းပါးသော်လည်း ထောပတ်သီး စိုက်ပျိုးသော တောင်သူများအတွက် အကျိုးရှိသည်ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်တလုံး မြို့နယ် ထောပတ်အသင်းဥက္ကဋ္ဌ ခွန်အာကာက CNI သတင်းဌာနသို့ ပြောသည်။
ခွန်အာကာက “အကျိုးသက်ရောက်မှုတော့ ရှိပါတယ်။ ဝယ်သူများရင်တော့ တောင်သူအတွက်တော့ အဆင်ပြေ တာပေါ့။ ဝယ်သူရှိရင်တော့ ကောင်းတာပေါ့။ ဥပမာ ဘာပဲစိုက်စိုက် ဝယ်သူရှိရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် သူတို့လည်း နိုင်ငံခြားပို့မှသာလျှင် ထောပတ်သီးက အဆင်ပြေမှာ။ မြန်မာနိုင်ငံနဲ့တော့ အဆင်မပြေဘူး။ ဘာဖြစ် လို့လဲဆိုတော့ စားလို့မှ မကုန်တာ” ဟု ပြောသည်။
မြန်မာ့ထောပတ်သီးကို တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အိန္ဒိယ၊ ဒူဘိုင်း၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။
သို့သော် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် တရားမဝင် လမ်းကြောင်းမှတဆင့် တင်ပို့နေရခြင်းကြောင့် ဈေးနှုန်းရရှိမှု နည်းပါးနေသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သူက CNI သတင်းဌာနသို့ ပြောသည်။
ထောပတ်သီးများကိုတွေ့ရစဉ်
၎င်းက “ထောပတ်သီးကတော့ အခုကတော့ လမ်းကြောင်းပေါ်တော့ ရောက်သွားပြီပေါ့နော်။ ဒါပေမယ့် တစ်ခုရှိ နေတာက တရုတ်နဲ့ ထိုင်းဆိုရင်တော့ တရားဝင် ကုန်သွယ်ခွင့်က မရသေးဘူးပေါ့နော်။ တရုတ်ဆိုရင် သူက GACC ပေါ့။ ထိုင်းဆိုရင် ထိုင်းမှာ အသီးအနှံ တရားဝင် ကုန်သွယ်ခွင့်က လိုတယ်ပေါ့နော်။ အခု အိန္ဒိယတို့၊ စင်္ကာပူတို့က ကျတော့ အဲဒီလို မလိုဘဲနဲ့ တိုက်ရိုက် ပို့လို့ရတဲ့ဟာပေါ့နော်။ အဲဒီလိုမျိုးသာ ရမယ်ဆိုရင် ထောပတ်သီးဈေးကွက် က အခုထက်ပိုပြီးတော့ ကောင်းသွားမယ်။ ထောပတ်သီးကနေရတဲ့ ဝင်ငွေကလည်း အခုထက်ပိုပြီးတော့ များလာ မယ်။ ဈေးနှုန်းအားဖြင့်လည်း ဒီထက်ပိုပြီးတော့မှ ဈေးကောင်းရနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားမယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ထိုင်းရောင်းတာဆိုလို့ရှိရင် ဒီဘက်က ကုန်သွယ်ခွင့် မရသေးတဲ့အခါကျတော့ ခိုးရောင်းရ သလို ဖြစ်တော့ ၁ ကီလို ဘတ် ၃၀ လောက်ပဲ ရတာပေါ့နော်။ တကယ်လို့သာ တရားဝင် ကုန်သွယ်ခွင့် ရမယ်ဆို လို့ရှိရင် ဘတ် ၆၀ တို့၊ ဘတ် ၉၀ တို့ အဲဒီလိုမျိုး ရနိုင်တဲ့ အနေအထားမျိုး ရှိတယ်ပေါ့နော်။ အဲဒီတော့ အဲဒါလေး ရရင် ထောပတ်သီးက ဒီထက်ပိုပြီးတော့မှ ကောင်းသွားမယ့် အနေအထားမျိုး ရှိပါတယ်” ဟု ပြောသည်။
မြန်မာ့ထောပတ်သီး စိုက်ပျိုးသည့် ဧကသည့် တစ်နှစ်ထက်တစ်နှစ် တိုးလာနေ၍ ထောပတ်သီး ထွက်ရှိသည့် တန်ချိန်သည်လည်း နှစ်စဉ် တိုးတက်လျက်ရှိနေကြောင်း၊ ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တို့တွင် အများဆုံး စိုက်ပျိုးကြပြီး ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
သို့သော်လည်း ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ထောပတ်သီး ခူးယူရန် မလွယ်ကူကြောင်း တောင်သူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 779
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂
မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ ပိုမို လာရောက်လည်ပတ်နိုင်ရန် ဆွဲဆောင်သည့်အနေဖြင့် ခရီးစဉ်အသစ်များ စီစဉ်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ မျိုးအောင်က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ ခရီးစဉ်အသစ်သည် ပြည်တွင်းတွင် ရှိထားပြီးသော ခရီးစဉ်များထဲမှ ရုရှားခရီးသွားများ အကြိုက်ဖြစ်စေရန် သီးသန့်အနေဖြင့် ထပ်တိုးဖန်တီးထားသည့် ခရီးစဉ်များဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က “Package လုပ်ထားတဲ့ ခရီးစဉ်တွေကို ရုရှားဧည့်သည်တွေ လည်ပတ်ဖို့ဆိုပြီးလုပ်ထားတာ ရှိပါတယ်။ ခရီးစဉ်ဒေသကတော့ ရှိပြီးသား ခရီးစဉ်ဒေသတွေမှာမှ ရုရှား ဧည့်သည် တွေ ကြိုက်တတ်တဲ့ အဓိကကတော့ ကမ်းခြေဒေသတွေပေါ့။ ဒီဒေသတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ထားတာမျိုး တွေပဲရှိပါတယ်။ ရှိပြီးသားခရီးစဉ်ဒေသတွေမှာ ဥပမာအားဖြင့် ရန်ကုန်-မန္တလေး-ပုဂံ-အင်းလေး-ငပလီ ဒီလိုမျိုး ပေါ့။ ဒီခရီးစဉ်တွေကို Package အနေနဲ့ တွဲလိုက်တာပေါ့။ ပြီးရင် နေပြည်တော်-ပုဂံ-မန္တလေး-အင်းလေး-ငပလီ (သို့မဟုတ်) ငွေဆောင်၊ ချောင်းသာ ဒီလိုမျိုး ရုရှား Tourist တွေ ကြိုက်တတ်တဲ့ Beach တွေနဲ့ တွဲပြီးတော့ ရှိပြီးသား ခရီးစဉ်ဒေသတွေနဲ့ တွဲပြီးတော့ အဲဒီလိုလုပ်တဲ့ဟာကို Package အသစ် လုပ်တယ်လို့ ပြောတာပါ။ ရုရှား Tourist တွေကလေ သူက Beach ခရီးစဉ်တွေကို ကြိုက်တယ်။ အဲဒီတော့ သူတို့နိုင်ငံမှာ အမြဲအေးနေတော့ Beach တွေ ဘာတွေ သွားဖို့က နည်းနည်းခက်တယ်လို့ ပြောကြတာပေါ့။ အဲဒီတော့ မြန်မာပြည်ကြတော့ ရာသီဥတုကလည်းပူတယ်။ နောက် Beach မှာဆိုရင် သူတို့ အရမ်း ကြိုက်ကြတယ်ပေါ့” ဟု ပြောသည်။
ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရေးတွင် လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမှုရှိပါက ပိုမိုအဆင်ပြေမည်ဖြစ်ပြီး လက်ရှိတွင်လည်း လေကြောင်းလိုင်းတိုက်ရိုက်ပြေးဆွဲရန် သက်ဆိုင်သည့်ဌာနများမှ စီစဉ်ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။
ငပလီကမ်းခြေတွင် တွေ့ရသည့် နိုင်ငံခြားသားခရီးသွားများ
အဆိုပါ လေကြောင်းလိုင်းတိုက်ရိုက်ပြေးဆွဲခြင်းအား ယခုနှစ် ပွင့်လင်းရာသီကာလတွင် စတင်အကောင်အထည် ဖော်နိုင်မည်ဆိုပါက မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဝင်ရောက်မှုများလာနိုင်မည်ဟုလည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ မျှော်မှန်းထားသည်။
ယခုကဲ့သို့ ရုရှားခရီးသွားများအတွက် သီးသန့်ခရီးစဉ်အသစ်များစီစဉ်ရေးဆွဲသကဲ့သို့ အခြားနိုင်ငံခြားသား ခရီးသွားများအတွက်ပါ ခရီးစဉ်အသစ်များလုပ်ဆောင်သင့်ကြောင်းနှင့် ခရီးသွားဝင်ရောက်မှုများပါက ခရီးသွား လုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအတွက် ပို၍ကောင်းမွန်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် နိုင်ငံခြားသားခရီးသွားများအတွက် ဟိုတယ်နှင့် ခရီးစဉ်အပေါ်မူတည်ကာ ကုန်ကျစရိတ်နှုန်းထား များအား သတ်မှတ်ထားမည်ဆိုပါက တပြေးညီဖြစ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က “demand နဲ့ supply ပေါ့နော်။ ထားပါတော့ ညောင်ရွှေတို့ အင်းလေးတို့ နိုင်ငံခြားသားတွေ ရာသီလာတဲ့အချိန်(ခရီးသွားရာသီ)ကြရင် အခန်း မရှိတဲ့အပေါ်မူတည်ပြီး ဈေးနှုန်းလေးတွေ မြင့်တာတို့၊ အခန်းနည်းတဲ့အချိန်မှာ အခုဆိုရင် ညောင်ရွှေမှာ ဧည့်သည် မရှိသလောက်ဖြစ်နေတဲ့အချိန်မှာ တချို့ဟိုတယ်တွေ ပိတ်ထားတာရှိတယ်။ အဲဒီလိုအချိန်မှာ နိုင်ငံခြားသား တစ်ယောက်ဝင်လာရင် ရတဲ့ဈေးနဲ့ ငှားကြတာတွေရှိတယ်။ ဧည့်သည်များတဲ့အခါ ဈေးနှုန်းတင်ပြီးရောင်းတာတို့။ ဒါကတော့ ဒေသတစ်ခုနဲ့တစ်ခု မတူဘူးပေါ့။ ဟိုတယ်ခရီးဝန်ကြီးဌာနကနေ တစ်ခုသတ်မှတ်လိုက်ပေါ့နော်။ နိုင်ငံခြားသားဆို ဘယ်ဟိုတယ်ဆိုရင် ဘယ်လောက်ယူပေါ့ ဒီလိုသတ်မှတ်တာတော့ လောလောဆယ် မရှိဘူး ဖြစ်တဲ့အတွက် မိမိရဲ့ ဝန်ဆောင်မှုအပေါ်မူတည်ပြီးမှပဲ ဈေးနှုန်းလေးတွေ ယူကြတာတွေ့ရတယ်။ star rating လေးတွေသတ်မှတ်မယ်။ star ပေါ်မူတည်ပြီးမှ နိုင်ငံခြားသားတွေကို အခန်းဈေးနှုန်းသတ်မှတ်မယ်ဆိုပြီး အကြမ်း ဆွေးနွေးတာတွေ ကျနော်တို့ ရှိခဲ့ဖူးပါတယ်။ ကိုဗစ်ကာလနဲ့ နောက်ပိုင်းကြ ဆက်မလုပ်ဖြစ်သွားတာတွေ ရှိပါတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားများ
ခရီးစဉ်များစီစဉ်ရာတွင် နိုင်ငံခြားသားခရီးသွားများ၏ လုံခြုံရေးအား အဓိကထား၍ စီစဉ်ရေးဆွဲသင့်ကြောင်း လည်း အကြံပြုကြသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် သုည ဒဿမ နှစ်သုံးသုံး(၀.၂၃၃) သန်း ဝင်ရောက်ခဲ့ပြီး ထိုထဲတွင် ရုရှားခရီးသွားဧည့်သည်များလည်း ပါဝင်ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
ဆက်လက်ပြီး ၂၀၂၃ ခုနှစ်တွင် မေလအထိ ခရီးသွား ၄ သိန်းကျော် ဝင်ရောက်ထားပြီး တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အမေရိကန်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်ဝမ်တို့မှ အများအပြားဝင်ရောက်သည်ကို တွေ့ရှိရကြောင်းလည်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 857
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသော်လည်း ရခိုင်လူထုနှင့် ရခိုင်ပြည်နယ် အပေါ် အကျိုးပြုမှု မရှိဘဲဖြစ်နေကြောင်း ရခိုင်နိုင်ငံရေးသမားများနှင့် ရခိုင်လူထုက ပြောသည်။
တရုတ်နိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများသည် တိုင်းဒေသကြီးတွင်သာမက ပြည်နယ်များမှာပါ လွှမ်းမိုး လာခဲ့ကြောင်း၊ သို့သော်လည်း ပြည်သူလူထုမှာ အကျိုးကျေးဇူး မခံစားရဘဲ ဖြစ်နေကြောင်း ရခိုင်နိုင်ငံသမား တစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးထွန်းအောင်ကျော်က “ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံလာတဲ့ စီးပွားရေး လုပ်ငန်း အဓိကတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ဒါပေမယ့် အားလုံးသိတဲ့ အတိုင်းပါပဲ ဒီနှစ် ကျနော်တို့မှာ ဒေသခံ ပြည်သူ လူထုတွေရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ မျှော်လင့်ချက်နဲ့ မျှော်လင့်ချက်တွေက အပြည့်အဝ မရရှိနိုင်ခဲ့ဘူး။ အထူး သဖြင့် အလုပ်အကိုင်ရှားပါးတဲ့ ရခိုင်ပြည်သူတွေ အနေနဲ့ မိမိတို့ မိတ်ကောင်းဆွေကောင်း နိုင်ငံခြားက ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီတွေကနေ မိမိတို့ရဲ့ ဘဝ အခက်အခဲတွေကို ပြေလည်နိုင်အောင် အလုပ်အကိုင်တွေ ဖန်တီးပေး နိုင်လိမ့်မယ်လို့ အားကိုးယုံကြည်ခဲ့ကြပေမယ့် ဒီနေ့အထိ ဘာမှ ထိထိရောက်ရောက် လုပ်နိုင်ကိုင်နိုင်တာတွေ မရှိ ဘူး”ဟု ပြောသည်။
ထို့အပြင် ရခိုင်ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုပင် တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများက ထည့်သွင်း စဥ်းစားခြင်း မရှိကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အလှကိုတွေ့ရစဉ်
