- By CNI
- Category: စီးပွားရေး
- Hits: 2204
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၇
အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲစဉ်းငုံ တင်သွင်းခွင့်ကို ပမာဏအကန့်အသတ်မရှိ တစ်နှစ် သက်တမ်း တိုးပေးသော်လည်း ပြည်တွင်း၌ ပဲမျိုးစုံ စိုက်ပျိုးမှုများ လာမည့် ပဲစိုက်ရာသီတွင် စိုက်ပျိုးဧကနှင့် အထွက်နှုန်းများ လျော့ကျသွားနိုင်ခြေရှိကြောင်း ပဲကုန်သည်များနှင့် ပဲပွဲရုံများထံမှ သိရသည်။
ယခုရာသီတွင် မတ်ပဲ စိုက်ပျိုးမှုနှင့် အထွက်နှုန်းသည် ယခင်နှစ်များထက် တိုးတက်ခဲ့ကြောင်း၊ သို့သော် လာမည့် ပဲစိုက် ရာသီ ၌ မြေဆီနှင့် ဓာတ်မြေဩဇာ စသည့် သွင်းအားစု စရိတ်များသည် ယခင်ကထက် ၃ ဆနီးပါး မြင့်တက်နေကြောင်း၊ ထို့ကြောင့် မတ်ပဲနှင့် တခြားသော ပဲစိုက်ပျိုးမှုများ လျော့ကျသွားနိုင်ကြောင်း ဧရာကုန်သွယ်မှု ဗဟိုဌာန တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
ဦးနေဝင်းစိုးက “ပြီးခဲ့တဲ့နှစ်က ပြောလို့ရှိရင် မတ်ပဲ တစ်ခုပဲ အထွက်နှုန်းတိုးတာ။ စုပြီးစိုက်ကြလို့ ဈေးကောင်းလို့ စုပြီးစိုက်ကြ လို့ မတ်ပဲသာ အထွက်နှုန်းတိုးတာ။ ကျန်တဲ့ ပဲတွေ၊ သီးနှံတွေ အားလုံးနီးပါး အထွက်နှုန်းကျတာ။ အထွက်နှုန်းကျတယ်ဆိုတာ ဘယ်လိုဖြစ်လဲဆိုတော့ တက်ဈေးတွေနဲ့ မိတာကိုး။ စိုက်ပျိုးတဲ့အချိန်မှာ ဆိုပါစို့ ဆေးက ၃ ကြိမ် ကျွေးရမယ်ဆိုပါစို့။ ဆေး တစ်အိတ်ရဲ့ တန်ဖိုးက အရင်တုန်းက ၂၀၀၀၀ လောက်၊ ၂၀၀၀၀ ပတ်ဝန်းကျင်လောက် ပေးဝယ်ရတဲ့အချိန်မှာ အခုက ၇၀၀၀၀ ၊၈၀၀၀၀ လောက် ပေးဝယ်ရတာ ဖြစ်သွားတယ်။ ၃ ကြိမ်လောက် ကျွေးရတဲ့နေရာမှာ မကျွေးနိုင်တော့ ၂ ကြိမ်ပဲ ကျွေးနိုင် တော့တယ်၊ အဲလိုဖြစ်နေတယ်။ ပမာဏကို လျှော့ကျွေးရတယ်။ အကြိမ်ရေ လျှော့ကျွေးတာမျိုး အဲလိုတွေ ဖြစ်ကြတယ်။ ဈေး တွေ တက်တော့လေ။ အဲလိုတွေ ဖြစ်ကြတော့ တကယ်ထွက်ရမယ့် ရာသီလည်းကျရော ထွက်တော့ ထွက်ပါတယ်။ ဒါပေမယ့် အထွက်နှုန်းတွေ ကျကုန်တယ်။ အဲဒါကြောင့်မို့ ဒီနှုန်းထားအတိုင်းသာ တက်ဈေးတွေနဲ့ ဒီလိုပဲ သွားနေအုံးမယ်ဆိုရင် ကျနော် ထင်တယ် လာမယ့် ပဲစိုက်ရာသီမှာ စိုက်မျိုးဧရိယာ ကျနိုင်သလို အထွက်နှုန်းလည်း ကျနိုင်တယ်”ဟု ပြောသည်။
မြန်မာတွင် မတ်ပဲကို အဓိကထား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်ပဲတန်ချိန် ၅ သိန်းမှ ၆ သိန်းကြား ထွက်ရှိ သော်လည်း ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်တွင် မတ်ပဲ တန်ချိန် ၇ သိန်းနီးပါး ထွက်ရှိထားကြောင်း သိရသည်။
မတ်ပဲ စိုက်ပျိုးမှု
မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ပြီး တောင်ကိုးရီးယားနှင့် စင်္ကာပူနိုင်ငံသို့ အနည်းငယ်သာ တင်ပို့မှုရှိကြောင်း သိရ သည်။
ယခုနှစ် ပဲတင်ပို့ရာတွင် နယ်မြေ မတည်ငြိမ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အချိန်မှီ မရောက်ရှိခြင်း များကြောင့် ဈေးနှုန်းများ ထိခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးညွန့်ဝေက CNI သတင်းဌာနသို့ ပြောသည်။
ဦးညွန့်ဝေ “လျော့ကျတယ်ဆိုတာက တချို့ စိုက်ပျိုးတဲ့ နေရာတွေမှာ မအေးချမ်းတာတွေ ရှိတယ်ပေါ့နော်။ မအေးချမ်းတဲ့ အခါကျတော့ စိုက်ပျိုးဖို့ ခက်တာပေါ့။ အခုကတော့ ထွက်ရှိနေတဲ့ အခါမှာလည်း သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့ နေရာတွေ တချို့တစ်ဝက် ရှိတယ်ပေါ့နော်။ အဲလိုရှိတဲ့ အခါကျတော့ ဒီဘက်မှာ မငြိမ်တာလေးတွေ ရှိတာပေါ့။ ရောက်သင့်သလောက် ဈေးကွက်ထဲကို ရောက်မလာသေးဘူးပေါ့နော်။ ရောက်လာမယ့်အချိန်မှာ ရောက်မလာသေးတော့ ပစ္စည်းက ရှားတယ်လို့ လည်း ပြောနိုင်သလို ရသင့်တဲ့ဈေး မရဘူးပေါ့နော်။ လမ်းခရီး အခက်အခဲလေးတွေ ရှိတယ်” ဟု ပြောသည်။
ပဲမျိုးစုံကို စပါးစိုက်ပျိုး ရိတ်သိမ်းပြီး ချိန်ဖြစ်သည့် ၁၀ လပိုင်း ဝန်းကျင်တွင် စတင်စိုက်ပျိုးကြကြောင်း၊ ထို့နောက် တစ်နှစ်ပတ် လုံး တင်ပို့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပဲမျိုးစုံကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1654
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၆
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနမှ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများအနေဖြင့် မိမိတို့၏လုပ်ငန်းလိုင်စင်များကို ၎င်းတို့ထံ မှတ်ပုံတင်ပြန်လည်လျှောက်ထားရန် ထုတ်ပြန် ထားသည်။
NUG အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် မထူးခြားနိုင်ကြောင်း၊ အလုပ်သမားများအတွက် ထိရောက် သည့်အကူအညီမပေးနိုင်ကြောင်းနှင့် အကူအညီပေးမည်ဆိုပါက ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“မထူးခြားနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်က တိုက်ပွဲတွေအေးသွားတဲ့အခါကျရင် ပြည်တွင်းထဲက လူတွေကို MOU စနစ်နဲ့ ပြည်ပကို ထုတ်ဖို့အတွက် လက်ရှိ ပြည်တွင်းထဲမှာရှိနေတဲ့ အလုပ်သမားဝန်ကြီးဌာနက အစွမ်းကုန်ကြိုးစားမှာပဲ။ NUG ကလည်း စာထုတ်တာကလွဲလို့ တစ်စုံတစ်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပေါ်မှာ ထိရောက်တဲ့အကူအညီ ပေးနိုင်မယ်လို့ ကျနော့်အနေနဲ့ မထင်ဘူး။ NUG ဝန်ကြီးဌာနက စာထုတ်တာ နောက်ကျတယ်လို့ပဲ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအေဂျင်စီတွေက NUG အစိုးရထံမှာ အွန်လိုင်း ကနေ လိုင်စင်မှတ်ပုံတင်ရမယ်လို့ ပြောတာဟာ NUG ဘက်ကကြည့်ရင် မှန်တယ်လို့ ထင်ပေမယ့် အဲဒီအရင်ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက မြန်မာအေဂျင်စီတွေက မှတ်ပုံတင်ထားကြပြီးပြီလေ။ အခုမှ ပြောတဲ့အခါ ကျတော့ deposit တွေ သိန်းရာနဲ့ ပေးထားတာတွေဆိုတော့ ပြည်သူပဲနစ်နာတယ်။ အေဂျင်စီတွေကလည်း ပြည်သူထဲက ပြည်သူပဲလေ။ အေဂျင်စီတွေ နစ်နာတယ်လို့ ကျနော့်အနေနဲ့ ထင်တယ်” ဟု ပြောသည်။
အေဂျင်စီများအနေဖြင့် NUG အလုပ်သမားဝန်ကြီးဌာနသို့ အွန်လိုင်းမှတဆင့် မှတ်ပုံတင်နိုင်ကြမည်ဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။
သို့သော်လက်ရှိတွင် နစက လက်အောက်မှ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာအလုပ်သမားများအား နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် စေလွှတ်နေသည့်အပြင် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရန် အတွက်လည်း စာချုပ်ချုပ်ဆိုမှုများ လုပ်ဆောင်နေသည်။
