- By CNI
- Category: စီးပွားရေး
- Hits: 1399
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကန့်သတ်လိုက်သည့် နိုင်ငံခြားငွေလဲလှယ်မှုထဲတွင် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများကိုသာ ကင်းလွတ်ခွင့်ပေးထားပြီး ပြည်တွင်းလုပ်ငန်းများကို မပေးထားသည့်အတွက် ယင်း မူဝါဒသည် ရေရှည်အတွက် မဖြစ်နိုင်ကြောင်းနှင့် ပြည်တွင်းရှိလုပ်ငန်းများအတွက် ထိခိုက်နိုင်ကြောင်း မြန်မာ့စီးပွားရေးလေ့လာသူများက ပြောသည်။
နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် အထူးစီးပွားရေးဇုန် လုပ်ငန်းများကိုသာ ကင်းလွတ်ခွင့်ပေးထားပြီး ပြည်တွင်းရှိ ပို့ကုန် သွင်းကုန်လုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို ကန့်သတ်ထားခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို ချုပ်နှောင်ထားသည့် အခြေအနေ သက်ရောက်နေသည့်အတွက် ရေတိုတွင် အစိုးရ၏ လိုအပ်ချက် ပြေလည်နိုင်သော်လည်း ရေရှည်တွင် သွား၍ ရနိုင်မည်မဟုတ်ဟု စီးပွားရေးပညာရှင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကိုယ့်လူကို ကိုယ်ပြန်သတ်ထားတာလေ Long term မှာပေါ့လေ။ Short term မှာတော့ အစိုးရရဲ့ သူ့ ရည်ရွယ်ချက်ကို ရကောင်း ရမယ်ပေါ့လေ။ ဒေါ်လာတွေ တရားဝင် ဝင်လာတာတို့၊ နောက်ပိုင်း Competition မလုပ်နိုင်ပါဘူး။ ကိုယ့်လူကို ခြေထောက်ကို ချည်ထားတယ်။ Foreign investors ကို ကျတော့ လွတ်လွတ်လပ်လပ် ပြေးခွင့်ရှိတယ်။ အဲ့ပြိုင်ပွဲမှာ ကိုယ့်လူ နာမှာပဲလေ။ Business ချင်း တူလို့ ရှိရင် Foreign investment က ပိုပြီးတော့ အသာရသွားတဲ့သဘော ရှိသွားတာပဲ။ ပြည်တွင်းလုပ်ငန်းရှင် ကို သတ်တဲ့သဘော ဖြစ်နေတာပေါ့လေ။ ထင်ပါတယ် Policy က နောက်ပိုင်းတော့ ပြန်ရှင်းသွားလိမ့် မယ်။ ဒါ ရေရှည်သွားလို့တော့ မရဘူး” ဟု ပြောသည်။
ပြည်ပမှ ဝင်ရောက်လာသည့် ပို့ကုန် သွင်းကုန် လုပ်ငန်းများမှ ရရှိထားသည့် အမေရိကန်ဒေါ်လာများကို တစ်ရက်အတွင်း ၁၈၅၀ ကျပ်ဖြင့် ရောင်းချရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားခဲ့ သည်။
ထို့နောက် နိုင်ငံခြားငွေများကို AD လိုင်စင်ရ ဘဏ်များမှ လိုအပ်လျှင် လိုအပ်သလောက် ပြန်လည် ရောင်းချပေးမည်ဟု ဆိုထားသော်လည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် တိကျသေချာသည့် ထုတ်ပြန်ချက် ထုတ်ပြန်ပေးထားခြင်း မရှိကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
“ဒါက အပြေးပြိုင်ပွဲ လုပ်နေတာလေ။ Foreign investors ကိုကျတော့ Favor ပေးတယ်။ သူတို့က မပေးဘူး မဟုတ်ဘူးလေ။ ကိုယ့်ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်း လိုရင် လိုသလို ပေးမယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် အဲဒီဟာက Commitment (ကတိကဝတ်) တောင် မဟုတ်ဘူး။ အဆင်ပြေသလို လုပ်ပေးမယ့် သဘောမျိုး။ Foreign investors တွေကျတော့ Commitment ရသွားပြီ။ သူတို့အတွက်က Expansion ပြုလိုက်တယ်ဆိုတော့” ဟု CNI သို့ ပြောသည်။
နိုင်ငံခြားငွေ လဲလှယ်မှု ကန့်သတ်ချက်ကြောင့် ပြည်တွင်းတွင် စက်သုံးဆီ အခက်အခဲ ဖြစ်ပေါ်သွားသည့် အပြင် ပြည်ပမှ တင်သွင်းသည့် သံ၊ ဘိလပ်မြေ၊ လျှပ်စစ်ပစ္စည်းများကို မှီခို အားထားနေရသည့် ဆောက်လုပ်ရေးလုပ်ငန်းများလည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က “အဓိက ဒေါ်လာ ဒီလိုနှုန်း သတ်မှတ်လိုက်တဲ့ အခါမှာ စက်သုံးဆီကအစပေါ့နော် အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တယ်။ ကျနော်တို့ ဆောက်လုပ်ရေးမှာ နိုင်ငံခြား သွင်းကုန်တွေနဲ့ လှောင်နေရတဲ့ ပစ္စည်းက အများကြီးပဲ။ အဲဒါကြောင့်မလို့ ငွေကြေးနဲ့ပတ်သက်တဲ့ ကန့်သတ်လိုက်တဲ့အပေါ်မှာတော့ နိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်းတွေနဲ့ ပတ်သက်တဲ့လုပ်ငန်း လုပ်တဲ့သူမှန်သမျှက Export, Import လုပ်တဲ့သူတွေ၊ ကျနော်တို့ ဆောက်လုပ်ရေး ကဏ္ဍမှာလည်း နိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာတော့ အခိုက် အတန့်တော့ အခက်အခဲလေးတွေ ဖြစ်တယ်လို့တော့ ပြောလို့ရမှာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြည်တွင်းလုပ်ငန်းရှင်များကို ခွဲခြားဆက်ဆံခြင်းမဟုတ်ကြောင်းနှင့် နိုင်ငံခြားငွေလိုသည့်အခါ ပြန်ထုတ်ပေးရန် လုပ်ငန်းစဉ် အသေးစိတ် ပြင်ဆင်နေသည်ဟုလည်း ပြောကြားထားသည်။
သို့သော် နိုင်ငံခြားငွေ ကန့်သတ်ချက်နှင့်ပတ်သက်ပြီး ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို တပြေးညီ တန်းတူ အခွင့်အရေးများပေးစေလိုကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1868
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂
