- By CNI
- Category: စီးပွားရေး
- Hits: 932
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀
ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများအား လျှော့ချမှုမဖြစ်စေရန်အတွက် ယခု ဇူလိုင်လတွင် အစိုးရသစ်တစ်ရပ် အမြန်ဖွဲ့စည်းရန်လိုအပ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်မှ ဥက္ကဋ္ဌ၏ ပြောကြားမှုအား မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ထောက်ခံခဲ့ကြသည်။
ထိုင်းသည် အဓိကအားဖြင့် ရွှေ့ပြောင်းလုပ်သားများကို အဓိကအားထားကာ စီးပွားရေးလုပ်ကိုင်နေရခြင်း ဖြစ်သော်လည်း လက်ရှိ၌ ထိုင်းလူမျိုးများသာမက နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများသည် လုပ်ခလစာနှင့် အချိန်ပိုကြေး နည်းသည့် လုပ်ငန်းခွင်အား စွန့်ခွာကာ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းများ ရှိနေကြသည်။
ထို့ကြောင့် လစ်လပ်နေရာများတွင် ရွှေ့ပြောင်းလုပ်သားများကို အစားထိုးရန်မှာ မူဝါဒပြဋ္ဌာန်းချက်များ လုပ်ဆောင် ရမည်ဖြစ်သောကြောင့် အစိုးရတစ်ရပ် အမြန်ဖွဲ့စည်းရန်လိုအပ်ခြင်းဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကျန်ခဲ့တဲ့လက သူတို့ထောက်ပြထားတာရှိတယ်။ သူတို့ရဲ့ အခြေခံအလုပ်တွေပေါ့ ထိုင်းလူမျိုးတွေအတွက် ဝန်ဆောင်မှုအပိုင်းလုပ်ငန်းတွေမှာ ဥပမာ ထားပါတော့ ဟိုတယ်ခရီးလုပ်ငန်းစဉ်မှာတောင်မှ ထိုင်းတွေက မလုပ် တော့ဘူး။ သူတို့အနေနဲ့ သူတို့က တခြား ဒီထက်ပိုပြီးတော့ လုပ်အားခကောင်းတဲ့နိုင်ငံတွေကို သွားတာတို့၊ ကိုယ်ပိုင်စီးပွားရေးလုပ်တာတို့၊ freelance လုပ်တဲ့ဟာတို့ အဲဒါမျိုးတွေ ဖြစ်ကုန်တယ်။ အဲဒီအခါကျ အဲဒီလို နေရာတွေမှာ လစ်လပ်လာတာပေါ့။ အဲဒါကြောင့်မို့လို့ အဲဒီနေရာတွေမှာ အစားထိုးဖို့အတွက် ရွှေ့ပြောင်း အလုပ် သမားတွေအနေနဲ့ ဒီဟာမျိုး တချို့လုပ်ငန်းတွေဆို အစားထိုးပြီး လုပ်လို့ရတယ်။ ဒါပေမယ့် ဒီ ဥပဒေတွေအရ ကန့်သတ်ထားတဲ့အခါကျတော့ နောက်ပြီးတော့ အစိုးရအပြောင်းအလဲ မလုပ်နိုင်ဘူး၊ ဝန်ကြီးဖွဲ့ အစည်းအဝေး မလုပ်နိုင်ရင်၊ ပါလီမန် မလုပ်နိုင် မဖွဲ့နိုင်တဲ့အခါတွေမှာ ပြဋ္ဌာန်းချက်တွေပေါ့နော်။ ရွှေ့ပြောင်းလုပ်သားများနဲ့ သက်ဆိုင်တဲ့ မူဝါဒပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို လုပ်ဖို့က ခက်တယ်လေ။ အဲဒီတော့ သူတို့အတွက် ဒီဟာ ကြန့်ကြာစေတာပေါ့။ အဲဒါကို သူတို့က ဒီဟာမျိုး အလုပ်သမားပြတ်လပ်မှုကြောင့် ထုတ်ကုန်စီးဆင်းမှု သို့တည်း မဟုတ် ဝန်ဆောင်မှုအပိုင်းတွေမှာ လျော့မယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်မယ်ဆိုတဲ့ဟာကို ထောက်ပြ တာပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားတစ်ဦး(ဓါတ်ပုံ-Getty Images)
လက်ရှိတွင် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများအနေဖြင့်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းအား အချိန်ပြည့် စောင့်ကြည့်နေရကြဆဲဖြစ်ပြီး လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်း ဝန်ကြီး ချုပ်နေရာအား မဲခွဲဆုံးဖြတ်မည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားကြသည်။
ထိုင်းတွင် ထုတ်ကုန်နှင့် ပို့ကုန်ကဏ္ဍအား မကောင်းပါက လာမည့်နှစ်ကုန်၌ အလုပ်သမားများ နှုတ်ထွက်ခြင်း ဖြစ်ပေါ်လာနိုင်ကာ တရားဝင်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းနိုင်ရန် မျှော်လင့်ပြီး အစိုးရသစ်အနေဖြင့် ပို့ကုန် ကဏ္ဍကို အရေးတကြီး တွန်းအားပေးရန် ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်မှ ဥက္ကဋ္ဌက တောင်းဆိုထားသည်။
ထို့အပြင် လက်ရှိ ထိုင်းနိုင်ငံ၌ လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ အလုပ်သမားရှားပါးမှု အများအပြား ရှိနေပြီး အချို့သော စက်ချုပ်လုပ်ငန်းများတွင် အလုပ်သမားလိုအပ်ချက် အများအပြားရှိနေသည်ဟု Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ဝန်ကြီးချုပ်ရာထူးအဖြစ် နေရာအများစုအနိုင်ရထားသည့် Move Forward ပါတီခေါင်းဆောင် ပီတာ ရေပန်းစားနေပြီး ၎င်းဝန်ကြီးချုပ်ဖြစ်လာပါက ရွှေ့ပြောင်းလုပ်သားများအတွက် အပြောင်းအလဲ ဖြစ်လာမည်ဟု ယုံကြည်ကြောင်းလည်း ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောသည်။

လက်ရှိ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် ပီတာ
“စာရွက်စာတမ်းလုပ်တဲ့ဟာတွေမှာ တစ်ခေါက်လုပ်တဲ့ဟာနဲ့ နောက်တစ်ခေါက်လုပ်တဲ့ဟာတွေ မတူညီတာတွေ ဖြစ်နိုင်တယ်။ ဥပမာ ဒီ process ကိုသွားရင် ဒီ process အတိုင်းပဲ သွားရမှာပေါ့။ ဆိုလိုတဲ့ အဓိပ္ပါယ်က ထိုင်းနိုင်ငံ သားတစ်ယောက်က နိုင်ငံသားကဒ်လျှောက်မယ်၊ လုပ်မယ်ဆိုရင် နံပါတ်တစ် နံပါတ်နှစ် ဘာလုပ်ရမယ်ဆိုတဲ့ process က ရှိနေပြီးသား။ ကျနော်တို့မှာက စာအုပ်တစ်ခေါက်လုပ်လိုက်ရင် တစ်မျိုး လုပ်ရင် နောက်လုပ်ငန်းစဉ် တစ်မျိုးပြောင်းတယ်။ နောက်တစ်မျိုးလုပ်ရင် နောက်လုပ်ငန်းစဉ် တစ်မျိုး ပြောင်းတဲ့အခါကြတော့ လူတွေက အဲဒီလုပ်ငန်းစဉ် လုပ်ဆောင်ချက်တွေကို နားမလည်တာရယ်၊ လိုက်မမီတာရယ် အဲဒါကြောင့်ဖြစ်နိုင်တယ်။ အခုကတော့ လွှတ်တော်တွေဘာတွေလည်း ပေါ်လာပြီဆိုတော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ အကျိုးရှိလာမယ်။ ဘာဖြစ်လို့ဆိုလို့ရှိရင် ဒီအစိုးရသစ်နဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေတဲ့ အစုအဖွဲ့ တွေနဲ့လည်း ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ ပြုပြင်ပြောင်းလဲရမယ့် မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ ချဉ်းကပ်မှုတွေကလည်း ရှိတဲ့အခါကြတော့ အပြောင်းအလဲတွေကတော့ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ နောက်တစ်ခုက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အသံတွေကို နားထောင်မယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်မှ ဥက္ကဋ္ဌက ထိုင်းပြည်တွင်း စီးပွားရေး၏ အကျပ်အတည်းသည် အိမ်ထောင်စု ကြွေးမြီ၏ ၉၀ ဒဿမ ၆ ရာခိုင်နှုန်းတွင် လျှပ်စစ်မီးနှင့် အတိုးအပါအဝင်ဖြစ်ပြီး ထိုင်းလူမျိုးများ၏ နေထိုင်မှုစရိတ်ကြီးမြင့်မှုသည် ဝယ်လိုအား နှေးကွေးစေရန် ဖိအားတစ်ခုလည်းဖြစ်ကာ အစိုးရသစ်တက်လာပါက စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ရန် တောင်းဆိုထားကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 830
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀
မြန်မာနိုင်ငံ၏ ရိုးရာလုပ်ငန်းတစ်ခုဖြစ်သည့် အိုးလုပ်ငန်းကို လက်ဆင့်ကမ်း လုပ်ကိုင်မည့် လူငယ်များ မရှိသ လောက်ဖြစ်လာခြင်းကြောင့် ရိုးရာ အိုးလုပ်ငန်းပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
လက်ရှိတွင် အိုးလုပ်ငန်းများ လည်ပတ်မှုရှိနေသော်လည်း လုပ်ငန်းကို လက်ဆင့်ကမ်း လုပ်ကိုင်ကြမည့် လူငယ် လုပ်သားများ ရှားပါးလားခြင်းနှင့် ကုန်ကြမ်းရှားပါးမှုများကြောင့် အိုးလုပ်ငန်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်မှု ရှိကြောင်း ပဲခူးတိုင်းဒေသကြီးမှ စိုးသစ္စာအိုးလုပ်ငန်းမှ ရောင်းဝယ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ကုန်ကြမ်းက ထင်းတို့ဘာတို့ ရှားတယ်။ ခုလူငယ်တွေကျတော့ ဒီလိုမျိုး အလုပ်ကို သိပ်မလုပ်ချင်ကြဘူး ပေါ့နော်။ အခုလုပ်တယ်ဆိုတာက အရင်လက်ကျန် လူကြီးတွေပေါ့နော်။ သက်ကြီးပိုင်းတွေ ကျတော့လည်း အရမ်း ကြီး မလုပ်နိုင်ဘူး။ လုပ်နိုင်တယ် လူငယ်တွေကျတော့လည်း ဒီလိုမျိုး လုပ်ငန်းကို သိပ်မဝင်စားကြဘူး။ နောက်ပိုင်း ကျရင်တော့ ကိုယ်တိုင်လုပ်တဲ့ လူကြီးတွေက ဆက်မလုပ်နိုင်ဘူး လူငယ်တွေကလည်း ဒီအလုပ်တွေကို ဝါသနာ မပါတော့ ဘူးဆိုရင်တော့ ဒီပစ္စည်းတွေက တဖြည်းဖြည်း ရှားလာမှာပေါ့နော်"ဟု ပြောသည်။
လက်ရှိတွင် မြေအိုးလုပ်ငန်းမှာ အရောင်းအဝယ်များ ကောင်းနေသော်လည်း သယ်ယူဖော်ဆောင်မှု စရိတ်မြင့် တက်နေခြင်းကြောင့် အမြတ်အစွန်းတော့ နည်းပါးကြောင်း စစ်ကိုးတိုင်းဒေသကြီး ဒို့ရိုးရာမြေအိုးနှင့် စဉ့်ထည် အမျိုးမျိုး လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ မစန္ဒာက ပြောသည်။