ထို့အပြင် လာမည့် မေလတွင်လည်း ထိုင်းသို့ MOU ဖြင့် အလုပ်သမားများ စတင်စေလွှတ်နိုင်ရန်လည်း ပြင်ဆင် နေလျက်ရှိသည်။
ကိုသားကြီးက “ပြည်တွင်းထဲမှာကလည်း လက်ရှိမှာ အလုပ်သမားစေလွှတ်ရေး ပြဿနာတစ်ခုတည်းမဟုတ်ဘဲနဲ့ အခြားခြားသော ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေက ဘယ်ဝန်ကြီးဌာနကပဲ ခွင့်ပြုပြုပေါ့။ ထိုင်းနိုင်ငံ ထဲကိုထွက်ဖို့ မိသားစုစားဝတ်နေရေးအတွက် ပြည်ပထွက်ပြီး အလုပ်လုပ်ရဖို့သာ အဓိကဖြစ်နေတာဖြစ်တဲ့ အတွက် ပြည်သူတွေကတော့ သိပ်ပြီးတော့ ဟိုဝန်ကြီးဌာန၊ ဒီဝန်ကြီးဌာန သိပ်ဂရုစိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီနေရာမှာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ပေးရမှာက ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေ။ သူတို့ဟာ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တယ်။ ပြည်သူထဲက ပြည်သူတွေပဲဖြစ်တယ်ဆိုတော့ သူတို့ဟာ လက်ရှိ ပြည်တွင်း ထဲမှာရှိနေတဲ့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ အများဆုံးအလုပ်လုပ်ရမှာ။ ဒါပေမယ့် ပြည်ပထွက်လာတဲ့အခါ ကျရင် ဒီရွှေ့ပြောင်းအလုပ်သမားတွေရဲ့အပေါ်မှာ ကောင်းခြင်း၊ ဆိုးခြင်းတွေကို လေလှိုင်းပေါ်ကနေ စာထုတ်ပြီး တော့မှ တားမြစ်တာတွေ ကန့်ကွက်တာတွေနဲ့ မလုံလောက်ဘူး”ဟု ပြောသည်။
လက်ရှိတွင် NUG မှ တာဝန်ရှိသူအများအပြားသည်လည်း ထိုင်းနိုင်ငံတွင်ရှိနေသည့်အတွက် အလုပ်သမား အရေး နှင့်ပတ်သက်၍ ထိုင်းအလုပ်သမားဝန်ကြီးဌာနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းသင့်ကြောင်းလည်း ကိုသားကြီးက ပြောသည်။
NUG ရဲ့ ထိုသို့လုပ်ဆောင်မှု၏ နောက်ဆက်တွဲအနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြည်ပ နိုင်ငံများ တွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရန် အဟန့်အတား အနှောင့်အယှက်တို့ အများကြီး ဖြစ်သွားနိုင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သို့ ပြောသည်။
“အဓိကကတော့ ကျနော်တို့အနေနဲ့မြင်တာကတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း လုပ်ငန်း သဘာဝ အရ သူတို့လည်း အဲဒီလိုလုပ်လိုက်တဲ့သဘောလို့ မြင်တယ်။ ဒါပေမယ့် လက်တွေ့ကျတော့ သူတို့က အဲ့ဒါကို အကောင်ထည်ဖော်ဖို့ဖြစ်ပါ့မလားပေါ့။ အဲ့ဒါကို ကျနော့်အနေနဲ့ ဟိုဘက် ဒီဘက် မျှပြီးတော့ စဉ်းစားကြည့်တာ ပေါ့လေ။ အကောင်အထည်ဖော်ဖို့တော့ ခက်ခဲမယ်လို့မြင်တယ်။ အဓိက အလုပ်သမားအေဂျင်စီတွေအနေနဲ့က ဟိုဘက်က စစ်ကောင်စီကိုလည်း မှတ်ပုံတင်မယ်။ ဒီဘက် NUG အစိုးရကိုလည်း မှတ်ပုံတင်မယ်ဆိုတာတော့ လည်း မဖြစ်နိုင်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ NUG ကို မှတ်ပုံတင်လို့ရှိရင်လည်း ဟိုဘက် ကနေ မတရားအသင်းအဖွဲ့တွေနဲ့ ဆက်ဆံတယ်ဆိုတဲ့ ပြစ်မှုကျူးလွန်တဲ့သဘောရှိတယ်။ ဒါကြောင့်မို့လို့ အဲဒီ ကိစ္စက ဖြစ်တယ်ဆိုရင်တော့ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေအတွက် အခက်အခဲဖြစ်မယ်။ နောက် ဆက်တွဲကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင် နိုင်ငံခြားတွေမှာ လုပ်ကိုင်ဆောင်ရွက်ဖို့တွေကလည်း အများကြီး အဟန့်အတားနဲ့ အနှောင့်အယှက်တို့ရော ဖြစ်သွားမယ်လို့ ကျနော့်အနေနဲ့ထင်တယ်” ဟု ၎င်းက ပြောသည်။
NUG အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် အေဂျင်စီ များအနေဖြင့် စစ်ကောင်စီထံ ကုမ္ပဏီနှင့် အေဂျင်စီလိုင်စင်သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ခြင်းအား မပြုရန်၊ အခွန်အခနှင့် အာမခံကြေးများ မပေးသွင်းရန် အစရှိသည်တို့ ပါရှိပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမည်ပျက် စာရင်း(blacklist) ထည့်သွင်းကာ ရာသက်ပန် လုပ်ငန်းလိုင်စင် ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထား သည်။
- By CNI
- Category: စီးပွားရေး
- Hits: 2154
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၅
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေအဖြစ် ရရှိထားသည့် ဝင်ငွေများကို တစ်ရက်အတွင်း ရောင်းချရမည်နှင့် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်ဖြင့် လဲလှယ်ရောင်းချရမည်ဟု သတ်မှတ်လိုက်ခြင်းကြောင့် ပြည်တွင်း ပဲဈေးကွက်အပေါ် သက်ရောက်မှုရှိခဲ့ပြီး ပဲဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်၏ ထုတ်ပြန်ချက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်များ နစ်နာမှုများ ရှိလာခြင်းကြောင့် ပဲဝယ်ယူမှုများ နှေးကွေးသွားသလို ပြည်တွင်း ပဲဈေးနှုန်းများသည်လည်း ကျဆင်းသွားခဲ့ကြောင်း၊ ထပ်မံကျဆင်းနိုင်သေးကြောင်း ဧရာကုန်သွယ်မှုဗဟိုဌာန၏ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
ဦးနေဝင်းစိုးက “ဒေါ်လာကို မြန်မာငွေနဲ့ ၂၄ နာရီအတွင်း လဲရမယ်။ နောက်ပြီးတော့ လဲလိုက်တဲ့ မြန်မာကျပ်ငွေကိုလည်း သူ က အကောင့်စ် အဟောင်းထဲကိုပဲ သွားမယ်။ ဒီငွေကိုလည်း သူက ချက်ချင်း မြန်မာကျပ်ငွေနဲ့ ပြန်ထုတ်ပေးဖို့ဆိုတာက အရင် တိုင်းပဲပေါ့၊ တစ်ပတ်ကို သိန်း ၁၀၀ အဲလို ကန့်သတ်ချက်ကြီးနဲ့ပဲ ထုတ်နေရတယ်ဆိုတော့ Exporter တွေအတွက် တော်တော် လေး ငွေကြပ်သွားနိုင်တဲ့ သဘောရှိတယ်။ အဲဒါကျတော့ တင်ပို့ဖို့ ဘာတို့ ညာတို့ ကိစ္စတွေကျတော့လည်း ခဏတာ ရပ်ဆိုင်း နေတဲ့ သဘော။ နှေးသွားမယ့် သဘောရှိတယ်။ အဲအခါကျတော့ အဲဒါကြောင့် ဒီရက်အတွင်းမှာ အလုအယက် ဝယ်တာတွေ ဈေးဖွင့်ပြီး ဝယ်တဲ့ကိစ္စတွေ ထိုးကျသွားတယ်ဗျ။ ဒိုင်တွေမှာရော၊ အရောင်းအဝယ်တွေမှာရော၊ ပဲဈေးက တရိပ်ရိပ်ကို ကျနေ တာပဲ။ အခုလည်း ပြီးခဲ့တဲ့ စဖြစ်တုန်းက ၅၀၀၀၀ လောက် ရှိတာပေါ့နော်။ ၄၉၀၀၀၊ ၅၀၀၀၀ လောက် ရှိပေမယ့် မနေ့က အထိတော့ ၄၅၀၀၀၊ ၄၄၀၀၀ မှာ တင်နေတုန်း။ ကျနော်ထင်တယ် နည်းနည်းလေးတော့ ထပ်ကျအုံးမယ်လို့ ထင်တာပဲ” ဟု ပြောသည်။
ပဲဈေးကွက် လေ့လာကြသူများ
ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ မူဝါဒအသစ် ထွက်ရှိလာပြီးနောက် ပြည်တွင်း ပဲဈေးကွက်အတွင်း မတ်ပဲဈေး တစ်တန်လျှင် တစ်သိန်းနီးပါးအထိ ဈေးနှုန်း ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့တွင် ကျပ် ၄၀၀၀၀ အနည်းငယ် ပြန်လည် မြင့်တက် လာသည်ကို ပဲဈေးကွက်အတွင်းမှ သိရသည်။
