
- By CNI
- Category: စီးပွားရေး
- Hits: 1147
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မဲဆောက်မြို့သို့ သွားရောက်မည့်သူများ ကိုဗစ်ကာကွယ် ဆေးထိုးထားသည့် လက်မှတ်မလိုဘဲ မှတ်ပုံတင်တစ်ခုတည်းပါရှိရုံဖြင့် သွားလာဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း မြဝတီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က မဲဆောက်မြို့သို့ Border Pass (ယာယီနယ်စပ်ဖြတ်သန်းခွင့်) လက်မှတ်စာအုပ်ဖြင့် သွားရောက်ရာတွင် မှတ်ပုံတင်အပြင် ကိုဗစ်ကာကွယ်ဆေး သုံးကြိမ်ထိုးထားသည့် လက်မှတ်ပါရှိမှသာ သွားရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ မှတ်ပုံတင်တစ်ခုတည်း ပြသရုံဖြင့် ဖြတ်သန်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း မြဝတီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကိုဗစ်ဆေးထိုးလက်မှတ်တွေ၊ ကျန်းမာရေးကနေ စစ်တာတွေ မရှိတော့ဘူးပေါ့။ နိုင်ငံသားကဒ်ပါတာနဲ့ သွားလို့ ရတယ်။ အထောက်အထားဟိုဟာ မဖြစ်တော့ဘူး။ ဟိုဘက်နိုင်ငံလည်း အဲဒါတွေမစစ်တော့ဘူး။ ဒီဘက်ကလည်း ဖြေလျှော့။ MOU သွားတဲ့ အလုပ်အကိုင်သွားတဲ့လူကြတော့ စစ်တယ်။ ဒါကတော့ အလည်အပတ်သွားတဲ့ အဖွဲ့ တွေမို့လို့။ အလည်အပတ်ကတော့ ရှိတယ်။ စဖွင့်ဖွင့်ကနေ အခုအချိန်ထိပေါ့ ၁၀၀၀ နဲ့ ၅၀၀ ကြားထဲမှာတော့ ရှိတယ်။ လွယ်တော့လွယ်သွားတာပေါ့နော်။ တချို့ကြတော့ ဟိုဘက်ကလာတယ်ဆို ကိုဗစ်ဆေးထိုး လက်မှတ် မပါတော့ အခက်အခဲဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။
ကိုဗစ်မတိုင်ခင်ကာလများကတည်းက မြန်မာနိုင်ငံသားအများအပြားသည် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ Border Pass များဖြင့် သွားရောက်ကာ အလုပ်လုပ် ကိုင်ခဲ့ကြခြင်းဖြစ်သည်။
တံတားဝင်ပေါက်ရှိ လူဝင်မှုကြီးကြပ်ရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ်
ထို့ကြောင့် ယခုကဲ့သို့ မှတ်ပုံတင်ပြသရုံဖြင့် ဖြတ်သန်းခွင့်ပြုခြင်းသည် ကောင်းမွန်သော်လည်း ကိုဗစ် ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ အရှင်းပျောက်ကွယ်သွားခြင်းမျိုးမဟုတ်သည့်အတွက် ရောဂါအားကာကွယ်သည့် အနေဖြင့် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားလာရာတွင် အကန့်အသတ်များ ထားရှိရန် လိုအပ်ကြောင်းလည်း ထောက်ပြပြောဆိုမှုများရှိသည်။
သို့သော် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းသည် ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံအား ခရီးသွားပိုမို ဝင်ရောက်လာ စေရန်နှင့် ခရီးသွားများဝင်ရောက်ခြင်းမှ ၎င်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား လိုချင်သောကြောင့် ဖြေလျှော့ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မိကြောင်း Labour Right Foundation (LRF) မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီခွင့်ပြုချက်က ဝင်ရောက်နေသူတွေကို ထပ်မံပြီးမှ တွန်းအားပေးလိုက်သလို ဖြစ်သွားတာပေါ့။ ပြည်တွင်းမှာ အားလုံးသိကြတဲ့အတိုင်းပဲ စီးပွားရေးရော အလုပ်အကိုင်ရော အန္တရာယ်တွေရော များနေတဲ့အတွက်ကြောင့် ပြည်တွင်းမှာရှိတဲ့ အရွယ်ရှိတဲ့လူငယ်တွေအားလုံးက အများစုက ပြည်ပနိုင်ငံတစ်ခုခုကို သွားချင်နေတာဆိုတော့ ပိုမိုပြီးမှ တွန်းအားပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဟိုးအရင်ကတည်းက ဆယ်စုနှစ်ပေါင်းများစွာကတည်းက နယ်စပ်ကနေပြီးမှ Border Pass တွေနဲ့ ဝင်ရောက်ပြီးမှ တစ်ရက် မနက်သွား ညနေပြန် အဲဒီလို Border Pass တွေရှိသလို အဲဒီနောက်ပိုင်းမှ တိုးမြင့်ပြီးမှ ရက်ရှည်တွေလည်း ရှိလာတယ်။ အဓိကကတော့ ဟိုဘက်နဲ့ ဒီဘက်မှ ဝင်ငွေက တအားကွာတာကို။ ကျနော်တို့ဆီမှာ ၄၈၀၀ ကျပ်လို့ သတ်မှတ်ထားပေမယ့် ၄၈၀၀ နဲ့ အလုပ်တိုင်းကို ရနိုင်တာမဟုတ်ဘူး။ နောက်ဒီမှာက ဝင်လာပြီးလုပ်မယ်ဆိုရင် နယ်စပ်ဆိုတော့ ကျနော်တို့ ဘန်ကောက်လောက် တော့ လုပ်အားခမများဘူးပေါ့။ သို့သော် ၂၀၀ လောက်ရတယ်ဆို မြန်မာငွေနဲ့ဆို နည်းတာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ လာလုပ်ကြတာပါ” ဟု ၎င်းက ပြောသည်။
ယခင်က မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ထိုင်းသို့ သွားရောက်သည့် မြန်မာများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်များယူဆောင်လာကြသော်လည်း QR code မပါရှိသည့် စာရွက် များဖြစ်ပါက ထိုင်းဘက်မှ နိုင်ငံထဲသို့ ပေးမဝင်ခဲ့ပေ။
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ် မတ်လမှ စတင်ကာ ပိတ်ထား ခြင်းဖြစ်ပြီး ၃ နှစ်နီးပါးအကြာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 707
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်က မဝယ်ယူတော့ခြင်းကြောင့် အုန်းသီးတင်ပို့မှု ကျဆင်း သွားသော်လည်း ပြည်တွင်းရောင်းလိုအား ကျဆင်းမှုမရှိကြောင်း အုန်းခြံစိုက်ပျိုးသူများက CNI သတင်းဌာနသို့ ပြောသည်။
အုန်းသီးအား ပြည်ပကို မတင်ပို့နိုင်သော်လည်း အုန်းသီးရောင်းလိုအား ကျဆင်းသွားခြင်းမရှိဘဲ ယခင်အတိုင်း ပုံမှန်လည်ပတ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ အုန်းခြံစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်သူ ဦးတင်အောင်သန်းက ပြောသည်။
ဦးတင်အောင်သန်းက “အရောင်းအဝယ်က အရည်သောက်ကို ပိုပြီးတော့ အဝယ်များတယ်။ အရည်သောက်က ပုံမှန် တစ်နေ့ကို ကားနှစ်စီးလောက်ကို ထွက်နေတာ။ အဓိက ရန်ကုန်ပို့တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရယ်လို့ တော့ မဟုတ်ဘူး။ ရန်ကုန်က အဓိကပါပဲ အဲဒီထွက်ပေါက်ပါပဲ အဓိကတော့။ အဓိကတော့ ရန်ကုန်ကနေ ပြီးသွား တာပဲ။ တိုက်ရိုက်လာဝယ်တာမျိုးတော့ မရှိပါဘူး။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ”ဟု CNI သတင်းဌာနသို့ ပြော သည်။
မြန်မာ့အုန်းသီးများကိုတွေ့ရစဉ်
ပြည်မဖက်မှာ အရောင်းအဝယ်ရှိပြီး ဈေးကောင်းရနေသေးသော်လည်း ပြီးခဲ့တဲ့ နှစ်လအတွင်းကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်မှ ဂျင်းကလွှဲပြီး တခြားထွက်ကုန်များကို မဝယ်တော့ ကြောင်း၊ ထို့ကြောင့် အုန်းသီးတင်ပို့မှု မရှိတော့ကြောင်း ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ကျေးရွာ မှ အုန်းခြံလုပ်ကိုင်သူ ဒေါ်စန်းသီတာက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်စန်းသီတာက “အခုကတော့ နည်းသွားပြီ။ အုန်းသီး အလုံးတစ်ထောင်မှ သုံးသိန်းပဲရတယ်။ အရင်က အုန်းသီး တစ်ထောင်ကို ငါးသိန်းကျော်၊ ငါးသိန်းခွဲ ခြောက်သိန်း လောက်ရတယ်။ အရင်က စစ်တွေက တစ်လုံးကို ၇၅၀၊ ၇၀၀၊ ၆၅၀၊ ၆၀၀ အမျိုးမျိုးပေးတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အမြင့် အနိမ့် အဲလိုတွက်တယ်။ တတ်ရင်တတ်သလို ပေးတယ်။ အခုမဝယ်တော့ဘူး။ ဝယ်မဲ့သူ မရှိလို့တောင် အုန်းအသားပဲ ရောင်းနေရတယ်”ဟု ပြောသည်။
မြန်မာ့အုန်းသီးများကိုတွေ့ရစဉ်