မြေအိုးလုပ်နေသော အမျိုးသမီးကိုတွေ့ရစဉ်
မစန္ဒာက " ကုန်ကြမ်းရှားတာလည်းမှန်တယ် သယ်ယူစရိတ်လည်း ကြီးတယ်။ သယ်ယူစရိတ်ကြီးတာက လမ်း အခြေအနေကြောင့် မသွားရဲတာ မသွားရဲတာနဲ့ ပိုပြီးတော့ပေါ့နော်။ အရင်တုန်းက ကားခတစ်သိန်းဆိုရင် အခုက နှစ်သိန်းနှစ်ဆပေါ့။ နှစ်ဆတက်တယ် သုံးဆတက်တယ်။ အရောင်းအဝယ်ကျတော့ ကောင်းတယ်။ အရင်တုန်း ကတော့ မြတ်တာ နှစ်ဆလောက် မြတ်တာပေါ့။ ငါးထောင်ဝယ်လို့ရှိရင် တစ်သောင်းနဲ့ ပြန်ရောင်းရင် ငါးထောင်က မြတ်နေပြီ။ အခုကျတော့ ကိုယ်က ဟိုဘက်ကို စျေးတက်ပြီး ပေးဝယ်နေရပြီ။ ဥပမာ ရှစ်ထောင်နဲ့ဝယ်ရရင် ဒီဘက်မှာ စျေးမတက်ရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကုန်က စားကုန် မဟုတ်လို့ ဟိုဘက်ကို မတက်ရဲဘူး။ မတက်ရဲဘူးဆိုတာ မဝယ်မှာစိုးလို့လေ။ မှေးရောင်းနေရတာပေါ့လေ။ အရောင်းအဝယ်က မကောင်းတာ မဟုတ်ဘူး ကောင်းတယ်။ အမြတ်တွေက နည်းသွားတယ်"ဟု CNI သတင်းဌာနသို့ ပြောသည်။
မြေအိုးများကို ကျေးလက် တောရွာများမှာ သာမက မြို့ပေါ်များမှာပါ သုံးစွဲမှုများ ရှိလာခြင်းကြောင့် အိုးများမှာ အရောင်းအဝယ် မကျဆင်းကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ထို့အပြင် စစ်ကိုင်းတိုင်းတွင် ကုန်ကြမ်းမြေ သယ်ယူစရိတ် ကြီးမားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှ အိုးများမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း မစန္ဒာက ပြောသည်။
၎င်းက “အစ်မတို့မှာ မြေကလေ အရင်တုန်းက စစ်ကိုင်း အိုးဘိုရပ်ကွက်ထဲမှာတင် မြေကရှိတယ်။ ခုမြေဝယ် ရတာက ရွှေမင်းဝံစက်မှုဇုန်က ဝယ်ရတယ်။ အဲဒီမှာ ထော်လာဂျီနဲ့ ဒီကိုသယ်တဲ့စရိတ်ရယ်၊ ဖုတ်တဲ့ထင်းရဲ့ စရိတ်ရယ်၊ အလုပ်သမားရယ် ပေါင်းလိုက်ရင် စစ်ကိုင်းအိုးက မကိုက်တော့ဘူး။ မကိုက်တော့စ စ်ကိုင်းအိုးက သိပ်မဖုတ်ကြတော့ဘူး။ မဖုတ်ကြတော့ စစ်ကိုင်းအိုးက တဖြည်းဖြည်း ရှားပါးလာတယ်။ ကွယ်ပျောက်သလိုလို ဖြစ်နေပါပြီ။ စစ်ကိုင်းအိုးက ခုဆို ဖုတ်တောင် မဖုတ်ကြတော့ဘူး။ တော်တော်လေးကို ရှားနေတယ်။ တစ်လနေမှ တစ်ဖိုတောင် မရှိတော့ဘူး”ဟု ပြောသည်။

မြေအိုးများကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ထားဝယ် မြို့နယ်၊ ချင်းပြည်နယ်နှင့် တွံ့တေးမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြန်မာ့ရိုးရာ မြေအိုးလုပ်ငန်းနှင့် စဉ့်အိုးများ ကို လုပ်ကိုင်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံက ထွက်ရှိသည့် မြေအိုးများကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်ဘက်ကို လည်း တင်ပို့မှုရှိကြကြောင်း အိုးရောင်းဝယ်ရေး လုပ်ကိုင်သူများက ပြောသည်။
လက်ရှိတွင် အိုးလုပ်ငန်း လုပ်ကိုင်သူများသည် သယ်ယူမှုစရိတ်များ မြင့်တက်နေမှုနှင့် ကုန်ကြမ်းများဖြစ်သည့် မြေအိုးဖုတ်ရာတွင် အသုံးပြုသည့် ထင်းများ ရှားပါးလာခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။
အလားတူ လူငယ်လုပ်သားများ ရှားပါးလာခြင်း၊ ဒေသအတွင်း မတည်မငြိမ်မှုများ ရှိခဲ့ခြင်းနှင့် ရွံ့စေးများ အလွယ်တကူ မရနိုင်ခြင်းများ ရှိခြင်းကြောင့် အိုးလုပ်ငန်းပျောက်ကွယ်သွားမည်ကို စိုးရိမ်မှုများရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 880
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈
ပြည်ပသို့ တင်ပို့သည့် ပို့ကုန်ရငွေ၏ ၆၅ ရခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေး အမေရိကန် ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှင့် လဲလှယ်ကြရသလို ကျန် ၃၅ ရာခိုင်နှုန်းကိုလည်း ၁ ဒေါ်လာ ၂၉၂၀ ကျပ်ဖြင့် ရောင်းချရမည်ဟု ဗဟိုဘဏ် ကသတ်မှတ်လိုက်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
ထိုသို့ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို အမေရိကန် ၁ ဒေါ်လာကို ၂၉၂၀ ကျပ်ဖြင့် ရောင်းချရမည်ဆိုပါက ပြည်တွင်း ဈေးနှုန်းသည် အတက်အကျမရှိဘဲ ဖြစ်သွားနိုင်သော်လည်း ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် ကုန်သွယ်မှု လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ပြောင်းကုန်သည် ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်မှာတော့ ၃၅ ရာခိုင်နှုန်းကို အပြင်ပေါက်ဈေးနဲ့ ရောင်းလို့ရတယ်။ ပထမတုန်းကတော့ အဲဒီ ၃၅ ရာခိုင်နှုန်းကို ၂၉၁၀ လား ၂၀ လားမသိဘူး အဲဒါနဲ့ပေါ့နော်။ ဒေါ်လာ ၁၀၀ လုံးကို ၆၅ ကတော့ အရင် ၂၁၀၀ ပေါ့။ ၃၅ ကို အဲလို သူတို့ သတ်မှတ်တဲ့ ၂၉၀၀ နဲ့ ၁၀၊ ၂၀ ဝန်းကျင်ပေါ့နော် အဲဒီလိုတော့ ပြောတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းတော့ သိပ်တော့ မသိရသေးပါဘူး။ ဈေးတန်းကြီးက ဒီဈေးတန်းနဲ့ပဲ ရောင်းရမယ်၊ ၆၅ က ဒီလောက်ရတယ်။ ၃၅ က ဒီလောက်ရတယ်ဆိုတော့ ပြည်တွင်းဈေးတန်းကြီးကတော့ အတက်အကျ မရှိဘဲနဲ့ ဖြစ်မှာပေါ့နော် အဲဒီလိုတော့ ဖြစ်လိမ့်မယ်။ ကုန်သွယ်မှု တစ်ခုလုံးကိုတော့ အကျိုးသက်ရောက်မှုကတော့ မရှိဘူး” ဟု ပြောသည်။