ဦးထွန်းအောင်ကျော်က “နောက်တစ်ခု ဝမ်းနည်းစရာ ကောင်းတာက အဓိက အောက်ခြေအလုပ်ဖြစ်တဲ့ လုံခြုံရေး တို့၊ ဂိတ်စောင့်တို့၊ ဒရိုင်ဘာတို့၊ ထမင်းချက်တို့ကအစ ဒီကုမ္ပဏီက သူတို့လူတွေ ခေါ်လာပြီး ခန့်အပ်ထားတယ် ဆိုတော့ ရခိုင်ပြည်မယ်မှာ ဘာမှအကျိုးခံစားခွင့် မရှိတာကတော့ အထင်အရှားပါပဲ”ဟု CNI သတင်းဌာနသို့ ပြော သည်။
ရခိုင်ပြည်နယ်တွင် တရုတ်စီမံကိန်းများ ရှိသော်လည်း ရခိုင်ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်မင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလက်ရှိထိ တရုတ် ရင်းနှီးမြှုပ်နှံမှု အများစုက ရခိုင်ပြည်သူတွေအတွက် ဖြစ်ထွန်းစေတဲ့အရာ တစ်ခုမှ မတွေ့ရသေးဘူး။ အများအားဖြင့် ဘာတွေ့ရလဲဆိုတော့ တရုတ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုက တရုတ်ပြည်သူ့အစိုးရနဲ့ တိုက်ရိုက် ပတ်သက်ပြီးတော့ ဆက်နွယ်ပြီးတော့မှ လုပ်တယ်။ ပြီးတော့ ပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဘာတွေ ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုကို မကြိုက်ဘူးလားဆိုတော့ ကြိုက်တယ်။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်ပြီးတော့မှ ဒေသခံတွေအပေါ်မှာ အမြတ်ထုတ်တဲ့ ပုံစံမျိုးတော့ သိပ်သဘောမကျဘူး။ လက်မခံဘူး”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်း၊ အထူးစီးပွားရေးဇုန် တို့ကို တည်ဆောက်လျက်ရှိနေသည်။
ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်မင်းခိုင်က “ဒေသခံတွေ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေး ဝမ်း ကျောင်း ပြုလုပ်တဲ့ သူတွေကို တားဆီးတာ ထိခိုက်တာတွေ ရှိတယ်။ သူတို့ကို အဲလို တားဆီးတာ မဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ် ငါးဖမ်းခွင့်ပေးရမယ်။ ပြီးတော့ သိမ်းလိုက်တဲ့ မြေတွေရှိတယ်။ အဲမြေတွေအစာ အစားထိုး နေရာပေးရမယ်။ အဓိကတော့ နိုင်ငံတစ်နိုင်ငံ ပြေလည်ဖို့ကတော့ ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်။ ဒါပေမယ့် ရင်းနှီး မြှုပ်နှံမှုတွေရဲ့ နောက်ကွယ်မှာ ဒေသခံပြည်သူတွေက မြေစာပင် မဖြစ်ဖို့လိုတယ်”ဟု CNI သတင်းဌာနသို့ ပြော သည်။
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကိုတွေ့ရစဉ်
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ပြည်သူလူထုအကျိုး ထိထိရောက်ရောက် လုပ်ဆောင်ပေးခြင်း မရှိသော ကြောင့် တရုတ်အပေါ် ယုံကြည်မှုမရှိကြောင်း စစ်တွေမြို့နယ်မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်သာစိန်က ပြောသည်။
ဦးမောင်သာစိန်က “ ခုဆို ရခိုင်ပြည်မှာလည်း ကိုယ့်နိုင်ငံ ကိုယ်ထူထောင်ဖို့အတွက် လုပ်နေတဲ့အခါမှာ ကျန်ရှိ နေတဲ့ သယံဇာတတွေကို တရုတ်လက်ထဲ မရောက်ရအောင် အခုကနေ စည်းစည်းလုံးလုံး ကာကွယ်ရမယ့် အနေအထား ရှိတယ်။ တရုတ်ကို သိပ်မယုံကြည်ချင်ဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အမ်း၊ သံတွဲနှင့် ဂွမြို့နယ် စသည့် မြို့နယ်များမှာ တရုတ်အစိုးရက လေအားလျှပ်စစ် စီမံကိန်းကို ဆောက်လုပ်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က တရုတ်ကုမ္ပဏီနှင့် လျှပ်စစ်ဝန်ကြီး ဌာနတို့ စာချုပ်ချုပ်ဆိုထားသည်။