မန္တလေး ပဲဈေးကွက်အတွင်းမှာလည်း ပဲတင်ပို့မည့် ကုန်သည်များ နိုင်ငံခြားငွေကြေးမူဝါဒ အပြောင်းအလဲကြောင့် ပဲဝယ်ယူမှု နှေးကွေးနေကြောင်း မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောသည်။
ဦးညွန့်ဝေက “ကျနော်တို့ Export ပဲတွေက Earning နဲ့ ဝယ်ရတာတွေ ဖြစ်တဲ့အတွက်ကြောင့် Earning က အရင်တုန်းက အပြင်ပေါက်ဈေးက ၂၀၅၀ လောက် ရှိတယ်။ ဗဟိုဘဏ် ထုတ်ပြန်တာက ၁၈၅၀ ဆိုတော့ နည်းနည်းလေး စောင့်ကြည့်တဲ့ သဘောနဲ့ မဝယ်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် ဟိုဘက်က တကယ်တမ်းလိုလို့ ဝယ်ရမှာ၊ ရောင်းရပြုရမှာ ရှိလာရင်တော့ ဝယ်ကြမှာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြည်ပ ဝယ်လိုအားရှိသော မတ်ပဲဈေးနှုန်းအပြင် ပဲစဉ်းငုံဈေးသည်လည်း မူလပေါက်ဈေးထက် ၁ တန်ကို ကျပ် ၈၀၀၀၀ နီးပါး အထိ ကျဆင်းသွားခဲ့ကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။
ပဲများကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1865
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၄
ပြည်ပမှ ဝင်ရောက်လာသည့် နိုင်ငံခြားငွေများကို တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရောင်းချပေးရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ချက်ကြောင့် ပို့ကုန်လုပ်ငန်းများအတွက် ဆုံးရှုံးမှုများရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဗဟိုဘဏ်၏ သတ်မှတ်ချက် ထုတ်ပြန်ခဲ့နောက် ကျပ်ငွေသို့ ပြောင်းလဲရာတွင် ကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
ဒေါက်တာစိုးထွန်းက "အရင်တုန်းကလည်း ဈေးနှုန်း သတ်မှတ်ချက်တွေ ရှိတယ်ပေါ့။ ဈေးနှုန်း သတ်မှတ်ချက်ပဲ ရှိတယ်။ ဗဟို ဘဏ် အနေနဲ့ ဒါကို ဘဏ်တွေကို ရောင်းရမယ်၊ မရောင်းရဘူး မလိုဘူးပေါ့နော်။ မရောင်းလည်း ရတယ်ပေါ့နော်။ အခုကတော့ မရောင်းရ မနေရ အနေအထား ဖြစ်သွားတယ်ပေါ့နော်။ ပြီးတော့ လက်ရှိ Export လုပ်တဲ့ သူတွေအတွက်ကတော့ ဝင်လာတဲ့ ငွေတွေကို အရင်တုန်းက ၂၀၀၀ ကျော်နဲ့ ရောင်းရတယ်။
ရုတ်တရက် အခုက ၁၈၅၀ ပြောနေတော့ ၁၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးမှု ရှိနိုင်တာပေါ့နော်။ Import လုပ်တဲ့ သူတွေအတွက်ကတော့ ဝမ်းသာတာပေါ့။ Exporter တွေ အတွက်ကတော့ လော လောဆယ် ဆုံးရှုံးမှုတွေ ရှိတယ်။ Import တွေ အတွက်ကတော့ လောလောဆယ် ပြောင်းသွားတော့ ဆုံရှုံးမှုတွေ ရှိတယ်" ဟု ပြောသည်။
ဒေါ်လာများ
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပို့ကုန်ရငွေများကို ရက် ၃၀ အတွင်း AD လိုင်စင်ရ ဘဏ် များတွင် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချရမည်ဟု ညွှန်ကြားထားကြောင်း၊ သို့သော် ယခုအခါမှာတော့ တစ်ရက် အတွင်း ရောင်းချရမည်ဟု ကြေညာခဲ့သည်။
ယခုလို နိုင်ငံခြားမှ ရရှိသည့် ငွေများကို တစ်ရက်အတွင်း အတင်း ပြန်ရောင်းခိုင်းခြင်းကြောင့် ပို့ကုန်တင်ပို့မှု ပိုများပြီး သွင်းကုန်တင်သွင်းမှု နည်းပါးသွားနိုင်သည့်အတွက် ကုန်ဈေးနှုန်းများ မြင့်တက်သွားနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ပို့ကုန်ရငွေများကို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့် ရောင်းချရမည်ဆိုသော်လည်း သွင်း ကုန် လုပ်ငန်းရှင်များအတွက် ဒေါ်လာများကို ဝယ်ယူသည့်အခါတွင် မည်သည့်ဈေးနှုန်းဖြင့် ဝယ်ယူရမည်၊ မည်သူက ရောင်းချ ပေးမည်ဆိုသည်ကို မသိရသေးကြောင်း Via Logestics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်း ဌာနသို့ ပြောသည်။
ပို့ကုန်ဆိပ်ကမ်းတစ်ခု
ဦးသီဟပိုင်က "နည်းနည်းတော့ ဈေးကွက်ထဲမှာ ရှုပ်ယှက်ခတ်ကုန်တာပေါ့နော်။ ဘာလုပ်ရမှန်း မသိဘူးပေါ့။ အဲတော့ Import လုပ်မယ့်လူတွေက ငွေလွှဲဖို့ နည်းနည်း ခက်သွားတယ်။ အဲတော့ အစိုးရက ဘာကူညီပေးမှာလဲပေါ့။ အစိုးရ ကိုယ်တိုင် က Import လုပ်မယ့်သူတွေကို ငွေရောင်းပေးမှာလား၊ ရောင်းပေးဖို့ လိုတာပေါ့နော်။ ဒါမှမဟုတ်လည်း ဘဏ်တွေက ရောင်း ပေးဖို့ လိုတာပေါ့နော်။ ဘယ်ဈေးနဲ့ ရောင်းမှာလဲပေါ့။ အခု Export သမားတွေကို ၁၈၅၀ နဲ့ ရောင်းတဲ့ Import သမားတွေကို ရော ၁၈၅၀ နဲ့ ရောင်းပေးမှာလားပေါ့။ လောလောဆယ်က ငွေက ဝယ်လို့တောင် မရဘူးဆိုတော့။ အဲဒီ အခြေအနေတော့ ဖြစ်သွားတာပေါ့လေ"ဟု ပြောသည်။
နိုင်ငံခြားငွေကို ပြည်ပသို့ လွှဲရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်နှင့် နိုင်ငံခြားသုံးငွေ ရောင်းဝယ် ဖောက်ကားခွင့် AD လိုင်စင် ရရှိထားသည့် ဘဏ်များမှတဆင့် လုပ်ဆောင်ရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ငွေလွှဲရာတွင် လိုအပ်သည့် နိုင်ငံခြားငွေကို ပြန်လည် ရောင်းချပေးနိုင်မှု မရှိပါက တရားမဝင် ငွေကြေး ရောင်းဝယ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း ငွေကြေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2044
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂
ထိုင်းကို MOU ဖြင့် အလုပ်သမားများအား ရန်ကုန်-မြဝတီလမ်းကြောင်းဖြင့် စေလွှတ်သည့်အခါတွင် ယာဉ် အမျိုးအစားနှင့် နံပါတ်တို့ကို အေဂျင်စီများမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ထွက်ခွာမည့်ရက်မတိုင်မီ (၃)ပတ် ကြိုတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့တင်ပြသည့်အခါတွင် စေလွှတ်မည့်ရက်၊ အချိန်နှင့်လိုက်ပါမည့် လူဦးရေတို့ကိုပါ ထည့်သွင်း တင်ပြရမည် ဖြစ်ကာ လမ်းခရီးလုံခြုံရေးအရ ယခုကဲ့သို့ တင်ပြခိုင်းခြင်းဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက CNI သတင်းဌာနသို့ ပြောသည်။
ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက “အခု အဲဒါကြောင့် အမတို့က အချိန်ယူတယ်ဆိုတာက အားလုံးပြီးသွားပြီ သွားတော့မယ်ဆိုရင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အမတို့က ဒီစာရင်းတွေလှမ်းပို့။ သူတို့ရဲ့လမ်းခရီးမှာ လုံခြုံစေရေးအတွက်ပေါ့နော်။ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဖို့အတွက် အဲဒီစာရင်းကို တောင်းတာဖြစ်တယ်။ အရင်တုန်းကတော့ မရှိပါဘူး” ဟု ပြောသည်။