ပို့ကုန်-သွင်းကုန်များကိုတွေ့ရစဉ်
ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ၁ ဒေါ်လာလျှင် ၂၉၂၀ ကျပ် သတ်မှတ်ခြင်းအား ဗဟိုဘဏ်မှ တရားဝင် စာ ထုတ်ပြန်ခြင်း မရှိသော်လည်း ပြည်တွင်းဘဏ်များအားလုံးကိုတော့ ညွှန်ကြားထားကြောင်း သိရသည်။
လက်ရှိတွင် ဒေါ်လာ တစ်ခုတည်းကိုသာ ယခုလို သတ်မှတ်ထားပြီး ယွမ်(တရုတ်ငွေ)နှင့် ဘတ်(ထိုင်းငွေ)တို့ကို ဈေးနှုန်း သတ်မှတ်ပေးထားခြင်း မရှိသေးကြောင်း၊ ယွမ်နှင့်ဘတ်ကိုလည်း ထပ်မံတင်းကြပ်မည်ဆိုပါက ၆၅ / ၃၅ မူဝါဒစနစ်ကျင့်သုံးနေသည့် ပို့ကုန်များအပေါ် သက်ရောက်သွားနိုင်ကြောင်း ကုန်သည်များက ပြောသည်။
ယခုကဲ့သို့ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ဈေးနှုန်း ထပ်မံ သတ်မှတ်လိုက်ခြင်းသည် အစိုးရတွင် ဒေါ်လာ လိုအပ် ချက် ရှိနေခြင်းကြောင့် သက်သာသည့် နှုန်းထားဖြင့် ကုန်သည်များဆီမှ ဝယ်ယူခြင်း ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနဲ့နယ်ကုန်သွယ်ရေးကိုတွေ့ရစဉ်
၎င်းက “သူတို့က ဒေါ်လာ လိုချင်လို့ပေါ့နော် ဒီဈေးနဲ့ဝယ်။ ဘာလို့လဲဆိုတော့ အစိုးရကတော့ သူက ဒေါ်လာ လိုချင်တယ်လေ။ ဒေါ်လာလိုချင်တော့ ဈေးသက်သက်သာသာနဲ့ ၃၅ ရာခိုင်နှုန်းကို သူဝယ်ချင်တာပေါ့လေ။ အစိုးရ မှာလည်း ဒေါ်လာလုပ်ငန်းတွေက ပုဂ္ဂလိကတင် မဟုတ်ဘူးလေ။ အစိုးရကလည်း ဒေါ်လာလိုအပ်ချက် ရှိတာပဲ။ ဒါက သူတို့အတွက် ဖန်တီးပေးတာပေါ့။ ဖန်တီးတဲ့သဘောပေါ့။ နိုင်ငံတော် ပို့ကုန်သွင်းကုန် လုပ်ငန်းအတွက်ပေါ့ အဲဒီသဘောတော့ မြင်တယ်” ဟု ပြောသည်။
ပြည်ပသို့ တင်ပို့နေသည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ၆၅ / ၃၅ မူဝါဒ ကျင့်သုံးခဲ့ပြီး ဆန်နှင့်ဆန်ကွဲကိုတော့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြင်ပဒေါ်လာ စျေးကွက်၌ အမေရိကန် ၁ ဒေါ်လာလျှင် ၃၀၅၅ မှ ၃၁၀၀ ကျပ်အထိ ဖြစ်ပေါ်နေပြီး ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေ ရှိနေကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 691
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် မျိုးစပါးများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးများ ဖြန့်ဝေပေးနေပြီ ဖြစ်သော်လည်း ဖြန့်ဝေပေးနိုင်သည့် ပမာဏသည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအစုံရရှိရန် လုံလောက်သည့် အနေအထား မရှိသေးကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
လက်ရှိတွင် စစ်တွေသို့ သင်္ဘောဖြင့် မျိုးစပါး တင်းပေါင်း ၃၀၀၀၀(သုံးသောင်း)ရောက်ရှိနေပြီး ဖြစ်ကြောင်း၊ ထို့နောက် မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏာန်းကျွန်း၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များသို့ ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မျိုးစပါး ဖြန့်ဝေပေးနေတာတော့ ရှိနေတယ်။ ဒေသအစုံ ရဖို့ကတော့ မဖြစ်နိုင်သေးဘူး။ ရခိုင်ဒေသ တော် တော်များများက မိုခါမှာ တော်တော်များများ အထိနာသွားကြတယ်။ အခု သူတို့ပေးတဲ့ အနေအထားကတော့ လုံလောက်တဲ့ အနေအထား ရှိနိုင်မှာ မဟုတ်သေးဘူး။ သူတို့မှာရှိတဲ့ ပေးနိုင်တဲ့ အရေအတွက်ကို အခု ဆုံးရှုံးသွား ကြတယ်ဆိုတဲ့ စာရင်းအပေါ်မှာ အခြေခံပြီးတော့ သူတို့တွက်တာနဲ့ တူပါတယ်။ လုံလောက်တဲ့ အနေအထား မရှိ ဘူးဆိုတာ အဲဒါ။ သူတို့မှာ ပေးနိုင်တာက ဆိုပါစို့ မျိုးစပါးတင်း ၃ သောင်းဆိုရင် ၃ သောင်းကို အခြေခံပြီးတော့ ဆုံးရှုံးသွားတဲ့ မြို့နယ်ပေါ့ မြို့နယ်ရှိမယ်။ မြို့နယ်ထဲက ရွာတွေရှိမယ်။ အဲဒီအခြေအနေပေါ်မှာ တွက်ဆပြီးတော့ သူတို့ပေးတာနဲ့ တူတယ်။ ဝေငှတဲ့သဘောပေါ့နော်” ဟု ပြောသည်။
ရခိုင်မှ လယ်သမားများအတွက် မျိုးစပါးတင်း ၇၀၀၀၀ ကျော်ကို ထောက်ပံ့ပေးမည်ဟု ပြောထားသော်လည်း မျိုးစပါးများမှာ မြို့နယ်ဒေသအများစုတွင် ရောက်ရှိလာခြင်း မရှိသေးကြောင်း တောင်သူများက ပြောသည်။

စပါးများကိုတွေ့ရစဉ်
ထို့နောက် ရခိုင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၂ သိန်းကျော် ပျက်စီးသွားပြီး လယ်တစ်ဧကလျှင် မျိုးစပါး ၁ တင်းခွဲ အသုံးပြုရခြင်းကြောင့် မျိုးစပါးလိုအပ်ချက်သည် တင်းပေါင်း ၃ သိန်းခန့် လိုအပ်မည်ဟု ဦးကျော်ဇံက ပြောသည်။
၎င်းက “ကျနော်တို့ ရခိုင်ဒေသကို ကျနော်တို့ကြည့်ရင် စိုက်ဧကနဲ့ ကျနော်တို့ အခု မုန်တိုင်းမှာ ဆုံးရှုံးသွားနိုင်တဲ့ အနေအထား အဲဒီ ၂ ခုကို ယှဉ်ကြည့်ရင်တော့ အနီးစပ်ဆုံး ခန့်မှန်းခြေ အထူးသဖြင့် ရခိုင်ပြည် မြောက်ပိုင်းဒေသ မှာ ပါသွားတဲ့ မြို့နယ်တွေရယ်၊ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ တနည်းအားဖြင့် ပြောရမယ်ဆိုရင် မျိုးစပါး ဆုံးရှုံးသွားတဲ့ ရွာတွေရယ် အဲဒါကို တွက်ကြည့်ရင်တော့ ကျနော်ထင်တယ် ၂ သိန်းဝန်းကျင်လောက် ရှိလိမ့်မယ် စိုက်ဧက။
စိုက်ဧက ၂ သိန်းဝန်းကျင်လောက် မျိုးစပါး လိုအပ်လိမ့်မယ်။ ၁ ဧကကို ကျနော်တို့ ပျိုးစိုက်မယ်ဆိုရင် ၁ တင်း။ ကြဲမယ်ဆိုရင် ပုံမှန်အားဖြင့်တော့ ကြဲကြတယ်ပေါ့နော် မစိုက်ကြဘူး။ အဲဒီလိုဆိုရင် ၁ တင်းခွဲ လိုတယ် ၁ ဧကကိုပေါ့နော်။ တင်း ၃ သိန်းနီးပါး လိုတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနှင့် ရသေ့တောင် စသည့် မြို့နယ် ၈ မြို့နယ်သာ မျိုးစပါးများ ရရှိသေးကြောင်း သိရသည်။
ထို့နောက် ကျွဲ/နွားဖြင့် အဓိက လုပ်ကိုင်နေကြသည့် ရသေ့တောင်မြို့နယ်တွင် မုန်တိုင်းအတွင်း ကျွဲ/နွားများ သေဆုံးခဲ့ခြင်းကြောင့် လက်ရှိတွင် မျိုးစပါး ရရှိသော်လည်း ထွန်ယက်ရန်အတွက် ထွန်စက်များ လိုအပ်နေသည်ဟု မြောက်ဦးမြို့နယ် ဓညဝတီ တောင်သူလယ်သမားအသင်းချုပ် အတွင်းရေးမှူး ဦးမောင်သိန်းလှက ပြောသည်။