ပြည်တွင်း ရွှေဈေးနှုန်းများကို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဈေးနှုန်းဖြင့် တွက်ချက်၍ ရောင်းချမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဆုံးဖြတ်ခဲ့သော်လည်း ထိုဈေးနှုန်းဖြင့် ရောင်းချမည့် ရွှေကုန်သည်များ မရှိကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များသည် ဒေါ်လာဈေးနှုန်း ၂၀၀၀ ကျပ်ဖြင့် တွက်ချက်၍ ရွှေဈေးနှုန်း သတ်မှတ်ပြီး ရောင်းချနေကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာန သို့ ပြောသည်။
ဦးမျိုးမြင့်က “အခုက ဗဟိုဘဏ်နှုန်းထားနဲ့ ရောင်းတဲ့သူက မရောင်းတော့ဘူး။ ရောင်းတဲ့သူတွေကလည်း ဆိုင်တွေက ဈေးနှုန်းအတိုင်း ၂၀၀၀ နဲ့ တွက်ပြီးတော့ ရောင်းနေကြတယ်။ ၁၈၅၀ နဲ့ အရောင်းအဝယ် မဖြစ်ကြဘူး။ အဓိက ရောင်းတဲ့သူက ၁၈၅၀ နဲ့ ရောင်းနိုင်ရင်တော့ အလုပ်ဖြစ်တာပေါ့။ ရောင်းတဲ့သူက ၁၈၅၀ နဲ့ဆို မရောင်းတော့ဘူးလေ။ သူက ဘယ်လောက် ရမှဆိုပြီးတော့ သူက ပစ္စည်းရှားတဲ့ အခါကျတော့ သူ့ပစ္စည်းသူ ပေါက်ဈေးနဲ့ပဲ ရောင်းတာပေါ့။ ပေါက်ဈေးဆိုတာလည်း အခု အပြင်မှာ ကျနော်တို့ဆိုင်တွေက မိုးတွင်းကတည်းက စဖွင့်ထားတာလေ။ ဆိုင်ဈေးနဲ့ပဲ၊ အသင်းမှာ ဈေးနည်းရင် ဆိုင်ကို သွား ရောင်း ကြတာပဲ။ အသင်းမှာ ရောင်းမယ့်သူကို မရှိဘူး ဖြစ်နေတယ်” ဟု ပြောသည်။
ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာဈေးနှုန်းဖြင့် ပြည်တွင်း ရွှေဈေးနှုန်းကို တွက်ချက်သည့်အခါတွင် ရွှေဈေးနှုန်း အပြောင်းအလဲ အနည်းငယ် ရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။
ရွှေဆိုင်ကိုတွေ့ရစဉ်(ဆင်ဟွာ)
လက်ရှိတွင် ပြည်တွင်း ဒေါ်လာပေါက်ဈေးဖြင့် ရွှေဆိုင်များက ရောင်းချနေခြင်းကြောင့် ရွှေဈေးနှုန်းများသည် အမြင့်ဈေးတွင် သာ ဆက်လက် ရှိနေနိုင်ပြီး ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းမှ ပြည်တွင်း ရွှေဈေးနှုန်းများလည်း လိုက်ပါကျဆင်းတော့မည်ဟု ရွှေလေ့လာသူများက ပြောသည်။
ထို့ကြောင့် ရွှေဈေးနှုန်း ထပ်မံမြင့်တက်မည်ကို စိုးရိမ်ခြင်းကြောင့် ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် လာရောက်ဝယ်ယူမှုများ များပြားနေကြောင်း ဦးမျိုးမြင့်က ပြောသည်။
၎င်းက “အသင်းရုံးက ဖွင့်တာ နောက်ကျတယ်။ ဆိုင်တွေက သူ့ဈေးနဲ့သူ ဖွင့်ထားတယ်။ ဖွင့်ထားတော့ ဆိုင်တွေဈေးနဲ့ပဲ အရောင်းအဝယ် လုပ်နေကြတာပေါ့။ အားလုံးကတော့ အဝယ်လိုက်တာလို့ပဲ ပြောလို့ရမယ်။ ကျန်တာတော့ သူ့ဟာသူ ရွှေစု ကြတဲ့ သဘောပါပဲ။ ရွှေဈေး တက်မယ်ဆိုပြီး စုကြတဲ့ သဘောပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရွှေဆိုင်များတွင် ဝယ်လိုအား များနေသော်လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံးသို့ လာရောက် ဝယ်ယူ သူ နည်းပါးလျှက်ရှိကြောင်း၊ ယခင်က တစ်ရက်လျှင် ရွှေပိဿာချိန် ၅၀ နီးပါး ရောင်းချရသော်လည်း လက်ရှိတွင် အနည်းငယ် သာ ဝယ်ယူမှု ရှိကြောင်း သိရသည်။
ယနေ့(ဧပြီလ ၂၂ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ၂၀၈၆၀၀၀ ဈေးနှုန်း ရှိကြောင်း တွေ့ရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1675
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂
ကိုဗစ်ကြောင့်ပိတ်ထားသည့် နိုင်ငံတကာလေကြောင်းလိုင်း Commercial Flight များအား ဧပြီ ၁၇ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ပြီးနောက် ဧပြီ ၂၁ ရက်နေ့အထိ နိုင်ငံခြားသား ၅၀၀ နီးပါး ဝင်ရောက်မှု ရှိခဲ့ကြောင်း ရန်ကုန်လေဆိပ် Information ကောင်တာမှ သိရသည်။
ထိုဝင်ရောက်လာသည့် နိုင်ငံခြားသားများထဲတွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း ရန်ကုန်လေဆိပ် Information ကောင်တာတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သက်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“နိုင်ငံခြားသားတွေကတော့ business လာတဲ့လူပေါ့။ နေပြည်တော်မှာရှိတဲ့ ကျောက်မျက်ပြပွဲလိုဟာမျိုး လာတာမျိုးတွေရှိတယ်။ တချို့ကျတော့လည်း အလုပ်ကိစ္စ လာတာမျိုးတွေရှိတယ်။ တချို့ကျတော့လည်း သံတမန်နဲ့လာတာမျိုးတွေရှိတယ်ပေ့ါ။ ဒီရက်ထဲမှာတော့ Tourist visa ကျတော့ ၁၇ ရက်မတိုင်ခင် website ကနေ e-visa လျှောက်ထားဖို့စတင်ခွင့်ပြုတဲ့ဟာဆိုတော့ ဒီရက်ပိုင်းအစမှာတော့ ဒါကို ကျယ်ကျယ်ပြန့်ပြန့်လည်း မသိရှိနိုင်တာမို့လို့။ စပြီးတော့ ကြေညာထားတာမို့လို့ လတ်တလောတော့ tourist visa နဲ့ ဝင်လာတဲ့သူကတော့ ပြီးခဲ့တဲ့ ၅ ရက်မှာ မရှိသေးဘူး။ business နဲ့ လာတဲ့ဟာများပါတယ်။ သူကသာ သူ့ရဲ့ ဗီဇာအရသာ Tourist visa only နဲ့လာတာမဟုတ်ပေမယ့်လည်း business သမားကလည်း သူ့ business အလုပ်ပြီးရင်တော့ သက်ဆိုင်ရာ အလည်အပတ်နေရာတွေတော့ လည်ပတ်သွားလာတာမျိုးရှိပါတယ်” ဟုပြောသည်။
နိုင်ငံတကာလေကြောင်းလိုင်းများအား ဧပြီ ၁၇ ရက်တွင် စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ပြီး ထိုနေ့တွင် နိုင်ငံခြား သား ၄၃ ဦးနှင့် ပြည်တွင်းမှ ၂၄၂ ဦး၊ ၁၈ ရက်နေ့တွင် နိုင်ငံခြားသား ၄၃ ဦးနှင့် ပြည်တွင်းမှ ၂၉၀ ဦး၊ ၁၉ ရက်နေ့ တွင် နိုင်ငံခြားသား ၂၅၆ ဦးနှင့် ပြည်တွင်းမှ ၃၃၃ ဦး၊ ၂၀ ရက်နေ့တွင် နိုင်ငံခြားသား ၁၃၄ ဦးနှင့် ပြည်တွင်းမှ ၄၄၁ ဦး၊ ၂၁ ရက်နေ့တွင် နိုင်ငံခြားသား ၂၁ ဦးနှင့် ပြည်တွင်းမှ ၂၀၅ ဦး ဝင်ရောက်ကာ စုစုပေါင်း ၂၀၀၈ ဦး ဝင်ရောက် ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာလေကြောင်းလိုင်းများပြေးဆွဲရာတွင် တစ်ရက်လျှင် လေယာဉ်လေးစင်းမှ ၆ စင်းအထိ ပြေးဆွဲကြောင်း သိရသည်။
ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သက်ထွန်းက “Tourist ကတော့ လောလောဆယ်တော့ နိုင်ငံတကာကလည်း ပုံမှန် ခရီးသွားလုပ်ငန်းတွေကလည်း အတိုင်းအတာတစ်ခုနဲ့ ကိုဗစ်ကြောင့် ပြန်လုပ်နေရတာ ဖြစ်တဲ့အတွက် ကြောင့် e-visa လိုဟာမျိုး အွန်လိုင်းကနေ လျှောက်ထားပြီးတော့ဟာမျိုး နိုင်ငံတော်က ခွင့်ပြုထားတာဖြစ်တဲ့ အတွက်ကြောင့် တနေ့တနေ့ tourist တွေလည်း လာနိုင်ခြေရှိပြီးတော့မှ ဧည့်သည်ကတော့ အရင်လိုအချိန်မျိုး မဟုတ်ပေမယ့် လေကြောင်းခရီးစဉ်တွေ ပုံမှန်သာ ပြေးဆွဲနိုင်မယ်ဆိုလို့ရှိရင်တော့ ဒါ တိုးလာနိုင်မယ့် အနေ အထားတွေရှိပါတယ်” ဟု ပြောသည်။
နိုင်ငံတကာလေကြောင်းလိုင်းဖြင့် လာရောက်မည့်သူများသည် မလာခင် ၁၄ ရက်အလိုတွင် ကိုဗစ်ကာကွယ်ဆေး ၂ လုံး အပြည့်ထိုးထားရမည်ဖြစ်ကာ နိုင်ငံကို ရောက်မလာခင် ၇၂ နာရီအတွင်း ကိုဗစ်ရောဂါရှိ မရှိ RT- PCR နည်း ဖြင့် စစ်ထားသည့် ဓာတ်ခွဲအဖြေလိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် နိုင်ငံခြားသားများအနေဖြင့် မြန်မာ့အာမခံမှရောင်းသည့် ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအာမခံအား ဝယ်ယူ ရမှာဖြစ်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိပါကလည်း RT- PCR နည်းဖြင့် ထပ်မံစစ်ဆေးပြီး ကိုဗစ်ရောဂါပိုးမတွေ့ပါက သတ်မှတ်ထားသည့် ဟိုတယ်တွင် ကွာရန်တင်း တစ်ရက်နေရမည်ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 3108
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁
နိုင်ငံခြားငွေ ကိုင်ဆောင်သုံးစွဲခြင်းများကို ကြပ်မတ်လျက်ရှိသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်သုံးစွဲမှု ကင်းလွတ်ခွင့်ရှိ သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာ ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1431
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် လျှပ်စစ်မီတာခ ကျပ် ၃၀၀ နီးပါး ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် တစ်ယူနစ်လျှင် ၇၆၅ ကျပ်အထိ ပေးဆောင်နေရသည်ဟု မြိတ်မြို့ဒေသခံများက ပြောသည်။
ယခင်က တစ်ယူနစ်ကို ကျပ် ၅၀၀ ရှိရာမှ ဖေဖော်ဝါရီလတွင် ၁၀၀ နီးပါး ဈေးတက်လာပြီး မတ်လတွင် ၂၀၀ ကျပ် ထပ်မံ ဈေးနှုန်းမြင့်တက်လာကာ ဧပြီလ နောက်ပိုင်းတွင်လည်း မီတာခဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်သည် ဟု ကြားသိရကြောင်း မြိတ်မြို့ဒေသခံ ကိုကျော်ကျော်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“ဈေးကတော့ တဖြည်းဖြည်းနဲ့ ပြောင်းလာတယ်ဗျ။ ၃၀၀ ကျော်ကနေ တက်လာလိုက်တာပေါ့။ အခု ဒီလမှ တစ်ခါတည်း တက်သွားတယ်။ ကျနော်တို့က လကတော့ ဒီလဆိုပေမယ့် ဒီလဖြတ်တဲ့ မီတာဈေးတော့ မဟုတ်ဘူး ပေါ့။ သူက တစ်လကြိုပြီးတော့ ဖြတ်တာ။ ဥပမာ ဒီ ၄ လပိုင်းဆိုလို့ရှိရင် ၃ လပိုင်းအတွက် မီတာဆောင်ရတာ။ ၃ လပိုင်းက ၂ လပိုင်းအတွက် ဆောင်ရတာ။ ၂ လပိုင်းအတွက် ဆောင်တဲ့အချိန်က ၅၀၀ ပဲ ပေးရတာ မီတာခ တစ်ယူနစ်ဈေးနှုန်းပေါ့။ ၃ လပိုင်းမှာ ချက်ချင်း ၂၀၀ လောက် ခုန်တက်သွားတယ်။ ၇၀၀ ဆိုတာ ၇၀၀ ကျော်တယ် ၇၆၅။ ဒါပေမယ့် အခု ၄ လပိုင်း ထပ်လာရင်တော့ ယူနစ်ဈေး ထပ်တက်မယ်လို့တော့ ကြားရတယ်” ဟု ပြော သည်။
မြိတ်မြို့ကို လက်ရှိ Petro & Trans ကုမ္ပဏီမှ လျှပ်စစ်မီး အဓိက ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး တစ်နိုင်တပိုင် လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် အသေးစားလုပ်ငန်းများလည်းရှိကြောင်း၊ မြိတ်မြို့၏ မြို့ပေါ်နှင့်ကျေးရွာပိုင်းတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ဈေးနှုန်းများသည် တူညီမှုမရှိဘဲ ကျေးရွာများတွင် လက်ရှိ တစ်ယူနစ်လျှင် ၁၀၀၀ ကျပ် နီးပါးရှိနေကြောင်း သိရသည်။
ဒါ့အပြင် ယခင်သုံးစွဲနေသည့် လျှပ်စစ်မီးပမာဏအတိုင်း သုံးစွဲနေသော်လည်း လျှပ်စစ်မီတာ ယူနစ်များသည် ယခင်ကထက် ၃ ဆ နီးပါး ပိုမိုမြင့်တက်နေသည်ကို တွေ့ရှိရသည်ဟု မြိတ်မြို့ဒေသခံ ကိုကျော်ကျော်ထွန်းက ဆက်ပြောသည်။
“ကျနော်တို့ အခုလက်ရှိ ခံစားနေရတာကတော့ မီတာခလည်း ဈေးများလာတယ်။ ပြီးတော့ ဘယ်လိုဖြစ်လဲ ဆိုတော့ မီတာတွေကလည်း ပိုပြီးတော့ တက်လာတယ်။ မီတာယူနစ်တွေပေါ့။ ပုံမှန် အိမ်တစ်အိမ်ကို ၁၀၀/ ၁၅၀ လောက် တက်နေတဲ့ အိမ်တစ်ဆောင်က ၄၅၀ လောက်ဖြစ်သွားတယ် ယူနစ်က။ အဲတော့ ဘာကြောင့် အဲလို တက်နေလဲဆိုတာ သိချင်တယ်။ တချို့ အခုနှုန်းနဲ့ပြောရင်လည်း အရင်က ၂ သောင်း ၅ ထောင်လောက် ကျနေတဲ့ အိမ်တစ်ဆောင်က ၁ သိန်းနီးပါးလောက် ကျသွားတယ်” ဟု ပြောသည်။