အေဂျင်စီများ၌ အလုပ်ရှင်နှင့် အလုပ်သမား သဘောစာချုပ် ချုပ်ဆိုခြင်းအား မတ်လ ၂၅ ရက်နေ့မှ စတင်ချုပ်ဆို ကာ လက်ရှိတွင် အလုပ်သမား ၂၈၇၉ ဦးအား စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေ့တိုင်းနီးပါး စာချုပ်ချုပ်ဆိုခြင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် အလုပ်သမား ၆၀၀ ဝန်းကျင်ခန့် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ထိုသို့ စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည့် အလုပ်သမားများကို စေလွှတ်ရာတွင် နှစ်လ(ရက်ပေါင်း ၆၀) အတွင်း အပြီးစေလွှတ်ခြင်းဖြစ်ကာ ယခုအခါတွင် သုံးလ(ရက်ပေါင်း ၉၀) အတွင်း စေလွှတ်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ပြောသည်။
“အရင်တုန်းကတော့ ရက်ပေါင်း ၆၀ အတွင်းဆိုပေမယ့် အခုအခါကျတော့လေ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ အရင်တုန်းကတော့ ပုံမှန်အတိုင်း သွားလာလို့ရတယ်လေ။ အခုကျတော့ အမတို့က စာချုပ်ချုပ်ဆိုပြီး အဆင့်သင့် သွားဖို့အတွက်ဆိုရင် ဒီကလေးတွေ လုံခြုံချောမွေ့အောင် သွားဖို့အတွက်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတို့ နောက်တစ်ခါ ပြည်ထဲရေးတို့ကို အမတို့က အကြောင်းကြားစာတွေပို့ပြီးတော့ ဘယ်နေ့မှာ ဘယ် အသုတ်က ဘယ်လိုသွားမယ်ဆိုတာတွေ ပို့စရာရှိတယ်။ အဲဒီလိုမျိုး အချိန်လည်း ယူစရာရှိတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒါကြောင့်မို့လို့ အချိန်ကိုယူလိုက်တာ” ဟု ၎င်းက ပြောသည်။
ဒါ့အပြင် လုံခြုံရေးအခြေအနေများကြောင့် အေဂျင်စီများမှ ရန်ကုန်-ကော့သောင်းလမ်းကြောင်းမှ လေယာဉ်နှင့် ဖြစ်စေ၊ ကားဖြင့်ဖြစ်စေ စေလွှတ်မည်ဆိုပါက ကုန်ကျစရိတ်သည် ရန်ကုန်-မြဝတီ ကားခနှုန်းထားထက် ပိုမို ကုန်ကျခဲ့သည်ရှိသော် အလုပ်သမားဘက်မှ အပိုထပ်ဆောင်းကျခံရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ သိရသည်။
ထိုင်းသို့ MOU ဖြင့် စေလွှတ်ခြင်းအား သင်္ကြန်ပိတ်ရက်များ ရှိနေသည့်အတွက် မေလတွင်သာ စတင် စေလွှတ် နိုင်မည်ဟုလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2094
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သရက်သီးများကို ပြည်ပသို့ တင်ပို့ရာတွင် ယခင်နှစ်များ၌ တန်ချိန် သောင်းနှင့်ချီ တင်ပို့နိုင်သော် လည်း ယခုနှစ်မှာတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ အခက်အခဲ ရှိနေခြင်းကြောင့် တင်ပို့မှုသည် ယခင်နှစ်များ၏ ဆယ်ပုံတစ်ပုံသာ တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သရက်သီးတင်ပို့ရောင်းချသူများထံမှ သိရသည်။
တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များ ဖွင့်လှစ်ထားမှု မရှိခြင်း၊ တင်ပို့ရန် အခက်အခဲရှိခြင်း၊ သင်္ဘောဖြင့် တင်ပို့မည်ဆိုပါက အအေးခန်း ကွန်တိန်နာ ငှားရမ်းမှု အခက်အခဲရှိခြင်း၊ လေကြောင်းလိုင်းဖြင့် တင်ပို့ရမည်ဖြစ်ခြင်း စသည့် အခြေအနေများ ကြောင့် တင်ပို့မှု လျော့ကျနိုင်သည်ဟု မန္တလေး သရက်အုပ်စု၏ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်သန်းသန်းဆွေက “ခါတိုင်းက တန်ချိန်က သောင်းချီ၊ သိန်းချီ ပို့နိုင်တယ်။ Border Trade ကနေ သွားတာများတယ်။ အခု Border Trade က မရဘူးဆိုရင် လေယာဉ်ပျံနဲ့သွားမယ်၊ သင်္ဘောနဲ့ သွားမယ်ဆိုရင် အဲဒါရဲ့ ၁၀ ပုံ ၁ ပုံတောင် မလွယ်ပါဘူး။ အဲဒါ စင်္ကာပူသွားမယ်၊ တရုတ်သွားမယ်ဆိုတာက အဲတော့ ၅ ရက်ကနေ ၇ ရက်လောက်ကြာတယ်။ ကြာတဲ့အပြင်ကို လေယာဉ်နဲ့ဆို ၁ ရက်ပဲ ကြာပေမယ့်လည်း စရိတ်က အရမ်းကြီးတယ်။ အဲတော့ Border Trade က သွားတဲ့ဟာလောက်တော့ အရောင်းအဝယ်ဖြစ်မှာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
မြန်မာ့သရက်သီးကို ပြည်ပသို့ ဧပြီလမှစ၍ ဩဂုတ်လအထိ တင်ပို့ကြလေ့ရှိကြောင်း၊ တရုတ်နိုင်ငံကိုတော့ နယ်စပ်ကုန် သွယ်ရေးဂိတ်မှတဆင့် တင်ပို့ကြကြောင်း၊ စင်္ကာပူနိုင်ငံသို့ အအေးခန်း ကွန်တိန်နာသင်္ဘောဖြင့် တင်ပို့ကြကြောင်း သိရသည်။
မြန်မာ့သရက် ရောင်းချနေ
မြန်မာ့သရက်ကို ဝယ်ယူရန် တရုတ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ အမှာစာများ ရောက်ရှိနေပြီဖြစ်သော်လည်း နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း ပိတ်ထားခြင်းကြောင့် တင်ပို့နိုင်ရန် အခက်အခဲများ ရှိနေကြောင်း မြန်မာနိုင်ငံ သရက်သီးတင်ပို့သူများက ပြောသည်။
ထို့နောက် မြန်မာ့သရက်ကို ပြည်ပသို့ တင်ပို့မှု နည်းပါးသွားပါက ပြည်တွင်းဝယ်လိုအားဖြင့် ရပ်တည်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးမှုသည် သရက်သီး ထွက်ရှိမှုနှုန်း၏ ထက်ဝက်ခန့် ရှိခြင်းကြောင့် သရက်သီး စိုက်ပျိုးသူများအတွက် ယခုနှစ်တွင် အရှုံးနည်းမည်ဟု ဒေါ်သန်းသန်းဆွေက ပြောသည်။
၎င်းက “ပြည်တွင်းမှာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းက စားသုံးမှု ရှိပါတယ်။ မြန်မာလူမျိုးက သရက်အရမ်းကြိုက်တယ်။ နောက် တစ်ခုက လက်ဆောင်ပေးတဲ့ ဈေးကွက်ကလည်း မတိမ်ကောပါဘူး။ မြန်မာလူမျိုးတွေက စေတနာကောင်းတယ်။ စေတနာ ကောင်းတော့ လက်ဆောင် ပေးကြတယ်။ လက်ဆောင်ပေးတဲ့ ဈေးကွက် Export ထုတ်တာထက်ကို သူက ပိုက်ဆံ ပိုရပါ သေးတယ်။ အမြတ်နည်းသွားတာတို့၊ အရှုံးလည်း နည်းမယ်။ အမြတ်လည်း နည်းမယ်။ ဒါပေမယ့် တအားကြီး ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခုနှစ်တွင် မြန်မာ့သရက်ကို ပြည်ပသို့ တင်ပို့ရာ၌ ကုန်ကျစရိတ်များသည် ယခင်ကထက် အဆမတန် မြင့်မားနေခြင်း ကြောင့် ဆုံးရှုံးမှု များနိုင်ကြောင်း သရက်တင်ပို့သူများက ခန့်မှန်းနေကြသည်။
မြန်မာနိုင်ငံတွင် သရက်သီးကို မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် အများဆုံး စိုက်ပျိုးကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 3081
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁
ရုရှားခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ချင်သည်ဟု ပြောဆိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ဥရောပအာရှ စီးပွားရေးကော်မရှင်၏ ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွား ဧည့်သည်များ လွယ်ကူအဆင်ပြေစွာလည်ပတ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က “သူတို့ပြောအရဆို မြန်မာနိုင်ငံဆိုတာလှတယ်။ သူတို့တောင် သိနေ သေးတယ်။ ကျနော်တို့ ရုရှားနဲ့လည်း website မှာ တင်ထားတာရှိတယ်လေ။ ရှိတဲ့အခါကျတော့ သူတို့လည်း ဖိတ်ခေါ်တာပေါ့။ သူတို့ကတော့ မြန်မာပြည်ကို လာချင်တယ် လည်ပတ်ချင်တယ်။ အဲဒီလိုပြောတယ်။ ပြောတော့ ကျနော်တို့ကလည်း ဖိတ်ခေါ်တာပေါ့နော်။ နောက် ကျနော်တို့ ရုရှား language နဲ့ပတ်သက်တဲ့ HRပေါ့။ ဒီ language course တွေ ဘာတွေဆွေးနွေးတာတွေရှိတာပေါ့။ သူတို့ကလည်း ဒါကို ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောတာရှိတယ်။ beach တွေကြိုက်တယ်ဗျာ။ သူတို့ beach တွေတော့ ခဏခဏ အခု ဆွေးနွေးတဲ့အခါမှာလည်း beach တွေ သူတို့စိတ်ဝင်စားမှုရှိတယ်။ beach တွေလေ။ နောက် ရန်ကုန်၊ မန္တလေး ဒါကတော့ သွားရမှာပေါ့ သူတို့။ အဓိကကတော့ သူတို့ beach တွေစိတ်ဝင်စားတယ်လို့တော့ ပြောတယ်“ ဟု ပြောသည်။
ယခင်က မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ ဝင်ရောက်မှုမှာနည်းကာ တစ်နှစ်လျှင် ငါးထောင်ဦးရေခန့်သာ ရှိကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ရုရှားခရီးသွားဧည့်သည်များ လာရောက်သည့်အခါတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ရေး၊ တည်းခိုနေထိုင်ရေးတို့ကို ဆက်စပ်ဌာန၊ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ရုရှား-မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲရေး၊ အစိုးရ- ပုဂ္ဂလိကခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ ခရီးသွားကိုယ်စားလှယ်များ အပြန်အလှန်လည်ပတ်နိုင်ရေးတို့ကိုပါ ဆွေးနွေးခဲ့ကြသည်။
ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က “ထိုးမယ်ဆိုတာ ကိုယ်တစ်ယောက်တည်း ထထိုးလို့မရဘူး။ နှစ်ဖက်ထိုးမှရတာပေါ့နော်။ နှစ်ဖက်ကဆွေးနွေးပြီးလုပ်မှရမယ်။ အဲဒီတော့ ကျနော်တို့က G to G ထိုးမလား၊ B to B ထိုးမလားပေါ့နော် အဲဒါလေးတွေရှိတာပေါ့။ G to G ဆိုရင်တော့ ကျနော်တို့ဘက်က ခရီးသွားလုပ်ငန်း tourism ရှိမယ် ဒီဘက်ကရှိမယ်။ ကျနော်တို့ကတော့ တံခါးဖွင့်ထားတာပေါ့။ ဟိုဘက်နဲ့ဆက်သွယ်ပြီးတော့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတွေ သူ့မှာလည်းရှိမယ်၊ ကျနော်တို့လည်းရှိမယ်။ ထိုးလိုက်လို့ရှိရင်တော့ တစ်ခု ကောင်းတာက ဆက်ဆံရေး ပိုကောင်းတာပေါ့နော်။ မထိုးဘဲနဲ့လည်း ဧည့်သည်တွေလာနေတာရှိတယ်။ နိုင်ငံ အားလုံးနဲ့ ကျနော်တို့ ထိုးထားတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဧည့်သည်တွေလည်း သူ့ဟာသူ ဝင်နေတာ ရှိတာပေါ့နော်။ ထိုးခြင်းအားဖြင့်တော့လည်း G to G ၊ B to B ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းစေတာပေါ့နော်။ ကျနော်တို့ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ကတော့ ဧည့်သည်များများလာမယ်၊ များများသုံးမယ်။ နိုင်ငံမှာ သူတို့ရဲ့ ပိုက်ဆံတွေကျန်ခဲ့မယ်။ အဲ့ဒါမျိုးရှိတာပေါ့နော်။ အဲဒီတော့ ဘယ်ဧည့်သည်မဆို များများလာတာကို သဘောကျ တာပေါ့ ကျနော်တို့ကတော့” ဟု ပြောသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းအဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လည်း သာယာလှပသောခရီးစဉ်ဒေသများကို ရုရှားလူမျိုးခရီးသွားဧည့်သည်များ ပိုမိုလာရောက်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ကိုယ်စား လှယ်အဖွဲ့မှ ပြောဆိုကြောင်း သိရသည်။
ထို့အပြင် မိမိတို့အနေဖြင့်လည်း ရုရှားခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဟူ၍လည်း ပြောဆိုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကိုဗစ်ကူးစက်မှုများ လျော့ကျလာသည့်အတွက် နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များအား မြန်မာနှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇ ရက်)တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 3870
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၃၁
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင် ကုန်သွယ်မှုများ ရှိနေခြင်းကို ထိထိရောက် ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းမရှိပါက တရားဝင်ကုန်သွယ်ရေး လုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်း ကုန်သည်များက ပြောသည်။
လက်ရှိတွင် ကန့်သတ်ထားသည့် ကုန်ပစ္စည်းများကို တရားမဝင် ကုန်သွယ်မှုများရှိနေကြောင်း၊ တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းကို လမ်းကြောင်းပေးထားမည်ဆိုပါက တရားဝင် ကုန်သွယ်နေသည့် လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိလာနိုင် ကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးအောင်အောင်က “တရားမဝင် ကုန်သွယ်မှုကတော့ တိုက်ဖျက်သင့်တဲ့ လုပ်ငန်းတစ်ခုတည်းမှာ ပါတယ်။ တရားမဝင် ကုန်သွယ်မှုကို ဈေးတွေ ပေးထားမယ်ဆိုလို့ရှိရင် တရားဝင်လုပ်နေတဲ့ ကုန်သည်တွေအပေါ်မှာလည်း လာပြီးတော့ သက် ရောက်မှုတွေ ရှိတာပေါ့နော်။ တရားမဝင် ကုန်သွယ်မှုကို လွှတ်ထားလို့ မရဘူးလေ။ လွှတ်ထားလို့ရှိရင် တရားဝင် ကုန်သွယ် မှုကို ထိခိုက်နိုင်တယ်ပေါ့ဗျာ၊ ကျနော်မြင်တာကတော့။ ဒါပေမယ့် ကန့်သတ် ကုန်ပစ္စည်းကနေပြီးတော့ သွားတာ အရင် ကတည်းက ရှိနေတယ်လို့ သိရတယ်။ အခုလည်း ရှိနေမှာပါပဲ။ တရားဝင် ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကတော့ မဖြစ်နိုင်ပါ ဘူး”ဟု ပြောသည်။
တရားဝင် ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် အခွန် ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရခြင်းကြောင့် ခွင့်ပြုထားသည့် ကုန်ပစ္စည်း များသည် တရားမဝင် အနေဖြင့် တင်သွင်းရောင်းချကြမည် မဟုတ်ကြောင်း၊ ကန့်သတ်ထားသည့် ကုန်ပစ္စည်းများသာ တရား မဝင် လမ်းကြောင်းမှတဆင့် ဝင်ရောက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မောင်တောကုန်သွယ်ရေးစန်းကိုတွေ့ရစဉ်
လက်ရှိ ရခိုင်ပြည်နယ်အတွင်း သစ်၊ မူးယစ်ဆေးများနှင့် တခြား ကန့်သတ်ထားသည့် ကုန်စည်များကို တရားမဝင် တင်သွင်း နေကြကြောင်း၊ ထို့ကြောင့် တရားမဝင် လုပ်ငန်းများကို တိုက်ဖျက်ရန် ခရိုင်အလိုက် အဖွဲ့များ ဖွဲ့စည်း၍ သင်တန်းပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