စပါးပင်များကို တွေ့ရစဉ်
၎င်းက “အထူးသဖြင့်ကတော့ ရသေ့တောင်က မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံရတဲ့အတွက် ရသေ့တောင်ကို တော့ မြောက်ဦးထက်စာရင် ထောက်ပံ့တဲ့အဖွဲ့တွေ ပိုပြီးတော့ သွားတာရှိတဲ့အတွက် အဲဒါကတော့ လုံလောက်ပြီ လို့ ထင်ပါတယ် မျိုးစပါးပေါ့။ ဒါပေမယ့် တစ်ခုရှိတာက မျိုးစပါး လုံလောက်မှု ရှိပေမယ့် မလုံလောက်နေတာက ထွန်စက်ပါ။ အဲဒီမှာ ကျွဲနွားတွေ သေကုန်တယ်။ အဲဒီနေရာက ကျွဲ/နွားနဲ့ လုပ်တဲ့နေရာမျိုး ဖြစ်တဲ့အတွက် ထွန်ယက်ဖို့ကိစ္စမှာ စက်ကိရိယာ လိုအပ်ချက်ကတော့ ရှိနေတယ်ဆိုတာ သိရပါတယ်” ဟု ပြောသည်။
မုန်တိုင်းပြီးနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပျက်စီးသွားသည့် မျိုးစပါးပမာဏနှင့် စိုက်ပျိုးဧကများကို စာရင်းကောက်ရာတွင် တောင်သူများနှင့် အုပ်ချုပ်ရေးမှူးများက စာရင်းအချက်အလက် တင်ပြရာ၌ ကျန်ရှိခဲ့သည့် လယ်ဧကများရှိနေကြောင်း၊ ထိုသို့ စာရင်းမပါသည့် မြို့နယ်ရှိ တောင်သူများသည် မျိုးစပါးများ မရရှိဘဲ ဖြစ်နေ ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ တောင်သူများအတွက် မျိုးစပါးများကို စိုက်ပျိုးရေးဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် တခြားသော ကုမ္ပဏီများက ထောက်ပံ့မှုများ ရှိကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။
တောင်သူများကို မျိုးစပါးထောက်ပံ့နေမှု အခြေအနေ၊ ဖြန့်ဝေပြီးစီးမှုများနှင့် ပေးဝေသည့် ပမာဏများကို သိရှိရန် အတွက် ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
- By CNI
- Category: စီးပွားရေး
- Hits: 1114
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအပါအဝင် နိုင်ငံခြားသား ဒုက္ခသည်ဦးရေမှာ အင်မတန် များပြားလာ သဖြင့် မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များအား မှတ်ပုံတင်စနစ်တစ်ခု ပြုလုပ်ပေးရန် လိုအပ်ကြောင်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မေလက မလေးရှား ပြည်ထဲရေးဝန်ကြီးသည် ဒုက္ခသည်များနှင့် ပတ်သက်သည့် အချက် အလက်များကို ကောက်ယူစုဆောင်းရန် ကြိုးပမ်းနေကြောင်း ပြောဆိုခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် တစ်စုံတစ်ရာ ကြေညာမှုများ မရှိသေးကြောင်း သိရသည်။
မလေးတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “သူတို့ပြန်စိစစ်ဖို့တော့ များပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဒီမှာ ဒုက္ခသည်တွေက မတရားများနေတယ်။ UNHCR ကဒ် ကိုင်ဆောင်ထားတဲ့ လူတွေ အရမ်းများတယ်ပေါ့။ သူတို့ system တစ်ခုခု လုပ်ဖို့ လိုအပ်တယ်လို့တော့ မြင်တယ်ပေါ့နော်။ ဘယ်တော့လုပ်လာ လိမ့်မလဲ၊ ဘယ်လိုနည်း ဘယ်လိုပုံလဲဆိုတာတော့ အဓိက မသိရသေးပါဘူး။ အရင်တုန်းက ဆိုရင်တော့ သူတို့လုပ် ခဲ့တာတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေက UNHCR ကဒ် ကိုင်ဆောင်ထားတဲ့ သူတွေက မလေးရှား အစိုးရနဲ့ မှတ်ပုံတင်ထားတာ မဟုတ်ပါဘူး။ UNHCR အဖွဲ့အစည်းနဲ့သာလျှင် မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ ဆိုတဲ့အခါကျတော့ ဒီအစိုးရကနေပြီးတော့ သူတို့ဒီမှာ မှတ်ပုံတင်ဖို့ရန်အတွက် ပြန်လုပ်ဖို့တော့ လိုအပ်ပါတယ်။ သူတို့ လုပ်လာလိမ့်မယ်လို့လည်း ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့သာလျှင် ဒီကဒ် ကိုင်ဆောင် ပြီးတော့ အမှုအခင်း တစ်ခုခု ကျူးလွန်တယ်ဆိုရင် သူတို့ရဲ့ နောက်ကြောင်းတွေကို ဘယ်လို လိုက်လံ စုံစမ်းရမလဲ ဆိုတာ အစိုးရဆီမှာ record ဆိုတာမရှိဘူး။ ဟိုးအရင် အစိုးရတွေ လက်ထက်တုန်းကတော့ လုပ်ခဲ့ဖူးတာတွေရှိ တယ်။ UNHCR ကဒ်ကိုင်ဆောင်ထားတဲ့ သူတွေရဲ့ နေရပ်လိမ်စာတို့၊ လုပ်ကိုင်တဲ့ နေရာတို့ record ယူတာမျိုးတွေ သူတို့ လုပ်ခဲ့ဖူးတာရှိတယ်။ ၂၀၁၈ လောက်မှာ လားမသိဘူး ပျောက်သွားတယ်။ အခု ဒီအစိုးရအသစ်မှာတော့ ပြန် လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ လုပ်ဖို့လည်း လိုအပ်တယ်လို့ မြင်မိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရောက် ရွှေ့ပြောင်းများကိုတွေ့ရစဉ်
ယခင်အစိုးရလက်ထက်တွင် တတိယအဖွဲ့အစည်းဖြစ်သည့် (Refugee information Tracking System - TRIS) ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဒုက္ခသည်ပေါင်း ၃၀၀၀၀ ခန့်သာ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း လက်ရှိ မလေးရှားအစိုးရသစ် လက်ထက် ပြည်ထဲရေးဝန်ကြီး၏ ပြောကြားခဲ့မှုအရ သိရသည်။
၎င်းသည် ဒုက္ခသည်ဦးရေ ၁၈၅,၀၀၀ စာရင်းရှိထားသော UNHCR ၏ အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ကွာဟ ချက် များလွန်းသဖြင့် နိုင်ငံတော်လုံခြုံရေးကောင်စီ (MKN)နှင့် ပြည်ထဲရေးဝန်ကြီးဌာန (KDN)တို့မှ စာရင်းကောက် ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဦးစားပေးစဉ်းစား စေချင် ပါက အချက်အလက်ဖြင့် ဦးစွာလုပ်ရမည်ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြီးခဲ့သည့် မေလတွင် ပြောခဲ့ဖူးသည်။
မလေးရှားနိုင်ငံတွင် ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့် မပေးထား သော် လည်း နားလည်မှုဖြင့် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

မလေးရှားရောက် ရွှေ့ပြောင်းများ ဖမ်းဆီးခံရစဉ်
သို့သော် မလေးရှားနိုင်ငံရှိ UNHCR ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေး မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်လုပ်ခွင့် ပေးလိုက်ရင် ကောင်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ မလေးရှားမှာ သူတို့နေတာ ယာယီ လေ။ ယာယီဆိုတာက တတိယနိုင်ငံဆိုတဲ့ တခြားနိုင်ငံမှာ အခြေချနေထိုင်ဖို့ မသွားခင် ဆက်ကြားကာလပေါ့။ တချို့ကလည်း ၁ နှစ်ကြာမယ်၊ ၂ နှစ်ကြာမယ်၊ ၃ နှစ်ကြာမယ်၊ ၅ နှစ်ကြာမယ် စသည်အားဖြင့်ပေါ့။ အဲဒီအခါကျ အဲဒီလို အလုပ်လုပ်ခွင့် ပေးလိုက်ပြီဆိုရင် လုပ်ငန်းရှင်တွေက တရားဝင် အလုပ်ခန့်ခွင့်ရှိတယ်။ နောက်တစ်ခုက သူတို့ ရသင့်ရထိုက်တဲ့ အလုပ်သမားခံစားခွင့်ပေါ့။ ရသင့်ရထိုက်တဲ့ လစာတို့၊ အားလပ်ရက်တို့၊ အခွန်ကင်းလွတ် ခွင့်တို့၊ ဆေးဝါးကုသခွင့်တို့ အဲဒါတွေပေါ့။ နောက်တစ်ခုက သူတို့ရဲ့ သားသမီးတွေကို တရားဝင် ကျောင်းထားနိုင် တာတို့ စသည်အားဖြင့်ပေါ့။ အခွင့်အရေးတွေက သူတို့အတွက် တော်တော်ကြီးကို အထောက်အကူဖြစ်တာပေါ့ အကျိုးရှိတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် မလေးရှားအစိုးရ လက်ထက်တွင်လည်း UNHCR ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား တရားဝင် အလုပ်လုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသေးသည်။
မလေးရှားအစိုးရမှ UNHCR ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများအား အမှန်တကယ် တရားဝင် အလုပ်လုပ်ခွင့် ပေးလိုက်သည်ရှိသော် ဒုက္ခသည်အဖြစ် လာရောက်ကြမည့်သူ များပြားလာနိုင်သည့်အတွက် နယ်စပ်ဒေသများ အား မလေးရှားအာဏာပိုင်များအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 859
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇
မြန်မာနိုင်ငံ၏အဓိက တင်ပို့ကုန်တစ်ခုဖြစ်သည့် ကော်ဖီဈေးနှုန်းမှာ ယခင်နှစ်ကထက် တစ်ဆခန့် မြင့်တက်လာ သောကြောင့် ပြည်တွင်းတွင်ရောင်းလိုအားမရှိတော့ကြောင်း ကော်ဖီရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများက CNI သတင်းဌာသို့ ပြောသည်။
ပြည်ပနိုင်ငံများသို့ ကော်ဖီတင်ပို့မှုများရှိသော်လည်း လက်ရှိပြည်တွင်းဈေးနှုန်းမှာ မြင့်တက်လာသောကြောင့် ရောင်းဝယ်သူများမရှိတော့ကြောင်း ရှမ်းပြည်နယ်၊တာချီလိတ်မြို့မှ ကော်ဖီရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ မအင်နာက ပြောသည်။
မအင်နာက “ခုက မဝယ်တာကြာပြီ။ အရောင်းအဝယ်မကောင်းလို့ပါ။ ရောင်းဝယ်ရေးမကောင်းလို့ ဒီနှစ်ကော်ဖီကို မရလိုက်ဘူး။ အမျိုးမျိုးတော့ ရှိတယ်။ ပြီးတော့ ကော်ဖီလည်း ဈေးကြီးတယ်။ တစ်ဆလောက် တက်သွားလို့ အစ်မက မဝယ်တော့တာ။ ကော်ဖီကဈေး အရမ်းတက်တယ်။ အရင်က တစ်ပိဿာ ငါးထောင်၊ ခြောက်ထောင် အခုက တစ်သောင်းကျော်ပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခုလို အရောင်းအဝယ် မရှိခြင်းသည် ကော်ဖီထွက်သည့် ရာသီမဟုတ်၍ ဖြစ်ကြောင်း၊ ဈေးတက်နေသည့် အတွက် ကော်ဖီစိုက် တောင်သူများအတွက် အကျိုးရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း၏ အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောသည်။

မြန်မာ့ကော်ဖီသီးများကို တွေ့ရစဉ်
၎င်းက “ကော်ဖီကတော့ ဈေးတက်တာကြာပြီပေါ့နော်။ ကော်ဖီရာသီ မကုန်ခင်ကတည်းကပေါ့နော်။ မတ်လ မကုန်ခင်အထိက တက်သွားပြီးတော့ အခုတော့ ဈေးနှုန်းပဲရှိတော့တာပေါ့နော်။ ပစ္စည်းမရှိတော့ဘူးဆိုတော့ အရောင်းအဝယ် export လုပ်တာတွေဆိုလည်း export deal လုပ်ပြီးသားတွေပေါ့နော်။ အခုက နိုင်ငံခြားက ဝယ်လိုအားများတဲ့အတွက် ဈေးတက်တာ။ ဈေးပိုရတဲ့အတွက် တောင်သူတွေအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီ change ထဲမှာရှိတဲ့ ပြည်တွင်းထဲက ကော်ဖီလှော်တဲ့သူတွေအတွက်တော့ မကောင်းဘူးပေါ့နော်။ တောင်သူ အများစု ကောင်းတယ်ဆိုတော့ ကောင်းတယ်ပေါ့နော်။ ဒါပေမယ့် တောင်သူတွေကလည်း ဈေးကောင်း တာ တစ်ခုထဲကို သာယာတာ မဟုတ်ဘဲ ဈေးပိုရတဲ့အတွက် တောင်သူတွေက ကော်ဖီ ခြံထဲမှာ ပြန်ထည့်ဖို့ လိုတာ ပေါ့။ ဈေးကောင်းနေတာမှာ သာယာနေပြီးတော့ ကော်ဖီခြံကျတော့ ပြုလည်း မပြုစုဘူး။ အစာလည်း မကျွေးဘူး ဆိုတော့ အဲတာကြီးက လွှဲနေတာပေါ့”ဟု ပြောသည်။
ကော်ဖီဈေးကောင်း ရနေသော်လည်း အထွက်နှုန်းမှာ ပြည်ပနိုင်ငံများလောက် မကောင်းကြောင်း ဦးမင်းလှိုင်က ပြောသည်။