အုန်းသီးသည် စားသုံးကုန်အဖြစ် အသုံးဝင်သည်သာမက အုန်သီးက ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများနှင့် ကုန်ချော ထုတ်လုပ်မှုပါ လုပ်နိုင်ခြင်းကြောင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ရရှိနေကြောင်း သိရသည်။
အုန်းခြံစိုက်ပျိုးသည့် ဒေသများတွင် အုန်းသီးအနု တစ်လုံးကို ၃၀၀ ကျပ်၊ အခြောက်တစ်လုံးကို ၃၅၀ ကျပ်သာ ရရှိပြီး ရန်ကုန်ဈေးကွက်မှာတော့ အုန်းသီးအနု တစ်လုံးကို ကျပ် ၁၅၀၀၊ အခြောက်တစ်လုံးကို ကျပ် ၈၀၀ လောက် ဈေးရရှိနေကြောင်း အုန်းစိုက်တောင်သူများက ပြောသည်။
အုန်းသီးသည် ပင်လယ်ကမ်းခြေ ဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တို့တွင် အများဆုံး ထွက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများကို ပြည်ပသို့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ ၀.၀၈၂ သန်း တန်ဖိုးရှိ အုန်းသီးတန်ချိန် ၂၀၆ တန်ချိန်ကို တင်ပို့နိုင်ခဲ့ကြောင်း၊ ထို့နောက် ၂၀၂၂-၂၀၂၃ ဧပြီလမှ စက်တင်ဘာလ အတွင်းမှာတော့ အမေရိကန် ဒေါ်လာ ၀.၁၂၈ သန်း တန်ဖိုးရှိ အုန်းသီးတန်ချိန် ၃၁၉ တန်ချိန်ကို တင်ပို့နိုင်ခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 990
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃
ထိုင်းရှိ မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) အစိမ်းရောင်စာအုပ်အား ဇူလိုင်လကုန်အထိ ပြန်လုပ်ခွင့်ရကြောင်း ထိုင်းအခြေစိုက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းတွင် CI အစိမ်းရောင်စာအုပ် ပြုလုပ်ခြင်းအား ပြီးခဲ့သည့် မေလခန့်တွင် ရပ်နားသွားခြင်းဖြစ်သော်လည်း ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ၃၁ ရက်နေ့အထိ တစ်လတာ CI စခန်းများ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ နီးစပ် ရာ 7/11 စတိုးဆိုင်များတွင် CI ကြေး ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အလုပ်သမားတွေ အတွက်ကတော့ အဲဒီလို မိုဘိုင်းစနစ်နဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း ဒီလိုမျိုး စမွတ်ဆာခွန်မှာ ဖွင့်တဲ့ဟာပဲဖြစ်ဖြစ် အဲဒီလိုမျိုး ဖွင့်ပေးတယ်ဆိုရင်တော့ ကျန်ရှိနေတဲ့ သူတွေအတွက်ကတော့ လုပ်လို့ရတာပေါ့။ လုပ်ဖို့ အခွင့်ရေးရတာပေါ့။ နို့မို့ဆိုရင် တစ်ခါစာအုပ်က သက်တမ်း မတိုးနိုင်ဘူးဆိုရင် သူတို့အတွက် ဗီဇာ၊ work permit အစရှိသဖြင့် အဲဒါတွေက ပြဿနာတက်မှာကိုး။ သို့သော် လည်း ဒီလုပ်တဲ့ဟာက နှစ်ဖက်စလုံးမှာ မူတည်တာ။ နှစ်ဖက်စလုံးမှာ မူတည်တယ်ဆိုတာက ထိုင်းအစိုးရရော၊ ဗမာဘက်အခြမ်းကရော နှစ်ဖက်စလုံးကနေပြီးတော့ လိုအပ်တဲ့ အထောက်အထားနဲ့ ဗီဇာ၊ work permit ဒါတွေ ကို တစ်ကြိမ်တည်း လုပ်ပေးတာဆိုတော့ သူတို့အနေနဲ့ကလည်း အဲဒီနှစ်နိုင်ငံရှိတဲ့ သက်ဆိုင်ရာ အဲဒီဟာတွေကို လုပ်ကိုင်ပေးမယ့် ဝန်ထမ်းတွေ ဘယ်လိုခေါ်မလဲ အဆင်ပြေတဲ့အချိန် အဲဒီလိုဖြစ်အောင်လို့ သူတို့လုပ်ဖို့တော့ လိုတာပေါ့။ ဒီဘက်ကကြတော့ အထူးသဖြင့်ကတော့ အချိန်ကအရမ်းကို နည်းတယ်လေ။ အဲဒီလိုအချိန်နည်းတဲ့ အခါကျတော့ အခုလိုမျိုး နောက်ကျတဲ့ဟာတွေ၊ ပွဲစားစနစ်တွေလည်းပါတယ်၊ ပွဲစားတွေကလည်း လူများမှ လုပ်ပေးတာ၊ အလုပ်သမားတွေအနေနဲ့ သူတို့ဘာသာသူတို့ မလုပ်နိုင်ဘူး။ အဲဒီပွဲစားကို စောင့်ရတာလေ။ အလုပ် သမားဘက်က လိုအပ်တာက ဘာသာစကားအရ သူက နားမလည်တဲ့အခါကျတော့ ပွဲစားကိုပဲ မှီရတာပေါ့။ အဲဒီမှာ မလိုလားအပ်တဲ့ မလုပ်ဖြစ်တာတို့ ဘာတို့ဖြစ်တာလေ” ဟု ပြောသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သမားများ သက်သေခံလက်မှတ်လုပ်နေကြစဉ်
ထို့အပြင် မေလမတိုင်ခင်က CI စာအုပ်ပြုလုပ်ရန် ငွေသွင်းထားပြီး စာအုပ်မရသေးသော သူများအနေဖြင့် ငွေ ထပ်မံ သွင်းစရာမလိုဘဲ သွားရောက် ပြုလုပ်နိုင်ကြောင်း သိရသည်။
သို့သော် မိမိ၌ ငွေသွင်းထားသည့် အချက်အလက် စာရွက်စာတမ်းများ ရှိရမည်ဖြစ်ပြီး ငွေသွင်းပြီးကြောင်း သက်သေပြစရာ အထောက်အထားများ မရှိပါက ငွေထပ်မံပေးသွင်း၍ CI စာအုပ်ပြုလုပ်ရမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် မိမိတွင် ငွေသွင်းပြီးသား အချက်အလက်များရှိပါက ပွဲစားများမှ ထပ်မံငွေတောင်းခံ လာသည်ရှိသော် ပေးစရာမလိုကြောင်း ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက အကြံပြုသည်။
Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “အဓိကကတော့ ဥပဒေအရ ကုန်ကျ စရိတ်တွေကို ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကိုယ်တိုင်နားလည်ဖို့ လိုတယ်။ ဥပမာ work permit သက် တမ်းတိုးရင် ကုန်ကျစရိတ် ဘယ်လောက်ရှိတယ်။ ကျန်းမာရေးအာမခံ လုပ်တဲ့အခါ ကုန်ကျစရိတ် ဘယ်လောက် ရှိတယ်။ နောက် CI စာအုပ် တကယ့်တကယ် ဥပဒေလမ်းကြောင်းရဲ့ ကုန်ကျစရိတ်က ဘယ်လောက်ရှိတယ်။ ဒါတွေကိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ သိအောင်လုပ်ရမှာ ဖြစ်တယ်။ အကြံဥာဏ် ပေးချင်တာ ကတော့ CI စာအုပ် သွားလုပ်မယ်ဆိုရင် ဘယ်နှရက်သွားရမလဲ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ ဒါတွေကို သိထားဖို့လိုတယ်။ ဒါတွေသိမှ ကိုယ်ကယှဉ်လို့ရတာပေါ့။ ဥပမာ ပွဲစားခ ဘယ်လောက်ကျတယ်၊ ကုန်ကျစရိတ်က ဘယ်လောက် ကျတယ်ဆိုတဲ့ဟာကို ယှဉ်တယ်။ နောက်တစ်ခုက ပိုက်ဆံပေးတဲ့အခါ အထောက်အထားတွေနဲ့ ပေးနိုင်ရင်တော့ ပိုကောင်းတယ်။ ကိုယ့်မှာ လုပ်ငန်းရှင်မရှိဘဲနဲ့ ပွဲစားတွေကို တဆင့်ခံပြီးလုပ်တဲ့ အုပ်စုတွေလည်း ရှိတယ်။ အဲဒီအုပ်စုတွေ အနေနဲ့ကတော့ ပိုက်ဆံပေးတဲ့အခါ မှတ်တမ်းလေးတွေ ယူထားဖို့၊ အထောက်အထား တွေနဲ့ စနစ်တကျပေးဖို့ ဒါတွေလည်း အကြံပြုမျှဝေချင်တယ်” ဟု ပြောသည်။
သက်သေခံလက်မှတ်ထုတ်ပေးရေးစခန်းကိုတွေ့ရစဉ်
CI စာအုပ် ပြုလုပ်ရာတွင် ပုံမှန် ဘတ်ငွေ ငါးထောင်၊ ခြောက်ထောင်ခန့် ကုန်ကျမည့်အစား ပွဲစားများဖြင့် ပြုလုပ် ပါက နှစ်ဆခန့်ပေးရကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိ ပြန်လည်ဖွင့်ပေးနေသည့် ကာလများတွင် CI စာအုပ် မပြုလုပ်ရသေးသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ပြုလုပ်ထားကြရန်လည်း ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက တိုက်တွန်းသည်။

- By CNI
- Category: စီးပွားရေး
- Hits: 886
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃
စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက ထုတ်ကုန်များ ဆောင်ရွက်ကြခြင်းဖြင့် ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်နိုင်ရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ လုပ်ငန်းရှင် များနှင့် နစကဥက္ကဋ္ဌ တွေ့ဆုံစဉ် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းတွင် အရည်အသွေးနှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် နိုင်ငံတော်အစိုးရမှ ချေးငွေများ ထုတ်ပေးရုံဖြင့် မလုံလောက်ကြောင်း၊ ထုတ်လုပ်မှုဆိုင်ရာ မူဝါဒများ အပြင် စီးပွားရေး မူဝါဒများ ပြောင်းလဲရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပကပဲ သွင်းသွင်း၊ ပြည်တွင်းမှာပဲ ထုတ်ထုတ် စားသုံးတဲ့သူတွေသုံးမှ လုပ်ငန်းရှင်တွေက ထုတ်နိုင် မှာ။ ရောင်းနိုင်မှာ။ ပြည်တွင်းမှာ အမျိုးဘာသာ သာသနာကို အရမ်းချစ်လွန်းလို့ ထုတ်နေတယ်၊ ကိုယ်ထုတ်နေတဲ့ ထုတ်ကုန်ကို ဘယ်သူကမှ မသုံးဘူးဆိုရင် အဲဒီလူက ကြာကြာရပ်တည်လို့ မရဘူး။ အစိုးရကလည်း ပိုက်ဆံ အလ ကား ပေးထားတာ မဟုတ်ဘူး။ ဆိုတဲ့အခါကျတော့ ဒီအပိုင်းတွေရှိတော့ ပြည်တွင်းမှာ ရှိနေတဲ့ SME လုပ်ငန်းရှင် တွေကိုလည်း အားပေးအားမြှောက် လုပ်ရမယ်။ ဒါပေမယ့် ပြည်တွင်းက လုပ်ငန်းရှင်တွေကို အားပေးအားမြှောက် လုပ်ရာမှာ ပိုက်ဆံချေးနေရုံ တစ်ခုတည်း မဟုတ်ဘဲနဲ့ မူဝါဒအပိုင်းတွေ၊ ပြည်ပထုတ်ကုန်တွေနဲ့ ရင်ဘောင်တန်း နိုင်တဲ့ ထုတ်ကုန်တွေပေါ့နော်၊ တန်ဖိုးမြှင့် ထုတ်ကုန်တွေ၊ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ မြေပဲကိုပဲ ထိုင်းကနေ တင်သွင်းလာတဲ့ ပစ္စည်းကျတော့ ၂၀၀၀ လောက် ရောင်းနေပြီး ကိုယ့်ပြည်တွင်းမှာ ရောင်းတာက မြေပဲဆားလှော် အဆင့်က မတက်သေးဘူးဆိုရင်တော့ သေချာတယ် အစ်ကိုတို့နိုင်ငံ စီးပွားရေးက မြေပဲဆားလှော်စီးပွားရေးပဲ ဖြစ် နေမှာ”ဟု ပြောသည်။
မြန်မာပြည်ထွက် ထုတ်ကုန်များကို လေ့လာနေစဉ်
ထို့နောက် အစိုးရအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်မည့်သူများနှင့် ချိတ်ဆက်ပေးရန်လည်း လိုအပ်ကြောင်း ဦးအောင်ပြည့်စုံက ဆက်ပြောသည်။
၎င်းက “ ထုတ်ကုန်တွေ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက် အရည်အသွေး ကောင်းကောင်း ဖြစ်ဖို့ လိုတယ်။ စက်ပစ္စည်းတွေ ရှိဖို့လိုတယ်။ အစိုးရက ပိုက်ဆံချေးနေရုံ သပ်သပ် မဟုတ်ဘဲနဲ့ ဒီလိုမျိုး အရည်အသွေး ရှိတဲ့ ထုတ်ကုန်တွေ ထွက်လာနိုင်အောင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ Join လုပ်ဖို့၊ ပြည်တွင်းတစ်ခုတည်း ချက်ချင်း လုပ်ဖို့တော့ မဖြစ်နိုင်ဘူး။ အဲတော့ Join လာပြီး လုပ်ကြဖို့ အကျိုးတူလုပ်ဖို့အတွက် စီးပွားရေး အခွင့်အလမ်းတွေ ဖွင့်ဟပေးဖို့အတွက် အဲဒီအပိုင်းတွေ အများကြီး ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် ကုန်ပစ္စည်း ထုတ်လုပ်မှုမရှိဘဲ ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ အားထားအသုံး ပြုနေရသည့် နိုင်ငံဖြစ်၍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်သင့်ကြောင်း၊ ထို့နောက် ပြည်တွင်း လိုအပ်ချက်များကို ပြည့်မီအောင် ထုတ်လုပ်ပြီး ပိုလျှံလာပါက ပြည်ပသို့ တင်ပို့နိုင်သည်အထိ စီမံဆောင်ရွက် လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပွဲတွင် လုပ်ငန်းရှင်တစ်ဦးက မေးမြန်းနေစဉ်
ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် နိုင်ငံတော်မှ ချေးငွေများ ထုတ်ချေးပေးမှုများ ရှိသော်လည်း နှစ်ရှည်ချေးငွေ မဟုတ်ခြင်းကြောင့် အနည်း ငယ်သာ အထောက်အကူ ပြုသည့်အတွက် ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နံပါတ် ၁ ကတော့ ဈေးနှုန်း ယှဉ်ပြိုင်မှု မရတာပေါ့နော်။ ပြည်တွင်းက ထုတ်တဲ့ပစ္စည်းက ပြည်ပကနေ သွင်းလာတဲ့ composition မလုပ်နိုင်ဘူး။ နောက် အရည်အသွေးကလည်း composition မလုပ်နိုင်ဘူး။ ဈေးနှုန်း ကလည်း composition မလုပ်နိုင်တဲ့အခါကျတော့ ပြည်တွင်း စက်မှုလုပ်ငန်းရှင်တွေက ရပ်လိုက်ရတာ ရှိတယ်။ နောက် နည်းပညာပေါ့၊ နည်းပညာက နိုင်ငံခြားမှာ တအားတိုးတက်နေပြီလေ။ အဲဒီနည်းပညာတွေ မရဘဲနဲ့ နောက်ဆုံး အရင်းအနှီးပေါ့နော်၊ စက်ပစ္စည်းတွေ ဝယ်ဖို့ ပိုက်ဆံတအားလိုတယ်။ လုပ်ငန်းရှင်တွေလောက်နဲ့ ထုတ်ပေးတဲ့ ပိုက်ဆံတွေလောက်နဲ့တော့ ရှင်းရှင်းပြောရရင်တော့ သိပ်ပြီးတော့ မကာမိဘူးပေါ့နော်။ မကာမိတဲ့ အခါကျတော့ လုပ်ဖို့က အခက်အခဲ ရှိတယ်။ အခုမှ စလုပ်ချင်တဲ့ လုပ်ငန်းရှင် တစ်ယောက်ဆိုရင် ဘယ်လိုလုပ် မလဲ။ နိုင်ငံခြားမှာဆိုရင် ထုတ်ကုန်တစ်ခု တင်ပြနိုင်ရင် အဲဒီထုတ်ကုန်အတွက် အကုန်လုံးကို စီစဉ်ပေးနိုင်တယ် ပေါ့နော် နိုင်ငံတော်ကနေ ချေးငွေကာဗာဖြစ်အောင်။ မြန်မာပြည်မှာက အဲဒီလောက်ထိ လုပ်ပေးနိုင်သလား။ ချေးငွေသာ တစ်ဖက်က ပြောပေမယ့် ချေးငွေမှန်မှန် ပေးဆပ်ဖို့တို့၊ မှန်မှန်မပေးဆပ်ရင် နောက် ချေးဖို့ ထုတ်ရတာ ဒုက္ခရောက်တယ်တို့ ရှိတယ် ဒါပဲပြောနေတော့ ပေးတာလည်း ၁ နှစ် loan တို့၊ ၂ နှစ် loan တို့၊ Long term loan ပေးတာလည်း သိပ်မတွေ့ဘူးပေါ့နော်။ အဲဒီကာလနဲ့ လုပ်ငန်းရှင်တွေကရော လည်ပတ်နိုင်မလားဆိုတာ သုံးသပ်ဖို့ လိုတယ်ဗျ” ဟု ပြောသည်။
မြန်မာပြည်ထွက် ထုတ်ကုန်များကို လေ့လာနေစဉ်
ထို့အတူ ထုတ်ချေးပေးထားသည့် ချေးငွေများကိုလည်း သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များက လုပ်ငန်း အတွက် မှန်မှန်ကန်ကန် အသုံးပြုရန် လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းများ တိုးတက်လာမည် ဖြစ်ပြီး ချေးငွေ များကို ပြန်ဆပ်နိုင်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် လေ့လာသူများက ပြောသည်။
အလားတူ ပြည်တွင်းတွင် ကုန်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ အကူအညီပေးရန် လိုအပ်ပြီး စက်ပစ္စည်းနှင့် နည်းပညာများကို စက်မှုဝန်ကြီးဌာနမှ ကူညီပေးရန်လည်း လိုအပ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 900
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃
မြန်မာနိုင်ငံတွင် တစ်နှစ်ထက် တစ်နှစ်တက်လာသည့် ကုန်ဈေးနှုန်းများ ပြန်ကျဖို့ဆိုလျှင် နိုင်ငံရေးတည်ငြိမ်ရန် လိုအပ်သည်ဟု နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
အဆိုပါ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုများကြောင့် ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများ အခက်အခဲ တွေ့နေကြ သည်။
ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်းမှာ နိုင်ငံရေး မတည်ငြိမ်ခြင်း၏ အကျိုးဆက်များဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာဖို့ နိုင်ငံရေးတည်ငြိမ်အောင် လုပ်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။
ဦးရဲထွန်းက “ကုန်ဈေးနှုန်းတွေမတက်အောင်ဆိုလို့ရှိရင်တော့ အဓိက စီးပွားရေးကောင်းနေဖို့ လိုတယ်လေ။ စီးပွားရေးကောင်းနေဖို့ ပုံမှန်လည်ပတ်နေဖို့လိုတယ် ဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ဖို့ဆိုလို့ရှိရင် နိုင်ငံရေးအခြေအနေက ပုံမှန်ပြန်ဖြစ်နေဖို့လိုတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့် အခုလိုဟာတွေ ဖြစ်လာတာ။နိုင်ငံရေးအခြေနေမကောင်းတဲ့အတွက်မို့ နိုင်ငံခြားကနေပြီးတော့ ဒေါ်လာနဲ့ ပက်သက်ပြီးတော့ ဆန်ရှင်လုပ်တာတွေ နောက်တစ်ခါ နိုင်ငံခြားကုမ္ပဏီတွေ ထွက်သွားတာတွေ အဲဒါတွေ ဖြစ်လာတာကို အဲ့လိုဆိုတော့ နိုင်ငံရေးအခြေအနေကောင်းအောင်လုပ်ပေါ့” ဟု ပြောသည်။
ယခုလို ကုန်ဈေးနှုန်းများထိုးတက်နေချိန်တွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ပြည်သူတွေအပေါ် စီးပွားရေးသမားများအနေဖြင့် ဈေးကစားခြင်းများ မပြုလုပ်သင့်ကြောင်း စားသုံးသူအခွင့်အရေးနဲ့ အစား အသောက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးဗအုပ်ခိုင်က CNI ကို ပြောသည်။
၎င်းက “ဆရာတို့အနေနဲ့ကတော့ ခုလိုပြည်သူလူထုတွေ ဒုက္ခရောက်တဲ့အချိန်မှာ ဈေးမကစားဖို့ကုန်သည်တွေ ပွဲစားတွေ ၊လှောင်တဲ့သူတွေ ဈေးကစားတဲ့လူတွေကို ဆရာတို့ပြောချင်တာကတော့ ဈေးနှုန်းတွေကို ပစ္စည်းတွေ သိုလှောင်ပြီး ဆွဲတင်တာမျိုးတွေ၊ ဈေးကစားတာမျိုးတွေ၊ ပွဲလန့်တုန်းဖျာခင်းတာမျိုးတွေ မလုပ်ကြဖို့ သတိပေးချင်ပါတယ်”ဟု ပြောသည်။
ရန်ကုန်မြို့ ယုဇနပလာဇာအတွင်း မြင်ကွင်း(ဓါတ်ပုံ-CNI)
ယခုကဲ့သို့ ကုန်ဈေးနှုန်း ကြီးမြင့်လာသော်လည်း အောက်ခြေလူတန်းစားနှင့်ဝန်ထမ်းများ၏ ပုံသေလစာမှာ တိုးတက်လာခြင်းမရှိသည့်အတွက် အလွန်ခက်ခဲကြောင်း ဦးရဲထွန်းက ဆိုသည်။
“လက်လုပ်လက်စားတွေမကဘူး။ဝန်ထမ်းတွေလည်း ထိခိုက်တာပေါ့။ ဝန်ထမ်းတွေက ပိုဆိုးတယ်။ သူတို့ရတဲ့လစာက ပုံသေကို။ပုံသေဆိုတဲ့အခါကျတော့ ကုန်ဈေးနှုန်းက တက်ပြီဆို လစာမှမတိုးတာ။ အပြင်က ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူတွေ ရောင်းတဲ့လူတွေကျတော့ ပစ္စည်းဝန်ဆောင်ခတွေက ကုန်ဈေးနှုန်း ကြီးမြင့် သွားတာနဲ့ ငွေဖောင်းပွတာနဲ့အမျှ လိုက်ပြီးတော့ တိုးယူလို့ရတယ်။ ဝန်ထမ်းတွေ ပုံသေလစာရတဲ့သူတွေက ပိုပြီးတော့ ဒုက္ခရောက်တယ်။ လက်လုပ်လက်စားတွေကျတော့လည်း တစ်ချို့က လခစားတွေ များတယ်လေ။ အောက်ခြေက သာမာန်အရောင်းအဝယ်လုပ်ရတဲ့သူတွေကျတော့ ချက်ချင်းကြီး သူတို့ဝန်ဆောင်ခတွေက ဈေးတက်ယူလို့ မရဘူးလေ။သူတို့လည်း အများကြီးကျပ်တည်းသွားမှာပေါ့” ဟု ပြောသည်။
မိမိကိုယ်ကျိုးအတွက် ကုန်ဈေးနှုန်းများကို ထိုက်သင့်သည်ထက် ကြီးမြင့်အောင် လုပ်ဆောင်နေသည့် ဝိသမ လောဘသားတွေကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၂ ရက်နေ့က အခြေခံစားသုံးကုန် တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေး တွင် ပြောကြားခဲ့သည်။
ကုန်ဈေးနှုန်းသည် ယခင်နှစ်ကထက် တစ်ဆခန့်တက်လာပြီး ဒေါ်လာဈေးနှုန်းတက်ခြင်းကြောင့် ငွေကြေး ဖောင်းပွကာ ပြည်သူတွေအပေါ် တိုက်ရိုက်ထိခိုက်နေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက သုံးသပ်ကြ သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1509
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁
ပြည်တွင်းဈေးကွက်ထဲတွင် ရောင်းဝယ်နေကြသည့် ဖော်မလင်ဆေးပါဝင်သော ပဲသွေးများကို ဈေးကွက်အတွင်း တွင် ပြန်လည်ရောင်းချမှုများရှိခြင်းကြောင့် စားသုံးရန်မသင့်ကြောင်း စားသုံးသူရေးရာ တာဝန်ရှိသူများက ပြော သည်။
ကင်ဆာဖြစ်စေနိုင်သောဆေးပါဝင်သည့် ပဲသွေး(ဘဲသွေး)များကို ဈေးကွက်တွင်ရောင်းချမှုများ ပြုလုပ်နေသော ကြောင့် မစားသုံးကြရန် စားသုံးသူအခွင့်အရေးနှင့်အစားအသောက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးဗအုပ်ခိုင်က CNI ကို ပြောသည်။
ဦးဗအုပ်ခိုင်က “ပဲသွေး(ဘဲသွေး)က တကယ့်တကယ့် အမဲသားစားတဲ့သူတွေ မစားသင့်ဘူး။ ဘာလို့လဲဆိုတော့ သူက ပဲ ကနေ လုပ်တာမဟုတ်ဘူး။ နွားသတ်တဲ့ဟာက ထွက်လာတဲ့သွေးတွေ သွေးခဲပေါ့။ အဲသွေးတွေကို တာရှည်ခံဖို့ အတွက်ကို သူက ဖော်မလင်သုံးတယ်။ ဖော်မလင်ဆိုတာက အနံ့ရှုတာနဲ့တင် အသက်ရှုလမ်းကြောင်းမှာ ကင်ဆာ ဖြစ်စေတယ်။ ပါးစပ်ထဲမှာ စားမိလို့ရှိရင်လည်း အစာအိမ် ကင်ဆာတို့၊ အူမကြီးကင်ဆာတို့ တစ်လျှောက်လုံးမှာ ကင်ဆာဖြစ်စေနိုင်တဲ့အတွက် အင်မတန် အန္တရာယ်များတယ်ပေါ့။ ဈေးကွက်ထဲမှာတော့ အဲတာတွေ ရောင်းနေ တာပဲ။ အရင်အစိုးရ အဆက်ဆက်ကတော့ ကြော်ငြာတာပေါ့နော်။ FDA တို့ ဘာတို့ညာတို့က မစားသုံးသင့် ဖော်မလင် ပါတယ်ပေါ့။ ဒါပေမဲ့ အဲဒါတွေက ခုချိန်ထိတော့ ဈေးကွက်ထဲမှာ ရှိနေတာပဲ။ အဓိက စားသုံးသူအနေနဲ့ ဝယ်မစားရင် သူတို့လည်း ဘာမှရောင်းလို့မရဘူး။
မစားသင့်တဲ့ အစားအစားအဖြစ် ပဲသွေး(ဘဲသွေး)များကို စွန့်ပစ်ထားစဉ်
စားသုံးသူတွေက ဝယ်စားရင်လည်း သူတို့က ဆက်ရောင်းနေမှာ ပဲ”ဟု ပြောသည်။
ပဲသွေး(ဘဲသွေး)သည် အမဲသွေးနှင့် ပြုလုပ်ထားပြီး မပုပ်မသိုးသည့် ဆေးများထည့်ခြင်းကြောင့် အများကြီးစားသုံးရန် မသင့်ကြောင်း၊ ရောင်းချမှုများကို အရေးယူခြင်းများရှိသော်လည်း ဆက်လက် ရောင်းချနေခြင်းများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ကျန်းမာရေးအကြံပေးသူ ကိုသန်းထိုက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ကိုသန်းထိုက်ဇော်က “ပဲသွေး(ဘဲသွေး)ဆိုလို့ရှိရင် တကယ့်တကယ် ဈေးကွက်ထဲမှာ ရောင်းနေတဲ့ဟာတွေ တော်တော် များများက ပဲသွေး(ဘဲသွေး)လို့ ပြောမယ်ဆိုရင် သူများတွေက ပဲကြီးတို့ ပဲလွန်းတို့နဲ့ လုပ်တယ်ထင်တာ။ တကယ့်တကယ် ကျ အဲပဲသွေးက အဲပဲကြီးတို့ ပဲလွန်းတို့နဲ့လုပ်တာ မဟုတ်ဘူး။ အမဲသွေး၊ ကျွဲသွေးတို့နဲ့ လုပ်တာ။ အစ်ကိုတို့ အင်းစိန်ဈေးထဲမှာ သွားစစ်တဲ့အခါကျတော့ ဈေးသည်တွေ ကိုယ်တိုင်က ဝန်ခံတယ်။ အဲဒီဟာတွေက ပဲသွေး (ဘဲသွေး)မဟုတ်ဘူး။ အမဲသွေး၊ ကျွဲသွေးတွေနဲ့ လုပ်တာလို့ ပြောတယ်။ အမဲသား၊ ကျွဲသားဒိုင်တွေက သူတို့တွေက ယူပြီး တော့လုပ်တာ။ သိသိကြီးနဲ့ရောင်းလို့ရတာတော့ မဟုတ်ဘူး။ စီးပွားရေးအရ သူတို့ဟာသူတို့ ရောင်းကြတာပေါ့။ အစ်ကိုတို့ကတော့ တကယ့်တကယ်ကျ ပဲသွေး(ဘဲသွေး)အစစ်ပဲ ရောင်းပါလို့ပြောတယ်။ အစ်ကိုတို့လည်း အမြဲတမ်းကြီး သွားနေတဲ့ အချိန်မှာ အမြဲတမ်းကြီး ရောင်းပါလို့ ပြောလို့ရတာ မဟုတ်ဘူးလေ။ ပြီးတော့ ရောင်းလို့ဆိုပြီးတော့ ဒါပဲသွေး တွက်ဆိုပြီးတော့ အမဲသွေး၊ ကျွဲသွေးကို မရောင်းပါနဲ့ဆိုပြီး အဓိက ဦးတည်ပြီး တားကတ်ထားတဲ့ ဥပဒေ ထဲမှာလည်း မရှိဘူး။ စစ်တဲ့အခါကျမှ သိတယ်ဆိုတော့ စစ်တဲ့အခါ သိမ်းလိုက်တယ်။ နောက်မရောင်းဖို့ ပြောတယ်။ ဒါပေမယ့် ရောင်းကြတာပဲ”ဟု ပြောသည်။
ပဲသွေး(ဘဲသွေး)ကိုတွေ့ရစဉ်
အဆိုပါ ပဲသွေး(ဘဲသွေး)များကို မုန့်တီ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတို့နှင့် အများဆုံး တွဲဖက် စားသုံးကြကြောင်း၊ ပဲသွေး(ဘဲသွေး)ထဲ တွင် ဖော်မလင်ပါသည်ကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်းမှာ စားသောက်ကုန်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက အကြိမ်ကြိမ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ပဲသွေး(ဘဲသွေး)စားသုံးခြင်းသည် ကျန်းမာရေးကို တိုက်ရိုက် မထိခိုက်နိုင်သော်လည်း စားသုံးမည်ဆိုပါက ရေဖြင့် တစ်နာရီ စိမ်၍သော်လည်ကောင်း၊ ဆားဖြင့် လေးဆယ့်ငါးမိနစ်(၄၅ မိနစ်) သော်လည်းကောင်း၊ ဆားရေနွေးဖြင့် ဆယ့်ငါးမိနစ်(၁၅ မိနစ်) သော်လည်းကောင်း စိမ်၍စားသုံးရန် ကျန်းမာရေး အကြံပေးသူများက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 632
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀
ပို့ကုန်များမရှိဘဲ လိုသမျှကိုမှာသုံးပါက နိုင်ငံခြားငွေလိုအပ်မှုများလာမည်ဖြစ်၍ နိုင်ငံခြားငွေရဖို့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်က နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေး ကျင်းပစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ပြည်တွင်း၌ ထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှုအားပေးခြင်း မရှိသ ဖြင့် ပြည်ပမှတင်သွင်းနေရမှုများရှိကြောင်း၊ ဥပမာအားဖြင့် နို့ထွက်ပစ္စည်းများ၊ စက္ကူများ၊ စက်ဘီးနှင့်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို သန်းပေါင်းများစွာ တင်သွန်းနေရကြောင်း၊ အလားတူ ဝါနှင့်ချည်ထည်ပစ္စည်းများကို လည်း တင်သွင်းနေရကြောင်း၊ ထိုပစ္စည်းများကို ယခင်က ပြည်တွင်း၌ ထုတ်လုပ်ခဲ့သော်လည်း ထုတ်လုပ်မှု အားမပေးခဲ့ခြင်းကြောင့် စက်ရုံများရပ်ဆိုင်းခဲ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ပြည်တွင်း၌ စက္ကူထုတ်လုပ်ရေး လုပ်ငန်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရာဘာ အခြေခံစက်မှု လုပ်ငန်း များနှင့် ချည်ထည်ပစ္စည်းထည်လုပ်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကြီးနှင့် စက်မှုဏ္ဍကြီးတို့တွင် GDP များ တိုးတက်လာမည်ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရမှ တာဝန်ယူဆောင်ရွက် ချိန်တွင် နိုင်ငံတကာမှ ပိတ်ဆို့မှုများ လုပ်ဆောင်လာကြောင်း၊ ရှိပြီးဖြစ်သည့် နိုင်ငံခြားငွေများ သုံးစွဲ၍ မရစေရန်၊ ရရန်ရှိသည့် ရောင်းကုန်ပစ္စည်းများရငွေများ မပေးချေနိုင်စေရန် ပိတ်ဆို့မှုမျိုးစုံဖြင့် ဆောင်ရွက်လာကြောင်း၊ မိမိတို့ အနေ ဖြင့် ပို့ကုန်များမရှိဘဲ လိုသမျှကိုမှာယူ အသုံးပြုနေမည်ဆိုပါက နိုင်ငံခြားငွေ လိုအပ်မှုများလာမည်ဖြစ် သဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ ရနိုင်သမျှထုတ်လုပ်နိုင်ရေး တာဝန်ရှိသည်ကို ပြောလိုတယ်”ဟု ပြောသည်။
ထို့နောက် အသုံးစရိတ် ချွေတာရေးနှင့်ပတ်သက်၍ မဖြစ်မနေ သုံးစွဲရန် လိုအပ်သည်များမှအပ ချွေတာသုံးစွဲ ကြစေလိုကြောင်း၊ ဖြုန်းတီးမှုများ မဖြစ်စေရေး အသုံးစရိတ်များကို စနစ်တကျဖြင့် သုံးစွဲကြရန်လိုကြောင်း၊ အသေးစိတ်မှစ၍ ခြိုးခြံချွေတာနိုင်မှသာ ပြည်တွင်းလိုငွေပြမှုနှင့် နိုင်ငံခြားငွေ လိုငွေပြမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှ ဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းဖြစ် ထုတ်ကုန်များကို အသုံးပြုရန်လိုကြောင်း ၎င်းက ပြောသည်။
ပြည်တွင်း စီးပွားရေးနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုများကို အားပေး ဆောင်ရွက်ရန် လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများအနေဖြင့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက် ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသအလိုက်ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၌ ဒေသ တွင်း စားသုံးမှု၊ နိုင်ငံတွင်း စားသုံးမှုအတွက် ဖူလုံအောင်ထုတ်လုပ်ခြင်းနှင့် ပြည်ပ ပို့ကုန်အတွက် ထုတ်ခြင်းတို့ ကို ဆောင်ရွက်ရာတွင် ပြည်တွင်းထုတ်လုပ်မှုအတွက် အသေချာဆုံးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူ ရေး လုပ်ငန်းများမှ ကုန်ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မဖြစ်မနေ တိုးမြှင့် ဆောင် ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့နောက် သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းအနေဖြင့် စက္ကူ၊ ရာဘာပစ္စည်း၊ နို့ထွက်ပစ္စည်း၊ ချည်ထည်ပစ္စည်း စသည့် ပစ္စည်းများကို ပြည်တွင်း၌ တတ်နိုင်သမျှထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 792
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀
မုံရွာနှင့် မန္တလေးမှ ကုန်စည်ကိုသာ အဓိကအားထားနေရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ကုန်စည်ပို့ဆောင်ရာ လမ်းကြောင်းတစ်လျှောက်၌ နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း ဟုမ္မလင်းဒေသခံများက CNI သတင်းဌာန သို့ ပြောသည်။
ကလေးမြို့နယ်မှတဆင့် ဘိလပ်မြေများကို သယ်ဆောင်ရာတွင် သယ်ယူစရိတ် ကြီးမြင့်နေခြင်းကြောင့် ဘိလပ် မြေ တစ်အိတ်လျှင် ယခင်က ၈၀၀၀(ရှစ်ထောင်) ကျပ်မှ ၁၂၀၀၀(တစ်သောင်းနှစ်ထောင်)ကျပ်ခန့်သာ ရှိသော် လည်း လက်ရှိတွင် ၄၀၀၀၀(လေးသောင်း)ကျော်အထိ ဖြစ်နေကြောင်း၊ စက်သုံးဆီများ သယ်ယူခွင့်ကိုလည်း ကန့်သတ်ထားခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်သွားကာ တစ်ပေပါကို ၇၀၀၀၀၀(ခုနှစ်သိန်း)ကျပ်ထိ ဖြစ်သွားသည်ဟု ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာဒေသခံ စိုင်းအိုက်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
နောင်ပိုအောင်စံပြကျေးရွာမှ ဈေးကိုတွေ့ရစဉ်
စိုင်းအိုက်ကျော်က “ကုန်စည်က ဘယ်လိုရှိလဲဆိုတော့ ကားလမ်းက ပြတ်တောက်လုဖြစ်သွားပြီ ကုန်းလမ်းပို့ ဆောင်ရေးက။ ကုန်းလမ်းပို့ဆောင်မှု ပြတ်တောက်လု ဖြစ်သွားတဲ့အခါကျတော့ စားသောက်ကုန်တွေက ပြတ် လပ်သလို ဖြစ်သွားတာပေါ့။ လယ်ယာသုံးတို့၊ အိမ်ဆောက်ပစ္စည်းဆိုရင် ဈေးတစ်ဝက် ခုန်တက်သွားတာ။ ဘိလပ်မြေဆိုရင် ၄၅၀၀၀ အထိ ပေးသုံးနေရတာမျိုး ရှိတယ်။ အရင်တုန်းကဆိုရင်တော့ ၈၅၀၀၊ ၉၀၀၀၊ ၁၂၀၀၀ အဲဒီလောက်ပဲ ရှိတာ။ ကလေးမှာတောင်မှ သူက ၁၀၀၀၀ ကျော်လောက်ပဲ ရှိတာ။ ကျနော်တို့ ကလေးမြို့နဲ့ ဟုမ္မလင်းမြို့ကိုလေ သယ်ယူစရိတ်က ၂၀၀၀၀ လောက်ကျတယ်။ ဘိလပ်မြေ တစ်အိတ်ကို ၂၀၀၀၀ လောက်ကျ တယ် တန်ဆာခက။ ဟိုမှာက ၁၀၀၀၀ ကျော်ဆိုတော့ ဒီက ၂၀၀၀၀ ဆိုတော့ ၃၀၀၀၀ ကျော်။ ကုန်သည်က အမြတ်တင်တာနဲ့ဆို ၄၀၀၀၀ ဖြစ်သွားတာလေ။ စက်သုံးဆီဆိုလည်း ဟိုတုန်းက ၁၀၀၀၀၀ ကျော်လောက်ပဲ ရှိတာ ပေါ့။ ၁၀၀၀၀၀ ကျော်လောက် ရှိတဲ့အချိန်မှာ ကုန်စည်စီးဆင်းမှုက လမ်းမှာက အခွန်ဆောင်ရတာတို့၊ သယ်ယူရ ခက်ခဲတာတို့ကြောင့် ၆၀၀၀၀၀ ကျော်၊ ၇၀၀၀၀၀ လောက်အထိ ပေါက်သွားတာ” ဟု ပြောသည်။
လက်ရှိတွင် ဟုမ္မလင်းမြို့သို့ ကုန်စည်သယ်ဆောင်ရာ လမ်းကြောင်းများဖြစ်သည့် မန္တလေးဆိပ်ကမ်းနှင့် မုံရွာ ဆိပ်ကမ်းတို့ကို သွားလာခွင့် ကန့်သတ်ထားကြောင်း၊ ထို့နောက် စက်သုံးဆီ သယ်ယူခွင့်ကိုလည်း ကန့်သတ်ထား သည်မှာ ရက်သတ္တပတ် ၂ ပတ်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခင်သယ်ယူထားသည့် စက်သုံးဆီများကိုသာ ရှိနေပြီး ၁ လအတွင်း ထပ်မံသယ်ယူခွင့် မရပါက စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်သွားနိုင်သည်ဟု ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ကျေးရွာမှ လူမှုကူညီရေးအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဟုမ္မလင်းမြို့တွင်း တစ်နေရာကိုတွေ့ရစဉ်