လျှပ်စစ်မီတာခ ယူနစ် ယခုလို ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်း ကုန်ကျစရိတ်များ မြင့်တက်လာပြီး ယင်းစရိတ်အတွက် ကြိုးစားရှာဖွေနေရသည်ဟု မြိတ်မြို့နယ်မှ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အခုကတော့ လုပ်ငန်းတွေ နည်းနည်း လျှော့ထားလို့။ ကျနော်က ဓာတ်ပုံရိုက်ကူးရေး လုပ်တာပေါ့။ တဖက်က စတူဒီယိုတစ်ခုအနေနဲ့ သုံးနေတယ်ဆိုလို့ရှိရင် ပုံမှန်မီတာခက ၃ သိန်းပတ်လည် အလွန်ဆုံးပေါ့။ အဲလောက် ဖြစ်နေတဲ့ ဆိုင်တစ်ဆိုင်က အခုချိန်မှာ ကျနော်တို့က ၇ သိန်းလောက် ဖြစ်သွားပြီဆိုရင် ကျနော်တို့အတွက် ရှာရ တော်တော်ခက်သွားပြီ။ ခက်သွားပြီဆို ခေတ်အခြေအနေအရပေါ့။ ကျနော်တို့က ဈေးတွေတက်လို့ပါ၊ ကုန်ဈေးနှုန်း တွေ ကြီးလို့ပါဆိုပြီးတော့ ကျနော်တို့က ရိုက်ကူးခတွေကို အဆမတန် တင်တောင်းလို့မရဘူး။ ထားလိုက်ပါဗျာ ရိုက်ကူးခကို ပွဲတစ်ပွဲအတွက် ကျနော်တို့ ၃ သိန်းလောက် ရိုက်နေတဲ့အချိန်မှာ ဈေးအဲလောက် တက်သွားတယ် ကျနော်တို့ ၆ သိန်းလောက် တောင်းလို့လည်း မရဘူး။ အဲတော့ ဒီဘက်က အရမ်းတက်လို့မရဘဲနဲ့ ဒီဘက်က စရိတ်တွေက တော်တော်မြင့်လာတယ်။ ကျနော်တို့က လျှပ်စစ်ကို မှီခိုနေရတော့ မီတာခ တက်သွားပြီဆိုတာနဲ့ တော်တော်ထိသွားတယ်။ အရှုံးအမြတ်ရဖို့ထက် ဒီဘက်မှာ စရိတ်ကို ကာမိအောင် အရင်ကြိုးစားနေရတယ် အဲလိုပုံစံမျိုး ဖြစ်သွားတယ်” ဟု ပြောသည်။
မြိတ်မြို့တွင် စက်သုံးဆီအသုံးပြု၍ လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးပေးနေခြင်းဖြစ်ကာ ယခုလို လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံရသည့် အကြောင်းအရင်းအမှန်ကို သုံးစွဲသူ ပြည်သူများအား ရှင်းရှင်းလင်းလင်းအသိမပေးဘဲ ကောက်ခံနေခြင်းဖြစ်သည်ဟု မြိတ်မြို့ဒေသခံများထံမှ သိရသည်။
မြိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တစ်ယူနစ်လျှင် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans ကုမ္ပဏီက တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 2541
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀
ခရီးသွားဝင်ရောက်မှု တစ်ရက်လျှင် တစ်ထောင်ကျော်သာဝင်ရောက်သည့် ပုဂံဒေသသို့ သင်္ကြန်ပိတ်ရက် ၉ ရက် အတွင်း ခရီးသွားဝင်ရောက်မှု နှစ်သိန်းနီးပါးရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(ပုဂံဌာနခွဲ)၏ စာရင်းအရ သိရသည်။
ပုံမှန်ကာလများတွင် တစ်လကို ပျမ်းမျှ ခြောက်သောင်းကျော်ခန့်သာ ဝင်ရောက်မှုရှိခဲ့သည့်အတွက် သင်္ကြန် ပိတ်ရက် ခရီးသွားဝင်ရောက်မှုမှာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က “အများကြီးကွာခြားတယ်။ ဟိုကတော့ ပုံမှန် စနေ၊ တနင်္ဂနွေတွေတော့ ပိုများတာပေါ့။ ဒီသင်္ကြန်ပိတ်ရက်မှာတော့ ရုံးပိတ်တာလည်းဖြစ်တယ်။ တခြားသောပိတ်တာတွေလည်းရှိနေတော့ တော်တော်များများလာကြတာလေ။ ကျနော်တို့ ပုဂံဒေသက လည်စရာတွေကလည်း အများကြီးရှိတယ်လေ။ သွားလို့လာလို့ကလည်း လွယ်ကူတယ်။ ဒါကြောင့်မရိုးနိုင်ဘူးပေါ့လေ။ တစ်နေရာနဲ့ တစ်နေရာ ပုဂံမှာက ဘယ်နေရာကြည့်ကြည့် ရှုခင်းက တစ်မျိုးစီလှကြတာပေါ့။ အဲဒါကြောင့်မို့လို့ တော်တော်များများလည်း လာကြတယ်။ နောက်ပြီးတော့ ဒီ နယ်မြေကလည်း ဘာအသံမှလည်း မကြားရဘူးပေါ့။ အေးဆေးတည်ငြိမ်တယ် ဒါကြောင့်မို့လို့လည်း လာကြတာပါ” ဟု ပြောသည်။
ပုံမှန် စနေ၊တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက်များတွင် ခရီးသွားဝင်ရောက်မှုသည် တစ်ရက်လျှင် နှစ်ထောင်ကျော်သာ ရှိခဲ့သည်။
သို့သော် သင်္ကြန်ပိတ်ရက်၌ တစ်ရက်လျှင် ခရီးသွားဝင်ရောက်မှု နှစ်သောင်းကျော်ရှိခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် မူ သုံးသောင်းကျော်ဝင်ရောက်ခဲ့ပြီး အများဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံခြားသား ခရီးသွားအနေဖြင့် ၃၁ ဦး လာရောက်ကြောင်း သိရသည်။
ဓမ္မရာဇက ဘုရား(ဓါတ်ပုံ- CNI)
လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည့်အတွက် နိုင်ငံခြားသားခရီးသွားများ ပုဂံသို့ လာရောက်မည်ဟု မျှော်မှန်းထားကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဆက်ပြောသည်။
“ကျနော်တို့ ပုဂံဒေသကတော့ ရှေးဟောင်းစေတီပုထိုးတွေကလည်း အများကြီးပေါ့နော် ရှိတဲ့အခါကျတော့ လည်ပတ်ချင်စရာကောင်းတဲ့နေရာဆိုတာလည်း တော်တော်များများ သိကြပါတယ်။ ပုဂံဒေသခရီးသွား ပိုမို လာရောက်ရေးအတွက်တော့ ကျနော်တို့ ဆက်လက်ပြီးတော့မှ လုပ်ရမယ့်အပိုင်းတွေလည်း ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ပုဂံမှာရှိတဲ့ အဓိကဘုရားကြီးတွေအပြင် တခြားသော ရှုခင်းကောင်းတဲ့နေရာတွေ sunset ကြည့်လို့လှတဲ့ ကောင်းတဲ့နေရာလေးတွေ ကျနော်တို့ မီဒီယာကနေတဆင့် အသိပေးပြီးတော့မှ ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပုဂံဒေသသို့လာရောက်လည်ပတ်မည့်ခရီးသည်များ အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ပုဂံဒေသသည် ၂၀၁၉ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပခဲ့သော ယူနက်စကို၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင် (၆)ရက်တွင် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။