မြန်မာ့ကော်ဖီ ပြည်ပတင်ပို့ဖို့ထုတ်ထားစဉ်
၎င်းက “ အထွက်နှုန်းက အရမ်းနည်းတယ်။ ပွိုင့် ဝမ်းကနေ ပွိုင့်တူး အဲကြားပဲရှိတယ်။ ပွိုင့်ဝမ်းပွိုင့်တူးကတော့ နဂိုကတည်းက အထွက် မကောင်းတာပေါ့နော်။ တစ်ဧကကို ပွိုင့်တူးတောင် မထွက်ဘူး။ ပွိုင့်ဝမ်းလောက်ပဲ ရှိကြတာဆိုတော့ ဒါအထွက်နည်းတာပေါ့။ သူများနိုင်ငံမှာ တစ်ဧကကို ပွိုင့်ဖိုးအထိ ထွက်တာဆိုတော့ ပွိုင့် ဝမ်းဆိုတော့ အရမ်းနည်းတာပေါ့။ အထွက်က မကောင်းတာကျတာ မဟုတ်ဘူး။ အခုက ဘာပြဿနာရှိ လဲဆိုတော့ ခြံတွေမှာ ပင်စည်ခေါက်ပိုးတွေ ကျရောက်နေတဲ့ဟာတော့ တော်တော်လေး အထွက်ကို ထိခိုက် တယ်”ဟု ပြောသည်။
ကော်ဖီပင်များကို ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး တခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကာ ဧက ၅၀၀၀၀ ကျော်ရှိပြီး နှစ်စဉ်ကော်ဖီတန်ချိန် ၁၀၀၀၀ ကျော် ထွက်ရှိကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံက ထွက်ရှိသည့်ကော်ဖီသည် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများဖြစ်သည့် အမေရိက၊ ဥရောပနှင့် အာရှဒေသများမှ နိုင်ငံပေါင်း ၁၄ နိုင်ငံကို တင်ပို့လျက်ရှိပြီး နောက်ထပ် ပြည်ပနိုင်ငံများကို တင်ပို့ရန် ကြိုးစားနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ ကော်ဖီတစ်ကီလို၏ တန်ဖိုးမှာ ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး US ဒေါ်လာ ၆ ကနေ ၁၂ ဒေါ်လာ အထိရှိနေကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 732
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆
မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားသည် ဖောက်ခွဲဖျက်ဆီး ခံထားရသည့်အတွက် လက်ရှိတွင် တခြမ်းသာ ဖြစ်သန်းသွားလာ၍ ရခြင်းကြောင့် ကုန်တင်ကားများအနေဖြင့် စုံစမ်းပြီးမှသာ သွားသင့်ကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများက ပြောသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲခံရမှုကြောင့် တခြမ်း ပျက်စီးသွားပြီး လက်ရှိတွင် ကျန်ရှိသည့် တခြမ်း ကိုသာ အသုံးပြုနေရသည့်အတွက် ကုန်တင်ယာဉ်များအနေဖြင့် စောင့်ဆိုင်း၍ အလှည့်ကျဖြင့် ဖြတ်သန်းနေရ ကြောင်း၊ တံတားပြင်ဆင်မှုများ ပြုလုပ်မည်ဆိုပါက လမ်းကြောင်းပိတ်ဆို့မှုများ ရှိလာနိုင်ခြင်းကြောင့် ကုန်ကား သမားများအနေဖြင့် စုံစမ်းပြီးမှသာ သွားရန်လိုအပ်သည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သွားတယ်။ သွားနေတာပဲ လက်ရှိက။ သွားလို့ရပါတယ် လောလောဆယ်တော့။ နည်းနည်းတော့ စောင့် ရတာပေါ့။ ဒီဘက်က ၁၀ စီးလွှတ်လိုက်၊ ဟိုဘက်က ၁၀ စီးလွှတ်လိုက် အဲဒီလိုမျိုးပေါ့။ စုံစမ်းပြီးမှ သွားရမှာပေါ့။ ဘာလို့လဲဆိုတော့ တံတားက အခုက တခြမ်းပဲ ရှိတာဆိုတော့လေ။ ဒီတခြမ်းကို ပြင်တာတို့၊ ပိတ်တာတို့ လုပ် တော့ လုပ်လိမ့်မယ် ဟိုဘက်ခြမ်းကို။ ပြင်တာတို့၊ ပိတ်တာတို့ လုပ်တာဆိုရင် အဲဒါတော့ တခါတလေ ၃ ရက် လောက် စောင့်ရင် စောင့်ရမယ်၊ ၂ ရက်လောက် စောင့်ရင် စောင့်ရမယ်” ဟု ပြောသည်။
လက်ရှိတွင် ကျန်ရှိနေသည့် တံတားဘက်ခြမ်းမှသာ ကားများ တစ်စီပြီးတစ်စီး ဖြတ်သန်းသွားလာနေရသည့် အတွက် ကားပိတ်ဆို့မှုများရှိသော်လည်း အချိန်ကြာမြင့်စွာ မဟုတ်ကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

ကျုံအိတ်တံတား မိုင်းခွဲခံရလို့ ဒဏ်ရာရသွားသူတစ်ဦးကိုတွေ့ရစဉ်
ကျုံအိတ်တံတားသည် မွန်ပြည်နယ်တွင် တည်ရှိသော်လည်း ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ကို သွားရောက် ရာတွင်လည်းကောင်း၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အဓိက ဖြတ်သန်းရသည့် တံတားဖြစ်ကြောင်း သိရသည်။
တခြားသော လမ်းကြောင်းများ ရှိသော်လည်း လက်ရှိတွင် အသုံးပြုရန် မလွယ်သည့်အတွက် ကျုံအိတ်တံတား ရှိသည့် လမ်းပိုင်းကိုသာ အဓိကထား အသုံးပြုနေရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တခြမ်းပေါ့နော် တခြမ်းတော့ ကျန်ခဲ့တယ် ကျုံအိတ်တံတားဆိုတာ။ အသွားပေးလိုက်၊ အပြန်ပေးလိုက် ပေါ့နော် အဲဒီအတိုင်းတော့ သွားတယ်။ ဒီလမ်းပေါ်မှာ ဖြတ်နေတဲ့ ကားအရေအတွက်နဲ့တော့ အရမ်းကြီး ပိတ်ဆို့မှု တော့ မဖြစ်ပါဘူး။ နည်းနည်းတော့ စောင့်လိုက်ရတာပေါ့နော်။ ဟိုဘက်တခြမ်း ပြီးသွားရင် ဒီဘက်တခြမ်း လွှတ် ပေးတာပေါ့နော် အဲဒီသဘောမျိုး ဖြစ်သွားတယ်။ ဒီလမ်းတွေကတော့ အရှင်းဆုံး ပြောရရင်တော့ ကရင်ပြည်နယ် ထဲကို ဝင်ဖို့တို့၊ ဒါကတော့ လက်ရှိကတော့ မွန်ပြည်နယ်ထဲမှာပေါ့နော်။ နောက် တနင်္သာရီတိုင်း သွားဖို့ဆိုတာက ကုန်းလမ်းကနေဆိုရင် ဒီလမ်းက တစ်လမ်းပဲ ရှိတယ်ဆိုတဲ့ သဘော ရှိတယ်လေ။ ကရင်ပြည်နယ်ထဲကို တခြား လမ်းကနေ ဝင်တာတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ လုံးဝ အသုံးပြုလို့ မရတော့တဲ့အထိ ဖြစ်သွားတော့ အရင်တုန်းကတော့ သွားလို့ရတယ်၊ ကားလေးတွေ သွားလို့ရတဲ့ လမ်းတွေ ရှိတယ်ပေါ့နော်။ ဥပမာ တောင်ငူကနေ လိပ်သို - သံတောင်လမ်းကနေ သွားရင်တော့ ရတဲ့နေရာတွေ ရှိတယ်။ ဒါပေမယ့် အရမ်းကြီး တွင် တွင်ကျယ်ကျယ် အသုံးပြုမှု နည်းတယ်။ တကယ့် ကုန်စည်စီးဆင်းမှုကျတော့ ဒီလမ်းကြီးအပေါ်မှာပဲ အခြေခံပြီး သွားကြတာ” ဟု ပြောသည်။

ကျုံအိတ်တံတား မိုင်းခွဲခံရလို့ ပျက်စီးနေတာကို တွေ့ရစဉ်
တံတားဖောက်ခွဲခံခဲ့ရမှုကြောင့် တံတားတခြမ်း ပြိုကျပျက်စီးသွားခဲ့ပြီး တံတားပေါ် ဖြတ်သန်းနေသည့် ခရီးသွား ယာဉ်နှစ်စီးသည် တံတားနှင့်အတူ ပါသွားပြီး ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်း ကားလမ်းပိုင်း၊ ရထားလမ်း ပိုင်း မိုင်းဖောက်ခွဲခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များနှင့် လူမှုကယ်ဆယ် ရေးယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခံရမှုများလည်း မကြာခဏ ဖြစ်လေ့ရှိသည်ကို သတင်းဌာနများ၏ ဖော်ပြချက်များတွင် တွေ့ရှိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 712
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆
ထိုင်းရှိ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် လုပ်သားများအတွက် နေထိုင်ခွင့်အား ဇူလိုင်လကုန်အထိ ဖြေလျှော့ခွင့်ပြုလိုက်သဖြင့် မိမိတို့၏ အလုပ်ရှင်သူဋ္ဌေးများအား အမြန်ဆုံး အမည်စာရင်းတင်သွင်းခိုင်းကြရန် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ဇူလိုင်လကုန်အထိ ဖြေလျှော့ခွင့်ရရှိရန် အလုပ်ရှင်မှ အလုပ်သမားအမည်စာရင်းနှင့် အလုပ်သမားဓါတ်ပုံ တို့အား အလုပ်အကိုင်ရှာဖွေရေးရုံးများသို့ တင်သွင်းရမည်ဖြစ်ပြီး ၎င်းတို့၏ အမည်စာရင်းကျလာမှသာ အဆိုပါ ဖြေလျှော့ခွင့်တွင် အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။
အမည်စာရင်းကျလာသည့် တရားမဝင်လုပ်သားများအနေဖြင့်လည်း ၎င်းအမည်စာရင်းစာရွက်အား ကိုင်ဆောင် ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ကျိန်းသေသလောက်ရှိနေတာကတော့ ၈ လပိုင်းလောက်မှာ လူသစ် တွေကို စာရင်းအသစ်သွင်းတဲ့ဟာ ပြန်လုပ်မယ်လို့ အဲဒီလိုကြားနေတာပေါ့။ ဒီထဲမှာ သူက အရိပ်အမြွက်ပဲ ပြော သေးတယ် အစိုးရဘက်ကတော့လေ။ ဒါပေမယ့် ဒီနေရာမှာ သိရမှာက တရားမဝင်တဲ့သူကို မဖမ်းဘူးဆိုပြီးတော့ တရားမဝင်ဘဲနဲ့ ခေါ်ပြီးသွင်းလာလို့ အဲဒီလိုမျိုးတော့မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီဟာက ကြတော့ အခုမှ တရားမဝင်တဲ့အလုပ်သမားကို သယ်လာဖို့အတွက် ပွဲစားတွေက လုပ်မှာပဲ။ အဲဒီလိုလုပ်တဲ့အခါကျရင်တော့ အဲဒါအဖမ်းခံရမှာ။ သူက ဆိုလိုချင်တဲ့သဘောက ရောက်နေပြီးတော့ အကြောင်းကြောင်းကြောင့် အထောက် အထားမလုပ်ဖြစ်တာ၊ လုပ်ဖို့မမီတာ၊ အထောက်အထားပျက်တဲ့လူတွေအတွက်ကိုပဲ မှတ်ပုံတင်အသစ် မလုပ်ခင်မှာ ခဏပေးပြီးတော့ နေတဲ့သဘောပေါ့။ တော်ကြာနားလည်မှုလွဲပြီးတော့ အထောက်အထားမရှိရင် မဖမ်းဘူးဟေ့ဆိုပြီး အကုန်လုံးတရားမဝင်ခိုးဝင်လာမယ်၊ အဲဒီလိုမျိုးကတော့ မရဘူးပေါ့နော်။ မနေ့ကတောင်မှ ဖမ်းနေတာတွေတွေ့တယ်” ဟု ပြောသည်။

အထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ(ဓါတ်ပုံ-ရိုက်တာ)
ဇူလိုင်လကုန်အထိ ဖြေလျှော့ခွင့်ပြုသည့်အထဲတွင် အထောက်အထားရှိသော်လည်း အလုပ်ထွက်စာကြောင့် တရားမဝင်လုပ်သားဖြစ်သွားသူများ၊ အထောက်အထားရှိသော်လည်း Work Permit နှင့် ဗီဇာသက်တမ်းတိုး မမီလိုက်သူများ၊ Overstay ဖြစ်သွားသူများနှင့် ယခု နေထိုင်ခွင့်ပြုသည့် မတိုင်မီကာလတွင် အလုပ်လုပ်ကိုင် လျက်ရှိသည့် တရားမဝင် အထောက်အထားမဲ့လုပ်သားတို့ ပါဝင်ကြောင်းသိရသည်။
ထို့ကြောင့် တရားမဝင်များအား ဇူလိုင်လကုန်အထိ နေထိုင်ခွင့်ပြုထားသည့်အတွက် အမည်စာရင်းကျထား သူများအား ထိုင်းအာဏာပိုင်များအနေဖြင့် ဖမ်းဆီးခြင်းမပြုလုပ်ရန် လိုအပ်ကြောင်း၊ ဖမ်းဆီးလာပါက ၎င်း အချက်အလက်များအား မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပြသ၍ ပြောဆိုသင့်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ယခုကဲ့သို့ ဇူလိုင်လကုန်အထိ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား နေထိုင်ခွင့်ပြုပေးခြင်းသည် ကောင်းမွန် သော်လည်း အချိန်ကာလအားဖြင့် နည်းပါးလွန်းကြောင်းနှင့် ယခုထက်ပိုမို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပို၍ အဆင်ပြေမည်ဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၀ မေလ ၂၅ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားများကို ဘန်ကောက်မြို့တွင် တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)
“အခုလောလောဆယ် အလုပ်သမားရှားပါးရေးကို ဖြေရှင်းတဲ့နည်းလမ်းက အလုပ်သမားလက်မှတ်မရှိတဲ့ သူတွေကို လူဦးရေဘယ်လောက်ရှိလဲ၊ အရေအတွက်ဘယ်လောက်ရှိလဲဟာကို စာရင်းပေးလိုက်ရုံနဲ့ အလုပ်ထဲမှာ အလုပ်လုပ်လို့ရတယ်။ ဒါနည်းလမ်းကတော့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ တတ်နိုင်ရင်တော့ ကုန်ကျစရိတ် တွေကို လျှော့ပေးဖို့လိုတယ်။ တတ်နိုင်ရင်တော့ ပန်းရောင်ကတ်ကို တစ်နှစ်မဟုတ်ဘဲနဲ့ ၂ နှစ်စာထုတ်ပေးနိုင်ရင် ပိုကောင်းတယ်။ အဲဒီလိုဆို ပိုပြီးတော့အဆင်ပြေတယ်။ နောက်ပြီး CI ဆိုတဲ့ process ကို မသွားဘဲနဲ့ ပန်းရောင်ကတ်နဲ့တင်လိုအပ်တယ်။ အခုလက်ရှိ ပန်းရောင်ကတ်လုပ်လိုက်၊ CI သွားလုပ်လိုက်ဆို ဘာမှမထူးဘူး။ အဲဒီတော့ အခုလုပ်ပေးတာကောင်းတယ်။ သို့သော်လည်း ပန်းရောင်ကတ်ထုတ်တဲ့ အနည်းဆုံး ၂ နှစ်ကာလ ထုတ်ပေးလိုက်။ ၂ နှစ်ကာလထုတ်ပြီးကာမှ ဒီအုပ်စုတွေကို CI လုပ်သင့်၊ မလုပ်သင့် အခြေအနေဆက်တိုးသင့်၊ မတိုးသင့်ကို ပြန်စဉ်းစားပေါ့” ဟု ၎င်းက ပြောသည်။
ဇူလိုင်လကုန်အထိ နေထိုင်ခွင့်ဖြေလျှော့ပေးလိုက်သည့်အထဲတွင် အကြောင်းကြောင်းကြောင့် တရားမဝင် ဖြစ်သွားသည့် MOU သမားများနှင့်ပတ်သက်၍ ပြောဆိုထားခြင်းမရှိပေ။
ထို့အပြင် ယခု နေထိုင်ခွင့်ဖြေလျှော့ပေးလိုက်သည့်ကာလ၌ အသစ်ရောက်ရှိလာသည့် တရားမဝင် လုပ်သားများ အနေဖြင့် ၎င်းအစီအစဉ်တွင် အကျုံးမဝင်သောကြောင့် ပွဲစားများ၏ လိမ်လည်မှုများကို နားမယောင်ကြရန်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
- By CNI
- Category: စီးပွားရေး
- Hits: 841
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဇူလိုင် ၁ ရက်နေ့မှစတင်၍ ပို့ကုန်ရငွေ ကြိုတင်ပေးသွင်းစရာ မလိုဘဲ ကုန်ပစ္စည်း တင်ပို့ခွင့် ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီ ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေး မြန်ဆန်လာမည်ဟု ကုန်သည်များက ပြောသည်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ကြိုတင်ငွေ ၁၀၀ ရာခိုင်နှုန်း ပေးသွင်းရသည့်စနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် ကုန်သည်များသည် အခက်အခဲများ ရှိခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် ၂၀ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်းသာ ပေးသွင်းရတော့မည် ဖြစ်သည့်အတွက် ကုန်သွယ်ရေး လုပ်ငန်းများ မြန်ဆန်လာမည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဘက်မှာ ဒီလိုမူဝါဒရှိတော့ ကုန်သည်က ၂ ရင်း ရင်းရတာပေါ့နော်။ နိုင်ငံတော်ကို လိုင်စင်ရရှိရေးအတွက် တစ်ရင်း ၁၀၀ ရာခိုင်နှုန်း ထည့်ရတယ်။ ဒီဘက်မှာ ကုန်ပစ္စည်းကို ကုန်သည်တွေ တောင်သူဆီကနေ ဝယ်ရတဲ့ ၁ ရင်းပေါ့နော်။ ၂ ရင်း ရင်းရတဲ့ ဟာကနေပြီးတော့ အခုကတော့ တကယ်နာမည်ကောင်း ရှိပြီးသားပေါ့၊ အမြဲတမ်း လုပ်နေတဲ့ ကုမ္ပဏီတွေအတွက်ကတော့ ၂၀ ရာခိုင်နှုန်း၊ ကျန်တဲ့ ၃ နှစ်အောက် ကုမ္ပဏီတွေကတော့ ၃၅ ရာခိုင်နှုန်း ဒါကို သွင်းရမယ်။ ပြီးရင် သူတို့ သတ်မှတ်ချက်တွေ ရှိတယ်။ ဘယ်ရက် အတောအတွင်းမှာ တင်ပို့ကုန် နိုင်ငံတော် ကို ပေးသွင်းရမယ့် လုပ်ထုံးလုပ်နည်းတွေကို အပြီးလုပ်ရမယ်။ မလုပ်ရင်တော့ တင်ထားတဲ့ deposit ကိုလည်း သိမ်းမယ်၊ တရားလည်း စွဲမယ် ဒီလိုလေးတွေတော့ ရှိပါတယ်။ လောလောဆယ်တော့ ဒီဟာလုပ်ဖို့အတွက် သွား နေပြီ။ နောက် ၃၊ ၄၊ ၅ ရက်တော့ စောင့်ကြည့်ရမှာပေါ့။ ဒီလုပ်ငန်းစဉ်ကြီး စလုပ်ဖြစ်လား မလုပ်ဖြစ်လားဆိုတာ စောင့်ကြည့်ရမှာပေါ့။ နယ်စပ် ဘတ်(ထိုင်းငွေ)လည်း သုံးခွင့် ပြုထားပါတယ်။ ဒေါ်လာလည်း သုံးလို့ရပါတယ်။ အခု လောလောဆယ်တော့ ဘယ်ဟာနဲ့မှ သွင်းရမယ်လို့တော့ ကန့်သတ်ချက်တော့ မတွေ့မိဘူး။ နည်းနည်းတော့ ပိုပြီး တော့ မြန်သွားမယ်ထင်တယ်” ဟု ပြောသည်။

မြဝတီကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်
ပို့ကုန်ရငွေ ကြိုတင်ငွေသွင်းစရာ မလိုသော်လည်း သက်တမ်း ၃ နှစ် အထက်ရှိသည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို အာမခံကြေးအဖြစ် သွင်းရမှာဖြစ်ကြောင်း၊ သက်တမ်း ၃ နှစ်အောက်ရှိသည့် ကုမ္ပဏီ များသည် ၃၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး မူဝါဒများ မကြခဏ ပြောင်းလဲမှုများ ရှိသည့်အတွက် လက်ရှိ ထုတ်ပြန် လိုက်သည့် မူဝါဒအပေါ် စောင့်ကြည့်ရမည်ဟု မြဝတီကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဇူလိုင် ၁ ရက်ကနေတော့ စပြီး ကျင့်သုံးဖို့ ပြောတယ်။ ဒါပေမယ့် အခုကတော့ လောလောဆယ် run တုန်းပဲ ရှိပါသေးတယ်။ သက်ရောက်မှုကတော့ ပိုက်ဆံ ၂ ရင်း မရင်းရတော့ဘူးပေါ့။ ၁ ရင်းနဲ့ ပြီးတယ်ပေါ့။ deposit တင်ထားတာလေးတော့ ရင်းရမှာပေါ့။ သူတို့ ထုတ်တာတွေက အခြေအနေပေါ် မူတည်ပြီးတော့ အပြောင်းအလဲ အများကြီး ရှိတယ်လေ” ဟု ပြောသည်။