ရခိုင်ပြည်နယ်တွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများ အပြင် အိန္ဒိယ၏ ကုလားတန်မြစ်စီမံကိန်းများလည်း ရှိနေသည်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် ပြည်နယ်တစ်ခုဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 759
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁
မြန်မာနိုင်ငံကူးလက်မှတ် အွန်လိုင်းဘိုကင်စနစ်သည် ပြည်သူအများစု အလွယ်တကူ မလုပ်ဆောင်နိုင်သဖြင့် ပွဲစားများ၏ အခန်းကဏ္ဍမှာ ပိုမိုပါဝင်လာကြောင်းနှင့် ပြည်သူများ အလွယ်တကူ လုပ်ဆောင်နိုင်သည့် စနစ်အား ပြုပြင်ပြောင်းလဲသင့်ကြောင်း ထောက်ပြပြောဆိုကြသည်။
နိုင်ငံကူးလက်မှတ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်၍ Online Booking စနစ်ဖြင့် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေ ပေးဆောင်၍ လျှောက်ထား ခြင်းများ မပြုရန် အသိပေးနှိုးဆော်ပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့သော် မြန်မာနိုင်ငံတွင် နည်းပညာကို ကျွမ်းကျင်စွာ မသုံးတတ်ခြင်း၊ အချို့ဒေသများတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းမရရှိခြင်း စသည့်အခက်အခဲများကြောင့် လက်ရှိတွင် အွန်လိုင်းစနစ်ဖြင့် ကြိုတင်ရက်ချိန်း တင်ခြင်းမှအစ စာအုပ်အမြန်ဆုံးရရှိရန်အထိ ပွဲစားများ၊ service သမားများထံတွင် ငွေကုန်ကြေးကျ အများ အပြားခံ၍ ပြုလုပ်နေကြရခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများ၏ မူဝါဒများသည် မှားယွင်းနေကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ဘာကြောင့် မှားယွင်းတာလဲဆိုတော့ အွန်လိုင်းကနေ ဘိုကင်ယူတာတို့ QR စနစ်နဲ့ လျှောက်တယ်ဆိုကတည်း ကိုက ဘောင်မဝင်တော့ဘူး။ ဒါပွဲစားတွေကို ပိုမိုအားပေးရာရောက်တယ်။ ဘာလို့ဆို တောသူတောင်သားတွေ အွန်လိုင်းကနေ မလျှောက်တတ်တဲ့သူတွေက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒီနေရာမှာ လျှပ်စစ်မီးကြောင့် မီးမလာရင် လျှောက်လို့မရဘဲ မီးလာမှ လျှောက်လို့ရတာရယ်၊ နောက်တစ်ခုက အင်တာနက်လိုင်းမကောင်းရင် လျှောက်လို့မရလို့ လိုင်းကောင်းမှ လျှောက်လို့ရတာရယ်။ ဒီ QR စနစ်ကိုလျှောက်တဲ့နေရာမှာ QR code တစ်ခု ရဖို့အတွက် အချိန်ကိုလနဲ့ပေးပြီးတော့လျှောက်ထားရတာရယ် ဒါမျိုးတွေဟာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စ။ ပတ်စပို့ လျှောက်တဲ့အခါမှာ အွန်လိုင်းကနေ ဘိုကင်ယူရတဲ့စနစ်ဟာ ဒါဟာ လုံးဝ လုံးဝ မဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပွဲစားတွေ အေဂျင်စီတွေ သူတို့တွေကို ပိုမိုအားပေးအားမြှောက်ရာ ရောက်တယ်လို့ ပြောလို တယ်။ ဒီပတ်စပို့လျှောက်တဲ့အခါမှာ သက်ဆိုင်ရာဌာနထဲကလည်း အဂတိမကင်းတဲ့ ဝန်ထမ်းတွေရှိတာကို။ ဒီ နေရာမှာ ပတ်စပို့လျှောက်တော့မယ်ဆိုရင် သူတို့က ပါဝင်လုပ်ပေးတာ၊ မလိုအပ်တဲ့စာရွက်စာတမ်းတွေ တောင်း ခံတာ ဒါမျိုးတွေရှိတယ်။ ရှိတဲ့အခါကျတော့ မြန်မာပြည်သူတွေက အေးဂျင့်ကိုပဲ အပ်တာတို့၊ ပွဲစားကိုပဲအပ်တာတို့ ဒါတွေဖြစ်လာတယ်” ဟု ၎င်းကပြောသည်။