ပုဂံရှိ ဘုရားစေတီပုထိုးများထဲတွင် ဗူးဘုရား၊ ဓမ္မရံကြီးဘုရား၊ ပြဿဒ်ကြီး၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား တို့မှာ ထင်ရှားကျော်ကြားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2540
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉
ပြီးခဲ့သည့် သင်္ကြန်ပိတ်ရက်ကာလဖြစ်သော ၉ ရက်မှ ၁၇ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ ခရီးသွားဝင်ရောက်မှု ၁၅၀၀၀ ကျော်ရှိခဲ့ကာ သံတွဲနှင့်စစ်တွေမြို့သို့ ခရီးသွား အများဆုံးဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။
“တို့ဗမာတွေသင်္ကြန်တွင်းမှာပျော်ချင်တာပေါ့။ ပျော်ချင်တယ်ဆိုတော့လည်းပဲ အန္တရာယ်ကင်းတဲ့နေရာ အေးအေး ဆေးဆေးရှိတဲ့နေရာ၊ ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့နေရာကို ပျော်ချင်တာပေါ့။ တစ်ခါပျော်ရရင်ပြီးရောလည်း မဟုတ် သေးဘူးပေါ့။ ဘေးအန္တရာယ်ကင်းတဲ့နေရာကိုလည်း သူတို့လာချင်တာပေါ့။ နောက်တစ်ခုက ဒီမှာ ပင်လယ် ကမ်းခြေဆိုတဲ့ အရပ်ဒေသက ဥပမာ မန္တလေးတို့လို ရှမ်းပြည်တို့ဘက်က ပုဂ္ဂိုလ်တွေကျတော့ ပင်လယ်ကို မမြင်ဖူး ဘူးလေ။ ပင်လယ်နဲ့အထိအတွေ့နည်းတာပေါ့။ နည်းတော့ ဒီဘက်ကို အများကြီး လာချင်ကြတာပေါ့။ ဆွဲဆောင်မှု အနေနဲ့ကတော့ ပင်လယ်ကမ်းခြေဒေသမို့လို့ လာတာလည်း ပါတယ်။ နောက် အေးချမ်းလမ်းသာတာလည်း ပါတာပေါ့။ ရခိုင်ပြည်နယ် အေးအေးချမ်းချမ်းရှိတာလေးကတော့ အဓိကပေါ့” ဟု ပြောသည်။
သင်္ကြန်ပိတ်ရက်များတွင် စစ်တွေမြို့သို့ ပြည်တွင်းခရီးသွား ၅၂၉၀ ဦးနှင့် နိုင်ငံခြားခရီးသွား ၂၁ ဦး၊ သံတွဲမြို့တွင် ပြည်တွင်းခရီးသွား ၆၁၈၆ ဦးနှင့် နိုင်ငံခြားခရီးသွား ၂၃၉ ဦး၊ မြောက်ဦးမြို့သို့ ၃၁၉၅ ဦး၊ ကျောက်ဖြူသို့ ၁၂၄၆ ဦး လာရောက်ခဲ့သည့်အတွက် ရခိုင်တပြည်နယ်လုံးအတိုင်းအတာဖြင့် ခရီးသွားဝင်ရောက်မှု ၁၅၉၁၇ ဦးရှိကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။
ထို့အပြင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၆၀ ဦး ခန့်ရှိခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံခြားသားခရီးသွားများမှာ ပြည်တွင်းရှိ NGO အဖွဲ့အစည်းများ၊ သံရုံးမှ လူပုဂ္ဂိုလ်များ၊ အလုပ်ကိစ္စဖြင့် ဝင်ရောက်လာသူများသာဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
ပြီးခဲ့သည့် မတ်လ တစ်လလုံးတွင် ရခိုင်ပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုဟာ ၁၈၀၀၀ ကျော်သာရှိခဲ့ပြီး ယခု သင်္ကြန်ပိတ်ရက် ရက်ပိုင်းအတွင်းမှာတင် ခရီးသွားဝင်ရောက်မှုမှာ ၁၅၀၀၀ ကျော်ရှိခဲ့သည့်အတွက် များပြား ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
“ဆိုတော့ ဧည့်သည်ဝင်ရောက်မှုအနေထားက မတ်လ တစ်လုံးစာနီးပါးလောက်ကို ဒီ ၈ ရက်တည်းနဲ့ ဝင်ရောက် လာတာကို တွေ့ရှိရတယ်။ ဆိုတော့ သိသိသာသာဖြစ်နေတာက သံတွဲဆိုရင် မတ်လမှာ ၇၁၈၃ ယောက် Total အဝင်ရှိတယ်။ နိုင်ငံခြားသား ၇၃ ယောက် လာခဲ့တာရှိတယ်။ အဲဒီတော့ ဒီ ၈ ရက်စာမှာ ၆၁၈၆ ယောက်နဲ့ နိုင်ငံခြား ၂၃၉ ယောက်ရှိတဲ့အတွက် သူဟာ မတ်လ တစ်လစာနီးပါးလောက် ဝင်တယ်လို့ပြောလို့ရတယ်။ မြောက်ဦးဆိုရင် မတ်လမှာ ၂၈၂၅ ယောက်ဝင်ပြီးတော့ ဒီ ၈ ရက်စာလေးမှာ ၃၁၉၅ ယောက်ဝင်တဲ့အတွက် ပြီးခဲ့တဲ့ မတ်လတစ်လစာကိုတောင်မှ ကျော်ပြီးတော့ ဝင်ရောက်တယ်ဆိုတာတွေ့ရတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ဧပြီ ၁၇ ရက်နေ့ (နှစ်ဆန်းတစ်ရက်နေ့)မှ စတင်ကာ ရပ်နားထားသည့် နိုင်ငံတကာ လေကြောင်းလိုင်း ပြေးဆွဲမှုများအား ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းအပေါ် မျှော်လင့်ချက်များရှိကြောင်းလည်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြောသည်။
မကြာခင်တွင် မိုးရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်ကမ်းနားဒေသများရှိ အချို့ဟိုတယ် များမှာ ယာယီရပ်နားကြမည်ဖြစ်ကာ ပွင့်လင်းရာသီ အောက်တိုဘာလလောက်မှ ပြန်လည်စတင်ကြမည် ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2164
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉
တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်နှင့် ဆန်ကွဲ အပါအဝင် ပစ္စည်း ၇ မျိုးကို ရက်အကန့်အသတ်မရှိ တင်သွင်းခွင့် ယာယီ ကန့်သတ်ကြောင်း ပြီးခဲ့သည့် မတ်လ ၁၅ ရက်က တရုတ်နိုင်ငံမှ ထုတ်ပြန်ပြီးနောက် ယခု အကန့်အသတ်ဖြင့် ပြန်လည် တင်သွင်းခွင့်ပြုနေပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်မှ ပြန်လည်တင်သွင်းခွင့် ပြုသော်လည်း ယခင်ကကဲ့သို့ အရေအတွက်များစွာ တင်သွင်းခွင့်မရဘဲ တစ်နေ့လျှင် ဆန် ကုန်တင်ကား အစီးရေ ၆ စီးသာ တင်ပို့နေရကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာန သို့ ပြောသည်။