၎င်းက “မန္တလေးဆိပ်ကမ်း၊ မုံရွာဆိပ်ကမ်းမှာ လုံးဝကို သယ်ခွင့်မပြုတာ။ ရက် ၂၀၊ ၂ ပတ် ကျော်ကျော်လောက် တော့ ရှိပြီဗျ သူတို့ပိတ်တာက။ ၂ ပတ်ကျော်ဆိုတော့ အရင်ရောက်တဲ့ဟာတွေပဲ နည်းနည်း အဆင်ပြေသေးတာ ပေါ့လေ လောလောဆယ်တော့။ နောက်ထပ် ၁ လတောင်မှ မရသေးဘူးဆိုရင် ပြတ်တောက်မှုတွေ ဖြစ်နိုင်တယ် သေချာတယ် အဲဒါတော့” ဟု ပြောသည်။
ထို့နောက် ဒေသတွင်း အခြေခံ စားသောက်ကုန်စည်ဖြစ်သည့် ရှမ်းဆန်ဈေးနှုန်းလည်း မြင့်တက်လာနေကြောင်း၊ တစ်အိတ်လျှင် ၃၀၀၀၀ ကျပ်ခန့်သာရှိသော်လည်း လက်ရှိတွင် ၁၀၀၀၀၀ ကျပ်အထိ ဖြစ်လာကြောင်း၊ ထို့နောက် ခရမ်းချဉ်သီး ၁ ပိဿာလျှင် ၈၀၀၀ ကျပ်နှင့် အာလူး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ခန့် ဖြစ်နေသည်ဟု ဟုမ္မလင်း မြို့နယ်၊ နမ့်တောစံပြကျေးရွာ ဒေသခံများထံမှ သိရသည်။
နမ့်တောစံပြကျေးရွာမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက “ဝယ်ရတာ ဈေးကြီးတယ်။ စူပါကော်ဖီဆိုရင် တစ်ထုပ်ကို ၁၂၀၀၀၊ တစ်ခါဝယ်လိုက် ဈေးတက်လိုက်နေပြီ။ ရောင်းမြတ်သလား၊ ရောင်းရှုံးသလား မသိတော့ဘူး။ ပစ္စည်းက ပြတ်တဲ့အခါကျတော့ ဈေးတွေက အဆမတန် တက်။ ကားကမရောက်၊ စက်လှေက မရောက်။ စက်လှေရောက်တဲ့ အခါကျ တန်ဆာခက ဈေးကြီး။ ကြက်ဥ ၁ လုံး ၁ ထောင်။ အခုက တစ်လုံးကို ၄၀၀ တောင်မှ ရောင်းရတာ။ ကြက်သား ၁ ပိဿာကို အခုက ၂ သောင်း။ ဒါတောင်မှ CP ကြက်၊ တောကြက် မဟုတ်သေးဘူး။ တအားဈေးကြီး တယ်၊ ဝယ်စားရတာ မလွယ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဟုမ္မလင်းဒေသသို့ စက်သုံးဆီ သယ်ယူခွင့်များကို မကြာခဏ ကန့်သတ်မှုများ ရှိနေသလို ဈေးနှုန်းများလည်း တစ်ပေပါလျှင် ငွေကျပ် ၁၀ သိန်းအထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ထားခြင်းနှင့် ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကြောင့် ဟုမ္မလင်းဒေသ အတွင်းရှိ ရွှေတူးဖော်မှုလုပ်ငန်းများ ရပ်နားနေကြရကြောင်း၊ ထို့နောက် လယ်ယာစိုက်ပျိုးမှု အပိုင်းတွင်လည်း လက်ရှိအချိန်ထိ စိုက်မျိုးနိုင်မှုများ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 996
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်တစ်ခုဖြစ်သည့် ကွမ်းသီးနုစျေးနှုန်းသည် ပြည်တွင်း ဈေးမငြိမ်၍ ယခင်နှစ် ကထက် စျေးထက်ဝက် ပိုကျသွားကြောင်း ကွမ်းသီးအရောင်းအဝယ်ဒိုင်များက CNl သတင်းဌာနသို့ ပြောသည်။
ကွမ်းသီးနုစျေးသည် စျေးအတက်အကျ မငြိမ်ခြင်းကြောင့် ယခင်နှစ်ကထက် ဈေးထက်ဝက်ကျသွားသလို အရောင်းအဝယ်လည်း ကျဆင်းသွားသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကွမ်းသီးအဝယ်ဒိုင်မှ ရောင်းဝယ်သူ မချင်းချင်းက ပြောသည်။
မချင်းချင်းက "စျေးကွက်ကတော့ မငြိမ်ဘူးပေါ့။ စျေးကွက်က ခဏနေ တက်လိုက် ကျလိုက်ပါပဲ။ တရုတ်တွေက သူတို့လိုချင်တဲ့ အချိန်ကျ စျေးပိုပေးတယ်။ မလိုအပ်တဲ့ အချိန်ကျတော့ စျေးလျှော့ချတယ် အဲလိုလေ။ ကွမ်းသီးနု စျေးက မြောင်းမြသီးတို့ မော်ကျွန်းသီးတို့ ကွာသေးတယ်ပေါ့နော်။ မြောင်းမြသီးက စျေးပိုရတယ်။ ပစ္စည်းကောင်း မကောင်းတော့ ကွာသေးတယ်ပေါ့နော်။ အရင်နှစ်ကလောက် စျေးကွက် မကောင်းတော့ဘူး။ မတင်ပို့ရဘူး။ အရင် တုန်းကတော့ ကုန်ချိန်ကတော့ ငါးထောင်ကျော်၊ ခြောက်ထောင်လောက် စျေးရှိတယ်လေ။ အခုက တော်တော် ကျသွားတာပေါ့။ ဒီနှစ်က နှစ်ထောင်ကျော်ကနေ သုံးထောင်ကျော်လေ"ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခုလို စျေးကျခြင်းကြောင့် အရောင်းအဝယ် ပါးသွားသည်ဟု မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်က ကွမ်းသီး အရောင်းဝယ်ဒိုင်မှ ရောင်းဝယ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "အရောင်းအဝယ်က အခုငြိမ်နေတာပဲ။ အရင်ကဆို လိုင်းပေါ်တင်တာနဲ့ ဖုန်းတွေ တဂွမ်းဂွမ်း ဆက်ကြတာ။ အခု တစ်ယောက်မှ မဆက်ကြဘူး"ဟု ပြောသည်။
ကွမ်းသီးနု စျေးကွက် မတည်ငြိမ်ခြင်းသည် အစိုးရက တရားဝင် သတ်မှတ်ထားသည့် စျေးနှုန်းမရှိခြင်းနှင့် တရုတ် ဘက်က သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်းသာ ဝယ်ယူတော့ခြင်းကြောင့် ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှ ကွမ်းသီးရောင်းဝယ်ရေးစက်ရုံ အဝယ်ကိုယ်စားလှယ် ဦးခင်ညွှန့်က CNI သတင်းဌာနသို့ ပြောသည်။
ကွမ်းသီးနုများကို တွေ့ရစဉ်
၎င်းက “ဒီပစ္စည်းတွေကျတော့ ဒေါ်လာစျေးနဲ့နေ့စဥ် ပြောင်းလဲတာ မဟုတ်ဘူး။ ပစ္စည်းရဲ့ quality နဲ့ပြောင်းလဲ သွားတယ်။ ပစ္စည်း quality မကောင်းလို့ရှိရင် စျေးကျသွားတယ်။ quality ကောင်းရင် စျေးတက်တယ်။ အဲလိုမျိုး သွားတယ်။ ပြောရမယ်ဆိုရင် အစိုးရက တရားဝင် သတ်မှတ်ထားတဲ့ စျေးတန်းတစ်ခု မရှိဘူး။ အရင်နှစ်က အရောင်းအဝယ်က အရမ်းကြီး မခက်ခဲ မကျပ်တည်းကြဘူး။ အရမ်းလွယ်ကူတယ် ရောင်းရဝယ်ရတာ။ ဒီနှစ်က အရမ်းခက်ခဲတာ။ စျေးကလည်း တစ်ဝက်စျေး ပေါက်နေတယ်။ တရုတ်ကတော့ သူတို့လုပ်နေကျအတိုင်း ပုံမှန် ဝယ်တာပဲ။ ဒါပေမယ့် တစ်ခုရှိတာက သူတို့လိုချင်တဲ့ ဥစ္စာ သူတို့ဝယ်ချင်တဲ့ စျေးပဲ သူတို့ဝယ်တယ်။ သူတို့လို ချင်တဲ့ စျေးဝယ်ချင်တဲ့ စျေးမရရင် မဝယ်ဘူး။ ကျနော်တို့ဘက်က မြန်မာနိုင်ငံသားတွေက သူတို့လိုချင်တဲ့ စျေးဝယ်ချင်တဲ့စျေး လိုက်ကိုက်အောင် ရောင်းနေရတာ။ လိုက်ရှာပေးနေရတာ"ဟု ပြောသည်။
ထိုသို့ စျေးကွက် မငြိမ်သက်ခြင်းကြောင့် ကွမ်းသီးအရောင်းအဝယ် လုပ်သည့်ဒိုင်များမှာ အရှုံးပေါ်မှုများရှိကြောင်း ကွမ်းသီး အရောင်းဝယ်လုပ်သည့် ဒိုင်များက ပြောသည်။
ကွမ်းသီးကို တနင်္လာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိ သည့် ကွမ်းသီးနုနှင့် ကွမ်းသီးမှည့်များကို တရုတ်ပြည်သို့ အများဆုံး တင်ပို့ကြကြောင်း ကွမ်းသီးစိုက်တောင်သူများ က ပြောသည်။
လက်ရှိ ကွမ်းသီးနု တစ်ပိသာကို အမြင့်ဆုံးစျေး ၃၃၀၀ ဝန်းကျင်ကနေ အနိမ့်ဆုံးစျေး ၂၈၀၀ အတွင်းရှိကြောင်း၊ ယခင်နှစ်ကထက် စျေးထက်ဝက်ခန့် ကျသွားကြောင်း ကွမ်းသီး ရောင်းဝယ်သူများထံမှ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 787
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈
မြန်မာနိုင်ငံတွင် လူငယ်များ ပြည်ပထွက်ခွာမှု များလာခြင်းကြောင့် ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သား ရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရ သည်။
ကျွမ်းကျင်လုပ်သား ရှားပါးမှုကြောင့် ရှိနေသည့်လုပ်သားများကို ကျွမ်းကျင်လုပ်သား ဖြစ်လာစေရန် သင်တန်းများ ပေးနေရကြောင်း၊ သို့သော်လည်း ထိုလုပ်သားများသည် ကျွမ်းကျင်လုပ်သား ဖြစ်သွားချိန်တွင် ပြည်ပသို့ ထွက်ခွာ သွားကြကြောင်း သိရသည်။