ထို့ကြောင့် ပွဲစားများ၏ အခန်းကဏ္ဍအားလျှော့ချရန် ယခင် လူကိုယ်တိုင်လာရောက်ရသည့်စနစ် အဟောင်းအား ပြန်ပြီး ပြုလုပ်ပါက ပို၍ အဆင်ပြေနိုင်ကာ ယခု အွန်လိုင်းစနစ်၌ ပွဲစားများ၏ အခန်းကဏ္ဍအား တင်းကြပ်စွာ ထိန်းချုပ်သင့်ကြောင်း၊ တစ်ရက်လျှင် လူဦးရေမည်မျှအား ထုတ်ပေးမည်ဆိုသည့် သတ်မှတ်ချက်အား အများ ပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာပေးသင့်ကြောင်းလည်း ထောက်ပြကြသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်အား ပွဲစားများဖြင့် ပြုလုပ်ရာတွင် ပေါက်ဈေးသည် ခုနှစ်သိန်းကျပ်မှ ဆယ်သိန်း ကျပ်ဝန်းကျင်ခန့်အထိ ရှိနေပြီး အွန်လိုင်းစနစ်ဖြင့် ရက်ချိန်း QR code ရယူရာတွင် သုံးသောင်းကျပ်မှ နှစ်သိန်း ကျပ်ဝန်းကျင်အထိ ပေါက်ဈေးများရှိနေကြောင်း နိုင်ငံကူးလက်မှတ်ဆောင်ရွက်ပေးနေသူအချို့ထံက သိရသည်။
မြန်မာနိုင်ငံ၌ ပြည်ပထွက်ခွာမည့်သူဦးရေ များပြားလာသည်နှင့်အမျှ Service သမားများဖြင့် အွန်လိုင်းစနစ် ကြိုတင်ရက်ချိန်းယူကြရာတွင် ငွေလိမ်ခံရမှုများလည်း အများအပြားမြင်တွေ့လာရသည်။
ထိုသို့ လိမ်လည်မှု ပေါများလာသည့်အတွက် အမှန်အကန် ပြုလုပ်ပေးနေသည့်သူများအပေါ် သက်ရောက်မှုရှိ ကြောင်း၊ လက်ရှိတွင် တိုကင်ရက်ချိန်းများ ငွေကြေးပေး၍ အလှည့်ကျော်ခိုင်းသည့်စနစ်များလည်း ပိုမို များပြား လာကြောင်း ပြည်ပထွက်ခွာမည့် အလုပ်သမားများအား နိုင်ငံကူးလက်မှတ် ဆောင်ရွက်ပေးနေသူ တစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။
“ဒီဟာကိုကြတော့ ကာယကံရှင်တွေကနေ ဖြေရှင်းရမယ့်အပိုင်းပေါ့နော်။ တချို့ကြတော့ ID တွေကျလာတာမျိုး၊ တချို့ကျတော့ အမျိုးမျိုးပေါ့ သူဌေးက ခေါ်တာမျိုးတွေဆိုတော့ကြတော့ အရေးပေါ်ပေါ့နော် အားချင်း လုပ်တဲ့ system လေးတွေလည်း ရှိတယ်။ အဲဒီလိုရှိလာပြီဆိုရင် ဥပမာ ၃ သိန်းလောက်ကုန်မယ့်အရာကို ၆ သိန်း လောက် ပေးပြီး လုပ်တာဆိုတော့ အစ်မပဲဖြစ်ဖြစ် ကျနော်ပဲဖြစ်ဖြစ် ၃ သိန်းအကျိုးအမြတ်ရနေတာကို ၆ သိန်း ပေးလာတဲ့ အခါကျတော့ စီးပွားရေးသမားဆိုတော့ ၆ သိန်းသမားကိုပဲ လက်ခံပေးလိုက်တယ် ဒီ system ကိုတော့ ချိုးဖျက် လို့ရမှာမဟုတ်ဘူး။ အဲဒါအားချင်းလေးတွေပေါ့ လူတိုင်းကြီးတော့ မဟုတ်ဘူး။ လူတိုင်းမဟုတ်ဘူးဆိုတာ လူတိုင်း ကလည်း အဲဒီလောက် ပိုက်ဆံမတတ်နိုင်ကြဘူး။ အားနည်းတာတစ်ချက်က ဘာလဲဆိုတော့ customer လုပ်တဲ့ လူက ကြောက်တာတစ်ကြောင်း၊ နောက်တစ်ခုက website ကို မဝင်ရဲတာတို့၊ မလုပ်ရဲတာတို့၊ သူ့ထဲမှာ Kpay မရှိတာတို့ အဲဒီလိုအကြောင်းမျိုးလည်း ၃ ပုံ ၂ ပုံလောက် ရှိကြတယ် လူတွေက။ အဲဒီတော့ သူက ကိုယ်စားလှယ် ကို အပ်ကြတယ်” ဟု ၎င်းက ပြောသည်။
အွန်လိုင်းပေါ်တွင် တွေ့ရှိသည့် ပွဲစားများဖြင့် နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ရန် အပ်မည်ဆိုပါက မှန်ကန်မှု ရှိ၊ မရှိ ဖုန်းဖြင့်လည်းကောင်း၊ video call ဖြင့်လည်းကောင်း စကားပြောဆိုကာ ကုန်ကျမည့်ငွေအား တစ်ခါတည်း မလွှဲပေးသင့်ကြောင်းလည်း အကြံပြုကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 577
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀
ပြည်ပပို့ကုန်လုပ်ငန်းများ ကန့်သတ်ခြင်းနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ခြင်းများဖြင့် အမေရိကန် ဒေါ်လာ လိုအပ်ချက် ကို ထိန်းညှိနေရသော နစကသည် မည်သည့်အတွက်ကြောင့် ဒေါ်လာလိုအပ်ချက် ဖြစ်နေရသနည်းဟု မေးခွန်း ထုတ်မှုများ ရှိနေသည်။
ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများတွင် လက်နက်ခဲယမ်းများ လိုအပ်ချက်ကို ဖြည့်စီးနိုင်ရန်အတွက် ပြည်ပမှ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရေး ဒေါ်လာ လိုအပ်ချက်များ ဖြစ်နေခြင်းကြောင့် နိုင်ငံခြားငွေများ ထိန်းချုပ်လာ ခြင်းဖြစ်သည်ဟု နိုင်ငံရေးသမားတချို့က ပြောသည်။
နစကသည် ပြည်သူများအတွက် မဖြစ်မနေ အသုံးပြုနေရသော ပြည်တွင်းတွင် မထုတ်လုပ်နိုင်သည့် စက်သုံးဆီ၊ ဆေးဝါး၊ ဓာတ်မြေဩဇာ၊ စားသုံးဆီ နှင့် တခြားသော ကုန်စည်များကို ပြည်ပမှ တင်သွင်းနေရခြင်းကြောင့် ဒေါ်လာလိုအပ်ချက်ရှိကာ ကန့်သတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်နိုင်သည်ဟု Via Logistic & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသီဟပိုင်က “လက်နက်က ဒီလောက် သိပ်ဝယ်စရာ မလိုပါဘူး ကျနော်တို့ မြင်တာကလေ။ ဒီမှာလည်း ကိုယ့် ဟာကိုယ် ထုတ်နိုင်တာတွေ ထုတ်နေကြတာပဲလေ။ တချို့ ပြန်တောင်ရောင်းတယ်လို့ ကြားနေရတာပဲလေ။ ဝယ် တယ်ဆိုတာက နည်းပညာတွေကို အသစ်တွေကို ဝယ်ရတာ။ အဲဒီဟာက အဓိက မဟုတ်ဘူးလို့ ကျနော်တော့ မြင် တယ်။ အဓိကက ကျနော်တို့ဆီမှာ မရှိမဖြစ် ဝယ်ရတဲ့ဟာတွေ ရှိတယ်။ တကယ်ကို လိုတယ်ပေါ့နော်။ စက်သုံးဆီ ကဏ္ဍတို့ ဘာတို့ဆို သူတို့က ဒေါ်လာနဲ့ပဲ သွားရတာလေ။ အစိုးရကိုယ်တိုင်ကလည်း ဒီဟာကို လုပ်ပြီးတော့ ဝယ် နေတယ်။ ဥပမာ စက်သုံးဆီ ဈေးကွက်တို့၊ ဆေးဈေးကွက်တို့၊ ဆေးဆိုလည်း ကျန်းမာရေးဝန်ကြီးဌာနကနေ ဘယ် လောက် ဘယ်လောက်ဆိုပြီး ဝယ်နေရတာပဲလေ နှစ်စဉ် အဲဒီလိုမျိုးတွေ ရှိတယ်။ စစ်တပ်တစ်ခုရယ်လို့ ပြောလို့မ ရဘူး။ ဒါက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဆိုပြီးတော့ သပ်သပ်ရှိသေးတာကိုး။ အဲဒီအနေအထားမှာတော့ မဖြစ်မနေ ဝယ်ရမယ့်ဟာတော့ ရှိတယ်ပေါ့နော်။ စက်သုံးဆီဆို ပြည်သူတွေအတွက်လည်း သုံးတာပဲ။ သူတို့ဆီမှာ ကားရှိ တယ် ကျနော်တို့ဆီမှာလည်း ကားရှိတာပဲ။ ပြီးတော့ ဒီဘက်မှာလည်း ဆေးဝါးဆိုရင် ကျနော်တို့က ဝယ်ထားရ တာပဲ။ ဥပမာ တချို့ဆေးတွေက ထိန်းချုပ်ဆေးဝါးတွေက အစိုးရရဲ့ ထောက်ခံချက်နဲ့ တချို့နိုင်ငံတွေက ရောင်းကြ တာလေ။ ဓာတ်မြေဩဇာကဏ္ဍတို့ ရှိသေးတာပဲလေ ဝယ်ယူတင်သွင်း ဖြန့်ဖြူးရေးလုပ်ဖို့။ စားသုံးဆီကိုပဲကြည့် အဲဒါလည်း နိုင်ငံခြားကနေ ဝယ်ရတာ။ အဲလိုကဏ္ဍတွေမှာတော့ မဖြစ်မနေ ဝယ်ရတဲ့ ပစ္စည်းတွေ ရှိတယ်။ ဝယ်ပြီ ဆိုရင်တော့ အောက်က ကုမ္ပဏီတွေကတဆင့် အသင်းအဖွဲ့တွေ၊ အသင်းအဖွဲ့တွေကတဆင့် အစိုးရ၊ အစိုးရက တဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့် သွားရတဲ့ လုပ်ငန်းတွေ ရှိတယ်” ဟု ပြောသည်။
ဒေါ်လာနဲ့မြန်မာငွေကိုတွေ့ရစဉ်
ပြည်တွင်း ဒေါ်လာ လိုအပ်ချက်ကြောင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းများမှ ဒေါ်လာများကို ထိန်းချုပ်ခြင်းသည် ရေရှည်တွင် ပြည်ပတင်ပို့သည့် ပို့ကုန်လုပ်ငန်းများကို နှောင့်နှေးသွားစေနိုင်ခြင်းကြောင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
အမေရိကန်ဒေါ်လာ လိုအပ်ချက်ကို လျှော့ချနိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးများတွင် တရုတ်ယွမ်နှင့် မြန်မာ ကျပ်ငွေ တိုက်ရိုက်ပေးချေခြင်း၊ ထိုင်းဘတ်နှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေခြင်း၊ အိန္ဒိယရူပီးနှင့် မြန်မာကျပ် ငွေ တိုက်ရိုက်ငွေပေးချေခြင်းစနစ်ကို ကျင့်သုံးမှုများရှိသော်လည်း ဒေါ်လာ လိုအပ်ချက်သည် ရှိနေဆဲဖြစ်သည်။