ဦးမင်းသိန်းက “ဆန်ကတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့ ဟာဆိုပေမယ့် သူ့နည်းသူ့ဟန်နဲ့တော့ သွားနေကြတာပဲ။ သူတို့ရဲ့ သတ်မှတ်ချက် စည်းကမ်းတွေနဲ့အညီ အသီးတွေကတော့ နည်းသွားပြီပေါ့နော်။ သရက်သီး လာတာလည်း နည်းနည်း နည်းသွားတယ်။ ဖရဲသီး၊ သခွားမွှေး တော်တော်လေး နည်းသွားပြီ။ နောက်တစ်ခါ ရော်ဘာတို့၊ ပဲမျိုးစုံတို့ကိုတော့ ရှိတဲ့ လက် ကျန်လေးတွေကိုပဲ သူတို့က သူ့နည်းသူ့ဟန်နဲ့တော့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ တရုတ်ပြည်ထဲတော့ ဝင်ခွင့်ပြုနေတာပဲ။ ဒါပေသည့် အင်တိုက်အားတိုက် ဝင်လို့မရဘူး တော်တော်လေး နည်းတယ် ဝင်တာက။ ဆန်အပိုင်းနဲ့ ပြောမယ်ဆိုရင်တော့ တစ်နေ့ကို ၄/၅/၆ စီး ၇ စီးလောက်ပဲ ဝင်လို့ရတယ်၊ ဆန်နဲ့ ဆန်ကွဲအပိုင်းကို ပြောရရင်ပေါ့” ဟု ပြောသည်။
မတ်လ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံမှ ဆန် အပါအဝင် ကုန်ပစ္စည်း ၇ မျိုးကို ယာယီတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် မူဆယ်သို့ ရောက်ရှိနေသည့် ဆန်များကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသို့ အစီးရေ ရာကျော် ပြန်လည် သယ်ဆောင်ခဲ့ ကြကြောင်း သိရသည်။
တရုတ်သို့ တင်ပို့သည့် ဆန်ကုန်တင်ကားများကိုတွေ့ရစဉ်
လက်ရှိ မူဆယ်တွင်ရှိသည့် ဆန်ဂိုဒေါင်များ အသီးသီးတွင် ဆန်အိတ်ရေ တစ်သိန်းဝန်းကျင် ကျန်ရှိနေသေးကြောင်း မူဆယ်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။
လတ်တလောတွင် လွန်ခဲ့သည့် လများကတည်းက မူဆယ်သို့ ရောက်ရှိနေသည့် ဆန်များကိုသာ တရုတ်နိုင်ငံသို့ တင်ပို့နေရ ကြောင်း၊ မြန်မာနိုင်ငံအနှံ့မှ ဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း၊ မူဆယ်ရှိ ဆန်လုပ်ငန်းများ ရပ်ဆိုင်း လု နီးပါး ဖြစ်နေကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆက်ပြောသည်။
ဦးမင်းသိန်းက “ဆန်တွေက လောလောဆယ် ဘာမှ သိပ်လုပ်စားလို့မရဘူး ပြောရမှာပဲ။ မရပေမယ့် အရင်က လွန်ခဲ့တဲ့ ၇ လ၊ ၈ လလောက်ကတည်းက ဝင်ထားတဲ့ မူဆယ်မှာ ပိတ်မိနေတဲ့ ဆန်တွေကိုပဲ အရင်ရှင်းနေရတယ်။ အောက်ကတော့ ဆန်လုံးဝ မသွားနိုင်သေးဘူး တရုတ်ပြည်ကို။ ဒါကြောင့် ပြောရမယ်ဆိုရင် မြန်မာပြည် အောက်ပိုင်း ကနေပြီးတော့ ရန်ကုန်၊ မန္တလေး ကနေပြီးတော့ မူဆယ်ကို ဆန်မတင်တာတော့ လနဲ့တောင် ချီကြာသွားပြီ။ ဒါကြောင့် မူဆယ် တရုတ် - မြန်မာ နယ်စပ်မှာရှိတဲ့ ဆန်လုပ်ငန်းကတော့ လုံးဝရပ်ဆိုင်းသွားသလောက် ရှိသွားပါပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခင်က တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ ကုန်တင်ကားအစီးရေ ၁၀၀ ဝန်းကျင် နေ့စဉ် ဝင်ရောက်လျှက်ရှိကြောင်း၊ လက်ရှိ တွင် ၆ စီးခန့်သာ ဝင်ရောက်နေရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆန်များ တင်သွင်းလေ့ရှိသည့် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး နယ်စပ်ဂိတ်ပေါက် တစ်ခုဖြစ်သည့် မန့်ဝိန်း ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်ထားခြင်းကြောင့် သစ်သီးများသာ တင်ပို့လေ့ရှိသည့် ကျင်စန်းကျော့ဂိတ်ပေါက်တွင် ဆန်များ တင်ပို့နေရသည်။
ရှမ်းပြည်နယ်ရှိ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များဖြစ်သည့် ချင်းရွှေဟော်၊ နန်းတော်ဂိတ်၊ ဂျယ်ဂေါင်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို တရုတ်နိုင်ငံက ကိုဗစ် ၁၉ ရောဂါ အကြောင်းပြချက်ဖြင့် ပိတ်ထားခဲ့ပြီး လတ်တလောတွင် ကျင်စန်းကျော့ဂိတ်တစ်ခုသာ ဖွင့်လှစ်ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1209
CNI News
၂၀၂၂ခုနှစ်၊ ဧပြီ ၁၉
စက်ဆုံးဆီဆိုင်များတွင် ယနေ့(ဧပြီ ၁၉ ရက်)၌ စက်သုံးဆီများအား အကန့်အသတ်ဖြင့်သာ ရောင်းချနေပြီး ဆီဖြည့်ရန် ကားများ တန်းစီစောင့်ဆိုင်းနေကြကြောင်း ဆီသွားဖြည့်သူများထံက သိရသည်။
ယခင်က ၂၀ လီတာဖြည့်နေကျ ဖြစ်သောကြောင့် ယနေ့တွင်လည်း ၂၀ လီတာ သွားရောက်ဖြည့်သော်လည်း ဖြည့်၍မရ ကြောင်း ဆီသွားဖြည့်သည့် တက္ကစီမောင်းသူ ကိုရဲ(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မနက်က ဆီဖြည့်တာတော့ ကျနော် ပုံမှန်ဖြည့်တာက သာကေတမှာ ဖြည့်တာပေါ့နော်။ ဖြည့်တော့ ကျနော်က တစ်ခါ ထည့်ရင် ပုံမှန် လီတာ ၂၀ အဲ့ဒီလိုမျိုး ထည့်တာ။ မနက်က သူက လီတာ ၂၀ ထည့်လို့ မရဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက ၃သောင်းဖိုးပဲ ထည့်လို့ရတယ်တဲ့ အများဆုံးပဲတဲ့။ ဘာဖြစ်လို့ သုံးသောင်းဖိုးပဲ ထည့်လို့ရတာလဲ။ ကိုယ်ထည့်ချင်တာ ထည့်လို့ မရဘူးလားဆိုတော့ သူတို့က ညီမတို့လည်း မသိဘူးတဲ့ ဆိုင်က အဲ့ဒီလိုပဲ ပြောထားတယ်၊ မှာထားတယ်လို့ ပြောတော့ ကျနော်လည်း သုံးသောင်းဖိုးပဲ ထည့်ခဲ့တယ်။ ပုံမှန်ဆိုရင် အဲဒီနေရာက ကားလမ်းရှင်းတဲ့နေရာ။ ဆီထည့်တာ ပန့်ကလည်း ၁၂ လုံးရှိတယ်။ အဲ့ဒီ ၁၂ လုံးရှိတာတောင် ကားက တန်းစီနေရတယ်” ဟု ပြောသည်။