အဆိုပါ အခြေအနေများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်မှု လျော့ကျသွားသည်ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုမှ လုပ်လို့မရဘူး။ ကျွမ်းကျင်တဲ့သူတွေကို မွေးထားပြီးတော့ သင်တန်းတွေပေး။ သင်တန်းတွေ ပေးပြီးတော့ မရရအောင် လုပ်ခိုင်း။ ရှိတဲ့သူတွေကိုလည်း သူတို့ မပျောက်မရှအောင် လုပ်ရတာပေါ့ ထိန်းနေရတာ ပေါ့။ ရာခိုင်နှုန်း ၄၀ လောက် ထိခိုက်တာပေါ့။ ၃၀ မကတော့ဘူး။ အရင်တုန်းကတော့ ၃၀ လောက် ထိခိုက်တယ်။ အခုကတော့ ၄၀ လောက် ထိခိုက်တာပေါ့။ ဘာလို့ဆို နိုင်ငံခြားထွက်တဲ့သူက များနေတယ်။ ဟိုမှာရတဲ့ ပိုက်ဆံနဲ့ ဒီပိုက်ဆံနဲ့ဆိုတော့ ကွာသွားတဲ့အခါကျတော့ အကုန်လုံး ပြေးကြတာပဲ။ လုပ်နေရင်းနဲ့ ပတ်စ်ပို့တွေ လုပ်ကြပြုကြ နဲ့ ထွက်သွားကြတာပဲ ဘာမှ လုပ်လို့မရဘူး။ အလုပ်တွေ တော်တော် လျှော့ထားပါတယ်။ အရင်တုန်းက အန်ကယ် တို့ဆိုရင် အလုံး ၁၀ လုံး၊ ၁၅ လုံး တပြိုင်တည်း ဆောက်နိုင်တယ်။ အခုတော့ ၄၊ ၅ လုံး မဆောက်နိုင်တော့ဘူး။ ၃ လုံးလောက်ဆို လည်နေပြီ။ အမျိုးမျိုးပဲ အခက်အခဲတွေက” ဟု ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုကိုတွေ့ရစဉ်
ဆောက်လုပ်ရေး ကျွမ်းကျင်လုပ်သား ရှားပါးနေမှုကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် အခြေခံလုပ်ခလစာများ ကောင်းမွန်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျွမ်းကျင်လုပ်သား မရှားပါးအောင် လုပ်လို့ရတဲ့ အပိုင်းကတော့ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရမယ်။ မဟုတ်ရင်တော့ ရမှာမဟုတ်ဘူး။ သင်တန်းတွေ ဘယ်လောက်ပဲပေးပေး ကျနော်တို့ ဝန်ထမ်းတွေကတော့ တဖြည်းဖြည်းနဲ့ ကိုယ့်ဆီမှာ အခြေခံရတဲ့ လစာတွေ စသဖြင့်ပေါ့နော်။ ဒါတောင်မှ ဆောက်လုပ်ရေး လောကမှာ ရှိတဲ့ အခြေခံလစာ မြင့်တဲ့အတွက် အဲဒီလောက် အခြေအနေ မဆိုးတာပေါ့နော်။ ဒါပေမယ့်လည်း တကယ့်ပညာ ရှင်လောက်အထိ ဖြစ်သွားတဲ့သူတွေကျတော့ ဒီမှာ မလုပ်တော့ဘူး။ ထွက်ကြတာပေါ့။ ဒါကြောင့်မို့လို့ အဓိကက နိုင်ငံစီးပွားရေးကောင်းမယ်။ အခြေခံလစာတွေ များများပေးနိုင်မယ်၊ အခြေခံလုပ်ခတွေ များများပေးနိုင်မယ်ဆိုရင် တော့ မထွက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ချင်ကြမှာပဲ။ ပြောရမယ်ဆိုရင်တော့ စီးပွား ရေး ကောင်းရမယ်။ စီးပွားရေး ကောင်းရင်တော့ ကျွဲကူးရေပါ ပါလာမယ်။ ကျန်တဲ့သင်တန်းတွေပေးလည်း နည်းနည်းတတ်သွားရင် ပြီးလို့ရှိရင် ဟိုဘက်လစာ ပိုကောင်းတယ်ဆိုရင် နိုင်ငံခြားတော့ မဟုတ်ဘူး ဟိုဘက် ကုမ္ပဏီနဲ့ယှဉ်ရင် ဟိုဘက်ကုမ္ပဏီ လစာပိုကောင်းတယ်ဆိုရင် ကောက်ထွက်သွားတာပဲလေ။ အဓိကအားဖြင့်တော့ စီးပွားရေးကောင်းဖို့ပဲ။ စီးပွားရေးကောင်းမယ်၊ နိုင်ငံရေး တည်ငြိမ်မယ်ဆိုရင်တော့ ဒါတွေက ကျွဲကူးရေပါ ဖြစ်သွား မှာပေါ့။ ကျန်တဲ့ဟာတွေကတော့ မထွက်ပါနဲ့လို့လည်း တားလို့မရဘူးလေ ဒါတော့ ရှိတာပေါ့” ဟု ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် အလုပ်သမားများကိုတွေ့ရစဉ်
ဆောက်လုပ်ရေး လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သား ရှားပါးမှုကြောင့် လုပ်ငန်းဆောင်ရွက်ရာ၌ ယခင်ကထက် အချိန်ပို၍ ပေးရကြောင်း၊ ၁ နှစ်ဖြင့် ပြီးဆုံးရမည့် အဆောက်အအုံကို ၂ နှစ်ခန့် လုပ်ဆောင်နေရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်း မြင့်မားမှုဒဏ်ကို ဆောက်လုပ်ရေး လုပ်ကိုင်သူများ လည်း ကြုံတွေ့နေရကြောင်း၊ ဆောက်လုပ်ရေးသုံး သံများ၊ လျှပ်စစ်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုကြောင့် ယခင် က ဆောက်လုပ်ရေးတစ်ခု လုပ်ရာတွင် ကုန်ကျသည့် ကုန်ကျငွေနှင့် ယခု ကုန်ကျငွေသည် ၆၀ ရာခိုင်နှုန်းခန့် မြင့်မားသွားကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 955
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇
ထိုင်းအာဏာပိုင်များသည် ငွေကြေးကောက်ခံ၊ တောင်းယူမှုများအား အခြားနိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား များထက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများကိုသာ အဓိကထား၍ လုပ်ဆောင်နေကြောင်း မြန်မာရွှေ့ ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။
ထိုသို့ မြန်မာနိုင်ငံသားများအား ငွေကြေးကောက်ခံခြင်းသည် ယခင်ကတည်းက ရှိနေခြင်းဖြစ်သော်လည်း လက်ရှိ တွင် ပိုမိုများပြားလာခြင်းမှာ မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ ငွေကြေးတောင်းခံချိန်တိုင်း ပေးနေမြဲ ပေးနေ ခြင်းကြောင့်ဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများနှင့် ရွှေ့ပြောင်းလုပ်သားတို့က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့နိုင်ငံ၏ ဥပဒေအတိုင်းလာရောက်၊ နေထိုင်၊ အလုပ်လုပ်ကိုင်ပါက ထိုသို့ ငွေကြေးပေးစရာမလိုကြောင်း၊ သို့သော် မြန်မာနိုင်ငံသားများသည် ယခုနောက်ပိုင်း တရားမဝင် အထောက်အထား မဲ့များ ပိုမိုများပြားလာခြင်းကြောင့် ထိုင်းအာဏာပိုင်များအတွက် လုပ်ကွက်ခွင်တစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
“အဓိက တရားမဝင်ဘဲ ဝင်လာတဲ့ အလုပ်သမားတွေအတွက် တော်တော်လေး အခက်အခဲရှိတာပေါ့။ သူတို့က တရားမဝင်ဘဲ ဝင်လာတယ်ဆိုတော့ ထိုင်းအာဏာပိုင်တွေက နားလည်မှုနဲ့ တစ်ယောက်ကို ၅၀၀ အဲဒီလို။ အထောက်အထားမရှိတဲ့ အလုပ်သမားတွေပေါ့ အဲဒီလိုဟာတွေရှိတယ်။ ပြီးတော့ ဈေးရောင်းတာတို့၊ ကိုယ်ပိုင် အလုပ်တို့လုပ်တဲ့ဟာတွေဆို ပလိပ်(ရဲ)တွေ ဘာတွေကို ပေးရတာရှိတယ်။ အဓိကကတော့ ကိုယ်တို့ကတော့ သူတို့နိုင်ငံရဲ့ ဥပဒေအတိုင်းကို မှန်မှန်ကန်ကန်ဆိုရင်တော့ ကိုယ်လည်း ပေးစရာမလိုပါဘူး။ ကိုယ်တွေ ကိုယ်တိုင် က မမှန်ကန်ဘူးဆိုတော့ ဘာမှလုပ်လို့မရဘူးလေ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံအတွင်းက လမ်းဘေးအရက်ဆိုင်ကိုတွေ့ရစဉ်
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများထဲတွင် တရားမဝင် အထောက်အထားမဲ့သူများ အနေဖြင့် အဖမ်းအဆီး မခံရစေရန် လစဉ်ကြေးအဖြစ် ဘတ်ငွေ ၃၀၀ မှ ၁၀၀၀ ခန့်အထိ သက်ဆိုင်ရာနယ်မြေရှိ ထိုင်းအာဏာပိုင်များအား ပေးထားကြရကြောင်း သိရသည်။
ထို့အပြင် လမ်းဘေးဈေးရောင်းချခြင်း၊ စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ၊ အရက်ဘားများ စသဖြင့် လုပ်ငန်းအပေါ်မူတည်၍ ထိုင်းအာဏာပိုင်များအား ငွေကြေးပေးဆောင်နေရကြောင်း သိရသည်။
ထိုင်းတွင် အခြားနိုင်ငံသားများထက် မြန်မာနိုင်ငံသားများ ပိုများသည့်အတွက် ထိုင်းအာဏာပိုင်များ၏ အကျင့် ပျက် လာဘ်စားမှုဒဏ်အား မြန်မာနိုင်ငံသားများက အဓိကခံရကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက သုံးသပ်သည်။
ထို့အပြင် မြန်မာနိုင်ငံသားများသည်လည်း ဖမ်းဆီးခံရသည့် အခါမျိုးတွင်ဖြစ်စေ၊ အခြား အခြေအနေများဖြင့် ကြုံတွေ့သည့် အခါမျိုးတွင်ဖြစ်စေ ထိုင်းအာဏာပိုင်များအား ငွေကြေးတစ်စုံတစ်ရာပေး၍ ဖြေရှင်းခြင်း နည်းလမ်းများအားလည်း လျှော့ချသင့်ကြောင်း ၎င်းတို့က ထောက်ပြသည်။
ထိုင်းအာဏာပိုင်များမှ မြန်မာနိုင်ငံသားများအား အဓိကထား၍ ငွေကြေးတောင်းခံနေခြင်းများ လျော့နည်း သွားစေရန် နှစ်နိုင်ငံအစိုးရ၊ ဌာနဆိုင်ရာများတွင် တာဝန်ရှိကြောင်း ၎င်းတို့က ထောက်ပြကြသည်။
ထိုင်းနိုင်ငံအတွင်း လမ်းဘေး ဈေးရောင်းချ၍ ဖမ်းဆီးနေစဉ်