တရားမဝင် ကုန်သွယ်ရေး ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် အခွန်ရရှိမှု နစ်နာနိုင်သည့်အတွက် တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး လုပ်ဆောင်နေသည်ဟု မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်စံသိန်းက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “တရားမဝင် သွားတယ်ဆိုတာက နိုင်ငံတော်အခွန် နစ်နာသွားတာပေါ့လေနော့်။ အဲဒါကြောင့် အခု တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး ဆိုပြီးတော့လေ၊ အဲဒါကို ဖွဲ့ပြီးတော့ မဖြစ်ရလေအောင်ပေါ့နော်။ အဲဒါကို ဖွဲ့ပြီးတော့ လုပ်ဆောင် သွားနေတယ်” ဟု ပြောသည်။
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး
မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်သည့်အခါ တရားမဝင် လမ်းကြောင်းမှတဆင့် သွားရောက်ရန် မဖြစ်နိုင်ကြောင်းနှင့် နည်းပါးကြောင်း၊ တောင်ပြိုနှင့်စစ်တွေ နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် သွားရောက်မှု ပိုများကြောင်း မောင်တောကုန်သည်တစ်ဦးဖြစ်သူ ဦးအောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်သွယ်ရေးနဲ့ ပတ်သက်လာရင် စစ်တွေက နည်းနည်းရတယ်။ ဒီဘက်မှာက မရပါဘူး။ စစ်တွေဘက်က တရား မဝင်က ပိုလွယ်တယ် မောင်တောဘက်ကထက်။ ဆိုတော့ စစ်တွေကနေ မောင်တော၊ ရသေ့တောင် သွားမယ့်သူတို့က ကုန်တင်ပြီးတော့ အရင်သွားမှာက ဘင်္ဂလားသွားမှာ အဲလိုမျိုး စစ်တွေကနေသွားမှာ။ ကျနော်တို့ ကြိမ်ချောင်းမှာဆိုလို့ရှိရင် တောင်ပြိုတို့ အဲဒီဘက်မှာ ရှိနိုင်တယ်” ဟု ပြောသည်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုကို တရားဝင် ဖွင့်လှစ်ထားသော်လည်း ရခိုင်ပြည်နယ်အတွင်း တရားမဝင် ကုန်သွယ်မှုအနေဖြင့် မူးယစ်ဆေးနှင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းများသည် ပိုမို ကြီးမားကြောင်း၊ ကန့်သတ်ထားသည့် ကော်ဖီမစ်၊ စီးကရက် စသည့် ကုန်စည်းများလည်း ပါဝင်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1744
CNI News
၂၀၂၂ ခုနှစ်၊ မတ် ၃၁
မကြာခင်တွင် ရောက်ရှိလာတော့မည့် သင်္ကြန်ပိတ်ရက်များတွင် အခြားဒေသများထက် ကမ်းခြေဒေသများ၌ ဟိုတယ်ဘိုကင်ယူထားမှု ပိုမိုများပြားနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။
သင်္ကြန်ပိတ်ရက်ကာလသည် ဧပြီ ၉ ရက်မှ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)အထိ ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြည်တွင်းခရီးသွားလာမှု များပြားနေခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “လက်ရှိမှာတော့ ပြည်တွင်းခရီးသွားလာမှုတွေက မြင့်တက် နေတယ်လို့ပဲ ပြောရမှာပေါ့။ လက်ရှိမှာ သင်္ကြန်အတွင်းနဲ့ပတ်သက်လို့ဆိုရင် ကမ်းခြေဒေသတွေက ချောင်းသာ၊ ငွေဆောင်၊ ငပလီ ဘာညာဆိုလို့ရှိရင်လည်း ဟိုတယ် ကြိုတင်မှာယူမှုတွေ များပြားနေတယ်။ တချို့ဟိုတယ်တွေ ဆိုလို့ရှိရင် တချို့ရက်တွေမှာဆိုလို့ရှိရင် သင်္ကြန်တွင်းကာလဆိုရင်တော့ နေရာလွတ်တောင် မရှိသလောက် ဖြစ်သွားတဲ့ အနေအထားမျိုးတွေတော့ ကြားနေရပါတယ်။ ကမ်းခြေဒေသတွေမှာ နည်းနည်းလေးပိုပြီးတော့ ကျန်တဲ့ဒေသတွေထက်စာရင် ပိုများတဲ့အနေအထားလေးတွေ တွေ့နေရပါတယ်။ အဲဒါတွေတော့ မလိုအပ်ပါဘူး (ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း)။ ကိုဗစ်ကာကွယ်ဆေးထိုးထားတယ်ဆိုတာက ပြည်ပက လာရောက် လည်ပတ်မယ့် ဧည့်သည်တွေလာရင် အတည်ပြုထိုးနှံထားတယ်ဆိုတဲ့ဟာလေးတွေ လုပ်ရမှာဖြစ်ပါတယ်။ ဒီ ပြည်တွင်းခရီးသွားလာတဲ့ အနေအထားမှာတော့ ဒီဟာတွေတော့ အခု လတ်တလောမှာတော့ ဆေးထိုးပြီးကြောင်း စစ်ဆေးတာတော့ သိပ်တော့မကြားမိပါဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းခရီးသွားလာမှုမှာ ၇.၂ သန်း ရှိခဲ့သော်လည်း လတ်တလော ကောက်ယူ ထားသည့်မှတ်တမ်းများအရ ယခု မတ်လတစ်လတည်းတွင် ပြည်တွင်းခရီးသွားလာမှုမှာ ၁.၃ သန်းခန့်ရှိသည့် အတွက် ယခုနှစ်တွင် ခရီးသွားလာမှု ပိုပြီး မြင့်တက်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဘုရားဖူးခရီးစဉ်မှအပ ကျန်ခရီးစဉ်များသည် မိမိအစီစဉ်ဖြင့် မိမိ သွားကြသည်မှာ များပြားပြီး လက်ရှိတွင်လည်း အုပ်စုဖွဲ့ ခရီးသွားလာမှုမှာ ပိုများကြောင်း သိရသည်။
သင်္ကြန်ကာလသည် ပုံမှန်ကာလများတွင် ပြည်တွင်းခရီးသွားလာမှုမှာ အမြင့်ဆုံးထိရှိခဲ့ကာ လက်ရှိတွင် နိုင်ငံရေး အခြေအနေမှာလည်း တည်ငြိမ်နေသည့်အတွက် သင်္ကြန်ကာလတွင် အမြင့်ဆုံးရောက်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
ဦးနောင်းနောင်းဟန်က “အခု သင်္ကြန်ပြီးလို့ရှိရင် ပြည်ပလေကြောင်းခရီးစဉ်တွေ ပြန်ပြေးဆွဲတဲ့အခါမှာ သင်္ကြန်ပြီး တဲ့အချိန်လောက်မှာ ပြည်ပကို ခရီးထွက်ကြမယ့် အချို့ မြန်မာလူမျိုးတွေရှိပါတယ်။ ဒီကနေထွက်မယ့်သူတွေပေ့ါ။ ပြင်ဆင်နေကြတယ်။ အရင်တုန်းက relief flight နဲ့ဆိုတော့ လိုက်လို့မရတဲ့ အခြေအနေတွေရှိတယ်။ ဒါကြောင့် မို့လို့ ပြည်တွင်းကနေတဲ့ နိုင်ငံသားတွေသည် outbound ခရီးစဉ်တွေထွက်ကြပါလိမ့်မယ်။ ဈေးဝယ်လို့ပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်ပေါ့။ အဲဒီခရီးစဉ်တွေ တော်တော်များများလေး မြင့်တက်လာပါလိမ့်မယ်”ဟု ပြောသည်။
လက်ရှိတွင် ကိုဗစ်ကူးစက်မှုများ လျော့နည်းလာပြီဖြစ်သဖြင့် ခရီးသွားလုပ်ငန်းပြန်လည်တိုးတက်လာစေရန် နှစ် နှစ်ကျော် ပိတ်ထားခဲ့သည့် နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များအား မြန်မာနှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇ ရက်)တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
ထို့အပြင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ကိုဗစ်ကူးစက်မှု လျော့ကျနေသည့်အတွက် ခရီးသွားလာမှုအပိုင်း၌ ကိုဗစ် စည်းမျဥ်း စည်းကမ်းသတ်မှတ်ချက်များအား ဖြေလျှော့ပေးခြင်းများလုပ်ဆောင်နေကာ ခရီးသွားလုပ်ငန်းအား ပြန်လည်ဖော်ဆောင်ရန် လုပ်ဆောင်နေကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2105
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၃၀