ထို့နောက် သိမ်ဖြူလမ်းမှ Max ဆီဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေကြသည့် ကားများမှာ ဒေါ်သိန်းတင် မီးပွိုင့်နားအထိ ရှိကြောင်းလည်း သိရသည်။
ယနေ့(ဧပြီ ၁၉ ရက်)စက်သုံးဆီ ဈေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာ ၁၈၀၀ ကျော်၊ အောက်တိန်း 95 တစ်လီတာကို ၂၀၀၀ ကျော်ဖြင့် ရောင်းချနေကြကြောင်း သိရသည်။
စက်သုံးဆီထည့်ရန် စောင့်နေတဲ့ကားများ
ယခုကဲ့သို့ စက်သုံးဆီအား အကန့်အသတ်ဖြင့် ဝယ်ယူရခြင်းသည် တက္ကစီသမားများအတွက် အခက်အခဲ ဖြစ်စေကြောင်း တက္ကစီမောင်းသူ ကိုရဲ(အမည်လွှဲ)က ပြောသည်။
၎င်းက “တကယ်လို့ ဆီသာခွဲတမ်းနဲ့ ပေးတာ တကယ်မှန်တယ်ဆိုရင် ကျနော်တို့ တက္ကစီသမားတွေကျတော့ ထည့်ချင်တိုင်း ထည့်လို့မရရင် အဆင်မပြေဘူးလေ။ ဆီက ကိုယ့်ကားပြည့်နေမှလည်း မောင်းလို့က အဆင်ပြေတာလေ။ အဲဒီလိုမဟုတ်ဘဲ ဆီဆိုင်မှာ သွားတန်းစီရတယ်ဆိုရင် ကျနော်တို့ကားတွေ အချိန်ကုန်နေမှာ ဖြစ်တယ်။ အဲဒီတော့ ဆီဈေးကလည်း သိတဲ့ အတိုင်းပဲ တစ်နေ့ တစ်နေ့ ပိုပိုတက်လာတော့ ထည့်ချင်သလောက် ထည့်လို့မရရင် နောက်နေ့ထည့်မယ်ဆို နောက်တစ်ဈေးနဲ့ ပေးနေရမှာ အဲဒီလိုဖြစ်သွားပြီ”ဟု ပြောသည်။
အဆိုပါ စက်သုံးဆီ အကန့်အသတ်ဖြင့် ရောင်းချနေခြင်းသည် စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်နေခြင်းနှင့် နိုင်ငံခြားငွေ လဲလှယ်မှုများ အလွယ်တကူ မရရှိခြင်းကြောင့်ဟု သုံးသပ်နေကြသည်။
နိုင်ငံခြားငွေ လဲလှယ်မှု အလွယ်တကူ မရရှိခြင်းကြောင့် လုပ်ငန်းရှင်များ လောင်စာဆီ ပြန်လည် ဝယ်ယူရန် အခက်အခဲများ ပေါ်ပေါက်လာခြင်းတို့နှင့် ဆက်စပ်မှုများရှိကြောင်း သုံးသပ်နေကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2065
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈
ပြည်တွင်းရွှေဈေးနှုန်းအား ဗဟိုဘဏ်မှသတ်မှတ်ထားသည့် တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့်သာ တွက်ချက်ပြီး သတ်မှတ်မည်ဖြစ်သောကြောင့် ပြည်တွင်းရွှေပေါက်ဈေးနည်းနိုင်သည့်အတွက် ဝယ်ယူမှုများနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်တွင်းရွှေဈေးကွက်အား ဧပြီလ ၈ ရက်နေ့မှစတင်ကာ ယနေ့အထိ မဖွင့်လှစ်နိုင်ခဲ့ဘဲ ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
YGEA မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ကမ္ဘာ့ရွှေဈေးနှုန်းရယ် ပြည်တွင်းဒေါ်လာဈေးနှုန်းရယ် တွက်ချက်တဲ့အခါမှာ ပြည်တွင်းဒေါ်လာဈေးနှုန်းကတော့ ကျနော်တို့ ဗဟိုဘဏ်ကသတ်မှတ်တဲ့ဈေးနဲ့ သတ်မှတ်ထားတာပဲ။ ကမ္ဘာ့ ရွှေဈေးတက်ရင်လည်း ဈေးနှုန်းကတော့ ပြန်မကျသေးပါဘူး။ နည်းနည်းအမြင့်ဈေးကတော့ ရှိနေဦးမှာပဲ။ ကမ္ဘာ့ ရွှေဈေးနှုန်းကျသွားပြီဆိုရင်တော့ ကျနော်တို့ အနိမ့်ဈေးနားကို ပြန်ပြီးဆင်းသွားမယ့်သဘောရှိပါတယ်။ လော လောဆယ်မှာတော့ ဈေးနှုန်းကတော့ ကမ္ဘာ့ရွှေဈေးကတော့ တက်နေတဲ့အခြေအနေရှိတယ်။ ပြည်တွင်းမှာတော့ အရောင်းအဝယ်တွေ ပြန်ပြီးတော့ မစကြသေးဘူး။ ရောင်းတဲ့သူကလည်း ဒီဈေးကို ကြိုက်ရင်တော့လည်း ရောင်း မှာပေါ့။ မကြိုက်ရင်တော့လည်း ဈေးကိုင်ပြီး စောင့်ကြပေါ့။ ဝယ်ယူတဲ့သူတွေက ကျနော်တို့ ဈေးနည်းသွားရင် တော့လည်း များနိုင်ပါတယ်” ဟု ပြောသည်။
ပြည်တွင်း ရွှေစျေးနှုန်းတည်ငြိမ်ရေးနှင့် ထိန်းထိန်းသိမ်းသိမ်း အရောင်းအဝယ်ပြုလုပ်နိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကာ ပြည်တွင်းရွှေအရောင်းအဝယ်ဈေးကွက်များတွင် ဗဟိုဘဏ်သတ်မှတ်နှုန်းထားဖြင့်သာ ရောင်းဝယ်ကြရန် ပြောဆိုထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ယနေ့(ဧပြီ ၁၈ရက်) ကမ္ဘာ့ရွှေဈေးကွက်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၈၅ ကျပ်ရှိပြီး ကမ္ဘာ့ ရွှေ ဈေးကွက်သည် ယခုအပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၀၀၀ ကျပ်အထိ ဈေးတက်နိုင်ကြောင်း ကမ္ဘာ့ ရွှေဈေးကွက် လေ့လာသုံးသပ်သူ ဦးကျော်စွာမင်းက CNI သတင်းဌာနသို့ ပြောသည်။
“လက်ရှိအနေအထားကတော့ ရုရှားရဲ့ တတိယကမ္ဘာစစ်ဖြစ်လာနိုင်ခြေဆိုပြီး သူတို့ရဲ့သတင်းဌာနတွေက ထုတ်လွှင့်နေတာတွေရှိတယ်။ တစ်ဖက်ကလည်း အမေရိကန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကလည်း သမိုင်း တစ်လျှောက်စံချိန်တင် အမြင့်ဆုံးရောက်နေတဲ့အခါမှာ ကျနော်ကတော့ ကမ္ဘာ့ရွှေဈေးကို ဒီတပတ်ထဲမှာ အနည်းဆုံး ၂၀၀၀ ဈေးတန်းလောက်အထိ မြင်ရမယ်လို့ ယေဘုယျအားဖြင့် သုံးသပ်ထားပါတယ်။ ကမ္ဘာ့ရွှေသာ ၁၉၅၀ ၊ ၄၀ သာ ကျဆင်းခဲ့မယ်ဆိုရင် မြန်မာ့ရွှေဈေးလည်း သိန်း ၂၀ ဈေးတန်းအောက်ကို ပြန်ဆင်းနိုင်ခြေ ရှိပါတယ်” ဟု ပြောသည်။
ဧပြီလ ၇ ရက်နေ့အထိ ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ်သိန်း နှစ်ဆယ် လေးသောင်း တစ်ထောင်အထိ ရှိခဲ့သည်။
ယခုကဲ့သို့ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာပေါက်ဈေးအတိုင်း ရွှေဈေးနှုန်းသတ်မှတ်မည်ဆိုပါက ပြည်တွင်းရွှေဈေးကွက်မှာ ကျပ်သိန်း ၂၀ အောက်သို့ ရောက်နိုင်ကြောင်းနှင့် ရုရှား-ယူကရိန်းအရေးကြောင့် ကမ္ဘာ့ရွှေဈေးတက်နေသည့်အတွက် ပြည်တွင်းရွှေဈေးအား သိန်း ၂၀ ဝန်းကျင်ဖြင့် ဖွင့်လာနိုင်ကြောင်း ရွှေဈေးကွက်လေ့လာသုံးသပ်သူများက သုံးသပ်နေမှုများရှိသည်။