ကုန်ကားများကိုတွေ့ရစဉ်
ကုမ္ပဏီ၏ ငွေစာရင်းသို့ ပို့ကုန်ရငွေ ဝင်ရောက်လာသည့်အခါ အာမခံကြေးကို ပြန်လည် ထုတ်ပေးမည်ဖြစ် ကြောင်း၊ သတ်မှတ်ရက်အတွင်း ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ၏ ငွေစာရင်းသို့ ပို့ကုန်ရငွေ ဝင်ရောက်လာခြင်း မရှိပါ က အာမခံကြေးကို သိမ်းယူမည်သလို ကုမ္ပဏီ၏ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကိုလည်း ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း သိရသည်။
ပို့ကုန်တင်ပို့ရာတွင် ကြိုတင်ငွေ တင်သွင်းရာ၌ ဒေါ်လာ၊ ယွမ်၊ ဘတ်နှင့် ကျပ် စသည့် မည်သည့် ငွေကြေးဖြင့်မဆို ပေးသွင်းနိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြေညာထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 961
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
မြန်မာနိုင်ငံ၏အဓိက စိုက်ပျိုးရေးထွက်ကုန် တစ်ခုဖြစ်သည့် အုန်သီးကို ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်လာခြင်း များ ရှိသော်လည်း တွင်တွင်ကျယ်ကျယ် လုပ်နိုင်ရန် နစကမှ အရင်းအနှီးများ ထုတ်ပေးဖို့ လိုအပ်ကြောင်း အုန်းသီး ကုန်ထုတ်လုပ်ငန်းလုပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
အုန်းသီးမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို လုပ်ငန်းခွင်တွင် လက်တွေ့ အသုံးချပြီး စီးပွားရေး၌ တွင်ကျယ် စေရန် အစိုးရဘက်က စက်ပစ္စည်း ကိရိယာများနှင့် ငွေကြေးများ ထောက်ပံ့ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှ အုန်းထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်ရွှေနန်းဒီက ပြောသည်။
ဒေါ်ရွှေနန်းဒီက “အန်တီတို့ မြန်မာပြည်မှာဆိုရင် ဒါက လုပ်ငန်းရှင် တော်တော်များများက လုပ်နိုင်တဲ့ အရည် အချင်းတွေတော့ ရှိကြတယ်။ ဒါပေမယ့် သူတို့မှာ ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလိုအပ်တဲ့သူတွေ တော်တော်များများ ရှိပါတယ်။ ဒါက အသင်းအနေနဲ့ရော နိုင်ငံတော်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ရော ထောက်ပံ့ပေးဖို့ကတော့ တကယ်ကို လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲတာမှ တချို့ဆိုလည်း စက်ပစ္စည်းတွေ ဟန်းနီးခရက် လုပ်မယ့်သူတွေဆို စက်တွေရင်းရတယ်။ အလုပ်ရုံတွေ နေရာထိုင်ခင်းတွေ ရင်းရတယ်။ အလှကုန် လုပ်မယ်ဆိုလည်း ပါကင်ပြဿနာမျိုးပေါ့။ ပါကင်တွေက တို့မြန်မာနိုင်ငံမှာ ကောင်းကောင်း မထုတ်နိုင်ကြဘူး။ နိုင်ငံခြားက မှာမယ်ဆိုလည်း ဈေးကြီးတယ်။ ပြီးရင်ရင်းရရင်လည်း ဗူးဖိုးမှာရော ပါကင်ဖိုးမှာရော တော်တော်ရင်းရ တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

အုန်းနဲ့ကုန်ချောထုတ်လုပ်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
ထို့အပြင် အုန်းသီးမှရရှိသည့် အုန်းမှုတ်ခွက်ဖြင့် ပြုလုပ်ထားသည့် Hand Made ပစ္စည်းများကို ပြည်တွင်းဈေးကွက် မှာ သာမက ပြည်ပသို့ တင်ပို့နိုင်ရန် အစိုးရမှ အထောက်အကူ ပြုပေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး Theint handmade ဆိုင်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံကထွက်တဲ့ ဟာက အများကြီးပဲလေ။ လက်မှုပစ္စည်းတွေကိုမှ ဒီလိုသူတို့ promote လုပ်ပေး ရင် သူတို့အနေနဲ့ weight ပါသွားတယ်။ အစ်မတစ်ယောက်ထဲ promote လုပ်တာထက်စာရင် သူတို့ပါ promote လုပ်ရင် ပိုအဆင်ပြေတာပေါ့။ လက်မှုလုပ်တဲ့ သူတွေအတွက်ရော ပိုပြီး တိုက်ရိုက် အကျိုးရှိနိုင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ လက်မှုပစ္စည်း အချောကို ပြနိုင်တာဖြစ်တဲ့အတွက် ပိုပြီး အကျိုးရှိလာနိုင်တယ်”ဟု ပြောသည်။
ယခုရာသီသည် အုန်းသီးရောင်းဝယ်ရေး အကောင်းဆုံး ရာသီဖြစ်သည့်အတွက် အုန်းမှုတ်ခွက်ကိုသာ ဝယ်ယူမှု ရှိလာပါက ဒေသတွင်း အကျိုးစီးပွား ဖြစ်ထွန်းနိုင်ကြောင်း ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ဇရပ်ကုန်းခင် ကျေးရွာက မစန်းသီတာက ပြောသည်။

အုန်းသီးများကိုတွေ့ရစဉ်
မစန်းသီတာက “အုန်းခွံကိုအများကြီး ဝယ်ကြရင် စီးပွားဖြစ်ထွန်းမယ်။ အခုရာသီဆို အုန်းသီး လုပ်သားတွေ ရှိနေ တာဆိုတော့ အုန်းခွံတွေ အများကြီးထွက်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
အုန်းသီးကို မုန့်အမျိုးမျိုးတွင် အသုံးပြုပြီး အုန်းသီးမှ ထွက်ရှိသည့် ကုန်ကြမ်းအား ဓာတ်မြေဩဇာ အပါအဝင် လူသုံးကုန်နှင့် အလှကုန် ထုတ်လုပ်သော နေရာ၌ အသုံးပြုကြကြောင်း သိရသည်။
အုန်းခွံနှင့် အုန်းမှုတ်ခွက် တို့ဖြင့် ပြုလုပ်သည့် အနုအပညာ လက်ရာများကို လက်ရာမြောက် ထုတ်ကုန်များဖြင့် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ မေလကနေ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဧရာဝတီတိုင်း ဒေသကြီးတွင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 868
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားကျွမ်းကျင်လုပ်သားများအတွက် ဗီဇာလျှောက်လွှာစနစ်သစ်အား အကောင် အထည်ဖော်နေသော်လည်း အဆိုပါ ဗီဇာစနစ်သစ်သည် မလေးရှားသို့လာမည့် မြန်မာများနှင့် မသက်ဆိုင်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားအရေးကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ယခုလုပ်ဆောင်မည့် စနစ်သစ်သည် ဘဏ္ဍာရေး၊ စွမ်းအင်နှင့် အခြားသောကုမ္ပဏီများ၏ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သား ဝန်ထမ်းများအတွက်ဖြစ်ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။
၎င်းသည် ယခင်က မလေးရှားနိုင်ငံ ဗီဇာလျှောက်ထားရာတွင် စာရွက်စာတမ်း အထောက်အထားများ၊ အေဂျင်စီများ၏ ထောက်ခံမှု အစရှိသည်တို့ကြောင့် အချိန်ကာလအားဖြင့် ၃ လခန့် စောင့်ဆိုင်းရခြင်းအစား ဗီဇာလျှောက်ထား ခြင်းကို ငါးရက်အပြီး လုပ်ဆောင်ပေးမည့်စနစ်သစ် ဖြစ်ကြောင်းလည်း သိရသည်။
မလေးတွင် မြန်မာများအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “၅ ရက်ဆိုတာ possible ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။ ဘာလို့ဆို သူတို့ဒီမှာလည်း ကျွမ်းကျင်အလုပ်သမားတွေ အမျာကြီးရှိတာပဲ။ သူတို့အချိန် တွေ အများကြီးလျှော့ချလိုက်ပါတယ်။ ဝန်ဆောင်မှုတွေပေါ့နော်၊ တစ်ခုခု လျှောက်တင်တာတို့ ဘာတို့ သူတို့ အချိန် အများကြီးလျှော့ချလိုက်တယ်။ ဆိုတော့ ၅ ရက်နဲ့ဆိုရင်တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အွန်လိုင်းနဲ့ သွား ကောင်းလည်း သွားပါလိမ့်မယ်။ ကျနော်သိရသလောက်တော့ ကျွမ်းကျင်အလုပ်သမားကတော့(မြန်မာ) သူ့ လမ်းနဲ့သူပေါ့နော်။ သူ့ရဲ့အဆက်အသွယ်၊ သူ့ချိတ်ဆက်မှုနဲ့ လာကြတာရှိတယ်။ အဲဒါမျိုးတွေတော့ တွေ့ဖူးတာ ပေါ့။
များသောအားဖြင့်ကတော့ calling နဲ့ပဲ လာကြတယ်။ ဒီကျွမ်းကျင်လုပ်သားတွေကြတော့လည်း နီးစပ်ရာ နီးစပ်ရာ သူ့လမ်းကြောင်းနဲ့သူပဲ လာပြီးတော့မှ သူနဲ့ ထိုက်သင့်တဲ့နေရာတို့ဘာတို့မှာ ဝင်လုပ်တာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ပါဘူး။ အခုအချိန်မှာ ကျနော်ပြောရရင်တော့ မြန်မာနိုင်ငံက အလုပ် သမားတွေကို ခေါ်တယ်ဆိုတာ ကျွမ်းကျင်ကျင် မကျွမ်းကျင်ကျင် တကယ်ဘွဲ့ရပြီးတော့ ဒီမှာ calling နဲ့ လာလုပ် နေသူတွေ ရှိတယ်။ မြန်မာနိုင်ငံသားတွေကို အကျယ်တဝင့် ခေါ်တယ်ဆိုတာ လုံးဝကိုမရှိပါဘူး။ ဒီစက်ရုံတွေက သာ တိုက်ရိုက် calling ပေါ့နော်” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံသည် ကျွမ်းကျင်လုပ်သားများအား အခြားနိုင်ငံများမှ ခေါ်ယူခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများအား အထွေထွေလုပ်သားအဖြစ်သာ အများဆုံးခေါ်ယူခြင်းဖြစ်သည်။