မဟာသင်္ကြန်ကာလအတွင်း YBS ခရီးသည်တင်ယာဉ် အစီးရေ ၃ ပုံ ၁ ပြေးဆွဲရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု ကော်မတီ(YRTC)ထံမှ သိရပါသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လိုင်း ၁၁၈ လိုင်းမှ ယာဉ်အစီးရေ ၃၀၀၀ ဝန်းကျင်နှင့် ခရီးသည် ၆၀၀၀၀၀ (ခြောက်သိန်း)ခန့်ကို တင်ဆောင်လျက် နေ့စဉ် သယ်ယူပို့ဆောင် ပေးလျှက်ရှိနေကြောင်း၊ သင်္ကြန်ကာလ၌ ယာဉ်လိုင်း တစ် လိုင်းမှ အနည်းဆုံး ၃ ပုံ ၁ ပုံခန့် ပြေးဆွဲပေးရန် အကြောင်းကြားထားကြောင်း YRTC အတွင်းရေးမှူး ဦးလျန်ကျင့်မန်က CNI သတင်းဌာနသို့ ပြောသည်။
ဦးလျန်ကျင့်မန်က "သင်္ကြန်မှာတော့ ယာဉ်လိုင်းတစ်လိုင်းကို ၃ ပုံ ၁ ပုံလောက် အနည်းဆုံး ပြေးဆွဲပေးဖို့ ကျနော်တို့ အကြောင်းကြားထားတာ ရှိပါတယ်။ ပြီးတော့ ယာဉ်စီးခ တိုးမကောက်ဖို့၊ ယာဉ်အန္တရာယ်ကင်းအောင် မောင်းဖို့တော့ အကြောင်းကြားထားတယ်။ အဓိကကတော့ သင်္ကြန်တွင်းကျတော့လည်း ယာဉ်မောင်းတွေကလည်း နားချင်တာတွေ ရှိတယ်လေ" ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းပေါင်း ၁၁၈ လိုင်းမှ ယာဉ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ပြေးဆွဲနေခြင်းကြောင့် သင်္ကြန်ကာလအတွင်း ယာဉ်အစီးရေ ၉၀၀ ကျော် ပြေးဆွဲပေးရန် လျာထားကြောင်း သိရသည်။
ထို့ပြင် သင်္ကြန်ကာလအတွင်း YBS ခရီးသည်တင် ယာဉ်စီးခကို ပုံမှန်ယာဉ်စီးခ နှုန်းထားအတိုင်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း ခေတ်သစ်ဘုရင့်နောင် အများပိုင်ယာဉ်လိုင်း YBS ကုမ္ပဏီဥက္ကဌ ဦးဇော်မင်းက CNI သတင်းဌာနသို့ ပြောသည်။
CNG ဖြည့်နေတဲ့ YBS
ဦးဇော်မင်းက "သင်္ကြန်တွင်း ပိတ်ရက်က ခရီးသည်တွေ အကုန်လုံး ပြန်ကြတာကိုး။ လူမတက်ဘူးဆိုရင် ဆီအကုန် ကျခံပြီး တော့ ဆွဲလို့က မဖြစ်သေးဘူးလေ။ အဲတော့ ထွက်နိုင်တဲ့ ယာဉ်အစီးရေလောက်ပဲ ထွက်ပြီးတော့ ယာဉ်စီးခကို ပုံမှန်ကောက် ဖို့ပဲ ညွှန်ကြားမှု ပေးထားတာပေါ့နော်" ဟု ပြောသည်။
သင်္ကြန်တွင်းကာလ YBS ယာဉ်လိုင်းများအနေဖြင့် ၃ ပုံ ၁ ပုံ ထွက်ရှိရမည်ဟု ညွှန်ကြားထားသော်လည်း လက်ရှိတွင် ထွက်ရှိ မည့် ကားအရေအတွက်စာရင်း စိစစ်မှု မပြီးသေးခြင်းကြောင့် ရာခိုင်နှုန်းမည်မျှ ပြေးဆွဲပေးနိုင်မည်ကို မသိသေးကြောင်း ၎င်း က ပြောသည်။
ဦးဇော်မင်းက "သင်္ကြန်ပြေးဆွဲမှုကတော့ ကားအကုန်လုံး အပြည့်တော့ မထွက်နိုင်ဘူးပေါ့နော်။ သို့သော်လည်း ခေတ်သစ် ဘုရင့်နောင်ကုမ္ပဏီအနေနဲ့ ဒီသင်္ကြန်တွင်းကာလမှာ ဘယ်နှစီး ထွက်ပါမယ်ဆိုတာကို YRTC ကို တင်ပေးရမှာပါ။ မစိစစ် ရသေးလို့ ဘယ်နှရာခိုင်နှုန်း ထွက်မယ်ဆိုတာ မသိသေးတာပါ" ဟု ပြောသည်။
သင်္ကြန်တွင်းကာလ ပြေးဆွဲသည့် YBS ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခ တိုးကောက်မည်ဆိုပါက တိုင်ကြားနိုင်ပြီး CNG ပိတ်သိမ်းခြင်းနှင့် လုပ်ငန်းလိုင်စင် ရပ်နားထားခြင်းများကို ပြုလုပ်သွားမည်ဟု YRTC ထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 3574
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၃၀
မလေးရှားသို့ မြန်မာလုပ်သား စေလွှတ်ခြင်းအား ၂၀၂၀ ခုနှစ်၊ မတ်လကတည်းက ကိုဗစ်ကြောင့် ရပ်နားထားခြင်းဖြစ်ကာ ယခု အခါတွင် စေလွှတ်မှု ပြန်လည်စတင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ သိရသည်။
မလေးရှားဘက်မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ မတိုင်ခင်အထိ ခေါ်ယူထားသည့် အလုပ်ခေါ်စာ အဟောင်းများအား ပြန်လည် သက်တမ်းတိုးခြင်းများ လုပ်ဆောင်နေကြောင်း၊ ထိုကိစ္စပြီးပါက လုပ်သားစေလွှတ်ခြင်းအတွက် ခေါ်စာအား အလုပ်သမား သံအရာရှိထံတွင် ထောက်ခံချက်ယူရကြောင်း MOEAF မှ မလေးရှားလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဇော်မင်းမင်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးဇော်မင်းမင်းက “စေလွှတ်ရေးလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း စပြီပေါ့။ ကိုဗစ်မဖြစ်ခင်က ကျထားတဲ့ အလုပ်ခေါ်စာတွေ ပြီးသွားတဲ့ အခါကျတော့ အလုပ်ကမ်းလှမ်းစာတွေ ရှိတယ်ပေါ့။ အဲဒီကျထားတဲ့ ဟာတွေကို ကျနော်တို့က ဘာမှမလုပ်ပဲ ရပ်ချ လိုက်တယ်။ အဲဒီကနေပြီးတော့ အခု သက်တမ်းတိုးဖို့ ပြန်ပြီးတော့ ခွင့်ပြုတယ်ဆိုပြီးတော့ ဟိုဘက်မှာရှိတဲ့ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေကို အကြောင်းကြားတယ်။ အဲဒီဟာကိုရတဲ့ အလုပ်ရှင်တွေက ဒီဘက်မှာ ချိတ်ဆက်ထားတဲ့ မြန်မာအေဂျင်စီ တွေနဲ့ ပြန်အဆက်သွယ် လုပ်ကြတယ်ပေါ့။ ဒါတွေကို သက်တမ်းတိုးမလား မတိုးဘူးလားဆိုပြီးတော့ တချို့လည်းရသွားပြီ သက်တမ်းတိုးတယ်။ ဒီဘက်မှာလိုအပ်တဲ့ စာရွက်စာတမ်းတွေ အထောက်အထားတွေလုပ်ပြီး ပြန်ပို့နေတယ်ပေါ့။ တချို့ ပတ်စပို့စ် သက်တမ်းမပြည့်တော့တဲ့ဟာတွေ သက်တမ်းတိုး ပေးရတာရှိတယ်။ တချို့ ဆေးပြန်စစ်ပေးရတာ ရှိတယ်။ အဲဒါ တွေ လုပ်နေကြပြီ”ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် ကိုဗစ်စည်းမျဉ်းစည်းကမ်း ဖြေလျှော့မှုများအား စတင်လုပ်ဆောင်မည် ဖြစ်သည့်အတွက် ယခုကဲ့သို့ မြန်မာလုပ်သားများ ပြန်လည်စေလွှတ်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးကိုတွေ့ရစဉ်
တရားဝင် လိုင်စင်ရ အေဂျင်စီ ၃၂၂ ခုရှိပြီး ထိုအေဂျင်စီများ အားလုံးတွင် မလေးရှားသို့ သွားရောက်လုပ်ကိုင်ရန် လျှောက်ထား နိုင်ကြောင်း သိရသည်။
ဦးဇော်မင်းမင်းက “သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား အေဂျင်စီပေါ့။ နှစ်ဖက်လုံးရှိတဲ့ မြန်မာ-မလေးရှား အေဂျင်စီ အပေါင်း အစိုးရနှစ်ဖွဲ့က ဒီလူဟောင်းတွေကိုပဲ ပြီးပြတ်အောင်လုပ်မယ့် သဘောရှိတာပေါ့။ သက်တမ်းတိုးတာကိုက မလေးရှားမှာ နှစ်ပိုင်းလုပ်ထားတယ်။ အဟောင်းတွေရဲ့ သက်တမ်းတိုးပြီး စေလွှတ်တာတစ်ပိုင်း၊ အသစ်ကို ပြီးမှ အတင်ခံ မယ်ဆိုတဲ့ ပုံစံမျိုး ကြေညာထားတာ။ တချို့က calling visa ကျထားပြီးသား။ ကျထားပြီးသားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူတို့ကျတော့ ပြန်လျှောက်တယ်လို့ မခေါ်ဘူး သက်တမ်းတိုးရုံပဲ” ဟု ပြောသည်။
အဆိုပါ သက်တမ်းတိုးမှုကို တစ်ဦးလျှင် ဝန်ဆောင်ခမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅၀ ကုန်ကျမည်ဖြစ်ပြီး ယခုအခါတွင် ကိုဗစ် ရှိ/မရှိ PCR ဖြင့် စစ်ဆေးရမည့် ကုန်ကျစရိတ်ပါ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိကာလတွင် မလေးရှားသို့ မိမိအစီအစဉ်ဖြင့် သီးသန့်သွားရောက်ကာ အလုပ်လုပ်ကိုင် နေမှုများရှိကြောင်းလည်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများ
ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက“ကိုယ့်အစီအစဉ်ဆိုတာလေ ကိုယ့်ဘာသာကိုယ် အလုပ်ရှင်နဲ့ တိုက်ရိုက်ချိတ်၊ များသော အားဖြင့် လာကြတာက ဆရာဝန်တို့၊ အင်ဂျင်နီယာတို့၊ ပါမောက္ခတို့ နောက်တစ်ခါကျတော့ အာဆီယံရုံးတွေမှာ အလုပ်လုပ်တဲ့ သူတွေ။ အဲ့ဒါတွေက အေဂျင်စီနဲ့ ချိတ်စရာမလိုဘူး။ အေဂျင်စီနဲ့ ချိတ်စရာ လိုတယ်ဆိုတာက general worker လိုဟာမျိုး တွေဆိုရင် အစ်မတို့က ဒီတိုင်းခွင့်မပြုဘူးလေ။ အေဂျင်စီနဲ့မှ တဆင့်ချိတ်ရတာ။ အစ်မတို့နဲ့ မလေးရှားတို့နဲ့က MOU မထိုး ထားဘူး။ သူတို့ဘက်ကနေမှ ခေါ်နေပြီ အလုပ်ရှင်တွေက demand တွေပေးနေပြီ။
အလုပ်သမားဌာနက calling visa တွေ ပေးနေပြီ။ အဲဒီလိုမျိုးဆိုရင် သူတို့ အေဂျင်စီတွေကို ချိတ်ပြီးတော့ အေဂျင်စီတွေကနေမှ အစ်မတို့ကို demand letter တွေ တင်မှာပေါ့နော်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် မလေးရှားနိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ် MOU မထိုးထားသော်လည်း မလေးရှားတွင် အလုပ်သမား သံအရာရှိ ရှိသဖြင့် ၎င်းမှ Demand letter များ မှန်ကန်သည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြီး စေလွှတ်ခွင့်ပေး ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် ပထမအများဆုံးမှာ ထိုင်းနိုင်ငံသို့ ဖြစ်ပြီး ဒုတိယအများဆုံးမှာ မလေးရှားနိုင်ငံဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 2200
CNI News
၂၀၂၂ ခုနှစ်၊ မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို ည ၁၀ နာရီအထိ ပြေးဆွဲပေးရန် ရန်ကုန်တိုင်း ဒေသ ကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုကော်မတီ(YRTC)က ညွှန်ကြားထားသော်လည်း YBS ယာဉ်လိုင်းများ အနေဖြင့် ပြေးဆွဲပေးရန် အခက်အခဲရှိနေကြောင်း YBS ယာဉ်လိုင်းကုမ္ပဏီများထံမှ သိရသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းအတွက် CNG ထည့်ပေးသည့် အချိန်ကို ၈ နာရီ နောက်ဆုံးထား သတ်မှတ်ထားခြင်းကြောင့် ယာဉ်လိုင်းများအနေဖြင့် CNG ထည့်သွင်းရန် အချိန်လိုအပ်သည့်အတွက် ည ၁၀ နာရီအထိ ပြေးဆွဲပေးရန် အခက်အခဲ ရှိနေခြင်းဖြစ်ကြောင်း ခေတ်သစ်ဘုရင့်နောင် YBS ယာဉ်လိုင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်မင်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးဇော်မင်းက “တို့ယာဉ်တွေ ပြေးဆွဲတဲ့နေရာမှာ ၁၀ နာရီအထိ ပြေးဆွဲတဲ့နေရာမှာ အခေါက်ရေများလေ ပိုပြီးတော့ အဆင် ပြေလေပေါ့နော်။ ပိုက်ဆံ ပိုကျန်လေပေါ့နော်။ သို့သော်လည်း YBS ဆိုတာ CNG နဲ့ လျှပ်စစ်မီးနဲ့ ရတဲ့အပေါ်မှာ မူတည်ပြီး တော့ အခေါက်ရေ ပြေးဆွဲရတာကိုး။ မီးပျက်နေရင်လည်း သတ်မှတ်ချိန်ကတော့ ပြည့်မှာ မဟုတ်ဘူး တန်းစီရတာနဲ့။ အဲတော့ မီးပျက်နေတယ်ဆိုလည်း သူတို့က CNG ထည့်လို့မရဘူး။ CNG မှာ pressure နည်းနေလို့ pressure ဖြည့်နေရင်လည်း အချိန် ပေးရတယ်။ ဒီအပေါ်မှာတော့ တစ်ခုနဲ့တစ်ခု ညီနေတယ်ဆိုရင်တော့ သူတို့သတ်မှတ် ၁၀ နာရီ ပြည့်အောင်တော့ အကုန်လုံး ပြေးဆွဲရမှာပဲ။ မီးမှန်ဖို့ အရေးကြီးတယ်။ မီးမမှန်ရင်တော့ ပြေးဆွဲနိုင်မှာ မဟုတ်ဘူး။ အဲဒါတော့ မရနိုင်ဘူး”ဟု ပြောသည်။
YBS ယာဉ်လိုင်းများအတွက် CNG ထည့်သွင်းသည့် အချိန်ကို တိုးမြှင့်ပေးမှသာ ည ၁၀ နာရီအထိ ပြေးဆွဲရန် အဆင်ပြေနိုင် ကြောင်း၊ လက်ရှိတွင် ည ၉ နာရီ နောက်ဆုံးထား ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ CNG ထည့်သွင်းသည့် အချိန်ကို တိုးမြှင့်ပေးရန် လိုအပ်ကြောင်း၊ တိုးမြှင့်ပေးသည့်အချိန် အတိုင်းအတာပေါ် မူတည်၍ YBS ယာဉ်လိုင်းများမှာလည်း ည ၁၀ နာရီအထိ ပြေးဆွဲ ၍ ရနိုင်မည်ဖြစ်ကြောင်း YBS ယာဉ်လိုင်းကုမ္ပဏီများက ပြောသည်။
YBS ယာဉ်များ CNG ထည့်နေစဉ်
ဦးဇော်မင်း “၁၀ နာရီအထိကို ပြေးဆွဲဖို့က ယခင်ကလည်း ၁၀ နာရီအထိတောင်မှ မြို့ထဲမှာ လူမရှိကြဘူး။ နဂိုကလည်း လူမရှိ ဘူးနော် မြို့ထဲမှာ။ အဲတော့ ဒီဟာကို သတ်မှတ်ချိန်က မြို့ထဲကလူ ကုန်အောင်တော့ နောက်ဆုံး ၉ နာရီအထိအောင်တော့ မြို့ ထဲကနေ ဆွဲပေးလို့ရတယ်။ သို့သော် ဆွဲပြီးတာနဲ့ CNG ပြန်တန်းစီရတဲ့အချိန်က CNG သတ်မှတ်ချိန်က မတိုးပေးထားလို့ CNG သတ်မှတ်ချိန် တိုးပေးပြီးမှသာ ပြောလို့ရမှာ။ CNG သတ်မှတ်ချိန်ကို တစ်ညလုံး ထည့်ပေးမှာလား။ ၂၄ နာရီ ထည့်ပေးမှာလား။ ၆ နာရီအထိ ထည့်ပေးမှာလား။ CNG ထည့်တဲ့အပေါ်မှာလည်း မူတည်တာပေါ့။ CNG မတိုးပေးဘူး ဒီပုံအတိုင်းပဲ ၇ နာရီ၊ ၈ နာရီလောက်ပဲ ပိတ်တယ်ဆိုရင်တော့ ၁၀ နာရီအထိ ဆွဲပေးလို့မရဘူး။ ပြန်မှ ထည့်ရတာကိုး။ အဲဒါကလည်း ကျန်သေးတယ်” ဟု ပြောသည်။
CNG ထည့်ပေးသည့်အချိန် တိုးမြှင့်ပေးရန် လိုအပ်သည့် ကိစ္စနှင့်ပတ်သက်ပြီး YBS ယာဉ်လိုင်းများအနေဖြင့် (YRTC) ထံသို့ တင်ပြလာမှသာ YRTC မှတဆင့် အစိုးရအဖွဲ့ထံ တောင်းဆိုပေး၍ ရနိုင်မည်ဖြစ်ကြောင်း YRTC အတွင်းရေးမှူး ဦးလျန်ကျင့်မန် က CNI သတင်းဌာနသို့ ပြောသည်။
ဦးလျန်ကျင့်မန်က “အဲဒါက စာတင်လာရင် ကျနော်တို့ တောင်းဆိုပေးမယ်လေ။ အဲလိုမျိုး လိုအပ်လာရင်တော့ ကျနော်တို့ တင်ပြပေးမှာပေါ့နော်။ အစိုးရပိုင်း၊ အစိုးရအဖွဲ့တွေကို တင်ပေးမယ်လေ။ စာတင်လာရင် ကျနော်တို့ တောင်းပေးမယ်။ ကျနော် တို့ ညှိနှိုင်းပေးမယ် သူတို့အတွက်ကို စာထုတ်ပေးမှာပေါ့နော်”ဟု ပြောသည်။
YBS ယာဉ်များ ပြေးဆွဲနေစဉ်
လတ်တလောတွင် CNG ထည့်သွင်းရန် ကားတန်းစီနေသည့် အခြေအနေပေါ် မူတည်၍ အချိန်ဖြင့် ထည့်သွင်းပေးနေကြောင်း၊ သင်္ကြန်ကာလ ပြီးသည့်အခါတွင် အချိန်ကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ ကျနော်တို့ ထွက်လာတဲ့ ကားတန်းနဲ့ ယာဉ် အနေအထားတွေ ကြည့်ပြီးတော့ ပုံမှန်သတ်မှတ် ထားပေမယ့် ၈ နာရီ၊ ၈ နာရီခွဲ၊ ၉ နာရီအထိ ကားတန်းစီကို ကြည့်ပြီးတော့ ကျနော်တို့ အဲလိုလေး ဖြတ်ပေးနေပါတယ်။ သင်္ကြန်ပြီး ကာလတွေဆိုရင်တော့ ကျနော်တို့ အချိန်ကို ထပ်ပြီးတော့ တိုးပြီးတော့ ဖွင့်လှစ်ပေးမှာပါ” ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၈ လိုင်းမှ ယာဉ်အစီးရေ ၃၀၀၀ နီးပါးဖြင့် ခရီးသည် ၆ သိန်းခွဲကို တင်ဆောင်၍ နေ့စဉ် ပြေးဆွဲပေးလျှက်ရှိကြောင်း YRTC ထံမှ သိရသည်။