နစကအနေဖြင့် နိုင်ငံတကာမှ ငွေချေးထားသည့် အကြွေးများကို ပြန်ဆပ်ရာတွင်လည်း ဒေါ်လာဖြင့်သာ ပေးချေရ ကြောင်း၊ စာရင်းအတိအကျ သိရှိမှသာ မည်သည့်အတွက်ကြောင့် ဒေါ်လာ လိုအပ်သည်ကို ပြောဆိုနိုင်မည် ဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးရဲထွန်းက “အစိုးရအနေနဲ့ကျတော့ ဘာအတွက် လိုတာလဲဆိုတာ စာရင်းတွေ အတိအကျ မသိဘူး။ မသိတဲ့ အခါ ကျတော့ မှန်းပြီးတော့ ပြောနေရတဲ့ အခါကျတော့ သူတို့ အရင်က အကြွေးတွေ ဆပ်ဖို့အတွက် ဒေါ်လာနဲ့ပဲ သတ်မှတ်ထားတာဖြစ်တော့ အဲဒါက သူသတ်မှတ်ထားတဲ့ ရက်ရောက်လို့ရှိရင် ဒေါ်လာ လိုပြီပေါ့နော်။ အကြွေး ဆပ်ဖို့အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောတာ။ အဲဒီအတွက် လိုတယ်လို့ ပြောဖို့ဆိုရင် သူတို့ဆီက စာရင်း တွေသိမှ ပြောလို့ရမှာ။ လက်နက်ဆိုရင်လည်း ရုရှားလက်နက် မဟုတ်ဘဲနဲ့ အစ္စရေးတို့၊ အရှေ့အလယ်ပိုင်းကတို့ ဝယ်မယ်ဆိုလို့ရှိရင် ဒေါ်လာနဲ့ ချေရမယ်ပေါ့နော်။ ရုရှားက ဝယ်မယ်ဆိုလို့ရှိရင်တော့ ရူဘယ်နဲ့ ဝယ်လို့ရတာပေါ့။ စာရင်းတွေ အတိအကျသိမှ ဘာကြောင့် လိုတယ်ဆိုတာ ပြောလို့ရမှာ” ဟု ပြောသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အမေရိကန်ဒေါ်လာ ဝင်ရောက်မှုများ ရှိနေသည်။
သို့သော်လည်း လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းနှင့် ထပ်မံဝင်ရောက်နိုင်မှုများ နည်းပါး ခြင်းကြောင့် နစကအနေဖြင့် အမေရိကန်ဒေါ်လာကို မရရသည့် နည်းလမ်းဖြင့် လုပ်ဆောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
သဘာဝဓာတ်ငွေ့ထုတ်လုပ်နေစဉ်
ဦးရဲထွန်းက “အစိုးရက ဒေါ်လာဝင်နေတာကတော့ သဘာဝသယံဇာတကိုရောင်းတဲ့ ကိစ္စတွေကပေါ့ ဥပမာ သဘာဝဓာတ်ငွေ့တို့၊ ရေနံတို့ အဲဒါကနေပြီးတော့ ဒေါ်လာဝင်နေတာ ရှိတယ်။ တရုတ်ကနေပြီးတော့ ရေနံပိုက် လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခတွေ ရတယ်။ အဲဒါတွေက နဂိုကတည်းက ဒေါ်လာနဲ့ပဲ ရတာလေ။ ဆိုတော့ အခုနောက်ပိုင်းမှာ လေ့လာကြည့်တာတော့ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံနဲ့ တက်လာတဲ့ အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါ သူတို့က ဒေါ်လာငွေတွေ ပိုက်လာတဲ့အတွက် မြန်မာငွေနဲ့ လဲပြီးတော့ မြေငှားမယ်၊ အဆောက်အအုံ ဆောက်မယ်၊ ဝန်ထမ်းတွေ ငှားမယ်ဆို မြန်မာငွေ ပြန်ပေးတာပေါ့။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လာရင်တော့ အစိုးရလည်း ဒေါ်လာရမယ်၊ ကိုယ့်ပြည်သူတွေလည်း အလုပ်အကိုင်တွေ ရမယ်။ ဆိုတော့ အဲဒီဟာတွေက ထွက်သွားပြီး နောက်ထပ် လာဖို့ကလည်း သိပ်ပြီးတော့ မမြင်ရတဲ့အခါကျတော့ မရရအောင် ဒေါ်လာကို သူ့ဆီ မရောက်ရောက်အောင် လုပ်ရမယ် ဖြစ်လာတာ” ဟု ပြောသည်။
ဒေါ်လာနှင့် ပြည်ပမှ တင်သွင်းရသည့် စက်သုံးဆီကို ၂၀၂၁ ခုနှစ်က တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တင်သွင်းခဲ့ရ ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ကြောင်း၊ ကျန် ၂၀၂၂-၂၀၂၃ အတွင်း အခြေ အနေကိုတော့ တင်ပြထားခြင်း မရှိသေးကြောင်း သိရသည်။
ထို့နောက် စားသုံးဆီအနေဖြင့် တန်ချိန် ၁၁ သိန်းခန့် စားသုံးသည့်အနက် တန်ချိန် ၉ သိန်းကျော်ကို ပြည်ပမှ တင်သွင်းနေရလျက် ရှိသည်။