မလေးရှားနိုင်ငံရှိ စက်ရုံတစ်ရုံမြင်ကွင်း
သို့သော်အချိတ်အဆက်များဖြင့် တစ်ဦးတစ်ယောက်ချင်း ကျွမ်းကျင်လုပ်သားအဖြစ် လာရောက်လုပ်ကိုင်မည့် မြန်မာများအနေဖြင့် ၎င်းဗီဇာစနစ်သစ်တွင် အကျုံးဝင်နိုင်ကြောင်းလည်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသားများအား တရားဝင် calling ဖြင့် အသစ်ခေါ်ယူမှု လုံးဝမရှိသည့် အပြင် အချို့စက်ရုံ၊ အလုပ်ရုံများတွင် မြန်မာနိုင်ငံသားများအား အလုပ်ရပ်နားမှုများရှိကြောင်းလည်း မလေးရှား တွင် မြန်မာနိုင်ငံသားအရေးကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
မလေးရှားနိုင်ငံမှ မြန်မာများအား ကျွမ်းကျင်လုပ်သားဟူ၍ သီးသန့်ခေါ်ယူခြင်းမရှိသော်လည်း မလေးသို့ နှစ်ရှည် လများ ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာများမှာ ကျွမ်းကျင်လုပ်သားများအဖြစ် သတ်မှတ်ခံထားရ ကြောင်းလည်း သိရသည်။
နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က “မလေးရှားမှာဆို လူဟောင်းတွေဆိုရင် စက်ရုံတွေမှာဆို တကယ့်ဆရာကြီးတွေ အများကြီးပဲကို။ စက်ပိုင်း ဆိုင်ရာလား၊ construction ပိုင်းလားဆိုရင်လည်း ဟိုးတုန်းကလုပ်ခဲ့တဲ့လူတွေ တကယ့်ဆရာကြီးတွေ။ လက်ရှိ လည်း ဖိုဝင်တွေ၊ ကားဝပ်ရှော့ဆိုလည်း ဆရာကြီးတွေ မြန်မာတွေအများဆုံး တော်တော်ရှိပါတယ်။ စားသောက်ဆိုင်ဆိုလည်း စားဖိုမှူးတွေမြန်မာတွေ၊ စက်ရုံပိုင်းဆိုလည်း mechanic ပိုင်းတွေ၊ အင်ဂျင်နီယာ team တွေဆိုလည်း မြန်မာတွေ အများကြီးပဲ။ လူဟောင်းတွေပေါ့နော်။ လက်ရှိ မြန်မာပြည်ကနေ ကျွမ်းကျင်လုပ်သား နည်းစနစ်နဲ့ခေါ်တောတော့ မပြောတတ်ဘူးပေါ့နော် ရှိလား၊ မရှိလား။ ပုံမှန်လုပ်သားလောက်ပဲ ခေါ်တာ အထူး သဖြင့်တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံသည် နည်းပညာမြင့် Xpats Gateway စနစ်သစ်ဖြင့် အချက်အလက်ဒေတာများ ချိတ်ဆက် ပေးသည့် ဗီဇာလျှောက်လွှာစနစ်သစ်တစ်ရပ်အား အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
ထိုစနစ်သစ်သည် ကျွမ်းကျင်လုပ်သားများနှင့် လုပ်ငန်းစဉ်များအား အရှိန်မြှင့်ပေးရုံတင်မက ကုမ္ပဏီများသည် လည်း ၎င်းတို့ ဝန်ထမ်းများအတွက် ဗီဇာလျှောက်ထားရာမှာ ပိုမိုလွယ်ကူစေကြောင်း Nikkei Asia သတင်းတွင် ရေးသားထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1061
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးသည့် တောင်သူများကို နိုင်ငံတော်အစိုးရမှ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ဖြင့် လယ် ၁ ဧကလျှင် ၂ သိန်းနှုန်းဖြင့် ထုတ်ချေးပေးမှုများ ရှိသော်လည်း တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ယင်းကဲ့သို့ ထုတ်ချေးပေးခြင်း မရှိကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများကို ချေးငွေထုတ်ချေးပေးရန်အတွက် စာရင်းကောက်ယူနေမှုများ ရှိနေပြီဖြစ်ကြောင်း၊ ထိုသို့ ထုတ်ချေးပေးခြင်းကြောင့် တောင်သူများအတွက် ဓာတ်မြေဩဇာကဏ္ဍ၌ အဆင်ပြေသွားမည်ဖြစ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
“လေးလေးတို့ ဒီဘက်တော့ စာရင်းကောက်တုန်းပဲ။ တချို့မြို့နယ်တွေတော့ မပြောတတ်သေးဘူး။ တောင်သူတိုင်းတော့ မယူဘူးပေါ့။ တချို့ပြေလည်တဲ့သူတွေကျတော့လည်း မယူဘူးပေါ့။ မပြေလည်တဲ့ တောင်သူတွေကတော့ ယူရတာပေါ့။ စိုက်ဘဏ်က စိုက်ဘဏ်သပ်သပ်။ ဒါက သီးသန့်သပ်သပ်။ ၁ ဧကကို ၂ သိန်းနှုန်း။ သူတို့နာမည်တပ်တာတော့ ကန်ထရိုက်လယ်ယာဆိုပြီးတော့ အဲဒီလို နာမည်တပ်တာပေါ့။ ဒီ ၂ သိန်းက ငွေပေးမှာ မဟုတ်ဘူးလေ။ သွင်းအားစုပဲ ပေးမှာလေ။ မြေဩဇာပဲ ပေးမှာဆိုတော့ မြေဩဇာကဏ္ဍကတော့ လုံလောက်တာပေါ့။ ဒါပေမယ့် ရတဲ့ဧကအတွက် မြေဩဇာကတော့ လုံလောက်ပါတယ်။ သို့သော် ဘာဖြစ်လဲဆိုတော့ ကျန်တဲ့ ထွန်ယက်စရိတ်၊ အလုပ်သမားစရိတ်၊ ပေါင်းသတ်ဆေးစရိတ်၊ နေ့စားခစရိတ်၊ ရိတ်သိမ်းခြွေလှေ့စရိတ် ဒါတွေကတော့ ဘယ်လုံလောက်မလဲ။ သို့သော်လည်းပဲ သွင်းအားစု မြေဩဇာအတွက်တော့ တစ်ဖက်တစ်လမ်းက လုံလောက်သွားတယ်ဆိုလည်း မဆိုးဘူးလေ” ဟု ပြောသည်။

နွားများကို အသုံးပြု၍ ထွန်ယက်စိုက်ပျိုးနေစဉ်
ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူလယ်သမားများအတွက် ပြီးခဲ့သည့် နွေစပါးစိုက်ပျိုးချိန်တွင် ယခုကဲ့သို့ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း၊ ထိုအချိန်တွင်လည်း တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တောင်သူများကို ယင်းကဲ့သို့ ချေးငွေများ ထုတ်ချေးပေးခဲ့ခြင်း မရှိကြောင်း သိရသည်။
တခြားသော တိုင်းနှင့်ပြည်နယ်များရှိ တောင်သူများသည် စိုက်ဘဏ်ဟုခေါ်သည့် မြန်မာ့လယ်ယာစိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးသည့် ချေးငွေများကိုသာ ရရှိကြောင်း၊ ယင်းချေးငွေသည်လည်း ၁ ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် ၁၀ ဧကအထိသာ ထုတ်ချေးပေးကြောင်း သိရသည်။
သို့သော်လည်း တောင်သူအများစုသည် စပါးအထွက်နှုန်း နည်းပါးခြင်းနှင့် တခြားသော အကြောင်းများကြောင့် စိုက်ဘဏ်သို့ အကြွေးပြန်ဆပ်နိုင်ခြင်း မရှိသည့်အတွက် ထပ်မံထုတ်ချေးမရ ဖြစ်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ယခုကဲ့သို့ ချေးငွေများ ထုတ်ချေးပေးသည့်အတိုင်း တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ထုတ်ချေးပေးရန် လိုအပ်ကြောင်း၊ တောင်သူများ အနေဖြင့် လိုချင်ကြကြောင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။
“ဒီမှာတော့ မရှိဘူး။ စိုက်ပျိုးရေးဘဏ်ပဲရှိတယ် ဒီမှာကလေ။ စိုက်ပျိုးရေးဘဏ်ကပဲ ရတယ်။ ပေးတော့ ပေးသင့် တာပေါ့။ ပေးသင့်တယ်ဆိုတာက ဒီအချိန်မှာက ၁ ဧက ၂ သိန်းသာ ရမယ်ဆိုရင် စပါးများများ ထွက်နိုင်တာပေါ့။ အခုကတော့ လယ်တော့ ထွန်ကြတယ်။ စပါးလည်း စိုက်ကြတယ်။ ဒါပေမယ့် သွင်းအားစုက သိပ်မထည့်နိုင် ကြဘူး။ သွင်းအားစု မထည့်နိုင်တော့ စပါးအထွက် လျော့မှာပေါ့။ အဲဒီလိုပေးတော့ တောင်သူအတွက်လည်း ကောင်းတယ်။ နိုင်ငံတော်အတွက်လည်း ကောင်းတာပေါ့။ စပါးများများထွက်မယ်၊ များများရမယ်ပေါ့ အဲဒီလို ပေးလို့ရှိရင်တော့” ဟု ပြောသည်။
ဒါ့အပြင် စပါးအထွက်နှုန်း တိုးတက်ရန်အတွက် စိုက်ပျိုးရေးစရိတ် ချေးငွေများကို ထိထိရောက်ရောက် ထုတ်ချေး ပေးရန် လိုအပ်ကြောင်း၊ ထို့နောက် လယ် ၁ ဧကလျှင် စပါးတင်း ၁၀၀ ထွက်ရှိရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တောင်သူများတွေ့ဆုံ၍ အဖြေရှာ ဆွေးနွေးမှုများ လုပ်ဆောင်သင့်ကြောင်း၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများအနေဖြင့်လည်း လိုအပ်သည့် စက်ကိရိယာများကို ထောက်ပံ့ပေးစေလိုကြောင်း တောင်သူများက လိုလားနေကြသည်။