ထို့ကြောင့် လက်ရှိတွင် ရွှေဝယ်ယူမှုများမပြုလုပ်ကြသေးရန်လည်း တိုက်တွန်းနေမှုများရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2323
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈
မြန်မာ- ထိုင်း နှစ်နိုင်ငံကုန်သွယ်ရေး အဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို အချိန် အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာခွင့် ပြုထားသော်လည်း နယ်မြေလုံခြုံရေးနှင့် ကုန်ကားငှားရမ်းမှု ခက်ခဲခြင်းကြောင့် ထိုင်းနိုင်ငံသို့ ကုန်စည်တင်ပို့မှု သုံးပုံ တစ်ပုံခန့် ကျဆင်းသွားကြောင်း မြဝတီကုန်သည်များထံမှ သိရသည်။
မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးကို နံနက် ၆ နာရီမှ ည ၇ နာရီအတွင်းသာ ဖြတ်သန်း သွားလာကြရန် ကရင်လက်နက် ကိုင် (KNU)၏ ဒူးပလာယာခရိုင်က ယနေ့(ဧပြီ ၁၈ ရက်)တွင် ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံသို့ ကုန်စည်ပို့ဆောင်နေသည့် ကုန်သည်တစ်ဦးက “ပုံမှန်ထက်ကိုပေါ့နော်၊ မြဝတီသွားတာ နည်းသွားတယ်။ ၃ ပုံ ၁ ပုံလောက် မြဝတီသွားတာ နည်းသွားတယ်ပေါ့နော်။ ၃ ချိုး ၁ ချိုး၊ ၄ ချိုး ၁ ချိုးလောက်ပဲ တက်နိုင်တယ်။ ကားငှားရတာလည်း ခက်တယ်။ ကားကလည်း အန္တရာယ်များလို့ သိပ်မသွားကြဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
KNU ၏ အာရှလမ်းဖြတ်သန်းမှု စည်းကမ်းချက်
မြဝတီ- ကော့ကရိတ် အာရှလမ်းပေါ်တွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်က မြန်မာ့တပ်မတော်နှင့် KNU-PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါ အာရှလမ်းမကြီးကို ပိတ်ထားခဲ့ရသည်။
ထို့နောက် ယခုအခါမှာတော့ အချိန်အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်ပေးသော်လည်း ကုန်တင်ကားများ အနေဖြင့် အခြေ အနေ အရပ်ရပ်ကို စောင့်ကြည့်၍ ချိန်ဆ သွားလာနေရကြောင်း ပြောင်းကုန်သည် ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးသန့်ဇင်ထွန်းက “အခုလည်း မြဝတီကို ပြောင်းကားတွေလည်း ပစ်သံ ခတ်သံကြားတယ် သွားလို့အဆင်မပြေဘူးဆိုရင် ရောက်တဲ့နေရာမှာ အိပ်ပေါ့။ အေးချမ်းသွားလို့ သွားလို့ လာလို့ရနေတယ်၊ ဘယ်သူတွေ တက်သွားပြီ အဲကျတော့ သွားပေါ့။ သွားတာတော့ သွားနေကြတာပဲ။ လုံးလုံးကြီးကို ပြတ်တောက် သွားတယ်မျိုးဆိုတာတော့ ၁ ရက်၊ ၂ ရက် ဖြစ်တာမျိုးတို့၊ နာရီပိုင်း ဖြစ်တာမျိုးတို့တော့ ဖြစ်တယ်။ လုံးလုံးကြီး ၁၅ ရက် ပိတ်ထားတယ်၊ ၁၀ ရက် ပိတ်ထားတယ်မျိုးတော့ မရှိပါဘူး။ သွားတော့ သွားနေကြတာပဲ”ဟု ပြောသည်။
တပ်မတော်နဲ့ KNU တိုက်ပွဲကြောင့် အာရှလမ်းပေါ်မှာ မီးလောင်နေတဲ့ ကားများ
မြဝတီ- ကော့ကရိတ် လမ်းမကြီးသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်တင်ပို့ရာတွင် အသုံးပြုသည့် အဓိက လမ်းမကြီး ဖြစ်သည်။
မြဝတီ- ကော့ကရိတ် လမ်းမကြီးကို အသုံးပြု၍ မြန်မာနိုင်ငံမှ ဆန်ကွဲ၊ ပြောင်း၊ ငရုတ်၊ ကော်ဖီထုပ်နှင့် ရေထွက်ကုန်များ စ သည့် ကုန်စည်များကို တင်ပို့လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံဘက်ကတော့ စက်သုံးဆီနှင့် အိမ်ဆောက်ပစ္စည်းများ၊ အသီးအနှံ များနှင့် လူသုံးကုန်ပစ္စည်းများ ပြန်လည် ဝင်ရောက်ကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1798
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၉
Master Card၊ VISA နှင့် UPI Prepaid Card များ၏ တစ်လတာ အများဆုံး အသုံးပြုနိုင်သည့် ပမာဏကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လျှော့ချလိုက်ပြီး နှုန်းထားအသစ်များ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ဧပြီ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။
Prepaid Card ထုတ်ဝေခွင့်ကို တစ်လတွင် ကတ်တစ်ကတ်၏ အများဆုံး အသုံးပြုနိုင်သည့် ပမာဏကို ယခင်က အမေရိကန် ဒေါ်လာ ၅၀၀၀ သတ်မှတ်ထားသော်လည်း ကန်ဒေါ်လာ ၂၅၀၀ အဖြစ် သတ်မှတ်ကာ ထက်ဝက်ခန့် လျှော့ ချလိုက်သည်။
အလားတူ Credit Card အသုံးပြုနိုင်တဲ့ ပမာဏကိုလည်း ကတ်အသုံးပြုသူရဲ့ ဝင်ငွေအပေါ် မူတည်၍ တစ်လ အများဆုံး အသုံးပြုနိုင်သည့် ကျပ်သိန်း ၅၀ မှ ကျပ် ၂၅ သိန်းကိုလည်းကောင်း၊ International Co-Brand Card များ ဖြစ်ကြသည့် MPU-UPI၊ MPU-JCB ကတ်များကိုလည်း အများဆုံး ကျပ် ၂၅ သိန်းသာ အသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Prepaid Card ၊ Credit Card ၊ Co-Brand Card တို့ ထုတ်ဝေခြင်း၊ ကတ် လက်ခံသုံးစွဲခြင်းနှင့် ပတ်သက်ပြီး အခြေအနေ၊ အချက်အလက်များကို ဗဟိုဘဏ်၊ စာရင်းအင်းဌာနကို ပေးပို့ရမှာဖြစ်ကြောင်း၊ အပတ်စဉ် သောကြာနေ့ရှိ ကတ်လုပ်ငန်း Position ကို နောက်တစ်ပတ် တနင်္လာနေ့ မနက် ၉ : ၃၀ နာရီ နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။