Labour Right Foundation (LRF) မှ ဦးအောင်ကျော်က “ဒီလိုအခြေအနေမျိုးတွေ ပပျောက်သွားဖို့ဆိုတော့ တစ် အလုပ်သမားတွေ ထွက်ခွာလာခဲ့တဲ့ တိုင်းပြည်ရဲ့ ပကတိအခြေအနေက တည်ငြိမ် အေးချမ်းဖို့ လိုပါလိမ့်မယ်။ ဥပမာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ဆိုလို့ရှိရင် အဲဒီတိုင်းပြည်တွေမှာ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက် ရမယ်။ တိုင်းပြည်က ပြည်သူလူထုနဲ့ အစိုးရနဲ့ တစ်သားတည်း တစ်ထပ်တည်း ကျရမယ်။ အလုပ်အကိုင် အခွင့် အလမ်းတွေ ပေါများရမယ်။ ဝင်ငွေတွေ ပုံမှန် ရှိနေရမယ်။ အဲဒီအခြေအနေ၊ နောက်စစ်မက်ရေးရာတွေ မဖြစ်ပွား ရဘူး။ တိုင်းပြည်က လုံးဝတည်ငြိမ် နေရမယ်။ နှစ် လက်ခံရာနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံအစိုးရကလည်း သူ့ရဲ့ နိုင်ငံဝန်ထမ်းတွေ အားလုံးကို ဥပဒေနဲ့အညီ သင့်တင့်လာဘ်စားမှုတွေ၊ အဂတိလိုက်စားမှုတွေ ထိထိရောက် ရောက် နှိမ်နင်းနိုင်တဲ့ စွမ်းအား ရှိရမယ်။
ထွက်ခွာရာနိုင်ငံရော၊ ဆိုက်ရောက်ရာ နိုင်ငံရော အားလုံးက နှစ်ဖက်စလုံး က အစိုးရတွေက ပြုပြင်ပြောင်းလဲနိုင်မှ တည်ငြိမ်အေးချမ်းမှ၊ နောက် ဒီမိုကရေစီနဲ့ တရားမျှတမှုရှိမှ၊ ဥပဒေ လေးစားလိုက်နာမှုရှိမှ ဒါတွေ လျော့နည်းပပျောက်သွားမယ်လို့ အဲဒီလို မြင်ပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိသည့်အနက် မြန်မာနိုင်ငံသားများသည် တရားဝင် အထောက်အထား ပြည့်စုံသူ ၂ သန်းခန့်နှင့် တရားမဝင် ၇ သိန်း ဝန်းကျင်ရှိကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များက အထောက်အထားမဲ့သူများအား လိုက်လံရှာဖွေ ဖမ်းဆီးနေသကဲ့သို့ ဈေးရောင်းချနေသည့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများကိုလည်း စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြလျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1201
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇
မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံးဖြစ်သည့် အသေးစားချေးငွေ လုပ်ငန်းဆောင်ရွက်ခဲ့သော Pact Myanmar (ပက်မြန်မာ) မြန်မာနိုင်ငံကနေ ထွက်ခွာတော့မည်ဟု ကြေညာလိုက်ခြင်းကြောင့် ဝန်ထမ်းများနှင့် အောက်ခြေ လူတန်းစားများ အခက်တွေ့နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ပက်မြန်မာသည် ဇွန်လကုန်တွင် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ပြီး ချေးငွေများကို အတိုးနှင့်အရင်းပါ တောင်းခံတော့မည် မဟုတ်ကြောင်း Pact Myanmar က ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
လုပ်ငန်းပိတ်သိမ်းပြီး ထွက်ခွာမှုကြောင့် ဝန်ထမ်းများနှင့် အောက်ခြေလူတန်းစားများ အခက်တွေ့လာနိုင်ကြောင်း၊ ချေးငွေဖြင့် လုပ်ငန်းလည်ပတ်နေရသည့် စားသောက်ဆိုင်များ၊ တောင်သူများလည်း အဆင်မပြေ ဖြစ်လာနိုင်သည် ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများက ပြောသည်။
Pact Myanmar ၏ ထုတ်ပြန်ချက်
စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က “သက်ရောက်မှုတွေ ရှိလာနိုင်သလားဆိုတော့ ချေးငွေ ချေးတဲ့သူ အတွက်ကတော့ နည်းနည်းတော့ အခက်အခဲ ရှိမှာပေါ့။ ဒါပေမယ့် သူထွက်သွားလည်း နောက် Microfinance တွေ ရှိနေတာပဲလေ။ နောက် Microfinance တွေ အစားထိုးနိုင်တာပေါ့။ ဒါတော့ ပြဿနာ မရှိပါဘူး။ ခက်တာက ပြဿနာက နှစ်ဦးနှစ်ဖက်မှာ ရှိနေတယ်။ နှစ်ဦးနှစ်ဖက်မှာ ရှိတယ်ဆိုတာက ချေးငွေ ချေးပြီးတော့ ပြန်မဆပ်ကြ တာ။ ပြန်မဆပ်ကြတော့ ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေကလည်း ချေးတုန်းကချေးတယ်။ ပြန်ဆပ်ဖို့ လုံးဝ တာဝန်မယူဘူး။ ဒါက လက်တွေ့ မျက်မြင်ကိုယ်တွေ့ ပြောလို့ရတယ်။ ရှင်းရှင်းပြောရရင်တော့ ဒါတော့ Image မကောင်းဘူးပေါ့လေ မြန်မာပြည်အတွက်ကတော့။ ရပ်သွားရင်တော့ ဝန်ထမ်းတွေက ဒုက္ခ ရောက်တာပေါ့။ နစ်နာကြေးရလည်း နစ်နာကြေး ၃ လစာ ဘယ်လောက် ထိုင်စားနိုင်မှာလဲ” ဟု CNI သတင်းဌာန သို့ ပြောသည်။
Pact Myanmar သည် ၁၉၉၇ ခုနှစ်တွင် UNDP အစီအစဉ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဝင်ရောက်လာ ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် အသေးစား ချေးငွေလုပ်ငန်းအဖြစ် ပြောင်းလဲ၍ ကျေးလက်ဒေသကို အတိုးနှုန်းနည်း ချေးငွေများ ထုတ်ချေးပေးနေခြင်း ဖြစ်သည်။
လက်ရှိတွင် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ချေးငွေများ ကောက်ခံရန် အခက်အခဲရှိနေကြောင်း၊ ထိုသို့ ချေးငွေများ ကောက်ခံ၍ မရသည့်အတွက် လုပ်ငန်းများ ဆက်လုပ် ရန်အတွက် အဆင်မပြေကြောင်း၊ ချေးငွေဆပ်သူ နည်းပါးသွားခြင်းကြောင့် လည်ပတ်ရန် အခက်အခဲ ဖြစ်သွား သည်ဟု Pact Myanmar မှ ဝန်ထမ်းဟောင်းတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာလို့တုန်းဆိုလို့ကျတော့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းနဲ့က ဒီလုပ်ငန်းတွေ လည်ပတ်ဖို့ အဆင်မပြေဘူး လေ။ ပြီးတဲ့အခါကျတော့ လူတွေက အလုပ်အကိုင်တွေလည်း မရှိကြဘူးလေ။ ပြီးတော့ ကုန်ဈေးနှုန်းတွေကလည်း တက်တာနဲ့ သူတို့ရတဲ့ ဝင်ငွေနဲ့ ထွက်ငွေနဲ့က မညီမျှဘူးလေ။ အဲဒါကြောင့် ဘယ်လိုမှ မလည်ပတ်နိုင်ဘူး။ သွား တောင်းလို့ရှိရင်လည်း သူတို့က ပေးမယ်ပေါ့၊ မပေးဘူးလို့လည်း မပြောဘူး၊ ပေးမယ်။ ဘယ်အချိန်ကာလမှာ ပေး မယ်တော့ မသေချာဘူးလေ။ အခုက ပြောရလို့ရှိရင် ရွာတစ်ရွာကို ငွေသွားကောက်တယ်၊ ဒီရွာက မဆပ်ဘူး၊ အဆင်မပြေလို့ မဆပ်ဘူး။ အဲဒါဆိုလို့ရှိရင် အဲဒီသတင်းက နောက်တစ်ရွာကို ကူးသွားတာ။ နောက်တစ်ရွာက လည်း မဆပ်ဘူး။ နောက်တစ်ရွာကလည်း မဆပ်ဘူး။ အဲဒါနဲ့ တစ်နိုင်ငံလုံး အခက်အခဲဖြစ်တာ။ ဒါပေမယ့် သူတို့ လည်ပတ်တယ်ဆိုရင်လည်း ပိုက်ဆံပေးမယ့်သူက မရှိတော့ဘူး။ အချိန်ကုန်တာပဲ ရှိတယ်။ ဝန်ထမ်းတွေမှာ လစာ တွေ တိုးလာတယ်။ ရုံးငှားတဲ့ စရိတ်တွေ တိုးလာတယ်။ အဲလိုမျိုးတွေ များလာတယ်။ income က နည်းသွားပြီ။ အဲဒါဆို သူတို့က မလည်ပတ်တော့ဘူး။ အဲဒီအချိန်မှာ သူတို့က ရပ်လိုက်တာ”ဟု ပြောသည်။
Pact Myanmar မှ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ လုပ်နေစဉ်
ပက်မြန်မာကို အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဖွဲ့အစည်းပေါင်း ၅၀ ကျော်၏ ထောက်ပံ့ငွေဖြင့် လည်ပတ်နေခြင်း ဖြစ်ကြောင်း၊ မြန်မာပြည်တွင်လည်း အကျိုးအမြတ် မယူသော အဖွဲ့အစည်းအဖြစ် နိုင်ငံတစ်ဝန်း တွင် ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်နှင့် လည်ပတ်နေကြောင်း သိရသည်။
မြန်မာ့စျေးကွက်မှ Pact Myanmar ထွက်ခွာမည့် ရုံးတွင်းစာတွင်လည်း Pact Myanmar (PGMF) အား ဇွန်လ ၃၀ ရက်မှ စတင်ကာ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ဆက်လက် လုပ်ဆောင်ပါက တရားမဝင် လုပ်ရမည်ဖြစ်၍ ဝန်ထမ်းများအတွက် အန္တရာယ်ရှိကြောင်း၊ ချေးငွေ လက်ကျန်များကို ခုနှိမ်ပေးမည်ဖြစ်၍ မည်သူမျှ ထိုချေးငွေကို ပြန်လည်ပေးဆပ်ရန် တာဝန်မရှိတော့ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။